ရှောင်ပိုင်လိများ သူ့အဆောင်ပြန်ပြီး အိပ်မောကျနေပြီလား။ သူ့အခန်းထဲတွင် သူဘာကိုများ လုပ်ဆောင်နေပါသနည်း။ ဒိုးဇက်အစုံလိုက်များ အခန်းထဲတွင် ထားထားသေးလား။ သို့တည်းမဟုတ် တိတ်တိတ်ပုန်း မိန်းမတစ်ယောက်များ ရှိနေနိုင်သည်လား။...
ထိုသူသည် အလွန်လျှို့ဝှက်သိုသိပ်တတ်ပြီး ဖူးဆန်းအံ့ဖွယ်ကောင်းသူတစ်ယောက်ဖြစ်နေကြောင်း ရဲ့ခိုင်ခံစားနေရ၏။
ရဲ့ခိုင် တွေးတောနေစဉ်မှာပင် လူရိပ်များ ပြတင်းပေါက်နားတွင် ပေါ်ထွက်လာကြ၏။
လူရိပ် ၃ ရိပ်ဖြစ်သည်။
ထိုသူတို့၏အရိပ်များက ပြတင်းပေါက်တွင် ရှည်ရှည်မျောမျော ကရောက်နေ၏။ သို့သော် လျှပ်တစ်ပြက်အတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။
ထိုလူရိပ် ၃ ရိပ်သည် အဘယ်ကြောင့် ထိုနေရာသို့ ရောက်လာကြပါသနည်း။ ကျန်လူနှစ်ယောက်သည်လည်း မည်သူများ ဖြစ်နေကြပါသနည်း။
ရဲ့ခိုင်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့ပြီး သိချင်စိတ်ပြင်းပြလာလေတော့သည်။
ကွက်လပ်ပြင်လေးသည် ထိုအဆောက်အဦငယ်လေးမှဆိုလျှင် သိပ်ပြီးမလှမ်းလှ။ ရဲ့ခိုင် အဝတ်အစားများကို ပင့်တင်လိုက်ပြီး ကိုယ်ဖော့ပညာဖြင့် လေထဲသို့ ပျံဝဲသွားသည်။
အဆောက်အဦးလေးတွင် လက်ရမ်းများ လေးဘက်လေးတန်ရှိနေကြ၏။ ဆောက်ထားသည်မှာလည်း ရိုးရာပုံစံပင်ဖြစ်သည်။
ရဲ့ခိုင်၏ ခြေဖျားများက လက်ရမ်းတစ်ခုပေါ်တွင် ထောက်ထားပြီး ခေါင်မိုးကို တွဲခိုထားသည်။ အပေါ်ထပ်မှ ပြတင်းတံခါးတစ်ခု ကျွီကနဲမြည်ကာ ခပ်ဟဟလေး ပွင့်သွားခဲ့သည်။ အခန်းအလယ်ရှိ စားပွဲဝိုင်းတစ်လုံးကို တိုးထွက်လာသည့် မီးရောင်အောက်မှ ရဲ့ခိုင် မြင်လိုက်ရသည်။ စားပွဲပေါ်တွင် အစားအစာများနှင့် သောက်စရာအရက်များ ရှိနေကြလေသည်။
လူနှစ်ယောက် အရက်သောက်နေကြ၏။ တံခါးပေါက်ကို မျက်နှာမူပြီး အရက်ထိုင်သောက်နေသူမှာ ရှောင်ပိုင်လိဖြစ်သည်။ နောက်တစ်ဦးမှာ ဝတ်ကောင်းစားလှများကို ပြိုးပြက်စွာ ဝတ်ဆင်ထား၏။ သူ့လက်တစ်ဘက်က တူတစ်စုံကို ကောက်ကိုင်လိုက်သည်။ လက်ချောင်းတစ်ချောင်းတွင် ၃ ထပ်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်။ လက်စွပ်မှ လင်းလက်သည့်ရောင်ပြန်များ ထွက်ပေါ်နေ၏။ ထိုသူသည် ခါးကုန်းတစ်ယောက် ဖြစ်နေလေသည်။
အခန်းတွင်းရှိ အလင်းရောင်မှာ သိပ်ပြီးမလင်းထိန်နေသော်လည်း အစားအသောက်များမှာမူ ပထမတန်းစားများ ဖြစ်နေကြသည်။
ပထမတန်းစား ဝတ်ဆင်ထားသူ ခါးကုန်းကြီးသည် လက်စွပ်ဝတ်ထားသည့်လက်ဖြင့် အရက်ခွက်ကို မြှောက်ယူလိုက်၏။ အရက်ခွက်မှာ ကြည်လင်နေသော ဖန်ခွက်ဖြစ်ပြီး ပယင်းကျောက်ကို ထွင်းထုထားခြင်းဖြစ်သည်။
“အရက် ဘယ်လိုနေလဲ။” ရှောင်ပိုင်လိက ပြုံး၍မေးမြန်းလိုက်သည်။
ခါးကုန်းကြီး-“အရက်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ အရက်ခွက်ကတော့ မဆိုးပါဘူး။”
ခါးကုန်းကြီးသည် လောကကြီးထဲရှိ ဇိမ်ခံရမည့်အရာများကို ရှောင်ပိုင်လိထက်ပင်ပို၍ သိနေသေးပုံရသည်။
ရှောင်ပိုင်လိက သက်ပြင်းတစ်ချက်ချရင်း ပြောဆိုလိုက်သည်။ “ခင်ဗျားလိုလူမျိုးကို စိတ်ကျေနပ်ဖို့ဆိုတာ ခက်ခဲမယ်မှန်း ကျုပ်သိပါတယ်။ ဒါကြောင့်မို့လည်း ပါးရှားပြည်က စပျစ်နဲ့ချက်လုပ်ထားတဲ့ အရက်စစ်စစ်ကိုမှ မှာယူဧည့်ခံခဲ့တာ အခုတော့ ခင်ဗျားအတွက် သာမန်အရက်ပဲ ဖြစ်နေပါပေါ့လား။”
ခါးကုန်းကြီး-“ပါးရှားပြည်ကလာတဲ့ အရက်တွေ အမျိုးမျိုးရှိကြတယ်ဆိုတာ ကျုပ်လည်းသိပါတယ်။ ဒါပေမဲ့ ဒီအရက်ကတော့ သာမန်အရက်လို့ပဲ ထင်တယ်။”
ရှောင်ပိုင်လိ-“ဒါဆိုရင်လည်း ကိုယ်သောက်မယ့်အရက် ကိုယ့်ဟာကိုယ် ယူလာခဲ့ပါတော့လား။”
ခါးကုန်းကြီး-“အစတုန်းကတော့ ယူလာဦးမလို့ပဲ။ လမ်းမှာကိစ္စလေးတစ်ခုပေါ်လာတာနဲ့ ဒီကို အမြန်ထွက်လာခဲ့တာ။”
ဤတွေ့ဆုံမှုအတွက် အစောကြီးကတည်းက သူ ပြင်ဆင်လာခဲ့ပြီးသည်မှာ သေချာသည်။ ရဲ့ခိုင် ပို၍ပင်စိတ်ဝင်စားသွားခဲ့သည်။ ထိုခါးကုန်းကြီးသည် “ရွှေကျောဘုနဂါး” တင်းချိုမှလွဲ၍ မည်သူများ ဖြစ်နေပါဦးမည်နည်း။ ရွှေကျောဘုနဂါးတင်းချိုသည် ဤနေရာ၌ ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမှ ထင်ထားမိမည်မဟုတ်ချေ။ ထို့ပြင် ရှောင်ပိုင်လိနှင့် တွေ့ဆုံရန်အတွက် ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်ပုံရသည်။ ထိုခေါင်းတလားများကို သူနှင့်အတူ ဘာအတွက်ကြောင့် ယူဆောင်လာခဲ့ပါသနည်း။ သူနှင့် ရှောင်ပိုင်လိတို့နှစ်ယောက်ပေါင်းပြီး မြင်းတစ်သောင်းဌာနကို တိုက်ခိုက်ချေမှုန်းရန် ကြိုတင်ကြံစည်ထားခြင်းများ ဖြစ်နေသလော။
တင်းချိုကို ဘာကြောင့်နောက်ကျနေသလဲဆိုသည့်မေးခွန်း ရှောင်ပိုင်လိ မေးလိုက်ပါစေဟု ရဲ့ခိုင်မျှော်လင့်နေ၏။
သို့သော် ရှောင်ပိုင်လိသည် စကားလမ်းကြောင်းလွှဲခဲ့ပြီး မဆီမဆိုင်စကားတစ်ခွန်းကို ကောက်ကာငင်ကာ မေးမြန်းလိုက်၏။ “ဒီကို အလာလမ်းမှာ မိန်းမချောလေးတွေနဲ့ တွေ့ခဲ့သေးလား။”
တင်းချို-“မတွေ့ခဲ့ဘူးဗျ။ ကြည့်ရတာ မိန်းမချောလေးတွေ ရှားပါးလာတဲ့ခေတ်ကြီး ရောက်လာပြီလားမသိပါဘူး။”
ရှောင်ပိုင်လိ-“ခင်ဗျားက မိန်းမချောလေးတွေအပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာလို့လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။”
တင်းချို-“ကျုပ် ကြားခဲ့ရတာတော့ ခင်ဗျားဆီမှာ ရှိနေတဲ့မိန်းကလေးတစ်ယောက်ကတော့ မဆိုးဘူးဆိုပဲ။”
ရှောင်ပိုင်လိ-“မဆိုးတာမဟုတ်ပါဘူး။ သိပ်အံ့ဩစရာကောင်းလောက်အောင်ကို ချောတာပါ။”
တင်းချို-“ဒါဆိုလည်း ကျုပ်တို့ဝိုင်းကို ဖိတ်ထားခဲ့ပါတော့လား။”
ရှောင်ပိုင်လိ-“ဒီနှစ်ရက်လောက်တော့ သူ အားဦးမှာမဟုတ်သေးဘူး။”
တင်းချို-“ဘာလို့မအားရမှာတဲ့လဲ။”
ရှောင်ပိုင်လိ-“ဒီနှစ်ရက်အတောအတွင်းမှာ သူ့စိတ်တွေက လူတစ်ယောက်ဆီမှာပဲ ရှိနေခဲ့တယ်။”
တင်းချို-“ဘယ်သူလဲ။”
ရှောင်ပိုင်လိ-“သူ့လို မိန်းကလေးတစ်ယောက်ကို ကြွေလာအောင် တတ်နိုင်တဲ့လူဆိုလို့ လက်တစ်ဆုပ်စာပဲရှိနိုင်မယ်။”
တင်းချို ခေါင်းညိတ်ပြလိုက်သည်။ သူများပြောသမျှကို သူ သဘောတူထောက်ခံခဲလှသည်။ သို့သော် ဤတစ်ကြိမ်တော့ သဘောတူရပေတော့မည်။
ရှောင်ပိုင်လိက ပြုံး၍ဆက်ပြောနေလိုက်၏။ “ဒါပေမဲ့ တစ်ခါတစ်ခါကျပြန်တော့လည်း ဒီလူဟာ ငနုံတစ်ယောက်လို ဖြစ်နေပြန်ရော။”
တင်းချို-“ငနုံတစ်ယောက်... ဟုတ်လား။”
ရှောင်ပိုင်လိ-“နွေးနွေးထွေးထွေး အိပ်ယာထဲမှာ မိန်းမချောလေးနဲ့အတူတူ ရှိနေရမယ့်အစား ညကြီးမင်းကြီးထဲ အနောက်တောင်လေပြင်းအောက်မှာ ရပ်စောင့်နေတယ်။”
အမှန်တကယ်တော့ ရဲ့ခိုင် သက်တောင့်သက်သာ ရှိနေပါသည်။ မည်သည့်ယောက်ျားမဆို... မိန်းမကိစ္စများနှင့်ပတ်သက်လာတိုင်း သူတို့ကို ချီးမွမ်းပြောဆိုသံကြားရတိုင်း လေထဲမြောက်တက်သွားကြမည်ဖြစ်သည်။
ရှောင်ပိုင်လိသည် ပြတင်းပေါက်ဘက်သို့လှည့်လာခဲ့ပြီး ပြုံးပြနေ၏။
လက်စွပ်ဝတ်ထားသည့်လက်တစ်ဘက်ကလည်း လာခဲ့ပါဟု လက်ယပ်ခေါ်နေသည်။
ရဲ့ခိုင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး-“အိမ်ရှင်ကတော့ အခန်းထဲမှာ အရက်တမြှင်းမြှင်းသောက်နေတယ်။ ဧည့်သည်ကျတော့ အပြင်ဘက်မှာ လေတိုက်ခံပြီးနေနေရတယ်။ ခင်ဗျားကတော့ တော်တော်ဆိုးတဲ့ အိမ်ရှင်တစ်ယောက်ပါလား။”
ရဲ့ခိုင်သည် ပြတင်းပေါက်ကိုဖွင့်ပြီး ခုန်ဝင်လာခဲ့တော့၏။
စားပွဲပေါ်တွင် တူနှစ်စုံသာရှိနေသည်။ စောစောတုန်းက မီးရောင်မှိန်မှိန်အောင်တွင် လူရိပ် ၃ ရိပ် သူ တွေ့ခဲ့ပါသည်။ တိယလူ ဘယ်ရောက်သွားသနည်း။ သူ ဘယ်သူများလဲ။ ယွင်ဇိုင်ထျန်းများ ဖြစ်နေမည်လား။ မည်သည့်အတွက်ကြောင့် ထိုသူသည် ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့ရသနည်း။
အခန်းတွင်းတွင် ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထား၏။ အရာဝတ္ထုမှန်သမျှကို လက်လှမ်းမီလောက်သည့် နေရာများတွင်သာ ထားရှိထားသည်။ ရှောင်ပိုင်လိသည် သူ့လက်မလှမ်းမကမ်းရှိ အံဆွဲတစ်ခုတွင်းမှ ဟန်လူမျိုးတို့သုံးသော ကျောက်စိမ်းအရက်ခွက်ကလေးတစ်ခု ထုတ်ယူလိုက်သည်။ သူ ပြုံးပြလိုက်ပြီး-“ကျုပ်က လူပျင်းကလည်း လူပျင်း... ဒုက္ခိတလည်းဖြစ်နေပြန်တော့ လှုပ်ရှားဖို့မလိုဘူးဆိုရင် မလှုပ်ရှားချင်ဘူးဗျာ။”
ရဲ့ခိုင်က သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “လောကကြီးမှာ ခင်ဗျားလို လူပျင်းမျိုးတွေ များများစားစားရှိလာလေ... ပိုပြီးသာယာအေးချမ်းလာလေ ဖြစ်လာမှာပါ။”
ရဲ့ခိုင်သည် ရှောင်ပိုင်လိကို ချီးမွမ်းပြောဆိုနေခြင်းမဟုတ်။ အံ့ဩဘနန်းဖြစ်စရာများကို လူသားတို့ ပို၍တီထွင်လာလေ.. လူသားတို့ ပို၍အပျင်းထူလာလေဖြစ်မည် မဟုတ်ပါလား။
ရှောင်ပိုင်လိ-“အဲဒီစကားတစ်ခွန်းကိုက ပါးရှန်းစပျစ်သီးအရက်တစ်ခွက်နဲ့ ထိုက်တန်သွားပြီ။”
ရဲ့ခိုင်-“အရက်က သာမန်လောက်ပဲဖြစ်နေတာ ဆိုးတယ်။”
ရဲ့ခိုင်သည် တင်းချိုကို အရက်ခွက်မြောက်ပြီး နှုတ်ဆက်လိုက်၏။ “ပထမတစ်ခေါက်တွေ့ခဲ့တုန်းက ဆရာတင်းကို လေးလေးစားစား နှုတ်မဆက်ခဲ့ရဘူး။ တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်။”
တင်းချို-“မင်းက မလေးမစားလုပ်ခဲ့တာမှ မဟုတ်ပဲ။ တောင်းပန်စရာမလိုပါဘူး။”
ရဲ့ခိုင်-“တခြားတော့မဟုတ်ပါဘူးဗျာ။ မိန်းမနဲ့အရက်အကြောင်းကို နောကြေနေတဲ့ပုဂ္ဂိုလ်တွေကို ကျုပ် လေးစားလွန်းလို့ပါ။”
တင်းချို၏ အရုပ်ဆိုးဆိုးမျက်နှာပေါ်၌ ဝမ်းသာကျေနပ်သည့်အရိပ်အယောင်များ ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး ကျူးရင့်လိုက်၏။ “ဆရာရှောင်းရဲ့ ခန့်မှန်းချက်က နည်းနည်းလေး လွဲသွားခဲ့တာကိုး။”
ရဲ့ခိုင်-“အိုး.. ဟုတ်ပါ့မလား။”
တင်းချို-“မင်းဟာ မိန်းမတွေနဲ့ပတ်သက်လာရင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်ရုံမကသေးဘူး... ယောက်ျားတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ပိုင်လွန်းလှချည်လား။”
ရဲ့ခိုင်-“ဒါကလည်း အဲဒီလူဟာ ယောက်ျားစစ်စစ်တစ်ယောက် ဟုတ်မဟုတ်ပေါ်လည်း မူတည်ပါသေးတယ်လေ။ ခုခေတ်ကြီးက ယောက်ျားစစ်စစ်တွေ ရှားပါးလာပြီမဟုတ်လား။”
တင်းချိုသည် မထိန်းနိုင်တော့ဘဲ ရယ်မောနေလိုက်မိတော့၏။ ရုပ်ဆိုးသူများသည် ရုပ်ရည်ပြေပြစ်ချောမောသူများထက် သူတို့ကိုယ်သူတို့ ပိုပြီးယောက်ျားစစ်စစ်ဖြစ်ကြောင်း ထင်နေတတ်ကြသည်မှာ ရုပ်ဆိုးသည့် မိန်းမများသည် ချောမောလှပသည့် မိန်းမများထက် ပို၍ဉာဏ်ကောင်းထက်မြက်ကြကြောင်း ထင်နေကြသလိုမျိုးပင်ဖြစ်သည် မဟုတ်ပါလား။
ရဲ့ခိုင်သည် လက်ထဲရှိ ခွက်ထဲမှအရက်များကို သောက်ချလိုက်၏။ အခန်းတွင်းရှိ အခြေအနေမှာ အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့လေပြီ။ သူ မြောက်ပင့်ပြောဆိုခဲ့သည်များကြောင့် ဤသို့ဖြစ်လာခဲ့ကြောင်းကိုလည်း ရဲ့ခိုင် သိနေပါ၏။ ယခုသော်... သူ ဘာထပ်ပြောရဦးမည်နည်း။
ရဲ့ခိုင် ခပ်ဖြည်းဖြည်းလေး ထိုင်ချလိုက်၏။ ၎င်းနေရာသည် မူလက ထိုတတိယလူအတွက် ချန်ထားပေးသည့်နေရာ ဖြစ်ပုံရသည်။ သူတို့ထံမှ လျှို့ဝှက်ချက်များ ပြောလာစေရန် သူ မည်သို့ ကြံစည်ရပါမည်နည်း။ သူ ပြောမည့်စကားများကို သေသေချာချာ ရွေးချယ်ပြောဆိုရမည့်ပြင် သူ့ရည်ရွယ်ချက်ကိုလည်း ပေးသိလို့မဖြစ်။ ရဲ့ခိုင် တိတ်ဆိတ်သွားခဲ့သည်။ ငြိမ်သက်စွာ တွေးတောနေခြင်းလည်း ဖြစ်၏။
ရုတ်တရက်... တင်းချိုက မေးမြန်းလိုက်၏။ “မင်းမှာ ကျုပ်ကို မေးမြန်းချင်တာလေးတွေ ရှိနေမယ်လို့ထင်တယ်။”
တင်းချို၏မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားသော်လည်း မျက်လုံးများထဲတွင်မူ ထိုအပြုံး၏ အရိပ်အယောင်လေးပင် မတွေ့ရပါ။ “ကျုပ်ဒီကို ဘာဖြစ်လို့ ရောက်လာခဲ့တယ်၊ အဲဒီခေါင်းတလားတွေကို ဘာဖြစ်လို့ သယ်လာခဲ့ရတယ်၊ ရှောင်ပိုင်လိနဲ့ ဘယ်လိုပူးပေါင်းမိနေကြတယ်ဆိုတာတွေ မင်းသိပ်သိချင်နေမယ်ထင်တယ်။ ပြီးတော့ ကျုပ်တို့ ဆွေးနွေးနေကြတဲ့အကြောင်းတွေကိုရောပေါ့။”
ရဲ့ခိုင်သည်လည်း ပြန်ပြုံးပြလိုက်ပါသည်။ သို့သော် သူ့မျက်ဝန်းများထဲတွင်တော့ သိပ်ကို တည်ကြည်လေးနက်နေ၏။ တင်းချိုသည် သူထင်ထားသည်ထက် ပို၍ကိုင်တွယ်ဖြေရှင်းရ ခက်မည့်သူမှန်း သိလိုက်ရပြီဖြစ်သည်။
ရှောင်ပိုင်လိသည် အရက်ကို တမြှင်းမြှင်း စုပ်သောက်နေ၏။
ရဲ့ခိုင်-“အဲဒီမေးခွန်းတွေ ကျုပ် မေးခဲ့မယ်ဆိုရင်ကော ခင်ဗျားက ဖြေမှာမို့လို့လား။”
တင်းချို-“ဘယ်ဖြေလိမ့်မလဲ။”
ရဲ့ခိုင်-“ဒါကြောင့်လည်း ကျုပ်မှာ မေးဖို့စိတ်ကူးမရှိဘူး။”
တင်းချို-“ဒါပေမဲ့ ကျုပ်မှာတော့ မင်းကို မေးစရာမေးခွန်းတစ်ခုရှိနေတယ်။”
ရဲ့ခိုင်-“ဟုတ်လား...”
