ပါးလွှာသောဓားတစ်လက်... ပေါ့ပါးသည်။ ဓားလက်ကိုင်ရိုးသည်ပင် အပေါ့ ပါးဆုံးသစ်သားဖြင့် ပြုလုပ်ထားသည်။
မည်သည့်လက်နက်မဆို ဤဓားကိုဖျက်ဆီးပစ်နိုင်၏။
မှန်ပါသည်။ သို့သော် ဓားပိုင်ရှင်က တိုက်ခိုက်လာပြီဆိုလျှင်လည်း ခုခံကာ ကွယ်နိုင်မည့်သူ မည်သူမျှမရှိ။
ရှာမှရှား သီးသန့်ဖြစ်သောဓားတစ်လက်လည်းဖြစ်၏။ ဤလောကကြီးထဲတွင် တစ်ဦးတစ်ယောက်တည်းသာ ဤဓားကိုအသုံးပြုနိုင်၏၊ အသုံးပြုရဲ၏။
စားပွဲပေါ်တွင် ဓားကိုတင်ထား၏။ ဓားဘေးနားတွင် သန့်ရှင်းသော အဝတ်အ စားတစ်စုံရှိနေ၏။
အားဖေနိုးထလာသောအခါ ပထမဦးဆုံးသတိပြုမိသည်မှာ ထိုဓားကိုပင်ဖြစ် သည်။
သူ့မျက်လုံးများက အရောင်တောက်ပလာခဲ့ကြသည်။
ထိုဓားကိုတွေ့လိုက်ရသည်မှာ ပျောက်ဆုံးခဲ့သော ချစ်ဦးသူကို ပြန်တွေ့လိုက်ရ သည့်အတိုင်း ခံစားနေရ၏။ သူ၏ လက်တွဲမဖြုတ် အခင်မင်ဆုံးသော မိတ်ဆွေ လည်းဖြစ်၏။ သူ့သွေးများ ဆူပွက်လာခဲ့ရလေသည်။
သူ့လက်တစ်ဘက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး ဓားကိုဆုပ်ကိုင်လိုက် သည်။
သူ့လက်များက တုန်ခါနေကြသည်။ သို့သော် ဓားကိုထိတွေ့လိုက်သည့်ခဏမှာ ပင် တုန်ခါနေသောလက်များက ပြန်လည်တည်ငြိမ်သွားရ၏။
သူသည် ဓားကိုရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး အဝေးတစ်နေရာသို့ကြည့်ကာ တွေ ဝေငေးငိုင်နေလေသည်။
သူ၏စိတ်က အဝေးတစ်နေရာသို့ ပြန့်လွင့်နေသည်။
ဓားကို သူပထမဆုံးထုတ်သုံးခဲ့စဉ်တုန်းက အဖြစ်အပျက်များကို ပြန်ပြောင်းသ တိရနေမိသည်။ ဓားထိပ်ဖျားမှ သွေးစက်များ တစ်ပေါက်ပေါက်ကျဆင်းလာခဲ့ပုံ... သူ့ဓားအောက်တွင် သေဆုံးခဲ့ကြသောလူများ... သနားစရာကောင်းသောလူများ...
သူ၏ခန္ဓာကိုယ်တွင်းမှ သွေးများဆူပွက်လာခဲ့ရပြန်သည်။
ထိုစဉ်တုန်းက တစ်ယောက်တည်း အထီးကျန်ဆန်ခဲ့ရပြီး တစ်ကိုယ်တည်း ဘဝကို ဆန်တက်ခဲ့ရသည်။ သို့သော် စိတ်လှုပ်ရှားမှုများဖြင့် ပြီးပြည့်စုံသောဘဝ လည်းဖြစ်ခဲ့ပြန်သည်။
ယခုတော့ အချိန်များ ကုန်လွန်ခဲ့ပြီ။ အချိန်အကြာကြီး ကုန်လွန်သွားခဲ့ချေပြီ။
သူချစ်သော မိန်းမတစ်ယောက်ကို သူ့နောက်ကြောင်းများအားလုံး မေ့ပျောက် ထားလိုက်တော့မည်ဟု ကတိပေးခဲ့သည်။
တည်ငြိမ်အေးချမ်းသောဘဝလေးတွင် ယခုနေထိုင်နေသော်လည်း သူ့အတွက် တော့ အထီးကျန်ဆန်နေတုန်းပင်။ ဘာများဆန်းသေးလို့လဲ။ လူတော်တော်များများ ၏ ဘဝများက ဤကဲ့သို့ပင် ငြီးငွေ့စရာကောင်းနေသည်မဟုတ်ပါလား။
မည်သည့်ခြေသံမျှမကြားရပါ။ သို့သော် လင်ရှန်းအာသည် တံခါးဝတွင်ရောက် နေခဲ့ပြီးဖြစ်၏။
သူမသည် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူမ၏အပြုံးလေးက ညှို့ငင်မှု အားကောင်းစွာ စွဲဆောင်နိုင်တုန်းပင်။
သူ့ဘက်က ဘာပဲစွန့်လွှတ်ရ စွန့်လွှတ်ရ ထိုအပြုံးလေးတစ်ချက်က သူစွန့် လွှတ်ခဲ့ရသည်များကို ချေဖျက်ပေးနိုင်စွမ်းရှိသည်။
အားဖေသည် ရုတ်တရက်ပင် ဆုပ်ကိုင်ထားသော ဓားလက်ကိုင်ရိုးကို ဖြေလွှတ် လိုက်ပြီး ပြုံးပြလိုက်သည်။ “မင်း ကျုပ်ထက်တောင်မှ စောစောနိုးနေပါလား။ ကျုပ် ကိုယ်ကျုပ် တဖြည်းဖြည်းပျင်းကြောထူလာပြီ ထင်တာပဲ။”
လင်ရှန်းအာသည် မေးခဲ့သောမေးခွန်းကို အဖြေမပေးခဲ့ဘဲ ပြန်လည်မေးမြန်း လိုက်သည်။ “ဓားကို ကြိုက်ရဲ့လား။”
အားဖေကလည်း ထိုမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။ အမှန်တရားကို မပြောပြချင်သလို လိမ်ညာပြီးလည်းမပြောချင်ပြန်။
လင်ရှန်းအာ-“ဒီဓားကို ဘယ်နေရာကနေပြန်ရလာတာလဲ သိလား။”
အားဖေ-“မသိဘူး။”
လင်ရှန်းအာသည် သူ့အနားသို့ဖြည်းဖြည်းလေး လှမ်းလျှောက်လာနေသည်။ “မ နေ့ညကမှ လူတစ်ယောက်ကို သွန်းထုထားခိုင်းခဲ့တာ။”
အားဖေသည် အတော်လေးအံ့ဩတုန်လှုပ်သွားခဲ့ရပြီး... “မင်း...” ဟုရေရွတ်မိ လိုက်လေသည်။
လင်ရှန်းအာသည် ဓားကိုမြှောက်ကြည့်နေပြီးမှ ပြောဆိုလိုက်သည်။ “ဒီဓားက ရှင်ကိုင်ဆောင်ခဲ့တဲ့ဓားနဲ့တူရဲ့လား။”
အားဖေက ပြန်မဖြေခဲ့ပါ။
လင်ရှန်းအာ-“ရှင်မကြိုက်ဘူးလား။”
အားဖေသည် အချိန်အကြာကြီး စဉ်းစားနေပြီးမှ ပြန်မေးလိုက်သည်။ “ဘာဖြစ် လို့ ကျုပ်အတွက်ဓားတစ်လက် ထုလုပ်ခိုင်းခဲ့တာလဲ။”
လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ ရှင်အသုံးပြုနိုင်အောင်ပေါ့။”
အားဖေတစ်ကိုယ်လုံး အေးစက်သွားခဲ့ရလေသည်။ “ကျုပ်... ကျုပ်လူသတ်ရမှာ လား။”
လင်ရှန်းအာ-“မဟုတ်ဘူး။ ရှင့်ကို လူတစ်ယောက်ကို သွားကယ်တင်ခိုင်းမလို့။”
အားဖေ-“လူတစ်ယောက်ကို ကယ်တင်ရမယ်... ဟုတ်လား။ ဘယ်သူလဲ။”
လင်ရှန်းအာ-“ရှင့်ရဲ့ အခင်မင်ရဆုံး မိတ်ဆွေ...”
သူမ၏စကားပင်မဆုံးသေး အားဖေမှ ထခုန်ပြီးအော်ဟစ်ပြောဆိုလိုက်သည်။ “လီဆွန်းဟွာ...”
လင်ရှန်းအာ ခေါင်းညိတ်ပြလိုက်သည်။
အားဖေ၏မျက်နှာတစ်ခုလုံး နီမြန်းနေပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ “သူဘယ်မှာလဲ။ ဘာဖြစ်တာလဲ။”
လင်ရှန်းအာသည် သူ့လက်ကိုဆွဲထားလိုက်ပြီး ကြင်နာမှုအပြည့်ဖြင့် ပြောဆို လိုက်သည်။ “ခဏထိုင်လိုက်ဦး။ စိတ်အေးအေးထား... ဟုတ်ပြီလား။ ဖြစ်ကြောင်း ကုန်စင် ကျမပြောပြပါ့မယ်။”
အားဖေသည် သက်ပြင်းအကြိမ်ကြိမ်ချပြီးမှ ထိုင်ချလိုက်သည်။
လင်ရှန်းအာ-“သိုင်းလောကမှာ ရှင့်အပြင် ထိပ်သီးသိုင်းသမား ၄ ယောက်ရှိနေ သေးတာသိလား။”
အားဖေ-“ပြောစမ်းပါဦး။”
လင်ရှန်းအာ-“နံပါတ်(၁)ကတော့ ‘လျှို့ဝှက်အဘိုးအို’ ပဲ။ နံပါတ် (၂)က စန့်ကွမ်းကျင်းဟုန်။ အစ်ကိုကြီးလီ... လီဆွန်းဟွာကလည်း သူတို့နဲ့ တန်းတူအဆင့် ရှိတယ်။”
အားဖေ-“ကျန်တဲ့ နောက်ဆုံးတစ်ယောက်ကရော...”
လင်ရှန်းအာ သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောပြနေ၏။ “သူ့နာမည်က ကျင်းဝူမင်းလို့ခေါ်တယ်။ သူဟာအားလုံးထဲမှာ အငယ်ဆုံးဖြစ်သလို ကြောက်စရာ လည်း အကောင်းဆုံးပဲ။”
အားဖေ-“ကြောက်စရာအကောင်းဆုံး... ဟုတ်လား။”
လင်ရှန်းအာ-“ဘာဖြစ်လို့လဲဆိုတော့ သူဟာလူတစ်ယောက်မဟုတ်ဘူး။ လူ သားမဆန်ဘူး။ သူ့ရဲ့အကြီးမားဆုံးသော ရည်ရွယ်ချက်က လူသတ်ခြင်းပဲ။ သူ့ရဲ့ အနှစ်သက်ဆုံး ပျော်ရွှင်မှုကလည်း လူသတ်ခြင်းပဲ။ လူသတ်တာကလွဲပြီး ကျန်တာ ဘာမှမသိသလို ဂရုလည်းမစိုက်ဘူး။”
အားဖေ၏မျက်ဝန်းများမှ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာခဲ့ သည်။ “သူဘာလက်နက် အသုံးပြုတတ်လဲ။”
လင်ရှန်းအာသည် လက်ထဲတွင်ကိုင်ထားသောဓားကို ဘေးသို့ချထားပြီး ပြော ဆိုလိုက်သည်။ “ဓား...”
အားဖေ၏လက်က မသိစိတ်၏စေစားမှုကြောင့် လင်ရှန်းအာချထားခဲ့သော ဓား ကို ရုတ်တရက် ကောက်ယူမိသွားပြီး တင်းကျပ်စွာဆုပ်ကိုင်ထား၏။
လင်ရှန်းအာ-“ကျမကြားဖူးတာတော့ သူ့ဓားပညာက ရှင့်ဓားပညာလိုပဲ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တယ်။ ရှင့်လိုပဲ လျင်မြန်တယ်။”
အားဖေ-“ကျုပ် ဘာဓားပညာမှ မတတ်ဘူး။ ရန်သူရဲ့လည်မျိုကို ဓားနဲ့ဘယ်လို မျိုး ထိုးဖြတ်ရမလဲဆိုတာပဲ ကျုပ်သိတယ်။”
လင်ရှန်းအာ-“ဒါကရှင့်မူပိုင် ဓားပညာပါ။ ဓားပညာအားလုံးရဲ့ အဆုံးမှာတော့ အတူတူပါပဲ။”
အားဖေ-“အဲ့ဒီလူရဲ့လက်ထဲမှာ လီဆွန်းဟွာကျရောက်နေပြီလို့ မင်းဆိုလိုချင်တာ လား။”
လင်ရှန်းအာ-“သူတစ်ယောက်တည်းမဟုတ်သေးဘူး။ စန့်ကွမ်းကျင်းဟုန်လည်း ရှိသေးတယ်။ ဒါပေမဲ့ စန့်ကွမ်းကျင်းဟုန် လိုက်ပါလာမယ်မထင်ဘူး။ သူတစ် ယောက်တည်းပဲဖြစ်လိမ့်မယ်။”
သူမသည် အားဖေကို စကားပြောခွင့်မပေးဘဲ ဆက်တိုက်ဆက်ပြောနေလိုက်၏။ “အဲ့ဒီလူကို မတွေ့ဖူးဘူးဆိုရင် သူဘယ်လောက်ကြောက်ဖို့ကောင်းမှန်း ရှင်မသိနိုင် ဘူး။ ရှင့်ရဲ့ဓားက ပိုပြီးလျင်မြန်ကောင်းလျင်မြန်နိုင်ပေမယ့်... ရှင်ရဲ့ခန္ဓာကိုယ်က တော့...”
အားဖေက အံကြိတ်ပြီးပြောဆိုလိုက်သည်။ “သူဘယ်မှာလဲဆိုတာပဲ ကျုပ်သိချင် တယ်။”
လင်ရှန်းအာသည် အားဖေ၏လက်ကို ညင်သာစွာဆုပ်ကိုင်ထားပြီး ပြောဆိုနေ ၏။ “ကျမ ရှင့်ကို ဓားပြန်မကိုင်စေချင်ဘူး။ နောက်ထပ် လူမသတ်စေချင်ဘူး။ အန္တ ရာယ်တောထဲကို မလွှတ်ချင်ဘူး။ ဒါပေမဲ့ အစ်ကိုကြီးလီ... အတွက်ဆိုတော့ ရှင့်ကို ပေးသွားရတော့မယ်။ ကျမ တစ်ကိုယ်ကောင်းဆန်နေလို့မဖြစ်ဘူး။”
သူမ၏မျက်နှာလေးကို အားဖေစိုက်ကြည့်နေလိုက်၏။ သူ့မျက်ဝန်းထဲတွင်တော့ ကျေးဇူးတင်ခြင်းအရိပ်အယောင်များ ပြည့်လျှံနေလေသည်။
လင်ရှန်းအာ၏ ပါးပြင်ပေါ်သို့ မျက်ရည်ဥများ လိမ့်ကျလာနေသည်။ “သူဘယ် မှာရှိလဲဆိုတာ ရှင့်ကိုကျမပြောပြပါ့မယ်။ ဒါပေမဲ့... ဒါပေမဲ့... ရှင်ကျမကို ကတိ တစ်ခုတော့ ပေးရမယ်။”
အားဖေ-“ဘာကတိလဲ။”
လင်ရှန်းအာသည် သူ၏လက်ကိုညှစ်ဆုပ်ထားပြီး မျက်ရည်စက်လက်ဖြင့် ပြော လိုက်လေသည်။ “ရှင်ပြန်လာပါ့မယ်လို့ ကျမကို ကတိပေးရမယ်။ ကျမ ရှင့်ကိုတစ် သက်လုံးစောင့်နေပါ့မယ်။”
+++++
တော်တော်လေးကြီးသော မြင်းလှည်းတစ်စီးဖြစ်၏။
လောင်ရှောင်း၃ယွန်သည် ထောင့်စွန်းတွင်ထိုင်နေပြီး သူရှေ့မှလူကိုအကဲခတ် စိုက်ကြည့်နေ၏။
ထိုသူသည် မတ်တတ်ရပ်နေ၏။
မြင်းလှည်းတွင်း၌ပင်လျှင် မတ်တတ်ရပ်နေ၏။
လှည်းဘယ်လောက်ခုန်ခုန် လူကတော့ မယိမ်းမယိုင် ကျောက်ရုပ်တစ်ရုပ်လို မားမားမတ်မတ်ရပ်နေ၏။
ဤလိုလူစားမျိုး လောင်ရှောင်း၃ယွန် တစ်ခါမှမတွေ့မြင်ဖူးခဲ့။ လောကကြီးတွင် ရှိနေမည်ဟုလည်း မတွေးထင်ထား။
သူလှည့်စား၍ရသောလူများထဲမှ အတော်များများသည် ငတုံးငနုံများဖြစ်ကြ သည်ဟု သူခံယူထား၏။
သို့သော် ဘာကြောင့်မှန်းမသိ ဤလူ၏ရှေ့တွင် သူကြောက်ရွံ့ထိတ်လန့်နေရ လေသည်။
ဤလူအနီးတစ်ဝိုက်တွင်ရှိနေသရွေ့ သူ့ထံမှလူသတ်ငွေ့များထွက်ပေါ်လာသလို ခံစားရ၏။
သို့ရာတွင် သူကျေနပ်သည်။
သူတောင်းဆိုခဲ့သမျှကို စန့်ကွမ်းကျင်းဟုန်က လက်ခံလိုက်လျောခဲ့လေသည်။
ဖိတ်စာများဝေငှပြီးသွားပြီ။ သိုင်းလောကမှ မိတ်ဆွေများလည်း သိသွားကြပြီ။ အခမ်းအနားကို နောက်လတွင်ပြုလုပ်မည်ဖြစ်သည်။
ယခု ကျင်းဝူမင်းလိုက်ပါလာသည့်အတွက် လီဆွန်းဟွာ သေဆုံးရပေတော့မည်။
လီဆွန်းဟွာတစ်ယောက် မည်ကဲ့သို့လွတ်မြောက်သွားနိုင်မည်ဆိုသည့် အချက် လေးတစ်ချက်ကိုမျှ သူမစဉ်းစားနိုင်။
သူသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး မျက်လုံးများမှိတ်ထားလိုက်၏။ သူ့ အတွေးထဲ၌ ချောမောလှပသော မျက်နှာလေးမြင်ယောင်နေမိ၏။ သူ့ပေါင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ကိုချိုသာစွာ ပြောဆိုနေသည်။ “မင်း ချာတိတ်တစ်ယောက်မှ မဟုတ်တော့ဘဲ။ တခြားလူတွေမသိတဲ့အရာတွေကိုတောင်မှ သိနေသေးတယ်။ ဒီ ပညာတွေ ဘယ်ကနေသင်လာခဲ့တာလဲဟင်။”
လောင်ရှောင်း၃ယွန် ပြုံးလိုက်မိ၏။
“တချို့အရာတွေက သင်ယူပြီးမှ တတ်မြောက်လာတာမဟုတ်ဘူး။ အဆင်သင့် ဖြစ်နေပြီဆိုရင် သူ့အလိုလိုတတ်မြောက်လာခဲ့ရတာပါ။”
သူ့ကိုယ်သူ လူလားမြောက်ပြီဟု မှတ်ယူနေမိ၏။
ဤသို့သော စိတ်ခံစားချက်များသည် ချာတိတ်တစ်ယောက်အတွက် လွန်စွာမှ ပျော်ရွှင်စရာကောင်းသော ခံစားချက်လည်းဖြစ်၏။
ချာတိတ်လေးများသည် လူကြီးဆန်ဆန် သူတို့ကိုယ်သူတို့ ခံယူတတ်ကြ၏။ အဘိုးအိုများကတော့ သူတို့ကိုယ်သူတို့ လူငယ်လေးတစ်ယောက်လို ခံယူတတ်ကြ ၏။ ဤအရာသည် လူ့ဘဝကြီး၏ မပြောင်းလဲသော နိယာမတရားလည်းဖြစ်နေပြန် ၏။
တခြားသူများဆိုလျှင် အတွေးစများကို ဤနေရာ၌ပင် ရပ်တန့်ထားလိုက်ကြပေ မည်။
လောင်ရှောင်း၃ယွန်ကတော့ နက်နက်နဲနဲ ဆက်ပြီးစဉ်းစားနေပြန်သည်။ “ငါ့ဆီ ကို သူဘာဖြစ်လို့ရောက်လာခဲ့တာလဲ။”
“လီဆွန်းဟွာဘယ်မှာရှိလဲဆိုတာ သိချင်လို့များလား။”
ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် လောင်ရှောင်း၃ယွန်သည် ဖျတ်လတ် တက်ကြွလာခဲ့ရသည်။ “ဘာဖြစ်လို့ လီဆွန်းဟွာရှိတဲ့နေရာကို သူသိချင်နေရပါ လိမ့်။”
“လီဆွန်းဟွာကို ကယ်ထုတ်ချင်လို့များလား။”
ဒါတော့ လုံးဝမဖြစ်နိုင်။ လင်ရှန်းအာ လီဆွန်းဟွာကို ဘယ်လောက်မုန်းတီးနေ ကြောင်း သူအသိဆုံး။ စန့်ကွမ်းကျင်းဟုန်ကို အသုံးချပြီး လီဆွန်းဟွာကို လုပ်ကြံ ခဲ့ဖူးသည်ကိုလည်း သူသိထား၏။
“ဒါဆိုရင် ဘာဖြစ်လို့များလဲ။”
သူဆက်ပြီးမတွေးတောတတ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ဘာကိုဆက် တွေးရမှန်း သူမသိနိုင်တော့သောကြောင့်ဖြစ်လေသည်။
အခြေအနေများ ပြောင်းလဲသွားပြီဆိုသည်ကို သူမသိရှိခဲ့ချေ။ ဟိုစဉ်တုန်းက လင်ရှန်းအာသည် စန်ကွမ်းကျင်းဟုန်ကို အသုံးချပြီး လီဆွန်းဟွာကိုလုပ်ကြံခဲ့ခြင်း ဆိုသည်မှာ မှန်သည်။ သို့သော် ယခုအခြေအနေများက ပြောင်းပြန်ဖြစ်သွားသည်ကို သူမသိနိုင်။
စန့်ကွမ်းကျင်းဟုန်၏ ချောင်ပိတ်မှုမခံချင်ဘူးဆိုလျှင် လင်ရှန်းအာအတွက် လီဆွန်းဟွာနှင့်အားဖေတို့ကို အသေခံ၍မဖြစ်။
မဟုတ်ပါက စန့်ကွမ်းကျင်းဟုန်က သူမကို နင်းခြေပစ်လိုက်လိမ့်မည်။ စန့် ကွမ်းကျင်းဟုန်ကိုယ်တိုင် တစ်ခါက ပြောခဲ့ဖူးသည်။ “ကျုပ်က ကျုပ်ပဲ။ အားဖေမ ဟုတ်သလို ကျင်းဝူမင်းလည်းမဟုတ်ဘူး။ ကျုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် အသုံးချဖို့ ဆက်ဆံနေကြတာ။ တစ်ယောက်ကိုတစ်ယောက်လည်း မလိုအပ်ဘူး။ ပြီးတာနဲ့ နှုတ်ဆက်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြရုံပဲ။”
သိုင်းလောက၏ အခြေအနေများက မိန်းမတစ်ယောက်၏ နှလုံးသားထက်ပင် ပို၍လျင်မြန်စွာ ပြောင်းလဲနိုင်သေးသည်မဟုတ်ပါလား။ မည်သည့်ကွေ့တွင် မည် သည့်တက်ဖြင့်လှော်ခတ်မည်ကို မည်သူမျှမသိနိုင်။
မြင်းလှည်းသည် မြို့ထဲရှိ လူအစည်ကားဆုံးနေရာတွင် ရပ်တန့်သွားခဲ့၏။ လွန်စွာမှပင် ကြီးမားခန့်ထည်သော ကုန်စုံဆိုင်ကြီးရှေ့တွင် ရပ်တန့်သွား၏။
ဤနေရာ၌ လီဆွန်းဟွာကို ဖမ်းချုပ်ထားခြင်းများလား...
လောင်ရှောင်း၄ယွန်တို့ သားအဖနှစ်ယောက်သည် ဉာဏ်ထက်မြက်သူများဖြစ် ကြ၏။ လူအစည်ကားဆုံးနေရာသည် ပုန်းခိုရန်အလုံခြုံဆုံးနေရာဆိုသည်ကို သိရှိ ထားကြသည်။
လောင်ရှောင်း၃ယွန် မတ်တတ်ထရပ်လိုက်သည်။ “ကြွပါခင်ဗျာ။”
ကျင်းဝူမင်း-“မင်းရှေ့က အရင်ဆုံးထွက်။”
လောင်ရှောင်း၃ယွန်ကို ပထမဆုံးအကြိမ်အဖြစ် သူစကားပြောခြင်းဖြစ်သည်။
သူများရှေ့မှ လမ်းလျှောက်ရန် သူမနှစ်သက်။ သူ့နောက်တွင် လူတစ်ယောက် လျှောက်ပါလာမည်ဆိုပါက ပို၍ပင်မကြိုက်သေး။
သူတို့သည် ဆိုင်တွင်းသို့ဝင်ရောက်လိုက်ကြသည်။
ဆိုင်အနောက်ဘက်တွင် သိုလှောင်ခန်းလေးရှိသည်။
ဤနေရာတွင် လီဆွန်းဟွာကို ဖမ်းချုပ်ထားကြသည်လား။ ပုန်းအောင်းရန် အလွန်ကောင်းသောနေရာလည်းဖြစ်၏။
သို့သော် လောင်ရှောင်း၃ယွန်က ဆက်လျှောက်သွားပြန်သည်။ သိုလှောင်ခန်း ကို သူတို့ဖြတ်ကျော်လာခဲ့ကြသည်။
ဆိုင်အနောက်တံခါးသို့ပင် ရောက်ရှိလာကြလေသည်။
ဆိုင်နောက်ဘက်တံခါးပေါက်ဝတွင် မြင်းလှည်းတစ်စီး ရပ်ထား၏။
ဤတစ်ကြိမ်တွင်တော့ လောင်ရှောင်း၃ယွန်သည် မည်သည့်စကားမျှ မပြောဆို တော့ဘဲ ကျင်းဝူမင်းကို ဦးညွတ်လိုက်ပြီး မြင်းလှည်းထဲသို့ ဝင်ရောက်သွားလေ သည်။
ဒါဆိုရင် လီဆွန်းဟွာ ဤနေရာ၌ မရှိနေချေ။
ဤနေရာသို့ လောင်ရှောင်း၃ယွန် ဖြတ်လာခဲ့ခြင်းသည် နောက်ယောင်ခံ လိုက် လာသူများကို မျက်စိလှည့်ခဲ့ခြင်းသာဖြစ်၏။
ဤသားအဖသည် တော်တော်လေး သံသယများသူများဖြစ်ကြသည်။
မြင်းလှည်းသည် မြို့ပြင်သို့ ထွက်လာခဲ့ပြန်သည်။
ပြီးနောက် ဆန်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်တန့်သွား၏။ သို့သော် ဤနေရာသည် လည်း လီဆွန်းဟွာကို ထားရှိသောနေရာမဟုတ်ပြန်။
ဤနေရာ၌ သူတို့သည် နွားလှည်းတစ်စီးပေါ်သို့ ပြောင်းတက်လိုက်ကြပြန် သည်။ ဆန်သယ်သော နွားလှည်းဖြစ်၏။
နွားလှည်းသည် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြန်သည်။ လူစည်ကား သောနေရာဖြစ်သောကြောင့် ပုန်းလျှိုးကွယ်လျှိုးသွားရန်မဖြစ်နိုင်ပေ။ လောင်ရှောင်း ၃ယွန်က တောင်းပန်လိုက်သည်။ “ဒီလိုလုပ်ရတာအတွက် တောင်းပန်ပါတယ်ခင် ဗျာ။”
ကျင်းဝူမင်း ဘာမှမပြောလိုက်ပါ။
သူတို့၏ အစီအစဉ်များက ရေပက်မဝင် လုံခြုံလှသည်။ လှုပ်ရှားမှုများကလည်း လျင်မြန်သွက်လက်လှသည်။ အပြောင်းအလဲများက ဖျတ်လတ်သလို ရုတ်တရက် ချည်းပင်ဖြစ်သည်။
အကောင်းဆုံးနောက်ယောင်ခံလိုက်နိုင်သူများပင် မျက်စိလယ်သွားလောက်ပေ သည်။
ကျင်းဝူမင်းက ချီးကျူးစကားပြောဆိုလိမ့်မည်မဟုတ်ကြောင်း လောင်ရှောင်း၃ ယွန် သိထား၏။ ကျင်းဝူမင်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုလောက် ထွက် ပေါ်လာလျှင်ကို သူကျေနပ်ပေပြီ။
အကယ်၍ တစ်စုံတစ်ယောက်သည် အံ့အားသင့်စရာများကို လုပ်ပြခဲ့သော် လည်း အချီးမွမ်းမခံခဲ့ရဘူးဆိုလျှင် ချစ်သူကြည့်ဖို့ ရမ္မက်ကြွစွာဝတ်စားထားသော မိန်းမတစ်ယောက်ကို သူ့ချစ်သူက ဂရုစိုက်၍ပင်ကြည့်ရှုခြင်းမရှိသကဲ့သို့ပင်။
နောက်ဆုံးတွင်တော့ လောင်ရှောင်း၃ယွန်သည် ကလေးသာသာချာတိတ်လေး တစ်ယောက်သာမဟုတ်ပါလား။
ကလေးတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ အတွင်းစိတ်သန္တာန်များက အတူ တူပင်ဖြစ်ကြလေသည်။
ကျင်းဝူမင်းသည် အမူအရာကင်းမဲ့သူတစ်ယောက်ဖြစ်၏။
နွားလှည်းသည် လူပြတ်လတ်သော လမ်းကြားလေးသို့ ချိုးဝင်လာခဲ့သည်။ ဤ လမ်းလေးတွင် အိမ်ခြေ ၇ အိမ်သာရှိနေ၏။ အိမ်များအားလုံးသည် ခမ်းနားကြီး ကျယ်သော မင်းစိုးရာဇာများနေထိုင်သည့် စံအိမ်ကြီးများပင်ဖြစ်ကြသည်။
ရုတ်တရက် ခြံတံခါးတစ်ခုပွင့်သွား၏။
ဤအိမ်သည် မြို့တော်ဝန် ဖန်လင်ခွမ်း၏ စံအိမ်ဖြစ်ကြောင်း လူတိုင်းသိသည်။
သိုင်းလောကသားတစ်ယောက်နှင့် မင်းမှုထမ်းတစ်ယောက်တို့ ဘာလို့များ ပတ် သက်ဆက်နွယ်နေပါလိမ့်။
မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်။
ခန်းမထဲတွင် စောင့်ဆိုင်းနေသူမှာ လောင်ရှောင်း၄ယွန်မှလွဲ၍ မည်သူဖြစ်နိုင်ပါ ဦးမည်နည်း။
နွားလှည်းပေါ်မှ ကျင်းဝူမင်း ဆင်းထွက်လာချိန်တွင် လောင်ရှောင်း၄ယွန်သည် သူ့ထံအပြေးလေး ရောက်ရှိလာခဲ့ပြီး နှုတ်ခွန်းဆက်လိုက်သည်။ “ဆရာကျင်းကို ကြားဖူးနေတာကြာပါပြီ။ ခုမှပဲ လူချင်းတွေ့ဆုံရတော့တယ်။ ဂုဏ်ယူပါတယ်ဗျာ။”
ကျင်းဝူမင်းသည် သူ၏ဓားကိုသာစိုက်၍ကြည့်နေလိုက်ပြီး လောင်ရှောင်း၄ယွန် ကို အရေးပင်မစိုက်။
လောင်ရှောင်း၄ယွန်သည် အပြုံးမပျက်ပင် ပြောဆိုနေ၏။ “ကျနော် ဒီမှာ စား သောက်ဖွယ်ရာတွေ ပြင်ဆင်ထားပါတယ်။ ဆရာကျင်း ကြွပါခင်ဗျာ။”
ကျင်းဝူမင်းသည် ထိုနေရာ၌ မလှုပ်မယှက်ပင်ရပ်နေဆဲ။ ပြီးမှ အေးစက်စွာ မေး မြန်းလိုက်သည်။ “လီဆွန်းဟွာ ဒီမှာလား။”
