Monday, June 6, 2011

(၁၄) ဘာမထီမြင်းတစ်ကောင်၏ ရှည်လျားသောဟီသံ

မားခုန်းချွင် သူ့နေရာတွင် ဖြည်းဖြည်းလေး ထိုင်ချလိုက်သည်။ သူ့ရှေ့တွင်ရှိနေသည့် စားပွဲရှည်ကြီးသည် ငွေကုန်ကြေးကျများစွာ ဖောက်လုပ်ထားရသည့် လမ်းတစ်လမ်းနှင့် တူနေသေးတော့၏။ ရွှံ့ထဲဗွက်ထဲ၊ သွေးအိုင်များထဲမှ ကုန်းရုန်းပြီး ကြိုးစားခဲ့မှုများကြောင့် သူထိုင်နေသည့် ဤနေရာတွင် ထိုင်နိုင်နေသည်မဟုတ်ပါလား။ သူ၏ ဖြတ်သန်းလာခဲ့ရသော ဘဝလမ်းက ရှည်လျားကြမ်းတမ်းလွန်းလှပါသည်။

သို့သော် ထိုလမ်းသည် မည်သည့်နေရာသို့ ဦးတည်သွားနေပါသနည်း။...

ထိုလမ်း၏ဦးတည်ရာအရပ်သည် ရွှံ့ဗွက်ထဲ၊ သွေးအိုင်ထဲသို့ပင် ပြန်လည်ဦးတည်နေခြင်းပင်လော...။

မားခုန်းချွင်သည် သူ၏လက်တံများကို စားပွဲပေါ်သို့ ဖြည်းညင်းစွာ တင်ထားလိုက်၏။ မျက်နှာရှိ အရေပြားတွန့်များက နံနက်ခင်းနေခြည်လေး၏ နေရောင်စဉ်တန်းများထက်ပင် ပို၍တောက်ပနေသေး၏။ အရေပြားတွန့်တစ်ခုတိုင်းတွင် မရေမတွက်နိုင်သော၊ ချွေး... သွေး... မျက်ရည်များ၏ ရာဇဝင်များ မြှုပ်နှံထားလေသည်။ တချို့သောအရာများမှာ သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့ခြင်းဖြစ်ပြီး တချို့သောအရာများမှာမူ အခြားသူများ၏ သွေးနှင့် မျက်ရည်စက်များ ဖြစ်လေသည်။

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့ ရောက်နှင့်နေကြချေပြီ။ သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်စောင့်နေကြသော်လည်း သူတို့၏စိတ်တွင်း၌မူ တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေကြပုံရသည်။

ကုန်းစွန်းတွမ့် လောလော လောလောနှင့် ဝင်ရောက်လာခဲ့၏။ အန်ဖတ်ဆို့နေခဲ့သဖြင့် သူ့ထံမှ အရက်နံ့များ ထောင်းထောင်းထနေသည်။

မားခုန်းချွင်သည် သူ့ကို မော်မကြည့်ခဲ့သလို ဘာစကားမှလည်း မပြောခဲ့...

ဤအချိန်သည် အရက်မူးနေရမည့်အချိန် လုံးဝမဟုတ်...

ကုန်းစွန်းတွမ့်သည် သူ့ကိုယ်သူ ရှက်ရွံ့သလို ခံစားနေရပြီး ဒေါသလည်း ထွက်နေရ၏။ သူ့ကိုယ်သူ ဒေါသထွက်နေခြင်းပင်။ ခန္ဓာကိုယ်ထဲမှ အရက်နံ့ ထောင်းနေသည့် သွေးနီရဲများကို ကိုင်ဆောင်ထားသည့် ဓားမော့ဖြင့် ရင်ဘတ်ဟောင်းလောင်း ခွဲထုတ်လိုက်ရန်လည်း လက်ယားနေသည်။

ခန်းမကြီးထဲရှိ လူအားလုံး၏ စိတ်ခံစားချက်များက လေးလံနေရသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်း နက်ရှိုင်းစွာ ခံစားနေကြရသည်။

မနက်စာ ပြင်ဆင်ထားခဲ့ပေးပြီးချေပြီ။ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များနှင့် နွားပေါက်သားကင်များပင် ဖြစ်သည်။

မားခုန်းချွင်သည် အပြုံးတစ်ခုကို ရုတ်တရက် ဆင်မြန်းထားခဲ့ပြီး ပြောဆိုလိုက်၏။ “ဒီနေ့ မနက်စာ ကြည့်ရတာ အရသာရှိမယ့်ပုံပဲ။”

ဟွာမင်းထျန်က ခေါင်းညိတ်ထောက်ခံလိုက်သလို ယွင်ဇိုင်ထျန်းသည်လည်း ခေါင်းညိတ်ပြလိုက်သည်။

ဟင်းလျာများမှာ တကယ်ပင် အရသာရှိလှပေသည်။ သို့သော် မည်သူကများ စားသောက်ချင်စိတ် ရှိနေကြပါမည်နည်း။ ရာသီဥတုသည်လည်း သာယာလွန်းနေပါသည်။ သို့သော် တိုက်ခတ်လာသည့် လေနုအေးလေးထဲတွင် သွေးညှီနံ့များ လှိုင်နေရ၏။

ယွင်ဇိုင်ထျန်းက ခေါင်းငုံ့ထားပြီး အစီရင်ခံလိုက်သည်။ “မနေ့ညက ကျနော်တို့ ကင်းလှည့်ဖို့ လွှတ်လိုက်တဲ့ ပထမ တစ်ဖွဲ့လုံး... တစ်ယောက်မကျန်...”

မားခုန်းချွင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ “အဲဒီစကားတွေကို စားပြီးမှပြော...”

“ဟုတ်ကဲ့ပါ။”

ထို့ကြောင့် လူတိုင်းလူတိုင်းလိုပင် ခေါင်းငုံ့ထားကြပြီး မိမိတို့၏ မနက်စာများကို အသံတိတ်ဆိတ်စွာ စားသောက်နေကြတော့သည်။ အရသာရှိလွန်းလှသော နွားပေါက်သားကင်ပင်လျှင် သူတို့ပါးစပ်ထဲသို့ ရောက်သွားချိန်၌ ခါးသက်သက်လိုလို၊ ချဉ်စူးစူးလိုလို အရသာများ ခံစားနေကြရသည်။ မားခုန်းချွင်တစ်ယောက်တည်းကသာ အစားအစာများကို လျှာဖျားအရသာခံပြီး စားသောက်နေသည်။

သူဝါးစားနေသည့်အရာများသည် မြင်တွေ့နေရသည့် အစားအစာများအစား သူ့အတွေးစများလည်း ဖြစ်နေနိုင်သည်။

အရာအားလုံးသည် ဖြေရှင်းရမည့် ဆုံမှတ်တစ်ခုသို့ ရောက်လာခဲ့ချေပြီ။ အချို့အရာများသည် အင်အားသုံးဖြေရှင်းရန် မဖြစ်နိုင်... အတွေးကောင်းကောင်း၊ အစီအစဉ် ကျကျ ဖြေရှင်းမှသာ အောင်မြင်မှု ရရှိနိုင်၏။ သို့သော် ယခုအချိန်၌ သူ့စိတ်ထဲတွင် စဉ်းစားစရာအတွေးများ မြောက်များစွာရှိနေကြ၏။ ထို့ကြောင့် အတွေးစများကို ဖြည်းဖြည်းလေး ဝါးစားနေမှသာလျှင် အစာကြေမည် မဟုတ်ပါလား။

မားခုန်းချွင်၏ တူတစ်စုံမချမခြင်း မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ တူများကို မချရဲပါ။

ပြတင်းပေါက်ကြီးသည် လွန်စွာမြင့်မားလှသည်။ ပြတင်းပေါက်မှ ဝင်ရောက်လာသည့် နေရောင်ခြည်လင်းတန်းများတွင် လေထဲ၌ ပလူပျံနေသည့် ဖုန်မှုန့်များကိုပင် မြင်တွေ့နေရ၏။

အခန်းတွင်းသို့ လွင့်မြောလာသော ဖုန်မှုန့်များကို ငေးကြည့်နေရင်း မားခုန်းချွင်ထံမှ စကားသံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ “ဘာဖြစ်လို့ ဒီဖုန်မှုန့်လေးတွေဟာ နေရောင်ခြည်လင်းတန်းအောက်မှာပဲ တွေ့နိုင်နေရတာတုန်း။”

မည်သူမှ ပြန်မဖြေခဲ့။ မည်သူမှ ပြန်မဖြေရဲကြ။ ဤအရာကို မေးခွန်းတစ်ခုဟုပင် မယူဆနိုင်။ အဓိပ္ပါယ်လုံးဝ မရှိသည့် မေးခွန်းဖြစ်သည်။

မားခုန်းချွင်၏ အကြည့်များက ဖြည်းဖြည်းလေး ဝေ့ဝိုက်လာခဲ့ပြီး တစ်ခန်းလုံးတွင်းရှိ လူတိုင်း၏ မျက်နှာများပေါ်မှ ဖြတ်သန်းသွားခဲ့သည်။ ရုတ်တရက် ပြုံးလိုက်ပြီး ဆက်ဆိုလိုက်သည်။ “ဒီဖုန်မှုန့်လေးကို နေရောင်ခြည်လင်းတန်းအောက်မှာမှ တွေ့နိုင်တာ ဘာဖြစ်လို့လဲဆိုတော့... မဟုတ်ရင် ဒီဖုန်မှုန့်လေး ရှိနေတာကို မင်းတို့ သတိထားမိချင်မှ ထားမိလိမ့်မယ်။”

သူ ဆက်လက်ပြီး ဖြည်းဖြည်းလေး ပြောနေပြန်သည်။ “မြင်နိုင်တာ မမြင်နိုင်တာ အပထားလိုက်ဦး... ဖုန်မှုန့်လေးတွေကတော့ ဘာပဲဖြစ်ဖြစ် အရင်ကတည်းက ရှိနေခဲ့တာပဲ။”

နလပိန်းတုန်းကျသည့် မေးခွန်းဖြစ်သော်လည်း ပြန်ဖြေလိုက်သည့်အဖြေမှာမူ သိပ်ကို တော်လွန်းနေသည်။

မားခုန်းချွင် ထိုစကားများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရေရွတ်နေမှန်း မည်သူမှ မခန့်မှန်းနိုင်ခဲ့ပါ။ ထို့ကြောင့် လူတိုင်း လူတိုင်း ပါးစပ် ပိတ်ထားနေကြ၏။

မားခုန်းချွင်က မိမိကိုယ်ကို ပြောသလိုလိုဖြင့် ဆက်ပြောနေလိုက်သည်။ “ဒီလောကကြီးထဲမှာ ရှိနေတဲ့ အရာအတော်များများဟာလည်း အတူတူပဲ။ အဲဒီအရာတွေဟာ လေထဲကဖုန်မှုန့်တွေလိုပဲ။ မင်းတို့ရဲ့ မျက်စိရှေ့မှောက်မှာ ရှိနေကြတယ်... ဒါပေမဲ့ အဲဒီအရာတွေ နဂိုကတည်းက ရှိနေခဲ့တာကို မင်းတို့ သတိမထားခဲ့မိကြဘူး။”

ပြီးနောက် ယွင်ဇိုင်ထျန်းနှင့် ဟွာမင်းထျန်တို့ကို စိုက်ကြည့်နေပြီး ဆက်ပြောလိုက်သည်။ “ကံကောင်းတာတစ်ခုက နေရောင်ခြည်ထွက်ပေါ်လာတာနဲ့ အရာအားလုံးကို မြင်တွေ့နိုင်ကြတော့မယ်။....”

ဟွာမင်းထျန်သည် ခေါင်းကို ငုံ့ထားပြီး သူစားနေခဲ့သည့် ပန်းကန်တွင်းသို့သာ စိုက်ကြည့်နေမိ၏။ သူ မည်သည့်စကားမှ မပြောခဲ့သလို မျက်နှာအမူအရာလည်း မည်သို့မှ မပြောင်းလဲသွားခဲ့ပါ။ သို့သော် မည်သည့်အမူအရာမှ မပြောင်းလဲစွာရှိနေခြင်းသည်လည်း ထူးဆန်းလွန်းသည့် ပြောင်းလဲခြင်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလား။

ဟွာမင်းထျန် ရုတ်တရက် ထရပ်လိုက်ပြီး-“မနေ့က လွှတ်ခဲ့တဲ့ ကင်းထောက်တွေ တဝက်ကျော်ဟာ ကျနော့် လက်အောက်က လူတွေချည့်ပဲ။ သူတို့တတွေ ကျကျနန အလောင်းမြေကျဖို့ ကျနော် သွားစီစဉ်လိုက်ပါ့မယ်။”

မားခုန်းချွင်-“ခဏနေဦး...”

