သူမကို အလွန်လှပချောမောသော မိန်းမပျိုလေးတစ်ယောက်ဟု ပြောဆိုရန် ခက်ခဲလှသော်လည်း မျက်လုံးများက အရည်ရွှမ်းလဲ့နေကြပြီး စကားပြောဆိုနေကြသည်။ နှုတ်ခမ်းပါးပါးလေးများက ထက်မြက်ပြီးဆွဲဆောင်နိုင်သည့် စကားလုံးများ ပြောဆိုနိုင်ကြ၏။ ထိုနေရာ၌ အေးအေးငြိမ်ငြိမ်ကလေး ထိုင်နေသော်လည်း သူမထံမှ ထုတ်လွှတ်နေသည့် ဆွဲဆောင်မှုပြင်းအားများကို ငြင်းဆန်နိုင်မည်မထင်ပါ။ တွေ့ဖူးသမျှ မိန်းမပျိုလေးများနှင့် ယှဉ်ကြည့်လျှင် သူမသည် ပြိုင်ဘက်ကင်း ဆွဲဆောင်မှုအားကောင်းသူတစ်ယောက်ဖြစ်ကြောင်း ငြင်းချက်ထုတ်ရန်မရှိ။
သူမလိုအမျိုးသမီးတစ်ယေက်နှင့် စကားစမြည်ပြောခွင့်ရနေပြီဆိုလျှင်ပင် ယောက်ျားတစ်ယောက်အဖို့ လုံလောက်နေပြီဖြစ်၏။
သူမ၏အချစ်ပန်းကို လှမ်းဆွတ်နိုင်ဖို့ ယောက်ျားများသည် မင်းစိုးရာဇာများလို၊ သူဌေးများလို၊ လူကြီးလူကောင်းများလို၊ ယဉ်ကျေးသိမ်မွေ့သူများလို အမူအရာပေါင်းမျိုးစုံဖြင့် လာရောက်ချဉ်းကပ်ခဲ့ကြဘူးသည်။
သို့သော် သူမ၏အခန်းတွင်းသို့ ရဲ့ခိုင်ဝင်ရောက်သွားခဲ့ချိန်တွင် ခုတင်ပေါ်သို့ တန်းတန်းမတ်မတ်ကြီး သွားရောက်ခဲ့ပြီး ခြေပစ်လက်ပစ် ပက်လက်လှန်အိပ်နေလိုက်၏။ ဖိနပ်ကိုပင် ချွတ်ခဲ့ခြင်းမရှိ။ ဖိနပ်ထိပ်များရှိ အပေါက်ကြီးနှစ်ပေါက်က မျက်နှာကြက်ကို မျက်နှာပြုနေကြသည်။
ကျွေ့နွန်သည် သူမ၏မျက်ခုံးလေးများကို ချစ်စဖွယ်ကျုံ့ထားပြီး မေးမြန်းလိုက်၏။ “ရှင် ဖိနပ်အသစ်တစ်ရံလောက် မဝယ်နိုင်တော့ဘူးလား။”
ရဲ့ခိုင်-“ကျုပ် မတတ်နိုင်ဘူး။”
ကျွေ့နွန်-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲဆိုတော့ ဒီဖိနပ်တွေက ကျုပ်ကိုအကာအကွယ်ပေးတယ်လေ။”
ကျွေ့နွန်-“အကာအကွယ်ပေးတယ်... ဟုတ်လား။”
ရဲ့ခိုင်သည် သူ့ခြေထောက်တစ်ဘက်ကို မြှောက်ထားပြီး ဖိနပ်ထိပ်မှ အပေါက်ကြီးတစ်ပေါက်နှင့် အခြားဇကာပေါက်များကို လက်ညှိုးထိုးပြနေကာ ရှင်းပြလိုက်သည်။ “ဒီအပေါက်ကြီးတွေကို တွေ့လား။ လူတွေကို ကိုက်တတ်တယ်။ ကျုပ်ကို ယဉ်ယဉ်ကျေးကျေးမဆက်ဆံလာတဲ့လူမှန်သမျှ အကိုက်ခံရလိမ့်မယ်။”
ကျွေ့နွန် တခစ်ခစ်ရယ်မောလိုက်တော့၏။ ပြီးနောက် ထရပ်လိုက်ပြီး ရဲ့ခိုင်ရှိရာသို့ လျှောက်လှမ်းသွား၏။ “ကျမကို တကယ်ပဲကိုက်မလားဆိုတာ သိချင်လိုက်တာ။”
ရဲ့ခိုင်က သူမကို ဆွဲပွေ့ခဲ့ပြီး တိုးတိုးလေးပြောလိုက်၏။ “သူတို့ကတော့ မကိုက်ရဲကြဘူး။ ကျုပ်ကတော့ ကိုက်ရမှာ မကြောက်ဘူးနော်။”
ကျွေ့နွန်သည် တအင့်အင့်ညည်းတွားသံလေးဖြင့် သူ့ရင်ခွင်ထဲသို့ ပြိုလဲကျသွားတော့သည်။
အခန်းတံခါးများ မပိတ်ထားပါ။ အခန်းတံခါးများ ပိတ်ထားခဲ့သည်ဆိုလည်း အခန်းတွင်းမှ အချစ်များ ထုံမွှမ်းနေသည့် အငွေ့အသက်များကို တားဆီးနိုင်မည်မထင်။
အိမ်ဖော်မပျိုလေးတစ်ယောက်၏မျက်နှာ နီရဲသွားသည်။ သူမသည် သူတို့ကို ခပ်ဝေးဝေးမှ လှမ်းကြည့်နေသော်လည်း တဖြည်းဖြည်း အနီးသို့တိုးကပ်လာပြီး ကြည့်ချင်နေမိ၏။
ခေါင်မိုးပေါ်တွင်ရှိနေကြသည့် ရွှေဝါရောင်တေးမြုံငှက်ကလေးများသည် အတောင်တဖတ်ဖတ်ခတ်ပြီး အသံသာသာလေးများဖြင့် တေးသွားများ သီကျူးနေကြ၏။
ကြည်လဲ့လဲ့နွေဦးနှင့် စိမ်းညို့ညို့ကျောက်စိမ်းသား...
++++
ခေါင်မိုးပေါ်ရှိ အမှောင်ရိပ်ထဲတွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်အောက်တွင် အရပ်ခပ်မြင့်မြင့်၊ ကိုယ်ဟန်သွယ်သွယ်ရှိသူဖြစ်သည်။ သူမ၏မျက်နှာကို ဇာပုဝါပါးလေးတစ်ထည်ဖြင့် ဖုံးအုပ်ထား၏။
သူမသည် လူတစ်ယောက်နောက်သို့ နောက်ယောင်ခံလိုက်နေခြင်းဖြစ်ပြီး ထိုသူ၏အရိပ်သည် ဤခေါင်မိုးတဝိုက်တွင် ပျောက်ကွယ်သွားခြင်းဖြစ်သည်။ သို့သော် အဆောက်အဦ၏ ခေါင်မိုးထိပ်သို့ သူမရောက်ရှိလာချိန်တွင်မူ လူသူအရိပ်အယောင်ဟူ၍ တစ်စက်ကလေးမျှ မတွေ့ရတော့ပါ။
အောက်တွင် ရှိနေသည့်နေရာသည် မည်သည့်နေရာဖြစ်သည်ဆိုခြင်းကို သူမ သိနေပါသည်။ ဤနေရာသည် အမျိုးသမီးများ မလာအပ်စပ်သည့်နေရာဖြစ်သည်။
“သူ ဘယ်သူလဲ။ ငါတို့ပြောနေခဲ့တဲ့စကားတွေကို ဘာဖြစ်လို့များ ချောင်းမြောင်းနားထောင်နေခဲ့တာလဲ။ သူ ဘာများကြားသွားသေးလဲ။” စိတ်တွင်းမှ သူကို တစ်ချိန်လုံး မေးမြန်းနေခဲ့သည့် မေးခွန်းများဖြစ်သည်။ သူမ၏မျက်နှာကို တစ်ယောက်ယောက်သာ မြင်တွေ့ခဲ့မည်ဆိုပါက မျက်နှာပေါ်မှ စိုးရိမ်ပူပန်စိတ်များ၊ ကြောက်ရွံ့ထိတ်လန့်မှုများကို တွေ့ရှိသွားမည်ဖြစ်သည်။
သူမ၏လျှို့ဝှက်ချက်များကို မည်သူ့ကိုမှ ပေးမသိနိုင်ပါ။ လုံးဝပေးသိလို့မဖြစ်။
ထိုနေရာတွင် အချိန်အတော်ကြာကြီး ရပ်ပြီးစဉ်းစားခန်းဝင်နေလိုက်ကာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ချပြီးဟန်ဖြင့် အံတစ်ချက်ကြိတ်လိုက်ပြီး ခေါင်မိုးပေါ်က ခုန်ဆင်းလိုက်သည်။ စွန့်စားမှုတစ်ခု လုပ်ရမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။
သူမ၏ဘဝတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သည့် ထူးဆန်းအံ့ဩဖွယ်ရာများစွာကို တွေ့ကြုံခဲ့ဖူးပါသည်။ သို့သော် ပြည့်တန်ဆာအဆောင်ထဲသို့ အမျိုးသမီးတစ်ယောက် လျှောက်ဝင်လာခြင်းကို တွေ့လိုက်ရသည့် ယောက်ျားများ၏ အံ့ဩမှုများကိုတော့ တစ်ခါမှ မတွေ့ကြုံခဲ့ဖူး။ လူတိုင်း မျက်လုံးပြူးသွားခဲ့ကြ၏။ ဝံပုလွေအုပ်ထဲသို့ မျက်စိလယ်လှမ်းမှားပြီးရောက်လာသည့် သိုးသူငယ်လေးတစ်ကောင်လို ဝိုင်းကြည့်နေကြသည်။ ဝံပုလွေအတွက်တော့ ဤအရာသည် စိန်ခေါ်လာခြင်းမဟုတ်... စော်ကားခြင်းသာဖြစ်မည်။
ဤနေရာသို့ အမျိုးသမီးတစ်ယောက် ကြောင်တောင်ကန်း ရောက်လာခဲ့လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့။ သူမသည် ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင် ချောမောလှပသူဖြစ်ကြောင်းကိုလည်း သူတို့မငြင်းဆန်လို။
အနည်းငယ်မူးယစ်နေသည့် သားသတ်သမား၏ မျက်လုံးများက အပြူးကျယ်ဆုံးဖြစ်နေသည်။ သူသည် မြို့အစွန်တွင် ဆိတ်များ၊ သိုးများ မွေးမြူသတ်ဖြတ်ကာ မြို့တွင်းလာရောက်ရောင်းချသူဖြစ်သောကြောင့် ဤအမျိုးသမီးကို မည်သူဖြစ်ကြောင်း မသိခဲ့။ ထိုသူသည် အမျိုးသမီးထံသို့ ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ထလျှောက်လာသော်လည်း အနီးရှိ လူတစ်ယောက်က သူ့ကို ဆွဲထားလိုက်သည်။
“စဉ်းတောင်မစဉ်းစားနဲ့...”
“ဘာဖြစ်လို့...”
“သူ့မှာ ပိုင်ရှင်ရှိပြီးသား။”
“မြင်းတစ်သောင်းဌာန”
ထိုစကားလုံးများတွင် မမြင်နိုင်သည့် အင်အားများ လွှမ်းခြုံထားသည်။ စကားလုံးများကို ကြားလိုက်ရအပြီးတွင် အရက်ခန်းတွင်းရှိ လူအားလုံး၏ စိတ်ဓာတ်များ ပြိုကွဲသွားကြတော့သည်။
တတိယဒေါ်လေးသည် ခေါင်းမော့ပြုံးနေကာ လျှောက်လှမ်းလာ၏။ အခန်းတွင်းရှိ လူအများ၏ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြသံများကို မကြားဟန်ပြုထားလိုက်သည်။ မျက်နှာအမူအရာကို ဘာမှမဖြစ်သလို ဟန်ဆောင်ထားသော်လည်း တကယ်တမ်းတွင် သူမ စိတ်ဆိုးနေ၏။ ထိုသူအားလုံး၏ အကြည့်များ သူမထံသို့ စုပြုံကျရောက်လာခဲ့ချိန်တုန်းက သူမကိုယ်သူမ အဝတ်ဗလာရှိနေသလို ခံစားခဲ့ရသည်မဟုတ်ပါလား။
ကံကောင်းထောက်မစွာ... ရှောင်ပိုင်လိက သူမကို ဖိတ်ခေါ်လိုက်သည်။ “တတိယရှင်းသခင်မပါလား... ဒီကို ဘာလာလုပ်တာလဲဗျ။ တွေ့ရခဲပဲနော်။”
သူမသည် ရှောင်ပိုင်လိထံ လျှောက်သွားခဲ့ပြီး ခပ်ပြုံးပြုံးလေး မေးမြန်းလိုက်၏။ “ဆရာရှောင်... ကျမ ဒီနေရာကို မလာရတော့ဘူးတဲ့လား။”
ရှောင်ပိုင်လိက သက်ပြင်းချကာ ပြန်ဖြေလိုက်၏။ “ကျုပ် ထရပ်ပြီးမကြိုဆိုနိုင်လို့ပါဗျာ။”
“ကျမ ဒီကိုလာခဲ့တာ လူတစ်ယောက်ကို လာရှာတာပါ။”
“ကျုပ်ကိုလား...” ရှောင်ပိုင်လိ မျက်တောင်များ ပုတ်ခတ်ကာ မေးမြန်းလိုက်သည်။
တတိယရှင်းသခင်မက ပြုံးကာပြန်ဖြေလိုက်သည်။ “ရှင့်ကို လာရှာချင်မှတော့ ဘယ်သူမှမရှိတဲ့အချိန် လာမှာပေါ့ရှင်။”
“ဒါဆိုလည်း စောင့်နေရတော့မှာပေါ့ဗျာ။ ကျုပ်ရဲ့ခြေထောက်တွေကို အဖြတ်ခံရဖို့လည်း မကြောက်တော့ပါဘူး... ရှိမှမရှိတော့ပဲ။”
နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် မြွေမြွေချင်းခြေမြင်သူများလည်း ဖြစ်ကြ၏။
တတိယရှင်းသခင်မ-“ကျွေ့နွန် ရှိနေလား။”
ရှောင်ပိုင်လိ-“ရှိပါတယ်။ သူ့ကို လာရှာတာလား။”
“အင်း...”
ရှောင်ပိုင်လိ သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်သည်။ “ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် သူ့ကို ဘာဖြစ်လို့များ အသည်းအသန် လိုက်ရှာနေကြတာလဲမသိဘူး။”
တတိယရှင်းသခင်မ-“ကျမ အိပ်လို့မပျော်ဘူးရှင့်။ ဒါကြောင့် သူနဲ့စကားစမြည်လေးပြောရအောင်ဆိုပြီး ထွက်လာခဲ့တာ။”
ရှောင်ပိုင်လိ-“ခင်ဗျား ရောက်လာတာနောက်ကျသွားတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ။”
တတိယရှင်းသခင်မက မျက်ခုံးများဝင့်ပြီး မေးလိုက်သည်။ “ညအိပ်ညနေဧည့်သည်ရှိနေတယ်လို့တော့ မပြောလိုက်ပါနဲ့လားရှင်။”
“အထူးဧည့်သည်တစ်ယောက်ပါ။”
“ဘယ်လို အထူးဧည့်သည်မို့လို့လဲ။”
“အလွန်မွဲတေနေတဲ့လူတစ်ယောက်။”
တတိယရှင်းသခင်မသည် သဘောကျစွာရယ်မောနေပြီး ဆက်မေးလိုက်သည်။ “ဒီလောက် ဆင်းရဲမွဲတေနေတဲ့လူတစ်ယောက်ကို သူကအထူးဧည့်သည်အဖြစ် လက်ခံထားတယ်လား။”
ရှောင်ပိုင်လိ-“ကျုပ်လည်း သူ့ကိုတားမြစ်ချင်ပါသေးတယ်။ ဒါပေမဲ့ ကျုပ်ဟာ သူ့ပြိုင်ဘက်မဟုတ်တာရယ်... သူ့လောက်မြန်မြန်မပြေးနိုင်တာရယ်ကြောင့် မတားခဲ့မိလိုက်ဘူး။”
တတိယရှင်းသခင်မက မျက်လုံးထောင့်ကပ်ပြီး မေးမြန်းလိုက်၏။ “ရှင် ကျမကို ညာပြောနေတာတော့ မဟုတ်ပါဘူးနော်။”
