လီဆွန်းဟွာ-“သူ့နာမည်က လင်းလင်း။ သိပ်ပြီးမပျော်ရွှင်တဲ့ ကလေးမလေး တစ်ယောက်ပေါ့။”
အားဖေ-“ကျနော်သိတာကတော့ သူလိမ်ပြောနေခဲ့တယ်ဆိုတာပဲ။”
လီဆွန်းဟွာ-“ဟုတ်ပါ့မလားကွာ။”
အားဖေ-“သူ ခင်ဗျားကို စောင့်နေခဲ့တာမဟုတ်ဘူး။ သူသာ ခင်ဗျားကိုစောင့်နေ ခဲ့တယ်ဆိုဦးတော့ သူ့မှာတခြားအကြံအစည်ရှိနေနိုင်တယ်။”
လီဆွန်းဟွာ-“ဆက်ပြောပါဦး။”
အားဖေ-“သူသာတကယ်တမ်း ခင်ဗျားကို စောင့်နေခဲ့တယ်ဆိုရင် ခင်ဗျားအ တွက် သိပ်ပြီးပူပန်သောက ရောက်နေရမှာပေါ့။”
လီဆွန်းဟွာ-“ဖြစ်နိုင်တာတစ်ခုကတော့...”
အားဖေသည် သူ့ကိုဖြတ်ပြောလိုက်သည်။ “ခင်ဗျား ကိုယ့်ကိုကိုယ်ပြန်ကြည့် လိုက်ပါဦး။ ဘယ်လောက်တောင်မှ ဒုက္ခရောက်ခဲ့ရသလဲဆိုတာ လူတိုင်းပြောနိုင် တယ်။ ဒါပေမဲ့ သူခင်ဗျားကို ဘာဖြစ်ခဲ့လဲလို့ တစ်ခွန်းမှမမေးခဲ့ဘူး။”
လီဆွန်းဟွာ-“သူ့မှာ မေးမြန်းဖို့အခွင့်အရေး မရခဲ့လို့လည်းဖြစ်နိုင်တာပဲမဟုတ် လား။”
အားဖေ-“သူသာ ခင်ဗျားအပေါ်မှာ တကယ်ပဲ စိုးရိမ်ပူပန်တတ်မယ်ဆိုရင် မေးမြန်းဖို့ အခွင့်အရေးပေါ်လာသည်ထိ စောင့်စရာမလိုဘူး။”
လီဆွန်းဟွာ စဉ်းစားနေလိုက်၏။ ပြီးနောက် ဟက်ခနဲရယ်မောပြောဆိုလိုက် သည်။ “ကျုပ် အဲ့ဒီမိန်းကလေးရဲ့ လှည့်စားမှုကိုခံရမှာကို မင်းစိုးရိမ်နေလို့လား။”
အားဖေ-“ကျနော်သိနေတာကတော့ သူအမှန်အတိုင်း မပြောခဲ့ဘူးဆိုတာပဲ။”
လီဆွန်းဟွာ ရယ်မောနေလိုက်သည်။ “မင်းအသက်ရှည်ရှည်နေချင်တယ်ဆိုရင် မိန်းမတွေရဲ့စကားကို ဘယ်တော့မှ အမှန်လို့မယူဆပါနဲ့။”
အားဖေ-“မိန်းမတိုင်းက လိမ်ပြောတတ်တယ်လို့ ခင်ဗျားထင်နေလို့လား။”
ထိုမေးခွန်းကို လီဆွန်းဟွာပြန်ဖြေချင်စိတ်မရှိပါ။ “မင်းသာ ဉာဏ်ကောင်းသူ တစ်ယောက်ဆိုရင် မိန်းမတွေလိမ်ပြောတာကို သိပြီးတာနဲ့တပြိုင်နက် အဲ့ဒီမိန်းမ လိမ်ပြောနေမှန်း မင်းမသိဘူးလို့ ဟန်ဆောင်တတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းဘာပြောပြော သူ့ဘက်မှာ ဖြေဖို့အဖြေက အဆင်သင့်ရှိနေပြီးသား။ သူ့အဖြေကို မင်းသဘောမကျဘူးဆိုခဲ့ဦး... သူလိမ်ပြောနေတာပါလို့ မင်းကိုဝန်ခံမှာမဟုတ်ဘူး။”
လီဆွန်းဟွာ ဆက်ပြောနေလိုက်သည်။ “ဒါကြောင့်မို့လို့ လိမ်ပြောတတ်တဲ့ မိန်း မတစ်ယောက်နဲ့ တွေ့ပြီဟေ့ဆိုတာနဲ့ မင်းဘက်ကလုပ်ရမှာက သူလိမ်ပြောသမျှကို ယုံကြည်ပေးလိုက်ဖို့ပဲ။ မဟုတ်ဘူးဆိုရင်တော့ နောက်ထပ် သူလိမ်ပြောအောင် မင်း က တောင်းဆိုနေသလိုမျိုး ဖြစ်နေလိမ့်မယ်။”
အားဖေသည် လီဆွန်းဟွာကို အကြာကြီး စိုက်ကြည့်နေလိုက်သည်။
လီဆွန်းဟွာ-“မင်းမှာ ပြောစရာကုန်ပြီလား။”
အားဖေက ရုတ်တရက် ရယ်မောနေလိုက်သည်။ “ကျနော်ပြောချင်တယ်ဆိုရင် လည်း ကျနော်ဘာပြောမလဲဆိုတာ ခင်ဗျားသိနေပြီးသားပဲဗျာ။ ကျနော် ဘာဆက် ပြောရဦးမှာလဲ။”
