Tuesday, March 8, 2011

(၅၉) သတ္တိ

ထိုသူကြည့်နေရာသို့ မိန်းမငယ်လေးလှည့်၍ကြည့်လိုက်ရာ လီဆွန်းဟွာ လျှောက်ဝင်လာသည်ကိုတွေ့လိုက်ရ၏။ ထို့နောက် မိန်းမငယ်လေးသည် လီဆွန်း ဟွာထံ အပြေးလေးလှမ်းလာပြီး သူ့ခါးကိုတင်းကြပ်စွာ ပွေ့ဖက်ထားလေတော့သည်။

သူမသည် ဝမ်းသာကြည်နူးလွန်းသဖြင့် ပြုံးပြီးပြောဆိုလိုက်သည်။ “ရှင်ပြန်လာ မယ်ဆိုတာ ကျမသိနေပါတယ်။ ရှင်ကျမကို ပစ်မသွားဘူးဆိုတာလည်း သိနေပါ တယ်ရှင်။”

လီဆွန်းဟွာကို လင်းလင်းအမှန်တကယ်ပင် စောင့်ဆိုင်းနေခဲ့လေသည်။

လီဆွန်းဟွာသည်လည်း စိတ်လှုပ်ရှားသွားခဲ့ရပြီး လင်းလင်း၏လက်ကလေးကို ဆုပ်ကိုင်ထားကာ မေးမြန်းလိုက်သည်။ “မင်း... မင်းဒီမှာတကယ်ပဲ စောင့်နေခဲ့တယ် နော်။”

လင်းလင်းက ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက် သူမ၏နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ထားပြီး ပြောဆိုလိုက်သည်။ “ရှင်ဘာဖြစ်လို့ ဒီလောက်တောင်နောက်ကျနေ ရတာလဲ။ ကျမဖြင့် ရှင့်အတွက် စိုးရိမ်လိုက်ရတာ။”

အားဖေက ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။ “မင်း သူ့ကိုတကယ်ပဲ စောင့်ဆိုင်းနေခဲ့တာလား။”



ယခုမှသာ အားဖေကို လင်းလင်းသတိထားမိသွားသည်။ အားဖေကို သူမသိနေ ပါသည်။ အားဖေကတော့ သူမကို သိနိုင်လိမ့်မည်မဟုတ်။

လင်းလင်းသည် မျက်တောင်များ ပုတ်ခတ်ပြီး ပြောဆိုလိုက်သည်။ “ကျမ သူ့ ကို ဒီမှာမစောင့်နေလို့ ဘာလုပ်နေရမှာလဲ။”

အားဖေက အေးစက်စွာပြောဆိုလိုက်သည်။ “မင်း ဒီနေရာမှာရှိနေတာ အ ကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေနိုင်တာပဲ။ မင်းသာ တကယ်တမ်းသူ့ကို စောင့်နေ ခဲ့တယ်ဆိုရင် မင်းမျက်လုံးတွေက ဝင်ပေါက်တံခါးကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ ရမှာပေါ့။ စောင့်ဆိုင်းနေသူတစ်ယောက်ဟာ တံခါးဝကို ကျောပေးပြီး မစောင့်ဆိုင်း နေသင့်ဘူး။”

အားဖေမှ ဤကဲ့သို့ပြောလာခဲ့မည်မှန်း လီဆွန်းဟွာ လုံးဝမထင်ထားခဲ့ချေ။

အားဖေသည် သူတစ်ပါးကို နာကျင်စေမည့်စကား ပြောဆိုတတ်သူတစ်ယောက် မဟုတ်သော်လည်း ယခုတော့ သူ၏စကားများက လွန်စွာမှ တင်းမာပြတ်သားလှ သည်။

အဘယ်ကြောင့်ဆိုသော် အားဖေသည် သူ၏မိတ်ဆွေဖြစ်သူ လီဆွန်းဟွာ အပေါ် လိမ်ညာမည့်သူ မည်သူ့ကိုမျှ သည်းမခံနိုင်၍ဖြစ်၏။

လီဆွန်းဟွာ ရင်ထဲမှ သက်ပြင်းချလိုက်သည်။

အားဖေသည် အရာရာကို လေ့လာအကဲခတ်တတ်သည်မှာ သိုင်းလောကရှိ လူ များစွာတို့ထက်ပင် ပို၍စေ့စပ်သေချာနေသေး၏။

သို့သော် လင်ရှန်းအာနှင့် ပတ်သက်လာလျှင် အဘယ်ကြောင့်များ မျက်ကန်း တစ်ယောက်ဖြစ်နေရသနည်း။...

လင်းလင်း၏မျက်လုံးများက နီရဲလာခဲ့ကြသည်။ မျက်ရည်စက်လက်ဖြင့် သူမ ပြောဆိုလိုက်သည်။ “ရှင်သာ လူတစ်ယောက်ကို တစ်နေရာထဲမှာထိုင်ပြီး ၁ဝ ရက် ကျော်ကျော် စောင့်ဆိုင်းနေတတ်ခဲ့ဖူးမယ်ဆိုရင် ကျမဘာကြောင့် ကျောပေးထားလဲ ဆိုတာ နားလည်ခံစားတတ်လာမှာပါ။”

သူမသည် ကျလာသော မျက်ရည်များကို သုတ်ပြီး ဆက်ပြောနေလိုက်သည်။ “ပထမတော့ လူတစ်ယောက်ဝင်လာတိုင်း ကျမ ရင်တွေခုန်ခဲ့ရတယ်။ သူများ ပြန် ရောက်လာပြီလားပေါ့။ ရက်အတော်ကြာလတဲ့အခါကျတော့ စောင့်မျှော်နေတဲ့သူ မပေါ်လာခဲ့တဲ့အတွက် စောင့်မျှော်နေရတဲ့ကျမအဖို့ တံခါးပေါက်ကို ကြည့်နေလည်း မထူးခြားတော့ပါဘူး။ တံခါးပေါက်ကို စောင့်ကြည့်နေတာဟာ ကျမကို ပိုပြီးခံစားရ ခက်စေတယ်။”

အားဖေ မည်သည့်စကားမျှ ပြန်မပြောခဲ့ပါ။

သူ စကားတော်တော်လေး ပြောခဲ့ပြီးပြီဟု ထင်မှတ်ထား၏။

လင်းလင်းက ခေါင်းငုံ့ပြီးပြောဆိုနေပြန်သည်။ “ဒီက အစ်ကိုကြီး ‘လု’သာကျမ ကိုအဖော်မလုပ်ပေးနေခဲ့ဖူးဆိုရင် ကျမတော့ ရူးသွားလောက်ပြီ။”

လီဆွန်းဟွာ၏မျက်လုံးများက အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူထံသို့ ဝေ့ ကြည့်လိုက်ရာ ထိုသူသည်လည်း သူ့ကိုစိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရလေ သည်။

လီဆွန်းဟွာသည် ထိုသူ့အနားသို့ သွားပြီးနှုတ်ဆက်လိုက်သည်။ “ခင်ဗျားကို ကျေးဇူးတင်ပါတယ်ဗျာ။...”

ဝတ်ရုံဖြူဝတ်ဆင်ထားသူက ဖြတ်ပြောလိုက်သည်။ “ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ကျုပ်ဒီမိန်းကလေးကို အဖော်လုပ်ပေးပြီးစောင့်နေတာမဟုတ်ဘူး။ ကျုပ် ခင်ဗျားကို စောင့်နေခဲ့တာ။”

လီဆွန်းဟွာ သံယောင်လိုက်မိသွား၏။ “ကျုပ်ကို စောင့်နေတယ်။...”

ဝတ်ရုံဖြူဝတ်ဆင်ထားသူ-“ဟုတ်တယ်။ ခင်ဗျားကို စောင့်နေတာ။”

ထိုသူသည် ပြုံးပြီးပြောဆိုလိုက်သည်။ “ဒီလောကကြီးထဲမှာ ကျုပ်စောင့်ဆိုင်း ရမယ့် လူဆိုလို့ သိပ်ပြီးများများစားစားရှိလှတာမဟုတ်ဘူး။ ရှောင်းလီတွမ့်ဟွာက သူတို့တွေထဲက တစ်ယောက်ပေါ့။”

လီဆွန်းဟွာပင် ဘာမျှပြန်မပြောနိုင်သေးခင် လင်းလင်းမှ ဝင်ရောက်ပြောဆို လိုက်သည်။ “သူဘယ်သူလဲဆိုတာ ကျမရှင့်ကို လုံးဝမပြောပြခဲ့ဘဲနဲ့ လီဆွန်းဟွာ ဖြစ်မှန်း ရှင်ဘယ်လိုလုပ်သိနိုင်တာလဲ။”

ဝတ်ရုံဖြူဝတ်ဆင်ထားသူ-“သိုင်းလောကမှာကျင်လည်ကျက်စားပြီး အသက် ရှည်ရှည်နေချင်တယ်ဆိုရင် သိုင်းလောကရဲ့ လူအနည်းငယ်ကို သိထားဖို့တော့ လို မယ်။ ရှောင်းလီတွမ့်ဟွာက အဲ့ဒီလူနည်းနည်းလေးထဲက တစ်ယောက်ပေါ့။”

အားဖေက ရုတ်တရက် မေးမြန်းလိုက်သည်။ “ကျန်တဲ့လူတွေက ဘယ်သူတွေ လဲ။”

ဝတ်ရုံဖြူဝတ်ဆင်ထားသူသည် အားဖေကို စူးစူးစိုက်စိုက်ကြည့်ပြီးမှ ပြောဆို လိုက်သည်။ “အနည်းဆုံးတော့ မင်းရယ် ကျုပ်ရယ်ကိုပါ ထည့်တွက်လို့ရပါသေး တယ်။”

အားဖေသည် သူ၏လက်နှစ်ဘက်ကို ငုံ့ကြည့်နေပြီး ဖော်မပြနိုင်သော ဝမ်းနည်း ကြေကွဲမှုများ သူ၏မျက်လုံးများထဲမှ ပေါ်ထွက်လာခဲ့ရ၏။ ပြီးနောက် အနီးရှိစားပွဲ တစ်လုံးတွင် ဝင်ထိုင်နေပြီး စားပွဲထိုးများကို အော်ပြောလိုက်သည်။ “ပိုင်ကန် အရက်။...”

စားပွဲထိုးတစ်ယောက် ချက်ချင်းရောက်လာပြီး မေးမြန်းလိုက်သည်။ “ဘာအ မြည်းများ မှာကြားချင်ပါသေးလဲ ခင်ဗျာ။”

အားဖေ-“အရက်... အဝါရောင်အရက်။...”

အရက်သောက်တတ်သူများအဖို့ အမြန်ဆုံးအရက်မူးစေသည်မှာ အရက်ကို အရက်နှင့် ရောစပ်သောက်ခြင်းဖြစ်ကြောင်း သိရှိထားကြ၏။ ပိုင်ကန်အရက်နှင့် အရက်ဝါကိုသာ ရောစပ်သောက်လိုက်ပါက အမူးဆုံးလည်းဖြစ်၏။

သို့သော် အများစုသည် ဤအရက်စပ်သောက်ခြင်းကို မပြုလုပ်ကြပါ။ အလွန် တရာမှ ခံစားကြေကွဲနေရသူတစ်ယောက်သာ ဤသို့အရက်စပ်သောက်တတ်ကြပေ မည်။ အဘယ်ကြောင့်ဆိုသော် ခဏလေးနှင့် ကျွမ်းထိုးမှောက်ခုံ မူးသွားတတ်သော ကြောင့်ပင်တည်း။

ဝတ်ရုံဖြူဝတ်ဆင်ထားသူသည် အားဖေကို စူးစမ်းအကဲခတ်နေ၏။

သူ၏ စူးရှတောက်ပသောမျက်လုံးများက တဖြည်းဖြည်း သိမ်မွေ့လာခဲ့ကြပြီး စိတ်ပျက်အားလျော့သွားသည့် ဟန်အမူအရာများ ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော် လီဆွန်းဟွာကို လှည့်ကြည့်လိုက်သောအခါတွင်မူ သူ၏မျက်လုံးများက ပြန်၍ စူးရှ တောက်ပြောင်လာခဲ့ကြပြန်သည်။

လီဆွန်းဟွာ-“ခင်ဗျား နာမည်လေးတဆိတ်လောက် သိပါရစေလား။”

ဝတ်ရုံဖြူဝတ်ဆင်ထားသူ-“လုဖုန်းရှန်း။...”

လီဆွန်းဟွာထံမှ မည်သည့်အံ့အားသင့်မှုများ မထွက်ပေါ်လာခဲ့ဘဲ ပြုံးပြီးပြော ဆိုလိုက်သည်။ “ခင်ဗျားက တကယ်ပဲ ‘ငွေရောင်ပေါက်ဆိန်ရှည်၊ လည်ပင်းသွေးနီ’ သူရဲကောင်း ‘လု’ ဖြစ်နေတာကိုး။”

လုဖုန်းရှန်းက အေးစက်စွာဖြတ်ပြောလိုက်သည်။ “ငွေရောင်ပေါက်ဆိန်ရှည်၊ လည်ပင်းသွေးနီ ဆိုတာ ၁၀ နှစ်ကျော်လောက်ကတည်းက သေဆုံးသွားခဲ့ပြီးပြီ။”

ဤတစ်ကြိမ်တွင်တော့ လီဆွန်းဟွာကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရ၏။

သို့သော် လီဆွန်းဟွာ ဆက်လက်မေးမြန်းခြင်းမပြုခဲ့ပါ။ လုဖုန်းရှန်းကိုယ်တိုင် ရှင်းပြလိမ့်မည်မှန်း သူသိထား၏။

လုဖုန်းရှန်းက ဆက်ပြောနေသည်။ “ငွေရောင်ပေါက်ဆိန်ရှည်၊ လည်ပင်းသွေးနီ ဆိုတာ သေသွားခဲ့ပြီ။ ဒါပေမဲ့ လုဖုန်းရှန်းကတော့ ရှင်သန်နေသေးတယ်။”

ထိုစကား၏ အဓိပ္ပါယ်ကို လီဆွန်းဟွာ စဉ်းစားနေလိုက်၏။

လုဖုန်းရှန်းသည် လွန်စွာမှ မာနကြီးသူတစ်ယောက်ဖြစ်၏။

ပိုင်ရှောင်ရှန်းသည် သူ၏ ငွေရောင်ပေါက်ဆိန်ရှည်ကို လက်နက်စာရင်းစာအုပ် ထဲတွင် နံပါတ် ၅ နေရာ၌ ထားခဲ့သည်။ အခြားသူများအတွက်တော့ ထိုအချက် သည် ဂုဏ်ယူစရာအကောင်းဆုံး ဖြစ်ကောင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း လုဖုန်း ရှန်းအတွက်မူ အလွန်အရှက်ရစရာ ကောင်းသောအချက်ဖြစ်နေပြန်၏။

လူအများအောက် နိမ့်ကျသော အဆင့်တွင် ရှိနေခြင်းအား သူလုံးဝခံစား၍မရ။ သို့သော် ပိုင်ရှောင်ရှန်း၏ လက်နက်စာရင်းသည် လွဲမှားလိမ့်မည်မဟုတ်ကြောင်း ကိုလည်း သိရှိထားပြန်၏။

ထို့ကြောင့် သူ၏ ငွေရောင်ပေါက်ဆိန်ရှည်လက်နက်ကို ဖျက်ဆီးပစ်ခဲ့ပြီး ထို လက်နက်ထက် ပိုပြီးပြင်းထန်အစွမ်းထက်သည့် သိုင်းပညာရပ်တစ်မျိုးကို နေ့ညမ ပြတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လေသည်။

လီဆွန်းဟွာက ဖြည်းညင်းစွာခေါင်းညိတ် ပြောဆိုလိုက်သည်။ “ခင်ဗျားပြော တာမှန်တယ်။ ငွေရောင်ပေါက်ဆိန်ရှည် သေသွားခဲ့ပြီဆိုတာ ကျုပ်မှတ်မိခဲ့ဖို့ကောင်း တယ်။”

လုဖုန်းရှန်းက အေးစက်စက်ပြောဆိုလိုက်သည်။ “လုဖုန်းရှန်း သေသွားခဲ့တာ လည်း ၁၀ နှစ်ကျော်ကြာခဲ့ပြီ။ အခုမှသာ ပြန်လည်ရှင်သန်ထမြောက်ခဲ့တာပါ။”

လီဆွန်းဟွာ၏ မျက်လုံးများက အရောင်တောင်ပလာခဲ့ရပြီး မေးမြန်းလိုက် သည်။ “ဘယ်အရာကများ သူရဲကောင်းလုကို ရှင်ပြန်ထမြောက်စေခဲ့တာလဲ။”

လုဖုန်းရှန်းက သူ၏ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်ပြလိုက်သည်။

ထိုလက်တစ်ဘက်ကို စားပွဲပေါ်တင်ထားပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေ၏။ “ကျုပ်ကို ပြန်လည်ရှင်သန်ထမြောက်စေခဲ့တာ ဒီလက်တစ်ဘက်ပဲ။”

အခြားသူများအတွက်တော့ ဤလက်တစ်ဘက်သည် သာမန်လက်တစ်ဘက်သာ ဖြစ်မည်။

လက်ချောင်းများက ရှည်လျားနေကြပြီး လက်သည်းများကို သေသေသပ်သပ် ညှပ်ထား၏။ လက်တစ်ချောင်းလုံးရှိ အရေပြားများက ချောမွေ့နေကြသည်။

ထိုလက်တစ်ဘက်သည် လုဖုန်းရှန်းနှင့် လွန်စွာမှလိုက်ဖက်သော လက်လည်း ဖြစ်နေပြန်၏။

သို့သော် သေသေချာချာ ပြူးပြဲကြည့်မည်ဆိုလျှင် ထိုလက်တစ်ဘက်၏ ထူး ခြားမှုများကို တွေ့ရှိနိုင်မည်ဖြစ်လေသည်။

လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်တို့၏ အရေပြားအရောင်များက အခြား နေရာများရှိ အရေပြားအရောင်နှင့် ကွဲပြားခြားနားနေကြောင်း တွေ့ရှိနိုင်ပေသည်။

ထိုလက်ချောင်း ၃ ချောင်း၏ အရေပြားအရောင်များက ပြောင်လက်နေကြ သည်။ သတ္တုအရောင်တစ်မျိုးထွက်နေပြီး အရေပြားအရောင်မဟုတ်ချေ။

အံ့ဩစရာကောင်းလှစွာပင် ထိုလက်ချောင်းလေးများသည် သူ၏ခန္ဓာကိုယ်ပေါ် တွင် အပင်ပေါက်သကဲ့သို့ တွယ်ငြိနေကြလေသည်။

အသွေးအသားဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လူတစ်ယောက်၏လက်တွင် အဘယ်ကြောင့် ထိုသတ္တုလက်ချောင်းများ ရှိနေရသနည်း။...

လုဖုန်းရှန်းသည် သူ၏လက်ချောင်းလေးများကို စိုက်ကြည့်နေပြီး သက်ပြင်းချ လိုက်သည်။ “ပိုင်ရှောင်ရှန်းသေသွားခဲ့တာ စိတ်မကောင်းစရာပဲ။”

လီဆွန်းဟွာ-“သူမသေသေးဘူးဆိုရင်ကော...”

လုဖုန်းရှန်း-“သူသာမသေသေးဘူးဆိုရင် ကျုပ်မေးလိုက်ချင်ပါတယ်။ ‘လက် တစ်ဘက်ကို လက်နက်တစ်ခုလို့ သတ်မှတ်လို့ရလားလို့’။...”

လီဆွန်းဟွာက ဟက်ခနဲရယ်မောပြီး ပြောဆိုလိုက်သည်။ “ဒီနေ့လေးတင်ပဲ စိတ်ဝင်စားစရာကောင်းတာတစ်ခု လူတစ်ယောက်က ပြောခဲ့သေးတယ်။”

လုဖုန်းရှန်း-“သူဘာပြောခဲ့တာလဲ။”

လီဆွန်းဟွာ-“သူပြောခဲ့တာကတော့-‘လူသတ်နိုင်တဲ့အရာတစ်ခုကသာ ဖောက် ခွင်းထွက်နိုင်တဲ့ ထိပ်တန်းလက်နက်ဖြစ်တယ်တဲ့’။”

လီဆွန်းဟွာက ဆက်ပြောနေ၏။ “လူသတ်နိုင်တဲ့ လက်တစ်ဘက်ဟာ လက် နက်တစ်ခုဖြစ်တယ်။ လက်နက်ဖြစ်နေရုံတင်မကသေးဘူး၊ ဖောက်ခွင်းထွက်နိုင်တဲ့ ထိပ်တန်းလက်နက်တစ်ခုလည်း ဖြစ်နေပြန်သေးတယ်။”

လုဖုန်းရှန်းက ဘာမျှပြန်မပြောခဲ့ပါ။ လီဆွန်းဟွာ ပြောခဲ့သည်များကို သူ ကြား ခဲ့ပုံပင်မပေါ်။

သို့သော် သူ၏လက်၃ချောင်းကို စားပွဲအလယ်ခေါင်သို့ ရုတ်တရက် ထိုးစိုက်ချ လိုက်သည်။

အသံတစ်စက်ကလေးမှ မထွက်။ စားပွဲပေါ်တွင်တင်ထားသော အရက်ခွက်များ က လှုပ်ရှားသွားခြင်းအလျင်းမရှိ။ တို့ဟူးတုံးတစ်တုံးကို ဓားထက်ထက်ဖြင့် လှီး ဖြတ်လိုက်သကဲ့သို့ သူ၏လက်ချောင်း၃ချောင်းက စားပွဲကို လှီးဖြတ်နေ၏။

လုဖုန်းရှန်း-“ဒီလက်ချောင်းလေးတွေကိုသာ လက်နက်လို့ပြောလို့ရရင် လက် နက်စာရင်းမှာ နံပါတ်ဘယ်လောက်ချိတ်မလဲမသိဘူး။”

လီဆွန်းဟွာ-“အခုတော့ ပြောဖို့ခက်သေးတယ်။”

လုဖုန်းရှန်း-“ဘာဖြစ်လို့လဲ။”

လီဆွန်းဟွာ-“လက်နက်ဆိုတာ လူကိုတိုက်ခိုက်ဖို့ ပြုလုပ်ထားတာ။ စားပွဲကို ထိုးဖြတ်ဖို့ ပြုလုပ်ထားတာမဟုတ်ဘူး။”

လုဖုန်းရှန်းက ရုတ်တရက် ရယ်မောနေလိုက်တော့သည်။

ရယ်မောနေသံသည် အေးစက်စက်ဖြင့် သရော်တော်တော် ရယ်မောနေသံဖြစ် ၏။ “ဒါပေမဲ့ ကျုပ်မျက်စိထဲမှတော့ လူတွေဟာ ဒီစားပွဲနဲ့ ဘာမှမကွာပါဘူး။”

လီဆွန်းဟွာ-“ဟုတ်ရဲ့လား။...”

လုဖုန်းရှန်း-“သိပ်ဟုတ်တာပေါ့. ဒါပေမဲ့ တချို့လူတွေကတော့ ခြွင်းချက်ပေါ့ လေ။”

လီဆွန်းဟွာ-“ဘယ်သူတွေများလဲ။”

လုဖုန်းရှန်း-“ပထမတော့ ကျုပ်ထင်ထားတာ ၆ ယောက်ရှိခဲ့တယ်။ အခုတော့ ၄ ယောက်ပဲ ကျန်တော့တယ်။”

အားဖေကို အဓိပ္ပါယ်ပါပါစိုက်ကြည့်နေပြီးမှ ဆက်ပြောလိုက်သည်။ “ဘာဖြစ် လို့လဲဆိုတော့ ကော့စွန်းယန်လည်း သေသွားခဲ့ပြီ။ နောက်တစ်ယောက်ကတော့ အသက်ရှင်သန်နေပါရဲ့၊ ဒါပေမဲ့ သေလူနဲ့ဘာမှမခြားနားဘူး။”

အားဖေသည် လုဖုန်းရှန်းကို ကျောပေးထားခြင်းဖြစ်သောကြောင့် သူ၏အမူ အရာများကို မမြင်တွေ့နိုင်ပါ။

ထိုအချိန်၌ပင် အားဖေ၏မျက်နှာတစ်ပြင်လုံး နီတွတ်လာခဲ့၏။ ပြီးနောက် စိမ်း သွားရပြန်သည်။

လုဖုန်းရှန်း ဘာကိုဆိုလိုခဲ့မှန်း အားဖေသိနေပါသည်။

လီဆွန်းဟွာက ရုတ်တရက် ရယ်မောပြောဆိုလိုက်သည်။ “ဒါပေမဲ့ အဲ့ဒီလူ လည်း ပြန်လည်ရှင်ပြန်ထမြောက်လာမှာပါ။ ၁၀ နှစ်တောင်ကြာမှာမဟုတ်ဘူး။”

လုဖုန်းရှန်း-“ကျုပ်တော့ မယုံဘူး။”

လီဆွန်းဟွာ-“ခင်ဗျားတောင်မှ ပြန်ရှင်လာခဲ့သေးတာပဲ။ သူလည်းဘာဖြစ်လို့ ပြန်မရှင်လာနိုင်ရမှာလဲ။”

လုဖုန်းရှန်း-“ကျုပ်က သူများနဲ့မတူဘူး။”

လီဆွန်းဟွာ-“ဘာတွေက မတူတာလဲ။”

လုဖုန်းရှန်း-“ကျုပ်က မိန်းမတစ်ယောက်ရဲ့လက်ထဲမှာ ‘သေဆုံး’သွားခဲ့တာ မဟုတ်ဘူး။ ကျုပ်ရဲ့နှလုံးသားက ရှင်သန်လျက်ရှိနေသေးတယ်။ ဘယ်တော့မှလည်း သေမှာမဟုတ်ဘူး။”

‘ခွမ်း...’

အားဖေလက်ထဲမှ အရက်ခွက် ကွဲထွက်သွားလေသည်။

သို့သော် အားဖေသည် ငြိမ်သက်စွာ ကျောပေးထိုင်နေဆဲပင်။

လုဖုန်းရှန်းသည် အားဖေကို မကြည့်နေပါ။ သူ၏မျက်လုံးများက လီဆွန်းဟွာ ထံသို့ အာရုံအပြည့်အဝထားပြီး ပြောဆိုနေ၏။ “ကျုပ် သိုင်းလောကကို ပြန်ဝင်လာ ခဲ့တာ ဒီလူ၄ယောက်ကို လိုက်ရှာဖို့ပဲ။ ကျုပ်ရဲ့လက်ချောင်းလေးတွေက လက်နက် တစ်ခုဖြစ်ရဲ့လားဆိုတာ သက်သေပြချင်လို့။ ဒါကြောင့်မို့လို့ ကျုပ်ခင်ဗျားကို စောင့် နေခဲ့တာ။”

လီဆွန်းဟွာသည် အတန်ကြာမျှ စဉ်းစားနေ၏။ ပြီးမှ ဖြည်းညင်းစွာပြောဆို လိုက်သည်။ “ခင်ဗျားအနေနဲ့ တကယ်ပဲသက်သေပြရမှကို ဖြစ်မှာလား။”

လုဖုန်းရှန်း-“ဟုတ်တယ်။”

