အချမ်းသာဆုံး... အကျော်ကြားဆုံး... အာဏာစက်အပြင်းထန်ဆုံးဖြစ်သော ရွှေဒင်္ဂါးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူသည် ဤမျှရိုးရှင်းစွာနေထိုင်နေမည်ဟု မည်သူ မျှ ထင်ထားကြမည်မဟုတ်ချေ။
သူတို့အမြင်တွင် ငွေကြေးဆိုသည်မှာ လက်နက်တစ်မျိုးပင်ဖြစ်သည်။ မိန်းမ များသည်လည်း လက်နက်များပင်ဖြစ်ကြသည်။ လောကကြီးထဲရှိ ဇိမ်ခံပစ္စည်းမှန်သ မျှသည် သူတို့အတွက်တော့ လက်နက်များပင်ဖြစ်သည်။ ထိုအရာများကို သူတို့ ဂရု မစိုက်။ သူတို့ ဂရုစိုက်သည်မှာ အာဏာပင်ဖြစ်သည်။ အာဏာ... အာဏာစက်မှလွဲ ၍ မည်သည့်အရာမျှ သူတို့အတွက်မလိုအပ်ချေ။ အာဏာအတွက် အသက်ရှင်သန် နေခြင်းဖြစ်သလို အာဏာအတွက်ပင် သေဆုံးကြပေမည်။
တိတ်ဆိတ်ငြိမ်သက်နေ၏။ စာအုပ်လှန်လောလိုက်သံများမှလွဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ မီးရောင်လင်းလက်နေ၏။ သူတို့မည်မျှကြာကြာ မတ်တတ်ရပ်ပြီး အလုပ်လုပ်နေခဲ့ကြမှန်း မည်သူမျှ မပြောနိုင်ပါ။ မီးငြိမ်းသွားလိုက် ပြန်လင်းလာလိုက်ဖြစ်နေသည်။ ကြည့်ရသည်မှာ သူတို့သည် မောပန်းနွမ်းနယ်ခြင်း မရှိသလို ဆာလောင်မွတ်သိပ်ခြင်းလည်း ရှိကြပုံမရ။ ထိုအချိန်၌ပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ အသံတစ်ချက်လေးသာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တိုးတိတ်ညင် သာလှသည်။
စန့်ကွမ်းကျင်းဟုန်၏ လက်များက လှုပ်ရှားသွားခြင်းမရှိသလို ခေါင်းမော့၍ပင် မကြည့်ခဲ့။
ကျင်းဝူမင်း-“ဘယ်သူလဲ။”
အပြင်ဘက်မှလူ-“၁၇၉ ပါ။”
ကျင်းဝူမင်း-“ဘာကိစ္စလဲ။”
အပြင်ဘက်မှလူ-“ခေါင်းဆောင်ကြီးကို လူတစ်ယောက်က တွေ့ချင်လို့ပါ။”
ကျင်းဝူမင်း-“ဘယ်သူလဲ။”
အပြင်ဘက်မှလူ-“သူ့နာမည်ကိုမပြောပါဘူး။”
ကျင်းဝူမင်း-“ခေါင်းဆောင်ကြီးနဲ့ ဘာကိစ္စတွေ့ချင်ရတာလဲ။”
အပြင်ဘက်မှလူ-“ခေါင်းဆောင်ကြီးနဲ့တွေ့မှ ပြောနိုင်မယ်လို့ပြောပါတယ်။”
ကျင်းဝူမင်း စကားမပြောတော့ပါ။
စန့်ကွမ်းကျင်းဟုန်က ရုတ်တရက်ပင် မေးမြန်းလိုက်၏။ “အဲ့ဒီလူဘယ်မှာလဲ။”
အပြင်ဘက်မှလူ-“ခြံရှေ့ပန်းခြံထဲမှာ စောင့်နေပါတယ်။”
စန့်ကွမ်းကျင်းဟုန်၏ လက်များက စာရွက်များကို လှန်လောနေဆဲ။ သူသည် ခေါင်းမမော့ဘဲ ပြောဆိုလိုက်သည်။ “သူ့ကိုသတ်လိုက်။”
အပြင်ဘက်မှလူ-“ကောင်းပါပြီခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန် ရုတ်တရက်မေးမြန်းလိုက်၏။ “သူ့ကို ဘယ်သူခေါ်လာခဲ့ တာလဲ။”
အပြင်ဘက်မှလူ-“နံပါတ် ၈ အဖွဲ့ခွဲမှူး ရှန်းဆောင်ပါ။”
စန့်ကွမ်းကျင်းဟုန်-“ရှန်းဆောင်ကိုပါသတ်လိုက်။”
အပြင်ဘက်မှလူ-“ကောင်းပါပြီခင်ဗျာ။”
ကျင်းဝူမင်း-“ကျနော် လိုက်သွားလိုက်မယ်။”
ထိုစကားပြောဆိုနေစဉ်မှာပင် သူ၏ခြေလှမ်းများက တံခါးဝသို့ရောက်နှင့်နေပြီး ဖြစ်နေ၏။ ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။ လူသတ်ခြင်း အတွက်ဆိုလျှင် ကျင်းဝူမင်း၏စိတ်ဓာတ် အမြဲတမ်းတက်ကြွလာလေ့ရှိသည်။ ရှန်း ဆောင်၏ဘွဲ့အမည်မှာ ‘မိုးသက်မုန်တိုင်းဥက္ကာပျံ’ ဖြစ်၏။ သူ၏ ဥက္ကာပျံသံတူနှစ် လက်သည် လက်နက်စာရင်းတွင် နံပါတ်၁၉ ချိတ်၏။ ထို့ကြောင့်သူ့ကိုသတ်ရန် မလွယ်ကူပါ။
