Thursday, June 16, 2011

(၂) အပ်တမန်တော်ဆီသို့ အလည်တစ်ခေါက်

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

တောင်စောင်း။ နေဝင်ရီတရော ညနေစောင်းအချိန်၏ အလင်းရောင်အောက်တွင် စိမ်းစိုသော တောင်းစောင်းတစ်ခုလုံးသည်၊ အိပ်မက်ဆန်ဆန် ခရမ်းရောင်သမ်းနေလေသည်။ အပြိုင်အဆိုင် ဖူးပွင့်နေကြသော ပန်းအမျိုးပေါင်းစုံက တောင်စောင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ကျစ်ဆံမြီးနှင့် မိန်းကလေးငယ် နှစ်ယောက်က တောင်စောင်းတစ်လျှောက်တွင် ပန်းခူးနေကြသည်။ သူတို့၏ နှုတ်ဖျားဆီမှ ကျေးလက်တေးသီချင်းများက နွဲ့နှောင်းချိုသာစွာ ထွက်ပေါ်လာနေကြသည်။

သူတို့၏ တေးသံသာများက နွေးဦးလေပြေထက်ပင် ပျော့ပျောင်းညင်သာလှသလို၊ သူတို့ကိုယ်တိုင်ကလည်း ပန်းပွင့်ကလေးများထက်ပင် ချောမောလှပကြပေသည်။



လုရှောင်ဖုန်း တောင်စောင်းဆီသို့ လျှောက်လာချိန်တွင်တော့ သူတို့၏ တေးသံများ ရုတ်တရက် ရပ်တန့်သွားပြီးနောက်၊ သူတို့နှစ်ယောက်စလုံးက လုရှောင်ဖုန်းကို ရွှန်းလဲ့သော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်၊ ပြိုင်တူ စိုက်ကြည့်လိုက်ကြသည်။ လုရှောင်ဖုန်းသည် မိန်းကလေးများ၏ စိုက်ကြည့်ခြင်းကို မကြာခဏ ခံရတတ်သူ ဖြစ်သောကြောင့်၊ သူတို့ကို အမှုမထားဘဲ ပြန်ပြုံးပြလိုက်သည်။

“ဟေ့လူကြီး ... ရှင်ဒီမှာ ဘာလာလုပ်နေတာလဲ”

မျက်လုံးဝိုင်းစက်စက်နှင့် မိန်းကလေးက လုရှောင်ဖုန်းကို လှမ်းမေးလိုက်သည်။ သူ့နှာခေါင်းပေါ်တွင် မှဲ့ခြောက်အနည်းငယ် ရှိကာ၊ ထိုမှည့်ခြောက်များကြောင့်ပင် သူမျက်နှာလေးက ပို၍ ချစ်စရာကောင်းနေသေးသည်။

“ဒီဖက်မှာ ပန်းတွေက အရမ်းလှလို့ လမ်းလျှောက် ထွက်လာတာပါ ... မရဘူးလား”
“မရဘူး”

မှဲ့ခြောက်နှင့် မိန်းကလေး၏ မျက်လုံးလေးများက ပို၍ပင် ဝိုင်းစက်လာလေသည်။

“ဒါကျွန်မတို့ရဲ့ နေရာ ... ဘယ်ယောက်ျားမှ မလာရဘူး”

“ကောင်မလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလောက် ဒေါသမကြီးသင့်ဘူး ... မဟုတ်ရင် ယောက်ျားရဖို့ လမ်းမမြင်ဘူး”

လုရှောင်ဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“အဲဒါကြောင့် ကျွန်မကတော့ ဘယ်တော့မှ ဒေါသမကြီးတာ”

ဒုတိယမိန်းကလေးက မျက်နှာဝိုင်းဝိုင်းလေးနှင့် ဖြစ်သည်။ သူပြုံးလိုက်သောအခါ ပါးခြိုင့်လေးနှစ်ဖက်ဖြင့်၊ အလွန်ပင် ချစ်စရာကောင်းလှသည်မှာ၊ သူ့စကားသံအတိုင်းပင်။

“ရှင်က ပန်းကြိုက်တယ် ဆိုရင်လည်း ... ကျွန်မ ရှင့်ကို ပန်းနှစ်ပွင့်ပေးပါ့မယ်”

သူက ချိုသာစွာ ပြုံးလျှက်ဖြင့် လုရှောင်ဖုန်းကို လှမ်းပြောလိုက်သည်။

“ကောင်းတာပေါ့”

ပါးခြိုင့်နှင့် မိန်းကလေးသည် ချိုချိုသာသာ ပြုံးလျှက်ဖြင့်ပင် သူ့ပန်းခြင်းဆီသို့ လျှောက်သွားကာ၊ ခြင်းထဲသို့ လက်နှိုက်လိုက်လေသည်။ ပန်းခြင်းထဲမှာ သူလှမ်းယူလိုက်သော အရာကတော့၊ ပန်းမဟုတ်၊ ကတ်ကြေးတစ်လက်သာ ဖြစ်ပြီး လုရှောင်ဖုန်းကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ အပြုံးချိုချိုနှင့် မိန်းကလေး၏ တိုက်ကွက်က မယုံကြည့်နိုင်လောက်အောင် လျှင်မြန်သည်။ ပြင်းထန်သည်။ ရက်စက်သည်။

လုရှောင်ဖုန်းပင် အငိုက်မိသွားလေသည်။ သို့သော် သူ့အဖို့ရာတော့ မိန်းကလေးတစ်ယောက်က မထင်မှတ်ထားသောအချိန်တွင် ကတ်ကြေးဖြင့်ထိုးခြင်းကို ခံရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ့ကိုယ်ကို လျှင်မြန်စွာ တစ်ပတ်လှည့်ကာ အနောက်ဖက်သို့ ၁၅ ပေခန့် ခုန်ဆုတ်လိုက်လေသည်။

“ဒီလူ့ပုံကြည့်ရတာ နည်းနည်းလေးမှ လူကောင်းပုံမပေါက်ဘူး ... မလွတ်စေနဲ့”

မှဲ့ခြောက်နှင့် မိန်းကလေးက အော်ပြောလိုက်သည်။ ထို့နောက် သူ့လက်တွင်းသို့လည်း ကတ်ကြေးတစ်ချောင်းရောက်လာကာ၊ လုရှောင်ဖုန်းကို ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်လေတော့သည်။ သူ့တိုက်ကွက်များကလည်း မခေလှပေ။

“ကတ်ကြေးတွေက ပန်းဖြတ်ဖို့ဟာ ... ဘယ်နှယ့် လူတွေကို လိုက်ဖြတ်နေကြပါလိမ့်”

လုရှောင်ဖုန်းက လှမ်းနောက်လိုက်သေးသည်။

သို့သော် စစချင်း တိုက်ကွက်အချို့ကို သူ ရှောင်တိမ်းလိုက်နိုင်သော်လည်း၊ မိန်းကလေးများ၏ တိုက်ကွက်များက ပိုပိုကာ ရက်စက်ပြင်းထန်လာလေသည်။ သူတို့လက်တွင်းမှ ကတ်ကြေးများကို လှမ်းဆွဲယူလိုက်ချင်သော်လည်း စိတ်ကိုမနည်း ထိန်းထားရသည်။ သူ့ကိုယ်တွင် အပေါက်ကြီးများ ဖြစ်ကုန်လျှင် သိပ်ကြည့်ကောင်းမည် မဟုတ်။
ထိုအချိန်မှာပင် တောင်စောင်းဆီသို့ နောက်ထပ် မိန်းမပျိုလေးတစ်ယောက် ထပ်ရောက်လာလေသည်။

“နင်တို့ သူ့ကို ဖြတ်ချင်ရင်လည်း ... အဲဒီ နှုတ်ခမ်းမွှေး နှစ်ဖက်ကိုပဲ ဖြတ်ကြ ... လူကိုတော့ အသေမဖြတ်လိုက်ကြနဲ့”

ထိုမိန်းမပျိုလေးက ပြုံးလျှက်ဖြင့် လှမ်းပြောလိုက်သည်။ သူသည် နှင်းပွင့်များကဲ့သို့ စွတ်စွတ်ဖြူပြီး၊ နူးညံပျော့ပျောင်းလှသော အဝတ်အစားများကို ဝတ်ဆင်ထားကာ၊ တောင်စောင်း၌ နွဲ့နောင်းစွာ ရပ်နေသည်မှာ၊ လေ၌လွင့်မျောပါသွားတော့မည့် အလားပင်။ သူက လုရှောင်ဖုန်းကို ကြင်နာမှုအပြည့်နှင့် နွေးထွေးစွာ စိုက်ကြည့်နေလေသည်။

မိန်းကလေးနှစ်ယောက်သည် ရုတ်တရက် တိုက်ခိုက်မှုများကို ရပ်လိုက်ပြီး၊ ထိုမိန်းမပျို၏ ရှေ့သို့ နောက်ကျွမ်းပစ်ကာ ရောက်သွားကြလေသည်။

“မမလေး ဒီလူ့ကို သိလို့လား”

“အေး”

“ဒီလူက ဘယ်သူလဲ မမ”

“မျက်ခုံးမွှေး လေးခု မြင်တာတောင် ဘယ်သူမှန်း မသိကြသေးဘူးလား”

“လုရှောင်ဖုန်း ... ဒီလူက လုရှောင်ဖုန်းလား ”

မိန်းကလေးနှစ်ယောက်က ခိုးခိုးခစ်ခစ်ရယ်မောလိုက်ကြလေသည်။

“အဲဒါကြောင့် သူပြုံးလိုက်ရင် တကယ့်ကို သူခိုးဂျပိုးပုံ ပေါက်နေတာကိုး”

“မမလေးက ကျားဒေဝီ ... ဒါပေမယ့် သူ့ရဲ့ တပည့်မတွေက ပိုပြီးတော့တောင် ရက်စက်နေသေးတယ် ... ပြောရင် ဘယ်သူမှတောင် ယုံနိုင်မယ် မထင်ဘူး”

လုရှောင်ဖုန်းက သက်ပြင်းချလိုက်ကာ မချိပြုံးပြုံးရင်း ဆက်ပြောလိုက်သည်။

“ငါသာ နည်းနည်းနှေး သွားလို့ကတော့ ကိုယ်ပေါ်မှာ အနည်းဆုံး အပေါက် ၁၇ ပေါက် ၁၈ ပေါက်လောက် အသာလေးပဲ”

“ဒီလောက် အကြာကြီးနေမှ ကျွန်မဆီလာတာကရော ... ဘယ်သူ့အပြစ်တဲ့လဲ”

မိန်းမပျိုလေးက သူ့နှုတ်ခမ်းကို ကိုက်လိုက်ကာ

“ကျွန်မက တကယ်ပဲ ရှင့်ကိုယ်ပေါ်မှ အပေါက် ၁၈ ပေါက်လောက် ဖောက်ပစ်လိုက်ချင်တယ် သိလား ... ဒါပေမယ့် ...”

စကားမဆုံးခင်မှာပင် သူ့မျက်နှာလေးက နီရဲသွားသည်မှာ၊ ဟိုးအဝေး တောင်တန်းများဆီက ဝင်လုဆဲဆဲ နေလုံးကြီးကဲ့သို့ပင်။ သူသည် မယုံနိုင်လောက်အောင် အရှက်အကြောက်ကြီးသူ ဖြစ်ပေသည်။

လုရှောင်ဖုန်းကတော့ သူ့ကို အံ့အားသင့်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။

မိန်းမပျိုလေးက ပို၍ရှက်သွေးဖြာလာပြီး

“ရှင် ကျွန်မကို ဘာလို့ အဲဒီလောက်တောင် စိုက်ကြည့်နေရတာလဲ ... ကျွန်မမျက်နှာပေါ်မှာ ပန်းပေါက်နေလို့လား”

“ဒီလောက် အရှက်အကြောက်ကြီးလှတဲ့ မိန်းကလေးက ... သိုင်းလောကထဲမှာ မြင်လိုက်တာနဲ့တင်ကို ခေါင်းကိုက်ရတယ်ဆိုတဲ့ .... သွေးအေးအေးနဲ့ ရက်စက်တတ်တယ်ဆိုတဲ့ ... ရွှယ်ပင်း ဆိုတာ ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ဘူး ... လောကကြီးက ဆန်းကျယ်လှပါပေရဲ့ ...”

