ပန်းခြံထဲမှ ဟိုထျန်ချင်း ထွက်လာခဲ့သည်။ အဆောင်တွင်းမှ မီးရောင်များက သူ၏ ဖြူဖတ်ဖြူရော်ဖြစ်နေသော၊ ညှိုးနွမ်းနေသော မျက်နှာပြင်ပေါ်သို့ လင်းလက်နေ၏။ သူ့ကိုကြည့်ရသည်မှာ လွန်စွာပင်ပမ်းနေ၏။ အထီးကျန်ဆန်ပြီး ပင်ပမ်းနေသော ပင်ပမ်းမှုမျိုးလည်းဖြစ်သည်။
ကြာပန်းများဖူးပွင့်နေသော ရေကန်ထဲမှ ရေများက မှန်တစ်ချပ်လို ကြည်လဲ့နေ၏။ လရိပ်နှင့် ကြယ်များက ရေပြင်ထက်တွင် ရောင်ပြန်ဟတ်နေသည်။ သူသည် လက်နှစ်ဘက်ကိုနောက်ပစ်ပြီး တံတားငယ်လေးထိပ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။ လေတိုက်ခတ်လာသောအခါ သစ်ရွက်ကြွေများက လေနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။
သူသည် ခါးကုန်းပြီး သစ်ရွက်ကြွေလေးကို ကောက်ယူလိုက်သည်။
“ခင်ဗျားရောက်လာခဲ့ပြီကိုး...” သူ ရုတ်တရက်ကြီး ပြောလိုက်သည်။
“ကျုပ်ရောက်လာခဲ့ပါပြီ။”
ဟိုထျန်ချင်း အပေါ်သို့မော့ကြည့်လိုက်ရာ လုရှောင်ဖုန်းကို တွေ့လိုက်လေတော့သည်။
သစ်ရွက်ကြွေလေးလိုပင် လုရှောင်ဖုန်းသည် နံရံထက်မှ ပျံသန်းဝင်ရောက်လာခဲ့ပြီး တံတားငယ်လေး၏ တစ်ဘက်ရှိ ကြာပန်းကန်လေးထိပ်တွင် ရပ်တန့်လိုက်သည်။ သူသည်လည်း ဟိုထျန်ချင်းကို စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက်ကြားတွင် မီတာ ၂၀ ခန့်အကျယ်ရှိသော ကြာပန်းကန်လေးခြားထား၏။ သို့သော် ယခုအချိန်တွင် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် စိတ်လွတ်လက်လွတ်ထားနိုင်သည့် အကွာအဝေးမဟုတ်ကြောင်းကိုလည်း ခံစားနေမိကြသည်။
လုရှောင်ဖုန်း ပြုံးပြလိုက်သည်။ “ခင်ဗျားကိုကြည့်ရတာ ကျုပ်ကို စောင့်နေပုံရတယ်။”
“ကျုပ် ခင်ဗျားကို စောင့်နေခဲ့တယ်။”
“ကျုပ်လာမယ်ဆိုတာ ခင်ဗျား သိထားတယ်ပေါ့။”
ဟိုထျန်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားလာမယ်ဆိုတာ ကျုပ်သိနေခဲ့ပါတယ်။”
“ဘာဖြစ်လို့လဲ”
“ခင်ဗျား ထွက်သွားခဲ့ပြီးနောက် ဒီမှာအဖြစ်အပျက်တွေအများကြီး ဖြစ်ပျက်ခဲ့သေးတယ်။”
“အဖြစ်အပျက်တွေ... ဘာတွေဖြစ်ခဲ့တာလဲ။”
“ခင်ဗျား ဘာမှမသိဘူးလား။”
“ကျုပ်သိထားတာ တစ်ခုပဲရှိတယ်။”
“တုကုရိဟာ ဒီနေရာမှာ သေခဲ့တယ်ဆိုတာ ခင်ဗျားသိလား။”
လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ သူဟာ တကယ်ပဲ သေခဲ့သင့်သူတစ်ယောက်လားဆိုတာတော့ ကျုပ်လည်းမသိဘူး။”
ဟိုထျန်ချင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“အေးပေါ့လေ... ဒါတွေ ခင်ဗျား ဘယ်သိနိုင်ပါ့မလဲ။ သူ့သေခဲ့တာမှာ ကျုပ်ရဲ့ပါဝင်ပတ်သက်မှုတွေကို ခင်ဗျား ဘယ်သိနိုင်ပါ့မလဲ။”
“အမ်...”
“ကျုပ်ကြောင့်မဟုတ်ဘူးဆိုရင်လည်း စီမင်းကျွေ့ရှယ်ရဲ့ ဓားအောက်မှာ သူသေခဲ့ရမှာပါပဲ။”
“အိုး...”
“မာနကြီးပြီး ဖင်ခေါင်းကျယ်တတ်တဲ့လူတွေကို ကျုပ် ဘယ်တုန်းကမှ အထင်မကြီးခဲ့ဖူးဘူး။ တုကုရိဟာကိုယ်တိုင်က အဲဒီလို အထင်ကြီးပြီး မာနကြီးသူတစ်ယောက်ဖြစ်နေခဲ့တယ်။ ဒါကြောင့် စီမင်းကျွေ့ရှယ် မရောက်လာခင်လေးမှာ ကျုပ် သူနဲ့ တိုက်ခိုက်ခဲ့သေးတယ်။”
“ကျုပ် သိတယ်။”
“ခင်ဗျား သိနေတယ်လား။” ထိုစကားက ဟိုထျန်ချင်းကို အံ့အားသင့်သွားစေခဲ့၏။ “ခင်ဗျား ဘယ်လိုလုပ် သိနေရတာလဲ။”
လုရှောင်ဖုန်း ခပ်သဲ့သဲ့လေး ရယ်မောလိုက်သည်။
“စီမင်းကျွေ့ရှယ်နဲ့ တိုက်ခိုက်ခဲ့ချိန်ကျတော့ တုကုရိဟာမှာ အတွင်းအားတွေ အများဆုံးရှိလှ တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ သူ့အတွင်းအားတွေ တစ်ဝက်လောက်ဖြုန်းတီးပေးနိုင်ခဲ့တဲ့ သိုင်းပညာရှင်ဆိုတာ ဒီနားတစ်ဝိုက်မှာ မရှိသလောက်ပါပဲ။”
ဟိုထျန်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“မှန်တယ်။ ဒီအချက်က ခင်ဗျား စဉ်းစားမိသွားနိုင်တဲ့အချက်ပဲ။”
“ကျုပ် မစဉ်းစားနိုင်တဲ့အရာများ ရှိနေသေးလို့လား။”
ဟိုထျန်ချင်း ခေါင်းညိတ်ပြလိုက်ပြန်၏။
လုရှောင်ဖုန်းက ခနဲ့ပြုံးလေး နောက်တစ်ကြိမ် ပြုံးပြလိုက်ပြန်သည်။
“ဘာပဲဖြစ်နေဖြစ်နေ... ကျုပ်အခုသိချင်တာ တစ်ခုတည်းပဲရှိတယ်။ ရှန်းကွမ်းတန့်ဖုန်း ဘယ်ရောက်နေလဲ။”
“ဒီအချက်က ကျုပ် စဉ်းစားလို့ မရနိုင်တဲ့အချက်လည်း ဖြစ်နေပြန်ရော...”
“ဘာများလဲ”
“သူ ဒီနေရာကို မလာခဲ့ဘူး... ဘယ်တော့မှလည်း လာမှာမဟုတ်တော့ဘူး။”
လုရှောင်ဖုန်း ဆွံ့အတိတ်ဆိတ်သွားခဲ့ရ၏။ ရှန်းကွမ်းတန့်ဖုန်း ဤနေရာတွင် မရှိနိုင်တော့ခြင်းဆိုသည်ကို သူဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါ။
“သူ ဒီကို ဘယ်တော့မှ လာမှာမဟုတ်တော့ဘူးလို့ ကျုပ် သိနေနိုင်တာလဲဆိုတာ ခင်ဗျားအတွက် ထူးဆန်းနေလိမ့်မယ်ထင်တယ်။”
လုရှောင်ဖုန်း-“ကျုပ်လည်း ဒီအချက်ကိုပဲ စဉ်းစားနေမိတာ။”
“ဒီစာကို ခင်ဗျားဖတ်ပြီးသွားတာနဲ့ မအံ့ဩတော့ပါဘူး။”
သူ့အင်္ကျီလက်အိပ်တွင်းမှ စာတစ်စောင်ကို ရုတ်တရက် ထုတ်ယူလိုက်၏။ စာရွက်သည် တိမ်တိုက်တစ်ခုလို လုရှောင်ဖုန်းထံသို့ သိမ်မွေ့စွာ ရွေ့လျားပျံဝဲလာ၏။
“တန့်ဖုန်း အန္တရာယ်တွေ့နေပြီ၊ ရှောင်ဖုန်း ရပ်တန်းကရပ်လိုက်ပါ။ မရပ်ရင် အသက်မရှည်ဘူး။”
စာတိုလေးတစ်စောင်ဖြစ်သည်။ သေသပ်စွာ ရေးထားခြင်းဖြစ်သလို စာရွက်မှာလည်း အကောင်းစားဖြစ်၏။
စာအိတ်ပေါ်တွင် ရေးထားသည်မှာ-“သို့/ လုရှောင်ဖုန်း...”
ဟိုထျန်ချင်း-“ဒီစာလေးက ခင်ဗျားအတွက်စာပါ။ အခုကျုပ် ပေးပြီးသွားပြီ။”
“ဒါပေမဲ့ ဒီစာထဲက အဓိပ္ပါယ်ကို ကျုပ် နားမလည်နိုင်ဘူး။”
“အဓိပ္ပါယ်ကတော့ အခုအချိန်မှာ တန့်ဖုန်းမင်းသမီးလေးကို လိုက်ရှာဖွေဖို့ဆိုတာ ခင်ဗျားအတွက် သိပ်ကို ခက်ခဲနေလိမ့်မယ်။ ဒါကြောင့်မို့ ဒီအရေးကိစ္စထဲမှာ ဝင်ပါနေတာတွေကို ရပ်တန်းကရပ်လိုက်ဖို့ပဲ။ မဟုတ်ရင် တစ်ယောက်ယောက်ရဲ့လက်ချက်နဲ့ ခင်ဗျား သေရလိမ့်မယ်။” ဟိုထျန်ချင်းက ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ရှင်းပြလိုက်သည်။ ထိုအချက်များကို လုရှောင်ဖုန်း သိနေမည်ဆိုသည်ကိုလည်း သူသိနေပါ၏။
“ဒီစာ ကျုပ်လက်ထဲကို ဘယ်သူကများ ပေးချင်ခဲ့တာလဲ။”
“ကျုပ်လည်းမသိဘူး။”
“ခင်ဗျား တကယ်မသိဘူးလား။”
“ခင်ဗျားသာ ဒီလိုစာတစ်စောင်ကို တခြားလူတစ်ယောက်အတွက် ရေးခဲ့ပြီး ကျုပ်ကို ပေးခိုင်းခဲ့မယ်ဆိုရင် ခင်ဗျားလူကိုယ်တိုင် ကျုပ်ကို လာပေးပါ့မလား။”
“ဘယ်ပေးလိမ့်မလဲ။”
“ဒါကြောင့်မို့လည်း ဒီစာကိုရေးတဲ့သူဟာ လူကိုယ်တိုင် ကျုပ်ကို လာမပေးခဲ့ဘူး။ ဒီစာကို ယန်သခင်ကြီးရဲ့ အခေါင်းဘေးနားမှာ တွေ့ခဲ့တာကလွဲလို့ ကျန်တာတွေ ကျုပ်ဘာမှမသိဘူး။”
လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။
“မှန်ပါတယ်လေ... ခင်ဗျား ဘယ်သိနိုင်ပါ့မလဲ။”
“ဒါပေမဲ့ ခင်ဗျား သိသင့်တယ်။”
“ကျုပ်က ဘာကို သိသင့်တာလဲ။”
“ဒီစာကို ဘယ်သူရေးသလဲဆိုတာကိုတော့ ခင်ဗျား သိသင့်တယ်။”
“ယန်သခင်ကြီးက အခေါင်းထဲကနေ ထလာပြီး ဒီစာရေးခဲ့တာ မဟုတ်ဘူးဆိုတာတော့ ကျုပ်သိပါတယ်။” လုရှောင်ဖုန်းက ချိနဲ့နဲ့အပြုံးဖြင့် ပြောလိုက်သည်။
“ယန်သခင်ကြီးကလွဲပြီး ဒီအရေးကိစ္စမှာ ခင်ဗျားဝင်ရှုပ်နေတာကို မလိုစိမ့်တဲ့သူ ဘယ်သူရှိသေးလဲဆိုတာလည်း ခင်ဗျား သိသင့်ပါတယ်။” ဟိုထျန်ချင်း၏ မျက်လုံးများက အရောင်တောက်ပစွာ လက်နေကြ၏။
“စိတ်မကောင်းစရာပဲဗျာ... ကျုပ် တကယ်ကို မသိပါဘူး။” လုရှောင်ဖုန်း သက်ပြင်းချသံနှင့်အတူ ရေရွတ်လိုက်သည်။
“ခင်ဗျား လူတစ်ယောက်ကိုတော့ သိနိုင်မှာပါ။”
“ဘယ်သူလဲ”
“ကျုပ်ပဲ”
လုရှောင်ဖုန်း ရယ်မောလိုက်၏။
သို့သော် ဟိုထျန်ချင်းကတော့ မရယ်မောနေပါ။
“ရှန်းကွမ်းတန့်ဖုန်းလည်း မလာတော့ဘူး။ ခင်ဗျား ဝင်ရှုပ်နေတာတွေလည်း ရပ်သွားခဲ့ပြီဆိုရင် ဒီ စိန်ပုလဲနန်းတော်ကြီးနဲ့ အထဲမှာရှိနေတဲ့ ရတနာပစ္စည်းတွေအားလုံး ကျုပ်အတွက်ချည်းပဲ ကျန်တော့မှာပေါ့။” ဟိုထျန်ချင်းက မျက်နှာထား မည်းမှောင်စွာဖြင့် ရှင်းပြလိုက်သည်။
“ဒါပေမဲ့ မိုးနတ်တမန်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက်က ဒီလိုအလုပ်မျိုးလုပ်လိမ့်မယ်မဟုတ်ဘူးဆိုတာလည်း ကျုပ်သိထားတယ်။” လုရှောင်ဖုန်း ပြုံးနေ၏။
ဟိုထျန်ချင်းက လုရှောင်ဖုန်းကို စူးစူးစိုက်စိုက် စိုက်ကြည့်နေ၏။ ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းမှ အပြုံးသဲ့သဲ့လေးတစ်ခု ထွက်ပေါ်လာလေသည်။
ဟိုထျန်ချင်း-“တစ်ခုခုများ သောက်ချင်နေလား။”
“သိပ်ကောင်းတဲ့အစီအစဉ်ပဲ။”
အရက်များကို ဖြူပြရောင် ကြွေအိုးထဲတွင် ထည့်ထား၏။ အရက်ငဲ့လိုက်ချိန်တွင်မူ မည်သည့်အရောင်မျှ ရှိမနေသလို အနံ့အသက်လည်း မရှိနေပါ။ ရေများကဲ့သို့ ဖြစ်နေ၏။ သို့သော် တခြားအရက်တစ်မျိုးဖြင့် ရောစပ်လိုက်သောအခါတွင်မူ သင်းပျံ့မွှေးကြိုင်သော အရက်နံ့များက တစ်ခန်းလုံး ထုံမွှမ်းသွားလေသည်။
လုရှောင်ဖုန်း ခပ်ဖြည်းဖြည်းလေး စုပ်သောက်လိုက်၏။ ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး-“သိပ်ကို စစ်တဲ့ အပျိုစင်ရှက်သွေးဖြာ ပါပဲလား။”
“ခင်ဗျားက ကိုယ်သောက်တဲ့အရက်ကိုတော့ သိနေသားပဲ။”
“ဒါကြောင့်မို့လို့ နောက်တစ်ခါ ခင်ဗျား ဒီလိုကောင်းတဲ့ အရက်သောက်ပြီဆိုရင် ကျုပ်ကို ဖိတ်ခေါ်သင့်တယ်။ အနည်းဆုံးတော့ ခင်ဗျားရဲ့အရက်ကောင်းတွေ အလဟဿတ် မဖြစ်တော့ဘူးပေါ့ဗျာ။”
“ကျုပ်ဆီမှာ ဒီလောက်ကောင်းတဲ့အရက်ကောင်းတွေ မရှိပါဘူး။” ဟိုထျန်ချင်းက ရယ်ရယ်မောမော တုံ့ပြန်ပြောဆိုလိုက်၏။
“အိုး... ဟုတ်ရဲ့လား။”
“ကျုပ်ရဲ့ အိမ်နီးနားချင်း မိတ်ဆွေတစ်ယောက်ဆီသွားလည်ရင်း ရလာခဲ့တဲ့အရက်တွေပါဗျာ။”
“အားကျလိုက်တာဗျာ” လုရှောင်ဖုန်းက အာလုတ်သံကြီးဖြင့် ရေရွတ်လိုက်သည်။ “အိမ်နီးချင်းကောင်းတစ်ယောက်ကို ရှာဖို့ဆိုတာ အရက်ကောင်းတစ်အိုးကို ရှာသလိုပဲ ဒီခေတ်ကြီးမှာ ခက်ခဲလှပါတယ်။”
“ဒါပေမဲ့ သူကတော့ လူ့ဂွစာကြီးတစ်ယောက်ဗျ... ခင်ဗျားလည်း ကြားဖူးမယ်ထင်ပါတယ်။”
“လူ့ဂွစာ တော်တော်များများကို ကျုပ်သိပါတယ်။ ဘယ် လူ့ဂွစာများလဲဗျ။”
“သူ့နာမည်က ဟိုရှူးလို့ခေါ်တယ်။”
“ဟိုရှူး... ဟုတ်လား။” လုရှောင်ဖုန်း ထခုန်မိမတတ် အံ့အားသင့်သွားခဲ့၏။ “ခင်ဗျားရဲ့ အိမ်နီးချင်း မိတ်ဆွေ ဘယ်လိုလုပ်ပြီး လာဖြစ်နေရတာလဲ။”
“သူ ဒီနေရာကို သိပ်ပြီးလာလေ့လာထမရှိပါဘူး။ ဒါပေမဲ့ အနောက်ဘက်မှာရှိနေတဲ့ တောင်ကုန်းလေးပေါ်မှာတော့ အိမ်ငယ်လေးတစ်လုံး ဆောက်ထားခဲ့တယ်။ တစ်နှစ်မှာ ၁-၂ လလောက်တော့ လာနေလေ့ရှိတယ်။”
လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကြလေသည်။
“သူ ဒီကို ဘာလာလုပ်တာလဲ ခင်ဗျားသိလား။”
“အရက်သောက်တာကလွဲလို့ တခြားဘာမှ သူ စိတ်ဝင်စားပုံမရဘူး။”
လုရှောင်ဖုန်း ထပ်မမေးတော့ချေ။ သူ့ကို ကြည့်ရသည်မှာ နက်နက်နဲနဲ စဉ်းစားနေပုံရ၏။ အရက်သောက်နေချိန်တွင် စဉ်းစားခန်းမဝင်ရန် သူကိုယ်တိုင် စည်းကမ်းချက်ချထားခဲ့သော်လည်း ဤတစ်ကြိမ်သည်တော့ ခြွင်းချက်ဖြစ်၏။
ဟိုထျန်ချင်းက လုရှောင်ဖုန်းကို အာရုံမထားမိဘဲ ဆက်ပြောနေလိုက်သည်။ “ခင်ဗျားသိတဲ့ အရက်ကောင်းမှန်သမျှရဲ့ နာမည်တွေ ပြောလိုက်ဦး... အကုန်လုံး သူ့ဆီမှာ ရှိနေတယ်။ ကျုပ်လို အရက် သိပ်သောက်လေ့သောက်ထ မရှိတဲ့ လူတစ်ယောက်တောင်မှ သူ့အဆောင်ငယ်လေးထဲရောက်သွားပြီးရင် ပြန်မထွက်ချင်တော့ဘူး။”
“ဘယ်လိုအရက်မျိုးက အရသာအကောင်းဆုံးလဲဆိုတာ ခင်ဗျားသိလား။” လုရှောင်ဖုန်းက စကားမစပ်စွာ မေးမြန်းလိုက်သည်။
“မသိဘူးလေ... ဘယ်လိုအရက်မျိုးလဲ။”
“ခိုးသောက်တဲ့အရက်...”
ဟိုထျန်ချင်း သဘောကျစွာ ရယ်မောလိုက်သည်။
“ခင်ဗျားနဲ့အတူတူ သူ့အရက်တွေကို သွားခိုးဖို့ ကျုပ်ကို စည်းရုံးနေတာလား။”
“မှန်လိုက်လေဗျာ...” လုရှောင်ဖုန်း ရယ်ရယ်မောမောဖြင့် ဖြေဆိုလိုက်၏။
“ဒီလောကကြီးထဲမှာ အရက်တစ်စက်ကလေးကိုတောင် မသောက်နိုင်တဲ့ လူစားမျိုးရှိတယ်။ ဘယ်လိုလူစားမျိုးလဲ ခင်ဗျားသိလား။”
“မသိဘူးလေ... ဘယ်လိုလူစားမျိုးလဲ။”
“ဦးခေါင်းပြတ်သွားတဲ့လူ... ခင်ဗျားရဲ့ခေါင်းနဲ့ကိုယ် မြဲမြဲရှိနေပြီး အရက်ဆက်သောက်ချင်နေသေးတယ်ဆိုရင်တော့ ဒီအကြံကို လက်လျှော့လိုက်ပါတော့။”
“အရက်ခိုးတယ်ဆိုတာ စာအုပ်ခိုးသလိုပဲ။” လုရှောင်ဖုန်း အရွှန်းဖောက်လိုက်သည်။
“ခိုးယူတဲ့အမှုကို သိပ်ပြီးယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ်လူတန်းစားတွေမှသာ ပြုလုပ်နိုင်ကြတာဗျ။ မိသွားခဲ့ရင်တောင်မှ ခေါင်းဖြတ်ခံရမယ် မထင်ပါဘူး။”
“ဒါပေမဲ့ ခင်ဗျားကို ဖမ်းမိသွားတဲ့လူကလည်း စကားပြောတယ်လေ။”
“ထားလိုက်စမ်းပါဗျာ... လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်ကို ခင်ဗျားပြန်သွားကြည့်မယ်ဆိုရင် ခင်ဗျားနဲ့ ဟိုရှူးတို့ မိသားတစ်စုတည်းက ဆင်းသက်လာတာလည်း ဖြစ်နေနိုင်တာပဲ။” လုရှောင်ဖုန်းက ဆက်ပြီးရွှတ်နောက်နေလိုက်၏။ “ဘာကိုများ ကြောက်နေသေးတာလဲ။”
“သူကိုယ်တိုင် ကျုပ်ကို ပြောပြခဲ့တာဗျ။ အဲဒီအဆောင်ငယ်လေးထဲမှာ ခိုးဝင်လာသူတွေကို ဖမ်းဖို့ ထောင်ချောက်တွေ ၁၀၈ ခုတောင် ရှိနေတယ်။ ခင်ဗျားဟာ ဖိတ်ကြားခံထားရတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုရင် ခိုးဝင်သွားလိုက်တာနဲ့ ခင်ဗျားဟာခင်ဗျား ဘယ်သူကြီးပဲဖြစ်နေပေ့စေ... ပြန်ထွက်လာနိုင်ဖို့တော့ အင်မတန် ခက်ခဲလိမ့်မယ်။” စကားမဆက်ခင် သူ ခဏမျှသက်ပြင်းချလိုက်သေး၏။ “အဲဒီထောင်ချောက်တွေက ခင်ဗျားဘယ်သူဆိုတာ သိနိုင်ကြမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ မျိုးရိုးနာမည်က ဟိုလား၊ လုလား သူတို့ သောက်ဂရုမစိုက်သလို သူတို့အတွက် ခြားနားချက်လည်းရှိမှာမဟုတ်ဘူး။”
နောက်ဆုံးတွင်တော့ လုရှောင်ဖုန်းသည်လည်း သက်ပြင်းတစ်ချက် ချလိုက်ရလေတော့သည်။
“ကျုပ်မှာ မျက်ခုံးလေးခုရှိနေပါတယ်။ နှစ်ခုလောက် ပြုတ်သွားလည်း အရေးမကြီးပါဘူး။ ဒါပေမဲ့ ကျုပ်မှာ ခေါင်းတစ်လုံးပဲရှိနေတော့ တစ်ဝက်လောက် ပြတ်သွားရင်တော့ ကျုပ်နေနိုင်မှာ မဟုတ်တော့ဘူး။” မျှော်လင့်ချက် ကင်းမဲ့နေသော အပြုံးမျိုးဖြင့် သူ ပြောလိုက်သည်။ “အရက်အိုးလေး မဖြစ်စလောက်လေးအတွက် ထောင်ချောက်ပေါင်း ၁၀၈ ခုတောင်ထားထားတယ်ဆိုတော့ သူ ချမ်းသာတာလည်း မပြောတော့ပါဘူးလေ။”
“အရက်အိုးတွေကို ကာကွယ်ဖို့ ထောင်ချောက်တွေ ဆင်ထားတာလည်း ဟုတ်ချင်မှဟုတ်မှာပေါ့။”
“ဒါဆိုရင် အဲဒီအဆောင်ငယ်လေးထဲမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေနိုင်သေးတယ်လို့ ခင်ဗျား ပြောချင်တာလား။” လုရှောင်ဖုန်း၏ မျက်လုံးများ တောက်ပလာခဲ့ကြပြန်သည်။
ဟိုထျန်ချင်း ပြုံးနေ၏။ ပြီးနောက် လေသံအေးအေးဖြင့် ပြောလိုက်သည်။ “လူတိုင်းလိုလို... အနည်းနဲ့အများတော့ လျှို့ဝှက်ချက်ဆိုတာ ရှိတတ်စမြဲပါပဲ...”
“ဒါပေမဲ့ လျှို့ဝှက်ချက်ဆိုတာကို သိမ်းဆည်းထားနိုင်တဲ့လူစားမျိုး တစ်မျိုးတည်းပဲရှိတယ်။”
“ဘယ်လိုလူစားမျိုးလဲ။”
“လူသေတွေ”
“ဒါပေမဲ့ ဟိုရှူးမှ မသေသေးတာ။” ဟိုထျန်ချင်း၏ မျက်လုံးများသည်လည်း တောက်ပလာခဲ့ကြပြန်သည်။
“ဟုတ်တယ်... သူ မသေသေးဘူး။”
+++++
ကြောက်စရာအကောင်းဆုံးမှာ သေဆုံးသူများဖြစ်ကြသည်။ မည်မျှပင် နွေးထွေးသိမ်မွေ့သောသူ၊ မည်မျှပင် ချောမောလှပခဲ့သူဖြစ်ပါစေ... သေပြီးသွားချိန်တွင်တော့ ကြောက်စရာကောင်းနေတတ်လေသည်။
ထို့ကြောင့် ရှိရှုးယွင်၏ ခန္ဓာကိုယ်ကို အဝတ်ဖြူတစ်စဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။
စားပွဲပေါ်တွင် မီးအိမ်ငယ်လေးတစ်ခု ထီးထီးကြီးရှိနေ၏။ ဟွာမင်းလိုသည် မီးရောင်ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။ သူထွက်သွားခဲ့ပြီးဖြစ်သော်လည်း ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရှိရှုးယွင် သေသည်ဖြစ်စေ၊ ရှင်နေသည်ဖြစ်စေ သူမကို ဤအတိုင်းတစ်ယောက်တည်း သူမထားခဲ့နိုင်ပါ။
ဆိုင်ပိုင်ရှင်သည် အစောကြီးကတည်းက လစ်ထွက်သွားခဲ့ပြီးဖြစ်၏။ သူချန်ထားခဲ့သည့် တစ်ခုတည်းသောအရာမှာ ဤမီးအိမ်ငယ်သာဖြစ်ပြီး မျက်မမြင်တစ်ယောက်အတွက် မီးရောင်မလိုအပ်သည်ဆိုခြင်းကို မေ့သွားခဲ့ပုံရသည်။
ညဉ့်သည် တိတ်ဆိတ်နေ၏။ ဘာသံမှ မကြားရအောင် တိတ်ဆိတငြိမ်သက်နေ၏။ လုရှောင်ဖုန်း ရောက်လာသောအခါတွင်လည်း ဘာသံမှမကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့သော် ဟွာမင်းလိုက အနောက်ဘက်သို့လှည့်လာခဲ့ပြီး ရုတ်တရက်ဆိုသလို မေးမြန်းလိုက်သည်။ “မင်းအရက်သောက်ထားတယ်။”
လုရှောင်ဖုန်း ဝန်ခံလိုက်သည်။ “နည်းနည်းပါးပါးပါ။”
“ဒီမှာဒီလောက်တောင် ဖြစ်ပျက်ခဲ့တာ မင်းမှာအရက်သောက်ချင်စိတ် ရှိနေခဲ့သေးတယ်လား။” ဟွာမင်းလို အေးစက်စွာ ပြောလိုက်သည်။ “ရှားတယ်... သိပ်ကိုရှားတယ်။”
ဟွာမင်းလို၏ မျက်နှာတစ်ခုလုံးတင်းမာနေသည်။ မျက်နှာထားတင်းတင်းထားခြင်းသည် ဟွာမင်းလိုတွင် လွန်စွာတွေ့ရခဲသည်။
လုရှောင်ဖုန်း မျက်တောင်ခတ်လိုက်သည်။
“မင်းငါ့ကို မနာလိုဖြစ်နေတာမဟုတ်လား။”
လုရှောင်ဖုန်းထံတွင် သူ့ကိုစိတ်ဆိုးနေသူများအား ရင်ဆိုင်နိုင်ရန် အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး လက်နက်တစ်ခုရှိလေသည်။ သူ့ကို စိတ်ဆိုးနေပြီဆိုမှတော့ ပိုပြီးစိတ်ဆိုးဒေါသထွက်အောင် လုပ်ရန်ပင် ကျန်တော့သည်မဟုတ်ပါလား။ ဘယ်လောက်တောင် စိတ်ဆိုးနိုင်ပါဦးမည်နည်း။ စိတ်ဆိုးဒေါသထွက်ပြီး အသက်ထွက်သွားမည်လား။
ဟွာမင်းလို မည်သို့မျှ မတုံ့ပြန်ခဲ့ပါ။ လုရှောင်ဖုန်းအကြောင်းကို အူမချေးခါးမကျန် သူသိနေပါ၏။ ဒေါသထွက်ပြီး သူ မသေချင်သေးပါ။
ထို့ကြောင့် ဤတစ်ကြိမ်တွင်တော့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဖြစ်နေသူမှာ လုရှောင်ဖုန်း ပြန်ဖြစ်သွားလေတော့သည်။
“ပြောရရင် မင်းလည်း အရက်သောက်နေသင့်တယ်။” လုရှောင်ဖုန်းက မျက်နှာအပျက်ပျက်ဖြင့် ပြောဆိုလိုက်သည်။ “အရက်သောက်တာရဲ့ ကောင်းကျိုးက မင်းမတတ်နိုင်တဲ့ကိစ္စတွေအတွက် ဘာမှမတွေးမိအောင် စွမ်းဆောင်နိုင်တယ်မဟုတ်လား။”
သူ့ကို ဟွာမင်းလို အချိန်အကြာကြီး ဥပက္ခာပြုထားလိုက်သည်။
“ငါလူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။” ဟွာမင်းလိုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
“မင်းတွေ့ခဲ့တဲ့လူတွေကလည်း အများသားပဲ။”
“ဒါပေမဲ့ ဒီလူ့ကိုတော့ တွေ့ခဲ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။”
“ဘယ်သူလဲ”
“ရှန်းကွမ်းဖေးယန်”
လုရှောင်ဖုန်းသည် ဟွာမင်းလိုကဲ့သို့ပင် အံ့အားသင့်သွားခဲ့၏။
“သူ မသေသေးဘူးလား။”
ဟွာမင်းလို စိတ်ညစ်ညူးစွာ မှတ်ချက်ပေးလိုက်သည်။ “သူ မသေသေးဘူးဆိုပေမယ့်လည်း လူသေတစ်ယောက်နဲ့ မထူးခြားတော့ပါဘူး။”
“ဘာဖြစ်လို့လဲ။”
“လူတစ်စုရဲ့လက်ထဲကို သူကျရောက်သွားခဲ့ပြီးပြီ။ သူ့ကို ထိန်းချုပ်ခံထားရတယ်။”
“ဘယ်သူတွေက ထိန်းချုပ်ထားတာလဲ။” လုရှောင်ဖုန်း အံ့အားသင့်စွာ မေးမြန်းလိုက်၏။
“သူ မပြောပြခဲ့ဘူး။ ငါလည်း မသိဘူး။ ဒါပေမဲ့ ခန့်မှန်းရသလောက်တော့...”
“ဘယ်သူများဖြစ်နိုင်လို့လဲ”
“ဟိုရှူး”
လုရှောင်ဖုန်း ထိုင်ချလိုက်ရတော့သည်။ ပြီးနောက် ဆတ်ခနဲပြန်ထလိုက်ပြန်၏။
“ဟိုရှူး... ဟုတ်လား။”
“ရှန်းကွမ်းဖေးယန် ဒီကိုရောက်လာခဲ့သေးတယ်။ သူ့ကို တွန်းအားပေးခိုင်းလို့ ရောက်လာခဲ့တာပါ။ ငါ့ကို ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီးလည်း ပြောပြသွားခဲ့သေးတယ်။ ဒီလိုအချိန်မှာ ငါတို့ကို ရပ်တန်းကရပ်စေချင်တဲ့သူဟာ တစ်ဦးပဲရှိတယ်။ ဟိုရှူးပဲ။”
လုရှောင်ဖုန်း ပြန်ထိုင်ချလိုက်သည်။
တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်ကြီးစိုးလာပြန်၏။
“ငါ တစ်စုံတစ်ယောက်နဲ့ မတွေ့ခဲ့ဘူး။” လုရှောင်ဖုန်းက ရုတ်တရက်ဆိုသလို ပြောချလိုက်သည်။
ထိုစကားက အလွန်တရာ စိတ်ဝင်စားလာအောင် ကောင်းမွန်လှပစွာ ပြောလိုက်ခြင်းဖြစ်သလို စဉ်းစားလို့မရနိုင်သည့်စကားလည်း ဖြစ်နေပြန်သေး၏။
“မင်းမတွေ့ခဲ့တဲ့လူတွေကလည်း အများသားပဲ။”
“ဒါပေမဲ့ ဒီလူ့ကတော့ ငါ တွေ့ကိုတွေ့လိမ့်မယ်လို့ ထင်ထားတဲ့လူပဲ။ ငါ စိန်ပုလဲနန်းတော်ကို သွားခဲ့တဲ့ရည်ရွယ်ချက်ကလည်း သူ့ကို သွားရှာဖို့ပဲ။”
“ရှန်းကွမ်းတန့်ဖုန်းလား”
“မှန်တယ်”
“သူအခု ဘယ်ရောက်နေလဲ”
“သူ အဲဒီနေရာမှာမရှိတော့သလို ရောက်လာစရာလည်း မရှိတော့ဘူး။ လူတစ်ယောက်က ဟိုထျန်ချင်းကို ငါ့အတွက်ဆိုပြီး စာတစ်စောင် ချန်ထားပေးသွားခဲ့တယ်။”
“စာထဲမှာ ဘာတွေရေးထားလဲ”
“စာကြောင်း တိုတိုလေးတွေပါ။ တချို့စာသားတွေတော့ စဉ်းစားလို့ရတယ်၊ တချို့ကတော့ မစဉ်းစားတတ်အောင်ပဲ။ အကုန်လုံးခြုံပြောရရင် အီးပေါက်တာလောက်ပါပဲ။”
“ဘာများ ရေးထားခဲ့လို့လဲ။”
“တန့်ဖုန်း အန္တရာယ်တွေ့နေပြီ၊ ရှောင်ဖုန်း ရပ်တန်းကရပ်လိုက်ပါ။ မရပ်ရင် အသက်မရှည်ဘူး။”
“ကြားရသလောက်တော့ ဒီစာသားတွေက မင်းလုပ်နေတာတွေ ရပ်တန်းကရပ်ခိုင်းပုံပဲ။” ဟွာမင်းလို သေသေချာချာ သုံးသပ်ကြည့်လိုက်သည်။
“အခုအချိန်မှာ လူတစ်ယောက်တည်းကပဲ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သွားစေချင်နေတယ်။”
“ဒါဆိုရင် ဒီစာကိုရေးခဲ့တဲ့လူကလည်း ဟိုရှူးပဲဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား။”
“ငါသိထားတာကတော့ ဒီစာရေးခဲ့တဲ့လူဟာ အလုပ်တစ်ခုကို တဝက်တပျက်လုပ်ပြီး ရပ်ထားခဲ့မယ့်လူ မဟုတ်ဘူးဆိုတာပဲ။”
အောင်မြင်ချင်သူတစ်ယောက်၊ အောင်မြင်အောင်ကြိုးစားနေသူတစ်ယောက်သည် မည်သို့သောအခါမှ တဝက်တပျက် လုပ်လိမ့်မည်မဟုတ်။
“ရှန်းကွမ်းတန့်ဖုန်းကို စိကုန်းကျိုင်ရှင်း မခိုးသွားခဲ့ပါဘူး။ ဒါကလည်း သူ့ကို မအံ့ဩသွားစေလောက်ပါဘူး။ ဒါကြောင့်မို့ သူ့လူတွေကို တစ်နေရာမှာ စောင့်ထားခိုင်းခဲ့ပြီး တန့်ဖုန်းမင်းသမီးလေး အပြန်လမ်းကျမှ စောင့်ဖမ်းခဲ့ပုံရတယ်။”
“ဒါပေမဲ့ ခုလေးတင်ပဲ သူ့အရက်အိုးတစ်ဝက်ကို ငါသောက်ခဲ့ရသေးတယ်။”
ထိုစကားက ဟွာမင်းလိုကို အနည်းငယ် အံ့အားသင့်သွားစေခဲ့၏။
“မင်းသူ့ကို တွေ့ခဲ့ပြီးပြီပေါ့။”
“မတွေ့ခဲ့ပါဘူး။ အရက်ကလည်း ဟိုထျန်ချင်းကို သူ လက်ဆောင်ပေးခဲ့တဲ့အရက်ပါ။ စိန်ပုလဲနန်းတော် အနောက်ဘက်က တောင်ကုန်းလေးပေါ်မှာ သူ့အဆောင်ငယ်လေးတစ်လုံး ရှိနေတယ်။”
ဟွာမင်းလို၏ အမူအရာများ သိသိသာသာကြီး ပြောင်းလဲသွားခဲ့၏။
လုရှောင်ဖုန်းက စကားလုံးတစ်လုံးချင်းစီ ပီသစွာ ပြန်ရွတ်ပြလိုက်ပြန်၏။
“မှန်တယ်... အဆောင်ငယ်လေးတစ်လုံး...”
ဟွာမင်းလို မတ်တတ်ထရပ်လိုက်သည်။ ပြီးနောက် ပြန်ထိုင်ချလိုက်ပြန်၏။
အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။
ဟွာမင်းလို-“စွန်းရှုးချင် စောစောတုန်းလေးက ပြောသွားခဲ့တဲ့စကားကို မင်းမှတ်မိလား။”
လုရှောင်ဖုန်း မှတ်မိနေပါသည်။ ဤနေရာသို့ တုကုရိဟာ ရောက်လာရခြင်းမှာ သူ့ထံသို့ စာတစ်စောင် ပေးပို့ခံခဲ့ရခြင်းကြောင့်ဖြစ်၏။ စာထဲတွင်... မြစိမ်းနန်းတော်၏ ပထမနန်းဆောင်သည် မည်သည့်နေရာတွင် ရှိနေခြင်းဆိုသည်ကို အရိပ်အမြွက် ရေးထားခဲ့သည်။
“ဟိုရှူးရဲ့ အဆောင်ငယ်လေးဟာ မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်ဖြစ်မယ်ထင်လား။”
ထိုမေးခွန်းကို လုရှောင်ဖုန်း ပြန်မဖြေတော့ပါ။ ထိုမေးခွန်းသည် ပြန်လည်ဖြေဆိုရန် မလိုအပ်တော့သော မေးခွန်းလည်း ဖြစ်နေသည်မဟုတ်ပါလား။
ဟွာမင်းလို-“ဒါပေမဲ့ ရွှေဂဠုန်ဧကရာဇ်ကြီးအဆိုအရတော့ မြစိမ်းနန်းတော်ရဲ့ ခေါင်းဆောင်ဟာ တုကုရိဟာပဲ။”
“သူ့သတင်းတွေက မှန်ချင်မှလည်း မှန်နိုင်မှာပေါ့။”
ဟွာမင်းလို-“ဘယ်သူမှ မတရားစွပ်စွဲတာ မခံနိုင်ကြသလို ဘယ်သူမှလည်း မတရားမစွပ်စွဲနိုင်ကြပါဘူး။”
လုရှောင်ဖုန်း သက်ပြင်းရှိုက်လိုက်သည်။ “ကျုတင်းမရှိနေတာ နာတာပဲ။”
“ဘာဖြစ်လို့လဲ”
“ငါကြားခဲ့တာကတော့ အဲဒီအဆောင်ငယ်လေးထဲမှာ ထောင်ချောက်တွေ ၁၀၈ ခုတောင် ရှိနေဆိုပဲ။”
“မင်းက အဲဒီနေရာကို သွားစပ်စုကြည့်ချင်သေးတယ်ပေါ့။”
“သိပ်မှန်တယ်”
“အဲဒီထောင်ချောက်တွေကြောင့် မင်းမသွားနိုင်ဘူးဆိုပါတော့။”
“မှားတယ်”
လုရှောင်ဖုန်း တစ်စုံတစ်ခုကို စလုပ်ပြီဆိုသည်နှင့် ဘယ်တုန်းကမှ တဝက်တပျက်ဖြင့် ရပ်ထားခဲ့ခြင်းမရှိ။ မည်သည့်အရာမျှလည်း သူ့ကို တဝက်တပျက်ဖြင့် ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်မည် မဟုတ်ချေ။
+++++
တောင်ကုန်းလေးမှာ သိပ်ပြီးမမြင့်လှ။ သို့သော် မြင်ကွင်းကတော့ သာယာလှပလွန်းနေသည်။ နည်းနည်းလောက်လျှောက်တက်သွားပြီးလျှင် မီးရောင်သေးသေးလေးတစ်ခုကို မြင်နိုင်၏။ ညအမှောင်ထဲတွင် မီးရောင်သေးသေးလေးသည် စူးရှတောက်ပစွာ ထွန်းလင်းနေတတ်သည်မဟုတ်ပါလား။
လုရှောင်ဖုန်း-“ငါ အဆောင်ငယ်လေးကို မြင်နေရပြီ။”
“ဘယ်မှာလဲ”
“ဟိုးမှာရှိနေတဲ့ သစ်တောအုပ်လေးထဲမှာပဲ။ အဆောင်ငယ်လေးထဲမှာလည်း မီးလင်းနေတယ်။”
“ဒီနေရာမှာ ဟိုရှူးရှိနေမယ်လို့ မင်းထင်ထားလား။”
“အဲဒါတော့ ငါလည်းမသိဘူး။”
“ငါ စောစောတုန်းကပြောခဲ့သလိုပဲ ဘယ်သူမှ ဘယ်သူ့ကို မတရားမစွပ်စွဲနိုင်ဘူး။”
“ငါ ကြားခဲ့ပါတယ်၊ ငါ နားမကန်းသေးပါဘူးကွာ။”
“ငါက မင်းကို သတိပေးချင်တာသက်သက်ပါ။ ဟိုရှူးဟာ မင်းရဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သလို မင်းအပေါ်မှာလည်း အင်မတန်မှ ကောင်းတဲ့လူတစ်ယောက်ပါ။”
“ငါ သူ့ကို မတရားသံသယရှိနေတယ်လို့များ မင်းထင်နေလို့လား။” လုရှောင်ဖုန်းက အေးစက်စက် မေးမြန်းလိုက်၏။ “ငါ့ကိုသာ လူတွေက မတရားစွပ်စွဲတာချည်း ခံနေရပေမယ့် ငါကိုယ်တိုင်ကတော့ ဘယ်သူ့ကိုမှ ဘာအတွက်မှ မတရားမစွပ်စွဲခဲ့သေးဖူးဘူး။”
လုရှောင်ဖုန်းကို ကြည့်ရသည်မှာ ရုတ်တရက်ကြီး စိတ်မရှည်သူတစ်ယောက် ဖြစ်လို့လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့အတွေးများက လွန်ဆွဲနေကြသောကြောင့်ဖြစ်၏။
ဤပြဿနာကို အမြစ်ပြတ်ဖြေရှင်းလိုက်ခြင်းကသာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် မကောင်းဆိုးဝါးအဖွဲ့ဖြစ်သည့် မြစိမ်းနန်းတော်၏ ခေါင်းဆောင်သည် ဟိုရှူးဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားချင်ပါ။
သစ်တောအုပ်လေးထဲတွင် နွေဦး၏လေပြေညင်းလေးများဖြင့် လတ်ဆတ်နေ၏။ တိုက်ခတ်လာသည့်လေအေးများက ဤနေရာလေးတွင် အေးစိမ့်နေစေသော်လည်း ဩကာသလောကတစ်ခွင်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေလေသည်။
လူရိပ်လူယောင် မတွေ့ရသလို ဘာသံမှလည်း မကြားနေရပါ။ လူ့ဘဝကြီး၏ ရှုပ်ထွေးဆူညံသံများ၊ ပြဿနာများအားလုံး တောင်အောက်တွင် ကျန်ရစ်ခဲ့သလိုမျိုးဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ကြောက်စရာအကောင်းဆုံးဖြစ်သည့် အန္တရာယ်များသည် ဤသို့သော ငြိမ်းချမ်းသာယာနေသည့် ပတ်ဝန်းကျင်လေးတွင် ရှိနေတတ်သေးသည်မဟုတ်ပါလား။
လုရှောင်ဖုန်း-“ဒီအခြေအနေကြီးကို ငါသဘောမကျဘူး။”
“ဘာအခြေအနေကိုလဲ”
“သိပ်ပြီး တိတ်ဆိတ်ငြိမ်သက်လွန်းနေတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရာတွေ၊ သိပ်ပြီးဆူညံနေတဲ့နေရာတွေဆိုရင် ငါ စိတ်သိပ်မလုံချင်ဘူး။”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ ငါကြုံတွေ့ခဲ့သမျှ ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေတိုင်းဟာ အဲလိုမျိုး အခြေအနေ တစ်ခုမဟုတ်တစ်ခုကြားမှာ အမြဲတမ်းကြုံခဲ့ရလို့ပဲ။”
“မင်းစိတ်မလုံဘူးဆိုရင်လည်း စကားများများပြောနေပေါ့... စကားပြောတာက တချို့အရာတွေကို မေ့ပျောက်သွားစေတယ်မဟုတ်လား။”
“ငါက ဘာအကြောင်းတွေ ပြောရမှာလဲ။”
“ဟိုရှူးအကြောင်းပြောကွာ”
“မင်း သူ့အကြောင်း တော်တော်လေး သိထားပြီးနေပြီမဟုတ်လား။”
“ငါသိထားသလောက် သူဟာ အချမ်းသာဆုံး၊ အထီးအကျန်ဆုံး လူတစ်ယောက်ဆိုတာပဲ။ လူတောသူတောထဲတိုးဝင်ပြီး လူတွေနဲ့ဆက်ဆံရမှာကို မုန်းတီးတတ်တယ်။ ဒါကြောင့်မို့ သူ့ရဲ့ အယုံကြည်ရဆုံးဆိုတဲ့ လူယုံတွေတောင်မှ သူဘယ်ရောက်နေမှန်း မသိကြဘူး။”
“လူတွေနဲ့မဆက်ဆံချင်ရုံမကသေးဘူးနော်... မိန်းမတွေကိုလည်း သူ ကြည့်လို့ရတာမဟုတ်ဘူး။ ဒါကြောင့်မို့ လူပျိုကြီးတစ်ကိုယ်တည်း နေနေတာ ခုချိန်ထိပဲ။”
“ဒါပေမဲ့ ယောက်ျားတစ်ယောက်မှာ ဝါသနာတစ်ခုခုတော့ ရှိရမယ်မဟုတ်လား။”
“သူ့ဝါသနာက အရက်ကောင်းတွေပဲ။ အကောင်းစားအရက်တွေကို နှစ်နှစ်ခြိုက်ခြိုက် သောက်တာတင်မကသေးဘူး၊ ကမ္ဘာအရပ်ရပ်က အကောင်းစားအရက်တွေကို စုဆောင်းထားတတ်တာလဲ သူ့ဝါသနာပဲ။”
“သူ့သိုင်းပညာကလည်း တော်တော်လေးကောင်းတယ်လို့ ကြားဖူးထားတယ်။”
“သူသိုင်းပညာထုတ်သုံးတာ ငါတစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာ၊ အတွင်းအား၊ သွေးကြောပိတ်ပညာရပ်တွေဟာ သိုင်းလောကမှာ ဘယ်သူ့အောက်မှာမှ ရှိမနေဘူးဆိုတာတော့ သေချာတယ်။”
ဟွာမင်းလို အံ့အားသင့်သွားခဲ့၏။
“ပြီးတော့ လူပျိုစင်သိုင်းပညာရပ်ကိုလည်း သူ လေ့ကျင့်အောင်မြင်ထားခဲ့သေးတယ်။ ငါသိရသလောက်တော့ သိုင်းလောကမှာ ဒီပညာရပ်ကို ထဲထဲဝင်ဝင် ပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်နိုင်တဲ့သူဆိုလို့ ၁၀ ယောက် အများဆုံးပဲ။”
“အဲလိုသိုင်းပညာမျိုးလေ့ကျင့်ဖို့ တော်တော်လေးအနစ်နာခံခဲ့ရမှာပဲ။” ဟွာမင်းလို ရယ်မောပြောဆိုလိုက်၏။ “မိန်းမတွေကို သူမကြိုက်ဘူးပဲထားပါတော့... ဒါပေမဲ့ မဆက်ဆံမိအောင် စိတ်ထိန်းထားနိုင်ဖို့ဆိုတာတော့ တော်တော်မလွယ်တဲ့ကိစ္စပဲ။”
လုရှောင်ဖုန်းလည်း ရယ်မောလိုက်သည်။
“တခြားလူတွေတော့မသိဘူး... ငါသာဆိုရင်တော့ အဲလိုမျိုးသိုင်းပညာရပ်ကို ဘယ်တော့မှလေ့ကျင့်မှာမဟုတ်ဘူး။ ခေါင်းသာအဖြတ်ခံလိုက်မယ်၊ အဲဒီသိုင်းပညာတော့ မကျင့်သေးဘူး။”
“မင်းခန္ဓာကိုယ်ရဲ့ နေရာလေးတစ်နေရာကို ဖြတ်ခံလိုက်ရမယ်ဆိုရင်တော့ လေ့ကျင့်ရတော့မှာပဲ။” ဟွာမင်းလို နောက်ပြောင်ပြောဆိုလိုက်၏။
“ဪ... နောက်ဆုံးတော့ မင်းလည်းပဲ လူကြီးလူကောင်းတစ်ယောက် မဟုတ်ပါလား။” လုရှောင်ဖုန်း အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။
“မင်းလိုမျိုးလူစားနဲ့ အချိန်ကြာကြာပေါင်းမိမှတော့ ဘယ်လိုလူကြီးလူကောင်းမဆို မကောင်းတဲ့လူတွေဖြစ်သွားကြမှာ သေချာပေါက်ပဲ။”
သူတို့ရယ်မောနေကြ၏။ သူတို့ကို တွေ့ရှိသွားမည်ကို မစိုးရိမ်ကြသည့်အလား... မကြာခင်အချိန်လေးတွင် သူတို့ကို တွေ့သွားနိုင်မည့်အတူတူတော့ ခိုးကြောင်ခိုးဝှက်အလုပ်များကို ဘာကြောင့်များ အပင်ပမ်းခံလှုပ်ရှားနေပြီး ဤသို့သော လွတ်လွတ်လပ်လပ် ပျော်ရွှင်မှုအရသာကို အဆုံးရှုံးခံကြဦးမည်နည်း။
လုရှောင်ဖုန်း-“အဆိုအရတော့ ဒီလိုသိုင်းပညာရပ်မျိုးကို လေ့ကျင့်ပေါက်မြောက်ခဲ့မယ်ဆိုရင် သိုင်းပညာရပ်မှာ အထွဋ်အထိပ်ဆိုတဲ့အဆင့်ကို ရောက်နိုင်တယ်လို့ ပြောကြတာပဲ။”
“အဲဒါအဆိုမဟုတ်ဘူး။ အဲဒါတကယ်ပြောနေတာ... မင်းသာ အဲလိုမျိုးသိုင်းပညာကို ထူးထူးချွန်ချွန် လေ့ကျင့်နိုင်ခဲ့ပြီးပြီဆိုရင် တခြားသိုင်းပညာရပ်တွေကို လေ့ကျင့်တဲ့အခါကျတော့ အင်အားတစ်ဝက်လောက်သုံးရုံနဲ့ သူများတွေထက် အပုံကြီးသာသွားနိုင်တယ်။”
“လူသားဘဝ အစကနဦးတည်းက ခုချိန်ထိ ထိပ်သီးသိုင်းပညာရှင်ဆိုတဲ့လူတိုင်း ဘယ်သူမှ အဲဒီသိုင်းပညာရပ်ကို မလေ့ကျင့်ခဲ့ကြဘူး။ ဘာဖြစ်လို့လဲသိလား။”
“ဘယ်လိုလုပ်ပြီး သိမှာလဲ။”
“ဘာကြောင့်လဲဆိုတော့ အဲဒီသိုင်းပညာရပ်ကို လေ့ကျင့်တဲ့လူတိုင်းဟာ လူပျိုသိုးကြီးတွေချည်းပဲ... လူပျိုသိုးတိုင်းလိုလို သူတို့ရဲ့နှလုံးသားထဲမှာ ပြဿနာအနည်းနဲ့အများတော့ ရှိကြတာချည်းပဲ။ နှလုံးသားမည်းမည်းနဲ့ ပြဿနာရှိတဲ့လူတိုင်း ထိပ်သီးသိုင်းပညာရှင်တွေ မဖြစ်နိုင်ကြဘူး။”
ဟွာမင်းလို-“ဒါကြောင့်မို့ ဒီသိုင်းပညာရပ်ကို မင်း ဘယ်တော့မှ မလေ့ကျင့်ဘူးဆိုပါတော့။”
“သိပ်သေချာတာပေါ့ကွာ... ဘယ်တော့မှ မလေ့ကျင့်ဘူး။ ငါ့ခန္ဓာကိုယ်ရဲ့ ဘယ်နေရာပဲ အဖြတ်ခံရ အဖြတ်ခံရ လုံးဝ မလေ့ကျင့်ဘူး။”
“မင်းလေ့ကျင့်လည်းပဲ ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးကွာ။”
“ဘာပြောလိုက်တယ်...”
“ဘာဖြစ်လို့လဲဆိုတော့ သိုင်းပညာရပ်ကို လေ့ကျင့်ရင် စွန့်လွှတ်ရမယ့်အချက်တွေအားလုံးကို မင်းက မင်းအသက်ထက်တောင် ပိုပြီးမြတ်နိုးနေသေးတယ်။ ဥပမာဆိုပါတော့...”
“ဥပမာ... လောင်းကစားမှု၊ အရက်သောက်တာ၊ သူများတွေရဲ့ အရေးကိစ္စတွေမှာ လက်ဝင်ရှိုတတ်တာတွေ... ဟုတ်လား။”
“နောက်အရေးအကြီးဆုံးတစ်ချက်ကျန်နေသေးတယ်... မိန်းမတွေကို မင်းသိပ်ကြိုက်တယ်။”
လုရှောင်ဖုန်း ဝါးလုံးကွဲရယ်မောလိုက်တော့သည်။ သူသတိထားမိသောအချိန်တွင်မူ သူတို့သည် သစ်တောအုပ်ကလေးကို ဖြတ်ကျော်လာပြီးဖြစ်နေပြီး အဆောင်ငယ်လေးနားသို့ပင် ရောက်လာခဲ့ကြပြီဖြစ်သည်။
ထို တိတ်ဆိတ်ငြိမ်သက်နေသော လမ်းကျဉ်းလေးထဲတွင် အခြားသူများ ဖြတ်လျှောက်လာခဲ့ကြမည်ဆိုပါက ခြေလှမ်းချလိုက်တိုင်း ကြောက်ရွံ့စိုးထိတ်မှုများဖြင့် ပြည့်နှက်နေမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်ကတော့ အေးအေးဆေးဆေး သက်သာပေါ့ပါးစွာပင် ဖြတ်သန်းလာခဲ့ကြ၏။
တူညီသော လမ်းသွယ်လေးဖြစ်သော်လည်း ဖြတ်လျှောက်လာသူများပေါ်တွင်သာ မူတည်သည်။ လူ့ဘဝ၏ လမ်းခရီးဆိုသည်မှာလည်း ထို့အတူပင်ဖြစ်သည် မဟုတ်ပါလား။
အနီရောင်သစ်ဆေးသုတ်ထားသည့် တံခါးမကြီးမှာ ပိတ်ထားပြီး တံခါးပေါ်တွင် စာလုံးအကြီးကြီးရေးထား၏။
“တွန်းဖွင့်”
ထို့ကြောင့် လုရှောင်ဖုန်း တံခါးကို တွန်းဖွင့်ဝင်သွား၏။
မည်သည့်တံခါးမဆို တွန်းဖွင့်လိုက်လျှင် ပွင့်သွားမည်ဖြစ်သည်။ တွန်းဖွင့်ချင်သလား မတွန်းဖွင့်ဘဲနေချင်သလား တွန်းဖွင့်ရဲသလား၊ တွန်းမဖွင့်ရဲဘူးလား ဆိုသည်ပေါ်တွင်သာ မူတည်သည်။
တံခါးမကြီးကို ကျော်ဖြတ်လာပြီးသော် ကောက်ကွေးနေသော ခန်းမဆောင်လမ်းသွယ်လေးအတိုင်း အတော်လှမ်းလှမ်းသို့ လျှောက်သွားလိုက်ပြီးသော် ခက်ရင်းခွများရှိနေသည့်နေရာ၌ စာလုံးအကြီးကြီးတစ်လုံး တွေ့ရပြန်၏။
“ကွေ့ပါ”
ထို့ကြောင့် လုရှောင်ဖုန်း ချိုးကွေ့လိုက်သည်။ အချိုးအကွေ့များစွာကို ကွေ့ပြီးနောက် ကျောက်တုံးအကြီးကြီးခင်းထားသည့် ကြမ်းပြင်ပေါ်သို့ ရောက်လာလေသည်။ ကြမ်းပြင်ပေါ်တွင်လည်း စာလုံးတစ်လုံး တွေ့နေရပြန်၏။
“ရပ်”
ထို့ကြောင့် လုရှောင်ဖုန်း ရပ်လိုက်သည်။ ဟွာမင်းလိုသည်လည်း လိုက်ရပ်လိုက်ရလေသည်။
ဟွာမင်းလို-“မင်းဘာလို့ ရပ်လိုက်တာလဲ။”
“ရပ်ခိုင်းတဲ့ စာလုံးတွေ့လို့ဟေ့။”
“သူ ရပ်ခိုင်းတိုင်း မင်းက လိုက်ရပ်တယ်ပေါ့။”
“မရပ်တော့ကော ငါ ဘာတတ်နိုင်ဦးမှာလဲ။ ဒီနေရာမှာ ထောင်ချောက်တွေ ၁၀၈ ခုကြီးများတောင်ရှိနေတာ... အဲဒီအထဲက တစ်ခုလောက်များ မင်းသိနေလို့လား။”
“မသိဘူး... တစ်ခုကိုတောင် မသိဘူး။”
လုရှောင်ဖုန်း ရယ်မောလိုက်သည်။
“ငါတို့ မသိကြဘူးဆိုတဲ့နောက်တော့ လွယ်လွယ်ကူကူပဲ ဆက်လိုက်ကြတာပေါ့ကွာ။”
“ငါတို့ ဆက်လိုက်ကြမယ့်နောက်တော့ ထောင်ချောက်တွေဆိုတာ တွေ့လာဦးမှာပဲ... ရပ်နေတော့ရော ဘာဖြစ်သွားမှာမို့လဲ။”
“မှန်တယ်... သူတို့က ငါ့ကို ရပ်ခိုင်းရင် ရပ်လိုက်မယ်၊ ဆက်လျှောက်ခိုင်းရင် ဆက်လျှောက်လိုက်မယ်။”
“မင်းလို စကားနားထောင်တဲ့သူကတော့ ရှာမှရှားပဲ။” ဟွာမင်းလို သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။
“ငါ ဒီလောက်တောင်မှ စကားနားထောင်နေတဲ့နောက် ငါ့ကို သူတို့ဘယ်မကောင်းကြံနိုင်ပါတော့မလဲ... ဟုတ်တယ်ဟုတ်...”
ဟွာမင်းလို စိတ်မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။
“မင်းဘာပဲလုပ်လုပ် ထူးဆန်းတဲ့ဉာဉ်လေးတွေ ရှိနေတတ်တာ ငါ ဘယ်တုန်းကမှ မှားတယ်လည်း မပြောနိုင်ခဲ့သလို မှန်တယ်လို့လည်း မထောက်ခံနိုင်ခဲ့ဘူး။”
လုရှောင်ဖုန်း ပြန်ပြောမည်ကြံကာရှိသေး... သူတို့ရပ်နေသည့် ကျောက်တုံးကြမ်းပြင်ကြီးသည် ဖြည်းဖြည်းချင်း တအိအိဖြင့် အောက်သို့ ကျဆင်းလာနေသည်ကို သတိထားမိသွားသည်။
အောက်သို့ရောက်သော် ကျောက်တုံးများ ကာရံထားသည့် ရှစ်မြှောင့်ပုံ အခန်းတစ်ခုတွင်းသို့ ရောက်သွားကြသည်။ အခန်း၏အလယ်တွင် ကျောက်စားပွဲတစ်ခုရှိနေပြီး စားပွဲပေါ်တွင် အပြည့်ဖြည့်ထားသည့် အရက်ခွက်နှစ်ခွက် တင်ထားသည်ကို တွေ့လိုက်ရသည်။ အရက်ခွက်များဘေးတွင် စာလုံးများ ရေးထားပြန်သည်။
“သောက်လိုက်ပါ”
လုရှောင်ဖုန်း ဟက်ခနဲ ရယ်မောလိုက်ပြန်၏။
“တွေ့တယ်မဟုတ်လား... စကားနားထောင်လို့ ဆုချတာကွ။”
“မှန်လိုက်လေခြင်း... ဒီတစ်ခါတော့ ငါတို့ကို အရက်ခေါ်တိုက်တယ်။ နောက်တစ်ခါဆိုရင်တော့ အစားအစာတွေပါ ကျွေးဦးမှာ။”
“လုနယ်စားကြီးအတွက်တော့ စစ်မှန်တဲ့ဂီတသံပဲဟေ့... လောင်ပန်ဟိုက အရက်ကောင်းတွေနဲ့ကို ဧည့်ခံနေတော့တာကိုး...”
လုရှောင်ဖုန်း-“မင်းအရက်သောက်ရင် နှာခေါင်းနဲ့သောက်တာလား။ လာစမ်းပါကွာ... မင်းတစ်ခွက် ငါတစ်ခွက် ကစ်လိုက်ရအောင်။”
“ဒီအရက်ကြီးက ပြင်းတယ်ကွ... သောက်လိုက်ရင် မှောက်သွားမယ်နဲ့တူတယ်။”
“ဒါဆိုလည်း မင်းမသောက်နဲ့တော့... ငါပဲ သောက်လိုက်မယ်။”
လုရှောင်ဖုန်း သူ့အရက်ခွက်ကို မ ယူပြီး တရှိန်ထိုးမော့ချလိုက်ရာ အကုန်နီးပါးလောက် ပြိုဆင်းသွားခဲ့၏။ ဟွာမင်းလို၏ မျက်နှာတွင် အရောင်များ ပြောင်းလဲနေကြောင်းကို အရက်ခွက်ချအပြီး၌ ရုတ်တရက်ကြီး တွေ့လိုက်ရ၏။
“မင်း ဘယ်လိုနေလဲ...”
“ဒီအခန်းထဲမှာ အမွှေးနံ့တစ်ခု ရနေသလိုပဲ။ မင်းကော ရရဲ့လား။” ဟွာမင်းလို၏ နှုတ်ခမ်းများ ဖြူဖတ်ဖြူရော် ဖြစ်လာနေ၏။
“ငါ အရက်နံ့ပဲရတယ်။”
ဟွာမင်းလို တစ်ချက် ယိုင်ထွက်သွား၏။ ထို့ကြောင့် အရက်ခွက်ကို ချက်ချင်းကောက်ကိုင်လိုက်ပြီး တရှိန်ထိုး မော့ချလိုက်သည်။ ထိုအခါကျမှသာ သူ၏ မီးခိုးရောင်သမ်းနေသည့် မျက်နှာထက်တွင် သွေးရောင်ပြန်လွှမ်းလာခဲ့တော့သည်။
လုရှောင်ဖုန်း မျက်တောင်များ ပုတ်ခတ်နေလိုက်ပြီး ရယ်ရွှင်စွာ ပြောလိုက်သည်။ “ဪ... ဒီအရက်က အဆိပ်ဖြေဆေးလည်း ဖြစ်နေသေးသကိုး...”
ထို့နောက် သူ့အရက်ခွက်ကို အပြီးတိုင် မော့ချလိုက်သည်။ ထိုအခါကျမှပင် သူ့အရက်ခွက်အောက် ကျောက်တုံးစားပွဲပေါ်တွင်ရေးထားသည့် စာများကို တွေ့လိုက်ရပြန်၏။
“ပေါက်ခွဲလိုက်”
ထို့ကြောင့် သူ့အရက်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲချလိုက်ရာ ခွက်ကွဲစများက နံရံများထိ လွင့်စင်သွားခဲ့ကြလေသည်။
ရုတ်ချည်းဆိုသလို ကျောက်နံရံချပ်ကြီး ရွေ့လျားသွားသည်။ ပြီးနောက် မလွယ်ပေါက်သေးလေးတစ်ခု ပေါ်ထွက်လာ၏။ အပေါက်လေး၏တစ်ဘက်တွင် မြေအောက်သို့ဆင်းသည့် လှေကားထစ်များကိုလည်း တွေ့လိုက်ရသည်။
အောက်ထဲတွင်တော့ တောင်ခါးပန်းတစ်ခုရှိနေပြီး ရတနာပစ္စည်းများကို လုရှောင်ဖုန်း ဆင်းမကြည့်ဘဲနှင့်ကို တွေ့မြင်နေရ၏။
တောင်ခါးပန်းမှာ အခေါင်းပေါက်ကြီးနှင့်ဖြစ်သည်။ အထဲဘက်လိုဏ်ခေါင်းထဲတွင် မီတာ ၁၀၀ ခန့်ကျယ်ဝန်းသလို အရှည်လည်း ထိုမျှလောက်ရှိသည်။ အတွင်းတွင် ဓား၊ လှံ၊ လေး၊ မြားများ မရေမတွက်နိုင်အောင် ရှိနေကြပြီး တစ်သေတ္တာပြီး တစ်သေတ္တာသော ရွှေသေတ္တာများ၊ ကျောက်မျက်ရတနာသေတ္တာများ ပုံနေ၏။
လုရှောင်ဖုန်း၏ တစ်သက်နှင့်တစ်ကိုယ် ဤမျှများပြားလှသော လက်နက်များနှင့် ရတနာများကို မတွေ့ခဲ့ဖူး။
သို့သော် သူ့ကို အံ့အားသင့်သွားစေခဲ့သည်မှာ လက်နက်များ မဟုတ်သလို ရတနာများလည်း မဟုတ်ကြချေ။ သူ အံ့အားသင့်သွားရသည်မှာ အဘိုးအို ၄ ယောက်ကြောင့်ဖြစ်၏။
သူတို့၏မျက်နှာများက အရေပြားများ တွန့်နေကြပြီး ဖြူဖွေးနေကြသည်။ နေရောင်အောက် မထွက်ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေကြသည်။ သူတို့အားလုံး ရွှေရောင်ပိုးသားထည်များ ဝတ်ဆင်ထားကြပြီး ဝတ်စုံများပေါ်တွင် နဂါးရုပ်များကို ဖောင်းကြွစွာ ရက်လုပ်ထား၏။
နဂါးရုပ်ထွင်းထုထားသည့် ရွှေပလ္လင် ၄ လုံးလည်း ရှိနေကြသည်။ အဘိုးအိုတစ်ယောက်က ပလ္လင်ပေါ်တွင် ရာဇမာန်အပြည့်ဖြင့် ထိုင်နေ၏။ တခြားတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပေသီးလုံးတွက်ချက်နေပြီး ပါးစပ်က တလှုပ်လှုပ် ရွတ်နေသည်မှာ ရတနာပစ္စည်းများကို ရေတွက်နေသည့်အလား။ ကျန်တစ်ယောက်က ကြေးမုံကြီးတစ်ချပ်ရှေ့တွင် ရပ်နေပြီး ခေါင်းပေါ်မှ ဆံပင်ဖြူများကို ရေတွက်နေ၏။
နောက်ဆုံးတစ်ယောက်မှာ လက်နောက်ပစ်ထားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ လုရှောင်ဖုန်းကို မြင်သည်နှင့် တင်းမာနေသည့် မျက်နှာထားဖြင့် ရုတ်ခနဲပြေးလာခဲ့၏။
“မောင်မင်းက အသူနည်း။” အဘိုးအိုက လေသံပြတ်ပြတ်ဖြင့်မေးမြန်းလိုက်သည်။ “ဘဇာအရေးကြောင့် ဧကရာဇ်ကြီးရဲ့ အိပ်တော်ဆောင်ထဲကို အမိန့်မရှိဘဲ ဝင်လာရသနည်း။ အပိုင်းပိုင်း ခုတ်ထစ်ပြီး ပြစ်ဒဏ်တော်ချမှာ မောင်မင်းမကြောက်ဘူးလား။”
သူ့အမူအရာများနှင့် ရာဇမာန်များက တကယ့်ဧကရာဇ်ကြီးတစ်ယောက်နှင့်တူနေပြီး နောက်ပြောင်နေပုံ လုံးဝမပေါက်။
လုရှောင်ဖုန်း နောက်သို့ ဆုတ်သွားမိတော့သည်။ “ဒီနေရာကြီးက နန်းတော်ကြီးလို့ ပြောလိုက်တာလား။ ခင်ဗျားက ဘယ်သူတုန်း။”
“ရွှေဂဠုန်ဧကရာဇ်... ရွှေဂဠုန်တိုင်းပြည်ရဲ့ ၁၃ ဆက်မြောက်ဧကရာဇ်ပဲ။”
လုရှောင်ဖုန်း ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားခဲ့ပြန်၏။ ရွှေဂဠုန်ဟကရာဇ် နောက်တစ်ယောက် တွေ့လိမ့်ဦးမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူး။ ဖြစ်ချင်တော့ ရွှေဂဠုန်ဧကရာဇ်သည် ဤနေရာ၌ တစ်ယောက်မက ရှိနေလေသည်။
အဘိုးအို၏စကား ဆုံးပြီးပြီးချင်းပင် ကျန်အဘိုးအို ၃ ယောက်က ဒေါသတကြီး ရောက်လာခဲ့ကြပြန်၏။
“ဒီသောက်ရူးအဘိုးကြီးရဲ့စကားတွေကို နားမယောင်နေနဲ့... ကျုပ်ကမှ တကယ့်ရွှေဂဠုန်ဧကရာဇ်အစစ်... သူက အတုကြီး။”
သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် လက်ညှိုးငေါက်ငေါက်ထိုးနေကြပြီး မင်းကအတု ငါကအစစ် အငြင်းပွားနေကြပြန်သည်။ သူတို့၏မျက်နှာများက နီတွတ်နေကြသည်မှာ နားရွက်နောက်နားထိပင် နီတွတ်နေကြ၏။ စောစောတုန်းက တွေ့ခဲ့ရသော ရာဇမာန်၊ ဣန္ဒြေသိက္ခာများ ကွယ်ပျောက်သွားခဲ့ကြလေပြီ။
ထို အဘိုးအို ၄ ယောက်စလုံးသည် ရူးသွပ်နေကြကြောင်း လုရှောင်ဖုန်း သိလိုက်ရ၏။
ထိုသို့သော အရူးများနှင့်တွေ့ပါက အမြီးကုပ်ပြီး ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ လုရှောင်ဖုန်းကို တစ်လောကလုံးရှိ ကျောက်မျက်ရတနာများကို ပုံပေးထားသည်ဆိုဦး ဤနေရာ၌ တစ်စက္ကန့်လေးမျှပင် မနေချင်တော့ပါ။
သူထွက်သွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝင်လာခဲ့သော ကျောက်လှေကားများထိပ်ရှိ တံခါးပေါက်က ပိတ်သွားခဲ့ကြောင်း တွေ့လိုက်ရ၏။ အဘိုးအို ၄ ယောက်က သူ့ကို ဝိုင်းရံထားကြသည်။
သူတို့အားလုံး သံပြိုင်ဖြင့် မေးမြန်းလိုက်ကြ၏။ “ကျုပ်တို့ ၄ ယောက်ထဲက ဘယ်သူက ရွှေဂဠုန်ဧကရာဇ်အစစ် ဖြစ်သလဲဆိုတာ ပြောစမ်း... မလိမ်မညာဘဲ အမှန်အတိုင်း ပြောစမ်း...”
သူတို့၏ အိုမင်းရွတ်တွနေသော မျက်နှာပြင်များထက်တွင် တိရစ္ဆာရိုင်းများ၏ သွင်ပြင်များ ရုတ်ချည်းပေါ်ပေါက်လာခဲ့ကြ၏။ မည်သည့်တစ်ယောက်ကို ရွေးချယ်ပေးသည်ဖြစ်စေ... ကျန်လူများက သူ့အား ဝိုင်းသတ်ရန် ကြိုးစားကြတော့မည်ကို လုရှောင်ဖုန်း သိနေပါ၏။
သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှ ရယ်စရာကောင်းသော၊ ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်များ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါ။ အိပ်မက်ထဲမှာပင် ထည့်မမက်ခဲ့ဖူး...
တစ်ချိန်တည်းလိုလိုမှာပင် “ထောက် ထောက် ထောက်” ဟူသော အသံ ၃ သံ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပြီး သူ့နောက်ကျောဘက်မှ နံရံကြီး ရွေ့လျားလာ၏။
အဝါရောင်ဝတ်ဆင်ထားပြီး ငယ်ရွယ်နုပျိုချောမောသည့် မောင်းမထိန်းမိန်းမသျှာ (ကုန်းကုန်း) ၄ ယောက် တစ်ယောက်ပြီးတစ်ယောက် လှမ်းဝင်လာကြသည်။ ကိုယ်စီလက်ထဲတွင် သစ်စေးသုပ်ထားသည့် လင်ပန်းများ ကိုင်ဆောင်လာကြပြီး လင်ပန်းများထဲတွင်လည်း စားသောက်စရာများ ပြည့်စုံစွာ ပါရှိလေသည်။
အဘိုးအို ၄ ယောက်စလုံး သူတို့၏ ပလ္လင်အသီးသီးသို့ ကိုယ်စီကိုယ်စီ ချက်ချင်းပြေးထိုင်လိုက်ကြတော့သည်။ သူတို့၏ မျက်နှာအမူအရာများတွင် ရာဇမာန်များ ပြန်လည်ထွက်ပေါ်လာခဲ့ကြပြန်၏။ အဘိုးအိုတစ်ယောက်ချင်းစီ၏ရှေ့တွင် မိန်းမသျှာ ၄ ယောက်က အသီးသီး ဒူးထောက်ထိုင်ချလိုက်ပြီး “အရှင်မင်းတြားကြီးအတွက် စားဖွယ်သောက်ဖွယ်များ ယူဆောင်လာပါတယ်ခင်ဗျာ” ဟု ရွတ်ဆိုလိုက်ကြတော့သည်။
လုရှောင်ဖုန်း၏ ဦးခေါင်းတစ်ခုလုံး ချာလပတ်ရမ်းသွားလောက်အောင်ကို မူးနောက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ့တစ်သက်လုံးတွေးကြည့်သော်မှ အဖြေမပေါ်နိုင်သည့် ဖြစ်ရပ်များနှင့် လာကြုံတွေ့နေရသည် မဟုတ်ပါလား။
အဘိုးအို ၄ ယောက်စလုံးပင် ရွှေဂဠုန်ဧကရာဇ် အစစ်များ ဖြစ်နေကြပါသလော။ မဟုတ်လျှင် မောင်းမထိန်းမိန်းမသျှာ ၄ ယောက်က ဘာဖြစ်လို့များ ဝတ်ကြီးဝတ်ငယ် ပြုစုပေးနေရပါမည်နည်း။
သို့သော် ဤအဆောင်ငယ်လေးသည် ဟိုရှူး၏ နွေရာသီအပန်းဖြေဆောင်လေး ဖြစ်နေသည်မဟုတ်ပါလား။ အဘယ်ကြောင့် ဤနေရာ၌ ဤသို့သော အဘိုးအို ၄ ယောက် ရှိနေကြရသနည်း။
နံရံပေါက်ကြီးရှိ တံခါးမှာ ပွင့်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် လုရှောင်ဖုန်းသည် ဟွာမင်းလိုကို တိတ်တိတ်ကလေး ဆွဲခေါ်သွားခဲ့ပြီး အခန်းတွင်းမှ အသံတိတ်စွာ လစ်ထွက်သွားခဲ့တော့၏။
တံခါး၏တစ်ဘက်တွင် နောက်ထပ် ခန်းမဆောင်ကြီးတစ်ခု ရှိနေပြန်သည်။ ခန်းမဆောင်ကြီး၏ နံရံတစ်ခုတွင် တံခါးတစ်ခုလည်း ရှိနေပြန်၏။ သူတို့နှစ်ယောက် တံခါးကို တွန်းဖွင့်လိုက်သော် ဟိုရှူးကို တွေ့လိုက်ကြရသည်။
အစိမ်းရောင်ပင်ဖြစ်လင့်ကစား လျှော်ဖွပ်ထားလွန်းသဖြင့် ဖြူရော်နေသော အဝတ်တစ်စုံကို ဟိုရှူး ဝတ်ဆင်ထား၏။ ဖိနပ်တစ်ရံမှာလည်း စုတ်ပြတ်သတ်နေ၏။ မြေကြီးပေါ်တွင် ထိုင်နေပြီး ဘေးနားရှိ ရွှံ့မီးဖိုငယ်လေးပေါ်တင်ထားသည့် အရက်အိုးကို ဇွန်းကျိုးတစ်ချောင်းဖြင့် မွှေနေသည်။
အလွန်သင်းပျံ့မွှေးကြိုင်နေသည့် အရက်နံ့များပင်...။
THANKS A LOT
ReplyDelete