လောင်ရှောင်း၄ယွန်-“ဒီစံအိမ်က အရာရှိမင်းဖန်ရဲ့စံအိမ်ပါ။ ပြီးခဲ့တဲ့ရက်အနည်း ငယ်လေးကမှပဲ သူခရီးထွက်သွားခဲ့ပါတယ်။ ဧကရာဇ်မင်းတြားကြီးက သူ့ကို ၃ လ ခွင့်ပေးခဲ့ပါတယ်။”
ထိုစကားနေရာသို့ရောက်ရှိသောအခါတွင် လောင်ရှောင်း၄ယွန်၏မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး ဆက်ပြောနေပြန်သည်။ “အရာရှိ မင်းဖန်မှာ ဆွေမျိုးညာတိလည်း ဟုတ်တိပတ်တိရှိတာမဟုတ်ပါဘူး။ နယ်စားကြီးက လည်း ကျနော်ခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါကြောင့်မို့လို့ သူခရီးထွက် သွားခဲ့ပြီးတာနဲ့ ဒီစံအိမ်ကြီးကိုခဏငှားနေ နေတာပါ။”
ဤနေရာကို သူငှားနေနိုင်သည်ဆိုခြင်းမှာ လွယ်ကူလွန်းပါသည်။ အဘယ် ကြောင့်ဆိုသော် ငွေဖြင့် အရာရာကိုဝယ်ယူနိုင်သည်မဟုတ်ပါလား။ ဤလျှို့ဝှက်ချက် လေးကို လူအတော်များများက မျက်စိလျှမ်းနေတတ်ကြလေသည်။
လောင်ရှောင်း၄ယွန်၏ မျက်နှာပေါ်၌ ကောက်ကျစ်သောမျက်နှာပေး ရှိနေခဲ့ခြင်း မှာ အဆန်းမဟုတ်တော့။
ကျင်းဝူမင်းသည် သူ့လက်ကိုသူစိုက်ကြည့်နေဆဲပင်။ ရုတ်တရက်ပင် သူ မေး မြန်းလိုက်၏။ “ကျုပ်တို့နောက်ကို နောက်ယောင်ခံလိုက်လာမယ့်လူ တစ်ယောက်မှ မရှိဘူးဆိုတာ သေချာရဲ့လား။”
လောင်ရှောင်း၄ယွန်၏ မျက်နှာပေး ချက်ချင်းပြောင်းလဲသွားခဲ့ရသည်။ သို့ သော်အပြုံးမပျက်ပင် ပြောဆိုနေနိုင်သေး၏။ “တစ်စုံတစ်ယောက်ကသာ ခင်ဗျားတို့ ကို နောက်ယောင်ခံလိုက်လာနိုင်တယ်ဆိုရင် အဲ့ဒီလူကို ကျုပ်ကိုယ်တိုင် ဦး၃ကြိမ်ချ ပြီး ကန်တော့ပါ့မယ်။
ကျင်းဝူမင်းက အေးစက်စွာ ပြောဆိုလိုက်လေတော့သည်။ “ဒါဆိုရင်လည်း ဦးချဖို့ပြင်ထားလိုက်တော့။”
လောင်ရှောင်း၄ယွန်သည် ပြုံးနေဆဲပင်ရှိနေသေး၏။ “ဒါပေမဲ့... အကယ်၍...”
ဤစကားနှစ်ခွန်းအဆုံးတွင် သူ့အသံရပ်တန့်သွားခဲ့ရလေသည်။ မျက်နှာထက် မှ အပြုံးသည်လည်း တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ရ၏။
သူ့ဖခင်ကြည့်နေရာသို့ လောင်ရှောင်း၃ယွန် လိုက်ကြည့်လိုက်သောအခါ သူ့ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားခဲ့ရသည်။
အခန်းထောင့်တွင် လူတစ်ယောက် ရပ်နေ၏။
သူဘယ်အချိန်က ဝင်ရောက်လာခဲ့မှန်း မည်သူမျှမသိကြသလို ဘယ်လိုဝင် ရောက်လာခဲ့မှန်းကိုလည်း မသိနိုင်ကြချေ။
0 comments:
Post a Comment