လုရှောင်ဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ရှင်ရော ကျွန်မနဲ့တွေ့တော့ ခေါင်းကိုက်သေးလား”

“ခေါင်းတော့ မကိုက်ပါဘူး ... ဒါပေမယ့် ... ရင်ခုန်သံတွေပဲ ၃ ဆ လောက် ပိုမြန်နေတာ ခက်တယ်”

လုရှောင်ဖုန်းက ပြန်ပြောလိုက်သည်။

“ဒီလူက ပုံကြည့်တော့တာ သူခိုးဂျပိုးရုပ်နဲ့ ... အပြောကတော့ ချိုလိုက်တာ ပျားရည်စမ်းထားတဲ့ အတိုင်းပဲ”

ပါးခြိုင့်နှင့် မိန်းကလေးက ရယ်မောကာ တိုးတိုးလေး ပြောလိုက်သည်။

“သူ့သာ အပြော မချိုရင် ... မမလေးက သူ့အကြောင်းပဲ နေ့နေ့ညည တွေးနေပါ့မလား”

မှဲ့ခြောက်နှင့် မိန်းကလေးက တီးတိုးပြန်ပြောလိုက်သည်။

“ညည်းတို့တွေ ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမယ်ဆိုတာ နားမလည်ကြဘူးလား ... ဒီလို အောက်တန်းကျတဲ့ လူစားမျိုးကို ငါက နေ့နေ့ညည တွေးနေတယ်လို့ ဘယ်သူ ပြောသတုန်း”

ရွှယ်ပင်းက မိန်းကလေးနှစ်ယောက်ကို ဒေါသတကြီး ကြည့်ကာ လှမ်းပြောလိုက်သော်လည်း၊ သူ့မျက်နှာတွင်တော့ ရှက်သွေးများ ဖြာနေသည်။ နှုတ်ခမ်းကို စူထားသော်လည်း၊ ပြုံးယောင်သမ်းနေသည်။ ညနေဆည်းဆာ၏ ခရမ်းရောင်လဲ့လဲ့ အလင်းတန်းများပင် အရောင်မှေးမှိန်သွား သယောင်။

“ငါ စောစောစီးစီးက လာခဲ့သင့်တာ အမှန်ပဲ ... ဘာလို့ ဒီနေ့မှ ရောက်ဖြစ်ရပါလိမ့်”

လုရှောင်ဖုန်းက သူ့ကိုယ်သူ ညည်းတွားသလို ပြောရင်း သက်ပြင်းချလိုက်သည်။

“ဘာလို့လဲ ကျွန်မသိတယ်”

“ဘာလို့လဲ”

“ကျွန်မကိုတွေ့ရင် ရှင်က အခြား မိန်းကလေးတွေကို မေ့သွားတယ် ... ဒါပေမယ့် ရှင် အခြား မိန်းကလေးတွေနဲ့ တွေ့ရင်တော့ ကျွန်မကို မေ့သွားတယ်”

ရွှယ်ပင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြန်ကာ

“ရှင်က တကယ်တော့ အသည်းနှလုံး မရှိတဲ့သူ ... သူများကို နည်းနည်းလေးမှ ဂရုမစိုက်တတ်တဲ့သူ”

“ဒီလို အဆူခံရမယ်သာ သိရင် ငါ မလာပါဘူးကွာ”

လုရှောင်ဖုန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။

“ရှင့်အကြံအစည်တွေများ ကျွန်မ မသိဘူး ထင်လို့လား ... ရှင်သာ အကူအညီ မလိုလို့ကတော့ ဒီကို မလာတာ သေချာတယ်”

“ငါမှာ အကူအညီလိုတာတော့ အမှန်ပဲ”

လုရှောင်ဖုန်းက ဝန်ခံလိုက်သည်။

“ဒါပေမယ့် မင်းဆီကတော့ မဟုတ်ဘူး”

“ပြောစမ်းပါဦး ... ဒါဆို ရှင်က ဘယ်သူ့ကို လာတွေ့တာတုန်း”

ရွှယ်ပင်းက မျက်နှာထား တင်းတင်းဖြင့် ပြန်မေးလိုက်သည်။

“သခင်မကြီးကို”

“ရှင်ဘာလုပ်ဖို့ ကြိုးစားနေပြန်တာတုန်း ... ဘာကိစ္စ တွေ့ချင်ရတာတုန်း”

ရွှယ်ပင်းသည် အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

“ငါ သူ့ကို မေးစရာရှိလို့”

“ရှင့်ကို ပေးမတွေ့နိုင်ဘူး ... မေးစရာရှိရင် ကျွန်မကိုမေးလို့ရတယ် ... အတူတူပဲ”

“မင်း ဘယ်လိုမှ ငါ့ကို ကူညီနိုင်မှာ မဟုတ်လို့ပါ”

“ဘာကိစ္စမို့လို့တုန်း”

“ပန်းထိုးတာ”

“ပန်းထိုးတာ ... ရှင်က ဘာကိစ္စပန်းထိုးတာ သင်ချင်ရတာတုန်း ... ရှင် ဘယ်တုန်းက အပ်ချုပ်သည် ဖြစ်သွားရတာတုန်း”

ရွှယ်ပင်းအတွက်တော့ လုရှောင်ဖုန်း၏ စကားများက ပိုပို၍ပင် ထူးဆန်းလာလေသည်။

“အပ်ချုပ်သည်တွေပဲ ပန်းထိုးသင်ရမှာတဲ့လား”

“ကျွန်မကို သတ်ချင်သာ သတ်သွားလိုက် ... ရှင် ပန်းထိုးသင်ချင်တယ် ဆိုတာတော့ ကျွန်မ ဘယ်လိုမှ မယုံဘူး”

“ငါ့မှာ သခင်မကြီးကို တကယ်ပဲ မေးစရာရှိနေလို့ပါ ... သူ့ဆီကိုခေါ်သွားပေးစမ်းပါ”

“ကျွန်မလည်း အပ်တမန်တော် ရွှယ်ရဲ့ မျိုးဆက်ပဲဆိုတာ မေ့နေပြီလား ... ကျွန်မကို မေးလည်း ရတာပဲ”

“မင်း ပန်းထိုးတဲ့အပ်တွေကို ဘယ်တော့မှ ကိုင်တောင် မကြည့်ဘူးဆိုတာ ငါသိတယ် ... မင်းပဲ ငါ့ကို ပြောဖူးတယ်လေ ...ပန်းထိုးအပ် ကိုင်လိုက်ရင်ကိုပဲ အိပ်ပျော်သွားရောလို့”

“ရှင် အခုထိ မှတ်မိသေးတယ်လား”

“မင်းပြောခဲ့သမျှ အားလုံးကို ငါမှတ်မိပါသေးတယ်ကွာ ... ကဲ ... ငါ့ကို သခင်မကြီးဆီ မြန်မြန်လိုက်ပို့ပေးတော့”
“မပို့ပေးနိုင်ဘူး ဆိုရင်ကော ... ရှင်က ဘာလုပ်ချင်လို့လဲ”

ရွှယ်ပင်းက ထူးထူးဆန်းဆန်း ပြုံးကာ ပြန်ပြောလိုက်လေသည်။

+++++

သခင်မကြီးရွှယ်သည် အသက် ၇၇ နှစ် ရှိပြီ ဖြစ်သည်လည်း၊ မည်သူမှ သူ့ကို အသက် ၇၀ ကျော်ဟု ထင်ကြမည် မဟုတ်ပေ။ မှောင်ရီဝိုးတဝါး အချိန်မျိုးတွင် တွေ့မိပါက၊ လူတော်တော်များများက သူ့ကို အသက် ၃၈ နှစ် မစွန်းသေးဟုပင် ထင်မှတ်ကြသည်။ သူ့အပြောအဆို အနေအထိုင်များက နူးညံသိမ်မွေ့လှသလို၊ သူ့မျက်လုံးများကလည်း နုပျိုစဉ်အချိန်ကလို၊ ရွှန်းလဲ့တောက်ပနေဆဲပင်။ အထူးသဖြင့် သူS ခင်မင်ရင်းနှီးသော ယောက်ျားပျိုလေးများကို တွေ့ပါက၊ ပျိုမျစ်ခြင်း၏ အရိပ်အယောင်များကို သူ့မျက်လုံးများထဲတွင် ပြန်တွေ့နိုင်သည်။

လုရှောင်ဖုန်းသည်လည်း သူ ခင်မင်ရင်းနှီးသော ယောက်ျားပျိုတစ်ယောက်ပင် ဖြစ်သည်။ လုရှောင်ဖုန်းကလည်း သူ့ကို အရမ်းခင်ပါသည်။ မိန်းမတိုင်းသာ သူ့လိုမျိုး သည်အသက်အရွယ်အထိ သည်လောက် လှပချောမောနေလျှင် ဘယ်လောက်များ ကောင်းလေမလဲဟု လုရှောင်ဖုန်း အမြဲတွေးမိတတ်သည်။ လောကကြီး လှသထက် ပို၍လှသွားမည်မှာ သေချာသည်။

“မင်း ငါ့ဆီကို ခဏ ခဏ လာလည်ပါကွယ့် ... ငါ့လို အဘွားကြီးက မင်းအတွက် အန္တရယ်မရှိပါဘူး ... အနည်းဆုံးတော့ မင်းကို အတင်းအကြပ်ယူခိုင်းတာမျိုး မလုပ်တာ သေချာပါတယ်”

သခင်မကြီးရွှယ်က ပြုံးရင်း လှမ်းပြောလိုက်သည်။

“ကျွန်တော်က ခဏခဏ လာလည်ချင်ပါတယ် ... ဒါပေမယ့် ရွှယ်ပင်းက ပေးမလာတာပါ”

လုရှောင်ဖုန်းက တမင်ဟန်လုပ်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။

“ဟင် ဟုတ်လား”

“ဒီနေ့ပဲကြည့် ... ကျွန်တော့်ကို ဒီကို လိုက်မပို့ဘူးလေ”

“ဘာလို့လဲ”

“ကျွန်တော်လည်း မသိဘူး ... ကျွန်တော့်အထင်တော့ သူ မနာလို ဖြစ်နေတာ ထင်တာပါပဲ”

လုရှောင်ဖုန်းက အပြစ်ကင်းစင်သော ကလေးတစ်ယောက်ပမာ မျက်လုံးပုတ်ခတ် ပုတ်ခတ်လုပ်ကာ ပြန်ဖြေလိုက်သည်။

သခင်မကြီးရွှယ်က နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်သည်။ သူ့မျက်လုံးများက အရောင်တောက်ပလာပြီး၊ သူ့မျက်နှာပေါ်မှာ အရေးကြောင်းများ ပျောက်ကွယ်သွား သလိုပင်။

“ဒါနဲ့ ... သခင်မကြီး ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါလား”

လုရှောင်ဖုန်းသည် အခွင့်အရေးကို အမိအရယူကာ အနီရောင်ပိတ်စကို ထုတ်ပြလိုက်သည်။

“အဲဒါက ဘာဖြစ်လို့လဲ”

သခင်မကြီးရွှယ်က ထိုပိတ်စကို မျက်လုံးထောင့်မှ တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီးနောက်၊ မနှစ်မြို့သော အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။ သူ့ခေါင်းကို တစ်ချက်ရမ်းလိုက်ပြီးနောက်

“ငါ အသက် ၆ နှစ် သမီးတုန်းက လက်ရာတောင် အဲဒီထက် သာသေးတယ်”

“ကျွန်တော်က ပန်းထိုးထားတဲ့ လက်ရာကို ပြောတာမဟုတ်ပါဘူး ... ပိတ်စနဲ့ ချုပ်ရိုးချုပ်သားကို တစ်ချက်လောက် ကြည့်ပေးဖို့ ပြောတာပါ”

လုရှောင်ဖုန်းက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒီလိုဟာမျိုးတွေ ငါ့ဘ၀မှာ မရေမတွက်နိုင် လောက်အောင်ကို ကြည့်ခဲ့ပြီးပြီ ... မင်းက ငါ့ကို ထပ်ကြည့်ခိုင်းနေသေးတာလား”

“သခင်မကြီးက ဒီလိုဟာမျိုးတွေ မရေမတွက်နိုင် လောက်အောင် ကြည့်ခဲ့ဖူးတာ သိလို့လည်း ကျွန်တော်က အကူအညီတောင်းနေတာပါ ... ဒီပိတ်စနဲ့ အပ်ချည်အမျိုးအစားက ဘယ်ကလာတယ် ... ဘယ်ဆိုင်က ရောင်းတာ ဖြစ်နိုင်တယ်ဆိုတာ ... သခင်မကြီး ပြောပြပေးနိုင်မလား”

သခင်မကြီးရွှယ်က ထိုပိတ်စကို လှမ်းယူလိုက်ကာ၊ သူ့လက်ချောင်းထိပ်လေးများနှင့် ညင်သာစွာ ပွတ်သပ်ကြည့်လိုက်ပြီးနောက်

“ပိတ်စကတော့ ရွှေမြို့တော်က အယူတော် မင်္ဂလာဆိုင်က ... အပ်ချည်က နဒီ မင်္ဂလာဆိုင်က ... နှစ်ဆိုင်လုံးက ပိုင်ရှင်တစ်ယောက်ထဲပဲ ... ကပ်ခြားတံတိုင်းနားမှာ နေတယ်”

“ရွှေမြို့တော်က သူတို့ရဲ့ ဆိုင်တွေမှာပဲ ဒီပစ္စည်းတွေ ဝယ်လို့ရတယ်ပေါ့”

“အဲဒီနှစ်ဆိုင်လုံးက ရွှေမြို့တော်မှာပဲ ရှိတယ် ... အခြားဆိုင်ခွဲမရှိဘူး”

“အခြားဆိုင်တွေကို လက်ကားဖြန့်တာမျိုးရော ရှိလား”

“အခြားဆိုင်တွေမှာ ဒီပစ္စည်းတွေ ရှိခဲ့ရင်တောင် သူတို့က ခုနက ပြောတဲ့ ဆိုင်နှစ်ဆိုင်မှာ ကိုယ်တိုင်သွားဝယ်ပြီးတော့၊ ပြန်ရောင်းတာပဲ ဖြစ်ရမယ်၊ အဲဒီဆိုင်နှစ်ဆိုင်က ပစ္စည်းအမျိုးအစား အကောင်းဆုံးတွေကိုပဲ ကိုယ်တိုင်လုပ်ပြီး ရောင်းတာ၊ ပြီးတော့ သူတို့က ပစ္စည်းအများကြီးလည်း မလုပ်ဘူး၊ သိပ်လည်း မကြေငြာဘူး၊ အဲဒီဆိုင်တွေရဲ့ ပိုင်ရှင် ယန်အာဖူးက ရိုးရိုးကုပ်ကုပ်နေတတ်တဲ့သူတစ်ယောက်၊ ချမ်းသာချင်စိတ် မရှိဘူး”

“အဲဒီဆိုင်တွေက ရွှေမြို့တော်ရဲ့ ဘယ်နားလောက်မှာလဲ”

“စိမ့်နန်းဆောင် နောက်ဖက်က လူအရမ်းပြတ်တဲ့ လမ်းကြားလေးထဲမှာ ... သူက သူ့ဆိုင်ကို လုံး၀ မကြေငြာဖူးလေ ... တကယ့် ပညာရှင်တွေက လွဲလို့ တော်ရုံလူက သူ့ဆိုင်ကို မသိဘူး”

(စိမ့်နန်းဆောင်သည် ဧကရာဇ်အဟောင်းများ၏ မောင်းမမိဿံ ကိုယ်လုပ်တော်များ နေထိုင်ရသော နန်းဆောင်ဖြစ်သည်။)

သခင်မကြီးရွှယ်က ရုတ်တရက် ပြုံးလိုက်ကာ

“ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ ... မင်း ဒီပန်းထိုးတဲ့ ကောင်မလေးကို သွားကြိုက်မိပြီး၊ သူက မင်းကို ရှောင်နေလို့၊ ဒီပိတ်စကို သုံးပြီး ခြေရာခံမလို့လား”

လုရှောင်ဖုန်း အံ့အားသင့်သွားကာ၊ အတန်ကြာသည်အထိ စကားပြန်မပြောနိုင်ခဲ့ပေ။

“ဒါ မိန်းကလေး လက်ရာလား”

“အေးလေ ... မိန်းကလေးလက်ရာပေါ့”

“တကယ်ပဲ သေချာရဲ့လား”

“မင်း မိန်းမတစ်ယောက်ကို မှားပြီး အကဲခတ်မိတာမျိုး ရှိဖူးလား ... အဖွားကြီးတစ်ယောက်ကို မှားပြီး ကောင်မလေး ထင်မိတာမျိုး ဖြစ်ဖူးလား”

သခင်မကြီးရွှယ်သည် သူ့မေးခွန်းကြောင့် နည်းနည်း စိတ်တိုသွားပုံရလေသည်။

“ဟင့်အင်း”

“ငါက ဒီအလုပ်နဲ့ ပတ်သတ်လာရင် မင်း မိန်းမကျမ်းကြေတာထက်ကို ၁၀ ဆ လောက် ပိုသေချာသေးတယ် ... ငါသာ မှားခဲ့မယ်ဆိုရင် ... ဟောဒီက ငါ့ သမီးလေးကိုတောင် မင်းကို ပေးလိုက်ဦးမယ် ”

“သခင်မကြီးက ပေးမယ်ဆိုရင်တောင် ... ကျွန်တော်ကတော့ မယူရဲပါဘူးဗျာ”

“ဘာလို့တုန်း ... မင်းက ငါ့သမီးလေးကို ရုပ်ဆိုးတယ် ထင်နေလို့လား”

သခင်မကြီးရွှယ်က ဒေါသထွက်သွားဟန်ဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။

“ဟာ ... မဟုတ်ရပါဘူး ... ဘယ်ကသာ ရုပ်ဆိုးရမှာလဲ ... နည်းနည်းလေး ကြောက်စရာ ကောင်းလို့ပါ ... အရင်တစ်ခေါက်တုန်းကဆို ... သူကိုက်လိုက်တာ ... ကျနော့်နားရွက် မပြတ်တာ ကံကောင်းတယ်”

ရွှယ်ပင်းသည် ရိုကျိုးစွာဖြင့် အသံလုံး၀မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည်။ သို့သော် သူ့မျက်နှာမှာ ရှက်သွေးများ ရဲရဲနီအောင် ဖြာနေပြီး၊ ခေါင်းကို တွင်တွင်သာ ငုံ့ထားလေသည်။

“မင်းတို့တွေက ပြောလိုက်ရင် ငါ့သမီးလေးက ကြောက်စရာ ကောင်းတယ် ဆိုတာချည်းပဲ ... ဒါပေမယ့် ငါ့မျက်စိထဲတော့ ... နူးညံသိမ်မွေ့လိုက်တာများ တကယ့်နတ်သမီးလေး ကျနေတာပဲ”

သခင်မကြီးရွှယ်က ပြုံးလျှက်ဖြင့် ရွှယ်ပင်း၏ လက်ကို လှမ်းကိုင်လိုက်ပြီး

“ငါ့သမီးလေးက အရမ်းကို ရှက်တတ်လွန်းတာ ခက်နေတာပဲ ... ဘာများ ရှက်စရာ ရှိလို့တုန်း ... မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ကိုက်တယ်ဆိုတာ ... ဘာမှ ထူးဆန်းတဲ့ ကိစ္စမျိုးမှ မဟုတ်တာကွယ်”

ယခုအချိန်တွင်တော့ ရွှယ်ပင်းမှာ နားရွက်များပင် နီတွတ်နေလေပြီ။

“သမီးက ဘာလို့ သူ့ကို ကိုက်ရမှာလဲ ... သူက ဒီလောက် နံစော်နေတာ”

ရွှယ်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။

“သမီးက သူ့ကို မကိုက်ဘူးဆိုရင် ... ဘယ်လိုလုပ်ပြီး သူနံစော်နေတာကို သိနေရတာတုန်း”

သခင်မကြီးရွှယ်က အားရပါးရ ရယ်မောရင်း လှမ်းမေးလိုက်သည်။

“ဟင့် ....”

ရွှယ်ပင်းက နှုတ်ခမ်းစူလိုက်ပြီး အခန်းထဲမှာ ရှက်ကိုးရှက်ကန်းဖြင့် ပြေးထွက်သွားလေသည်။ သို့သော် သူထွက်မသွားခင်လေးမှာပင်၊ လုရှောင်ဖုန်းကို တစ်ချက်ခိုးကြည့်ပြီး တိုးတိုးလေး ပြောဖြစ်အောင် ပြောသွားသေးသည်။

“ကြပ်ကြပ်သတိထား”

လုရှောင်ဖုန်းကတော့ အခန်းထဲမှ ထွက်သွားသော ရွှယ်ပင်းနောက်ကိုသာ တမေ့တမော ငေးကြည့်နေမိလေသည်။
“မင်း သူ့ကို လိုက်ချော့ချင်နေတာ မဟုတ်လား ... လိုက်သွားလေ ... ဘာလုပ်နေတာလဲ”

သခင်မကြီးရွှယ်က ပြုံးလျှက် လှမ်းပြောလိုက်သည်။

လုရှောင်ဖုန်းက တစ်ချက်တွေဝေသွားပြီးနောက် သခင်မကြီးရွှယ် လက်ထဲရှိ ပိတ်စနီကို လှမ်းကြည့်လိုက်သည်။

“ဘာကြည့်တာတုန်း ... မင်းက ငါ ဒီပိတ်စကို အပိုင်စီးမှာ စိုးရိမ်နေတာလား”

သခင်မကြီးရွှယ်က ရယ်မောလိုက်ကာ သူ့လက်ထဲမ ပိတ်စကို လုရှောင်ဖုန်းဆီသို့ လှမ်းပစ်ပေးလိုက်သည်။

“ပိတ်စနှစ်စဆိုရင်လည်း ကောင်းသား ... ငါ ဟိုကောင်မလေးကို ဖိနပ်တစ်ရံ ချုပ်ပေးလို့ရသေးတယ် ... အခုက တစ်စထဲရယ်”

“ဗျာ ... ဘာ ချုပ်ပေးလို့ရတယ်”

လုရှောင်ဖုန်းက သူ့စကားကို ကမန်းကတန်း ဖြတ်မေးလိုက်သည်။

“ဖိနပ်လေ ... အခြား ဘာချုပ်ရဦးမှာတုန်း ... ဒါက ဖိနပ်ချုပ်တဲ့ ပိတ်စလေ”

လုရှောင်ဖုန်း နောက်တစ်ခါ ထပ်ပြီး အံ့အားသင့်သွားပြန်လေသည်။

“ဒီပိတ်စကနေ ဖိနပ်အနီတစ်ရံ ချုပ်လို့ရတယ်ပေါ့”

“အေး .. ဖိနပ်အနီပေါ့ကွယ့်”

သခင်မကြီးရွှယ်က ရယ်မောကာ ခေါင်းတစ်ချက် ခါလိုက်ပြီး

“ပိတ်စအနီကနေ ဘယ်လိုလုပ်ပြီး ဖိနပ်အနက်ချုပ်လို့ ရပါ့မလား ... မင်းကြည့်ရတာ ဥာဏ်ကောင်းမယ့်ပုံပါ ... ဘယ်လိုဖြစ်ပြီး အဲလောက် နလပိန်းတုံး ဖြစ်နေရတာတုန်း”

“ကျွန်တော် နည်းနည်း သွေးပျက်နေလို့ ထင်ပါတယ်”

လုရှောင်ဖုန်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

“မင်းက ဘာကို သွေးပျက်တာတုန်း”

“ဟိုကောင်မလေး အခန်းအပြင်က စောင့်ပြီးတော့ ကိုက်မှာကိုပါ”

+++++

သူအခန်းထဲက ထွက်လိုက်သည်နှင့် အကိုက်ခံရပေတော့သည်။ ရွှယ်ပင်းက သူ့ကို အခန်းအပြင်တွင် တကယ်ပင် စောင့်နေခဲ့ပြီး၊ တကယ်ပင် အားရပါးရ ဖမ်းကိုက်လိုက်လေသည်။

“ငါတော့ အကြားအမြင် ရနေပြီ ထင်ပါတယ် ... ရှေ့ဖြစ်တွေကို ကောင်းကောင်းကြီး ကြိုဟောနိုင်နေပြီ”

လုရှောင်ဖုန်းက သူ့နားရွက်ကို ပွတ်ကာ ရယ်မောလိုက်ရင်း လှမ်းပြောလိုက်သည်။

“ရှင့်အပြစ်ပဲ ... ရှင်ပဲ ကျွန်မကို ခုနက သက်သက်မဲ့ အရှက်ခွဲတာ ... ပြီးတော့ နေပါဦး ... ကျွန်မကို မယူနိုင်ဘူးဆိုတာကရော ဘာသဘောတုန်း”

ရွှယ်ပင်းက လုရှောင်ဖုန်းကို ဒေါသတကြီး ရန်တွေ့ကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း

“ကျွန်မသာ မခေါ်လာရင် ... ရှင် ဒီကို ရောက်မယ်တဲ့လား ဟင် ... ရှင့်နားရွက်ကို ပြတ်အောင် မကိုက်လိုက်တာပဲ ကံကောင်းတယ် မှတ်ပါ”

လုရှောင်ဖုန်းကတော့ နှုတ်ပိတ်နေရုံမှတပါး ဘာမှ မတတ်နိုင်ပေ။ မိန်းမတစ်ယောက်က ပြသနာကို မီးခွက်ထွန်းရှာနေပြီဆိုလျှင်၊ ဦးနှောက်ရှိသော ယောက်ျားတိုင်း ပါးစပ်ပိတ်နေမည်သာ ဖြစ်ပေသည်။
ရုတ်တရက် ရွှယ်ပင်းက သူ့လက်တွင်းမှ ပိတ်စနီကို လှမ်းဆွဲလိုက်ကာ

“ပြောစမ်းပါဦး ... ဘယ်သူက ရှင့်ကို ဒီပန်းထိုးပေးခဲ့တာတုန်း ... ရှင်က ဘာကိစ္စ ဒါကို အဖိုးမဖြတ်နိုင်တဲ့ ရတနာလို့ ဖြစ်နေရတာတုန်း”

“တကယ်လည်း အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ”

“အမလေးတော် ... ဘယ်နားက ဘယ်လို သွားပြီး အဖိုးမဖြတ်နိုင် ဖြစ်ရတာတုန်း ... ကျွန်မမျက်စိထဲတော့ နှစ်ပြားတောင် မတန်တဲ့ လက်ရာ”

“ဒါတော့ မင်းမှားသွားပြီ ... ဒီလက်ရာက စိန်ပြည်တောင်း ၁၈ တောင်း၊ ရွှေသား ၉ ထောင်နဲ့ ငွေသား ၈၀၀ တန်တယ်”

“ရှင် ရူးသွားပြီလား”

ရွှယ်ပင်းက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

“မရူးသေးပါဘူး”

“မရူးသေးရင်၊ ဘာလို့ ကျွန်မကို အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောနေရတာတုန်း”

လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ ရွှယ်ပင်းကို အကြောင်းစုံ မပြောပြလည်း၊ အနှေးနှင့် အမြန်ဆိုသလို၊ အဖြစ်အပျက်အားလုံးကို သူသိသွားမည်ဖြစ်ကြောင်း လုရှောင်ဖုန်း သိလေသည်။ ထို့ကြောင့် ရွှယ်ပင်းကို အကြောင်းစုံ ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

+++++

ရွှယ်ပင်းက လုရှောင်ဖုန်း ပြောပြသော ဇာတ်ကြောင်းအစုံအလင်ကို တိတ်တဆိတ် နားထောင်နေသော်လည်း၊ သူ့မျက်လုံးများကတော့ စိတ်ဝင်စားမှုကြောင့် အရောင်တလက်လက် တောက်ပနေသည်။

“ဒီဟာလေးက လွဲပြီး အခြား ဘာသဲလွန်စမ မကျန်ခဲ့ဘူးလား”

လုရှောင်ဖုန်း ပြောပြ၍အပြီးတွင် ရွှယ်ပင်းက လှမ်းမေးလိုက်သည်။

“ဟင့်အင်း”

“အဲဒါကြောင့် ရှင်က ရွှေမြို့တော်က အယူတော်မင်္ဂလာဆိုင်ကို သွားပြီးတော့ ... ဒီပိတ်စကို ဘယ်သူက လာဝယ်သွားတယ် ... ဘယ်တုန်းက လာဝယ်သွားတယ် ဆိုတာ သွားစုံစမ်းမလို့ပေါ့ ... ဟုတ်လား”
“ပိတ်စအနီတွေ ဒီရက်ပိုင်း သိပ်ရောင်းမကောင်းပါစေနဲ့ပဲ ဆုတောင်းရမယ်”

“ပိတ်ထည်ဆိုင်တွေ၊ အပ်ချုပ်ဆိုင်တွေက သူတို့စာရင်းတွေကို အနည်းဆုံး တစ်နှစ်လောက်တော့ သိမ်းထားလေ့ရှိကြတယ်”

ရွှယ်ပင်းက သူ့မျက်လုံးလေးများကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ လှမ်းပြောလိုက်သည်။

“အင်း ...အဲဒါကြောင့် ငါအမြန်ဆုံး သွားမှဖြစ်မယ်”

“ဟုတ်ပြီ ... ဒါဆိုလည်း မနက်ဖြန်မနက် ကျွန်မတို့ ခရီးစမယ်”

“ကျွန်မတို့ ဟုတ်လား”

လုရှောင်ဖုန်းက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။

“ဟုတ်တယ်လေ”

“ကျွန်မတို့ဆိုတော့ မင်းလည်း ပါတယ်ပေါ့”

“အင်းပေါ့”

“အဲဒီ ]ကျွန်မတို့} မှာ မင်းပါတယ်ဆိုရင်တော့ ... ငါမပါဘူးဟေ့”

လုရှောင်ဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ရှင်က ကျွန်မကို မခေါ်သွားချင်ဘူးပေါ့”

ရွှယ်ပင်းက မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်တယ်”

ရွှယ်ပင်းက သူ့ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ၊ မျက်လုံးလေး ထောင့်ကပ်ကာ တစ်ချက်စဉ်းစားလိုက်ပြီး

“ခုနက ဖိနပ်အနီအကြောင်းကြားတော့ ရှင် အံ့အားသင့်သွားတယ် မဟုတ်လား”

“ဆိုစမ်းပါဦး”

“ဖိနပ်နီစီးထားတဲ့ လူတစ်ယောက်ယောက်ကိုများ ရှင်တွေ့ခဲ့ဖူးလို့လား”

“ဖိနပ်နီစီးပြီး လျှောက်သွားနေတဲ့လူတွေ အများကြီး ရှိတာပဲ”

“ဒါပေမယ့် အဲဒီလူတစ်စုက သာမန်လူတွေ မဟုတ်ဘူး၊ ဥပမာ ... ဆိုပါတော့ ဖိနပ်နီ မစီးသင့်ဘဲနဲ့၊ စီးထားတာမျိုးပေါ့”

လုရှောင်ဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ လက်ထဲတွင် ဖိနပ်နီတစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ရင်း သေဆုံးနေခဲ့သော ရွှေဂဋ္ဌုန်ဧကရာဇ်အတု၏ အဖြစ်အပျက်ကို သူ မမေ့သေးပါ။

“သူတို့တွေ ဘာလို့ ဖိနပ်နီစီးသလဲဆိုတာ ရှင်သိလား”

ရွှယ်ပင်းသည် လုရှောင်ဖုန်း၏ မျက်နှာအမူအရာကို ကြည့်ကာ သူအပိုင်ချည်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိလိုက်သဖြင့်၊ လှမ်းမေးလိုက်သည်။

“ဟင့်အင်း”

“သူတို့တွေက ဘယ်သူတွေလဲဆိုတာရော ရှင်သိလား ... သူတို့တွေမှာ ဘယ်လို လျို့ဝှက်ချက်တွေ ရှိသလဲဆိုတာရော ရှင်သိလား”

“ဟင့်အင်း မသိဘူး”

“ကျွန်မ သိတယ်”

လုရှောင်ဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ့ရင်ခုန်သံများ မြန်လာပြန်သည်။ ထို ဖိနပ်နီများ၏ လျို့ဝှက်ချက်က သူ့ကို စိတ်လှုပ်ရှား သွားစေသည်မှာ အမှန်ပင်။ သို့သော် သူ နှုတ်မှ ဖွင့်ဟမေးမြန်းခြင်း မပြုပေ။ သူမေးပါကလည်း ရွှယ်ပင်း ဘယ်လိုနည်းနှင့်မှ ပြောပြမည်မဟုတ် ဆိုသည်ကို၊ သူကောင်းကောင်းသိနေသောကြောင့် ဖြစ်သည်။

“ရှင် အဲဒီလျို့ဝှက်ချက်တွေ သိချင်လား”

ရွှယ်ပင်းက သူ့ကို စောင်းငဲ့ကြည့်ပြီး လှမ်းမေးလိုက်သည်။

‘“အင်း”

“ဒါဆို ရှင် ကျွန်မကို ရွှေမြို့တော်ဆီကိုရော ခေါ်သွားချင်ရဲ့လား”

“အင်း”

လုရှောင်ဖုန်းက စိတ်မသက်မသာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

“အရမ်းကို ခေါ်သွားချင်ပါတယ်ကွာ”

+++++

လုရှောင်ဖုန်းသည် ရထားလုံးစီးရသည်ကို လုံး၀မနှစ်သက်ပါ။ ရထားလုံးစီးမည့်အစား မြင်းစီး၍ပဲဖြစ်ဖြစ်၊ လမ်းပဲလျှောက်၍ဖြစ်ဖြစ် သွားချင်သည်။ သို့သော် အခုတော့ သူ ရထားလုံးစီးနေရသည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ပင်းက ရထားလုံးစီးရသည်ကို ကြိုက်သောကြောင့်ပင် ဖြစ်သည်။ ရွှယ်ပင်းသည် အနေအထိုင် ယဉ်ကျေးသိမ်မွေ့ကာ အရှက်အကြောက်ကြီးသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သို့မဟုတ် ထိုကဲ့သို့ အထင်ခံရအောင် နေလေ့ရှိသည်။ ထို့ကြောင့် သူလမ်းလျှောက်သော အခါ၌ပင် ခြေလှမ်းကျဲကျဲမလှမ်းပေ။

သည်တစ်ခေါက် ရထားလုံးစီးရသည်မှာ သက်တောင့်သက်သာ ရှိ၍ တော်သေးသည်။ လမ်းက ညီညာချောမွေ့နေသောကြောင့် ဖြစ်သည်။ ရွှေမြို့တော်ဆီသို့ သွားသော လမ်းများအားလုံးမှာ ညီညာချောမွေ့ကြပေသည်။ လုရှောင်ဖုန်းက ထိုင်ခုံတွင်ထိုင်နေရင်း သူ့မေးရိုးကို လက်ဖြင့်နှိပ်ပေးနေသည်။ သူ အားရပါးရ ရယ်မောလိုက်၊ စကားပြောလိုက်လုပ်တာ တော်တော်များသွားသောကြောင့် မေးရိုးပင် ယောင်ချင်သလိုလို ဖြစ်နေကြောင်း လုရှောင်ဖုန်း သတိထားမိသည်။

ရွှယ်ပင်းက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး၊ သူ့ကို စိုက်ကြည့်နေလေသည်။ ရွှယ်ပင်း၏ မျက်ဝန်းများထဲတွင်၊ အမျိုးအမည် ခွဲခြားမပြနိုင်လောက်သော နွေးထွေးကြင်နာမှု၊ ပျော်ရွှင်မှုများ ပြည့်နှက်လာပြန်သည်။

“အဲဒီလျို့ဝှက်ချက် အခု ပြောပြပါလား”

လုရှောင်ဖုန်းက မအောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်သည်။

“လျို့ဝှက်ချက် ... ဘာလျို့ဝှက်ချက်ကို ပြောတာလဲ”

ရွှယ်ပင်းကို ကြည့်ရသည်မှာ ထိုကိစ္စကို လုံးလုံးသတိမရတော့သည် ပုံမျိုး။

“ဖိနပ်နီတွေရဲ့ လျို့ဝှက်ချက်လေ ... အခြား ဘာရှိသေးလို့တုန်း”

“အော် အဲဒါလား ... အဲဒီလျို့ဝှက်ချက်ကို ဖွင့်ပြောဖို့ အချိန်မကျသေးဘူး”

“ဘယ်လိုအချိန်မျိုးမှ ... အချိန်ကျမှာလဲ”

“ကျွန်မ ပျော်တဲ့အချိန်ပေါ့ ... အခု ကျွန်မ သိပ်မပျော်သေးဘူး”

“မင်းက ဘာလို့ သိပ်မပျော်ရတာတုန်း”

“ရှေ့တည့်တည့်မှာ ငတုံးတစ်ကောင် ငုတ်တုတ်ကြီး လာထိုင်နေမှတော့ ဘယ်သူက ပျော်နိုင်မှာတဲ့တုန်း”

“ဘယ်ငတုံးကို ပြောတာလဲ”

“ရှင့်ကိုပြောတာပေါ့”

လုရှောင်ဖုန်းသည် အားရပါးရ ရယ်မောမိလိုက်ပြန်သည်။

“အဲဒီတော့ ငါ့က ဘာလဲ သေချာပြောစမ်းပါဦး ... အသည်းနှလုံးမရှိတဲ့ အောက်တန်းစားလား ... ငတုံးလား”

“နှစ်ခုစလုံးပဲ”

ရွှယ်ပင်းလည်း သူနှင့်အတူ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး

“ရှင်သာ အသည်းနှလုံးမရှိတဲ့ အောက်တန်းစား မဟုတ်ရင်၊ ကျွန်မကို ရက်ရက်စက်စက် ပစ်ထားပါ့မလား၊ ပြီးတော့ ရှင်သာ ငတုံးတစ်ကောင်မဟုတ်ရင်၊ အလကားသက်သက် ရွှေမြို့တော်ကို အချိန်ကုန်ခံပြီး သွားနေပါ့မလား”

“ရွှေမြို့တော်ကို သွားတာနဲ့ပဲ ငါက ငတုံးဖြစ်ရမှာလား”

လုရှောင်ဖုန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

“ရှင်က အဲဒီကိုသွားပြီး ဘာလုပ်ဖို့ စီစဉ်ထားတာလဲ ပြောပြကြည့်စမ်းပါဦး”

“ငါဘာလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ မင်းသိပြီးသားပဲကို”

“အယူတော်မင်္ဂလာဆိုင်က လူတွေကို ဒီပိတ်စအနီ ဘယ်သူလာဝယ်သွားလဲ မေးမလို့ ဆိုပါတော့”

“အေး ဟုတ်တယ်”

“သူတို့တွေ တစ်နေ့တစ်နေ့ ဒီလိုပိတ်စမျိုး ဘယ်နှစ်စလောက် ရောင်းရလောက်မယ်ဆိုတာ ရှင်စဉ်းစားမိရဲ့လား ... သူတို့က လာဝယ်တဲ့သူတွေ အားလုံးကို မှတ်မိတဲ့ပဲ ထားပါဦး ... ရှင်က အဲဒီလူတွေ အကုန်လုံးနောက်ကို ခြေရာခံလိုက်မှာလား”

“ဒါပေမယ့် ပိတ်စအနီနဲ့ အပ်ချည်အနက် တွဲဝယ်တဲ့ သူတွေတော့ သိပ်များများ စားစား မရှိလောက်ဘူးလေ”

“အဲဒါအပြင်ကိုမှ ဖြစ်ခဲ့တဲ့ အမှုအခင်းအားလုံးကို အဲဒီလူက တစ်ယောက်ထဲပဲ ကျူးလွန်ခဲ့တာဆိုတော့၊ ဒီပစ္စည်းတွေကို သူကိုယ်တိုင် သွားဝယ်ခဲ့တာပဲ ဖြစ်ရမယ်ဆိုပါတော့”

ရွှယ်ပင်းက စကားထောက်ပေးလိုက်သည်။

“ဟုတ်တယ် ... ဒီကိစ္စကြီးက အရမ်းကို လျို့ဝှက်တဲ့ ကိစ္စမျိုး ... သူ့အပြင် အခြား ဘယ်သူ့ကိုမှ ဒီကိစ္စထဲ ပေးပါမှာ မဟုတ်တာ အသေအချာပဲ”

“ဒါပေယ့် ... ဘာလို့ ရှင်က သူ ပိတ်စနဲ့ အပ်ချည်ပဲ ဝယ်ခဲ့တာလို့ ထင်နေရတာတုန်း”

“ဘာလို့လဲဆိုတော့ သူက အဲဒီပစ္စည်း နှစ်မျိုးပဲ သုံးတာကိုး”

“အဲဒါနဲ့ပဲ သူက အဲဒီပစ္စည်း နှစ်မျိုးပဲ ဝယ်ရတော့မယ်ပေါ့၊ အခြားဘာမှ ဝယ်လို့ မရတော့ဘူးပေါ့ ဟုတ်လား၊ အဲလိုမျိုး သတ်မှတ်ထားတဲ့ ဥပဒေများ ရှိလို့လား”

“ဒါပေမယ့် သူက အဲဒီပစ္စည်း နှစ်မျိုးပဲ သုံးတာလေ”

“အခြားပစ္စည်းတွေကို မသုံးတာနဲ့ပဲ သူ မဝယ်ရတော့ဘူးတဲ့လား၊ သူက သူများတကာ မသင်္ကာဖြစ်အောင်၊ ရှင့်အနေနဲ့ နောက်ယောင်ခံ လိုက်ရလွယ်အောင်၊ တမင်တကာ ပိတ်စအနီတွေနဲ့ အပ်ချည်အနက်တွေချည်းပဲ အများကြီး သွားဝယ်ရမယ်တဲ့လား၊ သူလည်း ရှင့်လို ငတုံးကြီးပဲလို့များ ထင်နေတာလား”

ရွှယ်ပင်းက အေးစက်စက်လေသံဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

လုရှောင်ဖုန်း ဘာမှ ပြန်မပြောနိုင်တော့ပေ။

“ဒီလောက် လျို့ဝှက်ပြီး အန္တရယ်ကြီးတဲ့ အမှုကြီးကို ကျူးလွန်ပါတယ်ဆိုနေမှ၊ သူကို အဲလိုမျိုး နောက်ယောင်ခံလိုက်လို့ လွယ်မယ့် သဲလွန်အကြီးကြီးတစ်ခု ရှင့်အတွက် ချန်ထားခဲ့ပါ့မလား၊ မတော်တဆ သဲလွန်စသေးသေးလေး တစ်ခုလောက် ကျန်ခဲ့တယ်ဆိုရင်လည်း၊ ရှင် အယူတော်မင်္ဂလာဆိုင်ကို ရောက်တဲ့အချိန်လောက်ဆို၊ မီးလောင်ပြင်ပဲ တွေ့ရတော့မှာ သေချာတယ်”

လုရှောင်ဖုန်းသည် အချိန်အတန်ကြာ စဉ်းစားလိုက်ပြီးမှ သက်ပြင်းချလိုက်ကာ

“အင်း ... ကြည့်ရတာ ငါ တကယ့်ကို ငတုံးကြီး ဖြစ်နေပါ့လား”

“ပြီးတော့ အသည်းနှလုံးမရှိတဲ့ အောက်တန်းစား”

“ဒါဆိုရင် ငါတို့ ရွှေမြို့တော်ကို သွားနေလည်း အပိုပဲပေါ့”

“ဟုတ်တယ် ... အလကား အချိန်ကုန်တာ သက်သက်ပဲနေမှာ”

“ဒါဆိုရင်လည်း မင်း ဘာလို့ ငါနဲ့အတူ လိုက်လာသေးလဲ”

“ဘာလို့လဲဆိုတော့ ဟိုးရှေ့နားမှာ အရက်ကောင်းကောင်းရတဲ့ ဆိုင်တစ်ဆိုင်ရှိတာ ကျွန်မသိတယ်၊ ပြီးတော့ ရှင်က အရမ်းသဘောကောင်းတဲ့လူ ဆိုတော့ ကျွန်မကို အရက်လေး တစ်ခွက်နှစ်ခွက်လောက် ဝယ်တိုက်မှာ သေချာတယ်ဆိုတာလည်း ကျွန်မသိတယ်လေ”

ရှယ်ပင်းက ချစ်စဖွယ် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“လက်စသတ်တော့ ငါက အသည်နှလုံးမရှိတာ ... ငတုံးဖြစ်တာတင် မကဘူး ... သဘောလည်းကောင်းသေးတာကိုး ... တော်သေးတာပေါ့ ဘာမှ သုံးစားလို့ မရတာတော့ မဟုတ်လို့”

လုရှောင်ဖုန်းက ရယ်မောပြီး ပြန်ပြောလိုက်သည်။

“အဲဒီအကျင့်လေး ရှိနေရင်တော့ ... ရှင့်ကို ကြိုက်တဲ့ မိန်းကလေးတွေ များမှာ သေချာပါတယ်”

ရထားလုံး၏ ပြတင်းပါက်ကို ဖွင့်ကြည့်လိုက်သော အခါ မြစ်ကမ်းပါးလေး တစ်ခုကို မလှမ်းမကမ်းတွင် လှမ်းမြင်နေရသည်။ သစ်ပင်တစ်ပင် ပေါ်တွင်တော့၊ “အဖျော်ယမကာ” ဟူသော စာတန်းပါသည့် အစိမ်းရောင် အလံတစ်ခု ထောင်ထားသည်။

“အဲဒါ အရက်ဆိုင်ပဲ”

ရွှယ်ပင်း၏ မျက်လုံးများ အရောင်တောက်ပသွားသည်။

“နေရာထိုင်ခင်းလည်း ကောင်းတယ် ... အရက်လည်းကောင်းတယ် ... တကယ့်ကို ပထမတန်းစား အရက်”

လုရှောင်ဖုန်းသည် ရွှယ်ပင်းဖြစ်နေပုံကိုကြည့်ကာ မပြုံးဘဲ မနေနိုင်တော့ပေ။

“မင်း ဘယ်တုန်းက အရက်စွဲသွားတာလဲ”

“အခုတလောလေးမှပဲ”

“အခုတလောလေးမှာ စိတ်ညစ်စရာတွေ များနေလို့လား”

“အခုတလော အိမ်မှာ ကျွန်မကို အရက်ပေးမသောက်ဘူးလေ ... ကျွန်မကလည်း ပေးမသောက်လေ... ပိုသောက်ချင်လေပဲ ... ပြီးတော့ ...”

ရွှယ်ပင်းက စကားကိုရပ်ကာ လုရှောင်ဖုန်းက စိုက်ကြည့်လိုက်ပြီးမှ

“နောက်ဆုံးတစ်ခေါက် ကျွန်မတို့ တွေ့ပြီးတော့၊ ရှင့်ကို ကျွန်မဆီ လာလည်ဖို့ မှာခဲ့တယ်လေ၊ ဒါပေမယ့် ရှင်က ရောက်မှ မလာတာ၊ ကျွန်မ ဘယ်လိုလုပ်ပြီး စိတ်မညစ်ဘဲ ရှိမတုန်း”

လုရှောင်ဖုန်း ဘာမှ ပြန်မပြောရဲတော့ပေ။ တစ်ခုခု ပြန်ပြောလိုက်လျှင် သူ့နားရွက် အကိုက်ခံရနိုင်သည်ကို ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။ သူ နားရွက်တစ်ဖက်ထဲနှင့်လူတော့ မဖြစ်ချင်ပါ။ မျက်ခုံးမွှေး လေးခုနှင့်၊ နားရွက်တစ်ဖက် ဘယ်လိုမှ ကြည့်ကောင်းမည် မဟုတ်။

+++++

အရက်ဆိုင်၏ နေရာအခင်းအကျင်းမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ မြစ်ငယ်လေးက စိမ်းစိုသော သစ်ပင်အုပ်များ ကာရံထားသည့် ကြားမှ မြွေတစ်ကောင်လို ကွေ့ကောက်စီးဆင်းနေသည်။ အချိန်မှာ ညနေဆည်းဆာဖြစ်သဖြင့် စိမ်းလဲ့သော မြစ်ရေပြင်ပေါ်သို့၊ ဖြာကျနေသော နီစွေးစွေး နေရောင်ခြည်များက၊ ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများပေါ်သို့ ရောင်ပြန်ဟပ်နေသောကြောင့်၊ သူတို့၏ မျက်နှာများက သစ်တော်ပန်းများအလား အနီရောင်သမ်းနေကြလေသည်။ သစ်တောအုပ်လေး၏ ဟိုးနောက်ဖက်တွင်တော့ ကိုယ်လက်သန့်စင်ခန်းတစ်ချို့ ရှိသည်။

စားပွဲဝိုင်းများကို မြစ်ကမ်းပါးပေါ်တွင် နေရာချထားခြင်းဖြစ်ပြီး၊ အနီးနားရှိ စံပယ်ခြုံများကြောင့် ပတ်ဝန်းကျင် သဘာ၀အလှမှာ ပို၍ပင် ပြီးပြည့်စုံနေလေသည်။ ထိုအချိန်မှာပင် ရွှယ်ပင်းသည် လုရှောင်ဖုန်း ဤဆိုင်သို့ ယခုမှ ရောက်ဖူးခြင်း မဟုတ်ကြောင်း၊ သိလိုက်ရလေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်လက်သန့်စင်ခန်း ဘယ်မှာရှိသည်ကိုပင် သူသိနေသောကြောင့် ဖြစ်သည်။ သို့သော် စောစောကတော့ သူ သည်ဆိုင်အကြောင်း လုံး၀မကြားဖူးသည့်ဟန် ဆောင်နေခဲ့သေးသည်။

“ဒီလူဟာ ရူးချင်ယောင်ဆောင်တဲ့နေရာမှာတော့ တော်တော်လေးကို ကျွမ်းတယ်၊ သူ့ကို ဘယ်လိုလုပ်ရမလဲ၊ စိတ်ညစ်ပါရဲ့”

ရွှယ်ပင်းက သက်ပြင်းချလိုက်မိသည်။ လုရှောင်ဖုန်းသည် ငါးတစ်ကောင်နှင့် တူပေသည်။ လွယ်လွယ်နှင့် ဖမ်းဆုပ်၍ မရနိုင်။ သူနှင့်ရင်ဆိုင်ဖို့ အကြံဥာဏ်ကောင်း အကြံဥာဏ်သစ်များ ထပ်စဉ်းစားမှ ဖြစ်ပေတော့မည်။

စားပွဲထိုးက သူတို့ စားပွဲဆီသို့ လျှောက်လာသည်။ သူ့ပုံကြည့်ရသည်မှာ တွေ့နေကျ ကျေးလက်တောသား တစ်ယောက် ပုံမျိုးပင်။ မျက်ခုံးမွှေးတန်းတန်း၊ မျက်လုံးမှေးမှေးနှင့် ခြေဆံလက်ဆံများ တုတ်ခိုင်သူ ဖြစ်လေသည်။

“ကျွန်မတို့ကို အရင်ဆုံး ဝါးစိမ်းအရက် တစ်အိုးပေး၊ ပြီးတော့ အရက်နဲ့ မြည်းစရာ ဟင်း ၄ ပွဲ ရယ်၊ အကြော်အလှော်ထဲက ဟင်း ၄ ပွဲရယ်ချ၊ ပြီးရင် ဆိုင်နောက်က ကြက်ခပ်ကြီးကြီး တစ်ကောင်းသတ်ပြီး၊ စွတ်ပြုတ်တစ်ခွက် သွားချက်ချေ”

ရွှယ်ပင်းသည် အစားများများ စားနိုင်သူတစ်ယောက် မဟုတ်ပါ။ သို့သော် သူသည် အရက်သောက်ရင်း စားပွဲပေါ်မှ ဟင်းပွဲများကို အရသာခံကြည့်ရသည်ကို နှစ်သက်သော သူများထဲတွင် ပါဝင်သူ ဖြစ်သည်။

“လူနှစ်ယောက်စာကလည်း များလှချည်လား၊ မင်းတို့ စားပို့နင့်ပြီး သေတဲ့အထိ စားကြမလို့လား”

စားပွဲထိုးက သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။ ရွှယ်ပင်း အလွန်ပင် အံ့အားသင့်သွားလေသည်။ ထိုကဲ့သို့သော စားပွဲထိုးမျိုးကို သူတစ်ခါမှ မတွေ့ခဲ့ဖူးသည်မှာ အမှန်ပင်။ ထိုစားပွဲထိုးက တစ်ချက် လှောင်ရယ် ရယ်လိုက်ပြီး ဆက်ပြောပြန်သည်။

“အစားကြီးတဲ့ မိန်းမတွေ ဘယ်တော့မှ ယောက်ျားရမှာ မဟုတ်ဘူး၊ မင်း အဲဒီ နှုတ်ခမ်းမွှေးကို ယူချင်တာဆိုရင်တော့၊ သိပ်မစားတာ အကောင်းဆုံးပဲ၊ နို့မို့ဆို သူ မင်းကို တင်ကျွေးထားနိုင်မှာ မဟုတ်ဘူး”

ရွှယ်ပင်းသည် ပို၍ပင် အံ့အားသင့်သွားသည်။

“ရှင်ဘယ်သူလဲ ... အဲဒီနှုတ်ခမ်းမွှေးကို ရှင်သိလို့လား”

စားပွဲထိုးက ခဏလောက် စဉ်းစားလိုက်ပြီးမှ ခါးကိုကိုင်းကာ ရွှယ်ပင်း၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။ သူ့စကားကို နားထောင်ရင်း ရွှယ်ပင်း၏ မျက်လုံးများ ပြူးသထက် ပြူးလာကာ၊ နောက်ဆုံး မအောင့်နိုင်တော့သည့် ဟန်ဖြင့် ရယ်မောလိုက်လေသည်။ ထို့နောက် ရွှယ်ပင်းကလည်း ထိုစားပွဲထိုး၏ လက်ကိုဆွဲပြီး သူ့နားနားကပ်ကာ တီးတိုးပြောလိုက် ပြန်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ အတော်လေးကို ရင်းနှီးသည့် ပုံမျိုးပေါက်နေသည်။ သူတို့ ဘေးပတ်လည် စားပွဲများတွင် စားသောက်နေသူများကတော့ ရွှယ်ပင်းကို ဝိုင်းပြီး စိုက်ကြည့်နေကြသည်မှာ၊ မျက်လုံးများ ကျွတ်ကျလုမတတ်ပင်။

ယဉ်ကျေးသိမ်မွေ့ကာ၊ ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်က လယ်သမားပုံ ပေါက်နေသော စားပွဲထိုးတစ်ယောက်နှင့် အဘယ်ကြောင့် ရင်းရင်းနှီးနှီး ဆက်ဆံနေရပါသနည်း။ ရွှယ်ပင်းကတော့ ပတ်ဝန်းကျင်မှ လူများကို ဂရုမစိုက်သည့်ပုံမျိုး။ ထိုစားပွဲထိုးကလည်း သာ၍ပင် ဂရုမစိုက်သေး။ လုရှောင်ဖုန်းသည် ကိုယ်လက်သန့်စင်ခန်းမှ ပြန်ရောက်လာသောအခါ၊ မျက်နှာမသာမယာနှင့်။

“အခုပဲ အရက်သောက်တော့မယ်ဟာကို ... ရှင်က ဘာတွေ မကျေမနပ်ဖြစ်နေရတာတုန်း”

ရွှယ်ပင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်ပနေသည်။ လုရှောင်ဖုန်းက တစ်ချက် လှောင်ရယ် ရယ်လိုက်ပြီးမှ၊

“ဘယ်တုန်းထဲက မင်း ယောက်ျားတွေနဲ့ လူရှေ့သူရှေ့မှာ ရောရောနှောနှော နေတတ်နေတာလဲ”

“ယောက်ျားတွေ ... ဘယ် ယောက်ျားတွေတုန်း”

ရွှယ်ပင်းက မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ပြန်မေးလိုက်သည်။

“ခုနက စားပွဲထိုးက ယောက်ျားမဟုတ်ဘူးလား”

လုရှောင်ဖုန်းက မျက်နှာထား တင်းတင်းဖြင့် ပြန်မေးလိုက်သည်။ ဘယ်ယောက်ျားမှ သူနှင့် အတူပါလာသည့် မိန်းကလေးက အခြားယောက်ျားတစ်ယောက်နှင့် တရင်းတနှီး ပြုမူနေသည်ကို ကြည်ဖြူနိုင်မည် မဟုတ်ပေ။

“ရှင်က တကယ့်ကို ငတုံးပဲ”

ရွှယ်ပင်းက ရယ်မောလိုက်ပြီးမှာ လေသံ ခပ်တိုးတိုးဖြင့်

“ကျွန်မက သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံပြလိုက်တော့၊ ခဏနေ ပိုက်ဆံရှင်းတဲ့အခါ၊ နည်းနည်းဈေးလျှော့ပေးမှာပေါ့၊ ဒီနည်းကို ရှင်လည်း သိတာပဲ မဟုတ်ဘူးလား”

သို့သော် လုရှောင်ဖုန်း ဘယ်လိုမှ နားမလည်နိုင်ပါ။ ရွှယ်ပင်းသည် ထိုကဲ့သို မိန်းကလေးမျိုး မဟုတ်ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် စားပွဲထိုးက ပန်းကန်ခွက်ယောက်များ၊ တူများကို ယူကာ ပြန်ရောက်လာပြီ ဖြစ်သည်။

“ဝုန်း”

စားပွဲထိုးက ပန်းကန်ခွက်ယောက်များကို စားပွဲပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်ကာ၊ လုရှောင်ဖုန်းကို မကျေမနပ် တစ်ချက် ကြည့်လိုက်ပြီး

“ဒီလောက် လှတဲ့ ပန်းပွင့်လေး ... ဘယ်လိုဖြစ်ပြီး ကျွဲချီးပုံပေါ်မှာ အလဟဿ ဖြစ်နေရသလဲ မသိပါဘူး”

သူ့ကိုယ်သူ ပြောသလို နှုတ်မှ ရေရွတ်လိုက်သည်။ သည်တစ်ခါတော့ လုရှောင်ဖုန်းပင် ဘာပြော၍ ပြောရမှန်းမသိ ဖြစ်သွားသည်။ ဘယ်လို စားပွဲထိုးမျိုးနှင့် လာတိုးနေရပါလိမ့်။ ရွှယ်ပင်းကတော့ အသံထွက်ပြီး မရယ်မိအောင် သူ့ပါးစပ်ကို လက်ဖြင့် အုပ်ထားရလေသည်။

လုရှောင်ဖုန်းသည် ထိုစားပွဲထိုး လှည့်ထွက်သွားသည်ကို ကြည့်နေပြီးမှ၊ ရုတ်တရက် တစ်ချက် ရယ်မောလိုက်သည်။ သူတစ်ခုခု ပြောမည် အပြုမှာပင်၊ အရက်မူးနေသော လူတစ်ယောက် သူတို့စားပွဲဆီသို့ ယိုင်တိယိုင်တိုင် လျှောက်ကာ လာနေသည်ကို တွေ့လိုက်ရသည်။ သူ့လက်တစ်ဖက်တွင် အရက်ခွက်ကို ကိုင်းထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် လုရှောင်ဖုန်း၏ ပခုံးကို လှမ်းပုတ်လိုက်ကာ

“ခင်ဗျားကို ကျုပ် မှတ်မိတယ် .... ကျုပ်တို့ တစ်ခါ တွေ့ဖူးတယ်လေ”

ဟု စိတ်ပျက်စရာ ပြုံးပြရင်း လှမ်းပြောလိုက်သည်။

လုရှောင်ဖုန်းကတော့ ပြန်ပြုံးပြရုံမှ လွဲ၍ ဘာမှ မတတ်နိုင်။ ထိုသူနှင့် လုရှောင်ဖုန်း တွေ့ခဲ့ဖူးသည်မှာ အမှန်ပင်။ သူ့မိတ်ဆွေတစ်ယောက်၏ ညစာစားပွဲ တစ်ခုတွင် တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ ထိုသူ၏ နာမည်မှာ ဆွန်းကျုံးဖြစ်ပြီး၊ သိုင်းလောကထဲတွင် နာမည်ကြီးတစ်ယောက် ဖြစ်ကြောင်းလည်း သူမှတ်မိပါသေးသည်။ အရင်တစ်ခေါက် တွေ့ခဲ့စဉ်ကလည်း၊ ယခုလိုပင်၊ ဆွန်ကျုံးအရက်မူးနေခဲ့သည်မှာ၊ စကားပင် ပီပီသသ မပြောနိုင်တော့သည့် အထိပင်။

လုရှောင်ဖုန်းတွင် စည်းကမ်း နှစ်ခု ရှိသည်။ သူအရက်မူးနေသည့်အခါတွင် အရက်မမူးသည့် လူများကို သွားနှောက်ယှက်ခြင်း မပြု။ သူအရက်မမူးသည့်အခါတွင်လည်း အရက်မူးနေသည့် သူများကို သွားနှောက်ယှက်ခြင်း မပြု။

သို့သော် ယခု ဆွန်းကျုံးကတော့ တကယ့်ကို အနှောက်အယှက်ပေးလိုဟန် တူသည်။ သူတို့စားပွဲ၌ ဝင်၍ပင် ထိုင်လိုက်သည်။

“ကျုပ် ခင်ဗျားရဲ့ ဟောဒီ နှုတ်ခမ်းမွှေးကို ကောင်းကောင်း မှတ်မိတာပေါ့ ... ဒါပေမယ့် ခင်ဗျား နာမည်ကိုတော့ မမှတ်မိဘူး”

သူ မမှတ်မိသည်သာ အကောင်းဆုံး ဖြစ်ပေသည်။ လုရှောင်ဖုန်းက ထိုအချက်ကို ပါးစပ်ကတော့ ဖွင့်ဟမပြောလိုက်ပါ။

ဆွန်းကျုံးက ရွှယ်ပင်းဖက်သို့ လှည့်ကာ စိုက်ကြည့်လိုက်ပြီး

“ဟောဒီက ခင်ဗျားရဲ့ မိတ်ဆွေ မိန်းကလေးကတော့ တကယ့်ကို နှင်းဆီဖြူလေးတစ်ပွင့် ကျနေတာပဲ ... လက်နဲ့ညစ်လိုက်ရင် အရည် တောက်တောက် ကျလာမယ့် ပုံမျိုး”

သူက ရွှယ်ပင်းကြောင့် ရောက်လာခြင်း ဖြစ်နေသည်။ စောစောက ရွှယ်ပင်း စားပွဲထိုးနှင့် အရောတဝင် ဆက်ဆံနေသည်ကို မြင်ပြီးနောက်၊ သူလည်း ဘယ်လိုမှ မနေနိုင်တော့ဟန် တူသည်။ ရွှယ်ပင်းကတော့ ရှက်သွေးဖြာကာ ခေါင်းငုံ့သွားသည်။ မျက်လုံးပင့်ကြည့်ရမည်ကိုပင် အရှက်ကြီးရှက်နေသည့် ပုံမျိုး။

“မိတ်ဆွေ ... ခင်ဗျားကို ကြည့်ရတာ နည်နည်း မူးနေပြီ ထင်တယ်၊ အနားယူလိုက်ပါလား”

လုရှောင်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။ သူ ပြသနာ မတက်ချင်ပါ။ သူ့အတွက်ရော၊ ဆွန်ကျုံးအတွက်ပါ ဖြစ်သည်။ သွေးအေးသော ကျားဒေဝီကို ပြသနာလာရှာပြီး၊ ကောင်းကောင်းမွန်မွန် ပြန်သွားရသူ မရှိသေးချေ။ သို့သော် ဆွန်ကျုံးကတော့ သူ့စကားကို ကြားဟန်ပင် မတူ။ ရွှယ်ပင်းကိုသာ ဆက်၍ စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ ထို့နောက် သူက လုရှောင်ဖုန်း၏ ပုခုံးကို အားရပါးရ ပုတ်လိုက်ကာ

“ဒီမယ် ... ကျုပ်ပြောမယ် ... ဒီမိန်းကလေးကို ကျုပ်နဲ့ ဒီနေ့ ထည့်ပေးလိုက်မယ်ဆိုရင် ... နောက် ခင်ဗျား သိုင်းလောကထဲမှာ ဘာပြသနာပဲ ဖြစ်ဖြစ် ကျုပ်ဆီကိုသာ လာခဲ့လို့ ရတယ်”

လုရှောင်ဖုန်းကတော့ မယုံနိုင်လောက်အောင်ပင် စိတ်ထိန်းနိုင်သူ ဖြစ်သည်။

“ကျုပ်က ဘာပြသနာမှ ဖြစ်ဖို့ အကြောင်း မရှိပါဘူး ... ဒါပေမယ့် ကြည့်ရတာ ခင်ဗျားကတော့ ပြသနာ အကြီးအကျယ် တက်တော့မယ့် ကိန်းပဲ ... ကျုပ်ပြောတာကို ...”

သူ့စကားမဆုံးခင်မှာပင် ဆွန်ကျုံးက သူ့ကိုပြန်အော်လိုက်သည်။

“ကျုပ်က ခင်ဗျားနဲ့ မျက်နှာမပျက်ချင်လို့ ကောင်းကောင်းမွန်မွန် ခွင့်တောင်းနေတာ ... ခင်ဗျားက လက်မခံချင်ဘူးလား”

“ဒါဖြင့်လည်း ခင်ဗျား ကိုယ်တိုင်ပဲ မေးကြည့်ပါလား”

လုရှောင်ဖုန်း လက်လျှော့လိုက်လေသည်။ ဆွန်ကျုံးက အားရပါးရ ရယ်မောလိုက်ပြီး

“ကျုပ်မေးစရာ မလိုဘူး၊ သူ ကျုပ်ကို သဘောကျမှာ ကျုပ်သိပြီးသား၊ ခင်ဗျားက ကျုပ်ထက် ဘယ်နားမှာများ သာလို့လဲ”

ရွှယ်ပင်း၏ မျက်နှာလေးမှာ နီသထက်နီလာကာ၊ ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်သည်။ သူ့ပုံကိုကြည့်ရသည်မှာ ပို၍ပင် ချစ်စရာကောင်းနေပြီး၊ အပြစ်ကင်းစင်လှပေသည်။

“မိန်းကလေး ... မင်းနဲ့ ကျုပ်နဲ့ ဟောဟိုနားမှာ အရက်အတူတူ သောက်ကြရအောင်လား”

ဆွန်ကျုံး၏ နှုတ်ခမ်းထောင့်မှ အရက်များပင် စီးကျနေလေသည်။ ရှက်သွေးဖြာနေသော ရွှယ်ပင်းကတော့ ခေါင်းကိုသာ ခါပြလိုက်သည်။

“မင်း လိုက်ချင်ချင် မချင်ချင် ... လိုက်ရမှာပဲ”

ဆွန်ကျုံးက ရွှယ်ပင်း၏ လက်ကို လှမ်းကိုင်လိုက်သည်။

“ကျွန်မလက်ကို လွှတ်ပါ”

ရွှယ်ပင်းက ခေါင်းငုံ့ထားရင်းက ညင်ညင်သာသာ ပြောလိုက်သည်။

“မလွှတ်ဘူး”

ဆွန်ကျုံးက ရယ်မောကာ ပြန်ပြောလိုက်သည်။

“ရှင် တကယ်ပဲ မလွှတ်ဘူးပေါ့”

ရွှယ်ပင်း၏ မျက်နှာမှာ အရောင့်ဖျော့တော့တော့ ဖြစ်သွားသည်။

“ကျုပ်လက်ကို ဖြတ်ပစ်မယ်ဆိုရင်တောင်၊ မလွှတ်ပေးဘူး”

“ကောင်းပြီ”

ရွှယ်ပင်းက ဆွန်ကျုံး၏ ခါးတွင် ချိတ်ထားသော ဓားမော့ကို ရုတ်တရက် လှမ်းဆွဲလိုက်သည်။ လုရှောင်ဖုန်းသည် ရွှယ်ပင်း၏ မျက်နှာ အရောင် ဖျော့တော့တော့ ဖြစ်သွားသည်ကို မြင်သည်နှင့်၊ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ တစ်ခုခု လှမ်းပြောမည် ကြံနေဆဲမှာပင်၊ ဓားမော့က ဓားအိမ်ထဲမှာ ထွက်လာပြီ ဖြစ်သည်။ ဆွန်ကျုံးသည် သူ့မျက်နှာရှေ့မှ ဓားမော့ဖြတ်သွားသည်ကို လှမ်းမြင်လိုက်သောအခါ၊ အမူးအနည်းငယ်ပြေသွားဟန်ဖြင့်၊ သူ့ဓားမော့ကို လှမ်းဆွဲဖို့ ကြိုးစားလိုက်သေးသည်။ ဓားရောင် တစ်ချက်လက်ကနဲ ဖြစ်သွားကာ၊ သူ့လက်ပြတ်ထွက်သွားပြီး၊ သွေးတတောက်တောက် ယိုစီးလျှက်ဖြင့်၊ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

ဆွန်ကျုံး၏ မျက်လုံးများ ပြူးကျယ်သွားကာ၊ သူ့လက် ပြတ်ကျသွားသည်ကို ကြောင်ကြည့်နေပြီးနောက်၊ ရွှယ်ပင်းကို ပြန်ကြည့်လိုက်သည်။ ယခုဖြစ်ပျက်သွားသမျှကို ဘယ်လိုမှ မယုံကြည်နိုင်သလိုပင်။ သူသတိဝင်လာချိန်တွင်တော့၊ သွေးရူးသွေးတန်း အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသွားလေတော့သည်။ အရက်မူးနေသူများက တုံ့ပြန်မှု နည်းနည်းနှေးတတ်ကြသည် မဟုတ်ပါလား။ ထိုအချိန်တွင်တော့ ဆူဆူညံညံဖြင့် အရက်သောက်နေကြသော ဆွန်ကျုံး၏ မိတ်ဆွေများက ဒေါသတကြီး ပြေးဝင်လာကြလေပြီ။

+++++

“မင်း ဘာလို့ သူ့လက်ကို ဖြတ်လိုက်တာလဲ”

လုရှောင်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူက ပြေးဝင်လာကြသော ဆွန်ကျုံး၏ မိတ်ဆွေများကိုတော့ နည်းနည်းလေးမှ ဂရုစိုက်ဟန်မပြ။

“သူပဲ ဖြတ်ခိုင်းတာလေ”

ရွှယ်ပင်းက ဒေါသထွက်နေသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“သူက မူးနေတာပဲကို”

“မူးနေလဲ လူပဲ”

လုရှောင်ဖုန်းက ရွှယ်ပင်း၏ လက်ထဲမှာ ဓားမော့ကို လှမ်းယူလိုက်ပြီးနောက်၊ သူ့လက်နှစ်ချောင်းဖြင့် ဓားသွားကို ညှပ်ပြီး၊ အသာအယာ ချိုးလိုက်သည်။

“ဂျွတ်”

သံမဏိဓားမော့က နှစ်ပိုင်းကျိုးသွားသည်။ သူက နောက်တစ်ခါ ထပ်ချိုးလိုက်ပြန်သည်။ လက်ချောင်းလေး နှစ်ချောင်းကို သုံးကာ၊ အကြိမ်းအနည်းငယ်မျှ အသာအယာချိုးလိုက်ရုံနှင့်ပင်၊ သံမဏိသားစစ်စစ်ကို အကြိမ်၁၀၀လောက် ထုနှက်ကာ သွန်းလုပ်ထားသော ဓားမော့သည်၊ ဓားကျိုးအပိုင်းအစ ၁၀ စ လောက် အဖြစ်သို့၊ ဘ၀ပြောင်းသွားလေသည်။

“အံ့ဩစရာပဲ ... ဒီလို ဓားအစုတ်အပဲ့နဲ့လည်း လက် ဖြတ်လို့ရသတဲ့လား”

လုရှောင်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့ဆီသို့ ပြေးဝင်လာသူများ အားလုံးကတော့ ရပ်တန့်သွားကြလေပြီ။ သူတို့မျက်စိနှင့် မြင်လိုက်ရသည်ကို မယုံနိုင်အောင်ပင် အံ့အားသင့်သွားကြသည်။

“မိတ်ဆွေရဲ့ နာမည် ဘယ်လိုခေါ်လဲ သိပါရစေ”

သူတို့ထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည်။

“ကျုပ်ရဲ့ မျိုးရိုးနာမည်က လု”

“ ]လု} ဆိုတာ လမ်းကိုပေါင်းတဲ့ ]လု} လား ”

(တရုတ်စကားတွင် လမ်း၏ အသံထွက်မှာလည်း ]လု} ဖြစ်သည်။)

“ ]လု} ဆိုတာ လုရှောင်ဖုန်းကို ပေါင်းတဲ့ ]လု} ”

“ခင် ... ခင်ဗျားက ... လုရှောင်ဖုန်းလား”

အံ့အားသင့်နေသော မျက်နှာများက ပြာနှမ်းနှမ်း မျက်နှာများအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။ လုရှောင်ဖုန်းက ခေါင်းညိမ့်ပြလိုက်သည်။

ဘယ်သူဆီကမှ နောက်ထပ် စကားတစ်ခွန်းမှ ထပ်မထွက်လာတော့ပဲ၊ ဆွန်ကျုံးကိုသယ်ကာ၊ သူတို့အားလုံး ဆိုင်ထဲမှ ထွက်ခွာသွားကြလေသည်။

“လုရှောင်ဖုန်းကိုတောင် မမှတ်မိဘူးဆိုရင်တော့ ... လက်နှစ်ဖက်လုံးတောင် အဖြတ်ခံရသင့်တယ်”

“ကြည့်ရတာ ]လုရှောင်ဖုန်း} ဆိုတဲ့ စကားလုံးက သရဲတွေ ဘာတွေတောင် နှင်လို့ ရလောက်မယ် ထင်တယ်နော်”

ရွှယ်ပင်းက ချိုသာစွာ ရယ်မောပြီး လှမ်းပြောလိုက်သည်။

“မင်းက တကယ့်ပြသနာပဲဆိုတာ ငါအစောကြီးကတည်းက သိတယ် ... မင်းကို ခေါ်မလာသင့်တာ အမှန်ပဲ”

လုရှောင်ဖုန်းက စိတ်မသက်မသာဖြင့် သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

“အခု ပြသနာက ဟိုလူ့အပြစ်လား ကျွန်မအပြစ်လား”

“ဒါပေမယ့် သူ့လက်တော့ မဖြတ်ပစ်သင့်ဘူးလေ”

“သူဖြတ်ခိုင်းတာပဲ”

“သူက မူးနေတာလေ”

“အရက်မူးနေတယ် ဆိုတာနဲ့ပဲ သူများတကာကို အနိုင်ကျင့်ခွင့် ရှိသတဲ့လား”

“မူးနေတဲ့သူလည်း လူပဲ”

ထိုအချိန်တွင် စားပွဲထိုးက သူတို့စားပွဲသို့ အရက်နှင့် အစားအသောက်များ လာချပေးရင်း

“အဲဒီလို ကောင်မျိုးကတော့ အကြိမ် ၁၈၀ လောက်ကို အခုတ်ခံရသင့်တယ် ကောင်မျိုး”

“ဟုတ်တယ် ... ရှင်ကမှ နားလည်သေးတယ်”

ရွှယ်ပင်းက ချိုသာစွာ ပြန်ပြောလိုက်သည်။

“ဟင်း”

စားပွဲထိုးက အရက်နှင့် စားစရာများကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ပြန်ကာ လုရှောင်ဖုန်းကို လှည့်ပင်မကြည့်ဘဲ ပြန်ထွက်သွားသည်။

“မင်းလို ကောင်မျိုးကတော့ အနည်းဆုံး အကြိမ် ၃၆၀ လောက် အခုတ်ခံရသင့်တယ်”

လုရှောင်ဖုန်းက အေးစက်စက် ပြောလိုက်သည်။ သူ့မျက်နှာ တင်းမာသွားပြီးနောက်၊ ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ ဓားကျိုးတစ်စကို သူ့လက်နှစ်ချောင်းဖြင့် ညှပ်ယူလိုက်ပြီး၊ ထိုစားပွဲထိုး၏ နောက်ကျောဆီသို့ ပစ်ထုတ်လိုက်သည်။ ထိုစားပွဲထိုးကတော့ လှည့်၍ပင်မကြည့်။ သို့သော် သူသည် အတောင်ပံများ ပါသည့်အလား၊ ရုတ်တရက် လေထဲသို့ မြောက်တက်သွားလေသည်။ အရက်ဆိုင်မှ စားပွဲထိုးတစ်ယောက်က ထိုကဲ့သို့ အဆင့်မြင့် သိုင်းပညာရပ်များကို ဘယ်လိုလုပ်ပြီး တတ်မြောက်နေရပါသလဲ။

“မင်းပုံကြည့်လိုက်ထဲက လူကောင်း မဟုတ်မှန်း ငါသိတယ်၊ အခုတော့ မိုးပျံနိုင်တဲ့ သူခိုးဂျပိုး ဖြစ်နေတာကိုး”

လုရှောင်ဖုန်းက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ သူ့လက် တစ်ချက်လှုပ်ရှားသွားပြီး၊ နောက်ထပ် ဓားကျိုးတစ်စက ထိုစားပွဲထိုး၏ ခါးဆီသို့ လျှပ်စီးလက်သည့်အလား အရှိန်ပြင်းစွာ တိုးဝင်သွားသည်။ စားပွဲထိုးသည် လေထဲ၌ပင် ရှိနေသေးကာ၊ သူ့ဘေးဝန်းကျင်တွင်လည်း တိုက်ခိုက်မှုကို ခုခံကာကွယ်စရာ ဘာမှမရှိ။ လုရှောင်ဖုန်း၏ တိုက်ခိုက်မှုမှာ တကယ့်ကို လျှင်မြန်လွန်းလှသဖြင့်၊ ထိုစားပွဲထိုး ဘယ်လိုမှ ရှောင်တိမ်းနိုင်မည့်ပုံ မပေါ်ပေ။

“ရှင် သူ့ကို တကယ်ပဲ အသေသတ်တော့မလို့လား”

ရွှယ်ပင်းက လွှတ်ကနဲ မေးလိုက်မိသည်။

“စိတ်မပူပါနဲ့ ... သူ မသေလောက်ပါဘူး”

လုရှောင်ဖုန်းက အေးစက်စက် ပြန်ပြောလိုက်သည်။ သူ့စကား မဆုံးခင်မှာပင်၊ စားပွဲထိုးက လေထဲ၌ ကျွမ်းသုံးပတ်ပစ်ကာ၊ ဓားကျိုးကို လက်ဖြင့်ဖမ်းလိုက်ပြီးနောက်၊ မြေပေါ်သို့ ညင်သာစွာ ပြန်ကျလာသည်။
ရွှယ်ပင်းက စားပွဲထိုးနှင့် လုရှောင်ဖုန်းကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက်၊ အားရပါးရ ပြုံးလိုက်ကာ

“ရှင် သူဘယ်သူလဲ သိပြီပေါ့”

“ဒီကောင်က သူခိုးဂျပိုး တစ်ကောင်ဆိုတာပဲ ငါသိတယ်”

လုရှောင်ဖုန်းက မျက်နှာထား တင်းတင်းဖြင့် ပြန်ပြောလိုက်သည်။

“ငါက သူခိုးဂျပိုးဆို မင်းကရော ဘာကောင်လဲ”

စားပွဲထိုးက ရယ်မောလိုက်ရင်း ပြန်မေးလိုက်သည်။

“သူခိုးဂျပိုးတစ်ကောင်ရဲ့ အဖေလေ”

ထိုစားပွဲထိုးကတော့ ဟင်းပွဲများပင် သွားမယူတော့ပဲ စားပွဲတွင် ဝင်ထိုင်လိုက်ရင်း

“ဒါပေမယ့် မင်းက ဥပဒေနဲ့ မညီတာဆို ဘာများ လုပ်ရဲလို့လဲ၊ မင်းလုပ်နိုင်တာဆို မသကာရှိ၊ တီကောင်နည်းနည်းပါးပါး တူးတတ်တာပဲ ရှိမယ်”

“တီကောင် တူးတယ်”

ရွှယ်ပင်း မျက်လုံးပြူးသွားသည်။

“အော် ... မင်းသိသေးဘူးကိုး၊ သူက အခြားနေရာတွေမှာသာ အသုံးမကျတာ၊ တီကောင်ရှာဖွေးရေးမှာတော့ တော်တော်လေးကို တော်တယ်၊ ၁၀ ရက်အတွင်းမှာ ငါ့အတွက် တီကောင် အကောင် ၆၈၀ ရှာပေးတယ်လေ”

“ရှင်က အဲဒီ တီကောင်တွေ ဘာလုပ်ဖို့လဲ”

ရွှယ်ပင်းက ဘယ်လိုမှ မအောင့်နိုင်ဘဲ လှမ်းမေးလိုက်သည်။

“ဘာမှ မလုပ်ပါဘူး၊ ဒီကောင် တီကောင်တူးတာကို ကြည့်ချင်သာ သက်သက်ပဲ”

ရွှယ်ပင်းက ရယ်မောလိုက်လေသည်။

“မင်း သူ တီကောင်တူးတာ မြင်ဖူးလား”

“ဟင့်အင်း”

“ဒီလိုမှန်းသိရင် မင်းကို ငါ လှမ်းခေါ်လိုက်ပါတယ်ကွာ၊ သူ တီကောင်တူးတဲ့အခါ ဟန်ပန်အမူအရာ ကိုယ်နေကိုယ်ထားကအစ ဘာမှကို ပြောစရာမရှိဘူး၊ တော်တော်လေးကို ကြည့်ကောင်းတာလား၊ ဇာတ်စင်ပေါ်က မင်းသားမင်းသမီးတွေတောင် လက်ဖျားခါလောက်တယ်၊ မင်း မကြည့်လိုက်ရတာ တော်တော်နာတယ်မှတ်”

“စိတ်မပူပါနဲ့ ... နောက်တစ်ခေါက် ရှိဦးမှာပေါ့”

ရွှယ်ပင်းက အားရပါးရ ရယ်မောပြီးမှ ပြန်ပြောလိုက်သည်။

“နောက်တစ်ခေါက် ဟုတ်လား”

စားပွဲထိုးက ပြန်မေးလိုက်သည်။

ရွှယ်ပင်းက မျက်နှာထားကို တည်လိုက်ပြီး

“အင်းပေါ့ ... တီကောင်ရှာဖွေရေးဆိုတာ အရက်သောက်သလိုပဲ၊ စွဲတတ်တယ်လေ၊ လူတစ်ယောက်က တီကောင် တစ်ခါတူးဖူတယ်ဆိုရင်၊ နောက်ဆို တီကောင် မတူးပါနဲ့ တားတောင် မရတော့ဘူး”

“နောက်တစ်ခါ ငါ တီကောင် တူးလို့ကတော့၊ ရသမျှ အကုန် မင်းပါစပ်ထဲ သွပ်ထည့်ပေးမယ်”

လုရှောင်ဖုန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

ထိုစားပွဲထိုးက စိခုန်းကျိုက်ရှင်းမှတပါး အခြားမည်သူ ရှိပါဦးမည်နည်း။

+++++

အခြား စားသောက်သူများမှာ ကြောက်လန့်ကာ ထွက်ပြေးသွားကြပြီး ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတော့ တစ်ဆိုင်လုံးသည် သူတို့သုံးယောက် အတွက် အေးအေးချမ်းချမ်း စကားပြောစရာ နေရာတစ်ခု ဖြစ်သွားလေသည်။ ကြားထဲမှ ဒုက္ခရောက်ရသူကတော့ ထိုအရက်ဆိုင် ပိုင်ရှင်ပင်။

“ရှင်က သူခိုးဘ၀နဲ့ တော်တော်လေး အဆင်ပြေနေတာကို၊ ဘာလို့ အရက်ရောင်းတဲ့အလုပ် ပြောင်းလုပ်ချင် ရတာတုန်း”

ရွှယ်ပင်းက စိခုန်းကျိုက်ရှင်းကို အရက်တစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။

“သူလည်း စွဲသွားလို့ပေါ့”

လုရှောင်ဖုန်းက ဝင်ဖြေပေးလိုက်သည်။ အရင်တစ်ခေါက်က စိခုန်းကျိုက်ရှင်း အိုးမျက်နှာကျောင်းဝ်အဖြစ် ရုပ်ဖျက်ခဲ့သည်ကို သူမမေ့သေးပါ။ လွယ်လွယ်နှင့် မေ့နိုင်မည့် အဖြစ်အပျက်မျိုးလည်း မဟုတ်ပေ။

“အရင်တစ်ခေါက်ကတော့ မင်းကို ငါ အရူးလုပ်လို့ ရတယ်၊ ဒီတစ်ခေါက်တော့ မရလိုက်ဘူး”

စိခုန်းကျိုက်ရှင်းက ရယ်မောကာ ပြန်ပြောလိုက်သည်။

“ဒီတစ်ခေါက်က မင်းကိုယ်တိုင်က ငါ့ကို တကယ် အရူးလုပ်ချင်ပုံ မပေါ်ပါဘူး”

လုရှောင်ဖုန်းက စိခုန်းကျိုက်ရှင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ တစ်လောကလုံး ဘယ်ဆိုင်က စားပွဲထိုးကများ ထိုသို့ ပြုမူပြောဆိုပါ့မည်နည်း။ သူသာ လုရှောင်ဖုန်းကို သတိမပြုစေချင်လျှင်၊ ထိုကဲ့သို လုပ်စရာ အကြောင်းမရှိပေ။

“အရင်တစ်ခေါက်တုန်းက မင်း ... မီးလောင်နေတဲ့အထဲ ပြေးဝင်ပြီး အိုးမျက်နှာကျောင်းဝ်ကို သွားကယ်တာ တွေ့ပြီးကတည်းက၊ မင်းဟာ ရှိသင့်တဲ့ မိတ်ဆွေကောင်း တစ်ယောက်ဆိုတာ ငါသိပြီးသားပါ”

စိခုန်းကျိုက်ရှင်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“အဲဒါတောင်မှပဲ မင်းက ငါ့ကို တီကောင်လိုက်တူးခိုင်းသေးတယ်”

“မင်းကျတော့ရော၊ အဲဒီကိစ္စကို လူတွေမသိမှာ တော်တော်စိုးရိမ် နေတာလား၊ ဘယ်သွားသွား၊ ဘယ်သူနဲ့ တွေ့တွေ့ မင်း အဲဒီအကြောင်းကို ပြောဖြစ်အောင် ပြောလိုက်သေးတာပဲ”

စိခုန်းကျိုက်ရှင်းက အားရပါးရ ရယ်မောကာ ပြန်ပြောလိုက်သည်။

“မင်းက ဟွာမင်းလိုတို့ ကျင်းကျိုးလင်တို့နဲ့ တွေ့ခဲ့ပြီးပြီပေါ့”

လုရှောင်ဖုန်း၏ မျက်လုံးများ အရောင်တစ်ချက် လက်သွားကာ ပြန်မေးလိုက်သည်။

“အေး”

“သူတို့ဆီကနေ ငါ ရွှယ်ပင်းဆီ သွားတယ်ဆိုတာ မင်းသိခဲ့တယ် ဆိုပါတော့”

စိခုန်းကျိုက်ရှင်းက ခေါင်းငြိမ့်ပြလိုက်သည်။

“အဲဒီတော့ ငါဒီလမ်းက ဖြတ်သွားမယ်၊ ပြီးတော့ ဒီဆိုင်မှာ အရက်ဝင်သောက်မယ်ဆိုတာ မင်းတွေးမိတယ်ပေါ့”

“အဲဒါကြောင့် ငါ ဒီမှာ စောင့်နေတာပေါ့”

“ဘာလဲ ... မင်းက ငါနဲ့ အရက်အတူ သောက်ဖို့ စောင့်နေတာလား”

“အဲဒါကြောင့် မဟုတ်မှန်း မင်းသိပါတယ်၊ ငါလည်း မင်းကို မညာချင်ဘူး”

စိခုန်းကျိုက်ရှင်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ငါတော့ ... မင်းနဲ့ ငါနဲ့က မိတ်ဆွေတွေ ဆိုတာပဲ သိတယ်”

“ပြသနာက ... ငါ့ကို မင်းဆီကနေ ပစ္စည်းတစ်ခု ခိုးခိုင်းချင်တဲ့ သူတွေ တော်တော်များနေတာပဲ”

စိခုန်းကျိုက်ရှင်းက ပြန်ပြောလိုက်သည်။

“ဘာပစ္စည်းလဲ”

“မင်းမှာ ပိတ်စအနီ တစ်စ ရှိလား”

“ငါ့မှာရှိတာ မင်းသိပါတယ်၊ ငါလည်း မင်းကို မညာချင်ပါဘူး”

လုရှောင်ဖုန်းက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“အဲဒီပိတ်စပေါ်မှာ အနက်ရောင် ပျိုနီပန်းတစ်ပွင့် ထိုးထားတယ် မဟုတ်လား”

“အဲဒီပိတ်စကို ခိုးဖို့ မင်း လာစောင့်တာလား”

“ဟုတ်တယ်”

“မင်းပဲ ခုနလေးကမှ ငါတို့နှစ်ယောက်က မိတ်ဆွေတွေလို့ ပြောခဲ့သေးတယ်လေ၊ အခုတော့ ငါ့ဆီက ဓားပြတိုက်ဦးမလို့လား”

“ငါ လူတစ်ယောက်ကို ကတိပေးပြီးသား ဖြစ်နေလို့”

“မင်းက ဘာလို့ ကတိသွားပေးရတာလဲ”

“မပေးလို့ မဖြစ်လို့ပေါ့”

“ဘာလို့လဲ”

“သူက ငါ့အပေါ် ကျေးဇူးရှိဖူးလို့”

“အဲဒီလူက ဘယ်သူလဲ”

“ငါ ပြောပြမှာ မဟုတ်ဘူးဆိုတာ မင်းသိနေတာပဲ၊ ဘာလို့မေးနေသေးလဲ”

စိခုန်းကျိုက်ရှင်းက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြုံးပြီး ပြန်ပြောလိုက်သည်။

လုရှောင်ဖုန်းက ရယ်မောလျှက်

“ငါလည်း မင်းအပေါ် ကျေးဇူးရှိတာပဲ၊ မင်းကို ကယ်ခဲ့ဖူးရုံတင် မကဘူး၊ မင်းအတွက် တီကောင် အကောင် ၆၈၀ တောင် တူးပေးခဲ့သေးတယ်လေ”

“အဲဒါကြောင့်လည်း မင်းကို ငါက အခု အားလုံး ပွင့်ပွင့်လင်းလင်း ပြောပြနေတာပေါ့”

“အခု ပြောပြပေမယ့်လည်း၊ ပြီးရင် မင်း ငါ့ဆီက ခိုးဦးမှာပဲ မဟုတ်လား”

“အဲဒီလို ပိတ်စအနီလေး တစ်စလောက်က ဘာမှ တန်ဖိုးမရှိပါဘူးကွာ”

“မင်းကလည်း တန်ဖိုးမရှိတဲ့ ပစ္စည်းတွေဆို ဘယ်တော့မှ မခိုးဘူးဆိုတာ ငါသိပါတယ်”

“အဲဒီပိတ်စကို မင်း သေချာကြည့်ပြီးပြီပဲ၊ မင်းအတွက် နောက်ထပ် ဘာမှ အသုံးမလိုတော့တာပဲကို”

“ဘာလဲ ... မင်းက ငါ့ကို တကယ်ပဲ အဲဒီပိတ်စကို အခုချက်ချင်း ထုတ်ပေးစေချင်တာလား”

“အေး ... အဲဒါကို ပြောနေတာပဲ”

လုရှောင်ဖုန်းက တစ်ချက် စဉ်းစားလိုက်ပြီး

“ဒါဆို ငါတို့ အပေးအယူတစ်ခု လုပ်ကြမလား”

“ဘယ်လိုမျိုးလဲ”

စိခုန်းကျိုက်ရှင်းက ပြန်မေးလိုက်သည်။

“မင်း ငါ့ကို ဒီပိတ်စ ခိုးခိုင်းတာ ဘယ်သူလဲဆိုတာ ပြောပြရင်၊ မင်းကို ငါ ဒီပိတ်စ ပေးလိုက်မယ်”

“ဟင့်အင်း ... အဲဒါတော့ မဖြစ်ဘူး”

“ကဲ ... ဒီလိုဆိုရင်တော့၊ အပေးအယူ လုပ်လို့လည်း မရဘူးဆိုမှတော့၊ အလောင်းအစားလုပ်ဖို့ပဲ ရှိတော့တာပေါ့”

လုရှောင်ဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ဘယ်လို အလောင်းအစား လုပ်မှာလဲ”

“ဒီဆိုင်နောက်မှာ ဧည့်သည်တွေ တည်းခိုဖို့အခန်း ဘယ်နှစ်ခန်းရှိလဲ၊ မင်းသိလား”

“ခြောက်ခန်း ရှိတယ်”

“အေး ... ငါ ဒီမှာ ဒီည တည်းပြီးတော့၊ မင်း ငါ့ဆီက အဲဒီပိတ်စ လာခိုးတာကို စောင့်နေမယ်”

“မင်းက ငါလာခိုးမှာ သိနေမှတော့၊ ငါက ဘယ်လိုလုပ်ပြီး ခိုးလို့ ရပါတော့မလဲ”

စိခုန်းကျိုက်ရှင်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

လုရှောင်ဖုန်းက ရယ်မောလိုက်ကာ

“မင်းက စောရဘုရင်ပဲလေ၊ မေ့နေပြီလား၊ ဘယ်ပစ္စည်းကိုမှ ခိုးလို့ မရဘူးဆိုတာ မရှိခဲ့ဖူးဘူးဆို၊ မင်းမှာ အကြံတစ်ခုခုတော့ ရှိမှာ သေချာပါတယ်”

“အေး ဒါဆို ငါ့မှာ တကယ်ပဲ အကြံတစ်ခုခု ရှိပြီးတော့၊ တကယ်ပဲ ခိုးလို့ ရခဲ့ရင်ရော”

စိခုန်းကျိုက်ရှင်း၏ မျက်လုံးများ အရောင်တောက်ပလာပြီး ပြန်မေးလိုက်သည်။

“အခု အဲဒီပိတ်စက ငါ့ဆီမှာရှိတယ်၊ အဲဒါကို မင်းရအောင် ခိုးနိုင်ရင်၊ ငါ မင်းအတွက် နောက်ထပ် တီကောင် အကောင် ၆၈၀ ကို ကြည်ကြည်ဖြူဖြူနဲ့ ထပ်တူးပေးမယ်”

“ငါ ဘာနည်းဖြစ်ဖြစ် သုံးလို့ရလား”

“ရတာပေါ့”

“တစ်ချို့နည်းတွေကျတော့ ငါ ... မိတ်ဆွေအချင်းချင်းဆို မသုံးချင်ဘူး”

“ဒီတစ်ညတော့ မင်း ငါ့ကို မိတ်ဆွေအဖြစ် မသတ်မှတ်လို့ ရပါတယ်”

“ကောင်းပြီ၊ စိန်လိုက်”

စိခုန်းကျိုက်ရှင်းက အရက်ခွက်ကို ကောက်ကိုင်ကာ၊ တစ်ချက်ထဲ မော့သောက်လိုက်ပြီး

“ငါ ရှုံးရင်လည်း မင်းအတွက် တီကောင်တွေ ကြည်ကြည်ဖြူဖြူနဲ့ တူးပေးမယ်”

“ငါက မင်းကို တီကောင် မတူးခိုင်းပါဘူး”

“ဘာလဲ မင်းက ငါ့ကို မင်းနဲ့တွေ့တိုင်း ဒူးထောက်ပြီး ]ဦးရီးတော်} လို့ ခေါ်စေချင်သေးတာလား”

“ဒီတစ်ခေါက်တော့ လောင်းကြေးက တက်သွားပြီ ... ]ခမည်းတော်} ဖြစ်သွားပြီ”

လုရှောင်ဖုန်းက ရယ်မောကာ ပြန်ပြောလိုက်သည်။

“ဟုတ်ပြီ ... စိန်လိုက်”

“ပြီးတော့ ... အလောင်းအစား ဖျက်တဲ့ကောင်က ... လိပ်မသားပဲ”

“ကြည့်ရတာ ဘယ်ပဲနိုင်နိုင် ... ကျွန်မကတော့ အရက်သောက်ရမယ် ထင်တာပဲ”

ရွှယ်ပင်းက ရယ်မောကာ ဝင်ပြောလိုက်သည်။

“ဒါပေမယ့် အခု ညမှ မရောက်သေးတာ”

စိခုန်းကျိုက်ရှင်းက ပြန်ပြောလိုက်သည်။

“ဒါဆို ငါ့တို့ မိတ်ဆွေဖြစ်နေတုန်းပဲ ဆိုပါတော့”

“အဲဒါဆိုလည်း မင်းနဲ့ ငါ အရက်သောက်ရဦးမှာပေါ့”

“မင်း အရက်ထဲမှာတော့ အဆိပ်မခတ် ထားလောက်ဘူး ထင်ပါရဲ့”

လုရှောင်ဖုန်းက ပြုံးကာ လှမ်းပြောလိုက်သည်။

“မင်းလည်း ငါ့ကို မူးလဲသွားတဲ့အထိ အရက်မတိုက်လောက်ဘူး ထင်ပါရဲ့”

စိခုန်းကျိုက်ရှင်းကလည်း ပြုံးကာ ပြန်ပြောလိုက်လေတော့သည်။

(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)

0 comments:

Post a Comment