တင်းချို-“လူတွေကပြောကြတယ်။ ကျုပ်ရဲ့ခန္ဓာကိုယ်နေရာတိုင်းမှာ လက်နက်ပုန်းတွေချည့်ပဲတဲ့။ အဲဒါကို မင်းကြားဖူးလား။”
ရဲ့ခိုင်-“ကြားဖူးခဲ့ပါတယ်။”
တင်းချို-“ကောလာဟာလဆိုတာ မသေချာပေမယ့် ဒီစကားကတော့ သေချာပေါက်အမှန်ပဲ။”
ရဲ့ခိုင်-“အိုး... ဒါဆိုရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ လက်နက်ပုန်းတွေ နေရာအနှံ့ တကယ်ပဲရှိနေတယ်ပေါ့။”
တင်းချို-“သိပ်မှန်တာပေါ့။”
ရဲ့ခိုင်-“ဘယ်နှစ်မျိုးလောက်ရှိလို့လဲ။”
တင်းချို-“၂၃ မျိုး။”
ရဲ့ခိုင်-“လက်နက်ပုန်းတိုင်းမှာ အဆိပ်သုတ်လိမ်းထားတာလား။”
တင်းချို-“၁၃ မျိုးမှာပဲ အဆိပ်သုတ်ထားတာပါ။ တစ်ခါတစ်ရံကျပြန်တော့လည်း ကျုပ်ရဲ့ရန်သူတွေကို အသက်ရှင်လျက် မေးမြန်းစုံစမ်းချင်သေးတယ်လေ။”
ရဲ့ခိုင်-“ခင်ဗျားရဲ့ခန္ဓာကိုယ်ကနေ လက်နက်ပုန်း ၇-၈ မျိုးလောက် တပြိုင်တည်း ပစ်လွှတ်နိုင်တယ်လို့လည်း ကြားဖူးထားတယ်။”
တင်းချို-“၇ မျိုးတိတိဆိုရင် ပိုမှန်လိမ့်မယ်။”
ရဲ့ခိုင်-“သိပ်ကို မြန်ဆန်တဲ့ ပစ်လွှတ်မှုပါပဲ။”
တင်းချို-“ဒါပေမဲ့ ကျုပ်ထက် လက်မြန်တဲ့လူတစ်ဦးလည်း ရှိနေသေးတယ်နော်။”
ရဲ့ခိုင်-“ဘယ်သူလဲ။”
တင်းချို-“မင်းဘေးနားမှာ ထိုင်နေတဲ့ ဆရာရှောင် ပေါ့ကွာ။”
ရှောင်ပိုင်လိသည် တစ်ချိန်လုံး ခပ်ပြုံးပြုံးလေး ရှိနေခဲ့၏။ ပြီနောက် သက်ပြင်း ခပ်ပေါ့ပေါ့လေးချပြီး ရှင်းပြလိုက်သည်။ “လက်နက်ပုန်းပညာရပ်လေး မတောက်တခေါက်လောက်မှ မလေ့လာ မတတ်မြောက်ထားဘူးဆိုရင် ကျုပ်လို ဒုက္ခိတတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်နေနိုင်ပါ့မလဲ။”
ရဲ့ခိုင်-“အဓိပ္ပါယ်ရှိပါတယ်။”
တင်းချို-“သူ့ လက်နက်ပုန်းတွေ ဘယ်နေရာမှာ ဝှက်ထားသလဲဆိုတာ မင်းပြောနိုင်ပါ့မလား။”
ရဲ့ခိုင် ခန့်မှန်းလိုက်သည်။ “သူ့ချိုင်းထောက်ထဲမှာ ဝှက်ထားမှာပေါ့။”
တင်းချိုသည် စားပွဲပေါ်လက်ပုတ်လိုက်ပြီး ကျေနပ်လွန်းသည့်အသံကြီးဖြင့် ချီးကျူးလိုက်ကာ ဆက်မေးလိုက်ပြန်၏။ “ကောင်းလိုက်တဲ့ ခန်းမှန်းချက်... နောက်ကော.. .ဘယ်နေရာမှာ ရှိနိုင်သေးလဲ။”
ရဲ့ခိုင်-“ဒီအခန်းထဲက နေရာတိုင်းမှာ လက်နက်ပုန်းတွေ ရှိနေနိုင်ပါတယ်။”
တင်းချို-“အနည်းဆုံး ၈ မျိုးလောက် ကျန်သေးတယ်။ အဲဒီလက်နက်ပုန်းအားလုံးကို တပြိုင်နက်တည်း သူပစ်လွှတ်နိုင်တယ်နော်။”
ရဲ့ခိုင်-“ခင်ဗျားတို့လို ထိပ်သီးလက်နက်ပုန်းသိုင်းသမားနှစ်ယောက်ကို ယှဉ်နိုင်မယ့်သူဆိုလို့ သိုင်းလောကထဲမှာ လူနည်းစုလောက်ပဲ ရှိလိမ့်မယ်။”
တင်းချို-“တစ်ယောက်မှတောင် ရှိမယ်မထင်ဘူး။”
ရဲ့ခိုင်-“အခုလိုမျိုး လက်နက်ပုန်းထိပ်သီးသိုင်းသမားနှစ်ယောက်နဲ့ တစ်စားပွဲတည်းမှာ ထိုင်ခွင့်ရခဲ့မယ်လို့ ကျုပ်ကိုယ်ကျုပ် ထင်တောင်မထားဘူးဗျာ... တကယ့်ကို ကံကောင်းတာပဲ။”
တင်းချို-“မင်း သိပ်ကို သတ္တိကောင်းနေလို့ပေါ့ကွာ။ ဘာကြောင့်လဲဆိုတော့ မင်းခြေလှမ်းလေး နည်းနည်းမှားသွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်မှာ လက်နက်ပုန်း ၁၆ ခုလောက်တော့ အနည်းဆုံး စိုက်ဝင်ပြီးသွားလောက်ပြီ။”
သူ့အမူအရာများက တည်ငြိမ်သွားခဲ့ပြီး ဆက်ပြောလိုက်ပြန်၏။ “ဒီလောက် အနီးအနား အကွာအဝေးလောက်ကနေ တပြိုင်တည်းပစ်လွှတ်မယ့် လက်နက်ပုန်း ၁၆ ခုလောက်ကို ရှောင်တိမ်းနိုင်မယ့်သူဆိုလို့ လောကကြီးထဲမှာ ရှိနိုင်မယ်မထင်ဘူး။”
ရဲ့ခိုင်-“ကျုပ် ယုံကြည်ပါတယ်။”
တင်းချို-“ဒါကြောင့်မို့လို့ ကျုပ်တို့မေးမယ့်မေးခွန်းတိုင်းကို မင်း ချက်ချင်းပြန်ဖြေရင်ကောင်းလိမ့်မယ်။”
ရဲ့ခိုင် သက်ပြင်းတစ်ချက်ချပြီး ပြောဆိုလိုက်တော့၏။ “ကျုပ်လိုလူတစ်ယောက်မှာ ဘာလျှို့ဝှက်ချက်မှ မရှိနေတော့ သူများတွေကိုပြောပြရမှာ အပန်းမကြီးပါဘူးဗျာ။”
တင်းချို-“မင်းထင်ထားသလို ဖြစ်ပါစေ။”
ရုတ်တရက် စာရွက်တစ်ရွက်ကို ဆွဲထုတ်ကြည့်ပြီး မေးမြန်းလိုက်၏။ “မင်းရဲ့မျိုးရိုးနာမည်က ရဲ့... နာမည်ရင်းက ခိုင်... ဟုတ်သလား။”
“ဟုတ်ပါတယ်။”
“ကျားနှစ်မှာ မွေးဖွားခဲ့တယ်။”
“မှန်တယ်။”
“ဒီနားတဝိုက်မှာပဲ မင်းကိုမွေးဖွားခဲ့တယ်။”
“မှန်ပါတယ်။”
“ဒါပေမဲ့ လသားအရွယ်လောက်မှာ ဒီနေရာကနေ ထွက်သွားခဲ့တယ်။”
“မှန်ပါတယ်။”
“အသက် ၁၄ နှစ်မတိုင်ခင်ထိ ဟွမ်တောင်တန်းပေါ်မှာရှိတဲ့ တာအိုကျောင်းတစ်ကျောင်းမှာ နေခဲ့တယ်။”
“မှန်ပါတယ်။”
“အရင်တုန်းကတော့ ဟွမ်တောင်တန်းဓားသိုင်း ကို လေ့ကျင့်ခဲ့တယ်။ ပြီးတာနဲ့ သိုင်းလောကထဲ လှည့်လည်သွားခဲ့ပြီး ပညာရပ် အတော်များများကို လျှို့ဝှက်စွာ လေ့လာသင်ယူခဲ့တယ်။ အသက် ၁၆ နှစ်မှာ ရှောင်လင်ကျောင်းတော်ရဲ့ ကျားအလဲထိုးလက်သီးသိုင်းပညာကို လေ့ကျင့်ဖို့အတွက် ကိုရင်ဝတ်ခဲ့တယ်။”
“မှန်ပါတယ်။”
“ပြီးတာနဲ့ နေပြည်တော်က အာမခံလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့ အကြွေးပတ်လည်ဝိုင်းလို့ ရင်မဆိုင်နိုင်ဘဲ ထွက်ပြေးခဲ့ပြန်တယ်။”
“ဒါလည်း အမှန်ပဲ။”
“ကျန်းနန်ပြည်နယ်မှာ ရှောင်ပိုင်ကျင်းဆိုတဲ့ မိန်းကလေးအတွက် ကိုင်မိသားစု သူရဲကောင်း၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး မြေပြန့်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်။”
“မှန်ပါတယ်။”
“ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ယန်စီမြစ်ရဲ့ ဟိုဘက်သည်ဘက်တလျှောက် မင်းသွားတဲ့နေရာတိုင်းမှာ ပြဿနာတွေရှာခဲ့ပြီး နာမည်လည်း အတော်လေးကြီးလာခဲ့တယ်။”
ရဲ့ခိုင် သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ကာ ပြုံးပြနေလိုက်၏။ “ခင်ဗျားက ကျုပါအကြောင်းကို ကျုပ်ထက်တောင် ပိုသိနေသေးတာပဲ။ ဘာဖြစ်လို့များ လေကုန်ခံပြီး မေးနေရသေးတာလဲဗျာ။”
တင်းချို သူ့ကို စိုက်ကြည့်နေပြီး ထပ်မေးလိုက်သည်။ “ကျုပ်သိချင်တာက ဒီနေရာကို မင်း ဘာလာပြန်လုပ်တာလဲ ဆိုတာပဲ။”
ရဲ့ခိုင်-“သစ်ရွက်တွေကြွေကျပြီးရင် မိခင်ရင်းသစ်မြစ်တွေဆီပြန်ရောက်သွားကြသလို ဒီမြို့လေးကို ကျုပ်ပြန်လာတာဟာလည်း ကျုပ်ကိုမွေးဖွားခဲ့တဲ့နေရာမို့လို့ပါလို့ ဖြေခဲ့မယ်ဆိုရင် ခင်ဗျား ယုံမှာလား။”
