Wednesday, May 4, 2011

(၈) နွေဦးလေပြေလေး၏နွေးထွေးမှု

လမ်းကျဉ်းကျဉ်းရှည်ရှည်လေး၏ အဆုံးတစ်ဘက်မှ လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ ခြေလှမ်းတိုင်းလိုလို ခက်ခဲပင်ပမ်းကြီးစွာ လျှောက်လှမ်းလာနေရ၏။ ထိုသူသည် ဖူဟောင်ရွှယ် ဖြစ်နေလေသည်။

သူ့လက်ထဲတွင် ထိုဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲရှိနေ၏။ ပြီးနောက် သူတို့ဆီသို့ ခြေလှမ်းများ တရွတ်တိုက်ဆွဲကာ လျှောက်လာနေသည်။ သူ၏လမ်းလျှောက်နှုန်းကို မည်သည့်အရာကမျှ အနှောက်အယှက်မပေးနိုင်ပါ။

သူတစ်ယောက်တည်းဖြစ်၏။ လိုလိုရှန်းနှင့် မုယုံမင်းကျုတို့ကို အရိပ်အယောင်မျှပင် မတွေ့ရ။

ရဲ့ခိုင်က သူ့ထံလျှောက်သွားပြီး အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ “မင်း ပြန်လာခဲ့ပြီကိုး။”

ဖူဟောင်ရွှယ်က အေးစက်စက်လေသံဖြင့် ပြန်ဖြေကြားလိုက်သည်။ “မင်းလည်း အသက်ရှင်နေသေးတာပဲ။”

ရဲ့ခိုင်-“ကျန်တဲ့လူတွေကော ဘယ်ရောက်နေကြလဲ။”

ဖူဟောင်ရွှယ်-“ငါ ဖြည်းဖြည်းလေးပဲ လျှောက်လာခဲ့တာ။”

ရဲ့ခိုင်-“သူတို့တွေအားလုံး မင်းအရှေ့က သွားနှင့်ခဲ့ကြတယ်ပေါ့။”

ဖူဟောင်ရွှယ်-“ဟုတ်တယ်။”

ရဲ့ခိုင်-“သူတို့တွေ မင်းရှေ့ကနေ ထွက်သွားခဲ့ကြမှတော့ ခုချိန်ထိ ဘာဖြစ်လို့ မရောက်လာကြသေးတာလဲ။”

ဖူဟောင်ရွှယ်-“သူတို့တွေ ဒီကိုလာကြမယ်လို့ မင်းက ဘာဖြစ်လို့ထင်နေရတာလဲ။”

ရဲ့ခိုင် ခေါင်းညိတ်ပြလိုက်ပြီး ပြုံး၍ပြောလိုက်သည်။ “ဒီကို ပထမဆုံးရောက်လာတဲ့လူ ဘယ်သူလဲဆိုတာ မင်းသိလား။”

ဖူဟောင်ရွှယ်-“ငါ မသိဘူး။”

“လူသေတစ်ယောက်။” ရဲ့ခိုင်၏ မျက်နှာထက်တွင် ခနဲ့တဲ့တဲ့ အပြုံးမျိုး ထွက်ပေါ်လာခဲ့၏။ “ရယ်စရာကောင်းတာက လမ်းမလျှောက်နိုင်တဲ့ လူသေတစ်ယောက်က အရင်ဆုံးရောက်လာခဲ့ပြီး လမ်းလျှောက်နိုင်ပြီး အရင်ဦးဆုံး ထွက်လာခဲ့ကြသူတွေကျတော့ မရောက်လာကြသေးဘူး။ လောကကြီးက ဟာသပဲ။”

ဖူဟောင်ရွှယ်-“ဘယ်သူ့အလောင်းလဲ။”

ရဲ့ခိုင်-“ပင့်ကူပျံ”

ဖူဟောင်ရွှယ် မျက်မှောင်ကျုတ်ထားလိုက်ပြီး အတန်ကြာမှ ပြောဆိုလိုက်၏။ “ငါ ထွက်လာခဲ့တုန်းက ပင့်ကူပျံ ငါနဲ့အတူတူ အချိန်အတော်ကြာလေး ရှိနေခဲ့သေးတယ်။”

ရဲ့ခိုင်-“သူ မင်းနဲ့ရှိနေခဲ့တာလား။ ဘာဖြစ်လို့လဲ။”

ဖူဟောင်ရွှယ်-“ငါ့ကို မေးခွန်းတွေ မေးနေခဲ့သေးတယ်။”

ရဲ့ခိုင်-“သူက မင်းကို မေးခွန်းတွေမေးနေခဲ့သေးတယ်... ဟုတ်လား။”

ဖူဟောင်ရွှယ်-“သူကမေးတယ်၊ ငါကတော့ နားပဲထောင်နေခဲ့တယ်။”

ရဲ့ခိုင်-“မင်းက နားထောင်ရုံထောင်နေပြီး ဘာမှပြန်မပြောခဲ့ဘူးလား။”

ဖူဟောင်ရွှယ်-“မေးခွန်းတွေကို နားထောင်နေရတာနဲ့တင်ကို စိတ်ညစ်စရာကောင်းနေပါပြီ။”

ရဲ့ခိုင်-“ပြီးတော့ကော...”

ဖူဟောင်ရွှယ်-“ငါ ဖြည်းဖြည်းလေးပဲ လျှောက်လာခဲ့တယ်။”

ရဲ့ခိုင်-“မင်းဆီက ဘာအဖြေမှ မရတော့တာနဲ့ သူ့ရှေ့ကလူတွေကို အမီလိုက်ပြီး ထွက်သွားခဲ့တယ်ဆိုပါတော့။”

ဖူဟောင်ရွှယ်၏ မျက်လုံးများတွင် ခနဲ့သောအမူအရာများထွက်ပေါ်လာခဲ့၏။ “ဒါကြောင့်မို့လို့ သူ အရင်ဆုံးရောက်လာခဲ့တာပေါ့။”

ရဲ့ခိုင်လည်း ပြုံးနေ၏။ သို့သော် သူ့အပြုံးက အသက်မဝင်လှပါ။

ဖူဟောင်ရွှယ်-“မင်းရဲ့မေးခွန်းတွေကို ငါပြန်ဖြေခဲ့တာ ဘာကြောင့်လဲ သိလား။”

ရဲ့ခိုင်-“ငါလည်း အဲဒါကို မေးတော့မလို့ပဲ။”

ဖူဟောင်ရွှယ်-“မင်းမေးခဲ့တာတွေကို ငါပြန်ဖြေခဲ့တာ ငါ့မှာလည်း မင်းကို ပြန်မေးစရာလေးတွေရှိနေလို့။”

ရဲ့ခိုင်-“မင်းမေးလာရင် ငါပြောပြမှာပေါ့။”

ဖူဟောင်ရွှယ်-“အခုတော့ မေးဖို့ အချိန်မတန်သေးဘူး။”

ရဲ့ခိုင်-“အဲဒီမေးခွန်းတွေကို ဘယ်တော့လောက်မှ မေးမှာလဲ။”

ဖူဟောင်ရွှယ်-“ငါ စိတ်ပါလာတဲ့အခါကျရင်ပေါ့။”

ရဲ့ခိုင်-“ကောင်းပြီလေ... မင်းမေးချင်တဲ့အချိန်ကျမှ မေး... ငါ့ကို ဘာပဲမေးလာမေးလာ ငါပြန်ဖြေပါ့မယ်။”

ခန္ဓာကိုယ်ကို တစ်ချက်လှည့်ပြီး ဖူဟောင်ရွှယ် ထွက်ခွာသွားတော့သည်။ အခေါင်းထဲတွင်ရှိနေသည့် အလောင်းကောင်ကို ယောင်၍ပင် လှည့်မကြည့်သွားခဲ့ချေ။ သူ့မျက်လုံးအကြည့်များက တန်ဘိုးကြီးလွန်းလှသလို... လူသေဖြစ်စေ၊ အသက်ရှင်လျက်ရှိနေသူဖြစ်စေ သူ့အမြင်အာရုံများအတွက် ဘာမှမထူးခြားတော့သလိုမျိုးဖြစ်၏။

ရဲ့ခိုင် ပြုံးနေလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည်လည်း တစ်ဘက်သို့လှည့်လိုက်သောအခါ အခြား မြင်းလှည်းမောင်းသမားများကို ယွင်ဇိုင်ထျန်း သွားရောက်မေးမြန်းနေကြောင်းကို တွေ့ရှိလိုက်ရ၏။

သူတို့ ဘာပြောနေကြသည်ကို ရဲ့ခိုင် ယောင်၍ပင် နားမစွင့်ခဲ့ပါ။ လူသေကောင်ထံမှ သတင်းအချက်အလက်များ ရယူခြင်းက သူတို့နှုတ်ဖျားက ပြောဆိုနေကြသည်များထက် ပိုပြီးအသုံးဝင်နိုင်ကြောင်း သူသိထားလေသည်။

သူတို့ ပြောပြချင်သော စကားလုံးများကို သိုသိပ်လျှို့ဝှက်စွာ ဖုံးကွယ်ထားတတ်သည်မှလွဲ၍ လူသေများထံတွင် လျှို့ဝှက်ချက်များစွာ ရှိနေတတ်သည်မဟုတ်ပါလား။

ပင့်ကူပျံ၏ ခန္ဓာကိုယ်မှာ အေးခဲ၍ပင်နေပြီဖြစ်သည်။ သူ့ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။  သေသည့်အချိန်၌ပင် မလွှတ်တမ်းဆုပ်ကိုင်ထားသည်မှာ တန်ဘိုးရှိသည့်အရာတစ်ခုကို ဆုပ်ကိုင်ထားဟန်ဖြစ်သည်။

အခေါင်းဘေးတွင် မတ်တတ်ရပ်နေပြီး ရဲ့ခိုင်၏မျက်လုံးအကြည့်များက လူသေပေါ်တွင် အချိန်အကြာကြီး စိုက်ကြည့်နေကြသည်။

“ပိုးသားလိုနူးညံ့၊ လျှပ်စီးလိုလျင်မြန်... မင်း ငါ့ကို တစ်ခုခုများ ပြောပြခဲ့ချင်နေတာများလား။” ရဲ့ခိုင် တစ်ကိုယ်တည်း ရေရွတ်မိလိုက်တော့၏။

+++++

နေမွန်းတည့်ချိန်ကျော်ကျော်လေးဖြစ်သည်။ နေရောင်ခြည်မျှင်တန်းများက ကောင်းကင်တစ်ခွင်လုံး လင်းလက်တောက်ပစွာ ဖြန့်ကျက်ထားသည်။

သို့သော် ရွှံ့ဗွက်များဖြင့်ရှိနေသော လမ်းကလေးမှာ မြင်းလှည်းများစွာ ဖြတ်သန်းနင်းကြိတ်သွားခဲ့သောကြောင့် ပို၍ပင် နံစော်၊ စိုစွတ်နေ၏။

ယခုသော် မြည်းများဆွဲလာသည့်လှည်းများသည် မြင်းတစ်သောင်းဌာနပိုင် ဖြစ်သွားလေပြီ။

သတင်း အချက်အလက်များကို သေသေချာချာမမေးမြန်း၊ မစုံစမ်းရသေးခင် ထိုမြည်းလှည်းမောင်းသူများကို ယွင်ဇိုင်ထျန်း လွှတ်ပေးခဲ့လိမ့်မည်မဟုတ်။

မြင်း ၈ ကောင်ဆွဲသည့် ခန်းနားထည်ဝါသော ရထားလုံးကြီးသည် မြို့လယ်ခေါင်လေးတွင် ရှိနေဆဲဖြစ်သည်။ လူ ၄-၅ ယောက်ခန့်က ရထားလုံးကြီး၏အပြင်ပိုင်းတွင် ပေကျံနေသည့် ရွှံ့ဗွက်များကို ရေဖြင့်ဆေးကြောသုတ်သင်နေကြသည်။ ၎င်းပြင် မြင်းများကိုလည်း ပဲများ၊ မြက်များရောနှောထားသည့် မြင်းစာများ ကျွေးရန် ပြင်ဆင်နေကြပြန်၏။

ကုန်စုံဆိုင်လေး၏ ဘေးတစ်ဘက်တွင် သားသတ်ရုံရှိနေသည်။ သွေးများ၊ အဆီများဖြင့် ညစ်ထေးထေးဆိုင်းဘုတ်ကြီးတွင်ရေးထားသည်မှာ- “အမဲသား၊ သိုးသား၊ ဝက်သား ရောင်းသည်”

သားသတ်ရုံကို ဖြတ်ကျော်သွားပါက စားသောက်ဆိုင်ငယ်လေးကို တွေ့ရမည်ဖြစ်သည်။ တံခါးပေါက်ဝတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးက ပို၍ပင် ညစ်ထေးထေးရှိနေသေးသည်။ ဆိုင်တွင်းရှိ အလင်းရောင်မှာလည်း မှေးမှိန်လွန်းလှလေသည်။

ဖူဟောင်ရွှယ်သည် ထိုဆိုင်လေးထဲတွင် ရှိနေပြီး ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကို ဖြေးညင်းစွာ စားသောက်နေ၏။

သူ့ညာဘက်လက်က လွန်စွာကျွမ်းကျင်လှ၏။ လူအများ လက်နှစ်ဘက်ဖြင့် ပြုလုပ်ရမည့် စားသောက်ခြင်းအမှုကို ထိုလက်တစ်ဘက်တည်းဖြင့် ပို၍ပင်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်နေ၏။

ဆိုင်ငယ်လေးအလွန်ရှိ လမ်းကျဉ်းလေးထဲတွင် ဖူဟောင်ရွှယ် ငှားနေသည့် အိမ်ငယ်လေးရှိနေသည်။ ထိုလမ်းကျဉ်းလေးထဲတွင် လူများစွာ နေထိုင်နေကြသော်လည်း သူတို့သည် လမ်းမပေါ်သို့ ထွက်လာခြင်းများ သိပ်မရှိလှ။ သို့သော် ထိုအချိန်လေးတွင်ပင် တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသည့် အဘွားအိုတစ်ယောက် ထွက်ပေါ်လာလေသည်။ ခါးကုန်းနေပြီး တံခါးဝမှ တုန်တုန်ရီရီ လျှောက်ထွက်လာနေ၏။ အနီရောင် သားရေတစ်ချပ်ကို သူမ၏တဲကုတ်လေးနံရံပေါ်တွင် ကပ်လိုက်ပြီး တဲထဲသို့ပြန်ဝင်သွားသည်။

သားရေချပ်ပေါ်တွင် ရေးထားသည်မှာ-“အိမ်ငှားရန်ရှိသည်။ အခန်းတစ်ခန်း၊ အိပ်ယာနှင့် မနက်စာ ပါဝင်သည်။ တစ်လလျှင် ငွေတုံး ၁၂ တုံး၊ ကျေးဇူးပြ၍ ငွေအရင်ချေပါ။ လူလွတ်များသာ၊ ကလေးများမပါရ။”

စောစောလေးတုန်းကတင် ငွေတုံး ၅၀ အခန်းငှားခရရှိထားသည့် ထိုမိန်းမအိုကြီးသည် နောက်ထပ် ပိုက်ဆံရှာရန် လက်ယားနေပုံထောက်သည်။ သူမကိုယ်တိုင်နေထိုင်နေသည့် အခန်းကို ငှားရန်ပြင်ဆင်နေပြီး ဈေးလည်း ငွေတုံး ၂ တုံး တက်သွားခဲ့ပြန်သည်။

ကုန်စုံဆိုင်ပိုင်ရှင်သည်လည်း ထုံးစံအတိုင်း အိပ်ငိုက်ပြီး ဟောက်သံများထွက်ပေါ်နေ၏။

လမ်းတစ်ဘက်ရှိ အဝတ်စများရောင်းသည့်ဆိုင်လေးထဲတွင် အဝတ်အစားကောင်းများ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ယောက် ပိုးသားများ၊ အဝတ်စများကို ကိုင်တွယ်ကြည့်ရှုနေကြပြီး တီးတိုးတီးတိုးဖြင့် တခစ်ခစ် အသံများလည်း ထွက်ပေါ်နေကြ၏။ သို့သော် မားဖန်းလင်နှင့် တတိယသခင်မတို့၏ လှပချောမောမှု၊ သိမ်မွေ့ယဉ်ကျေးမှုများဖြင့် ယှဉ်လိုက်ပါက ထိုအဝတ်စများသည် ယှဉ်၍မရလောက်အောင် သိမ်ငယ်သွားကြမည်ဖြစ်သည်။

သူတို့ ယခု ဘယ်ရောက်နေကြသနည်း။

သူတို့စီးလာသည့် ရထားလုံးကြီးသည် မြို့လယ်ခေါင်ကြီးတွင် ထီးထီးကြီးရှိနေသေးသော်လည်း သူတို့ကိုမူ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။

မြို့တစ်ခွင် ပြဲပြဲစင်အောင် လမ်းသလားနေသော ရဲ့ခိုင်သည်ပင် သူတို့ကို ယခုအချိန်ထိ ရှာမတွေ့သေး။

စားသောက်ဆိုင်ငယ်လေးထဲသို့ ဝင်သွားရန် ဟန်ပြင်နေခဲ့ပြီးမှ စိတ်ပြောင်းသွားပြန်၏။ ဆိုင်ငယ်လေးကိုကျော်ပြီး လမ်းကျဉ်းလေးထဲသို့ ရဲ့ခိုင် ဝင်ရောက်သွားခဲ့သည်။ အဘွားအို ကပ်ထားခဲ့သည့် သားရေချပ်ကို လိပ်ယူလိုက်ပြီး သူ့ခြေနင်းများထဲသို့ ထိုးထည့်ထားလိုက်၏။

သူ့ခြေနင်းထဲတွင် တစ်စုံတစ်ခုရှိနေပုံရသော်လည်း ထိုအရာသည် ရွှေချောင်းတစ်ချောင်း မဟုတ်သလို ဓားပျံတစ်လက်လည်း မဟုတ်ပြန်။

ထိုလမ်းလေးထဲရှိ အသေးငယ်ဆုံးသော ဝင်ပေါက်ရှိသည့်နေရာသည် လူတို့၏ပိုက်ဆံများကို စီးဆင်းသွားစေသည့်နေရာလည်း ဖြစ်နေပြန်သည်။ တံခါးဝတွင် မည်သည့်အမှတ်အသား ဆိုင်းဘုတ်မျှ မရှိနေပါ။ ချိတ်ဆွဲထားသည့် အနီရောင် မီးအိမ်တစ်လုံးသာ ရှိနေလေသည်။ ထိုမီးအိမ် ထွန်းညှိလိုက်ပြီဆိုသည်နှင့် ထိုနေရာ၏ စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်းနှင့် လူတို့၏ ပိုက်ဆံများကို စတင် သိမ်းကြုံးယူတော့မည်ဖြစ်ကြောင်း အဓိပ္ပါယ်ရောက်၏။ မီးအိမ်လေး ငြိမ်းသွားသည်နှင့် ထိုတံခါးမှထွက်လာသူ မည်သူ့ကိုမှလည်း တွေ့မြင်ကြသည်ဟူ၍မရှိ။ မီးအိမ်ငြိမ်းသတ်သွားသည်နှင့် ထိုနေရာလေးသည် မြို့လေးထဲရှိ နေရာများစွာအနက် လူသူကင်းမဲ့နေကာ တိတ်ဆိတ်ခြောက်သွေ့နေသော တစ်ခုတည်းသောနေရာအဖြစ်သို့ ရောက်ရှိသွားပြန်တော့သည်။

ရဲ့ခိုင် ဟားသမ်းလိုက်ပြီး သူ့မျက်လုံးများထဲတွင် ပင်ပမ်းနွမ်းနယ်နေသည့်ဟန်အမူအရာများ ထွက်ပေါ်နေကြသည်။ အတန်ကြာသောအခါမှ ထိုတံခါးလေးကို တွန်းဖွင့်ပြီး အထဲသို့ သူဝင်ရောက်သွားခဲ့သည်။

အခန်းထဲတွင် မှောင်မည်းနေပြီး အလင်းရောင် မှိန်မှိန်လေးသာ ရှိနေ၏။ အခန်းထဲတွင် လူတစ်ယောက်ရှိနေသည်။ ရှောင်ပိုင်လိတော့မဟုတ်... မားဖန်းလင်ဖြစ်နေသည်။

ရဲ့ခိုင် အသည်းအသန်လိုက်လံ ရှာဖွေနေသည့်လူသည် တစ်ချိန်လုံး ဤအခန်းထဲတွင် သူ့ကို စောင့်ဆိုင်းနေခဲ့လေသည်။

အမျိုးသမီးများ၏ စိတ်နေစိတ်ထားဆိုသည်မှာ ခန့်မှန်းရခက်လှသည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ။” ရဲ့ခိုင်က ပြုံးပြီး မေးမြန်းလိုက်သည်။

မားဖန်းလင်က သူ့ကို တစ်ချက်မျှ ပြန်လည်စောင်းကြည့်လိုက်သည်။ ပြီးနောက် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး တံခါးဝသို့ ဆောင့်အောင့်ထွက်သွားခဲ့သည်။ သူမ ဤနေရာတွင် စိတ်ရှည်ရှည်ထားပြီး စောင့်နေခဲ့သည်မှာ အချိန်အတော်လေးကြာခဲ့ပြီဖြစ်သည်။ ရဲ့ခိုင်ကို ပြန်မြင်တွေ့သည့်အချိန်ကျလျှင် သူမကိုယ်သူမ အင်မတန် ပျော်ရွှင်သွားလိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်း တကယ်တမ်း တွေ့မြင်လိုက်ရသောအခါတွင်မူ တစ်ဘက်သို့လှည့်သွားပြီး ထွက်ခွာသွားခြင်းသာ ပြုလုပ်ခဲ့ပြန်၏။

စောင့်နေရသည်မှာ ကြာလှပြီဖြစ်သောကြောင့် သူ့ကို စိတ်ဆိုးနေကြောင်း ရဲ့ခိုင် ခန့်မှန်းမိသွားသည်။

ဤအချိန်တွင် အကောင်းဆုံးလုပ်နိုင်သည့်အလုပ်မှာ သူမ၏ ဒေါသများကို လွှတ်ပေးထားလိုက်ရုံရှိပြီး ဘာစကားတစ်ခွန်းမှ မပြောချင်းသာဖြစ်မည်ဟု သူ နားလည်ထားလိုက်သည်။ သူမကို သွားရောက်ချော့မော့နေပါက ငနုံတစ်ယောက်အဖြစ်သို့ ရောက်သွားနိုင်၏။

တံခါးဝသို့ တွန်းတွန်းထိုးထိုး ထွက်ခွာသွားနေသည့် မားဖန်းလင်သည် သူ့ဘက်သို့ ရုတ်တရက် ပြန်လှည့်လာခဲ့ပြီး စူးစူးစိုက်စိုက် ကြည့်နေကာ မေးမြန်းလိုက်၏။ “ဟေး... ရှင် ဒီကို ဘာလာလုပ်တာလဲ။”

ရဲ့ခိုင်-“မင်းကို လာရှာတာပေါ့။”

“ကျမကို လာရှာတယ်... အခုမှပဲ ရောက်လာခဲ့တယ်... ဟုတ်လား။ ကျမ ရှင့်ကိုစောင့်နေမယ်လို့ ဘာကြောင့်များ ထင်ထားခဲ့ရတာလဲ။” မားဖန်းလင်က ပြုံးပြုံးလေး မေးမြန်းလိုက်၏။

ရဲ့ခိုင်-“မင်း ကျုပ်ကို စောင့်နေခဲ့တာမဟုတ်ဘူးလား။”

မားဖန်းလင်-“ဘယ်ကလာ ဟုတ်ရမှာလဲ။”

ရဲ့ခိုင်-“ကျုပ်ကို စောင့်နေတာမဟုတ်ရင် ဘယ်သူ့ကိုစောင့်နေတာလဲ။”

မားဖန်းလင်-“တတိယဒေါ်လေး...”

“မင်းရဲ့ တတိယဒေါ်လေးကိုလား... သူလည်း ဒီနေရာကို ရောက်နေတယ်ပေါ့။” ရဲ့ခိုင် အနည်းငယ်အံ့အားသင့်သွားဟန်ဖြင့် မေးမြန်းလိုက်သည်။

မားဖန်းလင်-“ဘာလဲ... ဒီနေရာကို ယောက်ျားတွေပဲ လာတတ်တယ်လို့ ရှင်ထင်နေလို့လား။”

ရဲ့ခိုင်-“ကျုပ် ဘာမှမထင်ထားခဲ့သလို မင်း ဒီမှာရှိနေခဲ့တာလည်း မသိခဲ့ရဘူး။ ဒါကြောင့် တစ်မြို့လုံးပတ်သပ်ပြီး မင်းကိုလိုက်ရှာနေခဲ့တာပေါ့။”

မားဖန်းလင် ရဲ့ခိုင်ကို ငေးကြည့်နေသည်မှာ နေ့တဝက်ခန့် ကြာမြင့်သွားပုံရသည်။ “ရှင် ပြီးခဲ့တဲ့တစ်ချိန်လုံး ကျမကို လိုက်ရှာနေခဲ့တယ်ပေါ့လေ။”

ရဲ့ခိုင်-“မင်းကိုမှ လိုက်မရှာရင် ဘယ်သူ့ကို လိုက်ရှာနေခဲ့ရမှာလဲ။”

မားဖန်းလင်သည် ရုတ်တရက် တခစ်ခစ် ရယ်မောသံလေးဖြင့် ပြောဆိုလိုက်ပြန်၏။ “ငတုံးလေး... ဒီနေရာမှာ ဝင်ပေါက်တစ်ခုတည်းရှိနေတယ်လို့ ထင်ထားတာလား။”

သူမ အနောက်ပေါက်မှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤလိုနေရာမျိုးသို့ အမျိုးသမီးများ လာရောက်သည်ဆိုပါက အခြားသူများ မြင်တွေ့သွားရန်မကောင်းလှပေ။

ရဲ့ခိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။ “မင်း အနောက်ဘက်ပေါက်ကနေ ဝင်လာခဲ့မယ်လို့ ဘယ်လိုလုပ်ပြီး ထင်ထားခဲ့မှာလဲ။”

မားဖန်းလင်-“ကျမရဲ့ အစီအစဉ်မဟုတ်ပါဘူး... တတိယဒေါ်လေး စီစဉ်ခဲ့တာပါ။”

ရဲ့ခိုင်-“သူလည်း ဒီထဲမှာ ရှိနေတာလား။”

မားဖန်းလင်-“ရှင် တော်တော် ဒုန်းဝေးတာပဲ... သူ ဒီမှာရှိနေပါတယ်လို့ ကျမ စောစောလေးကတင် ပြောခဲ့သေးတယ်လေ။”

ရဲ့ခိုင်-“ဒါဆိုရင် သူက ဘယ်ရောက်နေတာလဲ။”

မားဖန်းလင်သည် သူမ၏ဘယ်ဘက်ရှိ တတိယတံခါးပေါက်ကို လက်ညှိုးထိုးပြလိုက်ပြီး-“သူ အဲဒီအထဲမှာ ရှိနေတယ်။”

သူမ လက်ညှိုးထိုးပြခဲ့သော တံခါးပေါက်သည် ကျွေ့နွန်၏ အခန်းပေါက်ပင် ဖြစ်နေလေသည်။

မားဖန်းလင်-“အတင်းပြောနေကြတယ်။”

ရဲ့ခိုင်-“ကျွေ့နွန်နဲ့ သူတို့အတင်းပြောနေကြတာလား။”

“သူတို့တတွေက မိတ်ဆွေရင်းတွေပါ။ တတိယဒေါ်လေး မြို့ထဲလာတိုင်း ကျွေ့နွန်ဆီအမြဲလာလည်လေ့ရှိပြီး စကားစမြည်တွေ ပြောဆိုတတ်ကြတယ်။” မားဖန်းလင် ရှင်းပြလိုက်သည်။

ရုတ်တရက် သူမ၏မျက်ဝန်းများ အရောင်တောက်ပသွားခဲ့ပြီး ရဲ့ခိုင်ကို စိုက်ကြည့်နေလိုက်သည်။ “နေစမ်းပါဦး... ကျွေ့နွန်ကို ရှင်ကဘယ်လိုလုပ်ပြီး သိနေရတာလဲ။ ရှင်နဲ့ သိလို့လား။”

ရဲ့ခိုင်-“သူ့ကို တွေ့ခဲ့ဖူးတယ်ထင်တာပဲ။”

“သူ့ကို တွေ့ခဲ့ဖူးတယ်လို့ ထင်ရုံပဲလား... ဒါမှမဟုတ် တကယ်ကြီးကို တွေ့ခဲ့ကြတာလား။” မားဖန်းလင်က မျက်လုံးများ ပြူးပြနေပြီး မေးခွန်းထုတ်လိုက်သည်။

ရဲ့ခိုင်-“သူ့ကို ကျုပ်တကယ်ပဲ တွေ့ခဲ့ပါတယ်။”

မားဖန်းလင် ဦးခေါင်းက ကြက်လည်လိမ်ထားသလို ဖြစ်သွားခဲ့ပြီး ရဲ့ခိုင်ကို မျက်ထောင့်ကပ် ကြည့်နေလိုက်သည်။ “ပြီးခဲ့တဲ့ နှစ်ညလောက်တုန်းက ရှင် ဒီမှာရှိနေခဲ့တယ်မဟုတ်လား။”

ရဲ့ခိုင်-“အင်း...”

မားဖန်းလင်-“ရှင် ဘယ်အခန်းမှာ နေခဲ့တာလဲ။”

ရဲ့ခိုင်-“ကျုပ်.... ကျုပ်ထင်တာကတော့....”

မားဖန်းလင် နှုတ်ခမ်းများကို ဖိကိုက်ထားလိုက်သည်။ ဆတ်ခနဲ ခေါင်းလှည့်သွားခဲ့ပြီး ခြေထောက်ဆောင့် ထွက်ခွာသွားတော့၏။

သူမ၏ စိတ်နေစိတ်ထားက ၅ လပိုင်းရာသီဥတုနှင့် ဆင်တူလွန်းလှသည်။ ခဏခဏ ပြောင်းလဲနေတတ်ပြီး အပြောင်းအလဲလည်း မြန်ဆန်လွန်းလှလေသည်။

ရဲ့ခိုင် သက်ပြင်းရှိုက်လိုက်ရုံကလွဲပြီး ဘာများ တတ်နိုင်ပါဦးမည်နည်း။

အမျိုးသမီးများနှင့် စကားပြောဆိုသည့်အခါတိုင်း ယောက်ျားများသည် လိမ္မာပါးနပ်စွာ ပြောဆိုကြရမည်ဖြစ်သည်။ အထူးသဖြင့် သူတို့အပေါ် ကြွေနေသည့် မိန်းမများကို စကားပြောဆိုသည့်အခါတိုင်းဖြစ်သည်။  ခဏနေသော် တံခါးပေါက်သည် ခပ်ဖြည်းဖြည်းလေး ပွင့်လာခဲ့ပြန်၏။ မားဖန်းလင်က ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့ပြန်သည်။ ရဲ့ခိုင်၏အရှေ့တွင် ရပ်တန့်လိုက်ပြီး မျက်နှာချင်းဆိုင် စားပွဲတွင် သွားထိုင်နေလိုက်သည်။

သူမ၏ အမူအရာများက ပြန်လည်တည်ငြိမ်လာကြပုံရသည်။ ရဲ့ခိုင်ကို ကြည့်နေလိုက်ပြီး အပြုံးဟု မခေါ်ဆိုနိုင်သည့် အပြုံးမျိုးပြုံးနေကာ မေးမြန်းလိုက်သည်။ “ရှင် ဘာမှ မပြောတော့ဘူးလား။”

ရဲ့ခိုင်-“ကျုပ် စကားပြောရမှာ ကြောက်နေတယ်။”

မားဖန်းလင်-“ကြောက်နေတယ်... ဟုတ်လား။”

ရဲ့ခိုင်-“စကားမှားသွားပြီး မင်းနောက်တစ်ခါ စိတ်ဆိုးသွားမှာကို ကြောက်နေတာပါ။”

မားဖန်းလင်-“ကျမ စိတ်ဆိုးသွားမှာ ရှင်တကယ်ပဲ ကြောက်နေတာလား။”

ရဲ့ခိုင်-“သေလောက်အောင်ကို ကြောက်ပါတယ်။”

မားဖန်းလင်၏ မျက်လုံးများ ရွေ့လျားသွားခဲ့ကြပြီး ရယ်မောပြောဆိုလိုက်တော့၏။ “ငတုံးလေး... ပါးစပ်ပိတ်ထားရမယ့်အချိန်ကျရင် လျှောက်လျှောက်ပြောတတ်တယ်၊ စကားပြောရမယ့်အချိန်ကျပြန်တော့ ပါးစပ်ပိတ်ထားပြန်ရော... ဟွန်း...”

ရဲ့ခိုင်ကို ကြည့်နေသည့် သူမ၏ အကြည့်လေးများက တဖြည်းဖြည်း နူးညံ့နွေးထွေးလာခဲ့ကြသည်။ “ဒီနေ့မနက်မှာ ရှင့်ကို ညကဘယ်ရောက်နေခဲ့တာလဲလို့ သူတို့တတွေ ဝိုင်းမေးကြတော့ ဘာဖြစ်လို့ ပြန်မဖြေခဲ့တာလဲ။”

ရဲ့ခိုင်-“ကျုပ် မသိဘူး။”

လူတော်လူဇော်များက မည်သည့်အချိန်တွင် ငတုံးတစ်ယောက်အဖြစ် ဟန်ဆောင်နေရမည်မှန်း သိထားကြလေသည်။

မားဖန်းလင်၏ မျက်ဝန်းများက ပို၍ပင် နူးညံ့သိမ်မွေ့လာခဲ့ကြပြီး မေးမြန်းလိုက်ပြန်၏။ “သူတို့ ရှင့်ကို သတ်ပစ်ကြမှာ မကြောက်ဖူးလား။”

ရဲ့ခိုင်-“လုံးဝကို မကြောက်တာ... မင်းစိတ်ဆိုးသွားမှာကိုတော့ အကြောက်ဆုံးပဲ။”

ထိုစကားကို ကြားလိုက်ရ အပြီးတွင် မားဖန်းလင်၏ အပြုံးလေးများက လွန်စွာရွှင်မြူးကျေနပ်နေကြောင်း ပြသနေကြ၏။ သူမ၏ နွေးထွေးချိုသာနေမှုများက ရေခဲမြစ်များကိုပင် အရည်ပျော်ကျသွားစေနိုင်သည့် နွေဦး၏ လေပြေညင်းလေးများလိုလည်း ရှိနေကြသည်။

ရဲ့ခိုင်၏ အကြည့်များက သူမထံတွင် ကျရောက်နေပြီး နည်းနည်းလေး ထုံပေပေဖြစ်နေသည်။

မားဖန်းလင်က ခေါင်းကို ညင်သာစွာ ငုံ့ထားပြီး ပြောဆိုလိုက်သည်။ “ကျမရဲ့ ဖေဖေ ရှင့်ကို မနက်တုန်းက ခေါ်ပြီးစကားပြောခဲ့သေးလား။”

ရဲ့ခိုင်-“အင်း...”

မားဖန်းလင်-“သူ ဘာတွေပြောခဲ့လဲ။”

ရဲ့ခိုင်-“ကျုပ်ကို ဒီကနေ ထွက်သွားစေချင်နေတယ်။ ဒီမြို့လေးထဲကနေ အပြီးအပိုင် ထွက်သွားစေချင်နေတယ်။”

မားဖန်းလင်က နှုတ်ခမ်းလေးကိုက်ထားပြီး ဆက်မေးလိုက်ပြန်၏။ “ဒါနဲ့ ရှင်က ဘာပြန်ပြောလိုက်လဲ။”

ရဲ့ခိုင်-“ကျုပ် မထွက်သွားဘူးလို့...”

မားဖန်းလင်၏ ဦးခေါင်း ပြန်မော့လာခဲ့ပြီး ရုတ်တရက် ထရပ်လိုက်သည်။ ပြီးနောက် ရဲ့ခိုင်၏လက်ကို ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်တော့၏။ “ရှင်... ရှင် တကယ်ပဲ မထွက်သွားဘူးလား။”

ရဲ့ခိုင် ခေါင်းညိတ်ပြလိုက်သည်။

မားဖန်းလင်-“ရှင့်ကို စောင့်ဆိုင်းနေမယ့် လူတစ်ယောက်မှ မရှိကြတော့ဘူးလား။”

ရဲ့ခိုင် ပြတ်သားစွာပင် ဖြေဆိုလိုက်သည်။ “ကျုပ်ကို စောင့်ဆိုင်းနေမယ့်လူရှိနေတဲ့နေရာ တစ်နေရာတည်းပဲရှိတယ်။”

မားဖန်းလင်-“ဘယ်နေရာလဲ...”

ရဲ့ခိုင်-“ဒီမှာပဲ...”

မားဖန်းလင် ပြုံးပြလိုက်သည်။ သူမ၏အပြုံးလေးက ပို၍ပင် ချိုမြနေသေးတော့၏။ သူမ၏ မျက်ဝန်းများတွင် အရည်ကြည်လေးများ လဲ့နေကြသည်မှာ အိပ်မက်မက်နေသလိုမျိုးပင်။ “ကျမကို ဒီစကားမျိုးတွေ ဘယ်သူမှ မပြောပြခဲ့ဖူးဘူး။ ကျမရဲ့လက်ကိုလည်း ဘယ်သူမှ မကိုင်ဖူးခဲ့ကြဘူး။ အဲဒါ ရှင်သိလား... ကျမပြောတာကို ယုံကြည်ရဲ့လား။”

ရဲ့ခိုင်-“ကျုပ် ယုံပါတယ်။”

မားဖန်းလင်-“လူတိုင်းက ကျမကို ထင်နေကြတယ်။ သိပ်ပြီးတော့ ရက်စက်ကြမ်းကြုတ်တာပဲလို့... ကျမကိုယ်ကျမလည်း အဲဒီလိုပဲ ထင်နေခဲ့မိတယ်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင်...”

“အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းလေးဟာ တကယ်ပဲ ရက်စက်ကြမ်းကြုတ်နေတယ်ပေါ့လေ။” ရဲ့ခိုင် စိတ်လွတ်လက်လွတ် ရယ်မောပြောဆိုလိုက်တော့သည်။

မားဖန်းလင်သည်လည်း ပြုံးနေပြီး ပြန်ပြောလိုက်၏။ “အမှန်အတိုင်း ပြောရမယ်ဆိုရင်... ရှင့်ကို ကျမ စိတ်ဆိုးနေချိန်တွေမှာ တကယ်တော့ ဟန်ဆောင်နေခဲ့တာပါ။”

ရဲ့ခိုင်-“ဘာဖြစ်လို့များ ဟန်ဆောင်စိတ်ဆိုးနေရသေးတာတုန်း။”

မားဖန်းလင်-“ကျမက အဲဒီလိုမှ မနေခဲ့ဘူးဆိုရင် သူများတွေ ကျမကို အနိုင်ကျင့်သွားကြမှာပေါ့။”

ရဲ့ခိုင် ပြတ်သားစွာ ပြောဆိုလိုက်၏။ “ခုအချိန်ကစပြီး မင်းကို ဘယ်သူမှ အနိုင်မကျင့်စေရပါဘူး။”

မားဖန်းလင်က သူ့ကို ငေးကြည့်နေပြီး ပြန်ပြောလိုက်၏။ “သူတို့တွေ အနိုင်များ ကျင့်ခဲ့ကြမယ်ဆိုရင် ရှင် သူတို့ကို သတ်ပစ်မှာလား။”

ရဲ့ခိုင်-“သိပ်သေချာတာပေါ့... ဒါပေမဲ့... နောင်များကျရင် မင်းလည်းပဲ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း မနေဘူးဆိုရင် ပိုကောင်းတာပေါ့လေ။”

မားဖန်းလင်က နှုတ်ခမ်းများ ဖိကိုက်ထားပြီး ပြောဆိုလိုက်၏။ “နောက်ဆိုရင် ရှင်ဒီမှာ ညအိပ်မယ်ဆိုရင်လည်း ကျမ တကယ်ကို စိတ်ဆိုးတော့မှာနော်။”

ရဲ့ခိုင် ဘာစကားမှ မပြောတော့ပါ။ သူ့ ခြေနင်းဖိနပ်ထဲမှ သားရေလိပ်ကလေးကို ထုတ်ယူလိုက်၏။

သားရေလိပ်ပေါ်တွင် ရေးထားသည့်အရာများကို ဖတ်ပြီးခဲ့သော် မားဖန်းလင်၏ အပြုံးလေးက ပို၍ပင် ကြည်လင်တောက်ပလာခဲ့၏။ အလွန်ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် အသွင်ဖြစ်လာလေတော့သည်။ အပြစ်ကင်းစင်ပြီး ကြည်လင်တောက်ပနေသည်မှာ ပီဘိကလေးတစ်ယောက်လိုမျိုးလည်း ဖြစ်နေ၏။ ရဲ့ခိုင် စိတ်မထိန်းနိုင်တော့ဘဲ သူမ၏လက်ကလေးကို ဆွဲယူလိုက်ပြီး ညင်သာနူးညံ့စွာ ဆုပ်ကိုင်ထားလိုက်တော့သည်။

သူမ၏ မျက်နှာလေးက ရှက်သွေးဖြာနေလေသည်။

ထိုအချိန်လေးမှာပင် ချောင်းဟန့်သံတစ်ခုကို သူတို့ကြားလိုက်ကြရသည်။ သူတို့နှစ်ယောက်ကို ထိုသူက ပြုံးပြီးကြည့်နေ၏။

မားဖန်းလင်၏ မျက်နှာက ပို၍ပင် နီရဲသွားခဲ့ကာ ရဲ့ခိုင်၏လက်ထဲမှ သူမ၏လက်ကလေးကို ပြန်ရုတ်သွားခဲ့ပြီး အနောက်တွင် ဝှက်ထားလိုက်တော့၏။

တတိယဒေါ်လေး-“ငါတို့တွေ ပြန်ကြရင်ကောင်းမယ်။”

မားဖန်းလင်သည် မျက်နှာ နီတွတ်စွာပင် ရှိနေဆဲဖြစ်ပြီး ရှက်ရှက်နှင့် ပြန်ဖြေလိုက်၏။ “သွားကြမယ်လေ။”

တတိယဒေါ်လေး-“ငါ အပြင်မှာ စောင့်နေမယ်။”

တတိယဒေါ်လေးသည် အပြင်ဘက်သို့ လျှောက်ထွက်သွားချိန်တွင် စိတ်ကူးရှိ၍လော သို့တည်းမဟုတ် မတော်တဆဖြစ်၍လောမသိ... ရဲ့ခိုင်ကို ပြုံးပြသွားခဲ့လေသည်။

ဝိညာဉ်များကို အရည်ပျော်ကျသွားစေနိုင်သည့် အပြုံးမျိုးဖြစ်သည်။

မားဖန်းလင်၏ အပြုံးလေးများက တောက်ပပြီး ချစ်စရာကောင်းသလို ချိုမြနေသည်မှာ နွေဦး၏နေ့သစ်တွင် ထွက်ပေါ်လာသည့် နေရောင်ခြည်အလင်းတန်းများလိုဖြစ်သည်။

သို့သော် တတိယဒေါ်လေး၏ အပြုံးက နွေဦး၏ အလယ်ပိုင်းကာလလောက်တွင် တွေ့ရသည့် နေရောင်ခြည်များလိုဖြစ်သည်။ မရုန်းထွက်နိုင်ပါ။ အရက်တစ်စက်ကလေးမှ မပါဘဲ မူးယစ်ရီဝေသွားစေမည့် အပြုံးမျိုးဖြစ်လေသည်။

သူမနှင့် ယှဉ်ကြည့်လိုက်လျှင် မားဖန်းလင်သည် ကလေးသာသာမျှသာ ရှိနေ၏။

သူမ လျှောက်ထွက်သွားသည်ကို မြင်တွေ့လိုက်ရသူတိုင်း အသက်ရှုမှားသွားလောက်သည်။ သင့်ထံမှ တစ်စုံတစ်ခုကို နှုတ်ယူသွားခဲ့သလိုမျိုးဖြစ်၏။

ထိုခံစားချက်များကို ရဲ့ခိုင် ဘယ်လိုလုပ်ပြီးများ ထုတ်ဖော်နိုင်ခဲ့ပါမည်နည်း။ ထို့ကြောင့် မားဖန်းလင်ကို ချက်ချင်းလှည့်ကြည့်လိုက်ပြီး ခပ်သောသော မေးမြန်းလိုက်၏။ “မင်း မြို့ထဲကိုလာတိုင်း ဒီမြင်းရထားလုံးကြီးနဲ့ လာတတ်တာလား။”

သူ ဘာကြောင့် စကားမစပ်စွာ ဤမေးခွန်းကို မေးလာခဲ့မှန်း မားဖန်းလင် မခန့်မှန်းနိုင်ခဲ့သော်လည်း ခေါင်းညိတ်ပြန်ဖြေလိုက်သည်။

ရဲ့ခိုင်က ထပ်မေးလိုက်ပြန်သည်။ “မင်းတို့ဆီမှာ ဒီလိုမျိုးရထားလုံးကြီးတွေ ဘယ်နှစ်စီးလောက်များ ရှိလဲ။”

မားဖန်းလင်-“ဒီတစ်စီးထဲပါ။ ဒီမှာနေကြတဲ့လူတွေအားလုံး မြင်းပဲ စီးကြတယ်လေ။”

ရဲ့ခိုင်က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်ပြန်၏။ “ဒါကြောင့်မို့လို့ကိုး... မင်းတို့တွေ ဒီရထားလုံးကြီးနဲ့ လာခဲ့ကြတော့ သူတို့တတွေ ကိုယ့်ဟာကိုယ် ပြန်လာခဲ့ကြရတာပေါ့။”

မားဖန်းလင်-“သူတို့ဆိုတာ...”

ရဲ့ခိုင်-“ကျုပ်နဲ့အတူ မနေ့ညက ရောက်လာခဲ့ကြတဲ့ ဧည့်သည်တော်တွေပေါ့။”

မားဖန်းလင်က ရယ်မောပြောဆိုလိုက်၏။ “သူတို့ ကလေးတွေမှ မဟုတ်ကြတာ။ သူတို့ဟာသူတို့ ပြန်လာကြတော့ရော ဘာအရေးလဲ။ ဒီကိစ္စလေးများ... ဘာဖြစ်လို့ခေါင်းထဲ ထည့်ထားရမှာလဲ။”

ရဲ့ခိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ သူတို့ သွားခဲ့ကြတုန်းက ၁၃ ယောက်ကြီးများတောင်... ပြန်ထွက်လာတော့ လူသေတစ်ယောက် ဒီကိုရောက်လာခဲ့ပြီး ၁၁ ယောက် ပျောက်နေတယ်။”

မားဖန်းလင် မျက်လုံးမျက်ဆံပြူးသွားရတော့သည်။ “ဘယ်သူသေပြီး ပြန်ရောက်လာတာလဲ။”

ရဲ့ခိုင်-“ပင့်ကူပျံ”

မားဖန်းလင်-“ပျောက်နေကြတဲ့ လူတွေကော...”

ရဲ့ခိုင်-“ဆရာလို၊ မုယုံမင်းကျုနဲ့ သူ့အဖော် ၉ ယောက်။”

မားဖန်းလင်-“ဒီလောက် လူအုပ်စုလိုက်ကြီး ဘယ်လိုများ ပျောက်သွားခဲ့ကြတာပါလိမ့်။”

ရဲ့ခိုင်-“ဒီလိုနေရာမျိုးမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်တတ်ပါတယ်လေ။”

မားဖန်းလင် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ ပြောဆိုလိုက်သည်။ “ရှင် အစိုးရိမ်လွန်နေတာပဲ ဖြစ်မှာပါ။ ခုလောက်ဆို သူတို့အားလုံး ပြန်ရောက်နေကြလောက်ပါပြီ။”

ရဲ့ခိုင်က ခေါင်းခါရမ်းပြလိုက်ပြီး ရုတ်တရက်ကြီး ပြန်မေးခွန်းထုတ်လိုက်၏။ “မင်းတို့နှစ်ယောက်နဲ့ ကျုပ် ရထားလုံးထဲမှာ လိုက်လာလို့ရမလား။”

မားဖန်းလင်-“လိုက်လေ... ရပါတယ်။ နေဦး.. ရှင်က ဘယ်အထိ သွားမယ်စိတ်ကူးထားလို့လဲ။”

ရဲ့ခိုင်-“ပျောက်သွားတဲ့လူတွေကို ပြန်ရှာဖို့ပေါ့။”

“သူတို့တွေ ဒီနားအနီးတဝိုက်မှာပဲ ရှိနေလိမ့်မယ်လို့ ရှင့်ကို ဘယ်သူပြောလဲ။ သူတို့တွေ တခြားလမ်းကနေ ထွက်သွားကြလောက်ပြီးပြီပေါ့။”

ရဲ့ခိုင်-“မဖြစ်နိုင်ဘူး။”

မားဖန်းလင်-“ဘာဖြစ်လို့လဲ။”

ရဲ့ခိုင်-“ကျုပ်ပြောတာ သေချာပါတယ်။”

မားဖန်းလင်-“ရှင်စကားက ဘယ်လိုများ သေချာနေရတာလဲ။”

ရဲ့ခိုင်-“လူတစ်ယောက်က ပြောပြခဲ့လို့ပေါ့။”

မားဖန်းလင်-“ဘယ်သူလဲ။”

ရဲ့ခိုင် သူ့လက်များကို ငုံ့ကြည့်နေပြီး ခပ်ဖြည်းဖြည်းလေး ပြန်ဖြေလိုက်၏။ “လူသေတစ်ယောက်”

“လူသေတစ်ယောက်... ဟုတ်လား...” မားဖန်းလင် အံ့အားသင့်စွာ မေးမြန်းလိုက်တော့သည်။

ရဲ့ခိုင် ခေါင်းညိတ်ဖြေဆိုလိုက်၏။ “လူသေတွေလည်း စကားပြောတတ်ကြတယ်ဆိုတာ မင်းသိလား။ သူတို့စကားပြောတဲ့ဟန်က အသက်ရှင်နေတဲ့လူတွေနဲ့ မတူတာတစ်ခုပဲရှိတယ်။”

မားဖန်းလင်၏ မျက်ဝန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖုံးလွှမ်းလာခဲ့ပြီး-“လူသေတွေပြောတဲ့စကားကိုလည်း ရှင်ယုံကြည်တယ်ပေါ့...”

ရဲ့ခိုင် ခေါင်းညိတ်ပြလိုက်ပြီး သူ့နှုတ်ခမ်းများပေါ်တွင် လျှို့ဝှက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ “လူသေတွေပြောတဲ့စကားက ရိုးသားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ လိမ်ပြောစရာ ဘာအကြောင်းမှ မရှိတော့လို့ပဲ။”

+++++

တင်းကြပ်စွာဆုပ်ကိုင်ထားသည့်လက်များက ပြေလျော့သွားခဲ့ကြပေပြီ။ သူ့လက်ချောင်းများက တွန့်ခေါက် ကောက်ကွေးနေကြ၏။ ဤအလောင်းကောင်သည် လျှို့ဝှက်ချက်တစ်ခုကိုတော့ အနည်းဆုံး ပြောပြနိုင်မည်ဖြစ်သော်လည်း သူ့လက်ချောင်းများကတော့ဖြင့် အလိုလို ပြန့်ကားလာကြမည်မဟုတ်ပါ။ ပင့်ကူပျံ၏လက်ချောင်းများ ပြန့်ကားလာခဲ့ကြသည်။ သူ့လက်ချောင်းများက တွန့်ခေါက် ကောက်ကွေးနေကြ၏။

မားခုန်းချွင်သည် အလောင်းကောင်ကြီးဘေးတွင် မတ်တတ်ရပ်နေ၏။ ထိုလက်တစ်စုံကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများက စူးရှတောက်ပနေကြသည်။

မျက်နှာ တွန့်ကွေးနေသည့် အလောင်းကောင်ကို စိတ်ထဲမှထုတ်ထားလိုက်သည်။ အလောင်းကောင်၏ နှုတ်ခမ်းစပ်မှ ယိုစီးကျခဲ့သော သွေးစသွေးနများကို ဥပက္ခာပြုထားသည်။ သူ အာရုံစိုက်နေသည့် တစ်ခုတည်းသောအရာမှာ အလောင်းကောင်၏ လက်တစ်စုံကိုပင်ဖြစ်သည်။

“မင်းတို့ ဘာမြင်တွေ့နေရလဲ။” မားခုန်းချွင်က ရုတ်တရက်မေးမြန်းလိုက်သည်။

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့ အလောင်းကောင်ကို အာရုံစိုက်ကြည့်နေကြပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။

ကုန်းစွန်းတွမ့်-“လူသေလက်တစ်စုံပါပဲ... ကျန်တဲ့လူသေ လက်တစ်စုံနဲ့ ဘာမှမထူးခြားပါဘူး။”

မားခုန်းချွင်-“မတူညီတာတွေရှိနေသေးတယ်။”

ကုန်းစွန်းတွမ့်-“ဘာတွေက မတူညီနေလို့လဲ။”

မားခုန်းချွင်-“ဒီလက်တွေ နဂိုတုန်းက တင်းတင်းကြပ်ကြပ်ကြီး ဆုပ်ကိုင်ထားခဲ့ကြတယ်။ အခုတော့ ပြန့်ပြန့်ကားကားကြီးကို ဖြစ်နေပြန်ရော...”

ကုန်းစွန်းတွမ့်-“ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ။”

မားခုန်းချွင်-“အလောင်းရဲ့ အသွေးအသားတွေက ခြောက်ကပ်အေးခဲသွားခဲ့ပြီးပြီ။ သူ့လက်တွေကို ပြန့်ကားလာအောင် ဖြန့်ဖို့ဆိုတာ သိပ်မလွယ်လှဘူး။ ဒါကြောင့်မို့လည်း သူ့လက်ချောင်းတွေက တွန့်ကြေကောက်ကွေးနေရတာပေါ့။ ပြီးတော့ အမှတ်ဒဏ်လေးတွေကျန်နေခဲ့တာလည်း မင်းတို့ တွေ့မြင်နိုင်ကြမှာပါ။”

ကုန်းစွန်းတွမ့်-“သူမသေခင်လေးမှာ ဒီဒဏ်ရာတွေ ရရှိသွားခဲ့တာလည်း ဖြစ်နိုင်တာပဲ။”

မားခုန်းချွင်-“မဖြစ်နိုင်ဘူး။”

ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့...”

မားခုန်းချွင်-“သူမသေခင်လေးမှာ ဒဏ်ရာရခဲ့တယ်ဆိုရင် ဒီဒဏ်ရာတွေပေါ်မှာ သွေးစသွေးနတွေ တွေ့နေရမှာပေါ့။ လူသေတွေကသာ သွေးမထွက်တတ်ကြတာ။”

သူ ယွင်ဇိုင်ထျန်းဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။ “မင်း သူ့ခန္ဓာကိုယ်ကိုတွေ့တဲ့အချိန်တုန်းက သူသေခဲ့တာ တော်တော်လေးကြာပြီလား။”

ယွင်ဇိုင်ထျန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ “ကျနော် သူ့ခန္ဓာကိုယ်ကိုတွေ့ခဲ့တဲ့ နှစ်နာရီအတွင်းမှာတော့ အလောင်းကြီးက အေးခဲနေပြီ။”

မားခုန်းချွင်-“သူ့လက်တွေကော... အဲဒီတုန်းက တင်းတင်းကြပ်ကြပ်ကြီး ဆုပ်ကိုင်ထားလား။”

ယွင်ဇိုင်ထျန်း ခေါင်းငုံ့ထားပြီး ပြန်ဖြေလိုက်၏။ “အဲဒီအချိန်တုန်းက သူ့လက်တွေကို ကျနော် သတိမထားမိခဲ့ဘူး။”

မားခုန်းချွင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရ၏။ “မင်းက ဘာကိုများ အာရုံစိုက်နေခဲ့လို့လဲ။”

ယွင်ဇိုင်ထျန်း-“မြည်းလှည်း​မောင်းလာတဲ့လူတွေကို မေးခွန်းတွေမေးနေလို့ အလုပ်များနေခဲ့တာပါ။”

မားခုန်းချွင်-“ဒါနဲ့ မင်း ဘာတွေသိခဲ့ရလဲ။”

ယွင်ဇိုင်ထျန်း-“ဘာမှ မသိခဲ့ရပါဘူး။”

မားခုန်းချွင်က ခနဲ့တဲ့တဲ့ ပြောလိုက်တော့သည်။ “နောက်ဆိုရင် မင်းသိထားရမှာက လူသေတွေဟာ အသက်ရှိနေသူတွေထက် ပိုပြီးပြောပြနိုင်ကြတယ်ဆိုတာပဲ။ သူတို့ပြောတဲ့စကားတွေကလည်း ပိုပြီးစိတ်ချယုံကြည်ရတယ်။”

ယွင်ဇိုင်ထျန်း-“မှတ်သားထားပါ့မယ်ခင်ဗျာ။”

မားခုန်းချွင်-“သူ့လက်တွေက တစ်စုံတစ်ခုကို သေသေချာချာကြီး ဆုပ်ကိုင်ထားခဲ့ပုံရတယ်။ ဘာကြီးပဲ ဆုပ်ကိုင်ထားခဲ့ ဆုပ်ကိုင်ထားခဲ့... သိပ်ကိုအရေးကြီးတဲ့ သတင်းအချက်အလက်ဖြစ်နိုင်တယ်။ သူ့ကို သတ်ဖြတ်သွားခဲ့တဲ့ လူသတ်သမားရဲ့ ပစ္စည်းတစ်ခုခုကို ဆုပ်ကိုင်ထားခဲ့တာလည်း ဖြစ်နေနိုင်တယ်။ မင်းသာ စောစောကတည်းက ထုတ်ဖော်နိုင်ခဲ့မယ်ဆိုရင် အခုအချိန်လောက်ဆို လူသတ်ကောင်ဘယ်သူဆိုတာ ကျုပ်တို့ သိနေနိုင်လောက်ပြီ။”

ယွင်ဇိုင်ထျန်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ထွက်လာခဲ့ပြီး ပြန်ဖြေလိုက်၏။ “ကျနော် နောက်ဆိုရင် ဒီလိုအမှားမျိုး မလုပ်တော့ပါဘူး။”

မားခုန်းချွင်၏အမူအရာများ ပြန်လည်အေးဆေးလာခဲ့ကြပြီး လေသံအေးအေးလေးဖြင့် မေးမြန်းလိုက်သည်။ “ဒီလူသေအနားမှာ စစ်ဆေးစုံစမ်းနေတဲ့လူတစ်ယောက်လောက်များ ရှိနေခဲ့သေးလား။”

ယွင်ဇိုင်ထျန်း၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကြပြီး ချက်ချင်းပင် ပြန်ဖြေလိုက်၏။ “ရဲ့ခိုင်...”

မားခုန်းချွင်-“လူသေကို သူကိုယ်တိုင် ထိတွေ့ရှာဖွေနေတာ တွေ့ခဲ့ရသေးလား။”

ယွင်ဇိုင်ထျန်း ခေါင်းငုံ့ထားလိုက်ပြန်ပြီး ပြန်ဖြေလိုက်၏။ “ကျနော် သတိမထားမိခဲ့ပါဘူး... ဒါပေမဲ့...”

မားခုန်းချွင်-“ဒါပေမဲ့... ဘာဖြစ်လဲ။”

ယွင်ဇိုင်ထျန်း-“ဒီအလောင်းကောင်ကို သူ စိတ်ဝင်စားပုံမရဘူး။ အလောင်းဘေးမှာတော့ အချိန်အတော်ကြာကြာကြီး ရပ်နေခဲ့တယ်။”

“ကြည့်ရတာ ဒီငချွတ်ကလေးရဲ့ မျက်စိအမြင်တွေက မင်းထက်တောင် သာနေသေးပါလား။” မားခုန်းချွင် အေးစက်စွာပြုံးပြီး ပြောလိုက်၏။

ကုန်းစွန်းတွမ့်-“ဒီလူက သူခိုးတစ်ယောက်ဖြစ်ခဲ့တာပဲ။ ဘာဖြစ်လို့ သူသေတာရှင်တာကို ဂရုစိုက်နေရဦးမှာလဲ။”

မားခုန်းချွင်-“ကျုပ်တို့ ဂရုစိုက်ရမယ်။”

ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့လဲ။”

မားခုန်းချွင်-“သူဟာ သူခိုးတစ်ယောက်လို့ ပြောပေမယ့် လေ့လာသင်ယူမှုအားကောင်းတဲ့ သူခိုးတစ်ယောက်ပါ။ လက်ကလေးတစ်ချက် ရိုးရိုးလေးလှုပ်လိုက်ရုံနဲ့ ငွေတုံးတွေ ထောင်နဲ့ချီ ပျောက်သွားနိုင်တယ်။ သူတပါးကို လေ့လာအကဲခတ်တဲ့နေရာမှာ သူဟာ အတော်လေးစေ့စပ်သေချာပြီး တိကျနေပြန်ရော...”

သူ ဆက်လက်ပြောဆိုလိုက်၏။ “ဒါကြောင့်မို့လို့လည်း သူ့ကို ကျုပ်ကိုယ်တိုင် လူလွှတ်ပြီး ဖိတ်ခိုင်းခဲ့တာပေါ့...”

ကုန်းစွန်းတွမ့်-“ခေါင်းဆောင်ကြီးကိုယ်တိုင် ဒီကိုဖိတ်ခေါ်ခဲ့တယ်.... ဟုတ်လား။”

မားခုန်းချွင်-“သူ့ကို ဖိတ်ကြားခဲ့ဖို့ ငွေတုံး ၅၀၀၀ တောင်မှ ပေးခဲ့ရတယ်။”

ကုန်းစွန်းတွမ့်-“သူ့ကို ဘာဖြစ်လို့ ဒီကိုဖိတ်ခေါ်ခဲ့ရတာလဲ။”

မားခုန်းချွင်-“ဒီကို ရောက်လာခဲ့ကြတဲ့လူတွေထဲမှာ ဘယ်သူက ရန်ငြိုးကိုလက်တုံ့ပြန်မယ့်လူလည်းဆိုတာ တိတ်တိတ်ကလေးစောင့်ကြည့်ခိုင်းဖို့။”

ကုန်းစွန်းတွမ့်-“သူ့ကိုမှ ဘာဖြစ်လို့ ရွေးချယ်ခဲ့တာလဲ။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီကိစ္စအားလုံးနဲ့ ဘာမှမဆိုင်တဲ့လူတစ်ယောက် ဖြစ်နေလို့ ဘယ်သူမှ သူ့ကိုသတိထားမိကြမှာမဟုတ်ဘူး။ ဒီအချက်က အမှန်တရားကို ရှာတွေ့နိုင်ဖို့ ပိုပြီးနီးစပ်သွားပြီ။”

ကုန်းစွန်းတွမ့် သက်ပြင်းချပြီး ပြောဆိုလိုက်တော့၏။ “စိတ်မကောင်းစရာက သူ ဘာမှ မစုံစမ်းနိုင်ခင် အသတ်ခံလိုက်ရတာပဲ။”

မားခုန်းချွင်-“သူသာ တစ်ခုခုကို မတွေ့ရှိခဲ့ဘူးဆိုရင် အသတ်ခံခဲ့ရမှာမဟုတ်ဘူး။”

ကုန်းစွန်းတွမ့် အာမေဋိတ်သံပြုလိုက်၏။

မားခုန်းချွင်-“သူ နှုတ်ပိတ်ခံခဲ့ရတာ။ အတိအကျပြောရရင် ရာဇဝတ်ကောင်ရဲ့ မူလဇစ်မြစ်ကို သူ သိသွားခဲ့လို့ပဲ။”

ကုန်းစွန်းတွမ့်-“သူ့ကို သတ်သွားခဲ့တဲ့ လူသတ်ကောင်ကို တွေ့ရင် ကျုပ်တို့ရဲ့ရန်သူကိုလည်း တွေ့ပြီပေါ့။”

မားခုန်းချွင်-“ဒါကြောင့်မို့လို့ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တဲ့အရာက သိပ်ကိုအရေးကြီးနေတာပေါ့။”

ကုန်းစွန်းတွမ့်-“ပင့်ကူပျံလက်ထဲက ဘာတွေယူသွားခဲ့လဲဆိုတာ ရဲ့ခိုင်ကို ကျုပ်ကိုယ်တိုင်သွားမေးမယ်။”

မားခုန်းချွင်-“မလိုတော့ပါဘူး။”

ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့လဲ။”

“သူသေတဲ့အချိန်တုန်းက ရဲ့ခိုင် မြို့ထဲမှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ရဲ့ခိုင်ဟာ လူသတ်သမား ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။” မားခုန်းချွင် ရှင်းပြလိုက်၏။ “ပြီးတော့ သူ့လက်ထဲက တစ်စုံတစ်ခုကို ရဲ့ခိုင်ယူသွားခဲ့တယ်ဆိုရင် မင်း သူ့ဆီကပြန်ရဖို့ မမျှော်လင့်နဲ့တော့။”

ကုန်းစွန်းတွမ့်၏လက်က ဓားမော့လက်ကိုင်ရိုးကို ဆုပ်ကိုင်ထားမိသွားသည်။ သူ့မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်စ ထွက်ပေါ်လာပြီး ထိုစကားကို ခံစားနိုင်ပုံမရ။

မားခုန်းချွင်-“သူမသေခင်တုန်းက သူနဲ့အတူတူ ဘယ်သူရှိနေခဲ့တာလဲ။”

ယွင်ဇိုင်ထျန်း-“ဆရာလို၊ မုယုံမင်းကျူနဲ့ ဖူဟောင်ရွှယ်”

မားခုန်းချွင်-“သူတို့တွေ အခုဘယ်ရောက်နေကြလဲ။”

ယွင်ဇိုင်ထျန်း-“ဖူဟောင်ရွှယ်ကတော့ မြို့ထဲပြန်ရောက်နေပါပြီ။ လိုလိုရှန်းနဲ့ မုယုံမင်းကျူတို့ကိုတော့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။”

မားခုန်းချွင်-“သူတို့ကို အမြန်ဆုံးလိုက်ရှာကြစမ်း... လူ ၄၀ ခေါ်သွား...”

ယွင်ဇိုင်ထျန်း-“ကောင်းပါပြီခင်ဗျာ။”

မားခုန်းချွင်-“လူအားလုံးကို အဖွဲ့ ၄ ဖွဲ့ခွဲ... တစ်ဖွဲ့မှာ ၁၀ ယောက်စီပါပေ့စေ။ အစားအသောက်ရိက္ခာတွေ အပိုဆောင်သွားကြ။ သူတို့ကို မတွေ့မချင်း ပြန်လာဖို့ စိတ်မကူးကြနဲ့။”

ယွင်ဇိုင်ထျန်း-“ကောင်းပါပြီခင်ဗျာ။”

မားခုန်းချွင် ဘာကြီးပဲ ပြောနေပြောနေ... သူ့အမူအရာများက အမြဲတမ်းလိုလို နာခံလေးစားလျက်ရှိနေကြ၏။ မားခုန်းချွင်၏ရှေ့မှောက်တွင် တစ်ချိန်တုန်းက သိုင်းလောက၏ အလေးစားခံခဲ့ရသည့် ထိပ်သီးပညာရှင်တစ်ယောက်သည် အစေအပါးသာ ဖြစ်နေလေသည်။

ကုန်းစွန်းတွမ့်-“ဖူဟောင်ရွှယ်ကိုလည်း လိုက်ရှာရမယ်။”

မားခုန်းချွင်-“မလိုဘူး။”

ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့လဲ... အဲဒီငချွတ်ကလေးကို မရှာရဘူးလို့ မပြောပါနဲ့တော့ဗျာ။”

မားခုန်းချွင်က သက်ပြင်းချလိုက်ပြီး လေသံအေးအေးဖြင့် ရှင်းပြလိုက်၏။ “ပင့်ကူပျံ ဘယ်လိုသေသွားတယ်ဆိုတာ မင်းမပြောနိုင်တော့ဘူးလားကွာ။”

ကုန်းစွန်းတွမ့်သည် သူ့လက်ထဲမှ ဓားမော့ကို စိုက်ကြည့်နေလိုက်ပြီး ပြန်ဖြေလိုက်၏။ “ဓားမော့ကိုင်တဲ့လူတွေ အဲဒီဓားမော့နဲ့ပဲ လူသတ်ရမယ်လို့ ဘယ်သူက အမိန့်ထုတ်ထားခဲ့လို့လဲ။”

မားခုန်းချွင် သူ့မေးခွန်းကို ချက်ချင်းကြီး ပြန်မဖြေသေးဘဲ စောင့်ကြည့်နေသည်။ ယွင်ဇိုင်ထျန်းသည် ခပ်ဖြည်းဖြည်းခြေလှမ်းများဖြင့် ခန်းမထဲမှ လျှောက်ထွက်သွားတော့၏။

ကုန်းစွန်းတွမ့်-“သူ့ဓားမော့နဲ့ပဲ လူသတ်ရမယ်လို့ ဘယ်သူပြောလဲ။”

မားခုန်းချွင်-“သူကိုယ်တိုင်ပဲ။”

ကုန်းစွန်းတွမ့်-“သူကိုယ်တိုင်... ဟုတ်လား။”

မားခုန်းချွင်-“သူသာ လက်စားချေဖို့ အမှန်တကယ်ရောက်လာခဲ့သူဆိုရင် သူကိုင်ဆောင်ထားတဲ့ ဓားမော့ဟာ သူ့ရဲ့ဂလဲ့စားချေမှုသင်္ကေတပဲ။ လူသတ်ဖို့လိုတဲ့အချိန်ကျရင် အဲဒီဓားမော့နဲ့ပဲ သတ်လိမ့်မယ်။”

မားခုန်းချွင် အရသာမဲ့စွာ ပြုံးနေလိုက်ပြီး ဆက်ပြောလိုက်၏။ “ဒီကို လက်စားချေဖို့လာတာမဟုတ်ဘူးဆိုရင်လည်း သူ့ကို ဘာဖြစ်လို့ လိုက်ရှာနေရဦးမှာလဲ။”

ကုန်းစွန်းတွမ့် မည်သည့်စကားမှ မပြောတော့ပါ။ တစ်ဘက်သို့လှည့်ထွက်သွားပြီး နွားသိုးတစ်ကောင်ထက် ပိုမိုပြင်းထန်သည့် ခြေသံများဖြင့် လျှောက်ထွက်သွားခဲ့သည်။

ကြီးမားကျယ်ပြန့်လှသည့် သူ့နောက်ကျောပြင်ကြီးကို မားခုန်းချွင် ငေးကျန်ရစ်ခဲ့သည်။ သူ့မျက်လုံးများတွင်းမှ ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်လေးများ ထွက်ပေါ်လာသည်။ ကုန်းစွန်းတွမ့်၏ ပုံရိပ်တွင် ဘေးဆိုးကျရောက်နိုင်သည့် အရိပ်အယောင်များ သူမြင်တွေ့နေရလေသည်။

+++++

လူ ၄၀၊ မြင်း ၄၀။ ။

သိုးသားရေအိတ် ၄၀ တွင် ရေနှင့် အစားအစာရိက္ခာများ ဖြည့်ဆီးထား၏။

သူတို့၏ ဓားသွားများက မြည့်နေအောင်သွေးထားကြပြီး မြှားတံများလည်းချိတ်ဆွဲထားကြသည်။

ယွင်ဇိုင်ထျန်းသည် အရာရာကို စေ့စပ်သေချာစွာ အကဲစိုက်ကြည့်နေခဲ့ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ “လူ ၁၀ ယောက်တစ်ဖွဲ့၊ အဖွဲ့ခွဲမယ်... လိုက်ရှာကြမယ်။ ဘာမှမတွေ့ဘဲ ပြန်လာကြဖို့ စိတ်မကူးကြနဲ့။”

ကုန်းစွန်းတွမ့်သည် သူ၏အဆောင်သို့ ပြန်ရောက်လာပြီဖြစ်သည်။ ဖရိုဖရဲဖြစ်နေသော်လည်း သူ၏အဆောင်လေးသည် ကျယ်ကျယ်ပြန့်ပြန့် သက်တောင့်သက်သာ နေနိုင်နေသေး၏။ နံရံများတွင် တောကောင်ဦးချိုများ ချိတ်ဆွဲထားပြီး စားပွဲပေါ်တွင်တော့ မရေမတွက်နိုင်လှသည့်၊ မွှေးကြိုင်နေသည့် အရက်အိုးများ အစီအရီ ရှိနေကြသည်။ သူ စိတ်ကြွလာသည့်အချိန်များတွင် တစ်စုံတစ်ယောက်က မိန်းမ​ချောလေးတစ်ယောက်ကို ဆောင်ကြဉ်းပေးလာပေလိမ့်မည်။ ဤအရာများသည် သူကိုယ်တိုင် နှစ်ပေါင်းများစွာ ချွေးဖြင့်ရင်း၊ သွေးဖြင့်ရင်းခဲ့ရသည့် မရေမတွက်နိုင်သော ဒုက္ခဆင်းရဲခံခဲ့ရမှုများအတွက် ဆုလာဘ်ပင်ဖြစ်သည်မဟုတ်ပါလား။

သို့သော် သူ့ဘဝကြီးကို ဘယ်လိုနည်းနှင့်မှ မကျေနပ်နိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် သူ့ရင်ထဲတွင် ဓားမော့တစ်လက်နှင့် ကျာပွတ်တစ်လက်တို့ စူးစူးစိုက်စိုက် ဝင်ရောက်နေသောကြောင့်ဖြစ်သည်။

ထိုအရာများကို သွေးစွန်းနေသော လက်နှစ်ဘက်ဖြင့် သူကိုယ်တိုင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီးပြီဖြစ်သည်။

သူဘာပဲ လုပ်နေခဲ့သည်ဖြစ်စေ... သူ့ရင်ဘတ်ထဲမှ ဓားမော့တစ်လက်သည် သွက်သွက်ခါအောင် လှုပ်ရမ်းနေသလို ကျာပွတ်တစ်လက်သည်လည်း သူ့ဝိညာဉ်များကို တဖြောင်းဖြောင်းဖြင့် ရိုက်နှက်နေသည်ဟု ခံစားနေရ၏။

စားပွဲပေါ်တွင်ရှိနေသည့် ရွှေခွက်ကြီးထဲတွင် အရက်များအပြည့်ဖြည့်ထားသည်။ တစ်ဂွပ်တည်းမော့သောက်လိုက်ပြီးသော် သူ့မျက်လုံးများမှ မျက်ရည်စများ စီးဆင်းလာကြတော့သည်။

လက်စားချေဖို့ လူတစ်ယောက်ရောက်လာခဲ့ချေပြီ။ သူ လုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ အိမ်တွင်းပုန်းအောင်းနေပြီး ကျဆင်းလာသည့်မျက်ရည်စများကို အင်္ကျီလက်စဖြင့် သုတ်နေရခြင်းသာ...။ မည်သို့ပင်ကျသည်ဖြစ်စေ... မျက်ရည်ဆိုသည်မှာ မျက်ရည်သာဖြစ်၏။

အရက်နောက်တစ်ခွက်ငဲ့ထည့်လိုက်ပြီး တစ်ဂွတ်တည်း မော့ချလိုက်ပြန်သည်။

“သည်းငြင်းခံရမယ်... ဘာအတွက်လဲ။ လူတစ်ယောက်က ငါ့ကို လာသတ်မယ်ဆိုမှတော့ ငါ ဘာဖြစ်လို့ သူ့ကိုအရင်ဦးအောင် သွားမသတ်ရမှာလဲ။”

ပြီးနောက် တံခါးဝမှ ခြေဆောင့်ထွက်သွားခဲ့တော့သည်။

သူ လူမသတ်ချင်တာလည်းဖြစ်နေနိုင်၏။ သို့တည်းမဟုတ် စိုးရွံ့နေတာလည်း ဖြစ်နေနိုင်သည်။

လက်စားချေမှုမဟုတ်၊ နာကျည်းမှုမဟုတ်... သို့သော် ကြောက်ရွံ့ထိတ်လန့်မှုတော့ ဖြစ်ကောင်းဖြစ်မည်။

ကြောက်ရွံ့မှုကြောင့်လူသတ်ရခြင်းဆိုသည်မှာ လက်စားချေမှု၊ နာကျည်းမှုများကြောင့် လူသတ်ရခြင်းထက် ပိုများသည်။

လူတွေ လူသတ်ကြသည်။ သူတို့ကို နာကျင်စေခဲ့သောကြောင့် လူသတ်ကြသည်မဟုတ်၊ သူတို့က သူများကို နာကျင်စေခဲ့သောကြောင့်ပင် လူထပ်သတ်ရခြင်းဖြစ်သည်။

ဤအရာသည် သမိုင်းဦးလူသားတို့၏ အချိန်ကာလကတည်းက ပေါ်ပေါက်လာခဲ့သော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်လေတော့သည်။

0 comments:

Post a Comment