အမှောင်ထုထဲမှ ရုန်းကန်လှုပ်ရှားသံများ... အသက်ရှူသံပြင်းပြင်းများ... ရမ္မက်ကြွညည်းတွားသံများ...
ပြီးနောက် လှုပ်ရှားသံအားလုံး ငြိမ်သက်သွားလေသည်။
အချိန်အကြာကြီးနေမှ မိန်းမတစ်ယောက်၏ စကားသံထွက်ပေါ်လာ၏။ တိုး တိုးလေးကပ်ပြောနေခြင်းလည်းဖြစ်၏။ “ရှင်သိလား... ကျမရှင့်ကို မေးခွန်းတစ်ခု မေးချင်နေခဲ့တာ တစ်ပိုင်းသေတော့မယ်။”
အမျိုးသမီး၏အသံသည် ချိုအီနေပြီး ရမ္မက်ခိုးများဝေနေဆဲ။ ယောက်ျားတစ် ယောက်သည် ဤအသံကိုကြားပြီးနောက် ရမ္မက်မကြွလာခဲ့ဘူးဆိုလျှင် ထိုယောက်ျား သည် နားပင်းနေ၍ပင်ဖြစ်ရမည်။
ယောက်ျားတစ်ယောက်၏အသံထွက်ပေါ်လာ၏။ “မင်းဘာဖြစ်လို့ မမေးသေး တာလဲ။”
အသံရှင်၏အသံသည် တော်တော်လေးထူးခြားသည်။ သင်သာထိုသူ၏ အနီး နားတွင်ရှိနေပါက အသံသည် အဝေးမှလာသည်ဟုထင်ရနိုင်ပြီး သင်သာထိုသူ၏ အဝေးမှဆိုလျှင် အသံသည် အနီးအနားမှထွက်ပေါ်လာသည်ဟု ထင်ရနိုင်လေသည်။
အမျိုးသမီး-“ရှင်ဟာ လူသားတစ်ယောက်မှဟုတ်ရဲ့လား။ သံမဏိနဲ့ဖွဲ့စည်းတည် ဆောက်ထားတာများလားရှင်။”
အမျိုးသား-“မင်းမပြောနိုင်ဘူးလား။”
အမျိုးသမီး၏အသံက ပို၍ပင်ချိုအီလာခဲ့၏။ “ရှင်သာလူသားတစ်ယောက်ဆို ရင် ဘာဖြစ်လို့များ မမောနိုင်မပန်းနိုင် လုပ်နိုင်ရတာလဲရှင်။”
အမျိုးသား-“မင်းနားချင်နေပြီလား။”
အမျိုးသမီးသည် တခစ်ခစ်ရယ်မောနေလိုက်သည်။ “ဘာလဲ... ကျမ မလုပ်နိုင် တော့ဘူးလို့ ထင်နေလို့လား။ နောက်တစ်ခေါက်လောက် စမ်းကြည့်လိုက်လေ။”
အမျိုးသား-“ခုတော့မဟုတ်သေးဘူး။”
အမျိုးသမီး-“ဘာဖြစ်လို့လဲ။”
အမျိုးသား-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်မင်းကို ခိုင်းစရာလေးတစ်ခုရှိနေလို့။”
အမျိုးသမီး-“ကျမ ရှင်ပြောသမျှ လုပ်ဆောင်ပေးပါ့မယ်တဲ့ရှင်။”
အမျိုးသား-“ကောင်းတယ်။ ဒါဆိုရင် အားဖေကိုခုချက်ချင်းပဲ သွားသတ်လိုက် တော့။”
အမျိုးသမီးသည် ရုတ်ချည်းပင် တွေဝေငေးငိုင်သွားရ၏။ အတော်လေးကြာ သောအခါမှ သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ကျမ ရှင့်ကိုပြောခဲ့ပြီးပါပြီကော လား။ သူ့ကိုသတ်လို့မရသေးပါဘူးလို့။”
အမျိုးသား-“အခုတော့ သတ်လို့ရပါပြီ။”
အမျိုးသမီး-“ဘာဖြစ်လို့လဲ။ လီဆွန်းဟွာ သေသွားပြီလား။”
အမျိုးသား-“သေတော့မသေသေးဘူး။ ဒါပေမဲ့ သေဖို့သိပ်မလိုတော့ဘူး။”
အမျိုးသမီး-“သူ... သူဘယ်မှာလဲဟင်...”
