Thursday, December 23, 2010

(၂) ပင်လယ်ထဲကမိတ်ဆွေကောင်း

လူငယ်ဝယ်လာသော အရက်များ မြင်းလှည်းထဲသို့ ရောက်လာ၏။ လူငယ် သည် အရက်တစ်ခွက်ပြီးတစ်ခွက် နှစ်ခြိုက်စွာ သောက်နေ ၏။ လီဆွန်းဟွာ သူ့ကို ကျေနပ်စွာကြည့်နေမိသည်။ လူတွေကို စိတ်ဝင်စားသော အလေ့အထ သူ့ထံတွင် မရှိပါ။ ဤလူငယ်ကိုတော့ သူ အလွန်စိတ်ဝင်စားမိနေ၏။

လူငယ်က အရက်အိုးကိုချအပြီး လီဆွန်းဟွာအား မေးလိုက်၏။ “အရက်သောက်ဖို့အတွက်များ ဘာဖြစ်လို့ မြင်းလှည်းဆီ ခေါ်လာတာရလဲ။”

လီဆွန်းဟွာ ပြုံးလိုက်၏။ “ဘာလို့လဲဆိုတော့ အဲဒီတည်းခိုခန်းက ကျုပ်တို့ ကြာကြာမနေသင့်တဲ့ နေရာမို့လို့ပဲပေါ့ကွာ။”

“ဘာကြောင့်လဲ...”

လီဆွန်းဟွာက ပြန်ဖြေလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် လူသတ်ပြီးပြီ ဆိုရင် ပြဿနာ အနည်းနဲ့အများတော့ တက်မှာပဲ။ လူသတ်ဖို့ကျုပ် ဝန်မလေးပေမဲ့ ပြဿနာ တက်လာမှာကိုတော့ မလိုချင်ဘူး။”


လူငယ်က ခဏကြာစဉ်းစားနေပြီး နောက်ထပ် အရက်ဆက်မော့နေပြန်၏။ အရက်သောက်နေသူ လူငယ်အား လီဆွန်းဟွာ ကျေနပ်စွာ ပြုံးပြီး ကြည့်နေမိလေသည်။

ခဏအကြာတွင် လူငယ်က သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “လူသတ်တာ ပျော်စရာလုံးဝမကောင်းဘူး။ ဒါပေမဲ့ လောကကြီးထဲမှာ တချို့လူတွေကို သတ်ကို သတ်သင့်တယ်။ ဒါကြောင့်ကျနော် လူဆက်သတ်နေရဦးမှာပဲ။”

လီဆွန်းဟွာ ပြုံးလိုက်မိ၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “မင်းသူ့ကို တကယ်ပဲ ငွေသား ၅ဝ အတွက် သတ်လိုက်တာလား။”



လူငယ်ကပြန်ဖြေလိုက်၏။ “ပိုက်ဆံမရလလည်း ကျနော် သူ့ကို သတ်မလို့ပါပဲ။ ငွေ သား ၅ဝ အတွက်ဆိုတော့ ပိုကောင်းသွားတာပေါ့။”

လီဆွန်းဟွာက မေးမြန်းလိုက်၏။ “ဘာလို့ ငွေသား ၅ဝ ပဲ တောင်းခဲ့တာလဲ။”

လူငယ်ကပြန်ဖြေလိုက်၏။ “သူ့အသက်က ဒီလောက်ပဲတန်တယ် ထင်လို့ပါ။”

လီဆွန်းဟွာ ပြုံးလိုက်သည်။ “သိုင်းလောကမှာ သေသင့်တဲ့လူတွေ အများကြီး ရှိနေသေးတယ်။ တချို့တွေဆိုရင် ငွေသား ၅ဝ ထက် တောင် ပိုပြီးတန်သေးတယ်။ နောက်ဆိုရင် မင်းတော့ ချမ်းသာဦးတော့မှာပါပဲ။”

လူငယ်-“ကံဆိုးတာပဲ... ကျနော်က အရမ်းဆင်းရဲတယ်။ တကယ်ဆိုရင် အဲဒီ ငွေသား ၅ဝ ခင်ဗျားကို ပေးလိုက်ရမှာ။”

“ဘာဖြစ်လို့...”

“ခင်ဗျားက ဟိုလူ့ကို ကျနော့်အတွက် သတ်ပေးခဲ့တယ်လေ။”

လီဆွန်းဟွာ သဘောကျစွာ ရယ်မောလိုက်ပြီး ရှင်းပြလိုက်သည်။ “မင်းမှား သွားပြီ။ တကယ်ဆိုရင် အဲဒီလူက ငွေသား ၅ဝ တောင်မတန် ဘူး။ အမှန်အတိုင်း ပြောရရင် တစ်ပြားမှတောင်မတန်ဘူး။”

လီဆွန်းဟွာက ရုတ်တရက် မေးလိုက်သည်။ “သူဘာလို့ မင်းကို သတ်ချင်ခဲ့တာလဲဆိုတာသိလား။”

“မသိဘူး...”

“မြွေဖြူက သူ့ကိုမသတ်ခဲ့ပေမဲ့... ကျုကျဲလိ ဆိုတာ သိုင်းလောကမှာ နာမည်ရှိတဲ့လူ… မြွေဖြူကို မင်းကသတ်လိုက်တယ်... မင်းကိုပြန် သတ်မှသာ သူ့နာမည်ကို ပြန်ထိန်းသိမ်းနိုင်မှာပေါ့။ သိုင်းလောက ကလူတွေဟာ မင်းမထင်ထားလောက်အောင်ကို ကောက်ကျစ်ယုတ် မာတတ်ကြတယ်။”

လူငယ်သည် တစ်ယောက်တည်းတိတ်ဆိတ်စွာ တွေးနေမိ၏။ အတန်ကြာမှ “တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ နှလုံးသားက ကျားတစ် ကောင်ထက် ပိုပြီးကောက်ကျစ်တယ်လို့ ကျနော်ထင်တယ်။ ကျားတောင်မှ သူစားချင်လာပြီဆို ရင် သားကောင်ကို အသိပေးသေးတယ်။ ”

အရက်တစ်အိုး ထပ်ဖောက်သောက်လိုက်ပြီးလူငယ်လေးက ဆက်ပြောနေသည်။ “လူတွေက ကျားရဲ့ရက်စက်ကြောင်းကိုတော့ ပြော တတ်ကြတယ်။ လူတွေရက်စက်ကြောင်းကိုတော့ ကျားကပြောတာ တစ်ခါမှမကြားဖူးဘူး။ အမှန်ဆိုရင် သူ့ရှင် သန်မှုအတွက် ကျားက သတ်ရတာ။ လူတွေကတော့ ဘာရည်ရွယ်ချက်မှမရှိဘဲကို သတ်နေကြတာ။ ကျနော်သိရသလောက်တော့ လူလူချင်းသတ်နေကြတာ ကျားက လူကို သတ်တာထက်ပိုများနေသလိုပဲ။”

လီဆွန်းဟွာက သူ့အားစိုက်ကြည့်နေပြီး စနောက်လိုက်သည်။ “အဲဒီတော့ မင်း က ကျားနဲ့ပဲ မိတ်ဆွေလုပ်တော့မယ်ဆိုပါတော့။”

လူငယ်က ခဏမျှစဉ်းစားလိုက်ပြီး ရယ်မောပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။ “ပြ ဿနာက... သူတို့တွေ အရက်မသောက်တတ်ကြဘူးဗျ။”

ဤလူငယ်ပြုံးသည်ကို ပထမဆုံးအကြိမ်အဖြစ် လီဆွန်းဟွာ တွေ့ဖူးလိုက်ရ၏။ အပြုံးတစ်ချက်က လူတစ်ယောက်ကို ကြီးမားစွာ ပြောင်း လဲသွားစေနိုင်မှန်း သူဘယ်တုန်းကမှ မတွေးမိခဲ့ဘူးချေ။

လူငယ်၏ အသွင်အပြင်သည် အထီးကျန်ဆန်၏... မာနကြီးသည်။ နှင်းတောထဲမှ ဝံပုလွေတစ်ကောင်များလားဟု လီဆွန်းဟွာ တွေးနေ မိသည်။

လူတစ်ယောက်၏အပြုံး ဤမျှနှစ်လိုဖွယ်ကောင်းမှန်း လီဆွန်းဟွာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူး။

လူငယ်က ရုတ်တရက် မေးလိုက်၏။ “ခင်ဗျားက တကယ့်ကိုကျော်ကြားတဲ့ လူတစ်ယောက်လား။”