ဟွာမင်းထျန်-“မြင်းတစ်သောင်းဌာနခေါင်းဆောင်ကြီးမှာ ပြောစရာများ ရှိနေသေးလို့လား။”

“မရှိပါဘူး။”

“ဒါဆိုရင် ကျနော် ဘာအတွက် စောင့်နေရမှာလဲ။”

“တစ်ယောက်ယောက် ရောက်လာမှာကိုပေါ့။”

“ဘယ်သူများလဲ။”

“သိပ်မကြာခင်လေးမှာ ရောက်လာဖို့ရှိနေတဲ့ လူတစ်ယောက်ပေါ့။”

ဟွာမင်းထျန် သူ့ထိုင်ခုံတွင် ပြန်ထိုင်နေလိုက်သည်။ သို့သော် မနေနိုင်မထိုင်နိုင်စွာ မေးမြန်းလိုက်သေးပြန်၏။ “သူမရောက်လာခဲ့ဘူးဆိုရင်ကော...”

မားခုန်းချွင် မျက်နှာထားတင်းမာသွားခဲ့လေသည်။ “ဒါဆိုလည်း ကျုပ်တို့ ဆက်စောင့်ကြဖို့ပဲ ရှိတော့တာပေါ့။”

မားခုန်းချွင်၏အမူအရာများ တင်းမာသွားခဲ့ခြင်းကို ထောက်ခြင်းဖြင့် စောစောတုန်းက သူမေးမြန်းခဲ့သည့် ခပ်ကြောင်ကြောင် မေးခွန်းနှင့် ဆက်နွယ်မှုရှိနေကြောင်း အားလုံး နားလည်သွားခဲ့ကြသည်။ မည်သည့် ငြင်းခုန်စရာအကြောင်းမှ မရှိတော့သဖြင့် အားလုံးလုပ်နိုင်သည့် တစ်ခုတည်းသောအလုပ်မှာ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေဖို့ပင် ရှိတော့သည်။ သူတို့ မည်သူ့ကိုများ စောင့်ဆိုင်းနေကြပါသနည်း။

ထိုအချိန်၌ပင် အဝေးတစ်နေရာမှ မြင်းခွာသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရသည်။ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့်လူတစ်ယောက် ပြာယီးပြာယာဖြင့် ဝင်ရောက်လာခဲ့ပြီး အစီရင်ခံလိုက်သည်။ “အပြင်ဘက်မှာ လူတစ်ယောက် ခေါင်းဆောင်ကြီးကို တွေ့ခွင့်တောင်းနေပါတယ်။”

မားခုန်းချွင်-“ဘယ်သူလဲ။”

သတင်းလာပို့သူက ပြောလိုက်သည်။ “ရဲ့ခိုင်”

မားခုန်းချွင်-“သူတစ်ယောက်တည်းလား။”

“သူတစ်ယောက်တည်း လာခဲ့တာပါ။”

မားခုန်းချွင်၏ မျက်နှာထက်တွင် ထူးဆန်းလွန်းသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ “သူတကယ်ပဲ ရောက်လာခဲ့ပြီကိုး... ရောက်လာခဲ့တာ မြန်သားပဲ။” မားခုန်းချွင် မတ်တတ်ထရပ်ပြီး လျှောက်ထွက်သွားတော့၏။

ဟွာမင်းထျန်-“ဌာနခေါင်းဆောင်ကြီးစောင့်ဆိုင်းနေခဲ့တာ သူ့ကိုလား။”

မားခုန်းချွင်က ဟုတ်သည်လည်း မဖြေခဲ့... မဟုတ်ဘူးလို့လည်း ပြန်မပြောခဲ့။ မျက်နှာထားတင်းတင်းဖြင့်ပင် ပြန်ပြောလိုက်သည်။ “ကျုပ်ပြန်လာသည်ထိ ခင်ဗျားတို့အားလုံး စောင့်နေကြရင်ကောင်းမယ်။”

မားခုန်းချွင်က ဟင့်သံတစ်ချက်ပြုပြီး ဆက်ပြောနေလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့ အကြာကြီးစောင့်နေရမယ် မထင်ပါဘူး... ကျုပ် အမြန်ဆုံးပြန်ရောက်လာမှာပါ။”

မားခုန်းချွင်က အားလုံးကို စောင့်နေကြရင်ကောင်းမယ်ဟု ပြောခဲ့သည်ဆိုပါက အားလုံးစောင့်ဆိုင်းနေကြလျှင် အကောင်းဆုံးပင်ဖြစ်သည်။ လူတိုင်းထံတွင် ရွေးချယ်စရာလမ်းမရှိပါချေ။ သူတို့အားလုံး ထိုအချက်ကို ကောင်းစွာ နားလည်ထားကြလေသည်။

ယွင်ဇိုင်ထျန်းသည် ပြတင်းပေါက်မှ ဝင်ရောက်လာသည့် နေရောင်ခြည်တန်းများကို ငေးကြည့်နေမိ၏။ အတွေးများပျံ့လွင့်နေပုံထောက်ပြီး မားခုန်းချွင် စောစောတုန်းက မေးသွားခဲ့သည့်အကြောင်းအရာများကို လေးလေးနက်နက် စဉ်းစားခန်းဝင်နေပုံရသည်။

ကုန်းစွန်းတွမ့်သည် လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားနေပြီး မျက်လုံးများလည်း သွေးရောင်လွှမ်းနေကြ၏။ ယနေ့အဖို့ မားခုန်းချွင်သည် သူ့ကို အကြည့်တစ်ချက်ကလေးမျှပင် မကြည့်ခဲ့ချေ။ ဘာကြောင့်များပါနည်း။

ဟွာမင်းထျန်သည် ဤအချိန်ကြီးကျမှ ရဲ့ခိုင် ဘာအတွက်ကြောင့် ရောက်လာခဲ့မှန်း အတွေးပွားနေမိ၏။ ရဲ့ခိုင် ရုတ်တရက် ရောက်ရှိလာမှုကို မားခုန်းချွင် အစောကြီးကတည်းက ကြိုတင်သိထားခဲ့သည်များလား...။

လူတိုင်းလူတိုင်းထံတွင် မေးခွန်းကိုယ်စီ ရှိနေကြသော်လည်း တစ်ဦးတစ်ယောက်သောသူကသာ ပြန်လည် ဖြေကြားပေးနိုင်ပေလိမ့်မည်။ ထိုသူသည် မေးခွန်းမေးသူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

ကောင်းကင်ယံတွင် နေရောင်ခြည်တန်းများ လင်းလက်နေ၏။ နံနက်ခင်း၏ နေခြည်နွေးနွေးအောက်တွင် ရဲ့ခိုင် မားမားမတ်မတ်ကြီး မတ်တတ်ရပ်နေသည်။ ကြည့်ရသည်မှာ နေထွက်လာသည့်အချိန်တိုင်းပင် နေရောင်ခြည်အောက်၌ သူ့ကို အမြဲတွေ့နေရသလိုမျိုးလည်း ဖြစ်နေပြန်၏။ ရဲ့ခိုင်သည် အမှောင်ထဲတွင် နေထိုင်သူတစ်ယောက် လုံးဝမဟုတ်။

ရဲ့ခိုင်သည် လေထဲတွင် တလူလူလွင့်နေသည့် အလံကြီးအား ငေးကြည့်နေ၏။ သူ့အနားသို့ မားခုန်းချွင်ရောက်လာသည်ကိုပင် သတိမထားမိခဲ့ချေ။ မားခုန်းချွင်သည် ရဲ့ခိုင်နှင့် ပခုံးချင်းယှဉ် ရပ်လိုက်ပြီး အလံကြီးကိုလည်း မော့ကြည့်နေ၏။

အလံကြီးပေါ်တွင် ခန်းနားထည်ဝါလှစွာ ရေးထားသည်မှာ-

“ကွမ်တောင်း မြင်းတစ်သောင်းဌာန”

ရဲ့ခိုင်က သက်ပြင်းတစ်ချက်ချခဲ့ပြီး မှတ်ချက်ပေးလိုက်သည်။ “ဘယ်လောက်တောင်မှ ခန်းနားထည်ဝါလိုက်တဲ့ အလံကြီးပါလိမ့်... နေ့တိုင်းနေ့တိုင်း အလံတင်ရတာလား...။”

“ဟုတ်တယ်” မားခုန်းချွင်က ပြန်ဖြေလိုက်သည်။ သူ့အကြည့်များက တစ်ချိန်လုံး ရဲ့ခိုင်ထံတွင်သာ ရောက်ရှိနေကြပြီး ရဲ့ခိုင်၏ မျက်နှာပေါ်မှ အပြောင်းအလဲများကို နီးကပ်စွာ အကဲခတ်လေ့လာကြည့်နေသည်။

နောက်ဆုံးမတော့ ရဲ့ခိုင်သည် မားခုန်းချွင်ဘက်သို့ တစ်ချက်လှည့်လာခဲ့ပြီး-“ဒီလောက်ကြီးတဲ့အလံကြီးကို နေ့တိုင်းနေ့တိုင်း လွှင့်တင်ဖို့ဆိုတာ တော်တော်မလွယ်ကူတဲ့ကိစ္စပဲ။”

မားခုန်းချွင်သည်အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ပြန်ဖြေလိုက်၏။ “တကယ်ကို မလွယ်တဲ့ကိစ္စပါပဲ။”

ရဲ့ခိုင်-“ဒီလောကကြီးမှာ လွယ်လွယ်ကူကူ ရနိုင်တဲ့အရာဆိုတာရော... ရှိနိုင်လို့လား။”

မားခုန်းချွင်-“တစ်ခုတည်းရှိတယ်။”

ရဲ့ခိုင်-“ဘာများလဲ...”

မားခုန်းချွင်-“ကိုယ့်ကိုယ်ကို လိမ်ညာနေတာ။”

ရဲ့ခိုင် ပြုံးလိုက်၏။

မားခုန်းချွင် ပြုံးမနေပါ... ဆက်၍ပြောလိုက်သည်။ “သူများတွေကို လိမ်ညာဖို့ ခက်ခဲလှပေမယ့် ကိုယ့်ကိုယ်ကို လိမ်ညာဖို့ဆိုတာတော့ အင်မတန်လွယ်ကူလွန်းလှတယ်။”

ရဲ့ခိုင်-“ဒါပေမဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ လိမ်ညာနိုင်ခဲ့မယ်ဆိုရင် သူ နေထိုင်ရှင်သန်နေရတဲ့ နေ့ရက်တွေတိုင်း ပျော်ရွင်စွာ ကုန်ဆုံးသွားနိုင်ပါတယ်။ ခေါင်းဆောင်ကြီးကော... ကိုယ့်ကိုယ်ကို လိမ်ညာနိုင်ရဲ့လား။”

မားခုန်းချွင်-“ကျုပ် ဘယ်တော့မှ ကိုယ့်ကိုယ်ကို မလိမ်ညာဘူး။”

ရဲ့ခိုင်-“ဒါကြောင့်မို့လည်း ခေါင်းဆောင်ကြီးရဲ့ နေ့ရက်တွေဟာ ပျော်စရာမကောင်းနေတာပေါ့။”

မားခုန်းချွင် ပြန်မဖြေခဲ့ပါ။ သူပြန်ဖြေစရာ အကြောင်းလည်း မရှိနေပါ။

မားခုန်းချွင် မျက်နှာပေါ်ရှိ အရေပြားတွန့်များကို ငေးကြည့်နေပြီး ရဲ့ခိုင်ထံမှ ကိုယ်ချင်းစာသည့် အကြည့်များ ထွက်ပေါ်လာသည်။ အရေပြားတွန့်တစ်ခုတိုင်းထံတွင် ကျာပွတ်ရာများ ထင်ကျန်နေကြ၏။ နှလုံးသားထဲတွင် သိုဝှက်သိမ်းဆည်းထားသည့် ကျာပွတ်ရာများပင် ဖြစ်လေသည်။

ခြံဝင်းကို ဝန်းပတ်ထားသည့် ခြံစည်းရိုးကြီးက သိပ်ပြီး မကြီးမားလှပါ။ အပြင်ဘက်ရှိ လွင်ပြင်ပြန့်ကြီးက ကြီးမားကျယ်ပြန့်လွန်းပြီး လွတ်လပ်လွန်းလှပါသည်။ လူတို့သည် ဘာအတွက်ကြောင့်များ မိမိကိုယ်ကို ခြံစည်းရိုးခတ်ထားကြပါသနည်း။

မတိုင်ပင်ထားဘဲ သူတို့နှစ်ယောက်စလုံး ခြံဝင်းတံခါးမကြီးရှိရာသို့ လျှောက်သွားကြ၏။ ကောင်းကင်ကြီးတစ်ခုလုံး ကြည်လင်ပြာလဲ့နေ၏။ မြက်ပင်များ စိမ်းစိုနေသည့် လွင်ပြင်ကြီးတစ်ခုလုံးသည်လည်း ပင်လယ်ရေလှိုင်းများလို လူးလွန့်နေကြ၏။ လေထုထဲတွင်တော့ ဆွေးရိပ်သမ်းနေသည့် အငွေ့အသက်များ ဖုံးလွှမ်းလာလေတော့သည်။

မားခုန်းချွင်သည် ဘေးဘီဝဲယာသို့ ငေးကြည့်နေလိုက်ပြီး ရဲ့ခိုင်ကို မေးမြန်းလိုက်သည်။ “လူအတော်များများ အသက်ပေးဆပ်သွားခဲ့ကြရပြီ။”

ရဲ့ခိုင်က ထပ်ဖြည့်ပြောလိုက်၏။ “သူတို့တတွေ မသေသင့်ခဲ့ကြဘူး။”

မားခုန်းချွင်သည် ရဲ့ခိုင်ဘက်သို့ ရုတ်တရက်လှည့်လာခဲ့ပြီး မျက်လုံးချင်းဆိုင် ကြည့်နေကာ-“ဒါဆိုရင် ဘယ်သူက သေသင့်တာလဲ။”

“တချို့တွေကတော့ ကျုပ်ကို သေသင့်တယ်လို့ ထင်နေကြတယ်။ တချို့ကျတော့ ခေါင်းဆောင်ကြီးကို သေသင့်တယ်လို့ ထင်နေတယ်။ ဒါကြောင့်မို့လို့...”

“ဒါကြောင့်မို့လို့... ဘာဖြစ်လဲ။”

ရဲ့ခိုင်က ကျူးရင့်လိုက်တော့၏။ “ဒါကြောင့်မို့လို့ တစ်စုံတစ်ယောက်က ခေါင်းဆောင်ကြီးရဲ့ အသက်ကို နှုတ်ယူဖို့ ကျုပ်ကို လွှတ်ခဲ့တာပေါ့။”

မားခုန်းချွင်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြသည်။ သို့သော် သူ့ကို စိုက်ကြည့်နေသည့် ရဲ့ခိုင်၏အကြည့်များကတော့ဖြင့် အံ့အားသင့်မှုများ၊ မရေရာမှုများ တစ်ခုမှ ရှိမနေပါ။ ရဲ့ခိုင်ကို ကြည့်ရသည်မှာ ဤအချက်ကို ကြိုတင် သိရှိထားပုံရသည်။

မြင်းအုပ်ကြီးတစ်ခုဆီမှ မြင်းများ သူတို့ထံသို့ ပြေးလွှားလာနေကြသည်။ မားခုန်းချွင်သည် လေထဲသို့ ပျံတက်သွားခဲ့ပြီး မြင်းအုပ်ကြီးထဲမှ မြင်းတစ်ကောင်၏ကျောပေါ်သို့ လှပသေသပ်စွာ ပျံဝဲကျသွားခဲ့၏။ ရဲ့ခိုင်ကို တစ်ချက်လှည့်ကြည့်ခဲ့ပြီး မြင်းကို ဒုန်းစိုင်းစီးထွက်သွားတော့သည်။ အဓိပ္ပါယ်မှာ... ရဲ့ခိုင်ကို လိုက်ခဲ့ပါဟု ဖိတ်ခေါ်သွားခြင်းသာ...။

ရဲ့ခိုင်နားလည်လိုက်ပါသည်... ထို့ကြောင့် မြင်းတစ်ကောင်ပေါ်သို့ တက်ပြီး သူသည်လည်း ဒုန်းစိုင်းစီး လိုက်ပါသွားခဲ့တော့၏။

နယ်ခြားဒေသလေးသည် ကမ္ဘာမြေကြီး၏ အဆုံးတစ်နေရာဟု ဆိုရပါမူ ထိုနေရာလေးရှိ တောင်ကုန်းလေးသည် သီးသန့်ကမ္ဘာငယ်လေးတစ်ခုပင် ဖြစ်နေပေလိမ့်မည်။

ဤနေရာသို့ ရဲ့ခိုင် ရောက်ခဲ့ဖူးပါသည်။

မားခုန်းချွင်သည် လျှို့ဝှက်စကားများ ပြောဆိုချင်တိုင်း လူတို့ကို ဤနေရာသို့ ဖိတ်ခေါ်လာလေ့ရှိ၏။ ဤနေရာလေးသည် သူ့နှလုံးသားထဲရှိ ခြံစည်းရိုးခတ်ထားမှုများ၏ လွတ်မြောက်နယ်မြေလေးပင် မဟုတ်ပါလား။

ကုန်းစွန်းတွမ့် ဓားမော့ဖြင့် ခုတ်ပိုင်းခဲ့သည့် မြေတိုင်ရှည်ရှည်လေးပေါ်တွင် ဓားရာများ ထင်ကျန်နေဆဲ ရှိနေသည်။ ထိုနေရာလေးကို မားခုန်းချွင် သူ၏လက်များဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေ၏။ သူ့ကိုကြည့်ရသည်မှာ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များကို ပွတ်သပ်ပေးနေသည်နှင့် တူလွန်းနေသည်။ ဤမြေပုံလေးသည် သူ့ နောက်ကြောင်းရာဇဝင်မှ နာကျင်စရာ ခံစားမှုများကို ပြန်လည်တူးဆွပေးနေခြင်းပင်လော...။

အတန်ကြာသောအခါမှ မားခုန်းချွင် ရဲ့ခိုင်ဘက်သို့ ပြန်လှည့်လာခဲ့၏။

တောင်ကုန်းလေးပေါ်တွင် တိုက်ခတ်လာသည့် လေရိုင်းများက ပို၍ပင် လွမ်းဆွတ်ဖွယ်ကောင်းနေသေးတော့သည်။ မားခုန်းချွင်၏ ဦးခေါင်းပေါ်မှ ဆံဖြူများက သူ့ကို လူအိုတစ်ယောက်နှင့် ပိုတူနေစေသည်။ သို့သော် သူ၏ မျက်လုံးအကြည့်များကတော့ သိမ်းငှက်တစ်ကောင်လို စူးရှနေဆဲ။ ရဲ့ခိုင်ကို စိုက်ကြည့်နေပြီး ပြောဆိုလိုက်၏။“ကျုပ်ကို လူတစ်ယောက်က သေစေချင်နေတယ်ပေါ့။”

ရဲ့ခိုင် ခေါင်းညိတ်ပြလိုက်သည်။

မားခုန်းချွင်-“ဒါပေမဲ့ မင်းကတော့ ကျုပ်ကို မသတ်ချင်ဘူး...”

ရဲ့ခိုင်-“ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

မားခုန်းချွင်-“မင်းသာ တကယ်တမ်း လူသတ်ချင်စိတ်ရှိနေမယ်ဆိုရင် ကျုပ်ကို လာပြောမှာတောင် မဟုတ်ဘူး။”

ရဲ့ခိုင် ရယ်မောလိုက်သည်။ သူ ဝန်ခံနေခြင်းလော.... သို့တည်းမဟုတ် ငြင်းပယ်နေခြင်းလော...

မားခုန်းချွင်-“ကျုပ်ကို သတ်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်မှန်း မင်း သိနေလောက်ပြီးပါပြီ။”

ရဲ့ခိုင်-“ခေါင်းဆောင်ကြီးကို သတ်ဖြတ်ဖို့ ဘယ်သူက စေလွှတ်ခဲ့တာလည်းဆိုတာ ခုချိန်ထိ ဘာဖြစ်လို့ မမေးသေးတာလဲ။”

“ကျုပ် မေးစရာ မလိုပါဘူး။”

“ဘာဖြစ်လို့များလဲ”

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေကို ကြောက်စရာလို့ ကျုပ် တစ်ခါမှ မတွေးခဲ့ဖူးလို့ပဲ။” မားခုန်းချွင်၏ အမူအရာများက စကားပြောနေရင်းပင် တင်းမာလာခဲ့ကြ၏။ “ကျုပ်ကို သေစေချင်နေကြတဲ့လူတေါ အပုံကြီးပါ။ တစ်ယောက်တည်းသောသူကိုသာ ကျုပ် ဂရုစိုက်ရမယ်။”

ရဲ့ခိုင်-“ဘယ်သူလဲ”

မားခုန်းချွင်-“အစတုန်းကတော့ အဲဒီလူဟာ မင်းလား... ဒါမှမဟုတ် ဖူဟောင်ရွှယ်လားဆိုတာ ကျုပ် မသေချာခဲ့ဘူး။”

ရဲ့ခိုင်-“အခုတော့ အဲဒီလူဟာ ဘယ်သူလဲဆိုတာ သိလိုက်ပြီပေါ့။”

မားခုန်းချွင်က ခေါင်းညိတ်ဖြေဆိုလိုက်သော်လည်း မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ကြပြန်၏။ “သူ ဘယ်သူလဲဆိုတာ ကျုပ် အစောကြီးကတည်းက ခန့်မှန်းနိုင်ခဲ့သင့်တယ်။”

ရဲ့ခိုင်၏ မျက်ဝန်းများ၌ အရောင်များ တောက်ပစွာ ထွက်ပေါ်လာကြလေသည်။ “ဒါဆိုရင် သေသွားခဲ့တဲ့လူတွေအားလုံးကို ဖူဟောင်ရွှယ်က သတ်ဖြတ်ခဲ့တာလို့ ထင်နေတာလား။”

“မဟုတ်ဘူး”

“သူမဟုတ်ရင် ဘယ်သူများလဲ”

မားခုန်းချွင်၏ မျက်ဝန်းများထဲ၌ နောင်တရမှုများ ဖုံးလွှမ်းလာခဲ့သည်။ ပြီးနောက် လွင်ပြင်ကျယ်ကြီးကို ငေးကြည့်နေပြီး ရဲ့ခိုင်၏ အမေးစကားကိုလည်း ပြန်မဖြေခဲ့ပါ။ အတန်ကြာသောအခါမှ... လေသံတင်းမာစွာဖြင့် မှတ်ချက်ချလိုက်၏။ “ကျုပ် အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ ကျုပ် ပိုင်ဆိုင်သမျှအရာအားလုံးဟာ ကျုပ်ရဲ့ ဟောဒီလက်နှစ်ဘက်နဲ့... ဟောဒီ ကိုယ်ထဲက သွေးတွေ ချွေးတွေနဲ့ ရင်းထားပြီးမှ တည်ဆောက်ထားခဲ့တာ။ ဘယ်သူမှ ကျုပ်လက်ထဲကနေ လုယူသွားမှာကို ခွင့်မပြုနိုင်ဘူး။”

ထိုစကားသည် မေးခွန်းကို ပြန်ဖြေသည့်စကား မဟုတ်။ ထိုစကား၏ ထူးခြားသည့် အဓိပ္ပါယ်များကို ရဲ့ခိုင် ခံစားမိလိုက်သည်။ ထို့ကြောင့် နောက်ထပ် ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်ကြီးသည် ပြာလဲ့နေ၏။ နက်ရှိုင်းစွာ ပြာလဲ့နေ၏။ ကောင်းကင်ပြာကြီးထဲတွင် မီးခိုးရောင် အငွေ့တန်းများလည်း ရှိနေကြသည်။ သဏ္ဌာန်မှာ သမုဒ္ဒရာကြီးတစ်ခုနှင့် တူနေ၏။ သူတို့ ရောက်နေသည့်နေရာမှ ကြည့်လိုက်မည်ဆိုပါက ကြီးမားလွန်းလှသည့် အလံကြီးမှာ မှုန်မှုန်ဝါးဝါးသာ မြင်နေရတော့သည်။ အလံပေါ်တွင် ရေးထားသည့် စာသားများမှာမူ ဖတ်၍ပင်မရနိုင်တော့ချေ။

ကမ္ဘာလောကကြီးထဲရှိ အရာအတော်များများသည်လည်း ထိုနည်း၎င်းပင်ဖြစ်၏။ အခြေအနေတစ်ရပ်သည် သေလောက်အောင် အရေးကြီးနေသည်ဟု ထင်မြင်ရသော်လည်း တခြားတစ်ဘက်ကနေ ကြည့်နေပါမူ ဤအခြေအနေအား ဘာမှ အရေးမပါသည့် ကိစ္စတစ်ခုအဖြစ် မြင်နိုင်လေသည်။

အတန်ကြာသောအခါမှ မားခုန်းချွင်ထံမှ မေးမြန်းသံ ထွက်ပေါ်လာပြန်သည်။ “ကျုပ်မှာ သမီးတစ်ယောက်ရှိတာ မောင်ရင် သိပါတယ်နော်။”

ရဲ့ခိုင်၏မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားလေတော့သည်။ မားခုန်းချွင်ထံ၌ သမီးတစ်ယောက် ရှိနေမှန်း သူမသိဘဲနေမလား။

မားခုန်းချွင်-“သမီးနဲ့ မောင်ရင်တို့ ရင်းနှီးနေကြတယ် မဟုတ်လား။”

ရဲ့ခိုင် ခေါင်းညိတ်ဖြေဆိုလိုက်၏။ “ကျုပ်တို့ချင်း ရင်းနှီးပါတယ်။”

မားခုန်းချွင်-“မောင်ရင် သူ့ကို ဘယ်လိုမြင်လဲ။”

“လိမ္မာပါးနပ်တဲ့ မိန်းကလေးတစ်ယောက်ပါ။” ရဲ့ခိုင် ပြန်ဖြေလိုက်၏။ မားဖန်းလင်သည် လိမ္မာပါးနပ်သည့် မိန်းကလေးတစ်ယောက်ဟု သူ ထင်မြင်ယူဆထားခဲ့လေသည်။ လူကြီးက မြှောက်စားထားသဖြင့် မာန်မာနကြီးသော မိန်းကလေးတစ်ယောက် ဖြစ်နေလင့်ကစား နူးညံ့ကြင်နာတတ်သည့် နှလုံးသားရှိသူ တစ်ယောက်လည်း ဖြစ်နေပြန်သေးသည်။

မားခုန်းချွင်ထံမှ စကားသံများ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြန်၏။ ပြီးနောက်မှ ရဲ့ခိုင်ဘက် ရုတ်တရက် လှည့်လာခဲ့ပြီး မျက်လုံးချင်းဆိုင် ကြည့်နေပြီး မေးမြန်းလိုက်ပြန်သည်။ “မောင်ရင် သူ့ကို တကယ်ပဲ နှစ်နှစ်ကာကာ ချစ်မြတ်နိုးရဲ့လား။”

ရဲ့ခိုင် ကြက်သေသွားရတော့သည်။ မားခုန်းချွင်ထံမှ ဤသို့အမေးစကား မေးမြန်းလာခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

မားခုန်းချွင်-“ကျုပ် ဒီမေးခွန်းတွေကို ဘာဖြစ်လို့ မေးနေရတာလဲဆိုတာ မောင်ရင် အံ့ဩချင်လည်း အံ့ဩနေပါလိမ့်မယ်။”

ရဲ့ခိုင်-“ဟုတ်တယ်... ဒီမေးခွန်းတွေကို နည်းနည်းတော့ ထူးဆန်းသားလို့ ထင်နေမိတယ်။”

မားခုန်းချွင်-“ကျုပ် ဒီမေးခွန်းတွေ မောင်ရင့်ကို မေးမြန်းနေရတာဟာ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို မောင်ရင်နဲ့အတူ ခေါ်ထုတ်သွားစေချင်လို့ပဲ။”

ရဲ့ခိုင် လွန်စွာ အံ့အားသင့်သွားခဲ့ရပြန်လေသည်။ “သူ့ကို ခေါ်ထုတ်သွားရမယ်... ဘယ်ကိုလဲ...”

မားခုန်းချွင်-“မောင်ရင် သွားချင်တဲ့နေရာကိုပေါ့... သူ့ကိုသာ မောင်ရင်နဲ့အတူ ခေါ်ထုတ်သွားမယ်ဆိုရင် မောင်ရင်လိုချင်တာမှန်သမျှ ယူဆောင်သွားနိုင်ပါတယ်။”

ရဲ့ခိုင်က မနေနိုင်မထိုင်နိုင်စွာဖြင့် မေးမြန်းလိုက်ပြန်၏။ “သူ့ကိုခေါ်ထုတ်သွားဖို့ ဘာဖြစ်လို့များ ကျုပ်ကို ခိုင်းရတာလဲ။”

မားခုန်းချွင်-“ဘာဖြစ်လို့လဲ.... ဘာဖြစ်လို့လဲဆိုတော့... သူဟာ မောင်ရင့်ကို စွဲလန်းမြတ်နိုးနေလို့ပေါ့...”

ရဲ့ခိုင်၏ မျက်လုံးများ အရောင်တောက်ပလာခဲ့ကြတော့၏။ “သူသာ ကျုပ်ကို ချစ်မြတ်နိုးနေတယ်ဆိုမှတော့ ကျုပ်တို့တတွေ ဒီမှာပဲ ဘာဖြစ်လို့ ဆက်မနေနိုင်ကြရမှာတဲ့လဲ။”

မားခုန်းချွင်၏ မျက်နှာပေါ်သို့ အရိပ်တစ်ခု ဖြတ်သန်းသွားခဲ့၏။ ပြီးနောက် လေသံဖြည်းဖြည်းဖြင့် ပြန်ဖြေဆိုလိုက်သည်။ “ဒီဒေသမှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေ အများကြီးရှိနေတယ်။ ကျုပ်အနေနဲ့ သူ့ကို ဘယ်လိုမှ မပါဝင် မပတ်သက်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သမီးလေးဟာ သိပ်ကို အပြစ်ကင်းစင်လွန်းပါတယ်လေ။”

ရဲ့ခိုင်သည်လည်း မားခုန်းချွင်ကို ပြန်လည်စိုက်ကြည့်နေပြီး သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်ပြန်၏။ “ခေါင်းဆောင်ကြီးဟာ တကယ့်ကို ဖခင်ကောင်းတစ်ယောက်ပီသပါပေတယ်။”

မားခုန်းချွင်-“ဒါဆိုရင် မောင်ရင် ကတိပေးတယ်ပေါ့။”

ရဲ့ခိုင်၏မျက်နှာပေါ်၌ ထူးဆန်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ ပြီးနောက် လွင်ပြင်ကျယ်ကြီးဘက်သို့ မျက်နှာမူလိုက်၏။

မားခုန်းချွင်၏အမေးကို သူပြန်မဖြေခဲ့ပါ။ အတန်ကြာသောအခါမှ ရဲ့ခိုင် ပြန်ဖြေလိုက်၏။ “ကျုပ်လည်း ပြောခဲ့ဖူးပါတယ်။ ဒီဒေသဟာ ကျုပ်ရဲ့မွေးရပ်ဇာတိ... ကျုပ်ရဲ့အိမ်... ပြန်လာပြီဆိုတဲ့နောက်တော့ ပြန်ထွက်သွားဖို့ စိတ်ကူးလုံးဝ မရှိဘူး။”

မားခုန်းချွင်-“ဒါဆိုရင် မင်း... မင်း ကတိမပေးဘူးပေါ့။”

ရဲ့ခိုင်-“ကျုပ် သူ့ကို မခေါ်ထုတ်သွားနိုင်ဘူး... ဒါပေမဲ့ ကျုပ် ကတိတစ်ခုတော့ ပေးပါတယ်။ ဒီနေရာကြီးမှာ ဘာပဲဖြစ်နေဖြစ်နေ... သူ မှဲ့တစ်ပေါက်မှ မစွန်းစေရဘူး...”

ရဲ့ခိုင်၏ မျက်ဝန်းများထဲမှ နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီး ဆက်ပြောလိုက်၏။ “ဘာကြောင့်လဲဆိုတော့ သူဟာ သိပ်ကို အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပဲ။”

မားခုန်းချွင်၏ မျက်လုံးများတွင်လည်း တောက်ပစူးရှသော အရိပ်အယောင်များ ထွက်ပေါ်လာလေတော့သည်။ ရဲ့ခိုင်၏ ပခုံးကို ပုတ်လိုက်ကာ-“သွားကြစို့လား... ကျုပ် မင်းကို အရက်တစ်ခွက်နဲ့ ဂုဏ်ပြုချင်နေတယ်။”

+++++

စားပွဲပေါ်တွင် အရက်များ ရှိနေသည်။

အရက်ကိုသောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ နာကျင်မှုများနှင့် ပြဿနာများကို မဖြေရှင်းပေးနိုင်ပါ။ သို့သော် အရက်ကြောင့်တော့ မိမိကိုယ်ကို လိမ်ညာနိုင်သေးပါသည်။

ကုန်းစွန်းတွမ့်သည် သူ၏ရွှေရောင်ခွက်ကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေ၏။ သူ ဘာကြောင့် ဤအချိန်တွင် အရက်သောက်နေသည်ဆိုခြင်းကို မသိရှိခဲ့သလို ဤအချိန်သည် အရက်သောက်နေသင့်သည့် အချိန်လည်း လုံးဝမဟုတ်ပြန်။ သို့သော် ဤမနက်ခင်းလေး၌ပင် သူ အရက် ၅ ခွက် သောက်ခဲ့ပြီးလေပြီ။

ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့က သူအရက်သောက်နေသည်ကို ကြည့်နေကြ၏။ သူ့ကို အရက်မသောက်ရန် မတားမြစ်ခဲ့ကြသလို သူတို့ကိုယ်တိုင်လည်း ဝင်ရောက်သောက်သုံးခြင်း မရှိကြ။ သူတို့ကြားတွင် ဝေးကွာလှသည့် ဆက်ဆံရေးတစ်ခု အမြဲတမ်းရှိနေလေသည်။

ယခုတော့ ထိုဝေးကွာမှုက ပို၍ပင် ထုထည်ကြီးမားလာတော့သည်။

အရက်ခွက်ကို ကိုင်ထားရင်း သူ့ဘဝကြီးသည်အလွန်အထီးကျန်ဆန်နေကြောင်း ကုန်းစွန်းတွမ့် ခံစားနေမိသည်။ သူ့ဘဝတစ်လျှောက်လုံး တိုက်လာခဲ့သည့် ရင်ဆိုင်တိုက်ပွဲများ၊ သွေး၊ ချွေး အနစ်နာခံခဲ့မှုများ... အားလုံး၏ ရလာဒ်သည် မည်သည့်အရာများသာ ကျန်ရှိနေပါတော့သနည်း။ ရလာဒ်အားလုံးသည် တစ်ယောက်သောသူထံသို့သာ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလား။

ကိုယ့်ကိုယ်ကို လိမ်ညာနေခြင်းတွင် ပုံသဏ္ဌာန် နှစ်မျိုးရှိနေ၏။ တစ်မျိုးမှာ သောက်ဂရုမစိုက်မှု... နောက်တစ်မျိုးမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်နေမှု...

အနီရောင်တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်နေသည့် ကျစ်ဆံမြီးလေးချထားသူ ကလေးငယ်လေးတစ်ယောက် ခန်းမထဲသို့ ဝင်ရောက်လာသည်။

ထိုကလေးသည် သူမွေးထုတ်ထားသည့်ကလေး မဟုတ်သော်လည်း ထိုကလေးကို ကုန်းစွန်းတွမ့် အလွန်ချစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးကိုယ်တိုင်က သူ့ကို နှစ်သက်နေသော အကြောင်းတစ်ကြောင်းတည်းကြောင့်လည်း ဖြစ်နေနိုင်၏။ ဤလောကထဲရှိ လူသားအားလုံးထဲတွင် သူ့ကို နှစ်လိုသူသည် ဤကလေးတစ်ယောက်တည်းသာ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။

ကလေးကို သူ၏ကြီးမားရှည်လျားလှသည့် လက်နှစ်ဘက်ဖြင့် ပွေ့ဖက်လိုက်ပြီး အပြုံးတစ်စဖြင့် မေးမြန်းလိုက်၏။ “လူဆိုးလေး... နင် အရက်ခိုးသောက်ဖို့ လာခဲ့တာလား။”

ကလေးငယ်က ခေါင်းခါရမ်းပြလိုက်ပြီး သနားစရာအသံလေးဖြင့် ပြန်လည်မေးမြန်းလိုက်သည်။ “ဘဒွေး... ဘာဖြစ်လို့... ဘာဖြစ်လို့ တတိယဒေါ်လေးကို ရိုက်နှက်ခဲ့တာလဲ။”

ကုန်းစွန်းတွမ့်-“နင့်ကို ဘယ်သူပြောလဲ။”

“တတိယဒေါ်လေးက သူ့ဖာသူပြောခဲ့တာပါ။ သူ ဖေဖေ့ကို အားလုံး ပြောပြခဲ့ပြီးသွားပြီ။ ဒီ့ရှေ့လျှောက် ဘဒွေး သတိထားရင် ကောင်းလိမ့်မယ်။”

ကုန်းစွန်းတွမ့် မျက်နှာပျက်သွားခဲ့သလို စိတ်ထဲလည်း လေးလံသွားမိတော့၏။ ယနေ့မနက် တစ်မနက်လုံး သူ့အပေါ်တွင် မားခုန်းချွင် ဘာကြောင့် စိမ်းကားစွာဆက်ဆံခဲ့သည်လည်းဆိုသည့် အကြောင်းရင်းမှန်ကို သိရှိသွားလေပြီ။ ထိုအချက်က မားခုန်းချွင် သူ့အပေါ်ထားရှိခဲ့သည့် မနက်ခင်းတုန်းက ဆက်ဆံရေးအတွက် အဖြေ ဟုတ်ချင်မှလည်း ဟုတ်မည်၊ သို့သော် သူ ကောက်ချက်ချလိုက်သည်ကတော့ ဤအဖြေပင် ဖြစ်၏။ ဤအချက်ကို သိလိုက်ရခြင်းက ဘာမှနားမလည်တာထက်တော့ ပိုကောင်းနေပါသေးသည်။

ကုန်းစွန်းတွမ့်သည် ပွေ့ဖက်ထားသည့် ကလေးငယ်ကို လွှတ်ပေးပြီး မေးမြန်းလိုက်၏။ “တတိယဒေါ်လေး အခု ဘယ်မှာလဲ။”

ကလေးငယ်-“သူထွက်သွားခဲ့ပြီ။”

ကုန်းစွန်းတွမ့် စကားတစ်ခွန်းမှ မဆိုတော့ပါ။ ရုတ်တရက် ခုန်ထလိုက်ပြီး တဟုန်ထိုး ထွက်ခွာသွားတော့၏။ သူ့ကို ကြည့်ရသည်မှာ ဒဏ်ရာရနေသည့် သားရိုင်းတစ်ကောင်နှင့် တူနေလေသည်။

ယွင်ဇိုင်ထျန်းနှင့် ဟွာမင်းထျန်တို့သည် မည်သည့်စကားမျှ မဆိုခဲ့ကြ။ သူတို့သည် ထိုင်နေသည့် နေရာများတွင် ထိုင်လျက်ပင် ရှိနေကြလေသည်။

အဘယ်ကြောင့်ဆိုသော် မားခုန်းချွင်က သူတို့အားလုံးကို စောင့်နေခိုင်းခဲ့သည် မဟုတ်ပါလား။

+++++

လေပြင်းတိုက်ခတ်လာသည့်အောက်တွင် မြက်ရိုင်းများနှင့် ခြုံနွယ်ပိတ်ပေါင်းများစွာတို့၏ တွန်သံများ ထွက်ပေါ်နေကြသည်။ လေထဲရှိ အမြင့်တစ်နေရာတွင် “မြင်းတစ်သောင်းဌာန” ၏အလံတော်ကြီးက ခန့်ညားလှစွာ တဖလပ်ဖလပ် လွင့်နေ၏။

မြေကြီးပေါ်မှ ဖုန်မှုန့်များနှင့် သဲမှုန့်များက ပူကျက်နေသည်။ ဖူဟောင်ရွှယ်သည် ဒူးထောက်ထိုင်ချလိုက်ပြီး သဲတစ်ဆုပ်ကို ကောက်ယူလိုက်၏။ ဤနေရာတွင် နှင်းများဖြစ်နေပါကလည်း ပူကျက်နေမည်သာ... အဘယ်ကြောင့်ဆိုသော် နှင်းများတွင် သွေးများ စွန်းထင်းနေသောကြောင့်ဖြစ်၏။ သူ့ အရေပြားအတွင်းသို့ သဲများ ဖိဝင်သွားစေရန် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်၌ပင် တတိယရှင်းသခင်မနှင့် ကျွေ့နွန်တို့ မြင်းစီးလာကြကာ ဖြတ်ကျော်သွားခဲ့ကြ၏။ ဖူဟောင်ရွှယ်အတွက်တော့ သူတို့နှစ်ဦးသည် လှပချောမောလွန်းသည့် မိန်းမပျို နှစ်ယောက်အပြင် ဘာမှမပိုခဲ့။ သူတို့သည် မြင်းများကို ဒုန်းစိုင်းစီးသွားခဲ့ကြသည်မှာ ရေးကြီးသုတ်ပြာနိုင်လွန်းလှသည်။

ဖူဟောင်ရွှယ် ခေါင်းငုံ့ထားလိုက်၏။ သူ၏အကျင့်တစ်ခုမှာ အမျိုးသမီးများကို ဘယ်တော့မှ စိုက်မကြည့်တတ်ခြင်းပင်ဖြစ်သည်။ တတိယရှင်းသခင်မ၏ မျက်နှာကို သူတစ်ခါမှ မတွေ့မြင်ခဲ့ဘူးပါ။ ပြေးလွှားလာနေသည့် မြင်းနှစ်ကောင်သည် သူ့ရှေ့တွင် တန့်ခနဲ ရပ်တန့်သွားခဲ့ကြ၏။ သို့သော် သူကတော့ လမ်းဆက်လျှောက်နေဆဲပင်။ ဘယ်ဘက်ခြေထောက်က ခြေတစ်လှမ်း လှမ်းလိုက်ပြီး ညာဘက်ခြေထောက်က တရွတ်တိုက် ဆွဲပါသွားနေသည်။

နေရောင်ခြည်တန်းများက သူ့မျက်နှာပေါ်သို့ ထိုးကျနေ၏။ သူ၏မျက်နှာပြင်သည် အလွန်ဝေးကွာလှသည့် တောင်တန်းများမှ ရောက်လာခဲ့သော နှင်းပွင့်များလို ဆွတ်ဆွတ်ဖြူဖွေးနေသည်မှာ ဘယ်တော့မှ အရည်မပျော်နိုင်မည့် ရေခဲတုံးလိုမျိုး ဖြစ်နေသည်။

အမျိုးသမီးနှစ်ယောက်တို့သည် မြင်းများပေါ်မှ ဆင်းခဲ့ကြပြီး သူ့သွားလမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။ သူတို့ကို မကြည့်မိအောင် သူ ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း စကားသံများကိုတော့ ကြားနေရလေသည်။

အမျိုးသမီးတစ်ယောက်၏အသံသည် သူ့အာရုံများကို ဖမ်းစားသွားခဲ့သည်။ “ကျမဘယ်လို သွင်ပြင်ရှိလည်းဆိုတာ ရှင် အရမ်းသိချင်နေခဲ့တယ်မဟုတ်လား။”

ဖူဟောင်ရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရတော့သည်။ တတိယရှင်းသခင်မ၏မျက်နှာကို သူတစ်ခါမှ မတွေ့ခဲ့ဘူးသော်လည်း ထိုအသံကိုတော့ နားစွဲနေအောင် မှတ်မိနေပါသည်။ ထိုအသံလေး၏ နူးညံ့နွေးထွေးမှုမှာ မည်းမှောင်နေသော ညကာလတွင် ထွက်ပေါ်လာသည့် နေရောင်ခြည်လိုမျိုးဖြစ်၏။

နူးညံ့ပျော့ပြောင်းလွန်းသည့် လက်ချောင်းသွယ်လေးများ၊ စွတ်စိုနွေးထွေးနေသည့် နှုတ်ခမ်းပါးတစ်စုံ၊ လျှို့ဝှက်လှသော တပ်မက်အပ်သည့် ကာမအလှ... အရာအားလုံးတို့သည် အဝေးကြီးတစ်နေရာရှိ အိပ်မက်လွတ်ကြီးတစ်ခုလို သူ ခံစားနေခဲ့ရ၏။ ဤအချိန်ပိုင်းလေးအတွင်းမှာပင် ထိုအရာများသည် တကယ်ရှိနေသည့် အရာများအဖြစ်သို့ တမဟုတ်ချင်း ရောက်ရှိလာတော့သည်။

ဖူဟောင်ရွှယ် သူ့လက်များကို တင်းကြပ်စွာ ဆုပ်ထားနေ၏။ စိတ်လှုပ်ရှားမှု၊ ရင်ခုန်ရမှုများကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါနေရ၏။ ဤအချိန်ထိ သူ မျက်နှာကို မော်မကြည့်ရဲသေးပါချေ။ သို့သော် သူမ၏ ရုပ်ရည်သွင်ပြင် ဘယ်လိုရှိမည်ဆိုသည်ကိုတော့ သူမြင်ချင်နေမိသည်။ ထို့ကြောင့် ခေါင်းမော့ကြည့်လိုက်ရာ... နူးညံ့သိမ်မွေ့လွန်းလှသည့် မျက်ဝန်းလှလေးတစ်စုံနှင့် အရည်ပျော်ကျသွားစေနိုင်သည့် အပြုံးလေးတစ်ခုတို့နှင့် ရင်ဆိုင်မိလိုက်တော့သည်။

သို့သော် သူကြည့်နေသည့် မိန်းကလေးမှာ ကျွေ့နွန်ဖြစ်နေလေသည်။

သူမက သူ့ကို တပ်မက်စွာ ပြန်ပြီးငေးကြည့်နေသည်။ တတိယရှင်းသခင်မသည် ထိုနေရာ၌ ဘာမှမသိသော လူစိမ်းတစ်ယောက်လို အသံတိတ်စွာ မတ်တတ်ရပ်နေသည်။

“အခုတော့ ကျမ ဘယ်လိုရှိလဲဆိုတာ ရှင်မြင်သွားခဲ့ရပြီနော်။” ကျွေ့နွန်က ချစ်စဖွယ်အသံလေးဖြင့် ပြောလိုက်၏။

ဖူဟောင်ရွှယ်-“မင်း ဘယ်လိုရှိလည်းဆိုတာ ကျုပ် မြင်လိုက်ရပါပြီ။”

သူ၏အမြဲတမ်းလိုလို အေးစက်စက် ရှိနေတတ်သည့် မျက်ဝန်းများထဲတွင် မီးတောက်မီးလျှံများ ထွက်ပေါ်လာနေသည်။ ဤအချိန်ခဏလေးအတွင်းတွင် သူ့ထံမှ ရှိရှိသမျှ ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများကို သူ့ရှေ့မှောက်ရောက်နေသည့် မိန်းကလေးထံတွင် စုပြုံထားလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ့ဘဝတွင် ပထမဦးဆုံး ဆက်ဆံခဲ့ဖူးသည့် မိန်းကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။။

သူတို့နှစ်ယောက်ကို တတိယရှင်းသခင်မသည် ခံစားချက်မရှိသည့် မျက်နှာပေးဖြင့် ငေးကြည့်နေ၏။ ဖူဟောင်ရွှယ် ခံစားမိသလို သူမ မခံစားခဲ့ရပါ။ သူမလုပ်ခဲ့သည့်အရာများမှာ လုပ်သင့်သည်ထင်၍ လုပ်ခဲ့ခြင်းသာဖြစ်သည်။ လက်စားချေမှုအတွက်... သူမ ဘာမဆို လုပ်ရဲပါသည်။

သို့သော် အရာတိုင်းသည် ဆန့်ကျင်ဘက်ကျစွာ ပြောင်းလဲသွားခဲ့ကြချေပြီ။ သူမ၏ဘဝကို ဤအတိုင်း ဆက်ဟန်ဆောင်နေစရာမလိုတော့။ သူမနှင့် ဖူဟောင်ရွှယ်တို့ကြားတွင် ရှိခဲ့သည့် အဖြစ်အပျက်များအား မည်သူ့ကိုမှ အသိမပေးနိုင်ပါ။ အရေးအကြီးဆုံးမှာ ဖူဟောင်ရွှယ်ကို မပေးသိစေလိုခြင်းပင်ဖြစ်သည်။ တတိယရှင်းသခင်မသည် သူမကိုယ်သူမ ရွံရှာစက်ဆုပ်လာတော့၏။

ဖူဟောင်ရွှယ်သည် ကျွေ့နွန်ကို စိုက်ကြည့်နေ၏။ သူ့ထံတွင် ရှိရှိသမျှ ချစ်စိတ်များဖြင့် စိုက်ကြည့်နေ၏။ သူ၏ ဖြူဖွေးနေသည့် မျက်နှာပြင်ထက်တွင် ရှက်သွေးများကြောင့် နီရဲလာတော့သည်။

“ဟုတ်ပါပြီရှင်... ရှင် ကျမကို ကြည့်ချင်သလောက် ပေးကြည့်နေပါတယ်နော်။” ကျွေ့နွန်က တခစ်ခစ် ရယ်မောသံလေးဖြင့် ပြောဆိုလိုက်သည်။ သူမလို မိန်းမသားတစ်ယောက်ထံတွင် ယောက်ျားများကို မည်သို့ ပြောဆိုသိမ်းသွင်းရမည်ဆိုသည့် အရည်အချင်းများ ပြည့်ဝစွာ ရှိနေလေသည်။ အလွန်ဝေးကွာလှသည့် တောင်တန်းများမှ ရောက်ရှိလာသည့် ရေခဲတုံးကြီးသည် စတင်အရည်ပျော်လာခဲ့ချေပြီ။

တတိယရှင်းသခင်မက ကျွေ့နွန်ကို စကားဖြတ်ပြောလိုက်သည်။ “ကျမ ပြောခဲ့တာတွေ မမေ့ပါနဲ့။”

ကျွေ့နွန် ခေါင်းညိတ်ပြလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ-“ကျမ ရှင့်ကို တွေ့ခွင့်ပေးခဲ့တာဟာ အခြေအနေတွေ ပြောင်းလဲသွားခဲ့လို့ပဲ။”

ဖူဟောင်ရွှယ်-“ဘာအခြေအနေတွေ ပြောင်းလဲသွားခဲ့လို့လဲ။”

ကျွေ့နွန်-“မားခုန်းချွင်က...”

ရုတ်တရက်ဆိုသလို သူမ၏စကားသံကို မြင်းခွာသံများက ဖြတ်တောက်လိုက်ကြ၏။ သူတို့ထံသို့ မြင်းတစ်စီး ဒုန်းစိုင်းစီးလာနေသည်။ မြင်းစီးသူ၏ ကြီးမားခန့်ထည်လှသည့် ခန္ဓာကိုယ်ကြီးမှာ ကျောက်တောင်ကြီးတစ်တောင်အလား... လှုပ်ရှားမှုများ၏ ပေါ့ပါးလျင်မြန်မှုမှာလည်း ယုန်ငယ်တစ်ကောင်အလား...

ဘာမထီမြင်းကောင်းတစ်ကောင်၏ ရှည်လျားလှသည့် ဟီသံကြီး ထွက်ပေါ်လာခဲ့ပြီး မြင်းပေါ်မှလူသည်လည်း မြေပြင်ပေါ်သို့ ပေါ့ပါးညင်သာစွာ ကျဆင်းလာသည်။

တတိယရှင်းသခင်မသည် မျက်နှာပျက်သွားခဲ့ပြီး ကျွေ့နွန်၏နောက်သို့ ရုတ်တရက် ဝင်ပုန်းနေလိုက်တော့၏။

ကုန်းစွန်းတွမ့် အလောတကြီးလျှောက်လှမ်းလာခဲ့ပြီး ကျွေ့နွန်၏မျက်နှာအနီးတွင် သူ့လက်ကြီးများဖြင့် ခါရမ်းပြလိုက်သည်။ “ဖယ်စမ်း...”

သို့သော် သူ့စကားသံသည် ရုတ်တရက် ပြတ်တောက်သွားခဲ့ရပြန်၏။ သူ့လက်များကလည်း ကျွေ့နွန်ထံသို့ ရောက်မလာခဲ့ကြပါ။

သူ့လက်များကို ဓားမော့တစ်လက်က လျင်မြန်လှသောအဟုန်ဖြင့် ထိုးထွက်လာခဲ့ပြီး ဟန့်တားထားလိုက်သည်။ ဓားအိမ်မှာ မည်းနက်နေ၏။ ဓားလက်ကိုင်ရိုးမှာလည်း မည်းနက်နေသည်။ သို့သော် ဓားမော့ကိုင်ဆောင်ထားသည့် လက်တစ်ဘက်ကတော့ နှင်းများကဲ့သို့ ဖြူစွတ်နေလေသည်။

ကုန်းစွန်းတွမ့်၏ နဖူးပြင်ထက်တွင် သွေးကြောစိမ်းကြီးများ ထောင်ထလာခဲ့ပြီး ဖူဟောင်ရွှယ်ကို မျက်လုံးချင်းဆိုင် စိုက်ကြည့်နေလိုက်သည်။

“မင်းပဲကိုး...”

“ကျုပ်ပဲ”

“ဒီနေ့ ကျုပ် မင်းကိုမသတ်ချင်ဘူး။”

“ကျုပ်လည်း ခင်ဗျားကို မသတ်ချင်ဘူး။”

“ဒါဆိုရင် မင်း ဒီနေရာကနေ ဝေးနိုင်သမျှ အဝေးဆုံး ထွက်ပြေးသွားတာ ကောင်းလိမ့်မယ်။”

“ကျုပ် ရပ်နေတဲ့နေရာမှာပဲ ဆက်ရှိနေမယ်ထင်တယ်။”

ကုန်းစွန်းတွမ့်သည် ဖူဟောင်ရွှယ်ကို ပြန်လည်စိုက်ကြည့်နေပြန်၏။ ပြီးနောက် ကျွေ့နွန်ဘက်သို့ လှည့်ကြည့်နေလိုက်ပြန်သည်။ ထို့နောက် ခနဲ့တဲ့တဲ့အပြုံးမျိုး ပြုံးနေလိုက်ပြီး-“သူက မင်းရဲ့အမျိုးသမီးလား...”

ဖူဟောင်ရွှယ်-“ဟုတ်တယ်။”

ကုန်းစွန်းတွမ့် ရုတ်တရက်ဆိုသလို အူလှိုက်သည်းလှိုက် ရယ်မောနေလိုက်တော့သည်။ “ဒီကောင်မဟာ ဖာသည်မတစ်ယောက်ဆိုတာ မင်းမသိဘူးလား။”

ဖူဟောင်ရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရတော့သည်။ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်ခွာသွားခဲ့ပြီး ကုန်းစွန်းတွမ့်ကို စိုက်ကြည့်နေ၏။ သူ၏ သွေးဆုတ်ဖြူရော်နေသည့် မျက်နှာပြင်တစ်ခုလုံး တိုးယိုပေါက်မြင်နေရသည့်အရေပြားကဲ့သို့ သွေးဆုတ်ဖြူရော်သွားခဲ့လေသည်။

ကုန်းစွန်းတွမ့်တစ်ယောက် ဆက်လက်၍ရယ်မောနေသည်မှာ ကမ္ဘာလောကကြီးထဲတွင် ဤအဖြစ်အပျက်လောက် ရယ်စရာကောင်းသည့် ပျက်လုံးမရှိတော့သည့်အလား...

ဖူဟောင်ရွှယ် တည်ငြိမ်စွာ ရပ်နေပါသည်။ ဓားမော့ကိုင်ဆောင်ထားသည့် သူ့လက်တစ်ဘက်သည်လည်း တိုးယိုပေါက် ဖောက်ထွင်းမြင်နေရသည့် အရေပြားလို ဖြူဖွေးနေသည်။ လက်ဖျံပေါ်ရှိ ဆူဖောင်းထွက်လာနေသော သွေးကြောစိမ်းတိုင်းကို မြင်တွေ့နေရသည်။

ကုန်းစွန်းတွမ့်၏ အရယ်ရပ်တန့်သွားသောအခါမှ ဖူဟောင်ရွှယ်သည် ရိုးရှင်းလွန်းသော စကားစုလေးကို ပြောဆိုလိုက်သည်။

“ခင်ဗျားရဲ့ဓား ဆွဲထုတ်လိုက်ပါ။”

အလွန်ရိုးရှင်းသော စကားစုဖြစ်သည်။ ညင်သာစွာပြောဆိုလိုက်ခြင်းကြောင့် တိုးတိုးလေး ပြောဆိုလိုက်သကဲ့သို့ပင်။ သို့သော် အင်အားကြီးမားလှသည့် အသံလှိုင်းဖြစ်သည်။

ဖူဟောင်ရွှယ် ထိုစကားများကို ဖြည်းညင်းစွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ မည်မျှလောက်တောင် ဖြေးညင်းသနည်းဆိုသော် ငရဲပြည်မှလာသည့် နိုင်ငံခြားဘာသာစကားလိုဖြစ်သည်။

ကုန်းစွန်းတွမ့် ငြိမ်သက်စွာ ရပ်တန့်သွားခဲ့ရ၏။ သူ့မျက်လုံးများထဲမှ မီးတောက်မီးလျှံများ ထွက်ပေါ်လာနေကြသည်။ ဖူဟောင်ရွှယ်ကို စိုက်ကြည့်နေလိုက်ပြီး မေးမြန်းလိုက်ပြန်၏။ “မင်း ဘာပြောလိုက်တယ်...”

“ခင်ဗျားရဲ့ဓား ဆွဲထုတ်လိုက်ပါ။”

ပူပြင်းတောက်ပနေသည့် နေရောင်အောက်...

အဝါရောင်သဲမြေများက မြေပြင်ပေါ်မှ ရုန်းကြွလာကြပြီး မြက်ခင်းပြင်တစ်ခုလုံးတွင် ရွှေဝါရောင်များ ဖုံးလွှမ်းလာတော့၏။

နွေးထွေးတောက်ပနေသည့် နေရောင်ခြည်အောက်ရှိ မြေပြင်ကြီးသည် နေပူစာလှုံနေသော်လည်း သေခြင်းတရား၏ အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖုံးလွှမ်းလာလေတော့၏။ အရာအားလုံးသည် ကြောက်မက်ဖွယ်ရာ အရိပ်အငွေ့များ ဖုံးလွှမ်းထားနေပြီး သာယာလှပမှု၊ စိတ်ကြည်နူးမှုများ တစ်ခုတလေမှ မရှိနေတော့ပါ။

ကုန်းစွန်းတွမ့်၏လက်တစ်ဘက်က ငွေရောင်ဓားမော့လက်ကိုင်ရိုးကို ရစ်ပတ်ကိုင်တွယ်ထားနေသည်။ ရေခဲကဲ့သို့ အေးစက်နေသည့် ဓားသွားက မီးတောက်တစ်ခုလို ပူပြင်းလာနေသည်။ သူ့လက်ဖဝါးများတွင် ချွေးစေးများပြန်နေလေပြီ။ နဖူးပြင်ထက်တွင်လည်း ချွေးစေးပြန်နေ၏။ ပူပြင်းတောက်ပသည့် နေရောင်ခြည်အောက်တွင် သူ့တစ်ကိုယ်လုံး ရေနွေးငွေ့ မြှိုက်ပြီး မီးဖုတ်ခံထားရသလို ပူလောင်နေချေပြီ။

“ခင်ဗျားရဲ့ဓား ဆွဲထုတ်လိုက်ပါ။”

ကုန်းစွန်းတွမ့်၏ ခန္ဓာကိုယ်တွင်းရှိ အရက်ခိုးငွေ့များ ဆူပွက်လာကြချေပြီ။ မခံမရပ်နိုင်လောက်အောင်ကို ဆူပွက်လာခဲ့ကြချေပြီ။

သူ့ရှေ့တည့်တည့်တွင် ဖူဟောင်ရွှယ်သည် မတုန်မလှုပ်ဘဲ မားမားမတ်မတ် ရပ်နေသည်မှာ ဘယ်တော့မှ အရည်မပျော်သွားနိုင်သော ရေခဲဆိုင်ကြီးတစ်ခုအလား... ကြည်လင်ပြတ်သားစွာ ထွင်းဖောက်မြင်နေရသည့် ရေခဲဆိုင်တစ်ခုအလား... ရက်စက်လွန်းလှသည့် နေရောင်ခြည်က သူ့ကို မည်သို့မျှ အကျိုးမသက်ရောက်စေပါ။ ဖူဟောင်ရွှယ် မည်သည့်နေရာတွင် ရပ်နေသည်ဖြစ်စေ... သူရပ်တန့်နေပုံက ဟိုးအဝေးကြီးရှိ နှင်းတောင်ထိပ်မှ ရေခဲဆိုင်တစ်ခုလိုဖြစ်သည်။

ကုန်းစွန်းတွမ့် စိတ်မသက်မသာမှုများ စတင်ခံစားလာခဲ့ရပြီး အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။ သူ့အသက်ရှူသံများ ပြင်းထန်စွာထွက်ပေါ်နေရသည်ကို သူကိုယ်တိုင် မသိရှိခဲ့ပါ။

သူ့ခြေထောက်များအောက်၌ ကန္တာရ ပုတ်သင်ညိုတစ်ကောင် တွားသွားဖြတ်သန်းသွားသည်။

“ခင်ဗျားရဲ့ဓား ဆွဲထုတ်လိုက်ပါ။”

အဝေးတစ်နေရာရှိ လေထဲတွင် တလူလူလွင့်နေသော အလံကြီးသည် ခန်းနားစွာရှိနေဆဲ... အဝေးတစ်နေရာမှ မြင်းခွာသံများကလည်း လေထုထဲတွင် တဖြောင်းဖြောင်း ထွက်ပေါ်လာနေသည်။

“ခင်ဗျားရဲ့ဓား ဆွဲထုတ်လိုက်ပါ။”

ပုတီးစေ့ခန့်ရှိ ချွေးသီးချွေးပေါက်များက သူ့မျက်လုံးများကို ဖြတ်စီးသွားခဲ့ပြီး မုတ်ဆိတ်ကျင်စွယ်များကို စိုစွတ်သွားစေခဲ့ကာ ဝတ်ထားသည့် အတွင်းခံအင်္ကျီကိုလည်း စိုရွှဲသွားစေသည်။

ဖူဟောင်ရွှယ်သည်ကော ချွေးမပြန်နေဘူးတဲ့လား...။ သူ့လက်တစ်ဘက်က ဓားနှောင့်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။

ကုန်းစွန်းတွမ့်သည် ကြောက်မက်ဖွယ်ကောင်းလှသော မာန်သွင်းသံကြီး ဟိန်းထုတ်လိုက်ပြီး ဓားမော့ကို ဆွဲထုတ်လိုက်တော့၏။

သူ့ဓားသွားက စက်ဝိုင်းခြမ်းသဏ္ဌာန် ကောက်ကွေးစွာထွက်ပေါ်လာသည်မှာ လျင်မြန်လွန်းလှသည်။ ငွေရောင်စက်ဝိုင်းခြမ်းဓားရိပ်များက ဖူဟောင်ရွှယ်၏ လည်ပင်းဘေးသို့ ရောက်ရှိလာခဲ့ကြသည်။

ဖူဟောင်ရွှယ် တိမ်းရှောင်ခဲ့ခြင်း လုံးဝမပြုခဲ့ပါ။ မတိမ်းရှောင်ခဲ့သည့်ပြင် ရှေ့သို့ပင် တိုးထွက်သွားလိုက်သည်။ သူ့ဘယ်ဘက်လက်တွင် ကိုင်ဆောင်ထားသည့် ဓားအိမ်က ကုန်းစွန်းတွမ့်၏ ဓားမော့စက်ဝိုင်းကို တားဆီးထားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဓားမော့အိမ်မှ ဓားမော့ကို ဆွဲထုတ်သွားခဲ့၏။

“ဖူး....”

ထိုအသံသည် မည်သည့်အသံဖြစ်မှန်း မည်သူမှ မဖော်ပြနိုင်ပါ။

ကုန်းစွန်းတွမ့်သည် မည်သည့်နာကျင်မှုမျိုးကိုမှ မခံစားခဲ့ရ။ သူ့ဝမ်းဗိုက်တစ်ခုလုံးရှိ ကြွက်သားများ ကျုံ့ဝင်သွားခဲ့သည်ကိုသာ ခံစားလိုက်ရသည်။

ပြီးနောက် ငုံ့ကြည့်လိုက်သော် သူ့ရင်ဘတ်တွင် ဖူဟောင်ရွှယ်၏ ဓားနှောင့်စိုက်ဝင်နေကြောင်း တွေ့လိုက်ရလေသည်။

ကုန်းစွန်းတွမ့်၏ ခန္ဓာကိုယ်တွင်းရှိ အင်အားမှန်သမျှ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ခံစားချက်များ ကင်းကွာသွားခဲ့ရပြီး မြေပြင်ပေါ်တွင် ရပ်တည်နိုင်ခြင်းလည်း မရှိတော့။

သူ့မျက်လုံးများက ဓားနှောင့်ကိုသာ ငေးကြည့်နေကြပြီး တဖြည်းဖြည်းဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

သူနောက်ဆုံး မြင်တွေ့သွားခဲ့ရသည်မှာ ဓားနှောင့်လေးကိုပင်ဖြစ်သည်။ ဖူဟောင်ရွှယ်၏ ဓားသွားကို လုံးဝ မမြင်တွေ့သွားခဲ့ရပါ။

အဝါရောင်သဲမြေ... ပူနွေးသော သွေးများ...

ကုန်းစွန်းတွမ့်သည် သွေးအိုင်ထဲတွင် ကောက်ကွေးတွန့်လိမ်နေလေသည်။

သူ့ဘဝကြီးကတော့ဖြင့် ပြီးဆုံးသွားခဲ့ချေပြီ။ သူ၏ ကံဆိုးမှုများ၊ ခက်ခဲပင်ပန်းရမှုများလည်း ချုပ်ငြိမ်းသွားခဲ့ရလေပြီ။

သို့သော် ကျန်လူများ၏ ပြဿနာများကတော့ စတင်လာခဲ့ပြီဖြစ်၏။

+++++

နေ့ခင်းနေက ပူပြင်းလွန်းလှသည်။

ရာသီဥတု ဘယ်လောက်ပင် ပူပြင်းနေပါစေ... ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် သွေးဆိုသည့်အရာက အချိန်ကြာလာသည်နှင့်အမျှ အေးခဲသွားမည်သာဖြစ်၏။ သို့သော် ချွေးဆိုသည်မှာ ဘယ်တော့မှ မခဲသွားပါ။

ယွင်ဇိုင်ထျန်းတစ်ယောက် ချွေးပြန်နေသည်။ လက်တစ်ဘက်ဖြင့် ချွေးသုတ်လိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် ရေခပ်သောက်နေသည်။ သူသည် ခက်ခဲပင်ပန်းမှုများကို ခံနိုင်ရည်ရှိသူတစ်ယောက်မဟုတ်။ ဟွာမင်းထျန်သည် သူ့ထက်စာလျှင် ခံနိုင်ရည် ပိုရှိနေသေးသည်။

အထီးကျန်မြင်းတစ်ကောင်သည် သူ့မြင်းဇောင်းသို့ ခပ်ဖြည်းဖြည်းလေး လှမ်းဝင်လာသည်။ မြင်းကုန်းနှီးပေါ်တွင်တော့ လူတစ်ယောက် ဝမ်းဗိုက်ဖြင့် မှောက်လျက်သား တွဲလောင်းကြီး ပါရှိလာသည်။

ကန္တာရပုတ်သင်ညိုတစ်ကောင်က လူသေ၏သွေးကို လျက်နေသည်။ သို့သော် သွေးများသည် ခဲစပြုနေပေပြီ။

တောက်ပသော ငွေရောင်ဓားမော့တစ်လက် ထိုသူ၏ခါးတွင် ချိတ်ဆွဲထား၏။ ပူပြင်းတောက်ပသောနေက ထိုသူ၏ရှုပ်ထွေး ပွရွနေသော ဆံပင်များကို စူးရှစွာ ထိုးကျနေသည်။ သို့သော် ထိုသူ၏ဦးခေါင်းသည် ဘယ်တော့မှ ချွေးမပြန်နိုင်တော့ပါ။

ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် မိုးချုန်းသံကြီး ထွက်ပေါ်လာသည်။ ခဏနေသော် မိုးစက်မိုးပေါက်များက မညှာမတာစွာ တပြောက်ပြောက် ကျဆင်းလာတော့၏။ မြင်းတစ်သောင်းဌာနတစ်ခုလုံး သည်းထန်စွာရွာသွန်းနေသည့် မိုးစက်များအောက်တွင် မည်းမှောင်သွားရလေတော့သည်။ မိုးစက်မိုးပေါက်တိုင်းသည် ပုလဲလုံးတစ်လုံးစာမျှ ရှိနေ၏။ ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့နှစ်ယောက်စလုံး၏ အမူအရာများသည် မည်းမှောင်နေသည့် ကောင်းကင်ကြီးလို အုံ့မှိုင်းနေရကြလေသည်။

မိုးရေစိုရွှဲနေသည့် အဝတ်အစားများဖြင့် လူနှစ်ယောက်သည် ကုန်းစွန်းတွမ့်၏အလောင်းကို ခန်းမကြီးထဲသို့ မ ယူလာခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်စွာ ပြန်လည်ထွက်ခွာသွားကြသည်။ သူတို့သည် မားခုန်းချွင်၏ မျက်နှာကို ရင်ဆိုင်ရမှာ ကြောက်ရွံ့နေကြလေသည်။

မားခုန်းချွင်သည် ကြီးမားလှသည့် နံရံကပ် ပန်းချီကားကြီးဘေးတွင် မားမားကြီး ရပ်နေ၏။ လျှပ်စီးလက်သွားသည့်အချိန်တွင်သာ သူ့မျက်နှာထားကို ဖြတ်ခနဲ မြင်ရမည်ဖြစ်သော်လည်း မည်သူမှ မကြည့်ရဲခဲ့ကြပါ။

မားခုန်းချွင်က ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး ကုန်းစွန်းတွမ့်၏လက်ကို စိုက်ကြည့်နေသည်။

လက်များမှာ တွန့်လိမ်ကောက်ကွေးနေကြပြီး အေးခဲနေကြ၏။

မားခုန်းချွင် မျက်ရည်တစ်စက်မျှ မကျခဲ့သော်လည်း သူ၏အမူအရာများကို ကြည့်ခြင်းအားဖြင့် မျက်ရည်ကျသည်ထက်ပင် ဝမ်းနည်းစွာ ခံစားနေရကြောင်း သိနိုင်လေသည်။

ကုန်းစွန်းတွမ့်၏ မျက်လုံးများက ပြူးထွက်နေကြ၏။ နာကျင်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများအား နောက်ဆုံးထွက်သက်ထိပင် ယူဆောင်သွားခဲ့လေသည်။ သူ့ကိုကြည့်ရသည်မှာ ဘဝတစ်လျှောက်လုံး ကြောက်ရွံ့မှု၊ နာကျင်မှုများဖြင့် နေထိုင်ခဲ့ပုံရသည်။ ထို့ကြောင့် သူ့ကိုကြည့်လိုက်တိုင်း လွတ်လွတ်လပ်လပ် ပျော်ရွှင်မှုဟူ၍ မတွေ့ခဲ့ခြင်းပင်ဖြစ်မည်။ ဝမ်းနည်းစရာကောင်းသည်မှာ လူမြင်ကွင်းတွင် သူ့ကို ဒေါသထွက်နေသည့် လူတစ်ယောက်အဖြစ်သာ တွေ့မြင်ခဲ့ကြရလေသည်။

ရွာသွန်းနေသောမိုးက အတန်ငယ်စဲသွားပြီဖြစ်သော်လည်း ကောင်းကင်ယံကတော့ ပို၍ပင် မှောင်မည်းလာ၏။

မားခုန်းချွင်-“သူဟာ ကျုပ်ရဲ့ညီ... သူတစ်ယောက်တည်းသာ ကျုပ်ရဲ့ညီဖြစ်ထိုက်တယ်။”

မားခုန်းချွင်သည် တစ်ကိုယ်တည်း ရေရွတ်နေခြင်းလော... သို့တည်းမဟုတ် ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့ကို ပြောဆိုနေခြင်းလောဆိုသည်ကို မည်သူမှ မခန့်မှန်းနိုင်ပါ။

“သူ့ကြောင့်သာ မဟုတ်ခဲ့ဘူးဆိုရင် ကျုပ် ဒီနေ့ထက်ထိ အသက်ရှင်လျက် ရှိနေမှာတောင် မဟုတ်ဘူး။”

ယွင်ဇိုင်ထျန်းက အသံတိတ်ငြိမ်နေရခြင်းကို သည်းမခံနိုင်လာတော့သဖြင့် သက်ပြင်းချသံနှင့်အတူ ဝင်ရောက်ပြောဆိုလိုက်သည်။ “သူဟာ လူကောင်းတစ်ယောက်ဆိုတာ ကျုပ်တို့အားလုံးသိပါတယ်။”

မားခုန်းချွင်-“သူဟာ လူကောင်းတစ်ယောက်ဆိုတာ တကယ်မှန်တယ်။ ကျုပ်အပေါ်မှာ သူလောက် ဘယ်သူမှ သစ္စာမရှိကြဘူး... သူလောက် ဘယ်သူမှ မရဲရင့်ခဲ့ကြဘူး။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ သူ့ဘဝရဲ့နေ့ရက်တိုင်းမှာ စည်းစိမ်ခံပြီး မနေထိုင်ခဲ့ရဘူး။”

ယွင်ဇိုင်ထျန်း နားထောင်နေလိုက်၏။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအလုပ်မှာ သက်ပြင်းချလိုက်ခြင်းပင်ဖြစ်သည်။

မားခုန်းချွင်-“တကယ်တော့ သူဟာ မသေသင့်ခဲ့ဘူး... ဒါပေမဲ့ အခုတော့ သေသွားခဲ့ရပြီ။”

ယွင်ဇိုင်ထျန်း-“ဖူဟောင်ရွှယ်ရဲ့ လက်ချက်ပဲဖြစ်မှာပါ။”

မားခုန်းချွင်က ခေါင်းညိတ်ပြလိုက်ပြီး ကြွေးကြော်လိုက်၏။ “ကျုပ် သူ့ကို အမြင်မှားခဲ့တယ်။ သူ့စကားကို နားထောင်ခဲ့ပြီး အစောကြီးကတည်းက အားလုံးကို သတ်ခဲ့ရင် ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။”

ယွင်ဇိုင်ထျန်း-“ဒါပေမဲ့... အခုတော့...”

မားခုန်းချွင်က နောင်တရစွာ ရွတ်ဆိုလိုက်တော့၏။ “အခုတော့... သိပ်ကိုနောက်ကျသွားခဲ့ပြီ.... သိပ်ကို နောက်ကျသွားရပြီ။”

မားခုန်းချွင်၏ ဦးခေါင်း ရုတ်တရက် မော်ကြည့်လာခဲ့ပြီး ပြတ်သားစွာ ပြောဆိုလိုက်သည်။ “သူ့အတွက် လက်စားမချေခင် ကျုပ် လုပ်ချင်နေတာတစ်ခု ရှိနေသေးတယ်။”

ယွင်ဇိုင်ထျန်း၏ မျက်လုံးများ စူးရှတောက်ပလာခဲ့ကြပြီး မေးမြန်းလိုက်၏။ “ဘာများလဲ...”

မားခုန်းချွင်-“ဒီနားကိုလာခဲ့... ကျုပ်ပြောပြမယ်။”

ယွင်ဇိုင်ထျန်း သေဝပ်စွာ လျှောက်လှမ်းသွားခဲ့ပါသည်။

မားခုန်းချွင်-“မင်း ကျုပ်ကို အလုပ်တစ်ခု လုပ်ပေးစေချင်တယ်။”

ယွင်ဇိုင်ထျန်း-“အမိန့်ပေးချင်တာပေးပါ ခေါင်းဆောင်ကြီး...”

“မင်းသေရမယ်...”

မားခုန်းချွင်၏ လက်တစ်ဘက်က ကုန်းစွန်းတွမ့် ခါးတွင်ချိတ်ထားသည့် ဓားမော့ကို ရုတ်တရက် ဆွဲယူလိုက်ပြီး ဓားသွားက ယွင်ဇိုင်ထျန်းကို ခုတ်ပိုင်းလာလေတော့သည်။ ထိုဓားချက်၏လျင်မြန်မှုမှာ အံ့မခန်းပင်။ ယွင်ဇိုင်ထျန်းကို လျှပ်တစ်ပြက်ကြီး အတိုက်ခံရလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပါ။

ထူးဆန်းအံ့ဩဖွယ် ကောင်းလှစွာပင် ထိုဓားချက်ကို ယွင်ဇိုင်ထျန်းက မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။ ဓားရောင် လင်းလက်သွားသည်နှင့်တပြိုင်နက် ယွင်ဇိုင်ထျန်းသည် အနောက်သို့ သူ၏ကျော်ကြားလှသော “ပြတင်းပေါက်ဖွင့် လရိပ်ထွက်ကြည့်သည့် တိမ်ပျံ” ကိုယ်ဖော့ပညာဖြင့် ခုန်ဆုတ်သွားခဲ့၏။

သူနှင့်အတူ သွေးစက်များလည်း တပေါက်ပေါက် လိုက်ပါသွားခဲ့ကြလေသည်။ သူသည် လျင်မြန်လွန်းလှသော်လည်း မားခုန်းချွင်၏ ဓားမော့ခုတ်ချက်ကိုတော့ဖြင့် လိုက်မမီခဲ့ပါ။ ဓားမော့သွားက ယွင်ဇိုင်ထျန်း၏ လက်ကောက်ဝတ်ကို ခုတ်ဖြတ်သွားခဲ့သည်။ သူ့လက်ဝါးတစ်ဘက်လုံး ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားခဲ့ရ၏။ သို့သော် ယွင်ဇိုင်ထျန်း ပြိုလဲမကျသွားခဲ့ပါ။ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်အောင်နိုင်ခဲ့သော ထိပ်သီးသိုင်းပညာရှင်တစ်ယောက်သည် လွယ်ကူစွာ ပြိုလဲကျသွားလိမ့်မည် မဟုတ်ပါ။

ယွင်ဇိုင်ထျန်း၏ ခန္ဓာကိုယ်သည် နံရံနှင့် နောက်ကျော ကပ်မိလျက်သွားဖြစ်သွားခဲ့သည်။ သူ့မျက်နှာတွင် သွေးရောင်ဟူ၍ မရှိနေတော့။ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေရ၏။

မားခုန်းချွင်သည် ထပ်မံ၍ လိုက်လံမတိုက်ခဲ့ချေ။ သူထိုင်နေသည့်နေရာတွင်ပင် ရှိနေ၏။ ဓားမော့၏ ဓားသွားမှာ တပေါက်ပေါက် ကျဆင်းနေသည့် သွေးစက်များကို ငေးကြည့်နေလေသည်။

ဟွာမင်းထျန်သည် ဘေးတစ်ဘက်တွင် လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ မတ်တတ်ရပ်နေလေသည်။ သူ့မျက်နှာတွင်လည်း ပြောင်းလဲမှုဟူ၍ ရှာလို့မတွေ့နိုင်ပါ။ ဓားသွားသည် သူ့ထံသို့ ဦးတည်မလာမချင်း သူသည်လည်း လှုပ်ရှားလိမ့်မည် မဟုတ်။

အတန်ကြာသောအခါမှ ယွင်ဇိုင်ထျန်းထံမှ အံကြိတ်ပြီးပြောဆိုသံ ထွက်ပေါ်လာခဲ့လေသည်။ “ကျုပ် နားမလည်ဘူး... လုံးဝကို နားမလည်တော့ဘူး။”

“မင်း နားလည်သင့်ပါတယ်။” မားခုန်းချွင်က အေးစက်စွာ ပြောဆိုလိုက်သည်။ သူ့ဦးခေါင်း ဖြည်းဖြည်းလေး ကြွတက်လာခဲ့ပြီး ရုပ်ပုံပန်းချီကားချပ်ကြီးထဲရှိ ပြေးလွှားနေသည့် မြင်းတစ်ကောင်၏ လည်ဆံမွှေးများကို စိုက်ကြည့်နေလိုက်သည်။

“ဒီဟာ ကျုပ်ပိုင်တဲ့နယ်နိမိတ်။ ကျုပ်လက်ထဲက လုယူမယ့်လူမှန်သမျှ သေကြရမယ်။”

ယွင်ဇိုင်ထျန်း၏ အမူအရာ ပျက်ယွင်းသွားခဲ့ပြီး သက်ပြင်းချကာ ပြောဆိုလိုက်၏။ “ခင်ဗျား သိသွားခဲ့ပြီကိုး...”

“အစကတည်းက ကျုပ် အားလုံးကို သိနေခဲ့ပါတယ်။”

ယွင်ဇိုင်ထျန်းက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။ “ကြည့်ရတာ ကျုပ် လျှော့တွက်ခဲ့မိတယ်နဲ့တူတယ်။”

“စောစောတုန်းက ကျုပ်ပြောခဲ့သလိုပါပဲ။ အရာများစွာဟာ လေထဲက ဖုန်မှုန့်လေးတွေလိုပဲ။ ကျုပ်တို့ရဲ့ မျက်စိရှေ့မှောက်မှာ ရှိနေကြပေမယ့် ကျုပ်တို့တတွေ မမြင်နိုင်ခဲ့ကြဘူး။ မင်းကိုတော့ ကျုပ်မျက်စိထဲမှာ အစောကြီးကတည်းက အမှိုက်တစ်စလို မြင်နေခဲ့ပြီးသား....”

ယွင်ဇိုင်ထျန်းထံမှ ချွေးသီးချွေးပေါက်များ ရေစက်များလို ကျဆင်းလာနေသည်။ အံတစ်ချက်ကြိတ်လိုက်ကာ ပြုံးပြီး ပြောဆိုလိုက်ပြန်၏။ “ဒါပေမဲ့ နေရောင်ခြည်ကတော့ အမြဲပဲ လင်းလက်တောက်ပနေဦးမှာပဲ။”

သူသည် ပြုံးနေသော်လည်း ယခုသူ၏အမူအရာများက မျက်ရည်ကျသည်ထက်ပင် ပို၍ကြည့်ရဆိုးနေသည်။

“အခုတော့ မင်းနားလည်သွားခဲ့ပြီ မဟုတ်လား။”

“ကျုပ် နားလည်သွားပါပြီ။”

မားခုန်းချွင်က သက်ပြင်းတစ်ချက်ချပြီး မှတ်ချက်ချလိုက်သည်။ “မင်း ကျုပ်အပေါ် သစ္စာမဖောက်ခဲ့သင့်ဘူး။ ကျုပ်လိုလူတစ်ယောက်က ဘယ်လိုခံစားသွားရမယ်ဆိုတာ မင်း နားလည်သင့်တယ်။”

ယွင်ဇိုင်ထျန်း၏ မျက်နှာထက်တွင် ထူးဆန်းလွန်းသည့် အပြုံးတစ်စ ထွက်ပေါ်လာခဲ့ပြီး ပြန်ဖြေလိုက်၏။ “ဟုတ်တယ်... ကျုပ် ခင်ဗျားအပေါ်မှာ သစ္စာဖောက်ခဲ့တယ်... ဒါပေမဲ့...”

သူ့စကားမဆုံးခင်လေးတွင်ပင် မျက်လုံးအကြည့်များက ဟွာမင်းထျန်ထံသို့ ရောက်ရှိသွားခဲ့၏။ သို့သော် သိပ်နောက်ကျသွားခဲ့ချေပြီ။ ဟွာမင်းထျန်၏ ဓားသွားက သူ့ခန္ဓာကိုယ်ထဲသို့ ထုတ်ချင်းပေါက် ဝင်ရောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည်လည်း နံရံပေါ်တွင် တံစို့ထိုးထားသလို စိုက်ဝင်သွားရတော့၏။

ထိုစကားကို ဆုံးအောင် ဘယ်တော့မှ ပြောနိုင်လိမ့်မည် မဟုတ်ပါ။

ဟွာမင်းထျန်သည် သူ၏ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သော် ယွင်ဇိုင်ထျန်း၏ ခန္ဓာကိုယ်ကြီးသည် ကြမ်းပြင်ပေါ်သို့ တရွတ်တိုက်ဆွဲပြီး ပြိုကျလာတော့၏။

လူတိုင်းလူတိုင်း ကျရှုံးကြရပေမည်။ မည်မျှပင် ကြီးကျယ်ခဲ့သူဖြစ်နေပါစေ... ကျရှုံးချိန်တွင်တော့ တစ်ပုံစံတည်းသာ ဖြစ်နေပေမည်။

1 comment: