Sunday, May 1, 2011

နိဂုံး

ကျောက်လှေကားထိပ်ရှိ တံခါးမကြီးပွင့်သွားခဲ့ပြီဖြစ်သည်။ ကျုတင်းက ဖွင့်ပေးလိုက်ခြင်းဖြစ်၏။ ဤကဲ့သို့သော တံခါးတစ်ချပ်ကို တီထွင်နိုင်သူ ရှိခဲ့ပါက ဖွင့်ပေးနိုင်မည့်လူလည်း ရှိနေရပေမည်။

ဤကမ္ဘာကြီးထဲတွင် ထိုသို့သောအရာများ များစွာရှိနေသည်မဟုတ်ပါလား။ မည်သည့်လှံတံမျှ မထိုးဖောက်နိုင်သည့် ဒိုင်းတစ်လက်ကို တီထွင်နိုင်ခဲ့သည်ဆိုပါက အခြားတစ်ယောက်သည် ထိုဒိုင်းကို ထိုးဖောက်နိုင်မည့် လှံတံတစ်လက်ကို တီထွင်လိမ့်မည်ဖြစ်သည်။ “အကြွင်းမဲ့” ဆိုသောအရာများ လောကကြီးတွင် မရှိနေနိုင်ပါ။

လုရှောင်ဖုန်း လှေကားများမှ တက်သွားခဲ့ပြီး ဟိုရှူးကို လှမ်းကြည့်လိုက်သည်။ သံကွန်ခြာကြီးသည် ထောင်နန်းတစ်ခုလိုလည်း သူ ခံစားသွားမိခဲ့၏။



လူတစ်ယောက်သည် မတရားမှုများကို ကျူးလွန်ခဲ့သည်ဆိုပါက တန်ပြန်ဒဏ်ခံရတတ်သည်။ လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။ ဤကိစ္စကြီးတစ်ခုလုံး အဆုံးသတ်သွားခဲ့ပုံကို သူ စိတ်ချမ်းသာနေသည်။ မည်သို့ အဆုံးသတ်သွားခဲ့သနည်း။

လောင်ပန်သည် သစ်သားတြိဂံပုံလေးတစ်ခုဖြင့် ဂူဝကြီးကို တိုင်းတာနေ၏။ လောင်ပန်ကတော်က ဘေးနားတွင်ရှိနေပြီး သူ့ကို ကြည့်နေသည်။ သူ့ထံတွင် သိပ်ကိုကောင်းမွန်သော အကြံအစည်များ ရှိနေကြောင်းကိုလည်း သူမ သိထား၏။ သို့သော် မမေးမြန်းခဲ့ပါ။ ယောက်ျားတစ်ယောက် စဉ်းစားခန်းဝင်နေချိန်တွင် စကားများတတ်သည့် မိန်းမတစ်ယောက် ရှိနေခြင်းကို မလိုလားတတ်ကြောင်းကိုလည်း သူမ သိရှိထားပြန်သည်။

“အဲဒီလူ သွားဦးမှာလား။” သို့သော် ကျုတင်းက စကားမစပ်စွာ သူမကို မေးမြန်းလိုက်သည်။

“အင်း...”

“မင်း သူ့ကို လိုက်မပို့တော့ဘူးပေါ့။”

“ရှင်သွားရင် ကျမလည်း သွားမယ်လေ။”

ကျုတင်းက အေးစက်စက် ပြောလိုက်ပြန်၏။ “ကျုပ်လိုက်ပို့တာ သူ လိုချင်ပုံမရဘူး။”

“ရှင်လည်းပဲ သူ့ကို လိုက်မပို့ချင်ဘူးမဟုတ်လား။”

ကျုတင်း ဝန်ခံလိုက်သည်။

“ဒါပေမဲ့ သူအကူအညီလိုတဲ့အချိန်ကျရင် ဘာမဟုတ်တဲ့လူတစ်ယောက်ကို စာတစ်စောင်နဲ့လွှတ်ပြီး ရှင့်ဆီမှာ အကူအညီတောင်းခံတတ်သေးတယ်နော်။”

“ဒါက ဘာကြောင့်လဲဆိုတော့ ကျုပ် အကူအညီလိုတဲ့အချိန်ကျရင်လည်း သူ ဒီလိုပဲ လာမှာမို့လို့ပါ။”

“ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နှုတ်လည်းမဆက်ကြဘူး၊ စကားလည်း မပြောကြဘူးရော်...”

“သွားတယ်လာတယ်ဆိုတာ သပ်သပ်၊ စကားပြောတာ မပြောတာက သပ်သပ်... သီးခြားစီပါကွာ။”

သူမက သက်ပြင်းရှိုက်ပြီး ရွတ်ဆိုလိုက်၏။ “ရှင်တို့နှစ်ယောက်လို သူငယ်ချင်းမျိုးကတော့ ဒီလောကကြီးထဲမှာ ရှိနိုင်တော့မယ်မထင်ဘူး။”

ကျုတင်းသည် သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် သစ်သားတြိဂံလေးကို ချထားပြီး သူမကို စိုက်ကြည့်လိုက်၏။

“ကျုပ် ဒီမှာ နေခဲ့မယ်လို့ ဆုံးဖြတ်ထားပြီးပြီ။”

“ကျမ သိပါတယ်။”

“ဒီလိုနေရာမျိုးမှာ မင်းနေနိုင်လို့လား။”

“ရှင်နေနိုင်နေမှတော့ ကျမလည်း ဘာဖြစ်လို့ မနေနိုင်ရမှာလဲ။”

“မင်း ဒီမှာ မနေနိုင်ဘူးဆိုရင်လည်း ကျုပ် မင်းကို အပြစ်မပြောပါဘူး။”

“ရှင်က ကျမကိုမောင်းထုတ်နေပြီး ဟိုမကောင်းဆိုးဝါးမလေးနဲ့ အဖော်လုပ်နေခဲ့မယ်ပေါ့လေ။” လောင်ပန်ကတော်က စူးစူးစိုက်စိုက်ကြည့်ပြီး မေးမြန်းလိုက်၏။

ကျုတင်း-“မင်း ဘယ်တုန်းကတည်းက မနာလိုတတ်လာတာလဲ။”

“ခုလေးတင်ပဲ။”

“ခုလေးတင်ပဲလား...”

“ခုလေးတင်ပဲ... ဟိုမကောင်းဆိုးဝါးမလေးက ရှင့်ကို ဘာတွေပြောခဲ့တာလဲ။”

ကျုတင်း-“လျှို့ဝှက်ချက်တစ်ခုပေါ့။”

“ဘာလျှို့ဝှက်ချက်လဲ။” လောင်ပန်ကတော်က စူးစူးစိုက်စိုက်ကြည့်ပြီး မေးမြန်းလိုက်ပြန်၏။

“နောက်မှပဲ ပြောပြတော့မယ်ကွာ။” ကျုတင်းက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်၏။ “မင်း သူ့ကို သွားပြီးနှုတ်ဆက်လိုက်ပါလား။”

“လုံးဝမသွားဘူး။”

“ဘာဖြစ်လို့လဲ”

လောင်ပန်ကတော်က နှုတ်ခမ်းများကို ပြတ်လုမတတ် ဖိကိုက်ထားလိုက်ကာ-“ဒီနေ့ကစပြီး ရှင့်ကို မျက်စိအောက်က တစ်ဖဝါးမှ မခွာနိုင်တော့ဘူး။ ဘာပဲဖြစ်နေဖြစ်နေ... ဘာကြောင့်လဲဆိုတော့....”

“ဘာကြောင့်များလဲ”

လောင်ပန်ကတော်က သူ့ကို စိုက်ကြည့်နေလိုက်၏။ သူမ၏ အကြည့်များတွင် ချစ်ရည်ရွှန်းလဲ့နေလေသည်။

“ဘာကြောင့်လဲဆိုတော့ ရှင်ဟာ ဘယ်လိုယောက်ျားတစ်ယောက်လည်းဆိုတာ ကျမ သိသွားခဲ့ပြီ။ ရှင့်ကို တခြားသူတွေလက်ထဲ အပါမခံနိုင်တော့ဘူး။”

လုရှောင်ဖုန်းသည် အဝေးတစ်နေရာမှ သူတို့ကို ငေးကြည့်နေပြီး သက်ပြင်းတစ်ချက် ချလိုက်၏။

“သူတို့ရဲ့ ပြဿနာတွေ ပြေလည်သွားပြီ။”

ဟွာမင်းလို-“သူတို့မှာ ဘာပြဿနာတွေ ရှိနေခဲ့လို့လဲ။”

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက လောင်ပန်ကတော်ဟာ သူ့ယောက်ျားအပေါ် အတော်လေး အထင်သေးခဲ့တယ်။ သူတို့တွေ ကွဲကြပြဲကြမလားတော့လို့တောင်မှ ငါထင်နေခဲ့သေးတယ်။”

“လောင်ပန်က လူပျင်းတစ်ယောက်လို့ သူ့မိန်းမက ထင်နေခဲ့တာများလား။”

လုရှောင်ဖုန်း-“အခုတော့ သူ့ယောက်ျားဟာ ဇမ္ဗူတစ်ခွင် သူမတူအောင်တော်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာ သိသွားပါပြီ။”

ဟွာမင်းလို-“သူ့ကြောင့်သာမဟုတ်ခဲ့ဘူးဆိုရင် ငါတို့တွေ ဒီအထဲမှာ သေနေလောက်ပြီ။”

မိန်းမတိုင်းလိုလို မိမိ၏ယောက်ျားကို အတော်ဆုံး အထက်မြက်ဆုံး ဖြစ်စေချင်ကြသည်မဟုတ်ပါလား။

လုရှောင်ဖုန်း သက်ပြင်းချလိုက်ပြန်၏။

“ငါကတော့ ဘာမှသိပ်မကြောက်ပါဘူး... အစာငတ်ခံရမှာကိုတော့ တစ်မျိုးကြီးပဲ။”

သံကွန်ခြာထဲတွင်ရှိနေသော ဟိုရှူးကို သူ ငေးကြည့်နေ၏။ ဟိုရှူး၏မျက်လုံးများက ပြူးထွက်နေကြပြီး အပြင်ဘက်တွင်ရှိနေသည့် ရှန်းကွမ်းရှူးအော်ကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။

ရှူးအော်၏လက်ထဲတွင် အသားတုံးတစ်တုံးနှင့် ပေါက်စီနှစ်လုံး ကိုင်​ဆောင်ထား၏။ ဟိုရှူးကို စကားပြောနေသည်မှာ အရည်မရအဖတ်မရစကားများဖြစ်နေကြောင်း အဝေးတစ်နေရာမှ လုရှောင်ဖုန်း ကြားနေရ၏။

ဟိုရှူးသည် စိတ်ဆိုးဒေါသထွက်လွန်းသဖြင့် လည်ပင်းကြောကြီးများ ထောင်ထနေသည်။ ရုတ်တရက် သံကွန်ခြာကြီးပွင့်ထွက်သွားမလားဟု ပြေးတိုက်လိုက်သည်။ မပွင့်လာခဲ့ပါ။ မည်သူမှ မတွန်းတိုက်နိုင်အောင်၊ မပွင့်နိုင်အောင် သူကိုယ်တိုင် စီမံထားခဲ့သည်မဟုတ်ပါလား။

ရှူးအော်သည် သံကွန်ခြာကြီး၏ အပြင်ဘက်တွင် ရပ်နေပြီး အေးစက်စက်ကြည့်နေ၏။ ထွက်သွားတော့မလို လုပ်လိုက်ရာ ဟိုရှူးက သူမကို ပြန်ခေါ်လိုက်၏။ သူတို့နှစ်ယောက် စကားများ ပြောဆိုနေကြလေသည်။ ပြီးနောက် ဟိုရှူးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စာရွက်တစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးထိုးပေးလိုက်ပြီး ရှူးအော်ကို ကမ်းပေးလိုက်၏။ ရှူးအော်သည်လည်း သူမ၏လက်ထဲတွင် ကိုင်ဆောင်ထားသည့် အသားတုံးနှင့် ပေါက်စီများကို ပစ်ပေးလိုက်သည်။ ဟိုရှူးသည် ချက်ချင်းဆိုသလို ထိုင်ချလိုက်ကာ အငမ်းမရ စားသောက်နေလိုက်တော့သည်။

ဟွာမင်းလိုက ရုတ်တရက်ကြီး မေးမြန်းလိုက်သည်။ “အသက်သာအသေခံသွားမယ်၊ သူ့ပိုက်ဆံတွေ ဘယ်မှာရှိသလဲဆိုတာ ပြောမယ့်ပုံတော့မရှိဘူး။”

“သူ သေရမှာ မကြောက်ပါဘူးကွာ။”

“ဆင်းရဲသွားတာက သေတာထက်တောင် ဆိုးနေသေးတယ်လို့ ထင်နေလို့လားမှမသိတာ။” ဟွာမင်းလို ရယ်မောပြောဆိုလိုက်၏။

လုရှောင်ဖုန်းသည်လည်း ရယ်မောနေလျက် ပြန်ဖြေလိုက်၏။ “ဆင်းရဲတာထက် ဆိုးတဲ့အရာကို သူတွေ့ရှိသွားပုံရတယ်။”

“ဆာလောင်မွတ်သိပ်တာလား။”

လုရှောင်ဖုန်း ဘာမှ ပြန်မဖြေနိုင်ခင်မှာပင် ရှူးအော်သည် ကြည်လင်တောက်ပသောအပြုံးလေးဖြင့် သူတို့ထံ လျှောက်လှမ်းလာနေသည်။

သူမက ရယ်မောပြီး ပြောဆိုလိုက်သည်။ “သူ့ကို အသားတစ်တုံးနဲ့ ပေါက်စီနှစ်လုံးရောင်းခဲ့တယ်။ ဘယ်လောက်တောင်မှ ရခဲ့လဲဆိုတာ ခန့်မှန်းကြည့်ပါလား။”

သူတို့ မခန့်မှန်းနိုင်ကြပါ။

“ငွေသား ငါးသောင်းကြီးများတောင်မှ... ၅၀၀၀၀ နော်...” ရှူးအော်က လက်ထဲတွင်ရှိနေသည့် ငွေလွှဲလက်မှတ်ကို ဂုဏ်ယူဝံ့ကြွားစွာ ဝှေ့ယမ်းပြလိုက်သည်။ “ဒီငွေလွှဲလက်မှတ်ကို ဘယ်ဘဏ်မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သွားလဲလို့ရပြီ။”

လုရှောင်ဖုန်း အတောမသတ်နိုင်စွာ ရယ်မောမိလိုက်တော့သည်။

“မင်းရဲ့နှလုံးသားလေးကလည်း မည်းညစ်ညစ်ကလေးပါလား။”

ဟွာမင်းလိုလည်း ဝင်ရောက်နောက်ပြောင်လိုက်သည်။ “ဒီလောက်ရှားပါးတဲ့ အသားတုံးတွေ မင်းရှာတွေ့နိုင်မယ်မထင်ဘူး။”

ရှူးအော်-“ဒါကြောင့်မို့လို့လည်း အဲဒီမြေခွေးအိုကြီးက အရူးထနေရတာပေါ့... နောက်ဆုံးတော့လည်း သဘောတူလိုက်ရတာပဲလေ။”

ဟွာမင်းလို-“ဆာလောင်ငတ်မွတ်မှုဆိုတာ အတော်ကြီးကိုဆိုးဝါးတယ်။”

လုရှောင်ဖုန်း-“သူ့ဆီမှာရှိနေတဲ့ ပိုက်ဆံတွေအကုန်လုံး ဒီနည်းနဲ့သဲ့ယူဖို့ စဉ်းစားထားတာလား။”

ရှူးအော်-“အဲဒီပိုက်ဆံတွေက ကျမတို့မိသားစုရဲ့ ပိုက်ဆံတွေပါ။ ကျမရဲ့ မျိုးရိုးနာမည်ကလည်း ရှန်းကွမ်းဆိုတာ မမေ့ကြနဲ့လေ။”

လုရှောင်ဖုန်း ရယ်မောနေ၏။ “မင်း သူ့ဆီက ပိုက်ဆံတွေ ၅၀၀၀၀ လောက်နေ့တိုင်းတောင်းနေလည်း နှစ်နှစ် သုံးနှစ်လောက်တော့ ကုန်နိုင်မယ်မထင်ဘူး။”

“ဒါဆိုရင်လည်း ဒီမှာပဲ ၃ နှစ်လောက် ဆက်စောင့်ပြီး တောင်းရသေးတာပေါ့... ဪ.. မေ့နေလို့ ကျမမှာ အဖော်တစ်ယောက်လည်း ရှိနေတာပဲ။”

“လောင်ပန်လည်း ဒီမှာနေမယ်လို့ ဆုံးဖြတ်ထားခဲ့လို့လား။”

ရှူးအော်က ခေါင်းညိတ်ပြလိုက်ပြီး လျှို့ဝှက်သော အပြုံးလေး ပြုံးနေလိုက်သည်။ “ဒီနေရာမှာ နေပြီး လူတွေပါးစပ်အဟောင်းသားဖြစ်သွားမယ့်အရာတွေ တီထွင်ကြံဆဦးမယ်လို့ သူ့မိန်းမကို ပြောနေသံကြားခဲ့ရတာပဲ။ ဒါပေမဲ့ သူ ဒီမှာ ကျန်နေခဲ့မယ့်ရည်ရွယ်ချက်ကို ကျမတစ်ယောက်တည်းပဲ သိနေတယ်။”

“ဘာများလဲကွ။”

“လျှို့ဝှက်ချက်ပါလို့ဆိုနေ... ကျမက ဘာဖြစ်လို့ရှင့်ကို ပြောပြရမှာလဲ။”

လုရှောင်ဖုန်းသည် သူမ၏မျက်နှာလေးကို စိုက်ကြည့်နေလိုက်ပြီး ပြုံးပြလိုက်၏။ “မင်းရဲ့လျှို့ဝှက်ချက်ကို ကျုပ် စိတ်မဝင်စားပါလဘူး.. ဒါပေမဲ့ နည်းနည်းလေးတော့ စိတ်ပူနေမိတယ်။”

“ဘာကိုများ စိုးရိမ်နေတာလဲ။”

“မင်း အဲဒီငွေလွှဲလက်မှတ်တွေ ပိုက်ဆံနဲ့သွားလဲပြီဆိုတာနဲ့ ဘယ်ကနေရလာတာလဲလို့ လူတွေက မေးကြတော့မယ်။”

“ဘယ်သူမှ မမေးပါဘူး။”

“အိုး...”

“ဒီမြေခွေးအိုကြီးက ဘယ်လောက်တောင်မှ လျှို့ဝှက်ထားတတ်သလဲဆိုတာလည်း မမေ့နဲ့ထားဦးလေ။ သူ့ရဲ့ စိတ်အချရဆုံး၊ အယုံကြည်ရဆုံး လူယုံတွေတောင်မှ သူဘာလုပ်နေမှန်းမသိတာ။ သူ ဒီလိုပဲ လုပ်နေကြပဲဟာ။”

“ကိုယ့်ရှုးကိုယ်ပြန်ပတ်ပြီနဲ့တူတယ်ဟေ့...” လုရှောင်ဖုန်း သက်ပြင်းချလိုက်၏။

ရှူးအော်သည်လည်း ရယ်မောနေလိုက်သည်။ “သိပ်ဟုတ်တာပေါ့။ သူ့ကြောင့်သာမဟုတ်ခဲ့ဘူးဆိုရင် ပိုက်ဆံတွေကို ဒီလိုလွယ်လွယ်နဲ့ ဘယ်ညှစ်ထုတ်နိုင်ပါ့မလဲ။”

ကိုယ်ပြုသည့်ကံ ကိုယ်ခံရတတ်သည်မဟုတ်ပါလား။ ထို့ကြောင့်ပင် စိတ်ထားကောင်းသူများသည် နောက်ဆုံးတွင် စိတ်ချမ်းသာမှုများ ရရှိတတ်ကြလေသည်။

လုရှောင်ဖုန်း ရယ်မောနေလျက်ပင် မတ်တတ်ထရပ်လိုက်၏။ “ဒါဆိုရင်လည်း မင်း ဒီမှာပဲနေခဲ့ပြီး သူ့ဆီက ပိုက်ဆံတွေကို ရနိုင်သမျှ ကြုံးယူထားနှင့်ပေါ့။ ဒီလိုမျိုး အခွင့်အလန်းလေး ပေါ်လာတုန်းမှာ ကျုပ်အတွက် အရက်ကောင်းလေး တစ်အိုးနှစ်အိုးလောက် တောင်းထားပေးပါလား။”

ရှူးအာက သူ့ကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။ “ရှင်.. ရှင် ထွက်သွားတော့မလို့လား။”

လုရှောင်ဖုန်း-“ဒီလိုနေရာမျိုးမှာ ကျုပ်ကိုနေခိုင်းမယ်ဆိုရင် ပျင်းတာနဲ့တင်သေသွားလောက်တယ်။”

“ကျမရဲ့ လျှို့ဝှက်ချက်ကိုကော မသိချင်တော့ဘူးလား။”

“မသိချင်ပါဘူး။”

ရှူးအော် မျက်လုံးများ ပေကလပ်ပေကလပ်ဖြစ်သွားခဲ့သည်။ ပြီးနောက် ရုတ်တရက် ပြုံးနေလိုက်ပြီး-“ရှင့်ကို ပြောပြလည်း ဘာမှတော့ မဖြစ်သွားလောက်ပါဘူးလေ... မဟုတ်လည်း နောက်ကျရင် သိမှာပဲဥစ္စာ။”

လုရှောင်ဖုန်း မငြင်းဆိုခဲ့ပါ။

“သူ ဒီမှာ ကျန်နေရစ်ခဲ့တာကတော့... သူက ကျမကို ချစ်မိသွားလို့... ကျမကလည်း သူ့ကို ချစ်မိသွားခဲ့လို့ပဲ။”

လုရှောင်ဖုန်း ရယ်မောလိုက်သည်။

“ကျမပြောတာ ရှင်မယုံနိုင်ဘူးဆိုတာ သိပါတယ်။” ရှူးအော်က ဆက်ပြောနေလိုက်သည်။ “ကျမ သူ့ကို လက်ထပ်တဲ့တစ်နေ့တော့ ရှင်တို့ ယုံကြည်လာကြမှာပါ။”

“မင်းက သူ့ကို လက်ထပ်ယူဦးမယ်လား။” လုရှောင်ဖုန်း မနေနိုင်မထိုင်နိုင်စွာ မေးမြန်းလိုက်၏။ “ဒါဆိုရင် လောင်ပန်ကတော်အတွက်ကော...”

“လောင်ပန်တစ်ယောက်မှာ ဘာဖြစ်လို့ လောင်ပန်ကတော်တစ်ယောက်တည်း ရှိနေရမှာလဲ။” ရှူးအော်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “ရှင့်ဆီမှာတောင် မျက်ခုံး ၄ ခု ရှိနေနိုင်သေးရင် လောင်ပန်မှာလည်း ဘာဖြစ်လို့ လောင်ပန်ကတော်နှစ်ယောက် မရှိနိုင်ရမှာလဲ။”

နေစောင်းနေပြီဖြစ်သော တောင်စောင်းတစ်လျှောက် လုရှောင်ဖုန်း လျှောက်လှမ်းနေ၏။ သူ ဘာစကားမှ မပြောခဲ့ပါ။ လမ်းလျှောက်နေပြီး အတန်ကြာတော့မှ သူ့ထံမှ စကားသံထွက်ပေါ်လာခဲ့သည်။

“အဲဒီမကောင်းဆိုးဝါးမလေး လိမ်ပြောနေတာပဲဖြစ်ရမယ်။”

“အင်း...” ဟွာမင်းလို ညည်းတွားလိုက်သည်။

“လောင်ပန်က အရူးတစ်ယောက်မှမဟုတ်ဘဲ... ဘာဖြစ်လို့ အဲဒီကောင်မလေးကို ဇနီးမယားအဖြစ် ယူမှာလဲ။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

လုရှောင်ဖုန်း တိတ်ဆိတ်စွာဖြင့် လမ်းဆက်လျှောက်နေလိုက်ပြန်၏။

“ဒါပေမဲ့ လောင်ပန်လည်း ချီးထုပ်တစ်ယောက်ပဲ။ တစ်ခါတစ်ခါကျရင် နည်းနည်းတော့ အရူးထတတ်တယ်။” ရုတ်တရက် သူ ပြောဆိုမိလိုက်ပြန်သည်။

“လောင်ပန်ကတော်လေးတွေဟာလည်း မကောင်းဆိုးဝါးငယ်လေးတွေ ဖြစ်နေတတ်ပြန်ရော...”

“ဒါကြောင့်မို့လို့ မင်းကိုယ်တိုင် အဲဒီချီးထုပ်ကို သွားမေးကြည့်လိုက်ရင်ကောင်းမယ်။”

“မင်းကိုယ်တိုင် သွားမေးပါလား။”

“ငါတို့ စကားမပြောကြဘူးဆိုတာ မင်းလည်းသိသားနဲ့...”

“ဒီကိစ္စကြီးက အမှန်မဟုတ်ဘူးဆိုရင် လောင်ပန်က ငါတို့ကို သောက်ရူးတွေလို့ ထင်နေတော့မှာပေါ့။”

“သောက်ရူးတခါတလေဖြစ်တာများကွာ... ဘာဆန်းလို့လဲ။”

ဟွာမင်းလို သက်ပြင်းချလိုက်သည်။ “မင်းရဲ့ သူငယ်ချင်းဖြစ်ရတာလည်း မင်းဆီက သောက်ရူးဓာတ်တွေ ကူးခံရပြီနဲ့တူပါတယ်ကွာ။”

ပြီးနောက် သူထွက်သွားလိုက်တော့သည်။ မသွားလို့လည်းမဖြစ်။


လုရှောင်ဖုန်းသည် ငတုံးငအတစ်ယောက်လို ထိုနေရာ၌ ရပ်စောင့်နေ၏။ ထိုနေရာသည် လူချေတိတ်ဆိတ်သောနေရာလေးလည်း ဖြစ်နေပြန်သည်။ အသီးရိုင်းများ ခူးဆွတ်နေသည့် အဘွားအိုတစ်ယောက်မှလွဲ၍ မည်သူမှ မရှိနေပါ။ ဟွာမင်းလို ပြန်အလာကို သူ သိပ်ကြာကြာကြီး မစောင့်လိုက်ရ။

လုရှောင်ဖုန်း-“ဘာတဲ့လဲ...”

“မင်းဟာ သောက်ရူးပဲ... ငါလည်း အတူတူပဲ။” ဟွာမင်းလိုက ရှုတည်တည်ဖြင့် ပြန်ဖြေလိုက်သည်။

“အလိမ်ဇယားကြီးပေါ့လေ။”

“သူတို့မှာ လျှို့ဝှက်ချက်တော့ရှိခဲ့တယ်။ ကျုတင်းက ရှူးအော်ကို မွေးစားသမီးအဖြစ် မွေးစားခဲ့ပြီးပြီ။”

ထိုစကားကြောင့် လုရှောင်ဖုန်း ပက်လက်လန်လဲကျမတတ်ဖြစ်သွားခဲ့၏။

“အဲဒီ မကောင်းဆိုးဝါးမလေး ဒီလောက်တောင် လိမ်ပြောနေတတ်တာ... မင်းမို့လို့ကွာ...” ဟွာမင်းလို အတောမသတ်နိုင်အောင် ရယ်မောနေရင်း ပြောဆိုလိုက်သည်။

လုရှောင်ဖုန်းသည်လည်း သက်ပြင်းချပြီး ရယ်မောနေလိုက်တော့သည်။ “ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင်က ချီးထုပ်တစ်ယောက်ဖြစ်နေရုံမကသေးဘူး... ငပိန်းတစ်ယောက်လည်း ဖြစ်နေလို့ပေါ့...”

သူ မော့ကြည့်လိုက်သောအခါတွင် ရှူးအော်သည် သူတို့ထံသို့ အပြေးလေးလှမ်းလာနေကြောင်း တွေ့လိုက်ရ၏။

“ဒီနေရာမှာ လူတစ်ယောက်ဖြတ်သွားတာများ တွေ့လိုက်မိသေးလား။” အသက်ကို မနည်းဝအောင်ရှူနေပြီး သူမ မေးမြန်းလိုက်၏။

လုရှောင်ဖုန်း-“သစ်သီးတွေခူးနေတဲ့ အဘွားကြီးတစ်ယောက်တော့ တွေ့လိုက်တယ်။”

ထိုစကားကို ကြားလိုက်မိသော ရှူးအော်သည် ထခုန်မိမတတ်ဖြစ်သွားခဲ့၏။

“အဲဒီအဘွားကြီးဟာ ကျမရဲ့ အစ်မဖြစ်နေနိုင်လောက်တယ်။”

“မင်းရဲ့အစ်မ... ရှန်းကွမ်းဖေးယန်ကို ပြောတာလား။”

ရှူးအော် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏မျက်လုံးများတွင် အရောင်များ တောက်ပနေ၏။ “သူမသေသေးဘူးဆိုတာ အခုလေးတင်ပဲ ကျမ သိလိုက်ရတယ်။ သေချင်ဟန်ဆောင်တဲ့နေရာမှာ သူလောက်ကျွမ်းတာ သူပဲရှိတယ်။ ရှင်တို့ ထွက်သွားပြီးတော့.... ကျမ သူ့ကို သွားကြည့်ခဲ့သေး....”

သူမ၏စကားကို အဆုံးထိ လုရှောင်ဖုန်း နားမထောင်တော့ပါ။ သူလှည့်ထွက်သွားလိုက်တော့သည်။ သူကိုယ်တိုင် လှည့်ထွက်သွားရုံမကသေး... ဟွာမင်းလိုကိုလည်း ဆွဲခေါ်သွားတော့၏။

“မင်းဟာမင်း ဘာကြီးပဲပြောနေပြောနေ.. ကျုပ် ဒီတစ်ခါတော့ အလိမ်မခံတော့ဘူး။ မင်းပြောတာ ဘာမှကို မယုံတော့ဘူး။” လုရှောင်ဖုန်းကိုကြည့်ရသည်မှာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပုံရသည်။ တစ်ချိုးတည်းလှည့်ထွက်သွားခဲ့တော့၏။

သူတို့ထွက်ခွာသွားသည်ကို ရှူးအော် ငေးကြည့်နေသည်။ ဆွေးရိပ်များသမ်းနေပြီး တိုးတိုးလေး ညည်းတွားလိုက်မိတော့၏။

“ငါ အမှန်အတိုင်းပြောတဲ့အခါကျ၊ လူတွေ ဘာဖြစ်လို့များ မယုံနိုင်ကြတာလဲနော်....”

The End.

0 comments:

Post a Comment