အမျိုးသား-“ကျုပ်လက်ထဲမှာ ရောက်နေပါပြီ။”
အမျိုးသမီးသည် ချိုသာစွာပြုံးပြလိုက်သည်။ “ရှင်နဲ့ကျမ ညတိုင်းအတူတူနေခဲ့ ကြတာပဲ။ ဘယ်လိုလုပ်ပြီး သူ့ကိုဖမ်းမိသွားတာပါလိမ့်။ ရှင်နှစ်ကိုယ်ခွဲခဲ့တာတော့ မဟုတ်လောက်ပါဘူးနော်။”
အမျိုးသား-“ကျုပ်လိုအပ်ချက်တွေကို ကျုပ်ကိုယ်တိုင် ရယူဖို့မလိုပါဘူး။ တစ် ယောက်ယောက်က ကျုပ်အတွက် ယူဆောင်ပေးလာပါလိမ့်မယ်။”
အမျိုးသမီး-“ဘယ်သူများလဲ။ လီဆွန်းဟွာကို ဖမ်းဆီးလာနိုင်ခဲ့တာ ဘယ်သူ များလဲရှင်။”
အမျိုးသား-“လောင်ရှောင်း၄ယွန်။”
အမျိုးသမီးသည် ‘ဟင်’ကနဲ အံ့အားသင့်သွားခဲ့ရသည်။ ပြီးမှ ဟန်မပျက်ပင်ပြုံး ပြီးပြောဆိုလိုက်သည်။ “လောင်ရှောင်း၄ယွန်ကလွဲလို့ ဘယ်သူများဖြစ်နိုင်ဦးမှာလဲ။ လီဆွန်းဟွာရဲ့ အခင်မင်ရဆုံးမိတ်ဆွေကသာ သူ့ကိုဒုက္ခပေးနိုင်တာပါ။ လက်နက် အားလုံးကို ရင်ဆိုင်ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်ပေမယ့် သူ့ရဲ့ မိတ်ဆွေတွေအ ပေါ်ထားရှိတဲ့ ပျော့ညံ့ညံ့သဘောထားကတော့ ဟာကွက်တွေချည်းပါပဲ။”
အမျိုးသားသည် အေးစက်စက်ပြောဆိုလိုက်သည်။ “မင်း သူ့အကြောင်းကို သိပ် ပြီးသိနေပါလား။”
အမျိုးသမီးသည် ခစ်ကနဲရယ်မောလိုက်သည်။ “ရန်သူတွေကို မိတ်ဆွေတွေ ထက်တောင်မှ ကျမပိုသိနေတတ်သေးတယ်။ ဥပမာဆိုပါတော့... ရှင့်အကြောင်းကို ကျမ ခုချိန်ထိမသိနိုင်သေးဘူး။”
သူမသည် လျင်မြန်စွာ စကားလမ်းကြောင်းလွှဲပြောလိုက်သည်။ “လောင်ရှောင်း၄ ယွန်ရဲ့စိတ်ဓာတ်ကို ကျမသိတယ်။ သူ့အကျိုးမရှိဘဲနဲ့ လီဆွန်းဟွာကို ရှင့်လက်ထဲ အပ်မှာမဟုတ်ဘူး။”
အမျိုးသား-“မင်း အဲ့ဒီလိုပဲထင်တယ်ပေါ့။”
အမျိုးသမီး-“သူကိုယ်တိုင် သူ့လက်နဲ့ လီဆွန်းဟွာကို မသတ်ချင်လို့ ရှင့်ဘက် ကိုလွှဲချပေးလိုက်တာပဲ။”
အမျိုးသား-“သူ့အကြံဒါအကုန်ပဲလို့ မင်းထင်နေလား။”
အမျိုးသမီး-“သူဘာများ ထပ်တောင်းဆိုနေသေးလို့လဲ။”
အမျိုးသား-“သူက ကျုပ်နဲ့သွေးသောက်ညီအစ်ကိုဖြစ်ချင်နေသေးတယ်။”
အမျိုးသမီးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ဘယ်လိုမျိုး အကျိုးအ မြတ်ရှာရမလဲဆိုတာတော့ သူသိသေးသားပဲ။ ရှင်ကကော သဘောတူလိုက်လား။”
အမျိုးသား-“အင်း...”
အမျိုးသမီး-“သူရှင့်ကို အသုံးချနေတယ်ဆိုတာ ရှင်မသိဘူးလား။”
အမျိုးသားက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ပြီးနောက် ရုတ်တရက်ပင် အေးစက်စွာရယ်မောနေလိုက်ပြန်၏။ “ဟားဟား ဟား သူ့အကြံအစည်က ခပ်တုံးတုံးပါကွာ။”
အမျိုးသမီး-“ခပ်တုံးတုံးအကြံအစည်... ဟုတ်လား။”
အမျိုးသား-“သူသာကျုပ်ရဲ့ သွေးသောက်ညီအစ်ကိုဖြစ်လာတယ်ဆိုရင် ကျုပ်က သူ့ကို ရန်မရှာနိုင်တော့ဘူးလို့ထင်နေတယ်။ ကျုပ်ရဲ့ သွေးရင်းညီအစ်ကိုဖြစ်နေဦး တော့... ကျုပ်အတွက် မထူးခြားပါဘူး။”
အမျိုးသမီးက ခစ်ကနဲရယ်မောလိုက်သည်။ “မှန်တယ်။ သူတောင်မှ လီဆွန်း ဟွာကို သစ္စာဖောက်နိုင်ခဲ့သေးတာပဲ။ ရှင်ကလည်း သူ့ကိုသစ္စာမဖောက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။”
အမျိုးသား-“ကျုပ်မျက်စိထဲမှာ လောင်ရှောင်း၄ယွန်က တစ်ပြားမှမတန်ပေမယ့် သားလုပ်တဲ့သူကတော့ အလာကြီး။”
အမျိုးသမီး-“အဲ့ဒီသရဲလေးနဲ့ ရှင်တွေ့ခဲ့ပြီးပြီပေါ့လေ။”
အမျိုးသား-“လောင်ရှောင်း၄ယွန်ကိုယ်တိုင် ကျုပ်ဆီမလာခဲ့ဘူး။ သူ့သားပဲကျုပ် ကိုလာတွေ့ခဲ့တယ်။”
အမျိုးသမီးက သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “ရှင်ပြောတာမှန်တယ်။ အဲဒီ ကောင်လေးက သရဲလေးဆိုပေမယ့် လူကြီးသိပ်ဆန်တယ်။”
အမျိုးသားသည် တော်တော်လေးကြာအောင် စဉ်းစားနေလိုက်ပြီး ရုတ်တရက် ပြောဆိုလိုက်သည်။ “မင်းသွားတော့။”
အမျိုးသမီး-“ကျမ ဒီနေရာမှာ ခဏလေးတောင်မှ နေလို့မရတော့ဘူးလားရှင်။”
အမျိုးသား-“မရဘူး။”
အမျိုးသမီးသည် ချိုအီစွာပျစ်ချွဲနေလိုက်သည်။ “တခြားယောက်ျားတွေအကုန် လုံး ကျမနဲ့ ခွဲခွာရတော့မယ်ဆိုရင် သိပ်ပြီးတွေဝေတတ်ကြတယ်။ သူတို့စိတ်ထဲမှာ ကျမ နဲ့ တတ်နိုင်သမျှ အချိန်ကြာကြာလေးနေချင်ကြတယ်။ ရှင်... ရှင်တစ်ယောက် ပဲ ကျမနဲ့လုပ်စရာရှိတာပြီးရင် ချက်ချင်းပဲ ကျမကိုမောင်းထုတ်တတ်တယ်နော်။”
အမျိုးသားက အေးစက်စက်တုံ့ပြန်လိုက်သည်။ “ကျုပ်က တခြားယောက်ျားတွေ နဲ့မတူဘူး။ မင်းရဲ့ချစ်သူလည်းမဟုတ်ဘူး။ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် အကျိုးရှိလို့ ပေါင်းသင်းဆက်ဆံနေကြတာမဟုတ်လား။ ဒီအချက်ကို ကျုပ်တို့နှစ် ယောက်လုံး သိထားပြီးမှတော့ ဘာဖြစ်လို့သံယောဇဉ် ငြိတွယ်ကြရဦးမှာလဲ။”
မှောင်မည်းနေသော အခန်းတစ်ခန်း။ အပြင်ဘက်တွင်တော့ အလင်းရောင်ရှိနေ ၏။
တလက်လက် လင်းလက်နေသော ကြယ်ရောက်ပျိုးပျိုးပြက်ပြက်လေးများ...
ကြယ်ရောင်များအောက် မြေပြင်ပေါ်တွင် လူသားတစ်ယောက် မတ်တတ်ရပ်နေ ၏။ အခန်းအပြင်ဘက်တွင် ရပ်နေခြင်းဖြစ်၏။ သူ၏အသက်ကင်းမဲ့နေသော မီးခိုး ရောင်မျက်လုံးသေများက အဝေးတစ်နေရာသို့ ငေးမောကြည့်နေကြသည်။ သူ၏ ခန္ဓာကိုယ်သည် ကျောက်ရုပ်တစ်ရုပ်အလား တည့်မတ်ငြိမ်သက်စွာရှိနေ၏။
ယခုတော့ ထိုမျက်ဝန်းသေများထဲတွင် နာကျည်းနောင်ကြဉ်သော အရိပ်အ ယောင်များကို တွေ့နိုင်လေသည်။
ဤနေရာ၌ရပ်နေရခြင်းကို သူ မခံစားနိုင်ပါ။
အခန်းထဲမှ အသံဗလံများကိုလည်း မခံစားနိုင်ပါ။
သို့သော် သူကြိတ်မှတ်ပြီး ခံစားရပေမည်။
သူ၏ဘဝတွင် လူတစ်ဦးတစ်ယောက်တည်းအပေါ်သာ သစ္စာစောင့်သိ၏။ စန့် ကွမ်းကျင်းဟုန်သာဖြစ်လေသည်။
သူ့ဘဝ... သူ့အသက်ကို စန့်ကွမ်းကျင်းဟုန် ပိုင်ဆိုင်လေသည်။
တံခါးပွင့်လာခဲ့၏။
သူ၏နောက်ကွယ်မှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကြယ်ရောင်အောက်တွင် သူမ၏မျက်နှာလေးသည် လှပကျော့ရှင်းပြီး အပြစ် ကင်းစင်နေလေသည်။ သူမကို မြင်တွေ့လိုက်ကြရသူတိုင်း အခန်းထဲ၌ သူမဘာလုပ် ခဲ့မှန်း ယုံကြည်နိုင်ကြမည်မဟုတ်ကြချေ။
ခန္ဓာကိုယ်အပြင်ဘက်တွင် နတ်သမီး... အတွင်းစိတ်သန္တာန်က မာရ်နတ်... လင်ရှန်းအာမှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။
ကျင်းဝူမင်း လှည့်ကြည့်ခြင်းမရှိပါ။
သူ့ကို လင်ရှန်းအာက ဝိုင်းကြီးပတ်ပတ်လုပ်နေပြီး စူးစူးစိုက်စိုက်ကြည့်နေ၏။
သူမ၏မျက်ဝန်းများထဲ၌ရှိနေသော ကရုဏာအကြင်နာတရားတို့က ကြယ်က လေးများ၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များကဲ့သို့ပင်။
