Tuesday, June 7, 2011

(၁၅) ပန်းပွင့်ပျံများနှင့်ကောင်းကင်ယံ

ဓားသွားထိပ်မှ သွေးတစက်စက် ကျဆင်းနေသည်။ ဟွာမင်းထျန်သည် မားခုန်းချွင်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်၏။

မားခုန်းချွင်က သူ့ကို စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ မေးမြန်းလိုက်၏။ “မင်းသူ့ကို သတ်ခဲ့ပြီ။”

ဟွာမင်းထျန်-“ခေါင်းဆောင်ကြီးကို သူ သစ္စာဖောက်ခဲ့လို့ပဲ။”

မားခုန်းချွင်-“ဒီအချက်ကို မင်းလည်း နားလည်တယ်ပေါ့။”

ဟွာမင်းထျန်-“ကျုပ် ဘာမှနားမလည်ဘူး။ တစ်ခုပဲသိတယ်.. ခေါင်းဆောင်ကြီးကို သစ္စာဖောက်တဲ့သူမှန်သမျှ သေရမယ်။”

မားခုန်းချွင်-“သူ ကျုပ်ကို ဘယ်လိုသစ္စာဖောက်ခဲ့လဲဆိုတာ မင်းသိလား။”

ဟွာမင်းထျန်-“မသိချင်တော့ပါဘူး။”



မားခုန်းချွင်-“မုယုံမင်းကျူနဲ့ လိုလိုရှန်းတို့ကို သူကိုယ်တိုင် ဖိတ်ခေါ်ထားခဲ့တယ်။”

ဟွာမင်းထျန် အတန်ငယ် အံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်၏။ “ဟိုနှစ်ယောက်ကို သူဖိတ်ခေါ်ခဲ့တယ်... ဟုတ်လား... ဒါပေမဲ့ သူတို့နဲ့ ယွင်ဇိုင်ထျန်း ဘာများပတ်သက်နေလို့လဲ။”

မားခုန်းချွင်-“ဘာမှ မပတ်သက်ဘူး”

ဟွာမင်းထျန်-“ဘာမှ မပတ်သက်ဘူးဆိုရင် သူတို့ကို ဘာဖြစ်လို့ ဖိတ်ခေါ်ခဲ့ရတာလဲ။ နားမလည်နိုင်တော့ပါလား။”

သူမေးမြန်းလိုက်သည့် မေးခွန်းသည် နလပိန်းတုန်းမေးခွန်းမျိုးဖြစ်၏။ “ကောင်းကင်ယံတွင် ပျံသန်းနေသည့် ပန်းပွင့်များ” ဆိုသည့် ဘွဲ့အမည်ပိုင်ရှင်သည် ငတုံးတစ်ယောက်လုံးဝမဟုတ်။ သို့သော် မားခုန်းချွင်ကတော့ ဘာမှ အရေးမထားခဲ့ပါ။ နလပိန်းတုန်းမေးခွန်းမျိုးကို သူ ဘယ်တော့မှ ဖြေဆိုလိမ့်မည်မဟုတ်။ သို့သော် ယခုအချိန်တွင် ဘာကြောင့်မှန်းမသိ... ထိုမေးခွန်းကို ပြန်ဖြေချင်နေမိလေသည်။

မားခုန်းချွင်-“သူတို့နဲ့ ဘာမှမပတ်သက်တာ သေချာလို့လည်း သူတို့ကို ဖိတ်ခေါ်ထားခဲ့တာပေါ့။”

“ဘာအတွက်လဲ။”

“လူသတ်ဖို့.. ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ သေဆုံးခဲ့ကြရတဲ့လူတွေအားလုံးဟာ သူတို့ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ကြရတာပဲ။”

“သူတို့လက်ချက်ကြောင့်... ဟုတ်လား။ ဖူဟောင်ရွှယ်ရဲ့ လက်ချက်မဟုတ်ဘူးလား။”

မားခုန်းချွင်က ခေါင်းခါပြနေပြီး အေးစက်စက် ပြောဆိုလိုက်၏။ “ဖူဟောင်ရွှယ် သေစေချင်နေတဲ့သူ တစ်ယောက်တည်းပဲရှိတယ်။”

ဟွာမင်းထျန်သည် လွန်စွာနုံအနေသည့် လူတစ်ယောက်ဖြစ်နေစေဦး... ဆက်ပြီးတော့ မမေးမြန်းတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဖူဟောင်ရွှယ် သတ်ချင်နေသည့်သူကို သူ တိတိကျကျကြီး သိထားသောကြောင့်ဖြစ်လေသည်။

ဟွာမင်းထျန်-“ဒါဆိုရင် အဲဒီလူတွေကို လူသတ်ဖို့ ယွင်ဇိုင်ထျန်းက ဘာဖြစ်လို့ ခေါ်လာခဲ့ရတာလဲ။”

မားခုန်းချွင်-“ကျုပ်ကို ဒီကနေ ထွက်သွားအောင် ဖိအားပေးချင်လို့ပေါ့။”

“ထွက်သွားအောင် ဖိအားပေးဖို့... ဟုတ်လား။”

မားခုန်းချွင်က ခနဲ့တဲ့တဲ့ဖြင့် ထေ့ငေါ့စွာ ပြောဆိုလိုက်သည်။ “ကျုပ်သာ ဒီနေရာကနေ ထွက်သွားမယ်ဆိုရင် ကျုပ်ပိုင်ဆိုင်သမျှ စည်းစိမ်တွေအားလုံး သူ့လက်ထဲကို အလိုလို ရောက်သွားလိမ့်မယ်။”

ဟွာမင်းထျန်က သက်ပြင်းတစ်ချက်ချသံနှင့်အတူ ရေရွတ်လိုက်တော့၏။ “ခေါင်းဆောင်ကြီးဟာ လွယ်လွယ်ကူကူနဲ့ ထွက်ပြေးသွားမယ့်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သူ သိသင့်တယ်။”

“ဒါပေမဲ့ ကျုပ်မှာ အင်အားကြီးမားတဲ့ ရန်သူတွေ ရောက်လာပြီး လက်စားချေ ကြလိမ့်မယ်ဆိုတာ သူသိထားခဲ့တယ်။ သေဆုံးသွားခဲ့ရသူတွေကို သတ်ခဲ့တာကတော့ ကျုပ်ရန်သူတွေ ရောက်လာကြပြီလို့ ထင်ယောင်ထင်မှား ဖြစ်စေချင်လို့ပေါ့။”

မားခုန်းချွင်၏ နှုတ်ခမ်းထောင့်စွန်းမှ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ခပ်ကွေးကွေးလေး ပေါ်ထွက်လာခဲ့ပြီး ဆက်ပြောလိုက်၏။ “အစတုန်းကတော့ အဖြစ်အပျက်တွေအားလုံးကို ကျုပ် ယုံကြည်ခဲ့မိသေးတယ်။”

ဟွာမင်းထျန်-“ဒါဆိုရင် ဒီလုပ်ကြံမှုကြီးဟာ လိမ်ဆင်ကြီးဆိုတာကို ခေါင်းဆောင်ကြီး ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ။”

မားခုန်းချွင်-“သူ့အစီအစဉ်တွေက အင်မတန်မှ ပိရိသေသပ်လှပေမယ့် အချို့နေရာတွေမှာ အမှားတွေလည်း အများကြီး လုပ်ခဲ့တယ်။”

“အိုး...”

“ကျုပ်ရဲ့ တကယ့်ရန်သူတော်ကြီးတွေ ရောက်လာခဲ့လိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ဘူး။”

ဟွာမင်းထျန်က မှတ်ချက်ချလိုက်သည်။ “တော်တော် ထူးဆန်းလွန်းတဲ့ တိုက်ဆိုင်မှုတွေပဲ။”

မားခုန်းချွင်-“ဖူဟောင်ရွှယ် ရောက်လာခဲ့တာ တိုက်ဆိုင်မှုလုံးဝမဟုတ်ဘူး။ ယွင်ဇိုင်ထျန်းရဲ့ လုပ်ကြံမှုကြီးကို သလို့ ရောက်လာခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကသာ သူ့အတွက် အကောင်းဆုံးအခွင့်အရေး မဟုတ်လား။ မြင်းတစ်သောင်းဌာနကြီးတစ်ခုလုံး ဗြောင်းသောက်နေပြီဆိုမှ သူ့အတွက် အခွင့်အလန်း ပိုကောင်းလာမှာပေါ့။”

ဟွာမင်းထျန်-“ယွင်ဇိုင်ထျန်းရဲ့ အကြံအစည်တွေကို ဖူဟောင်ရွှယ်က ဘယ်လိုလုပ်ပြီး သိသွားခဲ့ရတာလဲ။”

မားခုန်းချွင်၏ မျက်နှာထက်တွင် နာကျင်ကြေကွဲသော ခံစားမှုများ ထွက်ပေါ်လာခဲ့လေတော့သည်။ အတန်ကြာသောအခါမှ သက်ပြင်းချသံနှင့်အတူ ရှင်းပြလိုက်၏။ “ဘာကြောင့်လဲဆိုတော့ တတိယရှင်းသခင်မက သူတို့နဲ့ တကြိတ်တည်း တဉာဏ်တည်းပဲ။”

ဟွာမင်းထျန် လွန်စွာ အံ့အားသင့်သွားခဲ့လေသည်။ “တတိယရှင်းသခင်မက သူတို့ရဲ့အကြံအစည်တွေကို ဘယ်လိုလုပ်ပြီး သိသွားခဲ့ရတာလဲ။”

မားခုန်းချွင်-“ဘယ်လိုကြောင့်လဲဆိုတော့ ကျွေ့နွန်ဟာလည်းပဲ သူတို့နဲ့ တစ်ဖွဲ့တည်းပဲ။”ကိုး

“ကျွေ့နွန်...”

မားခုန်းချွင်က ဟက်ခနဲ တစ်ချက်ရယ်မောလိုက်ပြီး-“ယွင်ဇိုင်ထျန်းက သူ့အကြံအစည်တွေကို ကျွေ့နွန်ကို ခပ်ပါးပါးလေး ဖွင့်ဟခဲ့တယ်။ ကျွေ့နွန်ကလည်း အဲဒီအကြောင်းတွေကို တတိယရှင်းသခင်မကို ပြန်ပြောပြခဲ့ပြန်ရော...”

ဟွာမင်းထျန်သည် သက်ပြင်းချခဲ့ပြီး မှတ်ချက်ပေးလိုက်၏။ “မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက်က သိပ်ကိုယုံကြည်ကိုးစားမိသွားခဲ့ပြီဆိုရင် ပျက်စီးရတော့တာပဲ။”

မားခုန်းချွင်-“သူ ကျွေ့နွန်ကို လျှော့တွက်ခဲ့သလို ပင့်ကူပျံကိုလည်း အထင်သေးခဲ့တယ်။”

ဟွာမင်းထျန်-“ပင့်ကူပျံဟာ အဲဒီတုန်းက ခေါင်းဆောင်ကြီးအတွက် အလုပ်လုပ်ပေးနေခဲ့မှန်း ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါလား။”

“ဒါကြောင့်မို့လည်း ပင့်ကူပျံဟာ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်။”

“ဒါကြောင့်မို့လည်း ပင့်ကူပျံ အသက်ပေးခဲ့ရတယ်ပေါ့။”

မားခုန်းချွင်-“မှန်တယ်။ ပင့်ကူပျံဟာ မုယုံမင်းကျူ လက်ချက်ကြောင့် သေခဲ့ရတယ်လို့ထင်တယ်။”

ဟွာမင်းထျန်-“ဒါဆိုရင် မုယုံမင်းကျူကိုကျတော့ ဘယ်သူက သတ်ခဲ့တာလဲ။”

“ပင့်ကူပျံမသေခင်တုန်းက သူ့လက်ထဲမှာ သက်သေအထောက်အထားအချို့ကို ကိုင်ဆုပ်ထားနိုင်ခဲ့တယ်။ အဲဒီ သက်သေအထောက်အထားတွေဟာ မုယုံမင်းကျူနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေလိမ့်မယ်။”

ဟွာမင်းထျန် ခေါင်းညိတ်သဘောတူလိုက်သည်။ ပင့်ကူပျံ အလောင်းကောင်၏ အရိုးများကျိုးကြေနေပြီး တွန့်လိမ်ကောက်ကွေးနေသော လက်ချောင်းများကို အမှတ်ရလာမိ၏။

မားခုန်းချွင်-“ယွင်ဇိုင်ထျန်းက ပင့်ကူပျံရဲ့ လက်ချောင်းတွေကို ဘယ်ဂရုတစိုက်ရှိခဲ့ပါ့မလဲ... လူသတ်သမားကို သူ သိနေခဲ့တာကိုး။”

ဟွာမင်းထျန်-“ဒါပေမဲ့ အဲဒီလူသေရဲ့လက်ချောင်းတွေထဲက သက်သေခံ အပိုင်းအစတွေကို တစ်ယောက်ယောက် တွေ့သွားခဲ့ပြီး နှိုက်ယူသွားခဲ့နိုင်လိမ့်မယ်လို့လည်း သူမထင်ခဲ့ဘူး။”

မားခုန်းချွင်-“သူနဲ့ မုယုံမင်းကျူတို့ရဲ့ ဆက်ဆံရေးကို တစ်ယောက်ယောက် သိသွားခဲ့မှာ သိပ်ကြောက်နေခဲ့တယ်လေ။ ဒါကြောင့်မို့လည်း မုယုံမင်းကျူကို လက်စဖျောက်ခဲ့တာပေါ့။”

ဟွာမင်းထျန်-“ယွင်ဇိုင်ထျန်းဟာ ဒီလောက်တောင်မှ အကြံပက်စက်ပြီး ရက်စက်လိမ့်မယ်လို့ ထင်ရက်စရာတောင် မရှိဘူး။”

ဟွာမင်းထျန်သည် မျက်နှာအပျက်ပျက်ဖြင့် ဆက်ပြောနေလိုက်ပြန်၏။ “ဒါပေမဲ့ ဒီအမှုကြီးတစ်ခုလုံးမှာ နားမလည်နိုင်တဲ့အချက် နှစ်ချက် ရှိနေသေးတယ်။”

မားခုန်းချွင်-“မေးချင်တာ မေးကြည့်နိုင်ပါတယ်။”

“လိုလိုရှန်းဆိုတာ သိုင်းလောကမှာ ကျော်ကြားတဲ့လူတစ်ယောက်ပါ။ မုယုံမင်းကျူဟာလည်း နာမည်ကျော် မိသားစုကြီးထဲက ပေါက်ဖွားလာခဲ့သူပဲ။ သူတို့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ယွင်ဇိုငထျန်းနဲ့ ဘာဖြစ်လို့ လာပြီး ပူးပေါင်းခဲ့ကြရတာလဲ။”

မားခုန်းချွင်-“ကျုပ် ပိုင်ဆိုင်တဲ့ နယ်မြေဒေသတွေ၊ စည်းစိမ်တွေကို မုယုံမင်းကျူ မျက်စိကျနေခဲ့တာကြာပြီ။ လောဘတက်လာပြီဆိုရင် လူတွေကို အလွယ်တကူပဲ ခြယ်လှယ်လို့ရသွားပြီလေ။”

ဟွာမင်းထျန်က ခေါင်းညိတ်ပြနေပြီး ထောက်ခံပြောဆိုလိုက်၏။ “လူတွေက ပိုချမ်းသာလေ... လောဘပိုကြီးလေပဲ။ ဒီအချက်ကို ကျုပ် နားလည်ပေးနိုင်ပါတယ်။.... ဒါပေမဲ့ လိုလိုရှန်းကို သူ ဘယ်လိုလုပ်ပြီး နားချသိမ်းသွင်းနိုင်ခဲ့လဲဆိုတာတော့ နားမလည်နိုင်သေးဘူး။”

မားခုန်းချွင်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ပြီး ဖြည်းဖြည်းလေး ပြန်ဖြေလိုက်သည်။ “လိုလိုရှန်းဟာ သူ့ကြောင့် ရောက်လာခဲ့တာမဟုတ်ဘူး။”

ဟွာမင်းထျန်က မျက်မှောင်ကျုံ့ထားပြီး မေးမြန်းလိုက်၏။ “သူ့ကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့်လဲ။”

“ဒီလုပ်ကြံမှုကြီးမှာ ယွင်ဇိုင်ထျန်းက အဓိကကြိုးကိုင်ခြယ်လှယ်သူ မဟုတ်ဘူး။”

“အိုး...”

မားခုန်းချွင်-“ပြီးခဲ့တဲ့တစ်ညတုန်းက... လိုလိုရှန်း၊ မုယုံမင်းကျူ၊ ဖူဟောင်ရွှယ်နဲ့ ပင့်ကူပျံတို့ သူတို့အခန်းတွေထဲမှာ ရှိနေကြတုန်း... မင်းရဲ့ လက်ရွေးစင်အဖွဲ့ဝင် ၁၃ ယောက် အသတ်ခံလိုက်ရတယ် မဟုတ်လား။”

ဟွာမင်းထျန်က ပြန်ဖြေလိုက်သည်။ “အဲဒီတုန်းက လူသတ်သမားဟာ ရဲ့ခိုင်လို့တောင် ကျုပ်ထင်နေခဲ့သေးတယ်။”

“လူသတ်သမားဟာ ရဲ့ခိုင်ကို တရားခံအဖြစ် ကြိုးကွင်းစွပ်ဖို့ ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ ရဲ့ခိုင်ဆီမှာ သိပ်ကိုကောင်းတဲ့ သက်သေရှိနေမယ်လို့ ဘယ်ထင်ထားခဲ့မှာလဲ။”

“ဒါဆိုရင် လူသတ်သမားဟာ ယွင်ဇိုင်ထျန်းလို့ ခေါင်းဆောင်ကြီး ယူဆထားလို့လား။”

“ဟင့်အင်း။”

ဟွာမင်းထျန်သည် မျက်မှောင်ကျုံ့ပြီး မေးမြန်းလိုက်ပြန်၏။ “သူ ဘာလို့မဖြစ်နိုင်ရမှာလဲ။”

မားခုန်းချွင်၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော ဟန်မူရာများ ထွက်ပေါ်လာခဲ့၏။ “ယွင်ဇိုင်ထျန်းရဲ့ သိုင်းပညာနဲ့ ဟို ၁၃ ယောက်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုစွမ်းအားကို ကျုပ် ကောင်းကောင်းကြီး သိထားပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီ ၁၃ ယောက်လုံးကို သူ တပြိုင်နက်တည်း မတိုက်ခိုက်နိုင်ပါဘူး။”

ဟွာမင်းထျန်၏ မျက်နှာထက်တွင်လည်း အလွန်လေးလံသည့် အူအရာများ ထွက်ပေါ်လာခဲ့လေတော့သည်။ “ဒါဆိုရင် နောက်ကွယ်မှာ တစ်ယောက်ယောက် လှုပ်ရှားနေတယ်လို့ ခေါင်းဆောင်ကြီး ထင်ထားလို့လား။”

“မှန်လိုက်တာ”

ဟွာမင်းထျန်-“အဲဒီလူ ဘယ်သူလဲဆိုတာ ခန့်မှန်းမိနေလို့လား။”

မားခုန်းချွင်က ထိုမေးခွန်းကို တိုက်ရိုက်ကြီး မဖြေဆိုခဲ့ဘဲ-“ပထမအချက်အနေနဲ့ အဲဒီလူနဲ့ လိုလိုရှန်းတို့မှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကိုရှိနေရမယ်။ ဒါကြောင့်မို့လည်း လိုလိုရှန်းဟာ ဒီဒေသကို လိုလိုချင်ချင်ကြီး ရောက်လာခဲ့တာပေါ့။”

ဟွာမင်းထျန်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပြန်ဖြေလိုက်၏။ “ဖြစ်နိုင်ပါတယ်။”

မားခုန်းချွင်-“ဒုတိယအချက်အနေနဲ့ အဲဒီလူဟာ မြင်းတစ်သောင်းဌာနမှာ ရာထူးကြီးကြီးထဲကပဲ ဖြစ်ရမယ်။”

ဟွာမင်းထျန်-“အဲဒီအချက်ကို ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ။”

“ကျုပ်သာ ဒီကနေ ထွက်သွားရမယ်ဆိုရင် သူဟာ မြင်းတစ်သောင်းဌာနမှာ ခေါင်းဆောင်အဖြစ် နောက်တက်လာမယ့်လူပဲ ဖြစ်ရမယ်။”

ဟွာမင်းထျန် အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရ၏။ ပြီးနောက်မှ ခေါင်းတညိတ်ညိတ်လုပ်နေကာ ပြန်ဖြေလိုက်သည်။ “ယုတ္တိရှိပါတယ်။”

“သူ့ကို ယွင်ဇိုင်ထျန်းက ယုံယုံကြည်ကြည်ကြီးကို အားကိုးအားထား ပြုနေရသူလည်း ဖြစ်ရမယ်။ သူ့အကြံအစည်မှန်သမျှ ယွင်ဇိုင်ထျန်းက တသွေမတိမ်း လိုက်လုပ်ပေးမယ့် လွှမ်းမိုးမှုလည်း ရှိရမယ်။”

ဟွာမင်းထျန်-“ယုတ္တိရှိပါတယ်။”

“ထပ်ဖြည့်ပြောရရင် သူဟာ ဟိုသိုင်းသမား ၁၃ ယောက်ရဲ့ ယုံကြည်ကိုးစားမှုကို ခံရသူလည်း ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို သူတို့ ဘယ်လိုနည်းနဲ့မှ သံသယရှိကြမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ ၁၃ ယောက်စလုံးကို အလွယ်တကူပဲ သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့တယ်။”

ဟွာမင်းထျန်သည် ကျယ်လောင်သောအသံကြီးဖြင့် ရုတ်တရက် ရယ်မောလိုက်လေတော့သည်။ “ပြီးတော့ သူနဲ့ လိုလိုရှန်းတို့ဟာ သိပ်ကိုရင်းနှီးကြတဲ့ မိတ်ဆွေတွေလည်း ဖြစ်နေကြသေးတယ်။ ဒါကြောင့်မို့လို့ အပြင်ပန်းမှာ လိုလိုရှန်းကို အသည်းခိုက်အောင် မုန်းတီးနေကြောင်း ပြသခဲ့ရမယ်... ဒါမှသာ လူတွေက သံသယမရှိကြတော့မှာပေါ့။”

မားခုန်းချွင်-“သိပ်ကိုမှန်တယ်။”

ဟွာမင်းထျန်သည် မားခုန်းချွင်ကို စိုက်ကြည့်နေပြီး မေးမြန်းလိုက်တော့၏။ “ဒီဟာတွေအားလုံးကို ခင်ဗျားဖာသာခင်ဗျား အဖြေထုတ်နိုင်ခဲ့တာလား။”

မားခုန်းချွင်-“ဒီလိုလည်း မဟုတ်သေးဘူး။”

“တစ်ယောက်ယောက်က ပြောပြခဲ့လို့လား။”

“အမှန်ပဲ။”

“ဘယ်သူလဲ”

“ကျွေ့နွန်”

ဟွာမင်းထျန် မျက်မှောင်ကျုံ့သွားခဲ့ရပြန်၏။ “သူပဲ ဖြစ်နေပြန်ပါလား။”

“ကျွေ့နွန်ဟာ သူ့အပေါ်မှာ သစ္စာရှိလွန်းနေတယ်လို့ ယွင်ဇိုင်ထျန်း ထင်ထားခဲ့တယ်။ တတိယရှင်းသခင်မလည်း သူ့အပေါ်မှာ သိပ်ကိုအယုံကြည် ထားလွန်းခဲ့တယ်... ဒါကြောင့်...”

ဟွာမင်းထျန်သည် မားခုန်းချွင်၏စကားကို ရုတ်တရက် ဖြတ်ပြောလိုက်တော့၏။ “သူတို့အားလုံး မှားယွင်းသွားခဲ့ကြပေါ့။”

မားခုန်းချွင်က ခေါင်းညိတ်ပြလိုက်သည်။

ဟွာမင်းထျန်-“အမှန်ကတော့ ကျွေ့နွန်ဟာ ခင်ဗျားရဲ့ အမျိုးသမီး ဖြစ်နေတာကိုး။”

မားခုန်းချွင်-“ဒါလည်း မဟုတ်သေးဘူး။”

“ဒါဆိုရင် သူက...”

“သူ ဘယ်လိုမိန်းမမျိုးလည်းဆိုတာ မင်းသိပါတယ်။”

ဟွာမင်းထျန်၏ မျက်နှာထက်တွင် ရွံရှာစက်ဆုပ်သည့် အမူအရာများ ထွက်ပေါ်လာခဲ့ပြီး-“သိပ်သိတာပေါ့။ သူဟာ ဖာသည်မတစ်ယောက်ပဲ။”

“ဖာသည်မတစ်ယောက်ဟာ လူတစ်ယောက်တည်းအပေါ်မှာ သစ္စာရှိရှိ ယုံကြည်ကိုးစားတာကို မင်းတွေ့ဖူးလို့လား။”

ဟွာမင်းထျန်-“ခင်ဗျားပြောတာမှန်တယ်။ သူ့ကိုယ်သူတောင်မှ သစ္စာဖောက်နိုင်သေးတာ... ကျန်လူတွေကို သစ္စာဖောက်ဖို့ဆိုရင် မျက်တောင်တောင်ခတ်မှာ မဟုတ်ဘူး။”

မားခုန်းချွင်-“တကယ်တမ်းတော့ သူဟာ ဒီလိုမိန်းမစားမျိုးလို့ ထင်ရက်စရာတောင် မရှိဘူး မဟုတ်လား။”

ဟွာမင်းထျန်သည် ရုတ်တရက် ရယ်မောနေလိုက်တော့၏။ “ဒီအခြေအနေကြီးက ကျုပ်ကို သင်ခန်းစာတစ်ခုတော့ ကောင်းကောင်း သင်ကြားပေးခဲ့တာပဲ။”

မားခုန်းချွင်-“ဘယ်လို သင်ခန်းစာမျိုးလဲ။”

ဟွာမင်းထျန်-“ဖာသည်မတစ်ယောက်ဆိုတာ ဖာသည်မတစ်ယောက်ပဲ ဖြစ်နေမှာပဲ။ သူ့ဟာသူ နတ်သမီးတစ်ပါးလိုလှနေပါစေ၊ မိန်းမကောင်းတစ်ယောက်လို ယဉ်ကျေးသိမ်မွေ့နေပါစေ... နောက်ဆုံးတော့ ဖာသည်မဟာ ဖာသည်မပါပဲ။”

မားခုန်းချွင်-“မင်းစကားတွေက ပြင်းထန်လွန်းလှချည်လား။”

“ဒီနေ့ ကျုပ်စကားတွေက ပြင်းထန်လွန်းနေရုံမကသေးဘူး... လူကလည်း နုံခြာလွန်းလှပါတယ်။”

မားခုန်းချွင်-“အခုတော့ အရာအားလုံးကို နားလည်သွားခဲ့ပြီပေါ့။”

ဟွာမင်းထျန်-“သိပ်ပြီးတော့ နောက်မကျသေးဘူး မဟုတ်လား။”

မားခုန်းချွင်-“ထင်ရတာပဲ။”

ဟွာမင်းထျန်သည် ခေါင်းငုံ့ထားပြီး အတန်ကြာမျှ စကားသံတိတ်ဆိတ်နေခဲ့၏။ နောက်ဆုံးမှ ခေါင်းပြန်မော့လာပြီး ဖြည်းဖြည်းလေး မေးမြန်းလိုက်သည်။ “ခင်ဗျားရဲ့ မဟာရန်သူတော်ကြီးဟာ ဖူဟောင်ရွှယ်ဆိုတာ အမှန်ပဲလား။”

“အမှန်ပဲ။”

“ကျုပ် သူ့ကို ခင်ဗျားအတွက် သတ်ပေးနိုင်တယ်။”

“ဒါ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။”

ဟွာမင်းထျန် ထပ်မံတိတ်ဆိတ်သွားခဲ့ရပြန်သည်။ အတော်လေးကြာမှ သက်ပြင်းချသံနှင့်အတူ ပြောဆိုလိုက်၏။ “ကျုပ် ခင်ဗျားလက်အောက်မှာ အမှုထမ်းခဲ့တာ နှစ် ၂၀ နီးပါးရှိပြီ။”

“အတိအကျပြောရရင် ၁၆ နှစ်တင်းတင်းပြည့်ပြီ။”

ဟွာမင်းထျန်-“ဒီ ၁၆ နှစ်လုံးလုံး မြင်းတစ်သောင်းဌာနကြီးအတွက် ကျုပ်ရဲ့ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့ပါတယ်။”

မားခုန်းချွင်-“ဒီနေ့ မြင်းတစ်သောင်းဌာနကြီးဟာ လူတစ်ယောက်တည်းရဲ့ အစွမ်းကြောင့် အောင်မြင်ခဲ့တာ မဟုတ်ဘူး။”

ဟွာမင်းထျန်-“ကျုပ် ခင်ဗျားကို ထွက်သွားစေချင်ခဲ့တာ တစ်ခုတည်းပါ။ လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါဘူး။”

မားခုန်းချွင်-“ဟိုး ခြံထဲမှာ မြင်နေရတဲ့ သစ်ပင်အကြီးကြီးကို မင်းမြင်တွေ့ခဲ့ဖူးမယ်လို့ထင်တယ်။”

ဟွာမင်းထျန် ခေါင်းညိတ်ပြလိုက်သည်။

မားခုန်းချွင်-“ဒီနှစ်ပိုင်းတွေအတွင်းမှာ အဲဒီသစ်ပင်ကြီးဟာ ကြီးထွားလာလိုက်တာ အရမ်းမြန်တယ်။”

ဟွာမင်းထျန်၏ မျက်နှာထက်တွင် ဝေခွဲမရသော ကြောက်ရွံ့ထိတ်လန့်မှုများ ထွက်ပေါ်လာခဲ့ပြီး ပြန်ဖြေလိုက်၏။ “ကျုပ် ဒီကို စရောက်လာတဲ့အချိန်တုန်းက အဲဒီသစ်ပင်လေးဟာ ခြံစည်းရိုးသာသာလေးလောက်ပဲ မြင့်တယ်။ အခုတော့ လူနှစ်ယောက်ဖက်စာလောက်ကြီးကို ကြီးထွားလာပါရော်ကော။”

မားခုန်းချွင်-“ဒါပေမဲ့ အဲဒီသစ်ပင်ကြီးကို တခြားတစ်နေရာကို ရွှေ့လိုက်မယ်ဆိုရင် ခြောက်သွေ့ပြီး သေဆုံးသွားလိမ့်မယ်။”

ဟွာမင်းထျန်က လက်သီးဆုပ်ထားပြီး ပြန်ဖြေလိုက်သည်။ “ဒါကြောင့်မို့... ဒါကြောင့်မို့လို့... ကျုပ်ကို အသက်ရှင်လျက် မပေးသွားတော့ဘူးပေါ့။”

မားခုန်းချွင်သည် သူ့ကို သေသေချာချာကြီး စိုက်ကြည့်နေလိုက်ပြီး ဖြည်းဖြည်းလေး ပြောဆိုလိုက်၏။ “အခုနလေးကပဲ မင်းကိုယ်တိုင်ပြောခဲ့တာပဲ။ ကျုပ်ကို သစ္စာဖောက်တဲ့သူမှန်သမျှ သေကြရမယ်ဆို။”

ဟွာမင်းထျန်သည် သူ့လက်တစ်ဘက်ကို ငုံ့ကြည့်နေခဲ့ပြီး ဓားလက်ကိုင်ရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ ပြီးနောက် သက်ပြင်းတစ်ချက်နှင့်အတူ ပြောဆိုလိုက်လေသည်။ “အဲဒီစကားတွေက ကျုပ်ပြောခဲ့တဲ့ စကားတွေ အမှန်ပဲ။”

မားခုန်းချွင်-“ကျုပ် မင်းကို ဖူဟောင်ရွှယ်နဲ့ ရင်ဆိုင်ရအောင် လွှတ်လိုက်ဖို့ဆိုတာ လွယ်ပါတယ်။”

ဟွာမင်းထျန်-“ကျုပ်ကလည်း သေချာပေါက် သွားရင်ဆိုင်မှာပါ။”

“ဒါပေမဲ့ သူ့ကို ကျုပ်လက်နဲ့ ကျုပ်ကိုယ်တိုင် သတ်ချင်တယ်။ ပြီးတော့ မင်းကို တခြားလူတစ်ယောက်က သတ်ဖြတ်သွားမှာကိုလည်း မလိုချင်ဘူး။” မားခုန်းချွင်သည် နောက်ထပ်စကားမပြောခင် ခဏလောက် နားနေလိုက်သေး၏။ “ဘာကြောင့်လဲဆိုတော့ မင်းဟာ မြင်းတစ်သောင်းဌာနရဲ့လူ... ကျုပ်ရဲ့ မိတ်ဆွေဖြစ်နေလို့ပဲ။”

ဟွာမင်းထျန်-“ကျုပ်... ကျုပ်... နားမလည်နိုင်တော့ဘူး။”

“ဘာကိုလဲ”

ဟွာမင်းထျန်သည် ဦးခေါင်းမော့လာခဲ့ပြီး မားခုန်းချွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေလိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်တော့၏။ “ကျုပ်ဘဝရဲ့ ၁၆ နှစ်လုံးလုံး ပေးဆပ်ခဲ့ပြီးပြီ... ပြစရာ ပိုင်ဆိုင်မှုဆိုလို့ ဘာများ ပြနိုင်သေးလို့လဲ။ ဘာမှ မရှိဘူး။ ခင်ဗျားရဲ့အမိန့်တွေကို ကျွန်တစ်ယောက်လို လိုက်လုပ်ပေးနေရတယ်။ ခင်ဗျားသာ ကျုပ်နေရာမှာဆို... ဒီလိုပဲ လုပ်ခဲ့မှာပဲ မဟုတ်လား။”

မားခုန်းချွင်သည် စဉ်းပင် မစဉ်းစားတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။ “ကျုပ်ဆိုရင်လည်း ဒီလိုပဲ လုပ်ခဲ့မှာပဲ... ဒါပေမဲ့...”

သူ့မျက်လုံးများထဲမှ တောက်ပစူးရှလွန်းသည့် အကြည့်များ ထွက်ပေါ်လာခဲ့ပြီး-“ကျုပ် မစေ့စပ် မသေချာခဲ့လို့ ကျုပ်ရဲ့အကြံအစည်တွေ လူသိသွားပြီဆိုရင်လည်း သေရမှာ ဝန်မလေးဘူး။”

သူ့ကို ဟွာမင်းထျန် စိုက်ကြည့်နေ၏။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးတစ်စ ထွက်ပေါ်လာပြန်ကာ ပြောဆိုလိုက်၏။ “ကောင်းပြီလေ... နောင်တမရတဲ့ သေဆုံးမှုဆိုပါတော့။ ဒါပေမဲ့ ခင်ဗျားရဲ့လက်ထဲတော့ ကျုပ် အသေမခံနိုင်ဘူး။”

ဟွာမင်းထျန် ဓားဆွဲထုတ်ခဲ့ချေပြီ။ ခန်းမကြီးတစ်ခုလုံးတွင် ဓားရောင်များ လင်းလက်သွားကြတော့၏။ “ခင်ဗျားကျုပ်ကို သတ်နိုင်တယ်ဆိုရင် သတ်လိုက်စမ်းပါ။ နောင်တမရဘဲ အသတ်ခံလိုက်မယ်။”

မားခုန်းချွင်-“ကောင်းလိုက်တဲ့စကားလုံးတွေ... ယောက်ျားစစ်စစ်တစ်ယောက်ရဲ့ စကားလုံးတွေပဲ။”

ဟွာမင်းထျန်-“ခင်ဗျား ခုချိန်ထိ ဘာဖြစ်လို့ မတ်တတ်ထမရပ်သေးတာလဲ။”

မားခုန်းချွင်-“မင်းကိုသတ်ဖို့ ကျုပ် မတ်တတ်ထရပ်စရာ မလိုပါဘူး။”

ဟွာမင်းထျန်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားကြချေပြီ။ သူ့လက်ဖျံများမှ သွေးကြောကြီးများ ထောင်ထလာခဲ့ကြတော့၏။

မားခုန်းချွင်သည် ထိုနေရာ၌ပင် အသံတိတ်ဆိတ်စွာ ထိုင်နေဆဲ။ သူ့မျက်လုံးများက ကွေးနေသည့် ဓားမော့သွားကို စိုက်ကြည့်နေကြ၏။ ဟွာမင်းထျန်ကို လုံးဝ လှည့်မကြည့်ခဲ့ပါ။ သူ့ခန္ဓာကိုယ်ထဲရှိ အသွေးအသားများအားလုံးသည် သံထည်ကြီးတစ်ခုလို မာကျောလာလေရော့သလော...။

ဟွာမင်းထျန်သည် မားခုန်းချွင်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ပြီး မားခုန်းချွင်၏လက်များကို အာရုံထား စိုက်ကြည့်နေ၏။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားဖျားမှာ တုန်ခါနေရပြီး သူ့လက်တစ်ဘက်သည်လည်း အဆက်အပြတ် တုန်ခါနေလေသည်။

ရုတ်တရက်ဆိုသလို... မာန်သွင်းလိုက်ပြီး သူ့ဓားရိပ်များက သက်တံရောင်စဉ်များလို ဖြာထွက်လာခဲ့ကြပြီး ဓားရိပ်နောက်ကွယ်မှ လူသည်လည်း ကပ်ပါလာခဲ့၏။

သို့သော် ထိုဓားရိပ်များက မားခုန်းချွင်ထံသို့ ဦးတည်လာခဲ့ခြင်းမဟုတ်... ဟွာမင်းထျန်သည် ဓားရိပ်များနှင့်အတူ ပြတင်းပေါက်နားသို့ ရောက်ရှိသွားတော့၏။

မားခုန်းချွင်က သက်ပြင်းချလိုက်ပြီး ရေရွတ်လိုက်၏။ “သနားစရာပဲ...”

သူ့စကားပင်မဆုံးသေး... လူသည် ရုတ်ကနဲ ပျံဝဲထွက်သွားခဲ့ပြီး ကိုင်ဆောင်ထားသည့် ဓားမော့သည်လည်း လင်းလက်သွားခဲ့၏။

“ထန်း”

ဓားသွားချင်း ထိခတ်သံ ထွက်ပေါ်လာသည်။ ဓားမော့ပင့်တင်ချက် ရပ်တန့်သွားခဲ့ရပြီး ဓားမော့၏ ဓားသွားသည် ဟွာမင်းထျန်၏ ဓားရှည် ဓားသွားတစ်လျှောက် အပေါ်ဘက်သို့ သံသံချင်းကြိတ်ပြီး ပွတ်တိုက်တက်လာခဲ့၏။

ဓားပညာရပ်နှင့် ပတ်သက်လာလျှင် ဟွာမင်းထျန်သည် လူညံ့တစ်ယောက် လုံးဝမဟုတ်။ သူ့တိုက်ကွက်များ၏ ကွက်ပြောင်းကွက်လွဲများက သမုဒ္ဒရာထဲရှိ လှိုင်းလုံးများလို များစွာ ပြောင်းလဲနိုင်သူဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ့ကွက်ပြောင်းကွက်လွဲများအားလုံးသည် ဓားမော့တစ်လက်ဖြင့် ပိတ်ဆို့ထားခြင်းကို ခံနေရလေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်းဆိုသလို လွန်စွာပေါ့ပါးလာပြီး လေဟာပြင်ထဲရောက်နေသူတစ်ယောက်လို ခံစားလိုက်ရသည်။ သိုင်းသမားတစ်ယောက်၏ အတွင်းအားကုန်သုံးပြီး တိုက်ခိုက်ချိန်တွင် ဤသို့ ခံစားကြရလေသည်။ သူ့မျက်နှာရှေ့တွင် ငွေရောင်ဓားရိပ်တစ်ခု ကခုန်ထွက်ပေါ်လာခဲ့ပြီးနောက် သူ့အသက်ရှူသံများ ရပ်တန့်သွားခဲ့ရသလို ခံစားလိုက်ရသည်။ ပြီးနောက် အရာအားလုံး အေးခဲလာသလို ခံစားလိုက်ရပြန်လေသည်။ အလွန်အေးစက်လွန်းသည့် ခံစားမှုဖြစ်သည်။

“မင်း ကျုပ်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့မယ်ဆိုရင်... အသက်ကို နှုတ်ယူဖို့လောက်ထိ အစီအစဉ်မရှိပါဘူးကွာ။”

ထိုစကားများသည် ဟွာမင်းထျန် နောက်ဆုံးကြားခဲ့ရသည့် စကားများပင် ဖြစ်လေသည်။

လျှပ်စီးလျှပ်ပန်းများ ရပ်တန့်သွားခဲ့ချေပြီ။ မိုးခြိမ်းသံများလည်း ရပ်တန့်သွားခဲ့ကြပြီ။ သို့သော် ကောင်းကင်ယံကြီးကတော့ ပို၍ပင် မှောင်မည်းလာလေတော့၏။

မားခုန်းချွင်သည် ထိုနေရာ၌ အသံတိတ်စွာ ရပ်နေမိ၏။ သူ့ကိုကြည့်ရသည်မှာ လွန်စွာပင်ပန်းနွမ်းနယ်နေပုံရသည်။

ကုန်းစွန်းတွမ့်၊ ဟွာမင်းထျန်နှင့် ယွင်ဇိုင်ထျန်းတို့၏ သက်မဲ့ခန္ဓာကိုယ်များက သူ့ရှေ့တွင် အစီအရီ ရှိနေကြသည်။ သူတို့အားလုံးသည် သူ၏အရင်းနှီးဆုံး မိတ်ဆွေများ၊ သူ အားအထားရဆုံး ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြ၏။ ယခုတော့ သူတို့အားလုံး အသက်ကင်းမဲ့စွာ ရှိနေကြလေပြီ။ ခံစားချက်မရှိတော့သော အလောင်းကောင်များအဖြစ် ရှိနေကြသည်မှာ မျက်နှာပြင်လုံးဝမရှိသော လူစိမ်းများကဲ့သို့ပင်။

သို့သော် သက်ရှိထင်ရှားရှိနေသူများသည် ခံစားချက် မမဲ့ကြ။ သူရဲကောင်းအိုကြီး၏ ခံစားချက်များကို မည်သူကများ လာရောက်နှစ်သိမ့် ခံစားပေးနိုင်ကြပါမည်နည်း။ သူ နေထိုင်ရှင်သန်နေခဲ့သည်မှာ မည်သည့်အရာများ အတွက်ပါနည်း။

နံရံထက်ရှိ သွေးများ ခြောက်သွေ့သွားခဲ့လေပြီ။ နံရံပေါ်ရှိ သွေးစီးကြောင်းများက ဆေးဖြင့် ဖျန်းပက်ရေးဆွဲထားသော မြင်းများ၏လည်ဆံမွှေးများလို...။

ခန်းမကြီးထဲသို့ လူနှစ်ယောက် လျှောက်လှမ်းဝင်ရောက်လာကြသည်။ ဤအခြေအနေမျိုးတွင် သူတို့သည် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြ။

သူတို့ကို လှည့်ကြည့်ရန် မားခုန်းချွင် မကြိုးစားခဲ့ပါ။ အတန်ကြာသောအခါမှ ဝမ်းနည်းကြေကွဲသံကြီးဖြင့် ပြောဆိုလိုက်၏။ “အမိန့်ထုတ်လိုက်ကြပါ။ မြင်းတစ်သောင်းဌာနရဲ့ အဖွဲ့ဝင်တိုင်း၊ မိသားစုဝင်တိုင်း ဥပုသ် စပြီးစောင့်ကြရမယ်။ ပြီးတာနဲ့ နယ်မြေတာဝန်ခံနှစ်ယောက်နဲ့ ဆရာကုန်းစွန်းတို့ရဲ့ အသုဘအခမ်းအနားအတွက် ပြင်ဆင်ကြရမယ်။”

+++++++++++++++++++++++++


“နယ်ခြားမြို့ရဲ့သိုင်းဗေဒါ” စာစဉ် (၁) ပြီးဆုံးပါပြီ။ ဖတ်ရှုအားပေးနေမှုများကို ကျေးဇူးတင်ပါတယ်။

စာစဉ် (၂) မျှော်...

+++++++++++++++++++++++++

စိုင်းနော်
June 07, 2011 16:46 hour
NYC

0 comments:

Post a Comment