စန့်ကွမ်းကျင်းဟုန်နှင့်တွေ့ဆုံရန် မည်သူ့ကိုသူခေါ်ဆောင်လာခဲ့သနည်း။ ထိုသူ့ ထံတွင် မည်သည့်ရည်ရွယ်ချက်များရှိနေသနည်း။ စန့်ကွမ်းကျင်းဟုန်တစ်ယောက် စိတ်မဝင်စားသည်မှာ အံ့ဩစရာတော့မဟုတ်။
ဤလူ့ထံတွင် လူသားချင်းစာနာထောက်ထားမှုဆိုသည်များမရှိ။
သူ့ခေါင်းပင် မမော့ကြည့်ခဲ့။ သူ့လက်များက စာရင်းစာအုပ်များကို စစ်ဆေးနေ ခြင်းမှ ရပ်တန့်သွားခဲ့ခြင်းမရှိ။
တံခါးပြန်ပွင့်လာပြီး ကျင်းဝူမင်းပြန်ဝင်ရောက်လာခဲ့သည်။
စန့်ကွမ်းကျင်းဟုန်မှ “သူသေသွားခဲ့ပြီလား” ဟု မမေးမြန်းခဲ့။
လူသတ်ရမည်ဆိုလျှင် ကျင်းဝူမင်း ဘယ်တော့မှ မအောင်မြင်ခဲ့ဖူးခြင်းမရှိ။
စန့်ကွမ်းကျင်းဟုန်-“သွား... ရှန်းဆောင် အာခံခဲ့တာမဟုတ်ရင် သူ့မိသားစုကို ရွှေဒင်္ဂါး ၁၀၀၀၀ ပေးလိုက်။ သူအာခံခဲ့တာဆိုရင်တော့ သူ့မိသားစုဝင်အားလုံး တစ် ယောက်မကျန်သတ်ပစ်လိုက်။”
ကျင်းဝူမင်း-“ကျနော် သူ့ကိုမသတ်ဖြစ်ခဲ့ဘူး။”
နောက်ဆုံးမတော့ စန့်ကွမ်းကျင်းဟုန်၏ ခေါင်းမော့လာခဲ့ရသည်။ ပြီးနောက် ကျင်းဝူမင်းကို စိုက်ကြည့်နေလေသည်။
ကျင်းဝူမင်း၏ မျက်နှာသေက ပြောင်းလဲခြင်းအလျင်းမရှိ။ “သူခေါ်လာတဲ့လူကို ကျနော်မသတ်နိုင်ဘူး။”
စန့်ကွမ်းကျင်းဟုန်က အော်ငေါက်လိုက်သည်။ “မင်း လူတိုင်းကိုသတ်ဖြတ်နိုင် ခဲ့သေးတာပဲ။ သူ့ကိုမှ ဘာဖြစ်လို့မသတ်နိုင်ခဲ့ရတာလဲ။”
ကျင်းဝူမင်း-“လူမမယ်ကလေးတွေကို ကျနော်မသတ်ဘူး။”
စန့်ကွမ်းကျင်းဟုန် ခဏမျှငြိမ်သက်သွားခဲ့ရလေသည်။ သူကိုင်ဆောင်ထား သော စုတ်တံကိုဘေးသို့ချထားလိုက်ပြီး ပြောဆိုလိုက်သည်။ “ကလေးတစ်ယောက် က ကျုပ်ကိုတွေ့ချင်နေတယ်လို့ ဆိုလိုတာလား။”
ကျင်းဝူမင်း-“ဟုတ်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“ဘယ်လို ကလေးမျိုးလဲ။”
ကျင်းဝူမင်း-“ဒုက္ခိတကလေးတစ်ယောက်ပါ။”
စန့်ကွမ်းကျင်းဟုန်၏ မျက်ဝန်းများထဲမှ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်၏။ သူသည် အတန်ကြာမျှ တွေးတောစဉ်းစားနေပြီးမှ ပြောဆိုလိုက်သည်။ “သူ့ကို ခေါ် လာခဲ့။”
စန့်ကွမ်းကျင်းဟုန်ကို ကလေးတစ်ယောက်က တွေ့ချင်နေသည်မှာ ထူးဆန်းအံ့ ဩဖွယ်ရာပင်။ စန့်ကွမ်းကျင်းဟုန်ကိုယ်၌ပင် မယုံကြည်နိုင်ဖြစ်နေရ၏။ ထိုကလေး သည် ကြောက်ရွံ့မှုကင်းမဲ့နေသည်မကသေး ရူးသွပ်သူတစ်ယောက်ပင်ဖြစ်နေသေး တော့သည်။
ထိုသူသည် တကယ်ပင် ကလေးတစ်ယောက်ဖြစ်နေ၏။
သူ၏မျက်နှာလေးက ဖြူဖွေးနေပြီး အသက်ကင်းမဲ့နေသလိုဖြစ်နေ၏။
ကလေးတစ်ယောက်အဖြစ် ပေါ့ပါးပျော်ရွှင်နေရမည့်အစား လူကြီးတစ်ယောက် ကဲ့သို့ လေးလံတိတ်ဆိတ်နေ၏။
သူသည် ဖြည်းညင်းစွာလျှောက်လှမ်းလာခဲ့ပြီး ခါးအနည်းငယ်ကုန်းနေရ၏။
ဤကလေးကိုကြည့်ရသည်မှာ လူအိုတစ်ယောက်အတိုင်းပင်။
ထိုကလေးသည် လောင်ရှောင်း၃ယွန်ဖြစ်နေလေသည်တကား။
လောင်ရှောင်း၃ယွန်ကို တွေ့မြင်ကြသည့်လူတိုင်းပင် အကဲခတ်ကြည့်နေကြ၏။
စန့်ကွမ်းကျင်းဟုန်သည်လည်း အကဲခတ်နေလေသည်။
လောင်ရှောင်း၃ယွန်၏ မျက်နှာကို သူစိုက်ကြည့်နေလိုက်၏။
စန့်ကွမ်းကျင်းဟုန်၏ ဤအကြည့်များကို ခံရသည့်လူတိုင်းပင် တုန်လှုပ်သွား ကြပြီး ဒူးများကွေးညွတ်သွားကြရစမြဲပင်။
လောင်ရှောင်း၃ယွန်သည်လည်း ဘာသားနှင့်ထုထားသည် မို့လို့လဲ။
ဖြည်းညင်းစွာလျှောက်လှမ်းလာပြီး ယဉ်ကျေးပျူငှာစွာ ခါးညွတ်အရိုအသေပြု လိုက်သည်။ “ခေါင်းဆောင်ကြီးကို လောင်ရှောင်း၃ယွန် အရိုအသေပေးပါတယ်ခင် ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“မင်းက လောင်ရှောင်း၃ယွန်တဲ့လား။ လောင်ရှောင်း၄ယွန် နဲ့ ဘာတော်လဲ။”
လောင်ရှောင်း၃ယွန်-“ကျနော့် ဖခင်ပါ။”
စန့်ကွမ်းကျင်းဟုန်-“မင်းအဖေက လွှတ်လိုက်တာလား။”
လောင်ရှောင်း၃ယွန်က ဟုတ်မှန်ကြောင်း ဖြေဆိုလိုက်၏။
စန့်ကွမ်းကျင်းဟုန်-“သူကိုယ်တိုင် ဘာဖြစ်လို့မလာတာလဲ။”
လောင်ရှောင်းယွန်-“သူကိုယ်တိုင်လာရင် ခေါင်းဆောင်ကြီးနဲ့ တွေ့ရဖို့မသေချာ ပါဘူးခင်ဗျာ။ ကံမကောင်းရင် သူ့အသက်တောင်မှ သေဆုံးသွားနိုင်ပါသေးတယ်။”
စန့်ကွမ်းကျင်းဟုန်သည် ကျယ်လောင်စွာ အော်ငေါက်လိုက်၏။ “မင်းကို ကျုပ် မသတ်ဘူးလို့များ ထင်နေလား။”
လောင်ရှောင်း၃ယွန်-“ကျနော်က ကလေးတစ်ယောက်သာဖြစ်ပါတယ်ခင်ဗျာ။ ကျနော့်ရဲ့အသက်ဟာ ခေါင်းဆောင်ကြီးရဲ့လက်ထဲမှာ ရှိနေပါတယ်။ ခေါင်းဆောင် ကြီးက ကျနော့်ကိုမသတ်ချင်တာမဟုတ်ပါဘူး။ ကျနော့်ကို သတ်ဖို့အတွက် ခေါင်း ဆောင်ကြီးမှာ အချိန်ပိုမရှိပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်၏ မျက်နှာထက်တွင် ကျေနပ်နှစ်သိမ့်သည့် အရိပ်အယောင် များထွက်ပေါ်လာခဲ့၏။ “မင်းက အသက်ငယ်ငယ်လေးပဲရှိသေးတယ်။ သိပ်ပြီး လည်း ကျန်းမာတာမဟုတ်ဘူး။ ဒါပေမဲ့သတ္တိကတော့ အပြည့်ရှိနေပါလား။”
လောင်ရှောင်း၃ယွန်-“တစ်ဦးတစ်ယောက်က တောင်းဆိုစရာတစ်ခုရှိလာပြီဆို ရင် သဘာဝအတိုင်း သတ္တိတွေရှိလာရပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“မင်းသိပ်စကားပြောကောင်းတယ်။”
ကျင်းဝူမင်းဘက်သို့ ရုတ်တရက်လှည့်ပြီး ပြောဆိုလိုက်သည်။ “သူပြောခဲ့တာ ကိုသာ မမြင်တွေ့ခဲ့ရဘူးဆိုရင် သူ့ကို ကလေးတစ်ယောက်လို့ပြောလို့ရပါ့မလား။”
လောင်ရှောင်း၃ယွန်သည် ခေါင်းငုံ့ထားသော်လည်း ဤလူနှစ်ဦးကို တိတ်တိတ် လေး အကဲခတ်နေ၏။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ သူ့အတွက်လွန်စွာမှပင် စိတ် ဝင်စားစရာကောင်းနေလေသည်။
စန့်ကွမ်းကျင်းဟုန်ထံမှ စကားသံထွက်ပေါ်လာခဲ့၏။ “မင်းရဲ့အကြီးမားဆုံးသော အားသာချက်က ဘယ်တော့မှစကားများများ မပြောတာဘဲ။ အားအနည်းဆုံးအချက် ကလည်း သူများပြောတာကို ဘယ်တော့မှ နားမထောင်တတ်တာဘဲ။”
ကျင်းဝူမင်းသည် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ရန်ပင် စိတ်ဝင်စားမှုမရှိ။
အတန်ကြာသောအခါမှ စန့်ကွမ်းကျင်းဟုန် မေးမြန်းလိုက်သည်။ “မင်းဘာလို ချင်လို့လဲ။”
လောင်ရှောင်း၃ယွန်-“အရာအားလုံးအတွက် စကားပြောတောင်းဆိုနည်းတွေ အများကြီးရှိပါတယ်ခင်ဗျာ။ ကျနော်လိုချင်တာကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောဆိုပြီး တောင်းဆိုနိုင် ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကြီးရဲ့ အချိန်တွေက သိပ်ပြီးတန်ဘိုးရှိနေတော့ကာ တည့်တည့်ပဲ ကျနော်ပြောပါတော့မယ်။ တိုတိုတုတ်တုတ်ပဲ ပြောပါတော့မယ်ခင် ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“ကောင်းတယ်။ စကားများတဲ့လူတွေအတွက် ဖြေရှင်းစရာ နည်းလမ်း ကျုပ်ဆီမှာတစ်ခုပဲရှိတယ်။ အဲဒါကတော့ သူတို့ရဲ့ လည်ပင်းတွေဖြတ် လိုက်တဲ့နည်းပဲ။”
လောင်ရှောင်း၃ယွန်-“ကျနော်ဒီကိုလာခဲ့တာဟာ အပေးအယူတစ်ခုလုပ်ချင်လို့ ပါခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“အပေးအယူ... ဟုတ်လား။”
အေးစက်စက်မျက်နှာထားဖြင့် သူပြောဆိုလိုက်သည်။ “ကျုပ်နဲ့အပေးအယူလာ လုပ်တဲ့လူတိုင်း ဘယ်လိုဖြစ်သွားကြလဲဆိုတာ မင်းသိလား။”
လောင်ရှောင်း၃ယွန်-“ကျနော် နားထောင်နေပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“ကျုပ် သူတို့ကိုဆက်ဆံစရာနည်းလမ်းတစ်ခုပဲရှိတယ်။ သူ တို့ကို သတ်ပစ်လိုက်ခြင်းပဲ။”
လောင်ရှောင်း၃ယွန်၏ ဟန်မူယာများ ပြောင်းလဲသွားခြင်းမရှိခဲ့ပါ။ တည်ငြိမ်စွာ ပင် ပြောဆိုနေ၏။ “ဒါပေမဲ့ ခုလုပ်မယ့်အပေးအယူက ထူးခြားပါတယ်ခင်ဗျာ။ မ ဟုတ်ရင် ကျနော်ဒီကို လာရဲစရာအကြောင်းမရှိပါဘူး။”
စန့်ကွမ်းကျင်းဟုန်-“အပေးအယူဆိုတာ အပေးအယူပဲပေါ့ကွ။ ဘာများ ထူး ဆန်းနေလို့လဲ။”
လောင်ရှောင်း၃ယွန်-“ဒီအပေးအယူက ခေါင်းဆောင်ကြီးကို အကျိုးရှိစေမှာပါ ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်က ခနဲ့လိုက်သည်။ “ဟုတ်ရဲ့လား...”
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးဟာ အအောင်မြင်ဆုံး.. အကျော်ကြား ဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ။ မရေမတွက်နိုင်လောက်တဲ့ ငွေကြေး ဥစ္စာတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီလောကကြီးထဲမှာ ခေါင်းဆောင် ကြီးအတွက် မရနိုင်တဲ့အရာဆိုတာ မရှိသလောက်ပါဘဲခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“သိပ်ဟုတ်တာပေါ့။ ဒါကြောင့်မို့လို့ ကျုပ်ဘာအပေးအယူမှ မလုပ်ဘူး။”
လောင်ရှောင်း၃ယွန်-“ဒါပေမဲ့ လောကကြီးထဲမှာ ခေါင်းဆောင်ကြီးအနေနဲ့ ရယူ နိုင်မယ်ဆိုတာ မသေချာတဲ့အရာတစ်ခု ရှိနေပါသေးတယ်။”
စန့်ကွမ်းကျင်းဟုန်က ဟင့်ကနဲ ခနဲ့လိုက်သည်။
လောင်ရှောင်း၃ယွန်-“ဒီအရာက ဘယ်လောက်မှ တန်ဘိုးမရှိပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်ကြီးအတွက်တော့ သူ့တန်ဘိုးက အခြားအရာတွေရဲ့တန်ဘိုးနဲ့ တူချင်မှ တူနိုင်ပါလိမ့်မယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းပြောနေတာ ဘာပစ္စည်းများလဲ။”
လောင်ရှောင်း၃ယွန်-“လီဆွန်းဟွာရဲ့အသက်...”
စန့်ကွမ်းကျင်းဟုန်သည် ချက်ချင်းပင် အမူအရာများပြောင်းလဲသွားခဲ့၏။ ပြီး နောက် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။ “ပြန်ပြောလိုက်စမ်း...”
လောင်ရှောင်း၃ယွန်-“ကျနော်တို့ လီဆွန်းဟွာရဲ့အသက်ကို ထိန်းချုပ်ထားနိုင် ပါပြီခင်ဗျာ။ ကျနော်တောင်းဆိုမယ့် အပေးအယူကိုသာ ခေါင်းဆောင်ကြီးက လက် ခံမယ်ဆိုရင် သူ့ကိုအချိန်မရွေး ခေါ်ဆောင်လာလို့ရပါတယ်။”
စန့်ကွမ်းကျင်းဟုန် စဉ်းစားနေလေသည်။
အတန်ကြာသောအခါမှ သူ၏အေးစက်စက်မျက်နှာပေးဖြင့် ပြောဆိုလိုက်သည်။ “လီဆွန်းဟွာက ဘာမှတန်ဘိုးမရှိဘူး။ ကျုပ်သူ့ကို ဂရုစိုက်စရာအကြောင်းလုံးဝမရှိ ဘူး။”
လောင်ရှောင်း၃ယွန်-“ဒါဆိုရင်လဲ ကျနော်လှည့်ပြန်ရုံပဲရှိတော့တာပေါ့ခင်ဗျာ။”
မည်သည့်စကားမျှ ထပ်ပြောခြင်းမရှိသလို နောက်သို့လည်း တစ်ချက်လေးမျှ လှည့်မကြည့်ဘဲ လျှောက်ထွက်သွားလိုက်တော့သည်။
လောင်ရှောင်း၃ယွန်သည် တံခါးဝသို့ ဖြည်းညင်းစွာလျှောက်သွားနေ၏။ တံခါး ကိုဆွဲဖွင့်လိုက်သည်။
ရုတ်တရက်ပင် စန့်ကွမ်းကျင်းဟုန်ထံမှ စကားသံထွက်ပေါ်လာခဲ့လေသည်။ “ခဏနေဦး။”
အောင်နိုင်သူတစ်ယောက်၏ ခပ်မိန့်မိန့်အပြုံးတစ်ခု လောင်ရှောင်း၃ယွန်၏မျက် နှာပေါ်၌ ထွက်ပေါ်လာခဲ့သည်။ သို့သော်သူပြန်လှည့်လာချိန်၌ ထိုအပြုံးသည် ချက် ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားလေတော့သည်။ သူ၏ဟန်မူရာက ရိုကျိုးသေဝပ် စွာဖြစ်နေ၏။ ခါးညွတ်ပြီး ပြောဆိုလိုက်သည်။ “ခေါင်းဆောင်ကြီး ကျနော့်ကို ဘာ များမှာကြားစရာ ရှိနေပါသေးလဲခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် သူ့ကိုမကြည့်နေပါ။ စားပွဲပေါ်တွင်ထွန်းညှိထားသော ဖယောင်းတိုင်ကို စိုက်ကြည့်နေပြီးမှ ပြောဆိုလိုက်သည်။ “လီဆွန်းဟွာရဲ့အသက်အ တွက် မင်းက ဘာအပေးအယူလုပ်ချင်တာလဲ။”
လောင်ရှောင်း၃ယွန်-“ဖေဖေဟာ ခေါင်းဆောင်ကြီးရဲ့ ကျော်ကြားမှုကို ကြားရုံ သာကြားဖူးနေပြီး လူချင်းတစ်ခါမှ မတွေ့ဖူးပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“ချီးထုပ်ကျမနေနဲ့။ လိုရင်းကို တည့်တည့်ပြောစမ်း။”
လောင်ရှောင်း၃ယွန်-“သိုင်းလောကရဲ့ မိတ်ဆွေတွေအလယ်မှာ ဖေဖေဟာ ခေါင်းဆောင်ကြီးနဲ့ သွေးသောက်ညီအစ်ကိုဖြစ်ချင်နေပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်၏ မျက်ဝန်းများမှ ဒေါသခိုးများထွက်ပေါ်လာခဲ့သော်လည်း ရုတ်ချည်းပင် ပြန်လည်ပျောက်ကွယ်သွား၏။ ပြီးနောက် တည်ငြိမ်အေးဆေးစွာပင် ပြောဆိုလိုက်သည်။ “လောင်ရှောင်း၄ယွန်ကို ဉာဏ်ကောင်းပြီးထက်မြက်တဲ့လူတစ် ယောက်လို့ ထင်ထားခဲ့တာ။ ခုတော့ ခပ်တုံးတုံးတောင်းဆိုမှုတစ်ခုကို တောင်းဆိုနေ ပါပေါ့လား။”
လောင်ရှောင်း၃ယွန်-“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ တစ်ခါတစ်ရံ မှာ ခပ်တုံးတုံးနည်းလမ်းက အသုံးအဝင်ဆုံးနည်းလမ်းဖြစ်နေတတ်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“ဒီအပေးအယူကို ကျုပ်ဘက်ကလက်ခံလိမ့်မယ်လို့ မင်း ထင်နေလား။”
လောင်ရှောင်း၃ယွန်-“ကျနော်သာ မသေချာဘူးဆိုရင် ဒီကိုဘယ်လာလိမ့်မလဲ ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“မင်းက လောင်ရှောင်း၄ယွန်ရဲ့ တစ်ဦးတည်းသောသား မ ဟုတ်လား။”
လောင်ရှောင်း၃ယွန်က ခေါင်းညိတ်အဖြေပေးလိုက်သည်။
စန့်ကွမ်းကျင်းဟုန်-“မင်းအဖေက မင်းကိုမလာခိုင်းခဲ့သင့်ဘူး။”
လောင်ရှောင်း၃ယွန်- “တခြားလူတစ်ယောက်ကိုသာ လွှတ်လိုက်မယ်ဆိုရင် ခေါင်းဆောင်ကြီးကို တွေ့နိုင်မှာမဟုတ်ပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“နဂိုတုန်းကတော့ အပေးအယူကိစ္စပဲမဟုတ်လား။ ဒါပေမဲ့ မင်းက ဒီကိုရောက်နေပြီဆိုတော့ အခြေအနေက ပြောင်းလဲသွားပြီ။”
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးက ကျနော့်ကိုအသုံးချပြီး လီဆွန်းဟွာ ရဲ့အသက်ကို ဖေဖေ့ဆီက တောင်းဆိုမယ်လို့များ စဉ်းစားထားပါလားခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“သိပ်မှန်တာပေါ့ကွာ။”
လောင်ရှောင်း၃ယွန်သည် မချိပြုံးလေးပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။ “ခေါင်း ဆောင်ကြီး မသိတာဘာမှမရှိပါဘူး။ ဒါပေမဲ့ ဖေဖေ့အကြောင်းကိုတော့ ခေါင်း ဆောင်ကြီးမသိသေးဘူးနဲ့တူတယ်။”
စန့်ကွမ်းကျင်းဟုန်-“မင်းရဲ့အသက်ကိုသာ အဆုံးခံလိမ့်မယ်။ လီဆွန်းဟွာကို တော့ ထုတ်ပေးမှာမဟုတ်ဘူးလို့ မင်းဆိုလိုတာလား။”
လောင်ရှောင်း၃ယွန်-“သိပ်ကိုမှန်ပါတယ်ခင်ဗျာ။”
စန့်ကွမ်၏းကျင်းဟုန်-“မင်းအဖေဟာ လူတစ်ယောက်မှဟုတ်ရဲ့လား။”
လောင်ရှောင်း၃ယွန်-“သူဟာ လူသားတစ်ယောက်ပါခင်ဗျာ။ ဒါပေမဲ့ တခြားလူ တွေနဲ့ ဆန့်ကျင်စွာ ထူးခြားတဲ့လူသားတစ်ယောက်ပါ။”
စန့်ကွမ်းကျင်းဟုန်-“သူကဘယ်လိုလူစားမျိုးလဲ။”
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးလိုပါပဲခင်ဗျာ။ အောင်မြင်ဖို့အတွက် ဆိုရင် အရာအားလုံးကို အသုံးချနိုင်တယ်... စွန့်လွှတ်နိုင်ပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန် နှုတ်ဆိတ်သွားရလေတော့သည်။
အတော်လေးကြာသောအခါမှ ပြောဆိုလိုက်၏။ “နှစ်၂၀အတွင်းမှာ ကျုပ်ကို ဘယ်သူမှ ဒီလိုစကားမျိုး မပြောဆိုခဲ့ကြဖူးဘူး။”
လောင်ရှောင်း၃ယွန်-“ဒါကြောင့်မို့လို့လည်း ကျနော် ဒီလိုမျိုးတောင်းဆိုခဲ့တာ ပါ။ ဒါမှသာ ခေါင်းဆောင်ကြီးရဲ့စိတ်ကို စွဲဆောင်စေနိုင်မယ်မဟုတ်ပါလားခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် အေးစက်စွာစိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။ “ကျုပ်ကသာ ဒီအပေးအယူကို လက်မခံခဲ့ဘူးဆိုရင် လီဆွန်းဟွာကို မင်းတို့ဘက်က ပြန်လွှတ်ပေးလိုက်မှာလား။”
လောင်ရှောင်း၃ယွန်-“ပြန်လွှတ်ပေးမှာပါခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် အေးစက်စွာရယ်မောနေလိုက်သည်။ “မင်းတို့ကို သူ ပြန်လာပြီး လက်စားချေမှာမကြောက်ဘူးလား။”
လောင်ရှောင်း၃ယွန်-“သူဟာလည်း တစ်မူထူးခြားတဲ့ လူသားတစ်ယောက်ပါ။ အဲ့ဒီလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးခင်ဗျာ။”
သူသည် သဘောကျစွာရယ်မောနေပြီး ဆက်ပြောနေ၏။ “သူသာ လက်စားချေ တတ်တဲ့လူစားမျိုးဆိုရင် ခုလိုအခြေအနေကို ရောက်နေစရာအကြောင်းမရှိပါဘူး။”
စန့်ကွမ်းကျင်းဟုန်-“မင်းတို့က သူ့ကိုလွှတ်ပေးလိုက်တယ်ထားပါဦး။ သူ့ကို ကျုပ်လက်နဲ့မသတ်နိုင်ဘူးလို့များ ထင်နေလား။”
လောင်ရှောင်း၃ယွန်က တည်ငြိမ်အေးဆေးစွာပင် ပြောဆိုလိုက်သည်။ “ရှောင်း လီဓားပျံက ပစ်မလွဲပါခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“သူ့ဓားပျံကို ကျုပ်မရှောင်တိမ်းနိုင်ဘူးလို့များထင်နေတာ လား။ ဟမ်...”
လောင်ရှောင်း၃ယွန်-“အနည်းဆုံးတော့ ခေါင်းဆောင်ကြီးဘက်က ရှောင်တိမ်း နိုင်လိမ့်မယ်လို့ မသေချာဘူးမဟုတ်လား။”
စန့်ကွမ်းကျင်းဟုန်က ဟင့်ကနဲတစ်ချက်ရယ်လိုက်သည်။
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းအရ ဘာ ဖြစ်လို့ စွန့်စားရမှာလဲခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန် ဘာမျှပြန်မပြောတော့ပါ။
လောင်ရှောင်း၃ယွန်-“ဖေဖေရဲ့သိုင်းပညာက သိပ်အကောင်းကြီးမဟုတ်ပေမဲ့ လည်း သိုင်းလောကရဲ့ ဉာဏ်အကောင်းဆုံးလူတွေထဲကတစ်ယောက်တော့ ဖြစ် နေသေးပါတယ်။ ခေါင်းဆောင်ကြီးအတွက် အဲ့ဒီလိုလူတစ်ယောက် သွေးသောက်ညီ အစ်ကိုရထားတဲ့အတွက် အကျိုးမယုတ်ပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် အတော်ကြာကြာလေးစဉ်းစားနေ၏။ ပြီးမှ မေးမြန်း လိုက်သည်။ “လီဆွန်းဟွာကလည်း သူ့ရဲ့သွေးသောက် ညီအစ်ကိုတစ်ယောက်ပဲ မဟုတ်လား။”
လောင်ရှောင်း၃ယွန်-“ဟုတ်ပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“လီဆွန်းဟွာကိုတောင် သူသစ္စာဖောက်နိုင်သေးတာပဲ။ ကျုပ်ကိုရော သစ္စာမဖောက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။”
လောင်ရှောင်း၃ယွန်-“ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်ကြီးဟာ လီဆွန်းဟွာ မဟုတ်လို့ပါပဲခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန် ရယ်မောနေလိုက်သည်။ “မှန်တယ်။ လောင်ရှောင်း၄ယွန်က ကျုပ်ကို သစ္စာဖောက်နိုင်တဲ့ သတ္တိရှိတယ်ပဲထားဦး သူ့မှာ အာခံနိုင်တဲ့ နောက်ကွယ် အင်အားမရှိနိုင်ဘူး။”
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီးက အပေးအယူကို သဘောတူလိုက်ပါ ပြီလားခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်၏ အရယ်ရပ်တန့်သွားခဲ့၏။ “မင်းတို့လက်ထဲမှာ လီဆွန်း ဟွာ ရှိနေတယ်ဆိုတာ ကျုပ်ကဘယ်လိုသိနိုင်မှာလဲ။”
လောင်ရှောင်း၃ယွန်-“အကယ်၍ခေါင်းဆောင်ကြီးကသာ သိုင်းလောကက မိတ် ဆွေတွေကို ဖိတ်စာပို့ပြီး ဖေဖေနဲ့ခေါင်းဆောင်ကြီးတို့နှစ်ယောက် သွေးသောက်ညီ အစ်ကိုအဖြစ်...”
စန့်ကွမ်းကျင်းဟုန်က ဖြတ်ပြောလိုက်သည်။ “သူတို့ ဒီကိုလာရဲကြမယ်လို့များ ထင်နေလား။”
လောင်ရှောင်း၃ယွန်-“အဲဒီအချက်က အရေးမကြီးပါဘူးခင်ဗျာ။ အားလုံးသိ သွားကြမယ်ဆိုရင် လုံလောက်ပါပြီ။”
စန့်ကွမ်းကျင်းဟုန်က ဟင့်သံတစ်ချက်ထုတ်လိုက်၏။ “သိပ်ကောင်းတဲ့ အကြံ အစည်ပါလား။”
လောင်ရှောင်း၃ယွန်-“ခေါင်းဆောင်ကြီး စဉ်းစားဦးမယ်လို့ထင်ပါတယ်။ ကျ နော် ခေါင်းဆောင်ကြီးရဲ့ အဖြေစကားကို ‘ကံကောင်းခြင်းမိုးတိမ်’ တည်းခိုခန်းကနေ စောင့်မျှော်နေပါ့မယ်ခင်ဗျာ။”
ပြီးနောက် သူဆက်ပြောနေလိုက်၏။ “ဖိတ်စာတွေဝေပြီးသွားပြီဆိုတာနဲ့ ကျနော်တို့ လီဆွန်းဟွာကို လာပို့ပေးပါ့မယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်-“မင်းတို့ကိုယ်တိုင်လာပို့ကြမယ်ပေါ့လေ။ ဟင်းဟင်း... မင်းတို့မှာ ဒီလောက်အစွမ်းအစမရှိကြပါဘူးကွာ။”
လောင်ရှောင်း၃ယွန်-“ကျနော်လည်းဒီအချက်ကို သဘောပေါက်ပါတယ်ခင်ဗျာ။ ရှောင်လင်ဘုန်းတော်ကြီးစင်းမယ်နဲ့ နံပါတ် ၇ ဆရာတျန်တို့တောင်မှ မစွမ်းဆောင် နိုင်ခဲ့သေးရင် ကျနော်တို့က ဘယ်လိုလုပ်ပြီး အောင်မြင်စွာ ပို့ဆောင်နိုင်မှာလဲ ခင် ဗျာ။ ဒါပေမဲ့...”
စန့်ကွမ်းကျင်းဟုန်-“ဆက်ပြောပါဦး..”
လောင်ရှောင်း၃ယွန်-“ဆရာကျင်းသာ လိုက်ပါပို့ဆောင်ပေးနိုင်မယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူးခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန် နှုတ်ဆိတ်၍သာနေလိုက်သည်။
ကျင်းဝူမင်းက ရုတ်တရက်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။ “ကျနော်လိုက် သွားမယ်။”
လောင်ရှောင်း၃ယွန်၏ မျက်နှာထက်တွင် ပထမဆုံးအနေနှင့် အပြုံးတစ်ခုထွက် ပေါ်လာခဲ့လေသည်။ ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ပြီး ပြောဆိုလိုက်၏။ “ကျေး ဇူးတင်ပါတယ်ခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်သည် မည်မျှကြာကြာတိတ်ဆိတ်နေသည်မသိ... နောက်ဆုံး တွင်မှ စကားသံထွက်ပေါ်လာခဲ့သည်။ “မင်းရဲ့သိုင်းပညာက ရာသက်ပန်ပျက်စီးသွား ခဲ့ပြီမဟုတ်လား။ လီဆွန်းဟွာ ဖျက်ဆီးခဲ့တာမဟုတ်လား။”
လောင်ရှောင်း၃ယွန်၏ မျက်နှာ၌ သွေးဆုတ်ဖြူရော်သွားခဲ့ရ၏။ သူ၏ခေါင်း ကိုငုံ့ထားပြီးမှ ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်။”
စန့်ကွမ်းကျင်းဟုန်သည် သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးမြန်းလိုက်သည်။ “ မင်းသူ့ကို သိပ်မုန်းနေလား။”
လောင်ရှောင်း၃ယွန်က အတော်ကြာကြာလေးစဉ်းစားနေပြီးမှ ပြန်ဖြေဆိုလိုက် သည်။ “မုန်းပါတယ်။”
စန့်ကွမ်းကျင်းဟုန်-“အမှန်အတိုင်းပြောရရင် မင်းသူ့ကိုမမုန်းသင့်ဘူး။ ကျေးဇူး တောင်တင်ရဦးမယ်။”
လောင်ရှောင်း၃ယွန်သည် ခေါင်းနည်းနည်းလေးမော့လာခဲ့ပြီးမှ မဝံ့မရဲမေးမြန်း လိုက်၏။ “ဘာဖြစ်လို့ ကျေးဇူးတင်ရမှာလဲခင်ဗျာ။”
စန့်ကွမ်းကျင်းဟုန်က အေးစက်စွာ ပြောဆိုလိုက်သည်။ “သူသာ မင်းရဲ့သိုင်း ပညာတွေကို မဖျက်ဆီးခဲ့ဘူးဆိုရင် ခုချိန်လောက်ဆို ဒီအခန်းထဲမှာ မင်းသေနေ လောက်ပြီ။”
လောင်ရှောင်း၃ယွန် ခေါင်းကိုပို၍ပင် ငုံ့ထားလိုက်၏။
စန့်ကွမ်းကျင်းဟုန်-“မင်းဟာ ငယ်ငယ်လေးနဲ့ ဒီလောက်တောင်မှ ကောက်ကျစ် ယုတ်မာနေတတ်သေးရင် နောင်နှစ် ၂၀ လောက်ဆိုရင် ကျုပ်ကို ပခုံးချင်းယှဉ်လာ နိုင်တော့မယ်။ မင်းသာသိုင်းပညာတွေ အဖျက်ဆီးမခံထားရဘူးဆိုရင် ကျုပ်မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။”
လောင်ရှောင်း၃ယွန်သည် နှုတ်ခမ်းကိုဖိကိုက်ထားလိုက်၏။ အံကြိတ်ပြီးဖိကိုက် ထားခြင်းဖြစ်သောကြောင့် သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများပင်စို့ထွက်လာရလေ သည်။
သို့သော် သူ့ခေါင်းကိုတော့ ငုံ့ထားဆဲပင်။
0 comments:
Post a Comment