လီဆွန်းဟွာက ပြုံးပြီးပြန်လည်ဖြေဆိုလိုက်သည်။ “ကျော်ကြားတယ်ဆိုတာ တစ်ခါတလေတော့လည်း မကောင်းပါဘူးကွာ။”

“ကျနော်ကတော့ ကျော်ကြားချင်တယ်။ ကမ္ဘာမှာ အကျော်ကြားဆုံးလူတစ်ယောက် ဖြစ်ချင်တယ်။”

ထိုစကားပြောဆိုလိုက်ပုံက သူ၏ ရိုးသားမှုကို ပို၍ ပေါ်လွင်သွားစေလေသည်။

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “လူတိုင်းကတော့ ကျော်ကြားချင်ကြတာပဲ။ မင်းက သူများတွေထက် ပိုပြီးရိုးသားတာ တစ်ခုပဲပိုတယ်။”

လူငယ်ကပြန်ပြောလိုက်၏။ “ကျနော်က သူများတွေနဲ့မတူဘူး။ ကျော်ကြားမှကိုဖြစ်ရမယ်။ အဲဒီလိုမှမဟုတ်ရင် ကျနော်သေရလိမ့်မယ်။”

သူ့မှတ်ချက်ကို လီဆွန်းဟွာ အံ့ဩသွားပြီး မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ...”

လူငယ်က ပြန်မဖြေပါ။ သူ့မျက်ဝန်းထဲမှ နာကျင်မှုများအား လီဆွန်းဟွာ တွေ့မြင်နေရလေသည်။

ရိုးသားသော လူငယ်တယောက်ထံ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို လီဆွန်းဟွာ တွေ့မြင်ခံစားလိုက်ရ၏။ ဤလူငယ်လေး၏ ကလေးဘဝ ဒုက္ခများနှင့် နာကြည်းမှုများ ပြည့်နှက်နေမည်ဖြစ်ကြောင်း သူစဉ်းစားရန်ပင်မလိုတော့ပါ။

လီဆွန်းဟွာ နွေးထွေးစွာပင် မေးလိုက်၏။ “မင်းက ကျော်ကြားတဲ့လူတစ် ယောက်ဖြစ်ချင်တယ်ဆိုတော့... အနည်းဆုံး မင်းနာမည်လေး တော့ ပြောပြပါလား။”

လူငယ်သည်အတန်ကြာ စဉ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။ “ကျနော့်ကို သိတဲ့ လူတွေကတော့ 'အားဖေ' လို့ခေါ်ကြတယ်။”

“အားဖေ...”

လီဆွန်းဟွာ ပြုံးပြလိုက်၏။ “ဒါဆို မင်းရဲ့ မျိုးရိုးနာမည်က 'အား' ပေါ့။ အဲ့ဒီ မျိုးရိုးနာမည်မျိုး တစ်ခါမှ မကြားဖူးပါလား။”

လူငယ်က ပြန်ပြောလိုက်၏။ “ကျနော့်မှာ မျိုးရိုးနာမည် လုံးဝမရှိဘူး။” မီးလျှံ များ သူ့မျက်လုံးများထဲမှ ထွက်လာနေသလိုပင်။ မျက်ရည် များ ကျဆင်းခြင်းဖြင့် ဤမီးလျှံများ ငြိမ်းသတ်သွားမည် မဟုတ်ပါ။ လီဆွန်းဟွာ ဆက်လက်မမေးမြန်း နိုင်တော့ပါ။ သို့သော်လူငယ် ဆက် ပြောနေသည်ကို မယုံနိုင်စွာ သူကြားလိုက်ရ၏။ “ကျနော် တကယ် အောင်မြင်ကျော်ကြားလာတဲ့အခါမှ ကျနော့် မျိုးရိုး နာမည်ကို ဖွင့် ပြောချင်ပြောလိမ့်မယ်။ ဒီကြားထဲတော့...”

လီဆွန်းဟွာ လေသံအေးအေးဖြင့် ဖြောင်းဖျလိုက်သည်။ “လောလောဆယ် မင်းကို အားဖေ လို့ပဲ ကျုပ်ခေါ်မယ်။”

 လူငယ်က ပြန်ပြောလိုက်၏။ “အတိုင်းအထက်လွန်ပါပဲ။ ခင်ဗျား ကျနော့်ကို အားဖေလို့ ခေါ်နိုင်ပါတယ်။ ရှင်းရှင်းပြောရရင် ခင်ဗျား ကျနော့်ကို ကြိုက်တဲ့နာမည် ခေါ်နိုင်ပါတယ်။”

“အားဖေ... ရော့...နောက်တစ်ခွက်...”

ခွက်တစ်ဝက်ခန့်ကုန်သွားသောအခါ လီဆွန်းဟွာ ချောင်းတဟွပ်ဟွပ် ဆိုးလေပြီ။ သူ၏ ဖြူရော်ရော် မျက်နှာပြင်က ကျန်းမာရေးကျဆင်း နေကြောင်း ပြသနေလေ၏။ ကျန်ရှိနေသေးသော အရက်ကုန်အောင်တော့ သူ ဆက်သောက်လိုက်သေးသည်။

အားဖေက သူ့ကို ထူးဆန်းစွာကြည့်နေမိ၏။ ဤမျှကျော်ကြားသူထံ၌ ဤ သို့ဆိုးရွားသော ကျန်းမာရေးရှိနေသည်မှာ မယုံနိုင်စရာပင်။ အားဖေ ဘာမျှတော့ မပြောပါ။ ခွက်ကျန်ကိုသာ ရှင်းလိုက်သည်။

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး-”မင်းကို ကျုပ်ရဲ့မိတ်ဆွေအဖြစ် ဘာလို့သဘောကျလဲ သိလား...”

အားဖေမဖြေပါ။ လီဆွန်းဟွာ ဆက်ပြောနေ၏။ “ကျုပ်မိတ်ဆွေ အားလုံးထဲမှာ မင်းတစ်ယောက်ပဲ ကျုပ်ချောင်းဆိုးနေတာမြင်တယ်... အရက် ဆက်မသောက်ဖို့ နားမချဘူး။”

အားဖေက စူးစမ်းလိုက်၏။ “ချောင်းဒီလောက်ဆိုးနေရင် အရက် ဆက်မသောက်သင့်တော့ဘူး မဟုတ်လား။”

“တကယ်ဆိုရင်... ကျုပ် အရက်ကို ထိတောင်မှ မထိသင့်ပါဘူး။”

အားဖေကပြောလိုက်၏။ “ဒါဆို ဘာလို့ဆက်သောက်နေသေးလဲ။ ခင်ဗျားဆီမှာ ဝမ်းနည်းစရာ အတိတ်ကအကြောင်းတွေ ရှိနေလို့လား။”

လီဆွန်းဟွာ၏ စူးရှတောက်ပနေသော မျက်လုံးတစုံ ညှို့မှိုင်းသွား၏။ အားဖေ ကိုကြည့်လိုက်ပြီး-”မင်းမပြောချင်တဲ့အကြောင်းတွေ ကျုပ် မမေးခဲ့ဘူး။ မင်းမိဘဘယ် သူလဲ ကျုပ်မေးခဲ့လား... မင်းကို ဘယ်သူ သိုင်းပညာသင်ပေးခဲ့လဲ။ မင်းဘယ်ကလာ တာလဲ... ဘယ်ကိုသွား မှာလဲ... ကျုပ်မေးခဲ့လို့လား။”

“မမေးခဲ့ပါဘူး။”

“ဒါဆိုဘာလို့ ကျုပ်ကိုလာမေးနေတာလဲ။”

အားဖေ တိတ်ဆိတ်သွား၏။ “ကျနော် မမေးတော့ဘူး။”

လီဆွန်းဟွာ ပြုံးလိုက်၏။ သူအရက်ဆက်သောက်ရန် ခွက်ကိုမြှောက်လိုက်၏။ သို့သော် ချောင်းအဆက်မပြတ် ဆိုးနေပြန်လေသည်။

အားဖေက ပြတင်းတံခါးအား ဆွဲဖွင့်လိုက်၏။ ရုတ်တရက်ပင် မြင်းလှည်းမှာ ရပ်တန့်သွား၏။

“ဘာဖြစ်တာလဲ...” လီဆွန်းဟွာ မေးလိုက်သည်။

မြင်းလှည်းမောင်းသမားက ပြန်ဖြေလိုက်သည်။ “လမ်းပိတ်ထားတယ်။”

“ဘယ်သူလဲ...”

“နှင်းလူရုပ်...”

သူတို့ မြင်းလှည်းက ဆင်းထွက်လိုက်ကြသည်။ လီဆွန်းဟွာ ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်၏။ နှင်းလူရုပ်အား အားဖေ ကြည့်နေ ပုံက သူ့တစ်သက် တစ်ခါမှ မမြင်ဖူးသည့်အလား။

လီဆွန်းဟွာ လှည့်ကြည့်ပြီး စူးစမ်းလိုက်သည်။ “နှင်းလူရုပ်ကို တစ်ခါမှ မမြင်ဖူးဘူးလား။”

အားဖေကပြန်ဖြေလိုက်၏။ “နှင်းတွေကျနေတာ မကောင်းဘူးဆိုတာတော့သိ တယ်။ လူတွေကို ချမ်းစိမ့်စေတယ်။ အပင်တွေသေတယ်။ တိရိစ္ဆာန်တွေ ပုန်းအောင်းကြမယ်။ လူတွေ အထီးကျန်ဆန်မယ်။ ဆာလောင်ကြမယ်။”

နှင်းလုံးကလေးလုံးပြီး သူပစ်ထုတ်လိုက်သည်။ နှင်းလုံးမှာ အဝေးတနေရာသို့ လွင့်သွားပြီး ကွဲကြေသွား၏။ သူ့မျက်လုံးများကလည်း အဝေးဆီသို့ ငေးကြည့်နေလေသည်။ “ဝတ်နိုင် စားနိုင်တဲ့ လူတွေ အတွက်တော့ နှင်းကျတယ်ဆိုတာ ပျော် စရာကောင်းပါတယ်။ နှင်းလူ ရုပ်တွေ လုပ်နိုင်ကြရုံမကသေးဘူး... နှင်းဖွေးပြင်ကျယ်ကြီးရဲ့ ရှုမျှော်ရှုခင်းတွေကိုတောင်မှ ခံစားနိုင်ကြတယ်မဟုတ်လား။ ကျနော့်လိုလူ မျိုးအတွက်ကတော့...”

သူ လီဆွန်းဟွာအား စိုက်ကြည့်နေပြီး ရှင်းပြလိုက်သည်။ “တောတောင် ထဲမှာကြီးပြင်းခဲ့ရတဲ့ ကျနော့်လို လူမျိုးအတွက် နှင်းနဲ့ မိုးသီး မိုး ပေါက်တွေဟာ အကြီးမားဆုံး အန္တရာယ်တွေပဲဆိုတာ ခင်ဗျားသိလား။”

လီဆွန်းဟွာသည်လည်း နှင်းလုံးကလေးတစ်လုံး လုံးနေရင်း ပြန်ပြောလိုက် သည်။ “နှင်းကျတာကိုတော့ ကျုပ်မမုန်းပါဘူး။ ဒါပေမဲ့ ကျုပ် ရဲ့သွားလမ်းကို ပိတ်ဆို့ထားတာကိုတော့ မကြိုက်ဘူး။”

သူ နှင်းလုံးအား နှင်းလူရုပ်ဆီသို့ ပစ်ပေါက်လိုက်၏။ နှင်းလူရုပ် မပြိုကျသွားပါ။ နှင်းများကွာကျသွားပြီး နှင်းလူရုပ်အောက်မှ တစ်စုံတစ်ခု ကို တွေ့လိုက်ရ၏။

နှင်းလူရုပ်ထဲ၌ လူတစ်ယောက် ရှိနေလေသည်...

လူသေတစ်ယောက်...

သေဆုံးပြီးသွားသူတစ်ယောက်၏မျက်နှာမှာ မလှပနိုင်ပါ။ ဤမျက်နှာကတော့ ပို၍ပင် ကြည့်ရဆိုးပါသည်။

“မြွေနက်...” အားဖေ အော်ပြောလိုက်၏။

မြွေနက် ဒီနေရာမှာ ဘာလို့ လာသေနေရတာလဲ...

မြွေနက်အားသတ်လိုက်သောသူသည် မည်သည့်အတွက်ကြောင့် သူ့အားနှင်းလူရုပ်ထဲ လာထည့်ထားခဲ့ရသနည်း...

မြင်းလှည်းမောင်းသမားက နှင်းပုံထဲမှ လူသေအလောင်းအား ဆွဲထုတ်လိုက်ပြီး မည်သူ့လက်ချက်မှန်းသိရန် သေချာစွာ စစ်ဆေးကြည့်ရှု နေ၏။

လီဆွန်းဟွာ မေးလိုက်သည်။ “သူ့ကိုဘယ်သူသတ်သွားခဲ့တာလဲ...”

အားဖေက ဖြေကြားလိုက်သည်။ “ကျနော်လည်း မသိဘူး။”

လီဆွန်းဟွာ–”ဟိုပစ္စည်းထုပ်ကြောင့်ပဲ။”

“ပစ္စည်းထုပ်...”

လီဆွန်းဟွာ ဆက်ပြောနေသည်။ “ပစ္စည်းထုပ်က စားပွဲပေါ်မှာ တစ်ချိန်လုံး ရှိနေခဲ့တာပဲ။ မြွေနက် ထွက်သွားပြီးတဲ့နောက် ပစ္စည်း ထုပ်လည်း ပျောက်သွားတယ်။ ဒါကြောင့် သူရူးချင်ယောင်ဆောင်ပြီး သူများတွေမသိအောင် ပစ္စည်းထုပ်နဲ့ အတူ လစ်ထွက်သွားခဲ့တာပဲ လို့ ကျုပ်ထင်တယ်။”

“အင်း...” အားဖေက ခေါင်းညိတ်နေလိုက်သည်။

“ဒီပစ္စည်းထုပ်အတွက် သူ့အသက်ပေးလိုက်ရလိမ့်မယ်လို့ သူ ထင်ထားခဲ့မှာ မဟုတ်ဘူး။ သတ်သွားတဲ့လူကလည်း ပစ္စည်းထုပ်အတွက် ကြောင့်ပဲ။”

လီဆွန်းဟွာ၏ လက်ထဲသို့ ဓားပျံပါးကလေး ရောက်လာ၏။ သူ့လက်ထဲ မည်သို့ရောက်လာမှန်း ဘယ်သူမှမသိချေ။ “ဒီပစ္စည်းထုပ်ထဲ ဘာတွေပါနိုင်လဲ... ဘာလို့ လူတွေဒီလောက်စိတ်ဝင်စားနေကြတာလဲ... ငါစုံစမ်းဖို့တော့သင့်နေပြီ။”

အားဖေသည် တစ်ချိန်လုံးနားထောင်နေခဲ့ပြီးမှ ဖြတ်ပြောလိုက်၏။ “ပစ္စည်း အတွက်လူသတ်ခဲ့ပြီးပြီဆိုရင် ဘာလို့ လူသေကောင်ကြီးနဲ့ ကျနော်တို့ သွားလမ်းကို လာပိတ်ထားတာလဲ။”

လီဆွန်းဟွာ အံ့ဩသွား၏။ လူ့ဘဝအတွေ့အကြုံနည်းပါးပြီး ရိုးသားသော ဤလူငယ်လေး၌ ဤသို့စဉ်းစားတွေးခေါ်နိုင်ခြင်းမှာ အံ့ဩစရာ ပင်။ အတွေ့အကြုံ ရင့်ကျက်သော သိုင်းလောကသားများပင် ဤသို့စဉ်းစားနိုင်မည်မဟုတ်။

အားဖေက ဆက်ပြောနေပြန်သည်။ “ဒီလို လူသွားလူလာပြတ်တဲ့လမ်းမှာ လာထားထားတယ် ဆိုကတည်းက ခင်ဗျားကိုလမ်းပိတ်ထား တာပဲ ဖြစ်ရမယ်။”

လီဆွန်းဟွာမှ မှတ်ချက်ပြန်မပေးလိုက်ပါ။ “သူ့ကိုယ်ပေါ်မှာ သေတဲ့ဒဏ်ရာ တွေ့မိလား။” မြင်းလှည်းမောင်းသမားကို လှည့်မေးလိုက် သည်။

မြင်းလှည်းမောင်းသမား ပြန်မဖြေနိုင်ခင်မှာပင် လီဆွန်းဟွာ သူ့စကားကို ပြန် ရုပ်သိမ်းလိုက်သည်။ “မလိုတော့ပါဘူး...”

အားဖေမှ ထပ်ဖြည့်ပြောလိုက်ပြန်သည်။ “မှန်တယ်။ သူတို့ရောက်လာကြမှတော့ ဘာလို့လိုက်ရှာနေရတော့မှာလဲ။”

လီဆွန်းဟွာ၏ အကြားအာရုံနှင့်အမြင်အာရုံတို့မှာ သိုင်းလောကတွင် ပြိုင်ဘက် ကင်းဟု ဆိုနိုင်၏။ ဤလူငယ်လေး၏ အကြားအာရုံမှာ သူ့လောက်ကောင်းနေမှန်း မယုံကြည်နိုင်စွာ သိရှိလိုက်ရလေသည်။

ဤလူငယ်လေး၌ လူအများစုတွင်မရှိသော သားရဲတို့၏ဗီဇအာရုံခံနိုင်မှု စွမ်းအင်များ ပိုင်ဆိုင်လေသည်တကား။ လီဆွန်းဟွာက ဂုဏ်ယူ စွာဖြင့် ရယ်မောပြောဆိုလိုက်သည်။ “ခင်ဗျားတို့အကုန်လုံး ရောက်လာမှတော့ အရက်သောက်ရအောင် ထွက်လာခဲ့ကြပါလား။”

လမ်းတစ်ဘက်ရှိ သစ်ပင်မှ နှင်းများဖွာကျလာ၏။ လူတစ်ယောက်၏ သဘော ကျစွာရယ်မော ပြောဆိုလိုက်သံထွက်ပေါ်လာသည်။ “ကျုပ်တို့တွေမတွေ့တာ ၁ဝ နှစ်တောင်ကျော်ပြီနော်။ မင်းရဲ့ ဓားပျံက နုပျိုနေဆဲပဲဆိုတာ ကျုပ်ထင် မထားခဲ့မိ ဘူး။ ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ်။”

လက်တစ်ဘက်ပြတ်နေပြီး သိမ်းငှက်မျက်နှာနှင့် လူတစ်ယောက် ရယ်မောပြီး သစ်တောထဲမှ ထွက်လာလေသည်။

လမ်း၏ နောက်တစ်ဘက်မှ နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာပြန်၏။ အသွင်အပြင် ပိန်ပိန်သေးသေးဖြစ်၏။ ခန္ဓာကိုယ်၌ အ သားဟူ၍လုံးဝမရှိ... လေတိုက်လျှင်ပင် လွင့်ထွက်သွားနိုင်သည်ဟု ထင်ရလေသည်။

ထိုလူထွက်ပေါ်လာပြီးနောက် နှင်းပြင်ပေါ်၌ ခြေရာတစ်ခုမျှထင်ကျန်ခဲ့ခြင်း မရှိကြောင်း အားဖေ တွေ့လိုက်ရလေသည်။

ခန္ဓာကိုယ်အလွန်ပေါ့ပါးသောကြောင့် ခြေရာမကျန်ခြင်းဆိုသော်လည်း အတွင်းအားတော်ရုံ ကောင်းရုံမျှဖြင့် မဖြစ်နိုင်ပေ။

လီဆွန်းဟွာ ပြုံးပြီးနှုတ်ဆက်လိုက်သည်။ “ကျုပ် နယ်စပ်ကနေထွက်လာတာ တစ်လခွဲသာသာပဲရှိသေးတယ်။ ရွှေခြသေ့ၤ အာမခံဌာနက ဌာနမှူးနဲ့ အရိပ်မဲ့ခရီးသည် ဆရာယုအာတို့နှစ်ယောက်လုံး လာတွေ့ကြတယ်ဆိုတော့ ကျုပ် တော်တော့်ကို နာမည်ကြီးနေလို့ဖြစ်ရမယ်။”

ပုပြတ်ပြတ်လူကြီးသည် ကောက်ကျစ်စွာပြုံးပြီးပြောဆိုလိုက်သည်။ “ရှောင်းလီတွမ့်ဟွာ ရဲ့အောင်မြင်ကျော်ကြားမှုအတွက်ဆိုတော့ လာ ရကျိုးနပ်ပါတယ်။ ခင်ဗျားရဲ့မှတ်ဉာဏ်က အံ့ဩလောက်စရာပါပဲလား။ လွန်ခဲ့တဲ့ ၁၃ နှစ်က ကျုပ်တို့တွေ တစ်ခေါက်ပဲ တွေ့ဖူးခဲ့ကြတယ်။ ကျုပ်လို ဘာမှအသုံးမကျတဲ့ လူအိုကြီးတစ်ယောက်ကို ခင်ဗျားမှတ်မိနေသေးသားပဲ။”

ထိုလူကြီး၏ခြေတစ်ဘက် ဆာနေမှန်း အားဖေ တွေ့လိုက်ရ၏။ ခြေဆာနေသော လူတစ်ယောက်၏ ကိုယ်ဖော့ပညာမှာ ဤမျှကောင်းနေ ကြောင်း သူစဉ်းစား၍ မရပါ။

သူမသိသေးသောအချက်မှာ ဤလူကြီးသည် မွေးရာပါခြေဆာနေခြင်းဖြစ်ပြီး သူတစ်ပါးထက် ပို၍ပင်ပန်းဆင်းရဲခံကာ ကြိုးစားခဲ့ခြင်းကို တည်း။

အားဖေ ထိုသူ့ကို လေးစားသွားခဲ့၏။

လီဆွန်းဟွာ ပြုံးပြီးပြောဆိုလိုက်သည်။ “တခြားလူတွေလဲ ခင်ဗျားခေါ်လာခဲ့သေးတာပဲ။ ဘာဖြစ်လို့ မိတ်မဆက်ပေးသေးတာလဲ။”

ဆရာယုအာက အေးစက်စွာပြောလိုက်၏။ “မှန်တယ်။ သူတို့လည်း မင်းနာမည် ကိုကြားဖူးထားကြတော့ မင်းနဲ့တွေ့ချင်နေကြတယ်။”

စကားသံအဆုံးတွင် တောအုပ်တွင်းက လူလေးယောက်ထွက်လာကြ၏။ နေ့ခင်းကြောင်တောင်ကြီးဖြစ်လင့်ကစား ထိုလူများအားတွေ့ လိုက်ရပြီးနောက် လီဆွန်းဟွာ စိမ့်ကနဲဖြစ်သွားသည်။

ထိုလူ ၄ ယောက်မှာ အရွယ်ရောက်ပြီးလူကြီးများ ဖြစ်လင့်ကစား ပန်းပွင့်ရောင် စုံပါသော ကလေးအင်္ကျီများ ဝတ်ထားကြသည်။ ကျားရုပ် ပုံများပါသော ကလေးဖိနပ်များ စီးထားကြသည်။ လူကြီးသွင်ပြင်များရှိနေကြသော်လည်း ကလေးများကဲ့သို့ ခုန်ပေါက်လာကြ၏။ လူအ များတွေ့လျှင် ရွံရှာပြီး အော့အန်ချင်စိတ်ပေါက်လောက်ပေသည်။

စိတ်ဝင်စားစရာအကောင်းဆုံးမှာ သူတို့၏လက်များ၌ ခြူသံညံနေသောလက်ကောက်များ ဝတ်ဆင်ထားကြခြင်းပင်။

ထိုလူ ၄ ယောက်အားတွေ့မြင်အပြီးတွင် မြင်းလှည်းမောင်းသမားက ရုတ်တရက်ပြောလိုက်၏။ “မြွေနက်သေရတာ တခြားကြောင့် မဟုတ်ဘူး။”

လီဆွန်းဟွာ အံ့အားသင့်သွားသည်။ “ဟင်...”

မြင်းလှည်းမောင်းသမားက ဆက်ပြောနေ၏။ “ကင်းမြီးကောက် အဆိပ်ကြောင့်သေရတာ။”

လီဆွန်းဟွာ စိတ်လှုပ်ရှားသွား၏။ “ဒါဆို... ဒီ ၄ ယောက်က အဆိပ်၅မျိုးရဲ့ တပည့်တွေပေါ့...”

