Friday, June 3, 2011

(၁၃) တတိယရှင်းသခင်မ၏လျှို့ဝှက်ချက်

ထိုအခန်းထဲတွင် မည်းမှောင်နေလေသည်။

တတိယရှင်းသခင်မသည် ဝတ်ရုံရှည်ပွပွကြီးတစ်ခုကို ဝတ်ဆင်ထား၏။ ကြည့်ရသည်မှာ လောလောဆယ်လေး၌ပင် မျက်နှာကို ဆေးကြောသုတ်သင်ပြီးသွားခဲ့ပုံရသည်။ သူမ၏ သွင်ပြင်အနေအထားက သွေးဆုတ်ဖြူရော်နေပြီး စိတ်ဖိစီးနှိပ်စက်ခံထားရပုံပေါက်နေသည်။ သူမ၏လက်ထဲတွင်ရှိနေသည့် ပုဝါစလေး၌မူ သွေးစသွေးနများ ပေကျံနေလေသည်။

“ရှင်... ရှင်... နေကောင်းပါတယ်နော်...” မားဖန်းလင်က မေးမြန်းလိုက်သည်။

တတိယရှင်းသခင်မသည် ထိုမေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘဲ မားဖန်းလင်ကိုပင် ပြန်လည်မေးခွန်းထုတ်လိုက်သေး၏။ “ကျုပ်ဒီကနေ ထွက်သွားခဲ့တာ ညည်းသိနေတယ်ပေါ့။”

မားဖန်းလင်က ပြန်လည်ပြုံးပြလိုက်ကာ မျက်ခုံးလေးပင့်ကြည့်နေလိုက်သည်။ “စိတ်မပူပါနဲ့ရှင်... ကျမလည်း မိန်းမသားတစ်ယောက်ပါပဲ။ ဘာကိုမှ မမြင်ခဲ့ဘူးလို့ သဘောထားပေးနိုင်ပါသေးတယ်။”

သူမ ပြုံးနေရသည့်အကြောင်းအရင်းမှာ သူမကိုယ်သူမ အပျိုဖျန်းလေးတစ်ယောက် မဟုတ်တော့ဘဲ ရင့်ကျက်တည်ငြိမ်နေသည့် အမျိုးသမီးတစ်ယောက်အဖြစ် ခံစားလာရ၍တော့မဟုတ်။ လျှို့ဝှက်ချက်ကို သိမ်းဆည်းထားတတ်သည့် အမူအကျင့်လေးများသည် တကယ်ပင် ရင့်ကျက်တည်ငြိမ်လာသည့် အမျိုးသမီးတစ်ယောက်သာ စွမ်းဆောင်နိုင်သည့်အရာ မဟုတ်ပါလား။

တတိယရှင်းသခင်မသည် မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်း မရှိတော့ပါ။ ရေအပြည့်ထည့်ထားသည့် ခွက်တစ်ခုထဲတွင် ပုဝါလေးကို နှစ်မြုပ်လိုက်ပြီး ပုဝါပေါ်မှ သွေးများကို ညှစ်ချနေလိုက်၏။

သူမ၏ပါးစပ်ထဲတွင် သွေးများ၏ ငံကျွိကျွိအရသာ ကျန်ရှိနေတုန်းပင်ဖြစ်သည်။ ပါးစပ်ထဲမှသွေးများကို လာရာလမ်းတစ်လျှောက်လုံး မထွေးထုတ်ခဲ့ဘဲ ငုံထားခဲ့သည်မှာ သူမ၏အခန်းသို့ ရောက်လာချိန်ထိပင်ဖြစ်သည်။

ကုန်းစွန်းတွမ့်၏လက်သီးချက်များက မပေါ့ပါးလှပါ။

မားဖန်းလင်သည် တတိယရှင်းသခင်မ၏ အိပ်ယာပေါ်သို့ တက်ထိုင်နေလိုက်ပြီး ခြေထောက်လွှဲချထားနေ၏။ ဤအခန်းသည် ယခင်ကဆိုလျှင် သူမအတွက် သူစိမ်းဆန်နေခဲ့သော်လည်း ယခုအခါတွင်မူ မည်သည့်တင်းကြပ်မှုမျိုးမှ မခံစားရတော့ဘဲ လွတ်လပ်ပေါ့ပါးနေရ၏။

“ရှင့်ဆီမှာ အရက်ကလေးဘာလေးများ မရှိတော့ဘူးလား။ ကျမ အရက်သောက်ချင်နေသလိုပဲ။” မားဖန်းလင်က ရုတ်တရက် မေးမြန်းလိုက်၏။

တတိယရှင်းသခင်မက မျက်မှောင်ကျုံ့ထားခဲ့ပြီး ပြောဆိုလိုက်၏။ “ညည်း ဘယ်တုန်းက အရက်သောက်တတ်နေခဲ့တာလဲ။”

မားဖန်းလင်-“ကျမအရွယ်တုန်းက ရှင်လည်းပဲ အရက်သောက်ခဲ့မှာပါပဲ။ မသောက်ဖူးလို့တော့ မပြောပါနဲ့ရှင်။”

တတိယရှင်းသခင်မက သက်ပြင်းမောတစ်ချက်ချလိုက်ပြီး ပြောဆိုလိုက်ပြန်၏။ “ဟိုထိပ်မှာရှိနေတဲ့ ဗီရိုအောက်ဆုံးအံဆွဲထဲမှာ အရက်အိုးရှိတယ်။”

မားဖန်းလင်-“ရှင့်ဆီမှာ အရက်အိုးတွေရှိနေမယ်ဆိုတာ သိနေသားပဲ။ ကျမသာ ရှင့်နေရာမှာဆို အရက်ကလေး တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး အိပ်ပျော်ဖို့ ကြိုးစားနေလောက်ပြီးပြီ။”

တတိယရှင်းသခင်မ-“ညည်းကိုကြည့်ရတာ ဒီ သုံးလေးရက်အတွင်းမှာ အတော်လေး ရင့်ကျက်သွားခဲ့ပါလား။”

မားဖန်းလင်သည် အရက်အိုးကို လှမ်းယူပြီး အဖုံးကို ဖွင့်လိုက်၏။ အိုးနှုတ်ခမ်းပေါ်တွင် သူမ၏ ပါးစပ်လေးကို တေ့ထားကာ အရက်တစ်ငုံလောက် မျှင်းပြီး စုပ်သောက်နေလိုက်သည်။

မားဖန်းလင်-“ခုဆိုရင် ကျမဟာ အပျိုစင်တစ်ယောက် လုံးလုံးကိုဖြစ်သွားပြီရှင့်။ ရှင်ထွက်သွားခဲ့တာ ဘယ်သူ့ကို တွေ့ဖို့လည်းဆိုတာ ကျမကို ရိုးရိုးသားသားပဲ ပြောသင့်နေပါပြီ။”

တတိယရှင်းသခင်မ-“စိတ်မပူပါနဲ့ကွာ... ငါသွားတွေ့တာ ရဲ့ခိုင်မဟုတ်ပါဘူး။”

မားဖန်းလင်၏မျက်လုံးအရောင်များ တောက်ပလာခဲ့ကြလေသည်။ “ဒါဆိုရင် ဘယ်သူများလဲ။ ဖူဟောင်ရွှယ်များလား။”

ရေဇလုံထဲတွင် သွေးများပေကျံနေသည့် ပုဝါကို လျှော်ဖွပ်နေသည့် တတိယရှင်းသခင်မ၏ လက်များ ရပ်တန့်သွားခဲ့ကြ၏။ အတော်လေးကြာသည့်အချိန်မှ သူမ၏ဦးခေါင်းကို လှည့်လာခဲ့ပြီး မားဖန်းလင်ကို စိုက်ကြည့်နေလိုက်သည်။

မားဖန်းလင်-“ကျမကို ဘာဖြစ်လို့ အဲဒီလိုကြီးကြည့်နေရတာလဲ။ ဘာလဲ... ကျမ ခန့်မှန်းတာ မှန်သွားခဲ့လို့လား။”

တတိယရှင်းသခင်မသည် မားဖန်းလင်၏လက်ထဲမှ အရက်အိုးကို ရုတ်တရက် ဆွဲလုယူလိုက်ပြီး ဆူငေါက်လိုက်၏။ “ညည်းအရက်မူးနေပြီ။ သွားအိပ်တော့... မနက်ဖြန်အမူးပြေတော့မှ ပြန်လာခဲ့ချည်...”