လီဆွန်းဟွာ-“ဘယ်သူ့ကို သက်သေပြမှာလဲ။”

လုဖုန်းရှန်း-“ကျုပ်ကိုယ်ကျုပ် သက်သေပြမှာပေါ့။”

လီဆွန်းဟွာက ဟက်ခနဲရယ်မောပြောဆိုလိုက်သည်။ “မှန်တာပေါ့။ သူများကို သာညာလို့ရချင်ရမယ်။ ကိုယ့်ကိုကိုယ်တော့ ဘယ်ညာလို့ရပါ့မလဲ။”

လုဖုန်းရှန်းသည် ရုတ်တရက် မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။ “ကျုပ် ခင်ဗျားကို အပြင်ဘက်မှာစောင့်နေမယ်။”

စားသောက်ဆိုင်ထဲမှ လူအများ အလျှိုအလျှို ထွက်ခွာသွားကြတော့သည်။

လင်းလင်းသည် ကြောက်လန့်လွန်းသဖြင့် တုန်ခါနေ၏။

လီဆွန်းဟွာ ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။

လီဆွန်းဟွာ၏ ခါးစီးကြိုးကို ဆွဲထားပြီး လင်းလင်းက တိုးတိုးလေးမေးမြန်း လိုက်သည်။ “ရှင်... ရှင်တကယ်ပဲ လိုက်သွားမှာလား။”

လီဆွန်းဟွာက ခါးသီးစွာပြုံးပြီးပြောဆိုလိုက်သည်။ “လူ့ဘဝမှာ ငြင်းပယ်လို့ မရတဲ့အရာတွေ ရှိနေသေးတယ်။ ဖုံးကွယ်ထားလို့လည်းမရဘူး။”

ပြီးနောက် အားဖေဘက်သို့ လှည့်ကြည့်လိုက်၏။

အားဖေသည် သူ့ဘက်ကို လှည့်မလာခဲ့ပါ။

လီဆွန်းဟွာ လျှောက်ထွက်သွားပြီး တံခါးဝနားအရောက်တွင် အားဖေမှ ရုတ်တ ရက် လှမ်းအော်ပြောလိုက်သည်။ “ခဏနေဦး။”

လီဆွန်းဟွာ ရပ်တန့်လိုက်သည်။ သို့သော်လှည့်ကြည့်ခြင်းမရှိပါ။ “မင်းမှာ ဘာ ပြောစရာ ကျန်သေးလို့လဲ။”

ခုနလေးကမှ ကွဲသွားခဲ့သော အရက်ခွက်ကို အားဖေ တင်းကြပ်စွာဆုပ်ညှစ်ထား ၏။

သူ့လက်ဖဝါးမှ သွေးတစက်စက် ကျဆင်းလာလေသည်။

“ကျနော် သက်သေပြချင်တယ်။ ကျနော် သေဆုံးသွားခဲ့ပြီလား... ရှင်သန်နေဆဲ ပဲလားဆိုတာ သက်သေပြချင်တယ်။”

လီဆွန်းဟွာ ချက်ချင်းပင် နောက်ပြန်လှည့်ကြည့်လိုက်သည်။

အားဖေ ရှိမှရှိနေပါစဆိုသည်ကို သူယခုမှ သတိထားမိလိုက်ပုံမျိုးလည်းဖြစ်၏။

ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်က ကျုံ့သွားခဲ့သည်။ လီဆွန်းဟွာ၏နှုတ် ခမ်းထောင့်စွန်းမှ ခနဲ့တဲ့တဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး ပြောဆိုလိုက်သည်။ “ကောင်းတယ်။ မင်းကိုလည်း ကျုပ်အပြင်ဘက်မှာစောင့်နေမယ်။”

+++++

သုဿန်တစပြင်...

သိုင်းလောကတွင် ယှဉ်ပြိုင်မှုများ နေ့စဉ်နှင့်အမျှပြုလုပ်ကြသည်။ လူအမျိုးမျိုး နေရာအမျိုးမျိုးတွင် ယှဉ်ပြိုင်ကြသည်။

သို့သော် သေရေးရှင်ရေး ယှဉ်ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်ရန်နေရာကောင်း သိပ်ရှိလှသည်မဟုတ်။

လွင်တီးခေါင်လွင်ပြင်ကြီးများ၊ သစ်တောအုပ်များ သို့မဟုတ် သုဿန်တစပြင်..

သေရေးရှင်ရေး ယှဉ်ပြိုင်ပွဲများသည် များသောအားဖြင့် ထိုနေရာများ၌သာ ချိန်း ဆိုတိုက်ခိုက်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများသည် သေခြင်း တရား အငွေ့အသက်များ ဖုံးလွှမ်းနေ၍ဖြစ်လေသည်။

မှောင်စပြုပေပြီ။ မြူနှင်းများလည်း ကျနေ၏။

လုဖုန်းရှန်း၏ ဝတ်ရုံမှာနှင်းပွင့်များကဲ့သို့ ဖြူဖွေးနေ၏။ မြူနှင်းထုကြားတွင် သူ့ပုံစံသည် ပရလောကမှလာသော တမန်တော်တစ်ပါးကဲ့သို့ ဖြစ်နေပြီး သေမင်း ၏ သေမိန့်မှာတမ်းကို သယ်ဆောင်လာပေးပုံ ပေါက်နေသည်။

လင်းလင်းသည် လီဆွန်းဟွာနဘေးတွင်ရပ်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေရ၏။

သူမ ကြောက်ရွံ့နေခြင်းလော... သို့တည်းမဟုတ် ရာသီဥတုအေးစိမ့်နေခြင်း ကြောင့်လော...

အားဖေက ရုတ်တရက်ပြောဆိုလိုက်သည်။ “မင်း ဒီနေရာကနေထွက်သွား။”

လင်းလင်းသည် သူမကိုပြောဆိုနေမှန်း ပို၍သေချာသွားအောင် မေးမြန်းလိုက် မိ၏။ “ကျမကို ပြောနေတာလား။”

အားဖေ-“မင်းကိုပြောနေတာ။”

လင်းလင်းသည် နှုတ်ခမ်းများဖိကိုက်ထားပြီး လီဆွန်းဟွာကို ကြည့်လိုက်သည်။

လီဆွန်းဟွာသည် အဝေးတစ်နေရာသို့ ငေးကြည့်နေလေသည်။

သူ၏နှလုံးသားက အဝေးတစ်နေရာတွင် ရောက်နေ၍လော... သို့တည်းမဟုတ် မြူနှင်းများက ထူထပ်သိပ်သည်းလာ၍လော...

လင်းလင်းသည် ခေါင်းငုံ့ထားပြီး တီးတိုးပြောဆိုလိုက်သည်။ “ရှင်တို့ပြောမယ့် အကြောင်းအရာတွေ ကျမကို နားမထောင်စေချင်လို့လား။”

အားဖေ-“ဟုတ်တယ်။ ဘယ်သူ့ကိုမှ ပေးမကြားနိုင်ဘူး။”

လီဆွန်းဟွာ သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “သူမင်းကို အဖော်လုပ်ပေးနေ ခဲ့တာ ရက်ပေါင်းတော်တော်လေးကြာသွားပြီ။ မင်းသူ့အနားမှာ ရှိနေသင့်တယ်။”

လင်းလင်း ခဏမျှစဉ်းစားနေပြီး မြေကြီးပေါ်သို့ ခြေဆောင့်ချလိုက်သည်။ ပြီး နောက် အော်ဟစ်ပြောဆိုလိုက်လေတော့သည်။ “ရှင်တို့ ဒီနေရာကို မလာချင်ဘဲ လာခဲ့ကြတယ်။ မနေချင်ဘဲ နေနေကြရတယ်။ ရှင်တို့အားလုံး ငတုံးတွေပဲ။ ရှင်တို့ သိထားတာက ငါ့ကိုမင်းသတ်မလား။ ငါကပဲ မင်းကိုသတ်ရမလား။ ဘာတွေလဲ... ရှင်တို့ဘာဖြစ်လို့ ဒီအလုပ်တွေကိုလုပ်နေကြမှန်း ရှင်တို့ကိုယ်တိုင်ကော သိရဲ့လား။ သူရဲကောင်းတွေအားလုံးသာ ဒီပုံအတိုင်းဆို ဒီကမ္ဘာမှာရှိတဲ့ သူရဲကောင်းအားလုံး သေကုန်ကြပါစေလို့ ကျမဆုတောင်းလိုက်ပါတယ်။”

လီဆွန်းဟွာ၊ အားဖေနှင့် လုဖုန်းရှန်းတို့အားလုံးက ငြိမ်သက်စွာ နားထောင်နေ လိုက်ကြသည်။

ပြီးနောက် လင်းလင်းတစ်ယောက် တိတ်ဆိတ်စွာ ထွက်ခွာသွားလေတော့သည်။

အားဖေသည် သူမထွက်ခွာသွားသည်ကို ဂရုပင်မစိုက်ခဲ့။ ခြေသံများ ကွယ် ပျောက်သွားသောအခါမှ လီဆွန်းဟွာကို ပြောဆိုလိုက်သည်။ “ခင်ဗျားဆီက ကျနော် ဘာတစ်ခုမှ မတောင်းဆိုခဲ့ဖူးဘူး၊ ဟုတ်တယ်နော်။”

လီဆွန်းဟွာ-“မင်း ဘယ်သူ့ဆီကမှ ဘာမှမတောင်းဆိုခဲ့ဖူးပါဘူးကွာ။”

အားဖေ-“ဒါပေမဲ့ အခုတော့ ခင်ဗျားဆီကအကူအညီတစ်ခု တောင်းဖို့လိုအပ် လာပြီ။”

လီဆွန်းဟွာ-“ပြောပါဦး။”

အားဖေက အံကြိတ်၊ လက်သီးဆုပ်ပြီး ပြောဆိုလိုက်သည်။ “ကျနော့်ကို လုံးဝ မတားပါနဲ့။ ကျနော် သွားရလိမ့်မယ်။ ခင်ဗျားသာ.... ကျနော့်ကို တားမြစ်ခဲ့မယ်ဆို ရင်... ကျနော်.. ကျနော်သေသွားနိုင်တယ်။”

လီဆွန်းဟွာ၏မျက်နှာက ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းကြေကွဲသွားခဲ့ ရသည်။ “ဒါပေမဲ့ မင်းဒီလိုမျိုးလုပ်ဖို့ မလိုအပ်ပါဘူး။”

အားဖေ-“ကျနော် လုပ်မှကိုဖြစ်မယ်... မဟုတ်ရင်.. ကျနော်...”

သူသည် နာကျည်းကြေကွဲစွာဖြင့် ဆက်ပြောနေလိုက်သည်။ “လုဖုန်းရှန်း ပြော သွားခဲ့တာမှန်တယ်။ ကျနော်သာ ဒီလိုမျိုး ဆက်နေသွားမယ်ဆိုရင် လူသေတစ် ယောက်နဲ့ ဘာမှထူးခြားတော့မှာမဟုတ်ဘူး။ ဒီလိုမျိုးအခွင့်အရေးမျိုးကို ကျနော် လက်လွတ်မခံနိုင်ဘူး။”

လီဆွန်းဟွာ-“အခွင့်အရေး... ဟုတ်လား။”

အားဖေ-“ကျနော် ပြန်လည်ရှင်သန်ချင်တယ်ဆိုရင် ဒါဟာ ကျနော့်အတွက် နောက်ဆုံးအခွင့်အရေးပဲ။”

လီဆွန်းဟွာ-“နောက်ထပ်အခွင့်အရေး ဘယ်တော့မှ မရှိနိုင်တော့ဘူးလို့ မင်းဆို လိုချင်တာလား။”

အားဖေက ခေါင်းခါရမ်းပြပြီး ပြောဆိုလိုက်သည်။ “နောက်ထပ်အခွင့်အရေး ရှိ ကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့... ဒီနေ့ ကျနော့်ကိုယ်ကျနော် ယုံကြည်မှုမရှိတော့ ဘူးဆိုတာနဲ့ နောက်ထပ်ဘယ်တော့မှ သတ္တိရှိလာတော့မှာ မဟုတ်တော့ဘူး။”

လူတစ်ယောက်အတွက် သိပ်ပြီးနောက်ကျသွားသည်ဆိုလျှင် သူများနှင့် ရင် ဘောင်တန်းလိုက်နိုင်ရန် ကွာဝေးသွားမည်ဖြစ်ပြီး ထိုသူကိုယ်တိုင်လည်း စိတ်ဓာတ် ကျဆင်းလာရပေမည်။ မည်မျှပင် စိတ်ဓာတ်ခိုင်မာပြတ်သားသည်ဆိုဦး... တဖြည်း ဖြည်းနှင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု ကင်းမဲ့လာမည်ဖြစ်ပေသည်။

လီဆွန်းဟွာ အတန်ကြာမျှ စဉ်းစားနေ၏။ ပြီးနောက် သက်ပြင်းချပြီး ပြောဆို လိုက်သည်။ “မင်း ဘာကိုဆိုလိုချင်တာလဲ ကျုပ်သိပါတယ်။ ဒါပေမဲ့...”

အားဖေ-“ကျနော် အရင်တုန်းကလောက်မလျင်မြန်တော့ဘူးဆိုတာ ကျနော့် ကိုယ်ကျနော်သိပါတယ်။ အခု ၂နှစ်အတွင်းမှာ ကျနော့်ရဲ့ လှုပ်ရှားမှုတွေ တော်တော် လေး လေးလံလာခဲ့ရတယ်ဆိုတာလည်း ကျနော်သိနေတယ်။”

လီဆွန်းဟွာက ကရုဏာသံအပြည့်ဖြင့် ပြောဆိုလိုက်သည်။ “မင်းမှာ ခိုင်မာ ပြတ်သားတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိနေသရွေ့ အရာအားလုံး နဂိုမူလအခြေအနေကို ပြန်ရောက်လာမှာပါကွာ။ အခုတော့ အချိန်မတန်သေးဘူး။”

အားဖေ-“အခုအချိန်ကမှ တကယ့်ကိုအချိန်ကောင်းပါဗျာ။”

လီဆွန်းဟွာ-“ခုချက်ချင်းကြီး... ဘာဖြစ်လို့လဲ။”

အားဖေက သူ့လက်ဝါးကိုဖြန့်ပြလိုက်ရာ ခွက်ကွဲစများ လက်ဖဝါးတွင် စိုက်ဝင် နေဆဲဖြစ်ကြောင်း လီဆွန်းဟွာ တွေ့လိုက်ရသည်။

အားဖေ-“ဘာဖြစ်လို့လည်းဆိုတော့... ကျနော် ရုတ်တရက်သဘောပေါက်လာ တာတစ်ခုရှိတယ်။ ခန္ဓာကိုယ်ကို နာကျင်စေမယ်ဆိုရင် စိတ်ထဲမှာ နာကျင်နေမှု လျော့ပါးသွားရတယ်။ ဒါတင်လားဆိုတော့ မကသေးဘူး။ လူ့ခန္ဓာကိုယ်ကိုလည်း တက်ကြွလန်းဆန်းလာစေသေးတယ်။ တုံ့ပြန်မှုတွေလည်း လျင်မြန်သွက်လက်လာ စေတယ်။”

အားဖေပြောသည်မှာ မှန်သည်။ နာကျင်မှုသည် လူတစ်ယောက်၏ဦးနှောက်ကို လှုံ့ဆော်မှုပေး၏။ မြင်းစီးသလိုမျိုးပင်။ မြင်းကို ကျာပွတ်ဖြင့် ခပ်ပြင်းပြင်းရိုက်နှက် ပါက မြင်းသည် ပို၍မြန်မြန်ပြေးတတ်သလိုမျိုးပင်။

လီဆွန်းဟွာ အတန်ကြာမျှ စဉ်းစားနေလိုက်သည်။ ပြီးနောက် “မင်းကိုယ်မင်း ယုံကြည်မှုရှိတာ သေချာရဲ့လား” ဟု မေးမြန်းလိုက်သည်။

အားဖေ-“ခင်ဗျား ကျနော့်ကို မယုံကြည်တော့ဘူးလား။”

လီဆွန်းဟွာ ရုတ်တရက်ပင် ရယ်မောလိုက်သည်။ ပြီးနောက် အားဖေ၏ပခုံးကို အားပါးတရ ဆုပ်ကိုင်ထားပြီး ပြောဆိုလိုက်လေသည်။ “ကောင်းပြီ... မင်းသူ့ကို သွားယှဉ်လို့ရပြီ။”

0 comments:

Post a Comment