အဝါရောင်ဝတ်ထားသော ကလေးကြီးက ရယ်မောပြောဆိုလိုက်သည်။ “ကျုပ် တို့ပင်ပင်ပန်းပန်းလုပ်ထားခဲ့တဲ့ နှင်းလူရုပ်ကို ခင်ဗျား ဖျက်ဆီးလိုက်ပြီ။ အဲ့ဒီအတွက် ခင်ဗျားပေးဆပ်ရလိမ့်မယ်။”

သူ့စကားဆုံးပြီးပြီးချင်းပင် လီဆွန်းဟွာထံ ခုန်အုပ်လိုက်လေသည်။ အံ့ဩစွာပင် ခြူသံတစ်စက်မှမထွက်။

လီဆွန်းဟွာ မလှုပ်ရှားပါ။ ပြုံးပြီးကြည့်နေလိုက်၏။

ဆရာယုအာက လျင်မြန်စွာထွက်လာပြီး ထိုသူ့ကိုတားလိုက်၏။

ရွှေခြသေ့ၤဌာနမှူးက ကျယ်လောင်စွာရယ်မောပြီး ပြောဆိုလိုက်သည်။ “တွမ့်ဟွာ သခင်လေးက အရမ်းချမ်းသာတယ်။ နှင်းလူရုပ် မပြောနဲ့... ရွှေလူရုပ်တောင်မှပေးနိုင်သေးတယ်။ မင်းတို့၄ယောက် အလျင်မလိုကြနဲ့။ ကဲ... အားလုံးကို မိတ်ဆက်ပေးရ ဦးမယ်။”

အနီရောင်ကလေးကြီး-”သူ့ကိုသိသားပဲ။ မျိုးရိုးနာမည်'လီ'။ နာမည်က'ဆွန်းဟွာ'။”

နောက်ထပ်အနီရောင် ဝတ်ထားသော ကလေးကြီးတစ်ယောက်က ဖြည့်စွက် လိုက်ပြန်၏။ “အစားအစာအကြောင်း၊ အရက်အကြောင်း၊ မိန်းမအကြောင်းနဲ့ လောင်းကစားမှာပါ အင်မတန်မှ ကျွမ်းကျင်တယ်လို့ နာမည်ကြီးတယ်။ ငါတို့အတွက် ပျော်ရွှင်မှုတွေရှာပေးနိုင်သူ တစ်ယောက်မို့လို့ တွေ့ချင်နေတာကြာလှပေါ့။”

နောက်ဆုံးတစ်ယောက်ဖြစ်သော အစိမ်းရောင်ဝတ်ကလေးကြီး-”သူဟာ ဗဟုသုတအလွန်ကြွယ်ဝသူတစ်ယောက်ပေါ့။ ဘုရင့်စာမေးပွဲမှာ တွမ့်ဟွာ အဆင့်ထိအောင်ထားတဲ့လူတစ်ယောက်လို့ ငါတို့သိထားတယ်။ သူ့အဖေရော သူ့အကိုပါ တွမ့်ဟွာတွေပဲ။”

အနီရောင်ဝတ်ထားသော ကလေးကြီးသည် တခွီးခွီးရယ်ပြီးပြောနေပြန်သည်။ “စိတ်ပျက်စရာကောင်းတာကတော့... ဒီ ရှောင်းလီတွမ့် ဟွာဟာ မင်းမှုထမ်းမလုပ်ပဲ သူခိုးအလုပ်လုပ်နေတယ်။”

အခြားသူများပြောချင်သလိုပြောနေကြသော်လည်း အားဖေအတွက်မှာမူ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရ၏။ သူ့မိတ်ဆွေသစ် ဖြစ်သော လီဆွန်းဟွာ၏ ဘဝသည် ဤမျှတောက်ပခဲ့ကြောင်း သူများပြောနေ၍သာ သူသိလိုက်ရ၏။

သူမသိသေးသောအချက်မှာ လီဆွန်းဟွာ၏ဘဝအစိတ်အပိုင်းအချို့ကိုသာ ဤလူများ ပြောနေကြခြင်းဖြစ်၏။ လီဆွန်းဟွာ၏ ဘဝအ ကြောင်းကို ၃ ရက် ၃ ည တိုင်တိုင်ပြောလည်း မပြီးဆုံးနိုင်ပါ။

လီဆွန်းဟွာ ပြုံးနေသော်လည်း သူ့မျက်ဝန်းများထဲ၌ နာကျင်မှုများ ဖုံးလွှမ်း နေသည်ကို အားဖေ မသိရှိခဲ့ပါ။ သူတစ်ပါးက သူ့အကြောင်း ပြောသည်ကိုကြားရတိုင်း သူ့နှလုံးသားအား ခြေမွလိုက်သလို ခံစားနေရ၏။

ယုအာက မျက်နှာတည်တည်ထားပြီး မေးလိုက်၏။ “မင်းတို့တတွေ ရှောင်းလီတွမ့်ဟွာ အကြောင်း တော်တော်သိထားကြတာပဲ။ “ရှောင်း လီဓားပျံ၊ မိုးအောက်မြေပြင်ပြိုင်ဘက်ကင်း၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ' ဆိုတာကော ကြားဖူးကြရဲ့လား။”

အဝါရောင်ဝတ်ထားသော ကလေးကြီး-”ဓားပျံပစ်လွှတ်လိုက်ရင် ဘယ်တော့မှ မလွဲဘူး။ ဒါကြောင့်မို့လို့ သူ့ဓားပျံအောက်မှာ ကျုပ်သေ သွားခဲ့ရင် ကျုပ်ဆရာကို ခင်ဗျားပြန်ရှင်းပြရမှာကြောက်လို့ ခုနကတားခဲ့တာမဟုတ်လား။”

ပြီးနောက် သူသွေးထိုးလှုံ့ဆော်လိုက်လေသည်။ “ကျုကျဲလိ အတွက်လက်စားချေချင်သူများ ရှိနေသေးတယ်ဆိုရင်... ဆက်လုပ်လိုက် ပါ။” ထိုစကားက ရွှေခြင်္သေ့ အာမခံဌာနမှူးကို ရည်ရွယ်ပြီးပြောဆိုလိုက်ခြင်းလည်းဖြစ်၏။

ရွှေခြင်္သေ့ဌာနမှူးက ခပ်သဲ့သဲ့ရယ်မောပြီး ပြန်လည်ချေပလိုက်သည်။ “ကျုကျဲ လိက အသက်ရှင်လျက်ရှိဖို့ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘာဖြစ်လို့ ညီလေးလီရဲ့အမှား ဖြစ်ရမှာလဲ။”

လီဆွန်းဟွာက ပြန်လည်တုံ့ပြန်လိုက်သည်။ “အားလုံး လက်စားချေ ဖို့လာတာ မဟုတ်ဘူးဆိုရင် ... အရက်သောက်ဖို့လာခဲ့ကြတာ လား။”

ယုအာက အေးစက်စွာ ပြန်ပြောလိုက်၏။ “ငါတို့ ပစ္စည်းထုပ်အတွက်လာခဲ့ကြတာ။”

လီဆွန်းဟွာ၏ မျက်ခုံးများမြင့်တက်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ “ပစ္စည်းထုပ်...”

“ဟုတ်တယ်။ အဲဒီပစ္စည်းထုပ်ကို ပိုင်ရှင်ဆီ အရောက်ပို့ပေးရလိမ့်မယ်။ ကြားထဲ ပြဿနာတစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် ရွှေခြသေ့ၤအာမခံ ဌာနရဲ့ ဂုဏ်သတင်းကိုထိခိုက်နိုင်တယ်။”

လီဆွန်းဟွာ မြွေနက်၏ သက်မဲ့ခန္ဓာကိုယ်အား လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။ “ပစ္စည်းထုပ်က သူနဲ့အတူရှိနေခဲ့တာ မဟုတ်ဘူး ပေါ့။”

ဌာနမှူး-”ညီလေးလီက ရယ်စရာပြောတတ်သားပဲ။ ညီလေးလီ ရှိနေချိန်မှာ ဘယ်လိုလုပ် မြွေနက်က ပစ္စည်းထုပ်နဲ့ ထွက်ပြေးနိုင်မှာလဲ။”

လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ “ကျုပ်ဘဝမှာ အမုန်းဆုံးအရာကပြဿနာပဲ။ ဘာဖြစ်လို့များ ပြဿနာက ကျုပ်နောက်ကို တကောက် ကောက် လိုက်နေလည်း မသိဘူး။”

ဌာနမှူး ရွှေခြသေ့ၤက မကြားလိုက်သလိုပင် လီဆွန်းဟွာကို တောင်းဆို လိုက် သည်။ “ညီလေးလီ... ပစ္စည်းထုပ်ကိုပြန်ပေးလိုက်ပါ။ ကျုပ် ဒီကနေ ချက်ချင်း ထွက်သွားပါ့မယ်။ ညီလေးလီသောက်ဖို့ အရက်အကောင်းစားတွေလည်း ထားခဲ့ပေးပါ့မယ်။”

လီဆွန်းဟွာ သူ့လက်ထဲမှ ဓားပျံကလေကို လှည့်ကစားနေလိုက်၏။ “မှန် တယ်။ ပစ္စည်းထုပ်က ကျုပ်နဲ့ အတူရှိနေခဲ့တာပဲ။ ခင်ဗျားတို့ကို ပြန်ပေးရင် ကောင်းမလားလို့ စဉ်းစားလိုက်ဦးမယ်။ အချိန်တော့ နည်းနည်းပေးပေါ့။”

ယုအာ-”ဘယ်လောက်ကြာမှာလဲ...”

