Sunday, May 1, 2011

(၉) ထူးဆန်းလွန်းသော လူသေမှု

မြင်းလှည်းသည် သိပ်မကြီးသော်လည်း လူ ၄ ယောက်ကို ကောင်းစွာသယ်ဆောင်သွားနိုင်၏။ မြင်းလှည်းဆွဲလာသော မြင်းများမှာလည်း ကောင်းမွန်စွာ လေ့ကျင့်ထားပေးသော မြင်းများဖြစ်ကြ၏။ ရွှံ့ဗွက်ထဲတွင် သွားနေသော်လည်း တည်ငြိမ်စွာ ရွေ့လျားနေ၏။ မားရှုကျန်းနှင့် ရှိရှုးယွင်တို့က တစ်ဘက်တွင်ထိုင်နေကြပြီး မျက်နှာချင်းဆိုင်တွင် စွန်းရှုးချင်နှင့် ရီရှုကျူတို့ ထိုင်နေကြသည်။

မြင်းလှည်းဖြင့် ခရီးထွက်လာခဲ့သည်မှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သည်။ လူတိုင်းက သူမကို အကဲခတ်ကြည့်နေကြကြောင်း ရှိရှုးယွင် သတိထားမိလာသည်။ နှုတ်ခမ်းစူထားပြီး ကျန်လူများကို ဘုကြည့်ပြန်ကြည့်နေရုံမှတပါး သူမဘာမှမတတ်နိုင်ပါ။

“ရှင်တို့ ဘာဖြစ်လို့ကြည့်နေကြတာလဲ။ ကျမ မျက်နှာမှာ ပန်းပွင့်တွေများ ပေါက်လာလို့လား။”

စွန်းရှုးချင်က ရယ်ရယ်မောမော ပြောဆိုလိုက်၏။ “ပန်းပွင့်လာခဲ့တယ်ဆိုရင်လည်း ခူးသွားခံရပြီးပြီလေ။”

သူမ၏မျက်လုံးအိမ်များက ကြီးမားလှပြီး နှုတ်ခမ်းပါးပါးလေးများကြောင့် လူတစ်ဦးတစ်ယောက်ကို အစအနောက် သန်သူဖြစ်ကြောင်း တွေ့ဖူးသူတိုင်း ခန့်မှန်းမိကြမည်ဖြစ်သည်။

သူမက ရှိရှုးယွင်ကို တုံ့ပြန်ခွင့်ပင် မပေးတော့ဘဲ ဆက်ပြောလိုက်ပြန်၏။

“ထူးဆန်းတာတစ်ခုက မိန်းကလေးတိုင်းလိုလို များသောအားဖြင့် ပန်းပွင့်တွေဟာ အသီးအနှံတွေလောက် မကောင်းနိုင်ဘူးလို့ ပြောလေ့ရှိကြတယ်။ သူ့ကျမှ ပါးစပ်ဟလိုက်တာနဲ့ ပန်းပွင့်ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဇွတ်ကြီးကို ပြောနေပါလား။ ”

အံ့ဩစရာကောင်းလှစွာပင် ရှိရှုးယွင်တစ်ယောက် ရှက်သွေးပင် မဖြာခဲ့ပါ။ အေးအေးဆေးဆေး လေသံဖြင့်ပင် ပြန်ဖြေလိုက်၏။ “ဒါက ဘာမှမထူးဆန်းပါဘူး။ သူ့မျိုးရိုးနာမည်က ဟွာ၊ အဓိပ္ပါယ်က ပန်းပွင့်... ဒါကြောင့် ကျမကတော့ ပန်းပွင့်ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေဦးမှာပဲ။”

စွန်းရှုးချင်က ခပ်သောသောလေး ရယ်မောလိုက်၏။ “သူ... ဟုတ်လား။ သူ ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။”

“သူ့နာမည်က ဟွာ၊ ဟွာမင်းလိုကို ပြောနေတာ။”

“သူ့နာမည်ကို နင်ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

“သူကိုယ်တိုင် ပြောပြခဲ့တာပေါ့။”

“ငါတို့ ဘာဖြစ်လို့များ မကြားခဲ့ရတာပါလိမ့်။”

“ကျမတို့က ကိုယ်ရေးကိုယ်တာတွေ ပြောနေခဲ့ကြတာလေ။ လူတိုင်းကြားအောင် ဘယ်ပြောပါ့မလဲ။ ဒါ ခဏထားလိုက်ပါဦး... အဲဒီအချိန်တုန်းက ရှင်လည်း လုရှောင်ဖုန်းအကြောင်းတွေ စဉ်းစားနေခဲ့တာ မဟုတ်လား။”

“ကျုပ်က လုရှောင်ဖုန်း အကြောင်းကို စဉ်းစားနေတယ်.. ဟုတ်လား။” စွန်းရှုးချင် ထအော်မိမတတ် ဖြစ်သွားခဲ့၏။ “သူ့အကြောင်းကို စဉ်းစားနေတယ်လို့ ဘယ်သူပြောလဲ။”

ရှိရှုးယွင် ပြန်ဖြေလိုက်၏။ “ကျမ ပြောတာ။ ရေချိုးစည်ပိုင်းကြီးထဲမှာ သူရှိနေတုန်းက ရှင် သူ့ကို တစ်ချိန်လုံး ငေးကြည့်နေတာ ကျမ တွေ့ခဲ့ရတယ်နော်။ အခုမှ လာပြီး ငြင်းမနေနဲ့၊ အပိုပဲ။”

စွန်းရှုးချင်က ရယ်မောနေပြီး လက်သီးလေးဖြင့် ခပ်ဖွဖွလေး လှမ်းထိုးလိုက်၏။

“ဒီကောင်မလေး ဘယ်လောက်တောင်မှ ရူးနေပြီလဲဆိုတာ တွေ့ကြလား။ သူ့ပါးစပ်က ထွက်လာသမျှတွေဟာ အလိမ်တွေချည်းပဲ။” သူမက ဆူငေါက်သလို ပြောလိုက်သော်လည်း မျက်နှာတွင်တော့ အပြုံးပန်းများ ပွင့်နေလေသည်။

“ဒီကောင်မလေး နည်းနည်းလေး ရူးနေတာတော့ သေချာတယ်။” မားရှုကျန်းက ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ သူ့မျက်လုံးတွေက လုရှောင်ဖုန်းဆီမှာ ရှိနေခဲ့တာ တစ်ချိန်လုံးပဲ။”

“မျှမျှတတ ပြောပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ အစ်မကြီးရယ်...” ရှိရှုးယွင်က ရယ်ရွှင်စွာဖြင့် လက်များဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

စွန်းရှုးချင်၏မျက်လုံးများ လည်ထွက်သွားပြီး နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက် ချလိုက်ရတော့သည်။

“သူ တရားမျှတခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့စကားတွေမှာ ခပ်ချဉ်ချဉ်အရသာလေးတွေ ပါနေသေးတယ်။”

“ခပ်ချဉ်ချဉ်အရသာတွေ... ဟုတ်လား။” ဤတစ်ကြိမ်သည် မားရှုကျန်း၏ အံ့အားသင့်ချိန်ပင် ဖြစ်တော့၏။ “ဘာချဉ်တာကို ပြောတာလဲ။”

“ရှလကာရည်လို ချဉ်တာကို ပြောတာပါ။”

“ဪ ငါက ရှလကာရည် သောက်နေတယ်လို့ နင်က ပြောချင်တယ်ပေါ့လေ။ နင့်ကို ငါက မနာလိုဖြစ်တယ်လို့ ဆိုလိုလိုက်တာပေါ့လေ။” မားရှုကျန်း၏စကားသံများက တဖြည်းဖြည်း ကျယ်လောင်လာခဲ့တော့၏။
(တရုတ်စကားတွင် ရှလကာရည်သောက်ခြင်းဆိုသည်မှာ တစ်ယောက်က တစ်ယောက်ကို မနာလိုဖြစ်ခြင်းကို ပြောဆိုခြင်းဖြစ်၏။)

“ကျမ ဘာမှလည်း မပြောခဲ့ပါလား။” စွန်းရှုးချင် ပြန်ဖြေလိုက်သည်။ “အစ်မကြီးဖာသာ အစ်မကြီး ပြောတာပါနော်။”

တခြားသူများကို စကားဆက်ခွင့်မပေးတော့ဘဲ ရယ်ချင်ပက်ကျိဖြစ်နေသော အမူအရာများကို မနည်းကြီးထိန်းပြီးမှ သူမ စကားဆက်လိုက်သည်။ “လုရှောင်ဖုန်းဟာ ဘယ်လို စကားပြောချိုတယ်၊ ဘယ်လို စွဲဆောင်မှုရှိတယ်၊ ဘယ်လောက်တောင်မှ ခင်ဖို့ကောင်းတယ်လို့ လူတွေ ဘယ်လိုပဲပြောနေပါစေ၊ ဒီနေ့လိုမျိုး ရေချိုးစည်ပိုင်းကြီးထဲမှာ သူ့ကို အဲဒီလိုကြီးတွေ့လိုက်ရတော့ ငအကြီးတစ်ယောက်လို့ပဲ ကျမမြင်တယ်။ စီမင်းကျွေ့ရှယ်နဲ့များ ယှဉ်လိုက်ရင် တခြားစီပဲ။”

“အစ်မပြောတာ ဘာသဘောလဲ။” ရှိရှုးယွင်က အသံစူးစူးဖြင့် အော်ဟစ်မေးမြန်းလိုက်၏။

“ပြောချင်တာကတော့ ငါသာ ယောက်ျားတစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် စီမင်းကျွေ့ရှယ်လို ယောက်ျားမျိုးကို သေချာပေါက် ရွေးချယ်မိမှာပဲ။ သူလိုမျိုး ယောက်ျားစစ်စစ်က လုရှောင်ဖုန်း ၁၀ ယောက်ထက် သာတယ်လေ။”

ရှိရှုးယွင် သက်ပြင်းချလိုက်မိသည်။

“ဒီနေရာကျတော့ မင်းတစ်ယောက်ပဲ ရူးသွပ်နေတာဖြစ်သွားပြီ။ ဒီလောကကြီးထဲမှာရှိနေတဲ့ ယောက်ျားတွေ အကုန်လုံး သေသွားပါစေ... ဒီလိုမျိုးမာနကြီးပြီး ဖင်ခေါင်းကျယ်တဲ့ လူသေကောင်ကြီးကိုတော့ ကျုပ်တို့က မရွေးသေးဘူး။”

“အစ်မကြီးက မကြိုက်ဘူး... ကျမကတော့ ကြိုက်တယ်။ ဒါ ဘာလို့လည်းဆိုတော့ ဂေါ်ဖီထုပ်နဲ့ ခါကြက်ဥ သူ့ဟာနဲ့သူပဲလို့ ခေါ်တယ်မဟုတ်လား။”

မားရှုကျန်း အရယ်ရပ်သွားတော့သည်။

“အစ်မတို့နှစ်ယောက်ကို ကြည့်ရတာ ဂေါ်ဖီထုပ်နဲ့ ခါကြက်ဥ ခွဲယူထားပြီးပြီနဲ့တူတယ်။”

“ကျမတို့ အစ်မကြီးကို ခွဲပေးထားတာကတော့ လုရှောင်ဖုန်းဆိုတဲ့ ခါကြက်ဥအကြီးကြီးပဲ... ခစ်ခစ်” စွန်းရှုးချင်က အရယ်အသောလေးဖြင့် ပြောဆိုလိုက်၏။

ရှိရှုးယွင်က မျက်တောင်ခတ်လိုက်၏။

“ဒါဆိုရင် တတိယအစ်မတော်ရီ အတွက် ဘာမှမရတော့ဘူးပေါ့။”

ရီရှုကျူ၏ မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြာသွားတော့သည်။

ရီရှုကျူက ရှက်သွေးဖြာဖြာနှင့်ပင် ပြောဆိုလိုက်၏။ “ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ကြစမ်းပါဦး... တစ်ခါလေးတွေ့ဖူးရုံနဲ့ မိန်းကလေးတွေ ဣန္ဒြေမရဖြစ်နေလိုက်ကြတာ။ တစ်သက်လုံး ယောက်ျားဆိုတဲ့ သတ္တဝါတွေကို မတွေ့ဖူးကြတာ ကျနေတာပဲ။”

စွန်းရှုးချင်-“သူတို့လိုမျိုး ယောက်ျားတွေ တစ်ခါမှကို မတွေ့ဖူးဘူး။”

သူမက ရီရှုကျူကို တစ်ချက်မျှ စောင်းကြည့်လိုက်ပြီးမှ စကားပြန်ဆက်လိုက်သည်။

“ရိုးရိုးသားသားပြောရရင်၊ ဒီနေ့ကျမတို့ တွေ့ခဲ့ရတဲ့ ယောက်ျား ၃ ယောက်စလုံးဟာ လူတော်တွေချည်းပဲ။ ရှင် လက်မခံဘူးလို့ ပြောနေတာ သူတို့အားလုံးကို ကြိတ်ပြီးကြိုက်နေလို့ မဟုတ်လား။”

“ရူးနေပြီ... အစ်မတို့ ရူးနေကြပြီ။” ရီရှုကျူသည် စိတ်ရှုပ်ထွေးစွာရှိနေပြီး မျက်နှာတစ်ပြင်လုံးလည်း ရှက်လွန်းသဖြင့် နီရဲနေ၏။

“နံပါတ် ၂ စွန်းညီမလေးမှာ ဒီပြဿနာလေးတစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ ရိုးသားတဲ့သူတွေကို ချောင်ပိတ်အနိုင်ကျင့်တတ်တာပဲ။”

“သူလား... ရိုးသားမှာ...” စွန်းရှုးချင်က နှုတ်ခမ်းကို စူထားပြီး ပြောလိုက်သည်။ “သူလား... အပြင်ပန်းမှာတော့ ရိုးသားချင် ရိုးသားနေလိမ့်မယ်။ ဒါပေမဲ့ ကျမတို့ ၄ ယောက်ထဲမှာ သူအရင်ဆုံး ယောက်ျားယူမှာ သေချာပေါက်ပဲ။”

ရီရှုကျူ-“ရှင် ဘာဖြစ်လို့ အဲလိုပြောရတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ သူဟာ အရင်ဆုံးအိမ်ထောင်ကျမယ့်သူ မဟုတ်လို့ပဲ။” စွန်းရှုးချင် ဘာမှမပြောရသေးခင်မှာပင် ရှိရှုးယွင်က ဦးစွာပြောဆိုလိုက်၏။ “မျက်ခုံးလေးဘက်ရှိတဲ့ ယောက်ျားဆိုတာ အသာထားစမ်းပါဦး... သတ္တိ ၄ ဆရှိတဲ့ ယောက်ျားတစ်ယောက်တောင်မှ သူ့ကိုယူရဲမှာမဟုတ်ဘူး။”

“ဒီစကားက အမှန်ပဲ။” မားရှုကျန်းက အောင်နိုင်သူလေသံဖြင့် ပြောဆိုလိုက်၏။ “သူ့ကို ယူတဲ့ ဘယ်ယောက်ျားမဆို သူပြောသမျှတွေနားထောင်ပြီး ဦးနှောက်ပျက် သေမှာ သေချာတယ်။”

“သူသာ နားပင်းယောက်ျားတစ်ယောက်ကို ရှာနိုင်ဦးမယ်ဆိုရင်တော့...” ရှိရှုးယွင် ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး ပြောနေသော်လည်း မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်လေတော့သည်။

စွန်းရှုးချင်က မတ်တတ်ထရပ်လိုက်ကာ အော်ဟစ်ပြောဆိုလိုက်သည်။ “ဪ... ရှင်တို့က ၃ ယောက်ပေါင်းပြီး ကျမကို အနိုင်ကျင့်နေကြတယ်ပေါ့လေ။ ကောင်းပါပြီ... အဲဒီယောက်ျား ၃ ယောက်စလုံးကို ရှင်တို့ ၃ ယောက်ပဲ ယူလိုက်ကြတော့... ကျေနပ်ပြီလား.. ဟွန်း...”

ရှိရှုးယွင်-“ဒါဆိုလည်း ယူလိုက်ကြတာပေါ့ကွယ်။ စကားမစပ်... သူတို့ ၃ ယောက်က ရှင်နဲ့ ပတ်သက်နေလို့လား။”

“ဒီကောင်မလေးကတော့လေ... သိတာတွေ တော်တော်များနေပြီ။” မားရှုကျန်း သက်ပြင်းတစ်ချက်ရှိုက်ပြီးမှ ဆိုလိုက်သည်။ “ခက်တာက သူ့မှာ အရှက်ဆိုတာ လုံးလုံးမရှိနေတာပဲ။”

သူတို့အားလုံးကို စွန်းရှုးချင် စူးစူးစိုက်စိုက် ကြည့်နေလိုက်ပြီး အဆုပ်ထဲမှလေကို တဝကြီးရှုသွင်းလိုက်ကာ “ကျမတော့ ဗိုက်ဆာနေပြီ...” ဟု ပြောလိုက်တော့သည်။

မားရှုကျန်းက သူမကို ထူးဆန်းစွာ စိုက်ကြည့်နေသည်။ အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်နေ၏။

စွန်းရှုချင်းက ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ဘဲ ရယ်မောပြောဆိုလိုက်သည်။ “စိတ်တိုလာပြီဆိုရင် ကျမဗိုက်က အရမ်းဆာလာတတ်ရော... ဒါကြောင့် စားသောက်ဆိုင်တစ်ဆိုင်ဆိုင်ကို အရင်ပြေးပြီး ရှာရတယ်။ ခစ်ခစ်”

မိန်းကလေး ၄ ယောက်အတူတူရှိနေချိန်တွင် တစိမ်းယောက်ျားလေးများအကြောင်း မပြောဘဲ မနေနိုင်ကြ။ ယောက်ျားများ စုစည်းမိလျှင် မိန်းမအကြောင်း မပြောဘဲ မနေနိုင်သလိုမျိုးလည်းဖြစ်သည်။

သို့သော် လုရှောင်ဖုန်းနှင့် ဟွာမင်းလိုတို့သည် မိန်းမများအကြောင်း ပြောဆိုရန် အာရုံမလာဖြစ်နေကြ၏။ သူတို့ စီမင်းကျွေ့ရှယ်အကြောင်း ဆွေးနွေးတိုင်ပင်နေကြလေသည်။

လုရှောင်ဖုန်း-“သူ တုကုရိဟာကို မတွေ့သေးပါစေနဲ့လို့ပဲ ငါမျှော်လင့်နေတယ်။”

ဟွာမင်းလို-“သူက တုကုရိဟာရဲ့ ပြိုက်ဘက်မဟုတ်ဘူးလို့ မင်းဆိုလိုချင်တာလား။”

“သူ့ဓားပညာက မြန်ဆန်လွန်းလှပြီး သိပ်ကို ကြောက်စရာကောင်းတယ်။ သူ့ဓားဟာ ကိုင်ဆောင်သူလိုပဲ... ကရုဏာလုံးဝမရှိဘူး။ ရန်သူအတွက် အခွင့်အရေးဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူး။”

ဟွာမင်းလို ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြသလိုက်သည်။

“လူတစ်ယောက်ဟာ သူ့ရန်သူအတွက် အခွင့်အရေးမပေးဘူးဆိုရင် သူကိုယ်တိုင်အတွက်လည်း အခွင့်အရေးဆိုတာ မရနိုင်တော့ဘူး။” ဟွာမင်းလို ဖြည်းညင်းစွာ သုံးသပ်လိုက်သည်။

“ဒါကြောင့်မို့ သူ့ဓားဟာ ဓားအိမ်ထဲကနေ ထွက်ပေါ်လာတာနဲ့တပြိုင်နက် ရန်သူကို တိုက်ခိုက်အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် သူကိုယ်တိုင် သေဆုံးဖို့ကိုလည်း တံဆိပ်ခတ်ပြီးသားဖြစ်သွားပြီ။”

“ဒါပေမဲ့ သူမှ မသေသေးတာ။”

“ဘာကြောင့်လဲဆိုတော့ တုကုရိဟာလို ရန်သူမျိုးကို သူ့တစ်သက် တစ်ခါမှ မတွေ့ခဲ့ဖူးသေးလို့ပေါ့။”

နောက်စကားဆက်မပြောခင် လုရှောင်ဖုန်း အရှိန်သပ်လိုက်၏။

“တုကု ဓားပညာရဲ့ လှည့်ဖျားချက်တွေမှာ အတွင်းအားသုံးပြီး ပြင်းထန်လွန်းတဲ့ ထိုးနှက်ချက်တွေပါသလို ခံစစ်မှာလည်း သိပ်ကို ပြင်းထန်လွန်းတယ်။ ပြီးတော့ သူ့လိုမျိုး အတွေ့အကြုံရင့်ကျက်နေတဲ့ ဓားပညာရှင်တစ်ယောက်ကို စီမင်း ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ တိုက်ကွက် ၃၀ လောက်ရောက်ပြီဆိုတာနဲ့ တုကုရိဟာရဲ့ ဓားအောက်မှာ စီမင်းကျွေ့ရှယ် ကျရှုံးသွားလိမ့်မယ်။”

“ဒါဆိုရင် အကွက် ၃၀ အတွင်းမှာ သူ့အတွက် ဘယ်လိုနည်းနဲ့မှ အခွင့်အရေး မရှိနိုင်ဘူးလို့ မင်းဆိုလိုချင်တာလား။”

လုရှောင်ဖုန်း သက်ပြင်းချပြီး ဆိုလိုက်သည်။ “တိုက်ကွက် ၃၀ အတွင်းမှာ တုကုရိဟာကို ဘယ်သူမှ အနိုင်မတိုက်နိုင်ဘူး။ စီမင်းကျွေ့ရှယ်လည်း ခြွင်းချက်မဟုတ်ဘူး။”

ဟွာမင်းလိုသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အတန်ကြာမှ သက်ပြင်းချလိုက်တော့သည်။

“သူ ဒီအမှုထဲကို ပါဝင်လာခဲ့ဖို့ မင်းကိုယ်တိုင်ပဲ ဖိတ်ခေါ်ခဲ့တာ မဟုတ်လား။”

“ဒါကြောင့်မို့လို့လည်း တုကုရိဟာကို သူမတွေ့ပါစေနဲ့ဦးလို့ ငါမျှော်လင့်နေတာပေါ့။”

သူတို့နှစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်နေသော လမ်းကျဉ်းလေးကို ဖြတ်လျှောက်လာခဲ့ပြီးသည်နှင့် စိန်ပုလဲနနန်းတော်ရှေ့ ဖြတ်စီးဆင်းနေသော စမ်းချောင်းငယ်လေးရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

ငွေရောင်တောက်နေသော လရိပ်အောက်တွင် စမ်းချောင်းတွင်းမှ ရေများမှာ ငွေရောင်လှိုင်းကြက်ခွပ်လေးများ ထနေ၏။ စမ်းချောင်းလေးဘေးတွင် ဝတ်စုံဖြူဝတ်လူတစ်ယောက် ငြိမ်သက်စွာ ရပ်နေ၏။

သူ့ကို လုရှောင်ဖုန်း တွေ့လိုက်ရသလို သူသည်လည်း လုရှောင်ဖုန်းကို တွေ့မြင်လိုက်ရသည်။

“ငါ မသေသေးပါဘူး။” ထိုသူက ရုတ်တရက်ဆိုသလို စကားဦးသမ်းလိုက်သည်။

လုရှောင်ဖုန်း ရယ်မောနေ၏။

“မင်းကို ကြည့်ရတာ လူသေတစ်ယောက်နဲ့လည်း လုံးဝမတူပါဘူး။”

စီမင်းကျွေ့ရှယ်-“သေသွားတဲ့သူကတော့ တုကုရိဟာ ဖြစ်နေတယ်။”

လုရှောင်ဖုန်း အရယ်ရပ်သွားခဲ့လေသည်။

“မင်း မစဉ်းစားတတ်တော့ဘူးမဟုတ်လား။”

လုရှောင်ဖုန်း ဝန်ခံလိုက်သည်။ ဝန်မခံချင်သော်လည်း ဝန်ခံလိုက်ရလေတော့သည်။

ဤအချိန်တွင်တော့ စီမင်းကျွေ့ရှယ်က ခပ်သဲ့သဲ့လေး ရယ်မောနေ၏။ သူ၏အရယ်တွင် ထူးဆန်းပြီး ထူးခြားလွန်းသော အသံများ စွက်နေသည်။ “ငါလည်း မစဉ်းစားတတ်တော့ဘူး။”

“အမ်...”

“စုရှောင်းရင်နဲ့တိုက်ခိုက်ခဲ့တုန်းက ၂၁ ကွက်မြောက်မှာ ငါ ဟာကွက် ၃ ကွက်လောက် တွေ့ခဲ့ရတယ်။”

“ဒါကြောင့်မို့လို့ တုကုရိဟာကို သတ်ဖို့ မင်းမှာ အခွင့်အရေး ၃ ခုလောက်ရှိလိမ့်မယ်လို့ ထင်ထားခဲ့တယ်ပေါ့။”

စီမင်းကျွေ့ရှယ် ခေါင်းညိတ်ပြလိုက်သည်။

“ပုံမှန်အတိုင်းဆိုရင် ငါ့အတွက် အခွင့်အရေးဆိုတာ တစ်ခါရရင်ကို လုံလောက်ပါပြီ။ ဒါပေမဲ့ သူနဲ့တိုက်ခိုက်ခဲ့တဲ့ အချိန်မှာတော့ ငါ့ဆီမှာ ဘာအခွင့်အရေးမှ မရခဲ့ဘူး။”

“ဘာဖြစ်လို့လဲ။”

“သူ့တိုက်ကွက်တွေမှာ ဟာကွက်တွေပေါ်လာခဲ့ပေမယ့်လည်း ငါက စ တိုက်ပြီဆိုတာနဲ့ အဲဒီဟာကွက်တွေဟာ ပြန်ပျောက်သွားပြန်ရော... ကိုယ့်တိုက်ကွက်တွေရဲ့ ဟာကွက်တွေကို ကိုယ်ကိုယ်တိုင် သိနေတဲ့လူတစ်ယောက်မှ ငါမတွေ့ခဲ့ဖူးသေးဘူး။ တုကုရိဟာကတော့ သိနေခဲ့တယ်။”

“သိုင်းလောကမှရှိတဲ့ ဓားပညာရပ်တိုင်းလိုလိုမှာ ဟာကွက်တွေ ရှိနေစမြဲပါပဲ။ ဒါပေမဲ့ ကိုယ့်ဓားပညာရဲ့ ဟာကွက်တွေကို သိနိုင်နေတဲ့လူဆိုတာ သိပ်ပြီးမရှိလှဘူး။” လုရှောင်ဖုန်း ထောက်ခံလိုက်၏။

“ငါ ၃ ကွက်လုံးတိုက်ခိုက်ခဲ့တယ်။ ၃ ကွက်လုံးပဲ ပြန်လည်ခြေဖျက်ခံလိုက်ရပြန်တယ်။ သူ့ကို မသတ်နိုင်တော့ဘူးဆိုတာ ငါ သိလိုက်ရပြီ။ လူသတ်တဲ့ ဓားပညာရပ်တစ်ခုတည်းကို တတ်မြောက်ထားတဲ့ ငါလိုလူတစ်ယောက်ဟာ လူမသတ်နိုင်တော့ဘူးဆိုရင် သေရုံကလွဲပြီး ဘာမှမရှိတော့ဘူး။”

“မင်းဟာ ဖင်ခေါင်းကျယ်လွန်းနေပေမယ့်လည်း ကိုယ့်အားနည်းချက်ကိုတော့ ကိုယ်ကိုယ်တိုင် သိနေသေးတာပဲ။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “ဒါကြောင့်မို့ ဒီအချိန်ထိ မင်းအသက်ရှင်နေသေးတာပေါ့။”

“ငါ အခုချိန်ထိ အသက်ရှင်နေသေးတာက ဘာဖြစ်လို့လည်းဆိုတော့ သူ့တိုက်ကွက်တွေဟာ အကွက် ၃၀ ကျော်လာတာနဲ့ ဖရိုဖရဲဖြစ်လာခဲ့တော့လို့ပဲ။”

“သူလို ပညာရှင်တစ်ယောက်အတွက် တိုက်ကွက်တွေ ဖရိုဖရဲဖြစ်လာခဲ့ရပြီဆိုတာဟာ အကြောင်းနှစ်ချက်ကြောင့်ပဲ ဖြစ်နိုင်တယ်။”

စီမင်းကျွေ့ရှယ်က ရှင်းပြလာမည့်စကားများကို နားစွင့်နေလိုက်သည်။

“သူ့စိတ်နဲ့ နှလုံးသားက ဖရိုဖရဲဖြစ်လာတာနဲ့ သူ့ဓားလည်း ဖရိုဖရဲဖြစ်လာတော့တာပဲ။”

“သူ့စိတ်နဲ့ နှလုံးသားက ဘယ်လိုနည်းနဲ့မှ ဖရိုဖရဲမဖြစ်ခဲ့ဘူး။”

“ဒါဆိုရင် အတွင်းအားတွေ ကုန်ခမ်းသွားလို့များလား။”

အားအင်မရှိလျှင် ဓားပညာသည်လည်း ဖရိုဖရဲဖြစ်လာမည်မှာ သေချာပေါက်ပင်။

“သူ့လိုမျိုး အတွင်းအားပညာရှင်တစ်ယောက်၊ ဓားပညာရှင်တစ်ယောက်ဆီမှာ တိုက်ကွက် ၃၀ ကျော်လာတာနဲ့ ဘာဖြစ်လို့ အတွင်းအားတွေ ကုန်ခမ်းသွားရမှာလဲ။” လုရှောင်ဖုန်း နားမလည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။

“ငါပြောခဲ့ပြီးပါပြီကော... ငါကိုယ်တိုင်လည်း မသိနိုင်ပါဘူးလို့။”

လုရှောင်ဖုန်း တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားခန်းဝင်နေလိုက်သည်။

“မင်းနဲ့မတိုက်ခင်တုန်းက သူ့အတွင်းအားတွေ ထုတ်သုံးလာအောင် တစ်ယောက်ယောက်ကများ လုပ်ခဲ့လို့လား။ မင်းနဲ့မတိုက်ခင်တုန်းက သူ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ခဲ့လို့်များလား။”

“သူကိုယ်တိုင်က မပြောပြခဲ့တော့ ငါလည်းပဲ မသိနိုင်တော့ဘူး။” စီမင်းကျွေ့ရှယ်က အေးစက်စက် တုံ့ပြန်လိုက်သည်။ “ငါသာ သိခဲ့မယ်ဆိုရင် ငါနဲ့တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့မှာတောင် မဟုတ်ဘူး။”

“မင်းရဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အကြိမ်တိုင်းမှာ မင်းရန်သူကို စကားပြောခွင့်ပေးခဲ့တဲ့ နောက်ဆုံးအကြိမ်ကို ပြောပြစမ်းပါ။” လုရှောင်ဖုန်းက နားလည်ရခက်ခဲသော အပြုံးမျိုးဖြင့် မေးမြန်းလိုက်သည်။

စီမင်းကျွေ့ရှယ်၏ မျက်နှာထက်တွင် မည်သို့မျှမပြောင်းလဲသွားခဲ့သော်လည်း မျက်လုံးများထဲတွင်တော့ အရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။

“သူ မသေခင်လေးမှာတော့ တော်တော်လေးထူးဆန်းတဲ့ စကားတစ်ခွန်း ပြောသွားခဲ့တယ်။” အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ စီမင်းကျွေ့ရှယ်ထံမှ စကားသံထွက်ပေါ်လာခဲ့သည်။

“သူဘာပြောသွားခဲ့တာလဲ။”

“သူပြောသွားခဲ့တာကတော့...”

ဓားကို ဆွဲထုတ်လိုက်သည်နှင့် သွေးများ ပန်းထွက်လာကြပြီး ဓားသွားတလျှောက် စီးဆင်းလာခဲ့ကြ၏။

ရန်သူ့လက်ထဲမှ ဓားသွားတွင် သူကိုယ်တွင်းမှ သွေးများကို တုကုရိဟာ မြင်တွေ့ခဲ့ရသောအခါ၊ ဓားဖျားမှ သွေးများ တပေါက်ပေါက် ကျဆင်းလာနေသည်ကို တွေ့မြင်လိုက်ရသောအခါ သူ့ထံတွင် နာကျင်မှု သို့မဟုတ် ဒေါသထွက်မှု သို့မဟုတ် ကြောက်ရွံ့ထိတ်လန့်မှုများ မပေါ်ပေါက်လာခဲ့ပါ။ ဆန့်ကျင်ဘက်ကျစွာပင် သူ့ထံမှ စကားသံများ တိုးညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။ “ကျုပ် နားလည်သွားပြီ... ကျုပ် နားလည်သွားခဲ့ပြီ...”

“သူ အခု နားလည်သွားပြီလို့ ပြောခဲ့တယ်။”

လုရှောင်ဖုန်း မျက်မှောင်ကုတ်ပြီး စဉ်းစားနေ၏။ “သူဘာကို နားလည်သွားခဲ့တာလဲ။”

စီမင်းကျွေ့ရှယ်၏ မျက်လုံးသူငယ်အိမ်ထဲမှ အရိပ်ကလေးသည် ပို၍ပင် နက်မှောင်သွားခဲ့လေသည်။ ပြီးနောက် သက်ပြင်းတစ်ခုကို အချိန်အကြာကြီးဆွဲကာ ချလိုက်တော့၏။

“လူ့ဘဝသက်တမ်းဆိုတာ မြက်ပင်တွေပေါ်က နှင်းစက်လေးတွေလို တိုတိုလေးပဲဆိုတာ သူနားလည်သွားခဲ့ပုံရတယ်။ သူ ရရှိအောင်မြင်ထားခဲ့တဲ့ အာဏာစက်တွေ၊ ဂုဏ်ပကာသနတွေဆိုတာ နောက်ဆုံးတော့လည်း ဘာမှ မတည်မြဲပါလားဆိုတာ နားလည်သွားခဲ့ပုံရတယ်။”

လုရှောင်ဖုန်း နက်နက်နဲနဲ တွေးနေမိလေသည်။

“မှန်လိုက်တာ... လူ့ဘဝသက်တမ်းက တိုတိုလေးဖြစ်နေတာကြောင့် ဘာမှမရှိဘဲ၊ ဘာအတွက်မှမဟုတ်ဘဲ မနေနိုင်ကြဘူး...” လုရှောင်ဖုန်း ဖြည်းညင်းစွာ ပြောဆိုနေ၏။ “သူဘာကို တကယ်ကြီး နားလည်သွားခဲ့တာလဲ။ တကယ်ပဲ နားမလည်နိုင်ခဲ့တာလား။ သူဘာကိုများ ပြောချင်ခဲ့တာလဲ...”

စီမင်းကျွေ့ရှယ်သည် မိုးကုတ်စက်ဝိုင်းကြီးကို ငေးကြည့်နေရာမှ မဆီမဆိုင်လွန်းသော စကားကို ဆိုလိုက်သည်။

“ငါ ဗိုက်ဆာတယ်ကွာ...”

လုရှောင်ဖုန်းက သူ့ကို အံ့အားသင့်လွန်းသော အကြည့်များဖြင့် ကြည့်နေလိုက်ပြီး ရေရွတ်လိုက်၏။ “မင်း ဗိုက်ဆာနေတယ်... ဟုတ်ရဲ့လား။”

“လူသတ်ပြီးတိုင်း ငါ ဗိုက်ဟာတတ်တယ်။” စီမင်းကျွေ့ရှယ်က အေးစက်စွာ တုံ့ပြန်လိုက်လေသည်။

+++++

အရက်ဆိုင်ငယ်လေးသည် ထူထပ်သိပ်သည်းသော ပိုးစာပင်ဖြူဖြူများ အုပ်ဆိုင်းနေသည့် သစ်တောကြိုးဝိုင်းလေး၏ အပြင်ဘက်တွင် တည်ရှိနေပြီး ဤအချိန်တွင် ပိတ်သင့်ပြီဖြစ်သည်။

သစ်တောအုပ်ထဲတွင်လည်းကောင်း၊ သစ်တောအုပ်ကလေး၏ အပြင်ဘက်တွင်လည်းကောင်း အိမ်ငယ်လေးများ ရှိနေကြပြီး နေထိုင်ကြသော မိသားစုများက ပိုးစာရက်လုပ်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။

ဤအိမ်ငယ်ကလေးကတော့ လမ်းနှင့် အတော်လေးနီးသည်။ ထို့ကြောင့် ပိုင်ရှင်များက ပြတင်းပေါက်များ ပါဝင်သောတဲငယ်လေး ထိုးထားပြီး ဖြတ်သန်းသွားလာသူများအတွက် အရက်များ၊ အစားအစာများ ရောင်းချပေးနေ၏။ အော်မေဂိုဏ်း၏ နတ်သမီးလေးပါး ဤနေရာသို့ ရောက်လာချိန်တွင် ပိုင်ရှင်ဖြစ်သူသည် အိပ်ယာဝင်ရန် ဟန်ပြင်နေပြီဖြစ်သည်။ သို့သော် မိန်းမချောလေး ၄ ယောက်ကို မည်သူကများ ငြင်းလွှတ်နိုင်ပါ့မည်နည်း။

အရက်ဆိုင်ငယ်လေးအတွင်းတွင် စားပွဲ ၃ လုံးရှိနေပြီး သန့်ရှင်းတောက်ပြောင်စွာ သုတ်သင်ထား၏။ အမြည်းများမှာ ရိုးရိုး အစားအစာများ ဖြစ်ကြသော်လည်း လတ်ဆတ်ပူနွေးနေ၏။ အရက်သည်လည်း အရက်ပေါ့ပေါ့များဖြစ်ကြပြီး မိန်းကလေးများနှစ်ခြိုက်သည့် အရက်များဖြစ်သောကြောင့် မိန်းကလေးများမှာ စကားဖောင်ဖွဲ့နေကြလေသည်။

မိန်းကလေးများ ဝိုင်းဖွဲ့ပြီး စကားကောင်းနေကြပြီဆိုလျှင် စကားများများ ပြောကြလေ့ရှိကြသည်မဟုတ်ပါလား။

အတင်းအဖျင်းများ ပြောကြမည်၊ ရယ်မောပျော်ရွှင်စွာ တစ်ယောက်နှင့်တစ်ယောက် စနောက်ကြမည်။ သူတို့ကို ကြည့်ရသည်မှာ ကြက်မဒန်းမလေးများနှင့် တူနေလေသည်။

စွန်းရှုးချင်-“အဲဒီဟွာဆိုတဲ့လူဟာ... တောင်ပိုင်းကလာတဲ့လေသံ ရှိတယ်နော်။ မြစ်တောင်ပိုင်းမှာရှိတဲ့ ဟွာ မိသားစုထဲကလူများ ဖြစ်နေမလားမသိဘူး။”

ရှိရှုးယွင်-“ဘယ် ဟွာမိသားစုကို ပြောတာလဲ။”

“မြစ်တောင်ပိုင်းမှာ ရှိတဲ့ ဟွာမိသားစုကို ပြောတာပေါ့။ သူတို့ပိုင်ဆိုင်တဲ့ မြေက ဘယ်လောက်တောင်မှ ကျယ်သလဲဆိုရင် နေထွက်ကနေဝင် မြင်းကောင်းတစ်စီးကို တစ်နေကုန် ဒုန်းစိုင်းစီးပြီး ဖြတ်သန်းသွားတာတောင်မှ သူတို့ရဲ့ မြေပိုင်နက်ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောကြတယ်။”

မားရှုကျန်း-“ကျုပ်လည်း ဒီမိသားစုအကြောင်း ကြားဖူးတယ်။ ဒါပေမဲ့ ဟွာမင်းလိုက အဲဒီမိသားစုထဲက မဟုတ်ဘူးထင်တာပဲ။”

စွန်းရှုးချင်-“ဘာဖြစ်လို့လဲ”

“ကျမ ကြားဖူးထားတာတော့ ဟွာမိသားစုရဲ့ အလုပ်သမားတွေတောင်မှ သိပ်ပြီးကို အထက်တန်းကျပြီး သူတို့သောက်တဲ့အရက်တွေ၊ စားတဲ့အစားအသောက်တွေ၊ ဝတ်တဲ့ အဝတ်အစားတွေအားလုံး သန်းကြွယ်သူဌေးတွေလိုပဲတဲ့။ ဟွာမင်းလိုကျပြန်တော့ သိပ်ပြီး ရိုးသားတဲ့ ပုံစံပါပဲ။ ပြီးတော့ ဟွာမိသားစုထဲမှာ မျက်လုံးကန်းနေသူတစ်ယောက် ရှိနေတယ်လို့လည်း တစ်ခါမှ မကြားဖူးပါလား။”

ရှိရှုးယွင်က နှုတ်သီးကောင်းလျှာပါးဖြင့် ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်၏။ “ကန်းနေတော့ရော ဘာအရေးလဲ။ သူက အကန်းတစ်ယောက်လို့ပြောပေမယ့် ကျမတို့ ၄ ယောက်ပေါင်းထက်တောင်မှ ပိုပြီးမြင်နေသေးတယ်။”

မားရှုကျန်း ဘာပြန်ပြောရမည်ကို စဉ်းစားနေပြီးမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလိုက်၏။ “သူ့ သိုင်းပညာက အရမ်းကို ကောင်းတယ်နော်။ နင့်ဓားတွေကို သူ့လက်ချောင်းလေးတွေနဲ့ ဖမ်းခဲ့နိုင်လိမ့်မယ်လို့တောင် မထင်ရဘူး။”

စွန်းရှုးချင်က ဝင်နောက်လိုက်သည်။ “ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်မလေးက သူနဲ့ပေါင်းပြီး ညှာတာပေးလိုက်လို့ ဖြစ်မှာပေါ့။”

ရှိရှုးယွင်က မျက်စောင်းတစ်ချက် ပြန်ပစ်လိုက်သည်။ “ရှင် မကျေနပ်ရင် နောက်တစ်ခါတွေ့တဲ့အခါ ရှင်ကိုယ်တိုင် စမ်းကြည့်လေ။ သူ့ဘက်ကလိုက်ပြီး ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိုင်းလောကမှာ သူ့လက်ချောင်းလေးတွေလို အစွမ်းထက်တဲ့သူတော့ သိပ်ပြီးရှိနိုင်မယ်မထင်ဘူး။”

စွန်းရှုးချင်-“စီမင်းကျွေ့ရှယ်ကော... သူ့တိုက်ကွက်တွေက ပျော့ညံ့နေလား။”

ရှိရှုးယွင် ပြန်မပြောလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် စီမင်းကျွေ့ရှယ်၏ လှုပ်ရှားမှုများက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည် မဟုတ်ပါလား။

မားရှုကျန်း-“စီမင်းကျွေ့ရှယ်ရဲ့ ဓားပညာက ပြိုင်ဘက်ကင်းဖြစ်နေရုံမကသေးဘူး... သူ့မိသားစုကလည်း တော်တော်လေးချမ်းသာတယ်လို့ ကြားဖူးတယ်။ ဇီးပန်းတစ်ထောင်ရဲတိုက်ရဲ့ ချမ်းသာမှုက ဟွာမိသားစုရဲ့ ချမ်းသာမှုထက်တော့ မလျော့တာသေချာတယ်။”

စွန်းရှုးချင်၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကြလေသည်။

“ကျမကတော့ သူ့ကိုကြိုက်တယ်။ သူချမ်းသာတာတွေ၊ သူ့မိသားစုရဲ့ အရှိန်အဝါတွေကြောင့်တော့ မဟုတ်ဘူးနော်။ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့လူတစ်ယောက် ဖြစ်နေဦး... ကျမကတော့ သူ့ကိုကြိုက်မှာပဲ။”

ရှိရှုးယွင်က လေသံအေးအေးလေးဖြင့် တုံ့ပြန်လိုက်၏။ “သူ့ကို ကြည့်ရတာ ခေါင်းကနေ ခြေမထိ စိတ်ဝင်စားစရာ တစ်ကွက်ကလေးမှကို မမြင်မိပါဘူး။”

“ဘာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတာလေးတွေကိုပဲ လိုက်ရှာနေရမှာလဲ... သူ့ကို ကျမချစ်နေသ၍...”

သူမ၏ စကားသံ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ပြီး မျက်နှာတစ်ပြင်လုံးလည်း နီရဲလာလေသည်။  နားရွက်များထိပင် နီရဲလာလေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏စကားသံ ရပ်တန့်သွားရသည့်အကြောင်းမှာ အပြင်ဘက်မှ လူတစ်ယောက် ဝင်ရောက်လာခဲ့သောကြောင့်ဖြစ်၏။ ထိုသူသည် ဖြူဆွတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး စီမင်းကျွေ့ရှယ်မှလွဲ၍ မည်သူများ ဖြစ်နေနိုင်ပါဦးမည်နည်း။

ရှိရှုးယွင်သည်လည်း ပါးစပ်အဟောင်းသားဖြင့် ဘာမှမပြောနိုင်ဘဲ ဖြစ်နေရ၏။ စာကလေးများလို တွတ်ထိုးနေခဲ့သော မိန်းကလေးများ၏ စကားသံများအားလုံး ပြတ်တောက်သွားခဲ့ကြရလေတော့သည်။

စီမင်းကျွေ့ရှယ်ကို မကသေး... ဟွာမင်းလိုနှင့် လုရှောင်ဖုန်းတို့ပါ လိုက်ဝင်လာနေသည်ကို သူတို့ တွေ့လိုက်ကြရ၏။

စီမင်းကျွေ့ရှယ်က ဓားသွားကဲ့သို့ ထက်မြည့်လွန်းလှသော အကြည့်များဖြင့် သူတို့ကို ဝေ့ကြည့်လိုက်သည်။ ရုတ်တရက် မိန်းကလေးများထံ သူလျှောက်သွားလိုက်သည်။

ပြီးနောက် အေးစိမ့်နေသော လေသံဖြင့် စကားကို တစ်လုံးချင်း ပြောချလိုက်သည်။ “စုရှောင်းရင်ကို သတ်ခဲ့ရုံမကသေးဘူး... တုကုရိဟာလည်း ကျုပ်လက်ချက်နဲ့ သေသွားခဲ့ပြီ။”

မိန်းကလေး ၄ ယောက်စလုံး၏မျက်နှာအမူအရာများ ပျက်ယွင်းသွားခဲ့လေတော့သည်။ အထူးသဖြင့် စွန်းရှုးချင်၏ မျက်နှာတစ်ခုကို စက္ကူဖြူစတစ်ရွက်လို သွေးဆုတ်ဖြူရော်သွားခဲ့၏။

မိန်းမငယ်လေးတစ်ယောက်အတွက် အမုန်းတရားကို ချစ်ခြင်းမေတ္တာတရားဖြင့် အစားထိုးရန်ဆိုသည်မှာ လွယ်ကူလွန်းလှသည်။ ထို့ပြင် စုရှောင်းရင်သည် အတော်လေး ဖင်ခေါင်းကျယ်သူတစ်ယောက်လည်း ဖြစ်ခဲ့ပြန်သည်။ သူ၏ ဂိုဏ်းတူညီအစ်မ ၄ ယောက်စလုံးက သူ့ကို ချစ်ကြိုက်နေစေချင်သော်လည်း သူကိုယ်တိုင်ကမူ သူတို့အားလုံးကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် ထင်ထားခဲ့သူမဟုတ်။ သို့သော် ဆရာသခင်ကို သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာတော့ လွန်စွာခြားနားသော ဖြစ်ရပ်ဖြစ်၏။

စွန်းရှုးချင် လေသံတုန်ခါစွာဖြင့် မေးမြန်းလိုက်သည်။ “ရှင်... ရှင်ဘာပြောလိုက်တယ်....”

“ကျုပ် တုကုရိဟာကို သတ်ခဲ့ပြီးပြီ။”

ရှိရှုးယွင် ထိုင်ခုံမှ ခုန်ထလိုက်ပြီး စူးရှစွာ အော်ဟစ်ပြောဆိုလိုက်သည်။ “ကျမရဲ့ ဒုတိယဂိုဏ်းတူအစ်မလေးက ရှင့်အပေါ် ဒီလောက်တောင်မှ ကြိုက်နှစ်သက်နေတာ... ရှင်... ရှင် ဘယ်လိုလုပ်ခဲ့တာလဲ...”

မည်သူမှ သူမ ဤကဲ့သို့ ပြောဆိုလာခဲ့မည်မှန်း မထင်ထားခဲ့ကြချေ။ စီမင်းကျွေ့ရှယ်ကိုယ်တိုင်ပင် ပါးစပ်အဟောင်းသားနှင့် နောက်သို့ ခြေလှမ်းများ ဆုတ်ခွာသွားခဲ့ရ၏။

စွန်းရှုးချင်၏ မျက်နှာတစ်ခုလုံး စိမ်းလိုက်နီလိုက်ဖြစ်နေသည်။ ရုတ်တရက်... သူမသည် အံတစ်ချက်ကြိတ်လိုက်ပြီး သူမ၏ အင်္ကျီလက်အိုးထဲမှ ဓားနှစ်လက်သည်လည်း တပြိုင်နက်တည်းလို ထွက်ပေါ်လာခဲ့တော့သည်။ ပြောင်လက်နေသော ဓားရိပ်များက စီမင်းကျွေ့ရှယ်၏ ရင်ဘတ်ဆီသို့ လျင်မြန်စွာ တိုးဝင်လာခဲ့တော့သည်။

သို့သော် စီမင်းကျွေ့ရှယ်က ပြန်လည် မတိုက်ခိုက်ခဲ့ပါ။ အင်္ကျီလက်နှစ်ဘက်ကို ခါထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ ညင်သာစွာ ခုန်ဆုတ်သွားခဲ့၏။ ဆုတ်သွာခဲ့သည်မှာ ၂-၃ မီတာခန့် အကွာအဝေးသို့ဖြစ်သည်။

“ကျမ ရှင့်ကိုသတ်မယ်...” စွန်းရှုးချင်သည် မျက်ရည်စက်လက်ဖြင့် စူးစူးရှရှ အော်ဟစ်ပြောဆိုလိုက်သည်။

ဓားများကို ဝှေ့ယမ်းပြီး အံတင်းတင်းကြိတ်ထားကာ စီမင်းကျွေ့ရှယ်ထံသို့ နောက်တစ်ကြိမ် တိုးဝင်လာခဲ့ပြန်၏။ သူမ၏ သိုင်းကွက်များက ပေါ့ပါးသွက်လက်မှုနှင့် ရုတ်ချည်းအပြောင်းအလဲများကို လျင်မြန်စွာပြောင်းလဲနိုင်ခြင်းပေါ်တွင် အခြေခံသည်။ ဓားရိပ်များက မိုးစက်မိုးပေါက်များလို တိုးဝင်လာခဲ့ပြီး လူတစ်ယောက်၏ အမြင်အာရုံများကို ဝေဝါးသွားစေနိုင်၏။ အချိန်တိုလေးအတွင်းမှာပင် သူမက တိုက်ကွက် ၇ ကွက်ခန့် တိုက်ခိုက်ခဲ့ပြီး ဖြစ်နေလေပြီ။

သူမ၏ ဂိုဏ်းတူ ညီအစ်မများ၏ ဓားများသည်လည်း ထွက်ပေါ်လာခဲ့ကြတော့သည်။

“ဒီအရေးက ကျမတို့နဲ့ စီမင်းကျွေ့ရှယ်ကြားမှာပဲရှိတယ်။ ဘယ်သူမှ ဝင်ရှုပ်စရာမလိုဘူး။” ရှိရှုးယွင်၏ အသံစူးစူးလေး ထွက်ပေါ်လာသည်။

သူမစကားက ဟွာမင်းလိုကို ဦးတည်ပြီး ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။ ဟွာမင်းလိုကိုယ်တိုင် ဝင်ပါချင်သည်ဆိုဦး... တကယ်တမ်းပြောရလျှင် သူကိုယ်တိုင်ပင် မတတ်နိုင်တော့သည့် အခြေအနေဖြစ်နေ၏။

သို့သော်... စီမင်းကျွေ့ရှယ်၏ ဓားချက်အောက်တွင် ဤမိန်းကလေး ၄ ယောက်စလုံးကို ဘယ်လိုနည်းနှင့် သူ အသေခံနိုင်မည်နည်း။

တစ်ချိန်တည်းလိုလိုမှာပင် “ထန်း” ခနဲ အသံများ ထွက်ပေါ်လာခဲ့သလို စီမင်းကျွေ့ရှယ်၏ လက်တစ်ဘက်က စွန်းရှုးချင်၏ လက်ကောက်ဝတ်ကို ဆွဲလှန်လိုက်ရာ သူမ၏ ဘယ်ဘက်လက်မှဓားနှင့် ညာဘက်လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားတို့ အချင်းချင်း ရိုက်မိသံ ထွက်ပေါ်လာခဲ့ခြင်းပင်။

ဓားနှစ်လက် ရိုက်ခတ်မှုကြောင့် သူမ၏ လက်များ ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ သူမ မသိလိုက်ခင်လေးမှာတင် ဓားနှစ်လက်စလုံး စီမင်းကျွေ့ရှယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီးလည်း ဖြစ်နေပြန်သည်။

“နောက်ဆုတ်လိုက်စမ်း... မဟုတ်ရင် ကျုပ်ရဲ့ဓားကို ဆွဲထုတ်ရလိမ့်မယ်။” စီမင်းကျွေ့ရှယ်က အမိန့်သံဖြင့် ပြောဆိုလိုက်သည်။

သူ့စကားလုံးများက အေးစက်စက်ဖြစ်နေခဲ့သော်လည်း မျက်လုံးများကမူ နွေးထွေးနေ၏။ ထို့ကြောင့်လည်း စွန်းရှုးချင် ယခုအချိန်ထိ အသက်ရှင်နေခြင်းဖြစ်သည်။

စီမင်းကျွေ့ရှယ်သည် လူသားတစ်ဦးဖြစ်၏။ ယောက်ျားတစ်ယောက်လည်း ဖြစ်နေပြန်သေးသည်။ သူ့ကို စိတ်ဝင်စားနေသည့် မိန်းမချောလေးတစ်ယောက်ကို သွေးအေးအေးဖြင့် သတ်ဖြတ်ရန် မည်သို့သော နှလုံးသားမျိုးဖြင့် ဆောင်ရွက်နိုင်ပါ့မည်နည်း။

စွန်းရှုးချင်၏ မျက်နှာက ပို၍ပင် သွေးဆုတ်ဖြူရော်လာခဲ့ပြီး မျက်ဝန်းများတွင်လည်း မျက်ရည်စများ စိုစွတ်လာလေတော့သည်။

“ကျမ ရှင့်ကိုသတ်မယ်လို့ ပြောခဲ့ပြီးပြီ။ အခုတော့ မသတ်နိုင်တော့ဘူး။ ဒါ... ဒါဆိုရင် ရှင့်ရှေ့မှာပဲ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်။”

စီမင်းကျွေ့ရှယ်က အေးစိမ့်စိမ့်လေသံဖြင့် ပြောလိုက်သည်။ “လူသေတယ်ဆိုတာ ဘာမှထူးခြားလာမှာမဟုတ်ဘူး။ လက်စားချေချင်တယ်ဆိုရင်တော့ မြစိမ်းနန်းတော် ၁၀၈ ဆောင်ထဲက လူအားလုံးကို သွားခေါ်လာခဲ့။”

စွန်းရှုးချင်၏ အကြည့်များက အံ့အားသင့်လွန်းသဖြင့် ငေးကြောင်ကြောင် ဖြစ်နေရသည်။ “ရှင်ဘာပြောလိုက်တာလဲ။”

“တုကုရိဟာကိုယ်တိုင်က မြစိမ်းနန်းတော်ရဲ့ ကြိုးကိုင်သူတစ်ယောက်ဖြစ်နေလေတော့...”

စွန်းရှုးချင်က သူ့ကို စကားဆက်ခွင့်မပေးတော့ပါ။ “ကျမရဲ့ ဆရာသခင်က မြစိမ်းနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ရှင် ပြောချင်တာလား။ ရူးနေလား... ” သူမ၏မျက်လုံးများတွင် မီးတောက်မီးလျှံများ ထွက်ပေါ်နေခဲ့ပြီး စကားလုံးများကလည်း ပြတ်သားလှသည်။ “ကျမတို့ရဲ့ ဒီခရီးတစ်ခုစဉ်တစ်ခုလုံးဟာ ဆရာ့ဆီကို စာတစ်စောင်ရောက်လာလို့ပဲ။ အဲဒီစာထဲမှာရေးထားတာက မြစိမ်းနန်းတော်ရဲ့ နန်းတော်ဌာနချုပ်ဟာ...”

ရုတ်တရက်... အနက်ရောင်အလင်းတန်းတစ်ခု ပြတင်းပေါက်မှ “ရွှစ်” ခနဲ ဝင်ရောက်လာခဲ့ပြီး စွန်းရှုးချင်၏ နောက်ကျောသို့ စိုက်ဝင်သွားခဲ့၏။

စွန်းရှုးချင်၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်သွားခဲ့ပြီး စီမင်းကျွေ့ရှယ်၏ ရင်ခွင်ထဲသို့ ပြိုလဲကျလာခဲ့တော့သည်။

ရှိရှုးယွင်သည် ပြတင်းပေါက်နှင့်အနီးဆုံးနေရာတွင် ရှိနေသူဖြစ်သည်။ ဒေါသထွက်စွာ အော်ဟစ်လိုက်ပြီး ပြတင်းပေါက်မှ တရှိန်ထိုး ခုန်ထွက်သွားခဲ့၏။ သို့သော် သူမ ခုန်ထွက်သွားသည့်တစ်ချိန်တည်းလိုလို၌ပင် နောက်ထပ် အနက်ရောင်အလင်းတန်းတစ်ခု ဖော်မပြနိုင်လောက်အောင် လျင်မြန်သော အဟုန်ဖြင့် သူမထံသို့ တိုးဝင်လာခဲ့လေသည်။ လျင်မြန်လွန်းလှသည်မှာ သူမကိုယ်တိုင် မည်သို့မျှ မရှောင်တိမ်းနိုင်ခဲ့တော့။

စွန်းရှုးချင်သည် စီမင်းကျွေ့ရှယ်၏ ရင်ခွင်တွင်းတွင် ခွေခွေလေး ဖြစ်နေချေပြီ။ စီမင်းကျွေ့ရှယ်က သူမ၏ခါးသိမ်သိမ်လေးကို လက်တစ်ဘက်ဖြင့် ပွေ့ဖက်ထားပြီး ကျန်လက်တစ်ဘက်က သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ဓားရိပ်တစ်ချက် ထွက်ပေါ်လာခဲ့ပြီး လူသည်လည်း ဓားနှင့်တသားတည်းကျစွာ ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့တော့သည်။

တခြားတစ်ဘက်တွင် လုရှောင်ဖုန်းမှာ စောစီးစွာပင် နောက်ထပ် ပြတင်းပေါက်တစ်ခုမှ ခုန်ထွက်သွားခဲ့ပြီးဖြစ်၏။ မားရှုကျန်းနှင့် ရီရှုးကျူတို့သည်လည်း ညာသံပေးပြီး ခုန်ထွက်သွားခဲ့ကြပြီဖြစ်သည်။

ညဉ့်နက်ကြီးထဲတွင် လေနုအေးလေးက အဆောင်ရှေ့ပန်းခြံထဲမှ ဖြတ်တိုက်လာခဲ့ပြီး ပြတင်းပေါက်မှ ညင်းသွဲ့စွာ ဝင်ရောက်လာခဲ့၏။ သို့သော် လူရိပ်သူရိပ်ဟူ၍ တစ်ယောက်မျှပင် မတွေ့နိုင်ချေ။

ပိုးစာပင်တန်းများရှိသော လမ်းသွယ်လေးထဲမှ ဆွဲငင်စွာ အူလိုက်သော ခွေးအူသံများ ထွက်ပေါ်လာ၏။ စီမင်းကျွေ့ရှယ်၏ ဓားရိပ်များက လမ်းသွယ်လေးထဲတွင် လင်းလက်တောက်ပစွာ ထွက်ပေါ်လာသလို မားရှုကျန်းနှင့် ရီရှုးကျူတို့သည်လည်း မကြောက်မရွံ့စွာ လမ်းသွယ်လေးထဲသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့ကြသည်။

သစ်တောအုပ်လေးထဲတွင် နေထိုင်နေကြသော မိသားစုများမှာ အိပ်မောကျနေကြပြီဖြစ်သည်။ မီးရောင်လုံးဝ မတွေ့နိုင်သလို စီမင်းကျွေ့ရှယ်၏ ဓားရိပ်များသည်လည်း ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။

မားရှုကျန်း-“လိုက်ကြမယ်... ဘာပဲဖြစ်ဖြစ် သူ့ကို ငါတို့ပြန်ရအောင် ယူရမှာပဲ။”

သူမ၏စကားသံပင် မဆုံးသေး... မိန်းကလေးနှစ်ယောက်သည်လည်း ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။

ပိုးစာပင်တန်းလေးထဲမှ အဝါရောင်ခွေးတစ်ကောင် တအူအူဖြင့် ပြေးထွက်လာသည်။

လုရှောင်ဖုန်း ပြေးလိုက်နေခြင်းကို ရပ်တန့်လိုက်၏။ သစ်ပင်တစ်ပင်အောက်အရောက်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ခါးကုန်းကာ တစုံတခုကို ကောက်ယူလိုက်သည်။

အရက်ဆိုင်လေး၏ ပိုင်ရှင်သည် ကြမ်းပြင်ထောင့်တစ်နေရာတွင် တွန့်ခွေစွာ လဲကျနေပြီး မျက်နှာထက်တွင် သွေးရောင်ဟူ၍ လုံးဝမတွေ့နိုင်ပါချေ။

ဟွာမင်းလို ဒူးထောက်ထိုင်ချလိုက်ပြီး ရှိရှုးယွင်၏ ခန္ဓာကိုယ်လေးကို အနူးညံ့ဆုံးသော တွေ့ထိမှုဖြင့် ပွေ့ဖက်လိုက်သည်။ သူမ၏နှလုံးသားက ခုန်နေသေးသော်လည်း အားနည်းလွန်းလှသည်။

သူမ၏ လှပနုငယ်သော မျက်နှာလေးထက်တွင် ကြောက်မက်ဖွယ်ကောင်းလွန်းလှစွာ မီးခိုးရောင်သမ်းနေ၏။ သူမ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာခဲ့ပြီး ဟွာမင်းလိုကို တွေ့ရှိသွားခဲ့သည်။

သူမ၏ အသံလေး တိုးတိတ်စွာ ထွက်ပေါ်လာခဲ့သည်။ “ရှင်... ရှင်... ဘာဖြစ်လို့ မထွက်သွားသေးတာလဲ။”

ဟွာမင်းလိုက နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။ “ကျုပ် မသွားနိုင်ဘူး။ ကျုပ်ဒီမှာ မင်းနဲ့အတူရှိနေမယ်။”

ထူးဆန်းသော အပြုံးတစ်ခု ရှိရှုးယွင်၏ မျက်လုံးထဲမှ ထွက်ပေါ်လာခဲ့ပြီး စိတ်အေးချမ်းသာသော အမူအရာမျိုးဖြစ်သလို ဝမ်းနည်းကြေကွဲသော အမူအရာမျိုးလည်း ဖြစ်နေပြန်၏။

“ရှင် ကျမကို မှတ်မိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးရှင်...” သူမ စကားဆိုလိုက်သော်လည်း အပြုံးတစ်ခု ထွက်ပေါ်လာရန် အားအင်ဟူ၍ ကျန်ရှိတော့ပုံမရ။

“ကျုပ် မင်းကို အမြဲတမ်း သတိရနေမှာပါကွာ။”

ရှိရှုးယွင် ပြုံးပြရန် ထပ်မ့ကြိုးစားလိုက်ပြန်သည်။ ဤအပြုံးကတော့ ဝမ်းနည်းကြေကွဲမှုအပြည့်ဖြင့် အထီးကျန်ဆန်စွာ ပြုံးနေသော အပြုံးမျိုးဖြစ်နေသည်။

“ကျမ... ကျမဆွံအနေသူတစ်ယောက် မဟုတ်ပေမယ့်လည်း သေရတော့မယ့် လူတစ်ယောက် ဖြစ်နေပါပြီ။ လူသေတွေဟာ စကားမပြောနိုင်ကြတော့ဘူးမဟုတ်လား။”

“မင်း... မင်းမသေနိုင်ပါဘူး... ကျုပ် သိနေပါတယ်...”

“ကျမကို ဖြောင်းဖျစကားတွေ မဆိုပါနဲ့တော့ရှင်... ကျမသိပါတယ်။ ကျမမှာ အဆိပ်လက်နက်ပုန်းတွေ အထိခံထားရတယ်။”

“အဆိပ်...” ဟွာမင်းလို၏ အမူအရာများက သိသာစွာ ပြောင်းလဲသွားခဲ့ရတော့သည်။

“ဘာကြောင့်လဲဆိုတော့ ကျမတစ်ကိုယ်လုံး ထုံကျဉ်နေပြီ။ အဆိပ်မိထားတဲ့ လက္ခဏာပဲ... ကျမရဲ့ဒဏ်ရာကို ရှင်... ရှင် စမ်းကြည့်ပါလား။ ပူနေလိမ့်မယ်ထင်တယ်။”

ဟွာမင်းလို၏လက်ကို သူမ ရုတ်တရက် ဆွဲယူလိုက်ပြီး ဒဏ်ရာပေါ်တွင် တင်ထားပေးလိုက်သည်။

ဒဏ်ရာမှာ နှလုံးသား၏ အပေါ်ဘက်တွင် ရှိနေပြီး သူမ၏ ရင်ညွန့်လေးက နူးညံ့၊ ပျော့ပြောင်းနေပြီး နွေးနွေးလေး ဖြစ်နေ၏။ ဟွာမင်းလို၏ ရေခဲလို အေးစိမ့်နေသော လက်တစ်ဘက်ကို ရင်ဘတ်ပေါ်တင်ပေးပြီး အသားချင်း ထိတွေ့လိုက်သည်နှင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့တော့သည်။

ဟွာမင်းလို၏ နှလုံးသည်လည်း အခုန်မြန်နေပါသည်။ ဤအချိန်လေးတွင်ပင် ပြတင်းပေါက်မှတဆင့် လုရှောင်ဖုန်း၏ စကားသံကို ကြားလိုက်ရ၏။

“သူ့ကို ဘာထိထားတာလဲ။”

“အဆိပ်အပ်ပျံ...”

အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။

“မင်း သူနဲ့ဒီမှာနေခဲ့... ငါ လူတစ်ယောက် သွားရှာလိုက်ဦးမယ်။”

လုရှောင်ဖုန်း၏ စကားဆုံးသွားသည်နှင့် အသံသည်လည်း အလွန်ဝေးသော နေရာမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ရှင်.. မထွက်သွားသေးဘူးနော်။” ရှိရှုးယွင်၏ တိုးညင်းသောလေသံလေးက အားနည်းစွာ ထွက်ပေါ်လာခဲ့၏။ “ကျမနဲ့အတူ ရှင်တစ်ချိန်လုံးရှိနေတယ်နော်။”

“မင်း မျက်လုံးတွေကို ပိတ်ထားလိုက်ပါလားကွာ... ကျုပ်... ကျုပ်... မင်းဒဏ်ရာထဲက အဆိပ်တွေ စုပ်ထုတ်ပေးမယ်။”

ရှိရှုးယွင်၏ အသက်ငင်နေသော မျက်နှာလေးထက်တွင် ရှက်သွေးတစ်ချက်ဖြာသွားခဲ့ပြီး အမှောင်ထဲတွင် သူမ၏ မျက်လုံးအရောင်များက တလဲ့လဲ့တောက်ပနေကြ၏။

“စိတ်ပါလက်ပါနဲ့ လုပ်ပေးချင်ရဲ့လားရှင်...”

“မင်း စိတ်ပါဝင်စားစွာ ခံယူပေးဖို့ပဲလိုပါတယ်။” ဟွာမင်းလိုက တည်ကြည်စွာ ပြန်ပြောလိုက်သည်။

“ကျမ ဘာမဆို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံးတွေကိုတော့ မပိတ်ထားချင်ဘူးရှင်... ရှင့်မျက်နှာကို ကျမကြည့်နေချင်သေးတယ်။”

သူမ၏ စကားသံလေးက တဖြည်းဖြည်း တိုးညင်းလာခဲ့သည်။ စကားသံအဆုံးတွင် မျက်နှာထက်မှ အပြုံးသည် ဆတ်ခနဲ အေးခဲသွားခဲ့သလို မျက်လုံးများထဲမှ တောက်ပနေသော အရောင်များသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။

သေခြင်းတရား... ရုတ်ချည်းဆိုသလို... သူမ၏အသက်ကို ဟွာမင်းလို၏ပွေ့ဖက်ထားခြင်းမှ တိတ်ဆိတ်ငြိမ်သက်စွာ နှုတ်ယူသွားခဲ့ချေပြီ။

သို့သော် သူမ၏ အကြည့်များက ဟွာမင်းလိုထံတွင် ရှိနေဆဲဖြစ်သလို တစ်သက်လုံး ငေးကြည့်နေမည့် အကြည့်များလည်းဖြစ်နေပြန်သည်။

အမှောင်ထု... ဟွာမင်းလို၏ မျက်လုံးများထဲတွင် အမှောင်ထုကြီးသာ ကြီးစိုးနေ၏။

မျက်မမြင်ဘဝကို သူ ပထမဆုံးအကြိမ်အဖြစ် မုန်းတီးမိလာသည်။ နောက်ဆုံးခရီးအချိန်လေးမှာပင် သူမ၏မျက်နှာလေးကို မမြင်တွေ့လိုက်ရခြင်းကို ယူကြုံးမရ ဖြစ်နေ၏။

သူမသည် ငယ်ရွယ်နုပျိုလွန်းလှသည်။ နူးညံ့ပျော့ပျောင်းလွန်းသော ခန္ဓာကိုယ်လေးက ယခုတော့ တောင့်တင်းပြီးအေးခဲသွားခဲ့ချေပြီ။

ဟွာမင်းလို သူ၏ လက်များကို နူးညံ့သိမ်မွေ့စွာ ဖယ်ခွာလိုက်သည်။ သူ့မျက်ဝန်းများမှ မျက်ရည်စက်များ တိတ်ဆိတ်စွာ စီးကျနေ၏။

သူ မထွက်သွားပါ။ လှုပ်ပင် မလှုပ်ရှားခဲ့ပါ။ ပထမဆုံးအကြိမ်အဖြစ် ကြမ်းတမ်းခက်ထန်ပြီး ရက်စက်လွန်းတတ်သော လူ့ဘဝကြီးကို ခံစားမိနေ၏။

ပြတင်းပေါက်မှ လေနုအေးလေး တိုက်ခတ်လာသည်။ တံခါးပေါက်မှ တိုးဝင်လာ၏။ လေးလပိုင်း၏ နွေးထွေးသော လေညင်းလေးက ဆောင်းလေအေးများလို ခါးသီးလွန်းလှသည်။

တိုက်ခတ်လာသည့်လေထုထဲတွင် ပန်းရနံ့များ သယ်ဆောင်လာကြောင်း ဟွာမင်းလို ခံစားမိလိုက်သည်။ အနောက်ဘက်ရှိ တံခါးပေါက်တစ်ခု ရုတ်တရက် ပွင့်သွားခဲ့ပြီး ပြတင်းပေါက်မှ သူ့ဦးခေါင်း ပြူထွက်လာကာ အပြင်သို့ ခုန်ထွက်ရန် ဟန်ပြင်လိုက်သည်။

သို့သော် ပြတင်းပေါက်အပြင်ဘက်မှ ချိုသာနူးညံ့လွန်းသော စကားသံလေး ထွက်ပေါ်လာ၏။

“မစိုးရိမ်ပါနဲ့... ကျမပါရှင်...” အသံပိုင်ရှင်က နူးညံ့စွာဆိုလိုက်သည်။

ဤအသံသည် သူနှင့် ရင်းနှီးနေလွန်းသောအသံဖြစ်၏။ သူ တစ်ချိန်လုံး တမ်းတမက်မောစွာ စောင့်စားနေခဲ့ရသော အသံဖြစ်သည်။

“ဖေးယန်...” ဟွာမင်းလို တစ်ကိုယ်တည်း တီးတိုးလေး ရေရွတ်မိလိုက်သည်။

“ဟုတ်တယ်... ကျမပါ။ ကျမရဲ့စကားသံကို ရှင်မှတ်မိမယ်လို့ ထင်တောင်မထားဘူး။”

အနောက်ဘက်ရှိ ပြတင်းပေါက်မှ လူတစ်ယောက် ပေါ့ပါးညင်သာစွာ ပျံဝဲဝင်ရောက်လာခဲ့သည်။ သူမ၏ စကားသံများတွင် မနာလိုဝန်တိုခြင်းလေသံများနှင့် အားကျသောလေသံများ ထုံမွှန်းနေ၏။

“ကျမကို မေ့သွားခဲ့ပြီလို့ ထင်နေတာ။” သူမက အေးစက်စွာ ခနဲ့စကားဆိုလိုက်သည်။

ဟွာမင်းလို ထိုနေရာ၌ ဆွံ့အစွာ ရပ်တန့်နေမိသည်။ အချိန်အတော်ကြာမှ အံ့အားသင့်မှုများမှ နိုးထလာခဲ့ရ၏။

“မင်း... ဒီနေရာကို ဘယ်လိုလုပ် ရောက်လာခဲ့တာလဲ။”

“ဒီနေရာကို ကျမ မလာသင့်ဘူးလို့ ရှင်ပြောချင်တာလား။”

“မဟုတ်ပါဘူး။ ကျုပ် မမျှော်လင့်ထားလို့ပါ။” ဟွာမင်းလိုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းခါရမ်းကာ ဆိုလိုက်သည်။ “ကျုပ်ထင်ထားတာ မင်းဟာ...”

“ကျမ သေသွားခဲ့ပြီလို့ ရှင်ထင်ထားခဲ့လို့လား။”

ဟွာမင်းလို ဘာပြန်ပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ပြန်သည်။

ရှန်းကွမ်းဖေးယန် သက်ပြင်းတစ်ချက်ကို ဟန်ပါပါ ရှိုက်လိုက်ပြန်၏။

“ကျမသာ သေရမယ်ဆိုရင်... သူ့လိုပဲ ရှင့်လက်ထဲမှာပဲ သေရမှဖြစ်မယ်။”

ဟွာမင်းလို၏ရှေ့သို့ သူမ ဖြည်းဖြည်းလေး လျှောက်လှမ်းလာ၏။

“ရှင်တို့နှစ်ယောက်ကို ကျမ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာ... လုံးဝမခံစားနိုင်ခဲ့ဘူး။ သူသာ မသေနိုင်ဘူးဆိုရင်လည်း ကျမကိုယ်တိုင် သူ့ကို သတ်မိမှာအမှန်ပဲ။”

ဟွာမင်းလို တိတ်ဆိတ်နေ၏။

“မင်း သီချင်းဆိုတာ ကျုပ်ကြားခဲ့ဖူးတယ်။” အတန်ကြာမှ သူ့စကားသံက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

“ဇီးပန်းတစ်ထောင်ရဲတိုက် အပြင်ဘက်က လူသူမဲ့ နတ်ကွန်းထဲမှာလား။” သူမ၏အသံလေးက လေးလံစွာ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်တယ်။”

ဤတစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားသူမှာ ရှန်းကွမ်းဖေးယန် ဖြစ်နေလေသည်။

ရှန်းကွမ်းဖေးယန်-“အဲဒီနေရာကို ရှင်ရောက်လာတော့ ကျမက ထွက်သွားခဲ့ပြီးပြီလေ။”

“မင်းဘာလို့ ထွက်သွားခဲ့ရတာလဲ။”

သူမ၏ စကားသံလေးက ပို၍ပင် နူးညံ့ပျော့ပျောင်းစွာ ထွက်ပေါ်လာပြန်သည်။ “ကျမ ဘယ်လိုနည်းနဲ့မှ ထွက်မသွားခဲ့ချင်ဘူးဆိုတာ တခြားလူတွေထက် ရှင်ပိုသိသင့်ပါတယ်။”

“မင်းကို တခြားလူတစ်ယောက်က ထွက်သွားခိုင်းခဲ့လို့လား။”

“အဲဒီတုန်းက ကျမဟာ သီချင်းဆိုခဲ့ရတယ်ဆိုတာလည်း အခိုင်းခံထားရလို့ပါ။ ဒါပေမဲ့ ဘာကြောင့် သီချင်းဆိုရတာလဲဆိုတာ အဲဒီတုန်းက မသိခဲ့သေးဘူး။ နောက်ကျမှ သူတို့တတွေ ရှင်တို့ကို မျှားခေါ်ဖို့ဆိုတာ သိခဲ့ရတယ်။”

“သူတို့... သူတို့ဆိုတာ ဘယ်သူတွေလဲ။”

ထိုမေးခွန်းကိုလည်း ရှန်းကွမ်းဖေးယန် ပြန်မဖြေခဲ့ပါ။ ထို့ပြင် သူမ၏ လေသံက တုန်ခါစွာ ထွက်ပေါ်လာနေသည်မှာ တစုံတခုကို ကြောက်ရွံ့နေကြောင်း သိသာလွန်းလှသည်။

“မင်း သူတို့ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာလား။”

“ရှင်... ရှင် မသိတာပဲ ကောင်းလိမ့်မယ်... မဟုတ်ရင်... မဟုတ်ရင်...” သူမ၏ စကားသံက တုန်ခါလွန်းစွာ ထွက်ပေါ်လာပြန်၏။

ဟွာမင်းလို-“မဟုတ်ရင် ဘာဖြစ်မှာလဲ”

ရှန်းကွမ်းဖေးယန် အကြာကြီး တိတ်ဆိတ်သွားခဲ့ပြန်၏။

“အဲဒီနေရာကို ရှင်တို့ကိုမျှားခေါ်ခိုင်းခဲ့တဲ့ ရည်ရွယ်ချက်က သူတို့လုပ်တဲ့အလုပ်တွေထဲ ဝင်မရှုပ်ကြဖို့ပဲ။ ကျမတောင်မှ သူတို့လက်ထဲကို ကျရောက်သွားခဲ့ရပြီဆိုတာ ရှင်တို့ကို ပြောပြခဲ့ချင်လို့ပေါ့။” ဟွာမင်းလိုကို စကားပြောခွင့် မပေးနိုင်သေးဘဲ သူမပင် ဆက်လက်ပြောနေလိုက်သည်။ “ဒီနေ့ ကျမ ဒီကိုရောက်လာခဲ့တဲ့ အကြောင်းကလည်း အခုဖြစ်ပျက်နေတဲ့ကိစ္စတွေထဲမှာ ရှင်တို့ ဝင်မရှုပ်ကြဖို့ သတိပေးခိုင်းလိုက်တာပဲ။ မဟုတ်ရင်... မဟုတ်ရင်... ကျမကိုယ်တိုင် ရှင့်ကို သတ်ရလိမ့်မယ်။”

ဟွာမင်းလို ပါးစပ်အဟောင်းသားနှင့် မေးမြန်းလိုက်၏။ “မင်းကို ဒီလာခိုင်းပြီး ကျုပ်တို့ကို သတ်ခိုင်းခဲ့တယ်ပေါ့...”

“ဟုတ်တယ်... ရှင့်ကို ကျမ နာကျင်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ ရှင်သိထားသလို ကျမအပေါ် သတိထား ကာကွယ်မှုတွေ မထားထားဘူးဆိုတာလည်း သူတို့တွေ သိနေကြတယ်။ ဒါပေမဲ့ သူတို့တတွေ မသိထားတဲ့အချက်တစ်ခုက ရှင့်အပေါ်မှာ ကျမ ဘယ်တော့မှ နာကျင်အောင် လုပ်မှာမဟုတ်ဘူးဆိုတာပဲ။”

သူမသည် ဟွာမင်းလိုထံ ရုတ်တရက် ပြေးဝင်လာခဲ့ပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တော့၏။

“အခုဆိုရင် သူတို့တွေ ဘယ်သူတွေလဲဆိုတာ ရှင်သိနေလောက်ပါပြီ။” သူမ၏စကားသံလေးက တိုးတိုးလေး ထွက်ပေါ်လာ၏။ “ဒါပေမဲ့ သူတို့တတွေ ဘယ်လောက်တောင်မှ ဩဇာအာဏာကြီးမားပြီး ကြောက်စရာကောင်းသလဲဆိုတာ ရှင်မသိနိုင်သေးပါဘူး။”

ယန်ထျယ်ရှန်းနှင့် တုကုရိဟာတို့နှစ်ယောက်စလုံး သေသွားခဲ့ပြီဖြစ်သည်။ သူတို့ကို ရပ်တန့်သွားစေချင်သူမှာ ဟိုရှူးတစ်ယောက်သာ ကျန်ရှိတော့သည်။

“သူတို့တတွေ ဘယ်လောက်ပဲ အင်အားကြီးမားနေပါစေ... မင်းအနေနဲ့ ကြောက်စရာလုံးဝမလိုဘူး။” ဟွာမင်းလိုက လေးပင်စွာ ပြောလိုက်သည်။

“ဒါပေမဲ့... ကျမစိုးရိမ်နေတယ်။ ကျမအတွက်မဟုတ်ဘူးနော်... ရှင့်အတွက်... ကျမအတွက်သာ မဟုတ်ခဲ့ဘူးဆိုရင် ရှင်တို့တတွေ ဒီအရှုပ်ထုပ်ထဲ ဝင်ပါလာမှာမဟုတ်ဘူး။ ရှင်သာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ကျမ ဘယ်လိုလုပ်ပြီး ဆက်လက်ရှင်သန်နေနိုင်မှာတဲ့လဲ။”

သူမသည် ဟွာမင်းလိုကို အတင်းကြပ်ဆုံးသော ပွေ့ဖက်မှုများဖြင့် ပွေ့ဖက်ထားခြင်းဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်လေးတစ်ခုလုံး တဆတ်ဆတ် တုန်ခါနေရ၏။ သူမ၏ အသက်ရှုထုတ်မှုများတွင် ချိုအီနူးညံ့သော ပန်းရနံ့လေးများလည်း ထွက်ပေါ်နေ၏။

သူမကို တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်ဖို့ ဟွာမင်းလို လက်ဖြန့်ထုတ်လိုက်သည်။

သို့သော် သူ့ဘေးတွင် ရှိရှုးယွင်၏ သက်မဲ့ခန္ဓာကိုယ်လေး လဲလျောင်းနေ၏။ အချစ်ကို ပွင့်လင်းရဲတင်းစွာ၊ ရိုးသားစွာ ဖွင့်ဟဝန်ခံသွားခဲ့သူ မိန်းမငယ်လေးတစ်ယောက်.. သူ့လက်မောင်းများ၏ ပွေ့ဖက်မှုအောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ၏ဤလက်နှစ်ဘက်ကို တခြားသူတစ်ယောက်အား ပွေ့ဖက်ထားရန် ဘယ်လိုနည်းနှင့် အသုံးပြုနိုင်ပါဦးမည်နည်း။

သူ့နှလုံးသားတစ်ခုလုံး နာကျင်သွားခဲ့သလို ဝေခွဲမရလည်း ဖြစ်နေရပြန်သည်။ ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ထားချင်သော်လည်း မည်သို့မျှ မထိန်းချုပ်နိုင် ဖြစ်နေရလေသည်။

ရှန်းကွမ်းဖေးယန်ကို ပြန်လည်ပွေ့ဖက်ရန် သူ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြီးချိန်တွင်တော့ သူမက ရုတ်တရက်သူ့ကို တွန်းဖယ်လိုက်တော့၏။

“ကျမပြောခဲ့တာတွေကို ရှင်နားလည်လိမ့်မယ်လို့ ထင်ပါတယ်။”

“ကျုပ် နားမလည်နိုင်ဘူး။”

“ရှင်နားလည်လည် မလည်လည်... ကျမကတော့ သွားရတော့မယ်။”

“သွားတော့မယ်... ဟုတ်လား။” ဟွာမင်းလို၏ လေသံက ဆွတ်ပျံ့စွာ ထွက်ပေါ်လာခဲ့၏။ “မင်းဘာဖြစ်လို့ ထွက်သွားရဦးမှာလဲ။”

“ကျမလည်း မသွားချင်ပါဘူးရှင်... ဒါပေမဲ့ သွားမှကိုဖြစ်မယ်။” သူမ၏ စကားသံများက ဝမ်းနည်းသံများ ရောစွက်နေပြီး စိတ်လှုပ်ရှားမှုများလည်း ပါဝင်နေ၏။ “ကျမအပေါ်မှာ ထားရှိထားတဲ့ ရှင့်သဘောထားတွေ အမှန်အကန်ပဲဆိုရင် နောက်ထပ်မေးခွန်းတွေ မမေးပါနဲ့တော့လားရှင်... ကျမရဲ့လက်ကိုလည်း ဆွဲမထားပါနဲ့တော့... မဟုတ်ရင် ရှင့်ကိုယ်ရှင် နာကျင်စေမှာဖြစ်သလို ကျမကိုလည်း နာကျင်စေလိမ့်မယ်။”

“ဒါပေမဲ့...”

“ကျမကို သွားခွင့်ပြုပါတော့... ရှင့်ကို ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် တွေ့နေရရင်ကိုပဲ ကျမ ကျေနပ်ပါပြီ။... နောက်ဆုံး ကျမကို ရှင် ရန်သူအဖြစ် သဘောထားလာခဲ့မယ်ဆိုရင်တောင်...”

သူမ၏ စကားသံလေးက လေနှင့်အတူ တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီး နောက်ဆုံးတွင်တော့ ပျောက်ကွယ်သွားတော့သည်။ အမှောင်ထု... သူ့ကိုယ်သူ အပြောကျယ်လှသော အမှောင်ထု၊ အထီးကျန်ဆန်မှုများထဲတွင် ချုပ်နှောင်ခံထားရသူတစ်ယောက်လို ဟွာမင်းလို ခံစားနေရ၏။ သူကို ထွက်ခွာသွားစေဖို့ တွန်းအားပေးနေသည့်၊ သူ့ထိန်းချုပ်မှုအောက်တွင်ရှိမနေသော အခြားအကြောင်းအရာများ ရှိနေဦးမည်ကို သူသိနေပါသည်။

သို့သော် သူလုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်မှာ ငေးကြောင်စွာ ရပ်တန့်နေခြင်းပင် မဟုတ်ပါလော။ သူမကို သူ မကူညီနိုင်ခဲ့ပါ။ သူမ၏အခက်အခဲများကို သူ မဖြေရှင်းပေးနိုင်ခဲ့ပါ။ သူမ၏ လွတ်လပ်မှုကို သူ မဆောင်ရွက်ပေးနိုင်ခဲ့ပါ။ သူမကိုပင် အားပေးစကားများ သူ မပြောနိုင်ခဲ့ပါ။ ရှိရှုးယွင် သူ့လက်မောင်းများတွင်း မသေခင်လေးကလိုပင် သူဘာမှ လုပ်မပေးနိုင်ခဲ့ပါ။

“ငါ ဘယ်လို ယောက်ျားတစ်ယောက်လဲ။ ငါက ဘာလဲ။” အမှောင်ထဲမှ လှောင်ရယ်သံတစ်ခုကို သူကြားနေရ၏။ “မင်းဟာ ဘာမှမဟုတ်ဘူး။ မျက်မမြင်တစ်ယောက်ကလွဲပြီး မင်းဟာ ဘာမှမဟုတ်ဘူး။”

မျက်မမြင်တစ်ယောက်၏ဘဝဆိုသည်မှာ အမှောင်ထုကြီး ဖုံးလွှမ်းထားသည့် ဘဝတစ်ခုဖြစ်သည်။ မျှော်လင့်ချက်ကင်းမဲ့သော အမှောင်ထုကြီးလည်းဖြစ်သည်။

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး လေးလပိုင်း၏ ညလေနုအေးတိုက်ခတ်မှုတွင် သူ ငြိမ်သက်စွာ ရပ်တန့်နေ၏။ သူ ရုတ်တရက် နားလည်ခဲ့သည်မှာ... ဘဝသည် သူထင်ထားခဲ့သလိုမျိုး ပြည့်စုံကောင်းမွန်စွာ ရှိနေသည်မဟုတ်။ ဘဝဆိုသည်တွင် ရှောင်လွှဲ၍မရနိုင်သော ဝမ်းနည်းကြေကွဲမှုများနှင့် နာကျင်မှုများ ပြည့်နှက်နေသည် မဟုတ်ပါလား။

ထိုအရာများမှ ရှောင်လွှဲသွားနိုင်မည့် နည်းလမ်းတစ်ခုမှ သူ မသိနိုင်ပါ။

လေးလပိုင်းဆိုသည်မှာ ပျံလွှားငှက်များ အိမ်ပြန်သောလဖြစ်သည်။ သို့သော် ထိုပျံလွှားငှက်ငယ်မလေးကတော့ ပျံထွက်သွားခဲ့ချေပြီ။ ပျံသန်းသွားခဲ့သည်မှာလည်း ကျွန်ုပ်တို့၏ဘဝတွင် အပျော်ဆုံးအချိန်များလို ပြန်မလာခြင်းမျိုးဖြင့် ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ သူသည် မြက်ခင်းပြင်ပေါ်သို့ တံခါးပေါက်မှတဆင့် ဖြည်းဖြည်းလေး လျှောက်ထွက်သွားခဲ့သည်။ မြက်များက မြူနှင်းစက်များဖြင့် စိုစွတ်နေလေသည်။

0 comments:

Post a Comment