Sunday, May 1, 2011

(၁၁) လူတကာ့လူဇော် [part1]

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

လေထုထဲတွင် မွှေးကြိုင်းပြင်းရှသော အရက်၏ရနံ့များ သင်းပျံ့နေသည်။ အနီရောင်ရွှံ့စေးမီးဖိုလေးထဲမှ မီးတောက်များသည်၊ များများစားစား မဟုတ်လှသော်လည်း၊ လှိုင်ဂူလေးအတွင်းမှ ခါးသီးလှသော အအေးဒဏ်ကို၊ ခံသာရုံ အနွေးဒဏ်တော့ ပေးသည်။

“ကိုင်း ... နောက်ဆုံးတော့ ကျွန်တော် နေရာမှန်ကိုရောက်တော့တာပဲ”

လုရှောင်ဖုန်း သက်ပြင်းချရင်း ပြောလိုက်သည်။

“အချိန်ကလည်း အချိန်ကောင်းပဲ ”

ဟိုရှုးကလည်း သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

“ငါတော့ နားမလည်နိုင်အောင်ကိုပဲ ... ငါအရက်ကောင်းကောင်း သောက်ရဖို့ရှိတိုင်း ... ဒီကောင် ဘယ်လိုကနေဘယ်လို ပေါ်ပေါ်လာတယ် မသိဘူး”



ဟိုရှုးသည် ပြုံးကာ သူတို့ဖက်သို့ လှည့်ကြည့်လိုက်သည်။ စူးရှတောက်ပလွန်းလှသော သူ့မျက်လုံးအစုံက၊ သူ့ကိုယ်ပေါ်မှ နွမ်းပါးလှသော အဝတ်အစားတို့ကိုပင်၊ အရောက်တောက်ပလာစေသလိုပင်။

“မင်းတို့ အဝတ်အစားတွေ နည်းနည်းပါးပါးလောက် ညစ်ပတ်သွားမှာ၊ မစိုးရိမ်ဘူးဆိုရင်၊ ငါနဲ့လာထိုင်ပြီး၊ အရက်သောက်ကြပါလား”

ဟိုရှုးသည် ပြုံးလျှက်ဖြင့် သူတို့ကို ဖိတ်ခေါ်လိုက်သည်။

လုရှောင်ဖုန်းသည် သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံနီနှင့်၊ ဟိုရှုး၏ အဝတ်အစားများကို တစ်လှည့်စီကြည့်ကာ၊ ရီမောလိုက်ပြီး၊

“ကျွန်တော်လည်း နောင်တစ်ချိန်၊ ခင်ဗျားလို အခြွေအရံအသင်းအပင်းတွေ အများကြီးရှိတဲ့အခါ၊ အဲလိုအဝတ်အစားမျိုး ဝတ်မယ်ဗျာ”

“ဆိုစမ်ပါဦး”

“ခင်ဗျားအဝတ်အစားတွေက အချမ်းသာတကာ့ အချမ်းသာဆုံးလူတွေရဲ့ အဝတ်အစားကိုး၊ ကျွန်တော်နဲ့ အခုတော့ မတန်သေးဘူးဗျို့”

“ဘာကြောင့်တုန်းကွ”

“လူတစ်ယောက်က တကယ့်ကို ချမ်းသာလာပြီဆိုရင်၊ သူဘာပဲဝတ်ဝတ်၊ အရေးမကြီးတော့ဘူးလေ”

“အင်း ... ဒါပေမယ့် မင်းကတော့ ဘယ်တော့မှ ချမ်းသာမယ့်ကောင် မဟုတ်ပါဘူး”

ဟိုရှုးက ပြုံးရင် ပြန်ပြောလိုက်သည်။

“ဘာလို့တုန်းဗျ”

“မင်းက အရမ်းကို ဥာဏ်ကောင်းလွန်းလို့ပေါ့၊ အဲလောက် ဥာဏ်ကောင်းတဲ့သူတွေ ဘယ်တော့မှ မချမ်းသာဘူး”

“ဒါပေမယ့် အရင်တစ်ခေါက် ခင်ဗျားနဲ့တွေ့တုန်းက၊ ကျွန်တော် လူချမ်းသာဖြစ်မှာသေချာတယ်၊ အနှေးနဲ့အမြန် ပဲဆို”

“အဲဒီတုန်းက မင်းဘယ်လောက်ထိ ဥာဏ်ကောင်းသလဲ ငါသေချာ မသိခဲ့လို့ကိုး”

“ဒါဆို ဘယ်တုန်းကမှ၊ သေချာသိတာတုန်း”

“အခုလေးတင်ပဲ”

လုရှောင်ဖုန်း ရီမောလိုက်သည်။

“ ဒီနေရာကို အပန်းမကြီးဘဲ အလွယ်တကူရှာနိုင်တာ၊ မင်းကလွဲရင် ဘယ်သူမှ မရှိလောက်ဘူး”

“ဘယ်သူမှ ကျွန်တော့်လောက် စည်းကမ်းမလိုက်နာကြလို့ထင်တယ်”

ဟိုရှိုးက ခေါင်းငြိမ့်ပြလိုက်သည်။

“တံခါးပေါ်မှာ ]တွန်းပါ} ဆိုတဲ့ စာကို တွေ့တဲ့အခါ၊ လူ ၁၀ ယောက်မှာ ၉ ယောက်က၊ မတွန်းရဲဘူး၊ တံခါးကိုမှ တွန်းမဖွင့်ရင်၊ ဒီအထဲကို ရောက်လာနိုင်စရာအကြောင်း ဘယ်လိုရှိပါတော့မတုန်း၊ ]ကွေ့ပါ} ဆိုတဲ့ စာကိုတွေ့လို့မှာ၊ မကွေ့ရင်၊ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဝင်္ကပါထဲက ထွက်နိုင်ပါ့မတုန်း၊ ]ရပ်} ဆိုတဲ့ စာကိုတွေ့ရဲ့သားနဲ့၊ မရပ်ရင်၊ ဖြူကောင်လို မြှားတွေတန်းလန်းနဲ့ဖြစ်မယ့်အရေးက လွတ်အောင် ရှောင်နိုင်တယ်ထားဦး၊ အရေးပြားတစ်လွှာလောက်တော့ ဆီပူလောင်ပြီး ကွာကျမှာ အသေအချာပဲ”

“ဒါပေမယ့် အဆိုးဆုံးတစ်ခုကတော့၊ အပေါ်ကအခန်းထဲက အဆိပ်ငွေ့တွေပဲ၊ ဟွာမင်းလိုတောင် ခင်ဗျားလှည့်ကွက်ထဲ ဝင်တော့မလို့၊ တော်ရုံလူက အရက်ထဲမှာ အဆိပ်မရှိတဲ့အပြင်၊ အရက်က အဆိပ်ဖြေဆေးဆိုတာ တွေးမိမှာ မဟုတ်လောက်ဘူး”

“ဒါပေမယ် မင်းကတော့ တွေးမိတယ်ဟုတ်”

လုရှောင်ဖုန်း ပြုံးလိုက်သည်။

“ခင်ဗျားက လူကောင်းပဲဖြစ်ဖြစ်၊ လူဆိုးပဲဖြစ်ဖြစ်၊ ကျွန်တော် အသေအချာသိတာကတော့၊ ခင်ဗျားရဲ့မိတ်ဆွေတွေကို ခင်ဗျား မညာလောက်ဘူးဆိုတာပဲ၊ ဘာလို့လဲဆိုတော့ စကတည်းက ခင်ဗျားဆီမှာ၊ မိတ်ဆွေများများစားစား ရှိတာမှ မဟုတ်တာ၊ ရှိစုမယ့်စုမိတ်ဆွေတွေထဲက၊ ဘယ်သူ့ကိုမှ ခင်ဗျား အဆုံးအရှုံးမခံနိုင်ဘူး”

ဟိုရှုးသည် လုရှောင်ဖုန်းကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာမျှ စိုက်ကြည့်နေသည်။

“နောက်ထပ် မင်းဘာများ သိသေးလဲ”

လုရှောင်ဖုန်းကို လှမ်းမေးလိုက်သည်။

လုရှောင်ဖုန်းလည်း ဟိုရှုးကို စိုက်ကြည့်နေခဲ့သည်။ အချိန်အတန်ကြာမျှပင် စိုက်ကြည့်နေသည်။

“ကျွန်တော် နောက်ထပ်သိသေးတာကတော့၊ ခင်ဗျားရဲ့ မျိုးရိုးနာမည်က ]ဟို} မဟုတ်ဘူး၊ ခင်ဗျားရဲ့ နာမည်အရင်းက ရှန်းကွမ်းမူ”

“မှန်တာပေါ့ကွာ”

ဟိုရှုးသည် အမူအရာ ပြောင်းလဲခြင်းတစုံတရာမရှိဘဲ၊ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

“ခင်ဗျားဟာ တစ်ချိန်က၊ ယန်ထယ်ရှန်း၊ တုကုရိဟာတိုနဲ့ အတူ၊ ရွှေဂဠုန်အင်ပါယာရဲ့ အရေးပါတဲ့ မှုးကြီးမတ်ရာတွေပဲ”

“ဟုတ်သပေါ့ကွာ”

“ရွှေဂဠုန်အင်ပါယာ ကျဆုံးချိန်ရောက်တော့၊ ခင်ဗျားတို့ ၃ ယောက် ရွှေငွေအဖိုးတန်ရတနာတွေကို သယ်ပြီးတော့၊ တရုတ်ပြည်မကြီးဆီကို ဆင်းလာခဲ့ကြတယ်”

“အဲဒါလည်း မှန်သဟေ့”

ဟိုရှုး၏ မျက်နှာမှာ အေးအေးချမ်းချမ်း ရှိနေဆဲပင်။ နောင်တရခြင်း သို့မဟုတ် စိတ်မကောင်းဖြစ်ခြင်း အရိပ်အယောင် လုံး၀မရှိ။

လုရှောင်ဖုန်းသည် သက်ပြင်းချကာ စကားကိုဆက်လိုက်သည်။

“ဒါပေမယ့် ခင်ဗျားတို့တတွေက အခြေအနေကို အခွင့်ကောင်းယူပြီး၊ ရတနာတွေကို အပိုင်စီးလိုက်ကြတယ်၊ တရုတ်ပြည်မကြီးကို ရောက်ပြီးတဲ့နောက်၊ မူလအစီအစဉ်အတိုင်း ရွှေဂဠုန်ဧကရာဇ်ကို သွားရှာရမယ့်အစား၊ ခင်ဗျားဆို့ ဇာတ်မြှုပ်ပြီး နေလိုက်ကြတယ်”

“အဲဒါတော့ မင်းမှားတယ်”

ဟိုရှုးက စကားဖြတ်ပြောလိုက်သည်။

“ကျွန်တော် မှားတယ်”

လုရှောင်ဖုန်းသည် မျက်မှောင်ကြုံ့လိုက်ရင်း ပြန်မေးလိုက်သည်။

“နည်းနည်းလေး လွဲနေတယ်”

“ဘယ်နားက လွဲနေတာတုန်း”

“ကတိစကား မတည်တာက ငါတို့ ၃ ယောက် မဟုတ်ဘူး၊ ရှန်ကွမ်းရှမ်းနဲ့အတူ ထွက်ပြေးသွားခဲ့တဲ့ အဲဒီမင်းသားလေးပဲ”

လုရှောင်ဖုန်း ဘာပြန်ပြောရမှန်း မသိလောက်အောင် ဖြစ်သွားသည်။ ထိုအချက်ကို သူလုံး၀ မစဉ်းစားမိခဲ့။ ဖြစ်ကောင်းဖြစ်နိုင်သည်ဟုပင် မတွေးမိခဲ့။

“ငါတို့တွေကို ဘာမှ မဆက်သွယ်တဲ့အပြင်၊ ငါတို့နဲ့ မတွေ့အောင် ပုန်းနေခဲ့တာ၊ အခုချိန်အထိပဲ၊ ငါတို့တွေ သူ့ကို နှစ်ပေါင်းများစွာ လိုက်ရှာခဲ့ကြပေမယ့်၊ ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး”

“ဒါဆို ခင်ဗျားတို့က သူ့ကိုရှောင်နေတာမဟုတ်ဘူး၊ သူကိုယ်နှိုက်က ခင်ဗျားတို့နဲ့ မတွေ့အောင် ပုန်းနေတာပေါ့”

“အေး ဟုတ်တယ်”

“ခင်ဗျားတို့ ၃ ယောက်က ရွှေဂဠုန်အင်ပါယာကြီးရဲ့ အယုံကြည်ရဆုံး၊ မှုးမတ်တွေ ဖြစ်တဲ့အပြင်ကိုမှ၊ ခင်ဗျားတို့ဆီမှာ၊ ရွှေငွှေအဖိုးတန်ရတနာတွေ အများကြီး ရှိနေတာပဲ၊ သူက ဘာလို့ ခင်ဗျားတို့နဲ့ မတွေ့အောင် ရှောင်နေရတာတုန်း၊ သူ့မှာ ဘာပြသနာများ ရှိလို့လဲ”

“ဘာလို့လဲဆိုတော့၊ အဲဒီရွှေငွေအဖိုးတန်ရတနာတွေအများကြီးက သူပိုင်တာမဟုတ်ဘူး” ဟိုရှုးက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ရွှေဂဠုန်အင်ပါယာက ပိုင်တာတွေ”

“ဘာကွာသေးလို့လဲဗျ”

“အများကြီးကွာတာပေါ့ကွာ”

“ဆိုစမ်းပါဦး”

“အဲဒီ ရွေငွေရတနာတွေ အကုန်လုံးကိုသာ၊ သူလက်ခံလိုက်မယ်ဆိုရင်၊ သူ့အနေနဲ့ အဲဒါတွေကို သုံးပြီးတော့ ရွှေဂဠုန်အင်ပါယာကြီးကို ပြန်ထူထောင်ဖို့ ကျိုးစားရတော့မယ်၊ အဲဒါက လွယ်လွယ်လေး လုပ်ရတဲ့ အလုပ်မျိုး မဟုတ်ဘူး၊ တကယ့်ကို ပင်ပင်ပန်းပန်းနဲ့ အားအင်စိုက်ထုတ်ပြီး လုပ်ကြရမယ့် အပြင်ကိုမှ၊ အချိန်မရွေး အသက်စွန့်သွားရနိုင်တဲ့ ကိစ္စမျိုး”