အားဖေ၏ တရွေ့ရွေ့ထွက်ခွာသွားသော ကျောပြင်ကို လီဆွန်းဟွာကြည့်နေပြီး ဤလူငယ်လေးအတွက် ဝမ်းသာကြည်နူးမှုများ ခံစားလာရ၏။ ဤမာနအလွန်ကြီး သောလူငယ်လေးထံတွင် အမှားတစ်ခုမျှမရှိချေ။
ဤတစ်ကြိမ်တွင် အားဖေတစ်ယောက် စကားအများကြီးပြောဆိုခဲ့သော်လည်း လင်ရှန်းအာအကြောင်း တစ်ခွန်းမှ ထည့်မပြောသွားခဲ့။
အချစ်ဆိုသည်မှာ ယောက်ျားတစ်ယောက်၏ဘဝကို လုံးဝဥဿုံ ထိန်းချုပ်ထား နိုင်သောအရာမဟုတ်ချေ။
အားဖေသည် ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်၏။
ယောက်ျားစစ်စစ်တစ်ယောက်သည် လူရှေ့သူရှေ့တွင် အရှက်ခွဲခံရပါက သူချစ် သည့်မိန်းမကိုပင် စွန့်ပစ်သွားနိုင်ပြီး အထီးကျန်ဘဝတွင် နေထိုင်သွားနိုင်လေသည်။ သေဆုံးဖို့ပင် ဆုံးဖြတ်ထားနိုင်၏။
အဘယ်ကြောင့်ဆိုသော် အားဖေအတွက် လင်ရှန်းအာကို မျက်နှာချင်းဆိုင်ရန် ခွန်အားမရှိတော့သောကြောင့် ဖြစ်လေသည်။
လုဖုန်းရှန်းကို အားဖေတကယ်ပဲ အနိုင်ယူနိုင်ပါ့မည်လား။...
အားဖေသာ ရှုံးနိမ့်ခဲ့မည်၊ လုဖုန်းရှန်းကလည်း သူ့ကိုမသတ်ဘဲ လွှတ်ပေးခဲ့မည် ဆိုပါက အားဖေဆက်၍ အသက်ရှင်သန်နေထိုင်နိုင်ပါဦးမည်လား။...
လီဆွန်းဟွာ ခါးကုန်းပြီး ချောင်းဆိုးနေလိုက်သည်။
သူဆိုးထုတ်လိုက်သည်များက သွေးများဖြစ်နေလေသည်။
လုဖုန်းရှန်းသည် ထိုနေရာ၌ စောင့်ဆိုင်းနေ၏။ စကားတစ်ခွန်းမျှ မပြောခဲ့ပါ။
သူသည် အလွန်တရာမှ သည်းခံနိုင်စွမ်းရှိသူဖြစ်သည်။
သည်းခံနိုင်စွမ်းရှိသော ရန်သူသည် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ရန်သူ ဖြစ်နေတတ်သည် မဟုတ်ပါလား။
အားဖေသည် သူ၏အင်္ကျီတစ်စကို စုတ်ဖြဲလိုက်ပြီး သူ့လက်မှ ဒဏ်ရာကိုပတ် တီးစီးထားလိုက်သည်။
အရက်ခွက်အကွဲစသည် သူ၏လက်ဖဝါးထဲသို့ ပို၍နစ်မြုပ်စိုက်ဝင်သွားခဲ့ရလေ သည်။
သွေး...
ထူထပ်သိပ်သည်းနေသော မြူနှင်းအောက်တွင် နီရဲနေ၏။
သွေးနီနီရဲရဲ လတ်လတ်ဆတ်ဆတ်ကသာ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ မူလစွမ်းအင်များကို ဖော်ထုတ်ပေးနိုင်စွမ်းရှိ၏။ အခြားအရာများဖြစ်သော ချစ်ခြင်း မေတ္တာတရားနှင့် အမုန်းတရားတို့သည်လည်း ထိုစွမ်းအင်များကို ဖော်ထုတ်ပေးနိုင် စွမ်းရှိကြပါသည်။ သို့သော် သွေးသည် တိုက်ရိုက်ဖော်ထုတ်နိုင်သော နည်းဖြစ်၏။
အားဖေ၏မူလသားရဲဗီဇဝိဉာဉ်များ ပြန်လည်ထွက်ပေါ်လာခဲ့လေပြီ။
“မင်းအသက်ရှင်သန်ချင်တယ်ဆိုရင် မင်းရန်သူကို သတ်နိုင်ရမယ်။”
တဖြည်းဖြည်းနီးကပ်လာသော အားဖေထံမှ မဖော်ပြနိုင်သော အားအင်သိပ် သည်းလာမှုများကို လုဖုန်းရှန်း ခံစားနေရ၏။
သူ့ထံသို့ နီးကပ်လာသူသည် လူသားတစ်ယောက်မဟုတ်ဘဲ တောရိုင်းအ ကောင်တစ်ကောင်ဖြစ်နေသလိုမျိုး လုဖုန်းရှန်း ခံစားနေရ၏။
ဒဏ်ရာရထားသော တောရိုင်းအကောင်တစ်ကောင်...
“မိတ်ဆွေနှင့်ရန်သူ ခြားနားချက်သည် သေခြင်းနှင့်ရှင်သန်ခြင်းပင်ဖြစ်သည်။”
“တစ်စုံတစ်ယောက်က သင့်ကိုသေစေချင်နေသည်ဆိုလျှင် သူ့ကိုသတ်နိုင်မှ သာ သင်ရှင်သန်နိုင်မည်။ အခြားမည်သည့် ရွေးချယ်ခွင့်မှမရှိ။”
ဤသည်မှာ တောတွင်းနိယာမဖြစ်၏။ ရှင်သန်လွတ်မြောက်ခြင်း၏ နည်းနာနိ သျှလည်းဖြစ်နေပြန်သည်။
‘ခွင့်လွှတ်သနားခြင်း’ ဆိုသည်မှာ ဤနေရာ၌ လုံးဝအသုံးချ၍ရသောအရာ မဟုတ်။
သွေးတစက်စက်ကျဆင်းနေ၏။ အားဖေ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သား များက နာကျင်မှုကြောင့် ဆတ်ဆတ်ခါနေရ၏။ သူ၏လက်တစ်ဘက်ကတော့ ပို၍ တောင် တည်ငြိမ်လာခဲ့ရသည်။
သူ၏အကြည့်များက ပို၍ပို၍ အေးစက်လာခဲ့ကြသည်။
ဤလူငယ်လေးသည် ဤမျှလောက်အချိန်တိုလေးအတွင်း၌ ခြားနားသောလူ တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို လုဖုန်းရှန်း မည်သို့မျှမယုံကြည်နိုင်။
သို့သော် အားဖေ၏ဓားပညာသော့ချက်ကို လုဖုန်းရှန်း နားလည်နေ၏။
အားဖေ၏ဓားပညာသော့ချက်သည် ‘လျင်မြန်မှု’၊ ‘ရက်စက်ကြမ်းကြုတ်မှု’ မဟုတ်။ ‘လျှို့ဝှက်မှု’ နှင့် ‘တိကျမှု’ တို့ကသာ သူ့ဓားပညာ၏ သော့ချက်ဖြစ်သည်။
သူ၏ပထမဆုံးတိုက်ကွက်သည် အပြင်းထန်ဆုံးဖြစ်ရမည်။ ၇၀ ရာခိုင်နှုန်း လောက် အောင်မြင်မှုလည်း ရှိနိုင်၏။
ထို့ကြောင့် သူစောင့်ဆိုင်းရပေမည်။
ရန်သူ၏ပျော့ကွက် ထွက်ပေါ်လာသည်ထိ စောင့်ဆိုင်းရပေမည်။ ပျော့ကွက်ပေါ် လာသည်နှင့်တပြိုင်နက် ချက်ချင်းပင် တုံ့ပြန်တိုက်ခိုက်နိုင်ရပေမည်။ လောကကြီး ထဲရှိ လူများစွာတို့ထက်ပင် အားဖေသည် တည်ငြိမ်အေးဆေးစွာ စောင့်ဆိုင်းနိုင်သူ ဖြစ်သည်။
မည်သို့ပင်ဆိုစေ... လုဖုန်းရှန်းသည် အားဖေကို ဤအခွင့်အရေးမျိုး မပေးနိုင် ပါ။
လုဖုန်းရှန်းကို ကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးစွာ ပျင်းရိပျင်းတွဲ မတ်တတ် ရပ်နေသူတစ်ယောက်လိုမျိုး ဖြစ်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဟာကွက်များစွာ ဖွင့်ထားသည်။ ရန်သူကို တိုက်ခိုက်ပါဟု ဖိတ်ခေါ်နေသလိုမျိုးဖြစ်၏။ အားဖေသည် အချိန်မရွေး သူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို တိုက်ခိုက်နိုင်လေ သည်။
သို့သော် ဟာကွက်များစွာဖွင့်ပေးထားသူတစ်ယောက်ထံတွင် မည်သည့်ဟာ ကွက်မျှမရှိနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် လွတ်လပ်ပျော့ပြောင်းနေ သောကြောင့်ဖြစ်လေသည်။
အဝေးတစ်နေရာမှ လီဆွန်းဟွာ လှမ်းကြည့်နေ၏။ သူ၏မျက်လုံးများတွင် စိတ် လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
‘လွတ်လပ်ပျော့ပြောင်းနေခြင်း’ သည် သိုင်းပညာရပ်၏ အမြင့်ဆုံးအဆင့်ဖြစ် သည်။
လုဖုန်းရှန်းသည် မာနကြီးမည်ဆိုလျှင် မာနကြီးနိုင်သူတစ်ယောက်ဖြစ်၏။
လုဖုန်းရှန်း၏ သိုင်းပညာ မည်မျှမြင့်မားနေကြောင်း တွေ့ရှိလိုက်ရပြီးသည့် နောက် လီဆွန်းဟွာ တုန်လှုပ်သွားခဲ့ရသည်။ အားဖေ မည်ကဲ့သို့တိုက်ခိုက်နိုင်လိမ့် မည်မှန်း လီဆွန်းဟွာ စဉ်းစား၍မရ။ အဘယ်ကြောင့်ဆိုသော် အားဖေအတွက် အခွင့်အရေးလုံးဝမရှိ၍ဖြစ်သည်။
တဖြည်းဖြည်း ညဉ့်နက်လာလေပြီ။
ရုတ်တရက် မြက်ခင်းပြင်များဘက်မှ အလင်းရောင်လေး သဲ့သဲ့ထွက်ပေါ်လာခဲ့ သည်။ တောမီးလောင်နေခြင်းဖြစ်၏။
အနောက်ဘက်မှ လေပြည်လေးတိုက်ခတ်လာသည်။ လုဖုန်းရှန်းသည် အ နောက်ဘက်သို့ မျက်နှာမူရပ်နေခြင်းလည်းဖြစ်၏။
တိုက်ခတ်လာသောလေက တောမီးစအချို့ကို သယ်ဆောင်လာခဲ့သောကြောင့် ခုဖုန်းရှန်းထံသို့ မီးစသေးသေးလေးတစ်စ ရောက်ရှိလာခဲ့သည်။
လုဖုန်းရှန်း၏ မျက်လုံးသူငယ်အိမ် အနည်းငယ်ကျုံ့သွားခဲ့ရပြီး ဘယ်ဘက် လက်သည် မီးစကိုဖယ်ရှားပစ်ရန် အနည်းငယ်လှုပ်သွားခဲ့ရသော်လည်း ချက်ချင်းပင် ရပ်တန့်လိုက်ပြန်၏။
ထိပ်တန်းသိုင်းပညာရှင်များ၏ သေရေးရှင်ရေးတိုက်ခိုက်ပွဲများတွင် မလိုအပ် သောလှုပ်ရှားမှုတိုင်းသည် အန္တရာယ်အကြီးမားဆုံး စွန့်စားမှုများလည်း ဖြစ်နေ တတ်သည်။
လုဖုန်းရှန်း၏လက်သည်အနည်းငယ်သာ လှုပ်ရှားသွားခဲ့သော်လည်း သူ၏ ဘယ်ဘက်လက်မောင်းကြွက်သားများက ‘ထိုရည်ရွယ်ချက်ဖြင့်လှုပ်ရှားမှုပြုခြင်း’ ကြောင့် နည်းနည်းလေးတင်းမာသွားခဲ့ရသည်။ သူ၏လုံးဝဥဿုံ လွတ်လပ်ပျော့ ပြောင်းမှုကို မထိန်းသိမ်းထားနိုင်တော့ပေ။
ထိုအခွင့်အရေးသည် အကောင်းဆုံးအခွင့်အရေးမဟုတ်သော်လည်း လုံးဝအခွင့် အရေးမရရှိခြင်းထက်တော့ အပုံကြီးသာလွန်နေသေး၏။
ဤအခွင့်အရေးမျိုးကို အားဖေလက်လွတ်ခံလိမ့်မည်မဟုတ်ပါ။
အားဖေ၏ဓား ထွက်ပေါ်လာခဲ့ချေပြီ...
ဤတိုက်ခိုက်မှုသည် သူ့အတွက်အလွန်အရေးပါသော တိုက်ခိုက်မှုဖြစ်သည်။
သူ၏တိုက်ခိုက်မှုသာ အောင်မြင်ခဲ့ပါက သူ၏ပင်ဂိုမူလ အခြေအနေကို ပြန် လည်ရရှိနိုင်မည်ဖြစ်ပြီး သူမရှုမလှရှုံးနိမ့်ခဲ့ခြင်းမှ ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ် သည်။
ဤတိုက်ခိုက်မှုသာ မအောင်မြင်ခဲ့ရပါက မိမိကိုယ်ကို ယုံကြည်မှုများ အားဖေ ဘယ်တော့မှ ပြန်ရနိုင်မည်မဟုတ်တော့။ အသက်ရှင်သန်နေသေးသော်လည်း သေ ဆုံးသွားသူတစ်ယောက်နှင့် ဘာမှထူးခြားလာတော့မည်မဟုတ်ချေ။
အားဖေ အောင်မြင်ရပေမည်။ သူ ကျရှုံး၍လုံးဝမဖြစ်။
သို့သော် အားဖေ အောင်မြင်နိုင်ပါ့မည်လား။...
လက်ခနဲလင်းလက်သွားသော ဓားအလင်းတန်းများက ရပ်တန့်သွားခဲ့ရသည်။
ဓား နှစ်ပိုင်းကျိုးသွားခဲ့လေသည်။
အားဖေ နောက်သို့ခုန်ဆုတ်လိုက်သောအခါ သူ့လက်ထဲ၌ ဓားကျိုးတစ်ချောင်း သာ ဆုပ်ကိုင်ထားနိုင်တော့၏။
ကျန်ဓားကျိုးတစ်စမှာ လုဖုန်းရှန်း၏ ညာဘက်လက်ချောင်းများတွင် ညပ်ပြီး ကျန်ရှိနေ၏။ သို့သော် ဓားဦးသည် လုဖုန်းရှန်း၏ ပခုံးသားကို ထိုးဖောက်ဝင် ရောက်နိုင်ခဲ့လေသည်။
အားဖေ၏ဓားချက်ကို ကာကွယ်နိုင်ခဲ့သော်လည်း လုဖုန်းရှန်း နည်းနည်းလေး နောက်ကျသွားခဲ့ရသည်။
လုဖုန်းရှန်း၏ ပခုံးထက်မှ သွေးများယိုစီးကျလာ၏။
အားဖေ၏ တိုက်ခိုက်မှု အောင်မြင်ခဲ့ပါသည်။
အားဖေ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ထွက်ပေါ်လာခဲ့၏။ အောင်နိုင်သူတစ်ယောက်၏ အမူအရာမျိုးဖြစ်သည်။
လုဖုန်းရှန်း၏အမူအရာများက ပြောင်းလဲခြင်းအလျဉ်းမရှိ။ အားဖေကို စိုက်၍ သာကြည့်နေ၏။ သူ့ပခုံးတွင် စိုက်ဝင်နေသော ဓားဦးကိုနှုတ်ယူခဲ့ခြင်းလည်းမရှိ။
အားဖေသည် ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေ၏။ နောက်ထပ်တိုက်ခိုက်မည့် အမူအရာလုံးဝမတွေ့ရ။
သူ၏ စိတ်ညစ်ညူးနေမှုများသည် နေရောင်ထွက်လာသောအခါ ကွယ်ပျောက် သွားရသော မြူနှင်းတို့လို လွင့်ပျံပျောက်ကွယ်သွားခဲ့ချေပြီ။ ဤတိုက်ခိုက်မှုက သူ၏ စိုးရိမ်စိတ်များကို ဖယ်ရှားပေးခဲ့လေပြီ။
အားဖေလိုချင်သည်မှာ ‘အောင်မြင်မှု’ ဖြစ်၏။ ‘လူသေစေရန်’ မဟုတ်။
လုဖုန်းရှန်းသည် အားဖေ၏ နောက်တစ်ကြိမ်တိုက်ခိုက်လာမှုကို စောင့်ဆိုင်းနေ ပုံရသည်။ အတန်ကြာသောအခါမှ လုဖုန်းရှန်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ “ကောင်းတယ်။ သိပ်ကောင်းတယ်။”
ထိုစကားကို ကြားလိုက်ရသည့် မည်သူမဆို အလွန်ပင်ဂုဏ်ယူဝမ်းမြောက်သွား ရမည်ဖြစ်လေသည်။ လုဖုန်းရှန်းလို လူတစ်ယောက်ထံမှ ချီးမွမ်းစကားကို ကြားခဲ့ရ သူ မည်သူမဆို မိမိကိုယ်ကို ဂုဏ်ယူနိုင်ပေသည်။
သို့သော် မထွက်သွားခင်လေးတွင် လုဖုန်းရှန်းက ရုတ်တရက် ဖြည့်စွက်ပြော ဆိုလိုက်ပြန်သည်။
“လီဆွန်းဟွာက အမှန်အတိုင်းပြောခဲ့တာပဲ။ သူမင်းကို ခန့်မှန်းခဲ့တာမမှားဘူး။”
ထိုစကားသည် မည်သည့်အဓိပ္ပါယ်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သနည်း။... လုဖုန်း ရှန်းကို လီဆွန်းဟွာ ဘာများပြောဆိုခဲ့သနည်း။...
ညဉ့်အမှောင်ထုအောက်တွင် လုဖုန်းရှန်း ပျောက်ကွယ်သွားခဲ့လေပြီ။
လီဆွန်းဟွာ ပြုံးနေ၏။
အားဖေ၏ပခုံးကို ဆုပ်ကိုင်ပြီး အားရဝမ်းသာပြောဆိုနေ၏။ “ကြည့်စမ်း။ မင်း ရဲ့မူလ အခြေအနေကို ပြန်ရောက်လာပြီ။ ဘာမှ မင်းကိုချုပ်နှောင်ထားနိုင်မှာမဟုတ် ဘူးလို့ ကျုပ်ပြောခဲ့သားပဲ။ လူတိုင်းလူတိုင်းပဲ အဆိုးဆုံးအချိန်တွေဆိုတာ ရှိခဲ့ပါ တယ်။ အဲ့ဒီလို အဆိုးထဲမှာချည်း မင်းကိုယ်မင်း မနှစ်မြှုပ်ထားသင့်ဘူးဆိုတာ မှတ် ထားပါ။”
“မင်း ဘဝသစ်ပြန်စလို့ရပြီ။ ကျုပ် မင်းကိုယုံကြည်တယ်။...”
အားဖေက လီဆွန်းဟွာ၏စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။ “ကျ နော် ဘယ်တော့မှ မရှုံးနိမ့်နိုင်တော့ဘူးလို့ ခင်ဗျားပြောနိုင်လို့လား။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “လုဖုန်းရှန်းရဲ့ အရည်အချင်းက နှစ် ယောက်မရှိနိုင်ဘူး။ သူတောင်မှ မင်းရဲ့တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့သေးရင် သိုင်းလောကမှာ ဘယ်သူကများ ရှောင်တိမ်းနိုင်ဦးမှလဲကွာ။”
အားဖေက ထစ်ငေါ့စွာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့... ဒါပေမဲ့... ကျနော် တကယ်ပဲ အနိုင်ရခဲ့တာလားဆိုတာ မသေချာဘူး။”
လီဆွန်းဟွာ-“မင်း ဘာကိုဆိုလိုတာလဲ။”
အားဖေ-“ကျနော့်ရဲ့ လှုပ်ရှားမှုတွေက အရင်လိုမမြန်တော့ဘူး။”
လီဆွန်းဟွာ-“မင်းကို ဘယ်သူပြောလဲ။”
အားဖေ-“ဘယ်သူမှပြောပြစရာမလိုဘူး။ ကျနော်ကိုယ်တိုင် ခံစားသိရှိနေတယ် ဗျ။”
အားဖေ၏ မျက်လုံးများက လုဖုန်းရှန်းကွယ်ပျောက်သွားခဲ့ရာသို့ ရီဝေစွာ ငေး မောကြည့်ရှုနေ၏။ “သူ ကျနော့်ကို အနိုင်ယူနိုင်ခဲ့မယ်လို့ ကျနော်ခံစားနေရတယ်။ ကျနော့်ရဲ့တိုက်ခိုက်မှုကို ကာကွယ်ခဲ့တဲ့သူ့ရဲ့ လျင်မြန်မှုနှုန်းက ဒီလောက်မနှေးကွေး ခဲ့သင့်ဘူး။”
လီဆွန်းဟွာ-“လုဖုန်းရှန်းဟာ မင်းထက်အင်အားကြီးမားကောင်းကြီးမားနိုင်ပါ တယ်။ ဒါပေမဲ့ အကောင်းဆုံးအခွင့်အရေးပေါ်လာတုန်းမှာ မင်းတိုက်ခိုက်နိုင်ခဲ့တာ ပဲ။ ဒါကြောင့်မို့လို့ မင်းကသူ့ထက်သာတယ်။ ဒါကြောင့်မို့လို့ ဒီပွဲမှာ မင်းနိုင် တယ်။”
လီဆွန်းဟွာက ဟက်ခနဲရယ်မောပြီး ဆက်ပြောနေပြန်သည်။ “ဒါကြောင့်မို့လို့ လုဖုန်းရှန်း ရှုံးနိမ့်သွားခဲ့ရတယ်။ အငြင်းပွားစရာမလိုဘူး။ ဒီလိုအောင်မြင်မှုကို ရရှိ လာခဲ့ပြီးမှတော့ ဘာဖြစ်လို့ မင်းကိုယ်မင်း မယုံကြည်နိုင်ဖြစ်နေရသေးတာလဲ။”
နောက်ဆုံးတွင်တော့ အားဖေပြုံးလာခဲ့ရလေသည်။
ခက်ခဲကြမ်းတမ်းမှုများကို ဖြတ်ကျော်လာနိုင်ခဲ့သူတစ်ယောက်အဖို့ မိတ်ဆွေတစ် ယောက်၏ အားပေးမှုလောက် မည်သည့်အရာကပို၍ အရေးပါနိုင်ပါဦးမည်နည်း။
လီဆွန်းဟွာ-“ဘာပဲဖြစ်ဖြစ် ဒီအောင်မြင်မှုလေးကို ကျုပ်တို့ဂုဏ်ပြုရမယ်။ ဘာ လုပ်ရင်ကောင်းမယ်ထင်လဲ။”
အားဖေ-“ကျနော်တို့ အရက်သောက်ကြမယ်ဗျာ။ ဘာများလုပ်ရဦးမှာလဲ။”
လီဆွန်းဟွာက သဘောကျစွာ ရယ်မောနေလိုက်သည်။ “မင်းပြောတာမှန်တယ်။ ကျုပ်တို့အရက်သောက်သင့်တယ်။ အရက်မပါတဲ့ ဂုဏ်ပြုပွဲတစ်ခုဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပဲ။”
အားဖေက ပြုံးပြီးပြောဆိုလိုက်သည်။ “အမှန်အတိုင်းပြောရရင် အရက်မပါတဲ့ ဂုဏ်ပြုပွဲတစ်ပွဲဟာ ဆားမပါတဲ့ဟင်းတစ်ခွက်ထက်တောင် ပိုပြီးဆိုးနေပါသေးတယ် ဗျာ။”
+++++
အားဖေ အိပ်မောကျသွားခဲ့လေပြီ။
အရက်သည် အလွန်ထူးဆန်းသည့်အရည်တစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက်ကို ပျော်ရွှင်စေပြီး တစ်ခါတစ်ရံတွင် အိပ်မောကျသွားစေသည်။
ပြီးခဲ့သောရက်များက အားဖေ ကောင်းကောင်းမအိပ်ခဲ့ရပါ။ အိပ်ပျော်ပြီး သိပ် မကြာခင်လေးမှာပင် ပြန်နိုးလာရသည်။ အိမ်မှာနေစဉ်တုန်းက ဘာကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့မှန်း အားဖေစဉ်းစား၍မရ။
နောက်တစ်ကြိမ် အားဖေအိပ်မောကျသွားပြီဆိုတော့မှ လီဆွန်းဟွာ တည်းခိုခန်း မှ ထွက်လာခဲ့သည်။
မကြာခင်လေးတွင် နောက်ထပ်တည်းခိုခန်းတစ်ခုရှေ့သို့ သူရောက်လာခဲ့၏။ ပန်းခြံလေးကိုဖြတ်ပြီး တည်းခိုခန်းတွင်းသို့ လီဆွန်းဟွာ လျှောက်ဝင်သွားလိုက် သည်။
ညဉ့်နက်သန်းခေါင်ကြီး ဤတည်းခိုခန်းလေးတွင် သူဘာလာလုပ်နေသနည်း။
ညဉ့်သန်းခေါင်ယံပင် ကျော်လွန်နေပေပြီ။ သို့သော် တည်းခိုခန်း၏ အခန်းတစ် ခန်းမှာမူ မီးအလင်းရောင် ထွက်ပေါ်နေသေး၏။
ထိုအခန်းတံခါးရှေ့တွင် လီဆွန်းဟွာ ရပ်တန့်ပြီး တံခါးခေါက်လိုက်သည်။
အတွင်းခန်းမှ လူတစ်ယောက်၏ မေးမြန်းသံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ “ရှောင်းလီတွမ့်ဟွာ...”
လီဆွန်းဟွာ-“ဟုတ်ပါတယ်။”
တံခါးပွင့်သွား၏။ လုဖုန်းရှန်းက တံခါးကို ဖွင့်ပေးလိုက်သည်။
လုဖုန်းရှန်း ဘာကြောင့်ဤနေရာတွင် ရှိနေသနည်း။ သူဒီနေရာတွင်ရှိနေမည် မှန်း လီဆွန်းဟွာ အဘယ်သို့သိရှိနေရသနည်း။ လီဆွန်းဟွာ ဤနေရာသို့လာခဲ့ခြင်း ၏ ရည်ရွယ်ချက်သည် ဘာများဖြစ်နေနိုင်သနည်း။
လီဆွန်းဟွာသည် လုဖုန်းရှန်းနှင့် လျှို့ဝှက်အပေးအယူကိစ္စများ ပြုလုပ်ခဲ့ပါသ လား။
လုဖုန်းရှန်း၏ မျက်နှာပေါ်မှ ထူးဆန်းပြီးမဖော်ပြနိုင်သော အပြုံးတစ်ခုထွက် ပေါ်လာခဲ့၏။ အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ “လီတွမ့်ဟွာက သူ့ ကတိစကားကို တကယ်ပဲတည်သူတစ်ယောက်ဖြစ်နေတာကိုး။ ခင်ဗျား ရောက်လာခဲ့ ပြီ။”
မိန်းမငယ်လေးတစ်ယောက်၏ စကားသံက လုဖုန်းရှန်း၏အသံအဆုံးတွင် ကပ် ပါလာခဲ့သည်။ “သူဟာ ကတိတည်သူတစ်ယောက်ပါလို့ ကျမရှင့်ကိုပြောခဲ့သားပဲ။”
ထိုမိန်းမငယ်လေးသည် လင်းလင်းဖြစ်နေလေသည်တကား။
လင်းလင်းသည် ဘယ်အတွက်ကြောင့် လုဖုန်းရှန်းနှင့်အတူ ရှိနေရသနည်း။
လီဆွန်းဟွာက မည်သည့်ကတိစကားများ ပေးခဲ့သနည်း။
အခန်းတွင်းသို့ လီဆွန်းဟွာ ဖြည်းဖြည်းလေးဝင်လာခဲ့သည်။ ရုတ်တရက်ပင် လုဖုန်းရှန်းကို ဦးညွတ်ပြီးပြောဆိုလိုက်၏။ “ကျေးဇူးတင်ပါတယ်။”
လုဖုန်းရှန်း-“ကျုပ်ကိုကျေးဇူးတင်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ် တို့ကြားမှာ အပေးအယူလုပ်ထားခဲ့တယ်မဟုတ်လား။”
လီဆွန်းဟွာ-“ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးအပေးအယူမျိုးကို လူတိုင်းလုပ် ပေးနိုင်ကြတာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်ခင်ဗျားကို ကျေးဇူးတင်သင့်တယ်။”
လုဖုန်းရှန်း-“ဟုတ်တယ်။ ဒီအပေးအယူက တော်တော်လေးထူးဆန်းတဲ့ အပေး အယူတစ်ခုပဲ။ လင်းလင်းကျုပ်ကို လာပြောပြတော့ ကျုပ် တော်တော်လေးအံ့ဩသွား ခဲ့ရတယ်။”
လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ ခင်ဗျားကိုရှင်းပြပေးခဲ့ဖို့ လင်းလင်းကနေ တစ်ဆင့် ကျုပ် အကူအညီတောင်းခဲ့တာပေါ့။”
လုဖုန်းရှန်း-“တကယ်တမ်းတော့ ဘာမှရှင်းပြနေစရာမလိုပါဘူး။ ခင်ဗျားက ကျုပ် အားဖေကို ရှုံးနိမ့်သွားစေချင်တယ်။ ဒါမှသာ သူ့ရဲ့ပင်ကိုယ်အရည်အသွေးတွေ ပြန်လည်ထွက်ပေါ်လာမယ်မဟုတ်လား။”
လီဆွန်းဟွာ-“အဲဒါ ကျုပ်ရဲ့ရည်ရွယ်ချက်အမှန်ပဲ။ သူ့အတွက် လုပ်ပေးရတာ တန်ပါတယ်ဗျာ။”
လုဖုန်းရှန်း-“ဟုတ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ သူဟာခင်ဗျားရဲ့ မိတ်ဆွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ အားဖေဟာ ကျုပ်ရဲ့မိတ်ဆွေမဟုတ်ဘူး။ ကျုပ်ရဲ့ဘဝမှာ ဒီလောက်ရူးကြောင်ကြောင်နိုင်တဲ့ အကူအညီမျိုး တောင်းခံလာလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး။”
လီဆွန်းဟွာ-“ဒါပေမဲ့လည်း ခင်ဗျားလိုက်လျောခဲ့တာပဲ မဟုတ်လား။”
လုဖုန်းရှန်းသည် လီဆွန်းဟွာကို အဓိပ္ပါယ်ပါပါစိုက်ကြည့်နေပြီးမှ ပြောဆို လိုက်သည်။ “ခင်ဗျားတောင်းဆိုတဲ့ အပေးအယူကို ကျုပ်လုပ်ပေးခဲ့လိမ့်မယ်လို့ ခင် ဗျား သေချာပေါက်ယုံကြည်ထားခဲ့တယ်ပေါ့လေ။”
လီဆွန်းဟွာက ပြုံးပြီးပြောဆိုလိုက်သည်။ “အခွင့်အရေးတစ်ခု ပေါ်ပေါက်ခဲ့တာ လို့ပဲ ကျုပ်သိထားခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ ခင်ဗျားဟာ သာမန်လူတစ် ယောက်မှမဟုတ်တာ။ သူများတွေထက်တမူထူးခြားထက်မြက်တဲ့လူတစ်ယောက်သာ ထူးခြားထက်မြက်တဲ့ အလုပ်တွေလုပ်ဆောင်နိုင်မှာပါ။”
လုဖုန်းရှန်းသည် လီဆွန်းဟွာကို စိုက်ကြည့်နေဆဲပင်။ “အားဖေက ကျုပ်ကို သတ်မှာမဟုတ်ဘူးဆိုတာလည်း ခင်ဗျားယုံကြည်ခဲ့တယ်ပေါ့။”
လီဆွန်းဟွာ-“အားဖေအတွက် ၁ လက်မလောက်သာ အနိုင်ရခဲ့တယ်ဆိုဦး... သူ နောက်ထပ်ရှေ့တိုးမှာမဟုတ်ဘူး။”
လုဖုန်းရှန်းက သက်ပြင်းကြီးချလိုက်တော့သည်။ “ခင်ဗျားသူ့ကို ယုံကြည်ခဲ့သ လို ကျုပ်ကို ခန့်မှန်းထားခဲ့တာလည်း မမှားဘူး။”
လုဖုန်းရှန်းက ရုတ်တရက် စူးရှစွာပြောဆိုလိုက်သည်။ “ဒါပေမဲ့ ကျုပ်သဘော တူခဲ့တာ သူ့ရဲ့တိုက်ကွက်တစ်ကွက်တည်းပဲ။ သူသာ နောက်ထပ်တိုက်ခိုက်လာခဲ့ မယ်ဆိုရင် ကျုပ်သူ့အသက်ကို နှုတ်ယူခဲ့မှာသေချာတယ်။”
လီဆွန်းဟွာ၏ မျက်လုံးများက လင်းလက်တောက်ပြောင်လာခဲ့ရ၏။ “ခင်ဗျား ကိုယ်ခင်ဗျား အဲ့ဒီလောက်တောင်မှ ယုံကြည်မှုရှိတယ်လား။”
လုဖုန်းရှန်း-“ဘာလဲ။ ကျုပ်ပြောတာကို ခင်ဗျားကမယုံဘူးလား။”
မျက်ဝန်းနှစ်စုံ ထိပ်တိုက်တွေ့ပြီး စူးစူးစိုက်စိုက် စိုက်ကြည့်နေကြ၏။ အတော် လေးကြာသောအခါမှ လီဆွန်းဟွာထံမှ အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး “အခုတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒါပေမဲ့ နောက်ဆိုရင် မသေချာတော့ဘူး” ဟုပြောဆို လိုက်လေသည်။
လုဖုန်းရှန်း-“ဒါကြောင့်မို့လို့ ဒီအပေးအယူကို ကျုပ်လက်မခံခဲ့သင့်ဘူး။ သူ့ကို ရှင်သန်ခွင့်ပေးခဲ့တာဟာ နောက်ဆိုရင် ကျုပ်ကိုခြောက်လှန့်လာနိုင်တယ်။”
လီဆွန်းဟွာ-“ဒါပေမဲ့ တချို့လူတွေအတွက် ခြောက်လှန့်မှုခံရတာ ပိုနှစ်သက် ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြောက်လှန့်ခံရလို့ သူတို့တွေပိုပြီး နိုးကြား စိတ်လှုပ်ရှားလာရတယ်မဟုတ်လား။ ဒါနဲ့ပဲ သူတို့တွေ တိုးတက်လာခဲ့ကြရတယ်။ ယှဉ်ပြိုင်မှုမရှိပဲ တစ်ချိန်လုံး အောင်မြင်မှုသရဖူဆောင်းထားတဲ့ လူတစ်ယောက်အဖို့ သိပ်ပြီးငြီးငွေ့စရာ ကောင်းလွန်းလှပါတယ်ဗျာ။”
လုဖုန်းရှန်းသည် အတန်ကြာမျှ စဉ်းစားနေလိုက်၏။ ပြီးနောက် “ကျုပ် ဒီရည် ရွယ်ချက်ရှိလို့ ခင်ဗျားနဲ့ အပေးအယူလုပ်ခဲ့တာဟုတ်ချင်မှ ဟုတ်မယ်” ဟု ပြောဆို လိုက်သည်။
လီဆွန်းဟွာ-“ဟုတ်တာပေါ့။ ခင်ဗျားပြောတာမှန်တယ်။”
လုဖုန်းရှန်း-“ကျုပ် သဘောတူခဲ့တာဟာ ခင်ဗျားဆီက ပြန်ရစရာကို စိတ်ဝင် စားလို့ပါ။”
လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့။”
လုဖုန်းရှန်း-“ခင်ဗျားတောင်းဆိုခဲ့တဲ့အတိုင်းသာ ကျုပ်လုပ်ပေးခဲ့မယ်ဆိုရင် ကျုပ် ဘာပဲတောင်းဆိုတောင်းဆို ခင်ဗျားက လိုက်လျောပေးမယ်လို့ ပြောခဲ့တယ် နော်။”
လီဆွန်းဟွာ-“မှန်လိုက်လေခြင်းဗျာ။”
0 comments:
Post a Comment