မားဖန်းလင်က ခပ်ထေ့ထေ့မျက်နှာပေးဖြင့် သူမကို ကြည့်နေပြီး ဆက်ပြောလိုက်ပြန်၏။ “သူလိုယောက်ျားတစ်ယောက်ကို ရှင်ဘယ်လိုများ မြူဆွယ်ခဲ့တာလဲဆိုတာ သိချင်ရုံလေးပါ။ မဟုတ်ရင်... ရှင့်အသက်အရွယ် အမျိုးသမီးတစ်ယောက်ကို သူက ဘာများကြိုက်စရာရှိနေလို့တုန်း။”

တတိယရှင်းသခင်မ-“အဲဒီတစ်ယောက်ကို ညည်းကြိုက်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ ကျုပ်ထင်ထားတာက ရဲ့ခိုင်လားလို့။”

မားဖန်းလင်ကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူမ၏မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့၏။ သူမ၏ ဖြူဖွေးနေသော မျက်နှာလေးတွင် သွေးရောင်လွှမ်းလာခဲ့ပြီး နီတွတ်သွားခဲ့ရတော့သည်။ သူမကို ကြည့်ရသည်မှာ တတိယရှင်းသခင်မကို ပြန်လည်ရိုက်ပုတ်တော့မည့်ဟန်ဖြစ်နေပြီး ထိုအချိန်လေး၌ပင် စင်္ကြန်ဘက်မှ ခြေသံများ ထွက်ပေါ်လာလေသည်။

ခြေသံများက နှေးကွေးပြီး လေးလံလှသည်။ တံခါးဝရှေ့တွင် ရပ်တန့်သွားခဲ့ပြီး လူတစ်ယောက်၏ မေးမြန်းသံ ထွက်ပေါ်လာခဲ့၏။ “တတိယသခင်မ... နိုးနေလား။”

အသံရှင်မှာ မားခုန်းချွင် ဖြစ်နေလေသည်။

မားဖန်းလင်နှင့် တတိယသခင်မတို့နှစ်ယောက်စလုံး မျက်နှာများ ကွက်ခနဲ ပျက်သွားခဲ့ကြတော့၏။ တတိယရှင်းသခင်မက နှုတ်ခမ်းစူထားပြီး ခုတင်အောက်ကို မေးငေါ့ပြလိုက်သည်။ မားဖန်းလင်သည်လည်း နှုတ်ခမ်းများ ဖိကိုက်ထားကာ ခုတင်အောက်သို့ ဝင်ပုန်းလိုက်လေတော့သည်။

သူမသည်လည်း တတိယရှင်းသခင်မလို၊ အပြစ်ကျူးလွန်မိထားသူတစ်ယောက်လို ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူမထံတွင်လည်း လျှို့ဝှက်ချက်များ ရှိနေသည် မဟုတ်ပါလား။

ကံကောင်းထောက်မလှစွာ မားခုန်းချွင်သည် အခန်းတွင်းသို့ မဝင်ရောက်လာခဲ့ပါ။ တံခါးဝ၌သာ ရပ်နေပြီး ထပ်မံမေးမြန်းလိုက်ပြန်၏။ “မနိုးသေးဘူးလား။”

“အင်း...”

“ကောင်းကောင်းမှ အိပ်ရရဲ့လား။”

“ကောင်းကောင်းအိပ်လို့ မပျော်ဘူး။”

“ဒါဆိုရင်လည်း အပေါ်ထပ်ကို ခဏလိုက်ခဲ့... ဟုတ်ပြီလား။”

“အင်း... လိုက်လာခဲ့မယ်လေ။”

သူတို့နှစ်ယောက် အတူတကွ ရှိနေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။ သူတို့အချင်းချင်း ပြောဆိုသော စကားများက တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားရှိလှသော်လည်း ချစ်ခင်ရင်းနှီးမှုများ ပါဝင်နေပြန်၏။

မားဖန်းလင် တွေဝေစွာ အံ့ဩနေရ၏။ သူမ၏ဖခင်ဖြစ်သူသည် လောလောလတ်လတ်လေးတွင်မှ အမျိုးသမီးတစ်ယောက်ကို အပေါ်ထပ်သို့ ခေါ်တက်သွားခဲ့သေးသည် မဟုတ်ပါလား။ ဘာကြောင့်များ တတိယရှင်းသခင်မကို တက်လာခဲ့ဖို့ ခေါ်နေရပြန်ပါသနည်း။

ပြီးတော့ တခြားမိန်းမတစ်ယောက်ဆိုသည်မှာ မည်သူများ ဖြစ်နေပါသနည်း။

မားခုန်းချွင်၏အပေါ်ထပ်တွင် အခန်း ၃ ခန်းတွဲလျက်ရှိနေသည်။ ပထမဆုံးအခန်းမှာ စာကြည့်ခန်းဖြစ်ပြီး ဒုတိယအခန်းမှာ အိပ်ခန်းဖြစ်သည်။ တတိယအခန်းမှာတော့ သူ၏ကိုယ်ရေးကိုယ်တာကိစ္စများအသုံးပြုသည့် အခန်းဖြစ်သည်။ ထိုအခန်းတွင်းသို့ တတိယရှင်းသခင်မပင် တစ်ခါမှ မရောက်ခဲ့ဖူးချေ။

မားခုန်းချွင်၏ ပုံစံက လှေကားမှအပေါ်သို့တက်သွားချိန်၌လည်း ခါးတည့်မတ်စွာရှိနေ၏။ သူ့ကို နောက်ကျောဘက်ကသာ ကြည့်ခဲ့သည်ဆိုပါက လူအိုတစ်ယောက်အဖြစ် လုံးဝသတ်မှတ်၍မရပါချေ။

တတိယရှင်းသခင်မသည် သူ့နောက်မှ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါသွားခဲ့၏။ မားခုန်းချွင်၏စကားကို မည်သည့်အခါမှ သူမ မငြင်းဆန်ဖူးခဲ့ပါ။ မားခုန်းချွင်အပေါ်တွင် သံယောဇဉ်သိပ်မကြီးခဲ့သလို အေးစက်စက် ဆက်ဆံမှုများလည်း တစ်ခါမှ မပြုလုပ်ခဲ့။ လိုအပ်လာသည့်အချိန်တိုင်းတွင် မားခုန်းချွင်၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးရန်အတွက် သူမဘက်မှ အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့သည်ချည်းပင်။ သူမသည် မားခုန်းချွင် လိုချင်သည့် မိန်းမသားတစ်ယောက်ဖြစ်နေသည်မှာလည်း အဆန်းမဟုတ်တော့ပါ။ မားခုန်းချွင်လို အသက်အရွယ်ရှိလူတစ်ယောက်ထံတွင် သိပ်ပြီးသံယောဇဉ်တွယ်တာ၊ သိပ်ပြီးချစ်ခင်မြတ်နိုးလှသည့် မိန်းမတစ်ယောက် အမှန်တကယ် မလိုအပ်တော့။