ရှောင်ပိုင်လိ-“ဒီလောကကြီးထဲမှာ ခင်ဗျားကို လိမ်ပြောနိုင်တဲ့သူ ဘယ်သူများရှိသေးလို့လဲဗျာ။”
တတိယရှင်းသခင်မ-“သူ့ဧည့်သည်က ဘယ်သူလဲ။”
ရှောင်ပိုင်လိ-“ရဲ့ခိုင်။”
တတိယရှင်းသခင်မသည် “ရဲ့ခိုင်” ဟူသည့်နာမည်ကို တတွတ်တွတ် ရေရွတ်နေပြီး မျက်မှောင်ကျုံ့ထားလိုက်၏။
ရှောင်ပိုင်လိ-“ခင်ဗျားကတော့ သူ့ကိုသိချင်မှသိမယ်။ သူ ဒီကိုရောက်လာခဲ့တာ နှစ်ရက်တစ်မနက်ပဲရှိသေးတယ်၊ မြို့ထဲကလူတွေ သူ့နာမည်ကို မသိတဲ့သူ မရှိသလောက်ပဲ။”
တတိယရှင်းသခင်မ၏ မျက်နှာထက်တွင် မချိပြုံးလေးတစွန်းတစ ထွက်ပေါ်လာခဲ့ပြီး မျက်လုံးများကမူ ဆတ်ခနဲ အနည်းငယ်တွန့်သွားခဲ့ကြ၏။ သူမ၏အမူအရာများ တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာခဲ့ပါသည်။
ရုတ်တရက် တံခါးမကြီးနှစ်ချပ် “ဝုန်း” ခနဲပွင့်သွားခဲ့ပြီး လူထွားကြီးတစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လာသည်။ ထွားကြိုင်းလွန်းသော လူတစ်ယောက်ဖြစ်သည်။ ကုန်းစွန်းတွမ့်၏ လက်တစ်ဘက်က ဓားမော့လက်ကိုင်ရိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။
ရှောင်ပိုင်လိက သက်ပြင်းချရင်း မှတ်ချက်ချလိုက်သည်။ “မလာသင့်တဲ့လူတွေ အားလုံး ရောက်လာခဲ့ကြပြီကိုး။ လာသင့်တဲ့လူတွေကျပြန်တော့ လူယောင်တောင် မပြကြသေးဘူး။”
စားပွဲပေါ်မှ ဒိုးဇက်ကလေးတစ်ခုကို ကောက်ယူလိုက်ကာ ခပ်ဖြည်းဖြည်းလေး ပြန်ချထားလိုက်ပြန်၏။ ပြီးနောက် ခေါင်းခါရမ်းပြီး ဆက်ပြောလိုက်ပြန်သည်။ “ကြည့်ရတာ မနက်ဖန် မုန်တိုင်းရှိမယ့်ပုံပဲ။ ဘာမှလုပ်စရာမရှိဘူးဆိုရင် အိမ်မှာနေနေတာ အကောင်းဆုံးပဲ။”
“ဒီကို လာခဲ့စမ်း။” ကုန်းစွန်းတွမ့်က အော်ဟစ်အမိန့်ပေးလိုက်သည်။
တတိယသခင်မရှင်းသည် နှုတ်ခမ်းကိုဖိကိုက်ထားပြီး ပြန်မေးလိုက်၏။ “ရှင် ဘယ်သူ့ကို ပြောနေတာလဲ။”
“မင်းကို...” ကုန်းစွန်းတွမ့်၏ အသံကျယ်ကြီး ထွက်ပေါ်လာပြန်သည်။
သားသတ်သမားသည် ရုတ်တရက်ဆိုသလို ရှေ့သို့တက်လှမ်းလာခဲ့၏။ သူ့ဘေးနားတွင်ရှိနေကြသူများသည် သူ့ကို တားဆီးဆွဲထားရန် လွန်စွာနောက်ကျခဲ့လေသည်။ သူသည် ကုန်းစွန်းတွမ့်ရှေ့သို့ လျင်မြန်စွာရောက်လာခဲ့၏။ ကုန်းစွန်းတွမ့်၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြောလိုက်သည်။ “အမျိုးသမီးကို ဒီလိုအော်ဟစ် စကားမပြောပါနဲ့။ မင်း လူယဉ်ကျေးတစ်ယောက်မဟုတ်ဘူးလား။ ကျုပ်ဘာမှ မလုပ်သေးခင်...”
သူ့စကားပင် မဆုံးလိုက်သေး ကုန်းစွန်းတွမ့်၏ လက်ပြန်ရိုက်ချက်ကြောင့် နောက်ပြန်လန်လဲကျသွားခဲ့တော့သည်။ သားသတ်သမားသည်လည်း လူထွားကြီးတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ လေးလံလှသော ခန္ဓာကိုယ်ကြီးသည် ကုန်းစွန်းတွမ့်၏ လက်ပြန်ရိုက်ချက်ကြောင့် လေထဲသို့ လွင့်ပျံထွက်သွားရ၏။
သားသတ်သမားသည် စားပွဲများပေါ်မှ ပျံဝဲသွားခဲ့ပြီး နံရံနှင့်တိုက်မိကာ လဲကျသွားသည်။ ယိမ်းယိမ်းယိုင်ယိုင်ဖြင့် ပြန်ထလာသောအခါ ပါးစပ်ဖျားမှ သွေးစများ၊ ဦးခေါင်းမှ သွေးများ ထွက်နေပြီး ထွက်လာသည့်သွေးများတွင်ပင် အရက်နံ့များ တထောင်းထောင်းထနေ၏။
ထိုသူ့ကို ကုန်းစွန်းတွမ့် အရေးပင်မလုပ်တော့ဘဲ တတိယသခင်မရှင်းထံတွင်သာ အာရုံထားစိုက်ကြည့်နေသည်။ “ဒီကို လာခဲ့စမ်း...”
ဤတစ်ကြိမ်တွင်တော့ တတိယသခင်မရှင်းသည် ဘာစကားမှ မပြောတော့ပါ။ ခေါင်းငုံ့ထားပြီး တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့တော့၏။ ကုန်းစွန်းတွမ့်သည် အရှေ့မှထွက်သွားခဲ့ပြီး တတိယသခင်မရှင်းက အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့၏။ ကုန်းစွန်းတွမ့်၏ ခြေလှမ်းများက ကျဲလှသောကြောင့် တတိယသခင်မရှင်းသည် မနည်းမီအောင် လိုက်နေရသည်။ ယခင်တုန်းက သူမ၏တစ်ခုန်စာသည် ပေ ၃၀ ခန့်ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ခြေတစ်လှမ်းမှာ ၃ ပေပင်မရှိတော့ချေ။
ညဉ့်နက်လာပြီဖြစ်သည်။
လမ်းမရှည်ကြီးပေါ်က ရွှံ့ဗွက်များက စိုပြဲပြဲရှိနေဆဲ။ မြင်ရိုင်းလွင်ပြင်ကြီးထံမှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
အရိုးစိမ့်အောင်အေးသည့်လေဖြစ်၏။
ကုန်းစွန်းတွမ့်သည် လမ်းမပေါ်ရောက်နေပြီး နောက်သို့လှည့်မကြည့်ဘဲ မေးမြန်းလိုက်သည်။ “မင်း ဘာဖြစ်လို့ ထွက်သွားတာလဲ။”
တတိယသခင်မရှင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူဖွေးနေပြီး ပြန်ဖြေလိုက်သည်။ “ကျမက အကျဉ်းသားတစ်ယောက်မှမဟုတ်ဘဲ။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကို သွားခွင့်ရှိပါတယ်။”
“ကျုပ်ထပ်မေးမယ်။ မင်း ဘာဖြစ်လို့ထွက်သွားတာလဲ။” ကုန်းစွန်းတွမ့်က အံကြိတ်ထားသည့်အသံဖြင့် တစ်လုံးချင်း ပြန်မေးလိုက်သည်။ စကားသံဖြည်းဖြည်းလေးဖြစ်သော်လည်း အသံတွင် ဩဇာသံအပြည့်ပါရှိနေ၏။
တတိယသခင်မရှင်း နှုတ်ခမ်းများ ဖိကိုက်ထားကာ ဖြေဆိုလိုက်ရလေတော့သည်။ “လူတစ်ယောက်ကို လိုက်ရှာဖို့ ထွက်လာခဲ့တာပါ။”
ကုန်းစွန်းတွမ့်-“ဘယ်သူ့ကိုလဲ။”
တတိယသခင်မရှင်း-“ရှင်နဲ့ဆိုင်လို့လား။”
ကုန်းစွန်းတွမ့်-“မားခုန်းချွင်းရဲ့အလုပ်မှန်သမျှ ကျုပ်ရဲ့အလုပ်ပဲ။ သူ့ကို ဘယ်သူမှ လှည့်ဖျားလို့မရစေရဘူး။”
တတိယသခင်မရှင်း-“သူ့ကို ကျမ ဘယ်တုန်းကများ လှည့်ဖျားခဲ့ဖူးလို့လဲ။”
ကုန်းစွန်းတွမ့် အော်ပြောလိုက်သည်။ “အခုလေးတင်ပဲ။”
တတိယသခင်မရှင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြန်ပြောလိုက်သည်။ “ကျမက မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့၊ စကားလေးဘာလေးပြောတာနဲ့ပဲ သူ့ကို လှည့်ဖျားရဦးမှာတဲ့လား။ ကျမဟာ မိန်းမသားတစ်ယောက်ဆိုတာလည်း မမေ့ထားနဲ့ဦး။ မိန်းမတွေဟာ နောက်မိန်းမတစ်ယောက်နဲ့အတူ စကားပြောချင်မှာပဲ။”
ကုန်းစွန်းတွမ့်-“မင်းက ဘယ်သူ့ကိုလာရှာခဲ့တာလဲ။”
တတိယသခင်မရှင်း-“မိန်းကလေး ကျွေ့နွန်ကိုပါ။”
ကုန်းစွန်းတွမ့်က ရိသဲ့သဲ့ မှတ်ချက်ပေးလိုက်သည်။ “သူက မိန်းမတစ်ယောက်မဟုတ်ဘူး။ ပြည့်တန်ဆာမတစ်ယောက်ပဲ။”
“ပြည့်တန်ဆာမတစ်ယောက်... ဟုတ်လား။ ရှင် သူ့ကို ခေါ်ဖူးလို့လား။။ ရှင့်လိုလူတစ်ယောက်ကို သူက တွေ့မယ်တဲ့လား။”
ကုန်းစွန်းတွမ့် ချက်ချင်းလှည့်လာခဲ့ပြီး သူမ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူမသည် ရှောင်တိမ်းခဲ့ခြင်းမရှိသလို ခုခံကာကွယ်ခဲ့ခြင်းလည်း မရှိပါ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိုလက်သီးချက်ကြောင့် ခါးကုန်းသွားရပြီး အနောက်သို့ ခြေလှမ်း ၇-၈ လှမ်းခန့် ဆုတ်သွားခဲ့ရကာ လဲကျသွားတော့၏။ မြေကြီးပေါ်လဲကျသွားချိန်တွင် အော့အန်နေသည်မှာ အစာအိမ်ထဲရှိ ခပ်စိမ်းစိမ်းအရည်များပင် ထွက်လာခဲ့ကြသည်။
ကုန်းစွန်းတွမ့်သည် ထိုနေရာသို့ ခုန်ပျံရောက်ရှိလာခဲ့ပြီး သူမ၏ဆံပင်များကို ဆွဲဆုပ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်လာပြန်၏။ “မင်းဟာ ဖာသည်မတစ်ယောက်ဆိုတာ ငါသိတယ်။ မင်းလို ဖာသည်မတစ်ယောက်က ဘယ်တော့မှ ရောင်းထွက်မယ့်ဟာမ မဟုတ်ဘူး။”
တတိယသခင်မရှင်းသည် အံတစ်ကြိတ်ထားကာ နာကျင်မှုများကို အောင့်အီးသည်းခံနေရ၏။ သို့သော် သူမ၏ မျက်လုံးများမှ ထွက်ကျလာသည့် မျက်ရည်စများကိုတော့ မထိန်းထားနိုင်ခဲ့ပါ။ “ရှင်... ရှင် ဘာလိုချင်လို့လဲ။” သူမ၏ အသံများ တုန်ခါထွက်ပေါ်လာခဲ့၏။
ကုန်းစွန်းတွမ့်-“ကျုပ်က မင်းကို မေးခွန်းမေးမယ်။ မင်းက ပြန်ဖြေရမယ်။ နားလည်တယ်နော်။”
တတိယသခင်မရှင်းသည် ပါးစပ်ပိတ်ထားပြီး ပြန်မဖြေခဲ့ပါ။
ကုန်းစွန်းတွမ့်၏ ကြီးမားပြန့်ကားလှသည့် လက်ဝါးတစ်ဘက်က သူမ၏ခါးကျဉ်ကျဉ်လေးကို ခပ်စောင်းစောင်း ခုတ်ချလိုက်ရာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် တွန့်တွန့်လူးသွားခဲ့ရပြန်သည်။ သူမ မျက်ရည်ကျနေသည်မှာ မြစ်များတွင်း ရေများစီးဆင်းနေသလိုပင်။
ကုန်းစွန်းတွမ့်က သူမကိုစိုက်ကြည့်နေလိုက်ပြန်ပြီး-“နားလည်တယ်နော်။”
နောက်ထပ် မျက်ရည်ပေါက်များ ကျဆင်းနေခဲ့ပြီး တတိယသခင်မရှင်းက ခေါင်းညိတ်ဖြေဆိုလိုက်တော့၏။
ကုန်းစွန်းတွမ့်-“မင်း ဘယ်အချိန်ကတည်းက ထွက်လာခဲ့တာလဲ။”
တတိယသခင်မရှင်း-“အခုနလေးကပဲ။”
ကုန်းစွန်းတွမ့်-“မင်း ဌာနကထွက်လာခဲ့ပြီးပြီးချင်း အဲဒီနေရာကို တန်းတန်းမတ်မတ် ရောက်လာခဲ့တာလား။”
တတိယသခင်မရှင်း-“မယုံရင် ရှင်ကိုယ်တိုင် သူတို့ကို သွားမေးကြည့်လို့ရတယ်။”
ကုန်းစွန်းတွမ့်-“အဲဒီ ပြည့်တန်ဆာမကိုရော တွေ့ခဲ့သေးလား။”
တတိယသခင်မရှင်း-“မတွေ့ခဲ့ရဘူး။”
ကုန်းစွန်းတွမ့်-“ဘာဖြစ်လို့လဲ။”
တတိယသခင်မရှင်း-“သူ့ဆီမှာ ဧည့်သည်တစ်ယောက် ရောက်နှင့်နေလို့။”
ကုန်းစွန်းတွမ့်-“တခြား ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူးလား။ ဘယ်ကိုမှလည်း မသွားခဲ့ဘူးလား။”
တတိယသခင်မရှင်း-“ဘယ်မှ မသွားခဲ့ဘူး။”
ကုန်းစွန်းတွမ့်-“ဘယ်မှ မသွားခဲ့ဘူးပေါ့လေ... ဟုတ်လား။”
ရုတ်တရက် သူ့လက်သီးတစ်ချက် ဝင်ရောက်လာခဲ့ပြန်သည်။ သူ့လက်သီးဘုများနှင့် သူမ၏ အသားဆိုင်များ ထိတွေ့သွားချိန်တွင် အလွန်ထူးဆန်းသည့်အသံများ ထွက်ပေါ်လာလေသည်။ ထိုအသံကို သူ အလွန်အမင်းနှစ်ခြိုက်သဘောခွေ့ပုံရသည်။
တတိယသခင်မရှင်းသည် မည်သို့မှ မတောင့်ခံနိုင်တော့ဘဲ ကြောက်ရွံ့ထိတ်လန့်စွာ ငြင်းဆိုနေ၏။ “ကျမ ဘယ်မှ မသွားခဲ့ဘူး... ဘယ်ကိုမှ မသွားခဲ့ပါဘူး...”
ကုန်းစွန်းတွမ့် သူမကို ငေးစိုက်ကြည့်နေပုံမှာ သတ်တော့ဖြတ်တော့မည့်ဟန် ရှိနေ၏။ သူ့လက်သီးများကို တင်းတင်းကြီး ဆုပ်ထားပြန်သည်။
တတိယသခင်မရှင်းသည် ရုတ်တရက် ရှေ့သို့ပြေးထွက်လာခဲ့ပြီး ကုန်းစွန်းတွမ့်ကို လက်မောင်းနှစ်ဘက်ဖြင့် တင်းကြပ်စွာ သိုင်းဖက်ထားလိုက်၏။ “ရှင် ကျမကို နှိပ်စက်ရတာ ဒီလောက်တောင် သဘောကျနေတယ်ဆိုရင် သေအောင်သာ ထိုးလိုက်ပါတော့လား... သေအောင်ရိုက်သတ်လိုက်ပါတော့လား...”
သူမ၏လက်များက သူ့လည်ပင်းကို ရစ်သိုင်းထားပြီး ခြေထောက်များက ခါးတစ်ခွ သိုင်းဖက်ထားသည်။ ကုန်းစွန်းတွမ့်၏ ခန္ဓာကိုယ်တွင်းတွင် ထူးဆန်းသည့် ခံစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်ကို ကိုယ်တိုင် ခံစားသိရှိလိုက်ရ၏။
သူမသည် ကုန်းစွန်းတွမ့်၏ ပခုံးပေါ် မေးစေ့တင်ထားပြီး နာကျင်လွန်းလှသည့် ညည်းသံဖြင့် ပြောဆိုလိုက်ပြန်၏။ “ရှင်ကျမကို ရိုက်နှက်ရတာ ကြိုက်တယ်ဆိုတာ သိပါတယ်။ ဆက်ရိုက်ပါ... ဆက်ရိုက်လိုက်စမ်းပါ...”
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကုန်းစွန်းတွမ့်၏ အသားဆိုင်များနှင့် ပွတ်တိုက်နေပြီး သူမ၏အသက်ရှူသွင်းရှူထုတ်သံများက သူ့နားထဲသို့ ဝင်ရောက်နေကြ၏။
ကုန်းစွန်းတွမ့်၏ အသက်ရှူသံများ ပြင်းထန်လာလေတော့သည်။
တတိယသခင်မရှင်းသည် အက်ကွဲနေသည့်အသံကြီးဖြင့် ရေရွတ်လိုက်ပြန်၏။ “ရှင်ကျမကို သေအောင်သတ်သွားခဲ့လည်း ဘယ်သူ့ကိုမှ ပြန်မပြောနိုင်တော့ဘူးဆိုတော့ ဘာမှအရေးမကြီးတော့ပါဘူး။”
ကုန်းစွန်းတွမ့်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပြီဖြစ်သည်။ သူလိုလူတစ်ယောက် တဆတ်ဆတ်တုန်ရီနေရသည်ဆိုခြင်းကို မည်သူမှ ယုံကြည်နိုင်မည်မဟုတ်ပါ။ ပို၍ကြည့်ရဆိုးသည်မှာ သူလိုလူထွားကြီးတစ်ယောက် တဆတ်ဆတ် တုန်ခါနေရခြင်းကိုပင်တည်း။ ဤမြင်ကွင်းကို တစ်ယောက်ယောက်သာ မြင်တွေ့ခဲ့မည်ဆိုပါက လွန်စွာဟာသမြောက်သည်ဟုမထင်ဘဲ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်ကြောင်း လက်ခံသွားကြပေမည်။
ကုန်းစွန်းတွမ့်၏ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့တွနေ၏။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ရှိနေသည့် ကာမကြွစိတ်များ တလိပ်လိပ်တက်လာသည်ကို အောင့်အီးထိန်းသိမ်းထားရသောကြောင့်ဖြစ်လေသည်။ ရုတ်တရက် သူမ၏ ဝမ်းဗိုက်ပေါ်သို့ နောက်ထပ်လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ သူမ၏ ခန္ဓာကိုယ်လေးတစ်ခုလုံး တွန့်တွန့်လူး လွင့်ပျံထွက်သွားခဲ့၏။ သူမ၏ ဖမ်းချုပ်ထားမှုများသည်လည်း ပြေလျော့သွားခဲ့ကာ မြေပြင်ပေါ်သို့ ရွှံ့တုံးတစ်တုံးလို ဗုတ်ခနဲ ပြုတ်ကျသွားသည်။
ကုန်းစွန်းတွမ့်သည် လက်သီးများ ဆုပ်ထားပြီး သူမကို စိုက်ကြည့်နေ၏။ ပြီးနောက် သူမ၏ မျက်နှာပေါ်သို့ တံတွေးလှမ်းထွေးလိုက်သည်။ လဲကျနေသည့် သူမ၏ခန္ဓာကိုယ်ပေါ် ဖြတ်လျှောက်သွားခဲ့ပြီး သူ့မြင်းရှိရာသို့ လျှောက်ထွက်သွားသည်။ သူမုန်းတီးသည့်လူမှာ ဤအမျိုးသမီးမဟုတ်၊ သူ့ကိုယ်သူသာ ဖြစ်၏။ လောင်မြိုက်တက်နေသော ကာမမီးများကို ဇောင်းလွှတ်မပေးနိုင်ခဲ့ခြင်းကို မုန်းတီးနေမိ၏။
တတိယသခင်မရှင်း မျက်ရည်များကို ခြောက်သွားအောင် သုတ်လိုက်သည်။ ကုန်းစွန်းတွမ့်၏ လက်သီးများက ကျွဲရိုင်းတစ်ကောင်၏ ဦးချိုလိုမျိုးဖြစ်သည်။ သူ့လက်သီးနှင့် အထိုးခံလိုက်ရသည့်နေရာတိုင်း အရိုးခိုက်အောင် နာကျင်ရလေသည်။ မနက်ဖြန် မနက်ခင်းမရောက်ခင်လေးမှာပင် သူမ၏ ဒဏ်ရာများက စိမ်းပုတ်ရောင်ပြောင်းလဲသွားပြီး ဖူးယောင်ကိုင်းလာပေလိမ့်မည်။
သို့သော် ထိုအရာများအတွက် သူမ ဘယ်တော့မှ နောင်တရမည်မဟုတ်သလို တုန်လှုပ်ချောက်ချားမည်လည်းမဟုတ်။ ဖြစ်ပျက်ခဲ့သမျှကို ကုန်းစွန်းတွမ့် မည်သူ့ကိုမှ ပြန်ပြောမည်မဟုတ်ကြောင်း သူမ သိထား၏။ ပို၍အရေးကြီးသည်မှာ ဤညနေခင်း သူမထွက်ခွာလာခဲ့ခြင်းကို မားခုန်းချွင်အား လုံးဝမသိစေလို။
ယခုတော့ သူမတို့၏ စကားပြောဆိုသံများကို ခေါင်မိုးပေါ်မှ ခိုးနားထောင်ပြီး ကြားခဲ့သူမှာ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
ထိုသူသည် ရဲ့ခိုင်များ ဖြစ်နေမည်လား။
ရဲ့ခိုင် ဖြစ်နေပါစေဟုလည်း သူမ မျှော်လင့်နေမိ၏။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသူများသည် အခြားသူတို့၏ လျှို့ဝှက်ချက်များကိုလည်း ပေါက်ကြားစေလိမ့်မည်မဟုတ်ချေ။
ရဲ့ခိုင်ကိုတော့ သူမ ကောင်းကောင်းကြီး ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်ထားသည်။
+++++
“ရှင်က ရဲ့ခိုင်လား။”
“ကျုပ်က ဘာဖြစ်လို့ ရဲ့ခိုင် မဟုတ်ရမှာတုန်း။”
“ရဲ့ခိုင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ မသိဘူးနော်။”
“သူဟာ ယောက်ျားတစ်ယောက်၊ အရမ်းဆင်းရဲတယ်... ဒါပေမဲ့ သိပ်တော်တယ်။ မိန်းမတွေနဲ့တွေ့ရင် အကောင်းဆုံး ရင်ဆိုင် ဆက်ဆံတတ်တယ်။”
“ရှင့်ဆီမှာ မိန်းမဘယ်နှစ်ယောက်လောက်တောင်များ ရှိခဲ့တာလဲ။”
“ကြိုးစားပြီး ခန့်မှန်းကြည့်ပါလား။”
“သူတို့တတွေက ဘယ်လို မိန်းမအမျိုးအစားတွေလဲ။”
“တစ်ယောက်မှ အကောင်းမပါဘူး... ဒါပေမဲ့ ကျုပ်အပေါ်မှာတော့ တစ်ယောက်မှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ကြဘူး။”
“သူတို့အားလုံး ဘယ်မှာလဲဟင်။”
“နေရာတိုင်းမှာ ရှိနေကြတာပေါ့။ လောကကြီးမှာ ကျုပ်အမုန်းတီးဆုံးအရာက တစ်ယောက်တည်း အိပ်ရတာကိုပဲ။ ကျားကစားတာ တစ်ယောက်တည်းကစားနေရသလို အရသာမဲ့လွန်းလှတယ်လေ။”
“ဒါဆိုရင် အဲဒီမိန်းမတွေ တစ်ယောက်မှ ရှင့်ကို ကြိုးနဲ့မတုပ်ထားခဲ့ကြဘူးပေါ့။”
“ကျုပ်ဟာကျုပ်တောင် ကြိုးနဲ့မတုပ်ထားနိုင်တာ။”
“ရှင့်မှာ မိသားစုလည်း တစ်ယောက်မှ မရှိဘူးပေါ့။”
“ကျုပ်မှာ မိသားစုဆိုတာတောင်မရှိဘူး။”
“ဒါဆိုရင် ရှင်ဘယ်က လာခဲ့တာလဲ။”
“ကျုပ် လာခဲ့တဲ့နေရာက လာခဲ့တာပေါ့။”
“သွားချင်တဲ့နေရာကိုလည်း သွားမယ်ပေါ့လေ...”
“မင်း ဒီတစ်ခါတော့ မှန်သွားပြီ။”
“ရှင့်ရဲ့အတိတ်အကြောင်းတွေကို ဘယ်သူနဲ့မှ စကားမစပ်ခဲ့ဖူးဘူးပေါ့။”
“ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။”
“ရှင့်ဆီမှာ တခြားလူတွေမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေမှာပေါ့နော်။”
ရဲ့ခိုင် မတ်တတ်ထရပ်လိုက်ကာ သူမကို စိုက်ကြည့်နေလိုက်သည်။ ဖယောင်းတိုင်မီးမှိန်မှိန်အောင်တွင် သူမ၏မျက်နှာလေးက ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း မျက်လုံးများကတော့ ပြူးကျယ်နေကြလေသည်။
“ကျုပ်မှာ လျှို့ဝှက်ချက်တစ်ခုပဲရှိတယ်။” ရဲ့ခိုင် ရုတ်တရက် ဖွင့်ပြောလိုက်သည်။ “ကျုပ်ဟာ တကယ့်ကို မြေခွေးအိုစုန်းကြီးတစ်ကောင်ပဲ။ နှစ်ပေါင်း ၉၇၀၀ ကျော်အသက်ရှင်သန်နေလာခဲ့ပြီး အခုမှသာ လူအဖြစ် ကိုယ့်ကိုယ်ကို ဖန်ဆင်းနိုင်ခဲ့တာ။”
ရဲ့ခိုင်သည် ခုတင်ပေါ်မှ ရုတ်တရက် ခုန်ထွက်သွားခဲ့ပြီး ဖိနပ်ကို ဆွဲယူသွားခဲ့သည်။ ပြီးနောက် အင်္ကျီအဝတ်အစားများကို ဝတ်ဆင်နေလိုက်ပြီး လျှောက်ထွက်သွားတော့သည်။
ကျွေ့နွန်သည် နှုတ်ခမ်းများ ဖိကိုက်ထားပြီး ထွက်ခွာသွားသည့် ရဲ့ခိုင်ကို စိုက်ကြည့်နေ၏။ သူမသည် ခေါင်းအုံးကို ရုတ်တရက် ထုချလိုက်သည်မှာ ခေါင်းအုံးသည် ရဲ့ခိုင်ဖြစ်နေသည့်အလား...။
0 comments:
Post a Comment