Thursday, June 16, 2011

(၁) ဂြိုလ်မွှေသော ပန်းထိုးရာဇာ

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

ပြင်းလွန်းလှသည့် အပူရှိန်။ နေပူရှိန်သည် ဓားသွားများကို သယ်ဆောင်လာသည့် အလား၊ အဝါရောင်ဖုန်ထူထူ လမ်းလေးအပေါ် မညှာမတာ စူးရှစွာ ထိုးနှက်နေသည်။ ချန်းမန်တျန့်၏ မျက်နှာပေါ်မှ အမာရွတ်သည်ပင် အပူရှိန်ကြောင့် အနီရောင်သန်းနေလေပြီ။

အတိအကျ ပြောရမည် ဆိုရင်တော့၊ အမာရွတ်မှာ ၃ ခု ဖြစ်သည်။ ထို့အမာရွတ်များ အပြင် သူရရှိခဲ့သော အတွင်းဒဏ်ရာ ၇ ခု ၈ ခု ခန့်ကြောင့်လည်း၊ ယနေ့အခါ နာမည်တစ်လုံးနှင့် လူရိုသေရှင်ရိုသေ ဖြစ်နေခြင်းပင် ဖြစ်သည်။ ရာသီဥတု စိုထိုင်းထိုင်း ဖြစ်လာလျှင်၊ သို့မဟုတ် မိုးရွာလာလျှင်၊ သူ့အတွင်းဒဏ်ရာများက ဒုက္ခစပေးလေပြီ။ သူ့အရိုးအဆစ်များကို တစစ်စစ်ဖြင့် ကိုက်ခဲလာစေသည်။ သို့သော် ထိုဝေဒနာကပင် သူနုပျိုစဉ်အခါက ဆင်နွဲခဲ့သော ပြင်းထန်လှသည့် တိုက်ပွဲများကို ပြန်လည် အမှတ်ရစေပြီး၊ မဖော်ပြနိုင်လောက်သော စိတ်ကျေနပ်မှုကို ပေးလေသည်။



ကြမ်းတမ်းလှသော ဘ၀ခရီးလမ်းရှည်ကြီးကို ဖြတ်သန်းခဲ့ရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ တစ်လကို ငွေသား ၅၀၀ ရသည့်၊ ငြိမ်းချမ်းရေး တမန်တော် အာမခံလုပ်ငန်း၏ ဒုတိယ လုံခြုံရေးမှူးချုပ်ရာထူး ရဖို့ဆိုသည်မှာ၊ ပို၍ပင် မလွယ်သေးပါ။ သူ့အသက်သွေးချွေးများဖြင့် ရင်းခဲ့ရခြင်းပင် ဖြစ်သည်။ ယခုနောက်ပိုင်းတွင်တော့၊ သူကိုယ်တိုင် လိုက်လံစောင့်ရှောက်ပေးသည့် အလုပ် မရှိသလောက်ပင် ဖြစ်သည်။

ငြိမ်းချမ်းရေး တမန်တော် အာမခံလုပ်ငန်း၏ ခေါင်းဆောင်မှာလည်း သူနှင့် ဆရာတူတပည့်ပင် ဖြစ်သည်။ သူတို့နှစ်ယောက်အတွက်တော့ လွန်ခဲ့လေသော နှစ်ပေါင်းများစွာအတွင်းတွင်၊ ဘ၀သည် တည်ငြိမ်အေးချမ်း လွန်းလှသည်။ မနက်ခင်းများတွင် အနည်းငယ်မျှ သိုင်းလေ့ကျင့်လိုက်။ ညနေခင်းများတွင်တော့ အရက်သောက်လိုက်နှင့်ပင်။ အရှေ့တောင်ပိုင်း တခွင်တွင်တော့ ရွှေလှံတံနှင့် သံမဏိဓား အလံကိုမြင်ရုံနှင့်ပင်၊ မည်သူမျှ ငြိမ်းချမ်းရေး တမန်တော် အာမခံလုပ်ငန်းက သယ်ဆောင်လာသော ပစ္စည်းများ မထိရဲကြပါ။

သို့သော် ယခုတစ်ခေါက် သူတို့ပို့ဆောင်ပေးရသည့် ပစ္စည်းကတော့ အရေးကြီးလွန်းလှသဖြင့်၊ ပိုင်ရှင်က သူတို့ သိုင်းညီနောင်နှစ်ယောက်လုံး၊ လိုက်လံစောင့်ရှောက်ပေးဖို့ရာ တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ငြိမ်းချမ်းရေး တမန်တော် ခေါင်းဆောင်ကြီးက နေထိုင်မကောင်း ဖြစ်နေပြန်သဖြင့်၊ ချန်းမန်တျန့်ကပဲ၊ တစ်ဖက်ကို ၂၈ ပေါင် လေးသော သူ့လက်စွဲတော် သံမဏိဓားတစ်စုံကို ဆွဲကာ၊ ခရီးထွက်ခဲ့ရခြင်းပဲ ဖြစ်ပါသည်။

“လမ်းဖယ်ပေးကြပါ ... ငြိမ်းချမ်းရေး တမန်တော်အဖွဲ့ လာပါပြီ ... ”

ဦးလေးကျောင် ရှေ့ဆုံးမှနေ၍ လမ်းရှင်းပေးဖို့ရာ ဆော်ဩနေခြင်းဖြစ်သည်။ သူ ဤအလုပ်ကို လုပ်ခဲ့သည်မှာ၊ နှစ် ၂၀ ရှိချေပြီ။ လူငယ်လေးတစ်ယောက် မဟုတ်တော့သော်လည်း၊ သူ့မှာ အောင်မြင်သော အသံဝါကြီးတော့ ရှိနေပါသေးသည်။ အထူးသဖြင့် နေ့လည်စာစားချိန်က သောက်ခဲ့သော၊ မီးတောက်အရက်ခွက် တော်တော်များများကြောင့်၊ သူပို၍ပင် တက်ကြွနေပါသေးသည်။

ချန်းမန်တျန့်သည် အစိမ်းရောင် လက်ကိုင်ပုဝါတစ်ထည်ကို ဆွဲထုတ်ကာ၊ သူ့နှဖူးပေါ်မှ ချွေစက်များကို သုတ်ပစ်လိုက်သည်။ အချိန်သည် မည့်သူ့အပေါ်တွင်မျှ ကရုဏာတရား မထားပါတကား။ သူအသက်ရလာပြီ ဖြစ်ကြောင်းကို၊ ချက်ချင်း သတိပြုလိုက်မိသည်။ ယခု အာမခံခရီးပြီးလျှင်၊ သူ့အတွက် ဓားများကို ချပြီး၊ အငြိမ်းစားယူဖို့ အချိန် ဖြစ်ကောင်း ဖြစ်လိမ့်မည်။ ယခုလောလောဆယ်တော့ နေအပူရှိန်က ပြင်းထန်စွာ လောင်မြိုက်နေလေသည်။ ရှေ့နားတွင် အရိပ်ခိုစရာ တစ်နေရာလောက် တွေ့ပါက၊ ခဏတဖြုတ်လောက် အနားယူပြီးမှ၊ ခရီးဆက်ရန် စဉ်းစားလိုက်မိသည်။

ချန်းမန်တျန့် မြင်းချပ်ကြိုးကို တစ်ချက်ဆွဲလိုက်ကာ၊ ရှေ့ဆုံးသို့ရောက်အောင် မြင်းကို အသော့နှင်သွားလိုက်သည်။ ဦးလေးကျောင်ကို ခရီးတစ်ထောက်နားဖို့ အမိန့်ပေးလုဆဲဆဲမှာပင်၊ သူလူတစ်ယောက်ကို တွေ့လိုက်ရသည်။ လမ်းလည်ခေါင် တည့်တည့်တွင် ထိုင်ကာ၊ ဇာပန်းထိုးနေသော လူတစ်ယောက်။ လူကောင်ကြီးမားပြီး မုတ်ဆိတ်မွှေးများလည်း ရှိသည်။

ချန်းမန်တျန့်သည် သိုင်းလောကတွင် အနှစ် ၃၀ ခန့် ကျင်လည်ခဲ့ဖူးသော်လည်း၊ ဇာပန်းထိုးသော ယောက်ျား တစ်ယောက်မှ မတွေ့ဖူးခဲ့သေးချေ။ နေပူကျဲတဲအောက်တွင် လမ်းလည်ကောင်၌ ထိုင်ကာ ဇာပန်းထိုးနေသော ယောက်ျားတစ်ယောက် ဆိုလျှင်တော့၊ ပြောစရာဖွယ်ရာပင် မရှိ။

“ရူးများ နေတာလား”

တကယ်ကို အရူးတစ်ယောက်နှင့် တူလှပေသည်။ လမ်းမ မျက်နှာပြင်သည် ကြက်ဥကြော်လို့ ရလောက်အောင်ကို၊ ချစ်ချစ်တောက်ပူနေချိန်တွင်၊ ထိုသူသည် အနီရောင်နှင့် ခရမ်းရောင်စပ်ထားသော ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားလေသည်။

ထူးဆန်းသည့်အရာ တစ်ခုကတော့၊ အင်္ကျီတစ်ထပ်စီသာ ဝတ်ဆင်ထားသူများ အားလုံးက၊ ချွေးတလုံးလုံးနှင့် ဖြစ်နေချိန်တွင်၊ ထိုသူ၏ မျက်နှာပေါ်၌ ချွေးတစ်စက်မျှ မတွေ့ရခြင်းပင်။

ချန်းမန်တျန့်သည် မျက်မှောင်ကြုတ်ကာ၊ သူ့အဖွဲသားများကို လက်မြှောက်အချက်ပြ၍ ရပ်တန့်စေလိုက်ပြီး၊ ဦးလေးကျောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဦးလေးကျောင်သည် အတွေ့အကြုံရင့်ကျက်သော သိုင်းလောကသား တစ်ယောက် ဖြစ်ကာ၊ ချန်းမန်တျန့်၏ ပထမဆုံး အာမခံခရီးကတည်းကပင်၊ ချန်းမန်တျန့်၏ လက်စွဲတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့ဆရာ၏ ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်နားလည်ပြီးသား ဖြစ်သည်။ သူသည် ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီးနောက်၊ ထိုသူဆီသို့ လျှောက်သွားလိုက်သည်။

ထိုမုတ်ဆိတ်နှင့်လူကတော့ သူ့ဇာပန်းကိုသာ အာရုံစိုက်ပြီး ဆက်ထိုးနေလေသည်။ သူ့ကိုကြည့်ရသည်မှာ ရည်စားရကာစ မိန်းမပျိုးလေးတစ်ယောက်၊ အိပ်ယာပေါ်တွင် ထိုင်ကာ၊ သူ့မင်္ဂလာဝတ်စုံကို ပန်းထိုးနေသည့်အလားပင်။ သူ့ကြောင့် တစ်ဒါဇင်ခန့်ရှိသော မြည်းလှည်းများ ရပ်တန့်သွားခဲ့ကြရသည်ကိုလည်း၊ သတိပြုမိဟန်ပင် မပေါ်။

သူထိုးနေသော ဇာပန်းပွင့်မှာ အနက်ရောင် ပျိုနီပန်းလေးတစ်ပွင့်ဖြစ်သည်။ သူ့လက်ရာကတော့ သာမန်မိန်းကလေး တစ်ယောက်၏ လက်ရာထက် အများကြီး သာပေသည်။

“မိတ်ဆွေ၊ ခင်ဗျားရဲ့ ဇာပန်းထိုးလက်ရာကတော့၊ တော်တော်လေးကို ကောင်းပါရဲ့၊ ဒါပေမယ့် ဒီနေရာက ဇာပန်းထိုးရမယ့် နေရာမဟုတ်ဘူး”

ဦးလေးကျောင်က အသံကျယ်ကြီးဖြင့် လှမ်းပြောလိုက်သည်။ သူ့အသံက နဂိုကတည်းက ကျယ်ရသည့်အထဲ၊ ထိုသူကို ထိတ်လန့်သွားစေရန်၊ တမင်တကာ အသံကိုမြှင့်၍ ပြောလိုက်ခြင်းပင် ဖြစ်သည်။ သူတို့ထင်ထားသလို မဟုတ်ဘဲ၊ ထိုသူသည် မော့မကြည့်ရုံသာမက၊ မျက်တောင်ပင် တစ်ချက်မျှ မခတ်။

“ဒီလူက ရူးနေရုံတင် မကဘူး၊ နားပါ ကန်းနေတာများလား”

ဦးလေးကျောင် ဆက်လျှောက်သွားလိုက်ကာ၊ ထိုသူ၏ ပခုံးကို လှမ်းပုတ်လိုက်သည်။

“ဒီမယ် မိတ်ဆွေ ... ကျုပ်တို့ကို လမ်းလေး ဖယ်ပေးပါလား၊ ကြည့်ပါဦး ဒီမယ် ... ”

ဦးလေးကျောင်၏ စကားများ ရုတ်တရက် ရပ်တန့်သွားကာ၊ သူ့အမူအယာများလည်း ပြောင်းလဲသွားလေသည်။ ဦးလေးကျောင်သည် ထိုသူ၏ ပုခုံးကို လှမ်းပုတ်ချိန်တွင်၊ ထိုသူ့ လက်တွင်းရှိ ဇာပန်းထိုးအပ် အနည်းငယ်မျှ မြောက်တက်လာပြီး၊ ဦးလေးကျောင်၏ လက်ခုံကို မသိမသာ ဆိုရုံလေး ခြစ်သွားလိုက်သည်။ ဓားမော့ဖြင့် အခုတ်ခံရစဉ်တုန်းကပင် တစ်ချက်လေးတောင် မတွန့်ခဲ့သူတစ်ယောက်အတွက်၊ အပ်လေးဖြင့်တစ်ချောင်းဖြင့် အခြစ်ခံရသည်မှာ၊ စကားထဲ ထည်ပြောစရာပင် မဟုတ်။

ဦးလေးကျောင် အစကတော့ အမှုမထားချေ။ သို့သော် သူ့လက်ကို ပြန်ရုတ်ဖို့ ကြိုးစားလိုက်ချိန်တွင်တော့၊ သူ့လက်လှုပ်မရတော့သည်ကို သိလိုက်ရသည်။ သူခန္ဓာကိုယ် တစ်ခြမ်းလုံး အာရုံခံစား၍ မရတော့။ မည်သို့သော အောက်လမ်းနည်းဖြင့် စီရင်ထားသည့် အပ်များပါလိမ့်။

ဦးလေးကျောင် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ကာ၊ သူ့လက်ကို အသေအချာ ကြည့်ရှုစစ်ဆေးလိုက်သည်။ သူ့လက်ပေါ်တွင် ဒဏ်ရာရသည့် အရိပ်အယောင် လုံး၀မရှိ။ သူ့လက်ကိုသာ မည်သို့မှ လှုပ်၍ မရတော့ခြင်းဖြစ်သည်။ သူအံ့အားသင့်သွားသလို၊ ဒေါသလည်း အကြီးအကျယ် ထွက်သွားတော့သည်။

ချန်းမန်တျန့် မြင်းပေါ်မှ လွှားကနဲ ခုန်ဆင်းကာ၊ ထိုမုတ်ဆိတ်နှင့် လူဆီသို့ လျှောက်သွားလိုက်သည်။

“တော်တော်လေး လှတဲ့ ပျိုနီပန်းလေးပဲ မိတ်ဆွေ”

သူ့လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုရင်း၊ လှမ်းပြောလိုက်သည်။ မုတ်ဆိတ်နှင့်လူက မော့မကြည့်သေးချေ။ သို့သော် ရုတ်တရက် ရယ်မောလိုက်ကာ

“ကျုပ်က အခြားဟာတွေလည်း ထိုးတတ်ပါသေးတယ်”

“ဟုတ်လား ... ဘာတွေတုန်း”

“မျက်ကန်းတွေ”

“မျက်ကန်းပုံက ... ထိုးလို့ ဘယ်လွယ်ပါ့မတုန်း”

“ပြောရမယ်ဆိုရင်တော့၊ ကျုပ်အတွက်တော့ မျက်ကန်းပုံက ထိုးရတာ အလွယ်ဆုံးပဲ၊ နှစ်ချက် ထိုးလိုက်ရင်၊ မျက်ကန်းတစ်ယောက်ရပြီ”

“လုပ်စမ်းပါဦးဗျ ... ဘယ်လိုမျိုးတုန်း”

“ဟောဒီလိုမျိုး”

ထိုသူသည် ရုတ်တရက် ဦးလေးကျောင်၏ မျက်နှာပေါ်ကို အပ်ဖြင့် နှစ်ချက် လှမ်းထိုးလိုက်သည်။

ဦးလေးကျောင် သွေးရူးသွေးတန်း အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ၊ မြေကြီးပေါ်တွင် နာကျင်စွာညည်းညူရင်း လူးလှိမ့်နေရသည်။ သူ့လက်ချောင်းများကြား စီးကျလာသည်ကတော့၊ သွေးများ။ သူ့မျက်လုံး အစုံမှ၊ သွေးများ။

ချန်းမန်တျန့်၏ မျက်နှာ တင်းမာသွားကာ၊ သူ့ဓားကို လှမ်းဆွဲလိုက်သည်။

သို့သော် မုတ်ဆိတ်နှင့် လူကတော့ အေးအေးဆေးဆေး ထိုင်နေဆဲပင်။ သူ့အလုပ်ကိုသာ သူအာရုံစိုက်နေသည့် ပုံမျိုး။

“တွေ့တယ် မဟုတ်လား ... နှစ်ချက်ထိုးလိုက်ရင် မျက်ကန်းတစ်ကောင်ရတယ်”

“တော်တော်လေး မြန်တဲ့ အကွက်ပဲ မိတ်ဆွေ”

ချန်းမန်တျန့် အေးစက်စက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“မျက်ကန်းတွေ ထိုးရတာ ကျုပ် အကျွမ်းဆုံး အလုပ်ပဲ ... ၇၂ ချက် ထိုးပြီးရင် ... ကျုပ် မျက်ကန်း ၃၆ ကောင် ရပြီ”

မုတ်ဆိတ်နှင့် လူက ပြန်ပြောလိုက်သည်။

ယခုခရီးစဉ်အတွက် ချန်းမန်တျန့် ခေါ်လာခဲ့သူမှာ အရေအတွက်မှာ သူကိုယ်တိုင်အပါအဝင် အားလုံးပေါင်း ၃၆ ယောက် တိတိဖြစ်သည်။ သူနှင့်အတူပါလာခဲ့သူ အားလုံးမှာ ပထမတန်းစား သိုင်းသမားများ ဖြစ်ကြပြီး၊ သူတို့အာလုံး ချန်းမန်တျန့်နှင့် ရင်ဘောင်တန်းကာ အသင့်အနေအထားဖြင့် ရပ်နေကြပြီဖြစ်သည်။

“ခင်ဗျား ဘာကိုလိုချင်လို့လဲ ... ကလဲ့စားချေဖို့လား ... ကျုပ်တို့ရဲ့ ပစ္စည်းတွေကို ဓားပြတိုက်ဖို့လား”

ချန်းမန်တျန့်သည် အံ့အားသင့်သွားသော်လည်း၊ တည်တည်ငြိမ်ငြိမ်ပင် လှမ်းမေးလိုက်သည်။

“ကျုပ်က ဇာပန်းထိုးဖို့ လာတာပါ”

“ခင်ဗျားက ဘာများ ထိုးချင်လို့လဲ”

“အရင်ဆုံး မျက်ကန်း ၃၆ ကောင် ထိုးမယ်၊ ပြီးရင် ငွေသား ၈ သိန်းလောက်တန်တဲ့ မြင်းလှည်းတွေကို၊ အိမ်သယ်သွားဖို့ ထိုးမယ်”

ချန်းမန်တျန့်လည်း ရယ်မောလိုက်ကာ

“ရီတော့ ရီရသား ... ဟောဒီက ကျုပ်ရဲ့ဓားနဲ့လည်း ပုံတွေ ထိုးလို့ရတယ်”

“ဘာပုံလဲ”

“လူသေ”

ချန်းမန်တျန့် ရယ်သံရပ်သွားသည်။ သူ့ဓားကို ဓားအိမ်ထဲမှာ ဆွဲထုတ်ပြီးဖြစ်သည်။

သူ့၏ သံမဏိဓားမှာ အမြင်တွင်တော့ လေးလံလှသည့်ပုံ မပေါက်။ သို့သော် ထိုဓားသည် ရာဇဝင်ထဲမှ နာမည်ကျော် ]သံမဏိဓားလုလင်} အသုံးပြုခဲ့သည့် ဓားပင်ဖြစ်သည်။ ထိုဓားနှင့်ပင် အနှစ် ၄၀ လောက် သေအတူ ရှင်မကွာ၊ တိုက်ပွဲဝင်ခဲ့၍သာ၊ ယခုအချိန်ထိ အသက်ရှင်နေသေးသည် မဟုတ်ပါလား။

သူ့တပည့်များကလည်း သိမ်းငှက်တောင် ဓားမော့၊ ဝိညာဉ်ခြွေ လှံပျံ၊ ငရဲတံခါး ဓားရှည် စသဖြင့် လက်နက်များကို အသီးသီး ဆွဲထုတ်လိုက်ကြပြီး ဖြစ်သည်။ အာမခံလုပ်ငန်း လုပ်ကိုင်နေသူများ အဖို့တော့၊ ဓားပြများဖြင့် တိုက်ခိုက်ရာတွင်၊ သိုင်းလောက၏ ဥပဒေ စည်းကမ်းများ လိုက်နာစရာ မလိုပါ။ တစ်ယောက် တစ်ယောက်ချင်းသာ တိုက်ခိုက်ခြင်းမျိုး လုပ်လေ့မရှိ။

“လျန်ကျန်းကျိ အသင့်ပြင်ထား၊ သူ့မျက်လုံးကို ရအောင်ဖောက်”

ချန်းမန်တျန့် အော်ပြောလိုက်သည်။

သူများတကာကို မျက်စိကန်းအောင် လုပ်ချင်သူအား၊ သူများတကာကလည်း မျက်စိကန်းစေချင်မည် မဟုတ်ပါလား။ ဤကား လောကဓမ္မတာပင်။ “သွားချောင်းတစ်ချောင်း ကျိုးလျှင် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးကန်းလျှင် မျက်လုံးတစ်လုံး အလျှော်ပေးရခြင်း”။ သို့သော် မုတ်ဆိတ်နှင့် လူကတော့၊ သူ့ဆီသို့ ၁၃ ကီလိုကျော်လေးသည့် ဓားတစ်လက် တရှိန်ထိုး ဝင်လာသည့်တိုင်အောင်၊ ဇာပန်းထိုး မပျက်ချေ။

ဝိညာဉ်ခြွေ လှံပျံက အဆိပ်နဂါးရေသောက်ဆင်း သိုင်းကွက်ကို ခင်းကာ၊ ထိုသူ၏ လက်ကောက်ဝတ်ဆီသို့ တိုက်ခိုက်လိုက်လေသည်။ ငြိမ်းချမ်းရေး တမန်တော် အာမခံအဖွဲ့သားများ အားလုံးကို၊ သူတို့ခေါင်းဆောင် ညီနောင်နှစ်ဦးမှ၊ မတူညီသော တိုက်ခိုက်မှုပုံစံ တစ်မျိုးစီ ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့စုပေါင်း တိုက်ခိုက်သောအခါ၊ တစ်ယောက်၏ တိုက်ကွက် အခြားတစ်ယောက်က ဖြည့်စည်းပံ့ပိုးပေးရာကျပြီး၊ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ကဲ ... ပြီးပြီ”

မုတ်ဆိတ်နှင့်လူက ရုတ်တရက် ရယ်မောက ပြောဆိုလိုက်သည်။ သူ၏ ပျိုနီပန်းကို လက်စသတ်လိုက်ပြီးနောက်၊ သူ့လက်ထဲမှအပ် ဘေးဖက်သို့ ဆတ်ကနဲ ထွက်လာသည်။ ချန်းမန်တျန့်သည် အေးစိမ့်သော အလင်းတန်းတစ်ခုက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်ကို၊ ခံစားလိုက်ရပြီးနောက်၊ ထိုအလင်းတန်းသည် သူ့မျက်လုံးများရှေ့သို့ ရုတ်တရက် ရောက်လာကြောင်း သတိပြုမိလိုက်သည်။

မည်သူ့မျှ စကားလုံးဖြင့် ဖော်မပြနိုင်လောက်သော လျှင်မြန်မှု။ မည်သူမျှလည်း ရှောင်တိမ်း နိုင်လိမ့်မည် မဟုတ်။ ချန်းမန်တျန့် နာကျင်စွာ ညည်းညူလိုက်ပြီးနောက်၊ သူ့လက်ထဲမှ ဓားလွတ်ထွက်သွားပြီး၊ သူ့ခန္ဓာကိုယ်ကြီးကတော့ မြေကြီးပေါ်သို့ လဲပြိုကျသွားသည်။

“ဒုတ်”

သံမဏိဓားကြီးသည် လမ်းမဘေးရှိ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်အတွင်းသို့ ၃ ပေခန့် စိုက်ဝင်သွားခဲ့လေသည်။ ထိုအချိန်တွင် မုတ်ဆိတ်နှင့်လူကတော့ စတုတ္တမြောက် မျက်မမြင်တစ်ယောက်ကို ထိုးပြီးလေပြီ။

၇၂ ချက်။ မျက်မမြင် ၃၆ ယောက်။ လျှင်မြန်လိုက်လေခြင်း။ ရက်စက်လိုက်လေခြင်း။ ပိတ်စတစ်စ ချန်းမန်တျန့်၏ မျက်နှာပေါ်သို့ ကျလာသည်။ ပျိုနီပန်းပွင့်ကြီးတစ်ပွင့်ပုံ ထိုးထားသော ဇာပိတ်စ။

+++++

ကျန်းချောင်းဝေ လမ်းလျှောက်လိုက်တိုင်း၊ သံစုံ မြည်လေ့ရှိသည်မှာ၊ သူကိုယ်တိုင် ခေါင်းလောင်းတစ်လုံး ဖြစ်နေသကဲ့သို့ပင်။ သူသည် ခေါင်းလောင်းတစ်လုံး မဟုတ်သည်ကတော့ အသေအချာပင်။ ကျန်းချောင်းဝေသည် အရှေ့မြောက် နန်းတော်ဆောင်၏ လုံခြုံရေးမှူးချုပ် ဖြစ်သည်။ လူအများ ရိုသေလေးစားခြင်း ခံရသူ ဖြစ်ပြီး၊ အာဏာစက်ပြင်းလွန်းသူ တစ်ယောက်လည်း ဖြစ်ပေသည်။

နန်းတော်တွင်း၌ အထူးလျို့ဝှက်သောနေရာများရှိလေသည်။ ထိုနေရာများသို့ သွားရာလမ်းတွင် တံခါးများ ရှိကြသလို၊ ထိုတံခါးများကို သော့ခတ်ထားသည်မှာလည်း၊ ပြောစရာပင်မလို။ ထိုသော့များ အားလုံးကို သူက ထိန်းသိမ်းစောင့်ရှောက်ရသူ ဖြစ်လေသည်။ သော့တွဲ ၃၀ ခန့် ကိုယ်ပေါ်တွင် သယ်ဆောင်ထားရသူ တစ်ယောက်အဖို့တော့၊ လမ်းလျှောက်တိုင်း သံစုံမြည်သည်မှာ မဆန်းပေ။

ကျန်းချောင်းဝေသည် အမှန်တကယ်ပင် ယုံကြည့်စိတ်ချခြင်း ခံရထိုက်သူလည်း ဖြစ်သည်။ သူသည် အေးဆေးတည်ငြိမ်ကာ၊ စေ့စပ်သေချာမှုရှိသလို၊ သစ္စာစောင့်သိမှုကလည်း အရိုးထဲအထိအောင် စွဲနေသူဖြစ်သည်။ ထို့အပြင် သူသည် ]ကိုယ်စောင့်နတ် ၁၃ ပါး} ကျင့်စဉ်ကို လေ့ကျင့်ထားသူဖြစ်သည်။ ထို့ကြောင့် သူခန္ဓာကိုယ်သည် ဓားများ လှံများ တိုးမပေါက်သည့် အဆင့်သို့ မရောက်သည့် တိုင်အောင်မှ၊ သူ့ကို နာကျင်အောင် လုပ်ဖို့ရာ အလွန်တရာမှ၊ ခဲယဉ်းလှလေသည်။ သို့သော် သူများတကာကို နာကျင်အောင်လုပ်ဖို့ကတော့ သူအတွက် မခဲယဉ်းပါ။

သူသည် သံမဏိသဲမှုန် လက်ဝါးသိုင်းကို ၉၀% အထိ အောင်မြင်အောင် ကျင့်ထားပြီးသူ ဖြစ်သည်။ သူ့လက်ဝါးသည် ကျောက်ဆောင်များကို ဖြိုခွဲနိုင်ပြီး၊ တော်ရုံ ကျောက်တုံး ကျောက်ခဲလောက်ကို အမှုန့်ဖြစ်သွားစေနိုင်လေသည်။

အိမ်ရှေ့မင်းသားသည် သူ့ကို သော့တစ်ခု အပ်လိုက်တိုင်း၊ စိတ်ထဲတွင် အမြဲတမ်း သက်သာရာ ရသွားလေ့ ရှိသည်။ သော့အတွက် လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း တပ်အပ်သိနေသောကြောင့်ပင်။

ယခုလည်း သူသည် စိန်လည်စွဲ တစ်ခုနှင့် ပွဲလမ်းသဘင်များတွင် သုံးလေ့ရှိသော၊ ကျောက်စိမ်းတံဆိပ်ပြား တစ်စုံကို၊ ဘဏ္ဍတော်တိုက်မှ ထုတ်ယူရန် သွားနေခြင်းဖြစ်သည်။ ယနေ့သည် အိမ်ရှေ့မင်းသား၏ အသည်းစွဲ ကိုယ်လုပ်တော် တစ်ယောက်၏ မွေးနေ့ဖြစ်ပြီး၊ ထိုပစ္စည်းများကို မွေးနေ့လက်ဆောင်အဖြစ် ပေးမည်ဟု၊ အိမ်ရှေ့မင်းသားမှ ကတိပေးထားပြီး ဖြစ်သောကြောင့်ပင်။ ယောက်ျm;တို့ ထုံးစံအတိုင်း၊ အိမ်ရှေ့မင်းသားသည် သူချစ်သော မိန်းမများအပေါ်တွင်၊ လွန်စွာရက်ရောတတ်သူ ဖြစ်လေသည်။

စင်္ကြန်လမ်းရှည်သည် တိတ်ဆိတ်ငြိမ်သက် လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ဘဏ္ဍတော်တိုက်နှင့် နီးကပ်လွန်းလှသောကြောင့်၊ ဖြတ်သန်းသွာလာသူ မှန်သမျှ၊ သေဒဏ်အပေးခံရမည် ဖြစ်လေသည်။

ထိုကန့်သတ်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့်၊ ခြေလှမ်း ၇-၈ လှမ်း အကွာတိုင်းတွင် ကျောက်ရုပ်ထုများအလား ရပ်နေသော အစောင့်တစ်ယောက် ရှိသည်။ ထိုအစောင့်များ အားလုံးသည် ကျန်းချောင်းဝေကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ထားသူများ ဖြစ်လေသည်။

ထိုအစောင့်များသည် ပြင်းထန်လွန်းလှသော သင်တန်းများကို ဖြတ်သန်းခဲ့ရသူများ ဖြစ်ကာ၊ သူတို့မျက်နှာပေါ်တွင် ယင်ကောင်လာနားသည် ဖြစ်စေ၊ သူတို့ခြေထောက်ကို တစ်ယောက်ယောက်က တက်နင်းသည်ဖြစ်စေ၊ နည်းနည်းလေးမှ လှုပ်မည် မဟုတ်ချေ။ ကျန်းချောင်ဝေသည် သူတို့အပေါ် ဩဇာညောင်းလှသလို၊ သူတို့ကို ပေးထားသည့် အမိန်မှာလည်း ရှင်းလင်းပြတ်သား လှပေသည်။ တစ်စုံတစ်ယောက် လစ်လျူပေါ့ရော့မှုကြောင့်၊ ခွေးတစ်ကောင်မျှ ထိုနယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်ပဲ ဖြစ်ပါစေ၊ သူတို့အတွက် သေဒဏ်က စောင့်နေမည် ဖြစ်သည်။ ကျန်းချောင်းဝေ ကိုယ်တိုင်ပင် ထိုနေရာသို့ ဝင်ရောက်ရန်အတွက်၊ စကားဝှက်ကို ပြောရလေသည်။

ယနေ့အတွက် စကားဝှက်ကတော့ ]နေနဲ့လ ပြိုင်တူထွန်းပ} ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဗေဒင်ကိန်းခန်းများ အလိုအရ ယနေ့သည် နေ့ကောင်းရက်သာ တစ်ရက် ဖြစ်သောကြောင့်ပင်။

အမြဲတမ်းလိုလို တင်းမာနေတတ်သော ကျန်းချောင်းဝေ၏ မျက်နှာပေါ်တွင် ယနေ့တော့ ပျော်ရွှင်မှုအရိပ်ယောင် အနည်းမျှ မြင်တွေ့နိုင်သည်။ အိမ်ရှေ့မင်းသား၏ ကိုယ်လုပ်တော် မွေးနေ့ပွဲကို တက်ရောက်ရန် သူလည်း အဖိတ်ကြား ခံထားရခြင်းကြောင့် ဖြစ်ပေသည်။ ယခုကိစ္စပြီးပြတ်သည်နှင့် အဝတ်အစားအမြန်လဲကာ၊ မွေးနေ့ပွဲသို့ တက်ရောက်ရမည် ဖြစ်ပေသည်။ ထို့ကြောင့် သူ့ခြေလှမ်းများက ခါတိုင်းထက် ပိုမြန်နေလေသည်။

ခါးတွင် ဓားမော့ကိုယ်စီ ချိတ်ဆွဲထားသော၊ ပိုးဝတ်စုံဝတ် အစောင့် ၈ ယောက်က သူ့နောက်မှ ခြံရံကာ လိုက်လာကြသည်။ နန်းတွင်းရှိ အစောင့်များထဲတွင် ပိုးဝတ်စုံဝတ် အစောင့်များမှာ အတော်ဆုံးဖြစ်သည့်အပြင်၊ ယခုအစောင့် ၈ ယောက်မှ၊ ပိုးဝတ်စုံဝတ် အစောင့် ၁၀၀ ကျော် အနက်မှ၊ စိတ်တိုင်းကျ ရွေးချယ်ထားသော အကောင်းဆုံး သိုင်းသမားများ ဖြစ်ကြသည်။ ကျန်းချောင်းဝေသည် အစစအရာရာ စေ့စပ်သေချာသူ တစ်ယောက်ပင် မဟုတ်ပါလား။

ဘဏ္ဍတော်တိုက်သို့ သွားရာလမ်းတွင်၊ တစ်မီတာခန့် ထူထဲလှသော တံခါးကြီး ၃ ထပ်ရှိကာ၊ ထိုတံခါးကြီးများပေါ်မှ သော့ခလောက်ကြီးများသည်၊ သော့လုပ်သူများထံသို့ အထူးသီးသန့် မှာကြားကာ၊ ပြုလုပ်ခိုင်းထားသော သော့ခလောက်များ ဖြစ်ကြသည်။

ကျန်းချောင်းဝေ နောက်ဆုံး တံခါးကြီးကို ဖွင့်လိုက်ချိန်တွင်၊ အေးစက် စိုထိုင်းသောလေက သူ့မျက်နှာကို ပွတ်တိုက်သွားလေသည်။

ဤဘဏ္ဍတော်တိုက်သည် ကမ္ဘာပေါ်ရှိ ဘဏ္ဍတော်တိုက် အများစု ကဲ့သို့ပင်၊ အေးစက် ထိုင်းမှိုင်းပြီး၊ မဲမှောင်နေသည်မှာ၊ ခြောက်ခြားစရာပင် ကောင်းတော့သည်။ သင်္ချိုင်းဂူကြီး တစ်ခုအလားပင်။

မတူသည့် တစ်ချက်ကတော့၊ သင်္ချိုင်းဂူများ အတွင်း၌ အနည်းဆုံး လူသေများတော့ ရှိကြသေးသည်။ ဤဘဏ္ဍတော်တိုက်သည် အတွင်း၌တော့ ပုရွတ်ဆိတ်သေ တစ်ကောင်ပင် မရှိချေ။

ဘဏ္ဍတော်တိုက်တွင်းသို့ ဝင်မိတိုင်း ကျန်းချောင်းဝေသည် ထူးဆန်းသော အတွေးတစ်ခုကို အမြဲတွေးမိသည်။ လူတစ်ယောက်အား ဤဘဏ္ဍတော်တိုက်အတွင်းမှာ ရတနာများအားလုံး ပေးပါမည်။ သို့သော် ဤဘဏ္ဍတော်တိုက်အတွင်း၌ပင် နေရမည်ဆိုပါက၊ နေချင်မည့်သူ ရှိပါမည်လား။ တစ်ကမ္ဘာလုံးက ရတနာများအားလုံး ပုံပေးမည် ဆိုရင်တောင်၊ ဤနေရာမျိုးတွင် မည်သူကမှ တစ်ရက်မျှပင် နေချင်မည် မထင်။

ယခုအခေါက် ဘဏ္ဍတော်တိုက်တွင်းသို့ ဝင်လိုက်ချိန်တွင်လည်း ထိုအတွေးက သူ့ခေါင်းထဲ ဝင်လာပြန်သည်။ သူ့စိတ်ထဲတွင် ရှိသည့် ဆန္ဒကတော့၊ လုပ်စရာရှိတာ မြန်မြန်လုပ်ကာ၊ ထိုနေရာမှ အမြန်ဆုံး ပြန်ထွက်ရန်ပင်ဖြစ်သည်။ ဤဘဏ္ဍတော်တိုက်တွင်းသို့ ဝင်ပြီးနောက်၊ ပြန်မထွက်နိုင်တော့သည့် အဖြစ်မျိုး ကြုံရလေမည်ဟုတော့၊ တစ်ခါမျှပင် မတွေးမိခဲ့ချေ။

မယုံကြည့်နိုင်စရာပင်။ ခြောက်ခြားစရာ ကောင်းအောင် အေးစက် ထိုင်းမှိုင်းပြီး၊ မဲမှောင်နေသော ဘဏ္ဍတော်တိုက် အတွင်း၌ လူတစ်ယောက် ရှိနေသည်။ အသက်ရှင်လျှက် ရှိနေသေးသော၊ လူတစ်ယောက်။

ထိုသူ့၏ မျက်နှာပြင်ကို မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများက ဖုံးလွှမ်းထားပြီး၊ ထိုသူသည် အနီရောင်နှင့် ခရမ်းရောင် စပ်ထားသော ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားကာ၊ မယုံကြည်နိုင်စရာပင်၊ ရတနာသေတ္တာတစ်လုံးပေါ်တွင် ထိုင်ကာ၊ ဇာပန်းထိုးနေလေသည်။

ဤအဖြစ်မျိုးကို ကျန်းချောင်းဝေ အိပ်မက်ထဲ၌ပင် မမက်ဖူးခဲ့ပေ။ ထို့ကြောင့် သူ့မျက်လုံးများကို သူ မယုံကြည်နိုင်အောင် ဖြစ်နေရတော့သည်။ သို့သော် သူ့ရှေ့တွင်တော့ တကယ့်လူတစ်ယောက် ထိုင်ကာ ဇာပန်းထိုးနေခြင်းပင်ဖြစ်သည်။ သက်ရှိ လူသားစစ်စစ် တစ်ယောက်။

“ဒီလူဟာ သရဲများလား ... သရဲမဟုတ်ဘဲ ဘယ်သူကများ ဒီအထဲ ရောက်နေနိုင်ဦးပါ့မလဲ”

ကျန်းချောင်းဝေသည် သူ့ကိုယ်သူ သတိမထားမိခင်မှာပင်၊ ကျောရိုးထဲတွင်း စိမ့်ကနဲ ဖြစ်သွားကာ၊ တစ်ချက်တွန့်သွားသည်။ မုတ်ဆိတ်နှင့်လူကတော့ ဇာပန်းကိုသာ အာရုံစိုက်ကာ ထိုးနေသည်။ သူ့ကိုကြည့်ရသည်မှာ မိန်းမပျိုလေးတစ်ယောက်၊ ကုတင်ပေါ်တွင်ထိုင်ကာ၊ သူ့ချစ်သူအကြောင်း စဉ်းစားရင်း ပန်းထိုးနေသည့်နှယ်။ သူသည် အနက်ရောင် ပျိုနီပန်းတစ်ပွင့်ကို အနီရောင် ပိတ်စပေါ်၌ ထိုးနေခြင်း ဖြစ်သည်။

“မင်း ဒီအထဲကို ဘယ်လို ဝင်လာတာလဲ”

ကျန်းချောင်းဝေသည် စိတ်ကိုထိန်းကာ လှမ်းမေးလိုက်သည်။

“လမ်းလျှောက်ဝင်လာတာ”

မုတ်ဆိတ်နှင့်လူသည် မော့ပင်မကြည့်ဘဲ၊ ပြန်ဖြေလိုက်သည်။

“ဒါ ဘယ်လိုနေရာမျိုးလဲ မင်းသိရဲ့လား”

“ဇာပန်းထိုးတဲ့ နေရာလေ”

“အဲဒီတော့ မင်းက ဒီကို ဇာပန်းထိုးဖို့ လာခဲ့သာ သက်သက်ပေါ့”

ကျန်းချောင်းဝေသည် အေးစက်စက် ရယ်မောလိုက်သည်။

“အကြောင်းကတော့ ကျုပ်ထိုးချင်တဲ့ ပုံက ဒီအထဲမှာမှ ထိုးလို့ရမှာမို့လို့ပါ”

မုတ်ဆိတ်နှင့်လူသည် ခေါင်းကိုငြိမ့်ပြရင်း ပြန်ပြောလိုက်သည်။

“ဘာပုံကို ထိုးချင်တာတုန်း ဆိုစမ်းပါဦး”

“မျက်ကန်း ကျန်းချောင်းဝေ”

ကျန်းချောင်းဝေသည် ခေါင်းကို နောက်သို့လှန်ကာ၊ အားရပါးရ ရယ်မောလိုက်သည်။ သူ ဒေါသအကြီးအကျယ် ထွက်ကာ လူသတ်ကာနီးအချိန်တွင်မှ၊ ထိုကဲ့သို ရယ်လေ့ရှိခြင်းဖြစ်သည်။ သူ့ရယ်သံ ပဲ့တင်ထပ်နေဆဲမှာပင်၊ သူ့ခန္ဓာကိုယ် ရှေ့သို့တိုးဝင်သွားသည်။ သူ့၏ ကျောက်တောင်ဖြို ]သံမဏိသဲမှုန် လက်ဝါး} သိုင်းကွက်ကို ထုတ်လိုက်ချိန်တွင်၊ သူ့လက်ဝါးများသည် ကျားလက်သည်းများအလား လေတိုးသံများနှင့်အတူ လေထုကို ဖြတ်သန်းလာလေသည်။

ထိုအချိန်တွင် ရုတ်တရက် ဆိုသလို သူ့လက်ဝါး၏ အလည်ဗဟို၌ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ပျားတုတ်ခံလိုက်ရသည်မျိုးပင်။ သို့သော် သူ့လက်ဝါးများမှ အားအင်များကတော့ ရုတ်ချည်း မယုံနိုင်စွာပင် တစမကျန်ကို ပျောက်ကွယ်သွားသည်။ ထိုအချိန်လေးမှာပင်၊ အေးစက်သော အလင်းတန်းတစ်ခု သူ့မျက်စိရှေ့သို့ ရောက်လာလေသည်။

]ကိုယ်စောင့်နတ် ၁၃ ပါး} ကျင့်စဉ်သည် ခန္ဓာကိုယ်ကို မာကျောလာအောင် လေ့ကျင့်နည်းများအနက်၊ အကောင်းဆုံးနည်းဟု ဆိုလျှင် မှားမည်မဟုတ်။ သို့သော် ထိုကျင့်စဉ်ထဲတွင် မျက်လုံးများ အတွက်တော့ မပါချေ။

အပြင်ရှိ အစောင့်များသည် ကျန်းချောင်းဝေ၏ သွေးရူးသွေးတန်း အော်ဟစ်လိုက်သံကို ကြားသည်နှင့် ဘဏ္ဍတော်တိုက်တွင်းသို့ ကမန်းကတန်း ဝင်ရောက်ရန် ကြိုးစားကြသော်လည်း၊ သံမဏိတံခါးကြီးမှာ အတွင်းဖက်မှာ သော့ခတ်ပြီးသား ဖြစ်နေသည်။ သူတို့ တံခါးကြီးကို ချိုးဖျက်၍ ဝင်ရောက်သွားချိန်တွင်တော့၊ ကြမ်းပြင်ပေါ်တွင် သတိမေ့ကာ လဲနေသော ကျန်းချောင်းဝေကိုသာ တွေ့လိုက်ကြရသည်။ သူ့မျက်နှာပေါ်တွင် သွေးစွန်းနေသော အနီရောင် အဝတ်စတစ်ခု။ ထိုအဝတ်စပေါ်တွင်တော့ အနက်ရောင် ပျိုနီပန်းတစ်ပွင့်ပုံ။

+++++

ဘုရားဝတ်ပြုခန်းထဲတွင် အမွှေးတိုင်များ ထွန်းညှိထားပြီး ဖြစ်သည်။ ဟွာမင်းလိုသည် ရေမိုးချိုးပြီးနောက်၊ ထိုအခန်းထဲတွင် တိတ်တဆိတ် ထိုင်စောင့်နေလေသည်။

ကြက်ဟင်းခါးသီး ကိုယ်တော်၏ အချက်အပြုတ်လက်ရာကို မြည်းစမ်းလိုသူတိုင်းသည်၊ ကိုယ်လက်သန့်စင်မှု အရင်ပြုလုပ်ရသည် အပြင်၊ စိတ်ကိုလည်း ရှည်ရှည်ထားနိုင်မှရသည်။ ကြက်ဟင်းခါးသီး ကိုယ်တော်သည် မကြာခဏ ချက်ပြုတ်ကျွေးမွေး တတ်သူမျိုးမဟုတ်။ သူ ချက်ပြုတ်ကျွေးမွေးဖို့ရာက၊ ရောက်ရှိနေသည့် ဧည်သည့်အမျိုးအစားနှင့် သူစိတ်ကောင်း ဝင်နေ၊ မနေ ပေါ် မူတည်ပေသည်။

ယနေ့ ရောက်ရှိနေသည် ဧည့်သည်များကတော့ အထူးပြောနေစရာမလိုချေ။ ဟွာမင်းလိုအပြင် ထင်းရှူး ဖိုးသူတော်လည်း ရှိနေသည်။ ထို့အပြင် သူ့ကိုယ်သူ စစ်တုရင်တွင် အဆင့် ၁၊ ကဗျာနှင့် အရက်သောက်ခြင်းတွင် အဆင့် ၂၊ ဓားပညာတွင် အဆင့် ၃ ဟု၊ သတ်မှတ်ထားသူ သစ်သားရသေ့ကြီးလည်း ရှိနေသည်။

ဤလူသိုက်သည် သာမန်ကာလျှံကာ ဧည့်သည်များ မဟုတ်သည်မှာ အသေအချာပင်။ ထို့ကြောင့်လည်း ကြက်ဟင်းခါးသီး ကိုယ်တော် အလွန်ပျော်ရွှင်နေခြင်းပင် ဖြစ်သည်။ အဆုံးအစမဲ့ ကျယ်ပြောလှသော ညနေခင်း၏ ကောင်းကင်အောက်တွင်၊ နေဝင်ချိန် ခေါင်းလောင်းထိုးသံများကို ပီပီသသ ကြားနေကြရသည်။ ဟွာမင်းလို အပြင်သို ထွက်လာချိန်တွင်တော့၊ ထင်ရှူး ဖိုးသူတော်နှင့် သစ်သားရသေ့ကြီးတို့သည် သူ့ကို အရှေ့ကွပ်လပ်လေးတွင် စောင့်နေကြသည်။ ညလေညင်းက ဝါးတောအုပ်လေးကို ဖြတ်ကာ တိုက်ခတ်လာနေသည်။ ပူပြင်းလှသောနေ့သည် ညနေခင်း၏ အခြားတစ်ဖက်ခြမ်းသို့ ရောက်သွားခဲ့လေပြီ။

“ဆရာကြီးတို့နှစ်ယောက်ကို စောင့်ခိုင်းထားမိသလို ဖြစ်သွားတယ်၊ အားနာလိုက်တာဗျာ”

ဟွာမင်းလိုသည် ပြုံးပြရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။

သစ်သားရသေ့ကြီးက ရယ်မောလိုက်သည်။ အများနှင့်မတူ၊ စည်းမဲ့ကမ်းမဲ့ နေလေ့ရှိသည့် ဝူတန်းဂိုဏ်း၏ ဝါအရင့်ဆုံး ရသေ့ကြီးသည်လည်း၊ သူဝတ်နေကျ အဖာတစ်ရာခန့်ရှိသည့် ဝတ်ရုံကြီးကို၊ အပြာရောင် တောက်ပနေသော ဝတ်ရုံသစ်တစ်ခုနှင့် လဲထားပြီး ဖြစ်လေသည်။ သူများတကာ အထင်အမြင်သေးမည် စိုးရိမ်သောကြောင့်တော့ မဟုတ်ချေ။

သူသည် လူ့အသိုင်းအဝိုင်း၏ စံနှုန်းသတ်မှတ်ချက်များကို မလိုက်နာချင်သောကြောင့်၊ ဝူတန်းဂိုဏ်းချုပ်ရာထူးကို အလွယ်တကူ စွန့်လွှတ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သို့သော် ယခု ကြက်ဟင်းခါးသီး ကိုယ်တော်၏ အထူးလက်ရာကို၊ မြည်းစမ်းဖို့အတွက်တော့၊ အနည်းငယ်မျှ ‘ဒုက္ခခံဖို့၊ သူဝန်မလေးပါ။

ကြက်ဟင်းခါးသီး ကိုယ်တော်၏ စိတ်နေစိတ်ထား ဆန်းကြယ်လှပုံကိုလည်း လူတိုင်းသိကြပြီး ဖြစ်ပေသည်။

ထင်းရှူး ဖိုးသူတော်သည် သက်ပြင်းချလျှက် လှမ်းပြောလိုက်သည်။

“နောက်ဆုံးတော့ ရသေ့ကြီးပြောတာ မှန်နေပါ့လားဟေ့”

“ရသေ့ကြီးက ဘာများ ပြောခဲ့လို့ပါလဲ ခင်ဗျ”

ဟွာမင်းလိုက ပြန်မေးလိုက်သည်။

“ငါတို့ ရောက်နေတာ မင်းသိမှာ သေချာတယ်လို့၊ ငါတို့ ဘယ်လောက်ပဲ တိတ်တိတ်လေး စောင့်နေလဲ မင်းသိမှာပဲလို့၊ သူကို ပြောထားတာ”

သစ်သားရသေ့ကြီးသည် ရယ်မောလျှက် ပြန်ပြောလိုက်သည်။

“ဒါပေမယ့် မင်း ဘယ်လိုလုပ်ပြီး ငါတို့ရောက်နေတာကို သိသလဲ ဆိုတာ၊ ငါတော့ ဘယ်လိုမှ စဉ်းစားလို့ကို မရဘူး”

ထင်းရှူး ဖိုးသူတော်သည် သက်ပြင်းချရင်း ထပ်ပြောလိုက်ပြန်သည်။

“ကျုပ်ရောပဲဗျို့”

သစ်သားရသေ့ကြီးက ဝင်ပြောလိုက်သည်။

“ဒါပေမယ့် ကျုပ်ဆီမှာ ခင်ဗျားဘယ်လိုမှ ယဉ်လို့မရတဲ့ အချက်တစ်ချက်တော့ ရှိတယ်”

“ဆိုစမ်းပါဦး ဘာများတုန်း”

“ကျုပ်ကတော့ တစ်ခုခုကို စဉ်းစားလို့မရဘူး ဆိုရင်တော့၊ ဆက်ကို စဉ်းစားမနေတော့တာဗျို့”

သစ်သားရသေ့ကြီးက လှမ်းနောက်လိုက်သည်။

“အဲဒါကြောင့်လည်း ခင်ဗျားသာ အရက်မသောက်ဘဲ နေမယ်ဆိုရင်၊ အနှစ် ၃၀၀ လောက် အသက်ရှည်မှာ သေချာတယ်လို့၊ ကျုပ်အမြဲပြောနေတာပေါ့ ရသေ့ကြီးရ”

ထင်းရှူးဖိုးသူတော်က ပြန်နောက်လိုက်သည်။

“အရက်သာ မသောက်ရရင်တော့၊ ဘာကိစ္စ အနှစ် ၃၀၀ လောက်အထိ နေနေရဦးမှာတဲ့တုန်း”

ဘုရားဝတ်ပြုခန်း၏ ဝါးတံခါးပေါက်များမှာ ပိတ်ထားဆဲ ဖြစ်သည်။ သို့သော် အခန်းတွင်းမှ ပျံ့လွင့်လာသော ဟင်းရနံ့များကတော့၊ ဖော်မပြ နိုင်လောက်အောင် မွှေးကြိုင်လွန်းလှသည်မှာ၊ မည်သူ့ကိုမဆို ထမင်းစားပွဲရှိရာဆီသို့ မရောက်ရောက်အောင် ဖျားယောင်းခေါ်ဆောင် သွားနိုင်လေသည်။

“ကြက်ဟင်းခါးသီး ကိုယ်တော်ရဲ့ အချက်အပြုတ်လက်ရာကတော့ တကယ့်ကို ပြိုင်ဖက် ကင်းပါပေတယ်”

ထင်းရှူး ဖိုးသူတော်က ပြောလိုက်သည်။

“သူ့လက်ရာကို ဘယ်လိုမှ မပျက်အောင် ထိန်းထားနိုင်တယ်၊ ရသေ့သူတော်တွေတောင်မှ ဈာန်လျှောနိုင်တဲ့ လက်ရာမျိုးပေါ့”

သစ်သားရသေ့ကြီးက ရယ်မောကာ ပြန်ပြောလိုက်သည်။

“ကဲ ... အစားအသောက်တွေကတော့ ပြင်ထားပြီးနေပြီ ထင်တယ် ... မစားကြသေးဘူးလား”

ထင်းရှူး ဖိုးသူတော်က ပြောလိုက်လေသည်။

ဝါးတံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်ချိန်တွင်တော့၊ သူတို့အားလုံး အံအားသင့်သွားကြလေတော့သည်။ ဟင်းလျှာများကို စားပွဲပေါ်တွင် ပြင်ထားပြီးရုံမျှမကသေး၊ ထိုဟင်းလျှာများကို အားရပါးရ ထိုင်ကာ စားသောက်နေသော လူတစ်ယောက်ကိုပါ တွေ့လိုက်ရသောကြောင့် ဖြစ်ပေတော့သည်။

မဖိတ်ခေါ်ဘဲ ရောက်နေသော ထိုဧည့်သည်သည် သူတို့ကို မစောင့်သည့်အပြင်၊ ကိုယ်လက်သန့်စင်ထားခြင်းလည်း မရှိချေ။ သူ့တစ်ကိုယ်လုံး ရွံ့ဗွက်များ၊ ဖုန်များဖြင့် ပေကျံနေသည်သာ မက၊ သူ့ကိုယ်မှလည်း ဆိုးဆိုးရွားရွား အနံအသက်များ ထွက်နေသေးသည်။ သို့သော် ကြက်ဟင်းခါးသီး ကိုယ်တော်ကတော့ ထိုသူကို မောင်းမထုတ်သည့် အပြင်၊ သူ့နံဘေးတွင်ထိုင်ကာ ဟင်းများ အဆက်မပြတ် ထည့်ပေးနေလေသည်။ ထိုဧည်သည် စား၍ မ၀မည်ကိုပဲ အလွန် စိုးရိမ်နေသည့် အလားပင်။

“ဒီကိုယ်တော်ကတော့ တော်တော်လေးကို မျက်နှာလိုက်နေပါပြီ”

သစ်သား ရသေ့ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။

“ကျုပ်တို့က သူဖိတ်ထားတဲ့ ဧည့်သည်တွေဖြစ်ရဲ့သားနဲ့၊ အခြားလူတစ်ယောက်ကို အရင် ကျွေးနေတယ်”

ထင်းရှူး ဖိုးသူတော်ကလည်း ထောက်ခံလိုက်သည်။

“ပြီးတော့ ကျုပ်တို့ကိုကျတော့ အရင် ရေမိုးချိုးခိုင်းနေသေးတယ်၊ ဒီလူကျတော့ ကြည့်စမ်းပါဦး၊ ရွံ့အိုင်ထဲက လေးဘက်ထောက် တက်လာတဲ့ အတိုင်းပဲ”

သစ်သား ရသေ့ကြီးက ဆက်ပြောလိုက်သည်။

ကြက်ဟင်းခါးသီး ကိုယ်တော်သည် သူတို့စကားသံများ ကြားလိုက်သည်နှင့် ရယ်မောကာ ပြန်ပြောလိုက်သည်။

“ဟုတ်ပါ့ဗျာ ... ကျုပ်က မျက်နှာလိုက်မိတာ အမှန်ပဲ၊ ဒါပေမယ့် ဒီကောင် တစ်ယောက်ထဲကိုပဲ မျက်နှာလိုက်မိတာပါ၊ အဲဒီတော့ ခင်ဗျားတို့တတွေ အဲလောက်လဲ စိတ်ဆိုးမနေကြပါနဲ့”

“ခင်ဗျားက ဘာလို့ သူ့ကို မျက်နှာလိုက်ရတာတုန်း”

သစ်သား ရသေ့ကြီးက မေးလိုက်သည်။

“ဘာလို့လဲ ဆိုတော့၊ အမြဲတမ်း ဒီကောင်နဲ့ တွေ့တိုင်း ကျုပ် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တာကိုး”

“ခင်ဗျားကို ကျုပ် အပြစ်မတင်တော့ပါဘူး”

သစ်သား ရသေ့ကြီးက ရယ်မောက ပြန်ပြောလိုက်သည်။

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက၊ ဒီကောင် ကျုပ် အနှစ် ၅၀ လောက် သိမ်းထားခဲ့တဲ့၊ အပျို့ရှက်သွေး အရက်နှစ်အိုးကို ခိုးသွားခဲ့တုန်းကလည်း၊ ကျုပ် စိတ်ဆိုးဆိုးနဲ့ ထိုင်ကြည့်နေရုံကလွဲပြီး၊ ဘာလုပ်ရမှန်း မသိဘူးဗျို့”

“ဘုရားတောင် ဒီကောင်နဲ့ တွေ့ရင် တော်တော်စိတ်ညစ်မှာ အသေအချာပဲ”

ဟွာမင်းလိုက ပြုံးကာ ဝင်ပြောလိုက်သည်။

ထိုသူကား လုရှောင်ဖုန်းမှလွဲ၍ မည်သူများ ဖြစ်နိုင်ပါဦးမည်နည်း။

+++++

လုရှောင်ဖုန်း အစားရပ်ကာ၊ ထိုဧည့်သည် ၃ ဦးကို ပြုံးပြလိုက်ချိန်တွင်တော့၊ ဝက်ပေါင်ခြောက် တစ်ပန်းကန်နှင့် တို့ဟူးဟင်း တစ်ပန်းကန် ပြောင်တလင်းခါ သွားခဲ့ပြီးပြီ ဖြစ်သည်။

“ခင်ဗျားတို့တတွေ ဆဲချင်သလောက်သာ ဆဲကြဗျို့။ ခင်ဗျားတို့တတွေက ကျုပ်ကို ကောင်းကောင်းထိုင်ဆဲ၊ ကျုပ်ကလည်း ကောင်းကောင်းကြီးကို ထိုင်စားနေမှာပဲ”

“သူများတွေကိုပဲ မင်း ဒီအကွက်တွေ သုံးလို့ရမယ်၊ ငါနဲ့တော့ မရဘူးဟေ့”

သစ်သား ရသေ့ကြီးက ရယ်မောရင်း ဝင်ထိုင်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ဘဲသားသုံးတုံး သူ့ဗိုက်ထဲသို့ ရောက်သွားလေတော့သည်။

ဟွာမင်းလိုသည်လည်း လုရှောင်ဖုန်း ဘေးတွင် ဝင်ထိုင်ကာ၊ မျက်မှောင်ကြုတ်လိုက်သည်။

“ခါတိုင်း မင်း ဒီလောက် အနံ့မဆိုးပါဘူး၊ ဒီနေ့ကျတော့ နံနေလိုက်တာ အိမ်သာတွင်းထဲက တက်လာတဲ့ ခွေးဝဲစား အတိုင်းပဲ၊ ဘာဖြစ်လာတာတုန်း”

“ငါ ရေမချိုးတာ ၁၀ ရက် ရှိပြီ”

“ဘယ်နှစ်ရက်”

ဟွာမင်းလို အံ့အားသင့်စွာ ပြန်မေးလိုက်သည်။

“၁၀ ရက်”

“မင်းက ဘာလို့ ၁၀ ရက်တောင် ရေမချိုးဘဲ နေနေရတာတုန်း”

“မအားလို့”

“မအားရအောင် ဘာတွေလုပ်နေရလို့တုန်း”

“ငါ့ရှုံးကြွေးကို ဆပ်နေရလို့”

“ဘယ်သူ့ကို ရှုံးရပြန်တာတုန်း”

“ စိခုန်းကျိုင်ရှင်း ကလွဲပြီး ဘယ်သူများ ရှိဦးမှာတုန်း”

လုရှောင်ဖုန်း သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“မင်း သူ့ကို ဘယ်လိုရှုံးသွားတာတုန်း”

“အရင်တစ်ခေါက် ငါသူ့ကို နောက်ကျွမ်းပစ်ပြိုင်ပြီး အရှက်ခွဲခဲ့တာ မှတ်မိသေးတယ် မဟုတ်လား”

လုရှောင်ဖုန်း ရယ်သဲ့သဲ့ဖြင့် ပြန်ပြောလိုက်သည်။

“သူက အဲဒီအတွက် မကြေပွဲနွဲချင်လို့ဆိုပြီ ငါ့ကို လာပြောတယ်၊ ငါလည်း ဘယ်ငြင်းပါ့မတုန်း”

“သေချာတာပေါ့”

“ဒါပေမယ့် အဲဒီသူတောင်းစား ဘာမှမလုပ်ဘဲ နောက်ကျွမ်းပစ်တာချည်း လှိမ့်ပိတ် ကျင့်ထားတာကိုး၊ နှစ်နာရီအတွင်းမှာ နောက်ကျွမ်း အပတ် ၆၈၀ ထိုးပြတယ်လေ၊ အဲဒီတော့ ငါလည်း ဘာတတ်နိုင်မှာတုန်း”

“မင်းတို့က ဘာကြေး ပြိုင်ကြတာတုန်း”

“လောင်းကြေးကတော့၊ ငါ နိုင်လို့ရှိရင်၊ နောက်တစ်ခါ သူငါ့ကိုတွေ့တိုင်း၊ ဒူးထောက်ပြီး ]ဦးရီးတော်} လို့ အကျယ်ကြီး နှုတ်ဆက်ရမယ်၊ ငါ ရှုံးလို့ရှိရင်တော့၊ သူထိုးခဲ့တဲ့ နောက်ကျွမ်း တစ်ပတ်စီအတွက်၊ တီကောင်တစ်ကောင်ကို ၁၀ ရက်အတွင်း တူးပေးရမယ်”

ဟွာမင်းလို ရယ်မောလိုက်သည်။

“ဒါကြောင့်မို့ မင်းလည်း တီကောင်နဲ့ တူနေတာကိုး”

“မင်း သူ့ကို တကယ်ပဲ တီကောင် ၆၈၀ တူးပေးခဲ့တာလား”

သစ်သား ရသေ့ကြီးသည် ရယ်မောလျှက် မနေနိုင်ဘဲ ဝင်မေးလိုက်သည်။

“စစချင်း နေ့တွေ တုန်းကတော့၊ မဆိုးဘူး၊ တီကောင် တော်တော်များများ တူးလို့ရသား”

လုရှောင်ဖုန်းသည် သက်ပြင်းချကာ ပြုံးလိုက်သည်။

“နောက်ပိုင်းကျတော့ တီကောင်တစ်ကောင် ရှာရတာ အလုပ်လက်ကြော မတင်းတဲ့ကောင် မိန်းမရှာရတာထက် ပိုခက်နေပါလေရောလား”

“သူ့လို စောရဘုရင်ကြီးက အဲဒီ တီကောင်တွေ ဘာလုပ်ဖို့ လိုတာတဲ့တုန်း”

ထင်ရှူး ဖိုးသူတော်က ဝင်မေးလိုက်သည်။

“ဘာလုပ်ဖို့မှ မလိုဘူး”

လုရှောင်ဖုန်း စိတ်နာသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“သူက လုရှောင်ဖုန်း တီကောင် လိုက်တူးနေတာကိုပဲ မြင်ချင်တာ”

“ လုရှောင်ဖုန်းကို အဲလိုအဖြစ်မျိုး ရောက်လိမ့်မယ်လို့၊ ဘယ်သူကမှ တွေးတောင် တွေးမိမှာ မဟုတ်ဘူး”

သစ်သား ရသေ့ကြီးသည် အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

“ရသေ့ကြီးရော ကျွန်တော်နဲ့ အလောင်အစား လုပ်ချင်သေးလို့လား”

“ဘာကို အလောင်းအစား လုပ်မှာတုန်း”

“အရက်သောက်တာ”

“မင်း ဆင်တဲ့ အကွက်ထဲကို ငါက ဝင်ပါ့မလားကွ”

သစ်သား ရသေ့ကြီးက ပြုံးလျှက် ပြန်ပြောလိုက်သည်။

“ရသေ့ကြီးက မပြိုင်ရသေးဘဲ အရှုံးပေးနေပြီလား”

လုရှောင်ဖုန်းက သူ့ကိုစောင်းငဲ့ကြည့်ကာ မေးလိုက်သည်။

“ငါ မင်းကို ဟိုးအရင်ကတည်းက အရှုံးပေးပြီးသား၊ အရက်သောက်တဲ့ နေရာမှာ မင်းကို ငါ မယှဉ်နိုင်ဘူး၊ ဓားပညာနဲ့ ပတ်သတ်ရင် စီးမင်းကျွေ့ရှယ်နဲ့ ရဲ့ကုချန်းကို ငါမယှဉ်နိုင်ဘူး၊ မင်း ငါနဲ့ အလောင်းအစား လုပ်ချင်တယ် ဆိုရင်တော့၊ စစ်တုရင် ပြိုင်ကြတာပေါ့”

“ရသေ့ကြီး ဆင်တဲ့အကွက်ကိုရော၊ ကျွန်တော်ဝင်မယ်လို့ ထင်သလား”

လုရှောင်ဖုန်းက ရယ်မောရင် ပြန်ပြောလိုက်သည်။

“လူအများစုက ငါ့ကို စစ်တုရင်မှာ အဆင့် ၁ လို့ သိထားကြတယ်၊ ဒါပေမယ့် လူတွေမသိတာက၊ ငါ့မှာ ဘယ်သူမှ မယှဉ်နိုင်တာ နောက်တစ်ခု ရှိသေးတယ်”

သစ်သား ရသေ့ကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“အဲဒါက ဘာတဲ့တုန်း”

“အစား ... မင်း ငါနဲ့ အစားပြိုင်မလား”

“ပြိုင်တော့ ပြိုင်ချင်ပါတယ် ... ဒါပေမယ့် ကျွန်တော် ထမင်းအိုး မဟုတ်ဘူးဗျ”

လုရှောင်ဖုန်း သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

(တရုတ်စကားတွင် ထမင်းအိုး ]ဖန့်တုန့်} ဆိုသည်မှာ ဆန်ကုန်မြေလေးဟူသော အဓိပ္ပါယ်မျိုးလည်း ပေါက်သည်။)

“သိုင်းလောကရဲ့ နာမည်ကျော် လုရှောင်ဖုန်းက ဒီလိုမျိုး အလွယ်တကူ အရှုံးပေးလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ဘူး၊ တကယ့်ကို ရှားရှာပါးပါး အဖြစ်အပျက်မျိုးပဲ”

သစ်သား ရသေ့ကြီးလည်း ရယ်မောကာ ပြန်ပြောလိုက်သည်။

“တကယ်တမ်း ပြောရမယ် ဆိုရင်တော့၊ သူက အခု သိုင်းလောကမှာ လူစိတ်ဝင်စား အခံရဆုံး မဟုတ်တော့ဘူးလေ”

ကြက်ဟင်းခါးသီး ကိုယ်တော်က ကြားဖြတ်ဝင်ပြောလိုက်သည်။

“ကျွန်တော်မဟုတ်လို့ ဘယ်သူတဲ့တုန်း”

လုရှောင်ဖုန်းက ပြန်မေးလိုက်သည်။

“ဘယ်သူလို့ မင်းထင်သတုန်း”

“စီးမင်းကျွေ့ရှယ်လား”

“ကောလဟာလတွေ အရတော့ စီးမင်းကျွေ့ရှယ်တစ်ယောက် အော်မေ့ဂိုဏ်းရဲ့ နတ်သမီးလေးဖော်ထဲက စွန်းမိန်းကလေးနဲ့ပဲ အတူရှိနေသတဲ့၊ သူ့မျက်နှာကို သိုင်းလောကထဲမှာ မမြင်ရတာ တော်တော်လေးကို ကြာနေပြီပဲ”

ဟွာမင်းလိုက ကြက်ဟင်းခါးသီး ကိုယ်တော်အစား ဝင်ဖြေပေးလိုက်သည်။

လုရှောင်ဖုန်းက ပြုံးကာ

“ဘယ်သူကများ စီးမင်းကျွေ့ရှယ်တစ်ယောက် တစ်နေ့ ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့၊ တွေးမိပါ့မတုန်း၊ ငါကတော့ သူ တစ်နေ့ ဘုန်းကြီးဝတ်သွားမယ်ပဲ ထင်နေတာ”

“ငါတို့ ဗုဒ္ဓဘာသာမှာ အဲလို ဘုန်းကြီးမျိုး အလိုမရှိဘူးကွ”

ကြက်ဟင်းခါးသီး ကိုယ်တော်က ပြန်ပြောလိုက်သည်။

“စီးမင်းကျွေ့ရှယ် မဟုတ်ဘူးဆိုရင်၊ ရဲ့ကုချန်းများလား”

လုရှောင်ဖုန်းက နောက်တစ်ခါ ထပ်မှန်းကြည့်လိုက်သည်။

“သူလည်း မဟုတ်ဘူး”

“လောလောဆယ်တော့ ရဲကုချန်း တော်တော်လေး နေထိုင်မကောင်း ဖြစ်နေတယ်”

သစ်သား ရသေ့ကြီးက ပြောပြလိုက်သည်။

“သူလိုလူကလည်း နေမကောင်း ဖြစ်သေးတယ်”

လုရှောင်ဖုန်းသည် ကြားလိုက်ရသည့် သတင်းကြောင့် အတော်ပင် အံ့အားသင့်သွားသည်။

“သူ ဘာရောဂါ ဖြစ်နေတာလဲ”

“ငါနဲ့ ရောဂါ အတူတူပဲ ... အပျင်းရောဂါ”

သစ်သား ရသေ့ကြီးက ပြန်ဖြေလိုက်သည်။

“အဲဒီရောဂါ ရလိုက်တာနဲ့ ... ဘယ်သူပဲဖြစ်ဖြစ် ... အခြား ဘာအာရုံမှ ခံစားလို့ မရတော့ဘူး”

“အဲဒါဆို လောင်းပန်နဲ့ လောင်းပန်ကတော်များလား”

လုရှောင်ဖုန်း ခဏမျှ စဉ်းစားကာ ပြန်မေးလိုက်သည်။

“လောင်းပန်က ပိုပြီးတော့တောင်မှ အပျင်းကြီးသေးတယ်”

ဟွာမင်းလိုက ရယ်မောလျှက် စကားဖြတ်ပြောလိုက်သည်။

“ရိုးသားတဲ့ ဘုန်းကြီးလည်း အဲလောက်ထိ နာမည်ကြီးလောက်မှာ မဟုတ်ပါဘူး ... ကျောင်းထိုင်ဆရာတော်ကြီး ... အင်း သူလည်း မဟုတ်လောက်ဘူး”

လုရှောင်ဖုန်းသည် နှုတ်မှရေရွတ်ရင်း စဉ်းစားခန်း ဖွင့်နေလေသည်။

“ချီရှားတောင်ကုန်းက ကျားသခင်မကိုများ ပြောနေကြတာလား”

လုရှောင်ဖုန်းက ထပ်မေးလိုက်ပြန်သည်။

“မဟုတ်ဘူး ... မဟုတ်ဘူး ... တစ်ယောက်မှ မဟုတ်ဘူး ... ငါလုံး၀ ပြောရဲတယ်၊ မင်း အဲဒီလူကို လုံးလုံး မသိဘူး ဆိုတာကို”

ကြက်ဟင်းခါးသီး ကိုယ်တော်က ပြန်ပြောလိုက်သည်။

“သူက ဘယ်လို လူစားမျိုးမို့လဲ”

“ဇာပန်းထိုးတတ်တဲ့ လူ”

လုရှောင်ဖုန်း ရုတ်တရက် အံအားသင့်သွားပြီးမှ ရယ်မောလိုက်သည်။

“ဇာပန်းထိုးတတ်တဲ့ လူတွေ အများကြီး ရှိပါတယ်ဗျ၊ ကျွန်တော်သိတဲ့ အပ်ချုပ်ဆရာတွေ တော်တော်များများ ဇာပန်းလည်း ထိုးတတ်ကြတာပဲ”

“ဒါပေမယ့် သူက ပန်းပွင့်ပုံတွေတင် ထိုးတတ်တာ မဟုတ်ဘူး၊ မျက်မမြင်တွေကိုလည်း ထိုးတတ်တယ်”

ကြက်ဟင်းခါးသီး ကိုယ်တော်က ပြန်ပြောလိုက်သည်။ လုရှောင်ဖုန်း နောက်တစ်ကြိမ် အံ့အားသင့်သွားရ ပြန်သည်။

“မျက်မမြင်တွေကို ထိုးတယ်”

“ပြီးခဲ့တဲ့ ရက်ပိုင်းလေး အတွင်းမှာပဲ၊ သူက မျက်မမြင် ၇၀ ကနေ ၈၀ လောက်အထိ ထိုးပြီးသွားပြီ”

“သူက မျက်မမြင်တွေကို ဘယ်လိုထိုးတာတုန်း”

“ဇာထိုးအပ်နဲ့ ၂ ချက် ထိုးလိုက်ရင်၊ မျက်မမြင် တစ်ယောက် ရပြီလေ”

လုရှောင်ဖုန်းသည် ယခုမှပဲ နားလည်သွားတော့သည်။

“သူ ထိုးခဲ့တဲ့ မျက်မမြင်တွေက ဘယ်လိုလူမျိုးတွေလဲ”

“မင်းသိတဲ့သူ အနည်းဆုံး ၄ - ၅ ယောက်တော့ ပါမှာ သေချာတယ်”

“ဘယ်သူတွေတုန်း”

“ချန်းမန်တျန့် ... ဟွာရိဖန်း ... ကျန်းချောင်းဝေ ... ”

“အရှေ့တောင်ပိုင်း နန်းတော်ထဲက ကျန်းချောင်းဝေကို ပြောတာလား”

ကြက်ဟင်းခါးသီး ကိုယ်တော်၏ စကားမဆုံးသေးခင်မှာပင်၊ လုရှောင်ဖုန်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။

“အခြား ကျန်းချောင်းဝေ ရှိသေးလို့လား”

“ဒါပေမယ့် သူ နန်းတွင်းထဲကို ရောက်သွားပြီးကတည်းက၊ သိုင်းလောကရဲ့ ကိစ္စတွေကို ဝင်မှ မပါတော့တာ၊ သူ့ကို ဘယ်သူကများ ရန်ရှာစရာ အကြောင်းရှိမှာမို့လဲ”

“ဘယ်သူမှ သူ့ကို သွားရန်ရှာတာ မဟုတ်ဘူး၊ ဘဏ္ဍတော်တိုက်ထဲက စိန် ပြည်တောင်းနဲ့ ၁၈ တောင်းစာ ကိုပဲ ရန်ရှာတာ”

“အဲဒါအပြင်ကိုမှ၊ သူ့ဆီပါသွားတာဆို ဟွာရိဖန်း စုဆောင်းထားတဲ့ ဂန္တဝင် ပန်းချီလက်ရာပေါင်း ၇၀ ကျော်ရယ်၊ ငြိမ်းချမ်းရေးတမန်တော် အာမံအဖွဲ့ သယ်သွားပေးတဲ့ ငွေသား ၈ သိန်းကျော်ရယ်၊ အရှေ့ရာဇာအဖွဲ့ဆီက တကယ့်အဖိုးတန် ကုန်စည်တွေရယ်၊ ရွှေသဲမှုန်မြစ် အဖွဲ့ဆီက ရွှေပြား ၉ သောင်းကျော်ရယ်”

ကြက်ဟင်းခါးသီး ကိုယ်တော်သည် အသက်တစ်ချက် ရှူသွင်းလိုက်ပြီးမှ စကားကို ဆက်ပြောလိုက်သည်။

“အချိန် တစ်လလောက်လေး အတွင်းမှာပဲ၊ သူက တကယ့်ဓားပြမှုကြီး ၆၀ လောက်ကို တစ်ကိုယ်တော် ကျူးလွန်ပြီးသွားပြီးပြီ၊ အဲဒီတော့ တကယ့်ကို ဟိုးလေးတကြော်နဲ့ လူပြောသူပြော များနေတော့တာပေါ့ကွာ”

“ဘာလို့ ကျွန်တော် အဲဒီသတင်းတွေ မကြားရတာတုန်း”

လုရှောင်ဖုန်းသည် ကြားရသည့် သတင်းများ အပေါ် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

“မင်းက အနောက်မြောက်ပိုင်းမှာပဲ ခြေရှုပ်နေတာကိုး၊ ဒီအမှုအခင်းတွေက အရှေ့တောင်ပိုင်းမှာ ဖြစ်ခဲ့တာလေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ သတင်းက ဒီကို ရောက်တာ၊ အဲဒီအချိန်မှာတော့ မင်းက တီကောင် တူးလို့ ကောင်းနေတာကိုး”

“သတင်းက အခုမှ ဒီကို ရောက်တယ်၊ ဒါပေမယ့် ကိုယ်တော်က ကျတော့ အကုန်လုံး လုံးစေ့ပတ်စေ့ သိနေပါ့လား”

လုရှောင်ဖုန်းက ပြန်မေးလိုက်သည်။

“အေး ဆိုပါတော့”

“ဘယ်တုန်းကတည်းကများ ကိုယ်တော့်ဆီမှာ အဆက်အသွယ်ကောင်းတွေ ရှိနေပြီးတော့၊ တစ်လောကလုံး ဖြစ်ပျက်သမျှတွေ အကုန်သိနေရတာတုန်း”

“မင်းမေ့နေပြီ ထင်တယ်၊ ငါ့မှာ တကယ့်ကို အဆက်အသွယ်ကောင်းတဲ့ ပညာသင်ဖက် ညီတစ်ယောက် ရှိသေးတယ်လေ”

ကြက်ဟင်းခါးသီး ကိုယ်တော်က ပြန်ဖြေလိုက်သည်။

“ကျင်းကျိုးလင်လား”

“သူလို ပညာသင်ဖက် ညီတစ်ယောက်ပဲ ရှိတာ ငါ့အတွက် တော်တော်လေး ကံကောင်းလှပါပြီ”

ကြက်ဟင်းခါးသီး ကိုယ်တော်က စိတ်မသက်မသာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော် အခုမှပဲ နားလည်တော့တယ်”

လုရှောင်ဖုန်းသည် သက်ပြင်းရှည်ကြီးကို ချရင်း ပြောလိုက်သည်။

“မင်းက ဘာကို နားလည်တာတုန်း”

“ကျင်းကျိုးလင်နဲ့ ကျန်းချောင်းဝေက မိတ်ဆွေ အရင်းခေါက်ခေါက်ကြီးတွေ၊ အဲဒါအပြင်ကိုမှ ကျင်းကျိုးလင်က တစ်ချိန်တုန်းကဆို၊ နံပါတ် ၁ ရာဇဝတ်ကောင်လိုက် မုဆိုးပဲလေ၊ အဲဒီတော့ သူက ဒီအလုပ်တွေက အနားယူသွားပြီ ဆိုပေမယ့်၊ အခုကိစ္စကိုတော့ ဘယ်လိုမှ လစ်လျူပြုထားနိုင်မှာ မဟုတ်ဘူး”

ကြက်ဟင်းခါးသီး ကိုယ်တော်သည် လုရှောင်ဖုန်း၏ စကားကို ကြိတ်၍ သဘောတူလိုက်မိသည်။ ဘုရင့်အုပ်ချုပ်ရေးဋ္ဌာနတွင် တစ်ရက်လောက်ပဲ အမှုတော်ကို ထမ်းမိဖူးသည်ဖြစ်စေ၊ ထိုတာဝန်များမှ အနားယူရန် ခဲယဉ်းလှလေသည်။

“သူဘာလို့ အဲဒီလမ်းကို လိုက်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ၊ ဒီနေ့အထိ ငါ နားမလည်နိုင်ဘူး”

ကြက်ဟင်းခါးသီး ကိုယ်တော်သည် သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ဘာတုန်း ... ခင်ဗျားက သူ့ကို ဘုန်းကြီးပဲ ဝတ်စေချင်တာလား”

သစ်သား ရသေ့ကြီးက ဖြတ်မေးလိုက်သည်။

“ဘုန်းကြီးဝတ်လိုက်ရင် အနည်ဆုံးတော့ အခုလို ပြသနာပေါင်း သောင်းခြောက်ထောင် မကြုံရဘူး၊ ပူပန်သောက သိပ်မရှိဘူးပေါ့”

“ဒါပေမယ့် ဘုန်းကြီးဝတ်လိုက်ရင် မိန်းမလည်း ယူလို့ မရတော့ဘူးလေ”

သစ်သား ရသေ့ကြီးက ပြန်ပြောလိုက်သည်။

ကြက်ဟင်းခါးသီး ကိုယ်တော် ဘာမှ ပြန်မပြောနိုင်တော့။ ကျင်းကျိုးလင်၏ အဓိက အားနည်းချက်မှာ၊ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဘ၀ဖြင့် ပျော်မွေ့နေခြင်းသာ ဖြစ်ကြောင်း၊ သိုင်းလောကတစ်ခုလုံး အသိပင်ဖြစ်သည်။ ကျင်းကျိုးလင် ဘုရင့်အုပ်ချုပ်ရေးဋ္ဌာနတွင် အမှုတော် ထမ်းခဲ့ခြင်းမှာလည်း၊ မိန်းမတစ်ယောက်ကြောင့်ဟု၊ ကောလဟာလလို ပြောကြသည်။

“ကျင်းကျိုးလင်ဟာ ]တံခါးတော် ခြောက်ဖက်} အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အတွင်း အတော်ဆုံးလို့၊ လူသိထင်ရှား အသိမှတ်ပြုခံထားရတာပဲ၊ အမှုအခင်းမှန်သမျှ ကြီးကြီးငယ်ငယ် သူကိုင်တွယ်လိုက်ရင်၊ မဖြေရှင်းနိုင်ဘူးဆိုတာမှ မရှိတာ”

လုရှောင်ဖုန်းက ပြောလိုက်သည်။

“အဲဒါကြောင့်လည်း သူ့ရဲ့ တကယ့်ပြသနာက အရမ်းကို တော်လွန်း တတ်လွန်းနေတာပဲလို့၊ ငါထင်တာ”

ကြက်ဟင်းခါးသီး ကိုယ်တော်က သက်ပြင်းထပ်ချကာ ပြန်ပြောလိုက်သည်။

“ဒါပေမယ့် အတော်ဆုံးလူတွေလည်း နောက်ဆုံးတစ်နေ့တော့ သူတို့ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ ပြသနာနဲ့ ကြုံကြရမှာပဲလေ”

လုရှောင်ဖုန်းက မှတ်ချက်ချလိုက်သည်ကို ကြက်ဟင်းခါးသီး ကိုယ်တော် သဘောတူလိုက်မိသည်။

“ကြည့်ရတာ အခု ဒီပြသနာကြီးက သူမဖြေရှင်းနိုင်တဲ့ ပြသနာဖြစ်ပုံရတယ်၊ အဲဒီတော့ သူအကူအညီ လိုမှာပေါ့”

ကြက်ဟင်းခါးသီး ကိုယ်တော်သည် ခေါင်းငြိမ့်ပြကာ ထပ်မံသဘောတူလိုက်ပြန်သည်။

“ပြီးတော့ သူက ကိုယ်တော်ရဲ့ တစ်ယောက်ထဲသော ပညာသင်ဖက် ညီဖြစ်နေလေတော့၊ ကိုယ်တော်ကပဲ သူ့အတွက် အကူအညီပေးနိုင်မယ့်သူ လိုက်ရှာမှာပေါ့”

လုရှောင်ဖုန်းသည် သက်ပြင်းတစ်ချက် ချပြီးနောက်၊ စိတ်ပျက်လက်ပျက် ရယ်မောလိုက်သည်။

“ကံဆိုးချင်တော့ ကျွန်တော်က ဒီပြသနာအတွက် အကူအညီတောင်းဖို့၊ အသင့်တော်ဆုံးသူ ဖြစ်နေတယ်၊ တစ်ယောက်ယောက်က ပြသနာတစ်ခုခုကို ရှင်းမရတိုင်း၊ ကျွန်တော့်ဆီလာတယ်၊ အဲဒါကြောင့်မို့ ... ”

“အဲဒါကြောင့်မို့ ဘာဖြစ်တုန်း”

ကြက်ဟင်းခါးသီး ကိုယ်တော်က မေးလိုက်သည်။

“အဲဒါကြောင့်မို့ ကိုယ်တော်က ကျွန်တော့်ကို အခု ညစာဖိတ်ကျွေးတာပေါ့၊ ကိုယ်တော် တကယ့် စေတနာအမှန်နဲ့ ဖိတ်ကျွေးတာ မဟုတ်တာ သေချာတယ်”

“ဟ ... အခုဟာက မင်းဟာမင်း ငါဆီကို ဝင်လာတာလေ ... မေ့သွားပြီလား ... ငါ မင်းကို ဖိတ်မှ မဖိတ်ခဲ့တာ”

“ဒါဆိုရင်တော့ ကျွန်တော် ကံတော်တော်လေးကို ဆိုးနေတာပဲ ဖြစ်မယ်”

လုရှောင်ဖုန်းသည် သူ့အဖြစ်အပျက်ကို ပြန်တွေးရင်း ရယ်မောလိုက်သည်။

“မဟုတ်ရင်တော့ ဒီနေရာကို ဝင်လာမိစရာအကြောင်း ရှိပါ့မလား”

“ကြည့်ရတာ မင်း ဒီရက်ပိုင်း တော်တော်လေးကို ကံဆိုးနေပုံရတယ်”

သစ်သား ရသေ့ကြီးကလည်း ရယ်မောလျှက် ဝင်ပြောလိုက်သည်။

“ဒါပေမယ့် ဒီတစ်ခါတော့ မရတော့ဘူး၊ အဲဒီလူက သူ့ဟာသူ ပန်းပဲထိုးထိုး၊ ဘောင်းဘီအပေါက်ပဲ ဖာဖာ၊ ကျွန်တော် စိတ်မဝင်စားဘူး၊ အဲဒီအမှုကြီး ဘယ်လောက်ပဲ ကြီးကြီး၊ ကျွန်တော် လုံး၀ ဝင်မပါနိုင်ဘူး”

“သူကလည်း မင်းကိုမှ ဝင်မပါစေချင်ပါတာ၊ မင်း ဘာတွေ ရေးကြီးခွင်ကျယ် လုပ်ပြီး ပူပန်နေရတာတုန်း”

“သူက ကျွန်တော့်ကို ဝင်မပါစေချင်ဘူး”

လုရှောင်ဖုန်း အံ့အားသင့်သွားလေသည်။

“အမှန်ပဲ”

လူတစ်ယောက်က ပြုံးလျှက်ဖြင့် ပြန်ဖြေလိုက်သည်။

ကျင်းကျိုးလင်မှလွဲ၍ မည်သူရှိနိုင်ပါဦးမည်နည်း။

+++++

သိုင်းလောကအတွင်းတွင် ကျင်းကျိုးလင်နှင့် ပတ်သတ်လာလျှင်၊ ယှဉ်နိုင်သူ ရှားသည်ဟု လူသိများသော အချက် နှစ်ချက်ရှိသည်။ ထိုအချက်နှစ်ချက်မှာ သူ့အဝတ်အစားနှင့် မျက်လုံးများပင် ဖြစ်လေသည်။ သူမျက်လုံးများသည် ပြူးကျယ်လှသည်မဟုတ်။ အရောင်တောက်ပလှသည်လည်း မဟုတ်ချေ။ သို့သော် တစ်ခုခုကို သူတစ်ခါမျှ ကြည့်မိပြီးသည် ဆိုသည်နှင့်၊ လုံး၀ မမေ့တောချေ။

သူ့အဝတ်အစားများသည် အကောင်းဆုံး အထည်သားများ ဖြစ်ကာ၊ နောက်ဆုံးပေါ် ခေတ်အမှီဆုံး ပုံစံများကို၊ လက်ရာမြောက်စွာ ချုပ်လုပ်ထားခြင်းဖြစ်လေသည်။ သူ့လက်ထဲရှိ ခေါက်ယပ်တောင်လေးကပင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသော ပစ္စည်းဖြစ်သလို၊ လက်နက်တစ်ခုဖြစ်လည်း အသုံးပြုနိုင်သည်။ ကျင်းကျိုးလင်၏ သွေးကြောပိတ် သိုင်းပညာမှာလည်း ပထမတန်းစားပင်။ တကယ်တမ်းတော့ သူနှင့် ပတ်သတ်သည့်အရာ မှန်သမျှ၊ အားလုံး ပထမတန်းစားချည်းပင် ဖြစ်လေသည်။

ပထမတန်းစား အရက် မဟုတ်ပါက၊ သူလုံး၀ မသောက်။ ပထမတန်းစား အမျိုးသမီး မဟုတ်ပါက၊ သူ လှည့်၍ပင် မကြည့်။ ပထမတန်းစား မြင်းရထား မဟုတ်ပါက၊ သူခြေတစ်ဖဝါးပင်မချ။ သို့သော် သူသည် ပထမတန်းစား ချမ်းသာသူတစ်ယောက်တော့ မဟုတ်ချေ။ သူ့အဖို့ ကံကောင်းသည်ကတော့၊ သူ့တွင် ငွေရှာနိုင်သည့် အရည်အချင်းများ ရှိနေခြင်းပင် ဖြစ်သည်။ သူသည် ရှေးဟောင်း ပန်းချီးလက်ရာများနှင့် လက်ရေးမူများကို အကဲဖြတ်ရာတွင် သူမတူအောင် ထူချွန်သူတစ်ဦး ဖြစ်သလို၊ မြင်းမျိုးပေါက်များ၏ ကြန်အင်လက္ခာ အကဲဖြတ်ရာတွင်လည်း နာမည်ကြီးတစ်ယောက်ပင် ဖြစ်လေသည်။ ထိုအရည်အချင်း နှစ်ခုကပင် သူ့ကို ပထမတန်းစား ဘ၀တွင် နေနိုင်အောင် စွမ်းဆောင်ပေးနိုင်လေသည်။

ထို့ပြင် သူသည် အရွယ်နှင် မလိုက်အောင်ပင် နုပျိုပြီး ရုပ်ရည်ချောမောကာ စွဲဆောင်မှုရှိသူတစ်ဦးလည်း ဖြစ်လေသည်။ ထိုအချက်ကြောင့်လည်း သူအတွက် အကြီးအကျယ် ငွေယိုပေါက်ဖြစ်မည့် နေရာမျိုးတွင်၊ ငွေကို များများစားစား သုံးစရာ မလိုခြင်းဖြစ်သည်။ သူများတကာအတွက် ငွေ ထောင်ချီကာ ရင်းနှီးပြီးမှ၊ ရနိုင်သည့် အပြုံးလှလှလေးများကို၊ သူကတော့ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ၊ အလွယ်တကူ ဆွတ်ချူနိုင်သည်။

ထို့ကြောင့်လည်း သူသည် ချမ်းချမ်းသာသာနှင့် ကျော့ကျော့လေး နေနိုင်ခြင်း ဖြစ်သည်။ သူ့ပုံကို ကြည့်လိုက်ပါက နာမည်ကြားရုံနှင့် ရာဇဝတ်ကောင်များ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသည့်၊ သိုင်းပညာရှင်တစ်ယောက်ဟု ထင်စရာ တစ်စက်မှ မရှိပေ။ ကဗျာရေးလိုက်၊ မြင်းစီးလိုက် လုပ်နေသော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် တစ်ယောက်ဟုသာ ထင်စရာ။

“အခုတလော လက်ရာ ကောင်းကောင်းလေးများ တွေ့သေးလားဟေ့”

ထင်းရှူး ဖိုးသူတော်က သူဝင်လာသည်ကို မြင်လိုက်သည်နှင့် လှမ်းမေးလိုက်သည်။

ထင်းရှူး ဖိုးသူတော်၏ ဝါသနာမှာ ရှေးဟောင်းဂန္တဝင် ပန်းချီနှင့် လက်ရေးမူများကို စုဆောင်းခြင်းပင် ဖြစ်သည်။ သူ့စုဆောင်းထားသော လက်ရာများမှာ ဟွာရိဖန်း စုဆောင်းထားသမျှထက်တော့ မလျော့ပေ။

“ဖိုးသူတော်ကြီးက လက်ရှိသမျှ လက်ရာကောင်းတွေ အကုန်လုံး သိမ်းကြုံးပြီး ဟွမ်းတောင်မကြီးကို ယူသွားပြီးမှတော့၊ ကျွန်တော့်ဆီ ဘာများ ကျန်ဦးတော့မလဲဗျာ”

ကျင်းကျိုးလင်က ပြုံးလျှက် ပြန်ဖြေလိုက်သည်။

“ပန်းချီကားလေး တစ်ကားတစ်လေတောင် မတွေ့မိဘူးလားကွ”

ကျင်းကျိုးလင်က တစ်ချက်စဉ်းစားလိုက်ပြီးမှ ပြုံးကာ

“ကျွန်တော့်ဆီမှာ လောလောဆယ်တော့ ပန်းချီလက်ရာတစ်ခု ပါတယ်”

“ဟုတ်လား ... ဒါဆိုလည်း ထုတ်လေကွာ ... ကြည့်ရအောင်”

ထင်းရှူး ဖိုးသူတော်၏ စကားမဆုံးသေးခင်မှာပင်၊ ကျင်းကျိုးလင်က ဆွဲထုတ်နေပြီ ဖြစ်သည်။ အနီရောင် ပိတ်စတစ်ခုဖြစ်ပြီး၊ အနက်ရောင် ပျိုနီပန်းပန်းတစ်ပွင့်ပုံ ထိုးထားသည်။

“ဒါက ဘာကြီးတုန်း”

ထင်းရှူး ဖိုးသူတော်သည် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

“အခုတလော ဇာပန်းထိုးတာ တော်တော်လေး ခေတ်စားနေတယ်လေ”

ကျင်းကျိုးလင်က ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါ အပ်တမန်တော် ရွှယ် ရဲ့ လက်ရာများလား”

ထင်းရှူး ဖိုးသူတောက် မေးလိုက်သည်။

“မဟုတ်ဘူး ... ဒါ ယောက်ျားတစ်ယောက်ရဲ့ လက်ရာပါ”

“ဟို ... ပန်းထိုးတဲ့လူရဲ့ လက်ရာလား”

ထင်းရှူး ဖိုးသူတော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။

ကျင်းကျိုးလင်က ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါ သူ ဘဏ္ဍတော်တိုက်ထဲမှာ ထိုးခဲ့တဲ့ လက်ရာပေါ့”

“သူ တကယ်ကိုပဲ ဘဏ္ဍတော်တိုက်ထဲမှာ ထိုင်ပြီး ပန်းထိုးနေတာလား”

လုရှောင်ဖုန်းက ဝင်မေးလိုက်သည်။

ကျင်းကျိုးလင်က ခေါင်းထပ်ငြိမ့်ပြလိုက်သည်။

“ကျန်းချောင်းဝေ တံခါးဖွင့်လိုက်ချိန်မှာ၊ သူ အထဲမှာ ထိုင်ပြီးတော့ ဟောဒီပန်းကို ထိုးနေတာပေါ့”

“ဘဏ္ဍတော်တိုက်ကို အစောင့်အရှောက်တွေ ထူထူထပ်ထပ်နဲ့ စောင့်ကြပ်ထားတာ မဟုတ်ဘူးလား၊ သူ ဘယ်လိုလုပ်ပြီး အထဲဝင်သတုန်း”

လုရှောင်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူ ဘယ်လိုဝင်လာသလဲ ဘယ်သူမှ မသိဘူး၊ ဒီအမှုကို ဘယ်လို စလိုက်လို့ လိုက်ရမှန်းတောင် ဘယ်သူမှ မသိဘူး”

ကျင်းကျိုးလင်သည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။

“သူဆီက ဘာသဲလွန်စမှ မကျန်ခဲ့ဘူးလား”

“ဟင့်အင်း”

“သူက ဘယ်လို လူစားမျိုးလဲ”

“ဘယ်လိုလူစားမျိုးလဲ ဆိုတော့ ... မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေရှိတယ် ...ပြီးတော့ နေခြစ်ခြစ်တောက် ပူနေတဲ့ အောက်မှာတောင် အနီရောင်နဲ့ ခရမ်းရောင် စပ်ထားတဲ့ ဝတ်ရုံကြီးကို ဝတ်တယ်”

“ပြီးတော့ရော”

“သူက ယောက်ျားတစ်ယောက် ... ဇာပန်းထိုးတတ်တယ် ... တော်တော်လေးလည်း ပန်းထိုးတာ ကျွမ်းတယ်”

“ခင်ဗျားသိတာ ဒီလောက်ပဲလား”

“ဒီလောက်ပဲ ... လူတိုင်းလဲ ဒီလာက်ပဲ သိတယ် ... ဘယ်သူမှ အဲဒါထက်ပို မသိဘူး”

“သူက ဘယ်လို သိုင်းကွက်မျိုး သုံးသလဲ”

“မသိဘူး”

“ကျန်းချောင်းဝေတောင် မပြောနိုင်ဘူးလား”

“သိုင်းလောကအတွေ့အကြုံ ဒီလောက်ရှိတဲ့ ချန်းမန်တျန့်လို လူတောင် မပြောနိုင်တာ၊ ကျန်းချောင်းဝေကရော ဘာများတတ်နိုင်ဦးမှာလဲ”

“ကျန်းချောင်းဝေရဲ့ သံမဏိလက်ဝါးက အရှေ့မြောက်ပိုင်း တခွင်မှာတော့ အကောင်းဆုံးလို့ ဆိုလို့ရသလောက်ပဲ”

“ဒါပေမယ့် သူ သိုင်းကွက် တစ်ကွက်တောင် တိုက်ခွင့် မရလိုက်ဘူး”

ကျင်းကျိုးလင်က သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“အဲလို ထိပ်သီး သိုင်းပညာရှင်တစ်ယောက်က ဘယ်ကနေ ဘယ်လို ဗြုန်းဆို ပေါ်လာရတုန်း”

လုရှောင်းဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်းပြောတော့ ဒီကိစ္စမှာ မင်းလုံး၀ ဝင်မပါဘူးဆို၊ ဒါဆို ဘာလို့ အဲဒီမေးခွန်းတွေ လိုက်မေးနေရတာတုန်း”

ကြက်ဟင်းခါးသီး ကိုယ်တော်က ဝင်ပြောလိုက်သည်။

“မေးကြည့်တာလောက်နဲ့တော့ ဘာများ ပြသနာရှိမှာ မို့လဲဗျ”

“ဟုတ်တာပေါ့ ... မေးကြည့်တာလောက်နဲ့တော့ ဘာမှ ပြသနာမရှိပါဘူး”

ကျင်းကျိုးလင်က ပင်ပန်းနွယ်နယ်စွာ ပြုံးကာ ပြောလိုက်သည်။

“ဒါပေမယ့် တစ်ခုတော့ရှိတယ် ... ကျုပ်သိသလောက်တော့ ခင်ဗျားကို အကုန်လုံး ပြောပြပြီးပြီ”

လုရှောင်ဖုန်းက သူ့ကို ခေတ္တမျှ စိုက်ကြည့်ကာ

“ခင်ဗျားက ဘာလို့ ကျုပ်ကို အကုန်လုံး ပြောပြနေရတာလဲ”

“ခင်ဗျားက မေးလို့လေ”

“အခြား ဘာအကြောင်းမှ မရှိဘူးပေါ့”

“ဟင့်အင်း”

“ပြီးတော့ ခင်ဗျား ဒီမှာ ကျုပ်ကို တမင်တကာ လာစောင့်နေတာတော့ မဟုတ်ပါဘူးနော်”

“ခင်ဗျား ဒီကိုလာမယ်လို့ ကျုပ်က ဘယ်နှယ့်လုပ်ပြီး ကြိုသိနိုင်မှာတဲ့တုန်း”

ကျင်းကျိုးလင်က နောက်တစ်ကြိမ် ပင်ပန်းနွမ်းနယ်စွာ ပြုံးပြရင်း ပြန်ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို လိုက်ရှာဖို့လည်း အစီအစဉ် မရှိဘူး ဆိုပါတော့”

“မရှိဘူး”

“ကောင်းတယ် ... အခုမှပဲ ကျုပ် စိတ်အေးလက်အေး အရက်သောက်လို့ရပြီ”

လုရှောင်ဖုန်းက ပြုံးကာ ပြန်ပြောလိုက်သည်။ သူ့ပါးစပ်မှ ]ကောင်းတယ်} ဟုသာ ပြောလိုက်သော်လည်း၊ သူ့အပြုံးကတော့ သက်တောင့်သက်တာ မရှိလှချေ။ သူ့ပုံကို ကြည့်ရသည်မှာ အရက်သောက်ချင်စိတ် မရှိတော့သည့် ပုံမျိုး။

ယခုတစ်ခါတော့ ကျင်းကျိုးလင် ပြုံးရသည့်အလှည့်ပင်။

“ဒါပေမယ့် ခင်ဗျား ဒီရောက်နေမှတော့၊ ကျုပ်မေးချင်တာလေးတွေ ရှိပါသေးတယ်”

လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားကာ

“ကျုပ်သိတယ် ... ခင်ဗျားမှာ ကျုပ်ကို မေးစရာ ရှိတယ်ဆိုတာ ကျုပ် သေသေချာချာ သိတာပေါ့”

ဟု ရယ်မောကာ ပြောလိုက်သည်။

“ဒီအမှုကြီးကို ဖြေရှင်းနိုင်တာ ... အဲဒီ ပန်းထိုးရာဇာကို နောက်ကို ခြေရာခံလိုက်နိုင်တာဆိုလို့ ... ဒီတစ်လောကလုံးမှာ လူတစ်ယောက်ပဲ ရှိလိမ့်မယ်”

ကျင်းကျိုးလင်က ပြောလိုက်သည်။ လုရှောင်ဖုန်း၏ မျက်လုံးများကတော့ ပို၍ပင် တောက်ပလာလေသည်။ သူကလွဲ၍ မည်သူကများ ဤအမှုကြီးကို ဖြေရှင်းနိုင်ပါမည်နည်း။

“အဲဒီလူက ဘယ်သူတဲ့တုန်း”

သို့သော် သူက မေးဖြစ်အောင် မေးလိုက်သေးသည်။ ကျင်းကျိုးလင်၏ နှုတ်မှ ဖွင့်ဟပြောသည်ကို ကြားချင်သောကြောင့် ဖြစ်ပေသည်။

“ စိခုန်းကျိုင်ရှင်း”

“ဘယ်သူ”

ရုတ်တရက် အံ့အားသင့်သွားပြီးမှ လုရှောင်ဖုန်းက ပြန်မေးလိုက်သည်။

“ စိခုန်းကျိုင်ရှင်း”

ကျင်းကျိုးလင်က နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။ ထို့နောက်တွင်တော့ လုရှောင်ဖုန်းသည် အခြားတစ်ဖက်သို့ ငေးကြည့်နေရင်းဖြင့်၊ ကျင်းကျိုးလင်ကို ဂရုမစိုက်တော့ဟန် ပြုနေလေသည်။
သို့သော် ကျင်းကျိုးလင်ကတော့ သတိမထားမိဟန်ဖြင့် စကားကို ဆက်လိုက်သည်။

“ စိခုန်းကျိုင်ရှင်းက စောရဘုရင်လို့ နာမည်ကြီးတဲ့လူလေ၊ တစ်ခေတ်မှာ တစ်ယောက်ဆိုလောက်တဲ့ လူမျိုး၊ တစ်လောကလုံးမှာ ... ပန်းထိုးရာဇာ ဘဏ္ဍတော်တိုက်ထဲကို ဘယ်လိုဝင်သလဲဆိုတာ အဖြေရှာနိုင်တဲ့သူ ရှိတယ်ဆိုရင်၊ အဲဒီလူဟာ စိခုန်းကျိုင်ရှင်း ဖြစ်ရမယ်”

လုရှောင်ဖုန်းကတော့ အရက်ကို ဆက်သောက်နေလေပြီ။ ကျင်းကျိုးလင် ပြောပြနေသော အကြောင်းအရာများကို လုံး၀ စိတ်မဝင်စားတော့သည့် ပုံမျိုးနှင့် ဖြစ်သည်။

သို့သော် ကျင်းကျိုလင်ကတော့ ဆက်၍ ပြောနေသေးသည်။

“ဒီအမှုကြီးကို ဖြေရှင်းနိုင်ဖို့ရာ ကျုပ်တို့ စိခုန်းကျိုင်ရှင်းနဲ့ တွေ့မှ ဖြစ်မှာ၊ ဒါပေမယ့် သူ ဘယ်မှာရှိတယ်၊ ဘယ်သွားတယ်၊ ဘယ်လာတယ် ဆိုတာကလည်း တကယ့်ကို လျို့ဝှက်ချက်ကြီးလိုမျိုးကိုး ... အဲဒီတော့ ...”

“အဲဒီတော့ ခင်ဗျားက သူ့ကို ဘယ်မှာ ရှာရမလဲလို့ ကျုပ်ကို မေးချင်တယ်ပေါ့”

လုရှောင်ဖုန်းသည် စိတ်မထိန်းနိုင်တော့ဘဲ ပြန်မေးလိုက်သည်။

“ဟုတ်တယ်”

လုရှောင်ဖုန်းသည် ရုတ်တရက် သူ့လက်ထဲမှ အရက်ခွက်ကို စားပွဲပေါ်သို့ စောင့်ချလိုက်ကာ

“ခင်ဗျား ခုနက အဲဒီ အရှုပ်ထုပ်တွေကို အချိန်ကုန်ခံပြီး ကျုပ်ကို ပြောပြနေတာ၊ စိခုန်းကျိုင်ရှင်းနဲ့ ရှာချင်တာ သက်သက်ကြောင့်ပဲပေါ့”

“သူကလွဲပြီး ဘယ်သူ့ကို သွားရှာရဦးမတဲ့တုန်း”

လုရှောင်ဖုန်းသည် ရုတ်တရက် ထိုင်နေရာ ခုန်ထလိုက်ကာ၊ သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်ပြီး

“ကျုပ်ကိုပေါ့”

ဟု အော်ပြောလိုက်သည်။

“ခင်ဗျား ဘာလို့ ကျုပ်ကို အကူအညီ မတောင်းရတာတုန်း”

ကျင်းကျိုးလင်က ရယ်မောကာ၊ ခေါင်းခါလိုက်ရင်း

“ခင်ဗျားနဲ့ မဖြစ်ပါဘူး”

“ကျုပ်နဲ့ ဘာလို့ မဖြစ်ရမှာတုန်း”

လုရှောင်ဖုန်းသည် ပို၍ပင် ဆွေ့ဆွေ့ခုန် ဖြစ်လာလေသည်။

“ခင်ဗျား ဘယ်လိုနည်းနဲ့မှ ဒီအမှုကို ဖြေရှင်းပေးနိုင်မှာမှ မဟုတ်တာ”

ကျင်းကျိုးလင်သည် ပြုံးလျှက်ဖြင့် ခေါင်းကို ခါရင်း ပြန်ပြောလိုက်သည်။

“ဘာလို့ မဖြေရှင်းပေး နိုင်ရမှာတုန်း”

“ဘာလို့လဲဆိုတော့ ဒီအမှုက အရမ်းကို အန္တရယ်ကြီးလွန်းတယ်”

ကျင်းကျိုးလင်က ပြန်ဖြေလိုက်သည်။

“ပြီးတော့ ခင်ဗျားပဲ ဒီကိစ္စမှာ လုံး၀ ဝင်မပါဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား”

“ဘယ်သူပြောလဲ ကျုပ်ဝင်မပါဘူးလို့၊ ကျုပ်ကိုယ်တိုင် ဝင်ပါပြီးတော့ကို၊ ဒီအမှုကို ဖြေရှင်းပြမယ်၊ ခင်ဗျား စောင့်ကြည့်ထား”

ထိုအချိန်တွင်တော့ လုရှောင်ဖုန်းသည် အော်ကြီးဟစ်ကျယ်ကို ပြောဆိုနေပြီ ဖြစ်လေသည်။

“ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျား ဒီအမှုကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ၊ လောင်းတောင် ထပ်လိုက်ချင်သေး”

“ကောင်းပြီ၊ ကြိုက်တဲ့ကြေးကို ခေါ်လိုက်၊ ကျုပ်က အဆင်သင့်ပဲ”

လုရှောင်ဖုန်းက စားပွဲကို လက်ဖြင့် အားရပါးရ ပုတ်ခါ ပြန်ပြောလိုက်သည်။ သူ့စကား မဆုံးခင်မှာပင်၊ အခြားသူများ အားရပါးရ ရယ်နေကြသည်ကို သူသတိပြုမိလိုက်သည်။ အခန်းထဲရှိ လူများ အားလုံး ရယ်နေကြခြင်း ဖြစ်လေသည်။ လူတစ်ယောက် ခွေးချေးပုံ တက်နင်းမိသည် မြင်၍ ဝိုင်းရယ်ကြသော ရယ်မောခြင်းမျိုး ဖြစ်လေသည်။ ထိုအချိန်မှာပင် လုရှောင်ဖုန်းလည်း သူခွေးချေးပုံမှ တက်နင်းမိပြီ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိလိုက်ရလေတော့သည်။ ခွေချေးမှပုံမှ တကယ့်ခွေးချေးပုံကြီး။ ဘယ်လိုမှ ခြေထောက်ပြန်ထုတ်၍ မရနိုင်လောက်သည့် ခွေးချေးပုံကြီးကို သူတက်နင်းမိလိုက်ခြင်းပင် ဖြစ်လေတော့သည်။

“ဖိတ်ခေါ်တာထက်၊ မျှားခေါ်တာက ပိုကောင်းတယ်ဆိုတာ မှန်နေပါရောလား”

သစ်သား ရသေ့ကြီးက အားရပါးရ ရယ်မောပြီးနောက်၊ သက်ပြင်းချရင်း ပြောလိုက်လေသည်။

+++++

ညစာစားပြီးကြချေပြီ။ ထင်းရှူး ဖိုးသူတော်သည် စောစောအိပ်၊ စောစောထပြီး ကျန်းမာရေးကို ဂရုစိုက်လှသူ ဖြစ်လေသည်။ သစ်သား ရသေ့ကြီးကတော့ အပျင်းရောဂါစွဲကပ်နေသူ။ ကြက်ဟင်းခါးသီး ကိုယ်တော်သည်လည်း ညဖက် ဘုရားဝတ်ပြုစရာ ရှိသေးသည်။ ထို့ကြောင့် ဧည့်ခန်းထဲတွင် လူ သုံးယောက်သာ ကျန်ရစ်ခဲ့လေသည်။

လုရှောင်ဖုန်းသည် အနီရောင် ပိတ်စပေါ်မှ ပျိုနီပန်းပွင့်ကို အသေအချာ စိုက်ကြည့်နေရင်းမှ ရုတ်တရက် လှမ်းမေးလိုက်သည်။

“အဲဒီလူ ဘယ်တုန်းက စပေါ်လာတာလဲ”

“ဇွန်လ ၃ ရက် ... သူနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့တာကတော့ ချန်းမန်တျန့်ပဲ”

ကျင်းကျိုးလင်က ပြန်ဖြေလိုက်သည်။

“နောက်ဆုံး အကြိမ်ကရော”

“ကျုပ်သိသလောက်တော့ လွန်ခဲ့တဲ့ ၁၃ ရက်ကပဲ၊ ဒီကြားထဲ နောက်ထပ် အမှုအခင်း ရှိသေးလားတော့ မပြောတတ်ဘူး”

“လွန်ခဲ့တဲ့ ၁၃ ရက်လောက်က၊ ကျုပ် စိခုန်းကျိုင်ရှင်းနဲ့ နောက်ကျွမ်းပစ်လို့ ကောင်းတုန်း၊ သေချာတာတစ်ခုကတော့ ပန်းထိုးရာဇာဟာ သူမဟုတ်ဘူးဆိုတာပဲ”

“ကျုပ်လည်း သူ့ကို သံသယမဝင်ပါဘူး”

“ခင်ဗျား သူ့ဆီက အကူအညီတောင်းဖို့လည်း အစီအစဉ်မရှိဘူး မဟုတ်လား”

လုရှောင်ဖုန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

ကျင်းကျိုးလင်က ရယ်မောလိုက်ကာ

“ခင်ဗျားက သူ့အတွက် တီကောင် အကောင် ၆၀၀ ကျော်လောက် လောလောလတ်လတ် တူးပေးထားတာဆိုတော့၊ သူ့အပေါ် သဘောထား ကြီးကြီး ထားနိုင်မှ မဟုတ်ဘူးဆိုတာတော့ ကျုပ်သိတယ်လေ”

“အဲဒါကြောင့် ခင်ဗျားက အကွက်ဆင်ပြီး ကျုပ်ကို မျှားခေါ်တာပေါ့”

“အဲလိုမှ မလုပ်ရင်လည်း ခင်ဗျား ဒီကိစ္စမှာ ဝင်ပါအောင် လုပ်ဖို့ အခြားနည်းလမ်းမှ မရှိတော့တာကိုး”

ကျင်းကျိုးလင်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ခင်ဗျားတို့ နယ်ပယ်က လူတွေနဲ့ အပေါင်းအသင်းမလုပ်တာ အကောင်းဆုံးပဲ ထင်ပါရဲ့”

လုရှောင်းဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ကဲ ... ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဒီအရှုပ်ထုပ်ကြီးထဲကို ရောက်နေမှတော့၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စဉ်းစားကြတာ အကောင်းဆုံးပဲပေါ့”

လုရှောင်ဖုန်းက ခဏတာမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ကျုပ်တို့ အရင်ဆုံး လေ့လာကြည့်ရမယ်ဗျ”

“သဘောတူတယ်ဗျာ”

“ကျုပ် စဉ်းစားမိလို့ ရသလောက်ကတော့၊ ဒီလူဟာ လုပ်တာကိုင်တာ အရမ်းကို သပ်ရပ်တဲ့ အပြင်ကိုမှ၊ သိုင်းပညာကလည်း တကယ့်ကို ပထမတန်းစားပဲ၊ ဘယ်လိုနည်းနဲ့မှ သိုင်းလောကထဲကို အခုမှ ဝင်လာတဲ့သူ မဖြစ်နိုင်ဘူး”

“ကျုပ်လည်း အဲလိုပဲ ထင်တယ်ဗျို့၊ ဒီလူဟာ သိုင်းလောကထဲက နာမည်ကြီးတစ်ယောက်က ရုပ်ဖျက်ထားတာပဲ ဖြစ်ရမယ်ဆိုတာ၊ ဒါပေမယ့် ဘယ်သူဖြစ်နိုင်မလဲ ဆိုတာကိုတော့ လုံးလုံး မစဉ်းစားတယ်ဘူး”

“သူက မုတ်ဆိတ်မွှေးတွေတပ်၊ ဝတ်ရုံကြီးဝတ်ပြီးတော့၊ လမ်းလည်ကောင်မှာ ထိုင်ပြီး ဇာပန်းထိုးပြတာတွေဟာ၊ တကယ်တော့ လူတွေကို အာရုံ လွှဲဖို့အတွက် တမင်တကာ လုပ်တာသက်သက်ပဲ၊ အဲဒီတော့ လူတွေက သူနဲ့ပတ်သတ်တဲ့ အခြားအချက်တွေကို သတိမထားမိတော့ဘူးပေါ့”

“ခင်ဗျားက ကျုပ်တို့အလုပ် လုပ်ဖို့ကောင်းတာဗျ ... ကျုပ်လို တံခါးတော် ခြောက်ဖက် အတွင်းမှာ ၁၀ နှစ်ကျော်လောက် အမှုထမ်းခဲ့တဲ့ မြေခွေးအိုကြီးတောင်၊ ခင်ဗျားလိုမျိုး ကောက်ချက်မဆွဲနိုင်ဘူး”

ကျင်းကျိုးလင်က လှမ်းနောက်လိုက်သည်။

လုရှောင်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး

“ခင်ဗျား ကျုပ်ကို ဒီအရှုပ်ထုပ်ကြီးထဲ ဆွဲသွင်းပြီးပြီပဲ၊ ကျုပ်ကို ဘော လိုက် ]မ} နေစရာ မလိုတော့ပါဘူး”

“တစ်ခါပဲ မ မ ... နှစ်ခါပဲ မ မ ... ဘော ]မ} တာကို ဘာနဲ့မှ မလဲနိုင်ဘူး ... လိုတာထက် နည်းနည်းလောက် ပိုပြီး ]မ} လိုက်လို့ ဘာမှ မဖြစ်လောက်ပါဘူး”

ကျင်းကျိုးလင်က အားရပါးရ ရယ်မောရင်း ပြန်ပြောလိုက်သည်။

“ဘယ်လောက်ပဲ ရုပ်ဖျက်တာ တော်တော်၊ ဟာကွက် တစ်ခုခုတော့ တစ်နေရာရာမှာ၊ ရှိမှာ သေချာတယ်၊ ချန်းမန်တျန့်နဲ့ ကျန်တဲ့သူတွေ သတိမပြုမိတာပဲ ဖြစ်မယ်၊ ဒါမဟုတ် သတိပြုမိပေမယ့်လည်း အရေးမကြီးဘူးလို့ ထင်နေတာ ဖြစ်နိုင်တယ်”

ဟွာမင်းလိုက ရုတ်တရက် ဝင်ပြောလိုက်သည်။

“အဲဒီတော့ သူတို့တွေကို အသေးစိတ် သေသေချာချာ ထပ်မေးရင်၊ ငါတို့ သဲလွန်စတွေ ရကောင်း ရလာနိုင်တယ်”

“ငါတို့ ... ဟုတ်လား”

လုရှောင်ဖုန်းက မျက်မှောင်ကြုတ်က ပြန်မေးလိုက်သည်။

“ဟုတ်တယ်”

“ငါတို့ ဆိုတော့ မင်းလည်း ပါတယ်ပေါ့”

လုရှောင်ဖုန်းက ထပ်မေးလိုက်သည်။

“ငါလည်း မျက်မမြင်ဘဲဆိုတာ မေ့နေပြီလား၊ အခြား မျက်မမြင်တွေရဲ့ ပြသနာကို ငါ ဝင်မပါလို့ ဘယ်ဖြစ်ပါ့မလဲ”

လုရှောင်ဖုန်းနှင့် ကျင်းကျိုးလင်တို့သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ အားတုံ့အားနာ ဖြစ်သွားကြသည်။ သူတို့နှစ်ယောက်သည် မကြာသေးမှီကပင် ]မျက်ကန်းတွေ ဘာဖြစ်တယ် ညာဖြစ်တယ်} နှင့် အပြန်အလှန် ပြောဆိုနေခဲ့ကြ သောကြောင့် ဖြစ်လေသည်။ သူတို့နံဘေးတွင် မျက်မမြင်တစ်ယောက် ထိုင်နေသည်ကို၊ လုံးလုံး သတိမရခဲ့ကြပေ။ ဟွာမင်းလိုအား မည်သူကမျှ မျက်မမြင်တစ်ယောက်ဟု သဘောထား ဆက်ဆံလေ့ ရှိပုံမရ။

လုရှောင်ဖုန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး

“ကောင်းပြီ ... ဒါဆို ပိုပြီးတော့ အလုပ်တွင်ကျယ်အောင် ကျုပ်တို့ လူခွဲပြီး လုပ်ကြရအောင်၊ ခင်ဗျားတို့နှစ်ယောက်က ချန်းမန်တျန့်နဲ့ ကျန်းချောင်းဝေကို သွားရှာကြ”

“ခင်ဗျားကရော”

ကျင်းကျိုးလင်က ပြန်မေးလိုက်သည်။

“ကျုပ်က ဒါကို ယူသွားပြီးတော့ သွားရှာစရာ တစ်ယောက် ရှိတယ်”

လုရှောင်ဖုန်းသည် အနီရောင်ပိတ်စကို အိတ်ထဲသို့ ထည့်လိုက်ကာ ပြန်ပြောလိုက်သည်။

“ဘယ်သူ့ကို သွားရှာမှာတုန်း”

“ကျားမ တစ်ကောင်”

“ဘယ်တစ်ကောင်တုန်း”

“အချောဆုံး တစ်ကောင်ပေါ့”

လုရှောင်ဖုန်းက ပြုံးကာ ပြန်ပြောလိုက်သည်။ ကျင်းကျိုးလင်လည်း ပြုံးလိုက်ကာ

“အချောဆုံးတစ်ကောင်က ကြောက်ဖို့ အကောင်းဆုံးဆိုတာလည်း မမေ့နဲ့ဦးနော်၊ အကိုက်မခံရအောင် သတိထားဦး”

“သူ သတိထားမှာတော့ သေချာပါတယ် ... အဲဒီအတွက်တော့ ခင်ဗျား ဘာမှ စိတ်ပူမနေနဲ့”

ဟွာမင်းလိုက ဝင်ပြောလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူအကိုက်ခံရဖူးတာ တော်တော်များနေပြီလေ”

ဟွာမင်းလိုက ပြုံးလျှက် ပြန်ဖြေလိုက်သည်။

သိုင်းလောကထဲတွင် ကျားဒေဝီ လေးယောက် ရှိလေသည်။ ကြည့်ရသည်မှာ ထိုကျားဒေဝီ လေးယောက်စလုံးက လုရှောင်ဖုန်းကို တစ်ကိုက်စီလောက်တော့ ကိုက်ဖူးကြပုံ ရလေသည်။

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

0 comments:

Post a Comment