လူတစ်ယောက် ထွက်ပေါ်လာ၏။ ရဲ့ခိုင် ဖြစ်နေလေသည်။
ရဲ့ခိုင်သည် ကြယ်ရောင်များအောက် အလင်းရောင်မရှိသည့် အမှောင်ထုထဲတွင် မတ်တတ်ရပ်နေသည်။ သူ့ပုံစံသည် ရုပ်တုတစ်ခုလိုဖြစ်နေပြီး ရေခဲလို အေးစက်သော ရုပ်တုတစ်ခုလည်းဖြစ်နေသည်။
မားဖန်းလင်သည် ရဲ့ခိုင်ကို တွေ့လိုက်ရပြီးနောက် ကုန်းရုန်းထကာ အပြေးလေးလျှောက်လှမ်းလာခဲ့၏။ ရဲ့ခိုင်၏ လက်နှစ်ဘက်ကို တင်းကြပ်စွာ ပွေ့ဖက်ထားနေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်ငိုရှိုက်နေပြီး အသံများသည်လည်း လည်ချောင်းဝတွင် တစ်ဆို့အက်ကွဲနေကာ မည်သည့်စကားသံမှ မထွက်ပေါ်လာခဲ့ပါ။
ရဲ့ခိုင်သည်လည်း နှုတ်ဆိတ်နေပါသည်။ ဤလိုအချိန်မျိုးတွင် အားပေးနှစ်သိမ့်သည့်စကားများပြောဆိုလည်း ဘာမှအရာရောက်မည်မဟုတ်။ ရဲ့ခိုင် သူ၏အနွေးထည်ကို ဖြည်းဖြည်းချင်း ချွတ်ယူပြီး မားဖန်းလင်၏ ခန္ဓာကိုယ်လေးကို လွှမ်းခြုံပေးထားလိုက်သည်။
တစ်ချိန်တည်းလိုလိုမှာပင် ဖူဟောင်ရွှယ်၏ ဓားမော့သည်လည်း ပိုင်ရှင်ဖြစ်သူလက်ထဲသို့ ပြန်ရောက်သွားခဲ့ပြီဖြစ်သည်။ ဓားသွားကို ပေါင်တစ်ဘက်တွင် အလျားလိုက် ကပ်ထားပြီး ရဲ့ခိုင်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ခါးသီးသော နောင်တရခြင်းလော၊ အရှက်ရခြင်းလော မဝေခွဲနိုင်ပါ။ ရဲ့ခိုင်သည် သူ့ကိုလှည့်၍ပင်မကြည့်ခဲ့ချေ။
ဖူဟောင်ရွှယ်က အံကြိတ်ပြီး ပြောဆိုလိုက်၏။ “ငါ မင်းကိုသတ်မယ်။”
ရဲ့ခိုင်က ဂရုမစိုက်စွာ ရှိနေဆဲ။ ဖူဟောင်ရွှယ်သည် ရုတ်တရက် ဓားမော့ကို မြေပြင်တွင် လျှပ်တိုက်ဆွဲလာပြီး အဟုန်နှင့် ပြေးဝင်လာခဲ့၏။ သူ့ခြေထောက်တစ်ဘက်က ထော့ကျိုးဖြစ်နေပြီး ဒဏ်ရာမှ သွေးများ ရွှဲနစ်စွာ စိမ့်ထွက်နေသော်လည်း ခန္ဓာကိုယ်ကို တွန်းတွန်းတိုက်တိုက် အရှေ့သို့ ရွေ့လျားခဲ့ပြီဆိုသည်နှင့် ငှက်တစ်ကောင်လို လျင်မြန်လွန်းလှ၏၊ ကျားတစ်ကောင်လို ကြောက်စရာကောင်းလှ၏။
ဒုက္ခိတတစ်ယောက်က ဤမျှမြန်ဆန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်။
သူ့ဓားမော့၏နောက်ကွယ်မှ ပါရှိလာမည့် လျင်မြန်မှုနှင့် အင်အားအဟုန်များကိုလည်း မည်သူမှ မခန့်မှန်းနိုင်ပါ။
ရဲ့ခိုင်ထံသို့ ဓားရိပ်များ ကျရောက်လာခဲ့သော်လည်း လူကတော့ တုတ်တုတ်မျှမလှုပ်။ ရဲ့ခိုင်ထံ ဓားမော့မရောက်လာခင်လေးတွင်ပင် ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့၏။ ဖူဟောင်ရွှယ်သည် ရဲ့ခိုင်ကို စိုက်ကြည့်နေပြီး ဓားမော့ကိုင်ဆောင်ထားသည့် လက်တစ်ဘက်က တဆတ်ဆတ်တုန်ခါနေသည်။ ရုတ်ချည်းဆိုသလို တစ်ဘက်သို့လှည့်သွားခဲ့ပြီး ခါးကုန်းနေကာ အော့အန်နေလေတော့သည်။
ရဲ့ခိုင်သည် ယခုအချိန်ထိ သူ့ကို လှည့်ကြည့်ခြင်းမရှိသေးသော်လည်း မျက်လုံးများထဲတွင်တော့ ကိုယ်ချင်းစာ သနားမှုများ ထွက်ပေါ်နေ၏။ ဤလူငယ်လေး၏ ခံစားချက်များကို ရဲ့ခိုင် နားလည်နေပါသည်။ ဖူဟောင်ရွှယ်၏ ခံစားချက်များကို ရဲ့ခိုင်အပြင် ပိုပြီးနားလည်ခံစားနိုင်သည့်လူ တစ်ယောက်မှ မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ရဲ့ခိုင်ကိုယ်တိုင်က ဤသို့ နာကျင်သော ခံစားရမှုများကို ခံစားခဲ့ဖူးသောကြောင့် ဖြစ်လေသည်။
ငိုကြွေးနေဆဲဖြစ်သော မားဖန်းလင်ကို ပခုံးတစ်ချက်ပုတ် အားပေးလိုက်ပြီး ရဲ့ခိုင် ပြောလိုက်သည်။ “မင်း ပြန်သွားနှင့်ပါလား။”
မားဖန်းလင်-“ရှင်... ရှင်က ကျမနဲ့အတူ မလိုက်လာတော့ဘူးလား။”
ရဲ့ခိုင်-“ကျုပ် လိုက်လာလို့ မရလို့ပါ။”
မားဖန်းလင်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“ကျုပ် ဒီမှာ ကျန်နေခဲ့မှဖြစ်မယ်။”
မားဖန်းလင်သည် နှုတ်ခမ်းများ ဖိကိုက်ထားလိုက်ပြီး-“ဒါဆိုရင် ကျမလည်း ဒီမှာချန်နေခဲ့မယ်...”
ရဲ့ခိုင်-“မင်း အိမ်ပြန်သွားလိုက်ပါကွာ... ဒီည အိပ်ပျော်အောင် ကောင်းကောင်းအိပ်... ဖြစ်ခဲ့တာတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်... မနက်ဖြန်မနက် နိုးလာတဲ့အချိန်ကျရင်...”
မားဖန်းလင် ရဲ့ခိုင်ကို ငေးကြည့်နေ၏။ သူမ၏အကြည့်များတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။ “မနက်ဖြန်ကျရင် ကျမကို လာတွေ့ပါနော်။”
ရဲ့ခိုင်၏ မျက်လုံးများထဲမှ လွန်စွာထူးဆန်းသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး အတန်ကြာသောအခါမှ စကားကို ဖြေးဖြေးလေး ပြောဆိုလိုက်၏။ “စိတ်ချနေပါ၊ ကျုပ်လာပါ့မယ်။”
မားဖန်းလင်သည် ရဲ့ခိုင်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားနေပြီး မျက်ရည်များ တားမရဆီးမရ စီးကျလာတော့၏။ “ရှင် မလာဘူးဆိုရင်လည်း ကျမ အပြစ်မပြောတော့ပါဘူး...” သူမသည် ရုတ်တရက် ချာခနဲလှည့်ထွက်သွားကာ ပြေးထွက်သွားခဲ့၏။
သူမ၏ မြင်းခွာသံများက တဝှီးဝှီးတိုက်ခတ်နေသောလေနှင့်အတူ လွင့်ပါသွားခဲ့ချေပြီ။ မြင်းခွာသံများ ကွယ်ပျောက်သွားသည်နှင့် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးလာခဲ့ပြန်၏။
မြေပြင်သည် အကြော်ဒယ်အိုးတစ်အိုးလိုဖြစ်နေသည်။ မမြင်နိုင်သည့် မီးတောက်မီးလျှံများနှင့် အပူငွေ့များက မြေပြင်ပေါ်ရှိ လူသားတို့ကို မီးပြင်းတိုက် ကြော်လှော်ခြင်း ခံနေရသလို တငြီးငြီး ပူလောင်နေစေ၏။
ဖူဟောင်ရွှယ်သည် ခါးကုန်းသထက်ကုန်းပြီး အော့အန်နေသည်။ ရဲ့ခိုင်သည် သူအော့အန်နေသည်ကို ပြီးသွားသည်ထိ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
ရဲ့ခိုင်-“မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လို့ရသေးတယ်။”
ဖူဟောင်ရွှယ်သည် ကုန်းကုန်းကြီးရှိနေဆဲကနေ ယိုင်ထွက်သွားခဲ့ပြီး ဓားကိုမြှောက်လိုက်ပြန်၏။ အသက်တစ်ရှူစာခဏလေးအတွင်းမှာပင် ခပ်ဝေးဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီး ရပ်တန့်လိုက်၏။ ကောင်းကင်ပေါ်သို့ မော့ကြည့်နေသော သူ့မျက်နှာထက်တွင်မူ သွေးများ၊ မျက်ရည်စများက စီးကျနေကြသည်။
သူ့နောက်မှ ကပ်ပါလာသော ရဲ့ခိုင်က တည်တည်ငြိမ်ငြိမ်မေးမြန်းလိုက်သည်။ “မင်း ဘာဖြစ်လို့ မတိုက်ခိုက်သေးတာလဲ။”
ဓားမော့ကိုင်ဆောင်ထားသည့် ဖူဟောင်ရွှယ်၏လက်တစ်ဘက် တုန်ခါသွားခဲ့ပြန်သည်။ နောက်ဆုံးတွင်မှ ရဲ့ခိုင်ဘက်သို့ မျက်နှာချင်းဆိုင် လှည့်လာခဲ့ပြီး ဖူဟောင်ရွှယ် မေးမြန်းလိုက်၏။ “မင်းက ငါ့ကိုဘာဖြစ်လို့ ချောင်ပိတ် ဖိအားပေးနေရတာလဲ။”
“ဘယ်သူမှ မင်းကို ဖိအားပေးမနေပါဘူး။ မင်းကိုယ်မင်းသာ ဖိအားပေးနေတာပါ။” ရဲ့ခိုင်၏ အဖြေစကားက ကျာပွတ်ရိုက်ချက်တစ်ချက်လို ဖူဟောင်ရွှယ်ကို တွန့်သွားစေခဲ့၏။
ရဲ့ခိုင်က လေသံအေးအေးဖြင့် ဆက်ပြောနေလိုက်သည်။ “မင်းရဲ့ဒေါသစိတ်တွေကို ထွက်ပေါက်ပေးဖို့ လိုခဲ့လိမ့်မယ်ဆိုတာ ငါ သိပါတယ်။ အခုလောက်ဆို မင်းလည်း နေသာထိုင်သာ ရှိသွားပြီမဟုတ်လား။”
ဖူဟောင်ရွှယ်သည် လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မေးမြန်းလိုက်ပြန်၏။ “မင်း သိထားတာ ဘာကျန်သေးလဲ။”
ရဲ့ခိုင်က ပြုံးပြလိုက်သည်။ “မင်း ငါ့ကို မသတ်ဘူးဆိုတာလည်း သိထားပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မင်းမှာ ငါ့ကို သတ်ချင်တဲ့စိတ်မရှိဘူး။”
ဖူဟောင်ရွှယ်-“ငါက မင်းကို မသတ်ချင်ဘူး... ဟုတ်လား။”
ရဲ့ခိုင်-“မင်းတကယ်တမ်းနှိပ်စက်ညှင်းပမ်းဖို့ ကြိုးစားနေတဲ့လူဟာ မင်းကိုယ်တိုင်ပဲ... ဘာဖြစ်လို့လဲဆိုတော့...”