ပထမအခန်း၏ တံခါးပေါက် ပိတ်ထား၏။ အခန်းရှေ့၌ မားခုန်းချွင် ရပ်တန့်လိုက်သည်။ ပြီးနောက် ရုတ်တရက် တတိယရှင်းသခင်မဘက်သို့ မျက်နှာလှည့်လာခဲ့ပြီး မေးမြန်းလိုက်သည်။ “မင်းကို အပေါ်တက်လာခဲ့ဖို့ ဘာကြောင့်ခေါ်ခဲ့တာလဲ သိလား။”

တတိယရှင်းသခင်မက ခေါင်းငုံ့ထားကာ တိုးတိုးလေး ပြန်ဖြေလိုက်၏။ “ရှင် ဘာပဲတောင်းဆိုတောင်းဆို ကျမဘက်ကလိုက်လျောပေးဖို့ အဆင်သင့်ပါပဲ။”

မားခုန်းချွင်-“ကျုပ်က မင်းကိုသတ်ပစ်ချင်နေတယ်ဆိုရင်ကော...”

သူ့စကားသံက တည်ကြည်လေးနက်လှသည်။ အပြောင်အပျက်သဘော လုံးဝမပါခဲ့။ သူမ၏ခြေဖျားများမှ အအေးဓာတ်များ ရုတ်ချည်း ပျံ့နှံ့လာခဲ့ကြောင်း တတိယရှင်းသခင်မ ခံစားလိုက်ရ၏။ သူမသည် ဖိနပ်စီးမထားဘဲ ခြေဗလာဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း နောက်ဆုံးမှ သိလိုက်ရသည်။

မားခုန်းချွင်က ရုတ်တရက် ပြုံးပြလိုက်ကာ-“မင်းကို ကျုပ်ဘယ်လိုလုပ်ပြီး နာကျင်အောင် လုပ်ရက်မှာတဲ့လဲကွယ်... အခန်းထဲမှာ လူတစ်ယောက် မင်းကို စောင့်နေတယ်။”

တတိယရှင်းသခင်မ-“အခန်းထဲမှာလူတစ်ယောက် ကျမကိုစောင့်နေတယ်... ဟုတ်လား။ ဘယ်သူများလဲ။”

မားခုန်းချွင်၏မျက်နှာထက်မှ အပြုံးရိပ်များက ခန့်မှန်းရခက်လွန်းနေ၏။ “ဘယ်သူလဲဆိုတာ မင်း ဘယ်တော့မှ ခန့်မှန်းနိုင်မယ်မထင်ဘူး။”

ပြီးနောက် ပြန်လှည့်သွားခဲ့ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တတိယရှင်းသခင်မထံတွင် အခန်းတွင်းသို့ ဝင်ရောက်သွားရန် သတ္တိ လားလားမျှ မရှိနေတော့ပါ။

+++++

နေ့သစ်တစ်နေ့၏နေခြည်လေး လင်းလက်လာခဲ့ချေပြီ။

ဖူဟောင်ရွှယ်သည် ဆန်ပြုတ်ပန်းကန်ထဲမှဆန်ပြုတ်များကို ဖြည်းညင်းစွာ မှုတ်သောက်နေ၏။

ရဲ့ခိုင်သည် ညတုန်းက ကျွေ့နွန်တစ်ယောက် မပြန်လာသည့်အတွက် တနုံ့နုံ့ ခံစားနေရလေ၏။ ပြီးနောက် ဖိနပ်ကို ကောက်စွပ်လိုက်တော့သည်။

ရှောင်ပိုင်လိနှင့် ခါးကုန်းကြီးတင်းချိုတို့ရှိနေခဲ့သည့် အဆောင်ငယ်လေးသည်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။

ကုန်းစွန်းတွမ့်သည်ကား မြင်းစားခွက်ထဲရှိအရက်များကို ခေါင်းနစ်မြုပ်ကာ သောက်ခဲ့ပြီး ရေအေးများကို စုပ်ယူသောက်သုံးနေသည်မှာလည်း မြင်းတစ်ကောင်အလား...။ သို့သော် ကမ္ဘာလောကထဲရှိ မည်သည့်မြစ်ရေကမျှ သူ၏ မူးယစ်မှုနေကို ဖြေဖျောက်ပေးနိုင်လိမ့်မည်မဟုတ်ပါ။

မနက်ခင်း၏ လေပြေညင်းလေး၌ သွေးညှီနံ့သဲ့သဲ့လေး ပါရှိလာနေဆဲဖြစ်သည်။

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့သည်လည်း မိမိတို့၏ အခန်းအသီးသီးတွင် ရှိနေကြပြီး ခန်းမကြီးထဲတွင် မနက်စာ သွားရောက်စားသောက်ရန် ပြင်ဆင်နေကြလေပြီ။ သူတို့နှစ်ယောက်စလုံးသည် မနက်စာ စားချိန်တိုင်း ခန်းမကြီးထဲသို့ အမြဲတမ်း သွားရောက်စားသုံးလေ့ရှိကြ၏။ ဤသည်မှာလည်း မြင်းတစ်သောင်းဌာန၏ ဓလေ့ထုံးစံတစ်ခုပင် မဟုတ်ပါလား။

+++++

တတိယရှင်းသခင်မသည် နောက်ဆုံးတွင်တော့ ရှိသမျှ သတ္တိလေးကို အားမွေးကာ အခန်းတွင်းသို့ ခြေချဝင်ရောက်သွားတော့၏။

အခန်းထဲတွင် သူမကို စောင့်ဆိုင်းနေသူမှာ မည်သူများ ဖြစ်နေပါသနည်း။

ကျွေ့နွန်၏လက်များက သူမ၏ဒူးခေါင်းပေါ်တွင် သိုင်းဖက်ထားပြီး စာကြည့်ခန်းထဲရှိ ထိုင်ခုံအကြီးကြီးတစ်လုံးပေါ်တွင် ခပ်ခွေခွေလေး လှဲထိုင်နေ၏။ သူမကိုကြည့်ရသည်မှာ မောပန်းနွမ်းနယ်နေပြီး ကြောက်ရွံ့ထိတ်လန့်နေပုံလည်းရသည်။

တတိယရှင်းသခင်မ၏ အကြည့်များနှင့် ဆုံတွေ့လိုက်မိသည်နှင့်တပြိုင်နက် နှစ်ယောက်စလုံးပင် အံ့အားသင့်သွားခဲ့ကြလေသည်။

မားခုန်းချွင်သည် သူတို့နှစ်ယောက်စလုံး၏ လှုပ်ရှားမှုအမူအရာများကို အကဲခတ်ကြည့်နေပြီးမှ အေးစက်စက်လေသံဖြင့် မှတ်ချက်ချလိုက်သည်။ “မင်းတို့နှစ်ယောက်စလုံးက အချင်းချင်း သိနေကြပါလား။”

တတိယရှင်းသခင်မက ခေါင်းညိတ်ဖြေဆိုလိုက်၏။

မားခုန်းချွင်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်ပြန်၏။ “သူ့ကို ဒီနေရာခေါ်လာရတဲ့အကြောင်းအရင်းက ဒီမှာ နေခိုင်းမလို့ပဲ။ ဒါမှသာ မင်းအနေနဲ့ နောက်ဆိုရင် ညသန်းခေါင်ကြီး အပြင်ထွက်ပြီး သူ့ကိုလိုက်ရှာစရာ အကြောင်းမရှိတော့မှာပေါ့။”

တတိယရှင်းသခင်မ၏ အမူအရာများက ထူးထူးခြားခြား ပြောင်းလဲသွားခဲ့လေသည်။ သူမကို ကြည့်ရသည်မှာ အတွေးနွံထဲ နစ်မြောနေသူတစ်ယောက်လိုဖြစ်နေပြီး မားခုန်းချွင်၏ ပြောစကားများကို မကြားလိုက်သည့်အလား...။

အတန်ကြာသောအခါမှ သူမသည် မားခုန်းချွင်ဘက်သို့လှည့်လာခဲ့ပြီး ပြောဆိုလိုက်၏။ “မနေ့ညက ကျမ တကယ်ပဲ အပြင်ဘက်ကိုထွက်သွားခဲ့တယ်။”

မားခုန်းချွင်-“ကျုပ် သိပါတယ်။”

တတိယရှင်းသခင်မ-“ကျမသွားရှာတဲ့သူဟာလည်း ကျွေ့နွန်မဟုတ်ဘူး။”

မားခုန်းချွင်-“ဒါလည်း ကျုပ်သိတယ်။”

မားခုန်းချွင်သည် ထိုင်ခုံတစ်လုံးတွင် ဝင်ရောက်ထိုင်နေပြီဖြစ်၏။ သူ့အမူအရာများက လွန်စွာမှပင် တည်ငြိမ်လွန်းနေသည်။ သူ ဘာစဉ်းစားနေသလဲ၊ ဘာတွေ တွေးတောနေသလဲဆိုသည်ကိုမူ မည်သူမှ မသိနိုင်ပါ။

တတိယရှင်းသခင်မက သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ဆက်လက်ပြောဆိုလိုက်ပြန်သည်။ “ကျမ သွားတွေ့ခဲ့တဲ့သူက ဖူဟောင်ရွှယ်ကိုပါ။”

သူမ၏စကားသံကို မားခုန်းချွင် ပီပီသသကြီး ကြားလိုက်ရပါသည်။ သို့သော် သူ၏ မျက်လုံးများရှိ မျက်တောင် တစ်စက်ကလေးမျှပင် မခတ်ခဲ့။ စိတ်တိုဒေါသထွက်နေရမည့် အမူအရာများ လုံးဝ မတွေ့ရသည့်ပြင် သူမအပေါ် သနားကြင်နာသည့်အကြည့်များ၊ ကိုယ်ချင်းစာနာနားလည်သည့် အကြည့်များသာ ပေါ်ထွက်နေ၏။

တတိယရှင်းသခင်မသည် တည်တည်ငြိမ်ငြိမ်ပင် ဆက်လက်ပြောဆိုနေ၏။ “ကျမ သူ့ကိုသွားရှာခဲ့တာ သူဟာ လူသတ်သမားဟုတ် မဟုတ် သွားစုံစမ်းချင်လို့ပါ။”

မားခုန်းချွင်က ဘာမှမဖြစ်သလို ပြန်ဖြေပေးလိုက်သည်။ “သူမှ မဟုတ်ဘူး။”

တတိယရှင်းသခင်မ-“အခုတော့ ကျမလည်း သိလိုက်ပါပြီ။ ဒါပေမဲ့ ကျမကိုယ်တိုင် သိလိုက်ရမှဖြစ်လိမ့်မယ်... မဟုတ်ရင် ကျမ စိတ်ထဲမှာ ခုနေသလိုမျိုးပဲ။”

မားခုန်းချွင်-“ကျုပ် နားလည်ပါတယ်။”

တတိယရှင်းသခင်မက ဆက်လက်ရှင်းပြလိုက်သည်။ “သူ့ရဲ့ ဟန်ပန်အမူအရာတွေကို ကြည့်ပြီး ကျမ ပြောနိုင်ခဲ့ပါတယ်။ မိန်းမသားတွေမှာ အဲဒီလိုမျိုး အကဲခတ်တတ်တဲ့ မသိစိတ်ကလေးတွေ ရှိနေကြတယ်မဟုတ်လား။ သူသာ ရှင့်ကို တကယ်ပဲ မုန်းတီးနေသူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကျမကို စတွေ့တွေ့ချင်း သူ ဆက်ဆံတဲ့ အမူအရာတွေက ထူးထူးခြားခြားပြောင်းလဲသွားခဲ့လိမ့်မယ်။”

မားခုန်းချွင်-“ကျုပ် သိပြီ။”

တတိယရှင်းသခင်မ-“ဒါပေမဲ့ ကျမ အဲဒီမှာရှိနေတဲ့တစ်ချိန်လုံး သူကျမအပေါ်မှာ ဆက်ဆံတဲ့ အမူအရာတွေဟာ သိပ်ကို ယဉ်ကျေးသိမ်မွေ့လွန်းနေခဲ့တယ်။ ကျမကို တွေ့စကတော့ အံ့အားသင့်သွားခဲ့ပေမယ့် ကျမ ပြန်မယ်လည်းလုပ်ရော... တားတောင် တားခဲ့ပါသေးတယ်။”

မားခုန်းချွင်-“သူဟာ လူကြီးလူကောင်းစစ်စစ် တစ်ယောက်ပဲ။”

တတိယရှင်းသခင်မ-“ဒါပေမဲ့ ရှင့်ရဲ့မိတ်ဆွေဆိုသူတစ်ယောက်ကိုတော့ လူကြီးလူကောင်းလို့ မပြောနိုင်ပြန်ဘူး။”

မားခုန်းချွင် အံ့အားသင့်သွားခဲ့လေသည်။

တတိယရှင်းသခင်မက အံကြိတ်ထားနေသည်။ သူမ၏ မျက်လုံးများက နီရဲနေကြ၏။ အင်္ကျီကြယ်သီးများ ဖြုတ်လိုက်သော် သူမ၏ ဝတ်ရုံကြီးက ကြမ်းပြင်ပေါ်သို့ ပုံကျသွားခဲ့၏။ သူမသည် အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်နေသော်လည်း ခန္ဓာကိုယ်မှာမူ လှပတောင့်တင်းနေဆဲပင်။ ရင်သားနှစ်မွှာက တင်းရင်းနေကြ၏။ ဝမ်းဗိုက် ရှပ်ရှပ်လေး ချပ်ရပ်နေ၏။ ခြေတံများက ခပ်သွယ်သွယ်ရှည်လျားနေပြီး ဖြောင့်စင်းနေကြသည်။ သနားစရာကောင်းသည်မှာ သူမ၏ နှင်းပွင့်များလို ဖြူဖွေးနေသော အသားအရေပေါ်တွင် ဒဏ်ရာဒဏ်ချက် အညိုအမည်းများ စွဲထင်နေခြင်းပင်။

ကျွေ့နွန်သည်ပင် မနေနိုင်တော့ဘဲ ပါးစပ်ကို လက်ဖဝါးလေးဖြင့် ဖုံးအုပ်ထားကာ အာမေဋိတ်သံလေး ပြုလိုက်မိတော့သည်။ တတိယရှင်းသခင်မထံမှ မျက်ရည်များ စီးကျလာခဲ့ပြီး နူးညံ့သောအသံလေးဖြင့် မေးမြန်းလိုက်သည်။ “ဒီဒဏ်ရာဒဏ်ချက်တွေက ဘယ်သူ့လက်ချက်ကြောင့်လဲဆိုတာ ရှင်သိရဲ့လား။”

မားခုန်းချွင်သည် သူမ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များကို သေသေချာချာ စိုက်ကြည့်နေ၏။ ပြီးနောက် မျက်လုံးများထဲမှ ဒေါသခိုးများ ထွက်လာခဲ့ပြီး အတန်ကြာသောအခါမှ ပြန်ဖြေလိုက်လေသည်။ “ကျုပ် မသိချင်ဘူး။”

သူ ဘာကိုဆိုလိုလိုက်သည်ကို တတိယရှင်းသခင်မမသိမဟုတ်... သိနေပါ၏။ သူမက ကြမ်းပြင်ပေါ်မှ အဝတ်အစားများကို ဖြည်းဖြည်းလေး ကောက်ယူဝတ်ဆင်လိုက်ကာ-“ရှင်မသိချင်ဘူးဆိုလည်း ကိစ္စတော့မရှိပါဘူးလေ။ ကျမဟာ ရှင့်အတွက်ဆိုရင် ဘာမဆို လုပ်ပေးမယ့် မိန်းမသားတစ်ယောက်ဆိုတာ ရှင်သိစေချင်တာ တစ်ခုတည်းပါ။”

မားခုန်းချွင်၏မျက်လုံးများထဲမှ ဒေါသခိုးငွေ့များက နာကျင်ခြင်းဘက်သို့ ပြောင်းလဲရောက်ရှိသွားခဲ့ကြသည်။ အတန်ကြာသောအခါမှ သက်ပြင်းချသံနှင့်အတူ သူ့စကားသံ ထွက်ပေါ်လာလေသည်။ “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မင်းဟာ ကျုပ်အတွက် အများကြီး အထောက်အကူပေးခဲ့ပါတယ်။ ကျုပ်အတွက်နဲ့ ဒုက္ခတွေခံခဲ့ရတာလည်း မနည်းတော့ပါဘူး။”

တတိယရှင်းသခင်မသည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ပစ်လဲကျသွားခဲ့ပြီး မားခုန်းချွင်၏ ခြေရင်းတွင် ရှိုက်ငိုနေလေတော့သည်။ မားခုန်းချွင်သည် သူမကို ညင်သာနူးညံ့စွာ ငုံ့ကြည့်နေပြီး ဆံနွယ်စလေးများကို သပ်တင်ပေးနေ၏။ သို့သော် သူ၏ အကြည့်များကိုတော့ ပြတင်းပေါက်ဘက်သို့သာ လွှဲထားလေသည်။

မြက်ရိုင်းလွင်ပြင်များကို နံနက်ခင်း၏ လေပြေလေး ဖြတ်သန်းတိုက်ခတ်လာခဲ့၏။

မားခုန်းချွင်-“ဒီနေရာဒေသဟာ နဂိုတုန်းက ဘာဆိုဘာမှမရှိတဲ့ လွင်ပြင်ရိုင်းကြီးပဲ။ မင်းသာ ကျုပ်ဘေးနားမှာ မရှိခဲ့ဘူးဆိုရင် ဒီနေရာကြီးဟာ ဒီလောက်သာယာလှပလာလိမ့်မယ်မဟုတ်ဘူး။ မင်းဟာ ကျုပ်အတွက် ဘယ်လောက်တောင်မှ အရေးပါအရာရောက်တဲ့လူတစ်ယောက်လည်းဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူးကွာ။”

တတိယရှင်းသခင်မ-“ရှင် နားလည်နေသေးသ၍တော့ ကျမ ကျေနပ်ပါတယ်။”

မားခုန်းချွင်-“ကျုပ် သိပ်နားလည်တာပေါ့ကွာ။ ကျုပ်ရဲ့အင်ပါယာကြီးကို ထူထောင်ခဲ့တဲ့နေရာမှာ မင်းအားတက်သရော ကူညီပေးခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ ကျုပ် ကျရှုံးသွားတဲ့အချိန်ကျရင် ဘာတစ်ခုမှ ကုန်းကောက်စရာမကျန်အောင် ခံစားသွားရဖို့ မဟုတ်လား။”

တတိယရှင်းသခင်မသည် ရုတ်ချည်းပင် ခေါင်းမော့လာခဲ့ပြီး အံ့အားသင့်စွာ မေးမြန်းလိုက်၏။ “ရှင်... ရှင်... ဘာစကားတွေ ပြောနေတာလဲ။”

မားခုန်းချွင်သည် သူမကို ကြည့်နေသည့်အကြည့်များကို ရုတ်သိမ်းသွားခဲ့ပြီး ပြန်ဖြေလိုက်၏။ “မင်းရဲ့ လျှို့ဝှက်ချက်ကလေးတွေကိုပေါ့။”

တတိယရှင်းသခင်မ-“ဘာ... ဘာလျှို့ဝှက်ချက်တွေလဲ...”

မားခုန်းချွင်၏ မျက်ဝန်းများထဲမှ နာက်င်မှုများက ပို၍ပင် သိပ်သည်းလာခဲ့ကြပြီး ဆက်ပြောနေပြန်၏။ “မင်း ဒီကို စရောက်တဲ့နေ့ကစပြီး ဘယ်သူဘယ်ဝါဆိုတာ ကျုပ်သိထားပါတယ်။”

တတိယရှင်းသခင်မ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ရလေသည်မှာ တစ်စုံတစ်ယောက်က သူမကို အသက်ရှူမွန်းကြပ်အောင် ချုပ်ကိုင်ထားသည့်အလား...။ သူမ၏ အသက်ရှူသံများ ရပ်ဆိုင်းသွားခဲ့ရပြီး အနောက်သို့ ခြေတစ်လှမ်းချင်းစီ ဆုတ်ခွာသွားလေတော့သည်။ သူမ၏ မျက်ဝန်းများထဲ၌မူ ကြောက်ရွံ့ထိတ်လန့်မှုများ ဖုံးလွှမ်းနေလေသည်။

မားခုန်းချွင်-“မင်းရဲ့ မျိုးရိုးနာမည်က ရှင်း မဟုတ်ဘူး... ဟွာ...”

ထိုစကားလုံးများက သူမ၏ဦးခေါင်းကို တူတစ်လက်ဖြင့် ကောက်ထုလိုက်သလို ခံစားလိုက်ရ၏။ သူမ ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြိုလဲသွားခဲ့လေတော့သည်။

မားခုန်းချွင်-“ပိုင်ထျန်ယုရဲ့ တိတ်တိတ်ပုန်းမိန်းမ... ဟွာပိုင်ဖုန်းက မင်းရဲ့အစ်မ...”

တတိယရှင်းသခင်မ-“ရှင်... ရှင်... ဒါကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။”

မားခုန်းချွင်-“မင်းကတော့ ကျုပ်ကို ယုံချင်မှယုံမယ်... ဒါပေမဲ့ မင်း ကျုပ်ဆီကို မရောက်လာခင်ကတည်းက မင်းကို မြင်ဖူးခဲ့ပြီးသားပါ။ မင်းနဲ့ မင်းရဲ့အစ်မတော်တို့ဟာ ပိုင်ထျန်ယုနဲ့ အတူတူ ရှိနေခဲ့ကြတယ်။ အဲဒီတုန်းက မင်းအသက် ငယ်ငယ်လေးပဲ ရှိသေးတယ်။ မင်းရဲ့အစ်မကတော့ ပိုင်ထျန်ယုရဲ့ ရင်သွေးလေးကို လွယ်ထားရနေပြီ။”

တတိယရှင်းသခင်မသည် တုန်ခါနေမှုများ ရပ်တန့်သွားခဲ့ပြီး ရေခဲစိမ်ကျောက်ရုပ်တစ်ရုပ်လို အေးခဲငြိမ်သက်သွားခဲ့ရတော့၏။

မားခုန်းချွင်-“ပိုင်ထျန်ယုသေသွားပြီးတဲ့နောက်... ကျုပ် မင်းတို့နှစ်ယောက်ကို လိုက်ရှာခဲ့သေးပါတယ်။ မင်းရဲ့အစ်မကတော့ ဘယ်လိုမှ ရှာလို့မတွေ့နိုင်ခဲ့ဘူး။ ဒါပေမဲ့လို့ ကျုပ်ဆီကို မင်းဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာတဲ့လဲ။”

တတိယရှင်းသခင်မသည် ထိုင်ခုံတစ်လုံးပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားခဲ့ပြီး မားခုန်းချွင်ကို စိုက်ကြည့်နေ၏။ လွန်ခဲ့သည့် ၇ နှစ်လုံးလုံး ဤယောက်ျားအိုကြီးနှင့် သူမ အိပ်ဖြစ်ခဲ့သည်မှာ တစ်လလျှင် မရှိဘူးဆို အနည်းဆုံး ၁၀ ကြိမ်လောက်တော့ရှိလိမ့်မည်။ သူ၏ လက်ချောင်းများ ပြတ်နေသည့် လက်တိုပြတ်ကြီး၏ ပွတ်သပ်နှိုက်ခံရမှုများကို အံကြိတ်မှိတ် သည်းခံခဲ့ရ၏။ သူ၏ နံစော်နေသော ချွေးနံ့ပြင်းပြင်းများကို အောင့်အီးရှူရှိုက်ခဲ့ရ၏။ အခါတိုင်းလိုလို သူနှင့်အိပ်စက်တိုင်း သူမ ခံစားမိသည်မှာ မြင်းတစ်ကောင်နှင့် အိပ်စက်ရသလိုပင်... အိုမင်းရွတ်တွနေသည့် မြင်းတစ်ကောင်လို...

သူမ ၇ နှစ်လုံးလုံး ဤဒုက္ခများကို သည်းငြင်းခံခဲ့သည်မှာ တစ်နေ့ကျလျှင် ဤသူသည် သူ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟူသော မျှော်လင့်ချက်ကြောင့်ဖြစ်၏။ ယခုတော့ သူမ၏ အတွေးများ တက်တက်စင်အောင် လွဲမှားသွားခဲ့ရမှန်း သိသွားခဲ့ချေပြီ။ သူမကိုယ်သူမ ကလေးတစ်ယောက်လက်ထဲရှိ ကစားချင်တိုင်းကစားတာခံနေရသော တီကောင်တစ်ကောင်လို ခံစားမိလာသည်။

မားခုန်းချွင်-“မင်းဘယ်သူဆိုတာ ကျုပ် အစောကြီးကတည်းက သိနေခဲ့ပါတယ်။ ဒါပေမဲ့လို့ တစ်ခွန်းတစ်ပါဒမှ မဟခဲ့ဘူး... ဘာဖြစ်လို့လဲ သိလား။”

တတိယရှင်းသခင်မက ခေါင်းခါရမ်းပြလိုက်သည်။

မားခုန်းချွင်-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ် မင်းကို နှစ်သက်လွန်းလို့ပေါ့။ ကျုပ်မှာ မင်းလို မိန်းမသားတစ်ယောက် သိပ်ကို လိုအပ်နေခဲ့တယ်လေ။”

တတိယရှင်းသခင်မသည် မချိပြုံးလေးပြုံးနေလိုက်ကပြီး ဆက်ဖြည့်ပြောပေးလိုက်သည်။ “ဒါတင်မကသေးဘူး... ကျမကိုယ်တိုင်ကိုက ရှင့်တံခါးဝထိ ရောက်လာခဲ့ပြီး အခကြေးငွေတစ်ပြားမှ ကုန်စရာမလိုခဲ့ဘူးမဟုတ်လား။”

သူမ ပြုံးနေပါသည်။ သို့သော် ထိုအပြုံးသည် နာကျင်မှုများကြောင့် ငိုယိုနေခြင်းထက်တော့ အပုံကြီး သာလွန်နေပါသေး၏။ ရုတ်တရက်ဆိုသလို... သူမ ထိုးအန်ချင်စိတ်များ ပေါက်လာခဲ့ရ၏။

မားခုန်းချွင်-“မင်းနဲ့ ကျွေ့နွန်တို့ရဲ့ ဆက်ဆံမှုကိုလည်း ကျုပ် အစောကြီးကတည်းက သိထားခဲ့ပါတယ်။”

တတိယရှင်းသခင်မ အံ့အားသင့်သွားခဲ့ရပြန်သည်။

“ကျွေ့နွန်ဟာ ကျုပ်ရဲ့ မြင်းတစ်သောင်းဌာန အကြောင်းတွေကို သတင်းဖြန့်ပေးနေပြီး အပြင်က ပြန်ကြားရတာမှန်သမျှ ကျုပ်ကို သတင်းပို့နေခဲ့တယ်။” မားခုန်းချွင်က ရယ်မောနေပြီးမှ ဆက်လက်စကားဆိုလိုက်သည်။ “သူလို လူစားမျိုးနဲ့ ဆက်သွယ်မိသွားပြီး သတင်းအချက်အလက်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တဲ့ မင်းကတော့ သိပ်တော်လွန်းတယ်လို့ ပြောရမယ်။”

တတိယရှင်းသခင်မ-“ရှင်သိနေမှတော့လည်း ဘာမှမထူးလာတော့ပါဘူး။”

မားခုန်းချွင်-“ကျုပ် မင်းတို့နှစ်ယောက်ကို ဘယ်တုန်းကမှ မတားမြစ်ခဲ့ပါဘူး.... ဘာကြောင့်လဲဆိုတော့ ကျုပ်မှာ သတင်းအဖြစ်ဖြန့်စရာ ဘာလျှို့ဝှက်ချက်မှ မရှိနေလို့ပဲ။”

တတိယရှင်းသခင်မ-“ကျမ သူ့ဆီမှာ ပြောပြခဲ့တဲ့ သတင်းတွေကို ရှင်ပြန်ကြားချင်လို့လည်း ဖြစ်နေနိုင်တာပဲ။”

မားခုန်းချွင်က သက်ပြင်းမောတစ်ချက် ချလိုက်သည်။ “မင်းရဲ့အစ်မက မင်းထက် သိပ်တော်လွန်းနေတာကိုတော့ ချီးကျူးရလိမ့်မယ်။ ဒီလောက်နှစ်ပေါင်းများစွာအတွင်းမှာ သူ့သတင်းအစအနလေးတောင် ကျုပ်မရှာနိုင်ခဲ့ဘူးဆိုတော့ သူဟာ သိပ်ကို တော်လွန်းနေလို့ပေါ့။”

တတိယရှင်းသခင်မ-“ဒါကြောင့်မို့လည်း သူ ဒီနေ့ထိ အသက်ရှင်နေနိုင်နေတာပေါ့။”

မားခုန်းချွင်-“ဒါနဲ့ သူ့သားကော...”

တတိယရှင်းသခင်မ-“သူလည်းပဲ သက်ရှိထင်ရှား ရှိနေပါတယ်။”

မားခုန်းချွင်-“သူ ဒီနယ်ခြားမြို့လေးကို ရောက်နေခဲ့ပြီလား။”

တတိယရှင်းသခင်မ-“ရှင်ဘယ်လို ထင်ထားလို့လဲ။”

မားခုန်းချွင်-“ရဲ့ခိုင်လား... ဖူဟောင်ရွှယ်လား...”

တတိယရှင်းသခင်မ-“ရှင် မခန့်မှန်းနိုင်တော့ဘူး မဟုတ်လား။”

မားခုန်းချွင်က ပြုံးနေလိုက်ပြီး ဆက်ပြောလိုက်သည်။ “မင်းမပြောရင်လည်း ရပါတယ်။ ကျုပ်မှာ သိနိုင်တဲ့ နည်းလမ်းတွေ အပုံကြီးကျန်နေပါသေးတယ်။”

တတိယရှင်းသခင်မ-“ဒါဆိုရင်လည်း ကျမကို ဘာဖြစ်လို့ လာမေးနေရသေးတာလဲ။”

မားခုန်းချွင်သည် သက်ပြင်းကြီးတစ်ချက် ရှိုက်ထုတ်လိုက်ပြန်၏။ “မင်း သိမလားတော့ မသိဘူး။ ဒီနေ့ထက်ထိ မင်းရဲ့ လျှို့ဝှက်ချက်ကို ကျုပ် မဖော်ထုတ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းနဲ့ကျုပ်ကြားမှာရှိနေခဲ့တဲ့ ဆက်ဆံရေးလေးကို ကျုပ် နှစ်ခြိုက်လွန်းလို့ပါ။”

တတိယရှင်းသခင်မ-“သနားစရာကောင်းတာက ရှင့်မှာ ရွေးချယ်စရာလမ်း မရှိတော့ဘူး။”

မားခုန်းချွင်-“ဒီလျှို့ဝှက်ချက်ကြီးဟာ တစ်သက်လုံး ထိန်းသိမ်းထားလို့ရတဲ့အရာ မဟုတ်ဘူး။”

တတိယရှင်းသခင်မ-“ဒီလောက်အချိန်ကြာကြာကြီး ရှင်အောင့်အီးထားခဲ့ပြီးမှ နောက်ထပ် သုံးလေးရက်လောက် ဆက်အောင့်အီးနေလိုက်လို့ကော ဘာများ ဖြစ်သွားမှာမို့လဲ။”

မားခုန်းချွင်-“ကျုပ်မှာ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ရာပေါင်းများစွာသော နောက်လိုက်တွေရှိနေကြသေးတယ်။ ကျုပ်မျက်စိရှေ့မှာ နောက်ထပ် ဘယ်သူမှ သေဆုံးသွားတာမျိုး မမြင်ချင်တော့ဘူး။”

တတိယရှင်းသခင်မ-“မနေ့ညက လူဘယ်နှစ်ယောက် ထပ်သေသွားခဲ့ကြသေးလဲ။”

မားခုန်းချွင်က လေးလံထိုင်းမှိုင်းစွာ ပြန်ဖြေလိုက်သည်။ “သေသွားတဲ့အရေအတွက်က လုံလောက်နေပါပြီလေ။”

တတိယရှင်းသခင်မ-“လူသတ်ကောင်က ဘယ်သူဖြစ်မယ်လို့ ရှင်ထင်လဲ။ ရဲ့ခိုင်လား... ဒါမှမဟုတ် ဖူဟောင်ရွှယ်လား...”

မားခုန်းချွင်၏ မျက်လုံးများထဲမှ မုန်းတီးနာကြည်းသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ကြပြန်သည်။ “လူသတ်ကောင် ဘယ်သူလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး... ဒါပေမဲ့ တစ်ခုတော့ ပြောလိုက်ချင်ပါရဲ့... အဲဒီလူသတ်ကောင်.... ကျုပ်လက်ထဲကနေ ဘယ်လိုမှ မလွတ်မြောက်စေရဘူး...”

တတိယရှင်းသခင်မ-“ကောင်းကင်ဘုံ ဆိုတာ ကြီးမားကျယ်ပြန့်လွန်းတဲ့ ပိုက်ကွန်ကြီးပါ။ ဘယ်အရာမှ ပိုက်ကွန်ထဲကနေ မလွတ်မြောက်နိုင်ကြပါဘူး။ လူသတ်မှုတွေအတွက် ပြစ်ဒဏ်ခတ်မှုဆိုတာ အမြဲရှိနေဦးမှာပဲ။ မှန်တယ် မဟုတ်လား...”

မားခုန်းချွင်-“မှန်လိုက်တဲ့စကား....”

တတိယရှင်းသခင်မ-“ဒါဆိုရင် ရှင့်အတွက်ကျတော့ရော...”

မားခုန်းချွင်၏ မျက်လုံးများထဲမှ ဒေါသအခိုးအငွေ့များနေရာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ အစားထိုး ဝင်ရောက်လာခဲ့ကြလေသည်။ မည်မျှလောက်တောင် နက်ရှိုင်းသည့် ကြောက်ရွံ့မှု ဖြစ်နေပါသနည်းဆိုသော် အရိုးထဲထိ ထိုးဖောင်ဝင်ရောက်သွားနိုင်လောက်သည့် ကြောက်ရွံ့ထိတ်လန့်မှုမျိုးပင်ဖြစ်သည်။ သူ ရုတ်တရက် ထရပ်လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ အမူအရာများကို တတိယရှင်းသခင်မ မတွေ့မြင်သွားစေလိုပါ။ ထိုအချိန်၌ပင် ဒေါင်ခနဲ ထိုးလိုက်သည့် မောင်းသံများ ထွက်ပေါ်လာလေတော့၏။

မားခုန်းချွင်က သက်ပြင်းချသံနှင့်အတူ ရေရွတ်လိုက်၏။ “နောက်တစ်ရက် ကူးပြောင်းသွားခဲ့ပြန်ပါရောလား... မနက်စာစားဖို့ အချိန်ကျရောက်လာပြန်ပြီ။”

တတိယရှင်းသခင်မ-“ဒီနေ့အဖို့ ရှင့်မှာ စားချင်စိတ်ကော ရှိနေသေးတာလား။”

“ဒီဓလေ့ထုံးစံကို ကျုပ်ကိုယ်တိုင် ချမှတ်ကျင့်သုံးခဲ့တာ... ကျုပ် ဖောက်ဖျက်လို့ရနိုင်တဲ့အရာတစ်ခု မဟုတ်ဘူး။” သူမကို လှည့်ကြည့်ခဲ့ခြင်း လုံးဝမရှိဘဲ ခြေသံပြင်းပြင်းဖြင့် မားခုန်းချွင် ထွက်ခွာသွားခဲ့လေတော့သည်။

တတိယရှင်းသခင်မ-“ခဏနေဦး...”

မားခုန်းချွင် ရပ်တန့်လိုက်၏။

“ရှင် ဒီလိုပဲ ထွက်သွားတော့မှာလား။”

မားခုန်းချွင်-“ဒီလို မထွက်သွားလို့ ဘယ်လို ထွက်သွားရဦးမှာလဲ။”

“ရှင်... ရှင်... ကျမကို ဘာဆက်လုပ်ဦးမှာလဲ။”

“ဘာမှ မလုပ်ပါဘူး။”

“ရှင်ပြောတာ ကျမ ကောင်းကောင်း နားမလည်ဘူး။”

“နားမလည်စရာ ဘာမှ မရှိဘူးထင်တယ်။”

“ရှင် ကျမရဲ့ လျှို့ဝှက်ချက်ကြီးကို ဖွင့်ဟခဲ့ပြီးပြီ... ကျမကို မသတ်တော့ဘူးလား။”

“လျှို့ဝှက်ချက်ကို ဖော်ထုတ်တာကတခြားသပ်သပ်... မင်းကို သတ်တာက တခြားသပ်သပ်ပါ။”

“ဒါပေမဲ့....”

“မင်း ဒီနေရာမှာ ဆက်မနေနိုင်တော့ဘူးဆိုတာ ကျုပ် သိပါတယ်။”

“ရှင် ကျမကို ပေးသွားနေတယ်ပေါ့။”

မားခုန်းချွင် ပြုံးပြလိုက်၏။ သူ၏အပြုံးမှာ လွန်စွာဝမ်းနည်းကြေကွဲနေသည့် အပြုံးမျိုးလည်း ဖြစ်နေပြန်သည်။ “မင်းကို ကျုပ် ပေးမသွားလို့ ဘာလုပ်ရမှာတုန်း.... ကျုပ် မင်းကို သတ်ရက်တဲ့စိတ် ရှိနေတယ်လို့များ ထင်နေလို့လား။”

တတိယရှင်းသခင်မသည် မားခုန်းချွင်ကို ထူးဆန်းအံ့ဩလွန်းစွာ ငေးကြည့်နေမိ၏။ ဤလူ့ကို သူမ ဘယ်တော့မှ နားလည်နိုင်လိမ့်မည်မဟုတ်မှန်းကိုလည်း သိရှိသွားတော့သည်။ သူ့ကို သူမ ဘယ်တုန်းကမှ နားမလည်ခဲ့တာလည်း ဖြစ်နေနိုင်ပါသည်။ မနေနိုင်မထိုင်နိုင်လှစွာပင် သူမ ထပ်မံမေးမြန်းလိုက်သေး၏။ “ရှင် ကျမကို ထွက်သွားခွင့်ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပြီးမှ ကျမရဲ့ လျှို့ဝှက်ချက်ကို ဘာဖြစ်လို့များ ထုတ်ဖော်ပြောဆိုခဲ့သေးတာလဲ။”

မားခုံးချွင်က ပြုံးပြလိုက်လေသည်။ “ဘာဖြစ်လို့လဲဆိုတော့ မင်းကျုပ်ကို ငတုံးတစ်ယောက်လို့ မထင်စေချင်လို့ပေါ့။”

တတိယရှင်းသခင်မ-“ကျမကို ဒီနေရာမှာ ဆက်ပြီးမနေစေချင်တော့တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။”

မားခုန်းချွင်-“ဒါလည်း ဖြစ်နိုင်ချေတစ်ခုပဲ။”

မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်းမရှိတော့ဘဲ မားခုန်းချွင် လှည့်ထွက်သွားခဲ့တော့၏။ သူ၏ လေးလံပြင်းထန်လွန်းလှသည့် ခြေသံများက လှေကားထစ်များဆီမှ ပဲ့တင်သံ ရိုက်ခတ်လာခဲ့လေသည်။ ခြေသံများကို နားထောင်ရသည်မှာ သူ့အတွင်းစိတ်သည်လည်း သူ၏ ခြေသံများလို လေးလံထိုင်းမှိုင်းနေပုံရသည်။

“သူဘာဖြစ်လို့ ငါ့ကို မသတ်ခဲ့တာလဲ။ သူ တကယ်ပဲ ငါ့အပေါ်မှာ သံယောဇဉ် ရှိနေလို့များလား...”

တတိယရှင်းသခင်မသည် လက်သီးဆုပ် အံကြိတ်နေလိုက်ပြီး ဤနေရာ၌ တစ်စက္ကန့်လေးမျှပင် မနေတော့ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ စဉ်းစားမိလေ... ပို၍ နာကြည်းစွာ ခံစားမိလေ မဟုတ်ပါလား။ ထိုသူသည် သူမကို အရူးလုပ်သွားသူ... ကစားသွားခဲ့သူဖြစ်၏။ သို့သော် တခြားလူများဆိုလျှင် သူမကို သတ်ရန်မှတပါး အခြားရွေးချယ်စရာလမ်း မရှိတော့သည့်အချိန်တွင်မှ ဘာဖြစ်လို့ လွတ်လွတ်လပ်လပ် ထွက်ခွာသွားခွင့် ပေးခဲ့ရပါသနည်း။

သူမကို သူ အရူးလုပ်ခဲ့သည်မှာလည်း ဟုတ်ချင်မှဟုတ်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို သူမက လှည့်စားခဲ့ခြင်းကြောင့်လည်း ဖြစ်နေနိုင်သေးသည် မဟုတ်ပါလား...

သူအရင်တုန်းက ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူမအပေါ်တွင် ဘာအကြွေးမှ မကျန်ရှိနေပါ။

တတိယရှင်းသခင်မ၏ နှလုံးအိမ်ထဲတွင် အပ်ဖျားလေးဖြင့် ထိုးစွလိုက်သလိုမျိုး နာကျင်စွာ ခံစားနေရ၏။ ထိုနာကျင်မှုမှာ သူမအနေနှင့် လုံးဝ မခံစားခဲ့သင့်သော နာကျင်မှုမျိုးဖြစ်သည်။ သူမအနေနှင့် ဤလိုနာကျင်မှုမျိုးကို ခံစားရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့သည့် နာကျင်မှုမျိုးလည်း ဖြစ်နေပြန်သည်။

သို့သော် ကျွန်ုပ်တို့သည် လူသားများသာ ဖြစ်ကြသည်မဟုတ်ပါလား။ လူသားတို့တွင် ရှိနေသည့် ခံစားချက်တိုင်းတွင် ဆန့်ကျင်ဘက်လွန်ဆွဲနေမှုများ ရှိနေတတ်သလို နာကျင်မှုများလည်း ရှိနေတတ်ကြလေသည်။

ကျွေ့နွန် မတ်တတ်ထရပ်လိုက်သည်။ တတိယရှင်းသခင်မရှေ့သို့ လျှောက်သွားလိုက်ပြီး တိုးတိုးညင်ညင်သာသာလေး ပြောဆိုလိုက်၏။ “သူက ကျမတို့ကို ပေးသွားနေခဲ့မှတော့ ထွက်သွားလိုက်ကြရအောင်လား...”

တတိယရှင်းသခင်မသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ဖြည်းလေးစွချလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ “ကျမတို့ ထွက်သွားကြမှာ သိပ်သေချာတာပေါ့... ဒါပေမဲ့.... ဒါပေမဲ့.... ဒီနေရာကို အစကတည်းက ကျမ မရောက်လာခဲ့သင့်ဘူး...”

1 comment: