ညနေ နေဝင်ချိန်လေး၏ နွေးထွေးသော နေရောင်ခြည်တန်းများက ဖူဟောင်ရွှယ်၏ ပေါင်များပေါ်သို့ ထိုးကျနေပြီး လွန်ခဲ့သည့် နှစ်ညက သူ့ကို ထိတွေ့ကိုင်တွယ် ပွတ်သပ်ခဲ့ပေးသည့် နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်း လက်ချောင်းသွယ်လေးများကို သတိရနေစေ၏။
သူသည် အိပ်ယာပေါ်တွင် လှဲအိပ်နေပြီး ဖိနပ်ချွတ်ရမည်ကိုပင် ပင်ပမ်းနေသည်။
သူ့အတွေးများထဲတွင်တော့ ထိုအမျိုးသမီး၏ လက်ချောင်းကလေးများ... ထိတွေ့ပွတ်သပ်မိချိန်တွင် ခံစားရသည့် ပိုးသားလို နူးညံ့လှသည့် အရေပြား... ဆွဲမက်ဖွယ်ကောင်းအောင် မြူဆွယ်တတ်သော၊ လှုပ်ရမ်းနေတတ်သည့် ခြေထောက်ကလေးများ...
သူ့နှလုံးသားသည် ငြိမ့်ငြိမ့်ကလေး လှုပ်ခါနေရသည်။ ဤခံစားချက်ကို မည်သို့ဖြေဖျောက်ရမည်ဆိုသည်ကိုလည်း သူ မသိမဟုတ်၊ သိနေပါသည်။ လူပျိုဖော်ဝင်ကာစအချိန်ကတည်းက ထိုနည်းကို အကြိမ်ပေါင်းများစွာ အသုံးချခဲ့ပြီးပြီဖြစ်သည်။
သို့သော် ယခုခံစားနေရသည့် ခံစားချက်များက လုံးဝခြားနားသည်။ မိန်းမတစ်ယောက်နှင့် အတူတူနေခဲ့ရခြင်းဖြစ်သည်။ မိန်းမစစ်စစ်တစ်ယောက်နှင့် သူ အတူတူနေခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းအရာများကို သူ မတွေးတောနေသင့်ပါ။ သူ အပင်ပမ်းခံ လေ့ကျင့်ခဲ့သည့် ပြင်းထန်လှသော လေ့ကျင့်ခန်းများက အလွန်တရာ တင်းကြပ်သောစည်းကမ်းများ ပါရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ မည်သည့် လေ့ကျင့်မှုမျိုးထက်မဆို ပိုမိုပြင်းထန်ခဲ့သည်။
သို့သော် သူသည် ယောက်ျားတစ်ယောက်ဖြစ်၏။ တစ္ဆေတစ်ကောင်၏အရိပ်လို ဝင်လုဆဲဆဲနေရောင်ခြည်များက သူ့အပေါ် ကျဆင်းနေသည်။ သူ မည်သည့်အရာကိုမှ မတွေးတောချင်တော့ပါ။ ပင်ပမ်းလွန်းလှပါပြီလေ...
မိုးတိတ်သွားခဲ့ပြီဖြစ်သည်။
မိုးတိတ်သွားခဲ့အပြီးတွင် ထွက်ပေါ်လာသည့် နေရောင်ခြည်တန်းများက မည်သည့်အတွက်ကြောင့် တခြားအချိန်များထက် ပိုမိုနွေးထွေးနေရပါသနည်း။
ရုတ်တရက် ခုတင်ပေါ်မှ သူ ခုန်ထလိုက်ပြီး တံခါးပေါက်ဝသို့ ရောက်သွားခဲ့သည်။
ခံစားချက်များကို ထွက်ပေါက်ပေးရမည်။ ဟုတ်သည်... ထွက်ပေါက်ပေးမှဖြစ်မည်။ သူ လုပ်နိုင်သည့်တစ်ခုတည်းသောအလုပ်မှာ မျိုသိပ်နေရခြင်းပင် မဟုတ်ပါလော...
လမ်းကလေးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကံဆိုးမိုးမှောင်ကျတော့မည့် အရိပ်အယောင်များကို ရွာသူရွာသားများ ခံစားမိနေကြသလားတော့ မပြောတတ်။ အပျော်ရွှင်ဆုံးဟုဆိုနိုင်သည့် ညားခါစ ဇနီးမောင်နှံတစ်စုံပင်လျှင် အိမ်တွင်းအောင်းနေကြချေပြီ။
ရဲ့ခိုင်သည် အဆောင်တစ်လုံး၏ ထောင့်တစ်နေရာတွင် ရပ်နေ၏။ လမ်းမပေါ်ရှိ ရွှံ့ဗွက်များကို ငေးကြည့်နေသည်မှာ တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်နေပုံမျိုးလည်းဖြစ်သည်။ ထိုအချိန်မှာပင် လမ်းကျဉ်းလေးမှ ဖူဟောင်ရွှယ် လျှောက်လှမ်းထွက်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ဖူဟောင်ရွှယ်ကတော့ သူ့ကို တွေ့ခဲ့ပုံမပေါ်။ သူ၏ ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာပြင်ထက်တွင် အနီရောင်တစ်ချက်သမ်းသွားခဲ့ပြီး သူ့အကြည့်များက လမ်း၏တစ်ဘက်ရှိ တံခါးပေါက်ဝကြီးတစ်ခုတွင် တည့်မတ်စွာ အာရုံစိုက်ထားနေသည်။
တံခါးဝတွင် ချိတ်ဆွဲထားသည့် မီးအိမ်ရောင်လေး လင်းလက်လာခဲ့လေပြီ။
ထိုမီးအိမ်လေး၏ အလင်းရောင်လိုပင် ဖူဟောင်ရွှယ်၏ မျက်လုံးများသည်လည်း အရောင်တောက်လာခဲ့ကြ၏။
သူ့လက်တစ်ဘက်က ဓားမော့ကို တင်းတင်းကြပ်ကြပ်ကြီး ဆုပ်ကိုင်ထားဆဲရှိနေပြီး ထိုတံခါးပေါက်ဆီသို့ တရွေ့ရွေ့ တရွတ်တိုက်လျှောက်သွားနေသည်။
တွေ့ခဲ့ဖူးသည့်အချိန်တိုင်း အမြဲတမ်းလိုလို အေးစက်စက်အမူအရာများရှိနေခဲ့သည့် ထိုလူငယ်လေးသည် ယခုအချိန်တွင်မူ ထူးခြားလွန်းနေသည်ဟု ရဲ့ခိုင် ခံစားမိလိုက်သည်။
အချိန်အကြာကြီး သည်းခံလွန်းခဲ့ရသည့် လူတစ်ယောက်၊ မိမိကိုယ်ကိုယ် ဖိနှိပ်ချုပ်ချယ်ထားခဲ့သည့်လူတစ်ယောက်အဖို့ စိတ်ထွက်ပေါက်ပေးနိုင်သည့်အရာများကို ငြင်းဆန်နိုင်မည်မဟုတ်ချေ။ သို့မဟုတ်ပါက တစ်ကိုယ်လုံး ပေါက်ကွဲလွင့်စင်ထွက်သွားနိုင်လေ၏။
ရဲ့ခိုင် တစ်ကိုယ်တည်း တီးတိုးလေး ရေရွတ်လိုက်၏။ “ကြည့်ရတာ သူတစ်ယောက်တည်းသွားပြီး အမူးအမှောက်သောက်တော့မယ်နဲ့တူပါရဲ့။”
လူမှန်းသူမှန်းမသိ မူးမှောက်သွားအောင် အရက်သောက်ခြင်းက သူ့အတွက် ပို၍ပင်ကောင်းနိုင်သေး၏။ ထိုသို့သောက်ခဲ့သည်ရှိသော် နောက်တစ်ရက် ထလာချိန်တွင် ခေါင်းတစ်ခုလုံး အုံခဲနေမည်ဖြစ်သော်လည်း အုံခဲကိုက်ခဲမှုများ ပျောက်သွားချိန်တွင်မူ စိတ်ချမ်းသာစွာ ခံစားသွားရပေမည်။
အမျိုးသမီးတစ်ယောက်သာ သူ့အနားတွင် အဖော်လုပ်ပေးနိုင်မည်ဆိုပါက ပို၍ပင်ကောင်းသေး၏။
ရဲ့ခိုင် တွေးတွေးဆဆ စဉ်းစားနေမိ၏။ ထိုလူငယ်လေးတွင် မိန်းမတစ်ယောက်နှင့် အတူတူနေခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့ဖူးပါသလော...ဟု။ သို့သော် တခြားတစ်ဘက်တွင်လည်း မိန်းမအတွေ့အကြုံလုံးဝ မရှိခဲ့ဖူးသူတစ်ယောက်သည် ခိုင်ခံ့လွန်းလှသည့် ရေကာတာကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူနေပြီး ပေါက်ကွဲထွက်လာရန်ဆိုသည်မှာ မဖြစ်နိုင်လောက်အောင် အခွင့်အရေး နည်းပါးလွန်းသည်။ သို့သော် မိန်းမတစ်ယောက်နှင့် ထိတွေ့ဆက်ဆံဖူးသွားခဲ့ပြီဆိုပါကလည်း ရေကာတာကြီး၏ တာတမံပေါင်ပေါ်တွင် အကွဲအအက်ရာလေး သေးသေးလေး ထွက်ပေါ်လာသလိုမျိုးဖြစ်ပြီး မည်သည့်အချိန်တွင် ရေများ တရဟော လျှံထွက်၊ စီးထွက်လာမည်ဆိုသည်ကို မသိနိုင်။
လမ်းမကို ဖြည်းဖြည်းလေးဖြတ်ကူးနေသော ဖူဟောင်ရွှယ်၏ အကြည့်များက ထိုတံခါးမကြီးကိုသာ အာရုံရှိနေ၏။ မီးအိမ်တွင်းရှိ မီးညွန့်များက ယိမ်းယိုင်နေကြသည်မှာ ဧည့်သည်များကို စတင်လက်ခံနေပြီဖြစ်ကြောင်း ပြောနေကြသလိုပင်။
ယနေ့ညအဖို့တော့ စီးပွားရေး သိပ်ကောင်းမည့်ပုံမပေါ်။ ဤလုပ်ငန်း၏ အဓိကဖောက်သည်များမှာ မြင်းတစ်သောင်းဌာနမှ မြင်းစီးသူရဲများနှင့် ရပ်ဝေးဧည့်သည်များ ဖြစ်ကြသည်။ သို့သော် ယနေ့ညအဖို့တော့ မည်သူတစ်ဦးတစ်ယောက်မျှ လာကြမည့်ပုံမပေါ်။
ဖူဟောင်ရွှယ် တံခါးကို တွန်းဖွင့်ဝင်ရောက်သွားသည်။ သူ့လည်စေ့က အောက်ကျဆင်းလာလိုက်၊ အပေါ်သို့ ထောင်တက်သွားလိုက်ဖြင့် ဂလုဂလု ဖြစ်နေသည်။
ခန်းမကြီးထဲတွင်ရှိနေသည့် နှစ်ယောက်တည်းသော ဧည့်သည်များမှာ အိမ်ကမိန်းမများနှင့် ရန်ဖြစ်လာကြသူများပုံစံပေါက်နေကြသည်။ ရှောင်ပိုင်လိသည် သူနေထိုင်နေသည့်အခန်းတွင်းမှ ထွက်လာခဲ့ပြီးဖြစ်နေပြီး ထိုင်နေကျ ထိုင်ခုံပေါ်တွင်အခန့်သားထိုင်နေကာ မနက်စာကို (အိပ်ယာထ နောက်ကျခြင်းကို ဆိုလိုခြင်းဖြစ်မည်။) အားရပါးရ စားသောက်နေ၏။ သိုးသားကင် ပါးပါးလှီးထားသည့်အသားဖတ်များ၊ ခေါက်ဆွဲပြုတ်တစ်ပန်းကန်နှင့် သိုးသားနှပ်တစ်ပန်းကန်၊ ပါးရှားပြည်ထွက် ဝိုင်ခွက်ကြီးကြီးတစ်ခွက်တို့ဖြစ်သည်။ သူသည် လူ့လောကစည်းစိမ်ကို မည်သို့ဇိမ်ခံရမည်မှန်း ကောင်းစွာသိထားသူတစ်ယောက်လည်းဖြစ်၏။
ခန်းမထဲသို့ ဖူဟောင်ရွှယ် ဝင်ရောက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်ညက ထိုင်ခဲ့သော စားပွဲတွင်ပင် ဝင်ထိုင်နေလိုက်သည်။
“ဘာအရက်များ မှာသောက်ချင်လဲ။”
ထိုအမေးစကားကို အတန်ကြာသည်ထိ ဖူဟောင်ရွှယ် ပြန်မဖြေခဲ့ပါ။
“ကျုပ် အရက်မသောက်ချင်ဘူး။”
“ဒါဆိုရင် ဘာများ မှာကြားသုံးဆောင်ချင်လို့လဲ။”
“အရက်ကလွဲလို့ ကျန်တာအားလုံး ရပါတယ်။”
ရှောင်ပိုင်လိ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး စားပွဲထိုးများကို အမိန့်ပေးလိုက်သည်။ “ငါတို့ဆီမှာ ဆိတ်နို့ လတ်လတ်ဆတ်ဆတ်တွေ ရှိနေတယ်မဟုတ်လား။ ဒီက ဆရာလေးဖူအတွက် တစ်ခွက်ယူလာပေးလိုက်ကြ။ ကျုပ်တို့ဆိုင်ကပဲ တိုက်ပါ့မယ်။”
ဖူဟောင်ရွှယ်သည် သူ့ကို ပြန်မကြည့်ဘဲ အေးစက်စွာ ပြောဆိုလိုက်၏။ “မလိုအပ်ပါဘူး။ ကျုပ်မှာတဲ့ဟာတွေအတွက် ကျုပ်ပိုက်ဆံနဲ့ပဲ ပေးမှာပါ။”
ရှောင်ပိုင်လိ ထပ်မံပြုံးလိုက်ပြန်သည်။ နောက်ဆုံးကျန်ရှိနေသည့် သိုးသားကင်တစ်ဖတ်က ပါးစပ်ဖျားတွင် ရောက်ရှိလာခဲ့ပြီး ကျေနပ်နှစ်သိမ့်နေဟန်ဖြင့် တမြုံ့မြုံ့ ဝါးစားနေလိုက်သည်။ သူသည် သူများနှင့် စကားများ ရန်ဖြစ်ခြင်းကို နှစ်သက်တတ်သူမဟုတ်သလို နောက်ထပ်ရောက်လာမည့် လူတစ်ယောက်ကို အရင်ဦးဆုံး ခန့်မှန်းနိုင်ခဲ့သူလည်းဖြစ်နေပြန်၏။
ဆိုင်ရှေ့မှ မြင်းခွာသံတဖြောင်းဖြောင်းက ရပ်တန့်သွားခဲ့သည်။
“ဝုန်း”
တံခါးကြီးနှစ်ချပ် တဖလပ်ဖလပ် ပွင့်သွားခဲ့ပြီး လူထွားကြီးတစ်ယောက် လှမ်းဝင်လာ၏။ ခေါင်းပေါ်တွင် မည်သည့်ခေါင်းဆောင်းမှ မပါရှိသလို အင်္ကျီလက်မောင်းအိုးများလည်း မပါရှိကြ။ ငွေရောင်ကွပ်လက်ကိုင်နှင့် ဓားမော့တစ်လက်ကို ခါးတွင်ချိတ်ဆွဲထား၏။
ကုန်းစွန်းတွမ့်...
ရှောင်ပိုင်လိက ပြုံးပြီးနှုတ်ဆက်လိုက်သော်လည်း သူကတော့ ပြန်မြင်ခဲ့ပုံမပေါ်။
သို့သော် ကုန်းစွန်းတွမ့်သည် ဖူဟောင်ရွှယ်ကိုတော့ မြင်တွေ့သွားခဲ့၏။
သူ့မျက်လုံးအကြည့်များက အသေကောင်ကို မြင်တွေ့လိုက်ရသော သိမ်းငှက်တစ်ကောင်၏ အကြည့်များလိုဖြစ်သည်။
ဆိတ်နို့တစ်ခွက် ရောက်လာခဲ့ချေပြီ။ လွန်စွာလတ်ဆတ်လှ၏။
ထိုနို့ရည်သည် နယ်ခြားမြို့သူမြို့သားများ သောက်သုံးလေ့ရှိသည့် အရာဖြစ်ပြီး ဤမြို့သူမြို့သားများသာ မည်သို့အရသာခံ သောက်ရမည်မှန်း သိကြ၏။ ဖူဟောင်ရွှယ်သည် တစ်ဂွတ်ခန့် အတင်းကြိတ်မှိတ်မျိုချလိုက်ရာ မျက်လုံးများ မှေးပြီးကျဉ်းမြောင်းသွားခဲ့ရသည်။
ကုန်းစွန်းတွမ့်က ပြုံးနေလိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။ “ဆိတ်တွေပဲ ဆိတ်နို့သောက်ကြတယ်။”
ဖူဟောင်ရွှယ် ဘာမှပြန်မပြောခဲ့ဘဲ နောက်တစ်ဂွပ် မော့သောက်လိုက်ပြန်၏။
ကုန်းစွန်းတွမ့်က ကျယ်လောင်စွာ အော်ပြောလိုက်ပြန်၏။ “ဒီနေရာမှာ ဆိတ်နံ့ နံနေပါတယ်လို့ထင်နေတာ လက်စသပ်တော့ အနံ့ဆိုးဆိုး ဆိတ်တစ်ကောင် ရောက်နေတာကိုး။”
ဖူဟောင်ရွှယ် ဘာမှပြန်မပြောခဲ့သေးသော်လည်း ဓားမော့ကိုင်ထားသည့် သူ့လက်တစ်ဘက်တွင် သွေးကြောကြီးများ ထောင်ထလာနေ၏။
ကုန်းစွန်းတွမ့် ရုတ်တရက် ထရပ်လိုက်ပြီး စားပွဲခုံကို လက်တစ်ဘက်ဖြင့် “ဝုန်း” ခနဲရိုက်ပုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ထွက်သွားစမ်း...”
ဖူဟောင်ရွှယ်၏ အကြည့်များက လက်ထဲတွင် ကိုင်ထားသည့် ဆိတ်နို့ခွက်ကို ငေးစိုက်ကြည့်နေပြီး အေးစက်စက် ပြန်မေးလိုက်သည်။ “ခင်ဗျားက ကျုပ်ကိုနှင်ထုတ်နေတာလား။”
ကုန်းစွန်းတွမ့်-“ဒီနေရာက လူတွေနေတဲ့နေရာ... နောက်ဖေးမှာ ဆိတ်တင်းကုပ်တစ်ခုရှိတယ်။ အဲဒီနေရာကတော့ မင်းနဲ့ထိုက်တန်တဲ့နေရာပဲ။”
ဖူဟောင်ရွှယ်-“ကျုပ်က ဆိတ်တစ်ကောင်မှ မဟုတ်တာ။”
ကုန်းစွန်းတွမ့်သည် စားပွဲခုံကို နောက်တစ်ချက် ရိုက်ပုတ်လိုက်ပြီး ကျယ်လောင်သောအသံကြီးဖြင့် ပြောဆိုလိုက်ပြန်၏။ “မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း ဒီကနေ ထွက်သွားရင်ကောင်းလိမ့်မယ်။ မင်းအဘက အဲဒီစားပွဲမှာ ထိုင်ချင်နေတယ်။”
ဖူဟောင်ရွှယ်-“ဘယ်က အဘကိုပြောတာလဲ။”
ကုန်းစွန်းတွမ့်-“ငါက မင်းရဲ့အဘ... မင်း အဘဟာ ငါပဲပေါ့။”
“ခွမ်း”
ဖူဟောင်ရွှယ်၏ လက်ထဲမှ ဆိတ်နို့ခွက် ကွဲကြေသွားခဲ့ပြီး ဆိတ်နို့များ စားပွဲတစ်ခုလုံး ပေကျံသွားသည်။ သူ့ ခန္ဓာကိုယ်သည်လည်း တုန်ခါနေရ၏။
ကုန်းစွန်းတွမ့်သည် သူ့ကို စိုက်ကြည့်နေပြီး သူ၏ကြီးမားသော လက်ကြီးက ဓားမော့ဓားရိုးကို ဆုပ်ကိုင်ထားနေ၏။ “မင်းဟာမင်း ထွက်သွားမှာလား။ ဒါမှမဟုတ် မင်းကို သယ်ထုတ်သွားရမှာလား။”
ဖူဟောင်ရွှယ်သည် တစ်ကိုယ်လုံး တုန်ခါနေပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ ခန္ဓာကိုယ်တွင်းမှ ရှိသမျှ အားအင်များဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ထားနေပြီး ကုန်းစွန်းတွမ့်ကို လှည့်မကြည့်မိအောင် ကြိုးစားနေသည်။
ကုန်းစွန်းတွမ့်က ကျယ်လောင်စွာ ရယ်မောနေ၏။ “အနံ့ဆိုးဆိုးနဲ့ ဆိတ်ကလေးတစ်ကောင် သူ့တင်းကုပ်ကို ပြန်တော့မယ်ပေါ့လေ။ မပြန်ခင်လေး စားပွဲပေါ်က ဆိတ်နို့တွေကို လျှာနဲ့ လျက်သွားပါဦးလား။”
ဖူဟောင်ရွှယ်၏ ဦးခေါင်း ရုတ်တရက် ပြန်မော့လာပြီး ကုန်းစွန့်တွမ့်ကို စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။ ထိုမျက်လုံးတစ်စုံ၏ အကြည့်များက မီးတောက်နေသည့် ကျောက်မီးသွေးတုံးများလိုဖြစ်သည်။
ကုန်းစွန်းတွမ့်၏ မျက်လုံးများထဲမှလည်း သွေးကြောနီများ ထွက်ပေါ်လာခဲ့ကြပြီး ဖူဟောင်ရွှယ်ကို ပြန်၍စိုက်ကြည့်နေလိုက်ပြန်သည်။ “မင်း ဘာလုပ်ချင်လို့လဲ။ ဓားမော့ဆွဲထုတ်ချင်နေတာလား။”
ဖူဟောင်ရွှယ်၏လက်က ဓားမော့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေ၏။ အလွန်တင်းကြပ်စွာ ဆုပ်ကိုင်ထားနေခြင်းဖြစ်သည်။
ကုန်းစွန်းတွမ့်-“လူသားတွေပဲ ဓားမော့ကို ဘယ်လိုဆွဲထုတ်ရတယ်ဆိုတာ သိတယ်။ အနံ့ဆိုးတဲ့ ဆိတ်တစ်ကောင်ကတော့ မသိနိုင်ဘူး။ မင်းကိုယ်မင်း လူသားတစ်ယောက်လို့ ယူဆထားတယ်ဆိုရင် ဓားမော့ဆွဲထုတ်လိုက်ပါတော့လား။”
ဖူဟောင်ရွှယ် သူ့ကို စိုက်ကြည့်နေ၏။ သူ့တစ်ကိုယ်လုံး သွက်သွက်ခါမျှ တုန်ခါနေလေသည်။
စောစောတုန်းက အရက်ထိုင်သောက်နေခဲ့သည့် လူနှစ်ယောက်သည် အကွယ်တစ်နေရာတွင် ကုတ်ကုတ်ကလေး ငြိမ်သက်နေကြသည်မှာ ထိုအရေးထဲ သူတို့ပါဝင်သွားမည်ကို ကြောက်ရွံ့နေ၍ပင်ဖြစ်မည်။
ရှောင်ပိုင်လိသည် သူ့ခွက်ထဲမှ ဝိုင်တစ်ဂွပ်ကို မျှဉ်းပြီး စုပ်သောက်နေ၏။ သူ့လက်များရှိ ကြွက်သားများ တင်းမာရုန်းကြွလာနေကြသည်။ အခန်းထဲတွင် ကြားနေရသည့် တစ်ခုတည်းသောအသံမှာ လူတို့၏ အသက်ရှူသံများပင်ဖြစ်လေတော့သည်။
ဖူဟောင်ရွှယ်၏ အသက်ရှူသံက ခပ်မြန်မြန်ခပ်တိုတိုဖြစ်ပြီး ကုန်းစွန်းတွမ့်၏ အသက်ရှူသံက လေးလေးရှည်ရှည်ကြီးဖြစ်သည်။
ကျန်လူများအားလုံး အသက်ရှူဖို့ပင် မေ့နေကြ၏။
ရုတ်တရက်... ဖူဟောင်ရွှယ်သည် တစ်ဘက်သို့လှည့်သွားခဲ့ပြီး တံခါးပေါက်ဆီ လျှောက်သွားလိုက်သည်။ ဘယ်ခြေတစ်လှမ်းကို အရင်လှမ်းလိုက်ပြီး ညာဘက်ခြေထောက်က တရွတ်တိုက်ဆွဲပါသွားသည်။
ကုန်းစွန်းတွမ့်က ရှည်လျားသော အသက်ရှူထုတ်သံကြီးဖြင့် ပြောဆိုလိုက်သည်။ “အနံ့ဆိုးတဲ့ဆိတ်ကလေးက ဒုက္ခိတတစ်ယောက်ပဲ။”
ဖူဟောင်ရွှယ်သည် ရုတ်တရက် လျင်မြန်စွာ လျှောက်ထွက်သွားလိုက်သည်။ တဟုန်ထိုး ထွက်ခွာသွားသည်မှာ ဟန်ချက်ပင် မထိန်းနိုင်တော့သလိုမျိုးလည်းဖြစ်၏။
ကုန်းစွန်းတွမ့်က ရယ်မောနေပြီး လှမ်းပြောလိုက်သေးသည်။ “တရွတ်တိုက်ဆွဲသွားစမ်း... ဟုတ်ပြီကွ... မင်းရဲ့တင်းကုပ်ကို တရွတ်တိုက်ဆွဲပြန်သွားစမ်း... မင်းရဲ့အဘကို နောက်တစ်ခါ မတွေ့စေနဲ့... တွေ့လို့ကတော့ မင်းရဲ့ ကျန်ခြေထောက်တစ်ဘက်ကိုပါ ရိုက်ချိုးခံရမယ်။”
ကုန်းစွန်းတွမ့်သည် ခုံတစ်ခုံ ဆွဲယူပြီး စားပွဲတွင် ပြန်ထိုင်ချလိုက်သည်။ ပြီးနောက် စားပွဲကိုပုတ်ပြီး မှာကြားလိုက်၏။ “အရက် ယူလာပေးခဲ့ကြစမ်း... အကောင်းဆုံးဆိုတဲ့အရက်တွေ ယူလာခဲ့ကြ။”
ရုတ်တရက်... အပြင်ဘက်မှ စကားသံတစ်သံ ပျံ့လွင့်လာ၏။ “အရက် ယူလာပေးခဲ့ကြစမ်း... အကောင်းဆုံးဆိုတဲ့အရက်တွေ ယူလာခဲ့ကြ။”
ရဲ့ခိုင်သည် ဆိတ်တစ်ကောင်ကို ဆွဲယူလာပြီး ခန်းမထဲသို့ ဝင်ရောက်လာလေ၏။
ကုန်းစွန်းတွမ့်သည် သူ့ကို အာရုံထားကြည့်နေသော်လည်း သူကတော့ ကုန်းစွန်းတွမ့်ကို မြင်သည့်ပုံမပေါ်ဘဲ စားပွဲလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်၏။ သူထိုင်ဖို့ ရွေးချယ်ခဲ့သည့်ခုံမှာ ကုန်းစွန်းတွမ့်နှင့် မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။
ကုန်းစွန်းတွမ့်သည် ရဲ့ခိုင်ကို အေးစက်စက် စိုက်ကြည့်နေပြီး စားပွဲကို ပုတ်လိုက်ပြန်၏။ “ဘယ်မှာလဲ မှာထားတဲ့အရက်... မြန်မြန်ယူလာခဲ့ကြစမ်း...”
ရဲ့ခိုင်သည်လည်း စားပွဲကို ပုတ်ပြီး အော်ပြောလိုက်ပြန်၏။ “ဘယ်မှာလဲ မှာထားတဲ့အရက်... မြန်မြန်ယူလာခဲ့ကြစမ်း...”
ဤသို့အခြေအနေမျိုးတွင် အရက်များ လျင်မြန်စွာ ရောက်လေလေတော့သည်။
ရဲ့ခိုင်သည် အရက်တစ်ခွက် ငဲ့လိုက်သည်။ သူ့ပါးစပ်ထဲသို့ တစ်စက်ကလေးမျှ မထည့်ခဲ့။ သို့သော် ဆိတ်ပါးစပ်ကိုဖြဲပြီး အရက်ခွက်ထဲမှ အရက်များကို လောင်းထည့်လိုက်၏။
ကုန်းစွန်းတွမ့်၏ ထူထဲသောမျက်ခုံးများ ကျုံ့ဝင်သွားခဲ့သလို ရှောင်ပိုင်လိပင် မနေနိုင်ဘဲ ရယ်မောလိုက်တော့၏။
ရဲ့ခိုင်က ခပ်ပြုံးပြုံးလေး ပြောဆိုလိုက်၏။ “ဪ... အခုမှပဲသိတော့တယ်။ လူတွေက ဆိတ်နို့သောက်ကြပြီး ဆိတ်တွေပဲ အရက်သောက်ကြတာကိုး...”
ကုန်းစွန်းတွမ့်၏မျက်နှာကြီး နီရဲလာခဲ့ပြီး ဝုန်းခနဲထရပ်လိုက်ကာ တောင်းဆိုသည့်လေသံဖြင့် မေးမြန်းလိုက်၏။ “မင်း ဘာကိုပြောချင်တာလဲ။”
ရဲ့ခိုင်က ရိသဲ့သဲ့ပြုံးပြနေပြီး ပြန်ဖြေလိုက်၏။ “ကျုပ် ဒီဆိတ်ကို စကားပြောနေတာပါ။ ခင်ဗျားလည်း ဆိတ်တစ်ကောင်ပဲလား။”
“ဒီနေရာက တိရိစ္ဆာန်တင်းကုပ်လည်းမဟုတ်ဘဲနဲ့ ဘာဖြစ်လို့များ တိရိစ္ဆာန်တွေ ရောက်လာခဲ့ကြတာလဲ။” ရှောင်ပိုင်လိ ပြုံးပြုံးလေး မှတ်ချက်ချလိုက်သည်။
ကုန်းစွန်းတွမ့်၏ ဦးခေါင်းသူ့ဘက်သို့လှည့်လာခဲ့ပြီး စူးရဲစွာ စိုက်ကြည့်နေ၏။
ရှောင်ပိုင်လိ-“အစ်ကိုကြီးကုန်းစွန်းက ကျုပ်ရဲ့ ခြေနှစ်ဘက်ကို ရိုက်ချိုးဦးမလို့လားဗျာ... ကျုပ် ခြေနှစ်ဘက်လုံးမရှိတော့တာ ကြာခဲ့ပါပြီ။”
ကုန်းစွန်းတွမ့်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သွားကြားမှထွက်လာသည့်လေသံဖြင့် တစ်လုံးချင်းစီ ပြောဆိုလိုက်သည်။ “ဒီအခန်းထဲမှာ ခြေထောက်တွေ အကောင်းအတိုင်းရှိနေသေးတဲ့လူတစ်ယောက်ရှိနေတာ သိပ်ကံကောင်းတယ်။”
ရဲ့ခိုင်-“မှန်လိုက်တာဗျာ... ကျုပ်ခြေထောက်တွေက လုံးဝကို မကျိုးနေသေးဘူး။”
ကုန်းစွန်းတွမ့် အော်ပြီး အမိန့်ပေးလိုက်သည်။ “ကောင်းတယ်... မတ်တတ်ထရပ်လိုက်စမ်း...”
ရဲ့ခိုင်-“ကျုပ်ဆိုတဲ့လူက ထိုင်ပြီးသွားပြီဆိုရင် ထမရပ်ချင်တော့ဘူးဗျ။”
ရှောင်ပိုင်လိ-“ကျုပ်ကတော့ ထရပ်နိုင်မယ်ဆိုရင် ပြန်မထိုင်ချင်တော့ဘူး။”
ရဲ့ခိုင်-“ကျုပ်ကတော့ လူပျင်းမို့လို့ပါ။”
ရှောင်ပိုင်လိ-“ကျုပ်ကတော့ ခြေထောက်မရှိတဲ့ လူတစ်ယောက်...”
သူတို့နှစ်ယောက်စလုံး သဘောကျစွာ ရယ်မောလိုက်ကြတော့သည်။
ရဲ့ခိုင်က ဆိတ်ဦးခေါင်းကို လက်ဖြင့် ပွတ်သပ်ပေးနေပြီး ကုန်းစွန်းတွမ့်ကိုလည်း မျက်လုံးထောင့်မှ စောင့်ကြည့်အကဲခတ်နေကာ ပြောလိုက်သည်။ “အစ်ကိုတော်ဆိတ်... အိုး... အစ်ကိုတော်ဆိတ်... ဘာဖြစ်လို့များ မတ်တတ်ရပ်နေရတာ ဒီလောက်တောင် ကြိုက်တာလဲဗျာ။”
ကုန်းစွန်းတွမ့်သည် မတ်တတ်ရပ်နေသူဖြစ်၏။ သူ့နဖူးပြင်ထက်တွင် သွေးကြောကြီးများ ထောင်ထနေကြပြီး ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်ထားသည့်လက်များက တဆတ်ဆတ်တုန်ခါနေကာ ကျယ်လောင်သောအသံကြီးဖြင့် အော်ပြောလိုက်သည်။ “မင်း ထိုင်နေပေမယ့်လည်း မင်းရဲ့ ခြေထောက်တွေကို ကျုပ်ဖြတ်နိုင်ပါသေးတယ်။”
တောက်ပသော ငွေရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး ဓားမော့တစ်လက်သည် ဓားအိမ်တွင်းမှ ရုတ်ချည်းထွက်ပေါ်လာခဲ့လေပြီ။
“ဂျွတ်...”
ရဲ့ခိုင်၏ ရှေ့တည့်တည့်ရှိနေသည့် ခိုင်ခံ့လှသော စားပွဲကြီးသည် သေသေသပ်သပ် နှစ်ပိုင်းခြမ်း ကွဲသွားခဲ့၏။ သို့သော် ရဲ့ခိုင်သည် မလှုပ်ရှားခဲ့ရုံမက မျက်တောင်ပင် မခတ်ခဲ့။
ရဲ့ခိုင်က ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။ “ခင်ဗျားရဲ့ ဓားမော့ကြီးက စားပွဲတွေကို ဖြတ်ဖို့ ဆိုတာ အခုမှပဲ သိလိုက်ရတော့တယ်။”
ကုန်းစွန်းတွမ့်သည် ကျယ်လောင်သော ဟိန်းသံကြီးထုတ်လိုက်ပြီး ဓားမော့ကို စက်ဝိုင်းသဖွယ် သူ့ဘေးပတ်လည် ဝှေ့ယမ်းနေ၏။ ရဲ့ခိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်ဓားတိမ်တိုက်ကြီး ဖုံးလွှမ်းနေခြင်းကို ခံနေရ၏။ ဓားရိပ်များထဲမှ ရဲ့ခိုင်၏ မျက်လုံးများက ငွေရောင်ဓားရိပ်များထက်ပင် စူးရှတောက်ပနေကြသေးသည်။
“ထန်း... ထန်း... ထန်း...”
မီးပွင့်မီးပွားများ အရပ်မျက်နှာတိုင်းကို ပွင့်ထွက်သွားခဲ့ပြီး ငွေရောင်ဓားမော့ကို သံချိုင်းထောက်တစ်ဘက်က ခုခံကာကွယ်လိုက်သည်။ ကျန် သံချိုင်းထောက်တစ်ဘက်မှာမူ ကြမ်းပြင်ပေါ်သို့ ၅ လက်မခန့် နစ်မြုပ်ဝင်သွားခဲ့၏။
ဓားမော့၏နောက်ကွယ်မှ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှလေသည်။ သို့သော် ရှောင်ပိုင်လိသည် ကြမ်းပြင်ပေါ်တွင် မားမားမတ်မတ်ရှိနေပြီး လက်ထဲမှ သံချိုင်းထောက်ကြီးက လွန်စွာမှပင် တည်ငြိမ်စွာရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဓားမော့မှ ထွက်လာသည့် အင်အားများက သူ့အခြားလက်တစ်ဘက်တွင် ထောက်ကိုင်ထားသည့် သံချိုင်းထောက်ကြီးဆီ ရွေ့လျားသွားခဲ့ကာ ကြမ်းပြင်ပေါ်သို့ နစ်မြုပ်ဝင်သွားခဲ့ခြင်းကြောင့်ဖြစ်၏။
ကုန်းစွန်းတွမ့်၏ မျက်နှာတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် ဖြူဖွေးသွားခဲ့သည်။ ရှောင်ပိုင်လိကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။ “ဒီကိစ္စထဲ ခင်ဗျား ဝင်ပါစရာမလိုဘူး။”
ရှောင်ပိုင်လိ-“ဒီနေရာက လူသတ်တဲ့နေရာ မဟုတ်ပါဘူး။”
ကုန်းစွန်းတွမ့်၏ လည်ပင်းကြောကြီးများ ထောင်ထွက်နေသော်လည်း လက်ထဲက ဓားမော့ကမူ တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။
သံချိုင်းထောက်သည်လည်း တည်ငြိမ်စွာရှိနေ၏။
ရုတ်တရက်... ဓားသွားဖြင့် သံချိုင်းထောက်ကို ပွတ်ဆွဲသံ ထွက်ပေါ်လာခဲ့ပြီး သံသံချင်းကြိတ်ပွတ်သံများ နားစူးလောက်အောင် ထွက်ပေါ်လာသည်။ ရှောင်ပိုင်လိ၏ ထောက်ထားသည့် သံချိုင်းထောက်ကြီးသည် ကြမ်းပြင်သို့ ပို၍ပင် နစ်ဝင်သွားခဲ့လေတော့သည်။
သို့သော် ချိုင်းထောက်ကို အားပြုရပ်ထားသည့် ရှောင်ပိုင်လိသည် မားမားမတ်မတ် တည်ငြိမ်စွာရှိနေသည်မှာ ခိုင်ခံ့လွန်းသည့် ကျောက်တောင်ကြီးတစ်တောင်အလား...။
ကုန်းစွန်းတွမ့်သည် ခြေတစ်ချက် ရုတ်တရက်ဆောင့်ထွက်သွားခဲ့ရာ ကျောက်ပြားများဖြင့် ပြုလုပ်ထားသည့် ကြမ်းပြင်တစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွသွားခဲ့၏။ ခြေလှမ်းကျဲကြီး ၂ လှမ်း လှမ်းလိုက်ပြီးသော် သူ၏ခန္ဓာကိုယ်ကြီးသည် တံခါးပေါက်မှ အပြင်ဘက်သို့ ရောက်သွားခဲ့ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ ထွက်သွားခဲ့သည်။
ရဲ့ခိုင်က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ရေရွတ်လိုက်၏။ “ဆရာရှောင့်ဆီမှာ သိပ်ကိုနက်ရှိုင်းပြီး မယုံကြည်နိုင်လောက်တဲ့ အတွင်းအား ပိုင်ဆိုင်ထားပါလားဗျာ။”
ရှောင်ပိုင်လိက ယဉ်ကျေးပြူငှာစွာ ပြန်ဖြေလိုက်သည်။ “ကျုပ်ကိုယ်ကျုပ် ရှက်လှပါရဲ့။”
ရဲ့ခိုင်က အပြုံးသဲသဲ့ဖြင့် ပြန်ပြောလိုက်သည်။ “လူတစ်ယောက်ဟာ သူ့ရဲ့အတွင်းအားတွေကို “သစ်တုံးဖမ်းယူ၊ ပန်းပွင့်ရွေ့လျော” ပညာနဲ့ လိုသလို လွှဲပြောင်းပေးနိုင်တဲ့နောက် ရှက်စရာ ဘာအကြောင်းများ ရှိသေးလို့လဲ။”
ရှောင်ပိုင်လိသည်လည်း အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။ “ညီလေးရဲ့ ရဲ့မျက်စိအမြင်ကတော့ စူးရှလွန်းလှချည်လား။”
ရဲ့ခိုင်-“ကုန်းစွန်းတွမ့်ရဲ့ မျက်စိအမြင်တွေလည်း စူးရှလွန်းပါတယ်။ မဟုတ်ရင် သူ ဘယ်ထွက်သွားပါ့မလဲ။”
ရှောင်ပိုင်လိသည် လေးလေးနက်နက် တွေးတောနေပြီး ပြန်ပြောလိုက်၏။ “သူ တကယ်သတ်ချင်တဲ့လူဟာ မင်းမဟုတ်တာကြောင့်လည်း ဖြစ်နေနိုင်တာပဲလေ။”
ရဲ့ခိုင်-“ဆရာရှောင်သာ ဝင်မပါလာခဲ့ဘူးဆိုရင် အခုချိန်လောက်ဆို ကျုပ် သေနေလောက်ပြီ။”
ရှောင်ပိုင်လိ-“ကျုပ် ဝင်မရှုပ်ခဲ့ဘူးဆိုရင် ဒီနေ့ ဒီနေရာမှာ တစ်ယောက်ယောက်တော့ သေသွားခဲ့ပြီးပြီ။ သေတဲ့လူဟာ မင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။”
ရဲ့ခိုင်-“ကျုပ် မဟုတ်ဘူးဆိုရင် ဘယ်သူများတုန်းဗျ။”
ရှောင်ပိုင်လိ-“သူပဲပေါ့ကွာ...”
ရဲ့ခိုင်-“သူက ဘာဖြစ်လို့ သေရမှာတဲ့လဲ။”
ရှောင်ပိုင်လိသည် သက်ပြင်းရှည်ကြီးချလိုက်ပြီးမှ စကားဆက်လိုက်၏။ “သူဟာ လူကြမ်းကြီးတစ်ယောက်ဆိုတာကလွဲလို့ ဘာမှမဟုတ်ပါဘူး။ ညီလေးရဲ့ ရဲ့သိုင်းပညာဟာ သူ့ထက် ၁၀ ဆမက သာလွန်တယ်ဆိုတာ သူ မသိဘူး။”
ရဲ့ခိုင် ရယ်မောနေလိုက်သည်။ ထိုစကားက ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ပျက်လုံးတစ်ခုကိုကြားလိုက်ရသလိုမျိုး ရယ်မောနေ၏။ ပြီးနောက် ရဲ့ခိုင်က ခေါင်းခါရမ်းပြီး ပြန်ပြောလိုက်သည်။ “ဆရာရှောင် အကြည့်မှားသွားပြီနဲ့တူတယ်။”
ရှောင်ပိုင်လိ-“ကျုပ်ရဲ့ ခြေနှစ်ဘက်လုံး ပြတ်နေပေမယ့် မျက်လုံးတစ်စုံလုံးကတော့ မကန်းသေးပါဘူး။ မဟုတ်ရင် ဒီပွဲမှာ ကျုပ် ဘယ်ဝင်ပါလာခဲ့ပါ့မလဲ။ ကျုပ်လက်တွေကို အသုံးမပြုခဲ့တာ ၁၀ နှစ်မကတော့ဘူး။”
ရဲ့ခိုင်က ဆက်ပြောလာမည့် သူ့စကားများကို စောင့်ပြီးနားထောင်နေလိုက်သည်။
ရှောင်ပိုင်လိ-“မင်းလောက် ပညာရည်ပြည့်ဝတဲ့ လူငယ်လူရွယ်တစ်ယောက်ကို ကျုပ် ဒီမှာ နေခဲ့တဲ့ကာလတစ်လျှောက်လုံး တစ်ယောက်မှ မတွေ့ခဲ့ဖူးဘူး။ မင်းရဲ့သိုင်းပညာက သိပ်ကိုနက်ရှိုင်းလွန်းပြီး ကြောက်စရာကောင်းနေရုံမကသေးဘူး... မင်းရဲ့ ဇစ်မြစ်ကိုလည်း ဘယ်သူမှ မသိနိုင်ဘူးဆိုတော့...”
သူ့စကားသံများ ရုတ်တရက် ပြတ်တောင်းသွားခဲ့သည်မှာ ရဲ့ခိုင်ကို ဖြေရှင်းချက် ပေးရန် စောင့်ဆိုင်းနေခဲ့သည့်အလား...။
ရဲ့ခိုင်-“ဒါနဲ့ပဲ ဘာဖြစ်သွားသေးလဲ...”
ရှောင်ပိုင်လိ-“မိတ်ဆွေအပေါင်းအသင်းမရှိ၊ ဆွေမျိုးမဲ့တစ်ကောက်ကြွက်... ကျုပ်လို ဒုက္ခိတတစ်ယောက်အတွက် နယ်ခြားမြို့လေးမှာ ရှင်သန်နေရတာ ခက်ခဲလွန်းလှပါတယ်။ ဒါပေမဲ့ ညီလေးရဲ့လို မိတ်ဆွေတစ်ယောက်ကို ရရှိထားမယ်ဆိုရင်တော့...”
ရဲ့ခိုင်က ချက်ချင်းပင် သူ့ကို စကားဖြတ်ပြောလိုက်၏။ “ကျုပ်လိုလူတစ်ယောက်ကို မိတ်ဆွေတော်မယ်ဆိုရင်တော့ နောင်ဆိုရင် ခင်ဗျားရဲ့ ဒုက္ခတွေ အများကြီးဖြစ်လာလိမ့်မယ်နော်။”
ရှောင်ပိုင်လိ ပြုံးနေလိုက်ပြီး ပြန်ဖြေလိုက်၏။ “ကျုပ်ဆိုတဲ့လူက ဒုက္ခဆိုတာကို ဂရုမစိုက်ဘူးဆိုရင်ကော...”
ရဲ့ခိုင်-“ဒါဆိုရင် ကျုပ်တို့တတွေဟာ မိတ်ဆွေတွေပဲပေါ့။”
ရှောင်ပိုင်လိ၏ မျက်နှာတစ်ခုလုံး လင်းဝင်းသွားခဲ့ပြီး အပြုံးကြီးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ “ဒါဆိုရင်လည်း အရက်သောက်ရအောင် ဒီဘက်ကို ကျေးဇူးပြုပြီး လာခဲ့ပါလား။”
ရဲ့ခိုင်-“ခင်ဗျား မဖိတ်ခေါ်လည်း ကျုပ်ကတော့ သောက်မှာပဲ။”
+++++
လမ်းမပေါ် မြင်းစီးလာသူတစ်ယောက်သည် ရုတ်တရက်ဆိုသလို ကြီးမားသည့်လက်များဖြင့် ဖမ်းဆုပ် ပေါက်ကိုင်ခံလိုက်ရပြီး မြေကြီးပေါ်သို့ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့၏။ မြင်းပေါ်မှ ပြုတ်ကျလာသူက စိတ်ဆိုးဒေါသထွက်စွာဖြင့် အော်ပြောလိုက်ရန် ဟန်ပြင်လိုက်သော်လည်း ပြန်မျိုသိပ်ထားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို မြင်းပေါ်မှ ဆွဲချခဲ့သူမှာ ကုန်းစွန်းတွမ့်ဖြစ်နေကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်၏။ ကုန်းစွန်းတွမ့်၏ အမူအရာများက ကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေလေသည်။ သူ စိတ်ဆိုးဒေါသထွက်နေချိန်ဆိုလျှင် ကုန်းစွန်းတွမ့်ကို မည်သူမှ မတားဆီးရဲပါ။
ကုန်းစွန်းတွမ့်သည် ထိုသူ၏ မြင်းပေါ်ခုန်တက်သွားခဲ့ပြီး တဟုန်ထိုး ဒုန်းစိုင်းစီးထွက်သွားခဲ့၏။ သူ့မြင်း ဘယ်ရောက်နေပါသနည်း...။
ကုန်းစွန်းတွမ့်၏ မြင်းသည် မြက်ရိုင်းပင်များပြည့်နှက်နေသည့် လွင်ပြင်ကြီးအတွင်း ရိုင်းစိုင်းစွာ ကဆုန်ပေါက်နေ၏။ မြင်းကျောကုန်းထက်တွင် စီးနင်းလာသူမှာ ဖူဟောင်ရွှယ် ဖြစ်နေလေသည်။
တံခါးပေါက်ဝမှ ပြေးထွက်လာပြီးပြီးချင်း သူ ပထမဦးဆုံး လုပ်ခဲ့သည့်အလုပ်မှာ ဤမြင်းပေါ်သို့ ခုန်တက်ခဲ့ခြင်းပင်ဖြစ်သည်။ ဓားအိမ်ပြားနှင့် မြင်းကိုရိုက်လိုက်၏၊ ပြင်းပြင်းထန်ထန် ရိုက်ခဲ့၏။ မြင်းကို ကုန်းစွန်းတွမ့် အမှတ်ဖြင့် ကောင်းကောင်းကြီး လက်စားချေခဲ့၏။
သူ့စိတ်များ ထွက်ပေါက်ပေးရန်လိုအပ်နေသည်... သို့မဟုတ်ပါက သူ ကိုယ်တိုင် ရူးသွပ်သွားနိုင်၏။
မြင်းသည်လည်း ရူးသွပ်စွာပင် ကဆုန်ပေါက်ပြေးနေ၏။ လမ်းများပေါ်မှတဆင့် မြက်ရိုင်းတောကြီးထဲသို့... နေဝင်ချိန်မှ နေထွက်ချိန်ထိ အဆုံးမရှိသော၊ ကျယ်ပြောလှသော လွင်ပြင်ကြီးထဲတွင် ကဆုန်ဆိုင်းနေသည်။
ကောင်းကင်ပေါ်တွင် ကြယ်ကလေးများပင် မထွက်ပေါ်လာသေး။ ဖူဟောင်ရွှယ်အတွက် ကြယ်များ မထွက်ပေါ်လာလေ ကောင်းလေဖြစ်၏။ လမရှိလျှင် ကောင်း၏။ အမှောင်ထုကြီးကိုသာ သူ မက်မောနေမိသည်မဟုတ်ပါလား။
အေးစိမ့်သောလေများက သူ့မျက်နှာသို့ သဲမှုန်များနှင့်အတူ ဖြတ်တိုက်လာသည်။ သို့သော် သူ မရှောင်တိမ်းခဲ့ပါ။ ကြိုပင် ကြိုဆိုလိုက်သေး၏။ ဤမျှလောက် နာကျည်းကြေကွဲစရာကောင်းလှသည့် ခံစားမှုများကို ခံစားခဲ့ပြီးသည့်နောက် မည်သည့်အရာကိုများ မခံစားနိုင်ရပါဦးမည်နည်း။
ဖူဟောင်ရွှယ် အံကြိတ်လိုက်သည်။ သူ့နှုတ်ခမ်းများတွင် သွေးစသွေးနများ စွန်းထင်လာသည်။ သွေးစများက ခါးသီးလှ၏။ ခါးသီးသလို ငံကျွိကျွိလည်းဖြစ်နေသည်။
ရုတ်တရက်... ကောင်းကင်တစ်ခုလုံး လင်းလက်တောက်ပသွားသည်။
ကြယ်များကြောင့်တော့မဟုတ်။ မြင်းတစ်သောင်းဌာနကြီး၏ ခေါင်တိုင်အလံကြီးပေါ်တွင် ရှိနေသည့် ကြီးမားလှသော မီးအိမ်ကြီးမှ အလင်းရောင်များဖြစ်သည်။ ကြယ်များထက်ပင် လင်းလက်တောက်ပနေသေးတော့သည်။
ကြယ်ဆိုသည့်အရာများသည် တဖြည်းဖြည်း ဝေးကွာသွားမည်ဖြစ်သည်။ သို့သော် အလင်းရောင်ဆိုသည့်အရာ ကျတော့ရော...။
ဖူဟောင်ရွှယ်သည် မြင်းလည်ဆံမွှေးများကို ဆုပ်ကိုင်ထားပြီး မြင်း၏နားရွက်ကို ဓားအိမ်ပြားဖြင့် ရိုက်နှက်လိုက်သည်။ သူ့စိတ်များ ထွက်ပေါက်ပေးရန် လိုအပ်နေလေသည်။ လျင်မြန်မှုအဟုန်ဆိုသည်မှာ အလွန်ကောင်းသည့် စိတ်ထွက်ပေါက်တစ်ခုဖြစ်သည်။ သို့သော် မြင်းကြီးသည် ရှည်လျားသည့် ဟီသံကြီးနှင့်အတူ အရှေ့ခြေနှစ်ချောင်း ခွေခေါက် လဲကျသွားခဲ့၏။
မြင်းပေါ်ရှိ ဖူဟောင်ရွှယ်သည်လည်း ပစ်ပေါက်ခံလိုက်ရသလို လွင့်ထွက်သွားခဲ့သည်။ မြေကြီးပေါ်တွင် မြက်များမရှိနေပါ။ သဲများသာ ရှိနေကြ၏။ ကျောက်သဲမှုန်များက သူ့မျက်နှာကို ပွတ်ဖြတ်သွားခဲ့ရာ သွေးများ အစင်းကြောင်းများစွာ ထွက်ပေါ်လာပြီး ထိုနေရာများမှ သွေးစများလည်း ထွက်လာခဲ့ကြ၏။
သူ့စိတ်များလည်း သွေးစွန်းနေပြီဖြစ်သည်။
သည်းငြင်းခံခြင်း...
သည်းငြင်းခံခြင်း...
သူ ဘယ်လောက်ကြာကြာ သည်းငြင်းခံခဲ့ပြီးပြီနည်း။ မည်မျှကြာကြာ ထပ်ပြီး သည်းငြင်းခံရဦးမည်နည်း။
သူ၏ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော နာကျင်မှု၊ ကြေကွဲမှု၊ ဒုက္ခခံစားရမှုများကို မည်သူကများ စာနာနားလည်ပေးနိုင်ပါမည်နည်း။
ကောင်းကင်ယံတွင် ကြယ်များ လင်းလက်လာပြီဖြစ်သည်။
ကြယ်ရောင်အောက်တွင် မြင်းတစ်ကောင်သည် သူရှိနေရာသို့ ကဆုန်ပေါက် ပြေးလွှားလာနေ၏။ မြင်းစီးလာသူ၏ မျက်ဝန်းများက ကြယ်များလိုပင် တောက်ပကြည်လဲ့နေကြသည်။ မြင်းပေါ် ချိတ်ဆွဲထားသည့် ခြူသံများကလည်း သာယာနာပျော်ဖွယ်ကောင်းလှစွာ ညံနေကြသည်။
မားဖန်းလင်...
သူမထံတွင် အချိုသာဆုံးသော အပြုံးများ ဆင်မြန်းထားပြီး မျက်ဝန်းများတွင် အပြီးပြည့်စုံဆုံးသော ပျော်ရွှင်မှုများ စိမ့်ဝင်နေကြ၏။ သူမကို ကြည့်ရသည်မှာ ယခင်ကထက်ပင် ပို၍လှပချောမောနေသည်ဟု ထင်ရသည်။ ထိုအရာများသည် ကြယ်များ၏ တောက်ပလင်းလက်မှုများကြောင့်မဟုတ်သလို ညခင်းလေး၏ ချစ်စဖွယ်ကောင်းသည့် ဆွဲဆောင်မှုများကြောင့်လည်းမဟုတ်။ သူမ၏ခံစားမှုများမှာ အချစ်စိတ်များ ယိုဖိတ်စီးဆင်းနေရာမှ ထွက်ပေါ်လာသည့် ပျော်ရွှင်ကြည်နူးမှုများသာဖြစ်သည်။
အချစ်ဆိုသည့်အရာသည် သာမန်ရွက်ကြမ်းရည်ကျိုလောက်သာ ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက်ကို ဆွဲဆောင်မှုအားကောင်းသည့် မိန်းမပျိုလေးတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သလို အရုပ်အဆိုးဆုံး မိန်းမများကိုလည်း ချောမောလှပလာစေ၏။
“သူ ငါ့ကို စောင့်နေမှာသေချာတယ်။ မမျှော်လင့်ဘဲ ငါ့ကို တွေ့လိုက်ရင်... သူ သိပ်ပျော်သွားမှာပဲ”
သူမ အပြင်သို့ လုံးဝမထွက်လာခဲ့သင့်ပါ။ သို့သော် အချစ်စိတ်ကြောင့် သတ္တိများရှိလာရ၏။ သတ္တိကြောင့် ကြောက်ရွံ့စိတ်များ ကွယ်ပျောက်ကုန်ကြရသည်။
သူ့ကို တွေ့ချင်စိတ်တစ်ခုတည်းသာ သူမထံ၌ ရှိနေသည်။ သူ့ကို တစ်ခါလေး တွေ့လိုက်ရလျှင်ပင် မည်သည့်အရာမျှ သူမအတွက် အရေးမကြီးတော့ပါ။
လေက အေးစိမ့်နေပြီး ဓားသွားတစ်လက်လို ရှတတ ဖြတ်တိုက်လာသည်။ သို့သော် သူမအတွက်တော့ အေးစိမ့်နေသော လေများကပင် နွေးထွေးမှုကို ဆောင်ကြဉ်းပေးလာသလို ခံစားနေရ၏။ ထိုအချိန်လေးမှာပင် လေထုထဲမှ ပျံ့လွင့်လာခဲ့သည့် ရှိုက်သံသဲ့သဲ့ကို သူမ ကြားလိုက်ရခြင်းဖြစ်သည်။
ဤသို့သော လွင်ပြင်ရိုင်းကြီးထဲတွင် မည်သူကများ ငိုကြွေးနေပါသနည်း...။
သူမသည် ကျော်လွန်သွားခဲ့ပြီးဖြစ်သော်လည်း ပြန်လှည့်ရန် ဆုံးဖြတ်လိုက်သည်။ အချစ်စိတ်ကြောင့် သူမပို၍လှပချောမောလာရုံမကသေး... သူမ၏ စိတ်ထားလေးသည်လည်း ချောမောလှပလာလေသည်။ သူမသည် အလွန်တရာ သနားကြင်နာတတ်သော၊ နူးညံ့သိမ်မွေ့သော၊ စာနာနားလည်တတ်သော၊ ကျေးဇူးသိတတ်သော မိန်းမပျိုလေးတစ်ယောက်အဖြစ်သို့ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့လေသည်။
အမောဆို့ပြီး လဲကျနေသည့် မြင်းကြီးတစ်ကောင်ကို သူမ တွေ့သွား၏။ ပြီးနောက် ဘေးတွင်လဲကျနေသည့် ဖူဟောင်ရွှယ်ကိုလည်း သတိထားမိသွားသည်။
ဖူဟောင်ရွှယ်သည် မြေကြီးပေါ်တွင် ကောက်ကွေးစွာရှိနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွက်သွက်ခါအောင် တုန်ရီနေကြသည်။ သူမ၏ မြင်းခွာသံ နီးကပ်လာခြင်းကိုလည်းကောင်း၊ မြင်းကို ရပ်တန့်လိုက်ပြီး သူမ မြင်းပေါ်မှ ဆင်းလာသည့် ခြေသံများကိုလည်းကောင်း ဖူဟောင်ရွှယ် ကြားပုံမရ။
သူသည် ဖော်မပြနိုင်လောက်သော နာကျင်မှုကို ကြိတ်မှိတ်ခံနေရခြင်းဖြစ်သလို မမှန်းဆနိုင်သည့် နှိပ်စက်မှုများကိုလည်း သည်းခံနေရပုံရှိသည်။
ကြယ်ရောင်အောက်တွင် သူ့မျက်နှာတစ်ခုလုံး ဖြူဖွေးသည်ထက် ပို၍ဖြူဖွေးလာနေသည်။ သွေးများဖြင့် ရောနှောနေသည့် မျက်ရည်စများက သူ့မျက်နှာပေါ်တွင် အစက်လိုက် အစက်လိုက် ရှိနေကြသည်။
သူ့မျက်နှာကို ယခုမှပင် မားဖန်းလင် ရှင်းလင်းပြတ်သားစွာ တွေ့မြင်လိုက်ရ၏။ “အိုး... ရှင်ကိုး...”
ဤလျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည့် လူငယ်လေး၊ သူ့၏မျက်နှာပေါ်တွင် ကျာပွတ်အရှိုးရာတစ်ခု သူမချန်ထားပေးခြင်းခံခဲ့ရသည့် ဤလူငယ်လေးကို သူမ မှတ်မိလိုက်၏။
ဖူဟောင်ရွှယ်သည်လည်း သူမကို တွေ့မြင်သွားခဲ့သည်။ သူ့အကြည့်များက မှုန်ဝါးဝါးဖြစ်နေကြပြီး ဝေခွဲမရဟန်များလည်း ရှိနေကြသည်။ တောရိုင်းထဲတွင် ကျက်စားနေသည့် မြင်းရိုင်းတစ်ကောင်၏ အကြည့်များလိုဖြစ်၏။ သူ့ထံတွင် ရှိနေသော အားကုန်အင်ကုန် အသုံးပြုပြီး ထရပ်လိုက်ရန် ကြိုးစားလိုက်သော်လည်း ပြန်လဲကျသွားပြန်သည်။ မမြင်ရသည့် လက်တစ်ဘက်၏ ဖိနှိပ်ချခြင်းကို ခံနေရသူတစ်ယောက်လိုဖြစ်သည်။
“ရှင် နေမကောင်းဘူးလား။” မားဖန်းလင်က မျက်ခုံးများ ပင့်တင်ပြီး မေးမြန်းလိုက်၏။
ဖူဟောင်ရွှယ် အံကြိတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှ ခပ်ဖြူဖြူအမြှုပ်များ ထွက်ပေါ်လာခဲ့သည်မှာ သေပြီးစ မြင်းတစ်ကောင်၏ ပါးစပ်မှ ထွက်ပေါ်လာတတ်သည့်အရာများလိုဖြစ်သည်။ သူ တကယ်ပင် နေမကောင်းဖြစ်နေခြင်းတည်း။
ဤရောဂါဝေဒနာသည် သူ့ကို ခြောက်လှန့်နေခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်သည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သည့် အတိုင်းအတာတစ်ခု ကျော်လွန်သွားတိုင်း ဤရောဂါဝေဒနာက ထကြွသောင်းကျန်းလာတတ်၏။
သူ ဤသို့ ခံစားနေရသည်ကို မည်သူတစ်ဦးတစ်ယောက် တွေ့မြင်သွားမည်ကိုမှ မလိုလားပါ။ သူ့အသက်သာ အသေခံသွားမည်၊ ငရဲကြီးရှစ်ထပ်ကိုသာ သူ ခုန်ဆင်းသွားမည်၊ ဤသို့ နေမကောင်းဖြစ်နေသည်ကိုတော့ အမြင်မခံနိုင်။ သို့သော် ယခုတော့ သူဘာများ တတ်နိုင်ပါဦးမည်နည်း။
ဖူဟောင်ရွှယ်သည် အံတင်းတင်းကြိတ်ထားပြီး သူ့ကိုယ်သူ ဓားအိမ်ပြားဖြင့် ရိုက်နှက်နေ၏။ သူ့ကိုယ်သူ မုန်းသည်။ သူလို သန်စွမ်းကြံ့ခိုင်သူတစ်ယောက်၊ မာနကြီးလွန်းသူတစ်ယောက်ကိုမှ ဘာကြောင့်များ ကံတရားက ဤသို့ ကြောက်မက်ဖွယ်ကောင်းလှသော ရောဂါဝေဒနာကြီးကို ပေးခဲ့ရပါသနည်း။ မည်မျှလောက်တောင် ကံဆိုးလှသည့် ပြစ်ဒဏ်ခတ်မှု ဖြစ်နေပါသနည်း။
သူ့ ရောဂါဝေဒနာကို မားဖန်းလင် နားလည်သွားသည်။ သက်ပြင်းချပြီး နူးညံ့ချိုသာစွာ မေးမြန်းလိုက်၏။ “ရှင့်ကိုယ်ရှင် ဘာဖြစ်လို့များ ရိုက်နှက် ညှင်းပမ်းနေဦးမှာလဲရှင်။ ဒီလိုဝေဒနာမျိုးက အသက်ပါနိုင်လောက်အောင် မကြီးကျယ်ပါဘူး... မကြာခင်မှာပဲ...”
ရုတ်တရက်... ဖူဟောင်ရွှယ်သည် ရှိသမျှအင်အားကို အစွမ်းကုန်ထုတ်သုံးပြီး ဓားမော့ကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် အာခေါင်ခြစ်သံကြီးဖြင့် အော်ပြောလိုက်၏။ “ထွက်သွားစမ်း... မဟုတ်ရင် ငါ လူသတ်မိလိမ့်မယ်။”
ဤတစ်ကြိမ်သည် သူ့ထံမှ ပထမဦးဆုံးသော ဓားမော့ဆွဲထုတ်ခဲ့မှုဖြစ်သည်။ ကောင်းမွန်သေသပ်လှသည့် ဓားမော့တစ်လက်ဖြစ်လေသည်။
ဓားပြား၏ကိုယ်ထည်မှ သွေးစွန်းနေသည့် သူ့မျက်နှာကို ရောင်ပြန်ဟပ်နေသည်။ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်တွင်းမှ သူ့ပုံသည် ရူးသွပ်နေသူတစ်ယောက်လိုဖြစ်နေပြီး သွေးဆာနေသည့် ကြောက်စရာ သတ္တဝါတစ်ကောင်လိုလည်း ဖြစ်နေ၏။
မားဖန်းလင်သည် အနောက်သို့ ခြေလှမ်း ၂ လှမ်းခန့် ဆုတ်သွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာများ တမဟုတ်ချင်း ထွက်ပေါ်လာခဲ့တော့၏။ သူမသည် ထွက်ပြေးသွားချင်နေသော်လည်း ဖူဟောင်ရွှယ်၏ ခြေထောက်များက ပျော့ခွေသွားခဲ့ကာ လူသည်လည်း မြေကြီးပေါ်သို့ အထိန်းအကွပ်မရှိ ရုပ်ကြိုးပြတ် လဲကျသွားခဲ့တော့သည်။ မြေကြီးပေါ်တွင် လူးလှိမ့်နေသည့် ဖူဟောင်ရွှယ်ကို ကြည့်ရသည်မှာ ရေခဲမြစ်တွင်း ကျရောက်သွားခဲ့သည့် မြင်းတစ်ကောင်လို မျှော်လင့်ချက်မဲ့၊ အကူအညီမဲ့၊ အထီးကျန်နေ၏။
ဓားမော့သည် သူ့ထက်ထဲတွင် ရှိနေဆဲဖြစ်ပြီး ဓားအိမ်မှ ဆွဲထုတ်ကိုင်ဆောင်ထားခြင်းလည်းဖြစ်၏။
ရုတ်တရက်... သူ့လက်တစ်ဘက်ကို လှည့်ပြီး ဓားဖျားဖြင့် ပေါင်ပေါ်သို့ ထိုးစိုက်လိုက်သည်။ ဓားသွားတလျှောက် သွေးများ ယိုစီးကျလာနေ၏။ သူ၏ တွန့်လိမ်ကောက်ကွေးနေမှုများသည်လည်း တဖြည်းဖြည်း လျော့ကျသွားတော့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါနေဆဲဖြစ်သည်။ တဆတ်ဆတ်တုန်ခါနေမှုကြောင့် မြေကြီးပေါ်တွင် ဘော်လုံးတစ်လုံးလို လူးလှိမ့်နေရ၏။ သူ့ကို ကြည့်ရသည်မှာ ကြောက်ရွံ့ထိတ်လန့်နေရသည့် ကလေးတစ်ယောက်လိုဖြစ်သည်။
မားဖန်းလင်၏ မျက်ဝန်းများထဲမှ ကြောက်ရွံ့ထိတ်လန့်နေမှုများသည် သနားကြင်နာသော၊ ကိုယ်ချင်းစာစိတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏။
ဤမျှ အေးစိမ့်နေသော၊ လွင်တီးခေါင်ကြီးထဲရှိ ပီဘိ ကလေးတစ်ယောက်လို...
သူမ စိတ်မသက်သာစွာ သက်ပြင်းချလိုက်ပြီး ထိုနေရာသို့ လျှောက်သွားလိုက်ကာ ဖူဟောင်ရွှယ်၏ ဦးခေါင်းကို ဖေးမထားပေးရင်း တိုးတိုးလေး ပြောဆိုလိုက်၏။ “ဒါ ရှင့်ရဲ့အပြစ်တွေမှ မဟုတ်တာ... ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို နှိပ်စက်ညှင်းပမ်းနေရတာလဲရှင်...”
သူမ၏လေသံလေးက နူးညံ့ချိုသာစွာ၊ သနားကြင်နာစွာ ထွက်ပေါ်လာသည်မှာ အလွန်ဂရုစိုက်သည့် မိခင်တစ်ယောက်၏လေသံမျိုးဖြစ်နေသည်။ သူမလို ကျားရဲမလေးတစ်ယောက်ထံတွင် မိခင်တစ်ယောက်၏ စိတ်ဓာတ်များ ခိုအောင်းလာခဲ့ချေပြီ။
ဖူဟောင်ရွှယ် မျက်ရည်တောက်တောက် ကျနေရပေပြီ။ သူ့ကိုယ်သူ မည်မျှပင် သန်စွမ်းသည်၊ မာနကြီးသည်ဆိုစေ... ဤအချိန်လေး၏ ထိတွေ့ယုယမှုများက သူ့ကို ဖမ်းစားသွားခဲ့ချေပြီ။
“ငါကိုယ်တိုင်ကိုက မှားခဲ့သူပါ။ ငါ့ကို မမွေးခဲ့သင့်ဘူး။ ဒီလောကကြီးထဲမှာ ငါ လုံးဝရှိမနေသင့်ဘူး။” ဖူဟောင်ရွှယ် နာနာကျည်းကျည်း ရေရွတ်လိုက်သည်။ သူ့အသံက လွန်စွာနောင်တရနေပြီး မျှော်လင့်ချက် ကင်းမဲ့နေသံ ပေါက်နေ၏။
မားဖန်းလင်၏ ရင်ဘတ်ထဲတွင် စူးခနဲတစ်ချက် ခံစားလိုက်ရသည်။ သနားကြင်နာစိတ်နှင့် ကိုယ်ချင်းစာစိတ်များက အပ်ဖျားလေးတစ်ချောင်းနှင့် ထိုးဆွနေသလို ခံစားနေရ၏။ သူမသည် စိတ်မထိန်းထားနိုင်တော့ဘဲ ဖူဟောင်ရွှယ်ကို လက်များဖြင့် သိုင်းဖက်ထားလိုက်တော့၏။ သူမ၏ ရင်မွှာများနှင့် နီးကပ်စွာ သိုင်းဖက်ထားပြီး နူးညံ့စွာ တီးတိုးလေး ပြောနေလိုက်သည်။ “ရှင့်ကိုယ်ရှင် ဒီလောက်ကြီး မပြောပါနဲ့လားရှင်... မကြာခင်မှာ ရှင် ပြန်ကောင်းသွားမှာပါ...”
သူမ၏စကားကို အဆုံးထိအောင်ပင် မပြောလိုက်ရသေး... သူမ၏ပါးပြင်ပေါ်မှ မျက်ရည်စများ လိမ့်ဆင်းလာလေတော့သည်။
လေက တဝီးဝီးတိုက်နေပြီး လွင်ပြင်ကြီးတစ်ခုလုံး တဝီးဝီးဖြစ်နေ၏။ သူတို့ဝန်းကျင်ကို ခြုံလွှမ်းထားသည့် ကျယ်ပြောလှသော လွင်ပြင်ကြီးရှိ မြက်ရိုင်းပင်များက ပင်လယ်လှိုင်းလုံးများလို တလိမ့်ပြီးတလိမ့် လိမ့်တက်နေကြသည်။ လွင်ပြင်တွင်း နည်းနည်းလေးလမ်းမှားသွားသည်နှင့် ပျောက်ကွယ်သွားနိုင်လေသည်။ လူသားတို့၏ ခံစားချက်များက ပင်လယ်လှိုင်းလုံးများထက် ပို၍ကြောက်စရာမကောင်းပေဘူးလား... ပို၍ အန္တရာယ်ကြီးမနေဘူးလား...
ဖူဟောင်ရွှယ်သည် တုန်ခါနေမှုများ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သို့သော် သူ့အသက်ရှုသံက ပို၍မြန်ဆန်လာ၏။ သူမ၏ အဝတ်အစားများကို သူ၏ နွေးထွေးလှသည့် ထွက်သက်များ ထိခတ်နေကြောင်း မားဖန်းလင် ခံစားနေရသည်။ သူမ၏ရင်ဘတ်တစ်ခုလုံး ပူနွေးလာလေတော့သည်။
ကိုယ်ကျိုးလုံးဝမဖက်သည့် သနားကြင်နာမှု၊ စာနာစိတ်များကြောင့် သူမ၏ ရင်ခွင်တွင်းရှိနေသူသည် ယောက်ျားတစ်ဦးဖြစ်နေမှန်း မားဖန်းလင် လုံးဝမေ့ပျောက်သွားသည်။ ဤမြင်ကွင်းသည် အကြီးကျယ်ဆုံးသော စာနာသနားကြင်နာစွာ လူမှုဝန်ထမ်းလုပ်မှုဟု ပြော၍ရပြီး မြင်တွေ့ရသည့်လူတိုင်းကို အရာများစွာအား မေ့ပျောက်သွားစေနိုင်၏။ သို့သော် ယခုအချိန်တွင်မူ သူမ၏ရင်တွင်း၌ အခြားခံစားချက်တစ်ခု ဝင်ရောက်လာခဲ့လေပြီ။ ထိုခံစားချက်က အင်အားကြီးပြင်းထန်လွန်းလှပြီး ရင်ခွင်တွင်းမှ ဖူဟောင်ရွှယ်ကို တွန်းဖယ်ပစ်လိုက်ချင်နေသော်လည်း မဖယ်ရက်နိုင်ဖြစ်နေပြန်၏။
ဖူဟောင်ရွှယ်က ရုတ်တရက် မေးမြန်းလိုက်သည်။ “မင်း ဘယ်သူလဲ...”
“ကျမ မျိုးရိုးနာမည်က မား...” သူမ၏ပြန်ဖြေသံ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရင်ခွင်တွင်းမှ ဖူဟောင်ရွှယ်၏ အသက်ရှုသံများ ရပ်တန့်သွားခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ဘာဖြစ်သွားမှန်းကို ယခုအချိန်ထိ သူမ မစဉ်းစားနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် လက်စားခြေမှု၏ အင်အားကြီးမားပြင်းထန်ပုံကို သူမ မခံစားခဲ့ဖူးသောကြောင့်ဖြစ်သည်။ လက်စားခြေလိုသည့် ဆန္ဒများက ချစ်ခြင်းမေတ္တာတရားကိုပင် ကျော်လွန်ဥပက္ခာပြုသွားခဲ့လေပြီ။
အဘယ်ကြောင့်ဆိုသော် အချစ်ဆိုသည်မှာ နွေဦးတွင် တိုက်ခတ်လာတတ်သည့် လေပြေညင်းလေးများလိုဖြစ်ပြီး လက်စားချေမှုရန်ငြိုးကတော့ တစ်ချက်တည်းဖြင့် ဝိညာဉ်များထိတိုင် ထိုးဖောက်ဝင်ရောက်သွားနိုင်သောကြောင့် ဖြစ်လေသည်။
ဖူဟောင်ရွှယ် ဘာမှ ထပ်မမေးတော့ပါ။ ရုတ်တရက် သူမကို ဖမ်းချုပ်ထားပြီး သူမ၏ အဝတ်အစားများကို ဆွဲဖြဲနေလိုက်သည်။
ဤအပြောင်းအလဲက လွန်စွာလျင်မြန်လှသည်။ ကြောက်စရာလည်း အင်မတန်ကောင်း၏။ မားဖန်းလင်သည် တုန်လှုပ်ထိတ်လန့်လွန်းသဖြင့် မခုခံ၊ မကာကွယ်၊ မရှောင်တိမ်းနိုင်လောက်အောင်ပင် ကြက်သေသေနေရသည်။
ဖူဟောင်ရွှယ်၏ ရေခဲလို အေးစက်နေသည့် လက်ဝါးများက သူမ၏ နူးညံ့သိမ်မွေ့လှသည့် ရင်သားနှစ်မွှာပေါ်တွင် ကြမ်းတမ်းစွာ ဖျစ်ညှစ်ဆုပ်ကိုင်ထားကြသည်။
ထို ထူးဆန်းလွန်းသော ခံစားမှုက ဓားသွားတစ်လက်လို ထက်မြည့်လှသည်။ မားဖန်းလင်၏ နှလုံးသားတစ်ခုလုံး လှီးဖြတ်ခံလိုက်ရသလို စူးခနဲဖြစ်သွားခဲ့သည်။ သူမသည် ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ရှက်ဒေါသထွက်ခြင်များကို တစ်ချိန်ထဲမှာပင် ပွက်ပွက်ဆူအောင် ခံစားနေရ၏။
သူမသည် ကုန်းရုန်းထခဲ့ပြီး ဖူဟောင်ရွှယ်၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ဖူဟောင်ရွှယ်သည် ရှောင်တိမ်းရန် လုံးဝမကြိုးစားခဲ့ဘဲ သူ့လက်များက သူမ၏ ရင်သားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲရှိနေကြ၏။
သူမသည် နာကျင်လွန်းသောကြောင့် မျက်ရည်ပေါက်ပေါက် ကျလာခဲ့ပြီး လက်သီးကို ဆုပ်ထားကာ ဖူဟောင်ရွှယ်၏ နှာနုကို ထိုးထည့်လိုက်ပြန်သည်။ ဖူဟောင်ရွှယ်၏ လက်တစ်ဘက်က လွတ်သွားခဲ့ပြီး သူမ၏လက်သီးကို ဖမ်းချုပ်ထားလိုက်ပြန်သည်။ သူမ၏ ရင်သားများက အဝတ်ထဲမှ ပြူထွက်လာခဲ့ကြပြီး အေးစိမ့်စွာ တိုက်ခတ်လာသည့် လေပြင်းရှေ့တွင် ဗလာချည် ဖြစ်နေရသည်။
ဖူဟောင်ရွှယ်၏ မျက်လုံးများက သွေးရောင်နီရဲနေကြပြီး ခန္ဓာကိုယ်သည်လည်း သူမအပေါ်သို့ တက်ခွထားသည်။ သူမသည် ဒူးတစ်ဘက်ကို ပင့်တင်ပြီး ဖူဟောင်ရွှယ်ကို တိုက်လိုက်ပြန်၏။ ဘာကြောင့်မှန်းတော့မသိ... သူတို့နှစ်ယောက်စလုံး မည်သည့်စကားမှ မပြောခဲ့ကြ။ သူတို့နှစ်ယောက်စလုံး အော်ဟစ်ဆူညံနေခြင်းများ မရှိကြ။ ဤလိုအချိန်မျိုးတွင် အော်ဟစ်နေပါကလည်း အချည်းနှီးသာ။
သူတို့နှစ်ယောက်စလုံးသည် မြေပြင်ပေါ်တွင် တိရိစ္ဆာန်များလို လုံးထွေးသတ်ပုတ်နေကြပြီး အဝတ်ဆွဲဖြဲသံများ၊ ညည်းတွားသံများ ထွက်ပေါ်နေကြကာ တစ်ယောက်နှင့်တစ်ယောက် ပါးစပ်များနှင့်လည်း ကိုက်နေကြ၏။ သူမ၏ ခန္ဓာကိုယ်မှ အသားစိုင်များက ပို၍ပို၍ပင် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ကြသည်။
သူမသည် ရုန်းကန်တွန်းထိုးပြီး လွတ်မြောက်ရန်ကြိုးစားနေသည်မှာ ရူးသွပ်လုအဆင့်နီးပါးသို့ ရောက်ရှိလာပြီဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ အသက်ရှုသံများ တိုးညင်းသွားခဲ့တော့သည်။
သူမက ရုတ်တရက် အော်ဟစ်မေးမြန်းလိုက်၏။ “လွှတ်စမ်း... ကျမကို လွှတ်လိုက်စမ်း... ကျမကို ဘာဖြစ်လို့ ဒီလိုဆက်ဆံနေရတာလဲ... ဘာဖြစ်လို့လဲ...” သူမ၏စိတ်ထဲတွင် သူမကို မည်သူမှ လာရောက်ကယ်တင်လိမ့်မည်မဟုတ်မှန်း သိနေ၏။ ဖူဟောင်ရွှယ်သည်လည်း သူမကို ဘယ်နည်းနှင့်မှ အလွတ်မပေးနိုင်မှန်းလည်း သိနေပြန်သည်။ သူမအတွက် ဆုတောင်းရုံမှတပါး ဘာမှ မတတ်နိုင်တော့ချေ။
ဖူဟောင်ရွှယ်သည် မောဟိုက်နေသည့်လေသံကြီးဖြင့်-“ဒါ မင်းလိုချင်နေခဲ့တာပဲလေ... မင်းလိုချင်နေခဲ့တာ ငါသိပါတယ်...”
မားဖန်းလင်ထံတွင် မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုစကားများကို ကြားလိုက်ရပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားများကို စုစည်းလိုက်ပြီး ဖူဟောင်ရွှယ်၏ ပခုံးတစ်ဘက်ကို မလွတ်တမ်း ကိုက်ခဲထားလိုက်သည်။ ဖူဟောင်ရွှယ်၏ ခန္ဓာကိုယ်သည်လည်း နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့၏။ သို့သော် မားဖန်းလင်ကို ဖိထားသည့် အင်အားများကိုမူ မလွတ်တမ်းရှိနေစေသည်မှာ သူမ၏အသက်ကို ခန္ဓာကိုယ်မှ စွန့်ခွာသွားသည်ထိ ဖိထားမည့်ဟန် ရှိနေသည်။
ဖူဟောင်ရွှယ်၏ ပခုံးထက်မှ မားဖန်းလင်၏ ပါးစပ် လွတ်သွားခဲ့ပြီဖြစ်သည်။ သူမ၏ ပါးစပ်တစ်ခုလုံး သွေးများ ပေကျံနေပြီး အသားစများလည်း ကပ်ပါလာ၏။
သူမသည် ရုတ်တရက်ကြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူမ အသက်အောင့်ကာ ခံစားခဲ့ရမှုများကို ဆက်လက် မအောင့်အီးနိုင်တော့ပါ။
“ကျမတောင်းပန်ပါတယ်... တောင်းပန်ပါတယ်ရှင်... ဒီလိုမလုပ်ပါနဲ့...”
ဖူဟောင်ရွှယ်သည် သူမကို တရားခံတစ်ယောက်လို ကြည့်နေပြီး မေးမြန်းလိုက်၏။ “ဘာဖြစ်လို့ မလုပ်ရမှာလဲ... ဘယ်သူပြောလဲ။”
ရုတ်တရက်... နောက်ထပ် အသံတစ်သံ လွင့်ပျံ့လာခဲ့၏။ “ငါ ပြောတယ်။”
အသံရှင်၏ အသံသည် လွန်စွာမှပင် တည်ငြိမ်အေးဆေးလှသည်။ ကြောက်စရာကောင်းလောက်အောင်ကို တည်ငြိမ်အေးဆေးလှ၏။
ထိုအသံရှင်၏ စကားသံက ဖူဟောင်ရွှယ်၏ နားထဲတွင် ဓားသွားတစ်လက်လို ထိုးဖောက်ဝင်ရောက်လာခဲ့တော့သည်။
0 comments:
Post a Comment