ကျင်းဝူမင်း၏ အာရုံများက အဝေးတစ်နေရာသို့ ပို့ဆောင်ထားပြီး သူမကိုရှိနေ သည်ဟုပင် ထင်ထားပုံမရ။
လင်ရှန်းအာ၏လက်များက သူ့ပခုံးပေါ်သို့ သိုင်းဖက်လာကြ၏။ ပြီးနောက် သူ့ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကိုင်တွယ်နေလိုက်ပြန်သည်။
ကျင်းဝူမင်းက တုန်လှုပ်ခြင်းအလျင်းမရှိ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေ သလိုမျိုး အာရုံထားထားပုံရသည်။
လင်ရှန်းအာက ပြုံးလိုက်သည်။ ပြီးနောက် ချိုအီစွာပြောဆိုလိုက်သည်။ “ကျမ တို့ကို တံခါးစောင့်လုပ်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ အပြင်ဘက်မှာ ရှင်စောင့်ပေးနေတယ်ဆိုတာ သိလိုက်ရတော့ ကျမသိပ်ပြီးစိတ်လှုပ်ရှားတာပဲ။ ကျမ လုပ်ချင်တာကိုလည်း စိတ်ချလက်ချ စိတ်ရှိလက်ရှိလုပ်နိုင်သွားတော့တယ်။”
ရုတ်တရက်ပင် ကျင်းဝူမင်း၏ နားရွက်ကို သူမ၏နှုတ်ခမ်းနှစ်လွှာဖြင့် ညင်သာ စွာဖိကိုက်ထားပြီး တိုးတိုးလေးညုပြောနေသည်။ “ရှင့်ကို ကျမလျှို့ဝှက်ချက်တစ်ခု ပြောပြရဦးမယ်။ သူဟာ လူအိုတစ်ယောက်ပေမယ့် အိပ်ယာထဲမှာတော့ အရမ်းကို စွမ်းဆောင်နိုင်တယ်ရှင့်။ ဘာကြောင့်လဲဆိုတော့ သူများတွေထက်ပိုပြီး အတွေ့အကြုံ များလို့လို့ ကျမတော့ထင်တာပဲ။”
စကားဆုံးသည်နှင့် သူမ ထွက်ခွာသွားတော့လေသည်။ သူမ၏မျက်နှာပေါ်တွင် တော့ နှစ်ခြိုက်ကျေနပ်စွာပြုံးနေသော အပြုံးတစ်ခုဖြင့်...
ကျင်းဝူမင်းသည် မလှုပ်မယှက်ရပ်နေဆဲပင်ရှိနေသေး၏။ သို့သော် သူ၏ခန္ဓာ ကိုယ်တစ်ခုလုံးတွင်ရှိသော ကြွက်သားစိုင်များအားလုံး တဆတ်ဆတ်တုန်ခါနေကြ လေသည်။
+++++
ကံကောင်းခြင်းမိုးတိမ် တည်းခိုခန်းသည် ဤမြို့လေးတွင် အကြီးမားဆုံးတည်း ခိုခန်းဖြစ်၏။ လူချမ်းသာများ ပိုက်ဆံလာဖြုန်းသောနေရာလည်းဖြစ်သည်။
တည်းခိုသူဧည့်သည်ထံတွင် ပိုက်ဆံသာပါလာပါက ဇိမ်ခံ၍ရသောအရာအား လုံးကို အခန်းတွင်းမှမထွက်ပဲ ဇိမ်ခံနိုင်လေသည်။
ဥပမာပေးရလျှင်... သင့်လိုအပ်ချက်ကိုသာ ရိုးရှင်းစွာ မှာကြားလိုက်ပါ။ သင့်အ တွက် အကောင်းဆုံးအစားအစာများ၊ အတော်ဆုံးကချေသည်များ၊ အချောဆုံးပြည့် တန်ဆာများကို တစ်စုံတစ်ယောက်က ဖန်တီးယူဆောင်လာပေးပေလိမ့်မည်။
ဤနေရာတွင် အခန်းအားလုံးသည် နေ့ခင်းဘက်တွင် ပိတ်ထားကြ၏။ တည်း ခိုခန်းတစ်ခုလုံး လွင်တီးခေါင်တစ်ခုကဲ့သို့ သင်ခံစားရပေလိမ့်မည်။
သို့သော် ညရောက်ပြီဆိုသည်နှင့်တပြိုင်နက် အားလုံးပင် လှုပ်ရှားအသက်ဝင် လာကြလေတော့သည်။
ပထမဆုံး သင် ကြားရမည့်အသံမှာ ပန်းကန်ခွက်ယောက်များကို ဆေးကြောနေ သောရေဆေးသံများဖြစ်သည်။ ပြီးနောက် စားပွဲထိုးများ၏ ဆူညံစွာမှာကြားသံများ၊ ကျေးဇူးတင်သံများကို ကြားရပေမည်။ ပြီးနောက် မိန်းမပျိုလေးများ၏ ‘မင်္ဂလာပါ ကျန်းသခင်လေးရှင့်’၊ မင်္ဂလာပါ တတိယသခင်လေးဝမ်ရှင့်’ စသောနှုတ်ခွန်းဆက်သံ ချိုချိုလေးများကို ကြားရပေလိမ့်မည်။
ပြီးနောက် စားသောက်သူများထံမှ အရက်ခွက်ချင်း ထိတိုက်လိုက်သံများ၊ မိန်း မပျိုလေးများ၏ တေးသံသာငြိမ့်ငြိမ့်လေးများ၊ ယောက်ျားများမှ မိန်းမပျိုလေးများ ကို ဆွဲလားရမ်းလား လုပ်နေကြသံများ...
ညဉ့်နက်လေ... မကြားသင့် မကြားအပ်သော အသံများအားလုံးကို သင် ကြား ရပေလိမ့်မည်။
သို့သော် အခန်းတစ်ခုတွင်းတွင်တော့ ခြွင်းချက်ဖြစ်၏။ ထိုအခန်းထဲမှ မည် သည့်အသံဗလံများမှ ထွက်ပေါ်လာခဲ့ခြင်းမရှိပါ။
ရံဖန်ရံခါများတွင် နာကျင်စွာ အော်ဟစ်လိုက်သံများ၊ ငြီးတွားရေရွတ်လိုက်သံ များ ထွက်ပေါ်လာတတ်၏။
ထိုအခန်းတံခါးသည် အစဉ်အမြဲပင် ပိတ်ထားလေသည်။
ညစဉ်ညတိုင်း မှောင်စပျိုးပြီဆိုသည်နှင့် ထိုအခန်းထဲသို့ မိန်းကလေးတစ် ယောက် စေလွှတ်ခြင်းခံရစမြဲ။ မိန်းမပျိုလေးတိုင်းပင် ငယ်ရွယ်နုပျိုကြပြီး ချောမော လှပသူများ၊ နူးညံ့သိမ်မွေ့သူများလည်း ဖြစ်နေကြပြန်သေးသည်။
ထိုအခန်းတွင်းသို့ မဝင်စဉ်ကဆိုလျှင် သူတို့အားလုံးသည် လှပကျော့ရှင်းစွာ ဝတ်ဆင်ထားကြ၏။ မျက်နှာများပေါ်တွင် စွဲဆောင်မှုကောင်းသော အပြုံးပန်းများ ဝေဆာနေကြ၏။ အပြုံးတုများပင် ဖြစ်သော်ငြားလည်း စွဲဆောင်မှုလျော့မသွားကြ ပါ။
သို့သော် မနက်လင်း၍ ထိုအခန်းတွင်းမှ ထွက်လာကြသောအချိန်များတွင်မူ အားလုံးပြောင်းလဲကုန်ကြလေသည်။
သန့်ရှင်းသေသပ်စွာ ဖြီးသင်လာခဲ့သော ဆံပင်များက ရှုပ်ထွေးပွရွနေကြရ၏။ အချို့ဆိုလျှင် ဆံပင်မွှေးများပင် ကျွတ်ထွက်လာကြရ၏။ တောက်ပရွှန်းစိုသောမျက် ဝန်းများက မှေးမှိတ်မှုန်ဝါးပြီး အသက်ကင်းမဲ့နေတတ်ကြ၏။
ချောမောလှပသောမျက်နှာများက ရှုံ့တွနေတတ်ကြပြီး မျက်ရည်များ ပြည့်လျှံ နေတတ်ကြ၏။
ခုနှစ်ရက်... ခုနှစ်ရက်လုံးလုံး ဤအတိုင်းပင်ဖြစ်သည်။
ပထမတော့ မည်သူမျှ သတိမထားမိခဲ့ကြချေ။ တဖြည်းဖြည်းကြာလာတော့မှ လူအများက သတိထားမိလာကြသည်။
ပျော်ရွှင်မှုများကို ရှာဖွေသောနေရာတွင် ဤအဖြစ်မျိုးလည်းရှိနေသေးသည်ဟု လူအများ တွေးတောလာတတ်ကြသည်။
ထို့ကြောင့် လူတိုင်းပင် ဤအကြောင်းအရာကို အတင်းတုတ်နေကြလေတော့ သည်။
သို့သော် သတင်းကြားလိုက်ရသူတိုင်းက လွန်စွာမှ အံ့အားသင့်သွားကြရ၏။
“အဲ့ဒီအခန်းထဲကလူက လူမမည်ချာတိတ်လေးတစ်ယောက်တဲ့။”
အခန်းထဲရောက်ခဲ့ဖူးသူ မိန်းမပျိုလေးများကို တီးခေါက်ကြည့်ရာတွင် ဖြေဆိုရ ကိုကြောက်ရွံ့နေတတ်ကြပြီး မျက်ရည်တလည်လည်ဖြစ်နေကြကာ မည်သူမျှ ဖြေဆို ရန် မဝံ့ရဲခဲ့ကြချေ။
အတင်းလိုက်မေးမြန်းပါက မဖြေချင်ဖြေချင်ဖြင့် သူတို့ပြန်လည်ဖြေကြားတတ် သည်မှာ... “လူတစ်ယောက်မဟုတ်ဘူး... လူတစ်ယောက်မဟုတ်ဘူး။”
မှောင်စပျိုးပြန်ပြီ။
ထိုအခန်းတံခါးက ပိတ်ထားဆဲ။
အခန်းတံခါးနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ပြတင်းပေါက်တစ်ခုရှိနေ၏။ ပြ တင်းပေါက်ဘောင်ပေါ်တွင် မျက်နှာဖြူဖတ်ဖြူရော်ဖြင့် ချာတိတ်တစ်ယောက် အပြင် လောကကြီးကို ငေးမောကြည့်ရှုနေသည်။ အချိန်အကြာကြီးထိ တစ်ချက်ကလေးမှ လှုပ်ရှားခဲ့ခြင်းမရှိ။
ရံဖန်ရံခါတွင် သူ့မျက်လုံးများမှ အဆိပ်အတောက်ပြင်းထန်သော အကြည့်များ ထွက်ပေါ်လာတတ်၏။
လောင်ရှောင်း၃ယွန်...
စားပွဲပေါ်ရှိအစားအသောက်များမှာ ထိကိုင်ထားခြင်းပင်မရှိ။
အစားနည်းနည်းလေးသာ သူစားနိုင်၏။ စောင့်ဆိုင်းနေခြင်းဖြစ်၏။ ပိုပြီးပျော် ရွှင်စရာကောင်းသောအလုပ်ကိုလုပ်ကိုင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် အစားအစာများကို သူမမက်မော။ အစားအစာအများကြီး စားသောက်ထားသူတစ် ယောက်၏ ဦးခေါင်းသည် ပြည့်လျှံနေရသည်ဟု သူခံယူထား၏။
နောက်ဆုံးတွင်တော့ တံခါးခေါက်သံထွက်ပေါ်လာသည်။
လောင်ရှောင်း၃ယွန်က လှည့်၍ပင်မကြည့်ဘဲ အေးစက်စွာပြောဆိုလိုက်သည်။ “အခန်းတံခါး သော့မခတ်ထားဘူး။ ဝင်လာခဲ့။”
အခန်းတံခါးပွင့်သွားသည်။ လူတစ်ယောက်လှမ်းလျှောက်လာသံကို ကြားလိုက် ရ၏။ ခြေသံများက ဖြည်းညင်းသော်လည်း ပေါ့ပါးလှသည်။
အားနွဲ့သော နောက်ထပ်မိန်းမသားတစ်ယောက်။ ရှက်ရွံ့နေပုံလည်းရသည်။
ဤပုံစံသည် လောင်ရှောင်း၃ယွန် အနှစ်သက်ဆုံး သဘောအကျဆုံးပုံစံပင်ဖြစ် သည်။
အဘယ်ကြောင့်ဆိုသော် သူကိုယ်၌က ခန္ဓာကိုယ်မသန်မစွမ်းဖြစ်နေရသည် မဟုတ်ပါလား။ ထို့ကြောင့် သန်စွမ်းသူတစ်ယောက်အဖြစ် ဟန်လုပ်ချင်နေမိ၏။ ဤမိန်းကလေးများရှေ့မှောက်၌သာ သန်စွမ်းသူတစ်ယောက်အဖြစ် သူပြုမူဆက်ဆံ နိုင်မည်ဖြစ်သည်။
ခြေသံများက စားပွဲခုံဘေး၌ ရပ်တန့်သွားခဲ့၏။
လောင်ရှောင်း၃ယွန်-“မင်းကိုခေါ်လာတဲ့လူက ဈေးစကားပြောပြီးပြီမဟုတ် လား။”
မိန်းကလေးမှ ပြန်လည်ဖြေဆိုလိုက်သည်။ “ပြောပြီးပါပြီရှင်။”
လောင်ရှောင်း၃ယွန်-“သူများတွေပေးတဲ့ဈေးထက် ၃ ဆပိုပေးထားတယ်ဆိုတာ ကောသိလား။”
မိန်းကလေးက ပြန်လည်ဖြေဆိုလိုက်ပြန်သည်။ “သိပါတယ်ရှင်။”
လောင်ရှောင်း၃ယွန်-“ဒါဆိုရင် မင်းက ကျုပ်ပြုသမျှနုတော့မယ်ပေါ့။ မရုန်းကန် ဘူးဆိုတာ သေချာလား။”
မိန်းကလေး-“မရုန်းကန်ပါဘူးရှင်။”
လောင်ရှောင်း၃ယွန်-“ဒါဆိုလည်းပြီးတာပဲ။ အဝတ်အစားတွေအားလုံး ချွတ်ချ လိုက်တော့။”
မိန်းကလေးက လှုပ်ရှားမှုတစ်စုံတစ်ရာပင် မပြုလုပ်သေးဘဲ မေးမြန်းလိုက်၏။ “ကျမ အဝတ်အစားချွတ်တာ ရှင်မကြည့်တော့ဘူးလား။”
အသံလေးက ချိုစိမ့်နေ၏။ လွန်စွာမှပင် ချိုအီစိမ့်နေ၏။
လောင်ရှောင်း၃ယွန် အံ့အားသင့်သွားခဲ့လေတော့သည်။
မိန်းကလေးသည် ချိုသာစွာရယ်မောနေ၏။ “မိန်းကလေးတစ်ယောက် အဝတ် အစားချွတ်တာကို ကြည့်ရတာ အရမ်းဇိမ်ရှိတာရှင့်။ ရှင်ဘာဖြစ်လို့ မကြည့်ချင်ရတာ လဲ။”
တစ်စုံတစ်ခုတော့ မှားယွင်းနေပြီမှန်း လောင်ရှောင်း၃ယွန် ရိပ်မိလိုက်သည်။ ထို့ ကြောင့် နောက်သို့လှည့်ကြည့်လိုက်၏။
ထို့နောက် သူ့တစ်ကိုယ်လုံး အေးစက်သွားလေတော့သည်။
မိန်းကလေး’ သည် လင်ရှန်းအာ ဖြစ်နေလေသည်။
လင်ရှန်းအာသည် နတ်သမီးလေးတစ်ပါးကဲ့သို့ ပြုံးနေ၏။
လောင်ရှောင်း၃ယွန်ကတော့ ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့ရ၏။
သို့သော် ခဏလေးသာဖြစ်ပြီး မတ်တတ်ထရပ်လိုက်ကာ ရယ်မောပြောဆို လိုက်သည်။ “ဒေါ်လေးလင်က ကျနော့်ကို လာနောက်နေတာကိုး။”
လင်ရှန်းအာက စွဲဆောင်မှုအားအကောင်းဆုံးပုံစံဖြင့် ပြောဆိုလိုက်သည်။ “ငါ့ ကို ဒေါ်လေးလို့ ခေါ်နေတုန်းပဲလား။”
လောင်ရှောင်း၃ယွန်က အပြုံးမပျက်ဘဲ ပြန်ပြောလိုက်သည်။ “ဒေါ်လေးဟာ အမြဲတမ်း ဒေါ်လေးပဲပေါ့။ မဟုတ်ဘူးလား။”
လင်ရှန်းအာ-“ဒါပေမဲ့ မင်းကိုယ်တိုင်က အရွယ်ရောက်လာပြီမဟုတ်လား။”
သူမသည် သက်ပြင်းချပြီး ခပ်မာမာပြောဆိုလိုက်သည်။ “ငါထွက်သွားခဲ့တာ ၃ နှစ်လောက်ပဲရှိဦးမယ်။ မင်းတောင်မှ တော်တော်လေးအရွယ်ရောက်လာပါပေါ့လား။”
လောင်ရှောင်း၃ယွန်က စကားလမ်းလွှဲလိုက်သည်။ “ဒီ ၃နှစ်အတွင်းမှာ ကျနော် တို့ ဒေါ်လေးလင်ကို လိုက်ရှာခဲ့ပါသေးတယ်။”
လင်ရှန်းအာ-“ဒါပေမဲ့ မင်းအကြောင်းတွေကိုတော့ ငါကြားနေပါတယ်။ မိန်းက လေးတွေကို ဆက်ဆံတဲ့နေရာမှာ မင်းထက်ဝါရင့်သဘာရင့်တဲ့လူတွေထက်တောင်မှ ပိုပြီးဆက်ဆံနိုင်သေးတယ်တဲ့။ ဟုတ်ရဲ့လား။”
လောင်ရှောင်း၃ယွန်သည် ခေါင်းကိုငုံ့ထားပြီးမှ ဖြေဆိုလိုက်သည်။ “ဒါပေမဲ့ ဒေါ်လေးလင်ရဲ့ ရှေ့မှောက်မှာတော့ ကျနော်ဟာ ကလေးတစ်ယောက်ပဲ ဖြစ်နေပါ သေးတယ်ဗျာ။”
လင်ရှန်းအာသည် မျက်ခုံးများပင့်တင်လိုက်ပြီးမှ ပြောဆိုနေလိုက်၏။ “မင်း ငါ့ ကို ဒေါ်လေးလို့ ခေါ်နေတုန်းလား။ ငါ ဒီလောက်တောင်မှ အိုစာသွားပြီလား။”
လင်ရှန်းအာသည် လောင်ရှောင်း၃ယွန် ရှေ့တွင် ပြီတီတီရပ်နေ၏။ သို့သော် သူမ၏ ဟန်ပန်အမူအရာများ၊ ညှို့ငင်စွဲဆောင်မှုများကို မည်သည့်မိန်းကလေးတစ် ယောက်ထံတွင်မှ တွေ့ရှိရမည်မဟုတ်ချေ။
လောင်ရှောင်း၃ယွန်၏ မျက်လုံးများက အရောင်တောက်ပလာခဲ့ကြသည်။
လင်ရှန်းအာ အံကြိတ်ပြီးပြောဆိုလိုက်သည်။ “မိန်းကလေး ငယ်ငယ်လေးတွေ ကိုမှ မင်းကြိုက်တယ်လို့ ကြားဖူးထားတာမှန်နေပြီပေါ့။ မင်းရှေ့မှာ ငါကတော့ အိုစာနေတဲ့ ဝက်မကြီးဖြစ်နေလို့လားကွယ်။”
လောင်ရှောင်း၃ယွန်၏ နှလုံးခုန်သံများက ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာခဲ့ရ ၏။ “မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ လုံးဝမအိုသေးပါဘူးဗျာ။”
လင်ရှန်းအာ-“ဟုတ်ရဲ့လားကွ။”
လောင်ရှောင်း၃ယွန်-“တစ်ယောက်ယောက်ကသာ ခင်ဗျားကို အိုတယ်လို့ပြောခဲ့ ရင် အဲ့ဒီလူဟာ မျက်စိကန်းနေလို့ ဒါမှမဟုတ် ငတုံးတစ်ယောက်ဖြစ်နေလို့ပဲ ဖြစ် ရမယ်။”