ဖူဟောင်ရွှယ်၏ မျက်လုံးများတွင် နာကျင်ခံစားမှုများ ပေါ်ထွက်လာခဲ့ကြပြီး ရုတ်တရက် ဖြဲအော်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း...”
ရဲ့ခိုင်က သက်ပြင်းချခဲ့ပြီး စကားဆက်ပြောနေလိုက်သည်။ “ဟိုးအရင်တုန်းကတည်းက မင်းကိုယ်မင်း မှားခဲ့တယ်လို့ ထင်နေပေမယ့်လည်း ဒါတွေဟာ မင်းကြောင့်ဖြစ်လာခဲ့တာမှ မဟုတ်တာ။”
ဖူဟောင်ရွှယ်-“ဒါဆိုရင် ဘယ်သူ့အပြစ်လဲ။”
ရဲ့ခိုင် သူ့ကို စိုက်ကြည့်နေလိုက်ပြီး-“ဘယ်သူ့အပြစ်လဲဆိုတာ မင်းသိသင့်တယ်။ မင်း သေသေချာချာကြီးကို သိနေသင့်ပါတယ်။”
ဖူဟောင်ရွှယ်၏ မျက်လုံးသူငယ်အိမ်များ ကြုံ့ဝင်သွားခဲ့ပြီး တုန်လှုပ်စွာ မေးမြန်းလိုက်၏။ “မင်း... မင်း ဘယ်သူလဲ။”
ရဲ့ခိုင်က ပြုံးပြီးပြန်ဖြေလိုက်၏။ “ငါက ငါပေါ့။ မျိုးရိုးနာမည်က ရဲ့... နာမည်ရင်းက ခိုင်။”
ဖူဟောင်ရွှယ်-“မင်းရဲ့မျိုးရိုးနာမည်က ရဲ့ ဆိုတာကော ဟုတ်လို့လား။”
ရဲ့ခိုင်-“မင်းရဲ့မျိုးရိုးနာမည်က ဖူ ဆိုတာကော ဟုတ်လို့လား။”
သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏၊ တစ်ယောက်၏ အတွင်းစိတ်ကို တစ်ယောက်က သိရှိနိုင်ရန် ကြိုးစားနေကြပုံရသည်။ တစ်ယောက်၏ လျှို့ဝှက်ချက်များကို တစ်ယောက်က ဖော်ထုတ်ရန် ကြိုးစားနေကြပုံလည်းရသည်။ သို့သော် ရဲ့ခိုင်သည် ယခင်တုန်းကအတိုင်းပင် တည်ငြိမ်ရင့်ကျက်စွာ ရှိနေ၏။ ဖူဟောင်ရွှယ်၏ တင်းမာနေမှုမှာ လေးညှို့မှ ပစ်လွှတ်တော့မည့် မြှားတစ်စင်းလိုဖြစ်၏။
ထိုအချိန်၌ပင် သူတို့နှစ်ယောက်စလုံး ပုံမှန်မဟုတ်သည့် အသံဗလံများကို ကြားလိုက်ကြရ၏။ အသံများသည် မြေသားပွပွများပေါ် မြင်းများ ဒုန်းစိုင်းစီးလာသလိုမျိုး၊ သားသတ်သမားက အသားများကို လှီးဖြတ်နေသည့်အသံမျိုး ထွက်ပေါ်လာခဲ့ကြ၏။ အသံများမှာ တိုးတိုးလေးဖြစ်သော်လည်း ညသည် တိတ်ဆိတ်ငြိမ်သက်နေသလို သူတို့နှစ်ယောက်စလုံးတွင်လည်း ထက်မြက်သည့် အကြားအာရုံများရှိနေကြသောကြောင့် ပီပီသသကြီး ကြားလိုက်ကြရ၏။
အသံထွက်ပေါ်လာရာမှ လေပြင်းတစ်ချက် သူတို့ထံသို့ တိုက်ခတ်လာခဲ့သည်။
“ငါ ဒီကိုထွက်လာခဲ့တာ မင်းကို လာရှာဖို့မဟုတ်ဘူး။” ရဲ့ခိုင်က ရုတ်တရက် ပြောဆိုလိုက်၏။
ဖူဟောင်ရွှယ်-“ဒါဆိုရင် ဘယ်သူ့ကို လာရှာတာလဲ။”
ရဲ့ခိုင်-“ပင့်ကူပျံကို သတ်သွားတဲ့ လူသတ်သမား။”
ဖူဟောင်ရွှယ်-“သူဘယ်သူလဲဆိုတာ မင်းသိနေလို့လား။”
ရဲ့ခိုင်-“သိပ်တော့လည်း မသေချာသေးပါဘူး။ ဒါကြောင့် ဒီအမှုကို ဖော်ထုတ်ချင်နေတာပေါ့။”
ရဲ့ခိုင်သည် တစ်ဘက်သို့လှည့်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားလိုက်၏။ ပြီးနောက် ရပ်တန့်ကာ ဖူဟောင်ရွှယ်ကို စောင့်ဆိုင်းနေလိုက်သည်။ အတန်ကြာသောအခါမှ ဖူဟောင်ရွှယ်သည် သူ့နောက်တွင် ကပ်ပါလာခဲ့လေသည်။
“မင်း ငါ့နောက်လိုက်လာမယ်ဆိုတာ သိနေသားပဲ။” ရဲ့ခိုင်က ပြုံးကာ ပြောဆိုလိုက်၏။
ဖူဟောင်ရွှယ်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ဖြစ်ပျက်သမျှ အရာအားလုံးဟာ မင်းနဲ့ တစ်နည်းမဟုတ်တစ်နည်းတော့ ပတ်သက်နေလို့ပေါ့။”
ဖူဟောင်ရွှယ်၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ “ငါ ဘယ်သူလဲဆိုတာ မင်းသိနေပြီပေါ့။”
ရဲ့ခိုင်က ပြုံးပြီးပြန်ဖြေလိုက်၏။ “မင်းဟာ မင်းပဲပေါ့။ မင်းရဲ့မျိုးရိုးနာမည်က ဖူ... နာမည်က ဟောင်ရွှယ်...”
ခပ်ပြင်းပြင်းတိုက်ခတ်လာသည့်လေက သူတို့နှစ်ယောက်စလုံး၏ မျက်နှာများကို ဖြတ်တိုက်သွားခဲ့၏။ ထူးဆန်းသောအသံများကို ထပ်ပြီးမကြားရတော့ချေ။
ဖူဟောင်ရွှယ်သည် နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ ပိတ်ထားပြီး မည်သည့်စကားမှ မပြောဆိုတော့ပါ။ ရဲ့ခိုင် သွားသည့်နောက်မှ ထက်ချပ်မခွာ၊ တစ်ဖဝါးမခွာ ကပ်လျှက် လိုက်ပါလာနေ၏။ သူ့ကိုယ်ဖော့ပညာသည် သီးခြားဆန်လွန်းနေသည်။ ထက်မြက်လွန်း၊ ကောင်းလွန်းလှသည့် ကိုယ်ဖော့ပညာရပ် ဖြစ်နေပြီး မြင်ရသူအပေါင်း ရင်သပ်ရှုမော ဖြစ်သွားစေနိုင်သည့် လှုပ်ရှားမှုမျိုးလည်းဖြစ်နေပြန်၏။ ကိုယ်ဖော့ပညာရပ်ကို ထုတ်သုံးနေသည့်အချိန်များတွင် သူ့ကို ဒုက္ခိတတစ်ယောက်ဟု မည်သူမှ ထင်ကြမည်မဟုတ်ချေ။
ရဲ့ခိုင်က စောင့်ငဲ့ကြည့်ပြီး ပြောဆိုလိုက်သည်။ “ကြည့်ရတာ မင်းဟာ မွေးကတည်းက သိုင်းပညာရပ်ကို လေ့လာသင်ကြားခဲ့ပုံရတယ်။”
ဖူဟောင်ရွှယ်က အေးစက်စက် တုံ့ပြန်လိုက်၏။ “မင်းကျတော့ကော...”
