“မင်း ဘယ်လိုမှ မတတ်နိုင်လောက်ပါဘူးကွာ”
လုရှောင်ဖုန်းသည် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။
“ဒါပေမယ့် ငါကလည်း အရမ်းကို သဘောကောင်းလွန်းတဲ့ကောင် ဖြစ်နေတယ်”
ညရောက်ပြီ။ သို့သော် ညက မနက်သေးချေ။ စိခုန်းကျိုင်ရှင်း မူးပြီးလဲမသွားခဲ့ပါ။ ကောင်းကောင်းမွန်မွန်ဖြင့်ပင် ပြန်သွားခဲ့ပြီးဖြစ်သည်။ လုရှောင်ဖုန်းသည်လည်း အဆိပ်အခပ် မခံခဲ့ရပါ။ စိခုန်းကျိုင်ရှင်းသည် အရက်ထဲတွင် အဆိပ်ခပ်သော လူစားမျိုး မဟုတ်ပေ။ ထို့အပြင် သူ အရက်ထဲတွင် အဆိပ်ခပ်ခဲ့လျှင်လည်း၊ လုရှောင်ဖုန်းက သောက်မည်မဟုတ်။
သို့သော် ရွှယ်ပင်း၏ မျက်နှာပေါ်တွင် အပြုံးရိပ်များ သန်းနေလေသည်။
“သူ ဒီတစ်ခေါက်တော့ ရှုံးမှာ သေချာနေပါပြီ”
ရွှယ်ပင်းက ရုတ်တရက် လှမ်းပြောလိုက်သည်။
“ဘာလို့လဲ”
“အဲဒီပစ္စည်းက ရှင့်ကိုယ်ပေါ်မှာ ... သူလာခိုးမယ်ဆိုတာလည်း ရှင်သိပြီးသား ... သူဘယ်လိုများ ခိုးနိုင်ဦးမတဲ့လဲ”
“သူက စောရဘုရင်လေ ... စောရဘုရင်ဆိုမှတော့ သူ့ဆီမှာ ဒီပစ္စည်းကို ခိုးဖို့အတွက်၊ ထူးထူးဆန်းဆန်း နည်းလမ်းတွေ ရှိဦးမှာ သေချာတယ်”
“ဒါဆို ရှင် သူ့ကို နိုင်မယ်ဆိုတာ မသေချာသေးဘူးပေါ့”
ရွှယ်ပင်းက လှမ်းမေးလိုက်သည်။
လုရှောင်ဖုန်းက တစ်ချက်ရယ်မောလိုက်ပြီးနောက် အရက်တစ်ခွက် ငှဲ့လိုက်သည်။ သို့သော် အရက်ခွက်ကို မသောက်သေးဘဲ၊ စိုက်ကြည့်နေလေသည်။
“ရှင် ဘာတွေ စဉ်းစားနေတာလဲ ... ရှင့်ဆီကနေ အဲဒီပိတ်စကို ခိုးခိုင်းတဲ့လူ ဘယ်သူလဲဆိုတာ စဉ်းစားနေတာလား”
ရွှယ်ပင်းက မေးလိုက်သည်။
လုရှောင်ဖုန်း မငြင်းပေ။
“အဲဒီပိတ်စကို ခိုးခိုင်းတဲ့လူဟာ ... ဒီပိတ်စပေါ်မှာ ပန်းထိုးခဲ့တဲ့လူများ ဖြစ်နေမလား”
ရွှယ်ပင်းက ထပ်မေးလိုက်သည်။
“အများကြီး ဖြစ်နိုင်တာပေါ့”
“ကျွန်မသာ ရှင်နေရာမှာဆို ... စိခုန်းကျိုင်ရှင်းကို မပြောပြောအောင် လုပ်ဖို့ နည်းလမ်းတွေ ခေါင်းမီးတောက်အောင်ကို စဉ်းစားနေမိမှာ အမှန်ပဲ”
“ဒါပေမယ့် မင်းက ငါမှမဟုတ်တာ”
“အဲဒါကြောင့် တော်သေးတာပေါ့၊ ကျွန်မ ရှင့်လို ပူပင်သောကတွေ ရောက်နေစရာ မလိုဘူးပေါ့”
ရွှယ်ပင်းက လှပစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။
“အဲဒါကြောင့် မင်းက ပျော်နေတာပေါ့”
“အရမ်းကို ပျော်နေတာ”
“ကဲ ... မင်းအရမ်းကို ပျော်နေတယ် ဆိုရင်လည်း ... ငါ့ကိုပြောပြတော့မယ်ပေါ့”
လုရှောင်ဖုန်းက ရုတ်တရက် ပြုံးလိုက်ကာ မေးလိုက်သည်။
“ရှင့်ကို ဘာပြောပြရမှာတုန်း”
ရွှယ်ပင်းကို ကြည့်ရသည်မှာ ထိုအကြောင်းအရာကို မေ့သွားပြန်ပုံရသည်။
“ဖိနပ်အနီတွေအကြောင်းကိုလေ”
ရွှယ်ပင်းသည် သူ့မျက်လုံးလေးများကို ပုတ်ခတ် ပုတ်ခတ် လုပ်နေရင်း၊ မည်သို့မျှ စကားလွှဲလို့ မရတော့မှန်း သိလိုက်ပုံရသည်။
“ရှင် မြစိမ်းနန်းတော်ကို သိတယ် မဟုတ်လား”
ရွှယ်ပင်းက ပြန်မေးလိုက်သည်။
လုရှောင်းဖုန်း ခေါင်းညိမ့်ပြလိုက်သည်။ သူ ကောင်းကောင်း သိပေသည်။
“ဖိနပ်နီဂိုဏ်းကလည်း မြစိမ်းနန်းတော်လိုပဲ အရမ်းကို လျို့ဝှက်တဲ့ ဂိုဏ်းတစ်ခု၊ မြစိမ်းနန်းတော်နဲ့ မတူတာဆိုလို့ သူတို့ဂိုဏ်းထဲမှာ ယောက်ျားတစ်ယောက်မှ မပါဘူး၊ အဲဒါကြောင့်လည်း မြစိမ်းနန်းတော်ထက် ပိုပြီးတော့မှ ကြောက်စရာကောင်းပြီးတော့၊ ပိုအာဏာစက်ပြင်းတယ်”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုပြီးသာလို့ပေါ့”
“ပြီးတော့”
“ဘာမှ မပြီးတော့ဘူး ... ဒါပဲ”
“ဒါပဲ”
လုရှောင်ဖုန်းသည် ထခုန်မိလုမတတ် ဖြစ်သွားသည်။
“ဒါပဲဆိုတာက ဘာသဘောတုန်း”
“ဒါပဲဆိုတာက ကျွန်မသိတာ ဒါအကုန်ပဲလို့ ပြောတာလေ”
ရွှယ်ပင်းက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သည်။
“ရှင် ကျွန်မလည်ပင်းကို ဓားနဲ့ ထောက်မေးလည်း၊ ကျွန်မမှာ ထပ်ပြောစရာ မရှိတော့ဘူးလို့ ပြောတာပေါ့”
လုရှောင်ဖုန်းသည် ဘာပြောလို့ ပြောရမှန်း မသိဖြစ်ကာ၊ ရွှယ်ပင်းကို ခေတ္တမျှ ကြောင်ကြည့်နေမိသည်။
“မိန်းမတွေက ယောက်ျားတွေထက် သာတယ်ဆိုတာ အမှန်ပဲ ... ဘယ်တော့မှ တရားသဖြင့် မျှမျှတတ မရှိဘူး”
လုရှောင်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။
“ဘယ်တုန်းကများ ကျွန်မက ရှင့်ကို မျှမျှတတ မရှိရတာတုန်း၊ ရှင့်ကို ကျွန်မ ဖိနပ်အနီစီးတဲ့သူတွေဟာ ဘယ်သူတွေလဲလို့ မပြောပြဘူးလား၊ ဖိနပ်နီဂိုဏ်းဟာ အရမ်းကို လျို့ဝှက်တဲ့ ဂိုဏ်းလို့ရော မပြောပြဘူးလား၊ အဲဒါကိုမှ ရှင်က မကျေနပ်နိုင်သေးဘူးလား”
ရွှယ်ပင်းက သူ့ကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။
“သူတို့က မျှမျှတတ မရှိရုံတင် မကသေးဘူး ... ကိုယ့်ကိုယ်ကိုယ်လည်း သူတော်ကောင်းလို့ ထင်နေကြသေးတာကိုး”
လုရှောင်ဖုန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။
“အဲဒီ မုတ်ဆိတ်မွှေးနဲ့ ပန်းထိုးရာဇာက တကယ်တော့ ရုပ်ဖျက်ထားတဲ့ မိန်းမတစ်ယောက်ဆိုတာ ရှင်သိတယ် မဟုတ်လား”
ရွှယ်ပင်းက သူ့မျက်လုံးလေးများကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီးမှ
“ပြီးတော့ သူ ဖိနပ်အနီ စီးတာကိုလည်း ရှင်သိတယ် ... ရှင် တော်တော်လည်း သိထားပြီးပြီပဲကို”
“ဟုတ်ပါပြီ အဲဒါကြောင့်လည်း ငါကျေနပ်သွားပါပြီ ... တော်တော်လေးကို ကျေနပ်ပါတယ်”
လုရှောင်ဖုန်းက စိတ်ပျက်လက်ပျက် ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ကဲ ... ရှင်ကျေနပ်တယ်ဆိုရင်လည်း ... ကျွန်မကို အရက်တစ်ခွက်လောက် ငှဲ့ပေးဦးလေ”
ရွှယ်ပင်းက ပြုံးပြရင်း လှမ်းပြောလိုက်သည်။
“မင်းမျက်နှာက အဲဒီ ဖိနပ်အနီတွေထက်တောင် ပိုနီနေပြီ ... ထပ်သောက်ချင်သေးလို့လား”
လုရှောင်ဖုန်းက အေးစက်စက် ပြန်ပြောလိုက်သည်။
ရွှယ်ပင်းက သူ့နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး
“ဒီည မူးတဲ့အထိ သောက်မလို့၊ ဒီအခန်းထဲမှာလည်း ခုတင်တစ်လုံး ရှိတာပဲ၊ မူးသွားလည်း ဒီမှာပဲ အိပ်လိုက်ရုံပဲကို”
“ငါလည်း ဒီအခန်းထဲမှ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦးနော်”
ရွှယ်ပင်းက သူ့ကို စောင်းငဲ့ ကြည့်လိုက်ပြီး
“ရှင် ဒီအခန်းထဲ ရှိနေတော့ရော ဘာဖြစ်တုန်း ... ကျွန်မက ရှင့်ကို ကြောက်နေရမှာလား”
လုရှောင်ဖုန်းကလည်း သူ့ကို ပြန်စောင်းငဲ့ ကြည့်လိုက်ကာ
“ဘာလဲ မင်းက အရက်မူးအောင် သောက်ပြီးတော့ ရဲဆေးတင်ပြီး ငါ့ကို မြူဆွယ်မလို့လား”
ရွှယ်ပင်းသည် ရှက်သွေးဖြာသွားသည်။ သို့သော် ခေါင်းငုံ့မသွားဘဲ၊ လုရှောင်ဖုန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ရှင်ကရော ကျွန်မကို မမြူဆွယ်စေချင်လို့လား”
“ဘာလဲ ... မင်း ငါ့ကို အစကတည်းက မြူဆွယ်ဖို့ ကြံစည်နေခဲ့တာလား”
“ရှင့်ကိုရှင် ဘယ်သူများ ထင်နေလဲ ... ဖန်အန်းလား ဆွန်းယုလား”
(ဖန်းအန်းနှင့် ဆွန်းယုသည် ဝတ္ထုဇာတ်လမ်းများထဲမှာ ရုပ်ရည်ချောမောလှပကာ မိန်းမပွေရာတွေ နာမည်ကြီးသူများ ဖြစ်သည်။)
လုရှောင်ဖုန်းက ရုတ်တရက် ထိုင်ရာမှ ထလိုက်သည်။
“ရှင် ဘာလုပ်ဦး မလို့လဲ”
“ထိုင်နေတာက ထရပ်တာ ... ပြန်တော့မလို့ပေါ့ကွ”
“ရှင် ... တကယ်ပဲ ပြန်တော့မလို့လား”
“မင်းက ငါ့ကို မြူဆွယ်ဖို့ အစီအစဉ်မရှိဘူးဆိုတော့၊ ဒီမှာဆက်နေစရာ အကြောင်းမှ မရှိတော့တာ”
“ဟွန့်”
ရွှယ်ပင်းက တစ်ချက် လှောင်သလို ရယ်မောလိုက်ကာ
“ရှင်က တကယ့်ကို ငတုံးတစ်ကောင်ပဲ၊ ကျွန်မက ရှင့်ကို မမြူဆွယ်ဘူးပဲထား၊ ရှင်က ကျွန်မကို မြူဆွယ်လို့ ရတာပဲ”
“ငါက သူများတွေကို မြူဆွယ်ရတာ ဝါသနာမပါဘူး၊ အမြဲတမ်း ငါကပဲ အမြူဆွယ်ခံရတာလေ”
“ရှင် ကျွန်မကို ခြွင်းချက်လေးတစ်ခု အဖြစ် မထားနိုင်ဘူးလား”
ရွှယ်ပင်းက မပွင့်တပွင့်လေး တိုးညှင်းစွာ ပြောလိုက်သည်။ သူ့မျက်နှာသည် နွေဦး၏ သစ်တော်သီးမှည့်လေး တစ်လုံးလို ရဲရဲထွတ်နီနေလေသည်။ လုရှောင်ဖုန်းသည် သက်ပြင်းတစ်ချက်ချလိုက်ကာ ပြန်ထိုင်လိုက်သည်။
“ရှင်က ဘာကို စိုးရိမ်နေတာလဲ”
ရွှယ်ပင်းက သူ့ကို နောက်သလို လှမ်းမေးလိုက်သည်။
“ကျွန်မကဖြင့် ရှင့်ကို ဘာမှ မမြူဆွယ်ရသေးဘူး၊ ရှင်က တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေပြီ”
“ငါ အရမ်းအိုက်နေလို့”
“ကျွန်မလည်း တော်တော်လေး အိုက်နေတယ်”
“မင်းက နှင်းရေခဲပဲဟာကို ... ဘာအိုက်စရာ အကြောင်းရှိလို့လဲ”
(လုရှောင်ဖုန်းက ရွှယ်ပင်း၏ နာမည်ကို နောက်ပြောင်လိုက်ခြင်း ဖြစ်သည်။ ]ရွှယ်} မှာ နှင်းနဲ့ အသံထွက်တူ၍ ]ပင်း} မှာ ရေခဲနှင့် အသံထွက်တူပေသည်။)
“ကျွန်မလည်း စဉ်းစာလို့ မရဘူး ... ဘာလို့ ဒီလောက်တောင် ပူနေလဲ ဆိုတာ”
ရွှယ်ပင်းက သူ့မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စဉ်းစားလိုက်ပြီးမှ၊ ရုတ်တရက် လက်ခုတ်တီးလိုက်ပြီး
“ကျွန်မသိပြီ”
“ဘာကိုသိတာလဲ”
“ စိခုန်းကျိုင်ရှင်းက အရက်ထဲမှာ အဆိပ်တော့ မခပ်သွားဘူး၊ ဒါပေမယ့် ဆေးတစ်ခုတော့ ခပ်သွားတယ် ထင်တယ်၊ သောက်မိရင် တစ်ကိုယ်လုံး မီးနဲ့အမြှိုက်ခံရသလို ပူလာတဲ့ ဆေးမျိုးလေ”
“ငါတို့ ပူလာတော့ အင်္ကျီတွေ ချွတ်လိုက်ကြမယ် ဆိုပါတော့”
“သူလိုချင်တဲ့ ပစ္စည်းက ရှင့်ကိုယ်ပေါ်မှာ၊ အဲဒီတော့ ရှင်သာ အင်္ကျီချွတ်လိုက်ရင်၊ သူ့အတွက် အဲဒီပစ္စည်းကို ခိုးဖို့ အခွင့်အရေး ရပြီလေ”
“စောရဘုရင်ကြီးက ဘယ်လိုဖြစ်ပြီး အဲဒီလို ပေါကြောင်ကြောင် နည်းလမ်းတွေနဲ့ ကြံစည်နေရသလဲ၊ မစဉ်းစားတတ်အောင်ပဲ”
လုရှောင်ဖုန်းက ပြန်ပြောလိုက်သည်။
“ပေါကြောင်ကြောင် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် တကယ် အလုပ်ဖြစ်တယ်လေ”
“ဒါပေမယ့် အဲဒီပစ္စည်းက ငါ့ကိုယ်ပေါ်မှာမှ ရှိမနေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ ခိုးလို့မရတာ အသေအချာပဲ”
လုရှောင်ဖုန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ရှင် အဲဒီပစ္စည်းကို အခြားတစ်နေရာမှာ သွားဖွက်ထားတာလား”
ရွှယ်ပင်းသည် လုရှောင်ဖုန်း၏ စကားကြောင့်အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။
“သူ နောက် အနှစ်တစ်သန်းလောက် စဉ်းစားတောင် မရလောက်တဲ့ နေရာမှာ ဖွက်ထားတာ”
လုရှောင်ဖုန်းက ရယ်မောလျှက် ပြန်ပြောလိုက်သည်။
“သူ့မှာ လက်အဖက် ၃၀ လောက် ပါရင်တောင်၊ မသကာ သူ ခိုးနိုင်ရင် ငါ့အင်္ကျီအစုတ်ပဲ ရဖို့ရှိမယ်”
“ရှင်တော်တော် ဆိုးတဲ့လူပဲ”
ရွှယ်ပင်းက တစ်ခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
“ငါ့အကျင့်ပဲလေ”
ထိုအချိန်တွင် လမ်းကျဉ်းလေး တစ်ဖက်ရှိ ခေါင်းမိုးပေါ်၌ လူတစ်ယောက် တိတ်တဆိတ် ပုန်းခိုနေလေသည်။ ထိုသူကား စိခုန်းကျိုင်ရှင်းမှလွဲ၍ မည်သူ ရှိပါဦးမည်နည်း။
+++++
ယခုလောလောဆယ်တော့ စိခုန်းကျိုင်ရှင်းသည် လုရှောင်ဖုန်းအား ကြိတ်၍ ကျိန်ဆဲနေလေသည်။
“ဒီခွေးသူခိုးက တကယ့်ကို အောက်တန်းစားပဲ”
သူကိုယ်တိုင်လည်း ]အောက်တန်းစား} တစ်ယောက် ဖြစ်နေသည်ကိုတော့ လုံးလုံး၀ သတိမရပေ။ ]အောက်တန်းစား} မဟုတ်ပါက မည်သူက ခေါင်းမိုးပေါ်တွင် တိတ်တဆိတ် ပုန်းအောင်းကာ၊ သူများတကာ၏ စကားဝိုင်းကို ခိုးနားထောင်နေပါ့မည်နည်း။
“အောက်တန်းစားကောင် ဘယ်နားမှာများ ဖွက်ထားလိုက်ပါလိမ့်”
စိခုန်းကျိုင်ရှင်းသည် လုရှောင်ဖုန်း သွားခဲ့သမျှ နေရာများကို အပြန်ပြန်အလှန်လှန် စဉ်းစားနေလေသည်။ သူတို့ တစ်ချိန်လုံး အပြင်ဖက်တွင် ထိုင်ကာ အရက်သောက်နေခဲ့ကြပြီး၊ ညမှောင်လာချိန်တွင်တော့ အထဲဖက်သို့ ပြောင်းခဲ့ကြသည်။ ထိုနေရာနှစ်ခုမှ လွဲ၍ လုရှောင်ဖုန်းသည် အိမ်သာသို့ တစ်ခေါက်သွားခဲ့ခြင်းသာ ရှိသည်။
“ဒီကောင် အိမ်သာထဲမှာ သွားဖွက်ထားခဲ့တာများလား”
အများကြီး ဖြစ်နိုင်ပေသည်။ လုရှောင်ဖုန်းသည် စိတ်ထင်ရာလုပ်လေ့ရှိသူ တစ်ဦးပင်။
“ဒါမှမဟုတ် အရက်အိုးထဲမှာများ ဖွက်ထားတာလား ... ငါဘယ်လိုမှ မတွေးမိလောက်ဘူးလို့ သူထင်တဲ့ နေရာမျိုးပေါ့”
ထိုအချိန်တွင် လုရှောင်ဖုန်းသည် သူ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ကာ ပြတင်းပေါက်နားရှိ ကုလားထိုင်နောက်မှီပေို့ လှမ်းပစ်တင်လိုက်ပြီးဖြစ်သည်။ ထိုပစ္စည်းသည် သူ့ဝတ်ရုံထဲတွင် ရှိမနေသည်မှာ အသေအချာပင်။ မဟုတ်ပါက သူ ယခုကဲ့သို ပေါ့ပေါ့ဆဆ ထားမည်မဟုတ်ပေ။
လုရှောင်ဖုန်းသည် သတိလက်လွတ် နေတတ်သူတစ်ယောက် မဟုတ်သည့်အပြင်၊ တီကောင် အကောင် ၆၈၀ တူးရသည်မှာလည်း ပျော်စရာကောင်းသည့် အလုပ် မဟုတ်ပေ။ စိခုန်းကျိုင်ရှင်းသည် ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူထိုင်ရာက ထလုဆဲဆဲမှာပင်၊ ရပ်တန့်သွားကာ၊ သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။ အကယ်၍ လုရှောင်ဖုန်းသာ ထိုဝတ်ရုံထဲတွင် ဖွက်ထားခဲ့ပါက၊ ထိုနေရာသည် သူဘယ်လိုမှ တွေးမိမည် မဟုတ်သော နေရာ မဟုတ်ပါလား။ လုရှောင်ဖုန်းသည် ထိုစကားကို သူကြားအောင် တမင်တကာများ ပြောခဲ့ခြင်းများလား။
“ဒီအောက်တန်းစားက တကယ့်မြေခွေးလေးပဲ”
စိခုန်းကျိုက်ရှင်းက တစ်ယောက်ထဲ ကြိတ်ရယ်လိုက်ပြီး
“ဖြစ်ချင်တော့ မင်းက ဒီနေ့မှ မြေခွေးကြီးနဲ့ လာတိုးရတာကိုး”
ထိုဝတ်ရုံမှာ ထိုင်ခုံနောက်မှီပေါ်တွင် ရှိနေဆဲပင်။ သူမြင်နေရသော်လည်း၊ လှမ်းကိုင်၍တော့ မရသေး။ သူ ဘာလုပ်ရမလဲ။ မြေခွေးကြီးတွင် နည်းလမ်းတွေ ရှိသည်ကတော့ အသေအချာပင်။ ]စောရဘုရင်} ဟူသော ဘွဲ့ကို သူ ခိုးယူခဲ့ခြင်း မဟုတ်။
ထိုအချိန်မှာပင် အခန်းတွင်းမှ ရယ်သံများ လျှံထွက်လာပြန်သည်။ သူတို့တွေ ဘာကိုများ သည်လောက်တောင် သဘောကျ၍ ရယ်မောနေကြပါလိမ့်။
“အပြင်မှာ အအေးဒဏ်ခံပြီးတော့၊ သူတို့အရက်သောက်တာ ထိုင်ကြည့်နေတဲ့ ငတုံး ဆိုပြီးတော့ ရယ်နေကြတာများလား”
စိခုန်းကျိုက်ရှင်းသည် ရုတ်တရက် ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ၊ အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်လေသည်။ ရွှယ်ပင်းသည် သူ လျှောက်ဝင်လာသည်ကို မြင်လိုက်ရသောအခါ၊ မျက်လုံးများ ကျွတ်ကျလုမတတ်၊ ပြူးကျယ်သွားလေတော့သည်။ စိခုန်းကျိုက်ရှင်း ယခုလို ဝင်လာလိမ့်မည်ဟု၊ နည်းနည်းလေးမှကို မျှော်လင့်ထားခဲ့ပုံ မရချေ။ လုရှောင်ဖုန်းလည်း အလားတူပင် ဖြစ်သည်။
စိခုန်းကျိုက်ရှင်းကတော့ သူတို့ကို ဂရုမစိုက်ဘဲ၊ စားပွဲတွင် ဝင်ထိုင်လိုက်ပြီး၊ အရက်တစ်ခွက် ငှဲ့လိုက်သည်။
“အရက်သောက်ရတာ အပြင်မှာ အအေးဒဏ် ခံရတာထက်တော့ အများကြီး သာပါရဲ့”
စိခုန်းကျိုက်ရှင်းက သူ့ဟာသူ ပြောလိုက်သည်။
“ဘယ်သူက ရှင်ကို အပြင်မှာ အအေးဒဏ်ခံပြီး သွားနေခိုင်းလို့လဲ”
“ငါ့ဟာငါပဲ သွားနေတာ”
“ရှင်လည်း သူ့လို ငတုံးပဲလား”
ရွှယ်ပင်းက ရယ်မောရင်း လှမ်းမေးလိုက်သည်။
“ငါက ငတုံးမဟုတ်ဘူးဆိုရင်လည်း ... နည်းနည်းတော့ ထုံတာ သေချာတယ်”
“ရှင့်က ရှင့်ကိုယ်ရှင် ထုံတယ်လို့ ဝန်ခံတယ်ပေါ့”
ရွှယ်ပင်းက ရယ်သံကို မနည်းထိန်းရင်း ပြန်မေးလိုက်သည်။
“ငါသာ မထုံဘူးဆိုရင် ... သူနဲ့ ဒီအလောင်းအစား လုပ်ပါ့မလား”
စိခုန်းကျိုက်ရှင်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်
“ရှင်က ဒီအလောင်းအစား လုပ်ရတာ မတန်ဘူး ထင်လို့လား”
စိခုန်းကျိုက်ရှင်း ခေါင်းငြိမ့်ပြလိုက်သည်။
“အဲဒါကြောင့် အခု အလောင်းအစားကို ဖျက်လိုက်ပြီ”
“အလောင်းအစားကို ဖျက်လိုက်ပြီ ... ဟုတ်လား”
လုရှောင်ဖုန်းက ထအော်လိုက်သည်။
“ အလောင်းအစားကို ဖျက်လိုက်ပြီဆိုတာက ဘာသဘောတုန်းကွ”
“ အလောင်းအစားကို ဖျက်လိုက်ပြီဆိုတာ ... အလောင်းအစားကို ဖျက်လိုက်ပြီဆိုတဲ့ သဘောပေါ့ကွ”
“မင်းပဲ ငါနဲ့ သဘောတူခဲ့တာပဲ မဟုတ်ဘူးလား”
“သဘောတူပြီးမှ ပြန်ဖျက်လို့ရတာတွေ အများကြီးပဲ၊ ပါးစပ်နဲ့ ပြောပြီးသမျှ လေလည် သလောက်ပဲ သဘောထားလို့ရတာတွေလည်း အများကြီးပဲ”
“ငါတော့ နားမလည်နိုင်ဘူး”
လုရှောင်ဖုန်းက သူ့ကို အတန်ကြာ အံ့အားသင့်ကာ စိုက်ကြည့်နေပြီးမှ၊ ခပ်သဲ့သဲ့ပြုံးရင်း မေးလိုက်သည်။
“ဘာလို့ မင်းက ဗြုန်းစားကြီး အလောင်းအစားကို ဖျက်ချင်ရတာတုန်း”
“မင်း ဘာ သောက်ချိုး ချိုးတယ်ဆိုတာ ငါမသိဘူးများ ထင်နေလား”
“ငါက ဘာသောက်ချိုးများ ချိုးမိလို့လဲ”
“မင်းက တမင်တကာ အဲဒီပစ္စည်းကို အခိုးခံပြီးတော့မှ ... ငါ့နောက်လိုက်ပြီးတော့ ဘယ်သူခိုးခိုင်းတယ်ဆိုတာ လိုက်ချောင်းမလို့ မဟုတ်လား၊ အဲဒီတော့ ငါ ဒီအလောင်းအစား နိုင်လည်း နောက်ဆုံး ငါ့ဖက်က အရှုံးပဲ”
စိခုန်းကျိုက်ရှင်းက မျက်နှာကို မဲ့ကာ ပြန်ပြောလိုက်သည်။
“မင်းဘယ်လိုများ အဲဒီလိုမျိုး တွေးမိတာလဲ ... ငါဖြင့် နားကို မလည်နိုင်ဘူး”
လုရှောင်ဖုန်းက ဘာမှမသိသော ကလေးလေး တစ်ယောက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“မင်းနားလည်တာပေါ့ ... မင်းလောက်နားလည်တာ မင်းပဲ ရှိမယ်”
“ငါက မင်းကို ဘာကိစ္စ တမင်တကာ အနိုင်ပေးရမှာတဲ့လဲ၊ ငါ တီကောင်တူးရတာ အရမ်းကြိုက်တယ်များ မင်းထင်လို့လား”
“ငါ့ကို ဘယ်သူက ဒီပစ္စည်း ခိုးခိုင်းသလဲဆိုတာ မင်းအရမ်းသိချင်နေတယ်၊ အဲလို သိနိုင်ဖို့ကလည်း ဒီတစ်နည်းပဲ ရှိတယ်၊ မင်းဆိုတဲ့ကောင်က ကိုယ်လိုချင်တာ ရဖို့အတွက်ဆို ဘာပဲဖြစ်ဖြစ် လုပ်မယ့်ကောင်”
“မင်းက ငါ့ကို တကယ်ပဲ အဲလိုလူစားမျိုးလို့ ထင်နေတာလား”
လုရှောင်ဖုန်းက တစ်ချက်ပြုံးကာ ပြန်မေးလိုက်သည်။
“မင်းဟာမင်း ဘယ်လိုလူစားပဲ ဖြစ်ဖြစ် ငါသောက်ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းနဲ့တော့ ဒီအလောင်းအစား ဆက်မလုပ်နိုင်တော့ဘူး၊ မင်းလှည့်ကွက်ထဲကို ငါ ဘယ်တော့မှ မဝင်ဘူး”
စိခုန်းကျိုက်ရှင်းသည် အရက်တစ်ခွက် ထပ်ငှဲ့လိုက်ကာ တစ်ရှိန်ထိုး မော့သောက်လိုက်သည်။ ပြီးမှ သုံးကြိမ်တိတိ အားရပါးရ ရယ်မောလိုက်ပြီး
“ကောင်းလိုက်တဲ့ အရက် ... အပြင်မှာ အအေးဒဏ်ခံရတာထက် အများကြီးကို သာတယ်”
သူ့စကား မဆုံးခင်မှာပဲ၊ အခန်းထဲမှာ သူထွက်ခွာသွားပြီ ဖြစ်လေသည်။
လုရှောင်ဖုန်းသည် သူထွက်သွားသည်ကို ထိုင်ကြည့်နေလိုက်ပြီးနောက်၊ ခဏလောက်ကြာမှ ရုတ်တရက် ပြုံးလိုက်ကာ
“ဒီကောင်က တကယ့်ကို မြေခွေးကြီးပဲ”
“ရှင့်က သူ့ကို တကယ်ပဲ တမင်အနိုင်ပေးမလို့ စိတ်ကူးထားတာလား”
ရွှယ်ပင်းက လှမ်းမေးလိုက်သည်။
“အဲဒီ မြေခွေးကောင်ပြောတာ ဟုတ်တယ်၊ သူ့ကို ဘယ်သူက ခိုးခိုင်းသလဲဆိုတာ သိနိုင်ဖို့ရာ၊ အဲဒီတစ်နည်းပဲ ငါစဉ်းစားလို့ရတယ်”
လုရှောင်ဖုန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ဒါဆို စောစောက ရှင်ပြောနေတာတွေ အားလုံးက၊ သူ့ကို အဲဒီပစ္စည်း ဘယ်မှာဖွက်ထားတယ်ဆိုတာ မသိ သိအောင် ပြောပြပေးနေတာပေါ့”
“အတိအကျပဲ”
“ဒါပေမယ့် ရှင်ဘယ်မှာ ဖွက်ထားသလဲဆိုတာ ကျွန်မတော့ မစဉ်းစားတတ်သေးဘူး”
ရွှယ်ပင်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
“အဲဒီပစ္စည်းက ငါ့အင်္ကျီထဲမှာလေ”
“ဟို ထိုင်ခုံပေါ်က အင်္ကျီထဲမှာလား”
“အဲဒီအထဲမှာပဲ တစ်ချိန်လုံး ရှိနေတာပဲ”
“ဒါပေမယ့် ရှင် ခုနက ပြောတာက ... ”
“အဲဒါက သူ အနှေးနဲ့ အမြန်ဆိုသလို ငါ တမင်တကာ အာရုံလွှဲပြောနေတယ်ဆိုတာကို ရိပ်မိသွားမယ်မှန်း သိလို့ တမင် ပြောနေတာ”
“ကျွန်မ နားမလည်သေးဘူး”
“ငါက တမင်တကာ ငါ့အင်္ကျီကို ဂရုမစိုက်သလိုမျိုး တင်ထားလိုက်တာ၊ အခြားလူတွေဆိုရင်တော့ အဲဒီထဲမှာ ရှိလိမ့်မယ်လို့ ဘယ်သံသယ ဖြစ်ပါ့မလဲ၊ ဒါပေမယ့် သူက သာမန်လူမဟုတ်ဘူး၊ စောရဘုရင်လေ”
“အဲဒီတော့ ... ပိတ်စကို အဲဒီအင်္ကျီထဲမှာ ဖွက်ထားတာ သူ သိသွားမှာ သေချာတယ်လို့ ရှင်က ကြိုတွက်ထားပြီးသားပေါ့”
“ငါက အစောကြီးကတည်းက သူ ခိုးဖို့အတွက် ပိတ်စကို အဲဒီထဲ ထည့်ထားပေးတာပဲလေ”
“ရှင်က လှည့်ကွက်ထဲမှာ နောက်ထပ် လှည့်ကွက်တစ်ခု ထပ်ထည့်ထားတာပေါ့၊ လက်စသတ်တော့ ရှင်က တကယ်ပဲ သူ့ကို တမင် ခိုးခွင့်ပေးထားတာကိုး”
“ဟုတ်တယ် ... ငါ့ကို သူ့ကို ခိုးစေချင်တာ၊ ဒါပေမယ့် အရမ်းကြီး လွယ်နေလို့လည်း မဖြစ်ဘူးလေ၊ အဲလိုဆို ဒီကောင် သံသယဝင်သွားမှာ သေချာတာကိုး”
“ဒါပေမယ့် နောက်ဆုံးတော့လည်း သူသံသယဝင်သွားပြီး ရှင့်လှည့်ကွက်ထဲ မဝင်ဘူးလေ”
“အဲဒါကြောင့် ဒီကောင်က တကယ့် မြေခွေးအိုကြီးလို့ ငါပြောတာပေါ့၊ ဒါပေမယ့် ကံဆိုးချင်တော့ ... ”
“ဘာ ကံဆိုးချင်တာလဲ”
လုရှောင်ဖုန်းက ရယ်မောလိုက်ကာ
“ကံဆိုးချင်တော့ နောက်ဆုံး သူ ငါ့ လှည့်ကွက်ထဲ ဝင်သွားသေးတာပဲ”
ရွှယ်ပင်း အံ့အားသင့်သွားပြီးနောက်၊ ခပ်သဲ့သဲ့ ပြုံးကာ
“ကျွန်မတော့ နားမလည်နိုင်ပြန်ဘူး”
“သူ ပိတ်စကို ခိုးဖြစ်အောင် ခိုးသွားသေးတယ်လေ”
“ဘယ်တုန်းက ခိုးသွားတာလဲ”
“ခုနလေးကပဲလေ”
ရွှယ်ပင်းက ထိုဝတ်ရုံကို လှမ်းယူကာ လက်ဖြင့် စမ်းကြည့်လိုက်သည်။ အနက်ရောင် ပျိုနီပန်းပွင့် ထိုးထားသော၊ ပိတ်စနီက အထဲတွင် ရှိနေဆဲပင်။
“ဒီမှာ ရှိနေသေးတာ မဟုတ်ဘူးလား”
“ဒါပေမယ့် အဲဒီပိတ်စက အစစ်မဟုတ်တော့ဘူးလေ”
“သူက ရှင့်ရဲ့ ပိတ်စနီကို ဒီပိတ်စနဲ့ လဲသွားတယ်လို့ ပြောတာလား”
“သေချာ ကြည့်လိုက်ပါဦး၊ အဲဒီပိတ်စနှစ်ခု အတူတူပဲလား ဆိုတာ”
ပိတ်စနှစ်ခု၏ ကွဲပြားခြားနားမှုက သိပ်တော့ မသိသာလှပေ။ သို့သော် မတူသည်ကတော့ အမှန်ပင်။
“သူ ကျင်းကျိုးလင်ဆီကနေ ဒီပိတ်စနဲ့ ပျိုနီပန်းပွင့်ပုံက ဘယ်လိုမျိုးလဲဆိုတာ သိလာပုံရတယ်၊ ပြီးတော့ တစ်ယောက်ယောက်ကို ပန်းသွားထိုးခိုင်းပြီးတော့မှ၊ ငါ့ဆီက ပိတ်စနဲ့ လဲဖို့ ကြံတာ ဖြစ်ရမယ်”
ရွှယ်ပင်းက သက်ပြင်းချလိုက်ကာ
“သူက တော်တော်လေးကို လက်မြန်တာပဲ၊ စောရဘုရင် ဖြစ်တာလည်း မပြောနဲ့တော့၊ ကျွန်မ သူ့ကို တစ်ချိန်လုံး ကြည့်နေခဲ့တာပဲ၊ သူဘယ်လို လဲသွားတာလဲ လုံးလုံး မတွေ့လိုက်ဘူး”
လုရှောင်ဖုန်းက ပြုံးကာ
“သူက ငါလည်း မတွေ့လိုက်ဘူးလို့ ထင်ပုံရပါရဲ့၊ အခုချိန်ထိ ငါမသိသေးလောက်ဘူးလို့ သူတွက်ထားပုံရတယ်”
“ရှင်က ဒီပိတ်စကို အကြိမ်ပေါင်းများစွာ၊ လေ့လာပြီးပြီ၊ ပြီးတော့ အခုတစ်ခေါက် အခိုးမခံလိုက်ရဘူး ဆိုရင်လည်း၊ နောက်ဆို လုံလုံခြုံခြုံရှိအောင် သေချာဖွက်ထားတော့မှာ သေချာတယ်၊ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှင် ဒီပိတ်စကို တော်တော်နဲ့ ထုတ်ကြည့်ဖြစ်ဦးမှာ မဟုတ်ဘူးလို့ သူ တွက်ထားမှာပေါ့”
“အဲဒါကြောင့်လည်း သူက ငါ ဒီပိတ်စ အတုဖြစ်နေမှန်းကို တော်တော်နဲ့ သိဦးမှာ မဟုတ်သေးဘူးလို့ တွက်ထားလောက်မှာပေါ့”
“အခု သူလိုချင်တာ ရသွားပြီဆိုတော့၊ သူ့ရဲ့ ကျေးဇူးရှင်ဆိုတဲ့လူဆီကို သွားပေးတော့မှာ သေချာတယ်”
“အင်း ... သူ့အလုပ်က မပြီးသေးဘူးလေ”
“ဒါဆို ရှင်က ဘာလို့ သူ့နောက်ကို မလိုက်သေးတာလဲ”
“ဘာလို့လဲဆိုတော့ ... သူ ဒီည သွားဦးမှာ မဟုတ်တာ သေချာတယ်”
“ဘာဖြစ်လို့လဲ”
“သူလည်း ငါ သံသယဝင်သွားမှာ စိုးရိမ်နေလို့ပေါ့”
ရွှယ်ပင်းက ခဏလောက် စဉ်းစားလိုက်ပြီး
“ရှင်က သူ ပိတ်စချင်း လဲသွားတာကို တော်တော်နဲ့ သိဦးမှာ မဟုတ်ဘူးလို့ တွက်ထားတော့၊ သူက ဒီအခွင့်အရေးကို ယူပြီး အေးအေးဆေးဆေး နေလိုက်ဦးမှာပေါ့”
“သူ အေးအေးဆေးဆေး နေပြလေလေ၊ ငါက သူ့ကို သံသယ ပိုပြီးတော့ မဝင်လေလေပဲပေါ့”
“ပြီးတော့ ကျွန်မတို့ မနက်ဖြန် ခရီးဆက်တဲ့အခါ၊ သူက ကျွန်မတို့ကို လာနှုတ်ဆက်ဦးမှာ သေချာတယ်၊ ပြီးတော့မှ သူလုပ်စရာ ရှိတာတွေကို ဆက်လုပ်မှာ”
“ကြည့်ရတာ မင်းလည်း ငါတို့နဲ့ ပေါင်းတာ ကြာရင်၊ မြေခွေးလေးတစ်ကောင် ဖြစ်သွားတော့မယ် ထင်ပါရဲ့”
လုရှောင်ဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
ရွှယ်ပင်းက မျက်လုံးလေး ထောင့်ကပ်ကာ စဉ်းစားလိုက်ပြီးနောက်၊ ပြုံးမလိုလို ဖြစ်သွားပြီးတော့မှ၊ မပြုံးဘဲနှင့်
“အဲဒီတော့ ရှင်က အခု ဘာလုပ်မယ် စိတ်ကူးလဲ”
သူ့အသံက လေသံသာသာမျှသာ တီးတိုးညင်သာလှပေသည်။
“ငါ အဲဒီကောင်ဆီ သွားပြီး စကားပြောလိုက်ဦးမယ်”
လုရှောင်ဖုန်းက သူ့အမူအရာကို မသိကျိုးကျွန်ပြုကာ ပြန်ပြောလိုက်သည်။
“ရှင်က ကျွန်မကို ဒီမှာ ထားခဲ့ပြီးတော့၊ သူနဲ့ သွားစကားပြောမလို့လား”
ရွှယ်ပင်းက ဆွေ့ဆွေ့ခုန် ဖြစ်တော့မည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။
“သူက ငါ့ကို မြူဆွယ်မှာ မဟုတ်ဘူး၊ ငါကလည်း သူ့ကို မြူဆွယ်မှာမဟုတ်ဘူး၊ အဲဒီတော့ သူနဲ့ သွားစကားပြောတာက၊ ငါ့အတွက် ပိုပြီး စိတ်အေးရတယ်”
ရွှယ်ပင်းက နှုတ်ခမ်းကို ကိုက်ကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် လုရှောင်ဖုန်းကို စိုက်ကြည့်နေပြီးမှ၊ ခနဲ့တဲ့တဲ့ ပြုံးကာ
“အခုမှ ရှင်ဘာလဲဆိုတာ သိတော့တယ်”
“ပြောစမ်းပါဦး ... ငါက ဘာတဲ့တုန်း”
‘“ရှင်က ခွေး”
“ငါက ဘယ်လိုဖြစ်ပြီး ခွေးဖြစ်ရမှာတုန်း”
လုရှောင်ဖုန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြုံးကာ ပြန်မေးလိုက်သည်။
“စိခုန်းကျိုက်ရှင်းက မြေခွေးအိုကြီးဆို၊ ရှင်က မြေခွေးနဲ့ ဖက်ကိုက်တဲ့ ခွေးပဲပေါ့”
+++++
စိခုန်းကျိုက်ရှင်းသည် လက်ဝါးနှစ်ဖက်ကို ယှက်ကာ ခေါင်းအုံးပြီး၊ ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသည်။ သူ့ရင်ဘက်ပေါ်တွင် တင်ထားသော အရက်ခွက်ကို အာရုံစိုက်နေခြင်းဖြစ်သည်။ လုရှောင်ဖုန်းသည် ထိုသို့ အိပ်လျက်ဖြင့် အရက်သောက်လေ့ရှိသည်။ ထို့အပြင် လုရှောင်ဖုန်း ထိုသို့ အရက်သောက်တိုင်း အရက်တစ်စက်မှ ဖိတ်စင်ခြင်း မရှိ။ လုရှောင်ဖုန်း လုပ်နိုင်သည့်အရာမှန်သမျှ စိခုန်းကျိုက်ရှင်းလည်း လုပ်နိုင်ရမည်ဖြစ်သည်။ လုရှောင်ဖုန်းထက် သာအောင်ကိုပင် လုပ်နိုင်ရမည်။
ထိုအချိန်မှာပင် တံခါး၀ဆီမှာ တစ်စုံတစ်ယောက်၏ ရယ်သံကို ကြားလိုက်ရသည်။
“အဲဒါ ငါ့တစ်ယောက်ထဲရဲ့ ကိုယ်ပိုင်နည်း၊ မင်းဘယ်တော့ လုပ်လို့ရမှာ မဟုတ်ဘူး”
လူတစ်ယောက် တံခါးကို တွန်းဖွင့်ရင်း ဝင်လာသည်။ လုရှောင်ဖုန်းပင် ဖြစ်လေသည်။
စိခုန်းကျိုက်ရှင်းက လုရှောင်ဖုန်း၏ စကားကို ဂရုမစိုက်ဟန်ဖြင့်၊ ရင်ဘတ်ပေါ်မှ အရက်ခွက်ကိုသာ အသေအချာ အာရုံစိုက်နေသည်။
“မင်း ဘာလုပ်ချင်သေးလို့လဲ”
စိခုန်းကျိုက်ရှင်းက အေးစက်စက်ဖြင့် မေးလိုက်သည်။
“ဘာမှ မလုပ်ချင်ပါဘူးကွာ ... မင်းနဲ့ စကားလေး ဘာလေး ပြောရအောင် လာတာပါ”
“မင်းက ရွှယ်ပင်းကို တစ်ယောက်ထဲ ထားခဲ့ပြီး၊ ငါနဲ့ စကားပြောရအောင် လာတယ် ဟုတ်လား”
“ငါတို့ အလောင်းအစားကို ဖျက်လိုက်ပြီ မဟုတ်လား”
လုရှောင်ဖုန်းက သူ့မေးခွန်းကို မဖြေဘဲ၊ ပြန်မေးလိုက်သည်။
“အေးလေ”
“အဲဒါဆို ငါတို့ မိတ်တွေတွေပဲ မဟုတ်လား”
“အေးလေ”
“အေး ... အဲဒါဆိုလည်း မိတ်ဆွေအချင်းချင်း စကာလေး ဘာလေး ပြောရအောင် လာလို့ မရဘူးလား”
“ရပါတယ် ... ဒါပေမယ့် အခုတော့ ငါ ရွှယ်ပင်းနဲ့ သွားအဖော်လုပ်ပေးလိုက်ဦးမယ်”
ထို့နောက် စိခုန်းကျိုက်ရှင်းက လေကို တစ်ချက်ရှူသွင်းလိုက်သည်။ သူ့ရင်ဘက်ပေါ်မှ အရက်ခွက်က သူ့ပါးစပ်ဆီသို့ မြောက်တက်လာပြီးနောက်၊ ခွက်ထဲမှာ အရက်များက သူ့ပါးစပ်ထဲသို့ စီးဝင်သွားကြသည်။ သို့သော် အရက်အကုန်လုံးတော့ သူ့ပါးစပ်ထဲ မဝင်ချေ။ ခွက်တစ်ဝက်လောက်မှာ သူ့ကိုယ်ပေါ်သို့ ဖိတ်စင်ကျသွားလေသည်။
လုရှောင်ဖုန်းကတော့ သူ့အဖြစ်အပျက်ကို ကြည့်ပြီး အားရပါးရ ရယ်မောလိုက်လေသည်။
“ငါပြောသားပဲ ... မင်း တစ်သက်လုံး ကြိုးစားတောင် ရမှာမဟုတ်ဘူး”
စိခုန်းကျိုက်ရှင်းက လုရှောင်ဖုန်းကို မကျေမနပ် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ အိပ်နေရာမှ ထရန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သူ့မျက်နှာအရောင် ရုတ်တရက် ပြောင်းလဲသွားပြီးနောက်၊ မျက်နှာပြင်ပေါ်မှ အရေပြားများ တွန့်လိမ်လာလေသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးလည်း၊ ဗိုက်ထဲကို ဓားပါးပါးတစ်လက်ဖြင့် အမွှေခံနေရသလို၊ တွန့်လိမ်လာလေတော့သည်။
“ဘာဖြစ်တာလဲ”
လုရှောင်ဖုန်းပင် မြင်တွေ့လိုက်ရသော အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားလေသည်။ စိခုန်းကျိုက်ရှင်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း၊ ဘာသံမှ ထွက်မလာချေ။ လုရှောင်ဖုန်းက သူ့ဆီသို့ ပြေးသွားပြီး၊ အိပ်ယာမှ ထူပေးလိုက်သည်။ ထိုအချိန်မှာ ထူးဆန်းသော အနံ့တစ်ခုကို လေထဲတွင် ရလိုက်သည်။
လုရှောင်ဖုန်းက အရက်ခွက်ကို ကောက်ကိုင်ကာ နမ်းကြည့်လိုက်ပြီးနောက်၊ သူ့မျက်နှာ ပျက်သွားလေသည်။
“အဆိပ်ခပ်ထားတယ် ”
စိခုန်းကျိုက်ရှင်း၏ မျက်နှာမှာတော့ ကြောက်စရာ ကောင်းလောက်အောင်ကို၊ ဖြူဖတ်ဖြူရော်နေပြီ ဖြစ်သည်။ သူ့နဖူးမှလည်း ချွေးသီးချွေးပေါက်များ ကျနေလေသည်။
“ဒီအရက် ဘယ်ကရတာလဲ ... အခန်းထဲကိုရော ဘယ်သူလာသေးလဲ”
လုရှောင်ဖုန်းက လှမ်းမေးလိုက်သည်။ စိခုန်းကျိုက်ရှင်းကတော့ ခေါင်းကိုသာ ခါပြနိုင်ပြီး၊ စားပွဲပေါ်မှ အရက်အိုးကို လှမ်းကြည့်နေသည်။ အရက်အိုးထဲတွင် အရက် အနည်းငယ် ကျန်သေးသည်။
လုရှောင်ဖုန်းက အရက်အိုးကို လှမ်းယူကာ၊ နမ်းကြည့်လိုက်သည်။ အိုးထဲမှ အရက်များထဲတွင် အဆိပ်မရှိ။
“အဆိပ်ကို ခွက်ထဲမှာ ခပ်ထားတာ”
ထိုခွက်မှာ စောစောထဲက အခန်းထဲတွင် ရှိနေခဲ့ပုံရသည်။ စိခုန်းကျိုက်ရှင်း ခေါင်းမိုးပေါ်တွင် ပုန်းခိုနေခိုက်၊ တစ်ယောက်ယောက်က အခန်းထဲလာပြီး၊ ခွက်ထဲသို့ အဆိပ်ခပ်သွားဟန် တူသည်။
“မင်း ခါတိုင်းဆို အရမ်းသတိထားတဲ့ကောင်ပါ၊ အခုမှ ဘာလို့ အဲလောက်တောင် ပေါ့လျော့ရတာလဲ”
လုရှောင်ဖုန်းက အားမလိုအားမရဟန်ဖြင့် ပြောလိုက်သည်။
စိခုန်းကျိုက်ရှင်းက အံကိုကြိတ်ကာ စကားသုံးခွန်းကိုသာ အားယူပြီး ပြောလိုက်သည်။
“ဆည်းဆာကျောင်း”
“အဲဒီမှာ မင်းကို ကုပေးနိုင်တဲ့သူ ရှိတာလား ... မင်းကို အဲဒီကို ခေါ်သွားရမှာလား”
“မြန် .... မြန် .... ”
စိခုန်းကျိုက်ရှင်းက ခေါင်းကိုသာ အားယူငြိမ့်ပြရင်း ပြန်ပြောလိုက်သည်။
“အေး ... ငါ ရွှယ်ပင်းကို သွားခေါ်လိုက်ဦးမယ် ... ပြီးရင် မင်းကို အဲဒီကို လိုက်ပို့ပေးမယ်”
လုရှောင်ဖုန်းက စိခုန်းကျိုက်ရှင်းကို ပွေ့ကာ၊ ရွှယ်ပင်းဆီသို့ ပြေးထွက်သွားလေတော့သည်။
သို့သော် ရွှယ်ပင်းကို အစအနပင် ရှာမတွေ့တော့ပါ။ သူ သောက်လက်စ အရက်ခွက်က စားပွဲပေါ်တွင် ရှိနေသေးသည်။ သူ့ကိုတော့ အရိပ်အယောင်ပင် မတွေ့ရတော့။ စားပွဲပေါ်ရှိ အမဲသားကြော် ပန်းကန်ထဲတွင်တော့၊ လက်ပြတ်တစ်ခု။ အဖြတ်ခံထားရသည့် လက်ပြတ်တစ်ခု။ ဆွန်ကျုံး၏ လက်ပြတ်ဖြစ်မှန်း လုရှောင်ဖုန်း မှတ်မိလိုက်သည်။ ဆွန်ကျုံးက လက်စားချေရန်အတွက် သူ့မိတ်ဆွေများဖြင့် လူစုပြီး ပြန်လာကာ၊ ရွှယ်ပင်းကို ဖမ်းခေါ်သွားခြင်များလား။ သို့သော် ဘေးချင်းကပ် စိခုန်းကျိုက်ရှင်း၏ အခန်းထဲမှ သူတို့ ဘာသံမျှ မကြားခဲ့ရပေ။
ရွှယ်ပင်းသည်လည်း ခေလှသူတစ်ယောက် မဟုတ်ပေ။ သူ့ကို ဘယ်လိုများ အလွယ်တကူ ဖမ်းဆီးသွားနိုင်ခဲ့ပါလိမ့်။ လုရှောင်ဖုန်းအတွက် ထိုအကြောင်းအရာများကို အသေးစိတ် စဉ်းစားနေဖို့ရာ၊ အချိန်မရှိပေ။ အခုလောလောဆယ်တော့ အခြားကိစ္စများ အားလုံးကို ခဏဘေးချိတ်ထားရပေမည်။ အရေးအကြီးဆုံးမှာ စိခုန်းကျိုက်ရှင်း၏ အသက်ကို အချိန်မှီကယ်ဆယ်နိုင်ရန်ပင် ဖြစ်လေသည်။ ထို့အပြင် သူ ယခု ကြုံတွေ့နေရသော အဖြစ်အပျက်များကလည်း မယုံနိုင်လောက်အောင် ဆန်းကြယ်လွန်းနေသည်။ ဘယ်လိုမှ အဖြေရှာလိုရမည် မထင်။ သူတို့ စီးလာခဲ့သည့် ရထားလုံး ရှိနေသေး၍ တော်သေးသည်။
လုရှောင်ဖုန်းက ရထားလုံး မောင်းသမားကို နှိုးကာ ရထားပေါ်သို့ တက်လိုက်သည်။ စိခုန်းကျိုက်ရှင်းကတော့ လှုပ်ပင် မလှုပ်နိုင်တော့ပေ။
“မင်း မသေလောက်ပါဘူး၊ မင်းက လူကောင်းသူကောင်းမှ မဟုတ်တာ၊ မင်းဘ၀ ဒီလောက်တော့ မတိုပါဘူး”
လုရှောင်ဖုန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုလိုက်သည်။
စိခုန်းကျိုက်ရှင်းသည်လည်း သေလုဆဲဆဲ အခြေအနေဖြင့်ပင်၊ လိုက်ပါလာခဲ့သည်မှာ၊ ဆည်းဆာကျောင်း ရှိရာသို့ ရောက်သည်အထိ၊ အသက်မထွက်ခဲ့ပေ။
ဆည်းဆာကျောင်းသည် တောင်စောင်းရှိ ဝါးနက်တောထဲတွင် တည်ရှိပေသည်။ တောင်ပေါ်သို့ တက်ရာ လမ်းရှိ ဝင်းတံခါးမှာ ဖွင့်လျက်သား ရှိနေသည်။ သို့သော် သက်ရှိလောကကြီးကတော့ ဝါးနက်တော၏ အပြင်ဖက်တွင် ကျန်ရစ်ခဲ့သလိုပင်။ တောင်စောင်းဆီသို့ ရထားလုံးဖြင့် ဘယ်လိုမှ တက်၍ မရနိုင်ပေ။ ထို့ကြောင့် လုရှောင်ဖုန်းသည် သတိမေ့နေသာ စိခုန်းကျို့က်ရှင်းကို ပွေ့ကာ၊ သစ်ရွက်ကြွေများကို တိတ်တဆိတ် နင်းဖြတ်ရင်း၊ ဝါးနက်တောဆီသို့ သွားရာ လမ်းအတိုင်း တက်သွားရသည်။ ညဦးယံ ခေါင်းလောင်းထိုးသံများက ညလေပြည်ညင်းနှင့်အတူ လွင့်မျောပါလာသည်။
“မင်း မသေတော့ဘူး ... တကယ့်ကို ခဲခဲယဉ်းယဉ်းပဲဟေ့ .. ဒါပေမယ့် မင်း မသေတော့တာ သေချာတယ်”
လုရှောင်ဖုန်းက သူ့လက်တွင်းရှိ စိခုန်းကျိုက်ရှင်းကို ငုံကြည့်ကာ တီးတိုးပြောလိုက်ပြီး၊ အသက်ကို တ၀ကြီး ရှူသွင်းလိုက်သည်။ ထိုအချိန်မှာပင် စိခုန်းကျိုက်ရှင်းသည် လုရှောင်ဖုန်း၏ စကားကို ကြားလိုက်ဟန်ဖြင့်၊ တစ်ချက်တွန့်သွားကာ၊ မသဲမကွဲ ညည်းညူလိုက်သည်။
“မင်း အခု ဘယ်လိုနေလဲ”
လုရှောင်ဖုန်းက ချက်ချင်း လှမ်းမေးလိုက်သည်။
“ငါ ဗိုက်ဆာတယ်”
စိခုန်းကျိုက်ရှင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်ကြည့်ကာ၊ ပြန်ဖြေလိုက်သည်။
“မင်း ဗိုက်ဆာတယ်”
လုရှောင်ဖုန်း အလွန်ပင် အံ့အားသင့်သွားလေသည်။
“အေးလေ ... ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး မင်းက ရထားလုံးစီးပြီး သောက်လိုက် စားလိုက်နဲ့ ဇိမ်ကျနေတာ၊ ငါကတော့ ရထားလုံးနောက်မှာ မုန့်ခြောက်လေးတွေပဲ စားပြီး ခိုးလိုက်လာရတာ၊ ဗိုက်မဆာပဲ နေပါ့မလား”
စိခုန်းကျိုက်ရှင်းက မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။ လုရှောင်ဖုန်းကတော့ ဘာပြန်ပြော၍ ပြောရမှန်း မသိတော့ပေ။ သူ တီကောင် အကောင် ၆၀၀ လောက် မြိုချလိုက်မိသလို ခံစားလိုက်ရလေသည်။
“ငါ့ကို သေချာဂရုစိုက်ပြီး သယ်ဦးနော်၊ လွတ်မကျစေနဲ့”
စိခုန်းကျိုက်ရှင်းက အမိန့်ပေးသံဖြင့် လှမ်းပြောလိုက်သည်။
“အေးပါ ... ငါသတိထားပါ့မယ်၊ ဒါပေမယ့် ဒီလောက်နဲ့တော့ မင်း မသေလောက်ဘူး ထင်ပါတယ်”
လုရှောင်ဖုန်းကလည်း မျက်စိတစ်ဖက် ပြန်မှိတ်ပြလိုက်သည်။ ထို့နောက် စိခုန်းကျိုက်ရှင်းကို သူ့ဦးခေါင်းထက်သို့ မြှောက်လိုက်ပြီးနောက် မြေကြီးပေါ်သို့ အားနှင့် ပစ်ပေါက်ချလိုက်လေသည်။ သို့သော် မြေကြီးနှင့် မထိခင်မှာပင်၊ စိခုန်းကျိုက်ရှင်းက ကျွမ်းပစ်ထွက်သွားသည်။ ကျွမ်း ၇ ပတ် ၈ ပတ်လောက် တစ်ဆက်ထဲ ပစ်ပြီး၊ မြေကြီးပေါ်တွင် ညင်သာစွာ ပြန်ကျသွားလေသည်။ ထို့နောက် သူက လုရှောင်ဖုန်းကို တစ်ချက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်လေသည်။ သူ့ရယ်သံချင်း ထပ်အောင်ကိုပင် အားရပါးရ ရယ်မောနေခြင်း ဖြစ်သည်။
“ငါ မင်းကို ဒီမှာပဲ ပေးသေလိုက်ရင် ကောင်းမယ် ထင်တယ်”
လုရှောင်ဖုန်းက ဒေါသသံဖြင့် ပြောလိုက်သည်။
“လူကောင်းသူကောင်းတွေပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြတာ၊ ငါလိုကောင်က ဘယ်သေးဦးပါ့မလဲ”
စိခုန်းကျိုက်ရှင်းက ရယ်မောနေရင်းက ပြန်ပြောလိုက်သည်။ သူ့ကိုယ်သူ လူကောင်းမဟုတ်ဟု ဝန်ခံလိုက်ခြင်းပင်။
“မင်း အဆိပ်မမိဘူး မဟုတ်လား”
“ဘယ်မိပါ့မလဲ၊ ငါလို တန်ခိုးရှင် မြေခွေးကြီးကို ဘယ်သူက အဆိပ်လာခပ် နိုင်မှာတဲ့တုန်း”
“အဲဒီ အရက်ခွက်ပေါ်က အဆိပ်က မင်းဟာမင်း လိမ်းထားတာ မဟုတ်လား”
“အမှန်က အဲဒါ အဆိပ်ကို မဟုတ်တာ၊ အဆိပ်လိုမျိုး အနံ့ထွက်တဲ့ ဆေးမြစ်တွေလေ၊ အဲဒါတွေကို မင်း တစ်ပိသာလောက် စားလိုက်လဲ ဘာမှ မဖြစ်ဘူး”
“မင်းက တမင်တကာ အဆိပ်မိချင်ယောင် ဆောင်ပြီးတော့၊ ငါ့ကို အာရုံများအောင် လုပ်ပြီး၊ ဒီကိုရောက်အောင် ခေါ်လာတာပေါ့”
“အဲလိုမှ မလုပ်ရင်၊ ငါက အဲဒီပိတ်စကို ဘယ်လို သယ်ထုတ်သွားလို့ ရပါ့မလဲ”
“မင်းက အဲဒီပိတ်စကို ဘယ်လို သယ်ထုတ်သွားတာတုန်း၊ မင်း တစ်ချိန်လုံး သေတော့မလို ဟန်ဆောင်နေတာပဲ၊ နည်းနည်းလေးမှတောင် မလှုပ်တာ”
“ငါ့မှာလည်း ငါ့နည်းတွေ ရှိတာပေါ့ကွ၊ ငါက စောရဘုရင် ဖြစ်ရုံတင်မကဘူး၊ ပညာရှိ မြေခွေးအိုကြီးဆိုတာလည်း မမေ့နဲ့ဦးလေ”
“ဒါပေမယ့် နောက် မြေခွေးလေး တစ်ကောင်သာ မပါရင်၊ မင်းရဲ့ အကြံက လွယ်လွယ်နဲ့ ဘယ်အောင်မြင်ပါ့မလဲ”
လုရှောင်ဖုန်းက လှောင်သလို ပြောလိုက်သည်။
“မြေခွေးလေး ဟုတ်လား ... မင်းကလွဲပြီး အခြား မြေခွေး ရှိသေးလို့လား”
စိခုန်းကျိုက်ရှင်းက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
“မြေခွေးလေး ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့ ... ဒါပေမယ့် မြေခွေးမဆိုတာတော့ သေချာတယ်”
“မင်းကို အကြာကြီး ဖုံးထားလို့ မရဘူးဆိုတာ ငါသိပါတယ်၊ မင်က တကယ်တော့ သိပ်မတုံးဘူးပဲ”
စိခုန်းကျိုက်ရှင်းက အားရပါးရ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်လေသည်။
+++++
“မင်း ဘယ်တုန်းက ရွှယ်ပင်းနဲ့ ပေါင်းပြီး ကြံစည်လိုက်တာလဲ”
“မင်း အိမ်သာသွားနေတုန်းပေါ့”
“ရွှယ်ပင်းက ဘာလို့ မင်းကိစ္စမှာ ဝင်ကူပေးရတာလဲ”
“သူက ငါ့ကို ကြိုက်နေလို့များလားမှ မသိတာ”
“သူက မင်းလို မြေခွေးအိုကြီးကို ကြိုက်မတဲ့လား”
“မင်း နားမလည်ပါဘူး ... မိန်းကလေးတွေက မြေခွေးအိုကြီးတွေကိုမှ သဘောကျတတ်တာလား”
“ကြည့်ရတာ ...ရွှယ်ပင်းလည်း မင်း အောက်လမ်းနည်းတွေနဲ့ ပြုစားတာ ခံလိုက်ရပြီ ထင်တယ် .. မဟုတ်ရင် ဒီလိုကိစ္စမျိုးတွေ သူလုပ်ပါ့မလား”
လုရှောင်ဖုန်းက သက်ပြင်းချလိုက်ပြီးမှ၊ ရုတ်တရက် လှမ်းမေးလိုက်သည်။
“ရွှယ်ပင်းက မင်းကိုယ်စား အဲဒီပိတ်စကို မင်းကို ခိုးခိုင်းတဲ့သူဆီ သွားပို့ပေးတာ ဆိုရင်၊ သူ့အခန်းထဲကို လက်ပြတ်ကြီးက ဘယ်လိုဖြစ်ပြီး ရောက်နေတာတုန်း”
“လက်ပြတ်ကြီး ... ဘယ်က လက်ပြတ်ကြီးတုန်း”
စိခုန်းကျိုက်ရှင်းလည်း အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
“ဆွန်ကျုံးရဲ့ လက်ပြတ်လေ”
“အဲဒီ လက်ပြတ်က ဘယ်ကိုရောက်နေလို့လဲ”
“အမဲကြော် ပန်းကန်ထဲမှာ”
“အဲဒါတော့ ငါလည်း မသိဘူး”
စိခုန်းကျိုက်ရှင်းက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြပြီး ပြန်ပြောလိုက်သည်။
“မင်း တကယ်ကို မသိတာလား”
“မင်းကို ငါ ဘယ်တုန်းကများ ညာဖူးလို့လဲကွာ”
“မင်း ငါ့ကို အမြဲတမ်းပဲ ညာပြောနေကျပဲလေ”
လုရှောင်ဖုန်းက ခါးသီးသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“မင်းလို တကယ့် ဥာဏ်ပညာရှင်ကြီး တစ်ယောက်ကို၊ ငါလိုကောင်က ဘယ်လိုများ လိမ်လို့ ညာလို့ ရနိုင်ပါ့မလဲ ကွာ”
စိခုန်းကျိုက်ရှင်းက မှင်သေသေဖြင့် ပြန်ပြောလိုက်သည်။
“အေး ဘယ်ရပါ့မလဲကွာ”
လုရှောင်ဖုန်းက သက်ပြင်းချကာ၊ ခပ်သဲ့သဲ့ ပြုံးလိုက်ပြီးမှ
“ဒါပေမယ့် ခက်တာက ... ငါကလည်း အရမ်းကို သဘောကောင်းလွန်းနေတာပဲ”
“အပြင်က သဘောကောင်းတယ်ဆိုတဲ့ လူကြီးမင်းက လုရှောင်ဖုန်းများလား”
ရုတ်တရက် ဝင်းတံခါး၏ အတွင်းဖက်ဆီမှ လူတစ်ယောက်က လှမ်းမေးလိုက်သည်။
ဝင်းတံခါးမှာ တစ်ဝက်သာ ပိတ်ထားပြီး၊ တံခါး၏ အတွင်းဖက်ဆီ၌ ဥယျာဉ်ခြံလေး တစ်ခုရှိသည်။ ထိုဥယျာဉ်၏ အလည်ရှိ ယူကလစ်ပင်များအောက်တွင် လူတစ်ယောက်က ဝါးကုလားထိုင် တစ်လုံးပေါ်၌ ထိုင်နေလေသည်။ ညနေဆည်းဆာ၏ အလင်းရောင်တစ်ချို့က အထီးကျန်ဆန်လှသော ယူကလစ်ပင်၏ သစ်ရွက်များမှတဆင့်၊ ထိုသူ၏ ဖြူရော်နေသော မျက်နှာထက်သို့ ဖြာကျနေသည်။ ထိုသူ၏ ရုပ်ရည်မှာ နှာတံပေါ်ပေါ်၊ နဖူးမောက်မောက်ဖြင့်၊ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့်ပင်၊ ဩဇာတိက္ကမ ကြီးသူတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်ပေသည်။ သို့သော် တစ်ချိန်က အရောင်တောက်ပခဲ့သော သူ့မျက်လုံးအစုံနေရာတွင်တော့၊ ဟောက်ပက်ကြီး ဖြစ်နေသာ မျက်လုံးအိမ် နှစ်ခုသာ ရှိနေလေတော့သည်။
“ကျန်းချောင်းဝေ”
လုရှောင်ဖုန်းက အံ့အားသင့်စွာဖြင့် အော်ခေါ်လိုက်ပြီးနောက်၊ ဝင်းတံခါးအတွင်းဖက်ဆီသို့ ဝင်သွားလေတော့သည်။
“ခင်ဗျား ဒီကို ဘယ်လိုရောက်နေတာလဲ”
“ဒီကို မရောက်လို့၊ ကျုပ်က ဘယ်များ သွားရဦးမတဲ့တုန်း”
ကျန်းချောင်းဝေက ပြုံးပြပြီး ပြန်ပြောလိုက်သည်။ နာကျင်ဝမ်းနည်းစွာဖြင့် ပြုံးပြလိုက်ခြင်းဖြစ်သည်။
“ကျုပ်က အခု မျက်မမြင်တစ်ယောက် သက်သက်ပဲ၊ ရွှေနန်းတော်ကြီးထဲမှာ မျက်မမြင်တွေကို အိမ်တော်စောင့် ဘယ်ခန့်ပါ့မလဲ၊ သူတို့ နှင်မထုတ်လည်း၊ ကျုပ်ဘယ်လိုမှ ဆက်နေဖြစ်မှာ မဟုတ်ပါဘူး”
သူ့မျက်နှာကို ကြည့်ရင်း၊ လုရှောင်ဖုန်း၏ ရင်ထဲတွင် ဝမ်းနည်ကြေကွဲခြင်းများ ပြည့်လျှံလာသည်။ ကျန်းချောင်းဝေသည် တကယ့်ကို အရည်အချင်းရှိသူတစ်ဦး ဖြစ်ကာ၊ သူ့ဘ၀အနာဂတ် အောင်မြင်ကျော်ကြားမှုအတွက် တက်လမ်းများစွာ ရှိခဲ့ပေသည်။ ယခုတော့ မျက်မမြင်တစ်ယောက်သက်သက်သာ ...
လုရှောင်ဖုန်းက ရုတ်တရက် စိခုန်းကျိုက်ရှင်းဖက်သို့ လှည့်လိုက်ပြီး
“မင်း သူ့ကို မှတ်မိလား”
လုရှောင်ဖုန်းက စိခုန်းကျိုက်ရှင်းကို သေသေချာချာ စိုက်ကြည့်နေသည်။ စိခုန်းကျိုက်ရှင်းက ခေါင်းညိမ့်ပြလိုက်သည်။
“သူ ဘယ်လိုဖြစ်ပြီး ဒီဘ၀ရောက်ရတယ် ဆိုတာရော မင်းသိလား”
စိခုန်းကျိုက်ရှင်း သက်ပြင်းချလိုက်မိသည်။ သူ့ရင်ထဲတွင်လည်း မကောင်းလှပါ။
“အေး မင်းသိတယ် ဆိုရင်တော့၊ ငါ့ကို အဲဒီလူ ဘယ်သူလဲဆိုတာ မပြောပြသင့်ဘူးလား”
“ဘယ်သူ့ကိုပြောတာလဲ”
“အဲဒီ ပိတ်စပေါ်မှာ ပန်းထိုးခဲ့တဲ့သူလေ၊ အဲဒီလူကပဲ မင်းကို ငါ့ဆီကနေ အဲဒီပိတ်စနီကို ခိုးခိုင်းလိုက်တာပဲ”
“မင်းက သူတို့နှစ်ယောက်ဟာ တစ်ယောက်ထဲပဲလို့ ပြောချင်တာလား”
“ဟုတ်တယ်”
“အဲဒီလူက ဒီပိတ်စပေါ်မှာ ပန်းထိုးတဲ့လူပဲ ထားပါတော့၊ သူက ဘာလို့ ငါ့ကို အဲဒီပိတ်စ ပြန်ခိုးခိုင်းရမှာတဲ့လဲ”
“အဲဒီပိတ်စပေါ်မှာ အခြားလျို့ဝှက်ချက်တွေ ရှိနေလို့၊ အဲဒီလျို့ဝှက်ချက်တွေကို ငါရှာတွေ့သွားမှာ စိုးလို့ နေမှာပေါ့”
“မင်း အဲဒီပိတ်စကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးပြီ မဟုတ်ဘူးလား”
“အဲဒီလောက်နဲ့တော့ ဘယ်လုံလောက်ဦးမလဲ”
စိခုန်းကျိုက်ရှင်းက ဘာမှပြန်မပြောပေ။ ဘယ်လို ဆုံးဖြတ်ချက် ချရမလဲ မသိအောင် စိတ်ရှုပ်ထွေးနေပုံရသည်။
“မင်းအပေါ် အဲဒီလူကကျေးဇူး ရှိတယ်ပဲ ထား၊ အဲဒီလူက ဒီလိုရာဇဝတ်မှုမျိုးတွေ ကျူးလွန်ထားတာ၊ မင်းဆီမှာ လူသားအချင်းချင်း စာနာစိတ်လေး ရှိသေးတယ်ဆိုရင်၊ အဲဒီလူကို ဆက်ပြီး အကာအကွယ် ပေးမနေသင့်ဘူး”
“မင်းက ငါ့ကို အကြပ်ကိုင်ပြီး ပြောခိုင်းနေတာလား”
“အေး ... မင်း ငါ့ကို ပြောကို ပြောပြရမယ်”
စိခုန်းကျိုက်ရှင်းက သက်ပြင်းတစ်ချက် ချလိုက်ကာ
“ကောင်းပြီ ... ငါပြောပြမယ်၊ အဲဒီလူက သူပဲ”
သူက လုရှောင်ဖုန်း၏ နောက်ကျောဖက်သို့ လက်ညိုးထိုးပြလိုက်သည်။ လုရှောင်ဖုန်းသည် သူ့လက်ညိုးညွှန်ရာသို့ လှည့်ကြည့်လိုက်သောအခါ၊ ဆည်းဆာကျောင်းအတွင်းမှာ၊ ခေါင်းကိုငုံ့ကာ ညင်သာစွာ လမ်းလျှောက်လာနေသူ တစ်ဦးကို လှမ်းမြင်လိုက်ရသည်။ ခရမ်းပြာရောင် ဝတ်ရုံနှင့် အဖြူရောင် ခြေအိတ်တစ်စုံကို ဝတ်ဆင်ထားသော ရသေ့မတစ်ဦးဖြစ်သည်။ ပိတုန်းရောင် နက်မှောင်နေသော သူ့ဆံနွယ်များကြားတွင် ခရမ်းပြာရောင် ကျောက်စိမ်းဆံထိုးတစ်ချောင်း စိုက်ထားသေးသည်။ သူ့အသားအရေကလည်း အဖြူရောင် ဖျော့ဖျော့လေးပင်။ စမ်းရေအလား ကြည်လင်တောက်ပနေသော သူ့မျက်ဝန်းအစုံတွင်တော့ ပူပင်သောကနှင့် ဝမ်းနည်းခြင်း အရိပ်အယောင်များ ထင်ဟပ်နေသည်။
ရိုးရှင်းသော သူ့အလှတရားမှာ ဤကမ္ဘာမြေလောကနှင့် လားလားမှ မသက်ဆိုင်သလိုပင်။ ညနေဆည်းဆာ ကောင်းကင် တစ်ဖက်စွန်းရှိ ခရမ်းရောင် အလင်းရောင်တန်းများ အလားပင်။ သူကတော့ ခေါင်းကိုငုံ့လျက်ဖြင့် အငွေ့တထောင်းထောင်းထနေသော ဆေးခွက်တစ်ခွက်ကို ကိုင်လျှက် လျှောက်လာနေသည်။
လုရှောင်ဖုန်း သူ့ကို မြင်လိုက်သည်နှင့် စိခုန်းကျိုက်ရှင်း ညာပြောနေခြင်း ဖြစ်ကြောင်း တန်းသိလိုက်သည်။ သူ့ကို ပိတ်စနီ ခိုးခိုင်းသူမှာ၊ ထိုရသေ့မ လုံး၀ မဖြစ်နိုင်။ လုရှောင်ဖုန်းက စိခုန်းကျိုက်ရှင်းကို ထပ်မေးရန် လှည့်ကြည့်လိုက်ချိန်တွင်တော့၊ သူ့ကို အစအနပင် ရှာမတွေ့တော့။
လုရှောင်ဖုန်းက ခရမ်းပြာဝတ်ရုံနှင့် ရသေ့မကို လှည့်ကြည့်လိုက်မိသည့် အခိုက်တန့်လေးမှာပင်၊ စိခုန်းကျိုက်ရှင်းသည် ကြယ်ကြွေသည့်အလား လျှပ်တစ်ပြက် ထွက်ပြေးသွားခဲ့လေပြီ။ ထိုအခိုက်တန့်လေးအတွင်းမှာ လုရှောင်ဖုန်းလည်း မိန်းမောသွားမိသည်မှာ အမှန်ပင်။ ထိုကဲ့သို့ နတ်ပြည်မှ ဆင်းသက်လာသည့်အလား၊ ရင်သပ်ရှုမောဖွယ် အလှတရားကို တွေ့မြင်မိသူတိုင်း၊ မမိန်းမောပဲ နေနိုင်မည် မဟုတ်သည်ကတော့ အသေအချာပင်။
လုရှောင်ဖုန်းသည် စိခုန်းကျိုက်ရှင်းနောက်သို့ ပြေးလိုက်လျှင်လည်း အချည်းအနှီးသာ ဖြစ်မည်ကို သိပြီး ဖြစ်သည်။ စိခုန်းကျိုက်ရှင်းသည် သိုင်းလောကတွင် အမြန်ဆုံးမဟုတ်လျှင်တောင်မှ၊ သိပ်နှေးလှသူ မဟုတ်သည်မှာ သေချာသည်။ လုရှောင်ဖုန်းသည် သက်ပြင်းချကာ၊ တစ်နေ့နေ့တွင်တော့ စိခုန်းကျိုက်ရှင်းကို မိအောင်ဖမ်းပြီး၊ တီကောင် အကောင် ၆၈၀ တူးခိုင်းကာ၊ အကုန်လုံးကို မြိုချခိုင်းမည်ဟု ကြုံးဝါးလိုက်လေသည်။
နေဝင်သွားပြီ ဖြစ်သဖြင့်၊ လေပြည်ညင်းများက ပို၍ အေးမြလာသည်။ အေးမြသော လေပြည်ညင်းများကြောင့် ယူကလစ်ရွက်တစ်ချို့က သစ်ရွက်အချင်းချင်း ပွတ်တိုက်သံနှင့်အတူ သူတို့ကြားသို့ ကြွေကျလာကြသည်။ ခရမ်းပြာရောင် ဝတ်ရုံနှင့် ရသေ့မကတော့ ခေါင်းကို ငုံလျှက်နှင့်ပင် ညင်သာစွာ လျှောက်လှမ်းလာနေဆဲ။
“ချင်းရှာလား”
ကျန်းချောင်းဝေက ရုတ်တရက် လှမ်းမေးလိုက်သည်။
“ကျွန်မပါ ... အခုဆေးသောက်ဖို့ အချိန်ကျပြီ”
သူ့အသံကလည်း လေပြည်ညင်းကဲ့သို့ပင် ချိုသာအေးမြလှပေသည်။
“လုရှောင်ဖုန်း ... ခင်ဗျား ရှိသေးလား”
ကျန်းချောင်းဝေက လှမ်းမေးလိုက်သည်။
“ကျွန်တော် ရှိပါသေးတယ်”
“ဒါ ကျုပ်ရဲ့ ညီမတော် ချင်းရှာပဲ၊ သူက ဒီ ဆည်းဆာကျောင်းကလေ၊ ကျုပ် ဘာလို့ ဒီရောက်နေလဲဆိုတာ ခင်ဗျား အခု သဘောပေါက်လောက်ပြီပေါ့”
“ကျင်းကျိုးလင်နဲ့ ဟွာမင်းလိုတို့ ခင်ဗျားကို လိုက်ရှာနေကြတယ်”
လုရှောင်ဖုန်းက အသိပေးလိုက်သည်။
“ကျုပ်သိပါတယ်”
“သူတို့ ခင်ဗျား ဒီရောက်နေတာ သိကြလား”
“သူတို့ ဒီကို လာသွားပြီပါပြီ”
“ဟွာမင်းလိုက ခင်ဗျားကို ဘာပြောသွားသေးလဲ”
ထူးဆန်းသော အရိပ်ယောင်များ ကျန်းချောင်းဝေ၏ မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။
“သူလည်း မျက်မမြင်တစ်ယောက်ပဲဆိုတာရယ်၊ သူ့ဘ၀ကြီးက ဘယ်လောက် အေးချမ်းသာယာတယ် ဆိုတာရယ်ကို မမေ့ပါနဲ့လို့ ပြောသွားတယ်”
“ခင်ဗျား ဘယ်မေ့ပါ့မလဲ”
“အေးပေါ့ ... အဲဒါကြောင့်လည်း အခုချိန်အထိ ကျုပ် မသေသေးတာပေါ့”
ကျန်းချောင်းဝေလို လူတစ်ယောက် ရုတ်ချည်း မျက်မမြင်ဘ၀သို့ ရောက်သွားရသည့် အဖြစ်ကို ရင်ဆိုင်ဖို့ရာ၊ တော်ရုံသတ္တိမျိုးဖြင့် မရနိုင်။
“သူက တကယ့်ကို လေးစားစရာပါပဲ”
လုရှောင်ဖုန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
“သူက သူလိုငါလို လူ မဟုတ်ဘူး၊ သူများတကာကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးရမလဲ အမြဲစဉ်းစားနေတတ်တဲ့ လူစားမျိုး”
ကျန်းချောင်းဝေက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည်။
“သူ ခင်ဗျားနဲ့ တွေ့ချင်တယ်ဆိုတာ ... အဲဒီစကားတွေ ပြောချင်လို့ကိုး”
“သူက ကျုပ်ကို အခြားမေးခွန်းတွေလည်း မေးပါသေးတယ်”
“ဘာတွေ မေးတာလဲ”
“အဲဒီနေ့က ဘဏ္ဍာတော်တိုက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ အကြောင်းပေါ့”
“ကျွန်တော်လည်း ခင်ဗျားကို အဲဒီအကြောင်းတွေပဲ မေးချင်လို့၊ ကျင်းကျိုးလင်ကို ပြောပြခဲ့တာတွေအပြင်၊ အခြား ခင်ဗျား သတိထားမိတာများ ရှိသေးလား”
“ဟင့်အင်း”
ကျန်းချောင်းဝေ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် တစ်ချက်တွန့်သွားသည်။
“ကျုပ် သတိထားမိတာ ရှိရင်တောင် ခင်ဗျားကို ပြောပြမှာ မဟုတ်ဘူး”
ကျန်းချောင်းဝေက ဖြေးညင်းစွာ ပြောလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ခင်ဗျားကို အဲဒီလူနဲ့ မတွေ့စေချင်လို့ပဲ”
“ဘာဖြစ်လို့ မတွေ့စေချင်ရတာလဲ”
လုရှောင်ဖုန်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တစ်သက်နဲ့တစ်ကိုယ် အဲဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး၊ ခင်ဗျားအနေနဲ့ သူ့ကို ရှာတွေ့ခဲ့ရင်တောင်၊ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
သူခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ရင်နေလေသည်။ ကြောက်စရာကောင်းလှသော ပန်းထိုးရာဇာ အကြောင်းကို ပြန်စဉ်းစားမိသွားသောကြောင့် ဖြစ်ဟန်တူသည်။ သူ့လက်ထဲမှ အပ်က ပို၍ပင် ကြောက်စရာကောင်းသေးသည်။ သွေးတစက်စက် စီးကျနေသောအပ်။ နီးစွေးလတ်ဆတ်သော သွေးများ ....
လုရှောင်ဖုန်းက နောက်ထပ် ထပ်မေးရန် ပြင်လိုက်ချိန်မှာပင်၊ ကျန်းချင်းရှာက အေးစက်သော လေသံဖြင့် စကားဖြတ်ပြောလိုက်သည်။
“ရှင် မေးတာတွေ တော်တော်များနေပြီ၊ သူ့ဒဏ်ရာတွေက ကောင်းကောင်းကျက်သေးတာ မဟုတ်ဘူး၊ ကျွန်မ သူ့ကို အဲဒီနေ့က အဖြစ်အပျက်တွေအကြောင်း သိပ်မစဉ်းစားစေချင်ဘူး”
“ရပါတယ် ... ငါ့ဒဏ်ရာတွေ အကုန်ကျက်သွားတော့မှာပါ ... သိပ်မကြာတော့ပါဘူး”
ကျန်းချောင်းဝေက အားတင်းကာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျား ဒဏ်ရာတွေ ကျက်သွားတော့မှာ သေချာပါတယ် ... ခင်ဗျားက တကယ့်ကို ပေတဲ့လူပဲဟာ”
လုရှောင်ဖုန်းကလည်း အားတင်းကာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျား ဒီရောက်မှတော့ မထူးပါဘူး ... ဒီမှာ သုံးလေးရက်လောက် နေသွားပါလား၊ ဒီရက်ပိုင်းအတွင်း ခင်ဗျားအတွက် သဲလွန်စလေးဘာလေး ကျုပ်စဉ်းစားမိရင် စဉ်းစားမိမှာပေါ့”
ကျန်းချောင်းဝေ အနည်းငယ်မျှ ရွှင်လန်းလာသည်။
“သူ ဒီမှာ ဘယ်လိုလုပ်ပြီး နေလို့ ရမှာတုန်း၊ ဒီမှာ ဘယ်ယောက်ျားမှ နေလို့မရဘူး”
ကျန်းချင်းရှာက မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။
“ငါက ယောက်ျား မဟုတ်လို့လား”
ကျန်းချောင်းဝေက ရယ်မောကာ ပြန်မေးလိုက်သည်။
“ဒါပေမယ့် အစ်ကိုက ...”
“ငါနေလို့ရရင် သူလည်း နေလို့ရရမှာပေါ့”
ကျန်းချောင်းဝေ၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။
“ဒါပေမယ့် ကျွန်တော် ...”
လုရှောင်ဖုန်းက စကားဖြတ်ပြောဖို့ ကြိုးစားလိုက်သည်။
“ဘာမှ ပြောမနေနဲ့ ... ခင်ဗျား နေကိုနေရမယ်”
ကျန်းချောင်းဝေကလည်း သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဟွာမင်းလိုနဲ့ ကျင်းကျိုးလင်တို့ ဒီရက်ပိုင်းအတွင်း ဒီကို ပြန်လာချင် လာမှာ၊ သူတို့လည်း ခင်ဗျားကို လိုက်ရှာနေကြတယ်”
“ကဲ ... ဒါဆိုလည်း အစ်ကိုက အရင်ဆေးသောက်ပြီး၊ အိပ်ယာဝင်လိုက်ဦး”
ကျန်းချင်းရှာက ဝင်ပြောလိုက်သည်။
“အေးပါ ... ငါ အိပ်ယာဝင်ပါတော့မယ်၊ မင်းက အိမ်ရှင်ပီပီ သူ့ကို တည်းဖို့နေရာ လိုက်ပြပေးလိုက်ပါဦး၊ ပြီးတော့ စားစရာတစ်ခုခုလည်း စီစဉ်ပေးလိုက်ဦးနော်၊ ဧည့်သည်ကို ဗိုက်ဟောင်းလောင်းကြီးနဲ့ ထားလို့ ဘယ်ဖြစ်ပါ့မလဲ”
“ဟောဒီက ဧည့်သည်တော်ကြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ”
ကျန်းချင်းရှာက ခံစားချက်ကင်းမဲ့သည့် အမူအရာဖြင့် လုရှောင်ဖုန်းကို အေးစက်စက် လှည့်ပြောလိုက်သည်။ သူက လုရှောင်ဖုန်းနှင့် မျက်လုံးချင်းပင် ဆိုင်မကြည့်ပေ။ သူသည် တကယ့်ကို အေးစက်စက် နိုင်လှသော မိန်းမတစ်ယောက် ဖြစ်သည်။ ရေခဲထက်ပင် အေးစက်လွန်းလှပေသည်။
(မြန်မာကျူးပစ်ဖိုရမ်မှ ကို badinf ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း...)
0 comments:
Post a Comment