လုရှောင်ဖုန်း သဘောတူသည်။ ထီးမွေနန်းမွေဆက်ခံရသည်မှာ အမြဲတမ်း ကံကောင်းသည်ဟု မဆိုနိုင်ပေ။ “ထီးမွေနန်းမွေခံရသူမျိုး ဘ၀အဆက်ဆက် မဖြစ်ရပါစေနဲ့” ဆိုသော ခါးခါးသီးသီး ဆုတောင်မျိုးကို၊ သာမန်လူအများကတော့ နားလည်ဖို့ ခက်ပေမည်။

ဟိုရှုး၏ မျက်လုံးများထဲတွင် စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်များ ထပ်ဟပ်လာသည်။


“ငါတို့ရဲ့ ဧကရာဇ်လေးဆီမှာ၊ စစ်သေနာပတိတစ်ယောက်ရဲ့ အရည်းအသွေးမျိုးတွေ၊ ရှိမနေခဲ့တာ၊ တကယ့်ကို ရှက်စရာပဲ”

“သူက ဘယ်လိုလူစားမျိုးလဲ”

လုရှောင်ဖုန်း မအောင့်နိုင်ဘဲ မေးလိုက်မိသည်။

“သူက ဧကရာဇ်ကြီးလီလို ကဗျာဝါသနာပါတဲ့အပြင်၊ ဆောင်ဟွေ့ကျောင်းလို ပန်းချီပညာရှင်တစ်ယောက်၊ သူငယ်ငယ်ကလေးကတည်းက သုံးဖက်ချွန်တဲ့ ပညာရှင်လို့ လူတွေက ခေါ်ကြတယ်၊ ကဗျာ၊ စာပေနဲ့၊ ပန်းချီမှာပေါ့”

ဟိုရှုးသည် သက်ပြင်းချကာ သူ့စကားကို ဆက်လိုက်သည်။

“သူလိုလူမျိုးအတွက်တော့၊ ဘယ်လို ဘ၀မျိုးရောက်နေတယ်ဆိုတာ၊ အရေးမကြီးလှဘူး၊ သူ့ရဲ့ ပလ္လင်ဆုံးရှုံးသွားတာလည်း၊ သူ့အတွက်တော့၊ ဘာမှပြောပလောက်စရာမဟုတ်ဘူး၊ သူ့အနေနဲ့ ကဗျာတွေရေးနေရမယ်၊ သီချင်းတွေဆိုနေရမယ်၊ အပူအပင်အကြောင့်အကျမရှိ နေနိုင်မယ်ဆိုရင်၊ သူ့အတွက်က အားလုံးပြီးပြည့်စုံနေပြီ၊ အဲဒါအပြင်ကိုမှ ...”

“အဲဒါ အပြင်ကိုမှ ဘာဖြစ်တုန်း”

“အဲဒါအပြင်ကိုမှ၊ ရှန်းကွမ်းရှမ်းနဲ့ ပါသွားတဲ့ ရတနာတွေပမာဏက၊ သူတို့တွေ ဒီတစ်သက်သုံးမကုန်နိုင်လောက်အောင်ကိုပဲ”

လုရှောင်ဖုန်း ဘာမှပြန်မပြောတော့ပေ။ သို့သော် ဆိတ်ဆိတ်နေခြင်းကား ဝန်ခံခြင်း ဟုတ်ဟန်မတူ။

“မင်းငါပြောတာကို မယုံဘူးလား”

လုရှောင်ဖုန်း ပြန်မဖြေပါ။

“ငါတို့ စုဆောင်းထားတဲ့ လက်နက်ရိက္ခာတွေ အပြင်မှာတင် ရှိတယ်လေ၊ မင်းလည်း မြင်ခဲ့မှာပါ”

လုရှောင်ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။

“ငါတို့တွေ ရွှေဂဠုန်အင်ပါယာရဲ့ ဘဏ္ဍာငွေတစ်ချို့ကို သုံးခဲ့တာတော့ အမှန်ပဲပေါ့၊ ဒါပေမယ့်လည်း အဲဒီဘဏ္ဍာငွေတွေရဲ့ အဓိကရည်ရွယ်ချက်ကိုက၊ ရွှေဂဠုန်အင်ပါယာကြီး ပြန်ထူထောင်ဖို့ပဲ မဟုတ်ဘူးလား၊ မင်းပြောသလိုပဲ၊ ငါတို့က ရွှေဂဠုန်အင်ပါယာရဲ့ အရေးအပါဆုံး မှုးမတ်တွေပဲလေ၊ ဒါပေမယ့်လို့၊ ငါတို့ရဲ့ ဧကရာဇ်ကိုယ်တိုင်က ပေါ်မလာတဲ့နောက်တော့၊ ငါတို့က ဘာအတွက် တိုက်ပွဲဝင်ကြရမှာတုန်း”

ဟိုရှုး၏ စကားများကို၊ လုရှောင်ဖုန်းအား မယုံကြည်ချင်ဘဲနှင့် ယုံကြည်ရတော့မလိုပင်။

“ဒါပေမယ့် ရွှေဂဠုန်ဧကရာဇ်က ခင်ဗျားတို့နဲ့ မတွေ့အောင် ပုန်းနေခဲ့တာဆိုရင်၊ ဘာလို့ အခုမှ ထပြီး၊ ခင်ဗျားတို့ကို၊ လိုက်ရှာရတာတုန်း”

လုရှောင်ဖုန်းက ပြန်မေးလိုက်သည်။

“ငါတို့ကို လိုက်ရှာနေတဲ့သူတွေက အရင်ကတည်းက ရှိခဲ့တာပဲ”

“ဟင် ဟုတ်လား”

“အပြင်မှာ အဖိုးကြီး ၄ ယောက် ရှိတယ်လေ၊ မင်းတွေ့ခဲ့မှာပါ”

လုရှောင်ဖုန်းသည် ယခုမှပင် ပြသနာတစ်ခုလုံးကို သေသေချာချာ နားလည်လာသလို ခံစားလိုက်ရသည်။

“သူတို့တွေက ရတနာတွေလိုချင်လို့ အယောင်ဆောင်ပြီး ရောက်လာကြတဲ့သူတွေလား”

ဟိုရှုးက ခေါင်းငြိမ့်ပြလိုက်သည်။

“သူတို့တွေက ချမ်းသာချင်တယ်၊ အဲဒီတော့ ငါက သူတို့ကို နေ့တိုင်း ရတနာတွေကို ထိုင်ကြည့်ခိုင်းထားလိုက်တယ်၊ သူတို့တွေက ဘုရင်အယောင်ဆောင်ချင်ကြတယ်၊ အဲဒီတော့ ငါက သူတို့ကို နေ့တိုင်း ပလ္လင်ပေါ်မှာထိုင်ပြီး၊ နဂါးဝတ်ရုံပေးဝတ်ထားလိုက်တယ်”

ဟိုရှုးက အေးအေးဆေးဆေးပြောလိုက်သည်။

“သူတို့တွေက ရတနာတွေလိုချင်လို့ လာညာတာဆိုပေမယ့်လို့၊ ငါက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံထားပါတယ်”

လုရှောင်ဖုန်းသည် သက်ပြင်းချကာ၊ မချိပြုံးပြုံးလိုက်သည်။

“လက်စသတ်တော့ ခင်ဗျားလည်း ကောင်းတဲ့သူ မဟုတ်ဘဲကိုး၊ အဲဒါမျိုးက ကောင်းတဲ့အလုပ်မဟုတ်ဘူး”

သို့သော် လုရှောင်ဖုန်း စိတ်ထဲတွင်တော့၊ ထိုကဲ့သို့သော လူများကို၊ ကိုင်တွယ်ရန်၊ ဒီထက်ကောင်းသောနည်းမရှိနိုင်ဟု ကြိတ်ပြီး ဝန်ခံလိုက်မိသည်။

“ဒီကိစ္စဟာ တကယ့်လျို့ဝှက်ချက်ကြီးတစ်ခုပဲ၊ ငါတို့ မှုးမတ် ၄ ယောက်နဲ့၊ ရွှေဂဠုန်ဧကရာဇ်အပြင်၊ အခြားဘယ်သူမှ သိဖို့မရှိဘူး”

“ဒါဆို သူတို့တွေကရော ဘယ်လိုလုပ်ပြီး သိကြတာတုန်း”

“သူတို့လည်း မသိပါဘူး”

လုရှောင်ဖုန်းသည် ဟိုရှုး၏စကားကို နားမလည်နိုင်ဘဲ၊ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

“ဒီလျို့ဝှက်ချက်ကို သိနေတဲ့ လူက သပ်သပ်၊ အပြင်မှာ မင်းတွေ့ခဲ့တဲ့ သူတွေက အဲဒီလူအသုံးချခံရတဲ့ ကျားကောင်လေးတွေ”

“အဲဒီလူက ဘယ်သူတုန်း”

“ငါလည်း မသိဘူး”

“အပြင်ကလူတွေရော မသိဘူးလား”

“မင်းသာ အဲဒီလူဆိုရင်ရော ရုပ်မဖျက်ဘဲနဲ့ သူတို့နဲ့ တွေ့မတဲ့လား”

“ဟင့်အင်း”

လုရှောင်ဖုန်း မသက်မသာပြုံးရင်း ပြန်ဖြေလိုက်သည်။

“သူတို့တွေ အဲဒီလူကို ၃ ခါ တိတိ တွေ့ဖူးတယ်၊ တွေ့တဲ့အခေါက်တိုင်းမှာ၊ သူ့ပုံပန်းသဏ္ဍန်က တစ်မျိုးပြောင်းတယ်၊ သူ့အသံမပြောင်းလို့သာ၊ လူတစ်ယောက်ထဲမှန်း၊ သိကြရသတဲ့”

“ဒီအတိုင်းဆိုရင်တော့ အဲဒီလူရဲ့ အစီအမံတွေက ကောင်းလွန်းလှသလို၊ ရုပ်ပြောင်းရုပ်လွှဲပညာကလည်း တော်တော်လေးကို တော်တာပဲပေါ့”

တစ်ချိန်လုံး ဘေးတွင်ရပ်ကာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သော ဟွာမင်းလိုက၊ ဝင်ပြောလိုက်သည်။

“တကယ့် ရုပ်ပြောင်းရုပ်လွှဲအကျော်အမော်တွေက၊ အသံပါပြောင်းနိုင်တယ်”

“ဟင် ဟုတ်လား”

“ရုပ်ပြောင်းရုပ်လွှဲပညာက ဂျပန်အရှေ့ ၃ ကျွန်းဆီက နင်ဂျစ်ဆုပညာရပ်ထဲက တစ်ခုပဲ၊ အဲဒီအထဲက ကျင့်စဉ်တစ်ခုကို အောင်မြင်သွားပြီဆိုရင်၊ လည်ချောင်းထဲက ကြွက်သားတွေကို လိုသလိုထိန်းချုပ်ပြီး၊ အသံကို လုံး၀ပြောင်းပစ်လိုက်နိုင်တယ်”

(ထိုအချိန်က ဂျပန်နိုင်ငံတွင် ဟိုကိုင်ဒိုးကျွန်း ပါဝင်သေးပုံမရ)

“မင်းတောင် အတုအလားအစစ်လား မခွဲနိုင်ဘူးလား”

လုရှောင်ဖုန်းက လှမ်းမေးလိုက်သည်။

“တကယ်သာ အဲဒီပညာရပ်ကို ပြီးမြောက်အောင် လေ့ကျင့်ထားပြီးပြီဆိုရင်၊ ငါလည်း မခွဲနိုင်ဘူး”

“ဒါဆို ငါတို့တွေ့ခဲ့တဲ့ ရွှေဂဠုန်ဧကရာဇ်ကြီးလည်း အတုမဖြစ်နိုင်ဘူးလား”

လုရှောင်ဖုန်းသည် သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်မိသည်။

“စိခုန်းကျိုင်ရှင်းကို မင်းဆီကနေ ရှန်းကွမ်းတန့်ဖုန်းကို ငါခိုးခိုင်းတာ၊ အဓိကကတော့၊ သူက တကယ့် ရှန်းကွမ်းတန့်ဖုန်း အစစ်ဟုတ်မဟုတ်၊ ငါစစ်ဆေးချင်လို့ပဲ၊ ကံဆိုးချင်တော့၊ စိခုန်းကျိုင်ရှင်းက မင်းရဲ့မိတ်ဆွေ သွားဖြစ်နေတယ်”

“ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ခင်ဗျား အကြံအောင်မြင်သွားတာပဲ မဟုတ်လား၊ ခင်ဗျားလက်ထဲကို ရှန်းကွမ်းတန့်ဖုန်း ရောက်လာတာပဲ မဟုတ်ဘူလား”

“ရှန်းကွမ်းတန့်ဖုန်း ငါ့ဆီမှာလို့ မင်းကို ဘယ်သူပြောတုန်း”

“မဟုတ်ဘူးလား”

လုရှောင်ဖုန်းသည် မျက်မှောင်ကျုံ့ကာ ပြန်မေးလိုက်သည်။

“ဟင့်အင်း”

ဟိုရှုးသည် လိမ်ညာပြောတတ်သူမျိုးမဟုတ်သည်ကို သိထားသောကြောင့်၊ လုရှောင်ဖုန်း အံ့အားသင့်သွားလေသည်။ သို့သော် ဟိုရှုးညာပြောနေခြင်း မဟုတ်ဆိုပါကလည်း၊ အဘယ်ကြောင့် ရှန်းကွမ်းတန့်ဖုန်း ရုတ်ရက်ပျောက်သွားရသနည်း။ လုရှောင်ဖုန်း ဘယ်လိုမှ အဖြေမရှာတတ်တော့။ ဘယ်သူမှလည်း နားမလည်နိုင်။

“ငါတော့ အခုချိန်အထိ ရှန်းကွမ်းတန့်ဖုန်းကို မမြင်ဖူးသေးဘူး”

ဟိုရှုးက ဆက်ပြောလိုက်သည်။

“ဒါဆို ရှန်းကွမ်းဖေးရန်ကိုရော ခင်ဗျားမြင်ဖူးလား”

“အဲဒီနာမည်ကို ငါတစ်ခါမှတောင် မကြားဖူးဘူး”

လုရှောင်ဖုန်း ပို၍ပင် ခေါင်းရှုပ်သွားလေတော့သည်။ ယခုကြုံတွေ့နေရသော အဖြစ်အပျက်ကြီးတစ်ခုလုံး၏ အလှည့်အပြောင်းများကို သူလုံး၀ မမျှော်လင့်ထားမိခဲ့။

လုရှောင်ဖုန်းသည် အားတင်းကာ မချိပြုံးပြုံးလိုက်ရင်း

“အဲဒါကြောင့် ယန်ထယ်ရှန်းက ကျွန်တော် ဒီကိစ္စကို အစဖော်လိုက်တာနဲ့၊ ချက်ချင်းမောင်းထုတ်ဖို့ လုပ်တော့တာကိုး၊ ကျွန်တော်လည်း ရတနာတွေလိုချင်လို့ လာညာတာပဲ သူထင်မှာပေါ့”

“ဒါပေမယ့် မင်းက ယန်ထယ်ရှန်း သူ့လျို့ဝှက်ချက်တွေ ပေါ်ကုန်လို့၊ ဒေါသအကြီးအကျယ်ထွက်တာလို့ ထင်တာမဟုတ်လား”

ဟိုရှုးက ဝင်ပြောလိုက်သည်။ ဟိုရှုးပြောသည်မှာ မှန်ကြောင်း လုရှောင်ဖုန်း ဝန်ခံလိုက်မိသည်။ ယခုမှပင် ယန်ထယ်ရှန်းမသေခင်လေး၌၊ ရှန်းကွမ်းတန့်ဖုန်းကို မြင်သောအခါ၊ သူ့မျက်နှာပေါ်မှ ထူးခြားသော အမူအရာကို၊ နားလည်သဘောပေါက်သလို ရှိလာသည်။ ရှန်းကွမ်းတန့်ဖုန်းသည် ဤအဖြစ်အပျက်ကြီး တစ်ခုလုံးကို ကြိုးကိုင်နေသူ ဖြစ်နေမလား။

သို့သော် ယခုအဖြစ်အပျက်ကြီးတစ်ခုလုံးမှာ၊ အကွက်ဆင်ထားခြင်း သက်သက်ဆိုသည်ကို လုရှောင်ဖုန်းလက်မခံနိုင်သေးပေ။ အကွက်ဆင်မှုသာဆိုလျှင်၊ သူဒီကိစ္စပါဝင်ပတ်သတ်မှုကို၊ တားဆီးသူများ အဘယ်ကြောင့် ပေါ်လာရသနည်း။ ထို့အပြင်၊ မြစိမ်းနန်းတော်က သူ့အား၊ ရွှေဂဠုန်ဧကရာဇ်နှင့် သွားမတွေ့နိုင်အောင်၊ အဘယ်ကြောင့် တားဆီးဖို့ ကျိုးစားခဲ့သနည်း။

“ခင်ဗျား ရွှေဂဠုန်ဧကရာဇ်ကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကလဲ”

ဟွာမင်းလိုက ရုတ်တရက် ဝင်မေးလိုက်သည်။

“လွန်ခဲ့တဲ့ အနှစ် ၄၀ က”

“အဲဒီအချိန်က သူအသက် ဘယ်လောက်ရှိပြီလဲ”

“၁၃နှစ်”

“အနှစ် ၄၀ ... အဲဒီ ၁၃ နှစ်သား ကောင်လေးလည်း အခုချိန်ဆို အဖိုးကြီး ဖြစ်နေလောက်ပြီပေါ့”

ဟိုရှုးက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“အချိန်က ဘယ်သူ့ကိုမှ အလွတ်ပေးတာမဟုတ်ဘူးလေ၊ လူတိုင်း တစ်နေ့တော့ အိုကြရတာပဲ မဟုတ်ဘူးလား”

“ဒါဆိုရင် အသက် ၆၀ လောက် အဖိုးကြီးတစ်ယောက်ဟာ၊ ဟိုးတစ်ချိန်က ၁၃ နှစ်သား ဧကရာဇ် ဟုတ်မဟုတ်၊ ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်မှာတုန်း”

ဟွာမင်းလိုက လှမ်းမေးလိုက်သည်။

“ငါတို့ဆီမှာ လျို့ဝှက်ချက် တစ်ခုရှိတယ်၊ ပိုပြီးတော့မှ အတွင်းကျတဲ့ လျို့ဝှက်ချက်”

ဟိုရှုးသည် လေးလေးပင်ပင်ပြန်ပြောလိုက်သည်။

ဟွာမင်းလိုသည် ဆက်မေးခြင်း မပြုတော့ပေ။ လူတိုင်း မိမိတို့၏ လျို့ဝှက်ချက်ကို ထိန်းသိမ်းထားပိုင်ခွင့် ရှိသည်ဟု သူယူဆသောကြောင့်ဖြစ်သည်။

သို့သော် ဟိုရှုးက ဆက်ပြောလိုက်သည်။

“ဒါပေမယ့် ငါမင်းတို့ ၂ ယောက်ကို ယုံတယ်၊ မင်းတို့ကို အဲဒီလျို့ဝှက်ချက် ပြောပြမယ်”

ဟွာမင်းလိုသည် ဆိတ်ဆိတ်နေခြင်းဖြင့်၊ ကျေးဇူးတင်လိုက်သည်။ ဟိုရှုးလို လူတစ်ယောက်၏ ယုံကြည်မှုကို ရဖို့ဆိုသည်မှာ လွယ်လှသည် မဟုတ်။

“ရွှေဂဠုန်ဧကရာဇ်တိုင်းမှာ မွေးရာပါလက္ခဏာ တစ်ခုရှိတယ်၊ အဲဒါကတော့ သူတို့ရဲ့ ခြေထောက်နှစ်ဖက်လုံးမှာ၊ ခြေချောင်း ၆ ချောင်းစီပါကြတယ်”

“ခင်ဗျားက ဒီနည်းကိုသုံးပြီးတော့ အပြင်က အဖိုးကြီးတွေကို ရွှေဂဠုန်ဧကရာဇ် အစစ်ဟုတ်မဟုတ် ကြည့်ခဲ့တာပေါ့”

လုရှောင်ဖုန်းသည် ယခုမှပင် သဘောပေါက်သွားတော့သည်။

ဟိုရှုးက ခေါင်းငြိမ့်ပြလိုက်သည်။

“သူများတွေ ဒီလျို့ဝှက်ချက်ကို သိသွားသိ တိုင်အောင်မှ၊ အယောင်ဆောင်ဖို့ မလွယ်သေးပါဘူး၊ အခုချိန်ထိ အပြင်လူတွေထဲက ခြေချောင်း ၆ ချောင်းပါတဲ့သူ ငါတစ်ခါမှ မတွေ့ဖူးသေးဘူး”

“ကျွန်တော်လည်း မတွေ့ဖူးဘူး”

လုရှောင်ဖုန်း ပြန်ပြောလိုက်သည်။

ဟိုရှုးက ပြုံးကာ

“မျက်ခုံးမွှေးလေးဖက်ရှိတဲ့သူတွေလည်း သိပ်တော့ များများစားစား မရှိလှပါဘူး”

လုရှောင်ဖုန်းလည်း ပြုံးလိုက်သည်။

“အဲဒီတော့ မင်းအနေနဲ့ လုပ်စရာက တစ်ခုပဲရှိတယ်၊ မင်းရဲ့ ရွှေဂဠုန်ဧကရာဇ်ကြီးကို ဖိနပ်ချွတ်ခိုင်းပြီး၊ သူ့ခြေချောင်းတွေ ရေကြည့်ပေတော့”

ဟိုရှုးက ဆက်ပြောလိုက်သည်။

“အဲဒါဆို ရွှေဂဠုန်ဧကရာဇ် အတုလားအစစ်လား ပြောနိုင်ပြီပေါ့”

“သိပ်တော့ မခက်လှပါဘူး”

“အဖိုးကြီးတစ်ယောက်ရဲ့ ဖိနပ်ချွတ်ဖို့ဆိုတာ၊ ကောင်မလေးတစ်ယောက်ရဲ့ ဘောင်းဘီချွတ်တာထက်တော့ အများကြီး ပိုလွယ်တာပေါ့ကွာ”

ဟိုရှုးက ပြုံးလျှက်ဖြင့် ပြောလိုက်သည်။

လုရှောင်ဖုန်းက သက်ပြင်းချက်လိုက်ကာ

“ခင်ဗျားဟာ တကယ်တော့ လူကြီးလူကောင်းမဟုတ်ဘဲကိုး”

ဟိုရှုးကလည်း သက်ပြင်းချလိုက်ရင်း

“လူကြီးလူကောင်း ဖြစ်ဖို့က လွယ်ပါတယ်၊ ဒါပေမယ့် ငါ့လို အောက်တန်းကျနိုင်ဖို့ကမှ မလွယ်တာ”

လုရှောင်ဖုန်းသည် ဟိုရှုး၏ ပြောလိုသော အဓိပ္ပါယ်ကို နားလည်လိုက်သည်။ သူ့ကဲ့သို့ များပြားလှသော၊ ရတနာများကို ထိန်းသိမ်းစောင့်ရှောက်နေရသူ တစ်ယောက်အဖို့အရာ၊ အောက်တန်းကျနိုင်သမျှကျကာ၊ သူများတကာ၏ ဘေးရန်မှ ကာကွယ်ရပေမည်။

“မင်းရဲ့ ရွှေဂဠုန်ဧကရာဇ်ကြီးကသာ တကယ့်အစစ်ဆိုရင်၊ ငါ့ပခုံးပေါ်က ဒီဝန်ထုပ်ဝန်ပိုးကြီးကို လွဲပေးနိုင်ပြီပေါ့၊ ဒါမှမဟုတ်ဘူးဆိုရင်တော့ ... ”

“ဒါမှမဟုတ်ဘူးဆိုရင်တော့ ကျွန်တော် သူ့ကိုခေါ်ပြီး၊ အပြင်က အဖိုးကြီးတွေနဲ့ အဖော်လုပ်ခိုင်းလိုက်မယ်”

ဟိုရှုး၏ စိတ်ကူးထဲမှ အတွေးကို၊ လုရှောင်ဖုန်းက ဆက်ပြောပေးလိုက်သည်။

+++++

လျို့ဝှက်ချက်တွေ အပြည့်နှင့် လှိုင်ဂူကြီးအတွင်းမှ သူတို့ပြန်ထွက်လာခဲ့ချိန်တွင်၊ အာရုံဦးပင်ရောက်နေလေပြီ။ နွေးဦး၏လေညင်းလေးများက အေးမြသလောက်၊ လတ်ဆတ်သန့်ရှင်းလှသည်။ တောင်ကုန်ဆင်းတစ်လျှောက်လုံးက စိမ်းစိမ်းစိုစိုရှိလှသည်။ သစ်ရွက်များပေါ်တွင် တွဲခိုနေသော ရေးစက်လေးများက၊ နေ့သစ်၏အလင်းရောင်အောက်တွင်၊ ရတနာများအလား တောက်ပနေကြသည်။ ရင်သပ်ရှုမောဖွယ် ကမ္ဘာလောကကြီးပင်။

လုရှောင်ဖုန်း ပထမဆုံး လုပ်မိသည်ကတော့၊ အသက်ကို တ၀ကြီးရှုသွင်းလိုက်ခြင်းပင်။

“ငါ့ရဲ့ ဆဋ္ဌမအာရုံတွေက မှန်တုန်းပဲ၊ ဒီတစ်ခေါက်လည်း ထူးထူးဆန်းဆန်းတွေနဲ့ ကြုံခဲ့ရပြန်ပြီ”

ပင်ပန်းနွမ်းနယ်စွာ ပြုံးရင်းဖြင့် လုရှောင်ဖုန်း ပြောလိုက်သည်။

အဖြစ်အပျက်ကြီးတစ်ခုလုံး၏ အလှည့်အပြောင်းကို မည်သူမျှ မမျှော်လင့်ထားမိခဲ့ပေ။

“စဉ်းစားကြည့်ပါဦး”

ဟွာမင်းလိုက ရုတ်တရက် လှမ်းပြောလိုက်သည်။

“ဒီလောကထဲမှာ ခြေချောင်း ၆ ချောင်း ပါတဲ့လူ ရှိနိုင်ပါ့မလား”

“မသိဘူး၊ ငါလည်း တစ်ခါမှ မမြင်ဘူးတာ အမှန်ပဲ”

“တကယ်လို့သာ အဲလိုလူမျိုး ဒီလောကမှာ မရှိဘူးဆိုရင်၊ ငါတို့ ]ရွှေဂဠုန်ဧကရာဇ်အစစ်} ကို ဘယ်လိုမှ ရှာလို့တွေ့မှာမဟုတ်ဘူး၊ အဲလိုဆိုရင် ဟိုရှုးပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အမှန်လို့ပဲ လက်ခံရတော့မလို ဖြစ်သွားမှာပေါ့”

လုရှောင်ဖုန်းသည် ခဏမျှစဉ်းစားလိုက်ပြီးနောက်၊ ရုတ်တရက် ပြုံးကာ ပြန်ပြောလိုက်သည်။

“ငါတို့ရဲ့ လောကကြီး အထူးအဆန်းတွေနဲ့ ပြည့်နေတာပဲ၊ လူထူးလူဆန်း အမျိုးမျိုး ရှိမှာ သေချာတယ်”

ဟွာမင်းလိုလည်း ပြုံးကာ ပြန်ပြောလိုက်သည်။

“အေး ... လောကကြီးမှာ မျက်ခုံးမွှေးလေးဖက်နဲ့ လူတောင်ရှိသေးမှတော့၊ ခြေခြောက်ချောင်းနဲ့လူလည်း ဘာလို့ မရှိနိုင်ရမတုန်း၊ ဒါပေမယ့် မင်းမှာ မျက်ခုံးမွှေး ၂ ဖက်ပဲ ကျန်တော့တာတော့၊ စိတ်မကောင်းဘူးကွ”

လုရှောင်ဖုန်းသည် သူ့နှုတ်ခမ်းမွှေးရှိခဲ့ဖူးသည့် နှုတ်ခမ်းတစ်လျှောက်ကို လက်ဖြင့်သပ်လိုက်ရင်း ပြန်ပြောလိုက်သည်။

“မင်းမှားသွားပြန်ပြီ”

“ဘာလို့လဲ”

“နှုတ်ခမ်းမွှေးဆိုတာမျိုးက၊ ဘယ်လောက်ပဲရိတ်ရိတ်၊ အမြဲပြန်ပေါက်လာတတ်တာမျိုးပဲကို”

လုရှောင်ဖုန်း၏ စကားအဆုံးတွင်၊ မနက်ခင်း၏ မြူမှုန်များကြားမှ၊ လူတစ်ယောက်၊ ဝိညာဉ်ရိပ်တစ်ခုအလား ထွက်ပေါ်လာသည်။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော်နှင့်၊ အလွန်တရာ ပင်ပန်းနွမ်းနယ်နေသည်ပုံ။ သို့သော်လည်း အလှကတော့ မပျက်ပါ။

လုရှောင်ဖုန်းသည် သူ့ကိုမှတ်မိသွားသည်။

“ရီရှုကျူ မဟုတ်လား”

ရီရှုကျူက ခေါင်းငြိမ့်ပြလိုက်သည်။

“မိန်းကလေးရီ တစ်ယောက်ယောက်ကို လာစောင့်နေတာလား”

ရီရှုကျူ ခေါင်းခါပြလိုက်သည်။

“ကျွန်မ ဒီကို မနေ့ညထဲက ရောက်နေတာ”

“ဘာလို့တုန်း”

“ကျွန်မတို့ ဆရာနဲ့ ညီမလေးကို ဒီမှာလာပြီးတော့ မြှုပ်ကြတာ”

ရီရှုကျူသည် ဝမ်းနည်းကြေကွဲနေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မရဲ့ အစ်မကြီးလည်း ပင်ပန်းနေပြီ ... ကျွန်မ ... ကျွန်မကတော့ ဘယ်လိုမှ အိပ်မပျော်လို့”

ရီရှုကျူသည် အော်မေ့ဂိုဏ်း၏ နတ်သမီးလေးဖော်အနက်၊ အရိုးသားဆုံးနှင့်၊ အရှက်အကြီးဆုံးဖြစ်သည်။ ယောက်ျားတစ်ယောက်နှင့် စကားပြောဖို့ရာ၊ မနည်းအားတင်းထားရသည့် ပုံမျိုး။

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ သူ့ရင်ထဲတွင် ထိုမိန်းကလေးအတွက် စိတ်မကောင်းဖြစ်ခြင်း၊ ကရုသာသက်ခြင်းတို့ ပြည့်နှက်နေသော်လည်း၊ ပြောဖို့ရာ စကားရှာမရ။

“ကျွန်မတို့ စီးမင်းကျွေ့ရှယ်ကို လိုက်လို့မမှီဘူး”

ရီရှုကျူသည် ရုတ်တရက် စကားဆက်ပြောလိုက်သည်။

“အဲဒီတော့ ... ကျွန်မရဲ့ ညီမသုံး သေလားရှင်လား မသိသေးဘူး”

“မင်းအတွက် ငါရှာပေးပါ့မယ်”

လုရှောင်ဖုန်းက ကတိပေးလိုက်သည်။

ရီရှုကျူသည် ခေါင်းကိုထပ်ငုံ့လိုက်သည်။

“ရှင့်ကို ကျွန်မ ပြောစရာရှိသေးတယ်”

ရီရှုကျူသည် အချိန်အနည်းငယ်ကြာမှ လေသံသာသာမျှသော စကားသံဖြင့် ပြောလိုက်သည်။

လုရှောင်ဖုန်းသည် သူ့စကားကိုသာ စောင့်နေလိုက်သည်။

“အမှန်က ညီမသုံးက ရှင့်ကို ဒီအကြောင်းတွေ ပြောပြရမှာ၊ ဒါပေမယ့် ရှင့်ကို မပြောဖြစ်ခင် .. သူ ... သူ ... ”

ပြောနေရင်းဖြင့် ရီရှုကျူ၏အသံ တိမ်ဝင်သွားသည်။ သူ့မျက်ဝန်းမှ မျက်ရည်စများကို အင်္ကျီလက်ဖြင့်၊ တိတ်ဆိတ်ငြင်သာစွာ၊ သုတ်လိုက်ပြီးမှ၊ စကားဆက်နိုင်သည်။

“ကျွန်မတို့ဆရာ၊ ဒီခရီးစဉ်ကို ထွက်ခဲ့ရတဲ့ အဓိကအကြောင်းကတော့၊ မြစိမ်းနန်းတော်ရဲ့၊ ပထမနန်းဆောင်ဟာ၊ စိန်ပုလဲနန်းတော်နောက်က တောင်ကုန်းပေါ်မှာရှိတယ်ဆိုတဲ့ သတင်း ရခဲ့လို့ပဲ”

“သတင်းဆိုတာမျိုးက၊ ဘယ်သူ့ဆီကပဲရရ၊ အကုန်လုံး မှန်တယ်လို့တော့ ယူဆလို့ ဘယ်ရနိုင်ပါ့မတုန်း”

လုရှောင်ဖုန်းသည် မအောင့်နိုင်တော့ဘဲ၊ စကားဖြတ်ပြောလိုက်မိသည်။

ရီရှုကျူသည် ခေါင်းမော့လာပြီး

“ဒါပေမယ့် ကျွန်မတို့ရဲ့ ညီမသုံး၊ အဲဒီသတင်းကြောင့် လုပ်ကြံခံခဲ့ရတာပဲ၊ ဒီသတင်းကို ဖွင့်မပြောစေချင်တဲ့ တစ်ယောက်ယောက်ရှိတာ သေချာတယ်၊ အဲဒါကြောင့် ဒီသတင်းက တကယ်ပဲအရေးကြီးပြီးတော့၊ ရှင်သိသင့်တယ်လို့၊ ကျွန်မထင်လို့”

ရီရှုကျူ၏ မျက်နှာပေါ်တွင် နာကျဉ်းမှု အရိပ်အယောင်များ ပေါ်လာသည်။ သူ့အသံပင် အနည်းငယ်မျှ ပိုကျယ်လာသည်။

လုရှောင်ဖုန်းသည် ရီရှုကျူအတွက် စိတ်မကောင်းဖြစ်မိပြန်သည်။

“မင်းက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာပြောပြတယ်ဆိုတာ ငါသိပါတယ်”

လုရှောင်ဖုန်းသည် အားတင်းကာ ပြုံးပြရင်း စကားကိုဆက်ပြောလိုက်သည်။

“ဘာတွေပဲ ဖြစ်ပါစေ၊ နောက်ဆုံး ဒီပြသနာကြီးကို ငါအကုန်ရှင်းပြီးရင်၊ မင်းကို ငါ ဖြစ်အပျက်တွေအကုန်လုံး အရင်ဆုံးပြောပြပါ့မယ်”

ရီရှုကျူသည် ခေါင်းပြန်ငုံ့သွားကာ၊ အချိန်အတန်ကြာမျှ တိတ်ဆိတ်နေသည်။

“အခု ရှင်က ဘယ်သွားမှာတုန်း”

ရီရှုကျူသည် တီးတိုးညင်သာစွာ မေးလိုက်သည်။

“ငါတို့ ခြေထောက်မှာ ခြေချောင်း ၆ ချောင်း ပါတဲ့သူနဲ့ သွားတွေ့ကြမလို့”

ရီရှုကျူသည် လုရှောင်ဖုန်း၏ စကားကြောင့်၊ အံ့အားသင့်သွားဟန်ဖြင့်၊ ခေါင်းပြန်မော့လာသည်။ ထို့နောက် ရုတ်တရက် ကျောခိုင်းကာ လှည့်ထွက်သွားလေသည်။

ဟွာမင်းလိုက သက်ပြင်းချကာ ပြောလိုက်သည်။

“သူကတော့ မင်းကို ရူးသွားပြီ ထင်မလားဘဲ”

လုရှောင်ဖုန်းလည်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“အခုချိန်မှာတော့ ငါကိုယ်တိုင်တောင် ငါ့ဟာငါ ရူးလားမရူးလား တော်တော်သံသယဝင်နေတယ်”

+++++

တိတ်ဆိတ်မှောင်မဲနေသော ခန်းမကျယ်ကြီး၏ အဆုံးဖက်တွင် သူတို့ရပ်စောင့်နေကြသည်။ သူတို့ရောက်ရှိလာကြောင်းကို၊ ရွှေဂဠုန်ဧကရာဇ်ထံသို့ အကြောင်းကြားခိုင်းလိုက်ပြီး ဖြစ်သည်။

“မင်း အဲဒီအဖိုးကြီးရဲ့ ဖိနပ်ကို ရအောင်ချွတ်နိုင်မှာ သေချာရဲ့လား”

ဟွာမင်လိုသည် လုရှောင်ဖုန်းအား တိုးတိုးတိတ်တိတ်မေးလိုက်သည်။ သူ့အနေနှင့် လုရှောင်ဖုန်း၏ အကြံအစည်ကို သိထားမှဖြစ်မည်။

“ဟင့်အင်း”

“မင်း ဘယ်လိုနည်းသုံးမလဲဆိုတာရော စဉ်းစားထားပြီးပြီလား”

“ငါစဉ်းစားထားတဲ့ နည်းလမ်းတစ်ချို့တစ်လေတော့ ရှိပါတယ်၊ ဘယ်တစ်ခုသုံးရမလဲတော့ မဆုံးဖြတ်ရသေးဘူး”

“ဒါဆိုရင် ငါ့ကို ဥပမာ ၂ ခုလောက် အရင်ပြောပြစမ်းပါဦး”

“ငါမတော်တဆ ရေခွက်တစ်ခွက်ကို တိုက်မိပြီး၊ သူ့ဖိနပ်ပေါ် ရေဖိတ်ကျအောင် လုပ်လို့ရတယ်၊ ဒါမှမဟုတ်လည်း သူ့ဖိနပ်တွေကို ကြိုက်လွန်းလို့၊ ငါ့အနီးကပ်ကြည့်လို့ရအောင်၊ ချွတ်ပေးပါလားလို့ တောင်းကြည့်လို့ရတယ်”

“မင်းအကြံတွေက တော်တော်လေး ရူးကြောင်ကြောင်နိုင်တယ် ဆိုတာရော စဉ်းစားမိရဲ့လား”

ဟွာမင်းလိုက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မသိဘဲနေမလားကွ”

လုရှောင်ဖုန်းသည် မချိပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ဒီအဖြစ်အပျက်ကြီး တစ်ခုလုံးကိုက ရူးကြောင်ကြောင် အဖြစ်အပျက်ကြီးပဲကို၊ ငါက ဘယ်လိုလုပ်ပြီး၊ ရူးကြောင်ကြောင်မဟုတ်တဲ့ အကြံအစည်မျိုး တွေးနိုင်ပါ့မတုန်း”

တံခါးပွင့်လာသောကြောင့် လုရှောင်ဖုန်း ပြောလက်စ စကားကို ရပ်လိုက်သည်။

ရွှေဂဠုန်ဧကရာဇ်ကြီးသည် သက်တောင့်သက်သာရှိလှသော၊ ခုံကြီးပေါ်တွင် ထိုင်နေလျှက်ပင်။ သူ့မျက်နှာတွင်တော့ စိတ်လှုပ်ရှားမှု အပြည့်နှင့်။

“မင်းတို့ ဟိုသစ္စာဖောက် ၃ ကောင်ကို ရှာတွေ့ခဲ့လား”

သူတို့နှစ်ယောက် အခန်းထဲသို့ ရောက်သည်အထိပင် မစောင့်နိုင်ဘဲ၊ လှမ်းမေးလိုက်သည်။

“နှစ်ယောက်ပဲ တွေ့သေးတယ်”

လုရှောင်ဖုန်း ပြန်ဖြေလိုက်သည်။

“ဒါဆို သူတို့ ဘယ်မှာတုန်း”

ရွှေဂဠုန်ဧကရာဇ်၏ မျက်နှာမှာ တောက်ပလာသည်။

“သူတို့သေကုန်ပြီ”

ရွှေဂဠုန်ဧကရာဇ်၏ မျက်နှာအမူအရာ သိသိသာသာပင် ပြောင်းလဲသွားသည်။

“သေကုန်ပြီ၊ ဘယ်လိုဖြစ်တာတုန်း”

“အကုန်သေကုန်တာ”

လုရှောင်ဖုန်းသည် အဖြေစကားများပေါ်တွင် အာရုံမစိုက်နိုင်။ အဘယ်ကြောင့်ဆိုသော် ရွှေဂဠုန်ဧကရာဇ်၏ ခြေထောက်များကို သူ့မမြင်ရသေးသောကြောင့် ဖြစ်သည်။ ရွှေဂဠုန်ဧကရာဇ်သည် သူ့ခြေထောက်များကို အအေးဒဏ်ကာကွယ်ဟန်ဖြင့်၊ ရွှေရောင်နဂါးရုပ်များပါသည် ပိုးစောင်ကြီးဖြင့် ခြုံထားသည်။

ဟွာမင်းလိုသည် ရွှေဂဠုန်ဧကရာဇ်အား အခြေအနေအားလုံးကို အကျဉ်းချုံးရှင်းပြလိုက်သည်။ အဖြစ်အပျက်ကုန်စင်ကိုပြော၍ အပြီးတွင် ဟွာမင်းလိုက

“ကျွန်တော်တို့ ဟိုရှုးကိုတော့ ရှာမတွေ့သေးဘူး၊ သူကို ရှာတွေ့ဖို့ကလည်း လွယ်တာမှ မဟုတ်ဘဲကိုး”

သူ့အတွက်တော့ ပထမဆုံးအကြိမ် ညာဖူးခြင်းဖြစ်ပြီး၊ သူထင်သလောက် ညာပြောရသည်မှ မခက်လှကြောင်း သတိထားမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော်၊ သူညာပြောလိုက်ချိန်တွင်၊ သူ့ရင်ထဲ၌ မည်သူ့ကို မတရားလုပ်မိခြင်းမရှိဟု ခံစားရသောကြောင့်ဖြစ်သည်။ ရွှေဂဠုန်ဧကရာဇ်သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

“ကျုပ် သူတို့ကိုတွေ့ချင်သေးတယ်၊ သူတို့တွေ ကျုပ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်မလဲဆိုတာ ကြည့်ချင်စမ်းပါရဲ့”

ရွှေဂဠုန်ဧကရာဇ်သည် ခါးသီးစွာပြောလိုက်သည်။

“ကျွန်တော်တို့လည်း အခုလောလောဆယ် တွေ့ချင်နေတဲ့သူ တစ်ယောက်ရှိတယ်”

ဟွာမင်းလိုက ပြန်ပြောလိုက်သည်။

“ဘယ်သူတုန်း”

“ကျူတင်း”

“ကျုပ်လည်း မောင်ရင်တို့ကို အဲဒါပဲ မေးတော့မလို့”

ရွှေဂဠုန်ဧကရာဇ်သည် မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်။

“ကျုပ် သူ့ဆီကို လူနှစ်ခါတောင် လွှတ်ပြီး ခေါ်ပြီးပြီ၊ ဒါပေမယ့် အခုထိ သူရောက်မလာသေးဘူး”

ဟွာမင်းလိုသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်၊ တစ်ချက်ပြုံးကာ

“ဖြစ်နိုင်တာကတော့၊ ဒီကောင် ထုံးစံအတိုင်း အရမ်းအပျင်းကြီးနေလို့ဖြစ်မယ်”

“ဦးရဲ့ စောင်ပေါ်က နဂါးရုပ်တွေက တော်တော်လက်ရာမြောက်တာပဲ”

လုရှောင်ဖုန်းသည် အခုမှ စကားစပြောလိုက်သည်။

“ကြည့်ရတာ တကယ့်နဂါးအစစ်အတိုင်းပဲနော်”

ထိုစကားမှာ အတော်လေးပင် ရူးကြောင်ကြောင်နိုင်လှသည်။ ထိုစကားအဆုံးတွင် လုရှောင်ဖုန်းသည် ရူးကြောင်ကြောင်အလုပ်တစ်ခုကို ထလုပ်လိုက်လေသည်။ ရွှေဂဠုန်ဧကရာဇ်ဆီသို့ လျှောက်သွားကာ၊ စောင်များကို ဆွဲလှန်လိုက်ခြင်းပင်။ ထို့နောက်တွင်တော့ သူသည် တကယ့်အရူးတစ်ယောက်လိုပင်၊ စောင်များကိုဆွဲလှန်နေရင်းတန်းလန်း၊ လှုပ်ရှားခြင်းအလျင်းမရှိ၊ ရပ်တန့်သွားသည်။ ရွှေဂဠုန်ဧကရာဇ်၏ ဘောင်းဘီခြေထောက် နှစ်ဖက်လုံး၏ထိပ်များတွင်၊ မည်သည့်အရာမှ ရှိမနေ။ သူ့ခြေထောက်နှစ်ဖက်စလုံး ဒူးဆစ်နေရာမှနေရွေ့ ပြတ်နေသည်။

“ကျုပ်ခြေထောက်တွေ ဘယ်ရောက်ကုန်လဲလို့၊ မောင်ရင် တွေးနေမလားဘဲ”

လုရှောင်ဖုန်းအနေဖြင့်တော့၊ အူကြောင်ကြောင်ဖြင့်၊ ခေါင်းငြိမ့်ပြရုံကလွဲ၍ ဘာမှမတတ်နိုင်ချေ။

“ကျုပ်ခြေထောက်တွေရဲ့ ပြသနာကို မှတ်မိဦးမှာပေါ့”

ရွှေဂဠုန်ဧကရာဇ်သည် သက်ပြင်းချရင်း ပြောလိုက်သည်။

“ကျုပ် အရက်ကို ထိမိတာနဲ့၊ ခြေထောက်တွေက မခံမရပ်နိုင်အောင်ကို နာလာတော့တာ၊ လူတွေက အသက်ကြီးလာရင် ပြသနာတွေက တစ်ခုပြီးတစ်ခု ကြုံလာရတတ်တာ ဓမ္မတာပါပဲလေ”

ထိုအချက်မှာ လုရှောင်ဖုန်းတို့အား အရင်တစ်ခေါက် တွေ့ခဲ့စဉ်ကတည်းက ပြောပြခဲ့ဖူးသည့်အတိုင်းပင် ဖြစ်သည်။

“ဒါပေမယ့်လို့၊ ကျုပ်ဒီအရွယ်ရောက်မှတော့၊ အရက်လေး နည်းနည်းပါးပါး သောက်ရုံကလွဲလို့၊ အခြားဘာများ စည်းစိမ်ခံစရာ ရှိနိုင်ဦးတော့မလဲ”

“ဦး အရက်နည်းနည်းသောက်မိတယ် ဆိုပါတော့”

လုရှောင်ဖုန်းသည် မချိပြုံးကို အားတင်းပြုံးကာ ပြောလိုက်သည်။

“ကျုပ်လည်း နည်းနည်းပါးပါးလောက်နဲ့တော့ ဘာမှမဖြစ်လောက်ဘူး ထင်တာပေါ့၊ ဒါပေမယ့် အရက်သုံးခွက်လောက် သောက်မိလိုက်တာ၊ ကျုပ်ခြေထောက်တွေ ယောင်လာပါလေရော၊ ပြည်တွေပါ တည်လာတာ အပြည့်ပဲ၊ အဲဒါနဲ့ပဲ ... တစ်ခါထဲ အပြတ်ရှင်းပစ်လိုက်မယ်ဆိုပြီးတော့၊ လျူယုဟန်ကို ခေါ်ပြီး၊ ဖြတ်ပစ်ခိုင်းလိုက်တာ”

ရွှေဂဠုန်ဧကရာဇ်သည် စကားကိုရပ်ကာ၊ အားရပါးရ ရီမောလိုက်သေးသည်။

“ကျုပ်မှာ အခု ခြေထောက်တွေတော့၊ မရှိတော့ဘူးပေါ့၊ ဒါပေမယ့် ဘာမှ ပူပန်နေစရာမလိုဘဲ၊ အရက်သောက်လို့တော့ ရပြီ၊ ဒီည မောင်ရင်တို့နှစ်ယောက်နဲ့၊ ကျုပ်အရက်ပြိုင်သောက်ပြမယ်၊ ဟောဒီက အဖိုးကြီးက လူငယ်တွေနဲ့ ယှဉ်ပြီး ဘယ်လောက်အထိသောက်နိုင်မလဲ၊ တွေ့ကြရတာပေါ့”

လုရှောင်ဖုန်းကတော့ အူကြောင်ကြောင်ဖြင့် ပြုံးပြနေရုံအပြင်၊ ဘာမှပြန်မပြောနိုင်တော့။

“မင်းတို့သာ နည်းနည်းစောစောပြန်ခဲ့မယ်ဆိုရင်၊ ကျုပ်ဖြတ်ပစ်လိုက်တဲ့ ခြေထောက် နှစ်ချောင်းကို ခေါ်ပြပါရဲ့၊ ကျုပ်က အဖိုကြီးဖြစ်နေပေမယ့်၊ သတ္တိကတော့ မသေးဘူးဆိုတာ သိရအောင်ပါ”

“ဦးရဲ့ခြေထောက်တွေ ဘယ်ရောက်သွားပြီလဲ”

“မီးရှို့ပစ်လိုက်ပြီ”

“မီးရှို့ပစ်လိုက်တယ်၊ ဘာလို့ မီးရှိုပစ်တာတုန်း”

လုရှောင်ဖုန်းသည် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

“အဲဒီ ခြေထောက်နှစ်ဖက်ကြောင့်၊ ကျုပ်အရက်မသောက်ရတာ ၁၀ နှစ်ရှိပြီ၊ အဲဒီခြေထောက်အပြတ်တွေကို မီးမရှို့ပစ်လို့၊ မောင်ရင်က ဘာလုပ်စေချင်လို့တုန်း၊ အရက်နဲ့ မြည်းလိုက်ရမှာလား”

လုရှောင်ဖုန်း ဘာမှပြောစရာမရှိတော့ပေ။ ထိုအဖိုးအို၏ မျက်နှာပေါ်မှ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုအပြည့်နှင့်၊ ဂုဏ်ယူဝင့်ကြွားနေသည့်၊ အမူအရာကိုကြည့်ရင်း၊ သူကိုယ်သူ ထုံထုံအအ နလပိန်းတုံးတစ်ယောက်လို ခံစားလိုက်ရသည်။

+++++

သူတို့ ပြန်လျှောက်ထွက်လာချိန်တွင်၊ ခန်းမကြီးသည် ခြောက်ခြားစရာ တိတ်ဆိတ်မဲမှောင်နေဆဲပင်။

“ငါတို့ ဟိုပြသနာအတွက်တော့ ပူစရာမလိုတော့ဘူးပေါ့ကွာ”

ဟွာမင်းလိုသည် ရုတ်တရက်ပြုံးကာ လှမ်းပြောလိုက်သည်။

“ဘာပြသနာလဲ”

“မင်း အဖိုးကြီးရဲ့ ဖိနပ်ဘယ်လိုချွတ်ရမလဲဆိုတာ ပူစရာမလိုတော့ဘူးလေ၊ အဖိုးကြီးဆီမှာ ဘာဖိနပ်မှ မရှိတော့ဘဲကို”

“ဘယ်တုန်းထဲက မင်းက ရီစရာတွေ ပြောတတ်နေတာတုန်း”

လုရှောင်ဖုန်းက အေးတိအေးစက် ပြန်ပြောလိုက်သည်။

သည်ပြသနာမှာ ရီစရာတစ်ခုသက်သက် မဟုတ်သည်မှာ သေချာသည်။ ယခုအချိန်တွင် ဟိုရှုးကိုယ်နှိုက်က ထိုရွှေဂဠုန်ဧကရာဇ်သည် အစစ်မဟုတ်မဟုတ်၊ ပြောနိုင်တော့မည် မဟုတ်ချေ။

ယခုကိစ္စကို တိုက်ဆိုင်မှုသက်သက်သာဟု ဆိုလျှင်၊ ဟိုရှုးအနေနှင့် လက်ခံနိုင်စရာ အကြောင်းရှိမည် မဟုတ်။ အချိန်အနေအချိန်အခါ အားလုံးက တိုက်ဆိုင်လွန်းနေလွန်းပြီး၊ ရွှေဂဠုန်ဧကရာဇ်အတွက် အကောင်းဖက်ကချည်း ဖြစ်နေသည်။

တိုက်ဆိုင်မှုမဟုတ်ဟု ဆိုပြန်လျှင်လည်း၊ ရွှေဂဠုန်ဧကရာဇ်သည် ထိုလျို့ဝှက်ချက်ကို မည်သိုသိနိုင်မည်နည်း။ သူတို့ ဟိုရှုးဆီမှ ထွက်ခဲ့ကြပြီးသည်နှင့်၊ သည်နေရာသို့ တန်းလာခဲ့ကြခြင်းဖြစ်သည်။ ရွှေဂဠုန်ဧကရာဇ်ဆီတွင် မိုင်ထောင်ချီဝေးသော အရပ်ဆီသို့ ကြည့်မြင်နိုင်၊ ကြားနိုင်သော မျက်စိများ၊ နားများ မရှိသရွေ့တော့၊ သူတို့ ရွှေဂဠုန်ဧကရာဇ်၏ ခြေထောက်ကို စစ်ကြည့်ရန် လာသည်ကို၊ မည်သည့်နီးနှင့်မျှ သိနိုင်စရာအကြောင်းမရှိပေ။

“ငါ့ခြေထောက်တွေ၊ အရက်သောက်တိုင်း၊ ယောင်လာရင်၊ ငါလည်း ဖြတ်ပစ်လိုက်ရမယ် ထင်ပါရဲ့”

လုရှောင်ဖုန်းသည် သက်ပြင်းချကာ ပြောလိုက်သည်။

“ကြည့်ရတာ၊ ဒီလောကကြီးထဲ အရက်တော့ မဖြတ်ဘူး၊ အသက်ပဲ အသေခံမယ်ဆိုတဲ့ လူမျိုးတွေ၊ မနည်းဘူးပဲ”

ဟွာမင်းလိုလည်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

လုရှောင်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။

“ဟိုအခန်းက မင်းအတွက်၊ အားနေဦးလောက်မှာ၊ မင်းအဲဒီမှာ ခဏလောက် သွားနားလိုက်ပါလား၊ ဒီည အရက်ပြိုင်သောက်ဖို့ စိန်ခေားတဲ့လူ ရှိတာ မမေ့နဲ့ဦးနော်”

“မင်းကရော ဘယ်သွားဦးမလို့လဲ”

“သွားရှာစရာတစ်ယောက် ရှိသေးလို့”

“ဘယ်သူတုန်း”

“ကောင်မလေးတစ်ယောက်၊ ခြေထောက်တွေပါတဲ့ ကောင်မလေးတစ်ယောက်”

ဟွာမင်းလို၏မျက်နှာ ရုတ်တရက် တောက်ပသွားကာ

“ဟုတ်တယ်၊ မင်းအနေနဲ့ ခြေချောင်း ၆ ချောင်းပါတဲ့၊ မိန်းကလေးတစ်ယောက်ကို အခုချက်ချင်းသွားရှာရမှာ”

“ဘာလို့တုန်း”

“ရွှေဂဠုန်ဧကရာဇ်တိုင်းဟာ ခြေချောင်း ၆ ချောင်းပါတယ်လို့ ဆိုထားတယ်လေ၊၊ အဲဒါ သူတို့ ဆွေစဉ်မျိုးဆက်တိုင်း ပါလာတဲ့မျိုးရိုးဗီဇလက္ခဏာတစ်ခုပဲ ဖြစ်ရမယ်၊ အဲဒီတော့ ရှန်းကွမ်းတန့်ဖုန်းသာ ရွှေဂဠုန်ဧကရာဇ်ရဲ့ သမီးတော်အစစ်ဆိုရင်၊ သူ့ဆီမှာလည်း ခြေချောင်း ၆ ချောင်း ပါမှာ အမှန်ပဲ၊ အဲဒီတော့ မင်း ... ”

သူပြောလက်စ စကားရပ်သွားသည်။ အဘယ်ကြောင့်ဆိုသော်၊ လုရှောင်ဖုန်း သူ့ဘေးတွင် မရှိတော့သောကြောင့် ဖြစ်ပေသည်။

---------------

နေဝင်လုနီးနီး မှောင်ရိပ်သန်းနေလေပြီ။ ဥယျာဉ်ထဲရှိ ပန်းများကတော့ ပွင့်ဖူးဝေဆာနေကြဆဲပင်။ လေထုထဲတွင် ပန်းရနံ့များ သင်းပျံနေသည်။ သို့သော် ဥယျာဉ်ထဲတွင် တစ်စုံတစ်ယောက်မှမရှိ။

ဥယျာဉ်ထဲတွင် ရှန်းကွမ်းရှုးအော် မရှိချေ။ လုရှောင်ဖုန်းသည် ရှန်းကွမ်းတန့်ဖုန်းအား လိုက်ရှာနေခြင်း မဟုတ်။ ရှန်းကွမ်းတန့်ဖုန်း ဤနေရာတွင် ရှိမနေနိုင်သည်ကို၊ သူသိထားပြီးဖြစ်သည်။ ရွှေဂဠန်ဧကရာဇ်သည် သူ့သမီးတော် ဘယ်ရောက်နေလဲ တစ်ခွန်းမျှ မေးမြန်းခြင်းမရှိ။ ဤအချက်သည်လည်း ထူးဆန်းနေသည်။

သို့သော် လုရှောင်ဖုန်းအတွက် ထိုအကြောင်းအရာများကို စဉ်းစားနေဖို့ရာ အချိန်မရှိ။ ယခုအချိန်တွင်၊ သူ့အနေနှင့် ရှန်းကွမ်းရှုးအော်ကိုသာ ချက်ချင်းတွေ့အောင်ရှာပြီး မေးခွန်းတစ်ခုမေးချင်နေသည်။ အရေးကြီးလှသော မေးခွန်းတစ်ခုဖြစ်သည်။

သူမတွေ့ချင်တဲ့အခါများတွင်တော့၊ ရှုးအော်သည် သူ့အနားတွင် မတွေ့ချင်မှအဆုံး ပျားပန်းခတ်နေတတ်သူဖြစ်သည်။ ယခုသူတွေ့ချင်သည့် အချိန်တွင်တော့၊ အစအနပင် ရှာလို့မရ။ လုရှောင်ဖုန်းသည် သက်ပြင်းချကာ၊ ပန်းပင်များအကြား လျှောက်သွားနေရင်း၊ တံခါးတစ်ခုကို ရုတ်တရက် လှမ်းတွေ့လိုက်သည်။

တံခါးမှာ ရုတ်တရက်ကြည့်လိုက်လျှင် မမြင်သာပေ။ တံခါးနောက်တွင်တော့ မြေကွက်လပ်လေးတစ်ခုရှိပြီ၊ ကွက်လပ်အလည်တွင် ရေတွင်းတစ်ခုရှိသည်။

သူတံခါးကို တွန်းဖွင့်ကာ၊ လျှောက်ဝင်သွားသည်နှင့် ရှန်ကွမ်းရှုးအော်ကို တွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝါးမလေးသည် အမြဲတမ်းလိုလို ထူးထူးဆန်းဆန်း တစ်ခုခု ကြံစည်နေလေ့ရှိစမြဲပင်။

လောလောဆယ်တော့၊ မြေကွက်လပ်လေး အလည်ကောင်တွင်၊ တစ်ယောက်ထဲ ငုတ်တုတ်ထိုင်ကာ၊ သူ့ရှေ့ရှိ မြေပြင်ကို၊ သူ့မျက်လုံးပြူးပြူးလေးများနှင့်၊ တမေ့တမော စိုက်ကြည့်နေလေသည်။ သို့သော် မြေပြင်ပေါ်တွင် ဘာမှရှိမနေ။ မြက်ပင်တစ်ပင်မျှပင် မရှိ။ လုရှောင်ဖုန်းကတော့ ထိုမြေပြင်သည် ဘာများစိတ်ဝင်စားစရာ ကောင်းသလဲ ဆိုသည်ကို စဉ်းစားလို့မရနိုင်။

“ဟေး အစ်မကြီး”

လုရှောင်ဖုန်း လှမ်းခေါ်လိုက်သည်။

“ဘာတွေကြည့်နေတာတုန်း”

ရှုးအော် ပြန်မဖြေချေ။ လှည့်၍ပင်မကြည့်။ ဘုရင့်စာပြန်ပွဲတွင် ဝင်ရောက်ဖြေဆိုနေသော၊ ပညာရှင်များပင်၊ သူအခု အာရုံစိုက်နေပုံကို မှီမည်မထင်။ မကောင်းဆိုးဝါးမလေး ဘာကိုများ ကြည့်နေပါလိမ့်။ လုရှောင်ဖုန်းသည် သိချင်စိတ်များ တဖွားဖွားပေါ်လာသည်။

+++++

ထို့ကြောင့် လုရှောင်ဖုန်းလည်း ရှုးအော်၏ နံဘေးတွင် ဝင်၍ထိုင်လိုက်သည်။ ရှုးအော်၏ မျက်လုံးများ ကြည့်နေရာကို လိုက်ကြည့်လိုက်သည်။ သို့သော် သူဘာမှကို မတွေ့သေးချေ။

ထိုနေရာတွင် မိုးမရွာခဲ့သည်မှာ အတော်ကြာခဲ့ပုံရသည်။ မြေကြီးများ ခြောက်သွေ့လွန်းလှသည်။ အပြင်ဖက်ရှိ ဥယျာဉ်ထဲတွင် သစ်ပင်ပန်းမန်များ ပွင့်ဖူးဝေဆာနေသလောက်၊ ထိုနေရာမှ မြေကြီးများသည် ခြောက်သွေ့လွန်းလှပေသည်။

ရေတွင်းမှာလည်း အသုံးမပြုသည်မှာ အတော်ပင်ကြာပြီ ဖြစ်ဟန်တူသည်။ ရေတွင်း၏ဘောင်မှာ ဖုန်အလိမ်းလိမ်းနှင့်။ မြေကွက်လပ်၏ အခြားတစ်ဖက်တွင်တော့၊ ဟောင်းနွမ်းဆွေးမြေ့နေသော အခန်းငယ်လေးတစ်ချို့ရှိသည်။ အခန်းတံခါးသော့များမှာ သံချေးများတက်လျှက်ရှိသည်။

လုရှောင်ဖုန်းသည် ဘယ်ညာပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုပြီးသည့်တိုင်၊ မည်သည့်အရာကို ရှုးအော်စိတ်ဝင်တစား ကြည့်ရှုနေလည်း မစဉ်းစားတတ်သေးပေ။

“ကျွန်မရဲ့ အဖိုးရှိတုန်းက၊ ဒီနေရာက သူတရားထိုင်တဲ့နေရာပေါ့”

ရှုးအော်က ရုတ်တရက် စကားစပြောလိုက်သည်။

သူ့အဖိုးဆိုသည်မှာ ရှန်းကွမ်းမူကို ဆိုလိုကြောင်း လုရှောင်ဖုန်းသိပြီးဖြစ်သည်။ ရှန်ကွမ်းမူသည် ဟိုရှုးတို့နှင့်အတူ၊ ရွှေဂဠုန်ဧကရာဇ်ကို ကူညီစောင့်ရှောက်ရန် တာဝန်အပေးခံရသည့် မှုးမတ်တစ်ဦးဖြစ်သလို၊ ရွှေဂဠုန်ဧကရာဇ်၏ ဦးရီးတော်လည်း ဖြစ်ပေသည်။

“ကျွန်မရဲ့အဖိုး ဆုံးသွားပြီးကတည်းက၊ ဒီနေရာမှာ ဘယ်သူမှ မနေတော့ဘူး”

“အဲဒီတော့ မင်းက ဒီမှာ ဘာလာလုပ်နေတာတုန်း”

လုရှောင်ဖုန်းသည် မစဉ်းစားတတ်တော့သဖြင့်၊ နောက်တစ်ခါ ထပ်မေးလိုက်သည်။

ရှုးအော်သည် ခေါင်းကိုဆတ်ကနဲ လှည့်လိုက်ကာ၊ လုရှောင်ဖုန်းအား စိုက်ကြည့်ပြီး

“ကျွန်မကလည်း အဲဒါပဲ မေးချင်နေတာ၊ ရှင်ဒီမှာ ဘာလာလုပ်နေတာတုန်း”

“ငါက ... ငါက မင်းကို လိုက်ရှာနေတာ”

“ဘာလုပ်ဖို့တုန်း”

“မင်းနဲ့တွေ့ချင်လို့၊ စကားလေးဘာလေး ပြောချင်လို့ပေါ့”

ရှုးအော်သည် စိတ်နာနေသည့် မျက်နှာထားဖြင့် မဲ့ကာပြောလိုက်သည်။

“ရှင်က ကျွန်မပြောစကားဆို တစ်ခွန်းမှကို မယုံတာ၊ ရှင်နဲ့ကျွန်မ ဘာများပြောစရာရှိသေးလို့တုန်း”

လုရှောင်ဖုန်းက ပြုံးကာ

“မင်းပြောတဲ့စကားတွေ ငါမယုံဘူးလို့၊ မင်းကဘယ်လိုသိလို့တုန်း”

“ရှင်ကိုယ်တိုင် ပြောခဲ့တာပဲ”

“ဒါဆို မင်းကတော့ ငါ့ပြောစကားဆို တစ်ခွန်းမကျန် အကုန်ယုံတယ်ပေါ့”

ရှုးအော်သည် သူ့မျက်လုံးဝိုင်းစက်စက်လေးများနှင့် အတန်ကြာ လုရှောင်ဖုန်းကို စိုက်ကြည့်နေပြီးမှ၊ အားရပါးရ ရီမောလိုက်လေသည်။ လုရှောင်ဖုန်းလည်း သူနှင့်အတူ လိုက်ရီမိသည်။ ရှုးအော်သည် ရီမောနေစဉ်တွင် တကယ့်ကို လိမ္မာရေးခြားရှိပြီး၊ ရိုးသားသော မိန်းကလေးတစ်ယောက်နှင့် တူသည်ကို လုရှောင်ဖုန်း သတိထားမိလိုက်သ်ည။

သို့သော် ရှုးအော်သည် ရုတ်တရက် မျက်နှာကိုတည်လိုက်ပြီး

“ရှင်ကျွန်မနဲ့ ဘာပြောစရာရှိတာလဲ၊ အခုပြောလေ”

“မင်းကို ငါမေးချင်လို့၊ မင်းရဲ့အစ်မကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တာ ဘယ်တုန်းကလဲ”

“သူ ဟွာမင်းလိုကို ခေါ်ပြီး ပြန်လာတဲ့နေ့က၊ အဲဒီနေ့မှာပဲ ကျွန်မတို့ ရှင့်ကိုရှာဖို့ ထွက်ခဲ့ကြတာပဲ”

“အဲဒီထဲက အခုထက်ထိ မင်းသူ့ကို ထပ်မတွေ့တော့ဘူးလား”

“ဟင့်အင်း”

ရှုးအော်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာသည်။

“သူက ကျွန်မအပေါ်ဆို အမြဲကောင်းတာ၊ ခရီးထွက်မယ်ဆိုလည်း ကျွန်မအတွက် အမှာစကား တစ်ခွန်လောက်ဖြစ်ဖြစ် အမြဲချန်ခဲ့တာ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ ... ဒီတစ်ခေါက်တော့ ... တကယ်ပဲ အသတ်ခံလိုက်ရတာ သေချာနေပါပြီ”

လုရှောင်ဖုန်း၏ မျက်ဝန်းများကတော့ သူအခြားအကြောင်းအရာတစ်ခုကို စဉ်းစားနေပုံရသည်။

“သူ ခဏခဏ အပြင်ထွက်တတ်လား”

“ဟိုးအရင်တုန်းကတော့ သူအပြင်သိပ်မထွက်ရဲပါဘူး၊ ဒါပေမယ့် အဖိုးဆုံးပြီးတဲ့နောက်ပိုင်း၊ သူပိုပိုပြီး ရဲတင်းလာတယ်၊ အပြင်ခဏခဏထွက်ရုံတင်မကဘူး၊ တစ်ခါတစ်လေဆို အပြင်မှာ တစ်လလောက်သွားနေတာ၊ ကျွန်မကတော့ သူအပြင်မှာ ရီးစားတွေဘာတွေ ရနေပြီ ထင်တာပဲ၊ ဒါပေမယ့် သူက ဘယ်လိုမေးမေး မပြောပြဘူး”

“ကျွန်မတို့ မိဘတွေက ဆုံးသွားတာ ကြာလှပြီ၊ ကျွန်မတို့က အဖိုးလက်ပေါ်မှာပဲ ကြီးခဲ့ကြတာ၊ ကျွန်မရဲ့ အစ်မက တစ်လောကလုံး အဖိုးကလွဲရင် ဘယ်သူ့မှကြောက်တာမဟုတ်ဘူး”

“အဲဒီတော့ မင်းရဲ့ ဦးလေးကရော မင်းအစ်မကို ဘာမှ မဆုံးမဘူးလား”

ရှုးအာက ခေါင်းခါပြလိုက်သည်။

“သူဆုံးမချင်ပေမယ့်၊ အစ်မကို မနိုင်ဘူး၊ တစ်ခါတုန်းကဆို၊ သူက အစ်မကို အခန်းထဲမှာ ပိတ်ထားတာ၊ ဒါပေမယ့် အစ်မက ရအောင်ထွက်ပြေးသွားသေးတာပဲ”

“မင်းဦးလေးက မင်းအစ်မပေါ်ကိုရော ဘယ်လိုသဘောထားလဲ”

“ဦးလေးက အစ်မကို ကြည့်မရဘူး၊ အမြဲတမ်းလိုလို ဆူပူနေတာ၊ ရှန်းကွမ်းမျိုးရိုးကို နာမည်ဖျက်တယ်ဆိုပြီးတော့၊ ဒါပေမယ့် အစ်မကတော့ လုံး၀ကို ဂရုမစိုက်ဘူး”

ရှုးအော်သည် သူ့နှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် သူ အစ်မကို သတ်လိုက်တာလို့ ကျွန်မထင်တယ်”

“မင်းအစ်မက မသေသေးပါဘူး”

“ရှင့်ဘယ်သူပြောတာလဲ”

“ဟွာမင်းလို မင်းအစ်မကို ဟိုတလောလေးကပဲ တွေ့လိုက်သေးတယ်”

“ဟွာမင်းလိုက ကျွန်မအစ်မကို တွေ့ခဲ့တယ်၊ သူက လင်းနို့လိုမျိုး မျက်စိကန်းနေတာ၊ ဘယ်လိုလုပ်ပြီး ကျွန်မအစ်မကို တွေ့မှာတဲ့တုန်း”

ရှုးအော်က အေးစက်စက်ရီမောကာ ပြန်ပြောလိုက်သည်။

“သူက မင်းအစ်မရဲ့ အသံကို မှတ်မိတာပေါ့”

ရှုးအော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“အဲဒါဆိုရင်တော့ ရှန်းကွမ်းတန့်ဖုန်းက ကျွန်မအစ်မ အယောင်ဆောင်တာပဲ ဖြစ်ရမယ်၊ သူတို့နှစ်ယောက်က ဟိုးငယ်ငယ်ကလေးထဲက တစ်ယောက်နဲ့တစ်ယောက် အရမ်းတူကြတာ၊ တစ်ယောက်အသံ တစ်ယောက်တုပြီးလည်း ပြောတတ်ကြတယ်၊ တစ်ခါတုန်းကဆို ကျွန်မကို မျက်စိပိတ်ပြီး၊ အစ်မရဲ့အသံနဲ့ ပြောတာ၊ ကျွန်မတောင် အရူးအလုပ်ခံလိုက်ရတယ်”

လုရှောင်ဖုန်း၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။ သူကြုံတွေ့နေရသော ပြသနာသည် ဆန်းပြားသလောက် စိတ်ဝင်စားစရာ ကောင်းလှသောကြောင့်ဖြစ်သည်။

ရှုးအော်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ

“အခု ရှင်ပြောပြမှာပဲ သိရတော့တယ်၊ ကျွန်မအစ်မကို သတ်သွားတဲ့သူက အဲဒီမိန်းမကလွဲရင် အခြား ဘယ်သူမှ မဟုတ်တာ သေချာတယ်”

“မင်းက ရှန်းကွမ်းတန့်ဖုန်းကို ပြောနေတာလား”

ရှုးအော်က ခေါင်းငြိမ့်ပြလိုက်သည်။

“အပေါ်ယံမှာတော့ သူက အစ်မကို အရမ်းကောင်းသလိုပဲ၊ ဒါပေမယ့် အဲဒါတွေ အားလုံးက ဟန်ဆောင်တာ သက်သက်ပဲ၊ အစ်မဆို အမြဲပြောတယ်၊ အစ်မက သူ့ထက် ပိုပြီးချော၊ ပိုပြီးတော်လို့၊ သူက အမြဲတမ်း မနာလိုဖြစ်နေတာ”

ရှုးအော်သည် လုရှောင်ဖုန်းကို စကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်သည်။

“သူ အစ်မကို သတ်ပြီးတော့မှ၊ တမင်တကာ ဟွာမင်းလိုနဲ့ သွားတွေ့တာ၊ အဲဒီတော့မှ ရှင်တို့က ကျွန်မအစ်မ မသေသေးဘူးလို့ ထင်မှာပေါ့”

လုရှောင်ဖုန်းသည် သက်ပြင်းကိုသာ ချလိုက်မိသည်။ ရှုးအော်၏ စကားများသည် ထူးဆန်းလွန်းသလို ဖြစ်နေသော်လည်း၊ ဖြစ်နိုင်ချေမရှိဟု မဆိုသာ။

ရှုးအော်က သူ့လက်ကို ဆွဲကာ ရုတ်တရက် လှမ်းပြောလိုက်သည်။

“အဲဒါကြောင့် ကျွန်မ ရှင့်ရဲ့အကူအညီ လိုနေတာပေါ့”

“ဘာအကူအညီတုန်း”

“ကျွန်မအစ်မရဲ့ အလောင်းကို တူးပေးဖို့”

“မင်းအစ်မရဲ့ အလောင်းကို ဘယ်မှာမြှုပ်ထားလဲဆိုတာ မင်းသိလို့လား”

“သိတာပေါ့၊ သေသေချာချာကို သိတာ”

လုရှောင်ဖုန်းသည် ရီချင်သော်လည်း မရီနိုင်။ ရှုးအော်၏ အမူအရာက တကယ့်ကို အလေးအနက်ထား ပြောနေသည့်ပုံမျိုး။

“ကျွန်မ ဥယျာဉ်ထဲမှာ လိုက်ရှာနေတာ ကြာပြီ၊ ဘယ်လိုမှ ရှာမတွေ့တာ၊ အခုမှပ သေချာသိတော့တယ်၊ ဒီနေရာမှာ သူ အစ်မကို သတ်ပစ်လိုက်တာ သေချာတယ်၊ ဒီနေရာမှာပဲ အစ်မရဲ့အလောင်းကို မြှုပ်ထားတာ”

လုရှောင်ဖုန်းသည် သက်ပြင်းချကာ

“မင်းကို ဘယ်လိုသိတာတုန်း”

“ကျွန်မရဲ့အဖိုးက သူ့နောက်ဆုံး အချိန်တွေမှာ တကယ့်ကို သူတော်စင်တစ်ပါးလို့ ကျင့်ကြံအားထုတ်ခဲ့တာ၊ အဖိုးက ဒီနေရာက ပရွတ်ဆိတ်တွေကို မသတ်ရုံ ဘယ်ကမလဲ၊ ပရွတ်ဆိတ်တွေ အတွက်ဆိုပြီး၊ ထမင်းခဲတွေတောင် ဒီကို ယူယူလာတတ်တာ၊ ဒီမြေကွက်လပ်မှာဆို ပရွတ်ဆိတ်တွေနဲ့ချည်း ပြည့်နေတာ”

စိတ်လှုပ်ရှားမှုကြောင့် ရှုးအော်၏မျက်နှာမှာ သွေးရောင်များ သန်းနေသည်။

“ဒါပေမယ့် အခုကျတော့၊ ကျွန်မ ဒီမှာ လေးနာရီလောက် ထိုင်ကြည့်နေတာတောင်မှ၊ ပုရွတ်ဆိတ် တစ်ကောင်မှကို မတွေ့ဘူး”

“အဲဒီတော့ မင်းက ဘယ်လိုထင်သတုန်း”

“ကျွန်မထင်တာကတော့ ဒီမြေကြီးထဲမှာ အဆိပ်တွေ ပျံ့နေပြီ”

စိတ်အားထက်သန်စွာဖြင့် သူ့စကားကို အလျှင်အမြန်ဆက်ပြောလိုက်သည်။

“အဲဒါကြောင့် ပုရွက်ဆိတ်တွေတောင် မနေရဲတော့ဘူး”

“အဆိပ်”

“အဲဒီမိန်းမ ကျွန်မအစ်မကို အဆိပ်နဲ့ လုပ်ကြံလိုက်တာ သေချာတယ်၊ အခု အဆိပ်တွေက အစ်မရဲ့ အလောင်းထဲကနေ မြေကြီးထဲကို စိမ့်ထွက်လာပြီး၊ အခုတော့ မြေကြီးပါ သေပြီထင်တယ်”

“မြေကြီးကလည်း အဆိပ်သင့်ပြီး သေတတ်တယ်လား”

“အင်းပေါ့၊ မြေကြီးမှာလည်း သေတာ၊ ရှင်တာ ရှိသေးတာပေါ့၊ ရှင်နေတဲ့ မြေကြီးပေါ်မှာပဲ၊ သစ်ပင်တွေ ပေါက်နိုင်တာ၊ အကောင်တွေ နေနိုင်တာပေါ့”

လုရှောင်ဖုန်း သက်ပြင်းထပ်ချမိသည်။

“မင်းအရမ်းကို အတွေးလွန်နေပြီ၊ လူတစ်ယောက်ဟာ ကလေးဘ၀ထဲက အရမ်းတွေးတတ်လွန်းရင်၊ အရွယ်ရောက်လာတဲ့အခါ၊ အရမ်းကို အိုသွားတတ်တယ်”

“အဲဒီတော့ ရှင်က ကျွန်မကို မကူညီနိုင်ဘူးပေါ့”

ရှုးအော်က သူ့ကို စူးစိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

“ဒီနေ့အတွက်တော့ ငါလုပ်ခဲတဲ့ ရူးကြောင်ကြောင် အလုပ်တွေက တော်တော်များနေပြီ”

လုရှောင်ဖုန်းသည် သူ့အဖြစ်အပျက်များကို ပြန်တွေးရင်း ပြုံးမိသည်။

ရှုးအော်က သူ့ကို အတန်ကြာစိုက်ကြည့်လိုက်ပြီးမှ

“ကယ်ကြပါဦး၊ ကယ်ကြပါဦး”

ရုတ်တရက် ထအော်လိုက်သည်။

“ကယ်ကြပါဦး၊ ကျွန်မကို လုရှောင်ဖုန်း မတော်မတရား ပြုကျင့်နေပါတယ်”

လုရှောင်ဖုန်း လန့်ဖြန့်သွားသည်။

“ဟင် ... မင်းကို ငါ ထိတောင် မထိရသေးဘူး၊ ဘာတွေလျှောက်အော်နေတာတုန်း”

“အော်ရုံတင်မကဘူး၊ နောက်ဆို ရှင့်အသိတွေနဲ့ တွေ့တိုင်း၊ ရှင် ကျွန်မကို မှန်မှန်ကြီး မတရားပြုကျင့်တယ်လို့ လိုက်ပြောမှာ”

“ငါက မင်းကို မှန်မှန်ကြီး မတရားပြုကျင့်တယ်”

သည်တစ်ခေါက် ထအော်မိသူကတော့ လုရှောင်ဖုန်းပင် ဖြစ်လေသည်။

“ဟို ... မှန်မှန်ကြီးဆိုတာက၊ ရှင်ကျွန်မကို ခဏခဏ မတရားကျင့်ပြီးပြီးလို့ ပြောတာ”

“မင်းလို ချာတိတ်မလေး လျှောက်ပြောသမျှ လူတွေက ယုံမယ်ထင်တယ်ပေါ့”

“မယုံတဲ့သူရှိရင်၊ ကျွန်မက အဝတ်အစားချွတ်ပြလိုက်ရုံပဲ ရှိတာပေါ့၊ အဲဒီတော့မှ ချာတိတ်မလေး ဟုတ်မဟုတ် အားလုံးသိသွားမှာ”

လုရှောင်ဖုန်းသည် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

“ဒီကောင်မလေးတော့ ရူးနေပြီ၊ ဆေးမမှီတော့အောင်ကို ရူးနေပြီ”

လုရှောင်ဖုန်းသည် မယုံကြည်နိုင်ဟန်ဖြင့် သူ့ခေါင်းကို ခါရင်း ပြောလိုက်သည်။

“ဟုတ်ပါ့၊ ကျွန်မက ရူးနေတာကိုး၊ အဲဒီတော့ ထပ်အော်လိုက်ဦးမယ်”

ရှုးအော်သည် ပြောပြောဆိုဆိုဖြင့် ထပ်အော်မည့်ဟန် ပြင်လိုက်သည်။

သည်တစ်ခေါက်တော့ လုရှောင်ဖုန်းက သူ့ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်လိုက်သည်။

“မင်း ငါ့ကို အခုချက်ချင်းကြီးတော့ မတူးခိုင်းဘူးဟုတ်”

ရှုးအော်က ခေါင်းငြိမ့်ပြလိုက်သည်။

“ရှင် ကျွန်မကို ကူညီမယ်ပေါ့”

လုရှောင်ဖုန်း သူ့ပါးစပ်မှ လက်ကို ဖယ်ပေးလိုက်သည်နှင့် လှမ်းမေးလိုက်သည်။

“မင်း ဘယ်ကများ အဲလိုနည်းမျိုး တတ်လာသလဲ ငါတော့ မစဉ်းစားတတ်အောင်ကိုပဲ”

လုရှောင်ဖုန်းသည် သူတစ်နေ့တာ ကြုံတွေ့ခဲ့ရသမျှ အဖြစ်များကို ပြန်တွေးကာ၊ မချိပြုံးပြုံးရင် ပြောလိုက်သည်။

ရှုးအော်ကလည်း ပြုံးကာ

“ဒါက မိန်းမတွေ ယောက်ျားတွေအပေါ် သုံးနေကျ နည်းလမ်းဟောင်း သုံးခုထဲက တစ်ခု၊ ကျွန်မလည်း အခုမှ ဒီနည်းက တကယ်အလုပ်ဖြစ်မှန်း သိတော့တယ်”

“နောက်နည်းနှစ်ခုကရော ဘာတွေတုန်း”

“ဘာလို့ပြောပြရမှာတုန်း၊ ရှင်နဲ့တွေ့ရင် နောက်တစ်ခါသုံးဖို့ ချန်ထားရဦးမှာပေါ့”

ရှုးအော်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ထလိုက်သည်။

“ကျွန်မ ရှင့်အတွက် ဂေါ်ပြားတစ်ခု သွားရှာလိုက်ဦးမယ်၊ ရှင် ဒီနားမှာ လိမ်လိမ်မာမာနဲ့ စောင့်နေရစ်နော်၊ ညကျရင် ရှင့်အတွက် ခိုတွေလည်း ခိုးလာခဲ့ပေးမယ်၊ ကြော်ပြီးတော့ ရှင်အရက်နဲ့မြည်းလို့ရတာပေါ့”

“ခိုတွေ”

“ကျွန်မအစ်မက ခိုတွေလည်း အများကြီးမွေးထားတာ၊ ခါတိုင်းဆိုရင်တော့ သူ့ခိုတွေနား ကပ်တာ လုံး၀မကြိုက်ဘူး၊ အခုတော့ သူလည်း ဂရုမစိုက်လောက်ဖူး ထင်ပါရဲ့”

ရှုးအော်၏ မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းခြင်း အရိပ်အယောင်များ ပေါ်လာကာ၊ ရုတ်တရက် ကျောခိုင်းပြီး ပြေးထွက်သွားလေသည်။

လေထဲတွင် လှုပ်ရှားနေသော ရှုးအော်၏ ကျက်ဆံမြီးအစုံကို ကြည့်ကာ လုရှောင်ဖုန်း၏ မျက်နှာပေါ်တွင်လည်း အလွန်တရာမှ ထူးခြားသော အရိပ်ယောင်များ ပေါ်လာသည်။ သူ ရုတ်တရက် ရှုးအော်ဆီသို့ ပြေးသွားကာ

“ငါလည်း မင်းနဲ့လိုက်ပြီး ဂေါ်ပြားလိုက်ရှာပေးမယ်”

“ဘာလို့တုန်း”

လုရှောင်ဖုန်းက ရီမောကာ

“မင်းကို အဲဒီခိုတွေ ချီသွားမှာ စိုးလို့ပေါ့”

သူ့အပြုံးက ထူးဆန်းသော အသွင်သဏ္ဍန်ကို ဆောင်နေသည်။

ရှုးအော်က သူ့ကို စိုက်ကြည့်ကာ

“ရှင်က ကျွန်မလည်း အစ်မလို အစရှာမရဘဲ ပျောက်သွားမှာ စိုးရိမ်လို့ဟုတ်”

လေအေးတစ်ချက်က တိုက်ခက်သွားသည်။ ပန်းခြုံများထဲမှာ ပျံလွှားငှက်များ ထပျံသွားကြသည်။ ကောင်းကင်ကတော့ မည်းသထက် မည်းမှောင်လာပေသည်။

လုရှောင်ဖုန်းသည် ကောင်းကင်မိုးသားအောက်တွင် ပျောက်ကွယ်သွားသော ပျံလွှားငှက်များကို ကြည့်ရင်း သက်ပြင်းချကာ

“ပျံလွှားတွေတောင် ဒီမှာ မနေချင်တော့ဘူး၊ လူတွေဆိုရင်တော့ ... ”

ရှန်းကွမ်းဖေးရန်သည် ထိုပျံလွှားငှက်များပမာ တံတိုင်းများကို ကျော်ဖြတ်ကာ ပျံသန်းသွားခဲ့လေသလား။ သို့မဟုတ် မဟာပထဝီ မြေကြီးအောက်တွင် မြှုပ်နှံခြင်းခံခဲ့ရလေသလား။

ရှန်းကွမ်းတန့်ဖုန်းသည် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရပါသနည်း။ ရွှေဂဠုန်ဧကရာဇ်သည် သူဘယ်ဆီကို ရောက်နေသလဲ သိနှင့်နေသောကြောင့်၊ သူ့အကြောင်း တစ်ခွန်းမှ မဟခဲ့ခြင် ဖြစ်လေမလား။

ဖြတ်လိုက်သည့် ရွှေဂဠုန်ဧကရာဇ်၏ ခြေထောက်နှစ်ဖက်တွင် ခြေချောင် ခြောက်ချောင်း ရှိနေပါသလား။ ဤမေးခွန်းများကို ဘယ်သူဖြေဆိုနိုင်အံ့နည်း။

အမှောင်ထုက သိပ်သည်းသတက် သည်းလာသည်။ တိုက်ခတ်လာသော လေသည်ပင် ပို၍အေးကာ လတ်ဆတ်လာသည်။ သန့်ရှင်းလတ်ဆတ်သော လေအေးက သူ့အရေပြားကို ပွတ်တိုက်သွားသည်နှင့်၊ ညအချိန်ရောက်ပြီမှန်း ဟွာမင်းလို သိလိုသည်။ ထိုနည်းဖြင့်ပင် သူနေ့နှင့်ည ခွဲခြားနိုင်ခြင်းဖြစ်သည်။ သူ့အရေပြားသည် သူ့နားနှင့်နှားခေါင်းများကဲ့သို့ပင်၊ အာရုံခံနိုင်စွမ်းက သာမန်လူတစ်ယောက်ထက် ပိုမြင့်သည်။

ယခုအချိန်တွင်တော့ ဟွာမင်းလိုသည် ညဦးယံ ဧပရယ်လေပြေညင်း၏ လတ်ဆတ်မှုကို အရသာမခံစားနိုင်ပေ။ သူ့စိတ်၊ သူ့နှလုံးအိမ် နှောက်ကျိရှုပ်ထွေးနေသည်။ ရှန်းကွမ်းဖေးရန်ကို ထိုအရက်ဆိုင်ငယ်လေးထဲတွင် တွေ့ခဲ့ပြီးချိန်မှစ၍၊ သူ့နှလုံးသား မတည်မငြိမ်နှင့် ခံစားချက်များ အရောရောအထွေးထွေးဖြစ်နေသည်။ အထူးသဖြင့် သူတစ်ယောက်ထဲ ရှိနေချိန်များတွင် ဖြစ်သည်။ တစ်ခုခုမှားယွင်းနေသည်ဆိုသော ခံစားချက်ကြီးကို သူဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့ မရဖြစ်နေသည်။ သို့သော် မည်သည့်အရာက မှားယွင်းနေသည်ကိုလည်း သူအဖြေရှာမရနိုင်။

ညစာစားချိန်သို့ပင် ရောက်လုပြီ။ အခုချိန်အထိ လုရှောင်ဖုန်း ပြန်မလာသေးပေ။ ရွှေဂဠုန်ဧကရာဇ်ကြီးထံမှလည်း ညစာအဆင်သင့်ဖြစ်ကြောင်း အခိုင်းအစေတစ်ယောက်ယောက်ကို စေလွှတ်ကာ အကြောင်းကြားလာခြင်း မရှိသေး။ အခြေအနေက ပြောင်းလဲနေသည်ကို သူခံစားလို့ရနေသည်။ သို့သော် မည်သို့မည်ပုံ ပြောင်းလဲနေသည်ကိုတော့ သူအတိအကျ မပြောနိုင်။

ထိုအချိန်မှာပင်၊ သူအမွှေးရနံ့တစ်ခုကို လေထဲက ရလိုက်သည်။ သူ့နှလုံးအိမ်တစ်ခုလုံးကို ဆောက်တည်ရာမရဖြစ်အောင် ဗြောင်းဆန်သွားစေသော မွှေးရနံ့လေးပင်။ရှန်းကွမ်းဖေးရန် ပြန်လာပြီလား။ ပြတင်းပေါက်ဘောင်ကို လက်ဖြင့်ညင်သာစွာ ထောက်ကာ၊ သူခုန်ထွက်သွားလိုက်သည်။ သူ့အာရုံခံစားမှုများက သူ့ကို ဘယ်တော့မှမညာဘူးဆိုတာ သူယုံသည်။

သူဘာကိုမှတော့ မမြင်ရ။ သူ့ကမ္ဘာတွင် မည့်သည့်အခါကမှ အလင်းမရှိခဲ့။ အရောင်အဆင်းမရှိခဲ့။ အမှောင်အတိ။ မျှော်လင့်ချက်ကင်းမဲ့သော အမှောင်အတိသာ။

သူရလိုက်သည့် အမွှေးရနံ့သည် ပန်းရနံ့မျာဖြင့် ရောသွားသောကြောင့်၊ ဘယ်ဆီသို့လိုက်မရလဲ မသိသလို ဖြစ်သွားသေးသည်။ သို့သော် ထိုအမွှေးရနံ့ကို အများဆုံးရမိသည့်ဖက်မှ အသံတစ်ခုကို သူကြားလိုက်ရသည်။

“ကျွန်မ ပြန်လာပြီ”. ရှန်းကွမ်းဖေးရန်၏ အသံပင်ဖြစ်သည်။

ဟွာမင်းလိုသည် သူ့ရင်ထဲတွင် ဗြောင်းဆန်နေသော ခံစားချက်များကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။ အချိန်အနည်းငယ်ကြာမှ၊ စိတ်ကိုဖြေလျှော့ကာ၊ သက်ပြင်းချလိုက်ပြီး

“မင်း တကယ်ပဲ ပြန်လာပြီပေါ့”

“ကျွန်မပြန်လာမယ်ဆိုတာ ရှင်ကြိုသိထားခဲ့တာလား”

“မသိပါဘူး၊ မျှော်လင့်မိတာ သက်သက်ပါ”

“ရှင်ကျွန်မအကြောင်း စဉ်းစားနေတာပေါ့”

ဟွာမင်းလို ပြုံးလိုက်သည်။ သူ့အပြုံးထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ပါနေသည်။ ပျော်ရွှင်ခြင်းလား။ ခါးသီးစွာ ကြေကွဲဝမ်းနည်းခြင်းလား။

သို့သော် ရှန်ကွမ်းဖေးရန်ကတော့ သူ့ဆီကို လျှောက်လာပြီး၊ သူ့လက်ကို ဆွဲကိုင်လိုက်သည်။

“ဘာတွေဖြစ်နေတာတုန်း၊ ကျွန်မပြန်လာတာ မပျော်ဘူးလား”

“ငါ ... ငါ ဘယ်လိုမှ စဉ်းစားမရတာ တစ်ခုရှိနေတယ်”

“ဘာကိုလဲ”

“ပြီးခဲ့တဲ့ နှစ်ခေါက် မင်းကိုတွေ့တိုင်း၊ ငါ့စိတ်ထဲမှာ အခြားသူတစ်ယောက်ကို သွားသွားတွေးမိနေတယ်”

“ဘယ်သူလဲ”

“ရှန်းကွမ်းတန့်ဖုန်း”

သူ ထိုနာမည်ကို ပြောလိုက်သည်နှင့်၊ ရှန်ကွမ်းဖေးရန်သည် သူ့လက်ကို မဆိုစလောက်လေး ညစ်လိုက်မိသည်ကို ခံစားလိုက်ရသည်။


“ရှင်က ကျွန်မနဲ့ တွေ့တာကိုမှ၊ သူ့အကြောင်း စဉ်းစားနေသေးတယ်၊ ဟုတ်လား”

ရှန်ကွမ်းဖေးရန်က မနာလိုဖြစ်သည့် လေသံဖြင့် ပြန်မေးလိုက်သည်။

“အင်း”

“ဘာလို့တုန်း”

“ဘာလို့လဲဆိုတော့ ... တစ်ခါတစ်လေ ... ငါ့ ... ငါ့စိတ်ထဲမှာ မင်းနဲ့သူနဲ့ကို တစ်ယောက်ထဲလိုပဲ ခံစားရမိလို့”

ရှန်းကွမ်းဖေးရန်က ရီမောလိုက်သည်။

“အဲဒါက ဘယ်လိုကြောင့်တုန်း”

“ငါလည်း မစဉ်းစားတတ်ဘူး ... အဲဒါကြောင့် ငါ့စိတ်ထဲမှာ ထူးဆန်းသလို ခံစားနေရတာ”

“ရှင်လည်း ကျွန်မညီမ ပြောတာတွေကို ယုံနေပြီလား၊ ရှန်ကွမ်းဖေးရန်က အသတ်ခံလိုက်ရပြီ၊ အခုဒီရှန်းကွမ်းဖေးရန်ဆိုတာ တကယ်တော့ ရှန်းကွမ်းတန့်ဖုန်းက အယောင်ဆောင်နေတယ် ဆိုတာလေ”

ဟွာမင်းလို ဘာမှပြန်မပြောချေ။ သူ့ရင်ထဲတွင် ထိုကဲ့သို့ သံသယဝင်နေသောကြောင့်ပင်ဖြစ်သည်။ သူချစ်မိနေသော မျက်နှာလေးတစ်ခုရှေ့တွင် သူမညာချင်။

“ရှင် ချွေ့ရိတုန်ကို မှတ်မိသေးလား၊ ခေါင်းမိုးပေါ်ကို နှင်းစက်လေးတွေ ကျတဲ့အသံ ကြားဖူးလားလို့ ကျွန်မကို မေးခဲ့တာရော သတိရသေးလား၊ နွေဦးမှာ ပန်းလေးတွေ ပွင့်လာကြတဲ့အခါ၊ ဘ၀ရဲ့ ဆန်းကြယ်မှုတွေကို ရှင်စဉ်းစားမိဖူးလား၊ ဆောင်းဦးကာလမှာ တိုက်ခတ်လာတဲ့ လေတွေက ဟိုးအဝေးတောင်တန်းတွေဆီက၊ သစ်ပင်တွေ၊ တောတန်းတွေရဲ့ ရနံ့တွေ သယ်ဆောင်လာတတ်တယ်ဆိုတာရော၊ သိရဲ့လား”

ဟွာမင်းလို မှတ်မိပါသည်။ ထိုမေးခွန်းများမှာ၊ သူကိုယ်တိုင် မေးခဲ့ဖူးခြင်းဖြစ်ပြီး၊ ယခုရှန်ကွမ်းဖေးရန်က သူ့ကိုတစ်လုံးမကျန် ပြန်ရွတ်ပြနေခြင်းသာ ဖြစ်သည်။

“ကျွန်မသာ ရှန်းကွမ်းတန့်ဖုန်းဆိုရင် အဲဒီစကားတွေကို ဘယ်လိုလုပ်သိနေမှာတဲ့လဲ၊ ဘယ်လိုလုပ်ပြီး သေသေချာချာ မှတ်မိနေမှာတဲ့လဲ”

ဟွာမင်းလို ပြုံးလိုက်သည်။ သူ့ရင်ထဲမှာ သံသယစိတ်များသည်၊ အစိုးရိမ်ပိုနေခြင်း သက်သက်သာဖြစ်သည်ဟု၊ ခံစားလိုက်ရသည်။ သူ့ရင်ထဲတွင် ထိုမိန်းကလေးအတွက် ကြင်နာခြင်းများ ပြည့်နှက်လာပြန်ကာ၊ ရှန်ကွမ်းဖေးရန်၏ ဆံနွယ်များကို၊ သူ့လက်နှင့် ညင်သာစွာ သပ်ပေးလိုက်သည်။

ရှန်ကွမ်းဖေးရန်သည် သူ့ရင်ခွင်ထဲကို တိုးဝင်လာပြီး၊ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူ့နှလုံးသားထဲတွင်တော့ ဖော်မပြေနိုင်လောက်သော ပျော်ရွှင်ကျေနပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာခြားတစ်ခုဆီကို ရောက်ရှိနေသည့်အလားပင်။ ထိုအချိန်လေးမှာပင်၊ ရှန်းကွမ်းဖေးရန်၏ လက်သည်၊ သူ့ဦးခေါင်းနောက်ဖက်ရှိ ကျောက်စိမ်းခေါင်းအုံး သွေးကြောဆီသို့ ရောက်ရှိလာသည်ကို သိလိုက်ရသည်။ ထို့နောက်တွင်တော့ သူခံစားချက်များ လုံး၀ကင်းမဲ့သွားလေသည်။

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

0 comments:

Post a Comment