Sunday, January 2, 2011

(၄) အသက်ရှူမှားလောက်သည့်မိန်းမလှ

စန့်ကွေက ပြောလိုက်သည်။ “မင်းဘာသိလို့လဲ..။ ပန်းဘီလူးကိုငါ သတ်နိုင်ခဲ့တယ်ဆိုရင် အောင်မြင်ကျော်ကြားမှုတွေတင်မကဘူး.. တခြားကြီးကျယ်တာတွေ အများကြီးရဖို့ကျန်သေးတယ်။”

“ဘာတွေရလာမှာလဲ...”

စန့်ကွေ-“လွန်ခဲ့တဲ့နှစ် ၃ဝ သူပျောက်သွားပြီးကတည်းက ဘယ်တော့မှပြန်ပေါ်လာမှာမဟုတ်ဘူးလို့ လူတွေကထင်ထားခဲ့ကြတယ်။ ခုတော့သူပြန်ထွက်ပေါ်လာပြန်ပြီ။ ရှစ်လအတွင်းမှာ ဟွမ်ရှန်ဂိုဏ်းချုပ်ရဲ့သမီးကို မုဒိန်းကျင့်မှုအပါအဝင် အမှု ၈ဝ လောက် ကျူးလွန်ခဲ့ပြီးပြီ။”

လီဆွန်းဟွာ-“အခုလောက်ဆို သူ့အသက်ပဲ ၇ဝ လောက်ရှိရော့မယ်။ မိန်းမကိစ္စတွေကို သူစိတ်ဝင်စားတော့မယ်မထင်ပါဘူး။”

စန့်ကွေ-“သူပြန်ထွက်ပေါ်လာပြီးတဲ့နောက် တန်ဖိုးကြီးပစ္စည်းတွေ ပိုင်ဆိုင်တဲ့ လူချမ်းသာတွေ။ သမီးချောတွေရဲ့မိဘတွေ တထိတ်ထိတ်နဲ့ လန့်နေကြရပြီ။ ပန်းဘီလူးကိုသတ်နိုင်တဲ့လူကို မိသားစုကြီး ၉ဝ ကျော်က သူတို့ပိုင်ဆိုင်သမျှ တစ်ချို့တစ်ဝက်ခွဲပေးမယ်လို့တောင် ကြေငြာထားခဲ့ပြီးပြီ။ ဘယ်လောက်တောင်မှ များလိုက်မယ့်ငွေတွေလဲဆိုတာ စဉ်းစားကြည့်ပေါ့။”

လီဆွန်းဟွာ ပြန်မေးလိုက်သည်။ “ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ဘူးပေါ့။”

စန့်ကွေခေါင်းညိတ်ပြီး ဖြေဆိုလိုက်သည်။ “ဒါတင်မကသေးဘူး... ပန်းဘီလူးကို သုတ်သင်ရှင်းလင်းပစ်လိုက်နိုင်တဲ့သူကို သိုင်းလောကရဲ့ အချောလှဆုံးဆိုတဲ့ မိန်းကလေးကတောင်မှ သူကိုယ်တိုင်လက်ထပ်ယူပါ့မယ်လို့ ကြေငြာခဲ့တယ်။”



လီဆွန်းဟွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ “ငွေကြေးဥစ္စာနဲ့ မိန်းမဆိုတဲ့ အရာတွေဟာ လူတွေကိုကိုင်လှုပ်နိုင်စွမ်းရှိတဲ့အရာတွေပဲ။ ခင်ဗျားရဲ့အသက်ကိုတောင်စွန့်ပြီး ဒီအရှုပ်ထုပ်ထဲဝင်ပါချင်တာ မဆန်းတော့ပါဘူး။ ကျုပ်အတွက်ကတော့ သေဖို့ကလွဲပြီး ဘာမှလုပ်စရာမရှိတော့ဘူးထင်ပါ့။”

စန့်ကွေက ပြန်ပြောလိုက်သည်။ “ငါ့ရင်ထဲရှိတာ အမှန်အတိုင်းသာပြောရမယ်ဆိုရင်... မင်းမသေသင့်ပါဘူး။ ဒါပေမဲ့ ငါမင်းကိုတော့ သတ်ရလိမ့်မယ်။”

လီဆွန်းဟွာက ရုတ်တရက်ရယ်မောလိုက်သည်။ “ကျုပ်ကိုသတ်နိုင်လိမ့်မယ်လို့ ခင်ဗျားရင်ထဲမှာ တကယ်ထင်နေလို့လား။”

စန့်ကွေသည် စတင်၍လှုပ်ရှားခဲ့ပြီးဖြစ်သော်လည်း လီဆွန်းဟွာ၏စကားကို ကြားလိုက်ပြီးသည့်နောက် ချက်ချင်းရပ်လိုက်၏။ သူ လီဆွန်းဟွာအား စိုက်ကြည့်နေလိုက်ပြီး မချိပြုံးလေးပြုံးကာ ပြောဆိုလိုက်သည်။ “ဒီနေ့အထိအသက်ရှင်နေနိုင်တဲ့ မင်းလို လူမျိုးတစ်ယောက်အတွက် လွယ်လွယ်ကူကူသေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့... အခုတော့...”

ရုတ်တရက်အပြငဘက်မှစကားသံတစ်သံ ပျံ့လွင့်လာ၏။

လူတစ်ယောက်က ရယ်မောပြောဆိုလိုက်သည်။ “သူအဆိပ်မိထားတယ်လို့ မင်းရင်ထဲမှာ တကယ်ကြီး ထင်နေတာလား။”

စန့်ကွေတုန်လှုပ်သွား၏။ အစိမ်းရောင်အဝတ်အစားနှင့် လူတစ်ယောက် တံခါးဝ၌ ပေါ်လာလေသည်။ ထိုလူ၏မျက်နှာမှာ သွေးတစ်စက်မျှ မရှိသကဲ့သို့ ဖြူရော်နေ၏။ မျက်နှာဖုံးတပ်ထားခြင်းလည်း ဖြစ်နိုင်သည်။

လက်နောက်ပစ်ပြီး တစ်လှမ်းချင်း ဝင်ရောက်လာကာ ထိုလူကပြောလိုက်သည်။ “အရက်ချိုးတစ်ယောက်သောက်မယ့်အရက်ထဲကို အဆိပ်ခတ်ထည့်တဲ့လူလောက်တုံးတာ အဲဒီလူပဲရှိတယ်... ဟုတ်တယ်မို့လား။”

နောက်ဆုံးစကားက လီဆွန်းဟွာအားရည်ရွယ်ပြီးပြောလိုက်ခြင်းဖြစ်၏။ ထိုလူ၏မျက်လုံးများမှာ မျက်နှာနှင့်မလိုက်ဖက်စွာပင် တလဲ့လဲ့ဖြင့် ဆွဲဆောင်မှုကောင်းလှကြောင်း လီဆွန်းဟွာခံစားလိုက်ရ၏။ ဝက်သေတစ်ကောင်၏မျက်လုံးများနေရာတွင် ပုလဲလုံးနှစ်လုံး တပ်ထားသကဲ့သို့ပင်။

ထိုမျက်လုံးတစ်စုံအား လီဆွန်းဟွာ စိုက်၍ကြည့်နေလိုက်၏။ ပြီးနောက် ထိုသူ့ကိုပြုံးပြလိုက်သည်။ “လောင်းကစားသမားနဲ့ကစားနေချိန်မှာ လိမ်တဲ့လူရယ်.. အရက်ချိုးရဲ့အရက်ခွက်ထဲကို အဆိပ်ခတ်သူရယ်.. ကိုယ့်မိန်းမရှေ့မှာ တခြားမိန်းမရဲ့ ချောလှကြောင်း ချီးမွမ်းခန်းဖွင့်တဲ့လူရယ်... ဒီ ၃ မျိုးလုပ်တဲ့ ဘယ်သူမဆို တစ်သက်လုံးနောင်တရလို့ဆုံးမှာ မဟုတ်တော့ဘူး။”

အစိမ်းရောင်ဝတ်ဆင်ထားသောသူက အေးစက်စွာပြောလိုက်၏။ “အဲဒီလူတွေနောင်တရချိန်မှာတော့ သိပ်ကိုနောက်ကျသွားခဲ့ပြီ။”

စန့်ကွေသည် သူတို့နှစ်ယောက်အားစိုက်ကြည့်လိုက်ပြီး အရက်အိုး ကိုထပ်၍စစ်ကြည့်နေပြန်သည်။

လီဆွန်းဟွာက ပြုံးလိုက်သည်။ “အပင်ပန်းခံမနေပါနဲ့ဗျာ... အရက်ထဲမှာ တကယ်အဆိပ်ခတ်ထားပါတယ်။”

“ဒါဆို... ဒါဆို... မင်းက...”