လီဆွန်းဟွာ ပြန်ဖြေလိုက်သည်။ “၂ နာရီ.. ၂ နာရီအကြာ ဒီနေရာမှာပဲ ပြန်တွေ့ကြတာပေါ့။”

ယုအာက မဆိုင်းမတွပင် သဘောတူလိုက်သည်။ “ကောင်းပြီ...” သူဘာစကား မှဆက်မပြောတော့ဘဲ ထွက်သွားလေသည်။

အဝါရောင် ကလေးကြီးက ပြောင်ချော်ချော် ရယ်မောပြီး ပြောဆိုလိုက်သည်။ “၁ နာရီ အတွင်းမှာတင် ခင်ဗျားပျောက်သွားနိုင်တယ်။ ၂ နာရီ လိုသေးလို့လား။”

ယုအာ-”ရှောင်လီတွမ့်ဟွာဟာ သိုင်းလောကထဲဝင်လာပြီး ပြန်ထွက်မသွားခင် အချိန်အထိ တိုက်ပွဲပေါင်း ၃ဝဝ ကျော်တိုက်ခဲ့တယ်။ တစ် ပွဲမှ မရှောင်ထွက်သွားခဲ့ဘူး။”

ထိုသူများ လျင်မြန်စွာထွက်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကြလေ ၏။ စကားသံများအဆုံးတွင် သစ်တောထဲသို့ တိုးဝင်သွား ကြလေပြီ။

အားဖေက ရုတ်တရက်မေးလိုက်၏။ “ခင်ဗျားဆီမှာ ပစ္စည်းထုပ်မှမရှိတာ...”

“အမှန်ပဲ...”

“ဒါဆို ဘာဖြစ်လို့လိမ်ပြောလိုက်ရတာလဲ။”

လီဆွန်းဟွာ အားတင်းပြုံးလိုက်၏။ “ကျုပ်ဆီမှာ ပစ္စည်းမရှိတာမှန်ပေမဲ့ သူတို့ ယုံကြည်ကြမှာ မဟုတ်ဘူး။ တိုက်ခိုက်မှုက ရှောင်လွှဲလို့ မရတော့ဘူး။ စကားအများကြီးပြောနေရတာထက်စာရင် ဝန်ခံလိုက်တာက လူပိုသက်သာတယ်။”

“တိုက်ပွဲတစ်ပွဲ ရှောင်လွှဲလို့မရမှတော့ ဘာလို့စောင့်နေဦးမှာလဲ။”

လီဆွန်းဟွာ-”ကျုပ် ၂ နာရီအတွင်း လူတစ်ယောက်ကို ရှာရလိမ့်မယ်။”

“ဘယ်သူ့ကိုလဲ...”

“...ပစ္စည်းယူသွားတဲ့လူ”

လီဆွန်းဟွာ ဆက်ပြောနေ၏။ “အဲ့ဒီညနေက စားပွဲမှာ လူ ၃ ယောက်ရှိနေခဲ့ တယ်။ ၂ ယောက် သေသွားပြီ။ တတိယတစ်ယောက်ကို လိုက်ရှာရလိမ့်မယ်။”

အားဖေသည် လေးနက်စွာစဉ်းစားပြီး ပြောဆိုလိုက်သည်။ “ခင်ဗျားပြောနေတာ ပန်းရောင်အနွေးထည်ဝတ် ထားတဲ့လူ... ခါးမှာကျာပွတ် ချိတ်ထားတယ်။ နောက်ပြီး နားရွက်ထဲမှာလည်း နားမွှေးတွေနဲ့လူ... ဟုတ်တယ်မို့လား။”

လီဆွန်းဟွာက သဘောကျစွာပြုံးပြီး ချီးကျူးလိုက်သည်။ “ခဏလေးပဲတွေ့ လိုက်ရသေးတယ်။ မင်းက အချက်အလက်အပြည့်အစုံကို မှတ်မိနေတော့တာပါပဲလား။”

“ကျနော်သူ့ကို ခဏပဲ တွေ့လိုက်ရတယ်။ ခဏလေးက ကျနော့်အတွက် လုံလောက်ပါတယ်။”

“မင်းမှန်တယ်။ အဲဒီလူပဲ။ အဲ့ဒီညနေက လူတွေအားလုံးထဲမှာ သူတစ်ယောက်ပဲ ပစ္စည်းရဲ့ တန်ဖိုးအစစ်အမှန်ကိုသိတယ်။ ဘယ်သူမှမမြင် အောင် ချောင်ထဲမှာပုန်းနေခဲ့တာ။ ဒါကြောင့်မို့လို့ ပစ္စည်းကိုယူနိုင်တဲ့ အခွင့်အလမ်းရသွားခဲ့တာပေါ့။ သူ့ အတွက်တော့ သူသိမ်းထားမှာ ပဲ။ သူ့ဌာနမှူး သိသွားမှာကြောက်လို့ ကျုပ်ဘက်ကို လွှဲချခဲ့တာပေါ့။”

သူ နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်ပြီးနောက် ညည်းတွားရေရွတ်လိုက်သည်။ “ကောင်းတယ်။ ကျုပ်အတွက်တော့ လွှဲချခံရတာ မထူးဆန်း တော့ပါဘူး။”

အားဖေ-”ဟိုလူတွေ ခင်ဗျားဘယ်မှာရှိတယ်ဆိုတာ သိနေတာလဲ သူ့လက်ချက်ပဲ။”

“အမှန်ပဲ...”

“ရွှေခြင်္သေ့ သံသယမဝင်အောင် ဒီနားတဝိုက်မှာ သူရှိနေဦးမှာပဲ။”

“မှန်လိုက်တာ...”

“ဒါကြောင့်မို့လို့ ရွှေခြင်္သေ့အာမခံဌာနကလူတွေနဲ့အတူ သူရှိနေဦးမယ်။ ဌာနက လူတွေကိုတွေ့ရင် သူ့ကိုတွေ့ပြီ။”

လီဆွန်းဟွာက သူ့ပခုံးအားပုတ်ပြီး ပြောဆိုလိုက်သည်။ “မင်းသာ သိုင်းလောကမှာ ဆက်ပြီးကျင်လည်နေမယ်ဆိုရင်... နောက်နှစ် အနည်းငယ်လောက်ဆိုရင် သိုင်းလောကကလူတွေ စားမဝင်.. အိပ်မပျော် ဖြစ်ကုန်ကြတော့မယ်။ နောက်တစ်ခါ ကျုပ်တို့ဆုံတဲ့အခါ မိတ်ဆွေတွေအဖြစ် ဆက်ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်ကွာ။”

သူသဘောကျစွာ ရယ်မောပြီး စကားကိုအဆုံးသတ်လိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ် မင်းရဲ့ရန်သူတစ်ယောက် မဖြစ်ချင်လို့ပါ။”

အားဖေက သူ့အားတိတ်ဆိတ်စွာကြည့်နေပြီး မေးမြန်းလိုက်သည်။  “ခင်ဗျား ကျနော့်ကိုထွက်သွားစေချင်နေပြီလား။”

လီဆွန်းဟွာ-”အခုဖြစ်နေတာ ကျုပ်ကိစ္စပါ။ မင်းနဲ့ဘာမှမဆိုင်ဘူး။ သူတို့ မင်းကိုလိုက်ရှာနေခဲ့တာလည်း မဟုတ်ဘူး။ မင်းဘာလို့ မသွား ချင်သေးတာလဲ။”

အားဖေ-”ခင်ဗျားကျနော့်ကို ဒီကိစ္စထဲဝင်မပါစေချင်တာလား။ ဒါမှမဟုတ် ကျနော့်ကို ခင်ဗျားနဲ့အတူတူ ခရီးမသွားစေချင်တာလား။”

လီဆွန်းဟွာက ဝမ်းနည်းစွာပြုံးပြီး ပြောဆိုလိုက်သည်။ “မိုးသားအောက်မှာ အမြဲတမ်းအတူတကွဆိုတာ မရှိနိုင်ပါဘူး။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခွဲခွာကြရမှာပါပဲ။ အခုတို့... နောက်ကျမှတို့ဆိုတာ မရှိပါဘူးကွာ...”

အားဖေက လေးနက်တည်ကြည်စွာဖြင့် အရက်နှစ်ခွက်ကောက်ယူပြီး နှုတ်ဆက် လိုက်သည်။ “ခင်ဗျားအတွက်... နောက်တစ်ခွက်...”

လီဆွန်းဟွာ အမြန်ပင်မော့ချလိုက်၏။ သူပြန်ပြုံးပြချင်နေသော်လည်း ဆက်တိုက် ချောင်းအဆက်မပြတ် ဆိုးနေပြန်၏။

အားဖေသည် သူ့ကိုတိတ်ဆိတ်စွာ စိုက်ကြည့်လိုက်ပြီးနောက် ချာကနဲလှည့်ကာ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

တစ်ချိန်ထဲမှာပင် နှင်းများကျလာပြန်၏။ ပတ်ဝန်းကျင်မှာမည်မျှ တိတ်ဆိတ်နေ သနည်း ဆိုသော် နှင်းဖတ်များဝဲဝိုက်ကျလာသံကိုပင် ကြားနေရ၏။

တဖြည်းဖြည်းပျောက်ကွယ်သွားသော အားဖေ၏ နောက်ကျောပြင်သို့ လီဆွန်းဟွာ ငေးကြည့်နေမိ၏။ ထို့နောက် နှင်းပြင်ပေါ်မှ သူ၏ အထီးကျန်ဆန်လှသော ခြေရာများဆီသို့...

ခွက်ထဲသို့ အရက်နောက်တစ်ခွက်ငဲ့ထည့်လိုက်ပြီး ရေရွတ်မိလိုက်လေတော့ သည်။ “မောင်ရင်လေး...မင်းအတွက် နောက်တစ်ခွက် ပါကွာ...”

“မင်းကိုငါ မသွားစေချင်ခဲ့ဘူးဆိုတာ မင်းသိပါတယ်။ ငါနဲ့အတူ ရှိနေသရွေ့ တော့ မင်းအတွက် ပြဿနာတွေနဲ့ချည်း တိုးနေမှာပဲ။ ငါဟာ မိတ်ဆွေသူငယ်ချင်းတွေအတွက် ပြဿနာတွေ.. အန္တရာယ်တွေ.. ဝမ်းနည်းပူဆွေးမှုတွေ.. သယ်ယူလာ သူပါ။ ငါ... ငါ့အတွက်... နောက်ထပ်မိတ်ဆွေတွေ ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ပါဘူး။”

ဤစကားများအား အားဖေ မကြားနိုင်တော့ပါ။

မြင်းလှည်းမောင်းသမားသည် ရုပ်တုတစ်ရုပ်ကဲ့သို့ ရပ်နေ၏။ သူ့ကိုယ်ပေါ်၌ နှင်းများဖုံးနေသော်လည်း နေရာမှမရွေ့။

လီဆွန်းဟွာ ဆက်သောက်နေပြန်၏။ ပြီးနောက် မြင်းလှည်းမောင်းသမား ဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။ “ခင်ဗျား ဒီမှာ စောင့်နေခဲ့။ ဟိုမြွေသေကို မြှုပ်လိုက်ရင်ကောင်းမယ်။ ၂ နာရီကြာရင် ကျုပ်ပြန်လာခဲ့မယ်။”

မြင်းလှည်းမောင်းသမားက ခေါင်းငုံ့ထားပြီး မဝံ့မရဲပြောဆိုလိုက်သည်။ “ရွှေခြင်္သေ့ရဲ့လက်ဝါးက ကျော်ကြားတယ်ဆိုတာမှန်ပါတယ်။ ဒီလောက်လဲမဟုတ်ပါဘူး။ သူ့အတွက်ဆိုရင် သခင်လေး တိုက်ကွက် ၄ဝ လောက်ပဲလိုပါလိမ့်မယ်။”

လီဆွန်းဟွာ-“၁ဝ ကွက်တောင် ပြည့်ချင်မှပြည့်မှာ...”

“ယုအာ ဆိုရင်ကော...”

“သူ့ရဲ့ကိုယ်ဖော့ပညာက တော်တော်ကောင်းတယ်။ လက်နက်ပုန်းလည်း ကျွမ်းကျင်တယ်။ ဒါပေမဲ့ ကျုပ်အတွက် ပြဿနာမရှိပါဘူး။”

မြင်းလှည်းမောင်းသမား-”အဆိပ်၅မျိုးကလေးဆိုးရဲ့ တပည့်တွေဆီမှာ ထူးဆန်းတဲ့ သိုင်းပညာတွေ တတ်ထားတယ်လို့ကြားဖူးတယ်။ ကျနော် တွေ့ဖူးသလောက်တော့ အများနဲ့လုံးဝကိုမတူဘူး။”

လီဆွန်းဟွာက ရယ်မောပြီး ဖြတ်ပြောလိုက်၏။ “စိတ်မပူပါနဲ့။ ဒီလူတွေကို ကျုပ်မမှုပါဘူး။ ပြဿနာ မရှိနိုင်ပါဘူး။”

မြင်းလှည်းမောင်းသမားက လေးနက်တည်ကြည်စွာပြောလိုက်၏။ “ကျနော့်ကို မညာပါနဲ့ဗျာ။ အခု သွားရမယ့်နေရာက အလွန်အန္တရာယ် များလှပါတယ်။ ဒီအချိန်မှာ သခင်လေး... ဆရာလေးအားဖေကို မထွက်သွားခိုင်းသင့်ဘူး။”

လီဆွန်းဟွာသည် နည်းနည်းအချဉ်ပေါက်သွားခဲ့ပြီး အော်ငေါက်လိုက်သည်။ “ခင်ဗျား ဘယ်တုန်းကတည်းက ပွစိပွစိပြောတတ်နေခဲ့တာ လဲ။”

မြင်းလှည်းမောင်းသမား ဘာမျှပြန်မပြောတော့ပါ။ ခေါင်းကို ပို၍ပင်ငုံ့ထား လိုက်၏။ နောက်တစ်ကြိမ် သူခေါင်းမော့လိုက်သောအခါတွင် လီဆွန်းဟွာ ထွက်သွားခဲ့လေပြီ။

နှင်းပြင်ကျယ်ကြီးထဲ၌ သူ၏ အဆက်မပြတ်ချောင်းဆိုးနေသံအား ကြားရသူတိုင်း သနားမိကြပေမည်။ နောက်ဆုံးတော့ လေအဝှေ့တွင် သူ့ချောင်းသံများ လွင့်ပျောက်သွားခဲ့လေပြီ။

မြင်းလှည်းမောင်းသမား၏ ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာ၏။ သူ တီး တိုးရေရွတ်ပြီး ပြောဆိုလိုက်သည်။ “သခင်လေးရယ်... ကျုပ်တို့တွေနယ်စပ်မှာ ငြိမ်းငြိမ်းချမ်းချမ်း နေနေတာအကောင်းသား။ နာကျင်မှုတွေ.. ဝမ်းနည်းစရာတွေရှိတဲ့ ဒီမြေကို ဘာလို့ပြန်လာရ တာလဲဗျာ။ ၁ဝ နှစ်တောင် ကျော်နေခဲ့ပြီ။ သူ့ကိုမမေ့သေးဘူးလား။ တွေ့ချင်နေတုန်းပဲလား။ တွေ့ရင်လည်း စကားပြောတာလည်းမဟုတ် ပဲနဲ့ဗျာ...။ သခင်လေးကိုယ့်ကိုကိုယ် ဘာလို့နှိပ်စက်ချင်နေရတာလဲဗျာ...။”

တောအုပ်ထဲသို့ဝင်ရောက်လာသောအခါ လီဆွန်းဟွာ၏ ပျင်းရိပျင်းတွဲအမူအရာများ ပျောက်ကွယ်သွားပြီး နိုးကြားတက်ကြွနေသော သားလိုက်မုဆိုး၏ အသွင်အဖြစ်သို့ ပြောင်းလဲသွား၏။ နား.. နှာခေါင်း.. မျက်လုံးများနှင့် တစ်ကိုယ်လုံးရှိကြွက်သားများ နိုးကြားလှုပ်ရှား စွာ တောအုပ်အတွင်း ရှာဖွေနေ၏။ နှစ် ၂ဝ အတွင်း မည်သူတစ်ဦးတစ်ယောက်မျှ သူ့ထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးခြင်းမရှိ။

ယုန်တကောင်ကဲ့သို့လျင်မြန်စွာ ရွေ့လျားနေသော်လည်း သူ့အမူအရာမှာ အလောတကြီးမဟုတ်။ အကကောင်းသူတယောက်လိုပင်.. အခြေအနေတိုင်းအတွက် သူ့လှုပ်ရှားမှုများမှာ ခန့်ငြားသိမ်မွေ့လှ၏။

လွန်ခဲ့သော ၁ဝနှစ်ခန့်က သူ့ထံတွင်ရှိနေသော ပိုင်ဆိုင်မှုအားလုံး စွန့်ထားခဲ့ပြီး နောက် နယ်စပ်ဒေသသို့သူထွက်ခွာလာခဲ့ချိန်... ဤလမ်း ပေါ်၌ ခရီးသွားခဲ့ဖူးသည်။ ထိုစဉ်က နွေဦးရာသီ၏ပန်းများ ငွါးငွါးစွင်စွင့် ပွင့်ဖူးနေကြချိန်ဖြစ်သည်။

ဤနားတွင် အရက်ဆိုင်သေးလေးတစ်ဆိုင်ရှိခဲ့ကြောင်း သူမှတ်မိနေသေး၏။ အရက်မကောင်းသော်လည်း ရှုမျှော်ရှုခင်းကလှပ၏။ တောင်နံရံ၏အခြားတစ်ဘက်၌ ရေတံခွန်ကျနေ၏။ လာရောက်လည်ပတ်သူ များပြားလှလေသည်။ ဤနေရာမှာပင် ကြည်နူးပျော်ရွှင်နေသော စုံတွဲတစ်တွဲကိုကြည့်ပြီး သူ အရက်ခွက်ပေါင်းများစွာ သောက်ခဲ့ဖူးသည်။ ဤအဖြစ်အား သူဘယ်တော့မှ မေ့ မည်မဟုတ်သလို ဤနေရာ ကိုဘယ်တော့မှ ပြန်မလာရန် ဆုံးဖြတ်ထားခဲ့လေသည်။

၁ဝ နှစ်ကြာခဲ့ပြီ။ မယုံနိုင်စရာပင်... အခုလောလောဆယ် ဤနေရာလေးသို့ သူပြန်ရောက်နေရပြီ။ လူများပြောင်းလဲ သွားကြလေမလား ... စားပွဲထိုးမလေး လက်ထပ်သွားခဲ့ပြီလား။ ချစ်ကြည်နူးခဲ့ကြသော ထိုစုံတွဲကော... လောကကြီးထဲ၌ ရှိနေ ပါသေးရဲ့လား။ မက်မုံပင်များ ပင်လျှင် နှင်းများအောက်၌ ပျောက်ကွယ်နေကြသည်။ အို... အရက်ဆိုင်ငယ်လေးကော... ရှိနေဦးမည်ဟုသူထင်သည်။

ဤသို့တွေးမိနေခြင်းမှာ အတိတ်မှ လွမ်းစရာများကြောင့်တော့မဟုတ်။ သူတွေ့ လိုသောသူ ဤနေရာ၌ ရှိနေစေချင်သောကြောင့်ပင်။

အတိတ်ကာလမှ နွေဦးနှင့် နှင်းများကျဆင်းနေသော ယခုအချိန်မှာ အလွန်ပင် ဆန့်ကျင်နေကြပါသည်။ သူ့အတွက်တော့ နာကျင်စွာ ခံစားနေရဆဲပင်။

ငွေကြေး... အောင်မြင်ကျော်ကြားမှု... အာဏာ... အားလုံးကို လွယ်ကူစွာပင် သူအဆက်ဖြတ်နိုင်ခဲ့၏။ လှပခဲ့သောအချိန်လေးများ... ကြည်နူးစရာကောင်းခဲ့သော အချိန်လေးများအတွက်တော့ သူ့ဦးနှောက်ထဲ၌ သော့ခတ်ပိတ်လှောင်ထားသကဲ့သို့ပင်၊ ဘယ်တော့မှ ရုန်းထွက်မရနိုင်ပါ။

လီဆွန်းဟွာ အရက်တစ်အိုးလုံးကုန်အောင် ဆက်တိုက်မော့လိုက်၏။ ချောင်းဆိုးနေပြီးနောက် သူ စတင်ရွေ့လျားလာပြန်သည်။

အရက်ဆိုင်ငယ်လေးအား သူတကယ် တွေ့လိုက်ရလေ၏။

ဆိုင်ရှေ့၌ မြင်းလှည်းတစ်စီးရပ်ထားပြီး ဆိုင်နောက်ဘက်မှ မြင်းဟီသံများကြားနေရ၏။

လီဆွန်းဟွာ၏ တွေးထင်ထားချက်မမှားချေ။ ဤလူများ ဤနေရာ၌ တကယ်ပင်ရှိနေကြ၏။ ဒီနေရာ ဒီရာသီဥတုမျိုးတွင် မည်သူမျှ လာရောက်လည်ပတ်ကြမည်မဟုတ်ပါ။

သူ့သွားနှုန်းအား အရှိန်မြှင့်လိုက်၏။ ဆိုင်နှင့်နီးကပ်လာသောအခါ  ခဏမျှ ငြိမ်သက်စွာရပ်၍ လှုပ်ရှားမှုများအား နားစွင့်နေလိုက်၏။ ထို့နောက် တံခါးဝသို့ လျှောက်သွားလေသည်။

တံခါးဝနား နီးကပ်လာသော်လည်း မည်သည့်အသံမျှမကြားရ။ မြင်းဟီသံများမှအပ အခြားအသံအားလုံး တိတ်ဆိတ်နေ၏။ သူတံခါးဝ ရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ မည်သည့်အသံမျှ မကြားရသေး။

လီဆွန်းဟွာ နောက်သို့ပြန်ဆုတ်လိုက်ပြီး စဉ်းစားနေ၏။ “သူတို့ဒီမှာ တကယ်ပဲ မရှိကြတာလား။”

ထို့နောက် တံခါးကြားသို့အာရုံစိုက်၍ ကြည့်လိုက်ရာ လူတစ်ယောက်ကသူ့ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ရွှေခြသေ့ၤ... သူ့ကို စိုက်ကြည့်နေ၏။ ကျောက်ရုပ်တစ်ရုပ်အလား နည်းနည်းမျှမလှုပ်။

လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ “ကျုပ် လုံးဝထင်မထား...”

ပြောလိုက်ပြီး တစ်ပိုင်းတစ်စဖြင့် သူ့စကားရပ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူပြောလိုက်သည့်စကားကို ရွှေခြသေ့ၤ ဘယ်တော့မှ ကြားရတော့မည် မဟုတ်ကြောင်း သိလိုက်ရ၍ပင်။



အခန်း(၂) မှတ်စု…

“ရှောင်းလီတွမ့်ဟွာ”


တရုတ်စကား၌ 'ရှောင်း' ဆိုသည်မှာ ငယ်ရွယ်သူအားချစ်စနိုးဖြင့် ခေါ်ဆိုခြင်း ဖြစ်၏။ ဥပမာအားဖြင့် စိုင်းလေး.. ညီပုလေး.. စသည်ဖြင့် 'လေး' ထည့်ခေါ်ခြင်း ဖြစ်သည်။ 'လီ' ကတော့ မျိုးရိုးနာမည်ဖြစ်သည်။


'တွမ့်ဟွာ' မှာ ဘွဲ့အခေါ်အဝေါ်ဖြစ်သည်။ ရှေးတရုတ်ဘုရင်များလက်ထက် ပညာရှိမင်းမှုထမ်းစာမေးပွဲ၌ တတိယအဆင့်ရသောသူအား ခေါ်ဆိုသည့် ဘွဲ့အမည် ဖြစ်သည်။ ယခုခေတ် ပါရဂူဘွဲ့လိုပင်။ ယုအာမှ ခေါ်ဆိုခြင်းမှာ လေးစားမှုရှိ ကြောင်းပြသလိုက်ခြင်းဖြစ်၏။ စာအုပ် ရှေ့လျှောက် တွမ့်ဟွာ ဆိုသောစာလုံး ဆက်တိုက်ပါလာပါဦးမည်။

1 comment: