Saturday, April 9, 2011

(၈) ကလဲ့စားချေမှုနှင့်ကြောက်စရာကောင်းသောရန်သူ

သည်းထန်စွာရွာသွန်းခဲ့သော မိုးသည် လက်ရဲဇက်ရဲသူဌေးသားလေးတစ်ယောက် ချမ်းသာသော အမျိုးသမီးတစ်ယောက်၏ နောက်ဖေးပေါက်သို့ ညဉ့်နက်သန်းခေါင်ကြီး ဝင်ရောက်သွားသလိုမျိုး... ရုတ်တရက် ရောက်လာခဲ့သလို မယုံကြည်နိုင်လောက်အောင်ပင် မြန်ဆန်စွာ ပြန်လည်ထွက်ခွာသွားပြန်၏။

သို့သော် မိုးစက်မိုးပေါက်များကြောင့် မြင်ကွင်းတစ်ခုလုံးကတော့ ပြောင်းလဲသွားခဲ့သည်။

သစ်တောထဲရှိ သစ်ရွက်တိုင်း၊ သစ်ပင်တိုင်း ကျောက်စိမ်းရောင် စိမ်းလဲ့နေကြသလို လူသေများထံမှ သွေးများလည်း ဆေးကြောပြီးသားဖြစ်နေသည်။ သေလောက်သော ဒဏ်ရာများကိုပင် အစအနရှာမရအောင် ဆေးကြောသွားခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် တစ်ဒါဇင်ကျော်ရှိခဲ့သော မြင်းစီးသမားများသည် တစ်ယောက်မကျန် အသက်ရှင်လျက် မရှိတော့ပါ။

ထိုလူသေများကို သူတို့တွေ့ချိန်တွင် စိခုန်းကျိုင်ရှင်းသည် ထွက်ခွာပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။

“ဒီလူသေတွေကို ထားသွားခဲ့တာ ကျမတို့ကို ရှင်းခိုင်းချင်လို့များလား...” ရှန်းကွမ်းတန့်ဖုန်းက ခါးသီးစွာ ရေရွတ်လိုက်၏။



“ဒီလူတွေကို သူသတ်ခဲ့တာမဟုတ်ဘူး။” လုရှောင်ဖုန်းက ပြန်ဖြေလိုက်သည်။ “သူ လူသတ်ခဲတယ်။”

ရှန်းကွမ်းတန့်ဖုန်း-“သူမဟုတ်ရင် ဘယ်သူလဲ။”

“သူတို့ကို မီးရှို့ခိုင်းခဲ့တဲ့လူပဲပေါ့။”

“ရှင်ဆိုလိုတာက... သူတို့အားလုံးကို သတ်ခဲ့တဲ့ရည်ရွယ်ချက်က ကျမတို့တတွေ သူ့ဇာတိကို သိသွားမှာစိုးရိမ်လို့ပေါ့လေ... ဟုတ်လား။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်၏။ သူ့မျက်နှာထားကတော့ တင်းမာနေသည်။ သူမုန်းတီးသော အချက် ၃ ချက်ထဲတွင် လူသတ်ခြင်းသည် အမုန်းတီးဆုံးအလုပ်ဖြစ်သည်။

ရှန်းကွမ်းတန့်ဖုန်း-“ဒီလူတွေကို သူလွှတ်ပေးခဲ့လို့ရရဲ့သားနဲ့ ဘာဖြစ်လို့များ သတ်ဖြတ်သွားခဲ့တာလဲ။”

“ဘာကြောင့်လဲဆိုတော့ ညာဘက်လက်ကောက်ဝတ်တွေ အဖြတ်ခံထားရတဲ့ လူဒါဇင်ကျော်တို့ကို လိုက်ရှာဖို့ သိပ်ကိုလွယ်ကူလွန်းနေလို့ပေါ့။”

မင်းသမီးလေးတန့်ဖုန်းက သက်ပြင်းရှိုက်လိုက်၏။ “အမှန်အတိုင်းပြောရရင် ဒီလူတွေကို သတ်ဖြတ်သွားခဲ့လို့လည်း ဘာမှမထူးလာပါဘူး။ သူတို့တွေ ဘယ်ကလာခဲ့တာလဲဆိုတာ ကျမတို့သိထားတာပဲ။”

“မင်းက သိလို့လား။”

“သူတို့တတွေဟာ မြစိမ်းနန်းတော်ကလူတွေဆိုတာ ရှင်တကယ်မသိဘူးလား။”

လုရှောင်ဖုန်း ဘာမှပြန်မပြောခဲ့ပါ။ အတော်ကြာကြာလေး တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ဖြည်းဖြည်းလေး ပြန်ဖြေလိုက်သည်။ “ကျုပ်တစ်ခုပဲ သိထားတယ်။”

“ဘာများလဲ။”

“ကျုပ်သိထားတာကတော့ စိန်ပုလဲနန်းတော်ထဲကလူတွေကို ဒီလူသေတွေ ရှင်းဖို့ မင်း သွားခိုင်းမယ်ဆိုတာ သံသယရှိစရာတောင်မလိုဘူး။”

ရှန်းကွမ်းတန့်ဖုန်းက ရှက်ရွံ့စွာ ခေါင်းလေးငုံ့ထားလိုက်တော့သည်။

“ရှင် တခြားဘာတွေ သိထားသေးလဲ။” သူမက နှုတ်ခမ်းလေးဖိကိုက်ထားပြီး မေးမြန်းလိုက်သည်။

“ပြီးတာနဲ့ ရေမိုးချိုးဖို့ မင်းလူတွေကို အဆင်သင့်ပြင်ထားခိုင်းမှာ သေချာတယ်။ အဲဒါပြီးတော့ အခန်းကောင်းကောင်းတစ်ခန်းထဲမှာ အနားယူအိပ်စက်တော့မှာပေါ့။”

လုရှောင်ဖုန်းက ခပ်ပြုံးပြုံးလေး ဆက်ပြောနေလိုက်၏။

“အဲဒီနေရာဟာ မင်းအပိုင်ဖြစ်သွားပြီဆိုတာ မမေ့နဲ့။”

+++++

ရေနွေးစိမ်စည်ပိုင်းကြီးထဲတွင် လုရှောင်ဖုန်း နောက်မှီထိုင်နေပြီး မျက်လုံးများ မှိတ်ထားနေ၏။ မိုးစိုစိုစွတ်စွတ်ထဲတွင် ရွှဲစိုနေခဲ့ပြီးသကာလ နွေးနွေးထွေးထွေး ရေချိုးစည်ပိုင်းထဲတွင် စိမ်နေရသည်မှာ အရသာရှိလွန်းလှသည်။

ကံတရားက သူ့ဘက်တွင် မျက်နှာသာပေးနေကြောင်းလည်း ခံစားနေရ၏။ သူ့ဘေးနား၊ မီးဖိုကြီးပေါ်ရှိ ကြေးအိုးကရားကြီးက ရေနွေးများဖြင့် ပွက်ပွက်ဆူနေချေပြီ။ အခန်းတွင်းတွင် ရေနွေးငွေ့များ ဖုံးလွှမ်းနေပြီး လုံခြုံစွာဖြင့် သက်တောင့်သက်သာရှိလှသည်။

ဟွာမင်းလိုသည်လည်း ရေချိုးပြီးသွားပြီဖြစ်ပြီး ယခုအချိန်လောက်ဆိုလျှင် အိပ်ယာဝင်နေလောက်ပေပြီ။ ရှန်းကွမ်းတန့်ဖုန်းသည် စိန်ပုလဲနန်းတော်ထဲသို့ပင် ရောက်နေလောက်ပြီဖြစ်သည်။

သူမသည် မသွားချင်ခဲ့သော်လည်း လုရှောင်ဖုန်း၏စကားကို နားထောင်သောအားဖြင့် စိတ်မပါ့တပါ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဤအချက်က လုရှောင်ဖုန်းကို စိတ်ကျေနပ်မှုရှိစေ၏။ စကားနားထောင်သော မိန်းကလေးများကို သူနှစ်သက်တတ်လေသည်။

သို့သော် အဖြစ်အပျက်တစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုပါက တစ်ကွက်မျှ စိတ်ကျေနပ်စရာ မတွေ့ရသေးချေ။ တစ်စုံတစ်ခု လိုအပ်နေသလိုမျိုး၊ အံဝင်ခွင်ကျမဖြစ်သလိုမျိုး ခံစားနေရ၏။ သို့သော် မည်သည့်အရာက အံဝင်ခွင်ကျ မဖြစ်နေမှန်း သူ့တစ်သက်စာ စဉ်းစားလျှင်ပင် အဖြေထွက်နိုင်မည်မထင်။

ယန်ထျယ်ရှန်း မသေခင်လေးက သူကျူးလွန်ခဲ့သော ပြစ်မှုများကို ဝန်ခံခဲ့၏။ အဖြစ်အပျက်အလုံးစုံကို ဟိုထျန်ချင်းသည်လည်း ဗွေမယူခဲ့။

ရွှေဂဠုန်ဧကရာဇ်ကို သူပေးခဲ့သော ကတိကဝတ်များသည် ပြောရမည်ဆိုလျှင် သုံးပုံတစ်ပုံစာခန့် ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။ အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့ခြင်းလည်းဖြစ်သည်။

မည်သည့်အရာကများ သူ့ကို စိတ်အနှောင့်အယှက်ပေးနေသနည်း...

မိုးတိတ်သွားခဲ့သည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သော်လည်း မိုးစက်မိုးပေါက်များ၏ ဟိုနားတစ်ပေါက်သည်နားတစ်ပေါက် ကျနေသံများကို ကြားနေရတုန်းပင်ဖြစ်သည်။ ညဉ့်လေပြည်အေးက လတ်ဆတ်သန့်ရှင်းလှသည်။

လုရှောင်ဖုန်း သက်ပြင်းမောတစ်ချက်ချလိုက်ပြီး ခပ်ကြောင်ကြောင်အတွေးများကို မောင်းထုတ်ရန်ကြိုးစားလိုက်သည်။ မည်သည့်အချိန်တွင် စိတ်ကျေနပ်ရမည်ကိုလေ့လာသည်ကမှ ပိုကောင်းဦးမည်ဖြစ်၏။

ထိုအချိန်၌ပင် တံခါးဖွင့်သံထွက်ပေါ်လာလေသည်။

သူ့အကြားအာရုံများက အကောင်းကြီးရှိနေသေး၏။ တစ်စုံတစ်ယောက် တံခါးတွန်းဖွင့်ဝင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် သူ့မျက်လုံးများကိုတော့ သူကိုယ်တိုင်ပင် ယုံ၍မရပါ။ အဘယ်ကြောင့်ဆိုသော် ဝင်ရောက်လာသူများသည် မိန်းမပျိုလေး ၄ ယောက်ဖြစ်နေခြင်းကြောင့်ပင်တည်း။

ငယ်ရွယ်နုပျိုပြီး ချောမောလှပသော မိန်းမပျိုလေးများဖြစ်ကြသည်။ ကြည့်ကောင်းရုံမကသေး၊ ဟန်ပန်အမူအရာများကလည်း တော်ဝင်ဆန်လွန်းလှသည်။ သူတို့၏ ပါးလွှာသော ခန္ဓာကိုယ်လေးများနှင့်လိုက်ဖက်သည့် ရင်ဖိုစရာအဝတ်အစားများကိုလည်း ဝတ်ဆင်ထားကြသေးသည်။

ခါးကျဉ်ကျဉ်လေးများနှင့် ခြေတံရှည်သည့် အမျိုးသမီးများကို လုရှောင်ဖုန်း အင်မတန်နှစ်သက်တတ်ပါသည်။ ထိုမိန်းမပျိုလေး ၄ ယောက်သည် ခါးကျဉ်ကျဉ်လေးများနှင့် ခြေတံရှည်ရှည်များ၏ ပိုင်ရှင်များလည်း ဖြစ်နေကြပြန်၏။

သူတို့သည် ပြုံးရွှင်စွာ လမ်းသလားပြီးဝင်လာခဲ့ကြသည်မှာ အခန်းတွင်း၌ ကိုယ်တုံးလုံးဖြစ်နေသော ယောက်ျားတစ်ယောက်ရှိနေသည်ကို သတိမထားမိကြသည့်အလား။

သို့သော် မျက်လုံးလှလှလေး ၄ စုံတို့ကမူ လုရှောင်ဖုန်း၏မျက်နှာကိုသာ အာရုံစူးစမ်းစွာ စိုက်ကြည့်နေကြလေသည်။

လုရှောင်ဖုန်းသည် ရှက်သွေးတစ်စက်မှ မရှိတတ်သူတစ်ဦးဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ၏မျက်နှာသည် မီးလောင်ထားသလို နီရဲနေ၏။ ရှက်ရွံ့နေသည်မှာ မှန်ကြည့်စရာပင်မလိုအပ်ချေ။

“လုရှောင်ဖုန်းဆိုတာ မျက်ခုံး၄ဘက်ရှိတယ်လို့ ကြားဖူးထားတာ... အခုတော့ ဘာဖြစ်လို့များ နှစ်ခုပဲတွေ့နေရတာလဲမသိဘူးနော်။” တစ်စုံတစ်ယောက်က ရယ်မောပြောဆိုလိုက်၏။

“နင်ကမှ နှစ်ခုတွေ့နေရသေးတယ်၊ ကျုပ်ကတော့ တစ်ခုမှကို မတွေ့ပါလား။” နောက်တစ်ယောက်က ရယ်ရွှန်းဖတ်ရွှန်းဖြင့် ဝင်ရောက်ပြောဆိုလိုက်ပြန်၏။

ပထမဆုံးစကားပြောဆိုသူသည် အရပ်အမြင့်ဆုံးဖြစ်ပြီး သေးသွယ်ကျဉ်းမြောင်းသော ဇာမဏီငှက်တို့၏ မျက်လုံးမျိုးရှိသူဖြစ်သည်။ သူမသည် ရယ်မောနေသော်လည်း လူသတ်ငွေ့များ ဖုံးလွှမ်းနေ၏။

သူမသည် ရေချိုးနေသော ယောက်ျားတစ်ယောက်ကို ပလီပလာဖြင့် ပြုစုပေးမည့်သူမဟုတ်ကြောင်း တွေ့သည့်လူတိုင်းပင် ပြောနိုင်ကြ၏။

သို့သော် သူမသည် မီးဖိုရှိရာသို့ လျှောက်လှမ်းလာပြီး ကြေးရေနွေးအိုးကြီးကို မ,ယူလိုက်သည်။

“ကြည့်ရတာ ရေကနည်းနည်း အေးသွားပြီ။ ရေနွေးလေး ထပ်ဖြည့်ပေးမယ်နော်။” သူမက ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။

ရေနွေးကရားထိပ်မှ တရှူးရှူးထွက်နေသော ရေနွေးငွေ့များကိုကြည့်ပြီး လုရှောင်ဖုန်း မျက်လုံးပြူးနေ၏။ သို့သော် မွေးကင်းစကလေးတစ်ယောက်လို တုံးလုံးဖြစ်နေသော သူ့အတွက် မိန်းကလေးများ၏ရှေ့တွင် မတ်တတ်ရပ်ရမည်မှာ ပို၍ပင် မျက်လုံးပြူးစရာကောင်းနေသေးသည်မဟုတ်ပါလား။

သို့သော် ထိုရေနွေးကရားကြီးမှ လောင်းချလာမည့် ရေနွေးပူများကတော့ ကောင်းမွန်သော ခံစားချက်များ ပေးနိုင်လိမ့်မည်မဟုတ်ပါ။

ထိုင်ရမလို ထရမလို ဆုံးဖြတ်ရခက်နေသော လုရှောင်ဖုန်းအတွက် လှုပ်ရှားရန်ပင် မစွမ်းသာတော့ပါ။

စကား လုံးဝမပြောဆိုသော မိန်းကလေး၊ တိတ်ဆိတ်ငြိမ်သက်ပြီး အနူးညံ့ဆုံးဖြစ်သည်းဟု ယူဆရသူ မိန်းကလေးသည် သူမ၏ အင်္ကျီလက်အိုးတွင်းမှ မီတာဝက်ခန့်အရှည်ရှိသော ဓားမြှောင်တစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး လုရှောင်ဖုန်း၏ လည်မျိုနားတွင် တေ့ထားလိုက်သည်။

အေးစက်စက်ဓားသွားက လုရှောင်ဖုန်း၏ နားရွက်နောက်နားမှ ပခုံးနှစ်ဘက်အထိ ကြက်သီးများ ထောင်ထလာစေ၏။

အရပ်မြင့်မြင့် ဇာမဏီငှက်၏မျက်လုံးပုံရှိသူ မိန်းမပျိုလေးက စည်ပိုင်းတွင်းသို့ ရေနွေးပူများ လောင်းထည့်လာသည်။

“ရှင်ငြိမ်ငြိမ်လေးနေရင်ကောင်းမယ်။ ကျမတို့ညီအစ်မတွေက နူးညံ့သိမ်မွေ့တယ်၊ နွေးထွေးတယ်၊ ယဉ်ကျေးတယ်၊ အေးဆေးတယ်ဆိုပေမယ့် လူသတ်ဖို့ဆိုရင်တော့ မျက်တောင်တောင် ခတ်တာမဟုတ်ဘူး။”

ထိုရေနွေးကရားထဲမှ ရေနွေးများသာ အကုန်လုံးပက်ဖျန်းခံလိုက်ရမည်ဆိုပါက လူတစ်ယောက်အဖို့ မသေတာတောင်မှ အရေပြား စုတ်ပြတ်သတ်သွားမည်မှာ မုချ။

သူမသည် စကားပြောဆိုနေစဉ်မှာပင် စည်ပိုင်းတွင်းသို့ရေနွေးများ ဆက်တိုက်လောင်းထည့်နေ၏။

စည်ပိုင်းတွင်းရှိရေများသည် နဂိုကတည်းက ပူနွေးနေရသည့်အထဲ ယခုတော့ လူတစ်ယောက်ကို ဖြဲကားအော်ဟစ်စေလောက်သည့် အပူချိန်မျိုး ဖြစ်လာခဲ့လေသည်။

လုရှောင်ဖုန်း၏ နဖူးပြင်ပေါ်တွင် ချွေးသီးချွေးပေါက်များ စိမ့်ထွက်လာခဲ့တော့၏။ သို့သော် ရေနွေးကရားထဲမှ လေးပုံတစ်ပုံလောက်သာ လောင်းထည့်ခဲ့ခြင်းလည်းဖြစ်၏။

တစ်ကရားလုံးသာ ထည့်ခဲ့မည်ဆိုပါက သူ့တစ်ကိုယ်လုံး အရေပြားများ ကွာကျသွားပေလိမ့်မည်။

လုရှောင်ဖုန်း ရယ်မောနေ၏... သူ တကယ်ကြီးပင် ရယ်မောနေပါသည်။

နူးညံ့သိမ်မွေ့သော၊ ရေနွေးလောင်းထည့်နေသော မိန်းမပျိုလေးသည် သူ့ကို စိုက်ကြည့်နေ၏။

“ရှင့်ကိုကြည့်ရတာ ကြည်နူးနေပုံပဲ။” သူမက အေးစက်စက် ပြောဆိုလိုက်သည်။

လုရှောင်ဖုန်း လုံးဝ မကြည်နူးနိုင်ပါ။

“ရယ်စရာကောင်းတယ်လို့ပဲ မှတ်ယူထားပါတယ်။” လုရှောင်ဖုန်း အပြုံးတစ်ဝက်ဖြင့် ပြန်ဖြေဆိုလိုက်၏။

“ရယ်စရာကောင်းတယ်... ဘာက ရယ်စရာကောင်းနေတာလဲ။” မိန်းမပျိုလေးက ရေနွေးများကို ခပ်သွက်သွက် လောင်းထည့်ပြီး မေးမြန်းလိုက်သည်။

သို့သော် လုရှောင်ဖုန်းကတော့ ပြုံးမြဲပြုံးနေဆဲပင်။

“နောက်များကျရင်... ကျုပ်ရေချိုးနေတဲ့အချိန်မှာ အော်မေဂိုဏ်းက နတ်သမီးလေးဖော်က ရေလာလောင်းပေးနေတဲ့ အဖြစ်အပျက်များ ကျုပ်သာ ပြောပြခဲ့မယ်ဆိုရင် လူတွေက ယုံကြည်ချင်ကြမှာ မဟုတ်ဘူး။”

မိန်းမပျိုလေးများ မည်သူမည်ဝါဖြစ်ကြောင်း သူ သိခဲ့ပြီးဖြစ်၏။

“ကြည့်ရတာ ရှင့်မျက်လုံးတွေက သိပ်မဆိုးပါဘူး။” အရပ်မြင့်မြင့် ဇာမဏီငှက်၏မျက်လုံးများရှိသည့် မိန်းမပျိုလေးက ငေါ့လိုက်သည်။ “ရှင်ပြောတာမှန်တယ်၊ ကျမက မားရှုကျန်းပဲ။”

လုရှောင်ဖုန်းက စပ်စုလိုက်သည်။ “လူသတ်ရင် မျက်တောင် မခတ်ဘူးဆိုတဲ့ ဒီတစ်ယောက်ကတော့ ရှိရှုးယွင် ဖြစ်မယ်နဲ့တူတယ်။”

ရှိရှုးယွင်၏ အပြုံးက ပို၍ပင် နွေးထွေးလာပြီး နူးညံ့သိမ်မွေ့လာခဲ့၏။

“ဒါပေမဲ့ ရှင့်ကို သတ်တဲ့အချိန်ကျရင်တော့ ကျမ အနည်းဆုံးတော့ မျက်တောင်ခတ်မိမှာပါ။” သူမက နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်၏။

“ဒါကြောင့်မို့ ကျမတို့ ရှင့်ကို လုံးဝ မသတ်ချင်ပါဘူး။ မေးစရာလေး နည်းနည်းပါးပါးလောက်ပဲ မေးမြန်းချင်တာပါ။” မားရှုကျန်းက ပြောဆိုလိုက်သည်။ “ရှင်သာ မှန်မှန်ကန်ကန်ဖြေဆိုခဲ့မယ်ဆိုရင် ဒီကရားထဲက ရေနွေးတွေမလောင်းထည့်တော့ဘူး။ မဟုတ်ရင်တော့ လောင်းထည့်ရလိမ့်မယ်။”

ရှိရှုးယွင်က သက်ပြင်းချပြီး ဖြည့်စွက်ပြောဆိုလိုက်၏။ “အဲဒီအချိန်ကျရင် ရှင့်တစ်ကိုယ်လုံး ပြုတ်ပြီးသားဖြစ်သွားလိမ့်မယ်။”

စွန်းရှုးချင်က သက်ပြင်းချသံနှင့်အတူ ဝင်ရောက်ပြောဆိုလိုက်၏။ “အပြုတ်ခံထားရတဲ့ ဝက်တစ်ကောင်ဆိုရင်တော့ ဈေးမှာသွားရောင်းလို့ရတယ်။ အပြုတ်ခံထားရတဲ့ လူတစ်ယောက်ဆိုရင်တော့ ခွေးကျွေးပစ်ဖို့ပဲ ကျန်တော့တယ်။”

လုရှောင်ဖုန်းလည်း သက်ပြင်းချလိုက်တော့၏။

“ကျုပ် အပြုတ်ခံရတော့မယ်၊ မြန်မြန်မေးပါတော့လား။”

မားရှုကျန်းက အားလုံးကိုယ်စား မေးမြန်းလိုက်၏။ “ကောင်းပြီလေ၊ ကျမမေးမယ်။ ကျမတို့ရဲ့ ဂိုဏ်းတူအစ်ကို စုရှောင်းရင် စီမင်းကျွေ့ရှယ်လက်ချက်နဲ့ သေခဲ့ရတာမဟုတ်လား။”

“မင်းသိနေမှတော့ ဘာဖြစ်လို့ မေးနေရသေးတာလဲ။” လုရှောင်ဖုန်းက သနားစရာကောင်းသော အပြုံးမျိုးဖြင့် ပြန်မေးလိုက်သည်။

“စီမင်းကျွေ့ရှယ် အခုဘယ်ရောက်နေလဲ။”

“ကျုပ်လည်း သူ့ကိုလိုက်ရှာနေတာ... မိန်းကလေးတို့ တွေ့ခဲ့မယ်ဆိုရင် ကျုပ်ကို ပြောပြပါလား။”

“သူဘယ်ရောက်နေလဲဆိုတာ ရှင်တကယ် မသိဘူးပေါ့လေ။”

“ကျုပ်အရက်မူးတဲ့အချိန်မှသာ မိန်းကလေးတွေကို ညာတတ်တာပါ။ အခုတော့ အကောင်းကြီးရှိနေသေးတယ်။”

မားရှုကျန်းက အံတစ်ချက်ကြိတ်ပြီး ရေနွေးများကို လောင်းထည့်လိုက်ပြန်၏။

“ကျမနဲ့စကားပြောရင် အမှန်အတိုင်းပြောစေချင်တယ်။” သူမက အေးစက်စက် ခြိမ်းခြောက်လိုက်သည်။

“ဒီအချိန်မှာ ကျုပ်ဘယ်လိုလုပ်ပြီး လိမ်ညာရမှာတဲ့လဲ။” လုရှောင်ဖုန်းက သနားစရာ မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။

“ရှင်နဲ့အတူရှိနေခဲ့တဲ့ မိန်းကလေးက ရွှေဂဠုန်အင်ပါယာရဲ့ မင်းသမီးလေးဆိုတာ တကယ်လား။”

“အမှန်ပဲ”

“ရွှေဂဠုန်ဧကရာဇ်ကြီး ခုချိန်ထိ အသက်ထင်ရှား ရှိနေဆဲပေါ့။”

“ရှိနေဆဲပဲ”

“ယန်ထျယ်ရှန်းကို ရင်ဆိုင်ဖို့ ရှင့်ကိုခိုင်းခဲ့တာလည်း သူပဲပေါ့။”

“မှန်တယ်”

“နောက်ထပ် ဘယ်သူတွေကို ရင်ဆိုင်ဖို့ ရှိနေသေးလဲ။”

“ရှန်းကွမ်းမူနဲ့ ယန်တုဟာ...”

မားရှုကျန်းက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။ “သူတို့နှစ်ယောက်က ဘယ်သူတွေလဲ၊ တစ်ခါမှ မကြားဖူးပါဘူး။”

လုရှောင်ဖုန်းက သက်ပြင်းချပြီး ဖြေဆိုလိုက်၏။ “မင်းမကြားဖူးတဲ့နာမည်တွေ သန်းနဲ့ချီ ရှိနေတာပဲ။”

မားရှုကျန်းက သူ့ကို စိုက်ကြည့်နေလိုက်သည်။

“ကျုပ် တုံးလုံးကြီးဖြစ်နေတယ်။” လုရှောင်ဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ “မင်းတို့သာ ကျုပ်ကို ဒီလိုကြီးကြည့်နေမယ်ဆိုရင် ကျုပ်တော့ အရှက်ကွဲရချည်သေးရဲ့။”

သူ ရှက်သွေးမဖြာခဲ့ပါ။ သို့သော် မားရှုကျန်းကတော့ ရှက်သွေးဖြာသွားခဲ့လေသည်။

ရုတ်တရက်... သူမသည် တစ်ဘက်သို့ လှည့်သွားခဲ့၏။ ရေနွေးကရားကို မီးဖိုပေါ်ပြန်တင်ထားလိုက်ပြီး လုရှောင်ဖုန်းကို ဦးညွှတ်လိုက်သည်။ ရှိရှုးယွင်၏ ဓားသည်လည်း ပြန်လည်ရုတ်သိမ်းသွားခဲ့ချေပြီ။

စည်ပိုင်းတွင်းတွင်ရှိနေသော ကိုယ်တုံးလုံးလူတစ်ယောက်ကို ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ထားသည့် မိန်းမပျိုလေး ၄ ယောက်က ဦးညွှတ်အလေးပြုနေကြ၏။ သင်သည် ဤမြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ရပါက အိပ်မက်ထဲမှာပင် ထည့်မက်လိမ့်မည်မဟုတ်ချေ။

လုရှောင်ဖုန်းကိုကြည့်ရသည်မှာလည်း အံ့ဩနေဟန်ရှိသည်။ အသည်းစိမ့်လောက်အောင် အမိန့်ပေးနိုင်သော မိန်းမပျိုလေး ၄ ယောက်သည် ဤမျှယဉ်ကျေးသိမ်မွေ့နေကြောင်း မယုံကြည်နိုင်အောင်ဖြစ်နေရ၏။

မားရှုကျန်းက ဦးညွှတ်ထားရင်း ပြောဆိုနေသည်။ “အော်မေဂိုဏ်းက တပည့်မတွေဖြစ်တဲ့ မားရှုကျန်း၊ ရီရှုကျူ၊ စွန်းရှုးချင်နဲ့ ရှိရှုးယွင်တို့ ဆရာသခင်ရဲ့အမိန့်အတိုင်း ဆရာလုကို မနက်ဖြန်နေ့လည်စာစားဖို့ ဖိတ်ကြားပါတယ်။ ဆရာလု လာနိုင်မလားမသိပါဘူးရှင်။”

လုရှောင်ဖုန်းတစ်ယောက် ဘာမှပြန်မပြောနိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး သနားစရာကောင်းလောက်အောင် ပြုံးပြနေရလေသည်။

“ကျုပ် လာချင်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ အတောင်ပံတွေပါတယ်ဆိုရင်တောင်မှ မနက်ဖြန်နေ့လည်စာ စားချိန် အော်မေတောင်ပေါ်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”

မားရှုကျန်းက ပြုံးပြလိုက်သည်။

“ဆရာက အော်မေတောင်ပေါ်မှာ မရှိနေပါဘူး။ စိန်ပုလဲနန်းတော်ရဲ့ ဧည့်သည်ဆောင်မှာ ဆရာလုကို စောင့်ဆိုင်းနေပါတယ်ရှင်။”

လုရှောင်ဖုန်း အံ့အားသင့်သွားခဲ့ရ၏။

“သူ ဒီမှာရှိနေတာလား။ ဘယ်တုန်းက ရောက်လာခဲ့တာလဲ။”

“ဒီနေ့ပဲ ရောက်လာခဲ့တာပါရှင်။”

ရှိရှုးယွင်က အချိုသာဆုံးသောလေသံဖြင့် ပြောဆိုလိုက်၏။ “ကျမတို့သာ စိန်ပုလဲနန်းတော်ကို မရောက်လာခဲ့ဘူးဆိုရင် မနေ့က အဖြစ်အပျက်တွေကို ဘယ်လိုလုပ်ပြီး သိနိုင်ခဲ့မှာတဲ့လဲ။”

လုရှောင်ဖုန်း ပြုံးနေပါ၏။ သနားစရာကောင်းသော အပြုံးမျိုး ပြုံးနေ၏။

မားရှုကျန်း-“ဆရာလုသာ လာမယ်ဆိုရင် ကျမတို့ ထပ်ပြီးမနှောင့်ယှက်ရဲတော့ပါဘူးရှင်။ နှုတ်ဆက်ခဲ့ပါတယ်။”

“မင်းတို့မှာ မေးစရာတွေ ကုန်သွားပြီလား။”

မားရှုကျန်းက ပြုံးပြီး ခေါင်းခါရမ်းပြလိုက်၏။ သူမ၏အမူအရာများက နူးညံ့သိမ်မွေ့နေပြီး ယဉ်ကျေးလှသည်။ သူမ၏ အပြုံးများက နွေးထွေးလှ၏။ လုရှောင်ဖုန်းကို လူစွပ်ပြုတ်ဖြစ်အောင်လုပ်မည်ဆိုသော ဖြစ်ပျက်ခဲ့ပြီးသောအရာများနှင့်ဆန့်ကျင်စွာ...

ရီရှုကျူကတော့ ရိုးသားသူဖြစ်သည့်အလျှောက် အနည်းငယ် ရယ်မောလိုက်သည်။ “ဆရာလုရဲ့ အောင်မြင်ကျော်ကြားမှုတွေကို ကျမတို့တတွေ ကြားဖူးထားပါတယ်ရှင်။ ဆရာလု ရေချိုးနေချိန်မှာ အနှောင့်အယှက် မပေးရဲပါဘူးရှင့်။”

လုရှောင်ဖုန်းက အားတင်းထားသော အပြုံးမျိုးဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်ကို အချိန်မရွေး လာမေးလို့ရပါတယ်။ ကျုပ် မင်းတို့ကို ပြန်ဖြေကြားပေးမှာပါ။”

ရှိရှုးယွင်က မျက်တောင်များ ပုတ်ခတ်ပြီး မေးမြန်းလိုက်သည်။ “ကျမတို့ကို စိတ်မဆိုးဘူးလား။”

“ကျုပ်ဘယ်လိုလုပ်ပြီး စိတ်ဆိုးရမှာလဲ။ ပိုပြီးတော့တောင် ပျော်နေသေးတယ်။”

ဤတစ်ကြိမ်တွင်တော့ ရှိရှုးယွင်၏ အံ့အားသင့်ချိန်ပင် ဖြစ်တော့သည်။

“ကျမတို့ရှင့်ကို ဒီလိုမျိုးဆက်ဆံခဲ့တာ တကယ်ပဲ စိတ်မဆိုးဘူးပေါ့လေ။”

လုရှောင်ဖုန်း ရယ်မောလိုက်၏။ ဤတစ်ကြိမ်တွင်တော့ နှစ်ခြိုက်စွာ ရယ်မောခြင်းဖြစ်သည်။

“ကျုပ် တကယ်ပဲ ပျော်ရွှင်နေတာပါ။ မင်းတို့လေးတွေကို ဒီအခွင့်အရေးအတွက် ကျေးဇူးတောင်တင်ရဦးမယ်။”

ရှိရှုးယွင်က မေးဖြစ်အောင်တော့ မေးလိုက်သေးသည်။ “ဘာ အခွင့်အရေးအတွက်များလဲရှင်။”

လုရှောင်ဖုန်းက ခပ်အေးအေးပင် ပြောဆိုလိုက်၏။ “ကျုပ်ရေချိုးနေတုန်း မင်းတို့လေးတွေ မပြောမဆိုဘဲ ဝင်ရောက်လာခဲ့ကြတယ်မဟုတ်လား။... မင်းတို့လေးတွေ ရေချိုးတဲ့အချိန် ကျုပ် ဒီလိုပဲ ဝင်ရောက်လာခဲ့မယ်ဆိုရင် စိတ်မဆိုးကြေးနော်။ ဒီလိုမျိုးအခွင့်အရေးမျိုးက ယောက်ျားတွေမှာ ရှိတတ်တာမဟုတ်ဘူး။ ကျုပ်က ဘာဖြစ်လို့ မပျော်ရမှာလဲ။”

အော်မေဂိုဏ်း၏ နတ်သမီးလေးဖော်လုံး ရှက်သွေးများဖြာသွားခဲ့ကြသည်။ ရုတ်တရက် တံခါးပေါက်သို့ သူ့ထက်ငါ အပြေးလေး ထွက်ခွာသွားကြတော့၏။

ယခုမှပင် လုရှောင်ဖုန်းတစ်ယောက် သက်ပြင်းချနိုင်တော့သည်။

ပြီးနောက် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ “မနက်ဖြန်ကစပြီး ရေချိုးရင် ဘောင်းဘီဝတ်ချိုးမှ ဖြစ်မယ်။”

+++++

လုရှောင်ဖုန်း ရေချိုးနေခဲ့သော မီးဖိုချောင်အနီးတွင် နောက်ဖေးဝင်းလေးတစ်ခုရှိနေ၏။ ထိုဝင်းလေးထဲတွင် ရင်ရှင်းသစ်ပင်လေးရှိနေ၏။ (မြန်မာလို ဘာသာပြန်၍မရပါ။ သစ်ပင်နာမည်မှာ တရုတ်လို ရင်ရှင်းဖြစ်ပြီး အင်္ဂလိပ်လို ginkgo ဖြစ်ပါသည်။)

ညက အေးချမ်းတိတ်ဆိတ်နေ၏။ မှုန်တုန်တုန် လရိပ်ရောင်က သစ်ပင်များပေါ်သို့ ပက်ဖျန်းနေသည်မှာ လမင်းကြီးပင် နှင်းစက်များ စိုရွှဲနေသော သစ်ကိုင်းများထိပ်၌ ချိတ်ဆွဲထားသည့်အလား။ သစ်ပင်၏ အရိပ်အောက်တွင် လူတစ်ယောက် တည့်မတ်တည်ကြည်စွာ ရပ်တန့်နေ၏။ အရပ်မြင့်သူဖြစ်ပြီး ဝတ်စုံဖြူ ဝတ်ဆင်ထား၏။ မည်းချိတ်နေသော ရှေးဟောင်းဓားတစ်လက်ကို နောက်ကျောတွင် လွယ်သိုင်းထားပြီး ဖြောင့်မတ်စွာ ရပ်နေသည်။

အော်မေဂိုဏ်း၏ နတ်သမီး ၄ ယောက်စလုံး အပြင်ဘက်သို့ ထွက်လာလာချင်းပင် ထိုသူ့ကို တွေ့လိုက်ရ၏။ ထိုသူ့ကို တွေ့လိုက်ရချင်းပင် ခြေဖျားလက်ဖျားများမှတဆင့် အသည်းထဲထိစိမ့်အောင် အေးစက်သော အငွေ့အသက်များကို ခံစားလိုက်ကြရပြန်သည်။

“စီမင်းကျွေ့ရှယ်” မားရှုကျန်း အော်ဟစ်မေးမြန်းလိုက်သည်။

စီမင်းကျွေ့ရှယ်က တိတ်ဆိတ်ငြိမ်သက်စွာ သူတို့ကို စိုက်ကြည့်နေပြီး ဖြည်းဖြည်းလေး ခေါင်းညိတ်ပြလိုက်၏။

မားရှုကျန်းက စိတ်ဆတ်စွာ မေးမြန်းလိုက်ပြန်၏။ “ရှင် စုရှောင်းရင်ကို သတ်ခဲ့တာလား။”

“မင်းတို့က လက်စားချေချင်လို့လား။”

မားရှုကျန်း-“ကျမတို့ ရှင့်ကိုလိုက်ရှာနေကြတာ။ ရှင်ဒီကို လာရဲလိမ့်မယ်လို့ မထင်ခဲ့ဘူး။”

စီမင်းကျွေ့ရှယ်၏မျက်လုံးများက ရုတ်တရက်ဆိုသလို တလဲ့လဲ့ တောက်ပလာခဲ့ကြ၏။ ကြောက်စရာကောင်းလောက်အောင်ပင် တောက်ပနေကြ၏။

“ကျုပ် မိန်းမတွေဆို မသတ်သလောက်ပဲ။ ဓားပညာဆိုတာ မိန်းမတွေ လေ့ကျင့်သင့်တဲ့အရာမဟုတ်ဘူး။” စီမင်းကျွေ့ရှယ်က အေးစက်စက် တုံ့ပြန်လိုက်၏။ “ဓားပညာ လေ့လာလိုက်စားသူတွေဟာလည်း မိန်းမတွေ မဟုတ်ကြဘူး။”

“အရူးချေးပန်းစကားတွေပဲ...” ရှိရှုးယွင်က စိတ်ဆိုးဒေါသထွက်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

“မင်းတို့အားလုံး ဓားကိုယ်စီဆွဲထုတ်ပြီး တပြိုင်တည်း တက်လာခဲ့ကြပါလား။” စီမင်းကျွေ့ရှယ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

“ကျမတို့အားလုံး တပြိုင်တည်း တက်လာစရာမလိုပါဘူး။ ကျမတစ်ယောက်တည်းနဲ့တင် ရှင့်ကို သတ်နိုင်ပါသေးတယ်။” ရှိရှုးယွင်က အော်ပြောလိုက်သည်။

သူမကိုကြည့်ရသည်မှာ အေးအေးဆေးဆေး၊ လူအေးတစ်ယောက်ဟု ထင်ရသော်လည်း အားလုံးထဲတွင် စိတ်အထက်ဆုံး၊ စိတ်အကြီးဆုံးလည်း ဖြစ်နေပြန်၏။

သူမ ကိုင်ဆောင်သည့် ဓားတိုလေးတစ်စုံသည် ထန်မင်းဆက်လက်ထက်က နာမည်ကြီး ဓားနတ်မယ် ဆွန်းကုန်း ကိုင်ဆောင်ခဲ့သော ဓားတိုတစ်စုံဖြစ်၏။

အော်ဟစ်ပြောဆိုနေစဉ်မှာပင် ဓားများက သူမ၏လက်ထဲသို့ ရောက်ရှိလာခဲ့ချေပြီ။ ဓားသွားရောင်ပြန်များက ကောင်းကင်တွင် ပျံဝဲနေသော နဂါးတစ်ကောင်လို လင်းလက်သွားပြီး စီမင်းကျွေ့ရှယ်ထံသို့ လျှပ်ပြက်သလို ဝင်ရောက်လာခဲ့တော့သည်။

“ခဏလေး နေပါဦးဗျာ...” တစ်စုံတစ်ယောက်က ညင်သာနူးညံ့စွာ ပြောဆိုလိုက်၏။

စကားသံနှင့်အတူ လူတစ်ယောက် ထွက်ပေါ်လာခဲ့၏။

ရှိရှုးယွင်၏ ဓားများ တိုးထွက်လာသည့်တိုင် ထိုဓားတစ်စုံသည် လှုပ်မရအောင် ဖြစ်နေကြောင်း ရုတ်ချည်းပင် သတိထားမိသွားသည်။

ဓားသွားတစ်စုံသည် ထို ရောက်လာသူ၏ လက်ချောင်းများကြားတွင် ညပ်နေလေသည်။

ထိုသူ မည်သို့ရောက်လာခဲ့မှန်း သူမ မသိနိုင်ခဲ့သလို ဓားများကို အားတင်းပြီး ဆွဲထုတ်နေသော်လည်း ထိုသူ၏လက်ထဲတွင် ညောင်မြစ်တွယ်နေသလိုမျိုး တွယ်ညိနေကြကြောင်း သိရှိသွားခဲ့ရပြန်သည်။

သို့သော် ထိုသူ၏ ဟန်ပန်အမူအရာများက တည်ငြိမ်အေးချမ်းလှသလို ပြုံး၍ပင် နေသေး၏။

ရှိရှုးယွင်၏ မျက်နှာ နီရဲလာခဲ့ပြီး စိတ်ဆိုးဒေါသထွက်သွားသည်။ “စီမင်းကျွေ့ရှယ်မှာ ကူညီမယ့်သူတွေရှိနေတာ မသိခဲ့ရဘူးပဲကိုး...” သူမက အေးစက်စက် ခနဲ့စကားဆိုလိုက်၏။

“သူက ကျုပ်ကို လာကူညီတယ်လို့များ မင်းထင်နေတာလား။” စီမင်းကျွေ့ရှယ်က အေးစက်စက် ပြန်လည်တုံ့ပြန်လိုက်သည်။

“မဟုတ်ဘူးလား...”

စီမင်းကျွေ့ရှယ်သည် ဟက်ခနဲ အေးစက်စက် ရယ်သွမ်းသွေးလိုက်ပြီး လှုပ်ရှားလိုက်၏။ သက်တန်ရောင် တောက်ပနေသော ဓားရောင်များ လျှပ်ပြက်သလို ထွက်ပေါ်လာခဲ့ပြီး ရုတ်ချည်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်၏။

စီမင်းကျွေ့ရှယ် တစ်ဘက်သို့လှည့်ထွက်သွားခဲ့ပြီး သူ၏ဓားသည်လည်း ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ပြီးနောက် အေးစက်စက် စကားသံ သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။ “သူသာ မလှုပ်ရှားခဲ့ဘူးဆိုရင် ခုချိန်လောက်ဆို မင်း ဒီသစ်ပင်လို ဖြစ်နေလောက်ပြီ။”

ထိုသစ်ပင်လိုမျိုးဆိုသော စကားကို ရှိရှုးယွင်က စောဒကတက်ရန် ဟန်ပြင်လိုက်သေးသော်လည်း သူမ၏ပါးစပ် မဟနိုင်လေးခင်မှာပင် သစ်ပင်ကြီးသည် တအိအိဖြင့် လဲကျလာကြောင်း တွေ့လိုက်ရ၏။

လူတစ်ဖက်စာမက ပင်စည်ကြီးမားတုတ်ခိုင်သော သစ်ပင်ကြီးသည် ဓားရောင်တစ်ချက် ပြိုးပြိုးပြက်ပြက်အောက်တွင် ထက်ပိုင်းပြတ်နေလေသည်တကား...။

သစ်ပင်ကြီးက လဲကျလာခဲ့သလို စီမင်းကျွေ့ရှယ်သည်လည်း ထွက်ခွာသွားခဲ့ချေပြီ။

ရှိရှုးယွင် တုန်လှုပ်သွားခဲ့၏။ ဤသို့သော ဓားပညာမျိုး လောကကြီးထဲတွင် ရှိနေပါသေး၏လော။ မြန်လိုက်သည့်ဓားချက်... ပြင်းထန်လိုက်သည့်ဓားချက်... သူမသည် ကိုယ့်မျက်လုံးကိုပင် ကိုယ်မယုံနိုင်သလိုမျိုး ဖြစ်နေရ၏။

သစ်ပင်ကြီးသည် တစ်ဘက်သို့လှည့်ထွက်သွားရန် ဟန်ပြင်နေသူထံသို့ ပြိုလဲကျလာနေ၏။ သို့သော် ထိုသူက လက်နှစ်ဘက်ကို မြှောက်ပြီး အသာအယာလေး ပင့်မလိုက်ရာ ဘေးသို့ ညင်သာစွာပြုတ်ကျသွားခဲ့တော့သည်။ ထိုသူ၏ အမူအရာများက တည်ငြိမ်အေးချမ်းစွာရှိနေဆဲဖြစ်သလို နွေးနွေးထွေးထွေး အပြုံးသည်လည်း ပျောက်ကွယ်မသွားသေးပါ။

“ကျုပ်က သူ့ရဲ့အကူမဟုတ်ပါဘူး။” ထိုသူက ညင်သာစွာ ပြောဆိုလိုက်သည်။ “လူသတ်ဖို့အတွက် ကျုပ်ဘယ်တုန်းကမှ မကူညီပေးခဲ့ဘူး။”

ရှိရှုးယွင်၏ မျက်နှာ၌ ရှက်သွေးတစ်ချက် ဖြာသွားခဲ့ပြန်သည်။ ထိုသူ ဘာကြောင့် လုပ်ဆောင်ခဲ့မှန်း သူမ သိရှိသွားခဲ့သလို စီမင်းကျွေ့ရှယ်၏ စကားများသည် အမှန်ဖြစ်ကြောင်းကိုလည်း သိရှိသွားခဲ့၏။ သူမသည် စိတ်ဆတ်၊ စိတ်တိုမြန်သူဖြစ်သော်လည်း အမှားအမှန်ကိုတော့ ကောင်းစွာ ခွဲခြားနိုင်ပါသေး၏။ အရှက်များနှင့်အတူ သူမက ထိုသူ့ကို ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။” သူမထံမှ အားတင်းပြီး ပြောလိုက်ရသော စကားသံထွက်ပေါ်လာခဲ့သည်။ “ရှင့်ရဲ့ နာမည်ကို သိပါရစေလားရှင်။”

“ကျုပ်ရဲ့ မျိုးရိုးနာမည်က ဟွာ လို့ခေါ်ပါတယ်။” ထိုသူသည် ဟွာမင်းလိုပင်။

“ကျမ... ကျမနာမည်ကတော့ ရှိရှုးယွင်လို့ခေါ်ပါတယ်။ ဟိုးမှာရပ်ကြည့်နေတဲ့ အရပ်အမြင့်ဆုံးသူကတော့ ကျမတို့ရဲ့ ဂိုဏ်းတူအစ်မတော် မားရှုကျန်း ပါ။”

“ခုနလေးတုန်းက စကားပြောခဲ့တဲ့တစ်ယောက်လား။”

“ဟုတ်ပါတယ်။”

“သူ့အသံက ခွဲခြားရ လွယ်ကူပါတယ်။” ဟွာမင်းလို ပြုံးရွှင်စွာ ရေရွတ်လိုက်၏။ “နောက်တစ်ခါဆိုရင် သူ့ကို မမှတ်မိနိုင်စရာအကြောင်း မရှိပါဘူး။”

ဤစကားများက ထူးဆန်းလွန်းနေသည်ဟု ရှိရှုးယွင် ကောက်ချက်ချလိုက်၏။

ထို့ကြောင့် သူမ မေးမြန်းလိုက်သည်။ “သူ့ကို သိနိုင်ဖို့များ စကားသံကြားဖို့ လိုသေးလို့လားရှင်။”

ဟွာမင်းလိုက ခေါင်းညိတ်ဖြေဆိုလိုက်သည်။

“ဘာဖြစ်လို့များလဲ”

“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဟာ မျက်မမြင်တစ်ယောက် ဖြစ်နေလို့ပေါ့။”

ရှိရှုးယွင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏။

သူမ၏ဓားများကို အလွယ်ကူဆုံးသော အလုပ်တစ်ခု လုပ်သလို လက်ချောင်းများကြား ဖမ်းယူနိုင်ခဲ့သူ၊ ထိုသူသည် မျက်မမြင်တစ်ယောက် ဖြစ်နေလေသည်။ သူမ မယုံကြည်နိုင်ပါ။

ဟွာမင်းလို၏ မျက်နှာပေါ်သို့ လရောင် ထိုးကျနေ၏။ သူ၏အပြုံးများကတော့ဖြင့် အရင်အတိုင်း နွေးထွေးဆဲ၊ တည်ငြိမ်ခန့်ထည်နေဆဲ... သူသည် မျက်မမြင်တစ်ယောက်ဖြစ်နေခြင်းကြောင့် မျက်စိမြင်သူများကို အားကျနေပြီးသူ့ဘဝကို အရှုံးပေး စိတ်ဓာတ်ကျနေသူတစ်ယောက် မဟုတ်ကြောင်း... သူ၏ဘဝကို အဓိပ္ပါယ်ရှိစွာ၊ ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ကြောင်း ဤအပြုံးများက သက်သေပြနေကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူ့ဘဝကြီးကို သူကျေနပ်နေမိ၏။ ရှင်သန်ရခြင်းဆိုသော အရာကို သူ ကျေနပ်နေမိ၏။

ရှိရှုးယွင်က သူ့ကို ငေးမောကြည့်ရှုနေ၏။ သူမ၏ နှလုံးသားထဲတွင်တော့ ဖော်မပြနိုင်သော ခံစားမှုများ ခံစားနေရလေသည်။ ထိုခံစားချက်များက သနားမိခြင်းလော၊ ကြင်နာစိတ်များ ယိုဖိတ်လာခြင်းလော၊ သို့တည်းမဟုတ် လေးစား အားကျမိနေခြင်းလော... မပြောနိုင်ပါ။

ထိုခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးကြောင်းသာ သူမ သိနေသည်။

“မင်းရဲ့ အစ်မတော်တွေ စောင့်နေကြတယ်နဲ့တူတယ်။” ဟွာမင်းလိုက ပြုံးပြီးပြောဆိုလိုက်၏။ “မင်းသွားသင့်ပါပြီ။”

ရှိရှုးယွင်က လေးတွဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။

“ကျမတို့တတွေ နောင်တစ်ကြိမ် ထပ်တွေ့ကြဦးမယ်ဆိုရင် ရှင်မှတ်မိနိုင်ပါ့မလား။”

“မှတ်မိပါတယ်။ ကျုပ် မင်းရဲ့စကားသံကို ကောင်းကောင်း ခွဲခြားနိုင်ပါတယ်။”

“ဒါပေမဲ့ အဲဒီအချိန်ကျရင် ကျမက ဆွံ့အနေသူတစ်ယောက် ဖြစ်သွားခဲ့မယ် ဆိုရင်ကော။”

ယခုတစ်ကြိမ်တော့ ဟွာမင်းလို နှုတ်ဆိတ်သွားရသည့်အလှည့် ဖြစ်သွားပြန်သည်။

သူ့ဘဝတွင် ထိုသို့ မေးခွန်းမျိုးကို တစ်ခါမှ အမေးမခံရဘူးသလို သူ့ကို ထိုမေးခွန်းမျိုး မေးလာခဲ့လိမ့်မည်ဟုလည်း တစ်ခါမှ မစဉ်းစားမိချေ။

ထိုမေးခွန်းကို မည်သို့ပြန်ဖြေရမှန်း စဉ်းစားနေချိန်မှာပင် ရှိရှုးယွင်တစ်ယောက် သူ့ထံလျှောက်လာနေပြီး သူ့လက်တစ်ဘက်ကို ဆွဲယူသွားကြောင်း ခံစားမိလိုက်၏။

“ကျမရဲ့ မျက်နှာကို ခံစားကြည့်ပါလား။” သူမက ညင်သာနူးညံ့စွာ ဆိုလိုက်သည်။ “ကျမ စကားမပြောနိုင်တော့ဘူးဆိုရင်တောင် ဒီအတွေ့လေးကို ခံစားမိပြီး ကျမ ဘယ်သူဘယ်ဝါဆိုတာ ရှင်ပြောနိုင်တော့မှာပါ။ ဟုတ်တယ်မို့လား။”

ဟွာမင်းလို တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ချောင်းများက သူမ၏ နူးညံ့ချောမွတ်နေသော မျက်နှာအရေပြားများကို ထိတွေ့ခံစားနေ၏။

သူ့နှလုံးသားထဲတွင်လည်း ဖော်မပြနိုင်သော ခံစားမှုများ ခံစားနေရလေသည်။

မားရှုကျန်းက အဝေးတစ်နေရာမှ သူတို့ကို ငေးကြည့်နေပြီး ရုတ်တရက် သူမ၏ ဂိုဏ်းတူညီမလေးကို သွားရောက် ဆွဲခေါ်လာခဲ့ချင်နေမိ၏။ သို့သော် စိတ်ထိန်းထားလိုက်ပြန်သည်။

မားရှုကျန်း တစ်ဘက်သို့လှည့်လာသောအခါ စွန်းရှုးချင် နှင့် ရီရှုကျူတို့သည်လည်း ဟွာမင်းလိုတို့နှစ်ယောက်ကို ငေးကြည့်နေကြကြောင်း တွေ့လိုက်ရ၏။ သူတို့၏ အကြည့်များက ခံစားချက်အပြည့်ပါရှိနေပြီး နှလုံးဘဝင်ကို ဆွဲကိုင်လှုပ်ခြင်း ခံစားနေရကြောင်း ဖော်ပြနေကြ၏။

ရှိရှုးယွင်၏ လုပ်ရပ်များက သူတို့အားလုံးကို မအံ့ဩစေပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဂိုဏ်းတူ ညီမထွေးလေးသည် ပွင့်ပွင့်လင်းလင်း ချစ်တတ်၊ မုန်းတတ်သူဖြစ်ကြောင်းကို သိထားကြသောကြောင့်ဖြစ်၏။ သူတို့၏ ညီမထွေးလေးလို သူတို့သည်လည်း သတ္တိရှိနိုင်ကြပါ့မလားဟု တွေးတောနေကြသည်လား...

ချစ်ခြင်းမေတ္တာအတွက် သတ္တိလည်းရှိဖို့ လိုအပ်ပါသည်။

+++++

ရှိရှုးယွင် ထွက်ခွာသွားခဲ့ပြီ။ သူတို့အားလုံး... ငယ်ရွယ်နုပျိုသော မိန်းမချောလေး ၄ ယောက်စလုံး ထွက်ခွာသွားခဲ့ကြချေပြီ။ လေနှင့်အတူ လာခဲ့ကြသလို လေလိုပင် ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်းလည်းဖြစ်သည်။ သူတို့ ဘယ်အချိန် ထပ်ရောက်လာဦးမည်၊ ဘယ်အချိန် ပြန်ထွက်သွားကြမည်ဆိုသည်ကို မည်သူမှ မပြောနိုင်ကြပါ။

သို့သော် ဟွာမင်းလိုကတော့ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တန့်နေပါ၏။ ပက်ဖျန်းထားသော လရောင်အောက်တွင် ငြိမ်းချမ်းစွာ ရပ်နေသလို မျက်နှာပေါ်မှ အပြုံးသည်လည်း အေးချမ်းလှပါသည်။ လေက တဖြူးဖြူးတိုက်ခတ်လာနေ၏။

လုရှောင်ဖုန်း ရုတ်တရက်ဆိုသလို ရယ်မောလိုက်သည်။

“ငါတော့ လောင်းလိုက်ချင်ပါရဲ့”

“ဘာကို လောင်းချင်တာလဲ”

“မင်းရဲ့လက်တွေကို နောက် ၃ ရက်လောက် ဆေးတော့မှာ မဟုတ်ဘူးဆိုတာ လောင်းချင်တယ်ကွာ”

ဟွာမင်းလို သက်ပြင်းချလိုက်၏။

“ဘာဖြစ်လို့များ တခြားလူတွေကို မင်းနဲ့နှိုင်းပြီး စဉ်းစားကြည့်နေရတာလဲ။”

“ငါက ဘာဖြစ်နေလို့လဲ”

“မင်းဟာ လူကြီးလူကောင်း မဟုတ်ဘူး။” ဟွာမင်းလိုက မျက်နှာထိမျက်နှာထားဖြင့် ဆိုလိုက်သည်။ “တစ်စက်ကလေးမှကို မတူဘူး။”

လုရှောင်ဖုန်း ရယ်မောနေပြန်၏။

“ငါ့မှာရှိတဲ့ ချစ်စရာအကောင်းဆုံးအချက်က ဘာလဲဆိုတော့ လူကြီးလူကောင်းယောင်ဆောင်ပြီး ဘယ်တုန်းကမှ မျက်နှာထိမျက်နှာထားနဲ့ မနေဖူးဘူး။”

ဟွာမင်းလို မရယ်မောဘဲ မနေနိုင်တော့ပါ။

“မင်းသတိထားဖို့တော့ လိုလိမ့်မယ်။” လုရှောင်ဖုန်းက ရုတ်တရက် ပြောဆိုလိုက်သည်။

“ဘာကို သတိထားရမှာလဲ။”

“မိန်းမတွေနဲ့ပတ်သက်လာရင် အခုတလော မင်းတော်တော်လေး ကံကောင်းနေတယ်။ ယောက်ျားတစ်ယောက်ဟာ ဒီလိုမျိုးကံကောင်းလာပြီဆိုတာနဲ့ ပြဿနာတွေ နောက်က လိုက်ပါလာတယ်တယ်လေ။”

“ဒါလည်း ငါ နားမလည်သေးတဲ့အချက်ပဲ။” ဟွာမင်းလို သက်ပြင်းချသံနှင့်အတူ ဆိုလိုက်သည်။

“အိုး...”

“သူများတွေရဲ့ ပြဿနာတွေကိုကျတော့ မြင်တတ်ပြီး မင်းကိုယ်တိုင်ရဲ့ ပြဿနာတွေကိုတော့ ဘာဖြစ်လို့များ မမြင်နိုင်ရတာပါလိမ့်။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်ပြန်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါက ချီးထုပ်တစ်ယောက် ဖြစ်နေလို့ပေါ့ကွာ။” လုရှောင်ဖုန်းက ထူးခြားသော အပြုံးမျိုးဖြင့် ဖြေဆိုလိုက်သည်။

ဟွာမင်းလိုလည်း ရယ်မောလိုက်ပါသည်။ “လူတစ်ယောက်ဟာ သူ့ကိုယ်သူ ချီးထုပ်တစ်ယောက်ဖြစ်နေမှန်း သိနေတယ်ဆိုရင် ကယ်ဖို့ အချိန်မီပါသေးတယ်။”

“ရှန်းကွမ်းတန့်ဖုန်းကို ခိုးဖို့ စိခုန်းကျိုင်ရှင်းကို ခိုင်းခဲ့တာ ဘယ်သူဖြစ်နိုင်တယ်လို့ထင်လဲ။” အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ လုရှောင်ဖုန်း မေးမြန်းလိုက်သည်။

“ဟိုရှူး” ဟွာမင်းလိုက မဆိုင်းမတွပင် ဖြေဆိုလိုက်သည်။

“မှန်တယ်၊ သူပဲဖြစ်လိမ့်မယ်။”

“စိခုန်းကျိုင်ရှင်းကို ငွေသား ၂ သိန်းပေးပြီးခိုင်းနိုင်မယ့်သူ လောကကြီးမှာ သိပ်ရှိတာမဟုတ်ဘူး။”

“ဒါဆိုရင် ရွှေဂဠုန်ဧကရာဇ်ကြီး လိမ်ပြောခဲ့တာ မဟုတ်ဘူးပေါ့။ ဟိုရှူးဟာ ရှန်းကွမ်းမူပဲ။”

ဟွာမင်းလို အောင်မြင်စွာ ရေရွတ်လိုက်၏။

“ပြီးတော့ တုကုရိဟာက ယန်တုဟာပဲဖြစ်ရမယ်။ ဒါကြောင့်မို့လို့ စိန်ပုလဲနန်းတော်ကို သွားခဲ့တယ်၊ ပြီးတော့ သူ့တပည့်မလေးတွေကို ငါ့ဆီလွှတ်လိုက်တယ်။”

ဟွာမင်းလိုက ဖြည့်စွက်ပေးလိုက်သည်။ “သူ ဒီကိုရောက်မလာခင်လေးမှာ ယန်ထျယ်ရှန်း ဘာဖြစ်သွားခဲ့သလဲဆိုတာ သိသေးပုံမရဘူး။”

“သူနဲ့ ယန်ထျယ်ရှန်းတို့ နှစ်ယောက်ပေါင်းပြီး တိုင်ပင်စရာရှိတယ်ဆို လာခဲ့တာပဲဖြစ်ရမယ်။”

“ဖြစ်နိုင်ချေများတယ်။”

“သူတို့နှစ်ယောက် ဆွေးနွေးတိုင်ပင်ကြမယ့်အကြောင်းအရာတွေက ရွှေဂဠုန်အင်ပါယာကြီးနဲ့ ပတ်သက်နေလိမ့်မယ်။”

“ဒါလည်း ဖြစ်နိုင်ဖို့များတယ်။”

“ငါ့ကို နတ်သမီး ၄ ဖော်လွှတ်ပြီး အဲဒီမေးခွန်းတွေ စုံစမ်းလိုက်ကတည်းက ရွှေဂဠုန်ဧကရာဇ်နဲ့ သူနဲ့ ပတ်သက်ကြောင်းကို ဝန်ခံလိုက်သလိုပဲ။”

“သူ ဒါမျိုး မလုပ်ခဲ့သင့်ဘူးလို့ မင်းထင်နေတယ်ပေါ့။”

“ငါတို့မှာ သူဟာ ယန်တုဟာဖြစ်ပါတယ်ဆိုတဲ့ သက်သေပြစရာ ခိုင်ခိုင်လုံလုံမှ မရှိသေးပဲ။ သူ ဝန်ခံဖို့မလိုပါဘူး။ ဒါပေမဲ့...”

“ဒါပေမဲ့... သူ့ကိစ္စတွေမှာ မင်းဝင်မရှုပ်နိုင်အောင် သိပ်ကောင်းတဲ့ အကြံအစည်တွေ သူ့မှာ ရှိနေသေးလို့ပေါ့။”

လုရှောင်ဖုန်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ “သူ့ဆီမှာ သိပ်ကောင်းတဲ့ အကြံအစည်တွေရှိနေရင်ပေါ့လေ။”

“အကောင်းဆုံးအကြံအစည်တွေဆိုတာ အားလုံး အတူတူပါပဲ။”

“သိပ်မှန်တာပေါ့။ လူတစ်ယောက်ဟာ သေသွားပြီဆိုတာနဲ့ သူများတွေရဲ့ ကိစ္စတွေမှာ ဝင်မရှုပ်နိုင်တော့ဘူး။”

“ဒါဆိုရင် သူနဲ့ တွေ့ဆုံပွဲမှာ မင်းအတွက် ထောင်ချောက်တွေ ဆင်ထားနိုင်တယ်နော်။”

“သူ့အတွက် ဘာထောင်ချောက်မှ မလိုပါဘူးကွာ။” လုရှောင်ဖုန်း အားတင်းပြုံးလိုက်သည်။ “သူ့ရဲ့ ဓား၊ဓားမော့ညီနောင် ၄၉ ကွက်နဲ့တင်ကိုပဲ ငါ့ကို တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်အောင် စွမ်းဆောင်နိုင်ပါတယ်။”

ဟွာမင်းလို-“ကောလာဟလ ကြားဖူးထားတာတော့ ဒီခေတ်ပိုင်းရဲ့ အဓိက ဓားဂိုဏ်းကြီး ၇ ဂိုဏ်းမှာ သူ့သိုင်းပညာက အကောင်းဆုံးလို့ ဆိုကြတယ်။ အဲဒါအပြင် အော်မေဂိုဏ်းရဲ့ ထိပ်သီးသိုင်းပညာရပ်တွေကို ထုံးလိုချေရေလိုနှောက် ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ပြန်ရော။ အမှန်အတိုင်းပြောရရင်တော့ သူ့မှာ တစ်ခါမှ ထုတ်မသုံးဖူးသေးတဲ့ ထိပ်သီးပညာရပ်တွေ ကျန်နေပါသေးတယ်။”

လုရှောင်ဖုန်း၇ ရုတ်တရက် ထရပ်လိုက်သည်။

“သွားစို့”

“ဘယ်သွားမလို့လဲ”

“စိန်ပုလဲနန်းတော်ကိုပေါ့၊ ဘယ်ကို ရှိရဦးမှာလဲ။”

“တွေ့ဆုံဖို့ချိန်းထားတာ မနက်ဖြန်နေ့လည်ကျမှ မဟုတ်လား။ ဘာဖြစ်လို့ ခုချက်ချင်းကြီး သွားချင်နေရတာလဲ။”

“အစောဆုံးရောက်သွားတာ နောက်ကျပြီးမှ ရောက်သွားတာထက်တော့ ပိုကောင်းပါသေးတယ်ကွာ။”

“ရှန်းကွမ်းတန့်ဖုန်းအတွက် စိုးရိမ်နေလို့လား။”

“တုကုရိဟာရဲ့ ဂုဏ်သိက္ခာအရဆိုရင် မိန်းမသားတစ်ယောက်ကို ဘယ်တော့မှ နိုင်လိုမင်းထက်လုပ်မှာ မဟုတ်ဘူး။”

“ဒါဆိုရင် မင်းက ဘယ်သူ့အတွက် စိုးရိမ်နေရတာတုန်း။”

“စီမင်းကျွေ့ရှယ်”

ဟွာမင်းလို၏ အမူအရာများ ပြောင်းလဲသွားခဲ့ရတော့၏။

“မှန်တယ်။ တုကုရိဟာသာ စိန်ပုလဲနန်းတော်မှာ ရှိနေမှန်းသိရင် အဲဒီကို ချက်ချင်းကြီး သူလိုက်သွားမှာ သေချာတယ်။”

“တုကုရိဟာရဲ့ ဓား၊ဓားမော့ညီနောင် ပညာရပ်ကို သူရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပါလိမ့်မယ်။” လုရှောင်ဖုန်းက ရှင်းပြလိုက်သည်။ “သူ့သိုင်းပညာနဲ့ဆိုရင် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ သူဟာ သိပ်ကို မာနကြီးတဲ့လူတစ်ယောက် ဖြစ်နေတော့ အမှားလုပ်မိသွားနိုင်တယ်။ အမှားလုပ်မိပြီဆိုတာနဲ့ အသက်ပါသွားနိုင်တယ်။”

“ငါတော့ သူ့ကို သဘောမကျဘူး။” ဟွာမင်းလိုက သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ သူ့မှာ မာနကြီးလောက်တဲ့ အရည်အချင်းမျိုး ရှိနေတာကိုတော့ ဝန်ခံပါတယ်။”

လုရှောင်ဖုန်း-“စုရှောင်းရင်ရဲ့ ဓား၊ဓားမော့ညီနောင် ၂၁ ကွက်အရောက်မှာတင် တုကုရိဟာကို နိုင်နိုင်ပြီဆိုပြီး သူ ဟိုကောင်လေးကို အနိုင်ပိုင်းခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ စုရှောင်းရင်ဟာ တုကုရိဟာ မဟုတ်ဘူးဆိုတာ သူ တွေးမိခဲ့ချင်မှ တွေးမိခဲ့လိမ့်မယ်။”

“တုကုရိဟာက ဘယ်လိုလူစားမျိုးများလဲ။”

လုရှောင်ဖုန်း အတန်ကြာမျှ စဉ်းစားနေလိုက်၏။

ပြီးနောက်မှ ဖြည်းညင်းစွာ ဖြေဆိုလိုက်သည်။ “လောကကြီးမှာ ငါ မိတ်ဆွေမဖြစ်ချင်တဲ့ လူစားမျိုးတွေ ရှိနေသေးတယ်။ သူတို့နဲ့ ရန်သူလည်း မဖြစ်ချင်ပြန်ဘူး။”

“တုကုရိဟာက အဲဒီလို လူစားမျိုးဆိုပါတော့။”

လုရှောင်ဖုန်း ခေါင်းညိတ်ဖြေဆိုလိုက်သည်။ ပြီးနောက် သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် သူ့လို ရန်သူတစ်ယောက် ရှိနေမယ်ဆိုရင် အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ငါတို့တတွေ သွားကြရအောင်လား။”

ဟွာမင်းလို ရုတ်တရက်ပင် ရယ်မောနေလိုက်၏။

“သူလည်းပဲ အိပ်ပျော်နိုင်ဦးမှာ မဟုတ်ပါဘူး။”

“ဘယ်လို...”

“ဘယ်သူပဲဖြစ်ဖြစ်... မင်းလိုရန်သူတစ်ယောက် ရှိနေသေးလို့ကတော့ ဘယ်လိုလုပ်ပြီး အိပ်နိုင်မှာတဲ့လဲကွာ။”

+++++

တုကုရိဟာ အိပ်ပျော်မနေပါ။ ညဉ့်နက်ထဲသို့ ၄ လပိုင်း၏ လေပြည်ညင်းများက ဆောင်းဦး၏ အေးစိမ့်မှုများဖြင့် ခန်းမတွင်းရှိ ကန့်လန့်ကာများကို တိုက်ခတ်လာနေသည်။

ခေါင်းတလားကြီးသည် ခရမ်းရင့်ရောင်တောက်တောက် နန်းမူသစ်သားဖြင့် ပြုလုပ်ထား၏။ ခိုင်ခံ့လှသလို တန်ဘိုးလည်း ကြီးလှသည်။

သို့သော် ခေါင်းတလားတွင်းရှိလူမှာ သေဆုံးခဲ့ပြီးဖြစ်၏။ လူသေတစ်ယောက်အတွက် မည်သည့်ခေါင်းတလားနှင့် ထည့်ရန်ဆိုသည်မှာ အရေးကြီးသေးပါ၏လော။

လေယူရာ ယိမ်းနွဲ့နေသော ဖယောင်းတိုင်မီးအလင်းရောင်ကြောင့် အသုဘခန်းမကြီးသည် မဖော်ပြနိုင်လောက်အောင်ပင် အေးစိမ့်မှုများ၊ ကြောက်ရွံ့ဖွယ်ရာများဖြင့် ပြည့်နှက်နေ၏။

တုကုရိဟာသည် ယန်ထျယ်ရှန်း၏ အသုဘရှုစင်ထားရာနေရာဘေးတစ်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး လှုပ်ရှားခြင်းမရှိခဲ့သည်မှာ အချိန်အတော်ကြာသွားခဲ့ချေပြီ။

သူသည် အရပ်မြင့်မားပြီး စေ့စပ်သေချာသော လူတစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက ထိုင်လျှင်ပင် တည့်မတ်စွာ ထိုင်လေ့ရှိပြီး အပ်ပျံများလို ဖြောင့်တန်းနေသော ဆံချည်မျှင်များက နက်မှောင်နေဆဲဖြစ်၏။ မျက်နှာပေါ်၌ အရေပြားတွန့်များစွာ ရှိနေပြီး သူ့မျက်နှာကို မြင်တွေ့လိုက်ရမှပင် သူသည် လူအိုတစ်ယောက်ဖြစ်နေကြောင်း သိရှိနိုင်မည်ဖြစ်သည်။

ဤအချိန်တွင် သူ၏ စိတ်ဓာတ်ခိုင်မာပြတ်သားသော မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲမှုများ၊ အထီးကျန်ဆန်မှုများ ဖုံးလွှမ်းနေ၏။

သေခြင်းတရား၏ ကြေကွဲခြင်းဆိုသည်ကို သဘောပေါက်နားလည်သွားခဲ့ပြီး သူ့ကိုယ်သူ လူသေတစ်ယောက်အဖြစ် သဘောထားခဲ့ခြင်းကြောင့်လော။

သူ့နောက်ကွယ်မှ ပေါ့ပါးသွက်လက်သော ခြေသံတစ်စုံထွက်ပေါ်လာခဲ့၏။ လှည့်မကြည့်ခဲ့သော်လည်း သူ၏လက်များကမူ ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သူ၏ဓားသည် သာမန်ဓားများထက် ပို၍ထူထဲပြီး ဗြတ်ကျယ်၏။ ဓားသွားမှာလည်း သာမန်ဓားများထက် ပိုမို ရှည်လျားပြီး အနံကျယ်သည်။

ဓားသွားသည် ကြေးဖြင့်သွန်းလုပ်ထားပြီး တောက်ပြောင်လင်းလက်စွာရှိနေ၏။ သို့သော် ဓားအိမ်ကမူ ရှေးဟောင်း ဆန်လွန်းလှပြီး ဓားအိမ်ပေါ်တွင် ရှစ်မြှောင့်ကွက် အင်းတစ်ခု ထွင်းထုထားသည်။ ဤဓားပိုင်ရှင်သည် အော်မေ ဂိုဏ်းချုပ်ဖြစ်ကြောင်းကို ပြသထားခြင်းလည်းဖြစ်သည်။

လျှောက်လှမ်းလာသူသည် သူ့နောက်ကျောဘက်၌ ဖြည်းညင်းစွာ ရပ်တန့်သွား၏။ လှည့်မကြည့်သော်လည်း ထိုသူသည် ဟိုထျန်ချင်းဖြစ်နေမှန်း သိနေသည်။

ဟိုထျန်ချင်း၏အမူအရာများသည်လည်း လွန်စွာမှ စိတ်ထိခိုက်ကြေကွဲနေပုံရသည်။ အတွင်းခံအနက်ရောင်ဝတ်စုံမှအပ တစ်ကိုယ်လုံးတွင် အဝါရောင်တောက်တောက် အဝတ်အစားများကို ဝတ်ဆင်ထားသည်မှာ သေဆုံးသွားခဲ့သူနှင့် သူ၏ ရင်းနှီးပတ်သက်မှု မည်မျှရှိကြောင်း ဖော်ပြနေသလိုပင်။

ထို မာနကြီးပြီး အာဏာစက်ပြင်းသော လူရွယ်ကို တုကုရိဟာ တစ်ခါမှ မမြင်တွေ့ဖူးသလို ဤနေရာသို့လည်း တစ်ခါမှ မရောက်ခဲ့ဖူးပါ။

သူ့ဘေးနားတွင် ဟိုထျန်ချင်း အချိန်အတော်ကြာမျှ ရပ်နေခဲ့ပြီး နောက်ဆုံးတွင်မှ ရုတ်တရက်ဆိုသလို စကားစလာခဲ့၏။

“ရသေ့ကြီး အိပ်လို့မပျော်သေးဘူးလား။”

တုကုရိဟာ ပြန်မဖြေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းအား ပြန်လည်ဖြေကြားရန် မလိုအပ်ပါချေ။ သူ မတ်တတ်ရပ်နေသည်ဆိုပါက မအိပ်သေးလို့ပင်ဖြစ်ကြောင်း မေးစရာမလိုအပ်ပါ။

သူ၏သိက္ခာနှင့် အဆင့်အတန်းက ထိုမေးခွန်းအား ပြန်ဖြေဆိုရန် မလိုအပ်ပါချေ။

သို့သော် ဟိုထျန်ချင်းက ဆက်မေးလိုက်သည်။

“ရသေ့ကြီး ဒီနေရာကို တစ်ခါမှ မရောက်ခဲ့ဖူးဘူးမဟုတ်လား။”

“ဘယ်တုန်းကမှ မလာခဲ့ဖူးဘူး။”

“ဒါကြောင့်မို့လို့ ရသေ့ကြီးနဲ့ သခင်ကြီးယန်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ကျနော် မသိခဲ့ရတာကိုး။”

တုကုရိဟာ၏ မျက်နှာတစ်ပြင်လုံး မည်းနက်သွားသည်။

“လောကကြီးမှာ မင်းမသိနိုင်တာတွေ အများကြီး ရှိနေသေးပါတယ်။” သူ အေးစက်စက် တုံ့ပြန်လိုက်၏။

“ရသေ့ကြီးဟာ သိုင်းလောကမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးပါ။” ဟိုထျန်ချင်းက လေသံအေးအေးဖြင့် ဆက်ပြောနေသည်။ “ဒါကြောင့်မို့လို့ ကျနော့်ထက်တော့ ပိုသိမှာ သေချာပါတယ်။”

ဟိုထျန်ချင်းသည် သူ့ဘက်သို့ ရုတ်တရက် လှည့်လာခဲ့ပြီး ဓားသွားကဲ့သို့ စူးရှရှ အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။

ပြီးနောက် အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ “သူ ဘာဖြစ်လို့ သေသွားခဲ့ရတာလဲဆိုတာ ရသေ့ကြီး သိမှာအမှန်ပဲ။”

တုကုရိဟာ၏ မျက်နှာသွင်ပြင်များ ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် လှည့်ထွက်သွားတော့သည်။

“ရပ်လိုက်စမ်း” ဟိုထျန်ချင်းက အမိန့်ပေးလိုက်သည်။

တုကုရိဟာ၏ နောက်ဆုံးခြေလှမ်းတစ်ချက်က ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလာ၏။ ကြွေပြားကြမ်းပြင်ပေါ်၌ အမှုန်အမွှားများ လွင့်စင်သွားခဲ့သည်။ သူ့လက်များမှ သွေးကြောကြီးများ ထောင်ထနေကြပြီး အင်္ကျီလက်အိုးမှာလည်း လေမတိုက်ဘဲ ဖောင်းပွလာနေသည်။ အတော်လေးကြာတော့မှ ပြန်လှည့်လာခဲ့၏။ သွေးဆာနေသော အကြည့်များက ဟိုထျန်ချင်းထံသို့ ရောက်ရှိလာခဲ့ပြီး ဖြေရှင်းချက်စကားလုံးတစ်လုံးချင်းစီကို တောင်းဆိုနေကြသယောင်။

“မင်းက ကျုပ်ကို ရပ်ခိုင်းနေတာလား။”

ဟိုထျန်ချင်း၏ မျက်နှာသည်လည်း မည်းမှောင်သွားခဲ့လေတော့သည်။

“မှန်တယ်။ ကျနော် ရသေ့ကြီးကို ရပ်ခိုင်းခဲ့တာ။” ဟိုထျန်ချင်းက အေးစက်စက် တုံ့ပြန်လိုက်သည်။

တုကုရိဟာက စိတ်ဆိုးဒေါသထွက်စွာ အော်ပြောလိုက်သည်။ “မင်းမှာ ရပ်ခိုင်းခွင့်မရှိဘူး။”

“ကျနော့်မှာ မရှိပါဘူး။ အသက်အရွယ်အရဆိုရင်ပေါ့။” ဟိုထျန်ချင်းက ခနဲ့လိုက်သည်။ “ဒါပေမဲ့ ကျနော်တို့တတွေ ဂုဏ်သိက္ခာအဆင့်အတန်းချင်း နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ဟိုထျန်ချင်းဟာ တုကုရိဟာရဲ့အောက်မှာ လုံးဝရှိမနေဘူး။”

တုကုရိဟာက တောင်းဆိုချက်ထုတ်လိုက်သည်။ “ဘယ်လိုမျိုး ဂုဏ်သိက္ခာအဆင့်အတန်းကို ဆိုလိုတာလဲ။”

“ကျနော့်ကို ရသေ့ကြီး သိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ ဒီအကွက်ကလေးကိုတော့ ရသေ့ကြီးမှတ်မိမှာပါ။”

တုကုရိဟာနှင့်သူ မျက်နှာချင်းဆိုင်ရပ်နေခြင်းဖြစ်သည်။ ရုတ်တရက်ဆိုသလို သူ၏ညာဘက်လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး လက်မောင်းများကို ဖြန့်ကားလိုက်၏။ “ဇာမဏီတောင်ပံဖြန့်”... သူ၏ဘယ်ဘက်လက်ချောင်း နှစ်ချောင်းက ဇာမဏီငှက်၏ နှုတ်သီးသဏ္ဌာန်ရှိနေပြီး တုကုရိဟာ၏ ဦးခေါင်းသို့ ထိုးစိုက်ချလိုက်၏။

တုကုရိဟာ၏ ညာဘက်လက်ဝါးသည်လည်း ရန်သူ၏ လက်ကောက်ဝတ်ကို ပင့်တင်တိုက်ခိုက်လိုက်သည်။

ရုတ်တရက်... ဟိုထျန်ချင်း၏ ခြေလှမ်းများ ပေါ့ပါးစွာ ရွေ့လျားသွားခဲ့ပြီး တစ်မီတာခန့်အရောက်တွင် တုကုရိဟာ၏ ညာဘက်လက်ပြင်နေရာသို့ ရောက်ရှိသွားခဲ့၏။ ဟန်မှာ “ဇာမဏီတောင်ပံဖြန့်” တိုက်ကွက်အတိုင်း ရှိနေဆဲ... သို့သော် စဉ်ဆက်မပြတ် ပြီးပြည့်စုံစွာ ရွေ့လျားသွားခဲ့သော ဦးတည်ချက်ကြောင့် သူ၏ညာဘက်လက် ဇာမဏီနှုတ်သီးဟန်က တုကုရိဟာ၏ လည်မျိုသွေးပြန်ကြောကြီးများကို ထိုးစိုက်လာပြန်၏။

ရိုးသားသော ရွေ့လျားဟန်ဖြစ်သော်လည်း ဤရွေ့လျားမှုများသည် စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် ပြောင်မြောက် ပြီးပြည့်စုံလှပေသည်။

“ဇာမဏီညီနောင်ပျံ”

တုကုရိဟာ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

စကားပြောဆိုနေသော်လည်း ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ လိမ်ထွက်သွားလိုက်ပြီး သူ၏ဘယ်ဘက်လက်ဝါးက ဟိုထျန်ချင်း၏ နှုတ်သီးသဏ္ဌာန်တိုက်ကွက်ကို ခုခံကာကွယ်လိုက်သည်။

ဟိုထျန်ချင်း အသက်ကို ရှူသွင်းလိုက်၏။ လက်ဝါးကိုဖြန့်ပြီး “ကြယ်ပျံငယ်များ” ဟန်ဖြင့် အပေါ်ဘက်သို့ ပင့်တင်လိုက်သည်။

“ဖတ်”

လက်ဝါးနှစ်ဘက် ကပ်သွားခဲ့ကြပြီး နှစ်ယောက်စလုံး၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ကြတော့သည်။

အသက်ရှူသွင်းထားခဲ့သော ဟိုထျန်ချင်းက ဖြည်းဖြည်းလေး စကားဆိုလာသည်။

“မှန်တယ်။ အဲဒီတိုက်ကွက်က “ဇာမဏီညီနောင်ပျံ”ပဲ။ တစ်ချိန်တုန်းက မိုးနတ်တမန်တော်ဟာ အော်မေဂိုဏ်းကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရသေ့ကြီးရဲ့ဆရာသခင် ရသေ့ကြီးဟူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးတယ်။ အော်မေတောင်ထိပ်မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲမှာ ဒီတိုက်ကွက်ကို ထုတ်သုံးခဲ့တာ ဘေးကရပ်ကြည့်သူတစ်ယောက်အနေနဲ့ ရသေ့ကြီး မြင်ဖူးခဲ့မှာပေါ့။”

“မှန်တယ်”

တုကုရိဟာသည် ထိုစကားနှစ်လုံးတည်းသာ ပြောထွက်ခဲ့သော်လည်း မျက်နှာတစ်ခုလုံး အစိမ်းရောင်သမ်းသွားခဲ့ရ၏။

ထိပ်သီးပညာရှင်များ အတွင်းအားယှဉ်ပြိုင်နေကြပြီဆိုလျှင် စကားမပြောနိုင်သလို လေသံပင် မဟသင့်ပါ။

သို့သော် မိုးနတ်တမန်တော်သည် သိုင်းပညာရပ်တွင် လွန်စွာမှ ထူးချွန်ထက်မြက်ခဲ့သူတစ်ဦးဖြစ်၏။ အတွင်းအားထုတ်သုံးနေရင်း စကားပြောဆိုနိုင်သည့် ပညာရပ်တစ်မျိုးကို တီထွင်နိုင်ခဲ့သည်။ စကားပြောဆိုနေစဉ်တွင် အားအင်ကုန်ခန်းမသွားသည့်ပြင် ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အတွင်းအားများကို နှိုးဆွပေးသလိုဖြစ်အောင်လည်း ကြံဆနိုင်ခဲ့သည်။

ဟိုထျန်ချင်း၏ အတွင်းအားပညာရပ်သည် မိုးနတ်တမန်တော်ထံတွင် သီးခြားသင်ယူခဲ့ခြင်းဖြစ်၏။ ဤအချိန်လေးတွင် သူသည် ဤပညာရပ်ဖြင့် တုကုရိဟာကို ထုတ်သုံးတိုက်ခိုက်ပြီး အနိုင်ယူရန်ကြိုးစားနေချေပြီ။

“သာမန် ထိပ်သီးပညာရှင်တွေဆိုရင် ဒီတိုက်ကွက်အရ ညာဘက်ကို ရွေ့လျားသွားပြီး ညာဘက်လက်ကောက်ဝတ်ကို လှည့်ပြီး ခုခံကာကွယ်မှာသေချာတယ်။ ဒါပေမဲ့ ရသေ့ကြီးဟူကတော့ တစ်ခေတ်မှာတစ်ယောက်ဆိုသလို ပညာရှင် ဖြစ်လေတော့ အများနဲ့ဆန့်ကျင်စွာ ဘယ်ဘက်လက်နဲ့ ခုခံကာကွယ်ခဲ့တယ်။ ဘာဖြစ်လို့လဲ သိလား။”

“ညာလက်ဝါးနဲ့ ခုခံကာကွယ်ခဲ့မယ်ဆိုရင် အားကုန်အင်ကုန်သုံးပြီး ရှိသမျှအတွင်းအား ထုတ်သုံးရလိမ့်မယ်။ ဒါပေမဲ့ ဘယ်လက်နဲ့ဆိုရင်တော့ အတွင်းအား နည်းနည်းကျန်နေဦးမယ်၊ ပြီးတော့ စိတ်တိုင်းကျ လိုသလိုလည်း လှုပ်ရှားနိုင်လိမ့်မယ်...”

တုကုရိဟာ မဖြေချင်ပါ။ သို့သော်လည်း သူသည် အားနည်းနိမ့်ကျနေကြောင်းကိုလည်း မပြသချင်။ ထိုစကားအဆုံးတွင် ရုတ်ချည်း အသက်ရှူကြပ်လာသလို ခံစားမိလိုက်ပြီး ပြောဆိုနေခြင်းအား ရပ်တန့်လိုက်၏။

“မှန်တယ်။ အဲဒါဘာကြောင့်လဲဆိုတော့ မိုးနတ်တမန်တော်က အတွင်းအားအရာမှာ ရန်သူ့ကို ချေဖျက်ဖို့အတွက် အဲဒီတိုက်ကွက်ကို စဉ်းစားတီထွင်ခဲ့တာပဲ။”

“ဒါတွေအားလုံး မင်းဘယ်လိုလုပ်ပြီး သိထားတာလဲ။” တုကုရိဟာက ရုတ်ချည်း အော်ဟစ်မေးမြန်းလိုက်၏။ သူသည် တစ်ဘက်လူကို နောက်ထပ် စကားများများ ပြောခွင့်မပေးချင်တော့ပါ။

“ဘာကြောင့်လဲဆိုတော့ ရှင်းရှင်းလေးပါ။ မိုးနတ်တမန်တော်ဟာ ကျနော့်ဖခင်ဖြစ်နေလို့ပါပဲ။”

တုကုရိဟာ မျက်နှာပျက်သွားတော့သည်။

“ရသေ့ကြီးဟူဟာ ကျနော့်ဖခင်နဲ့ ခေတ်ပြိုင် သိုင်းပညာရှင်တစ်ယောက်ဆိုတာ ရသေ့ကြီးလည်း သိမှာပါ။” ဟိုထျန်ချင်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။

တုကုရိဟာ၏ မျက်နှာက အစိမ်းရောင်မှ အဖြူရောင် ပြောင်းသွားလိုက်၊ အဖြူရောင်မှ အစိမ်းရောင်သို့ ပြန်ပြောင်းသွားလိုက် ဖြစ်နေရ၏။ စကားပြန်မပြောနိုင်သလို ငြင်းဆန်ပြောဆိုရန်အကြောင်းလည်း လုံးဝမရှိပါ။

ထိုခေတ်က မိုးနတ်တမန်တော်၏ ဂုဏ်သိက္ခာအဆင့်အတန်းသည် သိုင်းလောကရှိ ပညာရှင်အားလုံးထက် မြင့်မားလှသည်။ ရသေ့ကြီးဟူသည် သူနှင့်ခေတ်ပြိုင်ပညာရှင်တစ်ယောက်ဟု ပြောဆိုခဲ့ခြင်းသည် ရသေ့ကြီးဟူကို အလွန်အမင်း တင်စားပေးရာရောက်လေသည်။

တုကုရိဟာသည် မာနကြီးသူတစ်ယောက်ဖြစ်သော်လည်း ထိုအချက်ကိုတော့ သိုင်းလောက ထုံးတမ်းစဉ်လာများအရ မျက်ကွယ်ပြုထား၍မရနိုင်ပါ။

“အခုဆိုရင် ကျနော်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ကျနော့်ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို ရသေ့ကြီးသိသွားခဲ့ပါပြီ။” ဟိုထျန်ချင်းက လေသံအေးအေးဖြင့်ပင် ပြောဆိုနေ၏။ “ဒါပေမဲ့ မေးစရာ မေးခွန်းလေးတွေတော့ ရှိနေတုန်းပဲ။”

တုကုရိဟာသည် အံကြိတ်လိုက်ပြီး နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ယိုစိမ့်လာတော့၏။

“စုရှောင်းယုကို နာမည်ပြောင်းပေးခဲ့ပြီး ဘာဖြစ်လို့ တပည့်အဖြစ် ဟန်ဆောင်ခိုင်းခဲ့တာလဲ။ ပြီးတော့ ရသေ့ကြီးနဲ့ သခင်ကြီးယန်တို့ ဘယ်တုန်းကမှ အဆက်အသွယ်မရှိခဲ့ပါဘူး။ သူသေတဲ့အချိန်ကျမှ ရုတ်တရက်ကြီး ဘာလို့ရောက်လာရတာလဲ။”

“ဒီကိစ္စတွေက မင်းနဲ့ဘာမှမဆိုင်ဘူး။”

“ကျနော် မေးလို့မရဘူးလို့ ဆိုလိုလိုက်တာလား။”

“မင်း မေးလို့မရဘူး။”

“ကျနော်ဟာ ဒီနေရာရဲ့ အိမ်တော်ထိန်း ဆိုတာလဲ မေ့မထားနဲ့ဦး။” တုကုရိဟာကို ဟိုထျန်ချင်း အေးစက်စွာ သတိပေးလိုက်၏။ “ဒီမေးခွန်းတွေကိုသာ ကျနော် မေးမြန်းစုံစမ်းပိုင်ခွင့်မရှိဘူးဆိုရင် ဘယ်သူကများ မေးမြန်းစုံစမ်းနိုင်တော့မှာတဲ့လဲ။”

တုကုရိဟာ၏ နဖူးပြင်ပေါ်မှ ချွေးစက်များက မိုးစက်များလို ကျဆင်းလာနေသလို သူ့ခြေထောက်အောက်၊ ကြမ်းပြင်ပေါ်မှ အင်္ဂတေကြွေပြားများသည်လည်း တစ်စစီ ကြေမွကုန်၏။ ရုတ်တရက်... သူ၏ ညာဘက်ခြေထောက်ဖြင့် လှမ်းကန်လိုက်ပြီး ညာဘက်လက်ဖြင့် ဓားကို ဆွဲကိုင်လိုက်သည်။

ထိုလှုပ်ရှားမှုများနှင့် တပြိုင်နက်တည်းလိုလို ဟိုထျန်ချင်း၏လက်ဝါးမှ တွန်းထုတ်ထားသော အတွင်းအားလှိုင်းများ ရုတ်ချည်း ရပ်တန့်သွားသလို တုကုရိဟာ၏ အတွင်းအားများအရှိန်ကိုအသုံးချပြီး လူသည်လည်း ညင်သာစွာ ပျံထွက်သွားတော့သည်။

တုကုရိဟာ၏ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်သွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့၏။ ရုတ်ချည်းပင် ဓားရောင်များ လင်းလက်သွားခဲ့ပြီး ကြမ်းပြင်အနှံ့ရှိ ကြွေပြားများပေါ်သို့ ဓားချက်များ ဆက်တိုက်ကျရောက်လာခဲ့ကာ အမှုန်အမွှားများ ပလူပျံထွက်သွား၏။

သို့သော် ဟိုထျန်ချင်းတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။

အဖြူရောင် လိုက်ကာစများက လေဝေ့တွင် တဖလပ်ဖလပ် ဖြစ်နေကြပြီး အသုဘစင်ပေါ်ရှိ ဖယောင်းတိုင်မီးအလင်းရောင်မှာလည်း မှေးမှိန်လာခဲ့တော့သည်။

ဓားထောက်အားပြုပြီး မတ်တတ်ရပ်နေရသော တုကုရိဟာသည် အမှောင်ထုထဲတွင် အသက်ပြင်းစွာ ရှူရှိုက်နေပြီး ပင်ပန်းကြီးစွာ ဖြစ်နေရ၏။ နောက်ဆုံးတော့လည်း သူသည် လူအိုတစ်ယောက် ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

ဓားကို ဖြည်းညင်းစွာ မ ယူလိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ပြီးနောက် အမှောင်ထုထဲသို့ ဖြည်းညင်းစွာ လျှောက်ထွက်သွားတော့သည်။ အမှောင်ထုထဲတွင် တောက်ပနေသော မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေလေသည်။

သူ ကြည့်လိုက်သောအခါတွင် အမှောင်ထုထဲရှိ အဖြူရောင် ပေါ့ပလာပင်တစ်ပင်အောက်တွင် လူတစ်ယောက် ငြိမ်သက်စွာ ရပ်စောင့်နေကြောင်း တွေ့လိုက်ရသည်။ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

တုကုရိဟာ၏ လက်များက ဓားကို ဆုပ်ကိုင်ထားလိုက်ပြန်သည်။

“ဘယ်သူလဲ” ဩဇာသံအပြည့်ဖြင့် မေးမြန်းလိုက်၏။

ထိုသူက ပြန်မဖြေသည့်အပြင် သူ့ကိုပင် ပြန်လည်မေးခွန်းထုတ်လိုက်သေး၏။

“ယန်တုဟာလား”

တုကုရိဟာ၏ မျက်နှာထား တင်းမာခက်ထန်သွားခဲ့သည်။

အမှောင်ထုထဲမှလူသည် လရောက်အောက်သို့ ခပ်ဖြည်းဖြည်းလေး လျှောက်ထွက်လာ၏။ သူ၏ အဝတ်အစားဖြူဖြူများပေါ်တွင် ဖုန်တစ်စက်မှ ရှိမနေပါ။ ခံစားချက်မဲ့သော မျက်နှာထားရှိပြီး အမည်းရောင် ဓားအိမ်နှင့် ရှေးဟောင်းဓားတစ်လက်ကို သိုင်းလွယ်ထား၏။

တုကုရိဟာ၏ အမူအရာများ သိသိသာသာကြီး ပြောင်းလဲသွားခဲ့သည်။

“စီမင်းကျွေ့ရှယ်”

“ဟုတ်တယ်”

တုကုရိဟာက စိတ်ဆိုးဒေါသထွက်စွာ မေးမြန်းလိုက်၏။ “မင်း စုရှောင်းရင်ကို သတ်ခဲ့တာလား။”

“ကျုပ် သူ့ကို သတ်ခဲ့တယ်။ သူမသေခဲ့သင့်ပါဘူး။ တကယ်သေသင့်တာက ယန်တုဟာ။”

တုကုရိဟာ၏ မျက်လုံးသူငယ်အိမ်များ ကြုံ့ဝင်သွားခဲ့ပြန်၏။

“ခင်ဗျားသာ ယန်တုဟာဆိုရင် ကျုပ် ခင်ဗျားကိုသတ်ရလိမ့်မယ်။” စီမင်းကျွေ့ရှယ်က အေးစိမ့်သော စကားသံဖြင့် ပြောဆိုလိုက်၏။

တုကုရိဟာ၏ ရူးသွပ်စွာရယ်မောသံကြီး ထွက်ပေါ်လာလေတော့သည်။

“ယန်တုဟာကို မင်းမသတ်နိုင်ပါဘူး။ မင်းသတ်နိုင်တာ တုကုရိဟာပဲရှိတယ်။”

“အိုး...ဟုတ်ရဲ့လား”

“တုကုရိဟာကိုသာ သတ်နိုင်ခဲ့မယ်ဆိုရင် မင်းနာမည် သိပ်ကြီးသွားလိမ့်မယ်။”

“ကောင်းတာပေါ့” စီမင်းကျွေ့ရှယ်က ခနဲ့ပြောလေးပြောလိုက်သည်။

“ကောင်းတယ်။”

“ခင်ဗျားဖာသာ အထီးကျန်ကြိုးကြာပဲဖြစ်ဖြစ်၊ ကြိုးကြာတစ်ကောင်ပဲ ဖြစ်ဖြစ် ကျုပ်ကတော့ သတ်ရမှာပဲ။” (တုဟာ=အထီးကျန်ကြိုးကြာ၊ ရိဟာ=ကြိုးကြာတစ်ကောင်... ကုလုံ၏ စကားလုံးလှည့်စားမှုများဖြစ်သည်။)

“ကောင်းတာပေါ့။” တုကုရိဟာ ချက်ချင်းပင် တုံ့ပြန်ခနဲ့လိုက်၏။

“ကောင်းပြီ”

“အထီးကျန်ကြိုးကြာကို သတ်ချင်တာပဲဖြစ်ဖြစ်၊ ကြိုးကြာတစ်ကောင်ကို သတ်ချင်တာပဲဖြစ်ဖြစ် မင်းရဲ့ဓား ဆွဲထုတ်လိုက်ပါတော့လား။”

“သိပ်ကောင်းတယ်”

တုကုရိဟာ သူ့ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ့လက်ဖျားများက ဓားလက်ကိုင်ရိုးထက်ပင် အေးစက်နေကြောင်း သတိထားမိသွားသည်။ လက်ချောင်းများပင် မကသေး၊ သူ့နှလုံးသားသည်လည်း အေးစက်သွားလေတော့သည်။

သူ၏ အောင်မြင်ကျော်ကြားမှုများ၊ ဂုဏ်သိက္ခာများ၊ စည်းစိမ်ချမ်းသာများအားလုံး ယခုအချိန်တွင် ပုံပေးမည်ဆိုဦး၊  လောလောဆယ်လေးတွင် သူအသုံးပြုခဲ့ရသော အတွင်းအားများကို ပြန်မရနိုင်တော့ပါ။

သူသည် စီမင်းကျွေ့ရှယ်ကို ကြည့်နေသော်လည်း ဟိုထျန်ချင်းအကြောင်းကိုသာ တွေးတောနေမိပြန်၏။ သူ နောင်တရနေမိချေပြီတကား။

ဤတစ်ကြိမ်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နောင်တ တကယ်ရဖူးခြင်းဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

လုရှောင်ဖုန်းကို ရုတ်တရက်ကြီး တွေ့ချင်လာတော့သည်။ သို့သော် ဤအချိန်တွင် လုရှောင်ဖုန်း သည်နေရာသို့ မည်သည့်နည်းနှင့်မျှ လာမည်မဟုတ်မှန်းကိုလည်း သိထားပြန်၏။

သူ ဓားဆွဲထုတ်ရန်မှတပါး ဘာမှမတတ်နိုင်တော့ပါ။

သူ့၌ ရွေးချယ်စရာလမ်း မရှိတော့ခြင်းကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်၌ ရုတ်ချည်းဆိုသလို ဓားငွေ့များ ဖုံးလွှမ်းလာလေတော့သည်။

လေက အေးစိမ့်စွာ တိုက်ခတ်လာ၏။ စီမင်းကျွေ့ရှယ်သာ သွေးမြေခခဲ့မည်ဆိုလျှင်လည်း ထိုသွေးများသည် ချက်ချင်း ခြောက်သွေ့သွားနိုင်လေသည်။...

1 comment: