အလိုမရှိသော ဧည့်သည်တစ်ယောက်သည် ပါးစပ်ပိတ်ထားရန်လောက်တော့ အသိဉာဏ်ရှိရဦးမည် မဟုတ်ပါလား။ သူတို့နားရှိ ခြံဝင်းကလေးသည် လူသူမရှိ၊ အသံဗလံကင်းမဲ့စွာဖြင့် ခြောက်သွေ့တိတ်ဆိတ်နေ၏။ ဤနေရာတစ်ခုလုံးသည် နဂိုကတည်းကမှ အထီးကျန်ဆန်နေသည့် နေရာဖြစ်နေသောကြောင့် အထီးကျန်ဆန်သည့် လူသားများသည် တိတ်ဆိတ်ခြောက်သွေ့နေမှုကို နေသားကျနေကြပြီဖြစ်လေသည်။
“ဒကာလေး... ကျေးဇူးပြုပြီး အထဲကိုဝင်ပါ။” ကျန်းချင်းရှာက အဆောင်ငယ်တံခါးကို ဖွင့်ပေးထားရင်း လုရှောင်ဖုန်းကို တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျေးဇူး အများကြီးတင်ပါတယ်” လုရှောင်ဖုန်းသည်လည်း မျက်နှာထား တည်တည်ဖြင့်ပင် ပြန်ပြောလိုက်သည်။
အခန်းထဲရှိ မီးအိမ်ငယ်လေးမှာ ထွန်းညှိထားခြင်းမရှိသေး။ ညနေစောင်း နေဝင်ချိန်၏ နေရောင်ခြည်များသည်လည်း အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာရန် မစွမ်းသာပါ။ လုရှောင်ဖုန်းသည် အခန်းတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်သွားသည်မှာ အခန်းထဲသို့ ဝင်ရောက်ရမှာ ကြောက်ရွံ့နေသည့် လူတစ်ယောက်လိုမျိုး ဖြစ်နေ၏။ ရေခဲတမျှ အေးစက်စက်ရှိလှသည့် အနှီအမျိုးသမီးသည် သူ့ကို ရေခဲလို အေးစက်နေသည့် အခန်းတွင်း၌ ပိတ်လှောင်ထားမည်ဟု ကြောက်ရွံ့နေခြင်းကြောင့်ပင်လော။
ကျန်းချင်းရှာက အေးစက်စွာ ပြောဆိုလိုက်သည်။ “ဒီအခန်းထဲမှာ မကောင်းဆိုးရွားတစ်ကောင်မှ မရှိနေဘူး... ရှင်ဘာကို ကြောက်နေတာလဲ။”
“အခန်းထဲမှာ မကောင်းဆိုးရွားတစ်ကောင်မှ မရှိနေတာမှန်တယ်။” လုရှောင်ဖုန်းက ပြီတည်တည်လေး ပြုံးနေပြီး တုံ့ပြန်လိုက်သည်။ “ဒါပေမဲ့ စိတ်ထဲမှာတော့ ရှိနေတယ်လေ။”
“ဘယ်သူ့စိတ်ထဲမှာလဲ”
“ညည်း စိတ်ထဲမှာ”
“ရှင်သာ မကောင်းဆိုးရွားတစ်ကောင်...” ကျန်းချင်းရှာက နှုတ်ခမ်းကိုက်ထားပြီး ပြောလိုက်သည်။
ချက်ချင်းလက်ငင်းပင်... အနှီ အေးစက်စက် ရသေ့မသည် ပြောင်းလဲသွားခဲ့၏။ မယုံကြည်နိုင်လောက်အောင်ပင် အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူမသည် လုရှောင်ဖုန်းကို တွန်းတွန်းတိုက်တိုက်ပင် အထဲသို့ တွန်းပို့လိုက်ပြီး ထိုင်ခုံတစ်ခုပေါ်သို့ တွန်းချလိုက်လေသည်။ သူမ၏ လက်နှစ်ဘက်ဖြင့် လုရှောင်ဖုန်း၏ ပခုံးများကို ဖိချထားပြီး သူ့နားရွက်ကို ကိုက်လိုက်လေတော့သည်။
“အခုမှပဲ ကျားမလေးတစ်ကောင်နဲ့ တူလာတော့တယ်။” လုရှောင်ဖုန်း ရယ်မောနေပါသည်။ “အခုနလေးတုန်းကတော့ မင်းရဲ့ဆက်ဆံရေးက...”
“ကျမရဲ့ ဆက်ဆံရေးက ဘယ်လိုများ ဖြစ်နေခဲ့လို့လဲ။” ကျန်းချင်းရှာက မျက်စောင်းလေးဖြင့် တုံ့ပြန်လိုက်၏။
“ကျားသေမလေးတစ်ကောင်လိုပေါ့”
ကျန်းချင်းရှာသည် လုရှောင်ဖုန်း၏ စကားကို ပြီးသည်ထိ စောင့်မနေတော့ဘဲ နောက်ထပ်တစ်ကြိမ် နားရွက်ကို ကိုက်လိုက်ပြန်၏။
ဤတစ်ကြိမ်တွင်တော့ နာကျင်မှုကြောင့် လုရှောင်ဖုန်း အော်ဟစ်လုမတတ် ဖြစ်သွားလေသည်။
“မင်းတို့အားလုံးကို ဆရာတစ်ယောက်တည်းကများ မွေးထုတ်ထားခဲ့တာလား။ ဘာဖြစ်လို့ နားရွက်ကိုချည်း ကိုက်နေကြရတာလဲ။” လုရှောင်ဖုန်းက အားတင်းပြုံးထားနေရင်း ပြောလိုက်သည်။
“မင်းတို့အားလုံး... ဟုတ်လား... ဘယ်သူတွေ အားလုံးကို ပြောတာလဲ။” ကျန်းချင်းရှာက မျက်စောင်းတစ်ချက် ပစ်လိုက်ပြန်၏။ လုရှောင်ဖုန်း ဘာမှ ပြန်မပြောတော့ပါ။ သူအမှားတစ်ခုကို ကျူးလွန်မိသွားပြီမှန်း သိလိုက်ရသောကြောင့်ဖြစ်၏။
“ရှင့်နားရွက်တွေက ခဏခဏ အကိုက်ခံရဖူးလို့လား။” ကျန်းချင်းရှာသည်လည်း အလွတ်မပေးပါ။
“ကျုပ်ကို ခွေးတွေ ဝိုင်းထားတာမှ မဟုတ်တာ.. ဘာဖြစ်လို့ နားရွက်ကို အကိုက်ခံရမှာလဲ။”
သို့သော် ကျန်းချင်းရှာ၏ မျက်လုံးများ ပိုမိုပြူးကျယ်လာခဲ့ပြီး လုရှောင်ဖုန်းကို ဒေါသထွက်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေပြန်၏။
“ဪ... ရှင်က ကျမကို ခွေးတစ်ကောင်နဲ့ နှိုင်းလိုက်တယ်ပေါ့လေ။ အဲဒီလိုလား...”
လုရှောင်ဖုန်းသည် ချောင်ပိတ်မိသူတစ်ယောက်လို ခံစားသွားခဲ့ရပြီး ဘာပြန်ပြောရမှန်း မသိလောက်အောင်ကို ဖြစ်နေရလေသည်။
“ကျမကို အမှန်အတိုင်း ပြောစမ်း... ရှင့်နားရွက်ကို ဘယ်နှစ်ယောက်လောက်များ ကိုက်ခဲ့ကြပြီးပြီလဲ။” ကျန်းချင်းရှာက စိတ်ဆိုးဒေါသထွက်စွာ မေးမြန်းလိုက်၏။ လုရှောင်ဖုန်းကိုလည်း ရန်လိုသည့်အကြည့်များဖြင့် ကြည့်နေဆဲပင်။
“မင်း... မင်းတစ်ယောက်ထဲပါကွာ..”
“ဒါ အမှန်ပဲလား”
“ကျုပ်နားရွက်ကို ဘယ်သူကများ လာကိုက်ရဲမှာတဲ့လဲ”
“ရွှယ်ပင်းဆိုရင်ကော... နားရွက်ကိုက်ဖို့သတ္တိလောက်တော့ သူ့မှာ ရှိနေပါသေးတယ်။”
“သူလား... ကျုပ်ကို အသားချင်းထိဖို့တောင် မဝံ့မရဲဖြစ်နေရတာ... ကျုပ်က သူ့နားရွက်ကို ပြန်မကိုက်လိုက်ရင်တောင် ကံကောင်း။”
ကျန်းချင်းရှာ-“အခုတော့ ကောင်းကောင်း ပြောထားဦးပေါ့လေ... သူနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါကျရင် ရှင်တစ်ခွန်းမှ မဟရဲဘူးဆိုတာ လောင်းလိုက်ချင်သေး...”
“ကျုပ်က ဘာကိုကြောက်နေရဦးမှာတဲ့လဲ။” လုရှောင်ဖုန်းက ရယ်မောစွာ ပြန်ဖြေလိုက်၏။ “ကျုပ်က သူ့ကို ကြောက်ရမယ်တဲ့လား။”
ကျန်းချင်းရှာသည်လည်း ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပါ၏။ သူမ ရယ်မောနေသည်မှာ မြေခွေးလည်မလေးတစ်ကောင် ရယ်မောနေသလိုပင်။
“ကောင်းပြီလေ... ဆက်ပြောနေလိုက်ပါဦး.. ကျမ ရောက်လာပြီ။ ရှင် ဘာလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
ထိုအချိန်လေး၌ပင် တံခါးအပြင်ဘက်မှ လူတစ်ယောက်၏ အေးစက်စွာ ပြောဆိုလိုက်သော စကားသံ ထွက်ပေါ်လာလေသည်။
လုရှောင်ဖုန်း သေချင်စော်နံသွားသည်။ ရွှယ်ပင်းဖြစ်နေကြောင်းကို ကြည့်စရာပင် မလိုတော့ပါ။ ကျားရဲမလေးတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်ကိုကပင် လွန်လွန်းနေပြီဖြစ်၏။
ပို၍ဆိုးသည်မှာ ကျားရဲမလေးတစ်ကောင်အစား ကျားရဲမလေးနှစ်ကောင်ကို တစ်ချိန်တည်း၊ တပြိုင်တည်း ထိပ်တိုက်ရင်ဆိုင်တွေ့နေရခြင်းပင် ဖြစ်တော့သည်။ လုရှောင်ဖုန်း ခေါင်းနဘန်းကြီးသွားရလေတော့၏။ ကျန်းချင်းရှာသည် မီးအိမ်ကလေးကို ထွန်းညှိနေရင်း တခစ်ခစ် ရယ်မောနေလေသည်။ အလင်းရောင်က ရွှယ်ပင်း၏ မျက်နှာလေးပေါ် ထိုးကျနေ၏။ သူမ၏ မျက်နှာတစ်ပြင်လုံးနီရဲနေလေသည်။ ငရုတ်သီးတစ်တောင့်လို နီရဲနေခြင်းမှာ ဒေါသထွက်လွန်းနေ၍လည်း ဖြစ်နေပြန်၏။
“လက်ဦးမှုရယူခြင်း”... ဆိုသည်မှာ ဘာအတွက်ကြောင့်အရေးပါမှန်း လုရှောင်ဖုန်း ကောင်းကောင်းကြီး သိနေပါသည်။
“ကျုပ်လည်းပဲ မင်းကို လိုက်ရှာနေခဲ့တာကလား... ဒီနေရာထိ မင်းသတ္တိရှိရှိနဲ့ လိုက်လာပြီး ကျုပ်ကို လာရှာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။”
လုရှောင်ဖုန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ရွှယ်ပင်းကို မျက်နှာထားတည်တည်ဖြင့် ပြောဆိုလိုက်၏။ သူမကို ကြည့်နေသည့် မျက်နှာထားကိုလည်း အတတ်နိုင်ဆုံး တင်းမာထားလေသည်။
“ကျမ.. ကျမက ရှင့်ကို ဘာဖြစ်လို့ လာမရှာရဲရမှာလဲ။” လုရှောင်ဖုန်း၏ ဒေါသထွက်နေသည့် မျက်နှာထားကို မြင်လိုက်ရပြီးကတည်းက ရွှယ်ပင်း၏စကားသံ ပျော့သွားခဲ့လေသည်။
“မင်း ဒီကို ဘာလာလုပ်တာလဲ”
“ကျမတို့တတွေက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေလေ...” ကျန်းချင်းရှာသည် ရွှယ်ပင်းအစား ဝင်ရောက်ဖြေဆိုပေးလိုက်၏။ “နောက်ပြီးတော့ ကျမတို့ကို သင်ကြားပေးခဲ့တာလည်း ဆရာတစ်ဆူတည်းဆိုတော့ နားရွက်ကိုက်တဲ့နေရာမှာတော့ စံပဲ။ သူ ဒီကို ဘာဖြစ်လို့ မလာရမှာလဲ။”
“ကျုပ် မင်းကို မေးနေတယ်လေ။ ဒီကို ဘာလာလုပ်တာလဲလို့။” လုရှောင်ဖုန်းသည် ရွှယ်ပင်းကို မျက်နှာထိမျက်နှာထားဖြင့် ကြည့်နေဆဲ၊ မေးမြန်းလိုက်ပြီး ကျန်းချင်းရှာကို ဥပက္ခာပြုထားလိုက်လေသည်။
“ကျမ ဒီကို ပစ္စည်းတစ်ခု လာပို့တယ်ဆိုတာ ရှင် ကောင်းကောင်းကြီး သိပါတယ်။”
အံ့ဩစရာကောင်းလှစွာပင် သူမသည် အရာအားလုံးကို ဝန်ခံလိုက်လေတော့သည်။ သူမသည် ထိုစကားကို ဘာမှမဖြစ်သည့်လေသံဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး မျက်နှာပေါ်တွင် မည်သည့်ပြောင်းလဲမှုမျိုးကိုမှ မတွေ့ရပါ။ “ဟုတ်ပါတယ်... အဲဒါကတော့ ဟို... ပိတ်စအနီကလေးပါပဲ။”
“မင်း မငြင်းတော့ဘူးပေါ့လေ...” ယခုတော့ လုရှောင်ဖုန်း အံ့အားသင့်ရမည့်အချိန်ပင် ဖြစ်တော့၏။
“ဒါ ရှက်စရာကိစ္စတစ်ခုမှ မဟုတ်တာ.. ကျမက ဘာဖြစ်လို့ ငြင်းနေရဦးမှာလဲ။”
“တခြားလူတစ်ယောက်က ကျုပ်ကို လှည့်ဖျားတဲ့ကိစ္စမှာ မင်းကူညီခဲ့တယ်။” လုရှောင်ဖုန်း အော်ဟစ်လုမတတ် ပြောဆိုလိုက်သည်။ “ဒါ ဂုဏ်ယူစရာအလုပ်တစ်ခုလို့ ထင်နေလား။”
“စိခုန်းကျိုက်ရှင်းဆိုတာ တခြားလူမှ မဟုတ်တာ.. သူက ရှင့်ရဲ့သူငယ်ချင်းလေ... ရှင်ပဲ ပြောခဲ့တယ် မဟုတ်လား။” ထိုစကားကြောင့် လုရှောင်ဖုန်းပင် ငိုင်ကျသွားခဲ့ရလေသည်။ ရွှယ်ပင်းက ခပ်သောသောလေး ရယ်မောနေပြီး ဆက်လက်ခနဲ့လိုက်၏။ “ကျမက ရှင့်ရဲ့ သူငယ်ချင်းကို ကူညီခဲ့တာဆိုတော့ ဂုဏ်တောင်မှ ယူရဦးမယ်။”
“မင်း ကျုပ်ကို ရောင်းစားခဲ့တာကို ဘာဖြစ်လို့ ကျုပ်က ဂုဏ်ယူရမှာလဲ။” လုရှောင်ဖုန်း ဆုတ်ခွာပြောလေး ပြောလိုက်ပြန်၏။
“အဲဒီ ပိတ်စအနီကလေးက ရှင့်အတွက် အသုံးမဝင်တော့ပေမယ့် သူ့အတွက်တော့ အသုံးဝင်နေသေးတယ်လေ။ ကျမ သူ့ကို ကူညီခဲ့တယ်ဆိုတာကလည်း အဲဒီပိတ်စလေးကို ဒီနေရာကို ယူလာပေးခဲ့ရုံလေးပါ။ ဒါနဲ့ပဲ ရှင့်ကို ရောင်းစားရာ ကျရောလား။” သူမကို ကြည့်ရသည်မှာ လုရှောင်ဖုန်းထက်ပင် ပိုမိုဒေါသကြီးနေပြီး အမှန်တရားကို ပြောဆိုနေသူတစ်ယောက်နှင့် တူနေ၏။ “နောက်ရှိသေးတယ်... သူလည်းပဲ ရှင့် သူငယ်ချင်းတစ်ယောက်ပဲ မဟုတ်လား။ ရှင်ကော သူ့ကို မလှည့်စားခဲ့ဘူးတဲ့လား။ ပြီးတာနဲ့ လှည့်စားခဲ့တာကို စားမြုံ့ပြန်ပြီး ဂုဏ်ယူနေခဲ့သေးတာပဲ။ ကျမလည်း ရှင့်ကို ဘာဖြစ်လို့ မလှည့်စားရမှာတဲ့လဲ။”
“ဒါပေမဲ့... ဒါပေမဲ့... မင်းက ကျုပ်ကို ကူညီရမှာလေ။”
“ထားလိုက်ပါတော့... ရှင့်ကိုယ်ရှင် အထင်ကြီးနေခဲ့တာက ဘယ်သူ့အပြစ်လဲ။ ဒီတစ်ကမ္ဘာလုံးမှာ ရှင့်ထက်သာတဲ့သူ မရှိတော့တဲ့အတိုင်း... အထင်ကြီးနေလိုက်တာများ... ရှင့်ရဲ့ အဲဒီအမူအကျင့်တွေကို ကျမ လုံးလုံးသဘောမကျဘူးနော်...” ရွှယ်ပင်းက ကောင်းစွာ ပြန်နှက်လိုက်လေသည်။
လုရှောင်ဖုန်း ဘာမှ ပြန်မပြောတော့ပါ။ မိန်းမတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရသည့် ယောက်ျားတစ်ယောက်၏အဖြစ်သည် စစ်သားတစ်အုပ်နှင့် ထိပ်တိုက်တွေ့ဆုံရသည့် စာပေသမားတစ်ယောက်လိုမျိုးဖြစ်ကြောင်း သိရှိသွားတော့၏။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောဆိုခြင်းသည် အချည်းနှီးပင်ဖြစ်၏။ မိန်းမသားတစ်ယောက်၏ နှလုံးသားထဲတွင် အမှား၊ အမှန် ဆိုသည့်စကားလုံးများ လုံးဝကင်းမဲ့နေပုံရသည်။ သူမ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့်အရာတိုင်းသည် သူမ၏စိတ်သဘောဆန္ဒအတိုင်းချည်းသာဖြစ်၍ အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောဆိုခဲ့သည်ဆိုပါက သူမထံတွင် သင့်ထက် ၁၀ ဆ မကသော ဆင်ခြေများ ရှိနေဦးမည်ဖြစ်လေသည်။
“ကျမနောက်ကွယ်မှာ အတင်းပြောနေတဲ့ကိစ္စကိုတောင် မရှင်းရသေးဘူး... ရှင်က ကျမကို ယိုးမယ်ဖွဲ့ချင်နေပါလား...” ရွှယ်ပင်း၏ မျက်နှာထက်မှ ခနဲ့တဲ့တဲ့ အမူအရာများ ပျောက်ကွယ်သွားခဲ့ချေပြီ။
“ဒါက ဘာလဲဆိုတော့ လက်ဦးမှုရယူခြင်း လို့ခေါ်တယ်။ ယောက်ျားတွေအားလုံး ဒါကို အသုံးချတတ်ကြတယ်။” ကျန်းချင်းရှာက ဝင်ရောက် ခနဲ့လိုက်ပြန်၏။
ရွှယ်ပင်းက စ နောက်လိုက်လေတော့သည်။ “ကဲ... ရှင်ဘာပြောချင်သေးလဲ။”
လုရှောင်ဖုန်းက မချိပြုံးလေးဖြင့်-“တစ်ခုပဲ ပြောချင်ပါတယ်။”
ရွှယ်ပင်း-“ကောင်းပြီလေ... ထွေးထုတ်လိုက်စမ်းပါ...”
“ပိတ်စအနီကလေး ဘယ်သူ့ကို ပေးခဲ့တာလဲ။”
“လုတုံပင်း”
“လုတုံပင်းဆိုတာ ဘယ်က သူတောင်းစားလဲ။” လုရှောင်ဖုန်း ပါးစပ်အဟောင်းသားဖြင့် မေးမြန်းလိုက်ပြန်၏။
“လုတုံပင်းကိုတောင် ရှင်မသိဘူးလား... အသက် ၃၀ ထိ ဘယ်လိုများ နေလာခဲ့တာလဲ။” ရွှယ်ပင်းက အံ့အားသင့်စွာဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်ပြန်သည်။
“လုတုံပင်းဆိုတာ လုချွန်းယန်လေ... တုံးတင်းရေကန်ကို သီချင်းဆိုပြီး ပျံသန်းသွားခဲ့တဲ့ တာအိုရသေ့ဆရာကြီး ချွန်းယန်ကိုပြောတာ... ရှင် မသိဘူးလား။”
(မှတ်စု။ ။ လုတုံပင်းဆိုသည်မှာ တရုတ်ဒဏ္ဍာရီ ပုံပြင်များတွင် အလွန်ကျော်ကြားသော တာအိုရသေ့ဆရာကြီး တစ်ပါးဖြစ်၏။ သူ့ကုသိုလ်ပြုမှုများမှာ ကျယ်ပြန့်လွန်းလှပြီး ကွဲပြားသော ပုံပြင်များလည်း များစွာ ရှိနေကြသေး၏။ ဗုဒ္ဓသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ဖြစ်သကဲ့သို့ တာအိုဓလေ့ ယုံကြည်သက်ဝင်သူများအတွက် လုတုံပင်းသည်လည်း အထွဋ်အမြတ်ဖြစ်၏။)
“လုတုံပင်းက ပျိုနီအဖြူရောင်လေးပဲ ကြိုက်တယ် ထင်ထားခဲ့တာ... အနီရောင်ပိတ်စကလေးပေါ်မှာ ထိုးထားတဲ့ ပျိုနီလေးကို လိုချင်တယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။”
လုရှောင်ဖုန်းသည် လေသံပျော့လေးဖြင့် ပြုံးကာ ပြောလိုက်လေတော့သည်။
“စိခုန်းကျိုက်ရှင်းက ကျမကို တခြားသက်ရှိလူသားတစ်ယောက်ကို ပေးခိုင်းခဲ့တာ မဟုတ်ပါဘူး။” ရွှယ်ပင်းက စိတ်လိုလက်ရ ရှင်းပြနေ၏။ “လုတုံပင်းရဲ့ ရုပ်တုရှေ့မှာ ထားထားပေးခဲ့ဖို့ပဲ ခိုင်းခဲ့တာ။”
“ရုပ်တုက ဘယ်မှာလဲ။”
“အနောက်ဘက်မှာရှိတဲ့ ဘုရားကျောင်းငယ်လေးထဲမှာလေ”
“မင်း ဒီကိုရောက်နေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ”
“သိပ်တော့ မကြာသေးပါဘူး။ ရှင် ကျမနောက်ကွယ်မှာ ကျမအကြောင်းတွေ အတင်းတုတ်နေတာကို မီရုံလေးပါ။”
ရွှယ်ပင်းက အေးစက်စက် ပြောဆိုလိုက်လေ၏။
+++++
ဝါးရုံတော၏အနောက်ဘက်တွင် အေးချမ်းစိတ်ငြိမ်သော တရားဆောင်လေး တည်ရှိနေ၏။ တရားဆောင်လေးထဲတွင် အမြဲတမ်းမငြိမ်းနိုင်သည့် မီးအိမ်ငယ်လေး ထွန်းညှိထားလေသည်။ မီးအိမ်မှ အလင်းရောင်များက ချွန်းယန်ကိုယ်တော်၏ ပြုံးနေသောမျက်နှာတော်ပေါ်သို့ ထိုးကျနေ၏။ တရားဆောင်လေးထဲရှိ ပူဇော်ပသထားသည့် အစားအစာများကို မသုံးဆောင်နိုင်သော်လည်း ကိုယ်တော့်ရုပ်တုကို ကြည့်ရသည်မှာ ကျေနပ်နှစ်သိမ့်နေပုံရသည်။ လုတုံပင်းသည် အလွန်တော်သော ကိုယ်တော်တစ်ပါးဖြစ်၏။ အလွန်တော်သော ကိုယ်တော်တို့သည် အလွန်တော်သောလူများကဲ့သို့လည်း ဖြစ်နေပြန်သည်။ သူတို့သည် မည်သို့ကျေနပ် နှစ်သိမ့်ရမည်မှန်း၊ မည်သို့ပျော်ရွှင်ကြည်နူးရမည်မှန်း သိထားကြသူများဖြစ်ကြ၏။ ရွှယ်ပင်း၏စကားကို အဆုံးထိအောင် နားမထောင်ဘဲ လုရှောင်ဖုန်းသည် လုတုံပင်းကိုယ်တော်၏ ရုပ်တုခြေထောက်တော်ရှေ့တွင် အနီရောင်ပိတ်စလေးပေါ် ထိုးထားသည့် ပျိုနီအနက်ရောင် ပန်းပွင့်လေး ရှိမရှိ အပြေးလေး သွားကြည့်လိုက်၏။ သူ ပိတ်စလေးကို ကောက်ကိုင်လိုက်သည့်အချိန်တွင် ကျန်းချင်းရှာနှင့် ရွှယ်ပင်းတို့နှစ်ယောက် သူ့အနားသို့ ရောက်လာကြလေပြီ။
“ဒီမှာ ရှိနေသေးတာပဲ။” လုရှောင်ဖုန်းသည် ပိတ်စလေးကို ကိုင်ကြည့်နေရင်း တစ်ယောက်တည်း အတွေးများစွာဖြင့် ငေးငိုင်နေမိ၏။
“စိခုန်းကျိုက်ရှင်းက ရှင့်ကို ရွှယ်ပင်း ဒီအကြောင်းတွေပြောပြမှာ မဟုတ်ဘူးလို့ ထင်ထားလို့ လာမယူသေးတာပဲ ဖြစ်ရမယ်။” ကျန်းချင်းရှာက နှစ်သိမ့်လိုက်၏။
“သူကိုယ်တိုင်က လာယူမယ့်လူ ဟုတ်ဟန်မတူဘူး။” လုရှောင်ဖုန်း ရုတ်တရက်ဆိုသလို ခေါင်းမော့ပြီး ပြောလိုက်သည်။ သူမ၏ မျက်လုံးများကို တည့်တည့်ကြီးကြည့်ကာ ပြောလိုက်ခြင်းလည်းဖြစ်၏။
ကျန်းချင်းရှာ-“သူမဟုတ်ရင် ဘယ်သူက လာယူမယ့်လူ ဖြစ်ရအုံးမှာတုန်း။”
“မင်းပဲ..”
“ရှင် ရူးနေလား...” ကျန်းချင်းရှာ ခပ်သောသောလေး ရယ်မောလိုက်လေသည်။ “ကျမက ဘုရားစွန့်ပစ်ထားတဲ့ ဒီပစ္စည်းကို ဘာလို့ လိုချင်နေရမှာတုန်း။”
“ကျုပ်လည်း မင်းကို လူကိုယ်တိုင် မေးချင်နေတာပါပဲ။”
“ကျမက ရှင့်ဆီကနေ အဲဒီပိတ်စလေးကို ခိုးပေးဖို့ သူ့ကိုခိုင်းခဲ့တယ်လို့ ထင်နေတာလား။” ကျန်းချင်းရှာ၏ အမူအရာများ ပြောင်းလဲသွားခဲ့ချေပြီ။
အံ့ဩစရာကောင်းလှစွာပင်... လုရှောင်ဖုန်းသည် ထိုစကားကို အသံတိတ်ဆိတ်စွာ တုံ့ပြန်ခဲ့လေသည်။
“ကောင်းပြီလေ.. ကျမက သူ့ကို ခိုးခိုင်းခဲ့တယ်ပဲ ထားလိုက်ပါတော့... ရှင့်ကို ဒီနေရာထိ ရောက်လာအောင် သူက ဘာဖြစ်လို့ မျှားခေါ်လာခဲ့ရမှာတဲ့လဲ။”
“ကျုပ် ဒီမှာ ရောက်နေလို့ပါလား... မဟုတ်ရင် လူကိုယ်တိုင်အပေးအယူကို သူလုပ်ချင်လို့လည်း ဖြစ်နေနိုင်တာပဲ။ ဒါမှမဟုတ် သူ ကျုပ်အပေါ်မှာ အမှားကျူးလွန်ထားတယ်လို့ ခံစားမိလို့လည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် မင်းအပေါ်မှာ ကျုပ် သံသယမရှိအောင်လို့ ဒီနေရာကို မျှားခေါ်ခဲ့တာလည်း ဖြစ်နေနိုင်ပြန်ရော...”
“ဒါဆိုရင် သဘောကတော့ ကျမကိုယ်တိုင်က ပန်းထိုးရာဇာဖြစ်နေတယ်လို့ ရှင်ပြောချင်နေတာလား...” ကျန်းချင်းရှာ၏ မျက်နှာတစ်ပြင်လုံး ဒေါသကြောင့် နီတွတ်နေရလေသည်။
လုရှောင်ဖုန်းသည်လည်း မငြင်းဆန်ခဲ့ပါ။
“ရှင်ဟာ ငတုံးငအတစ်ယောက်တော့ မဟုတ်တာသေချာတယ်... ဟင်းဟင်း.... ဒါပေမဲ့ ရှင်မေ့နေတာ တစ်ခုကျန်သေးတယ်။”
“အိုး...”
“ကျန်းချောင်းဝေဟာ ကျမရဲ့အစ်ကိုဆိုတာကို ရှင်မေ့နေတယ်။ ကိုယ့်အစ်ကိုကို ကိုယ် ဘာဖြစ်လို့ မျက်စိကန်းအောင် လုပ်ခဲ့ရမှာတဲ့လဲ။”
ထိုစကားဆုံးသည်နှင့် သူမသည် လှည့်ထွက်သွားတော့၏။ ငတုံးတစ်ယောက်ကို ဆက်လက်ပြီး အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောဆိုရန် မလိုအပ်တော့ဟူသည့် ပုံစံမျိုးဖြစ်သည်။
“ခဏ...” လုရှောင်ဖုန်းက သူမ၏ သွားလမ်းကို ပိတ်ဆို့ထားလိုက်သည်။
“ရှင် ဘာပြောချင်သေးလို့လဲ။” ကျန်းချင်းရှာက နှာခေါင်းရှုံ့ကာ မေးမြန်းလိုက်သည်။
“တစ်ခုလောက် မေးချင်လို့ပါ။”
“ကောင်းပြီလေ... ရှင်ပြောတာ နောက်တစ်ကြိမ်လောက် ကျမ နားထောင်ပေးမယ်။”
“ကျန်းချောင်းဝေမှာ နှမတစ်ယောက်မှမရှိဘူး။ မင်းမှာလည်း အစ်ကိုတစ်ယောက်မှ မရှိသလို မင်းရဲ့ မျိုးရိုးနာမည်ကလည်း နဂိုတုန်းက ကျန်း မဟုတ်ဘူး။”
ကျန်းချင်းရှာ၏ မျက်နှာပေါ်၌ ရှိနေခဲ့သော အရောင်များ အားလုံးပျောက်ကွယ်သွားခဲ့ကြပြီး လူသေတစ်ယောက်၏ မျက်နှာလို သွေးဆုတ်ဖြူရော်သွားခဲ့လေတော့သည်။
“ရှင်... ရှင်... ဘယ်လိုလုပ်ပြီး သိနေရတာလဲ။”
“ကျုပ်လည်း မသိချင်ပါဘူး။” လုရှောင်ဖုန်းက သက်ပြင်းချလိုက်ပြီး-“ဒါပေမဲ့ ကျုပ်မသိသင့်တဲ့အရာတစ်ခုကို သိခွင့်ပေးလာခဲ့တဲ့ ကံတရားကိုတော့ မရှောင်လွှဲနိုင်ခဲ့ဘူး။”
“ရှင် ဘာတွေကို ထပ်သိထားသေးလဲ။” ကျန်းချင်းရှာက သူ့မျက်လုံးများကို ထက်မြက်စူးရှသည့် အကြည့်ရိုင်းများဖြင့် စိုက်ကြည့်နေကာ မေးမြန်းလိုက်သည်။
“မင်းက ကျုပ်ကို တကယ်ပြောစေချင်နေတာလား။”
“ပြောလိုက်စမ်းပါ”
“မင်းဟာ ကျန်းချောင်းဝေရဲ့ တိတ်တိတ်ပုန်းမယားတစ်ယောက်ပဲ။ ဒါပေမဲ့ အကြောင်းတစ်ခုကြောင့် မင်း ရသေ့မတစ်ယောက် ဖြစ်ခဲ့ရတယ်။ သူ့ရှေ့မှာ မင်း ကျုပ်ကို လုံးဝမသိချင်ဟန်ဆောင်ခဲ့တယ်။ သူ့ကို စိတ်မညစ်စေချင်တာလည်း ပါမှာပေါ့လေ။ သူ့ကို မသိစေချင်တာလည်း...”
“တော်တော့... ပါးစပ်ပိတ်ထားစမ်း...” ကျန်းချင်းရှာက ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးလည်း တုန်ခါနေရလေသည်။
လုရှောင်ဖုန်းက သက်ပြင်းချသံဖြင့်-“ကျုပ်လည်းပဲ ဒီအကြောင်းတွေကို မပြောခဲ့ချင်ပါဘူး။”
“မှန်တယ်... ကျန်းချောင်းဝေနဲ့ ကျမတို့ဟာ ငယ်ငယ်လေးကတည်းက လူကြီးမိဘတွေ သဘောတူထားခဲ့ကြသူတွေ...” ကျန်းချင်းရှာ၏ ခန္ဓာကိုယ်လေးတစ်ခုလုံးက မထိန်းသိမ်းနိုင်စွာ တုန်ခါနေဆဲ...။ သို့သော် သွားကြားမှ ထွက်လာသည့်လေသံဖြင့် ဆက်လက်ပြောပြနေပြန်သည်။ “ဒါပေမဲ့ ကျမတို့တတွေ ကြီးပြင်းလာတဲ့အချိန်ကျတော့ ကျမတို့အချင်းချင်း ဘယ်လိုမှ ပေါင်းဖက်လို့ မရနိုင်ဘူးဆိုတာ သိလာခဲ့ကြတယ်။ ဒါကြောင့်မို့လည်း...”
“ဒါကြောင့် မင်း ရသေ့မ ဝတ်ခဲ့တာပေါ့။” လုရှောင်ဖုန်းက သူမ၏စကားကို အဆုံးသတ်ပေးလိုက်၏။
ကျန်းချင်းရှာ ခေါင်းညိတ်ဖြေဆိုလိုက်သည်။
“ရသေ့မ တစ်ယောက်မလုပ်လို့ ကျမမှာ လုပ်စရာ ဘာကျန်သေးလို့လဲ။” သူမ၏မျက်ဝန်းများမှ မျက်ရည်ပေါက်များ စီးကျလာလေတော့သည်။
သူမလို မိန်းကလေးတစ်ယောက်အတွက် ဤအသက်အရွယ်ကလေးနှင့် ရသေ့မ ဖြစ်ခဲ့ရသည်ဆိုခြင်းတွင် မည်မျှလောက်တောင်များ ဝမ်းနည်းကြေကွဲစရာ ဇာတ်ကြောင်းများ ရှိနေပါသနည်း။
“ရှင် သူ့ကို အဲဒီစကားတွေ ပြောထွက်လာစေဖို့ ချောင်ပိတ်မမေးခဲ့သင့်ဘူး။” ရွှယ်ပင်းသည်လည်း နှုတ်ခမ်းများ ကိုက်ထားပြီး လုရှောင်ဖုန်းကို မျက်ရည်များ ပြည့်လျှမ်းနေသည့် မျက်လုံးများဖြင့် စူးစူးစိုက်စိုက်ကြီး ကြည့်နေကာ ပြောလိုက်တော့၏။
“ရပါတယ်... ဘာမှမဖြစ်ပါဘူး... ကျမကိုယ်တိုင်ကလည်း ပြောပြချင်နေလို့ပါ။” ကျန်းချင်းရှာက အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။ မျက်လုံးများမှ မျက်ရည်များကို အင်္ကျီလက်မောင်းအိုးဖြင့် ညင်သာစွာ သုတ်လိုက်ပြီး သူမ၏ဦးခေါင်းကို မော့ထားနေ၏။ “ကျမဟာ ရသေ့မတစ်ယောက်ဆိုပေမယ့်လည်း အသက်ငယ်သေးတယ်... ဒီလိုမျိုး တိတ်ဆိတ်အထီးကျန်နေတဲ့ဘဝမှာ မပျော်ပိုက်ခဲ့ဘူး။ ဒါကြောင့်လည်း အပြင်လောကကို ထွက်ပြီး အတွေ့အကြုံဆန်းလေးတွေ ရှာဖွေခဲ့တယ်။ ယောက်ျားအချို့ကို သိခဲ့ရသလို ရှင့်ကိုလည်း သိခဲ့ရပြန်တယ်။”
လုရှောင်ဖုန်းသည် အသံတိတ် သက်ပြင်းချလိုက်တော့၏။ အမျိုးသမီးတစ်ယောက်သည် ရသေ့မတစ်ယောက် ဖြစ်ခဲ့သည်ဆိုပါစို့... သူမ၏ဘဝသည် သေဆုံးသွားခဲ့ခြင်းမဟုတ်ပါ။ သူမထံတွင် သူမ၏ဘဝကို မည်သို့လျှောက်လှမ်းရမည်၊ သူမဘဝ၏ လိုအပ်ချက်များကို မည်သို့ဖြည့်ဆီးပေးရမည်ဆိုသည့် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခွင့် ရှိနေပါသေး၏။
“ကျမက ကျန်းချောင်းဝေကို မသိစေချင်ခဲ့ဘူးလို့ ထင်ထားရင် ရှင်မှားသွားပြီ။ သူ့ကို လက်မထပ်ချင်လို့ သူ့မျက်လုံးတွေကို ကျမက ထိုးဖောက်ခဲ့တယ်လို့ ထင်ထားရင် ပိုလို့တောင်မှားသွားမှာပေါ့။ သူ...”
သူမ၏စကားသံများ ရုတ်ချည်းပြတ်တောက်သွားခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်သို့ အံ့အားသင့်စွာဖြင့် ငေးကြည့်နေလေတော့သည်။
ကျန်းချောင်းဝေသည် အပြင်ဘက်အမှောင်ထုထဲမှ အခန်းတွင်းသို့ လျှောက်ဝင်လာခဲ့ပြီဖြစ်၏။ လက်များဖြင့် စမ်းတဝါးဝါး စမ်းနေပြီးမှ ဝင်လာခဲ့ခြင်းဖြစ်သည်။ သူမျက်နှာတစ်ခုလုံးသည်လည်း လူသေတစ်ယောက်လို သွေးဆုတ်ဖြူရော်နေလေသည်။
“သူ ကျုပ်ကို လက်မထပ်ခဲ့ချင်လို့ မဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင်က သူ့ကို ဇနီးမယားတစ်ယောက်အဖြစ် လက်မခံနိုင်ခဲ့လို့ပါ။” သူ့စကားသံများက တိုးညင်းလှသည်။
“ဘာဖြစ်လို့လဲ” ရွှယ်ပင်းက မေးမြန်းလိုက်လေသည်။
“ဘာကြောင့်လဲဆိုတော့... ကျုပ်...”
“သူတို့ကို ဘာမှ ပြောပြနေစရာမလိုဘူး။” ကျန်းချင်းရှာက ပြင်းပြင်းထန်ထန် အော်ဟစ်တားမြစ်လိုက်၏။ “ရှင် ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး။”
ကျန်းချောင်းဝေက ပြုံးပြလိုက်သည်။ ထိုအပြုံးသည် အထီးကျန်ဝမ်းနည်းစရာ ကောင်းလွန်းလှသော အပြုံးလည်း ဖြစ်နေပြန်၏။
“ရပါတယ်။ ကျုပ်ကလည်း ပြောပြချင်နေလို့ပါ။” သူ့မျက်နှာသွင်ပြင်တစ်ခုလုံး နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။ “သူ့ကို ကျုပ်ရဲ့ ဇနီးမယားအဖြစ် လက်မခံနိုင်ခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်က ဒုက္ခိတတစ်ယောက်ဖြစ်နေခဲ့တာ ကြာလှပြီလေ။ အမျိုးသမီးတစ်ယောက်ရဲ့ လင်ယောက်ျားမဖြစ်နိုင်တော့သလို ကလေးတစ်ယောက်ရဲ့ ဖခင်တစ်ယောက်လည်း မဖြစ်နိုင်တော့ပါဘူး။”
ရွှယ်ပင်း နားလည်သွားခဲ့ချေပြီ။ ထို့ကြောင့် မေးမြန်းခဲ့မိသည်ကို နောင်တရမိသွား၏။ သူမ ဘာဖြစ်လို့များ သိချင်နေခဲ့ရသည်လဲ။ အခြားသူများ၏ ဒုက္ခခံစားရမှုများသည် ကျန်တစ်ယောက်အတွက် နာကျင်စေသည်ပဲ မဟုတ်ပါလား။
“ချင်းရှာပြောပြခဲ့တဲ့အကြောင်းအရာတွေအားလုံးကို ကျုပ်သိနေခဲ့ပါတယ်။ အားလုံးကို သိနေခဲ့တယ် ဆိုပါတော့။” ကျန်းချောင်းဝေက ဆက်ပြောနေလိုက်ပြန်သည်။ “သူ ဘာပဲလုပ်ခဲ့လုပ်ခဲ့... ကျုပ်သူ့ကို အပြစ်မတင်ပါဘူး။ သူဟာ အပြင်ပန်းမှာ အဲဒီလိုမျိုးမိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာ ကျုပ် သိနေခဲ့တယ်ဆိုပေမယ့်လည်း တကယ်တမ်းတော့ သူဟာ မိန်းမရှုပ်တစ်ယောက်လည်း လုံးဝမဟုတ်ရပါဘူး။”
ကျန်းချင်းရှာ၏ ဦးခေါင်း စိုက်ကျသွားခဲ့ပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေတော့၏။ သူမလို အသက်ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်အတွက် ဆန္ဒများ၏ တောင့်တမှုကို ငြင်းပယ်ရန်ဆိုခြင်းမှာ မဖြစ်နိုင်သလောက်ပင်။ သူမ ဘာပဲလုပ်ခဲ့သည်ဖြစ်စေ... လူတိုင်း၏ အမြင်တွင် ခွင့်လွှတ်နိုင်ကြပါသည်။ သို့သော် သူမကိုယ်တိုင်က တစ်စက်ကလေးမျှ ခွင့်မလွှတ်နိုင် ဖြစ်နေရသည် မဟုတ်ပါလား။
“ခင်ဗျား ဘာပဲပြောနေပြောနေ... ကျုပ်မျက်လုံးတွေကန်းသွားအောင် လုပ်ခဲ့တာ သူ မဟုတ်ဘူးဆိုတာတော့ ကျုပ်ရဲရဲကြီး အာမခံရဲတယ်။” ကျန်းချောင်းဝေက စကားကို အဆုံးသတ်လိုက်၏။
“သေချာလို့လား။ ခင်ဗျားကို တိုက်ခိုက်ခဲ့တဲ့သူကို ကောင်းကောင်းကြီး ကြည့်ခဲ့ဖို့အခွင့်အရေး ခင်ဗျားရခဲ့လို့လား။” လုရှောင်ဖုန်းက ရုတ်တရက် ဖြတ်မေးလိုက်သည်။ သူ့ရင်ထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေရသော်လည်း ဤအမှုကြီးသည် လွန်စွာမှပင် အရေးကြီးလှသောကြောင့် ခံစားချက်များကို သိုသိပ်မျိုချထားပြီး မေးမြန်းရုံမှလွဲ၍ သူ့ထံတွင် အခြားရွေးချယ်စရာ မရှိခဲ့ပါ။
“ကျုပ် သေသေချာချာကြီး မြင်ခဲ့ရတာ သေချာတယ်။” ကျန်းချောင်းဝေသည် တုံ့ဆိုင်းတွေဝေနေခြင်း အလျဉ်းမရှိဘဲ ချက်ချင်းပင် အဖြေပေးလိုက်တော့၏။
“သူမဟုတ်မှန်း ခင်ဗျားက ဘာတွေကို မြင်ခဲ့ရလို့ သေချာနေရတာလဲ။”
“ကျုပ်... ကျုပ်သိနေတယ်... ကျုပ်တို့တွေ စတွေ့ခဲ့တုန်းက သူဟာ ကလေးသာသာလေးပဲ ရှိသေးတယ်ဆိုတာလည်း မမေ့ထားပါနဲ့။”
“ဒါပေမဲ့ ခင်ဗျားတို့ချင်း မတွေ့ခဲ့ကြတာ နှစ်တွေ ကြာခဲ့ပြီ မဟုတ်ဘူးလား။”
“ခင်ဗျား ဘာကိုပြောချင်နေတာလဲ။” ကျန်းချောင်းဝေ၏ မျက်နှာသွင်ပြင်များက အေးစက်စွာ ပြောင်းလဲသွားခဲ့ပြီး တောင်းဆိုမေး မေးလိုက်တော့၏။ “ကျုပ်က သူ့အတွက် လိမ်ညာပြီး ပြောနေတယ်လို့ စွတ်စွဲချင်နေတာလား။”
လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ သူ့ထံတွင် နောက်ထပ် မေးမြန်းစုံစမ်းစရာ လမ်းစများ မကျန်ရှိတော့ပါ။
“ကျမတို့ဆီမှာ တစ်ယောက်ကိုတစ်ယောက် နောင်တရခြင်းတွေ၊ သံသယရှိခြင်းတွေ ရင်ထဲမှာ မရှိကြနေသ၍ သူ ဘာပဲတွေးတွေး အရေးမကြီးတော့ပါဘူး။” ကျန်းချင်းရှာက အေးစက်စက်အသံပြတ်ဖြင့် ပြောဆိုလိုက်တော့သည်။
ကျန်းချောင်းဝေ ခေါင်းညိတ်ပြလိုက်သည်။ ကျန်းချင်းရှာသည် သူ့ထံသို့ လျှောက်သွားခဲ့ပြီး သူ့လက်များကို သူမ၏ ပခုံးပေါ်သို့ တင်ထားပေးလိုက်ကာ ထောက်ကူပေးလိုက်၏။
“သွားကြစို့” ကျန်းချောင်းဝေက လောဆော်လိုက်သည်။
လုရှောင်ဖုန်းသည် ခေါင်းငုံ့ထားပြီး သူတို့ထွက်ခွာသွားကြသည်ကို ခွင့်ပြုလိုက်ရုံသာ တတ်နိုင်လေတော့သည်။ မီးအိမ်မှ အလင်းရောင်များက ဖျော့တော့တော့ ဖြစ်လာခဲ့ချေပြီ။ ကြမ်းပြင်သည်လည်း စိမ်းလဲ့လဲ့ ကျောက်တုံးပြားများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ကျန်းချင်းရှာ စီးထားသည့် ဖိနပ်ကလေးတစ်ရံမှာ သူမ၏ ခရမ်းရောင် ဝတ်ရုံနှင့် မလိုက်ဖက်စွာဖြစ်သော အစိမ်းရောင် ဖိနပ်ကလေးတစ်ရံဖြစ်၏။ သူမသည် အစဉ်အမြဲ ဂျီးများသူတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။
“ခဏနေဦး...” လုရှောင်ဖုန်းက ရုတ်တရက် တားမြစ်လိုက်ပြန်၏။
“မပြီးသေးဘူးလား” ကျန်းချင်းရှာသည် သူ့ကို ဥပက္ခာပြုထားပြီး မေးမြန်းလိုက်သော်လည်း လုရှောင်ဖုန်း ကြည့်နေသည်မှာ သူမ၏ ခြေထောက်များသို့ ဖြစ်နေကြောင်းကိုလည်း ရိပ်မိသွားခဲ့လေသည်။ ထို့ကြောင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်တော့သည်။
“သိပ်ကို ထူးဆန်းလွန်းနေတယ်လို့ ကျုပ်ထင်တယ်။”
“ဘာကများ ထူးဆန်းနေရတာလဲ”
လုရှောင်ဖုန်း၏ အကြည့်များက သူမ၏ ခြေထောက်များမှ ဖယ်ခွာသွားခြင်း မရှိပါ။
“မင်းရဲ့ ဖိနပ်ထဲမှာ ဘာဖြစ်လို့ အနီရောင် အနားစလေး ထွက်နေရတာလဲ။” လုရှောင်ဖုန်းက ခပ်ဖြည်းဖြည်းလေး မေးမြန်းလိုက်သည်။
ကျန်းချင်းရှာ၏ အမူအရာများ ပြောင်းလဲသွားခဲ့ပြန်ပြီး သူမ၏ ခြေထောက်ကလေးများကို ရသေ့မဝတ်ရုံအောက်သို့ အလျင်အမြန် ကွယ်ဝှက်ထားလိုက်တော့၏။
“မင်းရဲ့ ရသေ့မဝတ်ရုံဟာ စီးထားတဲ့ဖိနပ်တွေကို ဖွက်ထားရလောက်အောင် မရှည်ပါဘူး။” လုရှောင်ဖုန်းက ယျထာဘုတကျကျ ရှင်းပြလိုက်၏။ “အစိမ်းရောင် ဖိနပ်တွေထဲမှာ အနီရောင်ဖိနပ်ကလေးတစ်ရံကို မင်း မစီးထားသင့်ဘူး။”
အနီရောင် ဖိနပ်... ကျန်းချောင်းဝေ၏ အမူအရာများ ပြောင်းလဲသွားခဲ့ရတော့၏။
“ကောင်းလိုက်တဲ့အမြင်...” ကျန်းချင်းရှာသည် ရုတ်တရက်ကြီး အေးစက်စွာ ရယ်မောလိုက်တော့၏။ သူမ၏ရယ်မောသံ မဆုံးသေးခင်မှာပင် တိုက်ခိုက်မှုများ ထွက်ပေါ်လာလေတော့သည်။ သူမသည် သစ်ခွပန်းလေးများလို လှပလွန်းသည့် လက်ချောင်းလေးနှစ်ချောင်းကို အသုံးပြုပြီး လုရှောင်ဖုန်း၏ မျက်လုံးနှစ်လုံးကို ထိုးဖောက်ပစ်ရန် တိုက်ခိုက်လာခဲ့ခြင်းလည်းဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများက လျင်မြန်လွန်းလှသလို တိကျသေသပ်လွန်းနေသည်။
“မင်း ကျုပ်ရဲ့ နားရွက်တွေကိုပဲ ကိုက်သင့်တယ်။ မျက်လုံးတွေကိုတော့ မထိုးဖောက်သင့်ဘူး။” လုရှောင်ဖုန်း သက်ပြင်းချလိုက်သည်။ သူ ထိုစကားများကို ပြောဆိုနေစဉ်မှာပင် ကျန်းချင်းရှာက ၁၁ ကြိမ်မြောက် တိုက်ခိုက်ခဲ့ပြီးဖြစ်၏။ မြန်လိုက်သည့် တိုက်ကွက်... သွက်လိုက်သည့် လှုပ်ရှားမှု... ကျန်းချင်းရှာသည် သိုင်းလောကရှိ အမျိုးသမီးသိုင်းသမများအကြား ကြောက်စရာအကောင်းဆုံးသူတစ်ယောက် ဖြစ်နေသည်မှာ သံသယအလျဉ်းရှိစရာမလို။ သူတို့သည် အလွန်လှပသော မိန်းမချောများ ဖြစ်ကြသော်လည်း ကျားရဲမလေးများလည်း ဖြစ်နေကြပြန်၏။ သူတို့၏လက်သည်းများကြောင့် မရေမတွက်နိုင်သော ယောက်ျားများ ဒဏ်ရာအနာတရ ရခဲ့ကြပြီးလည်းဖြစ်သည်။
မိန်းမသားများ တိုက်ခိုက်လာခဲ့ချိန်တွင် ယောက်ျားများတိုက်ခိုက်သည်ထက် ပိုမိုလျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အတွင်းအားအရာတွင် ယောက်ျားသားများနှင့် မယှဉ်နိုင်ကြောင်း သိထားသောကြောင့် ယောက်ျားသားများနှင့် တိုက်ခိုက်နေချိန်၌ အချိန်ဆွဲပြီး မတိုက်ခိုက်လိုကြ။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုတိုင်းသည် ယောက်ျားသားတို့၏ အသက်ကို နှုတ်ယူသွားနိုင်သည့် တိုက်ကွက်များသာ ဖြစ်လေသည်။ သို့သော် လုရှောင်ဖုန်းသည် အခြားယောက်ျားတစ်ယောက် မဟုတ်ပါ။ သူသည် မယုံကြည်နိုင်လောက်စွာပင် ကျန်းချင်းရှာထက် လျင်မြန်နေသေး၏။ ကျန်းချင်းရှာ၏ တိုက်ကွက် ၁၁ ကွက်ကို ပြန်လည် မတိုက်ခိုက်ဘဲ လွယ်ကူစွာပင် ရှောင်တိမ်းသွားခဲ့လေသည်။ ကြည့်ရသည်မှာ လုရှောင်ဖုန်းသည် ပြန်လည်တိုက်ခိုက်လိုခြင်း ရှိနေပုံမရ... သူသာ ပြန်လည်တိုက်ခိုက်ခဲ့မည်ဆိုပါက ကျန်းချင်းရှာအတွက် ထွက်ပေါက်ပင် လုံးဝရှိမည် မဟုတ်ချေ။
“လက်နက်ပုန်း”
ကျန်းချင်းရှာက အံကြိတ်ပြီး သတိပေးအော်ဟစ်လိုက်သည်။
လုရှောင်ဖုန်းသည် ၂ မီတာခန့် အနောက်သို့ ခုန်ဆုတ်သွားခဲ့ပြီးဖြစ်နေသည်။ သို့သော် ကျန်းချင်းရှာသည် မည်သည့် လက်နက်ပုန်းများကိုမှ မပစ်လွှတ်ခဲ့ပါ။ သူမသည် ခန္ဓာကိုယ်ကို လေထဲ၌ပင် တစ်ပတ်လှည့်ခဲ့ပြီး အပြင်ဘက်သို့ ခုန်ပျံထွက်သွားခဲ့လေတော့သည်။ ထိုအချိန်၌ပင် လုရှောင်ဖုန်းသည် လျှပ်စီး၏ လျင်မြန်ခြင်းမျိုးဖြင့် ရုတ်ခနဲ ရောက်ရှိလာခဲ့ကာ သူမ၏ ဖိနပ်တစ်ဘက်ကို ဆွဲထားလိုက်တော့၏။ ဖိနပ်ကိုသာ ဆွဲချွတ်ယူခဲ့ပြီး သူမကိုတော့ အလွတ်ပေးလိုက်လေသည်။ ထိုဖိနပ်အစိမ်းလေးတစ်ရံအောက်တွင် အမှန်တကယ်ပင် အနီရောင်ဖိနပ်ကလေးတစ်ရံ ရှိနေ၏။ အနီရောင်ပန်းထိုးထားသည့် ဖိနပ်တစ်ရံဖြစ်သည်။ သို့သော် သူမသည် မှောင်ရိပ်ခိုကာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။
လုရှောင်ဖုန်း သူမနောက်သို့ ထပ်မလိုက်သွားပါ။ ရွှယ်ပင်းသည်လည်း မလိုက်သွားခဲ့ပါ။ သူမသည် ယခုချိန်ထိ အံ့အားသင့်နေဆဲပင်ဖြစ်၏။
ကျန်းချောင်းဝေသည် တုံနှိဘာဝေ ရပ်တန့်နေသည်မှာ လူသေတစ်ယောက်ကဲ့သို့ဖြစ်၏။
ကျန်းချောင်းဝေ-“သူထွက်သွားခဲ့ပြီလား။”
လုရှောင်ဖုန်း-“သွားခဲ့ပြီ”
ကျန်းချောင်းဝေသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများ တလှုပ်လှုပ် ဖြစ်နေရလေသည်။ သူ၏ မှောင်မည်းနေသည့် မျက်တွင်းဟောက်ပက်ကြီးများသည် သူ့အကြည့်များကို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေစေသေးတော့၏။
လုရှောင်ဖုန်း-“ပန်းထိုးရာဇာလည်း အနီရောင်ဖိနပ်တစ်ရံ စီးထားခဲ့လို့လား။”
ကျန်းချောင်းဝေ၏ အမူအရာများက ပို၍ပင် နာကျင်ခံစားလာရပုံမျိုး ရှိနေသည်။ နောက်ဆုံးမှ ခေါင်းညိတ်ဖြေဆိုလိုက်၏။
“ခင်ဗျား အခုနတုန်းက ဘာဖြစ်လို့ တစ်ခွန်းမှ ဝင်မပြောခဲ့တာလဲ။”
“အစတုန်းက ကျုပ်လည်း ကောင်းကောင်း မမှတ်မိခဲ့ဘူး။ ခင်ဗျားပြောလိုက်မှပဲ ပြန်အမှတ်ရလာခဲ့တာ။”
အပ်ချောင်းထိပ်သွား၏ လျှပ်ပြက်သလို လျှင်မြန်လှသည့် ထိုးစိုက်ချက် သူ့မျက်လုံးများတွင်းသို့ ဝင်ရောက်လာချိန်... ခဏလေးသော အချိန်လေးမှာပင် အနီရောင်ဖိနပ်တစ်ရံကို သတိထားမိသွားခြင်းဖြစ်သည်။ သွေးကဲ့သို့ နီရဲနေသော ဖိနပ်တစ်ရံဖြစ်၏။
“ရှင့်ဆီမှာ ဘယ်လိုမျက်လုံးအကြည့်မျိုးတွေ ရှိနေခဲ့တာလဲဟင်။” ရွှယ်ပင်းက သက်ပြင်းချသံလေးဖြင့် မေးမြန်းလိုက်သည်။ “သူ့ရဲ့ ဖိနပ်မှာ အနီရောင် အတွင်းလိုင်းကြောင်းလေးကို ကျမဖြင့် လုံးဝကို သတိမထားမခဲ့ပါလား။”
“ကျုပ်လည်း သတိမထားမိခဲ့ပါဘူး။”
ရွှယ်ပင်းသည် အံ့အားသင့်သွားခဲ့ရပြန်၏။
“သူ စီးထားတဲ့ ဖိနပ်က သူ့ဝတ်ရုံကြီးနဲ့ မလိုက်ဖက်ဘူးလို့ ထင်ထားခဲ့တာ။ ပြီးတော့ ဖိနပ်က အတော်လေး ကြီးနေပြန်တယ်။ အထဲမှာ တစ်ခုခု ခံပြီး စီးထားသလိုမျိုးကြီးဖြစ်နေတယ်လို့ ခံစားမိလို့။”
“ဒါကြောင့် ရှင် သူ့ကို စမ်းသပ်ခဲ့တာပေါ့လေ။”
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
“ရှင့်လိုလူမျိုးနားမှာ ရှိနေတဲ့လူတိုင်းတော့ သိပ်ကိုအန္တရာယ်ကြီးလှပါလား။” ရွှယ်ပင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမကိုယ်သူမ ရေရွတ်သလိုမျိုး ပြောဆိုလိုက်တော့၏။
“ဆွန်းကျုံးကတော့ ဒီစကားကို သဘောတူလိမ့်မယ်မထင်ဘူး။” လုရှောင်ဖုန်းက ပြုံးရွှင်စွာဖြင့်-“မင်းဟာ ကျုပ်ထက်ပိုပြီး အန္တရာယ်ရှိမယ်လို့ သူ ထင်ထားမှာ သေချာတယ်။”
“ကျမ သူ့ခြေထောက်နှစ်ချောင်းကို ဖြတ်ပစ်ခဲ့ရမှာ...” ရွှယ်ပင်းက နောက်ပြောင်လိုက်သည်။
လုရှောင်ဖုန်း-“သူ ညည်းကို ပြဿနာလာရှာသေးလား။”
“သူ မလာရဲပါဘူး။”
“ဒါပေမဲ့... သူ့ရဲ့လက်ပြတ်ကြီးက မင်းရဲ့စားပွဲပေါ်က ပန်းကန်ပြားကြီးပေါ် ဘယ်လိုလုပ်ပြီး ရောက်နေခဲ့တာလဲ။”
“ဘယ်လက်ပြတ်ကြီးလဲ။” ရွှယ်ပင်းသည် အံ့အားသင့်သွားခဲ့ရပြန်၏။
“အဲဒီလက်ပြတ်ကြီးကို မင်း မမြင်ခဲ့ရဘူးလား။”
“လုံးဝမမြင်ခဲ့ဘူး။”
“အဲဒီလက်ပြတ်ကြီး ပန်းကန်ပြားပေါ် သူ့ဟာသူ ခုန်တက်လာတာတော့ မဖြစ်နိုင်ဘူး။” လုရှောင်ဖုန်းသည် တွန့်တွန့်လေးပြုံးနေ၏။ သူ့တစ်သက်လုံး ဤကိစ္စကြီးကို အဖြေထွက်အောင် စဉ်းစားနိုင်လိမ့်မည် မဟုတ်ပါ။
ရွှယ်ပင်း-“ဒီကိစ္စဟာလည်း ကျမ စဉ်းစားလို့မရနိုင်တဲ့ အချက်ပဲ။”
“စိခုန်းကျိုက်ရှင်းက ကျမကို ဒီနေရာကို ပစ္စည်းလာပို့ခိုင်းခဲ့တာ။ သူက ရှင့်ကိုလည်း ဘာဖြစ်လို့ ဒီနေရာကို မျှားခေါ်လာခဲ့ရပြန်တာလဲ။”
“သူလိုလူတစ်ယောက်လုပ်တဲ့ ကိစ္စတွေကို ဘယ်သူမှ မသိနိုင်ဘူး။” လုရှောင်ဖုန်းက သက်ပြင်းချလိုက်ပြီး-“အဲဒါကြောင့် ဒီကိစ္စကို ဆက်ပြီးမစဉ်းစားတာ အကောင်းဆုံးပဲ။”
“ကျုပ် နားမလည်နိုင်တာတစ်ခုလည်း ရှိနေသေးတယ်။ ချင်းရှာက ဘာဖြစ်လို့ ဒီလိုအလုပ်မျိုးကို လုပ်ခဲ့ရတာလဲ။” ကျန်းချောင်းဝေက မျက်နှာအပျက်ပျက်ဖြင့် မေးမြန်းလိုက်လေသည်။
လုရှောင်ဖုန်း-“ခင်ဗျားလည်း မစဉ်းစားဘဲ မနေနိုင်ဘူးကိုး။”
“ဘာဖြစ်လို့လဲ”
“ဘာကြောင့်လဲဆိုတော့ သူ လုပ်ခဲ့တာမဟုတ်လို့ပေါ့။” လုရှောင်ဖုန်း ပြုံးနေလိုက်ပြန်သည်။
“သူ့လက်ချက် မဟုတ်ဘူး... ဟုတ်လား။” ကျန်းချောင်းဝေသည် လုရှောင်ဖုန်း၏ အဖြေစကားကြောင့် အံ့အားသင့်သွားခဲ့ရပြန်၏။ “သူက ပန်းထိုးရာဇာ မဟုတ်ဘူးလား။”
“ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူ့ရဲ့ သိုင်းပညာက မဆိုးပါဘူး။ ဒါပေမဲ့ ချန်းမန်တျန့်နဲ့ ဟွာရိဖန်းတို့လို သိုင်းအကျော်အမော်ကြီးတွေကို မျက်လုံးကန်းသွားအောင် တိုက်ခိုက်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။”
“သူ အကြံအစည်ရှိရှိ ဖုံးကွယ်ထားတာမဟုတ်မှန်း ခင်ဗျားသိနေခဲ့တယ်ပေါ့။”
“ကျုပ် သိနိုင်ပါတယ်။”
“ဒါကြောင့်လည်း သူ့ကို ခင်ဗျား ပေးသွားခဲ့တာကိုး။” ကျန်းချောင်းဝေက သက်ပြင်းကြီး ချကာ ပြောလိုက်လေတော့သည်။
ထိုစကားကို လုရှောင်ဖုန်း မငြင်းဆန်ခဲ့ပါ။ လူတစ်ယောက်၏ ဖိနပ်တစ်ဘက်ကို သူ ဆုပ်ဖမ်းနိုင်ခဲ့သည်ဆိုပါက ထိုလူ၏ ခြေထောက်များကိုလည်း ဆုပ်ဖမ်းနိုင်ခဲ့မည်သာ။ ထိုသူ၏ ခြေထောက်ကို ဆုပ်ဖမ်းထားနိုင်ပြီဆိုပါက ထိုသူသည် မည်သို့မျှ လွတ်မြောက်ထွက်ပြေးသွားနိုင်တော့မည် မဟုတ်ပါ။
“ဒီကိစ္စကြီးဟာ သူနဲ့ဘာမှ မသက်ဆိုင်ဘူးဆိုရင် ဘာဖြစ်လို့ ထွက်ပြေးသွားခဲ့ရတာလဲ။” ကျန်းချောင်းဝေသည် မျက်မှောင်ကျုံ့ထားပြီး အတန်ကြာ လေးလေးနက်နက်တွေးတောနေရာမှ မေးမြန်းလိုက်၏။
“ဘာကြောင့်လဲဆိုတော့ သူ့မှာ လူသိမခံစေချင်တဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိနေလို့ပေါ့။” လုရှောင်ဖုန်းက စကားအဆုံးသပ်ပေးလိုက်သည်။
“ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ။”
“အနီရောင်ဖိနပ်ကလေးတစ်ရံရဲ့ လျှို့ဝှက်ချက်ပေါ့။”
“ပန်းထိုးရာဇာလည်း အနီရောင်ဖိနပ်တစ်ရံ စီးထားခဲ့တာပဲ။” ကျန်းချောင်းဝေက ခေါင်းတညိတ်ညိတ်ဖြင့်-“သူတို့တွေ တစ်ဖွဲ့တည်းကများလား။”
“ဟုတ်ချင်လည်းဟုတ်မယ်... ဟုတ်ချင်မှလည်းဟုတ်မယ်။” လုရှောင်ဖုန်း ပြန်ဖြေလိုက်သည်။ သူပြောခဲ့သည့် စကားများမှာ ဘာမှ အဓိပ္ပါယ်မရှိမှန်း သိနေသော်လည်း သူ့ထံတွင် ပြန်ဖြေစရာစကား မရှိခဲ့ပါ။ “ပန်းထိုးရာဇာဟာ သိပ်ကိုထက်မြက်ထူးချွန်လွန်းတဲ့သူ၊ သိပ်ပြီး အင်အားကြီးမားသူ၊ မုတ်ဆိတ်မွေးအတုတတ်ထားပြီး ဖိနပ်အနီတစ်ရံ စီးထားတဲ့ မိန်းမတစ်ယောက်...”
ထိုအချက်များသည် သူတို့ သိထားကြသည့် အချက်များသာ ဖြစ်ကြပြီး ထိုအချက်များသည် သူတို့အတွက် မသေချာသေးပါ။ သက်သေပြဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေး။
“သူဟာ ရိုးသားပြီး၊ အပြစ်ကင်းတဲ့ သိမ်သိမ်မွေ့မွေ့ မိန်းကလေးတစ်ယောက်ပါ။” ကျန်းချောင်းဝေ၏ အမူအရာများက ပို၍ပင် လှိုက်လာခဲ့၏။ “သူဟာ ယောက်ျားတစ်ယောက်အတွက် ဇနီးကောင်းတစ်ယောက် သေချာပေါက် ဖြစ်နိုင်ခဲ့ပါရက်နဲ့ တကယ်ပဲ ပြောင်းလဲသွားခဲ့တာများလား။”
“ခင်ဗျား သူ့ကို ပြန်တွေ့ခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။” လုရှောင်ဖုန်း ကောက်ကာငင်ကာ မေးမြန်းလိုက်၏။
“သိပ်မကြာသေးပါဘူး။ ကျုပ် မွေးနေ့တိုင်းမှာ သူ နှစ်စဉ်နှစ်တိုင်း လာလေ့ရှိတယ်။”
“ခင်ဗျားရဲ့ မွေးနေ့က...”
“၅ လပိုင်း ၁၄ ရက်”
“ဓားပြမှုကြီးက ဘယ်နေ့မှာ ဖြစ်ခဲ့တာလဲ။”
“၆ လပိုင်း ၁၁ ရက်။”
လုရှောင်ဖုန်း ဘာစကားမှ မပြောတော့ပါ။ ကျန်းချောင်းဝေသည် တစ်ခုခုကို ပြန်လည်ပြောဆိုရန် ကြိုးစားခဲ့သော်လည်း ပြန်လည်မျိုသိပ်ထားခဲ့ပြီး သက်ပြင်းရှည်ကြီးကိုသာ ချမိလိုက်တော့၏။ ပြီးနောက် ခေါင်းငုံ့ထားကာ စမ်းစမ်း စမ်းစမ်းဖြင့် ထွက်ခွာသွားတော့၏။
အမှောင်ထုထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော သူ၏ အရိပ်ကို ငေးကြည့်နေရင်း ရွှယ်ပင်းသည် သက်ပြင်းမောကြီး ချမိလိုက်လေတော့သည်။
“သူ တော်တော် ခံစားနေရမှာပဲ။”
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။
“ကျန်းချင်းရှာက သူ့ဆီကို ၅ လပိုင်း ၁၄ ရက်မှာ ရောက်လာခဲ့တယ်။ တစ်လတောင် မပြည့်သေးဘူး... ဓားပြမှုကြီး ပေါ်ပေါက်လာခဲ့တော့တာပဲ။”
“တိုက်ဆိုင်မှု တစ်ခုဆိုတာကလွဲလို့ ဘာမှ မဖြစ်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ။”
“ဘဏ္ဍာတော်တိုက်ရဲ့ လုံခြုံရေးက ယင်တစ်ကောင် မဝင်နိုင်လောက်အောင်ကို တင်းကြပ်လွန်းတာ... ပန်းထိုးရာဇာက ဘယ်လိုလုပ်ပြီး အထဲကို ဝင်သွားနိုင်ခဲ့ရတာလဲ။”
“စဉ်းစားကြည့်...”
“တစ်ယောက်ယောက်က နန်းတော်ထဲကို နဂိုကတည်းကဝင်သွားခဲ့ပြီး နန်းတော်မြေပုံကို ဆွဲပေးခဲ့မယ်... ပြီးတော့ ဘဏ္ဍာတော်တိုက်ရဲ့ သော့ကို ဖယောင်းနဲ့ ပုံသွင်းထားခဲ့မယ် ဆိုရင်ကော...”
သူမ စဉ်းစားမိခဲ့သည့် တွေးဆချက်များကို ရှင်းပြနေရင်း ရွှယ်ပင်း၏ မျက်လုံးအရောင်များ တောက်ပလာခဲ့ကြလေသည်။
“အဲဒီလူဟာ ကျန်းချင်းရှာကလွဲပြီး တခြားလူမဖြစ်နိုင်ဘူးလို့ မင်း ဆိုလိုချင်တာလား။”
ထိုအမေးကို ရွှယ်ပင်း မငြင်းဆန်ခဲ့ပါ။ “ကျန်းချောင်းဝေကို အနီးကပ်ချဉ်းကပ်နိုင်သူဟာ သူတစ်ယောက်တည်းပဲ ရှိတယ်။ ဘဏ္ဍာတော်တိုက်ရဲ့ သော့ဟာလည်း ကျန်းချောင်းဝေတစ်ယောက်တည်းဆီမှာပဲ ရှိနေတယ်လေ။”
“ချင်းရှာက လျှို့ဝှက်စွာနဲ့ သော့တူလုပ်ခဲ့ပြီး ဖယောင်းသော့ပုံတူကို ပန်းထိုးရာဇာကို ပေးခဲ့တယ်လို့ မင်း ပြောချင်တာလား။”
“အမှန်ပဲ”
“ဒါနဲ့ပဲ ပန်းထိုးရာဇာက အဲဒီသော့တူနဲ့ ဘဏ္ဍာတော်တိုက်ကြီးကို ဖွင့်ဝင်ခဲ့တယ်ဆိုပါတော့။”
“ဒီလိုပဲ ဖြစ်ရမယ်လို့ ကျမ ထင်တယ်။”
“မင်းရဲ့ တွေးဆချက်တွေက သိပ်မဝေးပါဘူး။ ဒါပေမဲ့ မင်း မေ့နေတာ အချက်နှစ်ချက် ရှိနေသေးတယ်။”
“ဘာတွေလဲ”
“ဘဏ္ဍာတော်တိုက်ကြီးရဲ့ ဝင်ပေါက်တံခါးတွေဟာ ၂၄ နာရီလုံးလုံး အစောင့်တွေ တင်းတင်းကြပ်ကြပ် ချထားတယ်။ မုတ်ဆိတ်မွေးကြီးနဲ့ လူထွားကြီးတစ်ယောက်က ဘဏ္ဍာတော်တိုက်တံခါးကြီးကို ဖွင့်ဝင်ပြီး အစောင့်တွေမမြင်အောင် ဝင်သွားနိုင်ခဲ့တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကိုယ်ပျောက်နေသူတစ်ယောက် ဖြစ်နေမှပဲ ဖြစ်နိုင်မယ်။”
ထိုစကားအတွက် ရွှယ်ပင်းထံတွင် ဖြေရှင်းချက် မရှိတော့ပါ။
“ဒါတင်မကသေးဘူး။ အဲဒီနေ့က ကျန်းချောင်းဝေ ဘဏ္ဍာတော်တိုက်ထဲကို ဝင်သွားတုန်းက တံခါးမကြီးဟာ အပြင်ဘက်ကနေ သော့ခတ်ထားတယ်။ ပန်းထိုးရာဇာက အတွင်းထဲကနေ အပြင်ဘက်ကသော့ကို ခတ်ထားဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။”
“ကောင်းပြီလေ... ကျမရဲ့ တွေးထင်ထားမှုတွေဟာ မှားနေတယ်ဆိုရင် ပန်းထိုးရာဇာ ဘယ်လိုလုပ်ပြီး ဝင်သွားခဲ့လဲဆိုတာ ရှင်ပဲ ပြောပြစမ်းပါဦး။”
“သူ အသုံးပြုခဲ့တာ သိပ်ကိုတစ်မူထူးခြားတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်။ ကျန်းချင်းရှာနဲ့ ဘာမှမဆိုင်လောက်ဘူး။”
“ရှင်တောင်မှ သူအသုံးပြုခဲ့တဲ့ တစ်မူထူးခြားလွန်းတဲ့ နည်းလမ်းကို မစဉ်းစားနိုင်ဘူးဆိုတော့...” ရွှယ်ပင်းက အေးစက်စွာ တုံ့ပြန်လိုက်၏။
“ဒါကြောင့် ကျုပ်ကိုယ်တိုင် ကြိုးစားကြည့်မှ ဖြစ်မယ်။”
“ကြိုးစားကြည့်မယ်... ဟုတ်လား။”
“အဲဒီထဲကို ကျုပ်ကိုယ်တိုင် ဝင်နိုင်လားဆိုတာ စမ်းသပ်ကြည့်ချင်တယ်။”
ရွှယ်ပင်းသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် လုရှောင်ဖုန်းကို အံ့အားသင့်စွာ ငေးကြည့်နေလေတော့သည်။
“ရှင် မူးနေတာများလား။”
“ကျုပ် ဒီနေ့ အရက်တစ်စက်ကလေးမှ မသောက်ရသေးဘူး။”
“ရှင် အရက်တစ်စက်ကလေးမှ မသောက်ခဲ့ရသေးဘူးဆိုရင်လည်း ရူးနေလို့ပဲ ဖြစ်ရမယ်။ အမူးပြေနေတဲ့ ပုံမှန်လူတစ်ယောက်ဆိုရင် ဒီအလုပ်ကို တွေးကြည့်မှာတောင် မဟုတ်ဘူး။”
“အိုး...”
“နန်းတော်ထဲမှာ အစောင့်တွေ ဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာ ရှင်သိလား။”
“အယောက် ၈၀၀ လောက်ရှိမှာပေါ့။”
“အယောက်တိုင်း အယောက်တိုင်းမှာ သိပ်ကိုပြင်းထန်တဲ့ ကျူကော့ လေးတွေ ဆောင်ထားကြတယ်ဆိုတာလည်း ရှင်သိမှာပေါ့။ လူတစ်ယောက်ဝင်လာတာကိုသာ သိရင် အဲဒီလူတော့ ဖြူကောင် ဖြစ်သွားမှာ သေချာတယ်။”
“ကျုပ် သိပါတယ်။”
“ပြီးတော့ နန်းတော်ထဲမှာ လေးသည်တော်တွေအပြင် သိုင်းအကျော်အမော်တွေ ဘယ်နှစ်ယောက်ရှိသလဲဆိုတာလည်း ရှင်သိမှာပါ။”
“ကောင်းကင်က ကြယ်ပွင့်တွေလိုပဲလေ။”
“နောက်ပြီး မင်းသားလေးရဲ့ ဓားသိုင်းပညာက မိုးတိမ်ဖြူရဲတိုက် အရှင်သခင်ကိုယ်တိုင်က သင်ကြားထားပေးတယ်ဆိုတာလည်း ရှင်သိပါတယ်။”
“ပြောသံကြားဖူးတာကတော့... မင်းသားလေးဟာ နန်းတော်ထဲမှာ အတော်ဆုံး သိုင်းသမားလို့ ပြောကြတယ်။”
“နန်းတော်ထဲမှာရှိနေတဲ့ ကန့်သတ်နယ်မြေကို ခိုးဝင်လာတဲ့သူမှန်သမျှ ဖမ်းမိသွားရင် ခြွင်းချက်မရှိ သေမိန့်ထုတ်ထားတယ်ဆိုတာလည်း ရှင်သိမှာပါ။”
“ကျုပ် သိပါတယ်။”
“ဒါနဲ့ပဲ ရှင်က အထဲကို ခိုးဝင်ချင်သေးတယ်ပေါ့လေ။”
“အင်း”
“ရှင် သေချင်နေတာများလား။”
“မသေချင်ပါဘူး”
“နန်းတော်ထဲကို ခိုးဝင်သွားခဲ့ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မယ်လို့ ရှင် ဘာအတွက် ထင်ထားခဲ့ရတာလဲ။”
“ဘာမှ မရှိပါဘူး။”
“ဒါဆိုရင် ရှင် ဘာဖြစ်လို့ စွန့်စားချင်နေရတာလဲ။” ရွှယ်ပင်းက နှုတ်ခမ်းများ ဖိကိုက်ထားနေရင်း-“ကျန်းချင်းရှာမှာ အပြစ်မရှိဘူးဆိုတာ သက်သေပြချင်လို့လား။”
“ဒီကိစ္စကြီးတစ်ခုလုံးမှာ သူ ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာကို ရှာဖွေချင်တဲ့စိတ် တစ်ခုတည်းကြောင့်ပါ။”
“သူ့ကို ရှင် တကယ်ပဲ ဂရုစိုက်တယ်ပေါ့လေ။”
“သူ့ကို ကျုပ် ကြိုက်တယ်လေ”
ရွှယ်ပင်းသည် ရုတ်တရက် ထခုန်ခဲ့ပြီး လုရှောင်ဖုန်းကို စူးရှလွန်းသည့် ဒေါသကြည့်များဖြင့် ကြည့်နေလိုက်၏။
“ကောင်းပြီလေ... သွားသေလိုက်တော့...” သူမသည် ကျယ်လောင်စွာ အော်ပြောလိုက်တော့၏။
တိုက်ခတ်လာသည့်လေက ပို၍ပင် ညင်သာလာ၏။ အထီးကျန်ဆန်နေသည့် ခြံဝင်းကလေးသည် ပို၍ပင် အထီးကျန်ဆန်သွားလေတော့သည်။ လုရှောင်ဖုန်း လျှောက်ထွက်လာခဲ့ပြီး ရွှယ်ပင်းသည် သူ့နောက်မှ ကပ်ပါလာခဲ့၏။
“ကျမတို့ အခု အရှေ့တောင်ဘက်ကို ဦးတည်သွားကြမယ်မဟုတ်လား။”
“ကျမတို့... လာပြန်ပြီလား...ကျမတို့...” လုရှောင်ဖုန်းကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူ့ပါးစပ်တွင်းသို့ မန်ကျည်းသီးများ အပြွတ်လိုက် သွတ်သွင်းပေးခြင်းကို ခံလိုက်ရသူတစ်ယောက်လို ဖြစ်နေရ၏။
“ဟုတ်ပရှင်... ကျမတို့ပါ” ရွှယ်ပင်းက မျက်နှာထားတည်တည်ဖြင့် ပြောဆိုလိုက်သည်။ “ကျမကို ဒီနေရာမှာ တစ်ယောက်တည်း ချန်သွားခဲ့မယ်လို့များ ရှင် တွေးနေတာလား။”
လုရှောင်ဖုန်း အမှန်တကယ်ပင် စဉ်းစားထားခဲ့ပါသည်။ သို့သော် သူမလို မိန်းမသားတစ်ယောက်သည် သူ့နောက် တကောက်ကောက်လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုပါက မည်သည့်နည်းလမ်းများကို အသုံးပြုစေကာမူ ခါချလို့ရမည်မဟုတ်မှန်း သူ သိနေပါ၏။
“မင်းက ကျုပ်နောက်ကို လိုက်ပြီး ဘာလုပ်မှာတုန်း။ ကျုပ်နဲ့အတူ လိုက်သေချင်နေလို့လား။”
“မဟုတ်ဘူး။” ရွှယ်ပင်းက နှုတ်ခမ်းများ ဖိကိုက်ထားပြီး ဆက်ပြောလိုက်သည်။ “ရှင်သေပြီးတဲ့အခါ ဘယ်လိုရှိလဲဆိုတာ မြင်ချင်လွန်းလို့... သိပြီလား။”
+++++
လမ်းကလေးကို အစိမ်းရောင် ကျောက်ပြားများဖြင့် ခင်းထား၏။ အနီရောင် ဝါဂွမ်းပင်များမှာ မေပယ်လ်ပင် နီနီများထက်ပင် အနီရောင်ပို၍ တောက်နေကြသေး၏။ အရောင်အသွေးစုံလင်နေပုံမှာ ညနေခင်း နေဝင်ချိန် ပုဇွန်ဆီရောင် တောက်နေသလိုမျိုးပင်။
“ဒါ ဝမ်ပင်းမြို့တော်ပဲ။”
“အင်း...”
“ဒီမှာ အစားအသောက်တွေက အကောင်းဆုံးလို့ ကြားဖူးတယ်။”
“မင်း စားဖူးလို့လား။”
“မစားဖူးပါဘူး... ဒါပေမဲ့ ဘယ်အစားအစာတွေက အကောင်းဆုံးလည်းဆိုတာတော့ သိထားတယ်။”
“ကောင်းပြီလေ... ပြောကြည့်ပါဦး။”
“သံကွင်း၃ကွင်းရဲ့ တောင်ပံကြီးတွေ၊ ဝမ်ယွန်ရဲ့ အရောင်တစ်ရာ ကြက်သား၊ စီယွန်ရဲ့ ရေကန်အသီးအနှံတွေ၊ နန်းယွန်ရဲ့ ခရုခွံမီးကင်တွေ...”
ရွှယ်ပင်းသည် အစားအသောက်စာရင်းတို့နေရာမှ ရပ်တန့်ပစ်လိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သွားရည်တမြားမြားကျလာကြောင်း ခံစားမိလိုက်သောကြောင့် ဖြစ်လေ၏။
“အဲဒီဆိုင်တွေက ဒီလောက်ကြီးလည်း မပြောပလောက်ပါဘူး။ ဒီမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ အစားသောက်ကို မင်း မမြည်းစမ်းဖူးလောက်သေးဘူးထင်တယ်။” လုရှောင်ဖုန်းက သူမအား အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။
“အဲဒီနေရာက အစားအသောက်တွေကို အခုခေါ်သွားကျွေးတော့မှာလား။” ရွှယ်ပင်းသည် မျှော်လင့်ချက်ရောင်ခြည် အကြည့်များဖြင့် မေးမြန်းလိုက်လေသည်။
“မင်း ကိုယ်တိုင်က မိန်းမကောင်းလေးတစ်ယောက်လို နေမယ်ဆိုရင် အစားအသောက်ကောင်းတွေကို စားရစေမယ်လို့ ကျုပ် အာမခံတယ်။”
လုရှောင်ဖုန်း ဤမြို့လေးသို့ ရောက်ဖူးကြောင်း သိသာထင်ရှားစေသည့်အချက်မှာ လမ်းများကို သိနေသော မြင်းအိုကြီးတစ်ကောင်လို သူ၏ အကြည့်များကြောင့်လည်း ဖြစ်ပြန်၏။ ရွှယ်ပင်း သူ့နောက်ကနေ ကပ်လိုက်လာချိန်တွင် လုရှောင်ဖုန်းသည် ဟိုလမ်းဝင် သည်လမ်းထွက်ဖြင့် လျှောက်သွားလိုက်ရာ အလွန်ကျဉ်းမြောင်းလွန်းသည့် လမ်းသွယ်လေးတစ်ခုတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။ လမ်းသွယ်လေးထဲ၌ မီးအိမ်များ ခပ်မှိန်မှိန်သာ ထွန်းညှိထားသည်။ မြေကြီးမှာလည်း လွန်ခဲ့သည့်ရက်များက ရွာသွန်းခဲ့သော မိုးရေကြောင့် ဗွက်ပေါက်နေသည်။ လမ်းဘေးတစ်ဘက်တစ်ချက်စီတွင် မျိုးစုံလှသော ဆိုင်ငယ်လေးများ တန်းစီနေကြသည်။ သို့သော် ဆိုင်တိုင်း၏ တံခါးပေါက်များသည်လည်း အလွန်မှပင် ကျဉ်းမြောင်းလှလေသည်။ တံခါးများ၌ အဝင်အထွက် ပြုလုပ်နေကြသည့်လူတိုင်းကို ကြည့်ရသည်မှာ အနုပ်စုပ်ကုပ်စုပ် ပုံစံများပင် ဖြစ်ကြလေသည်။
“ဒီလိုနေရာမျိုးမှာ အစားအစာကောင်းတွေ ရနိုင်ပါ့မလား...” ရွှယ်ပင်းသည် တစ်ယောက်တည်း တီးတိုးရေရွတ်သလိုမျိုး အသက်ရှူသံလေးကြားရရုံသာ ရေရွတ်နေလိုက်၏။ သို့သော် သူမသည် ကျယ်လောင်စွာဖြင့် မမေးမြန်းရဲခဲ့ပါချေ။ ဤနေရာသည် သူမအတွက် တိုင်းပြည်သစ်တစ်ခုလို ဖြစ်နေသည်မဟုတ်ပါလား။ ဒေသခံများ ပြောဆိုနေကြသည့် ဒေသခံစကားများကို သူမ တစ်လုံးတစ်ပါဒမျှ နားမလည်ပါ။ လုရှောင်ဖုန်းက ဤနေရာ၌ သူမကို တစ်ယောက်တည်း ချန်ထားသွားခဲ့မည်ကိုပင် စိုးရိမ်စိတ်ဝင်နေရလေသည်။
ထိုအချိန်လေး၌ပင် သူမ၏နှာခေါင်းတွင်းသို့ လွန်စွာမှ မွှေးပျံ့သင်းကြိုင်သော အစားအစာရနံ့များ တိုးဝှေ့ဝင်ရောက်လာခဲ့ကြလေသည်။ ဤမျှလောက် ချိုစိမ့်သော အစားရနံ့များကို သူမတစ်သက်တာတွင် တစ်ခါမှ မရခဲ့ဖူး။ လုရှောင်ဖုန်း သူမကို ညာပြောခဲ့ခြင်း လုံးဝမဟုတ်ခဲ့ပါ။ ဤနေရာတွင် အစားအစာကောင်းများ တကယ်ပင် ရှိနေပါသည်။
“ဘာအနံ့တွေလဲဟင်...”
“ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဆိုတဲ့ အစားအစာလေ... စားပြီးသွားရင် မင်းကိုယ်တိုင်က ဝန်ခံသွားစေရမယ်...” လုရှောင်ဖုန်းက ယျထာဘုတကျကျ ရှင်းပြလိုက်၏။
လမ်းသွယ်လေး၏ အနောက်ဆုံးလောက်တွင် ဆိုင်သေးသေးလေးတစ်ဆိုင် ရှိနေသည်။ ဆိုင်တံခါးဝတွင် မီးဖိုအကြီးစားကြီးတစ်ခု ရှိနေပြီး မီးဖိုပေါ်တွင်တော့ အိုးအကြီးကြီးဖြင့် ချက်ပြုတ်ထားသည့် အစားအစာများ ရှိနေလေသည်။ စောစောလေးတုန်းက ရခဲ့သော အစားရနံ့မှာ အနှီဟင်းအိုးကြီးထဲမှ ထွက်ပေါ်လာခဲ့ခြင်းပင်။ သို့သော် ဆိုင်ငယ်လေးထဲတွင်မူ အင်မတန်မှ ညစ်ပတ်ပေရေနေ၏။ နံရံများ၊ ထိုင်ခုံများနှင့် စားပွဲတိုင်းလိုလို ဆီဂျေးများ အထပ်ထပ်ဖြင့် ညစ်ပတ်ပေရေနေ၏။ တံခါးဝတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကြီးပင် မည်းညစ်နေရပြီး ရေးထားသည့်စာလုံးများကို ဖတ်၍ပင်မရနိုင်တော့ပါ။ သို့သော် ဤရနံ့များသည် ဆွဲဆောင်မှုအား ပြင်းလှလေသည်။ သူတို့ ထိုင်လိုက်စဉ်ပင်ရှိသေးသည်... စားပွဲထိုးတစ်ယောက်သည် ပန်းကန်လုံးခပ်ကြီးကြီး နှစ်လုံးတွင်းသို့ ဟင်းအိုးကြီးထဲမှ တောက်တောက်စင်းအသားများကို ဇွန်းလုံးကြီးဖြင့် ခပ်ကော်ကာ ယူဆောင်လာပေးခဲ့၏။
ဤနေရာတွင် ဤအစားအစာမှလွဲ၍ ကျန်မည်သည့်အစားအစာများကို ရောင်းချပုံမပေါ်။ အသားလုံးများသည် အငွေ့တထောင်းထောင်းထနေကြ၏။ အနံ့များက သင်းပျံ့လွန်းလှသလို ကြည့်၍လည်း လွန်စွာပနာရနေသည်။
လုရှောင်ဖုန်းသည် ပန်းကန်လုံးထဲမှ တစ်ဇွန်းခပ်ယူလိုက်ပြီး ရွှယ်ပင်းကို ကမ်းပေးလိုက်၏။
“ပူနေတုန်းလေး မြန်မြန်စားလိုက်... အေးသွားရင် ပူနေတုန်းလောက် စားလို့မကောင်းတော့ဘူး။”
ရွှယ်ပင်းသည် တစ်ဇွန်းလောက် အရင်မြည်းကြည့်လိုက်သေး၏။ ပြီးနောက်တွင်တော့ နောက်ထပ် ဇွန်းများစွာကို မြိန်ရေယှက်ရေ စားနေလေတော့၏။ လွန်စွာမှပင် အရသာရှိလှလေသည်။
“ဒီထဲမှာ ဘာတွေ ပါတာလဲ။” သူမ မေးရမည်လေ...။ “အသားတွေအပြင် အခြားဟာတွေလည်း အများကြီး ပါနေသလိုပဲ။”
“မင်း ကြိုက်တယ်မဟုတ်လား။”
“အရသာရှိတယ်...”
“အရသာရှိတယ်ဆိုရင်... များများစား... စကားနည်းနည်းပဲပြော။”
လုရှောင်ဖုန်းသည် တစ်ပန်းကန် ကုန်သွားခဲ့ပြီဖြစ်ပြီး နောက်ထပ် တစ်ပန်းကန် မှာယူစားသောက်နေပြန်၏။ ရုတ်တရက်ဆိုသလို... သူသည် စားပွဲထိုးလေးအား ထူးဆန်းလှသည့် လက်ဟန်ခြေဟန်များ ပြလိုက်ရာ စားပွဲထိုးသည် ဤသို့အပြင်လူတစ်ယောက်ကို ဂရုမစိုက်၊ အရေးမထားဘဲ မနေနိုင်စွာ ပြေးလှမ်းလာလေတော့သည်။
လုရှောင်ဖုန်း၏ လက်ဟန်ခြေဟန်များကို မြင်တွေ့လိုက်ရသည်နှင့် စားပွဲထိုး၏ အမူအရာမှာ လွန်စွာမှပင် ရိုကျိုးသေဝပ်သွားလေတော့၏။
“ဘာရိုချင်ရာဒုန်း...” စားပွဲထိုးသည် မျက်နှာတွင် လန်းဆန်းသော အပြုံးကြီး ပြုံးထားကာ မေးမြန်းလိုက်၏။
လုရှောင်ဖုန်း-“နာ အူတစ်ယောက် ရိုက်ရှာနေရရ်..”
“ဘူ့ ကိုတွေ့ချင်ရာရဲ..”
“မြွေဘုရင်...”
စားပွဲထိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
“ခညားက ဘာဖလို့ သူ့ကို တွေ့ချင်ရရာရဲ..”
“နာ့ မရိုးရိုးနမယ်က လု.. အူ့ကို ဒါပဲပရောလိုက်... အူနားလည်ရရ်..”
စားပွဲထိုးသည် အတန်ကြာမျှ စဉ်းစားနေလိုက်ပြီး နောက်ဆုံးမှ ခေါင်းညိတ်သဘောတူလိုက်လေ၏။
“အီမှာ ခဏစောင့်ရ်နေ...”
ရွှယ်ပင်းသည် တစ်ချိန်လုံး ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေလေသည်။ စားပွဲထိုး ဆိုင်အနောက်ဘက်မှ လျှောက်ထွက်သွားချိန်တွင်မှ စိတ်ထိန်းထားမှုများကို ဖြည်လျှော့ချလိုက်ကာ မေးမြန်းလိုက်တော့၏။
“ရှင်တို့ နှစ်ယောက် ဘာတွေ ပြောနေခဲ့ကြတာလဲ။”
“သူ့ကို လူတစ်ယောက်ကို ရှာခိုင်းနေတာပါ။”
“ဒီလိုနေရာမျိုးမှာ လူတစ်ယောက် လာရှာတယ်... ဟုတ်လား...။ ဘယ်သူ့ကိုလဲ..”
“မြွေဘုရင်”
“မြွေဘုရင်... ဟုတ်လား... ဘယ်သူလဲ မြွေဘုရင်ဆိုတာ...”
“ဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး မင်းဘာတွေ မြင်တွေ့ခဲ့ရလဲ။” လုရှောင်ဖုန်းသည် သူမ၏အမေးကို အဖြေမပေးသေးဘဲ မေးခွန်းပြန်ထုတ်လိုက်၏။
“ဒီဟာက လမ်းမှမဟုတ်တာ။ ညစ်ပတ်စုတ်ပြတ်နေတဲ့ လမ်းသွယ်လေးပဲ။”
“ဒါဟာ လမ်းတစ်လမ်း... ဟုတ်ပြီလား.. ဒီမြို့မှာ အထင်ရှားဆုံးလမ်းတစ်လမ်း...”
“အိုး...”
“ဒီလမ်းထဲမှာ ဘာတွေရှိလဲဆိုတာ မင်း သိလား။”
“ရွံစရာကောင်းလွန်းတဲ့ ပုတ်သိုးပုတ်အဲ့နေတဲ့ လမ်းဘေးဈေးသည်တွေလေ... ပြီးတော့ ဆိုင်ရှင်တွေကလည်း အနုပ်စုပ်ကုပ်စုပ်တွေချည့်ပဲ။”
“အဲဒီလူတွေ ဘာအလုပ်လုပ်မှန်း မင်း မပြောနိုင်ဘူးလား။”
“သူတို့ကို ကြည့်တောင်မှ မကြည့်ချင်ဘူး။ သူတို့အကြောင်း စဉ်းစားဖို့ဆိုတာ ဝေးသေး။”
“မင်း စဉ်းစားကြည့်သင့်တယ်။”
“ဘာဖြစ်လို့လဲ။”
“ဘာကြောင့်လဲဆိုတော့ သူတို့တွေကြားမှာ ခေါင်းဖြတ်မိန့်ထုတ်ထားတဲ့ လူဆိုးသူခိုးတွေမရှိဘူးဆိုရင် အနည်းဆုံး ၁၀ ယောက်လောက် ရှိနေတယ်။ အမြန်ဆုံးဆိုတဲ့ သူခိုးအလစ်သမားတွေ အယောက် ၂၀ လောက်ရှိပြီး အနည်းဆုံး အယောက် ၃၀ လောက်က ထိပ်သီးသိုင်းသမားတွေချည်းပဲ။ မင်းသာ သူတို့မျက်စိတွေထဲ ကန့်လန့်ဖြစ်နေမယ်ဆိုရင် ဒီမြို့ထဲမှာ မင်း ဘာမှမတတ်နိုင်ဘူး။”
“ကျမ သိပြီ... ဒါ လူဆိုးဂိုဏ်းလမ်းပဲ။”
“မြွေဘုရင်ဆိုတာ ဒီလမ်းရဲ့ အရှင်သခင်ပဲ။ သူတို့အားလုံးရဲ့ ခေါင်းဆောင်လည်း ဖြစ်နေပြန်ရော။ သူ့ဆီက စကားတစ်ခွန်းလောက် ဟ လိုက်တာနဲ့ ကျန်လူဆိုးတွေအားလုံးက မင်းခိုင်းသမျှ တသွေမတိမ်း လိုက်လုပ်ပေးကြလိမ့်မယ်။”
“ဒီလူဆိုးတွေကို ရှင့်အတွက် အသုံးချပြီး ရန်ဖြစ်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်။”
“ရန်ဖြစ်တဲ့နေရာမှာ ကျုပ် အကူအညီလိုခဲ့မယ်ဆိုရင် ကျုပ်မှာ အကူအညီပေးမယ့် အတော်ဆုံး လူတစ်ယောက် ရှိနေတယ်လေ... မင်းပဲပေါ့... ဘာဖြစ်လို့ တခြားသူတွေကို အကူအညီတောင်းနေရဦးမှာလဲ။” လုရှောင်ဖုန်းက ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်တော့၏။
“ဒါဆိုရင် မြွေဘုရင်ကို ဘာဖြစ်လို့ လိုက်ရှာနေရတာလဲ။”
“ကျုပ် သူ့ဆီကနေ အကူအညီတစ်ခု တောင်း...”
သူ့စကားပင် မဆုံးလိုက်သေး... စောစောတုန်းက ထွက်ခွာသွားသည့် စားပွဲထိုးလေးသည် အပြေးလေး ပြန်ရောက်လာလေသည်။ လုရှောင်ဖုန်းကို သူဆက်ဆံသည့် အမူအရာများက စောစောတုန်းကထက်ပင် ပို၍လေးလေးစားစား ရှိနေပြီး လွန်စွာမှပင် ရိုကျိုးလှ၏။
“သခိန်လေးတို့က သယ်ရင်းဟောင်းတွေပဲရ်... စောစောက ပရောရောပေါ့ရ်...”
“အူ နာ့ကို မှတ်မိသေးအယ်ရား..” လုရှောင်ဖုန်းက ပြုံးပြီး မေးမြန်းလိုက်သည်။
“အိုးရ်... တိပ်တေချာရာပေါ့ညယ်... လောင်ပန်ကပရောရယ်... သခိန်လေးရဲ့ တိုင်းပညာက လောကကရီးထဲမယ် အကောင်းဆုံးပဲရဲ့။ သယ်ရင်းကောင်း တစ်ယောက်ရဲဖလစ်နေတေးတယ်ရဲ့။ သူ့ဆီ မလန်မလန်ခရော်လာခဲ့ပတဲ့။”
အနောက်ဘက်ရှိ တံခါးကျဉ်းကျဉ်းလေးကို ထွက်လိုက်သည်နှင့် နောက်ထပ် သေးသွယ်ကျဉ်းမြောင်းလွန်းသော လမ်းသွယ်လေးတစ်ခုကို တွေ့လိုက်ရပြန်၏။ ရေနုပ်မြောင်းဆိုးထဲမှ အော့အန်ချင်စရာ အနံ့အသက်များ တလှိုင်လှိုင် ထွက်ပေါ်နေပြီး ယင်တလောင်းလောင်းလည်း ရှိနေသည်။ လမ်းသွယ်လေး၏အဆုံးတွင် နောက်ထပ် တံခါးပေါက်သေးလေးတစ်ခု ရှိနေပြန်သည်။
ထိုတံခါးကို တွန်းဖွင့်ဝင်လိုက်သော် အလွန်ကြီးမားသည့် ခြံဝင်းကြီးတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။ အင်္ကျီဗလာချွတ်ဖြင့် လူ ၁၀ ဦးထက်မက၊ သန်မာတောင့်တင်းသူ ယောက်ျားသားများသည် ကြွေကစားနေကြ၏။ သူတို့သည် စိတ်ပါဝင်စားစွာ ကစားနေကြခြင်းဖြစ်ရာ ချွေးတလုံးလုံးဖြင့် ရှိနေကြလေသည်။ ထောင့်တစ်နေရာတွင်မူ ပခြုပ်ငယ်များ စုပြုံထားရှိထားပြီး ပခြုပ်များထဲတွင်မူ အဆိပ်ပြင်းလှသော မြွေများကို ထည့်ထား၏။ အခြားလှောင်အိမ်ထဲတွင်မူ ခွေးရိုင်းများ၊ ကြောင်ရိုင်းများကို ချုပ်လှောင်ထား၏။ လူတစ်ယောက်သည် အဝါရောင်ခွေးတစ်ကောင်ကို လှောင်အိမ်ထဲမှ ထုတ်ယူလိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုခွေးကို ရေအပြည့်ဖြည့်ထားသည့် စဉ့်အိုးကြီးထဲသို့ တစ်ခါတည်း နှစ်လိုက်ရာ ခွေးသည် တအီအီဖြင့် ရေနစ်သေဆုံးသွားလေသည်။ ထိုအရာကို တွေ့မြင်လိုက်ရသော ရွှယ်ပင်းသည် အော့အန်တော့မတတ်ဖြစ်သွားရလေသည်။
လုရှောင်ဖုန်းကို ကြည့်ရသည်မှာ ဘာမှခံစားရပုံမရ။
“အလွန်တော်တဲ့ ခွေးသတ်သမားဆိုတာ ဒါပေါ့။” လုရှောင်ဖုန်းက အေးအေးဆေးဆေးလေး ကြည့်ရှုလေ့လာပြီး ပြောဆိုလိုက်သည်။ “အဲဒီလိုလုပ်လိုက်တော့ သွေးတစ်စက်မှ မဆုံးရှုံးရတော့ဘူး။ ဒီလိုခွေးသားမျိုးက သိပ်ကို အရသာ ရှိတာကလား။”
ရွှယ်ပင်းသည် ဘာစကားမှ မဆိုနိုင်တော့ဘဲ စောစောတုန်းက အားရပါးရ စားသောက်ခဲ့သည့် အစားအစာများသည် ပြန်အန်ထွက်လာမည်ကဲ့သို့ ခံစားလိုက်ရ၏။
အခြားသူများ ကြွေကစားနေသည်ကို ရပ်ကြည့်နေကြသည့် လူထွားကြီးနှစ်ဦး လျှောက်လှမ်းလာလေသည်။
“ခညားက မြွေဘုရင်ကို လာတွေ့ဒလား။” သူတို့သည် လုရှောင်ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေကြပြီး မေးမြန်းလိုက်သည်။
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်၏။ ထိုလူနှစ်ယောက်သည် ဘာစကားမှ မဆိုတော့ဘဲ လုရှောင်ဖုန်းကို တစ်ဘက်ဆီမှ ချုပ်ကိုင် တိုက်ခိုက်လိုက်ကြလေတော့သည်။
လုရှောင်ဖုန်း မည်သို့မှ မရှောင်တိမ်းခဲ့ပါ။ သို့သော် သူ့ကိုလာထိကြသော လူနှစ်ယောက်မှာမူ လွင့်ပျံသွားခဲ့ကြလေသည်။
စားပွဲထိုးလေးက ပျော်ရွှင်စွာ ချီးကျူးလိုက်တော့၏။
“သူ့ တိုင်းပညာက ကောင်းပဒယ်လို့ နာပရောခဲ့သားပဲရ်... နာ့စကားကို မယုံကြဘလူးဘဲကိုး.... ထပ်ပရီး ကရိုးစားကြည့်ကြပလား...”
ခြံဝင်းထဲရှိလူအားလုံးသည် လုရှောင်ဖုန်းကို အံ့အားသင့်စွာ ငေးကြည့်နေကြပြီး လူသွားလမ်းတစ်လမ်းဖြစ်လာစေရန် လမ်းဖယ်ပေးလိုက်ကြလေတော့သည်။
စားပွဲထိုးသည် နောက်ထပ် ဆိုင်ငယ်လေးတစ်ခုလိုနေရာသို့ ခေါ်ဆောင်သွားပြန်ရာ အလွန်ကျဉ်းမြောင်းသော လှေကားလေးတစ်ခုကို တက်သွားကြပြီး တံခါးပေါက်ငယ်လေးတစ်ခုရှေ့၌ ရပ်တန့်သွားကြပြန်သည်။ တံခါးဝတွင် ပုတီးစေ့များဖြင့် ပြုလုပ်ထားသည့် ခန်းစီးလိုက်ကာတစ်ခု ရှိနေ၏။
“မြွေဘုရင်ရဲ့ နန်းတော်”
မြို့၏ လမ်းသွယ်များကို ထိန်းချုပ်ထားသည့် ခေါင်းဆောင်တစ်ဦးသည် ဤမျှ နိမ့်ကျစုတ်ပြတ်သတ်နေသော နေရာတွင် အဘယ်သို့ နေထိုင်နေပါသနည်း။ ထိုအရာသည် ထူးဆန်းလွန်းလှလေစွဟု ရွှယ်ပင်း ထင်ထားမိလေသည်။ အထဲသို့ရောက်သွားချိန်တွင်မူ သူမ၏ အမြင်နှင့်အထင် တက်တက်စင်အောင် လွဲမှားသွားခဲ့မှန်း သိသွားရတော့၏။ အခန်းထဲတွင် အပြင်လောကနှင့် လုံးလုံးမပတ်သက်သော ကမ္ဘာငယ်လေးတစ်ခု ရှိနေလေသည်။ အချမ်းတကာ့အချမ်းသာဆုံးဆိုသည့် မိသားစုမှ ပေါက်ဖွားလာကာ လုပ်ချင်တာလုပ်နေသော ရွှယ်ပင်းလို မိန်းကလေးတစ်ယောက်သည်ပင် ဤအခန်းလို ကြီးမားခန့်ညားစွာ၊ ချမ်းသာကြွယ်ဝစွာ တန်ဆာဆင်ထားမှုများကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ အခန်းတွင်းရှိ အရာအားလုံးသည် တန်ဘိုးကြီးပေ့ဆိုသည့်၊ ရှားပါးအဘိုးတန်လှသည့် ရှေးဟောင်းပစ္စည်းများဖြင့် တန်ဆာဆင်ထားပြီး လက်ဘက်ရည်ခွက်များဆိုသည်မှာ အဘိုးအနဂ္ဂထိုက်တန်လှသော ကျောက်စိမ်းဖြူသားဖြင့် ပြုလုပ်ထားကြကာ သစ်သီးထည့်သည့် ပန်းကန်များဆိုသည်မှာ ပါးရှားပြည်မှလာသည့် တန်ဘိုးကြီးလှသော စလင်းကျောက်သားများဖြင့် ပြုလုပ်ထားသလို နံရံပေါ်ရှိ ပန်းချီကားများဆိုသည်မှာလည်း အံ့ဩဘနန်းဖြစ်ရလောက်အောင်ပင် ကြီးကျယ်ခန်းနားလွန်းလှသည်။ ပန်းချီကားကြီးနှစ်ချပ်ကိုမူ သူမ သိရှိနေသည်။ တစ်ခုမှာ ဝူတောင့်ကျိ၏ ပုံတူပန်းချီကားကြီးဖြစ်ပြီး နောက်တစ်ခုမှာ မြင်းပုံကိုဆွဲထားသည့် ဟန်ကန်၏ လက်ရာစစ်စစ်ဖြစ်၏။ နောက်ပန်းချီကားကြီးတစ်ချပ်မှာမူ ဧကရာဇ်ကြီးကိုယ်တော်တိုင် ဆွဲထားသည့် အံ့မခန်း ပန်းချီကားကြီးပင် ဖြစ်လေသည်။
လူတစ်ယောက်သည် မြင်းလှုပ်ထိုင်ခုံပေါ်တွင် နောက်မှီပြီး ထိုင်နေ၏။ သူသည် ပြုံးရွှင်စွာဖြင့် လုရှောင်ဖုန်းကို လက်ကမ်း မိတ်ဆက်လာသည်။ ထိုလူ့ထံတွင် အသားဆို၍ ရှာမှရှား တွေ့မြင်နိုင်ရန် ခဲယဉ်းလွန်းလှလေသည်။ သူမ၏တစ်သက်တာတွင် ဤမျှ ပိန်လှီနေသူတစ်ယောက်ကို ရွှယ်ပင်း တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါ။ ထိုသူသည် အရိုးပေါ်အရေတင် ပိန်လှီလွန်းနေရုံမက သူ့မျက်နှာ၌လည်း အရိုးပေါ်တွင် တင်ထားသည့် အရေပြားသာ ရှိနေလေသည်။
အပြင်ဘက်တွင် မီးကင်ထားသလို ပူလောင်နေသည့် ရာသီဥတုကြီးရှိနေသည်တောင်မှ ထိုသူ၏ ထိုင်ခုံပေါ်တွင် ကျားမွေးသားရေ ကပ်ခင်းထားပြီး ထိုသူသည် အနွေးထည်အထူကြီးကိုလည်း ဝတ်ဆင်ထားသေးပြန်၏။ မြို့များ၏ ခေါင်းဆောင်တစ်ယောက်သည် ဤသို့အမြင်ရှိနေမည်မှန်း ရွှယ်ပင်းတစ်ယောက် လုံးဝ ထင်မှတ်ထားခြင်း မရှိခဲ့ချေ။ လုရှောင်ဖုန်းသည် လှမ်းလျှောက်လာခဲ့ပြီး ထိုသူ့ကို တင်းတင်းကြပ်ကြပ်ကြီး လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
“ငါ့လို ဒုက္ခိတတစ်ယောက်ကို မင်း မမေ့သေးဘဲ အလည်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးကွာ။” မြွေဘုရင်သည် ပြုံးနေလေသည်။
ရွှယ်ပင်း သက်ပြင်းချလိုက်တော့၏။ ယခုမှသာ သူမနားလည်သည့် ဘာသာစကားဖြင့် ပြောဆိုသံ စကြားခဲ့ရခြင်း ဖြစ်လေသည်။
လုရှောင်ဖုန်း-“ငါလည်း မင်းကို တွေ့ချင်နေတာ ကြာလှပါပြီကွာ... ဒီတစ်ခေါက် ငါလာခဲ့တာ မင်းကို တွေ့ချင်တာ တစ်ခုတည်းတော့ မဟုတ်ဘူး။”
“ဘာမှ အရေးမကြီးဘူး... ဟုတ်ပြီလား... အရေးကြီးတာက မင်း ဒီကိုရောက်လာခဲ့တယ်။ ငါ သိပ်ပျော်တာပဲ။”
“ငါမင်းကို တောင်းဆိုစရာတစ်ခု ရှိနေတယ်။”
“မင်း ဒီကိုလာခဲ့တာ ငါ့ဆီက တစ်ခုခု အကူအညီလိုလို့ဆိုတာ သိသားပဲ။ မင်း ငါ့ဆီကို ရောက်လာတယ်ဆိုကတည်းက ငါ့ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသေးတယ်လို့ မှတ်ယူရမယ်။ ကျန်တာ ဘာမှ မလိုအပ်တော့ပါဘူး။” မြွေဘုရင်သည် သဘောကျစွာ ရယ်မောနေလိုက်ပြီးနောက် ရွှယ်ပင်းဘက်သို့ လှည့်ကာ-“ပြီးတော့ မင်းနဲ့အတူ အလွန်လှပတဲ့ မိန်းမပျိုလေးတစ်ယောက်ကိုလည်း ခေါ်လာခဲ့သေးတယ်။ သူလောက်လှတဲ့ မိန်းကလေးတွေကို မတွေ့ခဲ့တာ ငါ့ တစ်သက်စာလောက်တောင် ရှိပြီလားမသိပါဘူး။”
ရွှယ်ပင်း ရှက်သွေးဖြာသွားခဲ့ရလေသည်။
“ကျမရဲ့ မျိုးရိုးနာမည်က ရွှယ် ပါ။ နာမည်အပြည့်အစုံကတော့ ရွှယ်ပင်းလို့ ခေါ်ပါတယ်။” ရွှယ်ပင်းက ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။ မြွေဘုရင်သည် အားအင်ချိနည့်နေသော လူတစ်ယောက်ဖြစ်သော်လည်း လွန်စွာမှပင် ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ဖြစ်နေကြောင်း သူမ သတိထားမိလိုက်လေသည်။ သူငယ်ချင်း မိတ်ဆွေများအပေါ် သစ္စာစောင့်သိသူတစ်ယောက်လည်း ဖြစ်နေပြန်သေး၏။
မြွေဘုရင်သည်လည်း ရွှယ်ပင်း၏ သူ့အပေါ်မြင်သည့်အမြင်များက သဘောကျနေကြောင်း တွေ့ရှိသွားပြီး အလွန်ကောင်းသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရှိသွားခဲ့လေသည်။
“ရွှယ်ပင်း... ဟုတ်လား။ မိန်းကလေးက အပ်တမန်တော်ရွှယ်ရဲ့ မိသားစုဝင်တစ်ယောက်များလား။”
ရွှယ်ပင်းက ရှက်ရွံ့စွာပင် ခေါင်းညိတ်ဖြေဆိုလိုက်၏။
“ကျုပ်လိုလူတစ်ယောက်က သိုင်းလောကရဲ့ အလှဆုံးဆိုတဲ့ မိန်းကလေးကို ဒီနေ့ တွေ့ရမယ်မှန်း ဘယ်သူက ထင်ထားခဲ့မှာတုန်း။” မြွေဘုရင်သည် သဘောကျစွာ ရယ်မောနေပြီး ကျယ်လောင်စွာ ကျူးရင့်လိုက်၏။ လုရှောင်ဖုန်း၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ-“မင်းကို ကြည့်ရတာ အရသာမှန်သမျှ အကောင်းစားတွေချည့်ပဲ ကြိုက်တတ်တယ်မှတ်နေတာ... ကံလည်း အလွန်ကောင်းနေသကိုး... ငါသာ မင်းနေရာမှာဆိုရင် အခုချက်ချင်းကို အရက်ပွဲတော်ကြီး တည်ခင်းဧည့်ခံလိုက်ပြီးပြီကွာ...”
ဤတစ်ကြိမ်တွင်တော့ လုရှောင်ဖုန်းသည် သူ့စကားကို နားထောင်သောအားဖြင့် အရက်တစ်ခွက်ကို ကောက်ကာငင်ကာ မော့ချလိုက်လေတော့သည်။ စားပွဲပေါ်တွင် ဦးချိုသဏ္ဌာန် ရွှေအရက်ခွက်တစ်လုံးရှိနေပြီး အရက်သည်လည်း ပယင်းရောင် ထနေ၏။
အရက်ကုန်သွားခါနီးတွင်မှ မြွေဘုရင်က စကားဆိုလာခဲ့လေသည်။
“မင်း ဘာလိုချင်လဲ။ ငါ့ဆီမှာရှိနေရင် ယူသွား... မရှိနေဘူးဆိုရင် ရအောင် ရှာပေးမယ်။”
“ငါ မြေပုံတစ်ခု လိုချင်တယ်။”
“ဘာမြေပုံလဲ”
“ရွှေနန်းတော်ရဲ့ လမ်းညွှန်မြေပုံ... အစောင့်တွေ၊ ကင်းပုန်းနေရာတွေနဲ့ အစောင့်တွေရဲ့ အချိန်ဇယား အပြောင်းအလဲတွေကိုပါ လိုချင်တယ်။”
ဤအရာသည် လွယ်ကူစွာ ရရှိနိုင်မည့်အရာမဟုတ်ပါ။ သို့သော် မြွေဘုရင်ကို ကြည့်ရသည်မှာ ဘာပြဿနာမှ ရှိနေပုံမရ။ ထို့ပြင် ဤမြေပုံသည် ဘာအတွက် အသုံးချမည်မှန်းကိုလည်း မမေးမြန်းခဲ့ပါ။
သူ့အဖြေသည် လွန်စွာမှပင် ရိုးရှင်းလှပေသည်။
“ကောင်းပြီ။”
လုရှောင်ဖုန်းသည်လည်း သူ့ကို ကျေးဇူးတင်စကား တစ်ခွန်းမှ မဟခဲ့။ သူတို့၏ သူငယ်ချင်း ဆက်ဆံရေးသည် ထိုစကားထက် ပိုလေသည်။
မြွေဘုရင်သည် လုရှောင်ဖုန်း၏ မျက်လုံးများထဲသို့ စိုက်ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းများထဲ၌ ကျေနပ်နှစ်သိမ့်သည့် အရိပ်အယောင်များ လွှမ်းခြုံလာလေသည်။ လုရှောင်ဖုန်း မည်သို့ ခံစားနေရမှန်း သူ နားလည်ထား၏။ ထို့ကြောင့် မေးခွန်းတစ်ခုတည်းကိုသာ မေးမြန်းလိုက်လေတော့သည်။
“မင်း ဒီည ဘယ်မှာ တည်းခိုမှာလဲ”
“သင့်အလို တည်းခိုခန်းမှာ”
“မနက်ဖြန် နေမဝင်ခင် ငါ တစ်ယောက်ယောက်နဲ့ မြေပုံ ပို့ခိုင်းလိုက်မယ်။”
+++++
မြစ်ကမ်းပါးပေါ်မှ တိုက်ခတ်လာခဲ့သော လေနုအေးများသည် အမြဲတမ်းလိုလို လန်းဆန်းလတ်ဆတ်လှ၏။ ညဉ့်ခင်းသည် အေးချမ်းနေသည်မှာ ရေလွှာပြင်ကဲ့သို့ပင်။ လရောင် အေးမြနေ၏၊ ကြယ်ကလေးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေ၏၊ ရေပြင်ပေါ်တွင် ငါးဖမ်းလှေကလေးများမှ မီးရောင်များ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေကြ၏။ တံငါသည်များသည် အပျော်များဖြင့် ကမ်းစီသို့ ဖြည်းညင်းစွာ လှော်ခတ်လာကြလေသည်။ ဤမြို့လေးသည် အမှန်တကယ်ပင် လှပသည့် မြို့လေးတစ်မြို့ဖြစ်၏။ သူတို့သည် ဤမြို့လေးကို ကြိုက်နှစ်သက်ကြသလို မြို့သူမြို့သားများကိုလည်း နှစ်သက်ကြ၏။
“ကျမ အခုတော့ နားလည်သွားခဲ့ပြီ။” ရွှယ်ပင်းက ကောက်ကာငင်ကာ ပြောဆိုလိုက်သည်။
“ဘာများလဲ” လုရှောင်ဖုန်း မေးမြန်းလိုက်၏။
“ရှင့်ဆီမှာ သူငယ်ချင်း မိတ်ဆွေကောင်းတွေ အများကြီး ရှိနေတာကိုပေါ့။”
“အထူးသဖြင့်တော့ မြွေဘုရင်လို လူမျိုးတွေပေါ့။” လုရှောင်ဖုန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်သည်။ “သူ့လို မိတ်ဆွေတစ်ယောက်ရထားတဲ့သူတိုင်း ကံကောင်းသူတွေချည့်ပါပဲ။”
ရွှယ်ပင်းသည် စကားပြောရပ်လိုက်ကာ ရေလွှာပြင်ထက်ရှိ တံငါလှေကလေးများနှင့် လရောင်ဆမ်းထားသည့် ရေလွှာပြင်တို့ကို ငေးကြည့်နေလေသည်။ သူမ၏ ရင်တစ်ခုလုံး ပျော်ရွှင်ဝမ်းမြောက်မှုများ ဖုံးလွှမ်းထားလေသည်။
“ကျမ ဒီနေရာလေးကို ကြိုက်တယ်။ နောက်ဆိုရင် ဒီနေရာလေးမှာလာပြီး အခြေချနေထိုင်ဖြစ်ဖို့များတယ်။”
“ဒီက လူတွေတင်မကဘူး.. ရာသီဥတုလည်း ကောင်းတယ်၊ အစားအသောက်ကောင်းတွေလည်း အလျှံပယ် ရှိနေတယ်လေ။”
“အထူးသဖြင့်တော့ ရှင်ခေါ်သွားကျွေးတဲ့ အသားတောက်တောက်စင်းတွေပေါ့။” ရွှယ်ပင်းက ရှက်ရွံ့စွာ ပြောဆိုနေလေသည်။ “ကျမ တစ်သက် မမေ့တော့ဘူး။”
“ဘာအသားတွေနဲ့ ချက်ထားလည်းဆိုတာ မင်း သိသွားမယ်ဆိုရင် ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး။” လုရှောင်ဖုန်း ရယ်မောပြောဆိုလိုက်လေသည်။
“ဘာအသားတွေနဲ့ ချက်ထားလို့လဲ။”
“ကြောင်သားနဲ့ မြွေသား”
+++++
ရွှယ်ပင်းသည် အော့အန်နေဆဲ...။ သူမ အော့အန်နေခဲ့သည်မှာ ၅ ကြိမ်လောက် ရှိသွားပြီဖြစ်၏။ တည်းခိုခန်းသို့ ပြန်ရောက်သွားချိန်တွင် အခန်းထောင့်၌ ရေဇလုံတစ်ခုကို ထားထားပြီး ဆက်လက်အော့အန်နေပြန်သည်။ သူမ အန်ထုတ်နေသည်များသည် အစာဖတ်များ မဟုတ်တော့ဘဲ အရည်များအန်သည်ထိ ဖြစ်လာလေတော့သည်။ လုရှောင်ဖုန်းသည် တစ်နေရာမှ ကြည့်နေရင်း ပြုံးနေလေသည်။
နောက်ဆုံးတွင်တော့ ရွှယ်ပင်း၏ အော့အန်ခြင်းအမှု ပြီးဆုံးသွားခဲ့ကာ လုရှောင်ဖုန်းဘက်သို့ လှည့်လာခဲ့ပြီး အစူးရှဆုံးဆိုသည့် အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
“ရှင် တစ်ခုခုတော့ မှားနေပြီ။ တခြားလူတစ်ယောက် ဒုက္ခရောက်နေတာကို ရှင်ပျော်နေတယ်ပေါ့လေ။” သူမသည် ခါးသက်စွာ ရေရွတ်လိုက်ပြီး သွားကြားမှ ထွက်လာသည့် လေသံဖြင့် ပြောဆိုလိုက်၏။
“တခြားလူ ဒုက္ခရောက်နေတာကို ကျုပ်လည်း မမြင်ချင်ပါဘူး။” လုရှောင်ဖုန်းသည် ပြုံးနေဆဲပင်။ “မင်း တစ်ယောက် ဒုက္ခနည်းနည်းလေး ရောက်သွားတာကို မြင်ချင်တာရုံလေးပါကွယ်။”
“ရှင့်ကို ကျမ ဘာများ လုပ်ခဲ့မိလို့လဲ။” ရွှယ်ပင်းက ခုန်ရပ်လိုက်သည်။ “ကျမကို ဘာဖြစ်လို့ ဒီလို နှိပ်စက်နေရတာလဲ။”
“ဒီလိုလူမျိုးမှာ နှလုံးသား မရှိတော့ဘူးတဲ့လား။” လုရှောင်ဖုန်းသည် ခေါင်းကို ခါရမ်းနေလိုက်ပြီး-“ကျုပ်က သူ့ကို အစားကောင်းဆိုတဲ့အရာတွေကို ခေါ်သွားကျွေးတယ်... သူကတော့ ကျုပ်ကို နှိပ်စက်ကလူပြုပါတယ်ဆိုပြီး ပြောနေပါ့လား။”
“ရှင့်ကို ကျမက ကျေးဇူးတောင် တင်ရဦးမယ်ပေါ့။”
“အမှန်ပဲ”
“ကျေးဇူးတင်ပါသတဲ့ရှင်... ကျေးဇူးတင်လိုက်တာမှ ရှင်သေသွားသည်ထိ ကိုက်ချင်လောက်အောင်ပါပဲ။”
သူမသည် ရုတ်တရက် လှည့်လာခဲ့ပြီး လုရှောင်ဖုန်း၏ နားရွက်ကို ကိုက်လိုက်လေတော့သည်။ ထိုကိုက်ချက်သည် မပြင်းထန်ပါ။
+++++
လေနုအေးလေးက ညင်သာလှသလို ညချမ်းသည်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ အသက်ငယ်ရွယ်သူ နှစ်ယောက်နှင့် သာယာလှပနေသော မြို့ကြီး...
သင်သာ ယောက်ျားတစ်ယောက် ဖြစ်နေခဲ့သည်ဆိုပါက လုရှောင်ဖုန်း အဖြစ် မခံစားချင်ပေဘူးလား...
သင်သာ မိန်းကလေးတစ်ယောက် ဖြစ်နေသည်ဆိုပါက ရွှယ်ပင်း အဖြစ် မခံစားချင်ပေဘူးလား...
+++++
ညဉ့် မှောင်လာပြန်လေပြီ။ သူတို့သည် လက်ချင်းချိတ်ပြီး မြို့ထဲမှ ပြန်လာခဲ့ကြ၏။ စားပွဲပေါ်တွင် စာအိတ်အကြီးကြီးတစ်အိတ် စောင့်မျှော်နေလေသည်။
“ကံကောင်းစွာ စိတ်မပျက်စေနဲ့”
ကြယ်ရောင် ပြိုးပြိုးပြက်ပြက်လေးများအောက်တွင် အစိမ်းရောင် ကျောက်သားများဖြင့် ပြုလုပ်ထားသည့် လမ်းကလေးမှာ ကြေးမုံပြင်တစ်ခုကဲ့သို့ အလင်းပြန်နေ၏။
“ရှင် သွားမှကို ဖြစ်မှာလား။” ရွှယ်ပင်းသည် လုရှောင်ဖုန်း၏လက်ကို တင်းကြပ်နိုင်သမျှ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်လေသည်။
“ကျမကို ရှင်နဲ့အတူ အပါ ခေါ်မသွားနိုင်ဘူးပေါ့လေ။”
လုရှောင်ဖုန်း ခေါင်းညိတ်ပြလိုက်ပြန်၏။
သူမ တစ်ဘက်သို့ လှည့်ထွက်သွားခဲ့၏။ ပါးပြင်ပေါ်တွင်တော့ မျက်ရည်စများဖြင့် စိုစွတ်လျက်... ဤမျက်ရည်စများကို သူ့အား မတွေ့မြင်စေချင်ပါ။
“ကျုပ်တို့နှစ်ယောက်စလုံးသွားခဲ့မယ်ဆိုရင် လွတ်မြောက်ရှင်သန်ဖို့ အခွင့်အရေးက တစ်ဝက်ပဲ ကျန်တော့တယ်။” လုရှောင်ဖုန်းက ရှင်းပြလိုက်သည်။
“ဒါပေမဲ့... ကျမတစ်ယောက်တည်း... အပြင်ဘက်မှာ ရှင့်ပြန်အလာကို စောင့်ဆိုင်းနေရမယ့်အဖြစ်ကို ဘယ်လိုလုပ်မလဲ...”
“တစ်ယောက်ယောက်နဲ့ အဖော်လုပ်နေပြီး စကားစမြည်လေး ဘာလေးပြောနေ၊ အရက်သောက်နေပေါ့ကွယ်။”
“ဘယ်သူ့ကို သွားရှာရမှာတဲ့လဲ။”
“စကားပြောနိုင်တဲ့ ပါးစပ်ပါသူတိုင်း၊ အရက်သောက်နိုင်တဲ့ ပါးစပ် ပါသူတိုင်း ဆိုပါတော့။” လုရှောင်ဖုန်း အရွှန်းဖောက်လိုက်၏။
ရွှယ်ပင်းသည် သူမ၏ဦးခေါင်းကို ဆတ်ခနဲ လှည့်လာခဲ့ပြီး လုရှောင်ဖုန်းအား စူးရဲသည့် အကြည့်များဖြင့် စိုက်ကြည့်နေလိုက်လေသည်။ သူ့ ညို့သကြီးကိုပင် ကန်ဆောင့်ပစ်လိုက်ချင်နေမိ၏။
“ကောင်းပြီလေ... ကျမ နောက်ထပ် ယောက်ျားတစ်ယောက်ကို သွားရှာမယ်.... ရှင်ကတော့ သွားသေပေါ့... ဟုတ်ပြီလား။”
သူမသည် ကျယ်လောင်စွာ ရန်တွေ့လိုက်တော့၏။
Thank you so much.
ReplyDelete