Tuesday, March 8, 2011

(၅၇) မီးရှူးမီးပန်း

သူသည် သာမန်အစိမ်းရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ သူဝတ်ဆင်စတုန်း ကတော့ သန့်ရှင်းသပ်ရပ်သော အဝတ်တစ်စုံပင်။ အခုတော့ ချွေးအလိမ်းလိမ်း ရွှံ့အ လူးလူးဖြင့် ညစ်ပတ်ပေရေနေ၏။ ဘောင်းဘီက ဒူးဆစ်နားလောက်မှစ၍ ပြဲပြီးဖွာ လန်ထွက်နေ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ညစ်ပတ်ပေရေနေ၏။ ဆံပင်များကလည်း ဖွာ လန်ကြဲနေကြသည်။

သို့သော် ဤလူမတ်တတ်ရပ်နေချိန်၌ သူ့ထံမှ လူသတ်ငွေ့များထွက်ပေါ်နေသ လိုမျိုး လောင်ရှောင်း၄ယွန် ခံစားနေရ၏။

လူပုံပန်းသဏ္ဌာန်ကလည်း သူ့ခါးတွင်ထိုးထည့်ထားသော ဓားလိုပင်။

ဓားအိမ်မပါသော ဓားတစ်လက်ဖြစ်သည်။

အားဖေ...

အားဖေ ရောက်ရှိလာခဲ့လေပြီ။



သူတို့ကို နောက်ယောင်ခံလိုက်လာနိုင်သည်မှာ အားဖေတစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။

အလျင်မြန်ဆုံးနှင့် ရှောင်တိမ်းရာတွင် အသွက်လက်ဆုံး တိရစ္ဆာန်သည် မြေခွေး ဖြစ်သည်။

အကောင်းဆုံးလေ့ကျင့်ပေးထားသည့် အမဲလိုက်ခွေးများပင် မြေခွေးကိုဖမ်းနိုင် ရန်မလွယ်ကူချေ။

သို့သော် အားဖေ၏အသက် ၁၁ နှစ်အရွယ်တွင် အနှီမြေခွေးအား ဗလာလက် နှစ်ဘက်ဖြင့် ဖမ်းနိုင်ခဲ့သည်။

သူတို့ကို နောက်ယောင်ခံလိုက်ရန်မှာ အလွန်ခက်ခဲပင်ပန်းသောအလုပ်ဖြစ် သည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး ညစ်ပတ်စုတ်ပြတ်နေခြင်းဖြစ်၏။

သို့သော် အားဖေသည် အားဖေသာဖြစ်သည်။

အားဖေတစ်ယောက်တည်းထံတွင်သာ ဤကဲ့သို့သော ပင်ပန်းဆင်းရဲခံနိုင်မှုနှင့် သားရိုင်းတိရစ္ဆာန်များ၏ ဗီဇအငွေ့အသက်များ ရရှိနိုင်၏။ သူ၏မူလအေးစက်စက် ဘာမထီသောအမူအရာများ ပြန်လည်ထွက်ပေါ်လာချေပြီ။

တည်ငြိမ်အေးဆေးသော သားရိုင်းတိရစ္ဆာန်တစ်ကောင်၏ အငွေ့အသက်များ၊ အများနှင့်မတူ တစ်မူထူးခြားသော အငွေ့အသက်များ အားဖေထံမှ ထွက်ပေါ်နေ၏။

လောင်ရှောင်း၄ယွန်သည် အံ့အားသင့်မှုများကို ပြန်ထိန်းသိမ်းထားလိုက်နိုင်ပြီး နှုတ်ခွန်းဆက်လိုက်၏။ “ဪ... ညီလေးအားဖေ ရောက်လာတာကိုး... တွေ့ရတာ ဝမ်းသာပါတယ်ကွာ။”

သူ့ကို အားဖေမှ အေးစက်စွာ စူးစူးစိုက်စိုက်ကြည့်နေ၏။

လောင်ရှောင်း၄ယွန်-“ဒီနေရာကို လိုက်လာနိုင်ခဲ့တာကိုတော့ ကျုပ်တကယ်ပဲ ချီးကျူးပါတယ်။”

အားဖေသည် သူ့ကို စူးစူးစိုက်စိုက် အေးစက်စက် ကြည့်နေဆဲပင်။ သူ၏မျက် လုံးများသည် တောက်ပနေကြပြီး စူးရှနေကြသည်။ နှစ်ရက်ခန့် အသည်းအသန် နောက်ယောင်ခံလိုက်လာခဲ့ပြီးသည့်နောက် အားဖေ၏ မူလရှိခဲ့သော အကြည့်စူးစူး များ ပြန်လည်ထွက်ပေါ်လာခဲ့လေပြီ။

ကျင်းဝူမင်းနှင့်အပြိုင်ဖြစ်သော စူးရှတောက်ပမှုဖြစ်၏။

လောင်ရှောင်း၄ယွန်က ပြုံးပြီးပြောဆိုလိုက်သည်။ “မင်းက နောက်ယောင်ခံအ လိုက်ကောင်းခဲ့ပေမယ့် ဆရာကျင်းကတော့ သိနေခဲ့သေးတာပဲ။”

ကျင်းဝူမင်းကို အားဖေကြည့်လိုက်သည်။

မျက်ဝန်းနှစ်စုံ         ဆုံတွေ့ကြချေပြီ။ တစ်စုံသောမျက်ဝန်းက ပါးလွှာထက်မြက် သော ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး ကျန်တစ်စုံကတော့ အေးစက်စက်ဖြင့် မည်းနက် နေသော ကျောက်တုံးကျောက်ခဲတစ်တုံးအလား။

ဓားကပဲ ပိုပြီးထက်မလား... ကျောက်တုံးကပဲ ပိုပြီးမာကျောမလား... မည်သူမျှ မသိနိုင်။

မည်သူမျှ စကားပြောဆိုခြင်းမရှိသော်လည်း သူတို့နှစ်ယောက်လုံး၏ မျက်လုံး များမှ မီးပွင့်များ ဖြာထွက်နေကြသည်။

လောင်ရှောင်း၄ယွန်သည် ကျင်းဝူမင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ပြီး နောက် အားဖေဘက်သို့ပြန်လှည့်လာပြီး ပြောဆိုလိုက်သည်။ “ဆရာကျင်းက မင်း လိုက်လာတာသိပေမယ့် ဘာမှမပြောခဲ့တာ ဘာကြောင့်လဲဆိုတာသိလား။”

အားဖေ၏မျက်လုံးများက ကျင်းဝူမင်းထံသို့စိုက်ကြည့်နေသည်မှ သံလိုက်တုံး တွင်ကပ်မိနေသော သံတုံးတစ်တုံးအလား... မည်သည့်နေရာကိုမျှ မရွေ့ဘဲ ဆက်၍ ကြည့်နေ၏။

လောင်ရှောင်း၄ယွန်သည် ဟင့်ကနဲအသံတစ်ချက်ပြုပြီး ပြောဆိုနေပြန်၏။ “ဘာဖြစ်လို့လဲဆိုတော့ ဆရာကျင်းက မင်းကိုဒီရောက်လာစေချင်လို့ပဲ။”

ပြီးနောက် ကျင်းဝူမင်းဘက်သို့လှည့်ပြီး အကူအညီလှမ်းတောင်းနေလိုက်သည်။ “ကျုပ်ပြောတာမှန်တယ်မဟုတ်လား၊ ဆရာကျင်း...”

ကျင်းဝူမင်းသည်လည်း အားဖေ၏မျက်လုံးတစ်စုံမှ မခွာနိုင်ဘဲ ပြန်လည်စိုက် ကြည့်နေ၏။ လှုပ်ရှားမှုအလျဉ်းမရှိ။

အတော်လေးကြာသောအခါတွင် လောင်ရှောင်း၄ယွန်က ရယ်မောပြောဆိုလိုက် သည်။ “ဆရာကျင်းက မင်းကိုဒီရောက်လာစေချင်တာ ရည်ရွယ်ချက်တစ်ခုတည်းပဲ ရှိတယ်...... မင်းကိုသတ်ဖို့။”

နောက်ဆုံးတွင် အားဖေ၏အကြည့်များက ကျင်းဝူမင်း၏ဓားထံသို့ ကျရောက် လာခဲ့သည်။

ကျင်းဝူမင်း၏ အကြည့်များကလည်း အားဖေ၏ဓားထံသို့ ကျရောက်သွားပြန် သည်။

သိုင်းလောကတွင် ခပ်ဆင်ဆင်အတူဆုံး ဓားနှစ်လက်ဟု ဆိုနိုင်သည်။

ဓားနှစ်လက်စလုံး မည်သည့်ဓားတစ်လက်မျှ နာမည်ကျော် ပန်းပဲဆရာတစ် ယောက်က ထုလုပ်ထားခဲ့ခြင်းမဟုတ်ဘဲ အစွမ်းထက်လှသောဓားရတနာများလည်း မဟုတ်ကြချေ။

ဓားနှစ်လက်လုံးပင် ထက်မြက်သော အသွားများရှိကြပြီး ပါးလွှာလွန်းလှသည်။ ပေါ့ပါးလွန်းလှသည်။ ကျိုးပျက်သွားရန် လွယ်ကူလွန်းလှသည်။

ဓားနှစ်လက်သည် ခပ်ဆင်ဆင်တူသလိုရှိသော်လည်း ဓားထိုးထည့်ထားသည့် ပုံစံများကတော့ ခြားနားကြသည်။

အားဖေ၏ဓားသည် ခါးအလယ်ခါးစီးကြိုးထဲတွင် ထိုးထည့်ထားပြီး ဓားလက် ကိုင်ရိုးမှာ ညာဘက်သို့ ခပ်စောင်းစောင်း တိမ်းထွက်နေ၏။

ကျင်းဝူမင်း၏ဓားသည် ခါးစီးကြိုးညာဘက်တွင် ထိုးထည့်ထားပြီး ဓားလက် ကိုင်ရိုးမှာ ဘယ်ဘက်သို့ ခပ်စောင်းစောင်းယိမ်းထွက်နေ၏။

သို့သော် ဤဓားနှစ်လက်စလုံးတွင် မမြင်တွေ့နိုင်သော သံလိုက်ဓာတ်များ ဆွဲ ညှို့ထားသကဲ့သို့ပင်။

လူနှစ်ယောက်လုံး၏ မျက်လုံးများက သူတို့ခါးမှဓားများပေါ်သို့ အသီးသီးစိုက် ကြည့်နေကြသည်။ မျက်နှာချင်းဆိုင် လျှောက်လှမ်းလာကြသော်လည်း သူတို့၏ မျက်လုံးများက တစ်ယောက်ချင်းစီ၏ဓားအသီးသီးမှ ဖယ်ခွာသွားခြင်းမရှိကြချေ။

တစ်ယောက်နှင့်တစ်ယောက် ၂ မီတာအကွာအဝေးသို့ရောက်လာကြသောအခါ နှစ်ယောက်စလုံး ရုတ်တရက်ပင် ပြိုင်တူရပ်တန့်လိုက်ကြသည်။

ပြီးနောက် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များက ကျောက်ရုပ်များသဖွယ် ငြိမ် သက်သွားကြလေသည်။

ကျင်းဝူမင်းဝတ်ဆင်ထားသည်မှာ ရိုးရိုးရှင်းရှင်း ခပ်တိုနန့်နန့် အဝါရောင်အ ဝတ်အစားဖြစ်သည်။ ဒူးခေါင်းနေရာသည် သူ့ဝတ်ရုံအဆုံးပင်ဖြစ်၏။ သူ၏အင်္ကျီ လက်မောင်းအိုးများက လက်နှင့်အနေတော် ခပ်ကြပ်ကြပ်ရှိနေပြီး လက်ချောင်းများ က ရှည်လျားကြသည်။ သို့သော်လက်ဆစ်ရိုးများက တုတ်ခိုင်ငေါထွက်နေကြပြီး လွန်စွာသန်စွမ်းသော လက်ချောင်းများဖြစ်ကြောင်းကို ပြသနေသည့်အ လား။

အားဖေ၏ဝတ်ရုံက ပို၍ပင်တိုနေသေး၏။ သူ၏လက်ချောင်းများကလည်း ရှည် လျားသွယ်လျနေကြပြီး သန်မာတောင့်တင်းသော လက်ချောင်းများပင်။

နှစ်ယောက်စလုံးသည် မုတ်ဆိတ်ကျင်စွယ်များကို သပ်ရပ်စွာရိပ်ပယ်ထားခြင်း မရှိကြသော်လည်း လက်သည်းများကတော့ တုံးတိတိ ခပ်တိုတို ညှပ်ထားကြ၏။

ဓားဆွဲထုတ်ရာတွင် လျင်မြန်မှုကို အနှောင့်အယှက်ပေးနိုင်သော မည်သည့်အပို အရာမျှ သူတို့၏ခန္ဓာကိုယ်တွင် ရှိနေခြင်းမရှိစေရ။

သူတို့နှင့် ရုပ်ရည်မတူညီကြသော်လည်း အမူအကျင့်နှင့် ပုံစံခပ်ဆင်ဆင်တူသူ နောက်တစ်ယောက် သိုင်းလောကတွင်မရှိနိုင်။

ယခုတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံကြပေပြီ။

သူတို့နှစ်ယောက်ယှဉ်၍ ရပ်နေကြသည်ကိုတွေ့လိုက်ရမှသာ သူတို့နှစ်ဦးစလုံး ကို ယှဉ်၍အကဲခတ်နိုင်ပေသည်။ သူတို့နှစ်ဦးစလုံး၏ မမြင်တွေ့နိုင်သောတူညီမှုများ နှင့် မြင်တွေ့နေရသည့် မတူညီမှုများကို တွေ့ရှိနိုင်ပေသည်။

ကျင်းဝူမင်း၏မျက်နှာသည် မျက်နှာဖုံးစွတ်ထားသူကဲ့သို့ သူ၏စိတ်လှုပ်ရှားမှု များကို မမြင်တွေ့နိုင်။ မျက်နှာသေဖြစ်၏။

အားဖေ၏မျက်နှာသည် အေးစက်စက် တင်းမာတည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းများထဲမှ မီးတောက်မီးလျှံများ အချိန်မရွေး လျှံထွက်လာနိုင်သည်ဟု ထင် ရ၏။ မည်မျှလောက်တောင် ပူလောင်နေသနည်းဆိုသော် ထိုမီးလျှံများသည် သူ့ ခန္ဓာကိုယ်ကိုပင် လောင်ကျွမ်းတောက်လောင်သွားနိုင်သည်ဟု ထင်ရ၏။

သို့သော် ကျင်းဝူမင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အသေကောင်ကဲ့သို့ဖြစ်၏။

သူ၏ခန္ဓာကိုယ်ထဲသို့ သူ၏ဝိဉာဉ်မဝင်ရောက်မီကတည်းက ခန္ဓာကိုယ်က သေ ဆုံးနေခဲ့ပြီး ဖြစ်ပုံရသည်။

အားဖေသည် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းတတ်သူတစ်ယောက်ဖြစ်၏။ မည်သည့်အမှုမျိုးကိုမဆို ခံနိုင်ရည်အပြည့်အဝဖြင့် စောင့်ဆိုင်းနိုင်၏။

လူတစ်ယောက်၏အသက်ကို ကျင်းဝူမင်းအနေနှင့် ဓားတစ်လက်တည်းဖြင့် ဇီဝိန်ချွေနိုင်၏။ သူ့အကြည့်တစ်ချက်ကလေးဖြင့်ပင် လူတစ်ယောက်ကို သတ်နိုင် စွမ်းရှိသည်ဟု ထင်ရသည်။ သို့သော် လိုအပ်လာပါက သူသည်လည်း သည်းခံ စောင့်ဆိုင်းနိုင်စွမ်းရှိသူတစ်ယောက်ပင်။

နှစ်ယောက်စလုံးသည် အများနှင့်မတူ တစ်မူထူးခြားကြသော်လည်း လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းသူများလည်း ဖြစ်နေကြပြန်သည်။

ဘာဖြစ်လို့များ လောကကြီးထဲတွင် သူတို့နှစ်ယောက် ပြိုင်တူရောက်ရှိလာခဲ့ကြ သနည်း။ ဘာဖြစ်လို့များ သူတို့နှစ်ယောက် ဆုံတွေ့ကြရသနည်း။

ဆောင်းဦးကာလနှောင်းဖြစ်သည်။

သစ်ရွက်များက ညှိုးနွမ်းသွေ့ခြောက်နေကြရသော အချိန်ကာလလည်းဖြစ်ပြန် ၏။

တိုက်ခတ်လာသော လေအေးစိမ့်စိမ့်က မပြင်းထန်လှသော်လည်း လေထဲတွင် သစ်ရွက်များ ဝေ့ဝဲကာ ပလူပျံနေကြရသည်။ ဤလူနှစ်ယောက်စလုံးသည် မည် သည့်လှုပ်ရှားမှုများမှ မပြုလုပ်ကြသေးသော်လည်း လောင်ရှောင်း၄ယွန်တို့ သားအဖ သည် အေးစိမ့်သောအငွေ့အသက်များကို ရှူရှိုက်နေကြရလေသည်။

မရဏသေမင်း၏ အငွေ့အသက်များပင်လော...

ရုတ်တရက် အေးစိမ့်သော အလင်းရောင်တစ်ချက် လေထုထဲတွင် ဖြတ်သန်း သွားသည်။

လေထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခြင်းဖြစ်ပြီး အားဖေဆီသို့ ဦးတည်သွား နေခြင်းလည်းဖြစ်၏။

လောင်ရှောင်း၄ယွန်မှ စတင်တိုက်ခိုက်ခဲ့ချေပြီ။

ထိုလက်နက်ပုန်းများက အားဖေကို မည်သို့မျှ အန္တရာယ်ပြုနိုင်မည်မဟုတ်မှန်း လောင်ရှောင်း၄ယွန် သိထားခဲ့ပါသည်။ သို့သော် ထိုလက်နက်ပုန်းများကို အားဖေ ရှောင်တိမ်းခြင်းဖြင့်သော်လည်းကောင်း၊ ရိုက်ခါထုတ်ခြင်းဖြင့်သော်လည်းကောင်း ပြန်လည်တုန့်ပြန်ရပေမည်။ ထိုအခါတွင် ကျင်းဝူမင်း၏ဓားက အားဖေ၏လည်မျို သို့ ထိုးဖောက်ဝင်ရောက်သွားပေလိမ့်မည်။

လေထုထဲတွင် ဓားရိပ်တစ်ချက် ဖြာထွက်သွားသည်။

‘ထန်း... ထန်း...’

အေးစက်စက်လက်နက်ပုန်းများက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။

ကျင်းဝူမင်း၏ဓားထွက်ပေါ်လာခဲ့ချေပြီ။ သူ့ဓားဖျားက အားဖေ၏နားရွက်နား၌ လှုပ်ခါသွားခဲ့ရသည်။

အားဖေသည် ဓားလက်ကိုင်ရိုးကို ရုတ်တရက်ဆုပ်ကိုင်ထားခဲ့သော်လည်း ဓား မှာမူ သူ၏ခါးစီးကြိုးထဲတွင် ရှိနေသေး၏။

လက်နက်ပုန်းများသည် ကျင်းဝူမင်း၏ဓားကြောင့် ကျိုးပြတ်ကျလာခဲ့ခြင်းဖြစ် ၏။

လောင်ရှောင်း၄ယွန်တို့ သားအဖနှစ်ယောက်လုံး မျက်နှာအပျက်ပျက်ဖြစ်နေကြ ရ၏။

ကျင်းဝူမင်းနှင့် အားဖေတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ ဆဲပင်။ မည်သည့် စိတ်လှုပ်ရှားမှုများမှ သူတို့၏မျက်နှာများပေါ်တွင် မတွေ့ရ။

ထို့နောက် ကျင်းဝူမင်းသည် သူ၏ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာပြန်ထည့် နေလိုက်သည်။

ဓားလက်ကိုင်ရိုးပေါ်တွင် ဆုပ်ကိုင်ထားသော အားဖေ၏လက်ချောင်းများသည် လည်း ပြေလျော့လာကြ၏။

အတော်လေးကြာသောအခါတွင်မှ ကျင်းဝူမင်းထံမှ စကားသံထွက်ပေါ်လာ သည်။ “ငါ့ ဓားက လက်နက်ပုန်းတွေကိုပဲ ဖယ်ရှားပစ်လိမ့်မယ်ဆိုတာ မင်းသိထား တယ်ပေါ့။”

အားဖေ-“ငါ သိတယ်။”

လက်နက်ပုန်းများထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျင်းဝူမင်း၏ဓားသည် လည်း ထက်ကြပ်မကွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။ သူ့ဓားလက်ကိုင်ရိုးကို ဆုပ် ကိုင်ထားခြင်းမှအပ မည်သည့်လှုပ်ရှားမှုမှ အားဖေမပြုလုပ်ခဲ့။

အားဖေက ဘာမျှပြန်မပြောနိုင်ခင်မှာပင် ကျင်းဝူမင်းက ဖြည့်စွက်ပြောဆိုလိုက် သည်။ “ဒါပေမဲ့ မင်းရဲ့တုန့်ပြန်မှုက နှေးကွေးနေခဲ့တယ်။”

အားဖေသည် အတန်ကြာမျှစဉ်းစားနေ၏။ ပြီးနောက် သူ၏မျက်နှာထက်တွင် ဝင်းလက်သွားခဲ့ပြီး ပြန်ဖြေဆိုလိုက်သည်။ “မင်းပြောတာမှန်တယ်။”

ကျင်းဝူမင်း-“ငါမင်းကိုသတ်နိုင်တယ်။”

အားဖေအတွက် စဉ်းစားရန်ပင်မလို၊ ချက်ချင်း ပြန်လည်ဖြေဆိုလိုက်သည်။ “ငါ ယုံတယ်။”

လောင်ရှောင်း၄ယွန်နှင့် သားဖြစ်သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။

ကျင်းဝူမင်းမှ ရုတ်တရက် ပြောဆိုလိုက်သည်။ “ဒါပေမဲ့ မင်းကို ငါမသတ် ဘူး။”

လောင်ရှောင်း၄ယွန်တို့ သားအဖနှစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်း လဲသွားခဲ့ကြရပြန်သည်။

အားဖေသည် ကျင်းဝူမင်း၏ အသက်မဲ့နေသောမျက်ဝန်းများကို အတန်ကြာမျှ သေချာစွာ အကဲခတ်စိုက်ကြည့်နေပြီးမှ မေးမြန်းလိုက်သည်။ “မင်း ငါ့ကိုမသတ် ဘူးလား။”

ကျင်းဝူမင်း-“ငါ မင်းကိုမသတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ အားဖေ ဖြစ်နေလို့။”

ကျင်းဝူမင်း၏မျက်လုံးများထဲတွင် နာကျည်းကြေကွဲနေသော အရိပ်အယောက် များ ထွက်ပေါ်နေကြသည်။ သူ၏မျက်လုံးများက အားဖေ၏မျက်လုံးများထက်ပင် ဝင်းပနေကြသေး၏။

သူ၏အတွင်းစိတ်သည် ဦးတည်ရာမရှိ လွင့်မျောနေပြီး အာရုံထဲတွင် လူတစ် ယောက်၏ ပုံရိပ်လေးပေါ်လာခဲ့၏။

နတ်သမီးတစ်ပိုင်း-မာရ်နတ်တစ်ပိုင်း၊ မိန်းမရိုင်း...

အတော်လေးကြသောအခါမှ ကျင်းဝူမင်းထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ “ ငါသာ မင်းနေရာမှဆို မင်းငါ့ကို ဒီနေ့သတ်နိုင်တယ်။”

ထိုစကား၏ အဓိပ္ပါယ်ကို အားဖေ နားမလည်နိုင်ပါ။ ကျင်းဝူမင်းတစ်ဦးတည်း သာနားလည်သောစကားဖြစ်သည်။

မည်သူမဆို အားဖေကဲ့သို့ ၂ နှစ်လုံးလုံးနေထိုင်လာခဲ့ရသည်ဆိုပါက လှုပ်ရှားမှု များက တုန့်နှေးနေမည်ဖြစ်သည်။ ထို့ပြင် အားဖေသည် ဤ ၂နှစ်အတွင်း ညစဉ် ညတိုင်း အိပ်ဆေးများ တိုက်ကျွေးခြင်းကိုလည်း ခံထားရသေးသည်။

ထိုဆေးများကြောင့် မည်သူမဆို လှုပ်ရှားမှုများက တုန့်နှေးသွားရမည်ဖြစ်၏။

အားဖေကို မသတ်ချင်သော ကျင်းဝူမင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ချင်းစာစိတ် ကြောင့်မဟုတ်။ အားဖေ၏ရင်ထဲမှ ခံစားချက်များကို သူနားလည်နေသောကြောင့် ဖြစ်သည်။ သူသည်လည်း အားဖေကဲ့သို့ ထပ်တူထပ်မျှ ခံစားနေရသည်မဟုတ်ပါ လား။

အားဖေကို သူရှင်သန်စေချင်သည်။ သို့မှသာ သူ၏ခံစားချက်များကို မျှယူခံစား ပေးမည့်သူ ဤလောကကြီးတွင် ကျန်ရှိနေဦးမည်ဖြစ်သည်။

အချစ်ရူးသူတစ်ယောက်သည် ချစ်သူ၏စွန့်ပစ်ငြင်းပယ်ခြင်းကို ခံခဲ့ရသည်ဆိုပါ က သူနှင့်ထပ်တူထပ်မျှ ခံစားနေရသည့်နောက်တစ်ယောက် ရှိနေသေးသည်ကို သိရှိ ရလလိုက်ပါမူ သူ၏ခံစားမှုများ လျော့နည်းသွားနိုင်ပေသည်။ လောင်းကစားလုပ် ပြီး အရှုံးများစွာရင်ဝယ်ပိုက်ထွေးထားသူတစ်ယောက်သည် နောက်ထပ်လောင်းက စားသမားတစ်ယောက်က သူ့ထက်ပင်ပို၍ ရှုံးနေသည်ကိုတွေ့ရှိပါက ဖြေသိမ့်ဖြေ သာဖြစ်ပြီး ပျော်ရွှင်လာရသကဲ့သို့ပင်။

အားဖေသည် ထိုနေရာ၌ မတုန်မလှုပ်ရပ်နေပြီး ကျင်းဝူမင်းပြောခဲ့သော စကား များကို နားလည်နိုင်ရန် ကြိုးစားနေ၏။

ကျင်းဝူမင်း-“မင်းသွားနိုင်ပြီ။”

အားဖေ၏ ဦးခေါင်းပြန်လည်မော့လာခဲ့ပြီး ကြိုးစားအားတင်း ပြောဆိုလိုက် သည်။ “ငါ မသွားနိုင်ဘူး။”

ကျင်းဝူမင်း-“မင်း ထွက်မသွားဘူးလား။ ငါ မင်းကိုသတ်ပစ်လို့ရတယ်။”

အားဖေ-“မင်း ငါ့ကိုသတ်နိုင်တာ ငါသိပါတယ်။”

လောင်ရှောင်း၃ယွန်သည် ရုတ်တရက်ပင် အော်ဟစ်ပြောဆိုလိုက်သည်။ “ဒါဆို ရင် လင်ရှန်းအာအတွက်မစဉ်းစားတော့ဘူးပေါ့။ ခင်ဗျား သူ့ကိုတစ်ယောက်ထဲထား သွားခဲ့တော့မယ်ပေါ့။”

ထိုစကားလုံးများက အားဖေ၏နှလုံးသားကို အပ်ဖျားလေးများဖြင့် တစွစွထိုးဆွ လိုက်သလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ရလေသည်။

ကျင်းဝူမင်းသည် လောင်ရှောင်း၄ယွန်ဘက်သို့လှည့်ကြည့်လိုက်ပြီး ပြောဆို လိုက်သည်။ “လူသတ်ခြင်းဟာ ကျုပ်အနှစ်သက်ဆုံးအလုပ်။ ကျုပ်ကိုယ်တိုင်ပဲသတ် မယ်။ နားလည်လား။”

လောင်ရှောင်း၄ယွန်သည် မချိပြုံးလေးပြုံးပြလိုက်ပြီး ဖြေဆိုလိုက်သည်။ “ကျုပ် နားလည်ပါတယ်။”

ကျင်းဝူမင်း-“နားလည်ရင်တော့ ကောင်းတယ်။ မဟုတ်ရင် ကျုပ်ခင်ဗျားကို သတ်ရလိမ့်မယ်။”

သူသည် လောင်ရှောင်း၄ယွန်ထံမှ အကြည့်များဖယ်ခွာပြီး မေးမြန်းလိုက် သည်။ “လီဆွန်းဟွာ ဘယ်မှာလဲ။ ကျုပ်ကို သူ့ဆီခေါ်သွားစမ်း။”

လောင်ရှောင်း၄ယွန်သည် အားဖေဘက်သို့ စောင်းငမ်းစောင်းငမ်းကြည့်နေပြီး မဝံ့မရဲမေးမြန်းလိုက်သည်။ “သူ... သူ့ကိုရော...”

ကျင်းဝူမင်းက အေးစက်စွာပင် ပြောဆိုလိုက်သည်။ “ကျုပ်သတ်ချင်တယ်ဆိုရင် အချိန်မရွေးသူ့ကိုသတ်လို့ရတယ်။”

အားဖေ၏ ဝမ်းဗိုက်တွင်းမှ အော်ဂလီဆန်လာပြီး ရုတ်တရက်ပင် ခါးကုန်းကာ အော့အန်နေရ၏။

သူအန်ထုတ်လိုက်သည်များသည် ခါးသီးသော အစာအိမ်ရည်များသာ...

အဘယ်ကြောင့်ဆိုသော် ဤနှစ်ရက်လုံးလုံး သူဘာမျှမစားခဲ့ရသေးချေ။

“ကျမကို ကတိတစ်ခုပေးရမယ်။ ရှင်ပြန်လာပါ့မယ်ဆိုတဲ့ ကတိပေးရမယ်။ ကျမ ရှင့်ကိုတစ်သက်လုံး စောင့်နေမယ်နော်။”

သူချစ်သော မိန်းမတစ်ယောက်၏ စကားလုံးများဖြစ်၏။

ထိုစကားလုံးများကြောင့် သူသေဆုံး၍မဖြစ်သေး...

သို့သော်... လီဆွန်းဟွာအတွက်ရော...

လီဆွန်းဟွာသည် သူ၏အခင်မင်ရဆုံးသော မိတ်ဆွေတစ်ယောက်ပင်မကသေး၊ သူ၏ စံနမူနာအထားရဆုံးသော လူသားတစ်ယောက်လည်း ဖြစ်နေပြန်သေး၏။ လီဆွန်းဟွာကို တခြားသူတစ်ယောက်က သတ်ဖြတ်မည့်အရေးကို သူဤအတိုင်းပင် ရပ်ကြည့်နေရမည်လား...

အားဖေ ဆက်လက်၍အန်နေ၏။

သူအန်ထုတ်လိုက်သည့်အရာများသည်... သွေးများဖြစ်နေလေသည်။

+++++

လီဆွန်းဟွာသည် မိမိမည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိ။ သို့သော်လည်း သူဂရုမစိုက်ပါ။

နေ့နှင့်ညပင် သူမသိတော့။

သူလှုပ်ရှား၍လည်းမရနိုင်။ အဘယ်ကြောင့်ဆိုသော် သူ၏အရေးကြီးသောသွေး ကြောကွက်များကို ထိုးပိတ်ထားခြင်း ခံထားရသောကြောင့်ဖြစ်သည်။

အစားအစာမရရှိသလို၊ သောက်ရေပင် မရရှိခဲ့။

ဤနေရာသို့ သူရောက်ရှိနေခဲ့သည်မှာ ၁၀ ရက်ပင်ကျော်လွန်ခဲ့ပြီ။

သွေးကြောပိတ်မခံထားရဘူးဆိုလျှင်တောင်မှ အစာငတ်သည့်ဒဏ်ကြောင့် သူ လှုပ်ရှားနိုင်မည်မဟုတ်ချေ။

ကျင်းဝူမင်းသည် လီဆွန်းဟွာကို စိုက်ကြည့်နေ၏။

လီဆွန်းဟွာသည် အခန်းထောင့်တွင် ခွေခွေလေးလဲလျောင်းနေ၏။

အခန်းသည် အလင်းရောင်ကောင်းကောင်းမရသော ခပ်မှောင်မှောင်အခန်းတစ် ခန်း ဖြစ်၏။ လီဆွန်းဟွာ၏ မျက်နှာပေါ်မှ အမူအရာများကို မည်သူမျှ သဲသဲကွဲကွဲ မမြင်ရချေ။ သူ၏ စုတ်ပြန်ပေရေနေသော အဝတ်အစားများနှင့် ဖြူဖတ်ဖြူရော် မျက် နှာကိုသာ တွေ့မြင်နိုင်ကြသည်။ သူ၏မျက်လုံးများမှာ အမှောင်ထဲတွင် သနားစရာ ကောင်းနေမည်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းနေကြ၏။

ကျင်းဝူမင်းထံမှ စကားသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “ဒါလား... လီ ဆွန်းဟွာ...”

လောင်ရှောင်း၄ယွန်-“ဟုတ်ပါတယ်ခင်ဗျာ။”

ကျင်းဝူမင်း၏အမူအရာများက စိတ်ပျက်အားလျော့သွားရလေတော့သည်။ လောင်ရှောင်း၄ယွန်ပြောခဲ့သော စကားကို သူမယုံကြည်နိုင်ဖြစ်နေရ၏။ “ဒါလား... နာမည်ကျော် ရှောင်းလီတွမ့်ဟွာ...”

လောင်ရှောင်း၄ယွန်က သက်ပြင်းတစ်ချက်ချလိုက်၏။ “ကျုပ် သူ့ကိုဒီလိုမျိုး မဆက်ဆံခဲ့ချင်ပါဘူး။ ဒါပေမဲ့... ‘ကျားကိုလူက သနားတတ်ပေမယ့် ကျားကတော့ လူကို မသနားတတ်ဘူး’ ဆိုသလိုပဲ အခြေအနေအရ ဒီလိုမျိုး ထားထားခဲ့ရတာပါ။”

ကျင်းဝူမင်းသည် အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ မေးမြန်းလိုက်သည်။ “သူ့ဓားပျံဘယ်မှာလဲ။”

လောင်ရှောင်း၄ယွန်သည် ပြန်ဖြေရန် တုန့်ဆိုင်းနေခဲ့ရပြီး နောက်ဆုံးတွင်မှ မဝံ့ မရဲ မေးမြန်းလိုက်သည်။ “ဆရာကျင်းက သူ့ဓားပျံကို မြင်ချင်လို့လား။”

ကျင်းဝူမင်းက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ ထိုမေးခွန်းကို ပြန်လည်ဖြေ ကြားရန်မလိုအပ်ချေ။

လောင်ရှောင်း၄ယွန် ဓားပျံတစ်လက်ကို ထုတ်ပေးလိုက်လေတော့သည်။

ဓားပျံသည် အလွန်ပေါ့ပါး၏၊ တိုသည်၊ ပါးလွှာသည်။ သစ်ရွက်တစ်ရွက်လို ပင်။

လောင်ရှောင်းယွန်က ပြုံးပြီးပြောဆိုလိုက်သည်။ “ပြောရမယ်ဆိုရင်တော့ ဒီဓား ပျံဟာ သာမန်ဓားပျံတစ်လက်ပါပဲ။ ဖောက်ခွင်းထွက်နိုင်တဲ့ ထိပ်တန်းလက်နက်တစ် ခု မဟုတ်ပါဘူး။”

ကျင်းဝူမင်း-“ဖောက်ခွင်းထွက်နိုင်တဲ့ ထိပ်တန်းလက်နက်လို့ ပြောရအောင် ခင် ဗျားပါးစပ်နဲ့ မတန်သေးဘူး။”

ကျင်းဝူမင်း၏မျက်လုံးများက လောင်ရှောင်း၄ယွန်ကို ဝေ့ကြည့်နေကြပြီး မေး မြန်းလိုက်သည်။ “ဖောက်ခွင်းထွက်နိုင်တဲ့ ထိပ်တန်းလက်နက်ဆိုတာ ဘာလဲဆိုတာ ကော ခင်ဗျားသိရဲ့လား။”

သူ၏မျက်လုံးများက မီးခိုးရောင် မျက်လုံးသေများဖြစ်ကြ၏။ သို့သော် ထိုမျက် ဝန်းတစ်စုံတွင် သူမတူသော ထူးဆန်းသည့်ညှို့ဓာတ်များပါရှိနေကြသည်။ မကောင်း ဆိုးရွားတစ်ကောင်၏မျက်လုံးများကဲ့သို့ စူးနစ်နေကြပြီး ထိုမျက်လုံးတစ်စုံကြောင့် သင်အိပ်မက်ဆိုးများမက်နေခဲ့ရပြီး မနက်အိပ်ယာမှ နိုးထလာသည်ထိ လန့်ဖြတ် စရာကောင်းလွန်းလှသည်။

လောင်ရှောင်း၄ယွန်တစ်ယောက် အသက်ရှူများပင် ကြပ်လာခဲ့ရလေသည်။ သူ အားတင်းပြုံးပြီး မေးမြန်းလိုက်၏။ “ကျုပ်ကို နားလည်အောင်ရှင်းပြပါဦးလား။”

ကျင်းဝူမင်း၏မျက်လုံးများက ဓားပျံပေါ်သို့ အာရုံပြန်ရောက်သွားခဲ့ပြီး ပြောဆို လိုက်သည်။ “လူသတ်နိုင်တယ်ဆိုရင် ဖောက်ခွင်းထွက်နိုင်တဲ့ထိပ်တန်းလက်နက်ပဲ။ မဟုတ်ရင်တော့ ဘယ်လောက်တောင်မှ တန်ဘိုးကြီးနေတဲ့ ရတနာလက်နက်ကြီးပဲ ဖြစ်နေစေဦး... ခင်ဗျားလို လူတစ်ယောက်ရဲ့လက်ထဲမှာတော့ အမှိုက်တစ်စလောက် ပဲ တန်ဘိုးရှိလိမ့်မယ်။”

လောင်ရှောင်း၄ယွန်-“ဟုတ်တာပေါ့။ မှန်ပါတယ်... ဆရာကျင်းက ပိုပြီးနား လည်ပါတယ်ခင်ဗျာ။”

ကျင်းဝူမင်းသည် သူ၏စကားကို အရေးပင်မစိုက်။ ရုတ်တရက် ပြောဆိုလိုက် သည်။ “ဒီဓားပျံအောက်မှာ လူဘယ်နှစ်ယောက် သေဆုံးခဲ့လဲဆိုတာ ခင်ဗျားသိ လား။”

လောင်ရှောင်း၄ယွန်-“မရေ... မရေမတွက်နိုင်လောက်အောင် များပြားခဲ့မှာ ပေါ့။”

ကျင်းဝူမင်း-“ရေတွက်လို့ ရပါတယ်။”

သိုင်းလောကတွင် ရွှေဒင်္ဂါးဂိုဏ်း ထွက်ပေါ်လာခဲ့သည်မှာ ၂ နှစ်သာသာ လေးသာရှိသေးသော်လည်း သိုင်းလောကရှိ သိုင်းသမားများအားလုံး၏ အသေးစိတ် အချက်အလက်များကို ပြည့်စုံစွာ စုဆောင်းထားခဲ့ပြီးဖြစ်၏။ စန့်ကွမ်းကျင်းဟုန်၏ လက်သုံးစကားမှာ-

“အချက်အလက်တိုင်းက အရေးကြီးတယ်။ ဘယ်အချက်ကိုမှ မျက်စိမလျှမ်းနဲ့။”

“မြက်တစ်ပင်လည်း ဆန်တစ်ကျီစာလိုပဲ အရေးကြီးတယ်။”

ရွှေဒင်္ဂါးဂိုဏ်း သိုင်းလောကတွင် တဟုန်ထိုးဩဇာအာဏာကြီးမားလာသည်မှာ ကံကောင်းအကြောင်းလှ၍မဟုတ်။

လောင်ရှောင်း၄ယွန် ကြားဖူးခဲ့သည်မှာ- ရွှေဒင်္ဂါးဂိုဏ်းမဖွဲ့စည်းခဲ့ရသေးချိန်က တည်းက စန့်ကွမ်းကျင်းဟုန်သည် သိုင်းလောက ထိပ်တန်းသိုင်းသမားအားလုံး၏ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြီးဖြစ်သည်ဟု...

ထိုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ရန် မည်မျှအချိန်ကုန် လူပန်းဖြစ်ခဲ့ရမည်ဆိုသည်ကို ရှင်းပြရန်ပင်မလိုအပ်တော့ချေ။

သို့သော် ထိုကောလာဟလကို လောင်ရှောင်း၄ယွန် မယုံကြည်နိုင်ပါ။ ထို့ ကြောင့် မျက်နှာပြောင်ပြောင်ဖြင့် မေးမြန်းမိလိုက်လေသည်။ “ဒါဆိုရင်လည်း ဘယ် နှစ်ယောက်လောက်များ သေဆုံးခဲ့ရလို့လဲ။”

ကျင်းဝူမင်း-“၆၇ ယောက်”

ပြီးနောက် အေးစက်စွာဆက်ပြောနေလိုက်သည်။ “၆၇ ယောက်ထဲမှာ ခင်ဗျားရဲ့ သိုင်းပညာထက် နိမ့်ကျတဲ့သူ တစ်ယောက်မှ မပါရှိခဲ့ဘူး။”

လောင်ရှောင်း၄ယွန်သည် ပြုံး၍သာနေလိုက်ပြီး လီဆွန်းဟွာဘက်သို့လှည့်ကာ ဟုတ်မှန်ကြောင်း သက်သေရလိုရငြား မေးဆတ်ပြလိုက်သည်။

သို့သော် လီဆွန်းဟွာတွင် တုန့်ပြန်ပြောဆိုရန်ပင် အင်အားရှိပုံမရ။

လောင်ရှောင်း၃ယွန်သည် ရုတ်တရက်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။ “ဟီး ဟီး... လီဆွန်းဟွာသာ ဒီလိုဓားပျံအောက်မှာ သေဆုံးခဲ့ရမယ်ဆိုရင် ဘယ်လောက် တောင်မှ ကြည့်လို့ကောင်းလိုက်မလဲ။”

သူ၏စကားသံပင်မဆုံးသေး ဓားပျံအရိပ်တစ်ခု လှစ်ခနဲထွက်ပေါ်လာခဲ့လေ သည်။ ဓားရိပ်က လီဆွန်းဟွာဆီသို့ ဦးတည်ထွက်သွားခဲ့၏။

လောင်ရှောင်း၃ယွန်သည် အံ့အားသင့်လွန်းသဖြင့် ထခုန်မိမတတ်ပင် ဖြစ်သွားခဲ့ ရ၏။

သို့သော် ဓားပျံသည် လီဆွန်းဟွာ၏ လည်မျိုတွင် မစိုက်ဝင်ခဲ့ပါ။ သူ၏ဘေးရှိ နံရံပေါ်သို့သာ စိုက်ဝင်သွားခဲ့ခြင်းဖြစ်၏။

ကျင်းဝူမင်းသည်လည်း လက်နက်ပုန်းပစ်ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပါလား...

ကျင်းဝူမင်းက ရုတ်တရက်ပင်ပြောဆိုလိုက်သည်။ “သူ့သွေးကြောတွေ ဖွင့်ပေး လိုက်။”

လောင်ရှောင်း၄ယွန်-“ဗျာ... ဒါပေမဲ့...”

ကျင်းဝူမင်းသည် သူ့အားစကားပြောဆိုခွင့်ကိုမပေးတော့ဘဲ အေးစက်စွာ ဆက် ၍ပြောဆိုလိုက်သည်။ “သူ့သွေးကြောတွေဖွင့်ပေးလိုက်လို့ ကျုပ်ပြောနေတယ်။”

လောင်ရှောင်း၄ယွန်နှင့် သားဖြစ်သူတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ကျင်းဝူမင်း၏ ရည်ရွယ်ချက်ကိုလည်း သူတို့ ရိပ်မိသွားခဲ့ရ သည်။

လောင်ရှောင်း၄ယွန်-“ခေါင်းဆောင်ကြီးလိုချင်တာက လီဆွန်းဟွာပဲ။ အသက် ရှိတာ မရှိတာအရေးမကြီးပါဘူး။”

လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးက အရက်သောက်တတ်သူတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် အရက်သမားဆိုရင် သိပ်မုန်းတယ်။ လူသေကောင်အရက် သမားတစ်ယောက်ဖြစ်နေရင်တော့ အရက်သောက်နိုင်မှာမဟုတ်တော့သလို အရက် မူးပြီး စုတ်ပြတ်နေတဲ့ပုံလည်း ရှိတော့မှာမဟုတ်ဘူး။”

လောင်ရှောင်း၄ယွန်-“ပိုပြီးကောင်းတာက လူသေတစ်ယောက်ကို ပို့ဆောင်ပေး ရတာ အသက်ရှိနေသူတစ်ယောက်ကို လိုက်ပို့ပေးရတာထက် တာဝန်ပိုပေါ့တယ်။”

လောင်ရှောင်း၃ယွန်-“သိပ်ဟုတ်တာပေါ့။ ဆရာကျင်းက မခုခံမလှုပ်ရှားနိုင်တဲ့ လူတစ်ယောက်ကို ဒီအတိုင်းတော့ သတ်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့...”

ကျင်းဝူမင်းက စိတ်မရှည်စွာ အော်ငေါက်လိုက်သည်။ “ခင်ဗျားတို့ သိပ်ပြီးစ ကားများနေပါလား။”

လောင်ရှောင်း၄ယွန်-“ကောင်းပါပြီ... ကောင်းပါပြီခင်ဗျာ။ ကျုပ်အခုပဲသွေး ကြောဖွင့်ပေးလိုက်ပါတော့မယ်။”

လီဆွန်းဟွာ၏ သွေးကြောများကိုပိတ်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်သောကြောင့် ပြန်ဖွင့်ပေးရန် အခက်အခဲမရှိချေ။

လီဆွန်းဟွာ၏ ပခုံးကို လောင်ရှောင်း၄ယွန်က ပုတ်လိုက်ပြီး ကြင်နာမှုအပြည့် ပါသောလေသံဖြင့် ပြောဆိုလိုက်သည်။ “ဆရာကျင်းက မင်းနဲ့ သိုင်းပညာယှဉ်ပြိုင် ချင်ပုံရတယ် ညီလေး။ သူ့ဓားပညာက သိုင်းလောကမှာ ယှဉ်နိုင်တဲ့သူမရှိသေးဘူး။ ဂရုစိုက်ပါကွာ... နော်။”

ဤအချိန်၌ပင် လီဆွန်းဟွာကို သူ့နှုတ်ဖျားမှ ‘ညီလေး’ ဟု ခေါ်ဆိုနိုင်နေသေး သည်။ ခေါ်ဆိုခဲ့ပုံမှာလည်း အကြင်နာတရားအပြည့် စိုးရိမ်စိတ်အပြည့်ဖြင့်ဖြစ်၏။

သူ့ကိုမှ ဩောမချရလောက်ဘူးဆိုလျှင် မည်သူ့ကို ဩောချရတော့ပေမည်နည်း။

လီဆွန်းဟွာက ဘာမှပြန်မပြောခဲ့ပါ။

ပြောစရာလည်း ဘာမျှမရှိတော့။ ချိနည့်စွာပြုံးနေပြီး သူ့ဘေးတွင်စိုက်ဝင်နေ သော ဓားပျံကို ဆွဲထုတ်လိုက်သည်။

ဓားပျံကိုစိုက်ကြည့်နေသော သူ့မျက်ဝန်းများထဲတွင်တော့ မျက်ရည်များ ပြည့် လျှံလာခဲ့ရ၏။

ဤဓားပျံသည် သိုင်းလောကတွင် အကျော်ကြားဆုံး.... ပစ်မလွဲဓားပျံဖြစ်သည်။

ယခုတော့ သူ့လက်ထဲသို့ ဓားပျံရောက်ရှိလာခဲ့လေပြီ။

သို့သော် ဓားပျံကိုပစ်လွှတ်ရန် သူ့မှာ အားအင်ကျန်ရှိနေပါသေးရဲ့လား....

အလှအပ ယုတ်လျော့သွားရသော မိန်းမတစ်ယောက်.... လမ်းဆုံးသို့ လျှောက် လှမ်းရတော့မည့် သူရဲကောင်းတစ်ယောက်.... နှစ်ဦးစလုံးအတွက် ဘဝတွင် အကြေ ကွဲရဆုံးအချိန်များပင်ဖြစ်သည်။

သနားရုံကလွဲ၍ ဘာများတတ်နိုင်ပါဦးမည်နည်း။

သို့သော် ဤအချိန်လေးတွင် မည်သူမျှ လီဆွန်းဟွာကို သနားကြမည့်ပုံမပေါ်။

လောင်ရှောင်း၃ယွန်၏ မျက်လုံးများက အရောင်တဖိတ်ဖိတ်လက်လာခဲ့ရသည်။ အပြုံးတစ်ဝက်ဖြင့် သူပြောဆိုလိုက်သည်။ “ဦးရီးတော်လီရဲ့ဓားပျံက ပစ်မလွဲဆို... ခုတော့ ပြောကြတဲ့အတိုင်း မှန်သေးရဲ့လားလို့ စောင့်ကြည့်လိုက်ဦးမယ်။”

လီဆွန်းဟွာ၏ ဦးခေါင်းမော့လာခဲ့ပြီး လောင်ရှောင်း၃ယွန်ကို စိုက်ကြည့်လိုက် သည်။ ပြီးနောက် ဦးခေါင်းပြန်လည်ငုံ့သွားခဲ့လေသည်။

ကျင်းဝူမင်း-“ကျုပ် လူတစ်ယောက်ကို သတ်တော့မယ်ဆိုရင် အခွင့်အရေးတစ် ခုပေးလေ့ရှိတယ်။ ဒါခင်ဗျားရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ နားလည်လား။”

လီဆွန်းဟွာ ပြုံးပြလိုက်သည်။ အလွန်ကြေကွဲဖွယ်ကောင်းသော အပြုံးတစ်စ လည်းဖြစ်၏။

ကျင်းဝူမင်း-“ခင်ဗျား ထလာလို့ရပြီ။”

လီဆွန်းဟွာ ချောင်းဆိုးနေရ၏။

လောင်ရှောင်း၃ယွန်ထံမှ ကရုဏာသံအပြည့်ပါသော စကားသံထွက်ပေါ်လာ သည်။ “ဦးရီးတော်လီ ကိုယ့်ဖာသာမထနိုင်ဘူးဆိုရင်လည်း တူတော်မောင် တွဲထူ ပေးပါ့မယ်ခင်ဗျာ။”

လောင်ရှောင်း၃ယွန်သည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေလိုက်ပြီး မှ ဆက်ပြောနေ၏။ “ဒါပေမဲ့လည်း မလိုအပ်တော့ဘူးထင်ပါတယ်။ ကျနော်ကြားဖူး တာတော့ ဦးရီးတော်လီဟာ အိပ်နေရင်းနဲ့တောင် ဓားပျံကိုပစ်လွှတ်နိုင်တယ်ဆိုပဲ။”

လီဆွန်းဟွာ သက်ပြင်းချလိုက်ပြီး စကားပြန်ပြောရန် ဟန်ပြင်လိုက်သည်။

သူဘာမှ မပြောရသေးခင်မှာပင် အခန်းတွင်းသို့ လူတစ်ယောက် ဝင်ရောက် လာသည်။

အားဖေ....

အားဖေ၏ မျက်နှာပြင်ပေါ်တွင် သွေးစသွေးနများ မတွေ့ရတော့ပါ။ သို့သော် ပါးစပ်ထောင့်စွန်းတွင်မူ သွေးစလေး တစ်စနှစ်စ တွေ့နေရသေး၏။

တစ်ချိန်တည်းမှာပင် လွန်စွာမှ အိုစာသွားရသည်ဟု ထင်ရသည်။

အခန်းတွင်းသို့ လျှပ်စီး၏လျင်မြန်ခြင်းမျိုးဖြင့် ခုန်ပျံဝင်ရောက်လာခဲ့သော် လည်း အခန်းတွင်း၌ ခြေချမိပြီးသည်နှင့်တပြိုင်နက် ကျောက်ရုပ်တစ်ရုပ်လို ငြိမ် သက်သွားခဲ့ရလေသည်။

ကျင်းဝူမင်း-“မင်း အရှုံးမပေးသေးဘူးလား။”

လီဆွန်းဟွာသည် ခေါင်းမော့ကြည့်ရာ အားဖေကိုတွေ့လိုက်ရပြီး သူ၏မျက်ဝန်း များမှ မျက်ရည်များ စီးကျလာလေရတော့သည်။

အားဖေသည် လီဆွန်းဟွာကို အသိအမှတ်ပြုသည့် အကြည့်လေးတစ်ချက်ဖြင့် သာ ကြည့်ခဲ့ပြီး ကျင်းဝူမင်းဘက်သို့ လှည့်လိုက်သည်။ “သူ့ကိုမသတ်ခင်... ငါ့ကို အရင်သတ်သွားလိုက်ပါ။”

ထိုစကားကို သူသည်အတည်ငြိမ်ဆုံးအမူအရာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၏။ သူ၏ စကားသံထဲတွင် စိတ်လှုပ်ရှားမှုလေသံများ လုံးဝမပါရှိချေ။

သူဆုံးဖြတ်ထားခဲ့ပြီးဖြစ်ကြောင်း ပြသလိုက်ခြင်းပင်။

ကျင်းဝူမင်း၏ မျက်လုံးသူငယ်အိမ်များ ဆတ်ခနဲလှုပ်ခတ်သွားခဲ့ရသည်။ “မင်း လင်ရှန်းအာကို ဂရုမစိုက်တော့ဘူးပေါ့။”

အားဖေ-“ငါသေသွားခဲ့လည်း သူဆက်ပြီးရှင်သန်နေနိုင်ပါသေးတယ်။”

ထိုစကားကိုလည်း တည်ငြိမ်ရင့်ကျက်စွာ ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း သူ့မျက် ဝန်းထောင့်တွင် ဝမ်းနည်းရိပ်လေးသမ်းနေသည်ကို တွေ့နိုင်၏။ သူ၏ အသက်ရှူ နှုန်း မြန်ဆန်လာရသည်။

ကျင်းဝူမင်းကလည်း ထိုအချက်ကို သတိထားမိလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောကြောင့် ပို၍သေချာစေရန် ထပ်မံမေးမြန်းလိုက် ပြန်သည်။ “မင်း သူဝမ်းနည်းပူဆွေးပြီး ကျန်ရစ်ခဲ့မှာ မစိုးရိမ်ဘူးလား။”

အားဖေ-“ငါ စိတ်မချမ်းမသာနဲ့ အသက်ရှင်နေရတာထက်စာရင် သေသွားခဲ့တာ ကမှ ပိုကောင်းဦးမယ်။ ငါသာ မသေခဲ့ဘူးဆိုရင် သူပိုပြီးဝမ်းနည်းနေရမှာပေါ့။”

ကျင်းဝူမင်း-“သူဟာ အဲ့ဒီလိုမိန်းမမျိုးတစ်ယောက်လို့ မင်းထင်နေလား။”

အားဖေ-“အသေအချာပဲ။”

အားဖေ၏အမြင်တွင် လင်ရှန်းအာသည် နတ်သမီးတစ်ပါးမဟုတ်။ သူတော်စင် မလေးတစ်ယောက်ပင် ဖြစ်နေသေး၏။

ကျင်းဝူမင်း၏ နှုတ်ခမ်းထောင့်ကွေးမှ ခနဲ့တဲ့တဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ သည်။

သူပြုံးသည်ကို မြင်ဖူးသူမည်သူမျှမရှိ။ သူကိုယ်တိုင်ပင် ပထမဆုံးပြုံးဖြစ်ခဲ့ သောအချိန်ကို မမှတ်မိခဲ့။

သူပြုံးနေပုံမှာ ကြည့်၍လွန်စွာ ရုပ်ဆိုးလှသည်။ အဘယ်ကြောင့်ဆိုသော် သူ့ မျက်နှာပြင်မှ ကြွက်သားများက မပြုံးသည်မှာကြာပြီဖြစ်သောကြောင့် အလေ့အကျင့် မရှိ.... တုန့်ဆိုင်းနေခြင်းကြောင့်ဖြစ်လေသည်။

သူပြုံးပြရန် ဘယ်တုန်းကမျှ မစဉ်းစားခဲ့ဘူးချေ။ အပြုံးတစ်စသည် လူတစ် ယောက်၏ နှလုံးသားကို နူးညံ့စေသည်ဟု သူယူဆထား၏။

သို့သော် ဤအပြုံးသည် တစ်မူထူးခြားသောအပြုံးဖြစ်၏။ ဓားသွားတစ်လက် ကဲ့သို့ ထက်မြည့်သော အပြုံးဖြစ်သည်။ ဓားသွားက လူကိုနာကျင်စေသော်လည်း ဤအပြုံးက လူ့စိတ်ကို နာကျင်စေ၏။

ထိုအပြုံးကို အားဖေလုံးဝနားလည်ခြင်းမရှိ။ သူ အေးစက်စွာပြောဆိုလိုက် သည်။ “မင်း ပြုံးစရာမလိုပါဘူး။ မင်းငါ့ကိုသတ်နိုင်ဖို့ ၈ ရာခိုင်နှုန်းလောက် အခွင့် အရေးရှိနေတာမှန်ပေမယ့် ငါမင်းကိုပြန်သတ်နိုင်ဖို့လည်း ၂၀ ရာခိုင်နှုန်းလောက် အခွင့်အရေး ရှိနေပါသေးတယ်။”

ကျင်းဝူမင်း၏ အပြုံးပျောက်ကွယ်သွားခဲ့ရလေသည်။ “မင်းကိုမသတ်ဘူးလို့ ငါ ပြောခဲ့ပေမယ့် မင်းကိုအလွတ်ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူး။”

အားဖေ-“မလိုအပ်ပါဘူး။”

ကျင်းဝူမင်း-“ငါမင်းကို အသက်ရှင်သန်ခွင့်ပေးထားတာ... မင်းခံစားနေရတာ ကို မြင်တွေ့ချင်...”

သူ၏စကားပင်မဆုံးသေး ဓားရောင်များလက်သွားခဲ့သည်။

ဓားရိပ်များက ဓားတစ်စင်းနှင့်တစ်စင်း အချင်းချင်းဖြတ်ခုတ်ရာမှ ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်၏။ လျှပ်စီးကဲ့သို့ လျင်မြန်သော ဓားချက်များ...

သို့သော် နောက်ထပ် ဓားရောင်တစ်ချက်က နောက်ကျပြီးမှ ထွက်ပေါ်လာခဲ့ သော်လည်း သူတို့ဓားရိပ်များထက်ပင် ပို၍လျင်မြန်နေသေး၏။ မည်သည့်ဓားရိပ် ပင်နည်း...

ပြီးနောက် ဓားရိပ်များအားလုံး ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့ရသည်။

လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့ရလေတော့သည်။

0 comments:

Post a Comment