ရဲ့ခိုင်-“ငါ့ကျတော့ အခြေအနေမတူဘူးလေ။”
ဖူဟောင်ရွှယ်-“ဘယ်လို မတူတာလဲ။”
ရဲ့ခိုင်-“ငါက ပါရမီရှင်တစ်ယောက်ပါ။”
ဖူဟောင်ရွှယ်-“ပါရမီရှင်တွေဟာ အသက်ငယ်ငယ်လေးနဲ့ သေသွားတတ်ကြတယ်။”
ရဲ့ခိုင်-“အသက်ငယ်ငယ်လေးနဲ့ သေသွားမယ်ဆိုရင်လည်း သိပ်မဆိုးပါဘူး။”
ဖူဟောင်ရွှယ်၏ မျက်နှာထက်တွင် နာကျင်ခံစားရသည့် အမူအရာများ ထွက်ပေါ်လာခဲ့ကြ၏။
“ငါ မသေရဘူး... ငါ လုံးဝသေလို့မဖြစ်ဘူး...” သူ့စိတ်တွင်းတွင်တော့ ထိုအသံများ ပဲ့တင်ထပ်နေသည်။
ရုတ်တရက် ရဲ့ခိုင်ထံမှ အာမေဋိတ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ တိုက်ခတ်လာသည့်လေထုထဲတွင် သွေးညှီနံ့များ လှိုင်ထွက်လာသည်။ ကြယ်ရောင် ပြိုးပြိုးပြက်ပြက်အောက်တွင် ပုပ်ပွနေသော လူသေပုံကြီးတစ်ခု ရှိနေလေသည်။ ဤလွင်ပြင်ရိုင်းကြီးထဲတွင် လူသားတို့၏ အသက်များဆိုသည်မှာ မြင်းများ၊ ခွေးများ၏ အသက်များလို ဘာတန်ဖိုးမှမရှိ ဖြစ်နေရလေပြီကော...။
လူသေများ စုပုံထားသည့် အလောင်းပုံကြီးဘေးတွင် ကျွင်းငယ်လေးတစ်ကျွင်း ရှိနေသည်။ ခပ်နက်နက် တူးမထားခဲ့သော်လည်း ဘေးနားတွင် ဂေါ်ပြား ၇-၈ ချောင်းခန့် စုပုံထား၏။ ဤလူများကို သတ်ဖြတ်ခဲ့သူများသည် မြေမြှုပ်ရန် ကြိုးစားခဲ့ကြသော်လည်း တစ်စုံတစ်ယောက် ရောက်လာခဲ့သောကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြပုံရသည်။
သူတို့ကို မည်သူကများ သတ်ဖြတ်ခဲ့ပါသနည်း။ မည်သူမှ မသိနိုင်ပါ။
သေသည့်လူများသည် မုယုံမင်းကျူနှင့် သူ၏အပေါင်းအပါ နောက်လိုက် ၉ ယောက်တို့ ဖြစ်နေကြလေသည်။ မုယုံမင်းကျူ၏ဓားသည် ဓားအိမ်ထဲမှ ဆွဲထုတ်ခဲ့ပြီးဖြစ်နေသော်လည်း ကျန်လူ ၉ ယောက်တို့မှာ ဓားမဆွဲထုတ်ခင်လေးတွင်ပင် အသတ်ခံလိုက်ကြရပုံရသည်။
ရဲ့ခိုင် သက်ပြင်းတစ်ချက် ရှိုက်ပြီး ရေရွတ်လိုက်သည်။ “မြန်လိုက်တဲ့ဓားချက်... သေမင်းရဲ့ ဓားချက်တွေပါလား။”
ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး မြန်ဆန်သည့် ဓားချက်များကို ထိပ်သီးသိုင်းသမားများသာ အသုံးပြုနိုင်မည်ဖြစ်သည်။
ဖူဟောင်ရွှယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး လူသေများကို တုန်လှုပ်စွာ ငေးကြည့်နေမိ၏။ သူ့ကို ကြည့်ရသည်မှာ သွေးသံရဲရဲ၊ အသားစများနှင့် လူသေများကို မခံစားနိုင်သလိုမျိုးလည်း ဖြစ်နေသည်။ ရဲ့ခိုင်ကို ကြည့်ရသည်မှာတော့ မည်သို့မှနေပုံမပေါ်။
ရဲ့ခိုင်သည် ရုတ်တရက်ဆိုသလို ကြယ်သီးပါသည့် အဝတ်တစ်စကို ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲမှ အဝတ်စသည် မုယုံမင်းကျူ ဝတ်ဆင်ထားသည့်အဝတ်စနှင့် တစ်စတည်း ဖြစ်နေလေသည်။ ကြယ်သီးများသည်လည်း အတူတူပင်ဖြစ်သည်။
ရဲ့ခိုင်က ရှည်လျားသည့် သက်ပြင်းချသံကြီးဖြင့် ပြောဆိုလိုက်၏။ “နောက်ဆုံးတော့ သူပဲ ဖြစ်နေတာကိုး...”
ဖူဟောင်ရွှယ်သည် မျက်မှောင်ကျုံ့ထားပြီး ဝေခွဲမရဟန် ရှိနေ၏။
ရဲ့ခိုင်-“ငါ့လက်ထဲက အဝတ်စလေးကို ပင့်ကူပျံရဲ့ အလောင်းဆီက ရလာခဲ့တာ။ သေသွားခဲ့ချိန်မှာတောင်မှ လက်ထဲမှာ မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့တယ်။”
ဖူဟောင်ရွှယ်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲဆိုတော့ သူ့ကို သတ်သွားခဲ့သူဟာ မုယုံမင်းကျူ ဖြစ်နေလို့ပဲ။ ဒီအကြောင်းကိုလည်း တစ်ယောက်ယောက်ကို အသိပေးခဲ့ချင်ပုံရတယ်။”
ဖူဟောင်ရွှယ်-“မင်းကို ပြောပြခဲ့ချင်လို့လား။ ဒါမှ မင်းက သူ့အတွက် လက်စားချေပေးနိုင်မယ်လို့ ထင်ထားခဲ့လို့လား။”
ရဲ့ခိုင်-“သူပြောပြခဲ့ချင်တဲ့လူဟာ ငါတော့ ဖြစ်နိုင်မယ်မထင်ဘူး။”
ဖူဟောင်ရွှယ်-“ဒါဆိုရင် ဘယ်သူ့ကို ပြောပြခဲ့ချင်တာလဲ။”
ရဲ့ခိုင်က သက်ပြင်းတစ်ချက်ချပြီး ဖြေဆိုလိုက်၏။ “ငါလည်း ဒါကိုပဲ သိချင်နေတာ။”
ဖူဟောင်ရွှယ်-“မုယုံမင်းကျူက ပင့်ကူပျံကို ဘာဖြစ်လို့ သတ်ချင်ခဲ့ရတာလဲ။”
ရဲ့ခိုင် ပြန်ဖြေဖို့ ခက်ခဲသွားရလေတော့သည်။
ဖူဟောင်ရွှယ်-“နောက်ပြီးတော့ ဘာဖြစ်လို့ သူ့အလောင်းကောင်ကြီးက ခေါင်းတလားထဲ ရောက်သွားခဲ့တာလဲ။”
ဤတစ်ကြိမ်တွင်လည်း ရဲ့ခိုင် ပြန်မဖြေနိုင်ခဲ့ပါ။
ဖူဟောင်ရွှယ်-“ပြီးတော့ မုယုံမင်းကျူကို ဘယ်သူသတ်သွားခဲ့တာလဲ။”
ရဲ့ခိုင်-“မုယုံမင်းကျူကို သတ်သွားတဲ့လူသတ်သမားဟာ နှုတ်ပိတ်ချင်လို့ သတ်သွားခဲ့ဆိုတာကလွဲလို့ ကျန်တာဘာမှ ငါမသိဘူး။”
ဖူဟောင်ရွှယ်-“နှုတ်ပိတ်ချင်လို့... ဟုတ်လား။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲဆိုတော့ ပင့်ကူပျံဟာ မုယုံမင်းကျူရဲ့လက်ချက်နဲ့ သေသွားခဲ့ရတယ်ဆိုတာကို တခြားလူတွေကို ပေးမသိစေချင်လို့ပေါ့။ မုယုံမင်းကျူကို လူတွေ လိုက်ရှာကြမှာကိုလည်း လိုလားပုံမရဘူး။”
ဖူဟောင်ရွှယ်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“သူနဲ့ မုယုံမင်းကျူတို့ရဲ့ ဆက်ဆံမှုကို လူတွေမသိစေချင်လို့ပေါ့။”
ဖူဟောင်ရွှယ်-“အဲဒီလူ ဘယ်သူများဖြစ်နိုင်သလဲဆိုတာ မင်းနည်းနည်းပါးပါးတော့ စဉ်းစားမိထားမှာပေါ့။”
ရဲ့ခိုင် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး အတွေးဝင်္ကဘာထဲ ရောက်သွားခဲ့ပုံရသည်။ အတန်ကြာမှ ခပ်ဖြည်းဖြည်း လေသံဖြင့် ပြောဆိုလိုက်၏။ “ယွင်ဇိုင်ထျန်း ဒီမနက်ကလေးတင် မင်းကိုလိုက်ရှာနေခဲ့သေးတယ်... အဲဒါ မင်းသိလား။”
ဖူဟောင်ရွှယ်-“ငါ သတိမထားခဲ့မိလိုက်ဘူး။”
ရဲ့ခိုင်-“သူပြောတော့ မင်းကို လိုက်ရှာနေတာပါတဲ့... မင်းကိုတွေ့သွားပြီးတော့လည်း စကားတောင် တစ်လုံးမှ မဟခဲ့ပါလား။”
ဖူဟောင်ရွှယ်-“သူလိုက်ရှာနေတဲ့လူဟာ ငါ မဟုတ်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။”
ရဲ့ခိုင် ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။ “မှန်လိုက်တာ... သူလိုက်ရှာနေခဲ့တာ တခြားတစ်ယောက်ပဲ။ ဒါပေမဲ့ ဘယ်သူ့ကိုများ လိုက်ရှာနေခဲ့တာလဲ... ရှောင်ပိုင်လိလား... ကျွေ့နွန်ကိုလား... သူတို့နှစ်ယောက်ကိုသာ လိုက်ရှာနေခဲ့တာဆိုရင် သူ ဘာဖြစ်လို့ လိမ်ပြောခဲ့ရတာလဲ။”
လေပြင်းတစ်ချက် တိုက်ခတ်လာပြန်သည်။
အဝါရောင် သဲမြေများက လေထုထဲတွင် ပလူပျံနေကြပြီး မြက်ရိုင်းများကလည်း တရွှီးရွှီးအော်သံများဖြင့် ယိမ်းယိုင်နေကြ၏။
ညဉ့်ယံသည် ကျောက်စိမ်းတုံးတစ်တုံးကို စိန်ကွပ်ထားသကဲ့သို့ ပနာတင့်ကာ လှပနေလေသည်။ ကမ္ဘာမြေကြီးကတော့ မည်းမှောင်အုပ်ဆိုင်းနေရ၏။
တိုးတိုးလေး တိုက်ခတ်လာသည့်လေက မြင်းဟီသံများလို ဖြစ်နေကြသည်မှာ ဤလွင်ပြင်ရိုင်းကြီးကို ပိုမိုခြောက်သွေ့ တိတ်ဆိတ်နေစေတော့၏။
ဖူဟောင်ရွှယ် ဖြည်းဖြည်းလေး ထွက်ခွာသွားနေပြီဖြစ်သည်။ သူ့နောက်မှ ရဲ့ခိုင် ကပ်လျက် လိုက်ပါနေ၏။ ရဲ့ခိုင်သည် အရှေ့က ဦးဆောင်သွားနိုင်ပါသည်... သို့သော် နောက်လိုက်တစ်ယောက်သာ လုပ်နေ၏။
သူတို့နှစ်ယောက်ကြားတွင် ထူးဆန်းလွန်းသည့် ခြေလှမ်းကွာခြားမှုများလည်း ရှိနေကြသည်။ သူတို့နှစ်ယောက်စလုံးတွင် မမြင်တွေ့နိုင်သည့် ထူးဆန်းလွန်းသည့် ဆက်သွယ်ချက်များလည်း ရှိနေကြသည်။ အဝေးတစ်နေရာမှ မီးရောင်လေးတစ်စ ထွက်ပေါ်လာ၏။
“တစ်နေ့နေ့တော့ ရောက်လာလိမ့်မယ်။ မင်းကပဲ ငါ့ကို သတ်မလား... ဒါမှမဟုတ် ငါကပဲ မင်းကို သတ်ရမလားဆိုတဲ့နေ့ပေါ့။” ဖူဟောင်ရွှယ်သည် ရုတ်တရက်ကြီး စကားမစပ်စွာ ပြောချလိုက်၏။
ရဲ့ခိုင်-“အဲလိုနေ့မျိုးက တကယ်ပဲ ရောက်လာမှာမို့လို့လား။”
ထိုအမေးစကားကို ပြန်ဖြေဖို့ ဖူဟောင်ရွှယ် နောက်ပြန်လှည့်လာခဲ့ခြင်း မရှိပါ။ “အဲဒီနေ့ သိပ်မကြာခင်မှာပဲ ရောက်လာပါလိမ့်မယ်။”
ရဲ့ခိုင်-“အဲဒီလိုနေ့မျိုး ရောက်လာနိုင်ချင်မှလည်း ရောက်လာပါလိမ့်မယ်။”
ဖူဟောင်ရွှယ်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင် စိတ်မကောင်းခြင်းကြီးစွာ သက်ပြင်းချလိုက်၏။ သူ့မျက်လုံးအကြည့်များက မှောင်မည်းနေသည့် အဝေးတစ်နေရာတွင် ရောက်ရှိနေပြီး ခပ်ဖြည်းဖြည်းလေး ပြန်ဖြေလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ ငါတို့နှစ်ယောက်စလုံး တခြားလူတစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားနိုင်လို့ပေါ့ကွာ။”
+++++
မားဖန်းလင်သည် ခေါင်းအုံးပေါ် မျက်နှာအပ်ငိုကြွေးနေ၏။ သူမ၏ နှလုံးသားရေး ပြဿနာများကို ယခုအချိန်ထိ ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်သေး။ ချစ်ခြင်းမေတ္တာတရားနှင့် အမုန်းတရားတို့သည် အင်အားပြင်းထန်သည့် လက်နှစ်ဘက်ဖြင့် သူမကို တဖြည်းဖြည်း၊ ညှင်းသတ်နေသလိုမျိုးလည်း ခံစားနေရ၏။
ရဲ့ခိုင်... ဖူဟောင်ရွှယ်... သူတို့နှစ်ယောက်စလုံးသည် အလွန်ထူးခြားသော၊ တမူထူးသော တသီးပုဂ္ဂလများလည်း ဖြစ်ကြသည်။
မြက်ရိုင်းလွင်ပြင်ကြီးသည် အမြဲလိုလို တိတ်ဆိတ်ခြောက်သွေ့နေတတ်လေသည်။ သို့သော် သူတို့နှစ်ဦးရောက်လာခဲ့ပြီးချိန်မှစ၍ ထူးဆန်းသည့်အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပျက်ခဲ့ကြသည်။ မည်မျှထိ ဆက်ဖြစ်နေကြဦးမည်ဆိုသည်ကို မည်သူမှ မပြောနိုင်ပါ။
သူတို့နှစ်ယောက်သည် မည်သူများ ဖြစ်နေကြပါသနည်း။ ဘာအတွက်ကြောင့်များ ရောက်လာခဲ့ကြပါသနည်း။
ထိုနေ့ညက...
ကြယ်ရောင်များအောက်ရှိ အပြောကျယ်လှသော သဲပြင်ကြီးပေါ်တွင် သူမသည် ရဲ့ခိုင်၏လက်မောင်းများကို တင်းကြပ်စွာ ဖက်တွယ်ထားခဲ့၏။ ရဲ့ခိုင်၏လက်များက နွေးထွေးလွန်းလှပြီး သူ့အတွက်ဆိုလျှင် သူမ ဘာပဲပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် ရဲ့ခိုင်သည် သူမကို ဘာမှမတောင်းဆိုခဲ့သလို ဘာအခွင့်အရေးမှလည်း မယူခဲ့ပါ။ သူမသည် ထွက်သွားတော့မည်ဟု ပြောဆိုခဲ့စဉ်က ရဲ့ခိုင်သည် သူမကို မရမက အတင်းဆွဲထားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမကို အားအင်သုံးပြီး ဆွဲထားခဲ့မည်ဆိုလျှင်တောင် စိတ်ဆိုးမည်ခဲ့မဟုတ်။ သို့သော် ရဲ့ခိုင်ကတော့ သူမကို ရိုးရိုးလေးပင် ထွက်သွားခွင့်ပေးခဲ့သည်။ ရဲ့ခိုင်ကို ကြည့်ရသည်မှာ အကြံအစည်ကြီးမားသူတစ်ယောက်၊ လျှို့ဝှက်တတ်သူတစ်ယောက်ပင် ဖြစ်လင့်ကစား သူမအား အလွယ်တကူပင် ထွက်ခွာခွင့်ပေးခဲ့သည်။
နောက်တစ်ည...
ကြယ်ရောင်များအောက်ရှိ ထိုအပြောကျယ်လှသော သဲပြင်ကြီးပေါ်တွင်ပင် သူမသည် လုံးဝခြားနားသည့် လူတစ်ယောက်နှင့်တွေ့ဆုံခဲ့ရသည်။ ဖူဟောင်ရွှယ်က သူမကို ထိုသို့ပြုလုပ်ခဲ့မည်မှန်း ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးခဲ့ချေ။ သူ့ကို ကြည့်ရသည်မှာ တစ်ယောက်တည်း စိတ်အားငယ်နေတတ်သည့် အထီးကျန်ဆန်ဆန် ကလေးတစ်ယောက်လိုဖြစ်သော်လည်း ရိုင်းစိုင်းသော သဘောသဘာဝရှိသည့် တိရိစ္ဆာန်ရိုင်းတစ်ကောင်လို ရုတ်တရက်ကြီးပင် ပြောင်းလဲသွားခဲ့ပြန်သည်။ မည်သည့်အရာကများ မောင်းချလှုံ့ဆော်ပေးခဲ့ပါသနည်း။
ထိုအကြောင်းအရာများကို တွေးမိသည့်အခါတိုင်း သူမ၏နှလုံးသားတွင် အပ်ဖျားလေးဖြင့် တဆွဆွထိုးခံရသလို ခံစားမိရသည်။
ဤမျှ ထူးဆန်းလွန်းသော လူသားနှစ်ဦးကို သူမ တစ်ခါမှ မတွေ့ခဲ့ဖူး။ သို့သော် ပို၍ထူးဆန်းသည်မှာ ထိုလူထူးလူဆန်းနှစ်ယောက်သည် သူမ၏အသည်းဆိုင်ထဲတွင် မေ့ပျောက်မရနိုင်သည့် လူများ ဖြစ်လာခဲ့ကြခြင်းပင်။ ထိုသူနှစ်ဦးသည် သူမ၏ ဘဝကို တစ်ချိုးတစ်ကွေ့ ပြောင်းလဲပေးလိမ့်မည်ဟုလည်း ယုံကြည်နေမိပြန်၏။ သူမ... မျက်ရည်များ လည်လာပြန်ခဲ့ချေပြီ။
ခြေသံပြင်းပြင်းများကြောင့် သူမ၏အခန်းတစ်ခုလုံး တုန်ခါသွားရသည်။ ထိုခြေသံများသည် ဖခင်ဖြစ်သူ၏ခြေသံများဖြစ်ကြောင်း သူမ သိနေသည်။ မားခုန်းချွင်၏အခန်းသည် သမီးလုပ်သူအခန်း၏ အပေါ်တည့်တည့်တွင် တည်ရှိ၏။ သမီးလုပ်သူကို ညစဉ်ညတိုင်း လာကြည့်လေ့လည်းရှိတတ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်ညလုံးလုံး သမီးကို မအိပ်ခင်လာကြည့်ဖို့ မေ့လျော့နေခဲ့လေသည်။ အမှန်အတိုင်းပြောရလျှင် ထိုနှစ်ညစလုံး မားခုန်းချွင် မအိပ်ခဲ့ပါ။ သူ၏ခြေသံပြင်းပြင်းများက မနက်လင်းသည်ထိ ထွက်ပေါ်နေဆဲဖြစ်၏။ ဖခင်လုပ်သူသည် ပြဿနာအကြီးကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီး တုန်လှုပ်နေရကြောင်း မားဖန်းလင် ခန့်မှန်းမိလိုက်သည်။ ထိုအချက်သည် မားခုန်းချွင်ထံတွင် သူမ တစ်ခါမှ မတွေ့ခဲ့ဖူးသည့်အချက်လည်း ဖြစ်နေပြန်၏။
သူမ၏ နှလုံးသားထဲတွင်လည်း ထိုကဲ့သို့ ကြောက်ရွံ့သည့် ခံစားမှုများ ရှိနေပါသည်။ ဖခင်လုပ်သူကို အပြေးလေးသွားရောက်ပြီး အားပေးနှစ်သိမ့်စကားများ ပြောကြားပေးနေချင်သည်။ သို့သော် သူမ၏အတွင်းစိတ်ထဲတွင်တော့ သူမကို ဖခင်လုပ်သူက လာပြီး အားပေးနှစ်သိမ့်စေချင်နေမိ၏။ မားခုန်းချွင်သည် စည်းကမ်းတင်းကြပ်သော ဖခင်တစ်ယောက်ဖြစ်သည်။ သူ၏သမီးကို အလွန်ချစ်မြတ်နိုးသော်လည်း သားအဖနှစ်ယောက်ကြားတွင် အတော်လေးဝေးကွာသည့် စည်းတစ်ခု ခြားထားသည်။
တတိယဒေါ်လေးဆိုရင်ကော... ဤနှစ်ရက်လုံးလုံး သူမ ဘယ်ကိုရောက်နေခဲ့ပါသနည်း။ မားဖန်းလင်သည် ခုတင်ပေါ်မှ တိတ်တိတ်လေး လျှောဆင်းလိုက်ပြီး အသံမထွက်အောင် အင်္ကျီအဝတ်အစားများကို လဲဝတ်လိုက်သည်။ ပြီးနောက် ကြေးမုံကြီးရှေ့တွင် မိမိကိုယ်ကိုယ်ပြန်ကြည့်နေပြီး ဆံပင်များကို ပြုပြင်လိုက်သည်။
“ငါ တတိယဒေါ်လေးကို လိုက်ရှာရင်ကောင်းမလား... ဒါမှမဟုတ် မြို့ထဲဘက်သွားပြီး သူ့ကို လိုက်ရှာရင် ကောင်းမလား...”
သူမကိုယ်သူမ ဝေခွဲမရနိုင်ဖြစ်နေရ၏။ အခန်းထဲတွင် အဖော်မဲ့စွာတစ်ယောက်တည်း စကားပြော၊ အတွေးပေါင်းများစွာဖြင့် ကျန်ရစ်နေခြင်းကို သည်းမခံနိုင်တော့မှန်းကိုတော့ သိနေသည်။ သူမ၏စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနောက်ကျိနေလေပြီ။ နွားစားကျက်ကွင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည့် မြင်းခွာသံပြင်းပြင်းများကို ထိုအချိန်လေး၌ပင် ကြားလိုက်ရခြင်းလည်း ဖြစ်နေပြန်သည်။ မြင်းခွာသံများကို နားထောင်လိုက်ခြင်းဖြင့် ထိုမြင်းသည် တစ်ထောင်တွင်တစ်ကောင်ဆိုသော မြင်းကောင်းမြင်းသန့်တစ်စီးဖြစ်ကြောင်းကိုလည်း သူမ ပြောနိုင်ပြန်နေသည်။ စီးလာသည့်သူမှာ မြင်းတစ်သောင်းဌာန၏ အကောင်းဆုံးလက်ရွေးစင်သိုင်းသမားတစ်ယောက် ဖြစ်နေမှန်း ပြောစရာပင်မလိုတော့ချေ။ အလွန်တရာအရေးကြီးသော ကိစ္စရပ်များမှလွဲ၍ ညကြီးအချိန်မတော် သူမ၏ ဖခင်ကို မည်သူမှ အနှောက်အယှက်လာမပေးရဲကြပါ။
သူမသည် မျက်မှောင်ကျုံ့ပြီး နားစွင့်နေလိုက်ရာ မားခုန်းချွင်၏ ခက်ထန်သောအသံကို ကြားလိုက်ရ၏။ “သူတို့ကို တွေ့ခဲ့လား။”
“မုယုံမင်းကျူတို့ကို တွေ့ခဲ့ပါပြီ။” အသံရှင်မှာ ယွင်ဇိုင်ထျန်း ဖြစ်နေလေသည်။
“မင်း သူတို့ကို ဘာဖြစ်လို့မခေါ်လာခဲ့သေးတာလဲ။”
“ကျနော်တို့ထက် အရင်ဦးသွားတဲ့လူတစ်ယောက် ရှိနေသေးတယ်။ မြက်ရိုင်းလွင်ပြင်ကြီးထဲမှာ သူတို့အလောင်းတွေကို ဆရာဟို ရှာတွေ့သွားခဲ့တယ်။ အလောင်းကောင်တွေဟာ ရက်စက်လွန်းတဲ့ ဓားမော့ချက်တွေကြောင့် သေဆုံးခဲ့ကြတာပါ။”
ကြောက်မက်ဖွယ်ကောင်းလောက်အောင် အသံတိတ်ဆိတ်သွားခဲ့ပြန်၏။ ပြီးနောက် အင်္ကျီလေတိုးသံများကို မားဖန်းလင် ကြားလိုက်ရပြီး မြင်းဟီသံများ၊ ဒုန်းစိုင်းစီးထွက်သွားသံများကိုလည်း ဆက်တိုက် ကြားလိုက်ရပြန်သည်။
မားဖန်းလင်၏နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ကိန်းအောင်းဝင်ရောက်လာလေတော့သည်။ မုယုံမင်းကျူ သေသွားခဲ့ပြီ။ ထို မာနကြီးသော၊ မောက်မာသော၊ အဝတ်အစားကောင်းများကို ဝတ်ဆင်တတ်သော ထိုသူ့ကို သူမ တွေ့ခဲ့ဖူးပါသည်။ မနေ့ကပင် အသက်ရှင်လျှက် ရှိနေခဲ့သေး၏၊ ယနေ့ညတော့ လူသေတစ်ယောက် ဖြစ်သွားခဲ့ချေပြီ။
ယခုမြင်းစီးပြီးထွက်ခွာသွားခဲ့သူနှစ်ဦးသည် သူမကို ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက မြင်းစီးသင်ပေးခဲ့ကြသူများဖြစ်သည်။
နောက်တစ်ယောက် မည်သူဖြစ်နိုင်ပါသနည်း။ ကုန်းစွန်းတွမ့်လော... ယွင်ဇိုင်ထျန်းလော... ရဲ့ခိုင်လော... ဖူဟောင်ရွှယ်လော... သို့တည်းမဟုတ် သူမ၏ ဖခင်ပင် ဖြစ်နိုင်ပါသလော...
သေမင်း၏အငွေ့အသက်များက လူတိုင်းထံတွင် ဝေ့ဝဲနေသည်ဟု သူမ ခံစားလာရတော့၏။
သူမတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေလေပြီ။ တံခါးကို တွန်းဖွင့်ပြီး တဟုန်ထိုး ပြေးထွက်သွားလိုက်သည်။ စင်္ကြန်လမ်းပေါ်ရှိ သစ်သားကြမ်းခင်းများက ရေခဲကဲ့သို့အေးစက်နေကြောင်းကိုလည်း ခံစားမိနေ၏။ တတိယဒေါ်လေး၏အခန်းမှာ စင်္ကြန်၏အဆုံးတွင် ရှိနေလေသည်။
သူမ တံခါးခေါက်လိုက်သည်။ မည်သူမှ ပြန်မထူးခဲ့။
တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်ပြန်၏။ ပြန်ထူးသံ ထွက်ပေါ်မလာခဲ့ပါ။
ညကြီးအချိန်မတော် တတိယဒေါ်လေးသည် ဘာကြောင့်များ သူမအခန်းတွင်း၌ မရှိနေရပါသနည်း။
မားဖန်းလင်သည် အနောက်ဖေးဘက်သို့ ကွေ့ပတ်သွားလိုက်သည်။ နောက်ဖေးကွက်လပ်လေးက တိတ်ဆိတ်ငြိမ်သက်နေ၏။ တတိယဒေါ်လေး၏အခန်းတွင်း၌ မီးရောင်ရှိမနေပါ။ ကြယ်ရောင်ပြိုးပြိုးပြက်ပြက်အလင်းရောင်လေးအောက်၌ သူမ၏အခန်းလေးသည် ဖြူဖွေးစွာ ရှိနေသည်။ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ တဖလပ်ဖလပ်မြည်သွားပြီး ပွင့်သွားခဲ့၏။
သူမ အသံပေးလိုက်သည်။ “တတိယဒေါ်လေး...”
မည်သည့်ပြန်ထူးသံမှ မထွက်ပေါ်လာခဲ့။ အခန်းထဲတွင် မည်သူမှမရှိနေပါ။ တတိယဒေါ်လေး၏ ခြုံဖုံကြီးသည် ခေါင်းအုံးနှစ်လုံးကြားတွင် အလျားလိုက်ရှိနေသည်။
ကွက်လပ်ပြင်လေးထဲသို့ လေပြင်းတစ်ချက်တိုက်ခတ်လာခဲ့သောကြောင့် မားဖန်းလင် နှာချေလိုက်သည်။
ဤနေရာရှိ လူတိုင်းလိုလိုထံတွင် လျှို့ဝှက်ချက်များ ပြည့်နှက်နေကြောင်း သူမ ရုတ်တရက်ကြီး ခံစားလိုက်ရသည်။ သူမ၏ ဖခင်ထံတွင်ပင် လျှို့ဝှက်ချက်များ ရှိနေ၏။ သူမဖခင်၏ အတိတ်အကြောင်းများကို လုံးလုံးမသိခဲ့သလို မေးမြန်းခဲ့ရန်လည်း မဝံ့ရဲခဲ့ပါ။
သူမခေါင်းမော့လိုက်ချိန်တွင် ကြီးမားသည့် လူကောင်ထွားကြီးတစ်ယောက်၏အရိပ်ကို တွေ့လိုက်ရသည်။ ကုန်းစွန်းတွမ့်၏ ပြတ်သားစူးရှလှသောအသံကြီး ထွက်ပေါ်လာသည်။ “ကိုယ့်အခန်းထဲကိုယ်ပြန်သွားနေစမ်း...”
ကုန်းစွန်းတွမ့်ကို ပြန်လှည့်ကြည့်ရန် သူမကြောက်ဒူးတုန်နေလေသည်။ မြင်းတစ်သောင်းဌာနရှိ မည်သူမဆို ကုန်းစွန်းတွမ့်ကို အနည်းအကျဉ်းတော့ ဖြုံကြသည်။ မားဖန်းလင်သည် အင်္ကျီလက်များကို ခေါက်လိုက်ပြီး သူမ၏အခန်းတွင်းသို့ ပြန်ပြေးဝင်သွားခဲ့တော့၏။တတိယဒေါ်လေး၏ ပြတင်းပေါက်နားတွင် ကုန်းစွန်းတွမ့်၏ ကျယ်လောင်စွာ ရယ်မောသံကြီးကို ကြားလိုက်ရသလိုမျိုးလည်း ခံစားခဲ့ရ၏။
သူမ၏အခန်းတံခါးကို ဖွင့်လိုက်ပြီး နှလုံးခုန်သံများ မြန်ဆန်နေရလေသည်။ အဝေးတစ်နေရာမှ မြင်းခွာသံများ ထက်မံထွက်ပေါ်လာခဲ့ပြီး တစ်နေရာအရောက်တွင် လျှပ်တစ်ပြက်ကြီး ရပ်တန့်သွားပြန်၏။ မားဖန်းလင်သည် ခုတင်ပေါ်ခုန်တက်လိုက်ပြီး စောင်ကိုခေါင်းမြီးခြုံထားလိုက်တော့သည်။ သူမ၏ ခန္ဓာကိုယ်လေးတစ်ခုလုံး အဆက်မပြတ်စွာ တုန်ရီနေရသည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်စိတ်ညစ်စရာ သတင်းဆိုးများ ထပ်မံထွက်ပေါ်လာဦးမည်ကို သိရှိနေသောကြောင့်ဖြစ်သည်။ မည်သည့်မကောင်းသတင်းကိုမှ သူမ ထပ်မံမကြားချင်တော့သလို မြင်လည်းမမြင်တွေ့ချင်တော့ပါ။
“... ငါ့ကို မမွေးခဲ့သင့်ဘူး... ဒီလောကကြီးထဲမှာ ငါ ဘယ်တုန်းကမှ မမွေးဖွားခံခဲ့သင့်ဘူး...”
ဖူဟောင်ရွှယ်၏ စကားသံများကို ပြန်လည်ကြားယောင်မိသောအခါတွင်မူ မားဖန်းလင်တစ်ယောက် မျက်ရည်ပေါက်ပေါက်ကျစီးလာလေတော့သည်။
သူမကိုယ်သူမ မထိန်းသိမ်းနိုင်တော့ဘဲ ရေရွတ်မိလိုက်တော့၏။ “ငါ့ကို ဘာဖြစ်လို့များ မွေးခဲ့ကြတာလဲ... ဘာဖြစ်လို့များ မွေးခဲ့ကြတာလဲ...”
+++++
ဖူဟောင်ရွှယ်၏ ခေါင်းအုံးများသည်လည်း စိုစွတ်နေ၏။ သို့သော် သူ အိပ်မောကျသွားခဲ့ပြီဖြစ်သည်။
သူနိုးနေသည့်အချိန်တွင်မူ မျက်ရည်များ မရှိခဲ့။ နောက်ဘယ်တော့မှ မျက်ရည်မကျရဘူးဟု သူ့ကိုယ်သူ သန္နိဋ္ဌာန်ချထားခဲ့သည်။ သို့သော် အိပ်ပျော်နေသောအချိန်တွင်မူ မျက်ရည်များ ကျဆင်းနေရလေသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်များထဲမှာပင် သူ၏မသိစိတ်က လက်စားချေချင်စိတ်၊ ရန်ငြိုးထားစိတ်များကို အနိုင်ရသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ ယနေ့ညတုန်းက သူလုပ်ခဲ့သည့်အပြုအမူများသည် အလွန်အရှက်ရစရာကောင်းသည့် အပြုအမူများ ဖြစ်နေကြောင်းကိုလည်း အိပ်မက်ထဲမှာပင် ခံစားမိနေရ၏။
လက်စားချေမှုဆိုသည်မှာ လူသားတို့၏ ရှေးဦးပဝေသဏီကာလကတည်းက အမြစ်တွယ်လာခဲ့သော အလေ့အကျင့်ဖြစ်၏။ လူသား၏စတင်ဖြစ်တည်ခြင်းခေတ်လောက်ကပင် အစပြုနိုင်ခဲ့သည်ထင်သည်။ လက်ခံစရာလုံးဝ မကောင်းသည့် အပြုအမူဖြစ်သော်လည်း အခြေအနေအများစုတွင်မူ ဂုဏ်သိက္ခာရှိသောအလုပ်ဖြစ်သည်။ ယနေ့ ဤဂုဏ်သိက္ခာကို သူပြန်၍အဖတ်ဆယ်ရပေမည်။
အိပ်မက်များထဲတွင် ဖူဟောင်ရွှယ် ငိုကြွေးနေပြီး အိပ်မက်ဆိုးများလည်း မက်နေပြန်သည်။ နှင်းများ သည်းထန်စွာကျဆင်းနေသည့်အချိန်တွင် သူ့မိခင်၊ ဖခင်တို့၏ သွေးများ ပန်းထွက်နေသည်ကို မြင်တွေ့ခဲ့ရ၏။ မိဘနှစ်ပါးသည် သူ့ကို တစာစာအော်ခေါ်နေကြပြီး လက်စားပြန်ချေပေးရန် တောင်းဆိုနေကြ၏။
ရုတ်တရက် သူ့ကျောပြင်သို့ ရေခဲတမျှ အေးစက်သည့် လက်ဝါးတစ်စုံ လာဖိကပ်ထားကြောင်း ခံစားမိလိုက်သည်။ သူ ထခုန်ထွက်ရန် ဟန်ပြင်လိုက်သော်လည်း ထိုလက်တစ်စုံက သူ့ကို နူးညံ့ညင်သာစွာ ပြန်ဖိထားပေးခဲ့သည်။ အလွန်နူးညံ့ညင်သာသည့် စကားသံလေးဖြင့် သူ့နားတွင်းသို့ တိုးတိုးလေး ကပ်ပြောနေလိုက်သည်။ “ရှင် ဇောချွေးပြန်နေပါလား။”
ဖူဟောင်ရွှယ်၏တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူမ တကယ်ပင် ရောက်လာခဲ့ပြန်ပြီ။ ပြတင်းပေါက်များက စေ့နေအောင် ပိတ်ထားကြပြီး ခန်းစီးကန့်လန့်ကာများလည်း ချထားသည်။ အခန်းတွင်းတွင် သင်္ချိုင်းဂူတစ်ခုလို မှောင်ပိန်းနေ၏။ သူမသည် အဘယ်ကြောင့် အမှောင်ထုတွင်း၌ ထွက်ပေါ်လာရပြီး တိတ်တိတ်ကလေး ပြန်လည်ပျော်ကွယ်သွားရပြန်သနည်း။
သူ၏ခန္ဓာကိုယ်ကို ပက်လက်လှန်လိုက်ပြီး ထထိုင်ရန် ကြိုးစားလိုက်သော်လည်း သူမက ဖိထားပြန်၏။
“ရှင် ဘာလိုချင်လို့လဲ။”
“မီးထွန်းမလို့။”
“မီးထွန်းလို့မရဘူး။”
“ဘာဖြစ်လို့လဲ။ ကျုပ် မင်းကိုမတွေ့ရတော့ဘူးလား။”
“ရှင် တွေ့လို့မဖြစ်သေးဘူး။”
သူမ၏ခန္ဓာကိုယ်လေးကို တဖြည်းဖြည်း နိမ့်ချခဲ့ပြီး သူ့ရင်ဘတ်များနှင့် ပေးထိထားလိုက်သည်။
“ဒါပေမဲ့ ကျမဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ဆိုတာတော့ ကျမ်းကျိန်ပြီးပြောရဲပါတယ်။ ဘာလဲ... အခုချိန်ထိ ရှင်မပြောနိုင်သေးဘူးလား။”
“ကျုပ်မင်းကို ဘာဖြစ်လို့ မြင်ခွင့်မရှိရတာလဲ။”
“ဘာကြောင့်လဲဆိုတော့ ကျမကိုဘယ်သူဖြစ်မှန်း ရှင်သိသွားပြီးတဲ့နောက်... နောက်တစ်ကြိမ် လူရှေ့သူရှေ့ရောက်လို့ ထပ်တွေ့ကြမယ်ဆိုရင် ရှင်ကျမအပေါ်ကြည့်တဲ့အကြည့်တွေ ပြောင်းလဲသွားလိမ့်မယ်။ ကျမတို့နှစ်ယောက်အကြောင်းကို ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်နိုင်ဘူး။”
“ဒါပေမဲ့...”
“အရာအားလုံး ပြီးဆုံးသွားတဲ့တစ်နေ့ကျရင် ကျမကို ရှင်ကြည့်ချင်သလောက် ကြည့်ခွင့်ပေးပါ့မယ်။”
သူ ဘာစကားမှ မပြောတော့ပါ။ သူ့လက်များက သူမ၏အဝတ်အစားများကို ချွတ်ပေးနေကြလေတော့သည်။ သူမ၏လက်များဖြင့် သူ့လက်များကို ဆွဲရပ်လိုက်သည်။
“အင်္ကျီတွေ မတွန့်ကြေစေနဲ့နော်။”
“ဘာဖြစ်လို့လဲ”
“ကျမ ပြန်သွားရဦးမယ်လေ... ပြောခဲ့ပြီးသလိုပဲ ကျမတို့နှစ်ယောက်အကြောင်းကို ဘယ်သူ့ကိုမှ ပေးသိလို့မဖြစ်ဘူး။”
သူမ အေးစက်စွာ ပြုံးနေလိုက်သည်။ ယောက်ျားများကို ဤအချိန်တွင် လုပ်ပိုင်ခွင့်အပြည့်အဝ မပေးခဲ့ပါက သူတို့စိတ်များ မရိုးမရွဖြစ်လာကြပြီး စိတ်ညစ်ညူးသွားတတ်ကြောင်းကို သူမ သိနေပါသည်။
“ကျမ ဒီကို ရောက်နေခဲ့တာ ၇ နှစ်ကျော်ရှိပြီ။ နာကျင်မှုတွေ၊ ခက်ခဲမှုတွေ၊ ခံစားလိုက်ရတဲ့ ဒုက္ခတွေ... အဲဒါတွေအားလုံးက ဘာအတွက်လဲ...” သူမအသံလေးက တဖြည်းဖြည်းဖြင့် လေသံမြင့်လာခဲ့၏။ “အဲဒါတွေအားလုံးဟာ ရှင်ပြန်လာမယ့်ရက်ကို စောင့်နေခဲ့လို့ပဲ။ ရှင်ပြန်လာပြီး လက်စားချေမှာကို စောင့်နေခဲ့လို့ပဲ။ ကျမတို့ဘဝမှာ အဲဒီအချက်ကလွဲလို့ ဘာအဓိပ္ပါယ်မှ မရှိဘူး။ အဲဒီအချက်ကို ကျမ ဘယ်တုန်းကမှ မမေ့ခဲ့သလို ရှင့်ကိုလည်း မမေ့စေချင်ဘူး။”
ဖူဟောင်ရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ကာ တောင့်တင်းသွားခဲ့ရ၏။ ချွေးအေးများကြောင့် အိပ်ယာတစ်ခုလုံးလည်း စိုရွှဲနေရလေပြီ။
သူ့ထံသို့ သူမလာခဲ့သည်မှာ ကာမဖျော်ဖြေရန်အတွက်မဟုတ်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး သူ့ကို ပုံအပ်ခဲ့သည်မှာ လက်စားချေချင်စိတ် ပြင်းပြနေသောကြောင့်ဖြစ်လေသည်။
“မားခုန်းချွင်တစ်ယောက်တည်းကကို ဘယ်လောက်ကြောက်စရာကောင်းနေသလဲဆိုတာ ရှင်သိမှာပါ။ ပြီးတော့ သူ့မှာလည်း အကူအညီပေးမယ့်လူတွေ အများကြီး ရှိနေသေးတယ်။” သူမသည် ခပ်ဖြည်းဖြည်းလေး သက်ပြင်းချလိုက်ပြီး ဆက်ပြောနေပြန်သည်။ “ကျမတို့ရဲ့ ဗွေဆော်ဦးတိုက်ခိုက်မှု မအောင်မြင်ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် အခွင့်အရေးဆိုတာ ရှိတော့မှာမဟုတ်ဘူး။”
သူမသည် စကားပြော ခဏရပ်နားလိုက်ပြန်၏။ ပြီးမှ-“ကုန်းစွန်းတွမ့်၊ ဟွာမင်းထျန်နဲ့ ယွင်ဇိုင်ထျန်း သုံးယောက်ပေါင်းဦးတောင်မှ ဒီလောက်ကြောက်ဖို့မကောင်းသေးဘူး။”
“ဒါဆိုရင် မင်းက ဘယ်သူ့ကို စိုးရိမ်နေရတာလဲ။”
“သူတို့ကိုယ်သူတို့ ကိုယ်ထင်တော့မပြကြသေးဘူး။ သူတို့ဘယ်သူတွေလဲဆိုတာလည်း အခုချိန်ထိ ကျမ မသိရသေးဘူး။”
“ဘယ်သူမှ မရှိတာလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။”
“ရှင့်ဖေဖေနဲ့ ဒုတိယဘဒွေးတို့ဟာ သိုင်းလောကရဲ့ တစ်ခေတ်မှာတစ်ယောက်ဆိုနိုင်လောက်တဲ့ သူရဲကောင်းကြီးတွေပါ။ မားခုန်းချွင်နဲ့ ကုန်းစွန်းတွမ့်နှစ်ယောက်တည်းနဲ့တော့ သူတို့ကို ဘယ်ယှဉ်နိုင်ခဲ့ပါ့မလဲ။ နောက်ပြီးတော့ သူတို့ရဲ့ ဇနီးမယားတွေကလည်း ထိပ်သီးသိုင်းသမားတွေ ဖြစ်နေပြန်သေးတယ်လေ။”
ထိုနေရာသို့အရောက်တွင် သူမအသံ ဆို့နင့်သွားခဲ့ရ၏။
အတော်လေးကြာမှ သူမထံက စကားသံထွက်ပေါ်လာပြန်သည်။ “ရှင့်ဖေဖေနဲ့ ဒုတိယဘဒွေးတို့ သေပြီးတဲ့အချိန်ကျမှသာ သူတို့လို ဟုန်းဟုန်းတောက်ကျော်ကြားတဲ့ သိုင်းပညာရှင်ကြီးတွေကို ဘယ်သူတွေကများ အမြစ်ဖြတ်သုတ်သက်သွားခဲ့သလဲဆိုတာ လူတိုင်းက စဉ်းစားနေခဲ့ကြတာ။ ဘယ်သူမှ မျက်နှာနှစ်ခွနဲ့ မားခုန်းချွင်မှန်း မထင်ခဲ့ကြဘူး။”
သူမ၏လေသံက ဒေါသသံ၊ မုန်းတီးနာကျည်းသံများ ပြည့်နှက်လာသည်။
“ဒါပေမဲ့ မားခုန်းချွင်အပြင် နောက်ထပ်လူတစ်စုလည်း ရှိခဲ့ရဦးမယ်။ ကျမ ဒီကိုရောက်လာခဲ့တာ အဲဒီကိစ္စကို စုံစမ်းချင်လို့ပဲ။ အခုအချိန်ထိ တခြားသိုင်းထိပ်သီးတစ်ယောက်ကိုမှ မားခုန်းချွင် ဆက်သွယ်ခဲ့တာ မမြင်ခဲ့ရသေးဘူး။ သူကိုယ်တိုင်ကလည်း အဲဒီအကြောင်းတွေကို ဘယ်တုန်းကမှ လေသံမဟခဲ့ဘူး။”
“လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဒီအကြောင်းတွေကို မင်း မသိခဲ့ဘူးဆိုရင် အခုချိန်ကျမှ ကျုပ်တို့က ဘာကို လိုက်ရှာရမှာလဲ။”
“ကျမတို့မှာ အခွင့်အလန်းတွေတော့ ရှိနေပါသေးတယ်လေ။”
“ဘယ်လို အခွင့်အလန်းမျိုးလဲ။”
“အခုအချိန်မှာ သူကိုယ်တိုင်က ဘေးကြပ်နံကြပ်ဖြစ်နေပြီ။ သိပ်ပြီးအကြပ်အတည်းနဲ့ ရင်ဆိုင်လာရပြီဆိုတာနဲ့ ဟိုလူတွေကို သူ ပြန်ပြီးဆက်သွယ်ရတော့မယ်။ သူ့မှာ ရွေးချယ်စရာလမ်း မရှိတော့ဘူး။”
“ဘယ်သူကများ သူ့ကို ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်နေတာလဲ။”
ထိုမေးခွန်းကို သူမ ပြန်မဖြေခဲ့သည့်ပြင် ထပ်မံ၍ပင် မေးခွန်းထုတ်လိုက်၏။ “ဟိုလူ ၁၃ ယောက်ကို ရှင် ဟိုတစ်နေ့ညက သတ်ခဲ့တာလား။”
“အဲဒါ ကျုပ်မဟုတ်ဘူး။”
“မြင်းတွေကို သတ်ခဲ့တာကျတော့ရော...”
“ဒါလည်း ကျုပ်လက်ချက်မဟုတ်ဘူး။”
“ရှင် မဟုတ်ဘူးဆိုရင် ဘယ်သူ့လက်ချက်များလဲ။”
“ကျုပ်လည်း ဒီအတွက် စဉ်းစားရခက်နေတယ်။”
“ဘယ်သူလဲဆိုတာ ရှင် မခန့်မှန်းနိုင်သေးဘူးပေါ့လေ။”
“ရဲ့ခိုင်များလား...”
“သူဟာ သိပ်ကိုလျှို့ဝှက်သူတစ်ယောက်ဆိုတာတော့ သေချာတယ်။ ဒီကို အကြောင်းကိစ္စတစ်ခုကြောင့် ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ ဟိုလူတွေကိုသတ်ခဲ့တဲ့ လူသတ်သမားတော့ မဟုတ်ဘူး။”
“အိုး...”
“အဲဒီအချိန်တုန်းက သူ ဘယ်သူနဲ့ ရှိနေခဲ့တယ်ဆိုတာ ကျမသိတယ်။”
အခန်းတွင်းတွင် မှောင်လွန်းနေသောကြောင့် ဖူဟောင်ရွှယ်၏ မျက်နှာအမူအရာများကို ထင်ထင်ရှားရှား မမြင်တွေ့ခဲ့ရပါ။ သူ့အမူအရာများက ထူးဆန်းလွန်းနေ၏။
ထိုအချိန်၌ပင် ခေါင်မိုးပေါ်မှ အသံတိုးတိုးလေးတစ်သံ ထွက်ပေါ်လာ၏။
သူမ၏ အမူအရာများ ပြာယာခပ်သွားခဲ့ပြီး ဖူဟောင်ရွှယ်ကို အကြံပေးလိုက်သည်။ “ဒီအခန်းထဲမှာပဲနေနေ... ဘာပဲလုပ်လုပ် အပြင်ကို လုံးဝမထွက်ပါနဲ့။”
ထိုစကားများ ပြောဆိုအပြီးတွင် ပြတင်းတံခါးကိုဖွင့်ပြီး သူမအပြင်ဘက်သို့ ခုန်ပျံထွက်သွားတော့သည်။ ဖူဟောင်ရွှယ် မြင်တွေ့လိုက်ရသည်မှာ အရပ်ခပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး သဏ္ဌာန်ရှိသူ အမျိုးသမီးတစ်ဦး၏ နောက်ကျောဘက်ကိုသာဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ပျောက်ကွယ်သွားခဲ့ချေပြီ။
+++++
အရက်သမား ၄ ယောက်ရှိနေကြ၏။ သူတို့အားလုံးသည် မြင်းတစ်သောင်းဌာနမှ ထိပ်သီးအဆင့်မြင့်သိုင်းသမားများဖြစ်ကြသည်။ သူတို့ကိုကြည့်ရသည်မှာ အရက်ကိုမူးအောင် သောက်ချင်ပုံမရသော်လည်း ယနေ့ညတော့ ဘာကြောင့်မှန်းမသိ အမူးသောက်နေကြလေသည်။ သူတို့၏ ရဲဘော်ရဲဘက် ၁၃ ယောက် သေဆုံးသွားခဲ့သည်ကို တွေ့မြင်ခဲ့ရ၍လည်းကောင်း၊ တစ်ခုပြီးတစ်ခု ကံဆိုးမိုးမှောင်ကျမှုများကို တွေ့မြင်ခဲ့ကြရ၍လည်းကောင်း၊ အရက်မူးအောင်မသောက်ဘဲ မည်သူကများ နေနိုင်ပါဦးမည်နည်း။
၄ ယောက်မြောက်လူ မူးပြီးမှောက်သွားချိန်သည် ရဲ့ခိုင် လှမ်းဝင်လာချိန်လေးပင်ဖြစ်၏။ သူသည် နောက်ဖေးပေါက်မှ ဝင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ စောစောတုန်းကတည်းက ဤနေရာသို့ သူရောက်နေခဲ့ပြီးဖြစ်သော်လည်း အပေါ့အပါးသွားရန် နောက်ဖေးပေါက်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အရက်များများသောက်ထားသူများသည် အချိန်ခဏလေးအတွင်းပင် အပေါ့အပါးသွားကြရသည်မဟုတ်ပါလား။ ဘာကြောင့်မှန်းတော့မသိ... ရဲ့ခိုင် ထွက်သွားခဲ့သည်မှာ အချိန်အတော်လေးကြာခဲ့ပြီဖြစ်သည်။
သူဝင်ရောက်လာသည်ကို မျက်ထောင့်ကပ်ကြည့်နေသော ရှောင်ပိုင်လိကို တွေ့လိုက်ရပြီးနောက် သူ့ထံသို့ လျှောက်သွားလိုက်သည်။
“တစ်စုံတစ်ယောက်က မင်းကိုတစ်စုံတစ်ခု ပေးခိုင်းထားတယ်။” ရှောင်ပိုင်လိက ထူးဆန်းသည့်အပြုံးမျိုးပြုံးကာ ပြောဆိုလိုက်၏။
ရဲ့ခိုင်က မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။ “ကျွေ့နွန်လား...”
ရှောင်ပိုင်လိသည်လည်း မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။ “မင်း အရင်တုန်းကလည်း ဒီလိုပဲ တော်တာပဲလား။”
“သနားစရာကောင်းတာက ကျုပ်ကို တကယ်ချစ်မြတ်နိုးတဲ့မိန်းကလေးရှေ့ရောက်ရင် ငတုံးတစ်ယောက်ဖြစ်သွားပြန်ရော...” ရဲ့ခိုင်က ပြုံးပြီးပြန်ဖြေလိုက်သည်။ ပြီးနောက် ရှောင်ပိုင်လိ၏လက်ထဲမှ စာရွက်ခေါက်ကလေးကို လှမ်းယူလိုက်၏။
ခရမ်းဖျော့ရောင် စက္ကူရွက်ကလေးပေါ်တွင်ရေးထားသည်မှာ-“ကျမရဲ့ ပုလဲပန်းပွင့်လေးကို တခြားတစ်ယောက်ကို ပေးခဲ့သေးလား။”
ရဲ့ခိုင်သည် သူ့အင်္ကျီကော်လာပေါ်တွင် ထိုးထားသည့် ပုလဲပန်းပွင့်လေးကို ညင်သာစွာထိတွေ့ ပွတ်သပ်လိုက်ပြီး ခပ်ပေါပေါလေး ပြုံးနေလိုက်သည်။
ရှောင်ပိုင်လိသည် သူ့ကိုငေးကြည့်နေရင်း သက်ပြင်းတစ်ချက်ချလိုက်တော့၏။ “ကျုပ်သာ အသက်နှစ်ဆယ်လောက် ပြန်ငယ်သွားခဲ့မယ်ဆိုရင် သူ့အတွက် မင်းနဲ့ရန်ဖြစ်ရလိမ့်မယ်။”
“ခင်ဗျား ဘယ်လောက်ကြီးပဲ အသက်ကြီးနေပါစေ... မိန်းမတစ်ယောက်အတွက်နဲ့ ရန်ဖြစ်မယ့်လူစားမျိုးတော့ မဟုတ်ပါဘူး။” ရဲ့ခိုင်က ပြုံးကာ ပြန်ဖြေလိုက်သည်။
ရှောင်ပိုင်လိ-“မင်း လူကဲခတ်မှားသွားပြီ။”
ရဲ့ခိုင်-“အိုး... ဟုတ်ရဲ့လား။”
ရှောင်ပိုင်လိ-“ကျုပ်ရဲ့ ဒီခြေထောက်တွေ ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲသိလား။”
ရဲ့ခိုင်-“မိန်းမတစ်ယောက်ကြောင့်များလား။”
ရှောင်ပိုင်လိသည် ခါးသက်စွာပြုံးနေပြီး ပြန်ဖြေလိုက်၏။ “အဲဒီမိန်းမဟာ ဖာသည်မတစ်ယောက်ကလွဲပြီး ဘာမှမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန်ကျတော့ သိပ်ကိုနောက်ကျသွားခဲ့ရပြီ။”
သူ့လေသံက ပိုမိုတင်းမာလာခဲ့ပြီး ဆက်ပြောနေလိုက်ပြန်၏။ “ဒါပေမဲ့ ဒီကောင်မလေးကတော့ အဲဒီလိုမိန်းမစားမျိုး လုံးဝမဟုတ်ရပါဘူးကွာ။ မင်းတို့ ကျုပ်တို့ တွေ့ဖူးသမျှ မိန်းမတွေအားလုံးထက်တောင် သန့်ရှင်းချင် သန့်ရှင်းနေနိုင်ပါသေးတယ်။ ကျုပ်ဆီမှာ အလုပ်လုပ်နေတယ်ဆိုပေမယ့် သူ့ကိုယ်သူ ဘယ်တုန်းကမှ အပျက်ဆီးမခံခဲ့သေးဘူး။”
ရဲ့ခိုင်-“ဒါဆိုရင် သူ ရောင်းချနေတာက ဘာမို့လဲ။”
ရှောင်ပိုင်လိ-“သူရောင်းနေတာကတော့ ယောက်ျားတွေအရူးအမူးလိုချင်နေပြီး မရနိုင်တာတွေပေါ့ကွာ။”
+++++
ဒုတိယတံခါးပေါက်ကြီး၏ဘေးတွင် ကျယ်ပြန့်လှသော စင်္ကြန်ကြီးရှိနေသည်။ စင်္ကြန်တစ်လျှောက် စားပွဲခုံများ၊ ထိုင်ခုံများ စီတန်းချထား၏။ စင်္ကြန်၏အဆုံးတွင် နောက်ထပ်တံခါးပေါက်တစ်ခု ရှိနေလေသည်။ ရောက်လာကြသူများသည် အတွင်းမှ ပြန်ထူးသံမကြားမချင်း အပြင်ဘက်တွင် ထိုင်စောင့်နေကြရလေသည်။
ရဲ့ခိုင် တံခါးခေါက်လိုက်သည်။
အတန်ငယ်ကြာသောအခါမှ စကားသံတစ်သံထွက်ပေါ်လာ၏။ “ဘယ်သူလဲ။”
“ဧည့်သည်တစ်ယောက်”
“သခင်မလေးက ဒီနေ့အဖို့ ဘယ်ဧည့်သည်မှ လက်ခံမတွေ့ဆုံတော့ပါဘူးရှင်။”
ရဲ့ခိုင်-“တံခါးကို ဆောင့်ကန်ဖွင့်ပြီးဝင်လာတတ်တဲ့ ဧည့်သည်ကိုများ လက်ခံတွေ့ဆုံချင်ရဲ့လားလို့ မေးလိုက်စမ်းပါ။”
အတွင်းမှ တခစ်ခစ်ရယ်မောသံလေးများ ထွက်ပေါ်လာပြီး-“ဒါဆိုရင်တော့ သခင်လေးရဲ့ပဲဖြစ်ရမယ်။”
မျက်လုံးပြူးပြူးနှင့် မိန်းမပျိုလေးတစ်ယောက် တံခါးကိုလာဖွင့်ပေးနေပြီး အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်နေ၏။ “အိုး... သခင်လေးရဲ့ တကယ်ပဲဖြစ်နေတာကိုး။”
ရဲ့ခိုင်က ပြုံးစစဖြင့် ပြန်မေးလိုက်၏။ “တံခါးကို ကန်ဖွင့်ပြီးဝင်လာတတ်တာ ကျုပ်တစ်ယောက်တည်းရှိတာလား။”
မိန်းကလေး၏ မျက်ဝန်းကျယ်ကြီးများ ဟိုသည်ရွေ့လျားသွားခဲ့ပြီး နှုတ်ခမ်းများကို စူထားကာ ပြန်ဖြေလိုက်သည်။ “နောက်တစ်ယောက်ရှိသေးတယ်။”
“ဘယ်သူလဲ”
“ကျမတို့ရဲ့ ကုန်စည်စလှယ်တွေကို ဆွဲသယ်ပေးနေတဲ့ မြည်းကြီး...”
0 comments:
Post a Comment