လင်ရှန်းအာက ခစ်ကနဲရယ်မောပြီး မေးမြန်းလိုက်သည်။ “မင်းကျတော့ကော.. မျက်စိကန်းနေလို့လား။ ဒါမှမဟုတ် ငတုံးတစ်ယောက်လား။”
လောင်ရှောင်း၃ယွန်သည် မျက်စိကွယ်နေသူတစ်ယောက်မဟုတ်သလို ငတုံး တစ်ယောက်လည်းမဟုတ်ပါ။
+++++
လင်ရှန်းအားပြန်ထွက်လာသောအခါ တော်တော်လေး နာကျင်စွာခံစားနေရ၏။
ဤချာတိတ်သည် ငတုံးတစ်ယောက်မဟုတ်ချေ။ လက်ရဲဇက်ရဲနိုင်လွန်းလှသည့် ငတေလေးတစ်ယောက်သာဖြစ်သည်။
ကြောက်စရာကောင်းသော ငတေလေးလည်းဖြစ်ပြန်၏။
လင်ရှန်းအာပင်လျှင် ဤကဲ့သို့ ငတေလေးမျိုး တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးခဲ့။
သို့သော် သူမ၏မျက်ဝန်းများထဲတွင်တော့ ကျေနပ်နှစ်သိမ့်နေသည့်အမူအရာ များကို တွေ့ရှိနိုင်လေသည်။
သူမ လိုချင်နေသော သတင်းအချက်အလက်များကို ရရှိနိုင်ခဲ့သည်မဟုတ်ပါ လား။
ပုရိသယောက်ျားများနှင့်ပတ်သက်လာလျှင် သူမဘယ်တုန်းကမှ မကျရှုံးစဖူး။ ငတုံးယောက်ျားပဲဖြစ်ဖြစ်၊ လူကြီးလူကောင်း ယောက်ျားပဲဖြစ်ဖြစ်၊ ပေပေတေတေ ယောက်ျားပဲဖြစ်ဖြစ် သူမအတွက်တော့ အလွယ်တကူပင်။
မိုးလင်းခါနီးပြီဖြစ်သော်လည်း အရက်သောက်နေသူများ ရှိနေဆဲ။
ယောက်ျားတစ်ယောက် မူးရူးအော်ဟစ်နေသည်။ “မင်း အရက်သောက်မယ်ဆို ရင်လည်း မိုးလင်းထိသောက်ကွာ။ မင်းလဲကျသွားတဲ့ထိသောက် ဟုတ်ပြီလား။” ထို သူသည် စကားပင်မဆုံးသေး လူကတော့လဲကျသွားလေပြီ။
ထိုစကားများကို ကြားလိုက်ရပြီးသည့်နောက် လင်ရှန်းအာ လူတစ်ယောက်ကို အမှတ်ရလာမိ၏။
သူ၏ချောင်းဆိုးသံများကိုပင် ကြားယောင်လာမိသလိုလို။
ထိုလူ့အကြောင်းတွေးမိလိုက်တိုင်း သူမ၏ဒေါသများ အလိပ်လိုက်အလိပ်လိုက် တက်လာခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် သူမအတွက် အားလုံးသောယောက်ျားများကို ဖျား ယောင်းသိမ်းသွင်းနိုင်ခဲ့သော်လည်း ဤတစ်ယောက်ကိုမူ မည်သို့မျှ မစွမ်းဆောင်နိုင် ခဲ့ချေ။
သူ့ကိုမရနိုင်သည့်နောက်တော့ သူ့ကိုဖျက်ဆီးရပေတော့မည်။
သူမ မရနိုင်သည့် ယောက်ျားတစ်ယောက်ကို မည်သည့်မိန်းမမှ မရစေရ။
သူမသည် အံကြိတ်ပြီး စဉ်းစားနေလိုက်သည်။ “ရှင့်ကိုသေစေချင်နေပေမယ့် အခုတော့ မဟုတ်သေးဘူး။ အထူးသဖြင့် စန့်ကွမ်းကျင်းဟုန်ရဲ့လက်ထဲမှာ ရှင့်ကို မသေစေချင်ဘူး။ မဟုတ်ရင် သူ့ကိုတားဆီးနိုင်မယ့်သူရှိတော့မှာမဟုတ်ဘူး။”
“ဒါပေမဲ့ တစ်နေ့ကျရင်တော့ ရှင်သေဆုံးရမှာပါ။ ကျမလက်ထဲမှာ ရှင်သေဆုံး ရမှာပါ။ ဖြည်းဖြည်းလေး သေဆုံးရလိမ့်မယ်သိလား။ ဖြည်းဖြည်းလေးသေဆုံးရလိမ့် မယ်။”
0 comments:
Post a Comment