Tuesday, March 8, 2011

(၅၈) သူရဲကောင်း

ကျင်းဝူမင်း၏ဓားသည် အားဖေ၏ညာဘက်ပခုံးကို ထိုးဖောက်ဝင်နေ၏။ သို့ သော် ဓားသည် ၁ လက်မခန့်သာထိုးဝင်နိုင်ခဲ့သည်။

အားဖေ၏ဓားသည် ကျင်းဝူမင်း၏လည်မျိုမှ လက်မအနည်းငယ်ခန့် ကွာဝေး နေသေး၏။

အားဖေ၏ပခုံးမှ သွေးများတစိမ့်စိမ့်ထွက်နေကာ သူ့အင်္ကျီတစ်ခုလုံး သွေးများစို ရွှဲပြီး နီရဲနေသည်။

ကျင်းဝူမင်း၏ဓား အဘယ်ကြောင့်ရပ်တန့်သွားရသနည်း...

ကျင်းဝူမင်း၏ဘယ်ဘက်လက်ပြင်နေရာတွင် ဓားပျံတစ်ချောင်းစိုက်ဝင်နေ၏။

ရှောင်းလီဓားပျံ...

ထိုဓားပျံကို ပစ်လွှတ်နိုင်ရန် လီဆွန်းဟွာထံ၌ မည်သည့်အားအင်များ ကျန်ရှိနေ သေးသနည်း...



လောင်ရှောင်း၄ယွန်တို့ သားအဖနှစ်ယောက်စလုံး မျက်နှာအပျက်ပျက်ဖြစ်နေ ကြရသည်။ သူတို့၏လက်များက တုန်ခါနေကြပြီး နောက်သို့တဖြည်းဖြည်း ဆုတ် ခွာသွားနေကြသည်။ လီဆွန်းဟွာထံသို့ မည်သည့်အားအင်များ ရောက်ရှိလာခဲ့သ နည်းဟု နှစ်ယောက်စလုံး စဉ်းစားနေကြလေသည်။

လီဆွန်းဟွာ မတ်တတ်ထရပ်လိုက်သည်။

ကျင်းဝူမင်း လှည့်ကြည့်လာသည်။ လီဆွန်းဟွာကို အကဲခတ်နေ၏။ သူ့မျက် နှာပြင်ထက်တွင် မည်သည့်ခံစားချက်မျှ မရှိနေချေ။ အတန်ငယ်ကြာသောအခါမှ ကျင်းဝူမင်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ “ကောင်းလိုက်တဲ့ဓားပျံ...”

လီဆွန်းဟွာ ပြုံးပြလိုက်သည်။ “ဒီလောက်လည်းမဟုတ်သေးပါဘူး။ မင်း ကျုပ် ကို လျှော့တွက်ခဲ့တာကိုး။ မဟုတ်ရင် ကျုပ်မင်းကိုဒဏ်ရာရအောင်လုပ်နိုင်မယ် မ ထင်ဘူး။”

ကျင်းဝူမင်းက အေးစက်စွာ ပြောဆိုလိုက်သည်။ “ကျုပ်ကို ခင်ဗျားက လှည့်စား နိုင်ခဲ့တာဆိုတော့ ခင်ဗျားတော်တယ်။”

လီဆွန်းဟွာ-“ကျုပ် မင်းကိုမလှည့်စားခဲ့ပါဘူး။ ဓားပျံပစ်လွှတ်ဖို့ အားအင်မရှိ ဘူးလို့လည်း ကျုပ်မပြောခဲ့ဘူး။ မင်းကသာ အဲ့ဒီလိုထင်ခဲ့တာ။ မင်းမျက်လုံးတွေက သာ မင်းကိုလှည့်စားခဲ့တာပါ။”

ကျင်းဝူမင်းသည် အတန်ကြာမျှ စဉ်းစားနေလိုက်ပြီးမှ ပြောဆိုလိုက်သည်။ “ခင် ဗျားပြောတာမှန်တယ်။ ကျုပ် အမှားတစ်ခု လုပ်ခဲ့မိသွားတယ်။ ခင်ဗျားနဲ့ ဘာမှမ ဆိုင်ဘူး။”

လီဆွန်းဟွာ-“ကောင်းတယ်။ မင်းက လူသတ်သမားတော့မှန်တယ်။ ဒါပေမဲ့ ကောက်ကျစ်တတ်သူတစ်ယောက်တော့ မဟုတ်ဘူး။”

ကျင်းဝူမင်းသည် လောင်ရှောင်း၄ယွန်တို့သားအဖဘက်သို့ လှည့်ကြည့်နေပြီး ပြောဆိုလိုက်သည်။ “ကောက်ကျစ်တတ်သူတွေဟာ လူသတ်သမားဖြစ်ဖို့ မထိုက် တန်ဘူး။”

လီဆွန်းဟွာ-“မင်း သွားနိုင်ပါပြီ။”

ကျင်းဝူမင်း-“ခင်ဗျား ဘာဖြစ်လို့ကျုပ်ကို မသတ်ခဲ့တာလဲ။”

လီဆွန်းဟွာ-“မင်း ကျုပ်မိတ်ဆွေကို သတ်ဖို့ကြံစည်ခဲ့တာမှမဟုတ်ဘဲ။”

ကျင်းဝူမင်းသည် ခေါင်းကိုတစ်ဘက်သို့ စောင်းပြီး ဘယ်ဘက်လက်ပြင်တွင် စိုက်ဝင်နေသော ဓားပျံကို ကြည့်နေလိုက်သည်။ “ဒါပေမဲ့ သူ့ လက်မောင်းတစ်ဘက် လုံး နောက်ထပ်အသုံးပြုလို့မရတော့အောင် ကျုပ်တိုက်ခိုက်ခဲ့တာပဲ။”

လီဆွန်းဟွာ-“ကျုပ်သိတယ်။”

ကျင်းဝူမင်း-“ဒါပေမဲ့ ခင်ဗျားဓားပျံရဲ့ ဒဏ်ရာလေးက သေးသေးလေးပါလား။”

လီဆွန်းဟွာ-“တစ်စုံတစ်ယောက်က ကျုပ်ကို ၁ ပြားပေးခဲ့တယ်ဆိုရင် ကျုပ်က လည်း ၃ ပြားပြန်ပေးတတ်တဲ့လူ...”

ကျင်းဝူမင်းသည် ဒဏ်ရာကိုငုံ့ကြည့်နေရာမှ လီဆွန်းဟွာကို ခေါင်းမော့ကြည့် လိုက်သည်။ ဘာစကားမှ မပြောသော်လည်း ကျင်းဝူမင်း၏မျက်လုံးထဲတွင် ထူး ဆန်းသော အမူအရာများကို တွေ့နိုင်၏။ လီဆွန်းဟွာကို သူကြည့်နေပုံမှာ စန့်ကွမ်း ကျင်းဟုန်ကို သူကြည့်နေပုံမျိုးဖြစ်၏။

လီဆွန်းဟွာ-“ကျုပ် မင်းကိုပြောပြစရာ ၂ ခုရှိသေးတယ်။”

ကျင်းဝူမင်း-“ဘာများလဲ...”

လီဆွန်းဟွာ-“ကျုပ် လူပေါင်း ၆၇ ယောက်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပေ မယ့် ၂၈ ယောက်သောလူတွေ မသေခဲ့ကြဘူး။ သေဆုံးသွားခဲ့ကြသူတွေက တကယ် သေသင့်တဲ့လူတွေပါ။”

ကျင်းဝူမင်း ဘာမှပြန်မပြောခဲ့ပါ။

လီဆွန်းဟွာသည် ချောင်းအနည်းငယ်ထပ်ဆိုးနေရသေး၏။ ပြီးမှ စကားပြန် ဆက်လိုက်သည်။ “ကျုပ်တစ်သက်လုံး ဘယ်တုန်းကမှ လူမှားပြီးမသတ်ခဲ့ဖူးဘူး။ ဒါကြောင့်မို့လို့... နောက်တစ်ကြိမ် မင်းလူသတ်တော့မယ်ဆိုရင် မသတ်ခင်နှစ်ခါ ပြန် စဉ်းစားလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။”

ကျင်းဝူမင်းသည် အတန်ကြာမျှ စဉ်းစားနေလိုက်သည်။ ပြီးနောက် “ကျုပ် လည်း ခင်ဗျားကိုပြောစရာရှိနေသေးတယ်” ဟုပြောဆိုလိုက်သည်။

လီဆွန်းဟွာ-“ကျုပ်နားထောင်နေပါတယ်။”

ကျင်းဝူမင်း-“ကျုပ် ဘယ်တုန်းကမှ တစ်ပါးသူရဲ့ ဆိုဆုံးမမှုကို မခံယူဖူးသလို သူတစ်ပါးရဲ့ ကရုဏာကိုလည်း မခံယူတတ်ဘူး။”

စကားဆုံးဆုံးချင်းပင် သူ၏ကျန်လက်တစ်ဘက်ဖြင့် ဘယ်ဘက်လက်ပြင်တွင် စိုက်ဝင်နေသောဓားပျံကို ရိုက်သွင်းလိုက်သည်။

ဓားပျံသည် သူ၏ဘယ်ဘက်ညှပ်ရိုးအောက် ကပ်ကပ်လေး ရင်ဘတ်နေရာမှ ဖောက်ထွက်လာခဲ့သည်။

သွေးများယိုစီးကျလာ၏။

‘ထန်း...’

ဓားပျံသည် ကြမ်းပြင်ပေါ်သို့ ကျသွားလေတော့သည်။

ကျင်းဝူမင်း၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားခဲ့ရသည်။ သို့သော် သူ့ မျက်နှာပေါ်၌ မည်သည့်ခံစားချက်မျှ မထွက်ပေါ်လာခဲ့ပါ။ နာကျင်မှုကို သူ၏မျက် နှာပေါ်တွင်လည်းကောင်း၊ ခန္ဓာကိုယ်ပေါ်တွင်လည်းကောင်း လုံးဝမပြသခဲ့ချေ။

သူစကားတစ်ခွန်းမှ မဟခဲ့သလို မည်သူ့ကိုမျှလည်း လှည့်ကြည့်ခြင်းမရှိခဲ့။ အခန်းတွင်းမှ တည်ငြိမ်စွာပင် ထွက်ခွာသွားခဲ့သည်။

သူရဲကောင်း...

သူရဲကောင်းဆိုသည်မှာ မည်သူ့ကိုခေါ်ဆိုသနည်း...

ကျင်းဝူမင်းသည် သူရဲကောင်းတစ်ယောက်ဖြစ်ပါ၏လော...

သူရဲကောင်းဆိုသည်မှာ ယေဘုယျအားဖြင့်- အေးစက်စက်ရှိရမည်... ရက်စက် ရမည်... အထီးကျန်ဆန်ရမည်... ကြမ်းတမ်းခက်ထန်ရမည်...

ဤသို့သောသူများကို သူရဲကောင်းများဟု တစ်စုံတစ်ယောက်က မိန့်ဆိုခဲ့ဖူး၏။

သူရဲကောင်းဆိုသည်မှာ- မြက်ပင်များကို ရိတ်သိမ်းလိုက်သကဲ့သို့ လူသတ်ဖူး သူများဖြစ်ရမည်။ မနက်ဖြန်ဆိုသည်မှာ မရှိတော့သလို လောင်းကစားမှုပြုလုပ်တတ် ရမည်။ အကောင်းဆုံးအရက်ကို သောက်သုံးရမည်။ မိန်းမလိုက်စားရာတွင် နောင် တရခြင်းမရှိစေရ။...

သို့သော် အားလုံးသောသူရဲကောင်းတို့သည် ဤအတိုင်းပင် ဟုတ်ကြပါသ လား။... အဘယ်သို့ဟုတ်နိုင်ပါ့မည်နည်း။ အထက်ပါအချက်များနှင့် ကွဲလွဲသော သူရဲကောင်းများလည်း ရှိနေပါသေးသည်။

လီဆွန်းဟွာကဲ့သို့သော သူရဲကောင်း ဘယ်နှစ်ယောက်များ ရှိနိုင်ပါဦးမည် နည်း။...

သူရဲကောင်းအားလုံးတွင် တူညီသောအချက်ရှိသည်ဆိုပါက ထိုအချက်သည် သူတို့၏ အထီးကျန်မှုပင်ဖြစ်ပေလိမ့်မည်။

အားဖေသည် သက်ပြင်းကြီးတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “သူ့ဘဝမှာ ဘယ်တော့မှ ဓားကိုင်နိုင်မှာမဟုတ်တော့ဘူး။”

လီဆွန်းဟွာ-“သူ့မှာ ညာဘက်လက်တစ်ဘက် ကျန်နေပါသေးတယ်ကွာ။”

အားဖေ-“သူက ဘယ်သန်တစ်ယောက်ပဲ။ ညာဘက်လက်က သူ့ကိုနှေးကွေးစေ မှာပေါ့။”

သူသည် သက်ပြင်းနောက်တစ်ချက်ချလိုက်ပြန်သည်။ “ဓားသမားတစ်ယောက် အဖို့ ‘နှေးကွေးခြင်း’ ဆိုတာ ‘သေဆုံးခြင်း’ပဲ။”

အားဖေ မည်သည့်အချိန်တုန်းကမျှ သက်ပြင်းချဖူးခြင်းမရှိခဲ့။

ယခုအချိန်တွင် ကျင်းဝူမင်းအတွက်သာမက သူကိုယ်တိုင်အတွက်လည်း သက် ပြင်းချတတ်နေပေပြီ။

လီဆွန်းဟွာသည် သူ့ကိုအကဲခတ်နေရာမှ ပြောဆိုလိုက်သည်။ “လူတစ်ယောက် က ခိုင်မာတဲ့သံန္နိဋ္ဌာန်ချထားမယ်ဆိုရင် သူ့ဆီမှာလက်နှစ်ဘက်လုံးမရှိတာတောင်မှ ပါးစပ်နဲ့ကိုက်ပြီး ဓားတစ်ချောင်းကို လျင်လျင်မြန်မြန်အသုံးပြုနိုင်ပါသေးတယ်။ လူတစ်ယောက်က စိတ်ဓာတ်ပျော့ညံ့နေမယ်ဆိုရင်တော့ သူ့မှာလက်နှစ်ဘက်လုံးရှိ နေဦး... ဘာမှအသုံးကျမှာမဟုတ်ပါဘူး။”

လီဆွန်းဟွာသည် ဟင့်ခနဲတစ်ချက်ရယ်သွမ်းသွေးပြီး ပြောဆိုလိုက်သည်။ “လူအများစုမှာ လက်အကောင်းနှစ်ဘက် ကိုယ်စီ ရှိနေကြတာပဲ။ ဘာဖြစ်လို့ သူ တို့ရဲ့လက်တွေက ဩချလောက်အောင် မလျင်မြန်ကြရတာလဲ။”

အားဖေသည် ငြိမ်သက်စွာ နားထောင်နေ၏။ ပြီးနောက်သူ၏မျက်နှာထက်တွင် တောက်ပကြည်လင်သောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရလေသည်။

သူသည် လီဆွန်းဟွာရှိနေရာသို့ အပြေးလေးလှမ်းလာပြီး လီဆွန်းဟွာ၏ပခုံး ကို ဆွဲကိုင်ထားလိုက်သည်။ “ခင်ဗျားဘာကိုဆိုလိုတာလဲဆိုတာ ကျနော်နားလည် သွားပြီ။”

လီဆွန်းဟွာ-“မင်းနားလည်မယ်ဆိုတာ ကျုပ်သိနေခဲ့သားပဲ။”

စကားအဆုံးတွင် သူတို့နှစ်ယောက်စလုံး၏ မျက်ဝန်းအိမ်များတွင် မျက်ရည်ဥ များတွဲခိုနေကြရလေသည်။ တတိယလူတစ်ယောက်သာ သူတို့ကိုမြင်တွေ့နေရမည် ဆိုပါက ထိုသူကိုယ်တိုင်လည်း သူတို့၏ခံစားမှုများ ကူးစက်ခံစားရမည်ဖြစ်သည်။

သို့သော် လောင်ရှောင်း၄ယွန်တို့သားအဖနှစ်ယောက်သည် ထိုသို့သောလူစား မျိုးများ မဟုတ်ကြချေ။ သူတို့နှစ်ယောက်စလုံး တိတ်တိတ်လေး ဆုတ်ခွာနေကြ၏။

လီဆွန်းဟွာသည် သူတို့ကို ကျောပေးထားသောကြောင့် ဤအရာကို မမြင်တွေ့ ရပါ။

အားဖေသည် သူတို့ကို တစ်ချက်လေးသာကြည့်လိုက်ပြီး မည်သည့်စကားမျှ မပြောဆိုခဲ့။

ထိုသူများ တံခါးဝမှ တိတ်ဆိတ်လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် အားဖေက သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “ခင်ဗျား သူတို့ကို လွှတ် ပေးလိမ့်မယ်ဆိုတာ ကျနော်သိနေခဲ့ပါတယ်။”

လီဆွန်းဟွာက မချိပြုံးလေးပြုံးပြီး ပြောဆိုလိုက်သည်။ “ကျုပ်ရဲ့အသက်ကို သူ တစ်ခါကယ်တင်ခဲ့ဖူးတယ်။”

အားဖေ-“သူက တစ်ခါပဲကယ်တင်ပေးခဲ့တာ။ ခင်ဗျားကို နှိပ်စက်နေခဲ့တာတော့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပဲ မဟုတ်လား။”

လီဆွန်းဟွာ-“ကျုပ် သူတို့ရဲ့အကျင့်စရိုက်တွေကို မသိတာမဟုတ်ပါဘူး။ ဒါပေ မဲ့ အဲ့ဒါတွေအားလုံးကို ကျုပ်သတိမရချင်ဘူး။ သူ့မှာလည်း သူ့အပူအပင်နဲ့သူ ရှိနေ ပါတယ်။”

အားဖေသည် အတန်ကြာမျှ စဉ်းစားနေလိုက်သည်။ ပြီးနောက် ဝင်းပစွာပြုံးပြီး ပြောဆိုလိုက်သည်။ “ကျနော်သိလာရတာတော့ ဒီလောကကြီးထဲမှာ အကြောင်း အရာ တော်တော်များများဟာ မမျှမတဖြစ်နေရသလားလို့...”

လီဆွန်းဟွာ-“ဘာတွေက မမျှမတဖြစ်နေရတာလဲ။”

အားဖေ-“မမျှတဘူး။ ဥပမာ- တချို့လူတွေဟာ တစ်သက်လုံး သမာဓိရှိရှိနေ လာခဲ့ကြပြီး အမှားလေးတစ်ခုလုပ်မိလိုက်တာနဲ့ သူ့ဘဝတစ်ခုလုံး ပေးဆပ်လို့ကို မကုန်ဆုံးနိုင်ဖြစ်နေရတယ်။ သူ့တို့ကို သူများတွေက ခွင့်လွှတ်နားလည်ပေးနိုင်ကြဖို့ နေနေသာသာ သူတို့ကိုယ်သူတို့တောင်မှ မခွင့်လွှတ်နိုင်ကြဘူးဖြစ်နေရတယ်။”

လီဆွန်းဟွာ ခပ်မဆိတ်ပင် ငြိမ်သက်နေလိုက်သည်။

အားဖေပြောခဲ့သည့်စကားများသည် အမှန်တရားဖြစ်၏။

အားဖေက ဆက်ပြောနေပြန်သည်။ “အဲ့ဒါအပြင် လောင်ရှောင်း၄ယွန်လို လူစား မျိုးလည်း ရှိနေသေးတယ်။ သူ့ဘဝမှာ ခင်ဗျားကို ကယ်တင်ခဲ့တယ်ဆိုတဲ့ ကောင်း ကွက်လေးတစ်ကွက်လုပ်ခဲ့ရုံနဲ့ သူ့အပြစ်တွေအားလုံးကို ခင်ဗျားက ကြေအေးပေးခဲ့ တယ်။”

အားဖေမည်သည့် ရည်ရွယ်ချက်ဖြင့် ဤမျှစကားများများပြောနေခြင်းဆိုသည် ကို လီဆွန်းဟွာ ချက်ချင်းပင် နားလည်လိုက်သည်။

လင်ရှန်းအာအတွက် သူ တောင်းဆိုနေခြင်းပင်။

အားဖေ၏စိတ်တွင်း၌ လင်ရှန်းအာ အမှားတစ်ခုကျူးလွန်ခဲ့သည်ကို လီဆွန်း ဟွာက တစ်သက်လုံးခွင့်မလွှတ်နိုင်ဖြစ်နေရသည်ဟု ခံစားနေမိလေသည်။

‘အချစ်’ ဆိုသည်မှာ လွန်စွာမှပင် အံ့ဩဖို့ကောင်းသည်။ တစ်ခါတစ်ရံတွင် ချို မြိန်ပြီး တစ်ခါတစ်ရံ ခါးသီး၏။ တစ်ခါတစ်ရံတွင် ကြောက်မက်ဖွယ်အလွန်ကောင်း သည်။... အချစ်သည် လူတစ်ယောက်ကို ငနုံငအတစ်ယောက်အဖြစ် ပြောင်းလဲပေး နိုင်စွမ်းရှိသလို မျက်ကန်းဘဝရောက်အောင်လည်း ပို့ဆောင်ပေးတတ်ပြန်သေး သည်။

+++++

လောင်ရှောင်း၄ယွန်နှင့် သားဖြစ်သူတို့ လွတ်မြောက်လာခဲ့ပြီးချိန်တွင် နှစ် ယောက်စလုံး အတော်လေးပျော်ရွှင်နေကြရ၏။

လောင်ရှောင်း၄ယွန်သည် ပြုံးနေပြီး သားဖြစ်သူကိုပြောဆိုလိုက်သည်။ “ဖေဖေ ပြောတာသေသေချာချာမှတ်ထား သား... သူတစ်ပါးရဲ့ ပျော့ညံ့ကွက်ကို အနိုင်ကိုင် တတ်ရတယ်။ ရန်သူရဲ့ ပျော့ညံ့ကွက်ကိုအပိုင်ကိုင်နိုင်ပြီဆိုရင် မင်းဘယ်တော့မှ မရှုံး နိမ့်နိုင်တော့ဘူး။”

လောင်ရှောင်း၃ယွန်-“လီဆွန်းဟွာရဲ့ ပျော့ကွက်အားလုံးကို ကျနော်သိပါတယ် အဖေရာ။”

လောင်ရှောင်း၄ယွန်-“ကောင်းတာပေါ့။ ငါတို့ပေါင်းပြီး သူ့ကို နောက်တစ်ကြိမ် လုပ်ကြံနိုင်သေးတာပေါ့ကွာ။”

ထိုအချိန်၌ပင် လူတစ်ယောက်၏ ကျယ်လောင်စွာရယ်မောလိုက်သံကြီးကို သူတို့ကြားလိုက်ကြရသည်။

+++++

လီဆွန်းဟွာသည် ထူးထူးဆန်းဆန်း အော်ဟစ်ရယ်မောနေ၏။ “တချို့အမှတ်ရ စရာလေးတွေက မေ့ပျောက်လို့ရပေမယ့် တချို့ကတော့ မင်းနောက်တစ်သက်လုံး လိုက်ပါနေဦးမှာပဲ။”

အားဖေက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ခင်ဗျားက တချို့အရာတွေကို မေ့ပျောက်ဖို့ မကြိုးစားခဲ့လို့ဖြစ်မှာပေါ့။”

အားဖေသည် ငယ်ရွယ်သူတစ်ယောက်ဖြစ်သော်ငြားလည်း သူ၏တချို့အတွေး အခေါ်များက အရွယ်ဟိုင်းလူကြီးတစ်ယောက်ထက်ပင် နက်ရှိုင်းနေတတ်သေး၏။

လီဆွန်းဟွာ-“တချို့အရာတွေကို မေ့ပျောက်ဖို့ ကြိုးစားလို့တော့ရပါတယ်။ ဒါ ပေမဲ့ မင်းစိတ်ထဲမှာ တွေးမြဲတွေးနေဦးမှာပဲ။ လူတစ်ယောက်အတွက် ဘယ်အရာကို အမှတ်ရနေသင့်တယ်၊ ဘယ်အရာကိုမေ့ပျောက်ရမယ်လို့ ရွေးချယ်ခွင့်မရှိဘူး။ ဒါ ဟာ လူ့ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးအချက်လည်း ဖြစ်နေနိုင်တယ်။”

အားဖေ-“ခင်ဗျားအတွက်ကျတော့ရော... သူခင်ဗျားကို ကယ်တင်ပေးခဲ့တာကို ပဲကွက်ပြီး အမှတ်ရနေပြီး သူလုပ်ခဲ့တာတွေအားလုံးကို မေ့ပျောက်ထားနိုင်ခဲ့တယ်လို့ ခင်ဗျားရိုးရိုးသားသား ဝန်ခံနိုင်လို့လား။”

+++++

ရယ်မောသံမှာ ဆန့်ကျင်ဘက်အိမ်ခေါင်မိုးပေါ်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

ထိုအိမ်ခေါင်မိုးပေါ်တွင် လူတစ်ယောက်ထိုင်ပြီး ကြက်ကြော်ကိုက်စားနေ၏။ ထိုသူသည် အရူးဟူမှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။

သူ့မျက်လုံးများက ကြက်ကြော်၌သာ အာရုံရှိနေပြီး လောင်ရှောင်း၄ယွန်တို့ သားအဖနှစ်ယောက်ကို ဂရုပင်မစိုက်။ သူ့မျက်စိထဲတွင် ကြက်ကြော်သည် ထိုသား အဖနှစ်ယောက်ထက်ပို၍ပင် ကြည့်ကောင်းနေသည်ဟု ထင်နေပုံရသည်။

“မင်းတို့ ထိတ်ထိတ်ပြာပြာနဲ့ ထွက်ပြေးလာဖို့မလိုပါဘူးကွာ။ မင်းတို့နောက်ကို လီဆွန်းဟွာ မလိုက်လာပါဘူး။ မဟုတ်ရင် မင်းတို့နှစ်ယောက် တံခါးပေါက်ကနေ အသာတကြည်ထွက်လာနိုင်ခဲ့မယ်ထင်လား။”

လောင်ရှောင်း၄ယွန်၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ရ၏။

လီဆွန်းဟွာ မည်သည့်နေရာမှ အားအင်များရရှိလာခဲ့ကြောင်း ယခုမှပင် သူသိရှိလိုက်ရတော့သည်။

သို့သော် အရူးဟူစိတ်ဆိုးဒေါသထွက်အောင် သူမပြုလုပ်ရဲပါ။

လောင်ရှောင်း၄ယွန်သည် မချိပြုံးလေးဖြင့် ပြောဆိုလိုက်သည်။ “ကျနော့်ရဲ့ ညီ လေးကို စောင့်ရှောက်ပေးထားတဲ့အတွက် ခင်ဗျားကို အတိုင်းမသိကျေးဇူးတင်ပါ တယ်ဗျာ။”

အရူးဟူ-“ကိစ္စမရှိပါဘူးကွာ။ လီဆွန်းဟွာကလည်း အစားကြီးသူတစ်ယောက်မှ မဟုတ်တာ။ ကြက်ပေါင်နှစ်ချောင်းနဲ့ ပေါက်စီတစ်လုံးလောက်ဆိုရင် သူ့အတွက် တစ်နေ့စာဖူလုံနေပြီ။ ဒါတင်မကသေးဘူး... တံခါးစောင့်ကလည်း တကယ့် ငတုံး တစ်ကောင်ကိုမှ ရွေးပြီးခန့်ထားတာကိုး... သူ့အိပ်ကြောကို ငါ တစ်နေ့နှစ်ခါ လောက်ပဲပိတ်ပေးခဲ့ပါတယ်။ သူကတော့ တွေးနေမှာပေါ့လေ... အိပ်ငိုက်ရတာသိပ် အရသာရှိပါလားလို့...”

လောင်ရှောင်း၄ယွန် အံကြိတ်လိုက်သည်။ ထိုအပေါက်စောင့် တစ်သက်လုံးမနိုး သော အိပ်ပျော်ခြင်းဖြင့် အိပ်သွားစေရန် သူယခုပင်လုပ်ပေးလိုက်ချင်သည်။

အရူးဟူ-“ငါ မင်းအပေါ်မှာ ဘာအကြွေးမှမရှိတော့ဘူး။ ငါတို့ ကြေသွားပြီ။ မင်းလိုကောင်နဲ့ နောက်တစ်ခါ ပေါင်းသင်းဆက်ဆံဖို့ဆိုတာကတော့ ဝေးသေး။”

လောင်ရှောင်း၄ယွန် ဘာမျှမတတ်နိုင်ပါ။ ပြုံး၍သာနေလိုက်သည်။

အရူးဟူ-“ဒါပေမဲ့ ငါမသွားခင်တော့ မင်းကိုပြောခဲ့ရဦးမယ်။”

လောင်ရှောင်း၄ယွန်-“ကျနော် နားထောင်နေပါတယ်။”

အရူးဟူ-“မင်းက ချီးထုပ်တစ်ယောက်ဆိုတာ ထားလိုက်ပါတော့။ ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန်က မင်းထက်ဆိုးတဲ့ ချီးထုပ်ကြီးဆိုတာပါပဲ။ သူ့သွေးသောက် ညီ အစ်ကိုဖြစ်ချင်နေတဲ့မင်းကို ငါ ပြောချင်တာကတော့ ကိုယ့်လည်ပင်းကိုယ်စွတ်ဖို့ ကြိုးကြီးကြီးတစ်ချောင်း ရှာထားလိုက်၊ ဟုတ်ပြီလား။”

ထိုစကားသည် ဟူပုကွေမှ လောင်ရှောင်း၄ယွန်အား နောက်ဆုံးပြောခဲ့သည့် စကားပင်ဖြစ်သည်။ စကားအဆုံးတွင် ရိပ်ခနဲပျောက်ကွယ်သွားလေတော့သည်။

လောင်ရှောင်း၄ယွန်သည် တစ်ကိုယ်တည်းကြိတ်ပြုံးနေ၏။ “ငါနဲ့ စန့်ကွမ်း ကျင်းဟုန်တို့နှစ်ယောက် သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာကြတော့မယ်။ လူတွေ အားလုံး အံ့ဩသွားကြတော့မှာပဲ။...”

+++++

သူတို့ ဖြည်းညင်းစွာ လမ်းလျှောက်နေကြသည်။

လီဆွန်းဟွာနှင့် အားဖေတို့ စကားမပြောဘဲ လမ်းလျှောက်နေကြသည်။

တစ်ခါတစ်ရံ ဆိတ်ဆိတ်ငြိမ်နေခြင်းသည် စကားအများကြီးပြောသည်ထက်ပင် ပို၍ အဖိုးတန်သေးသည်ဟု သူတို့မှတ်ယူထားကြသည်။

ညမှောင်လေပြီ။

လူတစ်ယောက် ပုလွေမှုတ်နေ၏။ ပုလွေသံသည် ဆောင်းဦးလေနုအေးနှင့်အတူ လွမ်းဆွတ်ဖွယ်ရာ ပျံ့လွင့်လာခဲ့၏။

ဤပုလွေသံသည် လူတစ်ဦး၏ မှတ်ဉာဏ်များကို ပြန်လည်အစဖော်ပေးနေသ လို ဖြစ်နေပြီး ချစ်သူကိုသတိရလာစေ၏။

အားဖေက ရုတ်တရက်ပင် ပြောဆိုလိုက်သည်။ “ကျနော် ပြန်သွားရတော့မယ်။”

လီဆွန်းဟွာ-“မင်းကို သူစောင့်နေလို့လား။”

အားဖေက ခေါင်းညိတ်ပြလိုက်သည်။

လီဆွန်းဟွာ ဘာမှမှတ်ချက်မပေးခဲ့ပါ။ အတန်ကြာလာသောအခါတွင်မူ မနေ နိုင်မထိုင်နိုင် မေးမြန်းမိလိုက်ပြန်သည်။ “သူစောင့်နေမယ်ဆိုတာ သေချာရဲ့လား။”

အားဖေ၏မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွားခဲ့ရ၏။ အတော်ကြီးကြာ သောအခါမှ သူ့ထံမှ စကားသံထွက်ပေါ်လာသည်။ “ခင်ဗျားကို လာကယ်ဖို့ သူ ကိုယ်တိုင် ကျနော့်ကိုတောင်းပန်ခဲ့တာပါ။”

လီဆွန်းဟွာတစ်ယောက် နှုတ်ဆိတ်ငြိမ်သက်သွားရလေတော့သည်။

လင်ရှန်းအာ၏ စိတ်သဘောထားကို သူကောင်းကောင်းသိသည်။ သို့ရာတွင် သူ့အတွက် လင်ရှန်းအာ ဘာကြောင့်ဤသို့ကူညီပေးခဲ့မှန်း စဉ်းစား၍မရနိုင်ဖြစ်နေ ရသည်။

အားဖေ-“ကျနော့်ဘဝမှာ အရေးအကြီးဆုံး လူနှစ်ယောက်ရှိတယ်။... ခင်ဗျား တို့... နောက်ဆိုရင် မိတ်ဆွေတွေဖြစ်လာနိုင်လိမ့်မယ်လို့ ကျနော်... မျှော်လင့်ပါ တယ်။”

ထိုစကားကို သူဖြည်းညင်းစွာပြောဆိုခဲ့ခြင်းဖြစ်၏။ ကြေကွဲနာကျင်စွာ ပြောဆို ခဲ့ခြင်းလည်းဖြစ်၏။

အားဖေခံစားနေရသော ဝေဒနာကို မြင်တွေ့လိုက်ရသောအခါ လီဆွန်းဟွာ၏ စိတ်ဓာတ်ပြိုကွဲသွားလေတော့သည်။ အားဖေကို သူကိုယ်ချင်းစာမိပါသည်။

စွဲစွဲလန်းလန်းချစ်မိဖူးသူတစ်ယောက်သာ အချစ်သည်မည်မျှ အင်အားကြီးမား ကြောင်း သိရှိနိုင်ပေသည်။

လီဆွန်းဟွာက ရုတ်တရက်ပြောဆိုလိုက်သည်။ “ကျုပ် သူနဲ့တွေ့ချင်တယ်။”

အားဖေ၏နှုတ်ခမ်းများက ပိရိစွာ စေ့စေ့ပိတ်ထား၏။

လီဆွန်းဟွာ-“မင်းအတွက် ခက်ခဲနေမယ်ဆိုရင်လည်း ကျုပ်ကသူ့ကို ကျေးဇူး တင်ကြောင်း ပြောပေးလိုက်ပါကွာ။”

နောက်ဆုံးတွင် အားဖေထံမှ စကားသံထွက်ပေါ်လာသည်။ “သူ့ကို... သူ့ကို.. ခင်ဗျား ရန်မလုပ်ပါဘူးလို့ ကျနော်မျှော်လင့်ပါတယ်ဗျာ။”

ထိုစကားများကို အားဖေလုံးဝမပြောခဲ့သင့်ပါ။ လီဆွန်းဟွာသည် တခြားလူတစ် ယောက်ကို ဘယ်တော့မှ ရန်လုပ်တတ်သည့်လူစားမျိုးမဟုတ်ကြောင်းကို သူသိရှိ ထား၏။ သူ့ကိုယ်သူ နှိပ်စက်နေသည်မှလွဲ၍ တခြားသူတစ်ယောက်ကို ဘယ်တုန်း ကမှ မနှိပ်စက်တတ်ကြောင်း အားဖေသိနေပါသည်။

ထိုစကားများကို ပြောခဲ့ခြင်းသည် လင်ရှန်းအာအတွက်ပင်ဖြစ်လေသည် တကား...

သူတို့နှစ်ယောက် ခေါင်းမော့လာသည့်အချိန်တွင်တော့ သူတို့၏မျက်လုံးများထဲ သို့ ဖယောင်းတိုင်မီးရောင်များ တိုးဝင်လာခဲ့တော့သည်။

ဘာကြောင့်မှန်းမသိ။ ဤ လူရှုပ်သောနေရာသို့ သူတို့ပြန်ရောက်လာခဲ့ကြသည်။

ဤလမ်းလေးသည် ညဘက်တွင် နေ့ခင်းထက်ပင်ပို၍ လူစည်ကားနေသေး၏။ ဆိုင်ငယ်လေးများ စီစီရီရီ ဖွင့်ထားကြပြီး ကုန်ပစ္စည်းမျိုးစုံပြသရန် ဖယောင်းတိုင်မီး များ ထိန်လင်းစွာထွန်းညှိထားကြ၏။

အာတာပူစီရောင်းသော ဈေးဆိုင်လေးများ စီတန်းနေကြသည်။

လီဆွန်းဟွာ ရုတ်တရက် ရပ်တန့်လိုက်၏။

အာတာပူစီများနှင့်အတူ မျက်နှာလေးတစ်ခု သူ့စိတ်တွင်း၌ မြင်ယောင်လာမိ လေသည်။

အနီရောင်ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်၏မျက်နှာလေး... ကြီးမားသောမျက်လုံးအိမ်များနှင့် အားပါးတရ ပြုံးနေတတ်သော မိန်းမငယ်လေး တစ်ယောက်၏မျက်နှာ...

ထို့နောက် ဖက်ထုပ်ကြော်ရောင်းသောဆိုင်ကို သူတွေ့လိုက်ရသည်။

“အဲ့ဒီဆိုင်မှာ လင်းလင်း စောင့်ဆိုင်းနေတုန်းပဲလား။”

လီဆွန်းဟွာ တော်တော်လေးအရှက်ရသွားမိသည်။ လင်းလင်းကို သူလုံးလုံးမေ့ နေခဲ့သည်မဟုတ်ပါလား။

ဤနေရာသို့ လင်းလင်းကိုသူခေါ်လာခဲ့စဉ်ကအတိုင်းပင် အားဖေ၏မျက်နှာလေး သည်လည်း အံ့ဩပျော်ရွှင်မှုများ ဖြစ်နေကြောင်း လီဆွန်းဟွာတွေ့လိုက်ရသည်။ ဤလိုနေရာမျိုးသို့ အားဖေတစ်ခါမျှ မရောက်ခဲ့ဖူးချေ။

လီဆွန်းဟွာ ရယ်မောလိုက်သည်။

အားဖေ၏ အတွင်းစိတ်သန္တာန်ထဲမှ ကလေးဆန်သောအမူအကျင့်လေးများကို တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။ အားဖေအတွက် သူပျော်ပါသည်။

အားဖေက ရုတ်တရက်ပြောဆိုလာခဲ့သည်။ “ကျနော်တို့ အရက်အတူတူမ သောက်ရတာ အတော်ကြာပြီပဲ။”

လီဆွန်းဟွာ-“မင်း အရက်သောက်ချင်လို့လား။”

အားဖေ-“ဘာကြောင့်မှန်းတော့မသိဘူးဗျ။ ခင်ဗျားနဲ့အတူရှိနေချိန်ဆို ကျနော် အရက်သောက်ချင်လာရော။”

ထို့နောက် အားဖေသည်လည်း ရယ်မောနေလိုက်၏။

လီဆွန်းဟွာသည်လည်း စိတ်ကြည်လင်ရွှင်ပျလာခဲ့ရသည်။ “ကျုပ်တို့ ဟိုးမှာ မြင်နေရတဲ့ ဖက်ထုပ်ကြော်ဆိုင်လေးမှာ အရက်သွားသောက်ကြတာပေါ့။”

အားဖေကပြုံးပြီး ပြောဆိုလိုက်သည်။ “သွားလေ။ တန်ဘိုးကြီးအစားအစာတွေ ကျနော် မတတ်နိုင်တာနဲ့အတော်ပဲ။”

လူ့ဘဝ၏ အချို့သောအရာများသည် တော်တော်လေးထူးဆန်း၏။

ဥပမာ-

မိန်းမတစ်ယောက်သည် အရုပ်ဆိုးလေလေ ထူးထူးဆန်းဆန်းအမှုများ ပို၍ပြု လုပ်လေဖြစ်၏။ လူတစ်ယောက်သည် ဆင်းရဲလေလေ သူများကို ပို၍ပြုစုချင်လေ ဖြစ်၏။

သူတစ်ပါးကို ကျွေးမွေးပြုစုခြင်းသည် အတော်လေးပျော်စရာကောင်းလှသည်။ သို့သော် လူအများစုအတွက်မူ ထိုပျော်ရွှင်မှုလေး၏ အရသာမည်သို့ရှိမှန်း မသိနိုင် ကြချေ။

ဆိုင်တွင်းရှိ ထောင့်စွန်းစားပွဲတွင် အင်္ကျီအဖြူရောင်ဝတ်ထားသူတစ်ယောက် ထိုင်နေ၏။

ဆိုင်တွင်းသို့ ဝင်ဝင်လာချင်းပင် ထိုသူ့ကို လီဆွန်းဟွာ သတိထားမိသွားသည်။

မည်သူမဆို ထိုသူ့ကိုတွေ့လိုက်သည်နှင့် စိတ်ဝင်စားသွားရပေမည်။

ဤဆိုင်တွင်းတွင် ဆီငွေ့များ၊ မီးခိုးငွေ့များ ပြည့်နှက်နေသော်လည်း ထိုသူ၏ အဝတ်အစားများသည် သန့်ရှင်းတောက်ပြောင်နေကြသည်။ သူ၏ဝတ်ရုံမှာ ယခုမှ လျှော်ဖွတ်ထားပြီးသည့်အလား။

ထိုအဝတ်အစားတစ်စုံသည် ရိုးရိုးရှင်းရှင်းလေးဖြစ်သော်လည်း တန်ဘိုးကြီးအ ဝတ်တစ်စုံလည်း ဖြစ်နေပြန်သေးသည်။

အထူးဆန်းဆုံးအချက်မှာ ထိုသူ၏ဟန်ပန်အမူအရာဖြစ်၏။

လူအားလုံးကို ညှို့ယူနိုင်သော ဟန်ပန်အမူအရာမျိုး ထိုသူ့ထံတွင် တွေ့နိုင်လေ သည်။

သူ၏စားပွဲအနီးတစ်ဝိုက်တွင် စားပွဲလွတ်များစွာရှိနေကြသည်။ ထိုသူ့နားတွင် ထိုင်ရန် မည်သူမျှ မဝံ့မရဲဖြစ်နေကြခြင်းကြောင့်ပင်လော...

ထိုသူသည် အင်္ကျီစိမ်းဝတ်လူထွားကြီး၏ ထမ်းပိုးကို ငွေတုံးလေးဖြင့် ပစ်ခတ် ရိုက်ချိုးခဲ့သူဖြစ်သည်။ ငွေချောင်းလေးကို ဗလာချည်လက်ချောင်းနှစ်ချောင်းတည်း ဖြင့် ကတ်ကြေးကိုက်သလို ဖြတ်ညှပ်ပြခဲ့သူလည်း ဖြစ်နေပြန်သည်။

သူဘာလို့ ဒီမှာရှိနေရတာလဲ။ တစ်ဦးတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းများ လား။

သူ၏အရက်ခွက်ကို မြှောက်ကိုင်လိုက်ခါရှိသေးသည်၊ လီဆွန်းဟွာ ဝင်ရောက် လာသောကြောင့် အရက်ခွက်ကို ပြန်ချထားလိုက်သည်။ သူ့မျက်လုံးများက လီဆွန်း ဟွာကို စိုက်ကြည့်နေကြသည်။

ထိုသူ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် လူတစ်ယောက်ထိုင်နေ၏။ မိန်းမငယ် လေးတစ်ယောက်ဖြစ်ပြီး အနီရောင်ရင့်ရင့် ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမထံတွင် ကျစ်ဆံမြီးလေးနှစ်ချောင်း ရှိနေလေသည်။

0 comments:

Post a Comment