တင်းချို-“မယုံဘူး။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲ။”
တင်းချို-“ဘာဖြစ်လို့လဲဆိုတော့ မင်းကိုယ်တိုင်က လေလွင့်ဗေဒါတစ်ယောက်ဖြစ်နေလို့ပေါ့။”
ရဲ့ခိုင်-“ထားလိုက်ပါတော့လေ... ကျုပ်မှာသွားစရာမြေမရှိတော့လို့ ဒီကိုပဲ ပြန်လာခဲ့ရတယ်ဆိုရင်ကော ယုံကြည်ပေးမှာလား။”
“ဒီအဖြေကမှ နည်းနည်းယုံစရာကောင်းဦးမယ်။” တင်းချို ပြန်ဖြေလိုက်ပြီး သူ့တွင်ရှိနေသည့် စာရွက်လိပ်ကို ဘေးသို့ချထားကာ ဆက်ပြောနေလိုက်၏။ “မင်းအနေနဲ့ ပိုက်ဆံများများစားစား နောက်ဆုံးအကြိမ်ကိုင်ခဲ့ရတာဆိုလို့ ပြီးခဲ့တဲ့အခေါက်တုန်းက လောင်းကစားရုံဟောင်းကြီးတစ်ခုမှာ နိုင်ခဲ့တဲ့ ရွှေပဲစေ့တွေ မဟုတ်လား။”
ရဲ့ခိုင်-“မှန်ပါတယ်။”
တင်းချို-“အဲဒီရွှေပဲစေ့ထုပ်လည်း မင်းလက်ထဲမှာမရှိတော့ဘူးမဟုတ်လား။”
ရဲ့ခိုင်-“ကျုပ် ပဲစေ့တွေကို မုန်းတယ်။ ရိုးရိုးပဲစေ့ပဲဖြစ်ဖြစ်၊ စုတ်စုတ်ပြတ်ပြတ်ပဲစေ့ပဲဖြစ်ဖြစ်၊ ရွှေပဲစေ့ပဲဖြစ်ဖြစ် အားလုံးကို မုန်းတာတော့ အတူတူလောက်ပဲ။”
တင်းချို ခေါင်းမော့လာခဲ့ပြီး မေးမြန်းလိုက်သည်။ “ဒီမြို့လေးကို ပြန်လာခဲ့ဖို့ မင်းကို တစ်ယောက်ယောက်ကများ ဖိတ်ခေါ်ခဲ့တာလား။”
ရဲ့ခိုင်-“မဟုတ်ပါဘူး။”
တင်းချို-“ဒီလိုနေရာမျိုးမှာ ပိုက်ဆံရှာဖို့ မလွယ်ဘူးဆိုတာလည်း မင်းကိုယ်တိုင် သိနေမှာပေါ့။”
ရဲ့ခိုင်-“ကျုပ် ပြောနိုင်ပါတယ်။”
တင်းချို-“ဒါဆိုရင် ဘယ်လိုမျိုး နေထိုင်စားသောက်ဖို့ စဉ်းစားထားလဲ။”
ရဲ့ခိုင်က ပြုံး၍ပြန်ဖြေလိုက်၏။ “ဒီနေဒေသမှာ အစာငတ်ပြီးသေသွားသူရှိမရှိ စောင့်ကြည့်ရဦးမယ်ဗျ။”
တင်းချို-“အကယ်၍ ငွေသား ၁၀၀၀၀ လောက်တန်တဲ့အလုပ်တစ်ခုရှိနေတယ်ဆိုပါတော့... မင်းသွားလုပ်ပါ့မလား။”
ရဲ့ခိုင်-“မလုပ်ဘူး။”
တင်းချို-“ဘာဖြစ်လို့လဲ။”
ရဲ့ခိုင်-“ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာတင်ကို အဲဒီထက်ပိုရနိုင်တဲ့အခွင့်အလန်းတွေ ရှိနေလို့ပေါ့။”
တင်းချို-“ဟုတ်ပါ့မလား”
ရဲ့ခိုင်-“ဒီမြို့လေးမှာ ကျုပ်လိုလူစားမျိုးတွေ မကြာခင်လေးမှာ လိုအပ်လာလိမ့်မယ်ဆိုတာ ပြောနိုင်ပါသေးတယ်ဗျာ။”
တင်းချို-“မင်းက ဘယ်လိုလူစားမျိုးမို့လို့လဲ။”
ရဲ့ခိုင်-“သိုင်းပညာ အတော်အသင့်ကောင်းပြီး နှုတ်လုံတဲ့လူတစ်ယောက်ပေါ့။ ကျုပ်ကို အလုပ်တစ်ခုခိုင်းချင်တဲ့လူများရှိနေမယ်ဆိုရင် အသင့်တော်ဆုံးလူတစ်ယောက်ပေါ့။”
တင်းချို အသံတိတ်သွားခဲ့ပြီး မျက်လုံးများက ဘယ်ညာရွေ့သွားကြသည်။ ပြီးနောက် ရုတ်တရက်ဆိုသလို မေးမြန်းလိုက်ပြန်၏။ “လူတစ်ယောက်ကို အစဖျောက်ဖို့ဆိုရင် မင်း ဘယ်လောက်ယူမလဲ။”
ရဲ့ခိုင်-“ဘယ်သူလဲဆိုတာပေါ် မူတည်တယ်။”
တင်းချို-“သိပ်ပြီး တန်ဘိုးကြီးတဲ့လူတစ်ယောက်ဆိုပါတော့။”
ရဲ့ခိုင်-“ငွေသား ၃၀၀၀၀။”
တင်းချို-“ကောင်းပြီလေ.. မင်းကို ကျုပ် ငွေသား တစ်သောင်းလက်ငင်းပေးနိုင်ပါတယ်။ အလုပ်ပြီးသွားပြီဆိုရင်တော့ ကျန်တဲ့နှစ်သောင်း ထပ်ပေးမယ်။”
ရဲ့ခိုင်၏ မျက်လုံးများက စူးရှတောက်ပလာခဲ့ကြတော့သည်။ “ခင်ဗျားက ဘယ်သူ့ကို သေစေချင်နေလို့လဲ။ ဖူဟောင်ရွှယ်လား။”
တင်းချိုက အေးစက်စက်ပြန်ဖြေလိုက်၏။ “သူလား... ငွေတစ်သောင်းတောင် မတန်ဘူး။”
ရဲ့ခိုင်-“ဒါဆိုရင် ဘယ်သူများလဲ။”
တင်းချို-“မားခုန်းချွင်”
ရှောင်ပိုင်လိသည် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေသည်မှာ ဤလူနှစ်ယောက် ပြောဆိုဆွေးနွေးနေကြသည့် အကြောင်းအရာများသည် သူနှင့် လားလားမျှမဆိုင်သလိုမျိုးဖြစ်သည်။
တင်းချို၏မျက်လုံးများသည်လည်း အရောင်တောက်လာခဲ့ကြပြီး ရဲ့ခိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။ လက်စွပ်ဝတ်ထားသည့်လက်တစ်ဘက်ဖြင့် ထူးခြားသည့်လှုပ်ရှားဟန်တစ်ခု ပြုလုပ်လိုက်သည်။
ရဲ့ခိုင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ မေးမြန်းလိုက်၏။ “မားခုန်းချွင်ကို သတ်ချင်နေတာ ခင်ဗျားကိုး။”
တင်းချို-“မင်း မထင်ထားခဲ့ဘူးမဟုတ်လား။”
ရဲ့ခိုင်-“သူနဲ့ ခင်ဗျားကြားမှာ ဘာရန်ငြိုးများရှိခဲ့လို့လဲ။ ဘာကြောင့် သူ့ကို သေစေချင်နေရတာလဲ။”
တင်းချို-“ဒီနေရာမှာ ကျုပ်တို့က မေးခွန်းမေးတဲ့သူတွေ၊ မင်းက ပြန်ဖြေသူဆိုတာကို မမေ့ထားပါနဲ့။”
ရဲ့ခိုင်-“ကျုပ် နားလည်ပါတယ်။”
တင်းချို-“အဲဒီငွေသား သုံးသောင်း မင်းလိုချင်လား။”
ရဲ့ခိုင် ပြန်မဖြေခဲ့ပါ။ ဖြေဆိုရန်လည်း မလိုအပ်တော့ချေ။ သူ့လက်ကို ဆန့်ထုတ်ပြီး လက်ဝါးဖြန့်ပြထားလိုက်၏။
ငွေလွှဲစာရွက် အသစ်စက်စက် အရွက် ၂၀ ရောက်လာသည်။ တစ်ရွက်တွင် ငွေသား တစ်ထောင်တိတိ တန်ဘိုးရှိလေသည်။
ရဲ့ခိုင်-“ဒါ ငွေသား နှစ်သောင်းပဲ။”
တင်းချို-“ဟုတ်တယ်လေ။”
“ခင်ဗျားက ရက်ရောသားပဲ။” ရဲ့ခိုင်က ပြုံးရွှင်စွာ မှတ်ချက်ပေးလိုက်၏။
တင်းချို-“ဒါ ရက်ရောတာမဟုတ်ဘူး။ သတိထားပါ။”
ရဲ့ခိုင်-“သတိထားရမယ်.. ဟုတ်လား။”
တင်းချို-“မင်းတစ်ယောက်တည်းနဲ့ မားခုန်းချွင်ကို မသတ်နိုင်ဘူး။”
ရဲ့ခိုင် အံ့အားသင့်သံ ပြုလိုက်၏။
တင်းချို-“မင်းအတွက် အကူတစ်ယောက်လောက် လိုလိမ့်မယ်။”
ရဲ့ခိုင်-“ကျုပ်အတွက် တစ်သောင်း... ကျုပ်ကို အကူအညီပေးမယ့်လူအတွက် တစ်သောင်းပေါ့။”
“မှန်တယ်”
ရဲ့ခိုင်-“ဒီနေရာတဝိုက်မှာ ဘယ်သူကများ ဒီလောက်တန်နေလို့လဲ။”
တင်းချို-“မင်း သိသင့်ပါတယ်။”
ရဲ့ခိုင်၏ မျက်လုံးများ ပုတ်ခတ်သွားခဲ့ပြီး-“ဖူဟောင်ရွှယ်ကို လိုက်ရှာစေချင်နေတယ်ပေါ့။”
တင်းချိုက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ရဲ့ခိုင်-“သူ့ကို နားချဖျားယောင်းနိုင်လိမ့်မယ်လို့ ခင်ဗျားတို့ ဘယ်လောက်တောင် ယုံကြည်ထားလို့လဲ။”
တင်းချို-“မင်းကိုယ်တိုင် သူ့သူငယ်ချင်းပဲ မဟုတ်လား။”
ရဲ့ခိုင်-“သူ့မှာ ဘာသူငယ်ချင်းတစ်ယောက်မှ မရှိဘူး။”
တင်းချို-“ငွေသားသုံးသောင်းလောက်ဆိုရင် သူငယ်ချင်းကောင်းတစ်ယောက် ကောင်းကောင်းကြီးရပါတယ်ကွာ။”
ရဲ့ခိုင်-“သူက လက်မခံခဲ့ဘူးဆိုရင်ကော...”
တင်းချို-“အနည်းဆုံးတော့ မင်းက နားချပြောယူကြည့်ပေါ့။”
ရဲ့ခိုင်-“သူ့ကို ခင်ဗျားတို့ကိုယ်တိုင် ဘာဖြစ်လို့ သွားမချဉ်းကပ်ကြည့်တာလဲ။”
တင်းချိုက ဟင့်ခနဲ အေးစက်စွာ ရယ်လိုက်၏။ “ဒီငွေသား သုံးသောင်းကို မလိုချင်ဘူးဆိုရင် မင်း အချိန်မရွေး နောက်ဆုတ်လို့ရသေးတယ်နော်။”
ရဲ့ခိုင်ပြုံးလိုက်၏။ ပြီးနောက် မတ်တတ်ရပ်ပြီး ထထွက်သွားရန် ဟန်ပြင်လိုက်သည်။
ရှောင်ပိုင်လိက ရုတ်တရက် ပြောဆိုလိုက်သည်။ “ခဏနေပါဦးလား... တစ်ခွက်တစ်ဖလားလောက် သောက်သွားပါဦး။”
ရဲ့ခိုင်သည် လက်ထဲမှ ငွေလွှဲလက်မှတ်များကို ဝှေ့ယမ်းပြလိုက်ကာ-“ဒီထဲက ငွေသားတစ်သောင်းကို သုံးချင်နေတာ လက်ယားနေပြီဗျ။”
ရှောင်ပိုင်လိ-“မင်းလက်ထဲမှာ ပိုက်ဆံရောက်နေမှပဲ... ဘာဖြစ်လို့ လောနေရတာလဲ။”
ရဲ့ခိုင်-“အခုအချိန်မှာ မဖြုန်းခဲ့ဘူးဆိုရင် နောက်ဆို ဖြုန်းဖို့အခွင့်အရေးရှိချင်မှ ရှိတော့မယ်။”
ရဲ့ခိုင် ပြတင်းပေါက်မှ ခုန်ထွက်သွားသည်ကို ငေးကြည့်နေရင်း ရှောင်ပိုင်လိ တိုးတိုးလေး မှတ်ချက်ချလိုက်သည်။ “ဒီကောင်လေး တော်တော် တော်တယ်။”
တင်းချို-“တကယ်ကို ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ။”
ရှောင်ပိုင်လိ-“ခင်ဗျား သူ့ကို ယုံရဲ့လား။”
တင်းချို-“လုံးဝကို မယုံတာ။”
“ဒါကြောင့်မို့ ခင်ဗျားက သူ့ကိုအရင်ဆုံး အပေးအယူလုပ်ခဲ့တာပေါ့လေ။” ရှောင်ပိုင်လိက မျက်လုံးများ မှေးစင်းထားကာ မေးမြန်းလိုက်၏။
တင်းချိုက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ “တော်တော်လေး စွန့်စားခဲ့ရတဲ့ အပေးအယူတစ်ခု ဆိုပါတော့။”
+++++
အိပ်ကပ်တွင်း ပိုက်ဆံတစ်ပြားမှမရှိသည့်လူတစ်ယောက်ထံသို့ ငွေသား တစ်သောင်းရောက်လာသောအခါ လေထဲတွင် ပျံနေသူတစ်ယောက်လို ဖြစ်နေရ၏။ သို့သော် ဘာကြောင့်မှန်းတော့မသိ... ရဲ့ခိုင်၏ခြေလှမ်းများက လေးလံလာရသည်။ သူ အရမ်းပင်ပန်းခဲ့လို့လည်း ဖြစ်နိုင်သည်။
ကျွေ့နွန်သည် ယောက်ျားများကို ခပ်မြန်မြန်ပင် မောပန်းသွားစေနိုင်သူဖြစ်၏။ သူမ၏အခန်းတွင်းမှ အလင်းရောင် ပျောက်ကွယ်သွားခဲ့ချေပြီ။ သူမ အိပ်ယာဝင်သွားခဲ့ပုံရသည်။ နောက်တစ်နေ့မနက် နိုးထလာမည့်အချိန်ထိ သူမ၏ဘေးနားတွင် အိပ်နေရမည့်အရေး၊ သူမဆံနွယ်စလေးများ၏ ရနံ့သင်းသင်းလေးကို ရှူရှိုက်ပြီး အိပ်နေရမည့်အရေး၊ ချောမွတ်နေသည့် သူမ၏ကျောပြင်လေးကို ပွတ်သပ်ပေးနေရမည့်အရေး၊ စသည့်စိတ်ကြွနှိုးဆောင်မှုများကို ရဲ့ခိုင်ပင် ငြင်းဆန်နိုင်မည်မထင်။
အခန်းရှေ့သို့ ခြေသံလုံလုံဖြင့် ရောက်လာခဲ့ပြီး တံခါးကို အသံမမြည်အောင် တွန်းဖွင့်ကြည့်လိုက်ရာ တံခါးမှာ ချက်မချထားကြောင်း သိလိုက်ရ၏။ သူ့ကို တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့ပုံရသည်။ အခန်းတွင်းသို့ မှိတ်တုတ်မှိတ်တုတ်ကြယ်ရောင်လေးများ ပြတင်းပေါက်မှတဆင့် တိုးဝင်လာနေကြသည်။ အိပ်ယာပေါ်တွင် သူမ ခြုံဖုံကို ခေါင်းမြီးခြုံအိပ်နေဟန်လေးက အင်မတန်မှကို ချစ်စဖွယ်ကောင်းနေလေသည်။
ရဲ့ခိုင် ပြုံးယောင်သမ်းသွားခဲ့ပြီး ခြုံဖုံလေးကို အသာလေး လှစ်ဟလိုက်၏။
ရုတ်တရက်... ဓားရောင်များ ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာ၏။ ခြုံဖုံအောက်မှ ဓားတစ်လက် ထွက်ပေါ်လာခဲ့ပြီး ရဲ့ခိုင်၏ ရင်ဝသို့ ထိုးသွင်းတိုက်ခိုက်လာလေသည်။
ဤလိုအချိန်... ဤသို့စိတ်ခံစားမှုများ ရှိနေချိန်... ဤမျှ နီးကပ်သော အကွာအဝေးမှ တိုက်ခိုက်ထိုးနှက်ချက်ကို မည်သူမှ ရှောင်တိမ်းနိုင်မည်မထင်ပါ။ သို့သော် ရဲ့ခိုင်သည် အမြဲတမ်း အမဲလိုက်ခံနေရသည့် မြေခွေးတစ်ကောင်လို အမြဲတမ်း သတိရှိနေသူတစ်ယောက် မဟုတ်ပါလား။
သူ့ခါးကို ရုတ်တရက်နောက်ပြန် လှန်ချလိုက်သည်မှာ ခါးကျိုးသွားသည့် လူတစ်ယောက်အလား...။ ဓားဖျားက သူ့ရင်ဘတ်ပေါ်မှ ရှပ်တိုက်ဖြတ်သွားခဲ့၏။ ရဲ့ခိုင်၏ ခန္ဓာကိုယ်သည် တစ်ဘက်သို့လည်ထွက်သွားခဲ့ပြီး တပြိုင်တည်းမှာပင် ဓားကိုင်လက်ကို ခြေဖျားဖြင့် ရိုက်ခတ်သွားခဲ့သည်။
လုပ်ကြံသူသည် ခုတင်ပေါ်မှ ကုန်းရုန်းထွက်သွားခဲ့ပြီး ပြန်လည်တိုက်ခိုက်ခြင်းလည်း မပြုခဲ့ပါ။ သူ့မျက်နှာတဝိုက်ကို ဓားစကြာဖြန့်မိုးထားပြီး အနောက်ဘက်ရှိ ပြတင်းပေါက်သို့ ကြိုးစားပြီး တိုးထွက်သွားနေ၏။
ရဲ့ခိုင် ဆက်မလိုက်တော့ပါ။ ပြုံး၍သာ ပြောဆိုလိုက်၏။ “ယွင်ဇိုင်ထျန်း... ခင်ဗျားကို ကျုပ်မှတ်မိပါတယ်။ ထွက်ပြေးလို့လည်း အပိုပါပဲ။”
ထိုသူသည် ပြတင်းတံခါးကို တွန်းတွန်းတိုက်တိုက် တိုးဖွင့်ပြီးသားဖြစ်နေသော်လည်း ရဲ့ခိုင်၏စကားကြောင့် ခေတ္တမျှ ရပ်တန့်သွားခဲ့ရ၏။ အတန်ကြာသောအခါမှ ရဲ့ခိုင်ဘက်သို့ မျက်နှာမူလှည့်လာလေတော့သည်။
ယွင်ဇိုင်ထျန်း တကယ်ပင်ဖြစ်နေလေသည်။ သူ၏ ဓားကိုင်လက်မှာ သွေးကြောကြီးများ ထောင်ထနေ၏။ မျက်လုံးများအတွင်း လူသတ်ရိပ်များ ဖုံးလွှမ်းနေသည်။
ရဲ့ခိုင်-“ခင်ဗျားလိုက်ရှာနေခဲ့တာ ဖူဟောင်ရွှယ် မဟုတ်ဘူးပဲကိုး... ကျွေ့နွန်ကို လိုက်ရှာနေခဲ့တာကိုး...”
“ကျုပ် သူ့ကိုလိုက်ရှာခွင့် မရှိတော့ဘူးလား။” ယွင်ဇိုင်ထျန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
ရဲ့ခိုင်-“လိုက်ရှာလို့ရပါတယ်။” ရဲ့ခိုင်၏မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲ... “ခင်ဗျားလိုလူတစ်ယောက်က သူ့လို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို လိုက်ရှာတယ်ဆိုတာ ပုံမှန်ပါပဲ။ ဘာဖြစ်လို့များ ကျုပ်ကို မသိစေချင်တာလဲ ဆိုတာတော့ နားမလည်နိုင်ဘူး။”
ယွင်ဇိုင်ထျန်း၏ မျက်လုံးများတွင် အရောင်များတောက်လာခဲ့ကြ၏။ သူက ရုတ်တရက် ပြုံးပြပြီးမှ ပြောဆိုလိုက်သည်။ “ခင်ဗျား မနာလိုဖြစ်သွားမလားလို့ပါ။”
ရဲ့ခိုင်-“မနာလိုဖြစ်ရမှာက ကျုပ်မဟုတ်ဘူး... ခင်ဗျားပဲ။”
ယွင်ဇိုင်ထျန်းထံမှ အတန်ကြာမျှ စကားသံတိတ်ဆိတ်သွားခဲ့ပြီး-“သူဘယ်ရောက်နေတာလဲ။”
ရဲ့ခိုင်-“ကျုပ်လည်း ခင်ဗျားကို ဒီမေးခွန်း မေးချင်နေခဲ့တာ။”
ယွင်ဇိုင်ထျန်း-“ခင်ဗျား သူ့ကို မတွေ့ခဲ့သေးဘူးပေါ့။”
ရဲ့ခိုင်-“ခင်ဗျားကော တွေ့ခဲ့သေးလား။”
ယွင်ဇိုင်ထျန်းက ခေါင်းခါရမ်းပြကာ ဖြေဆိုလိုက်၏။ “ကျုပ်ရောက်လာတော့ သူ မရှိတော့ဘူး။”
ရဲ့ခိုင် မျက်မှောင်ကျုံ့ထားပြီးမှ ရေရွတ်လိုက်သည်။ “နောက်ထပ် ယောက်ျားတစ်ယောက်ကို သွားရှာတာလည်း ဖြစ်နေနိုင်တာပဲလေ။”
ယွင်ဇိုင်ထျန်းက ရဲ့ခိုင်၏စကားသံကို ဖြတ်ပြောလိုက်၏။ “ယောက်ျားတစ်ယောက်အတွက်နဲ့ အပြင်မှာ သူ ဘယ်တုန်းကမှ ထွက်ရှာစရာမလိုဘူး... သူ့ကို လာရှာကြတဲ့ ယောက်ျားတွေက ရိုက်သတ်လို့တောင်မကုန်ဘူး။”
ရဲ့ခိုင် ခပ်သောသောလေး ရယ်မောနေလိုက်၏။ “ဒါကြောင့်မို့လည်း ခုချိန်ထိ ခင်ဗျား နားမလည်သေးတာပေါ့။ သူ့ကို လာရှာတဲ့ယောက်ျားတွေနဲ့ သူကိုယ်တိုင်က ထွက်ရှာရတဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်တောင်မှ ခြားနားသွားပြီလဲဆိုတာ ခင်ဗျားမှ နားမလည်နိုင်ပဲ။”
“သူ ဘယ်သူ့ကို သွားရှာနေတာလဲ ပြောစမ်းပါဦး...” ယွင်ဇိုင်ထျန်း၏ မျက်နှာပေါ်တွင် တင်းမာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။
ရဲ့ခိုင်-“ဒီနားတဝိုက်မှာ သူလိုက်ရှာရမယ့်ယောက်ျားဆိုလို့ ခင်ဗျား ဘယ်နှစ်ယောက်လောက်များ တွေ့ဖူးလို့လဲ။”
ယွင်ဇိုင်ထျန်း၏ အမူအရာများ ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ပြေးထွက်သွားခဲ့တော့သည်။
ဤတစ်ကြိမ်တွင်တော့ ရဲ့ခိုင် သူ့ကို မတားမြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ သိချင်သည့်အချို့သောအရာများကို သိရှိခဲ့ရသောကြောင့်ဖြစ်လေသည်။
ကျွေ့နွန်ဆိုသည့် အမျိုးသမီးသည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကြောင်း သူ သိသွားခဲ့ရပြီ။ သူမလို အမျိုးသမီးတစ်ယောက်သည် မည်သည့်နေရာတွင်မဆို အလုပ်လုပ်နိုင်ပြီး ဤမြက်ရိုင်းလွင်ပြင်ဒေသတွင် လာပြီး မထင်မပေါ်နေထိုင်နေစရာမလို။ ဤမြို့လေးတွင် နေထိုင်လှုပ်ရှားနေသည့် သူမထံတွင် ရည်ရွယ်ချက်ကောင်းတစ်ခု ရှိနေမည်မှာ မုချဧကန်။
သို့သော် သူမကို လာရှာသည့် ယွင်ဇိုင်ထျန်းထံတွင် အခြားယောက်ျားများလို ကာမတဏှာစိတ်များဖြင့် လာရှာခြင်း ဟုတ်ပုံမရ။ သူတို့နှစ်ယောက်ကြားတွင် ထူးခြားသည့် ဆက်ဆံမှုများတော့ ရှိနေရမည်ဖြစ်သည်။
ဤမြို့လေးတွင် နေထိုင်နေကြသူတိုင်းလိုလိုထံတွင် လျှို့ဝှက်ချက်များ ပြည့်နှက်နေကြကြောင်း ရဲ့ခိုင် ရုတ်ချည်းပင် ခံစားလာရ၏။ သူကိုယ်တိုင်ကလည်း လျှို့ဝှက်ချက်များ ရှိနေသူတစ်ဦးမဟုတ်ပါလား။ သို့သော် ယခုတလော ဖြစ်ပျက်နေသည့် အဖြစ်များက လျှို့ဝှက်ချက်များကို တဖြည်းဖြည်း ဖော်ထုတ်လာသလိုမျိုးလည်း ခံစားနေမိပြန်သည်။
ရဲ့ခိုင် သက်ပြင်းချလိုက်၏။ မနက်ဖြန်တွင် သူ့အတွက် လုပ်စရာလုပ်ငန်းဆောင်တာများ ရှိနေသေးသည်မဟုတ်ပါလား။ အခုလောလောဆယ်တွင် အိပ်စက်အနားယူလိုက်ပြီး စဉ်းစားစရာများကို မနက်ဖြန်ကျမှ ဆက်စဉ်းစားတော့မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ ဖိနပ်ချွတ်ပြီး ခြုံဖုံထဲတွင် ခွေခွေလေး လဲလျောင်းနေလိုက်တော့၏။
ခြုံဖုံထဲရောက်သွားချိန်မှပင် ခြုံဖုံအောက်ရှိ သူမ၏ အောက်ခံအဝတ်အစားလေးကို တွေ့ထိလိုက်ရသည်။ သူမမရှိချိန်တွင် သူမ၏ အောက်ခံအဝတ်အစားလေး ခုတင်ပေါ်၌ ဘာလုပ်နေပါသနည်း။ ထို အောက်ခံလေးကိုပင် မဝတ်နိုင်လောက်အောင် ရေးကြီးသုတ်ပြာ ထွက်ခွာသွားခဲ့ရသလော...။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်လည်း ဖြစ်နေနိုင်သည်။ မည်သည့်အတွက်ကြောင့်များ အသံမထွက်ဘဲ၊ မအော်ဟစ်မရုန်းကန်ဘဲ အဖမ်းခံသွားခဲ့ရပါသနည်း။
ဤနေရာ၌ပင် စောင့်ဆိုင်းနေရန် ရဲ့ခိုင် ဆုံးဖြတ်ထားလိုက်သည်။ သူမ ပြန်လာသည်ထိ သူ စောင့်နေမည်။ သို့သော် ထိုနေ့ညက တစ်ညလုံး သူမ ပြန်ရောက်မလာခဲ့ပါ။ မနက်လင်းရန် နှစ်နာရီအလိုလေးသို့ပင် ရောက်ရှိလာလေပြီ။
ဖူဟောင်ရွှယ်သည်လည်း အိပ်မပျော်နိုင် ဖြစ်နေရသည်။
မားဖန်းလင်သည် မျက်လုံးပြူးကြောင်စွာ နိုးနေ၏။
ရှောင်ပိုင်လိနှင့် တင်းချိုတို့ကတော့ ထိုအဆောင်ငယ်လေးထက်တွင် အရက်သောက်နေကြဆဲ။
ကုန်းစွန်းတွမ့်သည်လည်း အောက်ထပ်တွင် အရက်သောက်နေလေသည်။
ကြည့်ရသည်မှာ လူတိုင်း လူတိုင်း စောင့်ဆိုင်းနေကြပုံရသည်။ ထူးထူးဆန်းဆန်း ဖြစ်ပျက်လာမည့် အဖြစ်အပျက်တစ်ခုကို စောင့်ဆိုင်းနေကြပုံရသည်။
မားခုန်းချွင်၊ လိုလိုရှန်းနှင့် တတိယရှင်းသခင်မတို့ကော... သူတို့ ဘယ်ရောက်နေကြပါသနည်း။ သူတို့လည်း စောင့်ဆိုင်းနေကြမည်လား...။
+++++
ရှည်လျားလွန်းလှသော ညတစ်ညဖြစ်သည်။
ထိုတစ်ညအတွင်း မြင်းတစ်သောင်းဌာနမှ လူပေါင်း ၁၈ ယောက်တိတိ ဆုံးရှုံးခဲ့ရ၏။
လေထုထဲတွင် ဖုန်မှုန့်များ တထောင်းထောင်းထနေကြသည်။ ဤဒေသတဝိုက်တွင် မနက်မလင်းခင်အချိန်လေး၌ ထူးခြားစွာ မှောင်မည်းနေတတ်ပြီး ထူးခြားစွာလည်း အေးခဲနေတတ်ပြန်၏။
လေပြင်းနှင့်အတူ မြင်းခွာသံများ ထွက်ပေါ်လာကြသည်။ မြင်း ၇-၈ စီးပေါ်တွင် လူအများ ကုန်းကုန်းကွကွကြီး လိုက်ပါလာကြပြီး လွန်စွာပင်ပမ်းနွမ်းနယ်နေကြပုံရသည်။ ကံကောင်းထောက်မလှစွာ သူတို့စီးလာသည့်မြင်းများက အိမ်အပြန်လမ်းကို မှတ်မိနေကြလေသည်။ ထို မြင်းစီးသူရဲကောင်းများသည် သူတို့၏ဘဝကို မြင်းကျောကုန်းပေါ်၌ အချိန်ကုန်ဆုံးခဲ့ကြသူများလည်းဖြစ်သည်။ သူတို့၏ ပေါင်ခြံနှစ်ဘက်စလုံးတွင် အသားမာများ တက်၍ပင်နေပြီ။ မြို့လေးထဲသို့ အရက်သွားသောက်ကြသည်မှအပ သူတို့အတွက် ပျော်ရွှင်အပန်းဖြေစရာဟူ၍ မရှိခဲ့လို။
“မနက်ဖြန်တော့ မလုပ်နိုင်တော့ဘူးတူတယ်။ မိန်းမတစ်ယောက်ဆီသွားပြီး ဖက်ထားလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။” တစ်ယောက်သောသူက ညည်းတွားလိုက်သည်။
“မင်းရဲ့ ပိုက်ဆံအိတ်က သဘောမတူတာ ဆိုးတယ်။”
“နောက်တစ်ခါ လခထုတ်ရင် ပိုက်ဆံစုထားဖို့ သတိထားမှဖြစ်တော့မယ်။”
“ဟိုးလွင်ပြင်ကြီးတွေထဲက နွားမတစ်ကောင်နဲ့ သွားအိပ်တာကမှ မင်းအတွက် ပိုကောင်းလိမ့်ဦးမယ်။ မင်းလို ဒီပုံစံမျိုးနဲ့ ဘယ်မိန်းမကမှ လက်ခံမယ်မထင်ဘူး။”
သူတို့အုပ်စုထဲရှိ လူတိုင်းလိုလို ရယ်မောလိုက်ကြသည်။ သူတို့၏ရယ်သံများက ရူးသွပ်နေကြပြီး အတားအဆီးမရှိကြ။ သို့သော် သူတို့၏ရယ်မောသံများထဲတွင် ခါးသက်သော သွေးများနှင့် မျက်ရည်များ မြှုပ်နှံထားကြောင်း မည်သူကများ သိနိုင်ကြပါမည်နည်း။ သူတို့ထံတွင် ပိုက်ဆံမရှိ၊ မိန်းမမရှိ၊ မိသားစုများ မရှိကြချေ။ ဤမျှ မှောင်ပိန်းနေသော ညအမှောင်ထုကြီးထဲတွင် သူတို့ထဲမှ တစ်ယောက်ယောက်များ သေဆုံးသွားခဲ့မည်ဆိုပါက ငိုကြွေးဝမ်းနည်းမည့်သူ တစ်ယောက်မှမရှိ။
အသက်ရှင်သန်ခြင်းဆိုသည်မှာ သူတို့အတွက် ဘာအဓိပ္ပါယ်များ ရှိနေပါသေးသနည်း။ သူတို့ ဘာအတွက် ရှင်သန်နေထိုင်နေကြပါသနည်း။
လူတစ်ယောက်သည် မြင်းကို ဒုန်းစိုင်းစီးထွက်သွားခဲ့ပြီး လမ်းတလျှောက် အော်ဟစ်သွား၏။
အားလုံးပင် ရယ်မောနေကြပြီး သူတို့ထဲမှ တစ်ယောက်က မှတ်ချက်ချလိုက်သည်။ “ကြည့်ရတာ ငမည်းလေး ရူးသွားပြီနဲ့တူတယ်။”
“ကျွေ့နွန်လို မိန်းကလေးတစ်ယောက်နဲ့ တစ်ညအတူတူ နေခွင့်ရမယ်ဆိုရင် သေချင်သေသွားပါစေကွာ။”
“ငါကတော့ တတိယသခင်မရှင်းကိုပဲ လိုချင်တယ်။ သူ့ခန္ဓာကိုယ်လေးက ဘယ်လောက်တောင်မှ နူးညံ့သလဲဆိုရင် ညှစ်လိုက်ရင် ရေတောင် ထွက်လာနိုင်တယ် မောင်။”
ရုတ်တရက်... နာကျင်စွာ အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာသည်။ ထိုအသံရှင်သည် ညအမှောင်ထုထဲသို့ မြင်းကို ဒုန်းစိုင်းစီးထွက်သွားသည့် ငမည်းလေး ဆိုသူထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမှောင်ထုထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည်မှာ “မြင်းခုတ်ဓားမော့” တစ်ချောင်းဖြစ်၏။
သောက်ထားသည့် အရက်ပူပူများက ချွေးများအဖြစ် ပြန်ထွက်လာကြချေပြီ။
“မင်း ဘယ်သူလဲ။ တစ္ဆေသရဲများလား။”
ထိုသူက ပြုံးပြီး ပြန်ဖြေလိုက်သည်။ “မင်းတို့အားလုံး ငါ့ကို မမှတ်မိကြတော့ဘူးပဲကိုး။”
အရှေ့ဆုံးတွင်ရှိနေသူ နှစ်ဦးသည် အနီးကပ်စွာ တိုးသွားကြည့်လိုက်ပြီး-“ဪ... ခင်ဗျားကိုး...”
သူတို့၏စကားသံ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မြင်းခုတ်ဓားမော့ကြီးက ခုတ်ဖြတ်လာပြန်သည်။ သွေးမြေခကြရပြန်ပြီ။ ညအမှောင်ထုထဲတွင် သွေးများသည်တောင် အမည်းရောင်ဖြစ်နေကြ၏။ အခုတ်ခံလိုက်ရသူသည် မြေပေါ်သို့လဲကျသွားချိန်ထိ ထို ထူးဆန်းသော လူရိပ်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေခဲ့သေး၏။
ထိုသူ့လက်ထဲတွင် သူ့အသက်ဆုံးပါးခဲ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
မြင်းညိုကြီးများက ရူးသွပ်စွာ ပဒပ်ရပ် ဟီလိုက်ကြသည်။ လူအားလုံးထံတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ဖုံးလွှမ်းလာလေတော့၏။
တချို့က မြင်းစီးပြီး ထွက်ပြေးရန် ကြိုးစားခဲ့သေးသော်လည်း ထိုသူသည် နောက်မှ အရိပ်တစ်ခုလို ကပ်ပါလာကာ မြင်းပေါ်မှ လူအများ ဖရိုဖရဲ ပြုတ်ကျကုန်ပြန်သည်။
“ခင်ဗျား... ခင်ဗျား... ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ။” တစ်ယောက်သောသူထံမှ ကြောက်ရွံ့တုန်လှုပ်စွာ မေးမြန်းသံကြီး ထွက်ပေါ်လာသည်။
“ငါ့ကို အပြစ်မတင်ကြပါနဲ့ကွာ။ မြင်းတစ်သောင်းဌာနမှာ အလုပ်ဝင်လုပ်နေကြတဲ့ မင်းတို့ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ကြပေတော့။”
+++++
လေပြင်းနှင့်အတူ မီးတောက်များ ကခုန်နေကြသည်။ အဝေးတစ်နေရာတွင် မီးပုံးပျံမီးအိမ်အကြီးကြီးတစ်လုံးမှ မီးညွန့်များ တဖြည်းဖြည်း မှေးမှိန်လာပြီဖြစ်သည်။
မီးပုံကြီးတစ်ခုဘေးတွင် လူနှစ်ယောက်ရှိနေကြသည်။ မီးတောက်ပေါ်တွင် တင်ထားသည့် သံဗူးတစ်ခုပေါ်သို့ အာရုံစိုက်နေကြသည်။ သံဗူးထဲရှိ ရေနွေးများ ဆူပွက်လာပြီဖြစ်သည်။ တစ်ယောက်သောသူသည် ကြမ်းတမ်းမာကျောသော မြင်းသားခြောက်ကြီးတစ်တုံးကို ယူလာပြီး သံဗူးကြီးထဲသို့ ပစ်ထည့်လိုက်သည်။
“ငါက ကျန်းနန်နယ်မှာ ကြီးပြင်းခဲ့တာကွ။ ငယ်ငယ်တုန်းကဆိုရင် မြင်းသားဘယ်လိုအရသာ ရှိမလဲဆိုတာ သိပ်သိချင်ခဲ့တာပေါ့။ အခုတော့ မြည်းစမ်းကြည့်ဖို့ အခွင့်အရေး ရသွားပြီပေါ့ကွာ။” ထိုသူသည် အံကြိတ်ပြီး ဆက်ပြောနေလိုက်၏။ “အခုတော့ လခွီးမှပဲ... နောက်ထပ် မြင်းသားများ ထပ်စားရမယ်ဆိုရင် ငရဲကြီး ၁၈ ထပ်ထဲသာ ခုန်ဆင်းလိုက်ချင်တော့တယ်။”
နောက်တစ်ယောက်သည် ထိုသူ၏စကားကို အရေးမထားသလိုမျိုးဖြင့် ဘောင်းဘီအိတ်ထဲ လက်ထည့်ထားလိုက်သည်။ သူ့လက်နှစ်ဘက်ကို ပြန်ထုတ်လိုက်သော် လက်ဖဝါးများတွင် သွေးများစိုရွဲနေကြ၏။
“ဘာဖြစ်တာလဲ။ မင်းပေါင်မှာ ပွန်းပဲ့ပြန်ပြီလား။ အရေပြားက သိပ်ကို နူးညံ့လွန်းတာကိုး... ဒီနေ့မခံနိုင်ဘူးဆိုရင်လည်း နောက်ရက်တွေကျရင် ထပ်ကြုံဦးမှာပဲ မောင်။”
အမှန်အတိုင်းပြောရမည်ဆိုလျှင် ဤသို့အကြမ်းပတမ်း ခံရမှုများကို မည်သူကများ ခံစားနိုင်ကြပါမည်နည်း။ မြင်းကုန်းနှီးပေါ်တွင် တစ်ရက်ကို ၁၂ ကျော်မျှ စီးရသည့်ဒဏ်က ပြင်းထန်လွန်းလှလေသည်။ ပထမ တစ်နာရီ နှစ်နာရီကတော့ ဘာမှမဖြစ်သေး၊ စီးလို့ကောင်းတုန်းရှိသေးသည်။ ၁၀ နာရီကျော်လာပြီဆိုလျှင် မြင်းကုန်းနှီးကြီးသည် အပ်ဖျားများဖြင့် တဆွဆွထိုးစိုက်လာသလိုမျိုး ခံစားရမည်ဖြစ်သည်။
ထိုသူသည် သူ့လက်နှစ်ဘက်ကို ငေးကြည့်နေပြီး ဆဲဆိုရေရွတ်လိုက်တော့၏။ “လိုလိုရှန်း... ခွေးမသား... ဘယ်နေရာမှာများ တွားသွားနေလဲမသိဘူး။ သူ့ကြောင့်မို့ ငါတို့တွေ ဒီလောက် ဒုက္ခများနေကြရတာ။”
“ဒီလူကြီးက ကဇော်အိုးကြီးလို့ ကြားဖူးတယ်။ မြင်းစီးနေရင်း မြင်းပေါ်ကပြုတ်ကျ၊ ဇက်ကျိုးနေပြီလားမှ မသိတာ။”
သူတို့ဘေးတစ်ဘက်ရှိ တဲလေးတွင်းမှ ဟောက်သံများ ထွက်ပေါ်လာသည်။ သံဗူးကြီးထဲမှ ရေဆူပွက်သံများလည်း ထွက်ပေါ်နေ၏။ မြင်းသားများ အပြုတ်လွန်သွားခဲ့လေပြီလော...။ သူတို့ထဲမှ ပို၍အသက်ကြီးသူသည် သစ်ကိုင်းတစ်ချောင်းကို ဆွဲယူလာပြီး သံဗူးထဲ ထည့်မွှေပေးနေ၏။
ထိုအချိန်လေး၌ပင် မြင်းစီးသမားတစ်ယောက် မြင်းစီးလာသံကို သူတို့ ကြားလိုက်ကြရ၏။
သူတို့နှစ်ယောက်စလုံး ဓားလက်ကိုင်ရိုးများကို ဆုပ်ကိုင်ထားလိုက်ကြပြီး သတိအနေအထားဖြင့် မေးမြန်းလိုက်ကြသည်။ “ဘယ်သူလဲ။”
“ကျုပ်ပါ။”
အသံရှင်၏အသံကို ရင်းနှီးနေကြ၏။ အသက်ပို၍ငယ်ရွယ်သူသည် မီးဖိုကြီးထဲမှ သစ်သားမီးတောက်တစ်ခုကို ဆွဲယူလာပြီး မြှောက်ကိုင်ထားလိုက်သည်။ မီးရောင်က နောက်ရောက်လာသူ၏ မျက်နှာပေါ်တွင် ကျရောက်နေ၏။
သူတို့နှစ်ယောက်စလုံး ပြုံးနေလိုက်ကြပြီး-“ဒီလောက် ညဉ့်နက်ကြီး ဒီကို ဘာလာလုပ်တာလဲဗျာ။ ကဲပြော... ကျုပ်တို့ ဘာကူညီပေးရမလဲ။”
“ခင်ဗျားတို့နဲ့ တိုင်ပင်စရာလေးတစ်ခု ရှိနေလို့ပါ။”
“ဘာများလဲဗျ။”
ပြန်ဖြေသံ မထွက်ပေါ်လာခဲ့ပါ။ မြင်းစီးသမားထံမှ ဓားရောင်တစ်ချက် လင်းလက်သွားခဲ့ပြီး ဦးခေါင်းတစ်လုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အသက်ငယ်ရွယ်သူ၏ ပါးစပ်များ ပွင့်အာနေကြလေသည်။ သူ၏ နာကျင်စွာ အော်ဟစ်လိုက်သံကြီးပင် လည်ချောင်းဝ၌ ပျောက်ကွယ်သွားခဲ့ပုံရသည်။ ထိုသူသည် သူတို့ကို ဘာကြောင့် တိုက်ခိုက်ခဲ့သနည်း။ သေသွားသည့်တိုင် သူ သိနိုင်တော့မည်မဟုတ်ပါ။
တဲများထဲမှ ဟောက်သံကြီးများ ထွက်ပေါ်နေကြသည်။ တစ်နေကုန်လုံး ပင်ပမ်းဆင်းရဲကြီးစွာ မြင်းစီးလာခဲ့ရသူတို့သည် အသေကောင်များလို အိပ်မောကျနေကြသည်မှာ မဆန်း။ ပထမဦးဆုံး နိုးထလာသူသည် အအံ့ဩဆုံး ခံစားမှုကို ခံစားလိုက်ရ၏။ အိပ်ချင်မူးတူးဖြစ်နေသည့် သူ့အာရုံထဲတွင် ရွှံ့ဗွက်များပေါ် ဖြတ်စီးသွားသည့် မြင်းခွာသံများလိုလို ကြားလိုက်ရ၏။ မျက်လုံးဖွင့်ကြည့်လိုက်သော် တဲအတွင်းတွင် သွေးများ မြင်မကောင်းအောင် ပန်းထွက်နေကြလေပြီ။ သူ အော်ဟစ်ရန် ကြိုးစားလိုက်သော်လည်း ဓားသွားတစ်လက်က သူ့အသံများကို ဖြတ်တောက်ပေးလိုက်၏။
+++++
မနက်မိုးလင်းဖို့ တစ်နာရီလောက်လိုသေးသည်။
ရဲ့ခိုင်သည် မျက်လုံးများပိတ်ထားကာ အိပ်ယာပေါ်တွင် အိပ်မောကျနေပြီဖြစ်၏။
ဖူဟောင်ရွှယ်သည် နောက်ဖေးရှိ ဇလုံကြီးတစ်လုံးတွင်း ရေများအပြည့်ထည့်ထားကာ မျက်နှာသစ်ရန် ပြင်ဆင်နေ၏။
ကုန်းစွန်းတွမ့်သည် အရက်ကို အလွန်အကျွံမူးအောင် သောက်ခဲ့ပြီးဖြစ်သည်။ တံခါးပေါက်ဝသို့ ယိမ်းယိုင်သည့်ခြေလှမ်းများဖြင့် ထွက်သွားခဲ့ပြီး မြင်းပေါ်သို့ ကြိုးစားတက်ကာ စီးထွက်သွား၏။
အဆောင်ငယ်လေးရှိ မီးရောင်များ မရှိတော့ပါ။
မားဖန်းလင်သည် ခုတင်ပေါ်တွင် တစ်ယောက်တည်း မျက်လုံးများ ပြူးကြောင်စွာ နိုးနေ၏။
မားခုန်းချွင်၊ ဟွာမင်းထျန်၊ ယွင်ဇိုင်ထျန်းနှင့် တတိယသခင်မရှင်းတို့သည်ကော...။
ကျွေ့နွန်သည်လည်း ဘယ်ရောက်နေပါသနည်း...။
မားဖန်းလင်သည် ခြုံဖုံလေးကို တင်းကြပ်စွာ ဖက်တွယ်ထားနေ၏။ သူမ၏ခန္ဓာကိုယ်လေးတစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေရသည်။ သန်းခေါင်ယံကျော်ကျော်လောက်တုန်းက နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ကြားခဲ့ရသည်ဟု သူမ ထင်နေသည်။ ညဉ့်နက်ကြီးသာမဟုတ်ခဲ့ပါက ထိုနေရာများသို့ သူမကိုယ်တိုင် သွားရောက်စပ်စုခဲ့မည်ဖြစ်၏။
သို့သော် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်များကို သူမအနေနှင့် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပြီး မဟုတ်ပါလား။ နောက်ထပ် မတွေ့ချင်တော့ပါ။ နောက်ထပ် တွေ့မြင်ဖို့ စိတ်မရဲတော့ပါ။ သူမ၏အခန်းက မှောင်မည်းခြောက်ကပ်နေပြီး အခန်းတံခါးဖွင့်ရန်လည်း မဝံ့ရဲသေးပါ။
သူတို့နေထိုင်နေကြသည့် အဆောက်အဦကြီးသည် ကြီးမားကျယ်ပြန့်လှသည်။ ကလေးထိန်း မိန်းမကြီးနှစ်ယောက်မှအပ သူမ၊ သူမ၏ဖခင်ဖြစ်သူ မားခုန်းချွင်၊ ကုန်းစွန်းတွမ့်၊ တတိယသခင်မရှင်း၊ သူမ၏ မောင်လေးတို့သာ နေထိုင်ကြ၏။
မြင်းတစ်သောင်းဌာနတွင်းတွင် ဤလူများသာ အယုံကြည်ရဆုံး၊ စိတ်အချရဆုံးသူများ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။
ရှောင်းဟူကျိ နှစ်ခြိုက်စွာအိပ်မောကျနေ၏။ သူ့ကို ထိန်းနေသည့်ကလေးထိန်း မိန်းမကြီးသည် တဝက်တပျက် ဆွံ့အနားမကြားသူဖြစ်သည်။ မျက်လုံးတစ်လုံးကလည်း ကောင်းကောင်း မမြင်ရတော့။ သူမ အိပ်နေသည်ဖြစ်စေ၊ နိုးထနေသည်ဖြစ်စေ သိပ်ပြီးတော့ မထူးခြားလှပါ။
ယခုသော် အိမ်ကြီးတွင်းတွင် မားဖန်းလင်တစ်ယောက်တည်းသာ ကျန်ရှိနေတော့သလိုမျိုးဖြစ်နေ၏။
အထီးကျန်ခြင်းဆိုသည်မှာ ကြောက်ရွံ့မှုတစ်မျိုးပင်ဖြစ်သည်။ ထို့ပြင်... အမှောင်ထု ဆိုသည်ကလည်း ရှိနေသေး၏။ သေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်ငြိမ်သက်မှုလည်း ရှိနေပြန်သည်။ အမှောင်ထုထဲတွင် လက်စားချေလိုသူတစ်ယောက် ရှိနေသည်။
မားဖန်းလင် နှုတ်ခမ်းများ ဖိကိုက်ထားပြီး ထရပ်လိုက်သည်။
အခန်းတွင်းရှိ ယင်းလိပ်များကို လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို... သူမ၏အခန်းဝတွင် လူရိပ်တစ်ရိပ် ပေါ်လာခဲ့သည်။ ပိန်ပိန်ပါးပါး လူရိပ်တစ်ခုဖြစ်၏။ ကုန်းစွန်းတွမ့်နှင့် သူမ၏ဖခင်တို့ မဟုတ်နိုင်မှန်းကိုတော့ သူမ သိနေသည်။
မားဖန်းလင်၏ ဝမ်းဗိုက်တစ်ခုလုံး ကျုံ့လာသလိုမျိုးလည်း ခံစားနေရ၏။ နံရံပေါ်တွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။ အနက်ရောင်လူရိပ်သည် ရွေ့လျားမှုမရှိဘဲ ရပ်တန့်စွာ စောင့်ဆိုင်းနေသည်မှာ အိမ်တွင်းရှိ လှုပ်ရှားမှုများအား နားစွင့်နေပုံရသည်။ မားဖန်းလင် နှုတ်ခမ်းဖိကိုက်ထားပြီး နံရံပေါ်ချိတ်ဆွဲထားသည့်ဓားကို အသံမထွက်အောင် ဖြည်းဖြည်းလေး ဖြုတ်ယူလိုက်သည်။
လူရိပ်သည်လည်း လှုပ်ရှားလာပြီဖြစ်သည်။ သူ့ ပြတင်းပေါက်ကို လာပြီးဖွင့်တော့မယောင် ရှိနေ၏။ မားဖန်းလင်၏ လက်ဖဝါးလေးများမှ ချွေးအေးများ စိမ့်ထွက်နေပြီး ပန်းနုရောင် ဓားလက်ကိုင်ရိုးတွင် ချွေးများဖြင့် စိုရွှဲနေရသည်။
မားဖန်းလင်သည် သူမကိုယ်သူမ စိတ်တင်းထားပြီး မအော်မိအောင် ကြိုးစားနေရ၏။ အခန်းတွင်းတွင် လွန်မင်းစွာ မှောင်ပိန်းနေပြီး ရန်သူ့ကို အချိန်မရွေးတိုက်ခိုက်နိုင်ရန် သူမ ပြင်ဆင်ထား၏။ အပြင်ဘက်ရှိ လူရိပ်သည် သူမကို သတိထားမသွားပါစေနှင့်ဟု ကြိတ်ပြီးဆုတောင်းနေပြန်၏။
သို့သော် သူမ၏ ဓားသည် ဓားအိမ်မှ မထွက်ရသေးခင်မှာပင် အပြင်ဘက်မှ လူရိပ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အတန်ကြာသောအခါတွင် မြင်းခွာသံများ ထွက်ပေါ်လာသည်ကိုလည်း ကြားလိုက်ရပြန်၏။ တစ်စုံတစ်ယောက် ပြန်လာသည်ကို အပြင်ဘက်ကလူ တွေ့သွားခဲ့ပုံရသောကြောင့် ရှောင်ထွက်သွားခြင်းဖြစ်မည်။
“တစ်ယောက်လောက်တော့ ပြန်လာပြီပဲ။”
မားဖန်းလင်သည် ခုတင်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြန်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နုံးချိစွာ ခံစားနေရ၏။ ကြောက်လန့်ဖွယ်ရာဆိုသည့်အရာကို သူမ သိရှိသွားခဲ့ပြီဖြစ်သည်။
သူမအခန်းပြတင်းပေါက်အပြင်ဘက်မှလူသည် မည်သူများဖြစ်နေပါသနည်း။
သူမသည် စိတ်ပိုင်းဖြတ် အားတင်းထားကာ ပြတင်းပေါက်ဖွင့်ပြီး ဘေးဘီဝဲယာကြည့်ကာ စပ်စုလိုက်သည်။ အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာပြန်သည်။ သူမဖခင်ဖြစ်သူ၏ စကားသံကိုလည်း ပီပီသသကြီး ကြားလိုက်ရပြန်သည်။ “ဘာစကားမှမပြောနဲ့။ ကျုပ်နဲ့ အပေါ်ကို လိုက်ခဲ့ပါ။”
မားခုန်းချွင်သည် တစ်ယောက်တည်း ပြန်လာခဲ့ခြင်းမဟုတ်။ သူနှင့်အတူ မည်သူ လိုက်ပါလာပါသနည်း။ ပြန်လာသည့် မြင်းတစ်ကောင်တည်း၏အသံကိုသာ သူမ ကြားခဲ့ရသည်။ မားခုန်းချွင်၏ မြင်းကုန်းနှီးပေါ်တွင် အတူတူလိုက်စီးလာသည့်သူ မည်သူဖြစ်နေပါသနည်း။ မားဖန်းလင်၏ အတွေးများ ဟိုဟိုသည်သည် ရောက်နေချိန်မှာပင် အမျိူးသမီးတစ်ယောက်၏ အသက်ရှူသံခပ်တိုးတိုးလေးကိုလည်း ကြားလိုက်ရပြန်သည်။ ခြေသံများက အပေါ်ထပ်သို့ တက်သွားကြခြင်းဖြစ်သည်။ မားခုန်းချွင် မည်သည့်အတွက်ကြောင့်များ အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာပြန်ပါသနည်း။
ထိုအသံရှင်သည် တတိယသခင်မရှင်း မဟုတ်မှန်းကိုတော့ မားဖန်းလင် သိနေ၏။ အဘယ်ကြောင့်ဆိုသော် အသံရှင်၏အသံလေးသည် အသက်ငယ်ရွယ်သူတစ်ယောက်၏အသံဖြစ်နေပြီး အီစီကလီအသံလည်း ပေါက်နေ၏။ သူမ ထရပ်လိုက်သည်၊ ပြီးနောက် ပြန်ထိုင်ချလိုက်ပြန်၏။ ဖခင်အပေါ်တွင် စိတ်မဆိုးတော့ပါ။
ယောက်ျားများသည် စိတ်လှုပ်ရှားမှုများလာလေ၊ အမျိုးသမီးများကို ပိုလိုအပ်လာလေ ဖြစ်သည်မဟုတ်ပါလား။ ယောက်ျားများသည် အိုမင်းလာလေလေ၊ မိန်းမငယ်ငယ်လေးများကို ပိုပြီးတမ်းတတတ်လာသည်မဟုတ်ပါလား။ တတိဒေါ်လေးသည် တဖြည်းဖြည်း အိုလာပြီဖြစ်၏။ မားဖန်းလင် သူမကို သနားမိသွားခဲ့ပြန်သည်။ ယောက်ျားများသည် မည်သည့်မိန်းမကိုမဆို အိမ်ပေါ်ခေါ်တင်လာနိုင်ကြသော်လည်း အိမ်မှ ထွက်သွားသည့် မိန်းမများကိုတော့ ခွင့်မလွှတ်နိုင်ကြ။
သူမ ပြတင်းတံခါးတစ်ခုလုံး ဖြူဖွေးသွားသလို ခံစားမိနေပြန်၏။
စောစောတုန်းက မြင်တွေ့ခဲ့ရသည့် လူရိပ် ဘယ်ပျောက်သွားပါသနည်း။
“အဲဒီလူရိပ် ပြန်ပျောက်သွားတာတော့ မဖြစ်နိုင်လောက်ဘူး။ ဒီနားတဝိုက်က အမှောင်ထုချောင်တစ်ချောင်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်နိုင်တယ်။ သားကောင်ကို စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ်။ သူ့သားကောင်ကို အခွင့်အရေးရတာနဲ့ လုပ်ကြံတော့မယ်၊ ပြီးရင် ငါ့ဆီရောက်လာနိုင်တယ်။”
မားဖန်းလင်ထံတွင် ကြောက်ရွံ့မှုများ ကိန်းအောင်းလာပြန်သည်။ ကံကောင်းသည်မှာ သူမဖခင် ပြန်ရောက်လာပြီဖြစ်သည့်ပြင် မိုးလည်းလင်းတော့မည်ဖြစ်သည်။ သူမ တွေဝေစွာ ရပ်နေသေး၏။ နောက်ဆုံးတွင်တော့ လက်ထဲတွင်ကိုင်ဆောင်ထားသည့် ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တံခါးပေါက်ဖွင့်ကာ လျှောက်ထွက်လာလိုက်သည်။ မည်သူ တစ်ဦးတစ်ယောက်မျှ မရှိနေပါဒ စင်္ကြန်လမ်းတစ်ခုလုံး ရှင်းလင်းနေ၏။
ကြမ်းပြင်အေးအေးများအပေါ် သူမ လျှောက်လှမ်းသွားပြီး ထိုလူရိပ်ကို လိုက်ရှာနေ၏။ သူမ၏ စိတ်တွင်းတွင်တော့ ထိုလူရိပ်သည် အချိန်မရွေး သူမကို တိုက်ခိုက်လာမည်ကိုလည်း ကြောက်နေမိပြန်သည်။
ထိုအချိန်၌ပင် ရေလောင်းချသံများ ကြားလိုက်ရ၏။ တတိယဒေါ်လေး၏အခန်းတွင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တတိယဒေါ်လေး ပြန်ရောက်လာခြင်းပင်လော... သို့တည်းမဟုတ် ထိုလူရိပ်သည် တတိယဒေါ်လေး၏အခန်းတွင်း၌ ဝင်ရောက်ပုန်းအောင်းနေခြင်းပင်လော...။
မားဖန်းလင်၏ နှလုံးခုန်သံများ တဒုတ်ဒုတ် ထွက်ပေါ်လာခဲ့ပြီး ရင်ဘတ်ထဲမှ ခုန်နေသည့်နှလုံးသည် အချိန်မရွေး ပြုတ်ထွက်သွားတော့မလို ခံစားနေရ၏။ သူမ အံတစ်ချက်ကြိတ်လိုက်ပြီး ထိုအခန်းဝသို့ လျှောက်သွားလိုက်သည်။ ရုတ်တရက်... ကြမ်းပြင်ပေါ်မှ ကျွီကနဲမြည်သံတစ်သံ ထွက်ပေါ်လာ၏။
သူမ ကြောက်ရွံ့ထိတ်လန့်စွာ ထခုန်မိလိုက်လေသည်။ တတိယဒေါ်လေး၏ အခန်းတံခါးဝ ခပ်ဟဟလေး ပွင့်လာကြောင်း သူမတွေ့လိုက်ရသည်။ တံခါးကြားမှ ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံသည် အပြင်ဘက်သို့ ချောင်းကြည့်နေ၏။ ထိုမျက်ဝန်းများသည် တတိယဒေါ်လေး၏ မျက်ဝန်းများ ဖြစ်နေလေသည်။
မားဖန်းလင် ယခုမှပင် သက်ပြင်းမောကြီး ချလိုက်နိုင်ပြီး တိုးတိုးလေး ရေရွတ်မိလိုက်တော့၏။ “ဘုရား ဘုရား... ရှင် ပြန်ရောက်လာတာကိုး...”
0 comments:
Post a Comment