Sunday, May 1, 2011

(၁၁) လူတကာ့လူဇော် [part2]

ထိုနေရာတွင် မီတာဝက်ခန့်ကျယ်ပြီး ၁ မီတာခန့် နက်သောကျွင်းကြီးတစ်ခု တူးခဲ့ပြီးဖြစ်သည်။ လုရှောင်ဖုန်း၏ တစ်ကိုယ်လုံး ချွေးများရွှဲစိုနေရ၏။

ရှန်းကွမ်းရှူးအော်က ကျွင်းပေါ်၌ ဆောင့်ကြောင့်ထိုင်နေပြီး လက်နှစ်ဘက်ဖြင့် မေးထောက်ထားကာ လုရှောင်ဖုန်းအား ခပ်မြန်မြန်တူးရန် အဆက်မပြတ် ဆော်ဩနေသည်။

“ဘာလို့ရပ်နေတာလဲ... ဆက်တူးပါလား။ တူးစမ်းပါ... ရှင့်ကိုကြည့်ရတာ သန်သန်မာမာကြီးနဲ့ ဘာမှကိုအသုံးမကျဘူး။”

လုရှောင်ဖုန်း ချွေးများကို အင်္ကျီလက်စဖြင့် သုတ်သင်လိုက်၏။



“ဘာကြောင့်လဲဆိုတော့ ကျုပ်အခုချိန်ထိ ဘာမှ မစားရသေးဘူး။ အမှန်တကယ်ဆိုရင် သက်တောင့်သက်သာ ခုံတစ်လုံးမှာ အခန့်သားထိုင်နေပြီး မင်းဦးရီးတော်နဲ့ အရက်ထိုင်သောက်နေရမှာကွ။” ပြီးနောက် ပြုံးလျက် ထပ်ဆိုလိုက်ပြန်သည်။ “အခုတော့ သောက်ရူးတစ်ယောက်လိုပဲ ဒီမှာလာပြီး မြေကြီးတူးနေရပါလား။”

ရှူးအော် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

“ကျမလို ချာတိတ်မလေးတစ်ယောက်ကို မြေကြီးတူးခိုင်းပြီး ရှင်က အပေါ်ကနေ ထိုင်ကြည့်ချင်နေတယ်ပေါ့လေ။”

“မဟုတ်ရပါဘူးကွာ... ဒါကြောင့်လည်း ကျုပ် ဒီမှာဒုက္ခခံနေတာပေါ့။”

“ရှင်ဘာပြောလိုက်တာလဲ။ ဒုက္ခခံနေရတယ်.. ဟုတ်လား။ ဒီအလုပ်က ဂုဏ်တောင် ယူရဦးမှာရှင့်။”

“ဂုဏ်ယူစရာအလုပ်... ဟုတ်လား။”

“တခြားယောက်ျားတွေ ကျမရှေ့ လာဒူးထောက်ပြီး ကျွင်းတူးပေးပါရစေ ဆိုပြီး ပြောလာခဲ့ရင် ကျမလှည့်ကြည့်မှာတောင် မဟုတ်ဘူး။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ ဤမိန်းမဆိုးငယ်လေးကို သူလာမရှာခဲ့သင့်မှန်း နောင်တရသွားသည်။ ပြီးနောက် သူမနှင့် စကားမပြောခဲ့သင့်မှန်းကိုလည်း နားလည်သွားခဲ့သည်။

သို့သော် သူ့အတွေးများ မှားယွင်းသွားခဲ့ကြောင်း ချက်ချင်းလိုလို သဘောပေါက်သွားခဲ့ပြန်၏။ ပေါက်တူးဖြင့် နောက်တစ်ချက် ပေါက်ချလိုက်ချိန်တွင် မြေမှုန်များကြားမှ အနီရောင် အဝတ်တစ်စ ထွက်ပေါ်လာသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။

ရှူးအော်သည်လည်း ထခုန်ရပ်လိုက်ပြီး ဖြစ်နေသည်။

“ကြည့်စမ်း... ကျမပြောတာ မှန်တယ်မဟုတ်လား။ ဒီနေရာမှာ တစ်ယောက်ယောက်ကို မြှုပ်ထားခဲ့တာပဲ။”

ဤတစ်ကြိမ်တွင်တော့ သူမက လုရှောင်ဖုန်းကို နားကလောအောင် မပြောတော့ဘူးဆိုလျှင်ပင် သူ့ပေါက်တူးဖြင့် ဆက်လက်တူးဆွနေဦးမည်ဖြစ်သည်။ လုရှောင်ဖုန်း ပေါက်တူးကို ဘေးသို့ချထားလိုက်ပြီး ဂေါ်ပြားကို ကောက်ယူလိုက်သည်။ လူသေအလောင်းကောင်သည် တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာလေတော့၏။ အံ့အားသင့်စရာကောင်းလှစွာ... ထိုအလောင်းကောင်ကြီးသည် မပုတ်မသိုး ရှိနေဆဲလည်း ဖြစ်သည်။

ကျွင်းထိပ်တွင် ချိတ်ဆွဲထားသည့် မီးအိမ်ကို ရှူးအော် ယူဆောင်လာ၏။ အလောင်းကောင်၏ မျက်နှာပေါ်သို့ မီးရောင် ထိုးကျလာသောအခါ...

ရှူးအော်သည် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး ကိုင်ဆောင်ထားသည့် မီးအိမ်သည်ပင် လုရှောင်ဖုန်းပေါ်သို့ ကျမိမတတ် ဖြစ်သွားခဲ့၏။

လုရှောင်ဖုန်းသည်လည်း အံ့အားသင့်နေသည်။ သူ့ဘဝတစ်လျှောက်လုံး ဤမျှ အံ့အားသင့်ဖွယ်ကောင်းသောအရာ တစ်ခါမှ မတွေ့ခဲ့ဖူး။

လူသေကောင်သည် ရှန်းကွမ်းဖေးယန် မဟုတ်ဘဲ ရှန်းကွမ်းတန့်ဖုန်း ဖြစ်နေလေသည်တကား။...

ရှူးအော်၏ လက်များ တဆတ်ဆတ် တုန်ခါနေသောကြောင့် မီးအိမ်၏ အလင်းရောင်သည်လည်း ယိမ်းယိုင်နေရ၏။

သူသေ၏မျက်နှာမှာ မပုတ်ပွသေးသည့်ပြင် အသက်ထင်ရှားရှိနေစဉ်ကအတိုင်း ရှိနေဆဲဖြစ်သည်။ မျက်လုံးအိမ်ထဲမှ ပြူးပြူးကြီး ထွက်နေသော မျက်လုံးများက လုရှောင်ဖုန်းကို စိုက်ကြည့်နေသယောင်ယောင်...

လုရှောင်ဖုန်းသည် သူရဲဘောကြောင်သူတစ်ယောက် လုံးဝမဟုတ်သော်လည်း သူနှင့် ရှန်းကွမ်းတန့်ဖုန်းတို့ စောစောတုန်းက စကားလက်ဆုံကျခဲ့ကြသည်များကိုလည်းကောင်း၊ သူမ၏ ချိုသာသော အပြုံးလေးများကိုလည်းကောင်း  တွေးမိသွားခဲ့ပြီး သူ့လက်များက အကြောဆွဲသလိုဖြစ်လာကာ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဂေါ်ပြားကိုပင် မကိုင်ဆောင်ထားနိုင်တော့ချေ။

“ဖုတ်”

သူ့လက်ထဲမှ ဂေါ်ပြားသည် အလောင်းကောင်ပေါ်သို့ ကျရောက်သွားတော့သည်။ ထိုအချိန်ကျမှ သတ္တုချင်းထိသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရပြန်သည်။ လုရှောင်ဖုန်း ခါးကုန်းပြီး အလောင်းကောင်ကို ကိုင်ကြည့်လိုက်ရာ အလောင်းကောင်ကြီးသည် အေးစက်မာကျောနေရုံမကသေး၊ သတ္တုများဖြင့် ပြုလုပ်ထားသလိုမျိုးလည်း ခံစားလိုက်ရပြန်၏။

သူ့လက်များသည်လည်း အေးစက်လာတော့သည်။ ကိုယ့်ကိုယ်ကို ပြန်မမြင်နိုင်တော့အောင်လည်း အမြင်အာရုံများ ဝေဝါးလာခဲ့သည်။

“သူ တကယ်ပဲ အဆိပ်မိ သေသွားခဲ့တာကိုး။”

“သူ့ကို ဘယ်သူက အဆိပ်ခတ်သတ်ခဲ့တာလဲ။”

ထိုမေးခွန်းကို လုရှောင်ဖုန်း ပြန်မဖြေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ပြန်ဖြေရန် အဖြေမရှိနေသောကြောင့်ဖြစ်၏။

ရှူးအော်-“အဆိပ်မိပြီး သေတယ်ဆိုရင် အလောင်းကောင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ ခပ်မြန်မြန်ပဲ ပျက်ဆီးသွားခဲ့ကြတယ် မဟုတ်လား။ ကြည့်ရတာ သူ သေသွားခဲ့တာ သိပ်မကြာသေးဘူးနဲ့တူတယ်။”

“သူ သေသွားခဲ့တာ တော်တော်လေး ကြာသွားခဲ့ပါပြီ။”

“ရှင်က ဘယ်လိုလုပ်ပြီး သိနိုင်ရတာလဲ။”

“ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေဟာ မြေကြီးထဲကို စိမ့်ဝင်သွားခဲ့ပြီးဖြစ်နေလို့ပဲ။”

ထိုစကားများက ရှူးအော် တစ်ချိန်တုန်းက ပြောခဲ့ဖူးသည့် စကားများလည်း ဖြစ်နေပြန်သည်။ သူမ အမှန်အတိုင်း ပြောခဲ့ခြင်းဖြစ်သည်မှာ သံသယအလျင်း ရှိစရာမလိုတော့ချေ။

လုရှောင်ဖုန်း ထပ်မံဖြည့်စွက်ပြောလိုက်သည်။ “ပြီးတော့ ဒီနေရာက မြေကြီးကိုလည်း ကြည့်လိုက်စမ်းပါဦး... မြေခင်းအနေအထားပြောင်းလဲနေတာ အနည်းဆုံး ၁ လ ၂ လလောက်တော့ ရှိပြီ။”

“ဒါဆိုရင် သူသေသွားခဲ့တာ ၁ လ ၂ လ လောက်တောင်ရှိနေပြီပေါ့။”

“ဟုတ်တယ်”

“ဒါဆိုရင်လည်း သူ့ခန္ဓာကိုယ်ကြီးက ဘာဖြစ်လို့ မပျက်စီးသွားသေးတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ သူမိထားခဲ့တဲ့ အဆိပ်တွေဟာ သိပ်ကိုဆန်းကြယ်ပြီး ထူးဆန်းလွန်းတဲ့အဆိပ်တွေ ဖြစ်နေလို့ပဲ။ တချို့အဆိပ်တွေဆိုရင် အလောင်းကို နှစ်ပေါင်းများစွာအထိ မပုတ်မသိုးဘဲ ရှိစေနိုင်တယ်။ ပြီးတော့ ဒီနေရာက မြေကြီးဟာ သိပ်ပြီးခြောက်သွေ့လွန်းနေတယ်။ ပုရွက်ဆိတ်တို့ တခြားပိုးကောင်ပိုးမွှားတွေရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရဘူး။ ဒီနေရာမှာ နောက်ထပ်အလောင်းတွေ မြှုပ်ဦးမယ်ဆိုရင်တောင်မှ ပုတ်သိုးသွားဖို့ မလွယ်ဘူး။”

သူ့စကားသံက တပြေးညီတည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ပါးစပ်က ပြောနေသော်လည်း သူ့အတွေးများ တခြားတစ်နေရာသို့ ရောက်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ သူ့မှာ တွေးစရာတွေ တပုံတခေါင်းကြီး ရှိနေသည်မဟုတ်ပါလား။

ရှူးအော်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။

“လွန်ခဲ့တဲ့ ၁ လ ၂ လလောက်တုန်းကဆိုရင် ကျမရဲ့အစ်မက ဟွာမင်းလိုနဲ့တောင် မတွေ့ဖူးသေးဘူး။” သူမက ဗလုံးဗထွေး ရေရွတ်လိုက်၏။

အတွေးထဲနစ်မြုပ်နေသည့် လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။

“ကျမရဲ့အစ်မ ဟွာမင်းလိုကို ခေါ်လာပြီးတဲ့နောက်မှ ရှင့်ကိုရှာဖို့ ကျမ သူနဲ့လိုက်ခဲ့တာ။”

“မှန်တယ်”

“သူသာ ပြီးခဲ့တဲ့ ၁လ ၂လလောက်တုန်းက သေသွားခဲ့မယ်ဆိုရင် ရှင့်ကို ရှာဖို့ ဘယ်လိုလုပ်ပြီး လိုက်ပါနိုင်ခဲ့မှာတဲ့လဲ။ ရှင်နဲ့လည်း ဘယ်လိုလုပ်ပြီး တွေ့ခဲ့မှာတဲ့လဲ။”

“ကျုပ်တွေ့ခဲ့တဲ့ ရှန်းကွမ်းတန့်ဖုန်းက ရှန်းကွမ်းတန့်ဖုန်းအစစ် မဟုတ်လို့ပေါ့။”

“ဒါဆိုရင် ဘယ်သူများဖြစ်နိုင်မလဲ။”

သူမ၏မေးခွန်းကို လုရှောင်ဖုန်း ပြန်မဖြေခဲ့သည့်ပြင် သူမကို ထပ်မံမေးခွန်း ထုတ်လိုက်၏။

“ဒီနှစ်လအတောအတွင်း မင်းရဲ့အစ်မနဲ့သူ့ကို အတူတူတွဲပြီး မြင်ခဲ့သေးလား။”

ရှူးအော် အတန်ကြာစဉ်းစားနေခဲ့ပြီးနောက် ခေါင်းခါပြလိုက်သည်။

“ကျမ မတွေ့ခဲ့မိဘူးလို့ထင်တာပဲ။”

“ပြီးခဲ့တဲ့ နှစ်လအတွင်း မင်းအပေါ် သူ့ရဲ့ဆက်ဆံရေးတွေ ပြောင်းလဲခဲ့တယ်လို့ကော သတိထားမိလား။”

ရှူးအော် အတန်ကြာမျှ စဉ်းစားနေလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ အရင်တုန်းကဆို သူနဲ့ကျမတွေ့တိုင်း ကျမကို ရယ်စရာလေးတွေ ပြောမယ်၊ ကျမနဲ့ရပ်ပြီး စကားတွေပြောမယ်... ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကျမကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေခဲ့တာ သတိထားမိတယ်။”

“ဘာလို့လဲဆိုတော့ သူဟာ ရှန်းကွမ်းတန့်ဖုန်းအစစ် မဟုတ်မှန်း မင်းသိသွားမှာ ကြောက်လို့ပေါ့ကွာ။”

ရှူးအော် မျက်နှာအပျက်ပျက်ဖြင့် မေးမြန်းလိုက်၏။ “ဒါဆိုရင် သူကဘယ်သူများ ဖြစ်နေမလဲ။ ဒီလောက်တောင် ချွတ်စွပ်တူနေတာဆိုတော့...”

သူမ ရုတ်တရက် ထခုန်မိလိုက်တော့သည်။ ပြီးနောက် အံ့အားသင့်စွာ အကျယ်ကြီး အော်ပြောမိမတတ်လည်း ဖြစ်သွားခဲ့ပြန်၏။ “ဒါဆိုရင် ရှန်းကွမ်းတန့်ဖုန်းအဖြစ် ဟန်ဆောင်ထားသူဟာ ကျမရဲ့အစ်မ ဖြစ်နေတယ်လို့ ရှင်ဆိုလိုချင်တာလား။”

လုရှောင်ဖုန်း ဘာမှပြန်မပြောခဲ့ပါ။ တခါတရံတွင် ဆိတ်ဆိတ်ငြိမ်နေခြင်းက ဝန်ခံခြင်းပင် မဟုတ်ပါလား။

လုရှောင်ဖုန်းကို ရှူးအော် စူးစူးစိုက်စိုက်ကြီး ကြည့်နေသည်။

“ရှန်းကွမ်းတန့်ဖုန်းက ကျမရဲ့အစ်မကို သတ်ခဲ့တာမဟုတ်ဘဲ ကျမရဲ့အစ်မကသာ ရှန်းကွမ်းတန့်ဖုန်းကို သတ်ခဲ့တာလို့ ရှင်ပြောချင်နေတာလား။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်တော့သည်။

“ကျုပ်သိတာကတော့ ရှန်းကွမ်းတန့်ဖုန်း သေသွားခဲ့ပြီဆိုတဲ့အချက်ပဲ။”

“ဒါပေမဲ့ ကျမရဲ့အစ်မက ရှန်းကွမ်းတန့်ဖုန်းကို ဘာဖြစ်လို့ သတ်ခဲ့ရမှာလဲ။ လုံလောက်တဲ့အကြောင်းပြချက် ရှင်ပေးနိုင်လို့လား။”

လုရှောင်ဖုန်း ဘာမှ မဖြေနိုင်ခဲ့ပါ။ သူ့မှာ ဖြေစရာအဖြေ တစ်ခုမှ မရှိသောကြောင့်လား။ သို့တည်းမဟုတ် မဖြေချင်၍လား။ ရုတ်တရက်ဆိုသလို ဒူးထောက်ထိုင်ချလိုက်ပြီး အလောင်း၏ဖိနပ်တစ်ဘက်ကို ချွတ်ယူရန် ကြိုးစားလိုက်သည်။

ရှူးအော်က အံ့အားသင့်စွာ မေးမြန်းလိုက်၏။ “ရှင် ဘာလုပ်မလို့လဲ။”

“သူ့ခြေထောက်ကို ကျုပ်ကြည့်ချင်တယ်။”

ရှူးအော် အော်ဟစ်ပြောဆိုလိုက်သည်။ “ရှင် ရူးနေပြီ။ တကယ်ကြီးကို ရူးသွားပြီ။”

လုရှောင်ဖုန်း သက်ပြင်းသာချလိုက်သည်။

“ဒါဟာ ရူးသွပ်မှုတစ်ခုဆိုတာ ကျုပ်လည်းသိပါတယ်။ ဒါပေမဲ့ သူ့ခြေထောက်တွေကိုတော့ ကြည့်ရမှကိုဖြစ်မယ်။” သူ့မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့နေ၏။

ဖိနပ်ကို ချွတ်လိုက်သောအခါ... နူးညံ့ချောမွတ်နေသော ခြေဖဝါးထိပ်တွင် ခြေချောင်းလေး ၆ ချောင်း ရှိနေလေ၏။

ရှူးအော် အသံတိတ်သွားခဲ့သည်။ အတန်ကြာမှ သူမထံမှ စကားသံ ထွက်ပေါ်လာခဲ့၏။

“ဒါ ကျမရဲ့ ဝမ်းကွဲအစ်မအစစ်ပဲ။” သူမ၏အသံက တုန်ခါနေ၏။

“မင်းရဲ့ ဝမ်းကွဲအစ်မမှာ ခြေချောင်းလေး ၆ ချောင်းရှိနေတာ မင်းလည်းသိနေတယ်ပေါ့။”

“အင်း...”

“ဘယ်လိုလုပ်ပြီး သိနေတာလဲ။”

“သူ့ခြေထောက်တွေကို ဘယ်သူ့ကိုမှ ပြတာမဟုတ်ဘူး။ တစ်ခါတစ်ခါ ကျမတို့တတွေ ဖိနပ်ချွတ်ပြီး မြစ်ထဲမှာ ရေကစားကြတယ်ဆိုရင်တောင် ဖိနပ်စီးထားတာ သူတစ်ယောက်ပဲရှိတယ်။”

မိန်းကလေးတိုင်း လှချင်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ခြေထောက်တွင် ခြေချောင်း ၆ ချောင်းရှိနေသည်ဆိုခြင်းမှာ ကြွားစရာ၊ ဂုဏ်ဖော်စရာမဟုတ်ပေ။

“သူက မပြချင်လေ.. ကျမက တွေ့ချင်လေလေပဲ။ ဒါနဲ့တစ်နေ့ကျတော့ သူရေချိုးနေတုန်းမှာ ကျမ တိတ်တိတ်လေး ချောင်းကြည့်ခဲ့ဖူးတယ်။”

လုရှောင်ဖုန်း ခပ်သဲ့သဲ့လေး ရယ်မောလိုက်သည်။ အနှီမိန်းမဆိုးငယ်လေး မတတ်နိုင်သည့်အရာဆို၍ ဘာများကျန်ရှိပါသေးသနည်း။

ရှူးအော်-“ပထမတော့ သူ တော်တော်လေး စိတ်ဆိုးသွားခဲ့သေးတယ်။ နောက်တော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖို့ ကျမကို တောင်းဆိုခဲ့တယ်။”

“မင်းကလည်း မပြောပါဘူးလို့ ကတိပေးခဲ့တယ်ပေါ့။”

ရှူးအော် ခေါင်းညိတ်ပြလိုက်သည်။

“မင်းရဲ့အစ်မကိုတောင် မပြောပြခဲ့ဘူးလား။”

“သူလည်းပဲ လုံးဝမသိခဲ့ဘူး။ ကျမ ဘယ်တုန်းကမှ မပြောပြခဲ့ဖူးဘူး။”

လုရှောင်ဖုန်း အတန်ကြာမျှ စဉ်းစားနေလိုက်သည်။

“မင်းတို့ရဲ့ ဦးရီးတော် ဘယ်တုန်းက သူ့ခြေထောက်တွေ ဖြတ်ခဲ့တာလဲ။” လုရှောင်ဖုန်း ရုတ်တရက်ကြီး မေးမြန်းလိုက်သည်။

ရှူးအော်၏မျက်နှာပြင်ထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့တော့၏။

“သူ့ခြေထောက်တွေကို ဖြတ်ပစ်လိုက်တယ်... ဟုတ်လား။ ကျမလည်း ဘာမှ မသိခဲ့ရပါလား။”

သူမ၏အဖြေစကားကြောင့် လုရှောင်ဖုန်းပင် အံ့အားသင့်သွားခဲ့သည်။

“မင်းတကယ်ပဲ မသိဘူးလား။”

“မနေ့ နေ့လည်တုန်းကတင် ကျမအစ်မရဲ့ ခိုလေးတွေမွေးထားတဲ့နေရာကို သူလျှောက်သွားပြီး ခိုစာကျွေးနေတာ တွေ့ခဲ့သေးတယ်။”

လုရှောင်ဖုန်း၏ မျက်လုံးများထဲ၌ အရောင်တစ်ချက် လက်သွားခဲ့၏။

ရှူးအော်က သူမကိုယ်သူမ ရေရွတ်ပြောဆိုလိုက်သည်။ “တစ်ယောက်ယောက်က ကျမရဲ့အစ်မဝမ်းကွဲယောင်ဆောင်နေခဲ့တာ နှစ်လကြီးများတောင်... ဘာဖြစ်လို့များ ဦးရီးတော် မသိခဲ့တာပါလိမ့်။”

လုရှောင်ဖုန်းကို မေးမြန်းရန် လှည့်ကြည့်လိုက်သောအခါ... လုရှောင်ဖုန်းတစ်ယောက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။

ညသည် မည်းမှောင်နေပြီး သနားစရာကောင်းလွန်းနေ၏။ အေးစက်နေသော လူသေအလောင်း၏ မျက်နှာလေးပေါ်သို့ မီးရောင်မှိန်မှိန်လေး ကျရောက်နေသည်။ လူသေအလောင်း၏ မျက်လုံးများက ပြူးထွက်နေကြပြီး ရှူးအော်ကို စိုက်ကြည့်နေကြသယောင်...

ရှူးအော် ကြက်သီးဖြန်းဖြန်း ထသွားခဲ့သည်။

“ဒီကိစ္စမှာ မင်းလုံးဝ ဝင်မရှုပ်သင့်ဘူး။” အမှောင်ထုတွင်းမှ အေးစက်စက်စကားသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုအသံရှင်ကို သူမ မှတ်မိလိုက်သည်။ သူမ၏ တစ်ကိုယ်လုံး အေးစက်သွားတော့၏။

+++++

ခန်းမကြီးတလျှောက်ရှိ ဖြောင့်တန်းနေသော လမ်းကြီးမှာ မှောင်မည်းနေပြီး ကြောက်မက်ဖွယ်အငွေ့အသက်များ ဖုံးလွှမ်းနေ၏။ လုရှောင်ဖုန်း တံခါးခေါက်လိုက်သည်။ တုံ့ပြန်သံမထွက်လာခဲ့။ ခပ်ကျယ်ကျယ် ခေါက်လိုက်ပြန်သည်။ တုံ့ပြန်သံ လုံးဝမထွက်လာခဲ့။

လုရှောင်ဖုန်း၏ မျက်နှာအမူအရာများ ပြောင်းလဲလာသည်။ ရုတ်တရက် တံခါးမကြီးကို အားဖြင့် ပြေးဝင်ဆောင့်လိုက်ရာ ၁၀ စင်တီမီတာအထူရှိ တံခါးချပ်ကြီးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့တော့သည်။

စားပွဲပေါ်တွင်ရှိနေသည့် ရေနံဆီမီးအိမ်ကို ထွန်းညှိလိုက်သည်။ ထိုင်ခုံများတွင်တော့ လူမရှိနေချေ။ ရွှေဂဠုန်ဧကရာဇ်ကြီးသည် ဤထိုင်ခုံပေါ်တွင် တစ်ချိန်လုံးထိုင်နေကျဖြစ်၏။ သို့သော် ယခုအချိန်တွင်တော့ မရှိနေပါ။

လုရှောင်ဖုန်း၏ အမူအရာများက လုံးဝအံ့အားသင့်ဟန် မရှိနေပါ။ ဤသို့ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့ပြီးဖြစ်၏။

နဂါးရုပ်ပုံ ထိုးထားသည့် ပိုးထည်စမှာ ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေ၏။ ထိုအဝတ်စကို ကောက်ယူရန် လုရှောင်ဖုန်းခါးကုန်းလိုက်သောအခါ လက်တစ်ဘက်ကို မမျှော်လင့်စွာ တွေ့လိုက်ရသည်။

ပိန်ပိန်ပါးပါး ဖြူဆွတ်နေသည့် လက်တစ်ဘက်သည် ထိုင်ခုံနောက်မှ ပြူပြူလေးထွက်နေ၏။ လက်ချောင်းများက ကောက်ကွေးနေပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားခဲ့ပုံရသည်။

အနောက်ဘက်သို့ လုရှောင်ဖုန်း လျှောက်သွားလိုက်သော် ရွှေဂဠုန်ဧကရာဇ်ကြီးကို တွေ့လိုက်ရ၏။

ဤအဘိုးအို၏ ခန္ဓာကိုယ်သည် နွေးထွေးနေဆဲရှိသော်လည်း အသက်ရှူမှုများ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူ့မျက်လုံးများထဲတွင်မူ မယုံကြည်နိုင်မှုများ၊ ကြောက်ရွံ့ထိတ်လန့်မှုများ၊ ဒေါသများ ပြည့်နှက်နေ၏။ အသက်သေဆုံးချိန်တွင်ပင် လူသတ်သမားက သူ့ကို ဤသို့သတ်လိမ့်မည်ဟု ထင်ထားခဲ့ပုံမရ။

သူ့လက်တစ်ဘက်တွင်မူ နက်ရှိုင်းသော ဓားခုတ်ရာကြီးလည်း ရှိနေပြန်သည်။ ကြည့်ရသည်မှာ လူသတ်သမားက လက်ကို ခုတ်ဖြတ်ခဲ့ချင်ပုံရသော်လည်း မဖြတ်နိုင်ဖြစ်ခဲ့ပုံရသည်။

လကသွေးကြောများ ထောင်ထနေပြီး တစ်စုံတစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ပုံရသည်။ သို့သော် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အရာမှာ သေဆုံးချိန်၌ လွတ်ထွက်သွားခဲ့ပုံမရ။

လုရှောင်ဖုန်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သေသေချာချာ စူးစမ်းကြည့်ရှုလိုက်ရာ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အရာမှာ ရဲရဲတောက်နီရဲနေသည့် ဖိနပ်တစ်ဘက်ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

သတို့သမီးများ မင်္ဂလာဆောင်ချိန်တွင် စီးနင်းတတ်သည့် အနီရောင်တောက်တောက် ဖိနပ်တစ်ဘက်ဖြစ်သည်။ သို့သော် ဖိနပ်ပေါ်တွင်ထိုးထားသည့် ဇာပန်းထိုးမှာ ဇီးကွက်တစ်ကောင်၏ပုံမဟုတ်ဘဲ ပျံလွှားတစ်ကောင်ပုံဖြစ်နေသည်။ ပျံသန်းနေသော ပျံလွှားတစ်ကောင်၏ပုံဖြစ်သည်။

လူသေ၏ ဆုပ်ကိုင်ထားမှုက တင်းတင်းကြပ်ကြပ်ရှိလှသည်။ အားအင်အပြည့်ဖြင့် ဖြစ်ညှစ်ထားမှုကြောင့် ဖိနပ်ကလေးမှာ ပုံပျက်ပန်းပျက် တွန့်ကြေနေလေပြီ။

သို့သော် လူသေ၏မျက်လုံးများထဲ၌မူ ခံစားမှုကင်းမဲ့နေလေသည်။ ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် မျက်လုံးများ၏ အကြည့်များက ပို၍ပင် ကြောက်စရာကောင်းနေပြန်သေး၏။

သူ့မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ဖျက်ဆီးခံထားရကြောင်း လုရှောင်ဖုန်း ကိုင်တွယ်ကြည့်ရှုရန် မလိုတော့ချေ။

ဤအဘိုးအိုသည် ရွှေဂဠုန်ဧကရာဇ်အစစ် မဟုတ်ကြောင်း သေချာနေ၏။ ရွှေဂဠုန်ဧကရာဇ်အစစ်ကြီးသည်လည်း သမီးဖြစ်သူနှင့် သေဆုံးသွားခဲ့ပြီးဖြစ်သည်မှာ သံသယအလျဉ်းရှိစရာမလို။

လုရှောင်ဖုန်း လူသေ၏မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ ပြီးနောက် တွန့်ကွေးနေသည့် ခြေထောက်များကို ကြည့်လိုက်ပြန်၏။ လုရှောင်ဖုန်း ရှည်လျားသည့် သက်ပြင်းမောတစ်ခု ချလိုက်သည်။

“ကျုပ်ဘဝမှာ ခပ်ပေါကြောင်ကြောင်အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။” သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက ပိုပြီးတော့တောင် ပေါကြောင်ကြောင် နိုင်နေသေးပါလား။”

သူ့စကားကိုပင်ဆုံးအောင် မပြောရသေး... သတ္တုများ လေကိုခွင်းထွက်လာသည့် တိုးညှင်းလှသည့်အသံများကို ကြားလိုက်ရ၏။

ပြတင်းပေါက်အပြင်ဘက်မှ ဓားတစ်လက် သူ့ထံသို့တိုးဝင်လာသည်။ လွန်စွာလျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဓားချက်လည်းဖြစ်နေပြန်သည်။ သူ့ကို သတ်ရန်ကြိုးစားလာသည့် ဓားသမားသည် သိုင်းလောကတွင် ပထမတန်းစားအဆင့်ရှိ ဓားသမားဖြစ်နေသည်မှာ သံသယရှိစရာမလို။ ဤသို့သော ဓားသမားမျိုး သိုင်းလောကတွင် သိပ်ပြီးရှိလှသည်မဟုတ်။

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ သူ့ကို တိုက်ခိုက်လာသူ မည်သူဖြစ်ကြောင်း သိလိုက်ရပေပြီ။

သူ့ခန္ဓာကိုယ်က ၁ မီတာကျော်ကျော်သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီးလည်း ဖြစ်နေပြန်၏။

“လျူယုဟန်” လုရှောင်ဖုန်း သက်ပြင်းချသံဖြင့် ရေရွတ်လိုက်သည်။ “ဒီနေရာကို ခင်ဗျား မလာခဲ့သင့်ဘူး။”

“ဒါပေမဲ့ ကျုပ်ရောက်လာခဲ့ပြီလေ။” လျူယုဟန်၏ အသံက ပြတင်းပေါက်အပြင်ဘက်မှ အေးစက်စွာ ထွက်ပေါ်လာသည်။

သူ့ဓားချက်က စကားလုံးများထက်ပင် လျင်မြန်နေသေး၏။ လွန်စွာလှပသည့် ရှေးဟောင်း တံခါးချပ်များသည် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီး ထိုအပိုင်းအစများကြားမှ ဓားတစ်လက်နှင့်အတူ လျူယုဟန် ပျံဝဲထွက်ပေါ်လာသည်။

သူ့ကို လုရှောင်ဖုန်း လှည့်၍ပင် မကြည့်ခဲ့။

သူ့ဓားချက်များက အညှာအတာကင်းမဲ့လွန်းပြီး လျင်မြန်လွန်းလှသည်။ လှုပ်ရှားမှုများကလည်း မယုံကြည်နိုင်လောက်အောင် လျင်မြန်လှသည်။ ဓားချက်တိုင်းက သေကွင်းသေကွက်များကိုချည်း ဦးတည်တိုက်ခိုက်လာခဲ့ခြင်းလည်းဖြစ်သည်။

လုရှောင်ဖုန်း၏ အကြည့်များက ဓားထိပ်ဖျားမှ တစ်ဖဝါးမှ ဖယ်ခွာသွားခဲ့ခြင်းမရှိ။ သူ့အကြည့်များက ကလေးတစ်ယောက် လေတံခွန်လွှတ်နေသည့်အချိန်တွင် သူ့လေတံခွန်ကို တစ်ချိန်လုံး အာရုံထားကြည့်နေပုံမျိုးဖြစ်သည်။

မျက်စိတစ်မှိတ်လျှပ်တစ်ပျက်အတွင်းတွင် လျူယုဟန်က သူ့ကို ၁၇ ကွက်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ယခုတော့ လုရှောင်ဖုန်း၏ လှုပ်ရှားမှု စတင်လာချိန်ဖြစ်သည်။

သူ့လက်တစ်ဘက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဓားပြားကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ချောင်းများ၏ လျင်မြန်မှုမှာ ဖော်မပြနိုင်လောက်အောင်ပင်။ မည်သူမှ မမျှော်လင့်ထားသည့် လျင်မြန်မှုမျိုးလည်း ဖြစ်နေပြန်သည်။

သူ့လက်ချောင်းများနှင့် သူ့စိတ်အာရုံများက တသားတည်းရှိနေသလိုမျိုးလည်း ဖြစ်သည်။ စိတ်စေရာကို လက်ချောင်းများက အကုန်လုံး လိုက်လုပ်နိုင်ပုံရသည်။

လျူယုဟန်က ၁၈ ချက်မြောက် ထိုးနှက်ချက်ကို ထုတ်ဖော်တိုက်ခိုက်လိုက်ချိန်တွင် သူ့ဓားသည် ဖမ်းဆုပ်ခံလိုက်ရကြောင်း အံ့အားသင့်စွာ သိရှိသွားခဲ့သည်။

သူ့ဓားသည် ကျောက်တောင်ကြီးတစ်ခုကြားတွင် ညပ်မိနေသလိုမျိုးလည်း ခံစားလိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အတွင်းအားကုန်ထုတ်ပြီး ဆွဲထုတ်သည့်တိုင် ဓားသည် တုတ်တုတ်မျှပင်မလှုပ်။

ဓားသည် သူ့ညာဘက်လက်ကောက်ဝတ်တွင် တပ်ဆင်ထားခြင်းဖြစ်သောကြောင့် လက်နှင့်ဓားသည် တစ်သားတည်း ဖြစ်နေသည်။ သို့သော် လုရှောင်ဖုန်း၏ လက်ချောင်းနှစ်ချောင်းတွင်းမှဓားကို ဆွဲထုတ်ယူသွားရန် မစွမ်းသာဖြစ်နေရ၏။

သူ၏ ထိုလက်တစ်ဘက်တွင် သံချိတ်ကြီးတစ်ခု တပ်ဆင်ထားလေ့ရှိသည်။ လက်နက်တိုင်းကို ဆွဲချိတ်ယူသွားနိုင်သည့် သံချိတ်ကြီးလည်းဖြစ်သည်။ လူသတ်သည့်အချိန်များတွင်သာ ထိုလက်တစ်ဘက်တွင် ဓားကို ပြောင်းလဲတပ်ဆင်ထားတတ်ခြင်းဖြစ်သည်။ ယခုအချိန်တွင် သူ့ထံ၌ လူသတ်ရန်ရည်ရွယ်ချက်တစ်ခုတည်းသာရှိနေသည်။

နာကျင်မှုများဖြင့် ရှုံ့တွနေသော သူ့မျက်နှာကြီးကိုကြည့်ပြီး လုရှောင်ဖုန်း စာနာသွားမိသည်။

“ကျုပ် ခင်ဗျားကို မသတ်ချင်ဘူး။ ခင်ဗျား ထွက်သွားပါတော့။”

လျူယုဟန်က စကားဖြင့်ပြန်မဖြေခဲ့ပါ။ သူ့အဖြေက ဘယ်ဘက်လက်ကောက်ဝတ်တွင် ချိတ်ဆွဲထားသည့် သံလုံးကြီးသညဖြစ်သည်။

သံလုံးကြီး လေထုကိုခွင်းထွက်လာသံကြီးက တဟီးဟီးတုန်ခါနေပြီး လုရှောင်ဖုန်းသာ သူ့လက်ချောင်းများကြား ညှပ်ထားသည့်ဓားကို လွှတ်မပေးဘူးဆိုပါက သူ့ဦးခေါင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားပေလိမ့်မည်။

သို့သော် သူ့ထံတွင် အားနေသည့် လက်တစ်ဘက်ကျန်ရှိနေသေး၏။ သံလုံးကြီး သူ့ထံရောက်လာချိန်တွင် ထိုလက်တစ်ဘက်ဖြင့် ရိုက်ထုတ်လိုက်သည်။ လျူယုဟန်၏ ဘယ်ဘက်လက်တစ်ဘက်လုံး ထုံကျဉ်သလို ခံစားသွားရသည်။

“ကျုပ် လွှတ်ပေးမယ်ဆို... ခင်ဗျားထွက်သွားမှာလား။”

လျူယုဟန် ဟက်ခနဲ အေးစက်စက် ရယ်မောလိုက်သည်။ မခန့်လေးစားရှိလှသည့် ရယ်သံဖြစ်သည်။ လုရှောင်ဖုန်းကို ပမာမခန့်သည့် ရယ်သံဖြစ်သလို သူ့ဘဝကြီးကိုသူ ပမာမခန့်လုပ်သည့် ရယ်သံလည်းဖြစ်သည်။

လုရှောင်ဖုန်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“ကျုပ်ဘဝမှာ ဒီလို ငတုံးတွေနဲ့ချည်း ဘာဖြစ်လို့များ လာတွေ့နေရတာပါလိမ့်... ဘာဖြစ်လို့လဲ...”

သူ့စကားကို ဆုံးအောင်ပင် မပြောလိုက်ရသေး... လူတစ်ယောက်၏ အသံကို ကြားလိုက်ရတော့သည်။

ရှန်းကွမ်းတန့်ဖုန်း၏အသံ ဖြစ်ရမည့်အသံရှင်ဖြစ်သည်။ သို့သော် ရှန်းကွမ်းတန့်ဖုန်း ဘယ်တော့မှ ပြန်လာနိုင်မည် မဟုတ်တော့ပါ။

ဝင်လုဆဲဖြစ်နေသည့် နေမင်းကြီး၏ အရောင်ရှိန်ဝါများ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ လူတစ်ယောက် အရိပ်တစ်ခုလိုတံခါးဝတွင် ပေါ်ထွက်လာသည်။ အလွန်လှပသော မိန်းမချောတစ်ယောက်ဖြစ်သည်။ သူမ၏အလှက လှပလွန်းသလို နွေးထွေးပြီး ချိုအီလှသည်။

လုရှောင်ဖုန်းကို သူမ စိုက်ကြည့်နေ၏။ ပြုံးပြီးကြည့်နေ၏။

“ဘာကြောင့်လဲဆိုတော့ ရှင်ကိုယ်တိုင်က ငတုံးတစ်ယောက်ဖြစ်နေတော့ ငတုံးအချင်းချင်း ညိကြတာ မဆန်းပါဘူး...”

ထိုမိန်းမ မည်သူဖြစ်ကြောင်း လုရှောင်ဖုန်း လှည့်ကြည့်ရန် မလိုအပ်ပါချေ။

“ရှန်းကွမ်းဖေးယန်”

“မှန်လိုက်လေ” သူမ၏အပြုံးများက အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ အပြုံးများလိုရှိနေသည်။ “ရှန်းကွမ်းတန့်ဖုန်းထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ကော မထင်ဘူးလား။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအချက်ကို သူ ဝန်ခံလိုက်ခြင်းပင်။

ရှန်းကွမ်းတန့်ဖုန်းကိုယ်တိုင်က လှပသော မိန်းမချောလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူ့ရှေ့တွင် ရှိနေသည့် မိန်းကလေးမှာ ယောက်ျားတိုင်း စိတ်ကူးယဉ်လောက်အောင် ချောမောလှပသည့် မိန်းမချောလေးတစ်ယောက် ဖြစ်နေပြန်၏။

သူမ၏ အပြုံးလေးများက လှပနေရုံမကသေး၊ အပြစ်လည်း ကင်းစင်နေပြန်သေး၏။ သင့်ကို ဤမိန်းကလေးက ငေးမောကြည့်ရှုနေမည်ဆိုပါက သင်သည် ဤလောကကြီးထဲတွင် သူမအတွက် တစ်ဦးတည်းသော ပုရိသဖြစ်ကြောင်း ဝန်ခံနေသည့် အကြည့်မျိုးလည်းဖြစ်သည်။ တစ်ချိန်တည်းလိုလိုပင် သူမသည် သင့်အတွက် ဤလောကကြီးထဲတွင်ရှိသည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်ကြောင်းကိုလည်း ခံစားသွားရမည်ဖြစ်သည်။

ရှန်းကွမ်းဖေးယန်၏ အပြုံးက ယောက်ျားတစ်ယောက်၏ အိပ်မက်များ၊ စိတ်ကူးယဉ်မှုများအားလုံးကို အရည်ပျော်ကျသွားစေနိုင်သလို သူမ၏ အပြုံးလေးက သင့်အား အရာရာကို မေ့ပျောက်သွားစေနိုင်၏။

“မင်းပြောတာမှားနေတယ်... သိလား။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။

“ဘယ်လို မှားနေတာလဲ”

“မင်းလို လှပချောမောတဲ့မိန်းကလေးတစ်ယောက်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် တခြားလူတစ်ယောက်အဖြစ် ရုပ်မဖျက်ထားသင့်ဘူး။”

ရှန်းကွမ်းဖေးယန် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

“ကျမရဲ့ မျက်နှာအစစ်ကို အဲဒီညတုန်းက ရှင်သာတွေ့ခဲ့မယ်ဆိုရင် ကျမကို ပေးသွားခဲ့ပါဦးမလား။”

“မင်းရဲ့မျက်နှာအစစ်ကို ကျုပ်တွေ့ခဲ့မယ်ဆိုရင် ကျုပ် အဲဒီညထိတောင် မစောင့်နေတော့ဘူး။”

“ဒါဆိုရင် ရထားလုံးထဲမှာကို... လို့ ရှင်ဆိုလိုချင်တာလား။”

“ကျုပ် မင်းကိုပြောခဲ့ပြီးပြီပဲ။ ကျုပ်ဟာ မြှူဆွယ်မှုတွေကို ခံစားနိုင်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ပါဘူးလို့။”

ရှန်းကွမ်းဖေးယန် တခစ်ခစ် ရယ်မောနေလိုက်သည်။ “ရှင်ဟာ လူကြီးလူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်ကိုတော့ ဝန်ခံတတ်သားပဲ။”

“မင်းဟာလည်း မိန်းမကောင်းမိန်းမမြတ်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်ကိုတော့ ပြောတတ်သား။”

“မိန်းမသားတစ်ယောက်ဟာ သိပ်ပြီး ရိုးသားဖြူစင်လွန်းနေမယ်ဆိုရင် ရှင်လိုယောက်ျားတစ်ယောက်ရဲ့ လှည့်စားမှုတွေထဲ ကောက်ကောက်ပါသွားမှာပေါ့။” ရှန်းကွမ်းဖေးယန်က ချိုအီစွာ ပြောဆိုလိုက်သည်။

သူမ၏ လေသံသည်လည်း ပြောင်းလဲသွားခဲ့၏။ အသံက စောစောတုန်းကနှင့် မတူညီစွာ တခြားလူတစ်ယောက်၏အသံအဖြစ်သို့ လုံးဝပြောင်းလဲသွားသည်။

လုရှောင်ဖုန်းအတွက် ထိုအသံပြောင်းလဲသွားခြင်းက လုံးဝကြီးကို အံ့အားသင့်သွားစေခဲ့၏။

ရုပ်ပြောင်းရုပ်လွှဲပညာရပ်များကို လုရှောင်ဖုန်း နားလည်ပါသည်။ လူ့အရေပြားဖြင့် ပြလုပ်ထားသည့် မျက်နှာဖုံးတုများကို သူ့မျက်လုံးများဖြင့် တပ်အပ်မြင်တွေ့ခဲ့ဖူးပါသည်။

သို့သော် လူတစ်ယောက်၏အသံက တခြားလူတစ်ယောက်၏အသံသို့ အပြောင်းလဲကြီး ပြောင်းလဲသွားသည်ကိုတော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူး။

လုရှောင်ဖုန်း၏ အံ့အားသင့်နေမှုများကို ရှန်းကွမ်းဖေးယန် လွယ်ကူစွာပင် တွေ့နိုင်နေ၏။

“ကျမရဲ့အသံက ရှန်းကွမ်းတန့်ဖုန်းထက် ပိုဆွဲဆောင်မှုရှိရဲ့လား။” သူမက ပြုံးပြီး မေးမြန်းလိုက်သည်။

လုရှောင်ဖုန်း အရှုံးပေးလိုက်ရပြီး ပြန်ပြုံးပြလိုက်လေတော့သည်။

“အခုလောက်ဆိုရင် ကျမဟာ ရှန်းကွမ်းတန့်ဖုန်းထက် အဖက်ဖက်က သာတယ်ဆိုတာ ရှင်သိသွားခဲ့ပြီပေါ့။ ဒါပေမဲ့ မွေးကတည်းက သူဟာ ကျမရဲ့အထက်မှာပဲ အမြဲရှိနေခဲ့တယ်။” သူမ၏ ချိုသာနွေးထွေးလှသည့် အသံလေးတွင် အမုန်းတရားသံများ စွက်လာတော့သည်။ “ငယ်ငယ်ကတည်းက သူဝတ်ပြီးသားအဝတ်တွေပဲ ဝတ်ခဲ့ရတယ်။ သူ စားပြီးမှပဲ စားခဲ့ရတယ်။ သူက မင်းသမီးလေးမဟုတ်လား။”

“ဒါကြောင့်မို့ အခွင့်အရေး ပေါ်ပေါ်လာခြင်းမှာ မင်းဟာ သူ့ထက်သာကြောင်း ပြသလိုက်တာပေါ့လေ။”

ရှန်းကွမ်းဖေးယန်က ခနဲ့တဲ့တဲ့ဖြင့် နှာခေါင်းတစ်ချက်ရှုံ့ပြီး အဖြေပေးလိုက်သည်။

“ဒါကြောင့်မို့ မင်းရဲ့ဘိုးဘိုးလည်း သေပြီးသွားရော... ဒီနေရာမှာ တစ်စက္ကန့်လေးတောင် မနေချင်တော့ဘူးပေါ့လေ။”

“လူတစ်ယောက်ကို ပြုစုခစားနေရတာ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး။ သူ့စိတ်မထင်ရင် မထင်သလို ဆက်ဆံမှာတွေကိုလည်း ကြောက်နေရသေးတယ်လေ။”

“မင်းဟာ သိုင်းလောကထဲမှာ တစ်ကိုယ်တော် ကျင်လည်ကျက်စားနေခဲ့ပြီး မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လူတကာ မျက်လုံးပြူးသွားနိုင်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့သလို သူတို့တွေကိုလည်း ကြွားဝါပြနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့နှလုံးသားကို ဖမ်းယူထားနိုင်မယ့် ယောက်ျားတစ်ယောက်နဲ့ တွေ့ခဲ့လိမ့်မယ်လို့ မင်း ဘယ်တုန်းကမှ မျှော်လင့်ခဲ့မယ်မထင်ဘူး။”

ရှန်းကွမ်းဖေးယန် မျက်နှာနည်းနည်းပျက်သွားခဲ့၏။

“ဟို ကောင်မဆိုးလေး ရှင့်ကို အားလုံးပြောပြခဲ့ပြီးပြီနဲ့တူတယ်။”

“အဲဒီယောက်ျားက မင်းကို ဖူးဖူးမှုတ်ထားခဲ့ရုံမကသေးဘူး... မင်းအပေါ်မှာလည်း နားလည်မှုတွေ အပြည့်အဝ ပေးခဲ့တာပဲ။ နောက်ဆုံးတော့ မင်းအတွက် အခွင့်အရေးတစ်ခုကို သူရှာတွေ့သွားခဲ့တယ်ပေါ့။”

“ဆက်ပြောစမ်းပါဦး...” ရှန်းကွမ်းဖေးယန်က အေးစက်စက် ခနဲ့လိုက်သည်။

“ရွှေဂဠုန်ဧကရာဇ်ကြီးရဲ့ လျှို့ဝှက်ချက်ကို သူ သိသွားတဲ့တစ်နေ့မှာ မင်းအတွက် အခွင့်အရေးကိုလည်း သူတွေ့သွားခဲ့တယ်။”

ရှန်းကွမ်းဖေးယန် နားထောင်နေ၏။ သူမ၏ ချိုသာနူးညံ့သော အပြုံးများ ပျောက်ကွယ်သွားခဲ့ချေပြီ။

“ယန်ထျယ်ရှန်းနဲ့ အပေါင်းအပါတွေဆီမှာ ရှိနေတဲ့ ရွှေဂဠုန်အင်ပါယာကြီးရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ရယူဖို့ မင်းကို နားသွင်းခဲ့တယ်။ ဒီလောက်များတဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ဆိုရင် ဘယ်သူမဆို နာမည်တစ်လုံးတော့ အောင်မြင်ကျော်ကြားသွားနိုင်မှာပဲ။”

“လူတွေဟာ ချမ်းသာမှုအတွက် အသက်ပေးဆပ်ကြသလို ငှက်တွေဟာလည်း အစာအတွက် အသက်ပေးဆပ်ကြတယ် မဟုတ်လား။” ရှန်းကွမ်းဖေးယန်က အေးစက်စွာ တုံ့ပြန်လိုက်၏။ “ဒီလောက်များပြားတဲ့ ကြွယ်ဝချမ်းသာမှုတွေအတွက်ဆို လူတိုင်း လောဘတက်လာကြမှာ သေချာတယ်။”

“ဒါပေမဲ့.. မင်းရဲ့ဦးရီးတော်နဲ့ မင်းသမီးလေးတန့်ဖုန်းတို့က ဒီအကြံကို လက်မခံကြဘူးဆိုတာလည်း မင်းက သိထားပြန်ရော... နောက်ပြီးတော့ ဧကရာဇ်ကြီးသာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အဲဒီကြွယ်ဝချမ်းသာမှုတွေအားလုံး ပြန်ရခဲ့တယ်ပဲ ထားလိုက်ပါတော့... အားလုံး သူ့အတွက်ချည်းပဲ ဖြစ်သွားခဲ့မှာပေါ့။”

“မှန်လိုက်တာ... တခြားလူတစ်ယောက်အတွက် ကျမက ဘာလို့အလုပ်လုပ်ပေးရမှာလဲ။”

“ဒါကြောင့်မို့ မင်းနဲ့ မင်းချစ်သူတို့က သိပ်ကိုကောင်းတဲ့အကြံအစည်တွေ ကြံစည်ခဲ့ကြတယ်ပေါ့လေ။”

“ဧကရာဇ်ကြီးကိုသာ သတ်ဖို့ ကျမကြံစည်ခဲ့ပေမယ့် သူ့ကို ဘယ်သူနဲ့ပဲ လူစားထိုးထိုး ရှန်းကွမ်းတန့်ဖုန်းကိုတော့ လှည့်စားလို့မရနိုင်ဘူး။”

“ဒါကြောင့်မို့လို့ သူ့ကိုလည်း သတ်ဖို့ မင်းဆုံးဖြတ်ခဲ့တယ်ဆိုပါတော့။”

“မှန်လိုက်လေခြင်းရှင်...”

“ကံကောင်းတာတစ်ခုက မင်းတို့နှစ်ယောက်ဟာ ခပ်ဆင်ဆင်တူကြရုံမကသေးဘူး... တစ်ယောက်ရဲ့အသံကို တစ်ယောက်က တုပပြောဆိုကစားခဲ့ကြတာ ငယ်ငယ်ကတည်းကဆိုတော့ သူ့နေရာမှာ လူစားထိုးဖို့ မင်းဟာ အသင့်တော်ဆုံးလူ ဖြစ်လာခဲ့တယ်။ ဒါတင်မကသေးဘူး... မင်းသမီးလေးတစ်ယောက်ရဲ့ နေရာမှာ ဘယ်လိုနေရသလဲဆိုတာလည်း အရသာမြည်းစမ်းကြည့်ဖူးသွားတာပေါ့လေ။”

“အရသာ သိပ်မဆိုးပါဘူး။” ရှန်းကွမ်းဖေးယန် ခနဲ့ပြော ပြောလိုက်သည်။

“ဒီလောက် လျှို့ဝှက်ထားသင့်တဲ့အရာကို ပါးစပ်ပေါက်တစ်ပေါက် မပိတ်နိုင်တဲ့ မင်းရဲ့ ညီမလေးကို ဘယ်ပေးသိလို့ဖြစ်မလဲ... ဒါကြောင့်မို့ ရှူးအော်ကို သတင်းအမှောင်ချထားခဲ့တာပေါ့။ ဒီနေရာမှာ ရယ်စရာကောင်းတာ ရှူးအော်ဟာ ရှန်းကွမ်းတန့်ဖုန်းက မင်းကို သတ်ခဲ့ပြီလို့ ထင်ထားခဲ့တာပဲ။”

ရှန်းကွမ်းဖေးယန်-“အဲဒီကောင်မလေးက ပါးစပ်ပေါက်တစ်ပေါက် မပိတ်နိုင်ရုံမကသေးဘူး... သူများတွေရဲ့ ကိစ္စတွေမှာလည်း ဝင်ရှုပ်တတ်သေးတယ်။”

“ဒါပေမဲ့ ကျုပ် သိချင်တာက ဒါတွေအားလုံး ပြီးဆုံးသွားခဲ့ချိန်မှာ မင်းတို့  ဟိုရှူးနဲ့ ဘာဖြစ်လို့ သွားပြီး မပူးပေါင်းသေးတာလဲဆိုတာပဲ။”

“ဘာကြောင့်လဲဆို​တော့ ရွှေဂဠုန်ဧကရာဇ်ကြီးဆီမှာ သူ့ လူယုံကြီးတွေသာသိပြီး ကျန်တဲ့လူတွေမသိတဲ့၊ ထူးခြားထင်ရှားတဲ့ အမှတ်အသားတွေ ရှိနိုင်တယ်ဆိုတာ နောက်ပိုင်းမှာ ကျမတို့ စဉ်းစားမိလာခဲ့တယ်။ ဒါကြောင့်မို့လို့ ကျမတို့ ဘယ်သူ့ကိုပဲ လူစားထိုးခဲ့ထိုးခဲ့ ဟိုရှူးနဲ့ ကျန်တဲ့လူတွေကို လှည့်စားနိုင်မှာ မဟုတ်ဘူးဆိုတာလည်း သိလာခဲ့တယ်။”

“ဧကရာဇ်ကြီးဆီမှာ ခြေချောင်း ၆ ချောင်းရှိနေတယ်ဆိုတာ အဲဒီအချိန်တုန်းက မင်းတို့ သိခဲ့ပြီးပြီလား။”

“ကျမ မသိခဲ့ပါဘူး။ ဒါပေမဲ့လည်း အဲဒီအတွက် မစွန့်စားရဲခဲ့ပြန်ဘူး။”

“ဒါကြောင့်မို့လို့ မင်းတို့နှစ်ယောက်အတွက် အကောင်းဆုံးလုပ်နိုင်ခဲ့တာက ဧကရာဇ်ကြီးရဲ့ လူယုံကြီးတွေအားလုံးကို တခြားသူရဲ့လက်ချက်နဲ့ အပြတ်ရှင်းပစ်ဖို့ပဲ ဆိုပါတော့။”

“မှန်လိုက်တာရှင်...”

“ဒါပေမဲ့ အဲလိုလူမျိုးက ရှာဖို့မလွယ်ဘူးလေ။” လုရှောင်ဖုန်းက နောင်တရသည့် မချိပြုံးလေးဖြင့် ပြောလိုက်သည်။ “အဲဒီလူဟာ ဟိုရှူးနဲ့ အပေါင်းအပါတွေကို အပြတ်ရှင်းနိုင်ရုံမကသေးဘူး... သူများတွေရဲ့ ကိစ္စတွေထဲမှာလည်း ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်တတ်တဲ့သူလည်း ဖြစ်နေရဦးမယ်မဟုတ်လား။”

ရှန်းကွမ်းဖေးယန်-“အဲဒီလိုလူမျိုးကို ရှာတွေ့ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ရှင်တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ မရှိနိုင်ဘူးလို့ ကျမတို့ထင်တယ်။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။

“ကြည့်ရတာ ကျုပ်လိုလူစားမျိုး လောကကြီးထဲမှာ သိပ်ရှိပုံမရဘူး။”

“ရှင့်ကို ဒီကိစ္စတွေထဲ ဆွဲထည့်ဖို့ဆိုတာကလည်း နောက်ပြဿနာတစ်ခုပဲ။”

“ကံဆိုးတာက ကျုပ်ဆိုတဲ့ကောင်က သူများကိစ္စတွေထဲ ဝင်ရှုပ်တတ်ရုံမကသေးဘူး... မလုပ်ပါနဲ့လို့ ပြောလာရင် ပိုပြီးတော့တောင် လုပ်ချင်တတ်သေးတဲ့ ဉာဉ်ရှိနေတာပဲ။”

နောက်ဆုံးတော့ ရှန်းကွမ်းဖေးယန်၏ ရယ်မောသံလေးများ ထွက်ပေါ်လာလေတော့သည်။ “ရှင့်ကိုယ်ရှင်တော့ သိနေသားပဲ။”

“ဒါကြောင့်မို့ ဝိညာဉ်ခြွေချိတ်နဲ့ အပေါင်းအပါတွေကို ကျုပ်ကို ဆက်မပါဖို့ မင်း ခိုင်းခဲ့တယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ သူတို့က တားမြစ်လေ... ကျုပ်က ပိုပြီး ဝင်ပါချင်လေဆိုတာ သိထားလို့ပေါ့။”

ရှန်းကွမ်းဖေးယန်-“သူတို့တတွေဟာ ရှန်စီးနယ်ထဲက မြည်းတွေလိုပဲ။”

“ပြီးတာနဲ့ ရှောင်ချွေယုနဲ့ တုကုဖန်းတို့ကို သတ်ခဲ့တာလည်း အဲဒီရည်ရွယ်ချက်ကြောင့်ပဲ မဟုတ်လား။”

“ဒါတင်မကသေးဘူး... သူတို့တတွေ သိထားတာက သိပ်များနေလို့လည်းပါတယ်။”

“ဟို နတ်ကွန်းပျက်ကြီးထဲမှာ သီချင်းဆိုပြီး ဆံချည်မျှင်တွေချန်ထား... ကျုပ်တို့ကို မြှားခေါ်ခဲ့တုန်းကလည်း မင်း အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာ ဟွာမင်းလိုကို သိစေချင်လို့မဟုတ်လား။”

“အဲဒါအပြင် ဟိုကလေးမလေးပြောတဲ့ စကားတစ်လုံးမှ အမှန်မဟုတ်ဘူးဆိုတာ ရှင်တို့ကို သိစေချင်တာလည်း ပါတာပေါ့။”

“မင်း လျူယုဟန်ကို သတ်ဟန်ဆောင်ခဲ့တုန်းက ရှူးအော် အပြင်ဘက်ကနေ ချောင်းကြည့်နေလိမ့်မယ်ဆိုတာလည်း သိထားတယ်ပေါ့။”

“သိပ်သိတာပေါ့... ကျမနဲ့ လျူယုဟန်တို့ သူ့အတွက် ပြဇာတ်လေးတစ်ပုဒ် ကပြနေခဲ့တယ်ဆိုတာ အဲဒီကလေးမလေး သိဖို့ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။” ရှန်းကွမ်းဖေးယန်က အေးစက်စက် ပြန်ပြောလိုက်၏။

“ပြီးတော့ ကျုပ်တို့တတွေ လျူယုဟန်ကို အသက်ထင်ရှား တွေ့လိုက်ရတော့ အဲဒီကလေးမလေး လိမ်ပြောနေတယ်ဆိုတာ ပေါ်လွင်သွားခဲ့တာပေါ့။” လုရှောင်ဖုန်း နာကျင်ကြေကွဲစွာ ရယ်မောလိုက်၏။ “သနားစရာကောင်းလိုက်တဲ့ ကလေးမလေး... လျူယုဟန်ကို အသက်ရှင်လျက်တွေ့လိုက်ရတော့ သူ့ခမျာ လိပ်ပြာလွင့်သွားမတတ်ပဲ။ စကားတောင် တစ်ခွန်းမှ မပြောနိုင်တော့ဘဲ တစ်ခါတည်း လိုက်ပါသွားခဲ့ရော...”

“အဲဒီကောင်မလေးကို အစောကြီးကတည်းက ကျမတို့ စောင့်ကြည့်နေခဲ့သင့်တာ... အခုတော့...”

“အခုတော့... ဒီရက်ပိုင်းအတွင်း မင်းမှာလုပ်စရာတွေက တစ်ပုံကြီး... ပြီးတော့ ကျုပ်တို့ ဒီကိုပြန်ရောက်လာချိန်ကျတော့ သူ့ကို မတွေ့လိုက်ရရင် သံသယတွေ ဝင်သွားနိုင်တယ်လို့လည်း မင်းထင်ထားခဲ့ပြန်ရော...”

ရှန်းကွမ်းဖေးယန်-“တစ်ခါတစ်ခါကျတော့လည်း ကျမ ရှင့်အကြောင်းကို တွေးကြည့်မိတယ်။ ကျမ ဘာတွေလုပ်နေလဲဆိုတာ ရှင်များ သိနေခဲ့တယ်ဆိုတဲ့အတွေးတွေပေါ့။”

“ပြီးတာနဲ့ မင်းဟာ ဟွာမင်းလိုရှေ့မှာ ရုတ်ချည်း ပြန်လည်ထွက်ပေါ်လာခဲ့ပြန်ရော... ဟိုရှူးအပေါ်ကို အပြစ်တွေအားလုံး ပုံချဖို့ပေါ့။”

“မှန်လိုက်တာ”

လုရှောင်ဖုန်း-“ဒါပေမဲ့ မင်းသူ့ကို ဘယ်လိုလုပ် အရူးဖြစ်အောင်လုပ်နိုင်ခဲ့တာလဲ။”

“သူ့နားနှစ်ဘက်က လှစ်နေအောင် ပါးနေရုံမကသေးဘူး... သူ့နှာခေါင်းကလည်း အနံ့ခံ အင်မတန်ကောင်းတယ်။ အသံနဲ့ မခွဲခြားနိုင်ဘူးဆိုဦး... အနံ့နဲ့တော့ ခွဲခြားနိုင်သေးတယ်။”

လူတိုင်းလူတိုင်းတွင် သူ့ကိုယ်နံ့နှင့်သူ ရှိတတ်သည်မဟုတ်ပါလား။ ထိုအချက်က အသံကိုခွဲခြားသည်ထက်ပင် ပို၍ခွဲခြားရ လွယ်ကူနေသေး၏။

“ဒါကြောင့်မို့ သူနဲ့တွေ့တဲ့အချိန်တိုင်း ကျမဟာ အလွန်အနံ့ပြင်းပြီး ချိုအီထုံမွှမ်းနေတဲ့ အမွှေးနံ့တွေနဲ့ လိမ်းထားလိုက်တယ်။ ပြီးတာနဲ့ ရှန်းကွမ်းတန့်ဖုန်းအဖြစ် ပြန်ထွက်ပေါ်လာရတော့မယ်ဆိုရင် အဲဒီအမွှေးနံ့တွေကို ဆေးကြောဖျောက်ဖျက်ပစ်လိုက်ရော...”

“မင်း တွေးထားတာတွေက အကုန်လုံးနီးပါးပါပဲလား။”

“ဘာကြောင့်လဲဆိုတော့ ကျမဟာ မိန်းမတစ်ယောက် ဖြစ်နေတယ်လေ။” ရှန်းကွမ်းဖေးယန်က ချိုသာစွာ ပြောဆိုလိုက်၏။ “မိန်းမတွေဟာ အခွင့်အရေးမပေးတတ်ကြဘူး။”

“ဒါဆိုရင် လျူယုဟန်ကိုလွှတ်ပြီး ကျုပ်ကို ဘာလို့လုပ်ကြံခိုင်းခဲ့ရတာလဲ။”

ရှန်းကွမ်းဖေးယန်-“ဒီအချက်ကိုလည်း ရှင်သိထားသင့်ပါတယ်။”

“သူဟာ မင်းအတွက် ဘာမှအသုံးမဝင်တော့လို့ ကျုပ်လက်ချက်နဲ့ သေသွားစေချင်လို့ပေါ့လေ။”

“လူသတ်တာကို ရှင်မကြိုက်ဘူးဆိုတာ ကျမ အစောကြီးကတည်းက သိထားခဲ့သင့်တယ်။” ရှန်းကွမ်းဖေးယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ “မဟုတ်ရင် ယန်ထျယ်ရှန်းကို ကျမလက်နဲ့တောင် သတ်ခဲ့စရာမလိုဘူး။”

သူမရှိနေသည့်အချိန်တိုင်း လျူယုဟန်သည် သီးခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သူမကို ကြည့်လိုက်သည့် သူ့အကြည့်တိုင်းက ညင်သာနူးညံ့လွန်းနေပြီး စွဲလမ်းတပ်မက်သော အကြည့်များလည်း ဖြစ်နေကြပြန်သည်။

သို့သော် ရှန်းကွမ်းဖေးယန်၏ နောက်ဆုံးစကားတစ်ခွန်းက ဓားပျံတစ်လက်လို သူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့၏။

လျူယုဟန်က ထစ်ငေါ့စွာဖြင့် ပြောဆိုလိုက်သည်။ “မင်း... မင်း ကျုပ်ကို တကယ်ပဲ သေစေချင်နေတာလား။”

“ရှင် သေသွားခဲ့သင့်တာ ကြာလှပြီ။ အသက်ရှင်နေတော့ကော ကျမအတွက် ဘာအသုံးကျတော့လို့လဲ။” ရှန်းကွမ်းဖေးယန်က သူ့ကိုပင်မကြည့်ဘဲ အေးစက်စွာ ပြောဆိုလိုက်သည်။

“ဒါပေမဲ့... မင်း... မင်း ပြောခဲ့တုန်းက...”

“ဟုတ်တယ်လေ... ကျမပြောခဲ့တဲ့စကားလုံးတိုင်းက အလိမ်တွေချည့်ပဲ... ဘာလဲ... ရှင့်ကိုကြိုက်နေတယ်လို့များ ထင်နေလို့လား။”

လျူယုဟန်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ သူသည် ထိုနေရာ၌ မတ်တတ်ရပ်နေသော်လည်း လှုပ်ရှားမှုကင်းမဲ့စွာ၊ သူမကို ငေးမောကြည့်ရှုနေ၏။ သူ့မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်လျှံနေပြီး ချစ်ခြင်းမေတ္တာတရားများလည်း ထွက်ပေါ်နေ၏။ အချိန်အတော်အကြာကြီး ကြာပြီးသွားသောအခါမှ သူ့ထံမှ နူးညံ့သော သက်ပြင်းချသံနှင့်အတူ စကားသံထွက်ပေါ်လာသည်။

“မင်းပြောတာမှန်တယ်။ မင်းမှာ ကျုပ်ကိုကြိုက်နှစ်သက်စရာ ဘာအကြောင်းမှ မရှိဘူး။ ဒီအချက်ကို ကျုပ်အစကတည်းက သိနေခဲ့ပါတယ်။ ကျုပ်ကိုယ်ကျုပ် လိမ်ညာနေခဲ့မိတာပါ။”

“ကောင်းတာပေါ့... ရှင်ဟာ ငတုံးတစ်ယောက်တော့ မဟုတ်သေးပါဘူး။”

လျူယုဟန် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ဓားကို သူ့ရင်ဝသို့ ထိုးသွင်းလိုက်တော့၏။

ဓားဖျားက သူ့နှလုံးသားကို ထုတ်ချင်းဖောက် ထိုးဖောက်သွားခဲ့ပြီး ကျောကုန်မှ ပေါက်ထွက်လာ၏။ သွေးများက တစ်စက်စက်ဖြင့် စီးကျလာနေ၏။

သို့သော် သူ့မျက်နှာထားကတော့ ဘာမှ ပြောင်းလဲမှုမရှိချေ။ သေခြင်းတရားဆိုသည်မှာ သူ့အတွက်တော့ နာကျင်မှုမဟုတ်၊ ဇိမ်ခံမှုတစ်ခုဖြစ်၏။

သူ့မျက်လုံးများက အရောင်တောက်ပလာခဲ့ကြပြီး ရုတ်တရက် ရယ်မောလိုက်သည်။

“သေရတာ သိပ်ပြီးတော့လည်း မခက်ခဲပါလား။” သူ ဗလုံးဗထွေးရေရွတ်လိုက်၏။ “ဒါပေမဲ့ မင်းမျက်စိရှေ့မှောက်မှာ သေရတာဆိုတော့.. ကျုပ်...”

စကားမဆုံးသေးခင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲကျသွားခဲ့၏။

လုရှောင်ဖုန်း သူ့ကို မတားမြစ်ခဲ့ပါ။ တားမြစ်ရန်လည်း မတတ်နိုင်ခဲ့ပါ။ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးရခြင်းက ပူဆွေးသောကရောက်စွာ ရှင်သန်နေရခြင်းထက် ပိုကောင်းသည်မဟုတ်ပါလား။

“သူဟာ တကယ်ပဲ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်သူတစ်ယောက်ပဲ။ သနားစရာကောင်းတာက လွဲမှားတဲ့လူအပေါ်မှာမှ မေတ္တာထားရှိခဲ့တာကိုး...”

လုရှောင်ဖုန်း ရှန်းကွမ်းဖေးယန်ကို ကြည့်လိုက်၏။ ကြည့်နေရင်းမှ အသည်းမာမာနှင့် ရက်စက်ကြမ်းကြုတ်တတ်သော ဤမိန်းကလေးကို ရွံရှာလာ၏။

မုန်းတီးခြင်းမဟုတ်၊ ရွံရှာလာခြင်းဖြစ်သည်။ အဆိပ်ပြင်းသောမြွေတစ်ကောင်ကို လူအများတွေ့သောအခါ ခံစားရသော ခံစားမှုမျိုးဖြစ်သည်။

လုရှောင်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်သည်။ “မင်းလည်း အတော်တုံးတဲ့အလုပ်ကို လုပ်ခဲ့တာပဲ။”

“အိုး... ဟုတ်ရဲ့လားရှင်”

“မင်းသူ့ကို ချောင်ပိတ်မသေခိုင်းခဲ့သင့်ဘူး။”

“ဘာဖြစ်လို့များလဲ”

“အနည်းဆုံးတော့... သူ အသက်ရှင်နေသေးတယ်ဆိုရင် ကျုပ်မင်းကို သတ်တာကို သူမြင်တွေ့သွားမှာ မဟုတ်ဘူး။”

“ရှင်က ကျမကို သတ်မယ်... ဟုတ်လား။ ရှင့်မှာ သတ်နိုင်တဲ့ နှလုံးသားကော ရှိနေလို့လား။”

“အမှန်အတိုင်းပြောရရင် လူသတ်တဲ့အလုပ်က ကျုပ်အမုန်းဆုံးအလုပ်တစ်ခုပဲ။ ကျုပ် မိန်းမတွေကို ဘယ်တုန်းကမှ မသတ်ခဲ့ဖူးဘူး။ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပေါ့လေ။”

ရှန်းကွမ်းဖေးယန် ရယ်မောလိုက်၏။

“ဒါဆိုရင်လည်း ရှင်ဘာကို စောင့်နေသေးတာလဲ။”

“ကျုပ် အလျင်မလိုပါဘူး။”

“မှန်တာပေါ့... ရှင်အလျင်မလိုပါဘူး။ ကျမက ထွက်မပြေးနိုင်တာ ကျနေတာပဲ။” ရှန်းကွမ်းဖေးယန်က ဘာမှမဖြစ်သလို ပြောဆိုလိုက်၏။ “ပြီးတော့ ရှင့်မှာ ကျမကို မေးစရာမေးခွန်းတွေလည်း ရှိနေသေးတယ်မဟုတ်လား။”

“ကြည့်ရတာ မင်းလည်း ငတုံးတစ်ယောက် မဟုတ်တော့ဘူးပဲကိုး။”

“ရှင် မရောက်လာခင်လေးတင် ဟို အဘိုးကြီးရဲ့ ဒူးနှစ်ဘက်ကို လျူယုဟန် ဘာကြောင့်ဖြတ်ခဲ့တာလဲဆိုတာ မသိချင်ဘူးလား။ ပြီးတော့ သူ့မှာ ခြေချောင်းလေးတွေ ၆ ချောင်းရှိနေတာကို ကျမ ဘယ်လိုနည်းနဲ့ သိသွားခဲ့တာလဲ ဆိုတာကိုကောပေါ့။”

“ဒီမေးခွန်းက ကျုပ် မင်းကို မေးစရာမလိုအပ်တော့ပါဘူး။”

“ရှင် တွေးမိသွားခဲ့ပြီးပြီပေါ့လေ။”

“ခိုတွေက လူတွေထက် ပိုမြန်ပါတယ်။”

ရှန်းကွမ်းဖေးယန် သက်ပြင်းချလိုက်သည်။ “ရှင် တော်တော် တော်တာပဲ။”

“ကျုပ် ဒီလျှို့ဝှက်ချက်ကြီးကို ရီရှုကျူကို မပြောပြသင့်ခဲ့ဘူး။”

“သူ့တစ်ယောက်တည်းကိုပဲ ရှင်ပြောပြခဲ့တာလား။”

“မှန်တယ်။”

“လျှို့ဝှက်ချက်ကို မတော်တဆ ပြောပြခဲ့တာလား... ဒါမှမဟုတ် စမ်းသပ်ကြည့်ချင်လို့ ပြောပြခဲ့တာလား။”

လုရှောင်ဖုန်း-“ကျုပ် သူ့ကို မနာကျင်စေချင်ပါဘူး... သူလည်းပဲ သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။”

ရှန်းကွမ်းဖေးယန် အေးစက်စက်ဖြင့် ရုတ်တရက်ကြီး ခနဲ့ရယ် ရယ်မောလိုက်၏။

“ရှင်မှားသွားခဲ့ပြန်ပြီ။ အပြင်ပန်းမှာ ရိုးသားပြီး အဆိပ်အတောက်ကင်းမဲ့ပုံရှိပေမယ့် မွေးရာပါ အတွင်းစိတ်ကတော့  မိန်းမပျက်တစ်ယောက်လိုပဲ။”

“ဘာကြောင့်လဲဆိုတော့ သူလည်းပဲ မင်းကြိုက်တဲ့လူကို ချစ်ကြိုက်ခဲ့မိလို့ မဟုတ်လား။”

“သူ့ကို ဟိုက အသုံးချရုံလေးပါ။” ရှန်းကွမ်းဖေးယန်၏ မျက်နှာတစ်ခုလုံး အစိမ်းရောင်သမ်းလာခဲ့၏။ “လျူယုဟန်ကို ကျမ အသုံးချခဲ့သလိုပေါ့။”

“ရီရှုကျူက သူ့ကို ပြောပြခဲ့တယ်။ သူကမင်းကို ခိုနဲ့ စာပို့အကြောင်းကြားခဲ့တယ် မဟုတ်လား။”

ရှန်းကွမ်းဖေးယန် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ အမူအရာများက နွေးထွေးနူးညံ့မှုများသို့ ချက်ချင်းကြီး ပြောင်းလဲသွားခဲ့ပြန်သည်။

“အဲဒီ အနက်ရောင်ခိုလေးက ကျမတို့နှစ်ယောက်ကြား ချစ်မေတ္တာသဝဏ်လွှာလေးတွေ ပါးနေရတဲ့ ခိုကလေးပါ။ အခုမှပဲ သိပ်ကို အသုံးကျတဲ့ ခိုကလေးတစ်ကောင် ဖြစ်နေတာ သိလိုက်ရတော့တယ်။”

“ဝိညာဉ်ခြွေချိတ်နဲ့ သံမဏိမျက်နှာတရားသူကြီးတို့ကို အမိန့်ပေးစေခိုင်းနိုင်ခဲ့သူဆိုတော့ သူဟာ မြစိမ်းနန်းတော်ရဲ့ ခေါင်းဆောင်များ ဖြစ်နေလို့လား။”

“ရှင် ဘယ်လိုထင်လဲ။”

“ကျုပ် ဘယ်ပြောတတ်မှာလဲ။”

“ရှင့်ကို ကျမ ပြောပြလိမ့်မယ်လို့များ မျှော်လင့်ထားနေတာလား။”

“ကျုပ်ကို အခုချက်ချင်းကြီး ပြောပြစရာလည်း မလိုပါဘူး။”

“နောင်လည်းပဲ ကျမ ရှင့်ကိုပြောပြဖြစ်မှာမဟုတ်ဘူး။ သူ ဘယ်သူလဲဆိုတာ ရှင်သိဖို့ မရှိတော့ဘူး။”

“ဒါပေမဲ့ မင်းဟာ မိန်းကလေးတစ်ယောက် ဖြစ်နေသေးတယ်လေ။”

“အဲဒါ ဘာဖြစ်လဲ”

“မင်းလိုမျိုး ချောမောလှပတဲ့ မိန်းမချောလေးတစ်ယောက်ဟာ နှာခေါင်းဖြတ်ခံလိုက်ရမယ်ဆိုရင် ကြည့်ရ တော်တော်ဆိုးသွားမှာပဲ။” လုရှောင်ဖုန်းက သွားကြားမှ ထွက်လာသည့်အသံဖြင့် အေးစက်စက် ပြောဆိုလိုက်သည်။

“ရှင်... ရှင် တကယ်ပဲ ကျမရဲ့နှာခေါင်းကို ဖြတ်တော့မှာလား။” ရှန်းကွမ်းဖေးယန်က အထိတ်ထိတ်အလန့်လန့်ဖြင့် ပြောဆိုလိုက်သည်။

လုရှောင်ဖုန်းက ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ပြောဆိုလိုက်၏။ “ကျုပ်ရဲ့နှလုံးသားဟာ တို့ဟူးတုံးတစ်တုံးထက် ပျော့ပျောင်းမယ်လို့များ မင်းထင်နေတာလား။ အဲဒါဆိုရင်တော့ မှားသွားပြီလို့ပဲ ပြောပါရစေ။”

ရှန်းကွမ်းဖေးယန်က ထိတ်လန့်စွာ မေးမြန်းလိုက်ပြန်၏။ “သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မပြောဘူးဆိုရင် ကျမနှာခေါင်းကို ရှင်တကယ်ပဲ ဖြတ်တော့မယ်ပေါ့။”

“နှာခေါင်းကိုဖြတ်မယ်၊ ပြီးရင် နားရွက်တွေကိုဖြတ်မယ်။”

“ရှင်သိပ်ပြီး အပြောကြီးတာပဲ... ရှင် တကယ်ကြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။”

ရှန်းကွမ်းဖေးယန်က အချိုသာဆုံး ပြုံးနေလိုက်၏။

လုရှောင်ဖုန်းက မျက်နှာထားတင်းတင်းဖြင့်-“မင်း စမ်းကြည့်ချင်တယ်ပေါ့လေ။”

“ရှင် တကယ်တမ်း မလုပ်ဘူးဆိုတာ ကျမ သိထားပါတယ်။ ဘာလို့လဲဆိုတော့ နှာခေါင်းပြတ်နေတဲ့ မိန်းကလေးမိတ်ဆွေတစ်ယောက်ကို ရှင်လည်း လိုချင်မှာမဟုတ်ဘူး။”

“မင်း ကျုပ်ရဲ့မိတ်ဆွေတစ်ယောက် မဖြစ်နေတာ သိပ်ကောင်းတာပဲ။”

“ဟုတ်ပါတယ်... ကျမက ရှင့်ရဲ့မိတ်ဆွေ မဟုတ်ပါဘူး... ဒါပေမဲ့ ဟွာမင်းလိုနဲ့ ကျုတင်းတို့ကတော့ ရှင့်ရဲ့ မိတ်ဆွေတွေ မဟုတ်လား။”

လုရှောင်ဖုန်း မျက်နှာပျက်သွားတော့သည်။

“ရှင်သာ ကျမရဲ့နှာခေါင်းကို ဖြတ်ခဲ့မယ်ဆိုရင်... သူတို့ရဲ့လက်တွေလည်း ခန္ဓာကိုယ်တွေနဲ့ မြဲမြဲရှိနိုင်တော့မယ် မထင်ဘူး။” ရှန်းကွမ်းဖေးယန်က ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ပြောလိုက်သည်။ “ဦးခေါင်းပြတ်နေတဲ့လူတွေဆိုရင် နှာခေါင်းပြတ်နေတဲ့လူထက်တောင်မှ ကြည့်ရဆိုးဦးမယ်။”

လုရှောင်ဖုန်း သူမကို စိုက်ကြည့်နေလိုက်ပြီး အတန်ကြာမှ အူလှိုက်သည်းလှိုက် ရယ်မောလိုက်တော့သည်။

“ရယ်စရာကောင်းနေတယ်လို့များ ရှင်ထင်နေလို့လား။”

“ဟွာမင်းလိုကို နောက်တစ်ကြိမ် မင်း လှည့်စားနိုင်ခဲ့ပြီဆိုတာ ကျုပ် ယုံလိမ့်မယ်လို့များ ထင်နေတာလား။” လုရှောင်ဖုန်းက အတောမသတ်ရယ်မောနေရင်း မေးမြန်းလိုက်သည်။

“သူ့ကို တစ်ခါလှည့်စားနိုင်ခဲ့ပြီဆိုမှတော့ နောက်တစ်ကြိမ်လည်း လှည့်စားနိုင်ပါသေးတယ်ရှင်။”

“ငတုံးတွေပဲ နှစ်ခါပြန် လှည့်စားခံကြလိမ့်မယ်။ သူဟာ ငတုံးတစ်ယောက် မဟုတ်ဘူး။”

“ဒါပေမဲ့ သူဟာ ချစ်တတ်တဲ့ ယောက်ျားတစ်ယောက်၊ သံယောဇဉ်လည်းကြီးတယ်။ ငတုံးတစ်ယောက်ကို လှည့်စားနိုင်လှ နှစ်ခါအများဆုံးပေါ့... ဒါပေမဲ့ မေတ္တာတရားကြီးမားတဲ့သူကိုတော့ အကြိမ်ရာပေါင်းများစွာ လှည့်စားနိုင်ပါသေးတယ်ရှင်။ ဘာကြောင့်လဲဆိုတော့ ကျမအပေါ်မှာ သူဟာ တမ်းတမ်းစွဲဖြစ်နေတာကိုး။”

“ဒါဆိုရင် ကျုတင်းကော မေတ္တာရှင်ပဲလား။”

“မဟုတ်သေးဘူးလေ... သူကတော့ ငပျင်းတစ်ယောက်ပေါ့။”

“ပျင်းတဲ့ဟာမှာ ကောင်းကွက်လေးတွေလည်း ရှိနေပါသေးတယ်လေ။”

“အိုး... ဟုတ်ရဲ့လား။”

“ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က လှုပ်ရှားရမှာတောင် ပျင်းတဲ့ ငပျင်းတစ်ယောက်ဖြစ်နေလို့ ဘယ်လိုလုပ်ပြီး အလှည့်စားခံရဦးမှာတဲ့လဲ။”

“သူလို ငပျင်းတစ်ယောက်ကို လှည့်စားဖို့ အင်မတန်ကို ခက်ခဲပါတယ်။” ရှန်းကွမ်းဖေးယန်က ဝင့်ကြွားစွာ ပြုံးရယ်လျှက် ပြောဆိုလိုက်၏။ “ဒါပေမဲ့ ကံကောင်းချင်တော့ ငွေလွှဲလက်မှတ်ပေါ်မှာ ပုံဆွဲပေးပြီး သူ့ကိုခေါ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ကလည်း ရှိနေပြန်သေးတယ်။”

လုရှောင်ဖုန်း မရယ်မောနိုင်တော့ပါ။

“ရှင့် ချစ်လှစွာသော ဒီသူငယ်ချင်းရဲ့ ဦးခေါင်းပြတ်ကြီး ရှင်လည်း တွေ့ချင်မှာမဟုတ်ဘူး။” ရှန်းကွမ်းဖေးယန် ထပ်ဖြည့်စွက်လိုက်၏။ “သူ့ရဲ့ ချောမောလှပလွန်းတဲ့ မိန်းမပါ အပါအဝင်ဖြစ်လာမှာလည်း ပြောစရာမလိုတော့ဘူးထင်တယ်။”

“လောင်ပန်ကတော်ကိုယ်တိုင်က သူ့ယောက်ျားထက်တောင်မှ အပျင်းကြီးသေးတယ်။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “သူလည်း ဒီကို ဘာလာလုပ်ဦးမှာတဲ့လဲ။”

“ဘာကြောင့်လဲဆိုတော့ သူ့ကို ရှင်ကိုယ်တိုင်လာကယ်တင်လိမ့်မယ်လို့ ယုံကြည်ထားလို့ပေါ့။ သူရှင့်ကို စောင့်နေတယ်။”

“ကျုပ်ကို သူ ဘယ်နေရာမှာ စောင့်နေတာလဲ။”

“ရှင် သိပ်သိချင်နေတယ်ပေါ့။”

“အရမ်းကို သိချင်နေပါတယ်တဲ့ဗျား။”

“အဲဒီနေရာ ရှင့်ကို ကျမခေါ်သွားမယ်လို့များ ထင်နေတာလား။”

“မထင်ပါဘူး။”

“ရှင်မှားသွားပြန်ပြီ။” ရှန်းကွမ်းဖေးယန်က ပြုံးပြလိုက်သည်။ “ရှင့်ကို ခေါ်သွားဖို့ရည်ရွယ်ချက်မရှိဘူးဆိုရင် ဘာဖြစ်လို့ အစကတည်းက ဒီအကြောင်းကို ပြောခဲ့မှာတဲ့လဲ။”

“အနည်းဆုံးတော့ အဲဒီနေရာကို အခုချက်ချင်းကြီး မင်း ခေါ်မသွားသေးပါဘူး။”

“ရှင်ဟာ တော်တော် တော်တဲ့လူတစ်ယောက်ပဲ... သိလား။” ရှန်းကွမ်းဖေးယန်က အချိုသာဆုံးပြုံး၍ ပြောဆိုလိုက်၏။

“သနားစရာကောင်းတာက ကျုပ်ရဲ့ သူငယ်ချင်းတွေက သိပ်ပြီးအပျင်းမထူကြသလို ကျုပ်ကိုယ်တိုင်လည်း အတော့်ကို တုံးတဲ့ ငတုံးတစ်ယောက်ဖြစ်နေတာပဲ။” လုရှောင်ဖုန်းက ဘယ်သူ့ကိုမှ မရည်ရွယ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့တတွေဟာ ရှင့်ရဲ့သူငယ်ချင်းတွေ ဖြစ်နေသေးပဲဆိုတော့ ရှင်သွားကယ်မှ ရမှာပေါ့။”

“ကျုပ် စဉ်းစားလိုက်ဦးမယ်။”

“ဘာ စဉ်းစားစရာများ ရှိနေသေးလို့လဲ။”

“အဲဒီနေရာ မင်းကျုပ်ကို ခေါ်ဆောင်သွားဖို့ ကျုပ်ဆီက ဘာများ ပြန်တောင်းဆိုမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။”

“ရှင့်ကို ကျမလုပ်ခိုင်းချင်တဲ့အလုပ်ကလေးက အင်မတန်မှကို လွယ်ကူပါတယ်ရှင်။”

“ဘာများလဲ”

“လူတစ်ယောက်ကို သတ်ပေးဖို့ပါပဲ။ လူသတ်တယ်ဆိုတာလည်း ရှင့်အတွက်က သိပ်ကိုလွယ်ကူလွန်းနေပါတယ်။ ဟုတ်တယ်ဟုတ်။”

“အင်း... ဒါပေမဲ့ ဘယ်သူ့ကို သတ်ရမလဲဆိုတာပေါ်တော့ မူတည်သေးတယ်လေ။”

“သူ့ကို ရှင်ကောင်းကောင်းကြီး ကိုင်တွယ်နိုင်မှာပါ။”

“ဘယ်သူများလဲ”

“စီမင်းကျွေ့ရှယ်”

လုရှောင်ဖုန်း ရယ်မောလိုက်တော့သည်။

“မင်းဘာကို လိုချင်တာလဲ။ ကျုပ်က သူ့ကိုသတ်တာလား၊ ဒါမှမဟုတ် သူကကျုပ်ကို သတ်သွားမှာကိုလား။”

“သူ့ကို ရှင်သတ်စေချင်တာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ ကျမကို စော်ကားသွားခဲ့တယ်။ ကျမရဲ့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အဲလို အစော်ကားမခံခဲ့ရဖူးဘူး။”

“ဒီလောက်အသေးအဖွဲလေးအတွက်များ မင်းက ကျုပ်အနေနဲ့ သူ့ကို သတ်စေချင်နေတယ်လား။”

“မိန်းကလေးတစ်ယောက်အတွက်တော့ အဲဒီကိစ္စက မသေးဘူးရှင့်။”

“ကျုပ်က သူ့ကို မသတ်နိုင်ဘဲ သူကကျုပ်ကို သတ်သွားခဲ့မယ်ဆိုရင်ကော။”

“ဒါဆိုရင်လည်း သိပ်ပြီးစိတ်မချမ်းမသာ ဖြစ်စရာမလိုတော့ဘူးပေါ့။ ငရဲပြည်မှာ ရှင့်သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြရမှာပဲဟာ”

“ကြည့်ရတာ ဒီကိစ္စမှာ ရွေးချယ်ခွင့်မရှိတော့ဘူးနဲ့တူတယ်။”

“ဘာမှကို မရှိတာသေချာတယ်။”

“ကျုပ်သေသွားတာပဲဖြစ်ဖြစ်၊ သူသေသွားတာပဲဖြစ်ဖြစ် မင်းကတော့ အတော်လေး ပျော်ရွှင်နေတော့မှာပဲ။”

“ပွင့်ပွင့်လင်းလင်း ပြောရရင် ရှင်တို့နှစ်ယောက်စလုံးသေသွားလည်း ကျမအတွက် ဘာမှခံစားရမှာမဟုတ်ဘူး။”

“မင်းမှာ နှလုံးသားတစ်ခု ရှိနေသေးတယ်လို့ ထင်မထားခဲ့မိပါလား။”

“သိပ်ရှိသေးတာပေါ့ရှင်... ဒါကြောင့်လည်း သူ့အသက်တစ်ချောင်းနဲ့ ဟွာမင်းလိုအပါအဝင် ကျန်တဲ့ရှင့်သူငယ်ချင်း ၃ ယောက်ရဲ့အသက်တွေကို အလဲအလှယ်လုပ်နေရတာပေါ့။”

“ဒီလောက်ကလေး အလဲအလှယ်လုပ်ရတာ တန်ပါတယ်။” လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။ “ဒါပေမဲ့ သူဘယ်မှာရှိနေသလဲဆိုတာ ကျုပ်မသိဘူး။”

“ရှင်သူ့ကို သေချာပေါက် ရှာတွေ့မှာပါ။”

“ဘယ်လို...”

“စွန်းရှုးချင်ကို ပွေ့ခေါ်သွားတဲ့နေ့က သူ့အသက်ကို ကယ်တင်ချင်လို့ဆိုတာ သိပ်သေချာတယ်။”

“သူက လူသတ်သလို လူ့အသက်တွေကိုလည်း ကယ်တင်ပေးတတ်တာ ကျုပ်သိပါတယ်။”

“ဒါကြောင့်မို့ အခုအချိန်ဆိုရင် စွန်းရှုးချင် ဒဏ်ရာပျောက်အောင် အေးအေးဆေးဆေးရှိနိုင်မယ့် တစ်နေရာမှာ သူတို့ရှိနေကြမှာသေချာတယ်။ သူ ဘယ်နေရာမှာ ဒဏ်ရာကုသပေးနေလဲဆိုတာလောက်တော့ ရှင်သိမှာပါ။”

“ဒါပေမဲ့ လူသေတွေအတွက်က ဒဏ်ရာပျောက်ဖို့မှ မလိုတော့တာ။”

“မှန်လိုက်တာ။”

“ဒါကြောင့်မို့ မင်းကို မေးရဦးမယ်။ စွန်းရှုးချင်ဟာ ဇာမဏီအပ်ပျံကြောင့် ဒဏ်ရာရသွားပြီးတဲ့နောက် အသက်ရှင်နိုင်ပါဦးမလား။”

“သူ့ကို ထိသွားခဲ့တာ ဇာမဏီအပ်ပျံတွေ မဟုတ်ပါဘူး။ ပျံလွှားအပ်ပျံတွေပါ။” ရှန်းကွမ်းဖေးယန်က ခါးသီးစွာ ရေရွတ်လိုက်၏။ “အဲဒီဒဏ်ရာက အမှန်တော့ သေလောက်မယ့်ဒဏ်ရာပါပဲ... ဒါပေမဲ့ စီမင်းကျွေ့ရှယ်ကို ကြည့်ရတာ သမားတော်ကောင်းတစ်ယောက်လည်း ဖြစ်နေပုံရတယ်။”

“အိုး.. ဟုတ်ရဲ့လား။”

“ပျံလွှားအပ်ပျံထဲမှာ သုတ်လိမ်းထားတဲ့အဆိပ်က တခြားအဆိပ်တွေနဲ့မတူဘူး။ အဆိပ်မိပြီးသွားလို့ ငြိမ်ငြိမ်လေး လဲလျောင်းနေမယ်ဆိုရင် သေသွားမှာ သေချာတယ်။”

“ဒါကြောင့်မို့ ရှိရှုးယွင် သေသွားခဲ့တာကိုး။” လုရှောင်ဖုန်းက သူမပြောမည့်စကားကို ဖြည့်စွက်ပေးလိုက်၏။

“ဒါပေမဲ့ စီမင်းကျွေ့ရှယ်က သူ့ကို ပွေ့ချီထားပြီး တောင်ကုန်းတစ်လျှောက် ပတ်သတ်ပြေးလွှားနေပုံရတယ်။ ဒါကြောင့်မို့လည်း သူ့မှာ ရှင်သန်နိုင်တဲ့အခွင့်အရေး ရှိနေသေးတာပေါ့။”

“မင်း သူတို့ကို အပ်ပျံတွေနဲ့ ပစ်ခဲ့ပြီးတော့ အဲဒီညက ပြန်မထွက်သွားခဲ့ဘူးမဟုတ်လား။”

“ရှင်တို့လို ပညာရှင်တွေ ရှိနေတဲ့နောက်တော့ ကျမ ဘယ်ထွက်သွားရဲပါ့မလဲ။” ရှန်းကွမ်းဖေးယန်က ရယ်မောပြောဆိုလိုက်၏။ “ဒါကြောင့်မို့ အဲဒီနေရာမှာ ပုန်းအောင်းပြီးနေခဲ့တာပေါ့။ ရှင်တို့တတွေ ကျမနောက်ကို ခုန်ပေါက်ပြီး လိုက်ခဲ့ကြတာ မြင်ခဲ့ရသားပဲ။”

“အင်း... မင်းရဲ့ သတ္တိကတော့ တယ်ကောင်းပါလား။”

“ကျမ အဲဒီနေရာမှာ ပုန်းအောင်းနေရဲမှာမဟုတ်ဘူးလို့ ရှင်တို့အားလုံး ထင်ထားခဲ့ကြမယ်ဆိုတာလည်း သိနေခဲ့လို့ပေါ့လေ။”

“ကျုပ်တို့ ထွက်သွားခဲ့ပြီးနောက်မှ မင်း ကိုယ်ထင်ပြခဲ့တယ်ပေါ့။”

“ဟွာမင်းလို တစ်ယောက်တည်း ကျန်နေခဲ့ချိန်မှာတော့ ကျမကို သူ သံသယရှိမှာ မဟုတ်ဘူးလေ။ နှင်းတွေဟာ မည်းတယ်၊ မင်အရောင်က အဖြူရောင်ပါလို့ ကျမသူ့ကို ပြောခဲ့မယ်ဆိုရင်တောင် သူကတော့ ယုံကြည်ပေးနေဦးမှာပဲ။”

“ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ သူက ကျမကို ချစ်နေသူမဟုတ်လား။” ရှန်းကွမ်းဖေးယန်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည်။ “ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် မျှော်လင့်ချက် မရှိတော့ဘူး။”

“သိပ်မှန်တာပေါ့... သူက မင်းကိုကြိုက်လွန်းလို့ မင်းလှည့်စားခဲ့တဲ့အရာမှန်သမျှ သူနဲ့ထိုက်တန်တယ်လို့ပဲ ထင်ထားခဲ့တယ်ပေါ့လေ။”

“သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ။ ကျမက သူ့ကို ချစ်ခိုင်းခဲ့တာမှ မဟုတ်တာ။”

လုရှောင်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

“မင်းကို ပြောစရာတစ်ခုတည်းပဲ ကျန်တော့တယ်။”

“ဘာများလဲ”

“လူတစ်ယောက်ဟာ ကျန်တဲ့လူတွေအားလုံးကို ငတုံးတွေလို ဆက်ဆံခဲ့မယ်ဆိုရင် အဲဒီသူကိုယ်တိုင်က အတုံးတက အတုံးဆုံး ငပေါငတုံးကြီးတစ်ယောက် ဖြစ်သွားတတ်တယ်။”

“ဘာအဓိပ္ပါယ်နဲ့ ပြောလိုက်တာလဲ။” ရှန်းကွမ်းဖေးယန် မျက်နှာအပျက်ပျက်ဖြင့် မေးမြန်းလိုက်သည်။

“မင်းနောက်လှည့်ကြည့်လိုက်မယ်ဆိုရင် ဘာလဲဆိုတာ သိလာမှာပါ။”

ရှန်းကွမ်းဖေးယန် နောက်လှည့်ကြည့်လိုက်ရာ သူမ၏တစ်ကိုယ်လုံး နက်မှောင်လွန်းသည့် ကျွင်းတစ်ခုထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရတော့သည်။

အခန်းတွင်းတွင် မည်းမှောင်နေဆဲဖြစ်၏။ အမှောင်ထုထဲတွင် လူတစ်ယောက် ငြိမ်သက်စွာ ငုတ်တုတ်ထိုင်နေသည်။

“ဟွာမင်းလို”... ရှန်းကွမ်းဖေးယန် ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

သို့သော် ဟွာမင်းလို၏ အမူအရာများက တည်ငြိမ်အေးချမ်းနေဆဲ... စိတ်ဆိုးဒေါသ မထွက်နေသလို နာကျင်စွာ ခံစားနေရမှုများလည်း မထွက်ပေါ်နေပါ။

ရှန်းကွမ်းဖေးယန်က သူ့ကို အံ့အားသင့်စွာ ငေးကြည့်နေလိုက်ပြီး မေးမြန်းလိုက်သည်။ “ရှင်... ရှင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာခဲ့တာလဲ။”

“ကျုပ် လမ်းလျှောက်ပြီးလာခဲ့တာပါ။” ဟွာမင်းလို ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့... ရှင့်.. ရှင့်ကို ကျမ သွေးကြောပိတ်ထားခဲ့တာပဲ။”

“အကြောပိတ်ခံထားရတယ်ဆိုရင် ပိတ်ထားတဲ့သွေးကြောတွေကို ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အတွင်းအားနဲ့ ပိတ်နေတဲ့နေရာကို တွန်းဖွင့်လို့ရတယ်။ အချိန်တော့ နည်းနည်းပေးရတာပေါ့လေ... ကံကောင်းချင်တော့ ကျုပ်က အဲဒီ မတောက်တခေါက်ပညာလေး တတ်ထားတယ်။”

“ရှင် ပြင်ဆင်လာခဲ့ပြီးပြီပေါ့လေ။ ရှင်တို့အပေါ်မှာ ကျမ တစ်ခုခုလုပ်လိမ့်မယ်လို့များ ထင်နေတာလားရှင်။”

“ကျုပ် သူငယ်ချင်းကို ကျုပ်အတွက်နဲ့ တခြားသူတစ်ယောက်ကို သွားသတ်မှာ မလိုလားလို့ပါ။”

“ကျမ ပြောခဲ့တာတွေအားလုံး ရှင်ကြားခဲ့တယ်ပေါ့။”

ဟွာမင်းလို ခေါင်းညိတ်ပြလိုက်သည်။

“ရှင်... ရှင် စိတ်မဆိုးဘူးလား။”

“ဘယ်သူမှ အမှားကင်းတဲ့လူရယ်လို့ မရှိပါဘူး။” ဟွာမင်းလို ဘာမှမဖြစ်သလို ပြန်ဖြေလိုက်၏။ “ပြီးတော့ ကျုပ် မင်းကို ကြိုက်နှစ်သက်လာဖို့လည်း မင်းကိုယ်တိုင် တွန်းအားပေးခဲ့တာမှမဟုတ်ဘဲ။”

သူ့ကိုကြည့်ရသည်မှာ အေးချမ်းနေ၏။ နွေးထွေးတည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာမှာ မေတ္တာတရားသာဖြစ်ပြီး အမုန်းတရားများ မဟုတ်ချေ။

ရှန်းကွမ်းဖေးယန် သူ့ကို ငေးကြည့်လိုက်သည်။ သူမလို မိန်းကလေးမျိုးပင် မိမိကိုယ်ကို အရှက်ရ နောင်တရသွားစေခဲ့သည်မဟုတ်ပါလား။

လုရှောင်ဖုန်းသည်လည်း ဟွာမင်းလိုကို ကြည့်နေပါသည်။

“ဒီလူဟာ တကယ့်လူတော်လူကောင်းတစ်ယောက်ပဲ။” သူ တိုးတိုးလေးညည်းလိုက်သည်။

ဟွာမင်းလို ခပ်ပေါ့ပေါ့လေး ရယ်မောလိုက်သည်။

“ကောင်းတဲ့လူကော... အ တဲ့လူကော.. တစ်ခါတစ်ခါကျရင် သိပ်မထူးပါဘူးကွာ။”

“လောင်ပန် ဘယ်မှာလဲ။”

“သူ့မိန်းမကို အဖော်လုပ်နေမှာပေါ့။”

“သူတို့ ဘာဖြစ်လို့ မလာကြသေးတာလဲ။”

“ရှူးအော်ပြောပြနေတဲ့ ပုံပြင်တွေ နားထောင်နေကြတယ်။”

“ကြည့်ရတာ သိပ်မကြာခင်လေးမှာပဲ အလိမ်ခံကြရတော့မယ်နဲ့တူတယ်။” လုရှောင်ဖုန်း ခပ်သဲ့သဲ့လေး ပြုံးလိုက်သည်။

သူတို့ မလာရသည့်အကြောင်းရင်းမှန်ကို သူမသိမဟုတ်၊ သိနေပါသည်။ သူ့ကြောင့်မို့လို့ သူတို့တွေ ဒုက္ခရောက်ခဲ့ကြရသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့ချင်း တွေ့ဆုံကြမည်ဆိုပါက တစ်ယောက်နှင့်တစ်ယောက် မျက်နှာမထားတတ်အောင် ဖြစ်နေကြမည် မဟုတ်ပါလား။ သူတို့ လုရှောင်ဖုန်းကို အရှက်မရစေချင်ပါ။

ရှူးအော်သည်လည်း သူ့အစ်မဖြစ်သူကို လုံးဝမတွေ့ချင်ပါ။ ဤလိုအခြေအနေမျိုးတွင် နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် ဆုံတွေ့ဖြစ်ကြသည်ဆိုပါက မည်သူ့အတွက်မှ ကောင်းနိုင်မည်မဟုတ်ချေ။

ရှန်းကွမ်းဖေးယန် သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ရှင် စောစောတုန်းက ပြောခဲ့တာတွေ ကျမ နားလည်သွားပြီ။”

“အိုး...”

“ကျမလုပ်ခဲ့သမျှတွေအားလုံး သိပ်ကိုထုံအ လွန်းတယ်။ ပြန်လမ်းမရှိအောင်ကို မိုက်ကန်းခဲ့မိပြီ။”

“အမ်...”

“ရှင်တို့အားလုံးကို ငတုံးတွေလို့ ကျမထင်ထားခဲ့ပေမယ့် နောက်ဆုံးကျတော့ ကျမပဲ ငတုံးကြီးတစ်ယောက် ဖြစ်သွားခဲ့တယ်။” သူမ သက်ပြင်းချလိုက်ပြန်၏။ “အခုအချိန်မှာ ရှင် ကျမရဲ့နှာခေါင်းကို ဖြတ်ခဲ့မယ်ဆိုရင်တောင် သူ ဘယ်သူလဲဆိုတာ ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူး။”

“မင်းမှာ ချစ်တတ်တဲ့စိတ်ကလေးလည်း ရှိနေသေးတာကိုး။”

ရှန်းကွမ်းဖေးယန် ရယ်မောနေ၏။ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည့် အထီးကျန် ရယ်မောသံဖြစ်သည်။

“မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားပြီဆိုရင်လည်း သူ့အတွက် မျှော်လင့်ချက်ဆိုတာ မရှိနိုင်တော့ပါလား။”

“ကျုပ် နားလည်ပါတယ်။ ကျုပ် နားလည်ပါတယ်။” ဟွာမင်းလို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... ရှင့်အပေါ်မှာ ကျမ မှားခဲ့တယ်။” ရှန်းကွမ်းဖေးယန်၏ လေသံများက လေးနက်လာသည်။ “အခုအချိန်မှာ ရှင် ကျမကို သတ်မယ်ဆိုရင်တောင် ကျမ ရှင့်ကို ဗွေမယူပါဘူး။”

“ကျုပ်မှ မင်းကို မသတ်ချင်တာ။”

“ဒါဆိုရင် ရှင်တို့ကျမကို ဘာလုပ်ကြမလို့လဲ။”

“ဘာမှ မလုပ်ဘူး။”

“ရှင်တို့... ရှင်တို့ ကျမကို သွားခွင့်ပေးလိုက်တာလား။” ရှန်းကွမ်းဖေးယန် အံ့အားသင့်သွားခဲ့ရပြန်၏။

ဟွာမင်းလို ဘာမှပြန်မပြောခဲ့ပါ။ ရုတ်တရက် နောက်သို့လှည့်ပြီး တံခါးပေါက်မှ ထွက်ခွာသွားတော့သည်။ လုရှောင်ဖုန်းသည်လည်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အသံတိတ်ဆိတ်စွာ ဟွာမင်းလိုနောက်မှ လိုက်သွားခဲ့၏။

ရှန်းကွမ်းဖေးယန်တစ်ယောက် မယုံကြည်နိုင်မှုများဖြင့် ငေးငိုင်စွာ ကျန်ရစ်ခဲ့လေသည်။

“ရှင်တို့ ဘာလုပ်နေလဲဆိုတာ ကျမသိသွားပြီ။ သူ့ကို ကျမ သွားရှာမယ်ဆိုတာ ရှင်တို့သိနေကြတယ် မဟုတ်လား။ ဒါကြောင့်မို့လို့ ကျမကို သက်သက်လွှတ်ပေးခဲ့ပြီး ကျမနောက်ကနေ နောက်ယောင်ခံ လိုက်ကြမလို့ မဟုတ်လား။” သူမ အော်ဟစ်မေးမြန်းလိုက်၏။

လုရှောင်ဖုန်း ပြန်လှည့်မလာခဲ့ပါ။

“ကျုပ် လုပ်စရာတောင်မလိုဘူး။” လုရှောင်ဖုန်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

“သူဘယ်သူလဲဆိုတာ ကျုပ် သိထားပြီးပြီ။”

ရှန်းကွမ်းဖေးယန်၏ အမူအရာများ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြန်သည်။

“သူဘယ်သူလဲဆိုတာ ရှင်သိနေတယ်...” သူမ၏အသံက အဆုပ်ထဲမှ ဖြဲအော်လိုက်သံလို ထွက်ပေါ်လာသည်။ “... သူဘယ်သူလဲ...”

လုရှောင်ဖုန်း ပြန်မဖြေခဲ့သလို ဘာမှလည်း ပြန်မပြောခဲ့ပါ။ ဟွာမင်းလိုနောက်ကို မီအောင်လိုက်သွားခဲ့ပြီး နှစ်ယောက်သား ပခုံးချင်းယှဉ်ကာ လမ်းလျှောက်ထွက်သွားတော့သည်။ သူတို့နှစ်ယောက်စလုံး အခန်းမှောင်မှောင်ထဲမှ ညဉ့်မှောင်မှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြတော့၏။ အခန်းတွင်းတွင် မည်းမှောင်နေသည်။

အမှောင်ထုထဲတွင် ရှန်းကွမ်းဖေးယန်တစ်ယောက်တည်း ငုတ်တုတ်ကြီး ရပ်နေ၏။ သူမ၏ခန္ဓာကိုယ်လေး သိမ့်ခနဲတစ်ချက် တုန်သွားခဲ့သည်။ ညချမ်း၏ အအေးဒဏ်ကြောင့်များလား။ သို့တည်းမဟုတ် ကြောက်ရွံ့မှုများကြောင့်လား။

ပန်းခြံလေးသည် မည်းမှောင်နေသော်လည်း ငြိမ်းချမ်းလှသည်။ ညနေ နေမဝင်ခင်တုန်းကထက်ပင် ပန်းရနံ့များက ထုံအီစွာ မွှေးပျံ့နေ၏။ ကောင်းကင်ပေါ်၌ ကြယ်ရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်နေ၏။ တခဏအတွင်းမှာပင် တိမ်လွှာတစ်အုပ်က ဖုံးအုပ်သွားခဲ့ပြန်၏။

ဟွာမင်းလို ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။ ပန်းရုံလေးတစ်ခုဘေးမှ ကပ်ပြီးဖြတ်သန်းသွားသောအခါ ညင်သာနူးညံ့စွာ သက်ပြင်းရှိုက်လိုက်သည်။

“သနားစရာကောင်းလိုက်တဲ့ မိန်းကလေး”

လုရှောင်ဖုန်း ခေါင်းညိတ်နေလိုက်သည်။ သူ့ကို ဟွာမင်းလို မြင်နိုင်သည်၊ မမြင်နိုင်သည်ဆိုခြင်းကို မေ့လျော့သွားခဲ့သည်။

“လူတိုင်း အမှားကျူးလွန်တတ်ကြတာပဲ။ သူကိုယ်တိုင် မှားခဲ့တယ်ဆိုဦး... သူ...”

လုရှောင်ဖုန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။ “အမှားလုပ်ပြီဆိုတာနဲ့ အပြစ်ဒဏ်ဆိုတာ ရောက်ရှိလာမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ်... အမှားကျူးလွန်ခဲ့ပြီးပြီဆိုရင် အကျိုးဆက်တွေတော့ ခံစားကြရမှာပဲ။”

“ဒါပေမဲ့ မင်း သူ့ကို သွားခွင့်ပေးခဲ့တာပဲ။”

“သူ့ကို သွားခွင့်မပေးမယ့်လူတစ်ယောက်ရှိနေသေးတယ်ဆိုတာ ငါ သိထားလို့လည်း ဖြစ်နိုင်တာပဲ။”

“ဘယ်သူလဲ... သူ့ချစ်သူလား။”

“မဟုတ်ဘူး... ချစ်သူမဟုတ်ဘူး။ သူ့မှာ အချစ်ဆိုတာမရှိဘူး။”

“သူဘယ်သူလဲဆိုတာ မင်း တကယ်ကြီးသိနေတာလား။”

“မသိဘူး။”

“ဒါဆိုရင် သူပြောခဲ့တာ မှန်နေပြီပေါ့။ မင်း သူ့နောက်ကို နောက်ယောင်ခံလိုက်ဦးမလို့ မဟုတ်လား။”

“ငါကိုယ်တိုင် လူကြီးလူကောင်းတစ်ယောက် မဟုတ်ပေမယ့် ငါပြောခဲ့တဲ့စကားအတွက်တော့ တာဝန်အပြည့်ယူပါတယ်ကွာ။” လုရှောင်ဖုန်း ပြုံးပြလိုက်သည်။

“သူ ဘယ်သူလဲဆိုတာ မင်းမှ မသိတာ။ သူ့နောက်ကို နောက်ယောင်ခံလိုက်ဖို့ မကြိုးစားတော့ဘူးလား။ ဒီကိစ္စကြီးတစ်ခုလုံးကို ဒီအတိုင်းကြီး လွှတ်ပေးလိုက်တော့မှာလား။”

“အခုမှတော့ ရပ်လို့မရတော့ပါဘူး။”

“မင်းပြောနေတာတွေတစ်ခုမှ ငါ နားမလည်ဘူး။”

“ငါ သူ့ကို ရှာတွေ့ချင်မှတွေ့လိမ့်မယ်။ ဒါပေမဲ့ သူကတော့ ငါ့ကိုလာရှာမှာ ကျိန်းသေတယ်။”

“သေချာလို့လားကွာ”

“၇၀ ရာခိုင်နှုန်းလောက်ကို သေချာပါတယ်။”

“အိုး...”

“ငါ သူဘယ်သူလဲဆိုတာ သိထားတယ်လို့ သိသွားပြီးနောက်တော့ ငါ့ကို အသက်ရှင်လျက် ပေးနေနိုင်ပါ့မလား။”

“ဒါဆိုရင် မင်းပြောခဲ့တဲ့စကားတွေက သူကိုယ်တိုင် မင်းကို လာရှာအောင်လို့ ကြံစည်ခဲ့တာပေါ့။”

“ငါပြောခဲ့တာက ငါပြောခဲ့တာပဲ။ ရှန်းကွမ်းဖေးယန်ကို ကယ်တင်ချင်တာလည်း ပါတာပေါ့ကွာ။”

“မင်းသာ သူဘယ်သူမှန်း သိထားပြီဆိုတာနဲ့ သူ့ဇာတ်ရုပ်ကို ဖုံးကွယ်ထားဖို့အတွက် ရှန်းကွမ်းဖေးယန်ကို သတ်စရာအကြောင်းမရှိတော့ဘူး။”

လုရှောင်ဖုန်း ပြုံးပြလိုက်ပြန်သည်။

“အနည်းဆုံးတော့ သူအရင်ဆုံးလာရှာမှာက ငါပေါ့ကွာ... ရှန်းကွမ်းဖေးယန်တော့ မဟုတ်ဘူး။”

“မင်းပြောခဲ့တဲ့စကားလေးတွေ သူမကြားနိုင်ခဲ့တာ စိတ်မကောင်းစရာပဲ။”

“သူကြားနိုင်ပါတယ်။”

ဟွာမင်းလို မျက်နှာပျက်သွားခဲ့၏။

“သူ အဲဒီမှာရှိနေခဲ့တယ်လို့ မင်းထင်ထားလို့လား။”

“အဲဒီမှာ သူအခုအချိန်ထိ ရှိနေဦးမှာပါ။”

“ဒါကြောင့်မို့လို့ သူအချိန်အရွေးထွက်ပေါ်လာနိုင်ပြီး မင်းကိုလည်း အချိန်မရွေး တိုက်ခိုက်သတ်ဖြတ်နိုင်မယ်ပေါ့။”

“အမှန်ပဲ။”

“ဒါပေမဲ့ မင့်ကြည့်ရတာ နည်းနည်းလေးမှ စိုးရိမ်နေပုံမရပါလား။”

လုရှောင်ဖုန်း ပြုံးလိုက်ပြန်သည်။

“ငါ့ရဲ့အကျင့်ကောင်းတစ်ခုက...”

သူ့စကားကို ဆုံးအောင်ပင်မပြောလိုက်ရ... ဟွာမင်းလို၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရ၏။ ဟွာမင်းလိုသည် စိတ်ခံစားချက်များကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြသတတ်သည့်လူစားမျိုး မဟုတ်ချေ။

လုရှောင်ဖုန်း အလန့်တကြားမေးမြန်းလိုက်၏။ “ဘာဖြစ်တာလဲ”

“သွေး” ဟွာမင်းလို၏ ပြန်ဖြေသံက လေးလံလွန်းနေသည်။

“ဘာသွေးလဲ... ဘယ်သူ့သွေးလဲ။”

“ရှန်းကွမ်းဖေးယန်ရဲ့ သွေးမဖြစ်ပါစေနဲ့လို့ပဲ ငါမျှော်လင့်တယ်ကွာ...”

သွေးများသည် ရှန်းကွမ်းဖေးယန်၏ သွေးများအမှန်တကယ်ဖြစ်နေလေသည်။ သူမ၏လည်ပင်းမှာ လှီးဖြတ်ခံထားရပြီး သွေးများ တရဟော ပန်းထွက်နေ၏။

သူမ၏အသွင်အပြင်များက ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်းများ ပြည့်နှက်နေသည်မှာ ရွှေဂဠုန်ဧကရာဇ်အတုဖြစ်သူ သေဆုံးချိန်ကအတိုင်းပင် ဖြစ်နေ၏။

လူသတ်သမားက သူမကို သတ်ဖြတ်သွားလိမ့်မည်ဟု လုံးဝယုံကြည်ထားခဲ့ပုံမရသည်မှာ သေချာပေါက်ဖြစ်သည်။ သေဆုံးချိန်၌ပင် မယုံကြည်သွားနိုင်ခဲ့ချေ။

..... လူသတ်သမားသည် သူမ၏ ချစ်သူများဖြစ်နေသလား... သို့တည်းမဟုတ် အချစ်မဲ့သူများ ဖြစ်နေသလား... ဘယ်သူမှမသိနိုင်.... အမှောင်ထုကြီးသာ ကြီးစိုးနေ၏။

လေထုထဲမှ သွေးညှီနံ့များက ပြင်းထန်နေဆဲဖြစ်သည်။

ဟွာမင်းလို-“သူ့ကို သတ်သွားနိုင်ခဲ့ပြန်ပြီ။”

“အင်း..”

“မင်းပြောခဲ့တာ သူယုံကြည်ခဲ့ပုံမရဘူး။”

“အင်း”

“အခု ရှန်းကွမ်းဖေးယန်ကို သတ်သွားခဲ့ပြန်ပြီဆိုတော့ သူဘယ်သူလဲဆိုတာ သိနိုင်သူတစ်ဦးမှ မကျန်တော့ဘူး။”

“အင်း”

“ဒါကြောင့်မို့ မင်း သူ့ကို ဘယ်တော့မှ ရှာတွေ့တော့မှာမဟုတ်ဘူး။”

“ငါသိထားတာ တစ်ခုတည်းပဲရှိတယ်။ ဘယ်သူပဲဖြစ်ဖြစ်... မတရားမှုတွေ လုပ်ထားခဲ့တယ်ဆိုရင် ပြန်ဝဋ်လည်မယ်ဆိုတာပဲ။” လုရှောင်ဖုန်း ရေရွတ်လိုက်၏။

“ရှန်းကွမ်းဖေးယန်ကတော့ ပေးဆပ်သွားခဲ့ပြီးပါပြီ။” ဟွာမင်းလိုက လေးတွဲ့စွာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ လူသတ်သမားအတွက်ကျတော့ကော...”

သူမကို သတ်ဖြတ်သွားခဲ့သူသည် အမှောင်ထုထဲသို့ ​ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ရာသက်ပန် ပျောက်ကွယ်သွားခဲ့ခြင်းလည်းဖြစ်နိုင်၏။

ဟွာမင်းလို၏လက်ကို လုရှောင်ဖုန်း ရုတ်တရက် ဆွဲကိုင်လိုက်သည်။

“လောင်ပန် ဘယ်မှာလဲ။”

လောင်ပန်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့အားလုံးကို ချုပ်နှောင်ထားသည့် အချုပ်ခန်းလေးသည်လည်း ပျက်စီးနေ၏။ ပိတောက်သားဖြင့်ပြုလုပ်ထားသည့် စားပွဲသည်လည်း ပြောင်းပြန်လန်နေသည်။ စားပွဲပေါ်ရှိ လက်ဘက်ရည်ခွက်များနှင့် အိုးသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည်။

“သူတို့တိုက်ခိုက်ခဲ့ကြပုံရတယ်။”

“အဲဒီလူပဲ ကျုတင်းတို့ကို လာဖမ်းသွားတယ်လို့ မင်းထင်လား။”

“ကြည့်ရတာ ငါ့ကို သူတော်တော်လေး စိုးရိမ်နေပုံရတယ်။” လုရှောင်ဖုန်း ခနဲ့ပြော ပြောလိုက်သည်။ “ဒီနေရာကို ရောက်လာပြီး ကျုတင်းတို့ကို ဖမ်းခေါ်သွားတယ်ဆိုတော့ ငါ့အတွက် ဓားစာခံလုပ်ချင်လို့ပဲ ဖြစ်ရမယ်။”

“ကျုတင်းတို့ကို ခပ်မြန်မြန် ဖမ်းခေါ်သွားနိုင်တယ်ဆိုကတည်းက သူ့ရဲ့သိုင်းပညာက မင်းထက်တော့ နိမ့်မှာမဟုတ်ဘူး။”

ကျုတင်းနှင့် လောင်ပန်ကတော်တို့သည် သိုင်းပညာရပ်နှင့်ပတ်သက်လာလျှင် ခေသူများမဟုတ်ကြ... မိန်းမဆိုးလေးဖြစ်သူ ရှန်းကွမ်းရှူးအော်ဆိုလျှင် ထည့်ပြောစရာပင်မလို...

“သူ့သိုင်းပညာက ငါ့ထက်ညံ့လိမ့်မယ်လို့ အစကတည်းကကို ထင်မထားခဲ့တာ။”

“သိုင်းလောကမှာ ဒီလောက်သိုင်းပညာကောင်းတဲ့လူဆိုတာ သိပ်ပြီးရှိတာမဟုတ်ဘူး။”

“ဒါကြောင့်မို့လည်း သူအမှားတစ်ခုကို ကျူးလွန်ခဲ့တာပေါ့။”

“သူ ဒီလောက်ကြီးထိ လုပ်ခဲ့ဖို့ မလိုအပ်ဘူး။”

“ဒီလိုလုပ်လိုက်တာကြောင့် သူ့အမှားကို ဝန်ခံလိုက်သလိုလည်း ဖြစ်သွားပြန်ရော...”

ဟွာမင်းလို သက်ပြင်းချလိုက်ပြန်သည်။ “ငါပြောခဲ့သလိုပဲ... လူတိုင်းအမှားနဲ့ မကင်းကြပါဘူးလို့...”

“လူတစ်ယောက်ဟာ မတရားမှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့မယ်ဆိုရင်လည်း ဝဋ်ပြန်လည်မှာ သေချာပေါက်ပဲ။”

+++++

အခန်းကြီးသည် သင်္ချိုင်းဂူတစ်ခုလို ခြောက်ကပ်နေ၏။ လူဆယ်ယောက် ငြိမ်သက်တိတ်ဆိတ်စွာထိုင်နေကြပြီး လုရှောင်ဖုန်းကို ကြည့်နေကြသည်။ ဖန်းတာ၊ ကျန်းအာ နှင့် ကျန်သူရဲကောင်း ၇ ယောက်၊ ပြီးတော့ ရှန်းစီးယန် တို့ဖြစ်ကြသည်။ အရက်တော်တော်များများ သောက်ထားကြပြီးဖြစ်သော်လည်း အခုတော့ အသောက်ရပ်ထားကြ၏။

မိတ်ဆွေများဆုံဆည်းပြီး အရက်သောက်မိကြပြီဆိုလျှင် အရက်မမူးခင် အသောက်ရပ်ထားရန်ဆိုသည်မှာ မလွယ်ကူသည့်ကိစ္စဖြစ်သည်။ သို့သော် ဤအချိန်လေးတွင်တော့ သူတို့အားလုံး မမူးကြသေးပါ။ အားလုံး၏အသွင်အပြင်များက အရက်မူးမနေသည့်ပြင် ထူးခြားသည့်အရိပ်အယောင်များလည်း မျက်နှာများ၌ ထွက်ပေါ်နေကြ၏။

ရှန်းစီးယန်၏ အမူအရာများက အလေးနက်ဆုံးဖြစ်နေပြီး လုရှောင်ဖုန်းကို စိုက်ကြည့်နေသည်။

ရှန်းစီးယန်-“ဒီကိစ္စကြီးရဲ့နောက်ကွယ်က ဉာဏ်ကြီးရှင်ဟာ သူပဲဖြစ်မယ်လို့ မင်းထင်ထားတယ်ပေါ့။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။

“မင်း တကယ်ပဲ သေချာလို့လား။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။

“ကျုပ်တို့ဟာ မိတ်ဆွေကောင်းတွေပါ။ သူနဲ့ ခင်ဗျားတို့အားလုံးရဲ့ ပတ်သက်မှုကိုလည်း ကျုပ်သိထားပြီးသားပဲ။ ကျုပ်သာ မသေချာဘူးဆိုရင် ဒီကိုလာပြီး ခင်ဗျားတို့ကို ပြောပြပါ့မလား။”

ရှန်းစီးယန်သည် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့်လက်သီးဖြင့် စားပွဲကိုထုလိုက်သည်။

“ဟိုထျန်ချင်းသာ ဒီလိုလုပ်ခဲ့မယ်ဆိုရင် သူနဲ့ကျုပ်တို့ကြားမှာ ရှိထားတဲ့ ပတ်သက်မှုတွေ ဒီနေရာမှာပဲ ရပ်တန့်သွားပြီ။ ကျုပ်နဲ့သူနဲ့ကြားမှာရှိတဲ့ ဘာဆက်ဆံရေးကိုမှလည်း ဂရုမစိုက်တော့ဘူး။” သူ ကြောက်စရာကောင်းသောအသံကြီးဖြင့် ကြေငြာလိုက်သည်။

ဖန်းတာ-“ဒါပေမဲ့ သူအဲဒီလိုအလုပ်မျိုးကို လုပ်လိမ့်မယ်ဆိုတာ ကျုပ်အခုထက်ထိ မယုံကြည်နိုင်သေးဘူး။”

လုရှောင်ဖုန်း-“ကျနော်လည်း မယုံကြည်ချင်ပါဘူး။ ဒါပေမဲ့ သူတစ်ယောက်ကလွဲလို့ တခြားလူတစ်ယောက်ကို ကျနော် စဉ်းစားလို့မရဘူး။”

“အိုး...”

“သူတစ်ယောက်တည်းကသာ ကျုတင်းတို့ကို တစ်ခဏလေးအတွင်းမှာ ဖမ်းခေါ်သွားနိုင်တယ်။”

ဖန်းတာ-“မင်းမှာသက်သေပြစရာ ဒါပဲရှိနေတယ်ဆိုရင်တော့ မလုံလောက်သေးဘူး။”

“ရွှေဂဠုန်ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်တာ သူတစ်ယောက်တည်းပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ယန်ထျယ်ရှန်းရဲ့ အယုံကြည်ရဆုံး လူယုံတစ်ယောက်ဖြစ်နေလို့ပဲ။”

“ဒါလည်း မလုံလောက်သေးဘူး။”

“ပြီးတော့ ဒီကိစ္စကြီးမှာ အကျိုးအမြတ်ကျန်ရှိခဲ့မယ့်သူဟာ သူတစ်ယောက်တည်းပဲ။ ယန်ထျယ်ရှန်း သေပြီးသွားတာနဲ့ စိန်ပုလဲနန်းတော်ဟာ သူပိုင်ဖြစ်သွားပြီလေ။”

ယန်ထျယ်ရှန်းသည်လည်း ဟိုရှူးကဲ့သို့ လူပျိုသိုးကြီးတစ်ယောက်ဖြစ်၏။ သူသည် ပြီးခဲ့သည့်အတိတ်ကာလတုန်းက မိန်းမထိန်း ( ကုန်းကုန်း ) တစ်ယောက်ဖြစ်ခဲ့သည်ဟု လူအများ သံသယရှိခဲ့ခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ချေ။

လုရှောင်ဖုန်း-“ပြီးတော့... သူ့လို အရည်အချင်းရှိတဲ့လူ၊ ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်က ယန်ထျန်ရှန်းရဲ့ အိမ်တော်ထိန်းတစ်ယောက် ဘာလို့အဖြစ်ခံနေချင်မှာလဲ။”

ထိုအချက်ကို ဖန်းတာပင်လျှင် မငြင်းဆိုနိုင် ဖြစ်သွားတော့သည်။

လုရှောင်ဖုန်း-“သိုင်းလောကထဲက ဘယ်သူမှ ထင်မထားနိုင်တာက... မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်ဟာ စိန်ပုလဲနန်းတော်ဖြစ်နေတယ်ဆိုတာပဲ။”

“ခဏနေဦး... မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်ဟာ စိန်ပုလဲနန်းတော်လို့ မင်းပြောလိုက်တာလား။” ရှန်းစီးယန်၏ အမူအရာများ သိသိသာသာကြီး ပြောင်းလဲသွားခဲ့သည်။

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။

“တုကုရိဟာ ဒီကိုရောက်လာခဲ့တာ ဒီအချက်ကို သေချာစေချင်လို့ပဲ။ ဒါကြောင့်မို့လည်း သူ့အတွင်းအားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဟိုထျန်ချင်း ဖြုန်းတီးပေးခဲ့တာပေါ့။ နောက်ဆုံးတော့ စီမင်းကျွေ့ရှယ်လက်ချက်နဲ့ သူလည်း သေခဲ့ရတာပဲ။”

“စွန်းရှုးချင်နဲ့ ရှိရှုးယွင်တို့ကို ရှန်းကွမ်းဖေးယန် အဆိပ်အပ်ပျံတွေနဲ့ လုပ်ကြံခဲ့တာလည်း ဒီလျှို့ဝှက်ချက်ကို သူတို့ထုတ်ဖော်ပြောတဲ့မယ့်ဆဲဆဲမှာပဲ။” ဟွာမင်းလိုသည် တစ်ချိန်လုံး တိတ်ဆိတ်စွာ နေခဲ့ရာမှ အခုတော့ ဝင်မပြောဘဲ မနေနိုင်ဖြစ်လာရ၏။

ရှန်းစီးယန်-“သူတို့တတွေ ဒီလျှို့ဝှက်ချက်ကို သိနေကြတယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ မားရှုကျန်းနဲ့ ရီရှုကျူတို့ကျတော့ ဘာဖြစ်လို့မသိကြရတာလဲ။”

လုရှောင်ဖုန်း-“သူတို့လည်း သိထားကြပါတယ်။”

“သူတို့တတွေကျတော့ အခုချိန်ထိ အသက်ရှင်နေသေးပါလား။”

“ရီရှုကျူ အခုချိန်ထိအသက်ရှင်နေသေးတာက ရှန်းကွမ်းဖေးယန်လိုပဲ သူလည်း အသက်ငယ်ရွယ်ပြီး သိုင်းပညာသိပ်တော်တဲ့ ဟိုထျန်ချင်းရဲ့ မာယာထောင်ချောက်ထဲ ဝင်ရောက်မိနေခဲ့လို့ပေါ့။”

“ဒါဆိုရင် မားရှုကျန်းကော။”

“ကျနော် ခန့်မှန်းတာမှန်မယ်ဆိုရင်... အခုချိန်လောက်ဆို သူလည်း ဟိုထျန်ချင်းလက်ချက်နဲ့ သေနေလောက်ပြီ။ သူ့ကိုသတ်ခဲ့သူကလည်း ရီရှုကျူပဲဖြစ်လိမ့်မယ်။”

ရှန်းစီးယန်က တွေးတွေးဆဆ မေးမြန်းလိုက်သည်။ “သူ့အနောက်ဘက်တောင်ကုန်းလေးမှာရှိနေတဲ့ ဟိုရှူးကို ဗန်းပြပြီး မင်းရဲ့လှုပ်ရှားမှုတွေကို ဟိုထျန်ချင်း လမ်းလွှဲခဲ့သေးတယ်ဆိုပါတော့။”

လုရှောင်ဖုန်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီအဆောင်ငယ်လေးထဲမှာ ကျနော်သေသွားခဲ့မယ်၊ ဒါမှမဟုတ် ကျနော်က ဟိုရှူးကို သတ်ခဲ့မယ်ဆိုရင်လည်း သူ့အတွက် ဘာမှထူးလာမှာမဟုတ်ဘူး။ အဲဒါဆိုရင် ဒီကိစ္စကြီးတစ်ခုလုံး နိထ္ထိတံသွားပြီး သူလည်းပဲလွတ်လွတ်ကျွတ်ကျွတ်ကြီး ရှောင်ထွက်သွားနိုင်ခဲ့ပြီပေါ့။”

ရှန်းစီးယန်-“ဒါပေမဲ့ ဟိုရှူးနဲ့မင်းတို့နှစ်ယောက်ဟာ မိတ်ဆွေကောင်းတွေဆိုတာ သူမသိခဲ့ဘူးပေါ့လေ။”

“ကျနော်နဲ့ ဟိုရှူးတို့တွေ့ဆုံခဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ သူသိပ်သိချင်နေတော့ ရီရှုကျူကို အပြင်ဘက်မှာ စောင့်ခိုင်းခဲ့တယ်။”

“ပြီးတော့ မင်းတို့နှစ်ယောက် ဟိုရှူးရဲ့အဆောင်ငယ်လေးကို သွားခဲ့တာကိုသိတာဆိုလို့ သူတစ်ယောက်တည်းပဲရှိတယ်မဟုတ်လား။”

လုရှောင်ဖုန်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြန်သည်။

လုရှောင်ဖုန်း-“ဒါပေမဲ့ ရီရှုကျူ အမှားလေးတစ်ခု လုပ်မိသွားခဲ့တယ်။”

“ဘာများလဲ။”

“တုကုရိဟာနဲ့ ရှိရှုးယွင်တို့ကို အဲဒီနေရာမှာ မြေမြှုပ်ခဲ့ပြီးပြီးချင်းဖြစ်နေလို့ အဲဒီနေရာကို ရောက်နေတာပါလို့ ပြောခဲ့တယ်။”

ရှန်းစီးယန် မျက်နှာအပျက်ပျက်ဖြင့် ရေရွတ်လိုက်၏။ “တုကုရိဟာဆိုတာ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲ။ ဒီလို တောင်ကုန်းတစ်ခုမှာ ဖြစ်ကတတ်ဆန်း ​မြေမြှုပ်ထားလို့ ရနိုင်ရိုးလား။”

“ရီရှုကျူဟာ တကယ်ပဲရိုးတဲ့ မိန်းကလေးတစ်ယောက်ပါ။” လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။ “ဘယ်လို လိမ်ပြောရမယ်ဆိုတာ သူလုံးဝမသိခဲ့ဘူး။”

ရှန်းစီးယန်ကိုယ်တိုင် သက်ပြင်းရှိုက်လိုက်၏။

“မင်းလိုလူတစ်ယောက်ကို လိမ်ညာဖို့ဆိုတာ တကယ်ကိုမလွယ်ကူတဲ့ကိစ္စပဲ။” သူ့မျက်နှာထက်တွင် နှစ်လိုဖွယ်အပြုံးတစ်ခု ထွက်ပေါ်နေ၏။

လရှောင်ဖုန်း-“ဒါပေမဲ့ သူ့ကို ကျနော် ခြေချောင်းလေးတွေ ၆ ချောင်းရဲ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။ ဒါနဲ့ပဲ ဟိုထျန်ချင်းဆီကို သူတစ်ခါတည်း ပြေးပြောတော့တာပဲ။ စိန်ပုလဲနန်းတော်က ဟိုရှူးရဲ့အဆောင်ငယ်လေးနဲ့ နီးနီးလေးမဟုတ်လား။”

“ဒါကြောင့်မို့လည်း ဒီလျှို့ဝှက်ချက်ကို သူ့ဆီကနေ ဟိုထျန်ချင်း ချက်ချင်းကြီး သိသွားခဲ့တာပေါ့။”

“မှန်တယ်။”

ရှန်းစီးယန်-“ဒီလျှို့ဝှက်ချက် သူ့ကိုပြောပြခဲ့တာ မတော်တဆလား။ ဒါမှမဟုတ် တမင်သက်သက် ပြောပြခဲ့တာလား။”

ထိုမေးခွန်းကို လုရှောင်ဖုန်း တိုက်ရိုက်မဖြေခဲ့ပါ။ ခပ်သဲ့သဲ့လေးသာ ပြုံးနေပြီး ဆက်ပြောနေလိုက်၏။ “အဲဒီလိုအချိန်မျိုးမှာ အဲဒီနေရာကို သူရောက်လာခဲ့တော့ ကျနော့်အတွက် အထူးအဆန်းကြီးဖြစ်နေခဲ့တယ်လေ။”

ရှန်းစီးယန် သူ့ကို ငေးစိုက်ကြည့်နေ၏။ ပြီးနောက် သက်ပြင်းချလိုက်သည်။

ပြီးနောက် ရယ်မောပြောဆိုလိုက်တော့သည်။ “မင်းနာမည်က ရှောင်ဖုန်း-ဇာမဏီငှက်ငယ်လေး မဖြစ်သင့်ဘူး... ဟားဟားဟား... မြေခွေးငယ်လေးပဲ ဖြစ်သင့်တယ်။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ ဟိုထျန်ချင်းကို ကျနော် သိပ်ပြီးလေးစားပါတယ်။” စိုးရိမ်သော အပြုံးတစ်ခုထွက်ပေါ်လာပြီး ဆက်ပြောလိုက်သည်။ “သူဟာ အစီအမံသိပ်ကိုကောင်းပြီး လူတော်တစ်ယောက်ပါ။ ဒီကိစ္စကြီးတစ်ခုလုံးဟာ ကျားကစားပွဲတစ်ခုသာ ဖြစ်နေခဲ့မယ်ဆိုရင် ပြိုင်ဘက်ရွှေ့မယ့်ရွှေ့ကွက်တွေအကုန်လုံးကို သူမြင်ထားပြီးပြီ။”

ရှန်းစီးယန်-“သနားဖို့ကောင်းတာက နောက်ဆုံးတော့ သူလည်းပဲ အမှားတစ်ခုကို လုပ်ခဲ့မိသွားတာကိုး။”

“လူတိုင်းအမှားလုပ်တတ်ကြပါတယ်။ သူလည်း လူသားတစ်ယောက်ပါပဲလေ။”

ဖန်းတာက အေးစက်စက်ရယ်မောပြောဆိုလိုက်သည်။ “တကယ်တမ်းပြောရမယ်ဆိုရင်... သူ့ရဲ့နောက်ဆုံးရွှေ့ကွက်လေးတစ်ခု မရွှေ့ခဲ့ဘူးဆိုရင် မင်းလည်းပဲ သူ့ကိုသံသယရှိတော့မှာ မဟုတ်ဘူး။”

“အနည်းဆုံးတော့ အဲဒီအချိန်မှာ ကျနော် သံသယရှိခဲ့မှာ မဟုတ်ဘူး။”

ဖန်းတာ-“အခုကျတော့ကော...”

“အခုအချိန်လည်း ၁၀၀ ရာခိုင်နှုန်းမသေချာသေးဘူး။ ၉၀ ရာခိုင်နှုန်းတော့ သေချာနေပြီ။”

ဖန်းတာ-“မင်း ကျုပ်တို့ဆီကို ဘာလာလုပ်တာလဲ။”

“ခင်ဗျားတို့တတွေဟာ ကျနော့်မိတ်ဆွေကောင်းတွေပါ။ သူနဲ့မတိုက်ခိုက်ဘူးလို့ ခင်ဗျားတို့ကို ကျနော် ပြောခဲ့တယ်မဟုတ်လား။”

ဖန်းတာက စိတ်ပြတ်သားစွာဖြင့် ပြောဆိုလိုက်၏။ “အခုတော့ ကျုပ်တို့တတွေ မိတ်ဆွေတွေ မဟုတ်ကြတော့ဘူး။”

“ကျနော်တို့တတွေ မိတ်ဆွေတွေအဖြစ်ရှိနေဆဲပါ။ ဒါကြောင့်လည်း ကျနော် ဒီကိုလာခဲ့တာပေါ့။”

“မင်းပြောမယ့်စကားတွေအတွက် ဖြေရှင်းချက်လာထုတ်တာပေါ့။”

“လူတစ်ယောက်ဟာ မတရားမှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့မယ်ဆိုရင် တုံ့ပြန်ဝဋ်လည်မှုတွေကိုတော့ ရင်ဆိုင်ရမှာပဲ။ ဟိုထျန်ချင်းဖြစ်နေပေ့စေ... ခံရမှာပဲ။”

“သူ့ကိုသတ်ဖို့ ကျုပ်တို့က မင်းကိုကူညီမယ်လို့များ ထင်နေတာလား။”

“ကျနော်ဒီကိုလာခဲ့တဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ခင်ဗျားတို့တတွေ သူ့ကိုသတင်းပေးကြဖို့ပဲ... မနက်ဖြန် မနက်နေထွက်ချိန် လေပြည်စိမ်းအဆောင်ထိပ်မှာ ကျနော်စောင့်နေပါ့မယ်ဆိုတဲ့သတင်း ပေးလိုက်ကြပါဗျာ။”

“ကောင်းပြီလေ...” ဖန်းတာ ပြန်ဖြေလိုက်၏။ ပြီးနောက် ရုတ်တရက်ကြီး မတ်တတ်ရပ်လိုက်ကာ လုရှောင်ဖုန်းကို ဓားသွားကဲ့သို့ စူးရှသောအကြည့်များဖြင့် ကြည့်နေလိုက်ပြီး-“ကျေးဇူးပြုပြီး...”

“ကျေးဇူးပြုပြီး ဘာလုပ်ရမှာလဲဗျ”

“ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားပါ။”

“ကျနော်ပြောခဲ့တာတွေ ခင်ဗျားတို့ လုံးဝမယုံကြည်ကြဘူးလား။”

“ဟိုထျန်ချင်းဟာ မိုးနတ်တမာန်ဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုတာကလွဲပြီး ကျုပ် ကျန်တာတွေမသိဘူး။ ဖြစ်ချင်တော့ ကျုပ်ကိုယ်တိုင်လည်း မိုးနတ်တမာန်ဂိုဏ်းသားတစ်ယောက် လာဖြစ်နေပြန်ရော...”

“ဒါဆိုရင်... ခင်ဗျားက”

“ဒါကြောင့်မို့ ကျုပ်ဆိုတဲ့ ဖန်းတျန်းရီ အသက်ရှင်နေသ၍ ဟိုထျန်ချင်းကို ဘယ်သူမှ လက်ဖျားနဲ့တောင် မထိနိုင်ဘူး။”

ရှန်းစီးယန် မျက်နှာရှုံ့မဲ့သွားတော့သည်။

“ဆိုရိုးစကားလေးတစ်ခု မင်းမကြားဖူးဘူးလား။ ဆွေမျိုးသားချင်းထက် သမာဓိကျဖို့ ပိုအရေးကြီးတယ်ဆိုတာ...”

“မှန်တယ်... ကျုပ်ကြားဖူးပါတယ်။” ဖန်းတာက အေးစက်စက်ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ ကျုပ် ပြန်မေ့သွားခဲ့ပြီ။”

“ကျုပ်တို့ဟာ ဘာဆိုဘာမှကိုမသိတဲ့ အောက်တန်းကျသူတွေပါ။ အမှန်ဆိုတာဘာလဲ၊ အမှားဆိုတာဘာလဲဆိုတာ လုံးဝမသိခဲ့ပါဘူး။” ကျန်းအော်သည်လည်း ဖြည်းညင်းစွာ မတ်တတ်ထရပ်လာ၏။

“ဒီလိုလူစားမျိုးက သေဖို့ပဲကောင်းတော့တယ်။” အသားပေါက်စီရောင်းသူက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်သည်။

“မှန်တယ်။ သိပ်ကိုမှန်တယ်။” ကျန်းအော် ပြန်ဖြေလိုက်သည်။

“စိတ်မကောင်းပါဘူးဗျာ... ကျုပ် ပေါင်ဝူယာ ဆိုတဲ့ကောင်ကလည်း ဒီလိုလူစားမျိုးပဲ ဖြစ်နေပြန်ရော။...” အသားပေါက်စီရောင်းသူသည်လည်း ကြေငြာလိုက်ပြန်၏။

“ဒါကြောင့်မို့ မင်းလည်းပဲ သေသင့်တာပေါ့။” ကျန်းအာ ပြန်ဖြေလိုက်သည်။

“သေသင့်တာတင်မဟုတ်သေးဘူး... အခုချက်ချင်းကြီးကို သေရမှာ...”

ရုတ်တရက်ဆိုသလို ထိုသူသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ခုန်ပျံထွက်သွားပြီး ဦးခေါင်းနှင့်နံရံ ပြေးဆောင့်လိုက်သည်။ နံရံကို သူမတိုက်မိခဲ့ဘဲ လုရှောင်ဖုန်း၏ ရင်ခွင်ကိုသာ တိုက်မိသွား၏။ သူ့ရှေ့သို့ လုရှောင်ဖုန်း လျင်မြန်စွာ ကာဆီးထားလိုက်ခြင်းဖြစ်သည်။

ထိုသူသည် လေထဲ၌ပင် နောက်ကျွမ်းပစ်လိုက်ပြန်ပြီး ခေါင်မိုးထုတ်တန်းတစ်ခုကို ကန်ထုတ်လိုက်၏။ ပြီးနောက် စွန်တစ်ကောင် မြေပြင်မှသားကောင်ကို ထိုးသုတ်သလိုမျိုး ဦးခေါင်းစိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကျဆင်းလာပြန်သည်။ သို့သော် ကြမ်းပြင်ပေါ်သို့လည်း သူ့ဦးခေါင်းက မထိခဲ့ပါ။ သူ့ခါးကို တစ်စုံတစ်ယောက်က ညင်သာစွာ ဖမ်းယူလိုက်ခြင်းကိုသာ ခံစားလိုက်ရသည်။ လျင်မြန်လှသော အချိန်လေးအတွင်းမှာပင် သူသည် ကြမ်းပြင်ပေါ်၌ မတတ်တတ်ရပ်လျက်ရှိပြီး ထိုသူ့ရှေ့တွင်ရှိနေကြောင်းကိုလည်း သိသွားရပြန်သည်။ အရပ်မြင့်မားသည့်လူတစ်ယောက် သူ့ရှေ့တွင် မျက်နှာဖြူဖတ်ဖြူရော်ဖြင့် မားမားမတ်မတ်ရပ်နေ၏။ ဟိုထျန်ချင်း...

လူတိုင်းပင် အံ့အားသင့်သွားခဲ့ကြသည်။ လုရှောင်ဖုန်းပင် အံ့အားသင့်သွားခဲ့ရ၏။ ဤနေရာ ဤလိုအချိန်မျိုးတွင် သူတို့ရှေ့သို့ ဟိုထျန်ချင်း ရောက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။ ဟိုထျန်ချင်း၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသော်လည်း အမူအရာများကတော့ တည်ငြိမ်စွာရှိနေဆဲပင်ဖြစ်သည်။

“ဘာ... ဘာဖြစ်လို့ ကျုပ်ကို ပေးမသေရတာလဲ။” ပေါင်ဝူရာက လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ပြန်မေးလိုက်သည်။

ဟိုထျန်ချင်း-“ခင်ဗျားကိုယ်ခင်ဗျား သေသင့်တယ်လို့ ထင်နေလား။”

ပေါင်ဝူရာ အံကြိတ်ပြီး ဖြေဆိုလိုက်သည်။ “ကျုပ် သေသင့်တယ်။”

ဟိုထျန်ချင်းက အေးစက်စွာဖြင့် အားလုံးကို မေးမြန်းလိုက်သည်။ “ခင်ဗျားတို့အားလုံး သေသင့်တယ်လို့ ထင်ကြလား။ မိုးနတ်တမာန်ဂိုဏ်းကြီးတစ်ခုလုံးကို မြေပြင်ပေါ်က ပျောက်ကွယ်သွားစေချင်လို့လား။”

သူ့မေးခွန်းကြောင့် ပေါင်ဝူရာ အမ်းတမ်းတမ်းဖြစ်သွားခဲ့သည်။

“မိုးနတ်တမာန်ဂိုဏ်းက ခင်ဗျားတို့ကို ဒီလိုသိုင်းပညာတွေ သင်ပေးခဲ့တာ ကိုယ့်ကိုယ်ကို သတ်သေကြဖို့မဟုတ်ဘူး။”

ပေါင်ဝူရာ-“ဒါပေမဲ့... ခေါင်းဆောင်လေး...”

“ဒါပေမဲ့ ကျုပ်က ဘာဖြစ်လဲ။ ကျုပ်လုပ်ခဲ့တာတွေနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။” ဟိုထျန်ချင်းက ခနဲ့တဲ့တဲ့ မေးမြန်းလိုက်သည်။ “ခင်ဗျားတို့အားလုံးသေသွားခဲ့လည်း ကျုပ် လှည့်ကြည့်မယ်လို့များ ထင်နေလား။”

“ဒါပေမဲ့ အခုလေးတင်...”

“ကျုပ်ကြောင့်မို့လို့ ခင်ဗျားတို့အားလုံး မသေစေချင်တာတစ်ခုပါပဲ။” ဟိုထျန်ချင်းက ပေါင်ဝူရာကို စကားဖြတ်ပြောလိုက်သည်။ “ကျုပ်ကြောင့်မို့လို့ အသားပေါက်စီသည်တစ်ယောက် သေသွားခဲ့မယ်ဆိုရင် ကျုပ်သိက္ခာတွေ ဘယ်ရောက်ကုန်မလဲ.. စဉ်းစားကြည့်စမ်း။”

သူ့အင်္ကျီရင်ဘတ်ထဲမှ ဝါးဖြင့်ပြုလုပ်ထားသည့် အမိန့်ပြားလေးတစ်ခုကို လျင်မြန်စွာထုတ်ယူလိုက်ပြီး ထက်ပိုင်းချိုးချလိုက်သည်။

“ကျုပ်ဆိုတဲ့ ဟိုထျန်ချင်းဟာ ချမ်းသာကြွယ်ဝတယ်၊ ဂုဏ်ရှိတယ်။ ဒီလောက်စုတ်ပြတ်နုံခြာတဲ့ ဂိုဏ်းချုပ်ဆိုတဲ့ရာထူးကိုလည်း မလိုချင်တော့တာ ကြာပေါ့။” ဟိုထျန်ချင်း ကျယ်လောင်စွာ အသံမြင့်ပြောလိုက်သည်။ “အခုအချိန်ကစပြီး မိုးနတ်တမာန်ဂိုဏ်းနဲ့ ကျုပ်နဲ့ကြားမှာ ဘာမှ မပတ်သက်တော့ဘူး။ ကျုပ်ကို မိုးနတ်တမာန်ဂိုဏ်းဝင်တစ်ယောက်အဖြစ် ပြောနေကြဦးမယ်ဆိုရင် ပြောတဲ့လူရဲ့ လျှာနဲ့ခြေထောက်တွေကို ကျုပ်ကိုယ်တိုင်ဖြတ်ပစ်မယ်လို့ အခုကတည်းက ပြောထားပါရစေ။”

ပေါင်ဝူရာ သူ့ကို နီရဲနေသောမျက်လုံးများဖြင့် ငေးကြည့်နေ၏။ ပြီးနောက် ရုတ်တရက်ဆိုသလို ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားခဲ့ပြီး လူးလိမ့်ငိုကြွေးနေတော့သည်။

ရှန်းစီးယန်၏ မျက်လုံးများသည်လည်း နီရဲနေကြ၏။ သို့သော် သူ့ဦးခေါင်းကို မော့မော့ထားလိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောသံကြီးဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်၏။ “ဟိုထျန်ချင်း.... ဟိုထျန်ချင်း... သိပ်ကောင်းတဲ့ ပြကွက်ကလေးပါလား။ မင်းကိုယ်မင်း မျိုးရိုးနာမည် ဟို ဆိုတာ ထားထားတုန်းပဲဆိုတော့ ဒီနာမည်အတွက် အရှက်မရှိဘူးဆိုတဲ့သဘောလား။”

ဟိုထျန်ချင်း သူတို့ကို အရေးမစိုက်တော့ဘဲ တစ်ဘက်သို့လှည့်လိုက်ပြီး လုရှောင်ဖုန်းကို စိုက်ကြည့်နေလိုက်သည်။ လုရှောင်ဖုန်းသည်လည်း သူ့ကို ပြန်လည်စိုက်ကြည့်နေ၏။

သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ရပ်နေကြခြင်းဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် စူးစိုက်စွာ စိုက်ကြည့်နေကြခြင်းလည်းဖြစ်သည်။ အချိန်မည်မျှကြာသွားခဲ့သည်မသိ... လုရှောင်ဖုန်း သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့ ခင်ဗျားဖြစ်နေရတာလဲ... ဘာဖြစ်လို့ ခင်ဗျားဖြစ်နေရတာလဲဗျာ...”

ဟိုထျန်ချင်းက အေးစက်စက်ပြန်လည်တုံ့ပြန်လိုက်သည်။ “ခင်ဗျားလိုလူတစ်ယောက်က ကျုပ်လိုလူတစ်ယောက်လုပ်တဲ့အလုပ်တွေကို ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။”

“ခင်ဗျား ကမ္ဘာတုန်သွားမယ့် သိပ်ကိုကြီးကျယ်တဲ့အလုပ်တွေကို လုပ်ချင်နေတယ်ဆိုတာ ကျုပ်သိပါတယ်။ ခင်ဗျားဖခင်ရဲ့ လွှမ်းမိုးမှုအောက်မှာ လောင်းရိပ်မမိချင်တာလည်း ကျုပ်သိပါတယ်... ဒါပေမဲ့ဗျာ...”

“ဒါဟာ တကယ်ကို ကြီးကျယ်တဲ့ကိစ္စတစ်ခုပဲ။” ဟိုထျန်ချင်းက သူ့စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။ “ဟိုထျန်ချင်းဆိုတဲ့ ကျုပ်ကလွဲလို့ ဒီကိစ္စကြီးတစ်ခုလုံးကို ကြံစည်နိုင်မယ့်သူ ဘယ်သူများရှိသေးလို့လဲ။”

လုရှောင်ဖုန်း စိတ်မသက်သာစွာ ပြုံးပြလိုက်သည်။ “ဘယ်သူမှ မရှိပါဘူး။”

“ခင်ဗျားကလွဲပြီးလည်း ကျုပ်ရဲ့အကြံအစည်တွေကို ဖျက်ဆီးနိုင်မယ့်သူ ဘယ်သူများရှိသေးလို့လဲ။” ဟိုထျန်ချင်း ချက်ချင်းလိုပင် လုရှောင်ဖုန်းကို နောက်ကျောပေးလိုက်ပြီး သက်ပြင်းချသံနှင့်အတူ ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ ဟိုထျန်ချင်းဆိုတဲ့လူ ရှိနေဖို့ဆိုရင် လုရှောင်ဖုန်းဆိုတဲ့လူ ရှိစရာအကြောင်းမရှိဘူး။”

“ဒါကြောင့်မို့လို့...”

“ဒါကြောင့်မို့လို့ ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်တော့ သေပေးရလိမ့်မယ်။ ခင်ဗျားဖြစ်မလား... ကျုပ်ဖြစ်မလား...”

လုရှောင်ဖုန်းသည်လည်း သက်ပြင်းချသံနှင့်အတူ ပြန်ဖြေလိုက်၏။ “မနက်ဖြန်မနက် နေထွက်ချိန်ဆိုရင် အဖြေပေါ်တော့မှာပါ။”

“မနက်ဖြန်တိုင်း နေထွက်ချိန် ရှိနေဦးမှာပါ။ မနက်ဖြန်ရဲ့ကိစ္စတွေ ဘာပဲဖြစ်နေဖြစ်နေ ဒီနေ့ပဲ ရှင်းလိုက်ကြရအောင်။” ဟိုထျန်ချင်း ခနဲ့တဲ့တဲ့ပြောလိုက်၏။ အင်္ကျီလက်အိုးကို တစ်ချက်လှုပ်ခတ်လိုက်သော် တံခါးပေါက်သို့ပင် ရောက်သွားခဲ့ပြီးဖြစ်နေသည်။ အဝေးမှ ပျံ့လွင့်လာသည့် သူ့စကားသံကို လူတိုင်း ပီပီသသကြီးကြားလိုက်ကြရ၏။ “ဒီညနေ နေဝင်ချိန်ကျရင် ကျုပ်ခင်ဗျားကို လေပြည်စိမ်းအဆောင်ထိပ်မှာ စောင့်နေမယ်။”

+++++

ညနေနေဝင်ချိန်... လေပြည်စိမ်းအဆောင်...

လေပြည်စိမ်းအဆောင်သည် အစိမ်းရောင် တောင်ကုန်းကြီးတစ်ခုပေါ်တွင် တည်ရှိနေ၏။ တောင်စွယ်တွင် နေကွယ်နေချေပြီ။

ဟွာမင်းလို အင်မတန်စိတ်လှုပ်ရှားနေသည်။

“ဟိုထျန်ချင်း မရောက်လာသေးပါလား။” ဟွာမင်းလိုက သက်ပြင်းချသံနှင့်အတူ ရေရွတ်လိုက်၏။

“သူရောက်လာမှာပါ။”

“သူဟာ ဒီလိုမျိုးလူတစ်ယောက်ဆိုတာ ငါတော့မထင်ဘူး။ သူလိုလူတစ်ယောက်က ဒီလိုအလုပ်တွေ လုပ်မှာမဟုတ်ဘူး။”

“ဒါပေမဲ့ သူလုပ်ခဲ့တယ်လေ။” လုရှောင်ဖုန်း လည်ချောင်းထဲမှအသံဖြင့် ပြန်ဖြေလိုက်၏။

“သူ့ကိုယ်သူ သိပ်ပြီးအထင်ကြီးခဲ့လို့လည်းဖြစ်နိုင်တယ်။ သူဟာ လူအားလုံးထက် သာတယ်ဆိုတဲ့အချက်ကို သက်သေပြချင်ခဲ့ပုံရတယ်။ သူ့အဖေထက်တောင်မှ အစွမ်းထက်သေးတယ်ဆိုတာလည်း သက်သေပြချင်ခဲ့ပုံရတယ်။”

“အထင်ကြီးတယ်ဆိုတာ ငတုံးအလုပ်ပါကွာ။”

လူတစ်ယောက်သည် မိမိကိုယ်ကို သိပ်ပြီးအထင်ကြီးနေသည်ဆိုပါက နုံနုံအအ အလုပ်များကို မပြုလုပ်ရန်ဆိုသည်မှာ ရှားသည်။

“သူ့ရဲ့ ဒီမာနကြောင့်ပဲ သူလုပ်သမျှကို သူကိုယ်တိုင်ခံရဲတယ်ဆိုတဲ့ သတ္တိတွေ ရှိနေခဲ့တာပေါ့။”

လုရှောင်ဖုန်း အတန်ကြာ တိတ်ဆိတ်သွားခဲ့၏။

လုရှောင်ဖုန်း-“မင်းသာ ငါ့နေရာမှာဆိုရင် သူ့ကို ဒီအတိုင်းလွှတ်ပေးမှာလား။”

“ငါက မင်းမှမဟုတ်တာ။”

လုရှောင်ဖုန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ “မင်း ငါမဟုတ်တာ ကံကောင်းသလို ငါ မင်းမဟုတ်နေတာလည်း ကံကောင်းတာပဲ။”

ဟွာမင်းလို ဘာမှပြန်ပြောခဲ့ပါ။ ထိုအချိန်၌ပင် တံခါးဖွင့်သံတစ်ချက် ကြားလိုက်ရပြီး လေပြည်စိမ်းအဆောင်၏ အိုမင်းဆွေးမြည့်နေသည့် တံခါးကြီးတစ်ချပ် တကျွီကျွီမြည်ပြီး ဖြည်းဖြည်းလေးပွင့်လာခဲ့၏။ အဝါရောင်ဝတ်ဆင်ထားပြီး လက်ထဲတွင် မီးအိမ်ငယ်လေးတစ်လုံးကိုင်ဆောင်ထားသည့် လူတစ်ယောက် ထွက်လာသည်။ ဟိုထျန်ချင်းမဟုတ်သော တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး သင်္ကန်းဝတ်ရုံကြီးက ထူထဲလွန်းလှသည်။ နားထင်နှစ်ဘက်စလုံး ချိုင့်ဝင်နေပြီး ပါးလျသောမျက်နှာထက်တွင် ဝမ်းနည်းကြေကွဲမှုများ ဖုံးလွှမ်းနေ၏။ သူ့ခြေလှမ်းများက ပေါ့ပါးလျင်မြန်လှသော်လည်း သိုင်းပညာလေ့ကျင့်ထားသူတစ်ယောက်မဟုတ်မှန်း သိသာလွန်းသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို တစ်ချက်မျှဝေ့ကြည့်လိုက်ပြီးနောက် လုရှောင်ဖုန်းထံသို့ တည့်တည့်မတ်မတ်ကြီးလျှောက်လှမ်းလာကာ ညာလက်ဝါးတစ်ဘက်ကို ကန့်လန့်ဖြတ်ထောင်ထားပြီး အရိုအသေပေးနှုတ်ဆက်လိုက်သည်။

“ဒီက ဒကာလေးက လုရှောင်ဖုန်းလား။”

လုရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ပြန်မေးလိုက်သည်။ “ဟုတ်ပါတယ်... ဒါနဲ့ ဘုန်းကြီးက...”

“ဘုန်းကြီးရဲ့ဘွဲ့နာမည်က မေပယ်လ်စိမ်းဖြစ်ပါတယ်။ ဒီတာအိုကျောင်းဆောင်ရဲ့ ဧည့်ကြိုပါ။”

“ဘုန်းဘုန်းက ဟိုထျန်ချင်းရဲ့ မိတ်ဆွေလား။”

“ဒကာလေးဟိုနဲ့ ဘုန်းဘုန်းတို့က ကျားကစားဖော်ကစားဖက်တွေပါ။ လတိုင်းလတိုင်း သူဒီကိုလာပြီး ကျား တစ်ပွဲနှစ်ပွဲလောက် ကစားလေ့ရှိတယ်။”

“အခု သူဘယ်မှာလဲ။”

မေပယ်လ်စိမ်းဘုန်းတော်ကြီး၏မျက်နှာထက်တွင် ထူးဆန်းသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ဘုန်းဘုန်း အပြင်ဘက်ကို ထွက်လာခဲ့တဲ့ ရည်ရွယ်ချက်က ဒကာလေးကို သူ့ဆီခေါ်သွားချင်လို့ပဲ။”

“ဒါဆို သူကဘယ်ရောက်နေလို့တုန်း”

“ဘုန်းဘုန်းရဲ့ ဧည့်ကြိုခန်းထဲမှာ ရှိနေပါတယ်။” မေပယ်လ်စိမ်းဘုန်းတော်ကြီးက ဖြေးညင်းစွာ ဖြေဆိုလိုက်၏။ “သူ အဲဒီမှာရှိနေခဲ့တာ အတော်လေးတောင်ကြာပေါ့။”

အဆောင်လေး၏ ရှေ့ပြင်လေးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး အေးချမ်းလွန်းလှသည်။ အခန်းထဲတွင် ထွန်းညှိထားသည့် အမွှေးတိုင်အနံ့များသည် တိုက်ခတ်လာသော လေနှင့်အတူ လွင့်ပါလာခဲ့သည်။ တံခါးတဝက်ခန့် ဖွင့်ထား၏။

အရှေ့ပြင်လေးသို့ လုရှောင်ဖုန်း ဖြတ်လျှောက်လာသည်။ မေပယ်လ်စိမ်းဘုန်းတော်ကြီးက တံခါးကိုဖွင့်လိုက်ချင်းပင်  ဟိုထျန်ချင်းကို တွေ့လိုက်ရ၏။ သို့သော် ဟိုထျန်ချင်းကတော့ သူ့ကို မမြင်ပါ။

ဘုန်းတော်ကြီး မေပယ်လ်စိမ်း၏ ဧည့်ဆောင်ကုတင်ပေါ်တွင် ဟိုထျန်ချင်း သေဆုံးနေပြီဖြစ်သည်။ ဧည့်ကုတင်နှင့်အနီးရှိ ကြမ်းပြင်ပေါ်တွင် နဂါးရုပ်များ ရေးထိုးထားသည့် ကျောက်စိမ်းခွက်တစ်ခွက် ရှိနေပြီး ခွက်ထဲတွင် အရက်များလည်း ရှိနေဆဲဖြစ်သည်။ အဆိပ်အရက်ခွက်....

ဟိုထျန်ချင်း၏ မျက်နှာတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် မီးခိုးရောင်သမ်းနေသည်။ မျက်လုံးများ၏ထောင့်များ၊ နှုတ်ခမ်းထောင့်မှ သွေးစသွေးနများလည်း မသိမသာ တွေ့နေရ၏။ လုရှောင်ဖုန်း သူ့ကိုကြည့်လိုက်ပြီး စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

မေပယ်လ်စိမ်းဘုန်းတော်ကြီး၏ အမူအရာများက ပို၍ပင် အကြည့်ရဆိုးနေသေး၏။

“သူလာခဲ့တုန်းကတော့ မနေ့တုန်းက မပြီးပြတ်သေးတဲ့ ကျားပွဲကို ပြန်လာကစားတာပါ။” တာအိုဘုန်းတော်ကြီးက  လေးကန်စွာ ရှင်းပြလိုက်သည်။ “သူ ဒီနေ့ ဘယ်လိုရွှေ့ကွက်ဆန်းတွေများ တီထွင်လာခဲ့ပြီး ကျုပ်ကိုယှဉ်ပြိုင်မလဲဆိုတာ ကျုပ် သိပ်စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ သူဒီနေ့တော့ ကစားချင်စိတ်မရှိဘူးလို့လည်း ပြောလာခဲ့ပြန်ရော...”

လုရှောင်ဖုန်း ခန့်မှန်းလိုက်သည်။ “သူ ဒီကိုရောက်လာတာ အရက်သောက်ချင်ရုံသက်သက်ပဲပေါ့။”

မေပယ်စိမ်းဘုန်းတော်ကြီး ခေါင်းညိတ်ပြလိုက်သည်။ “ဒါကြောင့်မို့ သူ့အမူအရာတွေ ထူးဆန်းနေပါတယ်လို့ ကျုပ်ထင်ထားခဲ့တယ်။ သူ့စိတ်ထဲမှာ လေးလံတဲ့ကိစ္စကြီးတစ်ခု လွှမ်းမိုးထားခဲ့ပုံရတယ်။ တစ်ချိန်လုံးလည်း သက်ပြင်းတွေ အကြိမ်ကြိမ်ချနေခဲ့ပြီး တစ်ယောက်တည်းလည်း ဘာတွေရေရွတ်နေခဲ့မှန်းမသိဘူး။”

“သူ ဘာတွေများ ရေရွတ်ခဲ့တာလဲ။”

“သူ ပြောတာ နားစွန်နားဖျားကြားခဲ့ရတာတော့ လူတစ်ယောက်ရဲ့ နှစ် ၁၀၀ ဂုဏ်သိက္ခာကြီးဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပဲ လွင့်ပျောက်သွားခဲ့တယ်တဲ့။ အဲဒါပြင်... ဒီကမ္ဘာကြီးထဲမှာ ဟိုထျန်ချင်းနဲ့အတူ လုရှောင်ဖုန်းဆိုတာ ဘာဖြစ်လို့ မွေးဖွားလာခဲ့ရတာလဲတဲ့။”

လုရှောင်ဖုန်း ပြုံးလိုက်သည်၊ ကြေကွဲနေသော အပြုံးလည်းဖြစ်၏။

လုရှောင်ဖုန်း-“ဒီအရက်က ဘုန်းဘုန်းရဲ့အရက်လား။”

“အရက်ကတော့ ဒီကအရက်ပါ။ ဒါပေမဲ့ သူသောက်ခဲ့တဲ့ခွက်က သူကိုယ်တိုင် ယူလာခဲ့တဲ့ခွက်။ သူက အသန့်အရှင်း သိပ်ကြိုက်တတ်တဲ့သူ... သူများအသုံးပြုပြီးသားတွေ ဘယ်တော့မှ မသုံးတတ်ဘူး။”

လုရှောင်ဖုန်း အရက်ခွက်ကို ကောက်ယူနမ်းကြည့်လိုက်သည်။

“အဆိပ်က အရက်ခွက်ပေါ်မှာ ရှိနေခဲ့တာ သေချာတယ်။” မျက်နှာအပျက်ပျက်ဖြင့် သူ ပြောလိုက်သည်။

“သူ ဒီအရက်ခွက်ကို ကောက်ယူလိုက်၊ ပြန်ချထားလိုက် ခဏခဏလုပ်နေခဲ့သေးတယ်။ ခက်ခဲတဲ့ ကျားကွက်တွေကို ရွှေ့တဲ့အချိန်မှာ ဖြစ်နေသလိုမျိုး သူ့စိတ်ကို သူ ဝေခွဲမရဖြစ်နေပုံရတယ်။ ဘုန်းဘုန်း သူ့ကို မေးမလို့ကြံနေတုန်းရှိသေးတယ်။ ၃ ကြိမ်လောက် ခပ်ကျယ်ကျယ် ရယ်မောပြီး အရက်ခွက်ကို တစ်ဂွပ်တည်း မော့ချလိုက်တော့တာပဲ။”

စိတ်ညစ်ညူးသွားပုံရသော တာအိုဘုန်းတော်ကြီးသည် လက်နှစ်ဘက်ကို ရှေ့ထားပြီး ဘုရားစာများ ရေရွတ်လိုက်၏။

“သူလို အသက်ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်မှာ မျှော်လင့်ချက်ကင်းမဲ့လောက်အောင် ဘာအကြောင်းတွေ ရှိနေခဲ့လည်းဆိုတာ ဘုန်းဘုန်းလည်း မစဉ်းစားတတ်တော့ဘူး။ ကောင်းရာဘုံဘဝရောက်ပါစေလို့ ဘုန်းဘုန်း ဆုတောင်းပါတယ်။” သူ့အသံက တဖြည်းဖြည်း တိုးညင်းသွားသလို မျက်လုံးများလည်း မို့မောက်လာခဲ့ကြ၏။

လုရှောင်ဖုန်းသည်လည်း အသံတိတ်နေပါသည်။ သူသည်လည်း လေးလံစွာခံစားနေရ၏။ အတန်ကြာမှ သက်ပြင်းချသံနှင့်အတူ မေးမြန်းလိုက်၏။ “တခြားလူတွေ သူခေါ်လာခဲ့သေးလား။”

“မခေါ်လာခဲ့ပါဘူး။”

“ကျုတင်းဆိုတဲ့နာမည်ကော ကြားခဲ့ရသေးလား။”

“မကြားခဲ့ရပါဘူး။”

လုရှောင်ဖုန်း၏ စိတ်များ ပို၍ပင်လေးလံလာခဲ့၏။

ခုတင်၏တစ်ဘက်တွင် မပြီးပြတ်သေးသော ကျားကစားပွဲတစ်ခု ရှိနေ၏။ “ဘဝဆိုတာ အမြဲပဲ ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ လေထဲကတိမ်တွေလိုပဲ ရွေ့လျားနေတတ်တယ်။” မေပယ်လ်စိမ်း ဘုန်းတော်ကြီးက တီးတိုးလေး ရေရွတ်လိုက်၏။ “ကျားကစားပွဲကတော့ မပြီးပြတ်သေးဘူး... လူကတော့ မရှိနိုင်တော့ဘူးလို့ ဘယ်သူကများ ထင်ထားခဲ့မှာတဲ့လဲ။”

လုရှောင်ဖုန်းက ရုတ်တရက် ကောက်ကာငင်ကာ မေးမြန်းလိုက်သည်။ “သူ အနက်ဘက်က ကစားတာလား။”

“ကျုပ် သူ့ကိုအမြဲတမ်း ဦးစားပေးရွှေ့ပါတယ်။”

လုရှောင်ဖုန်း ကျားရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်၏။ ပြီးနောက် စိတ်ပါဝင်စားစွာ စဉ်းစားပြီးမှ ရွှေ့လိုက်သည်။

“ဒီကစားပွဲကို သူ့ကိုယ်စား ကျုပ်ပြီးအောင်ကစားမယ်။”

မေပယ်လ်စိမ်းဘုန်းတော်ကြီး ဆွေးမြည့်စွာပြုံးလိုက်သည်။ “အဲဒီအကွက်ကို မင်းရွှေ့လိုက်မယ်ဆိုရင် အနက်ကောင်တွေ ရှုံးသွားမှာပေါ့။”

“ဒါပေမဲ့ ဒီတစ်ကွက်ကလွဲလို့ ရွှေ့စရာအကွက် သူ့မှာ ကျန်မှမကျန်တော့ပဲ။”

“ဒီပွဲမှာ သူရှုံးနိမ့်သွားခဲ့ပြီးပြီ။ သူကိုယ်တိုင်လည်း သိနေခဲ့ပါတယ်။ ဝန်မခံချင်သေးတာတစ်ခုပဲ။”

မိုးကုတ်စက်ဝိုင်းကြီးကို လုရှောင်ဖုန်း ငေးကြည့်နေလိုက်သည်။ “ဒါလည်း သူရှုံးနိမ့်ခဲ့တာပဲ။” ပြီးနောက် သူ တီးတိုးလေးရေရွတ်လိုက်ပြန်၏။ “ဒီကစားပွဲဟာ လူ့ဘဝကြီးလိုပါပဲလား... တစ်ကွက်အရွှေ့မှားတာနဲ့ ရှုံးနိမ့်သွားရပြီ။”

မေပယ်လ်စိမ်းဘုန်းတော်ကြီးသည် ကျားကောင်လေးများကို အင်္ကျီလက်အိုးဖြင့် တွန်းချလိုက်ရာ ကျားကောင်လေးများအားလုံး ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲစွာပြုတ်ကျသွားကြ၏။

“လူ့ဘဝကြီးဟာလည်း ဒီကျားကွက်လေးတွေလိုပဲမဟုတ်လား။ အရှုံးအနိုင်တွေကို ဘာဖြစ်လို့ ဒီလောက်ကြီး အလေးအနက်ထားနေရတာလဲ။” သူ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ဒီလောက်ကြီး အလေးအနက်မထားဘူးဆိုရင်လည်း ဘာဖြစ်လို့ အစကတည်းက ကစားခဲ့သေးလဲ။”

မေပယ်လ်စိမ်းဘုန်းတော်ကြီးသည် လုရှောင်ဖုန်းကို တစ်ချက်မျှ စိုက်ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်ထားလိုက်ကာ လက်နှစ်ဘက်ယှက်ပြီး ဘုရားစာများ ရေရွတ်နေလိုက်ပြန်၏။ သူဘာမှ ပြန်မပြောတော့ပါ။ လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့သောကြောင့် ပြတင်းပေါက်များ ပွင့်သွားခဲ့သည်။ ညအမှောင်ထုကြီးက ကြီးစိုးလာလေတော့၏။

+++++

လုရှောင်ဖုန်း ခုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့ရင်ဘတ်ပေါ်မှ အရက်ခွက်ကို စိုက်ကြည့်နေ၏။ ဤအရက်ခွက် သူ့ရင်ဘတ်ပေါ်တွင် ရှိနေသည်မှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သည်။ သို့သော် တစ်စက်မျှ မစုပ်သောက်ရသေး။ သူ့ကိုကြည့်ရသည်မှာ အရက်သောက်ချင်စိတ် လုံးဝရှိနေပုံမရ။

ဟွာမင်းလို-“ကျုတင်းတို့အကြောင်းတွေ စဉ်းစားနေတုန်းပဲလား။”

လုရှောင်ဖုန်း တိတ်ဆိတ်ငြိမ်သက်စွာနေနေခြင်းဖြင့် အဖြေပေးလိုက်သည်။

“ယောက်ျားတစ်ယောက်ဟာ သေခါနီးအချိန်ဆိုရင် နှလုံးသား နူးညံ့လာတတ်တယ်။ ဟိုထျန်ချင်းဟာ လူသေတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ထားခဲ့တော့ အမှားတွေဆက်တိုက် ပြန်လုပ်ဖို့ဆန္ဒရှိချင်မှလည်း ရှိခဲ့လိမ့်မယ်။ လူသတ်ချင်မှလည်း သတ်ခဲ့လိမ့်မယ်။ သူတို့တွေအားလုံး အခုအချိန်လောက်ဆို အိမ်တောင်ပြန်ရောက်နေလောက်ကြပြီ။”

ဟွာမင်းလို ဤသို့ပြောဆိုခဲ့ခြင်းမှာ လုရှောင်ဖုန်းကို နှစ်သိမ့်သလိုဖြစ်သော်လည်း သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းလည်း ဖြစ်ပြန်၏။ သို့သော် လုရှောင်ဖုန်းကိုကြည့်ရသည်မှာ ဘာမှကြားဟန်မတူ။

ဟွာမင်းလို အားတင်းပြုံးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဒီတစ်ပွဲမှာ မင်းနိုင်သွားပြီ။”

လုရှောင်ဖုန်း သက်ပြင်းရှည်ကြီးချပြီး ပြန်ဖြေလိုက်၏။ “နောက်ဆုံးရွှေ့ကွက်က ငါလုပ်ခဲ့တာမဟုတ်ဘူးလေ။”

“မင်း ကစားချင်သလို ကစားခဲ့တာလဲမဟုတ်ဘူးမဟုတ်လား။”

“မဟုတ်ဘူး။” လုရှောင်ဖုန်း သနားစရာကောင်းသည့် အပြုံးမျိုး ပြုံးလိုက်၏။ “ဒါကြောင့်မို့ ငါနိုင်ခဲ့ပေမယ့်လည်း ရှုံးသွားရတာထက်တောင် ခံရခက်နေသေးတယ်။”

ဟွာမင်းလိုသည်လည်း မနေနိုင်တော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်ရလေတော့သည်။

“သူ ဘာဖြစ်လို့ အဲဒီမပြီးသေးတဲ့ ကစားပွဲကို ဆက်ကစားချင်ခဲ့ရတာလဲ။”

“ဘာကြောင့်လဲဆိုတော့ သူရှုံးနိမ့်သွားပြီဆိုတာ သိနေခဲ့လို့ပေါ့ကွာ။” လုရှောင်ဖုန်း ပြန်ဖြေလိုက်သည်။ “မနေ့တုန်းက ကစားခဲ့တဲ့ ကျားကစားပွဲမှာ အရှုံးကိုဝန်မခံခဲ့ချင်သလိုပေါ့။”

ထိုစကားဆုံးဆုံးချင်းတွင် လုရှောင်ဖုန်း ရုတ်တရက် ခုတင်ပေါ်မှ ခုန်ထလိုက်သည်။ သူ့ရင်ဘတ်ပေါ်တွင် ရှိနေခဲ့သည့် အရက်ခွက်သည်လည်း ကြမ်းပြင်ပေါ်သို့ တစ်စစီကွဲကြေသွားခဲ့တော့၏။

သူ့အရက်ခွက်ကို ဘယ်တုန်းကမှ အဖိတ်အစဉ်မခံခဲ့ကြောင်း ဟွာမင်းလို သိနေပါ၏။ သို့သော် ယခုအချိန်တွင်မူ ထိုအချက်ကို သူ လုံးဝသတိရပုံမရ။ ထိုနေရာ၌ပင် မယုံကြည်နိုင်လှစွာ ငေးငိုင်ပြီး မတ်တတ်ရပ်နေသည်။ သူ့တစ်ကိုယ်လုံး ဦးခေါင်းဆံဖျားမှ ခြေဖျားထိ အေးစက်နေလေသည်။

ဟွာမင်းလို လုရှောင်ဖုန်းကို ဘာမှမမေးမြန်းခဲ့ပါ။ သူ့ဟာသူ ပြောလာလိမ့်မည်ဖြစ်ကြောင်း သူသိနေ၏။

“မနေ့က ကစားပွဲကိုလည်း သူပြီးအောင်မကစားခဲ့ဘူး။” ထိုစကားတစ်ခွန်းတည်းကိုသာ လုရှောင်ဖုန်း အကြိမ်ကြိမ် ရေရွတ်နေ၏။

“ဟုတ်တယ်လေ။”

“မနေ့ကတည်းက လေပြည်စိမ်းအဆောင်မှာ သူ ကျားကစားနေခဲ့တုန်းပဲ။” ယခုအချိန်တွင်တော့ ဟွာမင်းလို၏မျက်နှာသည်လည်း အရောင်ပြောင်းလာခဲ့တော့သည်။

“ရှန်းကွမ်းဖေးယန်သာ သူ့လက်ချက်နဲ့ သေခဲ့တယ်ဆိုရင် အဲဒီနေရာမှာ သူဘယ်လိုလုပ်ပြီး ကျားကစားနေနိုင်ခဲ့မှာလဲ။”

ရှန်းကွမ်းဖေးယန်သည် မိုင်ပေါင်းရာချီ ကွာဝေးသည့်နေရာတွင် ရှိနေခဲ့၏။ ဟိုထျန်ချင်းထံတွင် အတောင်များ ပေါက်လာသည်ပဲထားဦး... တစ်နေ့တည်းဖြင့် ဤခရီးကို အသွားအပြန်ပြုလုပ်နိုင်ခဲ့မည်မဟုတ်။ ရှန်းကွမ်းဖေးယန် သေဆုံးခဲ့သည်မှာလည်း မနေ့တုန်းကဖြစ်သည်။

ဟွာမင်းလို၏ လက်ချောင်းများသည်လည်း အေးစက်လာခဲ့ကြောင်း ခံစားမိလိုက်သည်။

ဟွာမင်းလို သက်ပြင်းချသံနှင့်အတူ မေးမြန်းလိုက်၏။ “ငါတို့တွေ သူ့ကို လူမှားပြီး စွပ်စွဲခဲ့မိတာများလား။”

“အနည်းဆုံးတော့ ရှန်းကွမ်းဖေးယန်ကို သူသတ်ခဲ့တာမဟုတ်ဘူး။” လုရှောင်ဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ပြောဆိုလိုက်သည်။

ဟွာမင်းလို ခေါင်းညိတ်ပြလိုက်၏။

“အနည်းဆုံးတော့ အဲဒီအချက်အတွက် ငါတို့တွေ သူ့ကိုလူမှားပြီး စွပ်စွဲခဲ့မိပြီ။”

“သူ ဒီအချက်ကို ဘာဖြစ်လို့ မငြင်းခဲ့တာလဲ။”

“သူ ငါ့ကို ဒီလေပြည်စိမ်းအဆောင်ကို ချိန်းဆိုခဲ့တာလည်း မနေ့ကတည်းက သူဒီမှာ ဟိုတာအိုဘုန်းကြီးနဲ့ ကျားကစားနေခဲ့တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ရမယ်။”

“ဘာကြောင့်လဲဆိုတော့ သူ့ပါးစပ်က ထွက်တဲ့စကားကို မင်းယုံကြည်မှာမဟုတ်ဘူးဆိုတာ သူသိထားခဲ့ပုံရတယ်။”

“ဒါပေမဲ့ သူ့မှာ ငြင်းဆန်ခွင့်လေးတောင် မရသွားရှာပါလား။”

“ဒါကြောင့်မို့ သူ့ကိုယ်သူ သတ်သေသွားတာလည်း မဖြစ်နိုင်တော့ဘူး။”

“လုံးဝကို မဖြစ်နိုင်ဘူး။”

“ဒါဆိုရင် သူ့ကိုဘယ်သူသတ်သွားခဲ့တာလဲ။”

“ရှန်းကွမ်းဖေးယန်ကို သတ်သွားတဲ့လူပဲ။”

“ဒီကိစ္စကြီးတစ်ခုလုံးရဲ့ ကန့်လန့်ကာနောက်ကွယ်ကလူပေါ့။”

“သိပ်မှန်တယ်။”

“ဘုန်းတော်ကြီး မေပယ်လ်စိမ်းလည်း လိမ်လည်ပြောဆိုဖို့ အဲဒီလူဆီက လာဘ်စားထားခဲ့တာများလား။”

“ဒီဟာသာမှန်တယ်ဆိုရင် ဘုန်းတော်ကြီးမေပယ်လ်စိမ်းကိုယ်တိုင် အဲဒီလူကို သိရမယ်။”

သူ စိတ်ညစ်သွားခဲ့၏။ သူတို့ လေပြည်စိမ်းအဆောင်ကို ရောက်သွားခဲ့ချိန်တွင် အဆောင်တစ်ခုလုံး မီးပင်လယ်ဝေနေချေပြီ။ မည်သူမှ မလွတ်မြောက်နိုင်ပါ။ တစ်ယောက်မှ မလွတ်မြောက်နိုင်ပါ။ မီးတောက်များက အညှာအတာကင်းမဲ့စွာ တောက်လောင်နေ၏။ မီးရှို့ခဲ့သူသည် ပို၍ပင် အညှာအတာကင်းမဲ့နေသေး၏။ ထိုသူ မည်သူနည်း။...

+++++

လေပြည်စိမ်းဆောင်သည် တောင်ကုန်း၏တစ်ဘက်တွင်ရှိ၏။ ဟိုရှူး၏ အဆောင်ငယ်လေးသည် အခြားတစ်ဘက်တွင်ရှိနေသည်။ တောင်ကုန်း၏ ဤဘက်တွင် မီးပင်လယ်တောက်လောင်နေသော်လည်း အခြားတစ်ဘက်တွင်မူ အေးချမ်းတိတ်ဆိတ်နေ၏။

“တွန်း”

အဝင်ဝတံခါးမကြီးတွင် ထိုစာသားက ရေးသားထားဆဲဖြစ်၏။ လုရှောင်ဖုန်း တံခါးကိုတွန်းဖွင့်ပြီး ဝင်ရောက်သွားသည်။ ဤတစ်ကြိမ်သည် ဤတံခါးကို ဒုတိယအကြိမ်မြောက် တွန်းဖွင့်ဝင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

တောင်ခါးပန်းအလယ်ရှိ ခန်းမဆောင်ကြီးသည် ဘာမှမကျန်ရှိတော့ဘဲ ဟောင်းလောင်းကြီးဖြစ်နေလေပြီ။ မရေမတွက်နိုင်အောင် များပြားလှသည့် ရတနာများနှင့် လက်နက်များသည် ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

အခန်းအလယ်တွင် ကျောက်တုံးလေးတစ်တုံးရှိနေပြီး ကျောက်တုံးပေါ်တွင် ညစ်ပတ်ပေရေနေသော မြက်ဖျာတစ်ချပ်ခင်းထားသည်။ ခြေတုံးလုံးဖြင့် ဟိုရှူးသည် စိမ်းပြာရောင်အင်္ကျီဖြစ်သော်လည်း လျှော်ဖွပ်ထားလွန်းသဖြင့် ဖြူရော်နေသော အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားပြီး မြက်ဖျာပေါ်တွင် တင်ပုလွေချိတ်ထိုင်နေကာ အရက်များကို မီးဖြင့် အပူပေးနေသည်။ အလွန်အရသာရှိမည့် အရက်နံ့မွှေးမွှေးများပင်...။

လုရှောင်ဖုန်းက နှာခေါင်းတစ်ချက် ပြင်းပြင်းရှုလိုက်ပြီး ကျောက်လှေကားများမှ အောက်သို့ ဆင်းလာနေသည်။

“ကြည့်ရတာ ကျနော်ရောက်လာတာ အချိန်ကောင်းပဲနဲ့တူတယ်။” လုရှောင်ဖုန်း ပြုံးရယ်လျက် ပြောဆိုလိုက်၏။

ဟိုရှူးက ပြန်လည်ပြုံးကာဆီးကြိုလိုက်သည်။ “ဒီတစ်ခါတော့ ကျုပ် မအံ့ဩတော့ပါဘူး။ ကျုပ်ဆီမှာ အရက်ကောင်းတွေ ရှိနေချိန်တိုင်းလိုလို မင်းရောက်လာတတ်တာပဲ။”

“ဒါပေမဲ့ ကျနော် သံသယတော့ ရှိနေတယ်ဗျ။”

“ဘာကို သံသယရှိနေတာလဲ။”

“ကျနော့်ကို အရက်ကောင်းတွေနဲ့ မြှားခေါ်လာသလားလို့ သံသယရှိနေတယ်။”

ဟိုရှူးက ခပ်သောသောလေးရယ်မောလိုက်သည်။ “ဘာပဲဖြစ်ဖြစ်ပါ... အကောင်းစားအရက်က အကောင်းစားအရက်ပါပဲ။ မင်းရဲ့အဝတ်အစားတွေ ညစ်ပေမှာ မစိုးရိမ်ဘူးဆိုရင်တော့ ကျုပ်နဲ့အတူထိုင်ပြီး သောက်နိုင်ပါတယ်။”

“ကျနော် ကြောက်တယ်ဗျ။”

ဟိုရှူး-“ကြောက်တယ်.. ဟုတ်လား။”

“ကျနော်ကြောက်တာက အဝတ်အစားတွေညစ်ပေသွားမှာကို မဟုတ်ဘူး။”

“ဒါဆိုရင် မင်းက ဘာကိုကြောက်တာလဲ။”

“ကျနော်ကြောက်နေတာက ဟိုထျန်ချင်းလို မပြီးဆုံးသေးတဲ့ ကစားပွဲတစ်ပွဲအတွက် တစ်ယောက်ယောက်က အဆုံးသတ်ပေးခံလိုက်ရမှာကိုပဲ။”

ဟိုရှူး လုရှောင်ဖုန်းကို စိုက်ကြည့်နေ၏။ သူ့အကြည့်များက ဓားသွားတစ်လက်လို စူးရှတောက်ပြောင်လွန်းနေသည်။ သူ ဘာစကားမှ မပြောတော့ပါ။ အရက်တစ်ခွက်ကိုသာ ဖြည်းဖြည်းလေးငဲ့ထည့်လိုက်ပြီး တစ်ငုံချင်း အရသာခံသောက်နေ၏။ လုရှောင်ဖုန်းသည်လည်း ဘာစကားမှ မပြောပါ။ ဝါကျတစ်ကြောင်းက လုံလောက်ကြောင်း သူသိနေပါသည်။ သူ စကားပြောနေသည့်လူမှာ လူပေါ်လူဇော်တစ်ယောက်ဖြစ်၏။ လူတကာ့လူဇော်တစ်ယောက်နှင့်စကားပြောလျှင် ဝါကျတစ်ကြောင်းတည်းဖြင့် လုံလောက်ပါသည်။

အတန်ကြာသောအခါမှ ဟိုရှူးက အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။

“ကြည့်ရတာ မင်းကိုအရူးလုပ်လို့မရဘူးပဲကိုး။”

“ဒါကြောင့်မို့ နောက်ထပ်မကြိုးစားသင့်တော့ဘူး။”

“ကျုပ်မှန်း မင်းဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ။”

“ကျနော် မသိခဲ့သေးပါဘူး။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “အစကတည်းက လူမှားပြီး စဉ်းစားခဲ့တာကိုး... ကျနော် ဘယ်လိုနည်းနဲ့မှ မသိနိုင်ခဲ့ပါဘူး။”

“အိုး...”

“ခင်ဗျားဟာ ယန်ထျယ်ရှန်း၊ တုကုရိဟာတို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားလို့ပဲ ထင်ထားခဲ့တယ်။ ခင်ဗျားလည်း သားကောင်တစ်ကောင်ပဲပေါ့လေ။ ဟိုထျန်ချင်းတစ်ယောက်တည်းသာ ဒီကိစ္စကြီးမှာ အကျိုးအမြတ်ထွက်ခဲ့မယ်လို့ ကျနော်ထင်ထားခဲ့မိတယ်။”

“အခုတော့ကော...”

“အခုတော့ ကျနော် စဉ်းစားမိသွားပြီ။ ဒီကိစ္စကြီးတစ်ခုလုံးမှာ အကျိုးအမြတ်ထွက်မယ့် လူတစ်ဦးတည်းပဲရှိတယ်။”

“အဲဒီလူက ကျုပ်ပဲဆိုပါတော့။”

“မှန်တယ်။ ခင်ဗျားပဲ။”

ဟိုရှူးက သူ့အရက်ခွက်ကို ထပ်ဖြည့်နေလိုက်သည်။

လုရှောင်ဖုန်း-“ရွှေဂဠုန်ဧကရာဇ်ကြီး နတ်ရွာစံသွားခဲ့တော့ ခင်ဗျားရဲ့ ဘဏ္ဍာထိန်းဆိုတဲ့ အလုပ်ကြီးကို ဘယ်သူမှလာပြီးစမ်းစစ်ကြတော့မှာ မဟုတ်ဘူး။”

“သူကိုယ်တိုင်လည်း အစကတည်းက မစမ်းစစ်ခဲ့ပါဘူး။” ဟိုရှူး ခပ်ဖြည်းဖြည်းလေး ခေါင်းညိတ်ပြလိုက်သည်။ “အခုတလောမှာ သူအရမ်းဆင်းရဲသွားခဲ့ရတယ်။ ပိုက်ဆံသုံးတဲ့နေရာမှာလည်း သိပ်ကြမ်းတယ်လေ။ ဒါပေမဲ့ ပိုက်ဆံဆိုတာ ဘယ်လောက်ပင်ပင်ပမ်းပမ်းရှာဖွေရသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ဘူး။”

“ဒါကြောင့်မို့လို့ ခင်ဗျားက သတ်ခဲ့တယ်ပေါ့။”

ဟိုရှူးက အေးစက်စွာ ပြန်ဖြေလိုက်သည်။ “ဒီလိုလူစားမျိုးက အစောကြီးကတည်းက သေသင့်တယ်။”

“ဒါပေမဲ့ သူသေသွားခဲ့ပြန်တော့လည်း မလုံလောက်သေးဘူးမဟုတ်လား။ ဘာကြောင့်လဲဆိုတော့ ယန်ထျယ်ရှန်းနဲ့ တုကုရိဟာတို့က ခင်ဗျားဆီလာပြီး ဝေစုခွဲကြဦးမယ်လေ။”

“ဒီပိုက်ဆံတွေဟာ အစကတည်းက ကျုပ်ပိုင်တွေ။ ဒီကြွယ်ဝချမ်းသာမှုတွေကို ကျုပ်တစ်ယောက်တည်းကသာ ရှိသမျှအင်အားနဲ့ လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်ထားခဲ့ရတာ။ တစ်နေ့ပြီးတစ်နေ့ တိုးပွားလာအောင် ကျုပ်ပဲကြိုးစားခဲ့တာဆိုတော့ ဘယ်သူ့ကိုမှ တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူး။”

“ဒါကြောင့်မို့လို့ သူတို့တွေလည်း သေသင့်တယ်ပေါ့။”

“သူတို့ သေရမယ်။”

“အမှန်အတိုင်းပြောရရင် ဒီပိုက်ဆံတွေဟာ လူ၃၀ လောက်ကို တစ်သက်လုံးဘာမှမလုပ်ဘဲ သုံးဖြုန်းခိုင်းရင်တောင်မှ ကုန်နိုင်မယ်မထင်ဘူး။” လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။ “ခင်ဗျားရဲ့အသက်အရွယ်အရဆိုရင် သေတွင်းထဲထိ ဒီဟာတွေ ယူသွားမယ်လို့ စဉ်းစားထားလို့လား။”

ဟိုရှူး သူ့ကိုစိုက်ကြည့်နေလိုက်၏။

“မင်းမှာ မိန်းမတစ်ယောက်ရှိတယ်ဆိုပါတော့... သူများတွေနဲ့ မျှဝေနိုင်ပါ့မလား။ တစ်နေ့လုံး မင်းသူ့ကိုအသုံးပြုတာလည်းမဟုတ်ဘူးလေ။” ဟိုရှူးက ပြန်ပက်လိုက်သည်။

“ဒါ ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ ကိစ္စပဲ။”

“ကျုပ်အတွက်တော့ ဒီအရာနှစ်ခုစလုံး အတူတူပဲ။ ဒီကြွယ်ဝချမ်းသာမှုတွေဟာ ကျုပ်အတွက်တော့ ဇနီးမယားတစ်ယောက်ပဲ။ ကျုပ်ဟာကျုပ် သေသေ၊ ရှင်ရှင်... ဘယ်သူနဲ့မှ မမျှဝေနိုင်ဘူး။”

“ဒါကြောင့်မို့လို့ ဟိုထျန်ချင်းနဲ့ ရှန်းကွမ်းဖေးယန်တို့ကို အသုံးချပြီး ရွှေဂဠုန်ဧကရာဇ်ကြီးကို လုပ်ကြံခဲ့တယ်။ ပြီးတော့ ကျုပ်ကိုအသုံးချပြီး ယန်ထျယ်ရှန်းနဲ့ တုကုရိဟာတို့ကို အပြတ်ရှင်းခဲ့တယ်မလား။”

“မင်းကို ဒီကိစ္စထဲ ဝင်မပါလာစေချင်ပါဘူး။ ဒါပေမဲ့ မင်းကလွဲလို့ ဒီအလုပ်ကြီးကို အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်မယ့်သူ တစ်ယောက်မှမမြင်မိပြန်ဘူး။”

“ဒီစကားကို ကျနော်ကြားဖူးတာ ပထမအကြိမ်မဟုတ်တော့ဘူး။” လုရှောင်ဖုန်း မချိပြုံးလေးပြုံးနေလိုက်၏။

“ဒါ အမှန်ပဲလေ။”

“ခင်ဗျားရဲ့ ငါးစားကို ကျနော်ဟပ်မိခဲ့တာကလည်း ကျနော်ကိုယ်တိုင် ပါဝင်ချင်လို့ပါ။ ဒါပေမဲ့ ဟိုထျန်ချင်းကျတော့ရော... သူလိုလူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အသုံးချနိုင်ခဲ့တာလဲ။”

“သူ့ကို သွေးဆောင်ခဲ့တာ ကျုပ်မဟုတ်ဘူး။”

“ရှန်းကွမ်းဖေးယန်လား။”

ဟိုရှူး ပြုံးလိုက်၏။ “သူဟာ ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဆွဲခါနိုင်လောက်တဲ့ မိန်းကလေးတစ်ယောက်လို့ မင်းမထင်ဘူးလား။”

ဟွာမင်းလို၏ မျက်နှာထက်တွင် မချိပြုံးလေးထွက်ပေါ်လာ၏။

လုရှောင်ဖုန်းသည်လည်း သက်ပြင်းချလိုက်၏။

“သူ့ကိုကော ဘယ်လိုချဉ်းကပ်ခဲ့တာလဲ။”

“ကျုပ်ဟာ လူအိုတစ်ယောက်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ဆွဲဆောင်နိုင်ပါသေးတယ်လေ။” ဟိုရှူးက ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။ “ဘာဖြစ်လို့လည်းဆိုတော့ ကျုပ်ဆီမှာ မိန်းမတွေမငြင်းဆန်နိုင်တဲ့အရာ ရှိနေလို့ပဲ။”

“ဘာများလဲ”

“ကျုပ်ရဲ့ဓနအင်အား” ဟိုရှူးက ပြုံးနေပြီး ဆက်ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ ကြွယ်ဝချမ်းသာမှုကို မကြိုက်တဲ့မိန်းမဆိုတာ မရှိပါဘူး။ မိန်းမချောလေးတွေကို မကြိုက်တဲ့ယောက်ျားဆိုတာ မရှိသလိုမျိုးပေါ့...”

“ဟိုထျန်ချင်းကို မြူဆွယ်ဖို့ ခင်ဗျားရဲ့စည်းစိမ်တွေ တစ်ဝက်ခွဲပေးမယ်လို့ သူ့ကိုပြောခဲ့တယ်မဟုတ်လား။”

“သူ့ချစ်သူဟာ ဟိုထျန်ချင်းလို့ မင်းတို့အားလုံးပဲ ထင်ထားခဲ့ကြတယ်။ သူတကယ်ချစ်ခဲ့တဲ့လူဟာ ကျုပ်လို လူအိုကြီးတစ်ယောက်ဖြစ်နေမယ်လို့ မင်းတို့ မထင်ထားကြဘူးမဟုတ်လား။” ဟိုရှူးသဘောကျစွာ ရယ်မောနေသည်။

“သူချစ်တာ ခင်ဗျားမှမဟုတ်ဘဲ... ခင်ဗျားရဲ့ စည်းစိမ်တွေကိုချစ်တာပါ။” လုရှောင်ဖုန်း အမှန်ကိုပြင်ပြောပေးလိုက်သည်။

“ကျုပ်အတွက်တော့ ဘာမှမခြားနားသလိုပဲ။” ဟိုရှူးသည် ရယ်မောနေလျက်ပင်ရှိနေ၏။ “ဘယ်လိုပဲပြောပြော ကျုပ်အတွက်တော့ သူဟာ အစကတည်းက သေလူတစ်ယောက်ပါပဲ။”

“သူ့ကို သတ်ပစ်ခဲ့ဖို့ အစကတည်းက ခင်ဗျားမှာ အကြံအစည်ရှိနေခဲ့ပြီးသားပေါ့လေ။”

“ကျုပ် မင်းကိုပြောပြီးခဲ့ပါပြီကောလား... ကျုပ်ရဲ့စည်းစိမ်တွေကို ဘယ်သူ့မှ မမျှဝေနိုင်ပါဘူးလို့။”

“ဒါကြောင့်မို့လို့ ကျနော့်ကို ခြေချောင်း ၆ ချောင်းလျှို့ဝှက်ချက် သက်သက်မဲ့ ပြောပြခဲ့ပြီး သူနဲ့စာရင်းရှင်းခိုင်းခဲ့တာပေါ့လေ။”

“ဒါပေမဲ့ ဘာတွေဖြစ်နေလဲဆိုတာ ဟိုထျန်ချင်းမှ မသိခဲ့ဘဲ။ အဲဒါအပြင် စာပို့ခိုလွှတ်ပြီး သူ့ကိုသတင်းတောင်ပေးခဲ့သေးတယ်။”

“ဒီကိစ္စအားလုံးရဲ့နောက်ကွယ်က ဉာဏ်ကြီးရှင်ဟာ ခင်ဗျားပဲဆိုတာ ဟိုထျန်ချင်း သိခဲ့ရဲ့လား။”

“ဟားဟားဟား... ဘယ်လိုလုပ်ပြီး သိမှာတဲ့လဲ။ မဟုတ်ရင် ရှန်းကွမ်းဖေးယန်တစ်ယောက်တည်းအတွက် သူလုပ်ပေးပါ့မလား။”

“ဒါပေမဲ့ ရှန်းကွမ်းဖေးယန်ကို ကျနော် သွားခွင့်ပေးလိုက်မယ်လို့ ခင်ဗျား မထင်ထားခဲ့ဘူးမဟုတ်လား။”

“ဒါကြောင့်မို့လို့ ကျုပ်ကိုယ်တိုင်သွားပြီး အစဖျောက်ခဲ့တယ်လေ။”

“ဟိုထျန်ချင်းက ငတုံးတစ်ယောက်မှမဟုတ်ဘဲ။ ရှန်းကွမ်းဖေးယန် သေတဲ့သတင်းလည်းကြားခဲ့ရော... ဒီနောက်ကွယ်မှာ တခြားလူတစ်ယောက်ရှိနေသေးတယ်ဆိုတာ သိသွားခဲ့ပုံရတယ်။ ဒါကြောင့်မို့လို့ ကျနော်နဲ့ လေပြည်စိမ်းအဆောင်မှာ မချိန်းတွေ့ခင် ခင်ဗျားကို သူလာတွေ့ခဲ့သေးတယ်မဟုတ်လား။”

“သူ ငတုံးတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ လူတော်တစ်ယောက်မှာလည်း တုံးတုံးအအ အချိန်လေးတွေဆိုတာ ရှိတတ်ကြတယ်လေ။”

“သူတစ်ယောက်တည်း ခင်ဗျားကို လာမတွေ့ခဲ့သင့်ဘူး။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။

“ဒါကြောင့်မို့လို့ သူလည်းပဲ သေသင့်တယ်။”

“သူ့ကိုသတ်ပြီးတာနဲ့ လေပြည်စိမ်းအဆောင်ကို ရွှေ့ခဲ့တယ်မဟုတ်လား။”

“လေပြည်စိမ်းအဆောင်ရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဟာလည်း ကျုပ်ဟာပဲ။ ကျုပ်ကြိုက်တဲ့အချိန်မှာ ပြန်ယူနိုင်တယ်။”

“ဒါကြောင့်မို့လို့ ဘုန်းတော်ကြီးမေပယ်လ်စိမ်းကိုလည်း လိမ်ညာခိုင်းခဲ့တာပေါ့။ သူ ဘာမှမငြင်းနိုင်ဘဲ လိမ်ညာပေးခဲ့ရတယ်မဟုတ်လား။”

“လိမ်ပြောတတ်တဲ့ ဘုန်းကြီးတစ်ယောက်ဆိုတာလည်း သေသင့်တဲ့လူတစ်ယောက်ပဲကွ။” ဟိုရှူးက ဘာမှမဖြစ်သလို လေသံမျိုးဖြင့် ပြန်ပြောလိုက်သည်။

“ဒီကိစ္စကြီးအားလုံးကြောင့် စိတ်ဓာတ်ကျပြီး ဟိုထျန်ချင်း သူ့ကိုယ်သူ သေကြောင်းကြံသွားခဲ့တယ်လို့ ကျနော့်ကို ယုံကြည်စေချင်တယ်မဟုတ်လား။”

“ကျုပ် အမှန်အတိုင်းပြောရရင် မင်းကို ဒီကိစ္စထဲ ဆက်မပါစေချင်တော့ဘူး။” ဟိုရှူး သက်ပြင်းမောတစ်ချက်ချလိုက်၏။ “ဖြစ်ချင်တော့ ဟို စကားများတဲ့ ဘုန်းကြီးက မင်းကို ပြန်ဆွဲခေါ်လာခဲ့ပြန်ရော...”

“သူ့ကြောင့်မို့လို့... ဟုတ်လား။”

“မနေ့တုန်းက မပြီးဆုံးသေးတဲ့ ကျားကစားပွဲအကြောင်း သူမင်းကိုပြောပြခဲ့တယ်ဆိုတာ ပြန်သိလိုက်ရတော့... တစ်ချိန်မဟုတ်တစ်ချိန် မင်း ဒီကိစ္စကြီးကို ဖော်ထုတ်နိုင်လိမ့်မယ်ဆိုတာ ကျုပ် မျှော်လင့်ပြီးသားပါ။”

“ဒါကြောင့်မို့လည်း လေပြည်စိမ်းအဆောင်နဲ့ တောင်ကုန်းတစ်ခုလုံးကို မီးတင်ရှို့ခဲ့တာမဟုတ်လား။”

“ကျုပ်စိတ်ထဲမှာ အဲဒီနေရာကို တစ်ခုခုလုပ်မယ်ဆိုတဲ့အကြံအစည်တွေ ရှိပြီးသားပါ။”

“ခင်ဗျားရဲ့အမြင်မှာ အဲဒီလူတွေအားလုံး မြေကွက်တစ်ကွက်လို့ပဲ မြင်နေတာလား။ ခင်ဗျားအသုံးချချင်သလို အသုံးချနိုင်တဲ့ ကိရိယာပစ္စည်းတွေလို့ပဲ ထင်နေတာလား။”

“ကျုပ်က သူတို့ကို ရှင်စေချင်ရင် သူတို့ရှင်ကြမယ်။ သေစေချင်ရင်လည်း သေရမယ်။”

“ကျနော့်ကို အသုံးချဖို့ ဘယ်လိုများကြံစည်ခဲ့တာလဲ။” လုရှောင်ဖုန်းက မချိပြုံးလေးဖြင့် မေးမြန်းလိုက်၏။

“လူတိုင်းလူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိတတ်ကြစမြဲပဲ။ အဲဒီအားနည်းချက်ကလေးတွေကို သိလိုက်ပြီဆိုတာနဲ့ လူတိုင်းကို အသုံးချနိုင်သွားပြီ။”

“ဒါကြောင့်မို့လို့ ကျနော်လည်း ခင်ဗျားရဲ့ ကြံရာပါအဖော်တစ်ယောက်ဖြစ်သွားခဲ့ပြီး စီမင်းကျွေ့ရှယ်လည်း ဒီကိစ္စထဲ ဝင်ပါလာ... ယန်ထျယ်ရှန်းနဲ့ တုကုရိဟာတို့ကို ခင်ဗျားအတွက် ရှင်းလင်းပေးခဲ့ရတာပေါ့လေ။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။

“မင်းလုပ်ခဲ့တာ အားလုံးသိပ်ကောင်းပါတယ်။ ဟိုထျန်ချင်း သေသွားပြီးတာနဲ့ မင်းရဲ့လုပ်ရပ်တွေ ရပ်ခဲ့လိုက်မယ်ဆိုရင် ကျုပ်နဲ့အတူတူအရက်သောက်ဖို့ မင်းအတွက် တံခါးမရှိဓားမရှိပါပဲ။ မင်းဒုက္ခရောက်နေချိန်ဆိုရင်လည်း ကျုပ်မင်းကို ငွေသားထောင်ပေါင်းများစွာပေးပြီး ကယ်တင်ပေးဦးမှာပါ။”

“ကျနော်မှ မရပ်ခဲ့တာကိုး...”

ဟိုရှူးလည်း သက်ပြင်းချလိုက်၏။

“ကျုပ် ဒီမှာရှိနေတဲ့ ရတနာပစ္စည်းတွေအားလုံး ဘာကြောင့်ရွှေ့ပြောင်းခဲ့တာလည်းဆိုတာကော သိလား။”

လုရှောင်ဖုန်း မသိပါ။

“ဘာကြောင့်လဲဆိုတော့ ဒီနေရာကြီးကို မင်းအတွက်သင်္ချိုင်းဂူအဖြစ် သီးသန့် ချန်ထားပေးချင်လို့။”

“ဂူသင်္ချိုင်း သေးသေးလေးမှမဟုတ်ဘဲ..” လုရှောင်ဖုန်း စိတ်မချမ်းမြေ့စွာ ပျက်ရယ်ပြုလိုက်သည်။

“မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်အောက်မှာ လုရှောင်ဖုန်းကို မြေမြှုပ်သင်္ဂြိုလ်ထားတယ်ဆိုတာ ပေါ့သေးသေးတော့မဟုတ်ဘူး.... ဟုတ်တယ်ဟုတ်။” ဟိုရှူး အကဲစမ်းလိုက်သည်။

“ရှန်းကွမ်းဖေးယန်ကိုယ်တိုင်က ဝါကျတစ်ကြောင်းတော့ အမှန်အတိုင်းပြောခဲ့သား။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ “မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်ဟာ ဒီနားတဝိုက်မှာ ရှိနေတယ်တဲ့။”

“သနားစရာကောင်းလိုက်တာ... လူတွေက မြစိမ်းနန်းတော်ရဲ့ ပထမနန်းဆောင်အကြောင်းကို အမှန်အတိုင်းပြောလေ... မင်းကတော့ မယုံကြည်နိုင်လေပါပဲလား။”

“ခင်ဗျားကတော့... မြစိမ်းနန်းတော် ၁၀၈ ဆောင်ရဲ့ ပဲ့ကိုင်ရှင်ဂုရုကြီးပေါ့လေ။ ဟုတ်တယ်မဟုတ်လား။”

“ပဲ့ကိုင်ရှင်ဂုရုကြီး... ဟားဟားဟား... သိပ်ကောင်းတဲ့ နာမည်လေးပါလားကွ။” ဟိုရှူးပြုံးရယ်လိုက်သည်။ “ကြားရတာ အရသာရှိလိုက်တာကွာ။”

“အဲဒီအသံနဲ့ ခင်ဗျား ပိုက်ဆံတွေ ရေတွက်နေသံနဲ့ဆို ဘယ်အသံက ပိုနားထောင်လို့ကောင်းလဲ။”

“ကျုပ် ပိုက်ဆံလုံးဝ မရေတွက်ဘူး။” ဟိုရှူးက သာမန်လေသံဖြင့် ပြန်ဖြေလိုက်၏။ “ကျုပ်ရဲ့ စည်းစိမ်ချမ်းသာတွေကို ရေတွက်လို့လည်း မရနိုင်ပါဘူးလေ။”

လုရှောင်ဖုန်း သက်ပြင်းချလိုက်ပြန်၏။ “ခင်ဗျား ဘယ်လိုချမ်းသာလာခဲ့လဲဆိုတာ အခုမှပဲသိရတော့တယ်။”

“အခုတော့ မင်း နားလည်သွားပြီပေါ့လေ။ သနားစရာကောင်းတာက ဘယ်တော့မှ အသုံးမပြုနိုင်တော့တာပဲ။”

“ဘာကြောင့်လဲဆိုတဲ့ အချက်တစ်ချက်တည်းပဲရှိတယ်။ ဘာလဲဆိုတော့ ကျနော်သေသွားခဲ့ရင် မြေကြီးထဲကို အပါယူမသွားချင်လို့ပဲ။”

ဟိုရှူး ခွက်ထိုးခွက်လန် ရယ်မောနေ၏။ “ကောင်းတယ်... သိပ်ကိုကောင်းတယ်။”

“ဘာက သိပ်ကိုကောင်းနေတာလဲ။”

“သူများတွေပြောတာ ကြားဖူးတာတော့ မင်းဆီမှာ ငွေလွှဲလက်မှတ်တွေတစ်ထပ်ကြီး ဆောင်ထားလေ့ရှိတယ်တဲ့... ငွေ ၅၀၀၀ အောက်ထစ်ရှိတတ်ပြီး စားပွဲတစ်ပွဲကို ရှင်းပေးရင်တောင် ၅၀၀၀ အောက်မလျော့ဘူးလို့ ကြားဖူးထားတယ်။” ဟိုရှူးက ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်၏။

“အဲဒီ ၅၀၀၀တန် ငွေလွှဲလက်မှတ်လည်း ခင်ဗျားဆီတောင် ရောက်ချင်ရောက်လောက်နေပြီ။” လုရှောင်ဖုန်းက ဝန်မခံချင့်ခံချင် အပြုံးမျိုးဖြင့် ပြောဆိုလိုက်၏။

“မင်းက သေသွားရင် ပိုက်ဆံတွေကို မယူသွားချင်ဘူးဆိုတော့ကာ... မင်းသေသွားပြီးတာနဲ့ အဲဒီပိုက်ဆံတွေ ကျုပ်နှိုက်ယူထားဖို့ရှိတယ်။”

“လူသေတစ်ယောက်ရဲ့ ပိုက်ဆံကိုတောင် ယူချင်နေသေးတာလား။”

“ပိုက်ဆံဆိုရင် အားလုံးယူတယ်။ ဒါက ကြွယ်ဝချမ်းသာမှုရဲ့ သော့ချက်ပဲ။”

“သနားစရာကောင်းလိုက်တာဗျာ... ကျနော် အသက်ရှင်လျက်ရှိနေသေးတယ်လေ။”

“ဒါပေမဲ့ မင်းရဲ့သင်္ချိုင်းဂူထဲမှာ ရောက်နေပါပြီ။”

“ကျုပ်ကို သတ်နိုင်မယ်လို့ ခင်ဗျားဘက်က သေချာလို့လား။”

“မသေချာဘူး... ဒါပေမဲ့ ဒီအထဲမှာ မင်းသေသွားလိမ့်မယ်ဆိုတာတော့ သေချာတယ်။”

“အိုး...”

“လူတစ်ယောက်ဟာ သူ့သေတွင်းထဲကို ရောက်ပြီးသွားပြီဆိုရင် ပြန်ထွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။”

ဟိုရှူးကို လုရှောင်ဖုန်း စိုက်ကြည့်နေလိုက်၏။ သူ့မျက်လုံးအကြည့်များက ဓားသွားတစ်လက်လို ထက်မြည့်လွန်းလှသည်။

ဟိုရှူး ပြုံးနေလိုက်သည်။ “မင်းရဲ့လက်တွေ တိုက်ချင်ခိုက်ချင်လွန်းလို့ ယားယံနေလား။”

လုရှောင်ဖုန်း ဝန်ခံလိုက်၏။ “‘ဟုတ်တယ်။”

“စိတ်မကောင်းပါဘူးကွာ... ကျုပ်မင်းနဲ့ တိုက်ခိုက်ဖို့ဆန္ဒမရှိဘူး။ ကျုပ်ရဲ့လက်တွေ ညစ်ပေသွားမှာ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။” သူထိုင်နေသည့် ကျောက်တုံးခုံကို ညင်သာစွာ ဖိချလိုက်ရာ... “ဝေါ...” ဆိုသည့်အသံကြီးထွက်ပေါ်လာခဲ့ပြီး နံရံပေါ်မှ ကြီးမားလေးလံလှသော သံကွန်ခြာကြီး ကျဆင်းလာကာ ကျောက်ထိုင်ခုံအပါအဝင် ဟိုရှူးကိုပါ ဖုံးအုပ်သွားခဲ့၏။

လုရှောင်ဖုန်း မျက်နှာရှုံ့မဲ့သွားခဲ့သည်။

“ခင်ဗျားကိုယ်ခင်ဗျား ဘယ်တုန်းကတည်းက ငှက်တစ်ကောင်ဖြစ်သွားခဲ့ပြီး လှောင်အိမ်ထဲမှာ ပိတ်လှောင်နေတတ်ခဲ့တာလဲ။”

“မင်းက ရယ်စရာလို့ထင်နေတယ်ပေါ့။”

“ရယ်စရာပဲပေါ့”

“ကျုပ် ဒီကနေထွက်သွားချိန်ကျရင် ရယ်စရာကောင်းမှာ မဟုတ်တော့ဘူး။ ဆာလောက်မွတ်သိပ်ပြီး သေအံ့ဆဲဆဲလူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှ ရယ်စရာမကောင်းဘူး။”

“ကျနော်က ဆာလောင်မှုနဲ့ သေသွားရမှာလား။”

“ကျုပ် ဒီကထွက်သွားပြီးနောက်... မင်းတို့စားနိုင်တာဆိုလို့ မင်းတို့ရဲ့ အသားတုံးတွေပဲရှိလိမ့်မယ်။ သောက်စရာဆိုလို့လည်း မင်းတို့ရဲ့ သွေးတွေပဲ ဖြစ်နေလိမ့်မယ်။” ဟိုရှူးက အေးစက်စွာ တုံ့ပြန်လိုက်၏။

“ဒါပေမဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး ထွက်သွားမှာတဲ့လဲ။”

“ဒီနေရာရဲ့ တစ်ခုတည်းသော ထွက်ပေါက်က ကျုပ်ထိုင်နေတဲ့ ဟောဒီကျောက်တုံးအောက်မှာပဲ ရှိတယ်။ ကျုပ် ထွက်သွားပြီဆိုတာနဲ့ ဒီမှာရှိနေတဲ့ အပေါက်တွေအားလုံးကို သေသေချာချာကြီး ပိတ်သွားခဲ့မယ်ဆိုတာလည်း ပြောလိုက်ပါရဲ့။”

လုရှောင်ဖုန်း အမူအရာ အနည်းငယ်ပျက်သွားခဲ့သည်။

“ကျုပ် ဝင်လာခဲ့တုန်းက ဒီလိုလည်း မဟုတ်ပါဘူး။” အားတင်းပြုံးလေးဖြင့် လုရှောင်ဖုန်း သွေးတိုးစမ်းလိုက်ပြန်သည်။

“မင်း ဝင်လာခဲ့တဲ့ တံခါးပေါက်ကြီးက အပြင်ဘက်ကနေပဲ ဖွင့်လို့ရတယ်။ ဘယ်သူမှ မင်းတို့ကို လာမဖွင့်ပေးစေဖို့လည်း ကျုပ် သေသေချာချာ စောင့်ကြပ်လိုက်ပါ့မယ်။”

“ခင်ဗျား ဘာများမှာစရာ ရှိနေသေးလဲ။”

“မင်းတို့ ရေငတ်ပြီး ၁၀ ရက်အတွင်းမှာ သေသွားကြလိမ့်မယ်ဆိုတာလည်း ပြောလိုက်မယ်။ ကျုပ်ဆိုတဲ့လူဟာ သိပ်ကို စေ့စပ်သေချာတဲ့လူ... ဒါကြောင့်မို့လို့ အပြင်ဘက်မှာ ၁၀ ရက်ကျော်ကျော်လောက် နေပြီးမှ မင်းတို့ကို လာကြည့်မယ်။”

“ခင်ဗျားက ပြန်လာခဲ့ဦးမယ်ပေါ့လေ။”

ဟိုရှူး ရယ်မောနေလိုက်၏။ “သိပ်သေချာတာပေါ့ကွာ။ မင်းဆီမှာ ကျန်နေမယ့် ပိုက်ဆံတွေကို ပြန်လာယူရဦးမယ်လေ။”

လုရှောင်ဖုန်း ရုတ်တရက်ကြီး ရယ်မောလိုက်သည်။ ခွက်ထိုးခွက်လန် ရယ်မောလိုက်ခြင်းလည်းဖြစ်၏။

“မင်းနေရာမှာ ကျုပ်သာဆိုရင် ရယ်မောနေမှာမဟုတ်ဘူး။”

“ခင်ဗျားက ကျနော်မှ မဟုတ်ဘဲ။”

“မင်း မဟုတ်တာ သိပ်ကံကောင်းတာပဲ။”

“သိပ်ဟုတ်တာပေါ့ဗျာ... ခင်ဗျားက ကျနော်မဟုတ်လို့လည်း ကျနော့်အိပ်ကပ်ထဲမှာ ဟောင်းလောင်းကြီးဆိုတာ ဘယ်သိနိုင်ပါ့မလဲ။” လုရှောင်ဖုန်းက ရယ်မောနေလျက် ပြောဆိုလိုက်၏။

ဟိုရှူး သက်ပြင်းချလိုက်တော့သည်။ “ကြည့်ရတာ မင်းဆိုတဲ့ကောင်ဟာ သေသွားခဲ့ရင်တောင်မှ ကျုပ်အတွက် ဘာမှ ချန်ထားပေးခဲ့မှာမဟုတ်ပါလား။”

“ခင်ဗျားတော်လာပြီ။”

“ကံကောင်းတာက ဒီအထဲက ကျုပ်အတွက် တချို့တလေတော့ ကျန်ခဲ့မှာပါ။”

“အိုး...”

“မင်းရဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အင်္ကျီအဝတ်အစားတွေကို ချွတ်ရောင်းပြီးတစ်ပြားနှစ်ပြားလောက်တော့ ရကောင်းပါရဲ့။”

“တစ်ပြားနှစ်ပြားလောက်အတွက်နဲ့များ ဒီလောက်တောင်မှ ဒုက္ခခံချင်သေးလားဗျာ။”

“တစ်ပြားနှစ်ပြားလည်း ပိုက်ဆံပဲလေ။”

“ပိုက်ဆံဆိုလိုက်တိုင်း ခင်ဗျားချည့်ပဲ ရချင်နေတယ်ပေါ့လေ။”

“ပိုက်ဆံဆိုတာ ကောင်းပါတယ်ကွ။ တစ်ပြားနှစ်ပြားလည်း ဘာမှမရှိတာထက်စာရင် ပိုကောင်းပါသေးတယ်။”

“ကောင်းပြီလေ... ဒါဆိုရင်လည်း ပေးရသေးတာပေါ့။” လုရှောင်ဖုန်း သူ့လက်တစ်ဘက်ကို ရုတ်တရက် လှုပ်ရှားလိုက်ရာ ကြေးပြားအကြွေစေ့လေးများ ဟိုရှူးထံသို့ ပလူပျံဝင်ရောက်လာတော့သည်။

ဟိုရှူး လှုပ်ရှားခဲ့ခြင်းမရှိသလို ရှောင်တိမ်းခဲ့ခြင်းလည်းမရှိ။ သူ့ကိုဖုံးအုပ်ထားသည့် သံကွန်ခြာကြီး၏ သံတိုင်များသို့ ကြေးပြားများ စိုက်ဝင်ခါနီးလေးတွင်မှ သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ ကြေးပြား ၁၂ မက သူ့လက်ထဲသို့ မျက်လှည့်ပြသလို ရောက်ရှိသွား၏။

လှပသေသပ်လွန်းသည့် ဤအဘိုးအို၏ လှုပ်ရှားမှုများက လုရှောင်ဖုန်းကိုပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

“ကောင်းလိုက်တဲ့ ဖမ်းကွက်...”

ဟိုရှူးက ထိုကြေးပြားများကို သေသေချာချာ ကြည့်ရှုလိုက်ပြီးမှ သိမ်းဆည်းထားလိုက်သည်။

“ပိုက်ဆံသာရမယ်ဆိုလို့ကတော့ ကျုပ်ရဲ့သိုင်းပညာက သိပ်ကိုကောင်းပြီးသားပဲ။”

“ခင်ဗျားရဲ့ မဖြစ်စလောက် ပညာရပ်ကလေးက ကျနော့်ရဲ့ သိုင်းပညာထက်နိမ့်ကျနေတာတော့ စိတ်မကောင်းပါဘူး။”

ဟိုရှူး ရယ်မောလိုက်သည်။ “မင်းက ကျုပ်ကို အပြင်ထွက်လာပြီး တိုက်ခိုက်စေချင်နေတာလား။”

“အဲဒီလိုပဲ စဉ်းစားထားပါတယ်။”

“အဲဒါဆိုလည်း အဲဒီအတွေးကို ဖျက်ထုတ်ပစ်လိုက်ပါတော့ကွာ။”

“ခင်ဗျား ဘယ်တော့မှ ထွက်မလာတော့ဘူးပေါ့လေ။”

“ကျုပ် ထွက်လာချင်ဦးတောင်မှ မထွက်နိုင်တော့ဘူး မောင်။”

“ဘာဖြစ်လို့လဲ။”

“ဒီသံကွန်ခြာကြီးက သံမဏိကို အကြိမ် ၁၀၀ ကျော်လောက် အရည်ကျို၊ သွန်းထုထားခဲ့တာကွ။ ၉၉၀ ကီလိုဂရမ်လောက်လည်း လေးတယ်။ သံပြားတွေကို ဖြတ်နိုင်ပါတယ်ဆိုတဲ့ ဓားတွေတောင်မှ မတိုးနိုင်ဘူး။ အဲဒီလိုဓားမျိုး ဆိုတာကလည်း ဒဏ္ဍာရီထဲမှာသာရှိတာပါကွာ။”

လုရှောင်ဖုန်းက ထပ်ဖြည့်ပြောလိုက်သည်။ “နောက်ပြီး ကီလို ၉၉၀ ကျော်ကိုလည်း ဘယ်သူမှ မနိုင်မှာမဟုတ်ဘူး။”

“ဘယ်သူမှ မမနိုင်ဘူး။”

“ဒါကြောင့်မို့လို့ ခင်ဗျား မထွက်လာနိုင်သလို ကျနော်လည်း မဝင်လာနိုင်ဘူးပေါ့။”

“ဒါကြောင့်မို့လို့ မင်းတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်က ကျုပ် ဒီကနေထွက်သွားတာကို ထိုင်ကြည့်နေပြီး သေဖို့စောင့်ဆိုင်းနေကြဖို့ပဲရှိတယ်။”

“ခင်ဗျားကိုယ်ခင်ဗျား သံကွန်ခြာကြီးထဲမှာ ပိတ်လှောင်ထားခဲ့တဲ့ ရည်ရွယ်ချက်က ကျနော်နဲ့ တိုက်ခိုက်ရမှာမို့လို့ မဟုတ်လား။”

“ကျုပ်က လူအိုတစ်ယောက်ပါ။ မိန်းမတွေနဲ့တောင်မှ အိပ်ယာတစ်ခုတည်း အတူတူအိပ်ဖို့ ဆန္ဒသိပ်မရှိတော့သလို တိုက်ခိုက်ဖို့ဆိုတာ ဝေလာဝေး...”

လုရှောင်ဖုန်းက ဟွာမင်းလို၏ပခုံးကို ပုတ်လိုက်သည်။ “ကြည့်ရတာ ငါတို့ သေဖို့စောင့်ဆိုင်းကြရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။” ပြီးနောက် သူ သက်ပြင်းချလိုက်၏။

“ဒါ သူ့ရဲ့ နောက်ဆုံးရွှေ့ကွက်တစ်ကွက် ဖြစ်လိမ့်မယ်။” ဟွာမင်းလိုက ဘာမှမဖြစ်ဟန်ဖြင့် ပြောဆိုလိုက်၏။ မယုံကြည်နိုင်စွာ... သူ ပြုံးနေလေသည်။

“ဒီရွှေ့ကွက်က အတော်လေးထိရောက်တဲ့ ရွှေ့ကွက်ဆိုတာတော့ မငြင်းနိုင်ဘူး။”

“ဒါပေမဲ့ ငါတို့တွေလည်း ဘာမှမရွှေ့ရသေးဘူးလေ။ ငါတို့ ဘာမှ ထုတ်မပြရသေးဘူး မဟုတ်လား။”

“အိုး...”

“ကျုတင်းကို မေ့သွားပြီလား။” ဟွာမင်းလို မေးမြန်းလိုက်သည်။

“ဘယ်ကလာ မေ့ရမှာလဲ။”

“ဒါကြောင့်မို့လို့ ခုချိန်ထိ မင်းပြုံးနေနိုင်သေးတာကိုး။” ဟွာမင်းလို ပြုံး၍ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ မင်းလည်းပဲ စိတ်မလှုပ်ရှားဘဲ နေနိုင်နေတာပေါ့။”

“သူ ကျုတင်းကို ဒီအထဲ မခေါ်လာခဲ့သင့်ဘူး။”

“ဒါ သိပ်ကို မှန်တယ်။”

ဟိုရှူး၏မျက်နှာပြင်ထက်တွင် အပြောင်းအလဲများစွာ ဖြစ်နေကြောင်း တွေ့မြင်နိုင်၏။

“ကျုတင်းက ဘာမို့လို့လဲ။” နောက်ဆုံးတွင်တော့ မနေနိုင်ဘဲ မေးမြန်းမိလိုက်တော့သည်။ “သူ ဘာဖြစ်လို့ ဒီမှာ မရှိနေနိုင်ရမှာလဲ။”

“သူက ဘာမှမဟုတ်ပါဘူး။” လုရှောင်ဖုန်းက ခပ်အေးအေးလေး ပြန်ဖြေလိုက်သည်။ “ဒီလောကကြီးထဲမှာ သူ့ကို ချုပ်နှောင်ထားမယ့်နေရာ တစ်နေရာမှ မရှိနိုင်တာကလွဲလို့ပေါ့လေ။”

“သူ့မှာ ကောင်းတဲ့အချက်ဆိုလို့ များများစားစားလည်း မရှိပါဘူး။ ဆရာကြီးလုရဲ့ လက်ရင်းတပည့်တစ်ယောက် ဖြစ်နေတာကလွဲလို့ပေါ့။” ဟွာမင်းလိုက ဖြည့်စွက်ပြောလိုက်၏။

ဟိုရှူး-“ဆရာကြီးလု... ဟုတ်လား။”

“ဆရာကြီးလုဆိုတာ လုပန်ရဲ့ သားစဉ်မြေးဆက်ထဲကလူကို ပြောတာပါ။ လုပန်ဆိုတာ တကယ့်ဗိသုကာ ပညာရှင်ကြီးတစ်ယောက်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။” ဟွာမင်းလို ရှင်းပြလိုက်သည်။

လုရှောင်ဖုန်း-“ဆရာကြီးလု ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ပညာရပ်တွေအားလုံး ကျုတင်းရရှိသွားခဲ့တယ်ဆိုတာလည်း အငြင်းပွားစရာမရှိဘူး။”

ဟွာမင်းလို-“ဒါကြောင့်မို့လို့ ကျုတင်း ဒီအထဲမှာရှိနေသ၍ ကျနော်တို့ ထွက်သွားဖို့ဆိုတာ ထမင်းစားရေသောက် အလုပ်ပါ။”

လုရှောင်ဖုန်း-“မှန်လိုက်လေကွာ။”

“သူ ဒီအထဲမှာ တကယ်ပဲ ရှိနေတယ်။”

“ငါသိပါတယ်။”

“မင်း ငါ့ကို နောက်ဆုံးတွေ့ခဲ့တဲ့နေရာလေးမှာပဲလေ။”

“ငါ သိပါတယ်ဆို။”

ဟိုရှူး-“သူ့ကို ချုပ်နှောင်ထားမယ့်နေရာတစ်နေရာမှ မရှိဘူးဆို... ဘာဖြစ်လို့ခုထိ ထွက်မလာသေးတာလဲ။”

“သူလာပါလိမ့်မယ်။”

ဟိုရှူး-“သူလာခဲ့မယ်ဆိုရင်လည်း သိပ်ကိုနောက်ကျသွားပါပြီကွာ။”

“ဟုတ်ရဲ့လားဗျာ။”

“ဒီနေရာတစ်ခုလုံးကို ထိန်းချုပ်တဲ့ ဗဟိုထိန်းချုပ်ခလုတ်တွေအားလုံး ကျုပ်ထိုင်နေတဲ့ကျောက်တုံးအောက်မှ ရှိနေတယ်။”

“အိုး...”

“ကျုပ် ထွက်သွားပြီးပြီဆိုတာနဲ့ ဒီခလုတ်တွေအားလုံး ဖျက်ဆီးသွားပါ့မယ်ကွာ။”

“ဒါဆိုရင် ဘာဖြစ်လာမှာလဲ။”

“ဒီနေရာက ထွက်ပေါက်တွေအားလုံး ကျောက်တံခါးကြီးတွေနဲ့ ပိတ်သွားလိမ့်မယ်၊ ပြီးတော့ ကျောက်တံခါးတစ်ချပ်တစ်ချပ်ကို ၄ တန်လောက်လေးတယ်ဆိုတော့....”

“ဒါကြောင့်မို့လို့ ကျနော်တို့တွေ ဒီအထဲမှာပဲသေဖို့ ကံဇာတာပါလာတယ်ပေါ့။”

ဟိုရှူး-“မင်းတို့တင် မကသေးဘူး... လုပန်ကိုယ်တိုင် အသက်ရှင်လျက် မြေကြီးထဲက ထလာနိုင်တယ်ဆိုဦး... သူလည်းပဲ ဒီထဲမှာ သေသွားရမှာပဲ။”

“ဒါကြောင့် ခင်ဗျား ခုချက်ချင်းကြီး ထွက်သွားတော့မယ်ပေါ့။”

“ကျုပ် မင်းတို့နဲ့ စကားစမြည်လေး ပြောချင်ပါသေးတယ်။ သေဖို့စောင့်ဆိုင်းနေရတာ စိတ်ကျဉ်းကြပ်လွန်းပါတယ်လေ။”

“ဒါပေမဲ့ ခင်ဗျား စိတ်ပြောင်းသွားပြီမဟုတ်လား။”

“မှန်လိုက်တာကွာ”

“ကြည့်ရတာ ခင်ဗျားကို ဆွဲမထားနိုင်တော့သလို လိုက်လည်း မပို့နိုင်တော့ဘူးနဲ့တူပါရဲ့။” လုရှောင်ဖုန်း မျက်နှာအပျက်ပျက်ဖြင့် ပြုံးရယ်နေပြီး ဟာသနှောလိုက်သည်။

“မင်းတို့ ကျုပ်ကို သိပ်ပြီးသတိရတမ်းတနေလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။” ဟိုရှူး ပြုံးရယ်၍ ပြောဆိုလိုကပ်ပြီး သူ့လက်က ခလုတ်တစ်ခုကို ဖိနှိပ်ထားလိုက်လေသည်။ “ကျုပ် ဒီခလုတ်လေးကို ဖိလိုက်တာနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။ မင်းတို့ ကျုပ်ကို ဘယ်တော့မှ တွေ့တော့မှာမဟုတ်ဘူး။”

ခလုတ်ကို သူ ဖိနှိပ်ချလိုက်သည်။ သို့သော် သူ ပျောက်ကွယ်မသွားခဲ့ပါ။ သူ့မျက်နှာမှ အပြုံးများကတော့ ပျောက်ကွယ်သွားခဲ့၏။

လေးထောင့်ပုံကျောက်တုံးကြီးသည် လေးထောင့်ပုံကျောက်တုံးကြီးအတိုင်းပင် ရှိနေသေး၏။ ထိုကျောက်တုံးပေါ်တွင် တစ်ချိန်လုံး ဟိုရှူးထိုင်နေခဲ့လေသည်။ သူ့မျက်နှာမှ အမူအရာများသည် နှာနုရိုးအထိုးခံလိုက်ရသူတစ်ယောက်၏ အမူအရာများအတိုင်း ဖြစ်နေ၏။

သူ့နဖူးပြင်ပေါ်မှ ချွေးသီးချွေးပေါက်ကြီးများ တစ်ပေါက်ပေါက် ကျဆင်းလာတော့သည်။

ဤအချက်သည် လုရှောင်ဖုန်းကိုလည်း အံ့အားသင့်သွားစေ၏။ ဟိုရှူး၏စိတ်ဓာတ်ကို သူကောင်းကောင်းကြီး သိနေပါ၏။ ဤမြေခွေးအိုကြီးသည် မပိုင်လျှင်ခြင်တောင်မရိုက်သည့် လူစားမျိုးဖြစ်သည်။ ကျောက်တုံးအောက်တွင် ထိန်းချုပ်ခလုတ်များရှိနေသည်ဟု ဟိုရှူးပြောခဲ့ပါက တကယ်ပင်ရှိနေ၍ဖြစ်သည်။ ယခုတော့ ထွက်ပေါက်များအားလုံး ပိတ်ဆို့သွားခဲ့ပုံရသည်။

လုရှောင်ဖုန်း မျက်လုံးများ ပေကလပ်ပေကလပ်လုပ်နေလိုက်ပြီး မေးမြန်းလိုက်၏။ “ခင်ဗျား ဒီမှာ ဘာဖြစ်လို့ရှိနေသေးတာလဲ။”

“မင်း... မင်း...” ဟိုရှူး၏စကားသံ မထွက်ပေါ်လာတော့ပါ။ သူ စိတ်ဓာတ်ကျစွာ မေ့မြောသွားတော့မည့်ဟန် ရှိနေ၏။

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ သူတစ်ယောက်တည်း သက်ပြင်းချလိုက်သည်မဟုတ်ကြောင်းကိုလည်း ချက်ချင်းပင် သိရှိသွားပြန်၏။ သက်ပြင်းချလိုက်သံသည် ဟွာမင်းလိုထံမှ ထွက်ပေါ်လာခဲ့ခြင်းလည်း မဟုတ်။ ရှန်းကွမ်းရှူးအော်နှင့် လောင်ပန်ကတော်ဆီမှ ထွက်ပေါ်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သည် ပန်းပွင့်လေးများလို ပြုံးနေကြပြီး သူ့ထံလျှောက်လှမ်းလာနေကြ၏။

“ရှင်ပြောတာ မှန်သားပဲ... ဒီလူ့ဆီမှာ ဝှက်ဖဲတစ်ချပ် ဝှက်ထားတတ်တယ်ဆိုတာ...” ရှန်းကွမ်းရှူးအော်သည် ပထမဆုံး စကားပြောဆိုသူ ဖြစ်နေ၏။

“ဒါကြောင့်မို့လို့လည်း ဒီလို လုရှောင်ဖုန်း တစ်ယောက်တည်းပဲ ရှိနေတာပေါ့။” လောင်ပန်ကတော်သည်လည်း အချိုသာဆုံးပြုံးနေ၏။

သို့သော် လုရှောင်ဖုန်း၏ အပြုံးက စိတ်မသက်သာစွာ ပြုံးနေရသော အပြုံးမျိုးလည်း ဖြစ်နေပြန်သည်။

“မင်းတို့မထွက်လာကြသေးတာက ကျုပ်လက်ထဲမှာ ဝှက်ဖဲတစ်ချပ်ကိုင်ထားလား မကိုင်ထားလား သိချင်နေခဲ့ကြလို့ပေါ့လေ။”

“ဒီမြေခွေးအိုကြီးကို ရှင်ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ ကျမတို့လည်း သိနေခဲ့ပါတယ်။ ဒါပေမဲ့ ရှင့်မှာ နောက်ဆုံးရွှေ့ကွက်ကလေးကျန်နေသေးတယ်လို့တော့ ဘယ်သိနိုင်ပါ့မလဲ။” ရှန်းကွမ်းရှူးအော်က ချိုသာစွာ ပြန်ဖြေလိုက်သည်။

လောင်ပန်ကတော်က တခစ်ခစ်ရယ်နေလိုက်ပြီး ပြောလိုက်သည်။ “ရှင့်ရဲ့ ဒီနောက်ဆုံးရွှေ့ကွက်ကလေးကတော့ တကယ်ပါပဲရှင်...”

“ဒီသံကွန်ခြာကြီးကို သူကိုယ်တိုင် လုပ်ထားခဲ့တာပဲ။ နောက်ဆုံးတော့ သူ့ဟာသူ ပြန်ပြီးပိတ်မိနေပါပေါ့လား။” ရှန်းကွမ်းရှူးအာ ရေရွတ်လိုက်၏။

လုရှောင်ဖုန်းလည်း ပြုံးနေပါသည်။ “ဒါကို စည်ပိုင်းထဲ ညင်သာစွာဝင်ရောက်သွားခြင်းလို့ခေါ်တယ်။”

လောင်ပန်ကတော်က သူ့ကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် ကြယ်ရောင်များ လင်းလက်တောက်ပနေသလိုလို... “ရှင် ဘယ်လိုလုပ်ပြီး သူ့ကို အဲလိုထားခဲ့နိုင်တာလဲ။”

လုရှောင်ဖုန်း-“ကျုပ်က လူပေါ်လူဇော်တစ်ယောက်မဟုတ်လား။”

ရှန်းကွမ်းရှူးအော်-“သူ ဒီနေရာကနေ ထွက်ပြေးသွားမယ်ဆိုတာသိလို့ သူမလာခင်ကတည်းက အဲဒီခလုတ်တွေကို ရှင်ဖျက်ဆီးထားခဲ့တာလား။”

လုရှောင်ဖုန်း တိတ်ဆိတ်စွာနေလိုက်၏။

“ကောင်းပြီလေ... ရှင်က ဘာဖြစ်လို့ စကားမပြောတော့တာလဲ။” လောင်ပန်ကတော်က တောင်းဆိုလိုက်သည်။ “ဘယ်လိုလုပ်ခဲ့တာလဲ။”

လုရှောင်ဖုန်း ရုတ်တရက် ဦးခေါင်းခါရမ်းပြလိုက်သည်။

“ကျုပ် ပြောလို့မဖြစ်ဘူး။”

ရှန်းကွမ်းရှူးအော်-“ဘာဖြစ်လို့လဲ။”

“လူတိုင်းလူတိုင်းမှာ လျှို့ဝှက်ချက်ကလေးတစ်ခုလောက်တော့ သိမ်းထားသင့်တယ်။ မင်းတို့လို မိန်းမသားနှစ်ယောက်ရှေ့မှာဆို ပိုပြီးတော့တောင် လျှို့ဝှက်ထားရဦးမယ်။” လုရှောင်ဖုန်း မြေခွေးအိုတစ်ကောင်လို ပြုံးနေပြီး ပြောဆိုလိုက်၏။ “မင်းတို့သာ ကျုပ်ရဲ့လျှို့ဝှက်ချက်ကို သိသွားကြမယ်ဆိုရင် နောက်ဆို ကျုပ် ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါတော့မလဲ။”

+++++

“မင်း ဘယ်လိုလုပ်ခဲ့တာလဲ။” လူတိုင်း ထွက်သွားခဲ့ကြပြီဖြစ်သည်။ ဟွာမင်းလို မနေနိုင်မထိုင်နိုင်ဖြစ်လှစွာ မေးမြန်းလိုက်၏။ “သူတို့ကို ဘာဖြစ်လို့ မပြောပြခဲ့တာလဲ။”

လုရှောင်ဖုန်း၏ အဖြေက ပို၍ပင် တော်နေသေး၏။

“ဘာကြောင့်လဲဆိုတော့ ငါလည်း မသိဘူးလေကွာ။”

ဟွာမင်းလို အံ့အားသင့်စွာ ထပ်မံမေးမြန်းလိုက်ပြန်၏။ “ထွက်ပေါက်တွေကို ဘယ်နေရာမှ ပိတ်ထားရမလဲဆိုတာ မင်းတကယ်ပဲ မသိခဲ့ဘူးလား။”

“ဘာမှကို မသိတာဟေ့...”

ဟွာမင်းလို ဆွံ့အ သွားခဲ့ရတော့သည်။

“သူ့ထိန်းချုပ်ခလုတ်တွေ ရုတ်တရက်ကြီး ကြောင်သွားပုံထောက်တယ်။ ဒါမှမဟုတ် ကြွက်တစ်ကောင်လောက် ဝင်လာပြီး ပိတ်မိသွားခဲ့တာလားမသိဘူး...” လုရှောင်ဖုန်း စဉ်းစဉ်းစားစားပြောလိုက်သည်။ သူ့မျက်လုံးများတွင် ဝေခွဲမရနိုင်သော အမူအရာများထွက်ပေါ်နေပြီး ဆက်ပြောလိုက်သည်။ “ဘာကနေ ဘယ်လိုဖြစ်သွားခဲ့တာလဲ.... ဘုရားမှပဲ သိနိုင်တော့မယ်။”

“ဘုရားမှပဲ သိနိုင်တော့မယ်...ဟုတ်လား။”

လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။

“ဒုစရိုက်သမားတွေ နောက်ဆုံးကျတော့လည်း ကျရှုံးသွားရတာပဲမဟုတ်လား။”

“ဒါတော့ ငါလည်းမသိဘူး။”

“ဘာကြောင့်လဲဆိုတော့ ဘုရားရိုက်ချက်က နောက်ဆုံးမှ ထွက်ပေါ်လာတတ်တာမဟုတ်လား။ သူတို့အကြံအစည် ဘယ်လောက်ပဲ ကြီးမားနေပါစေ... နောက်ဆုံးတော့လည်း ကျရှုံးသွားရတာပဲလေ။”

“ဒါဆိုရင် ဒီနောက်ဆုံးရွှေ့ကွက်က မင်းလုပ်ခဲ့တာမဟုတ်ဘူး၊ ဘုရားရိုက်တာလို့ ဆိုလိုချင်တာလား။”

“အမှန်ပဲ။”

ဟွာမင်းလို ရယ်မောလိုက်သည်။

“မင်းက ဘာရယ်နေတာလဲ.. ငါပြောတာမယုံလို့လား။”

ဟွာမင်းလိုသည် ရယ်မောနေရာမှ ပြန်ဖြေလိုက်၏။ “မင်းပြောတိုင်း ငါက ယုံရမှာလား။”

လုရှောင်ဖုန်းသည်လည်း သက်ပြင်းချလိုက်ပြီး စိတ်မသက်သာစရာကောင်းသည့် အပြုံးမျိုး ပြုံးနေလိုက်၏။

“အမှန်အတိုင်း ငါပြောရင် လူတွေ ဘာဖြစ်လို့ မယုံကြတာလည်းမသိဘူး။”

0 comments:

Post a Comment