လီဆွန်းဟွာ-”တခြားဘယ်သူမှမရိပ်မိပေမဲ့ ဒီအရက်ထဲမှာ အဆိပ်ခတ်ထားတယ်ဆိုတာ ကျုပ်နှာခေါင်းကသိပါတယ်။ ဒါကလည်း အရက် စွဲစွဲမြဲမြဲသောက်ခြင်းရဲ့ ကောင်းတဲ့အချက်တစ်ခုပဲ။ အရက်မကြိုက်တဲ့လူတွေကတော့ ဘယ်သိနိုင်မှာလဲ။”

“ဒါပေမဲ့ မင်းအရက်မော့ချလိုက်တာ ငါတွေ့နေခဲ့တာပဲ။”

လီဆွန်းဟွာ-“ကျုပ်သောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ချောင်းဆိုးရင်းပြန်ထွေး ထုတ်ခဲ့ပြီးပါပြီ။”

စန့်ကွေ၏ခန္ဓာကိုယ် လှုပ်ခါသွား၏။ သူ့လက်ထဲမှ အရက်အိုးသည်လည်း ကြမ်းပြင်ပေါ်သို့ ကျကွဲသွား၏။

ဝတ်စုံစိမ်းနှင့်လူ-“သူနောင်တရတာ သိပ်နောက်ကျသွားပြီ။”

စန့်ကွေကမာန်သွင်းလိုက်ပြီး ဝတ်စုံစိမ်းနှင့်လူအား ၃ကြိမ်တိတိ လက်သီးများဖြင့် ဆက်တိုက်တိုက်ခိုက်လိုက်သည်။

နှစ်၂ဝအတွင်းသူ့သိုင်းပညာများ မဆုတ်ယုတ်သွားသည့်ပြင် အလွန်ပင်တိုးတက်ခဲ့လေသည်။ ဤတိုက်ခိုက်မှုတွင် လွန်စွာမှပင် ပြင်းထန်သောအင်အားနှင့်လျင်မြန်မှုများပါဝင်လေ၏။ သူ၏လက်သီးချက်များမှာ လူတစ်ယောက်၏ဦးခေါင်းခွံအား ကွဲကြေသွားစေနိုင်လေသည်။

ဝတ်စုံစိမ်းဝတ်ဆင်ထားသောလူအဖို့ ခုခံကာကွယ်ရန်ပင်မပြောနှင့်။ ထိုးနှက်ချက်များအား ရှောင်တိမ်းရန်ပင်အချိန်မရှိချေ။

ဝတ်စုံစိမ်းနှင့်လူသည် မကာကွယ်ပါ။ မရှောင်တိမ်းပါ။ လက်တစ်ဘက်ကို ရိုးရှင်းစွာပင် မြှောက်ထုတ်လိုက်၏။

စန့်ကွေ၏နောက်မှ လှုပ်ရှားခြင်းဖြစ်သော်လည်း သူ့အင်္ကျီအား စန့်ကွေ၏လက် မထိခင်မှာပင် သူ့လက်က စန့်ကွေ၏မျက်နှာပေါ်သို့ ညင်သာစွာပွတ်သပ်သွားခဲ့ပြီး ဖြစ်နေ၏။

လက်ဝါးရိုက်ချက်သည် အလွန်ပေါ့ပါးသည်ဟုထင်ရသော်လည်း စန့်ကွေမှာ နာကျင်စွာအော်ဟစ်ပြီး မြေကြီးပေါ်၌ လူးလိမ့်နေရ၏။

စန့်ကွေမြေကြီးပေါ်မှ ပြန်ထရပ်နိုင်သောအချိန်တွင်မူ သူ၏မျက်နှာတစ်ခြမ်းမှာ ခရမ်းရောင်သမ်းပြီး စုတ်ပြတ်နေ၏။ မျက်လုံးတစ်ဖက်မှာလည်း ကျွတ်ထွက်နေပြီး ပါးပြင်ပေါ်သို့တွဲလျောင်းကျနေ၏။

ဝတ်စုံစိမ်းနှင့်လူ-“ကျုပ်ရင်ထဲမှာရှိတဲ့အတိုင်းပြောရရင် ခင်ဗျားမသေသင့်ဘူး။ ကျုပ်ခင်ဗျားကိုသေစေချင်တဲ့ ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့... ကျုပ်ရဲ့ လက်ကတော့...”

စန့်ကွေ၏ကျန်မျက်နှာတစ်ခြမ်းမှာ အကောင်းအတိုင်းပင်ကျန်နေသေး၏။ အထိခံခဲ့ရသောတစ်ခြမ်းမှာမူ အသားပုတ်များ ဖွာလန်ထွက်နေ၏။ ကြည့်၍ လုံးဝ မလှပပါ။ သူ၏ကျန်ရှိနေသေးသော မျက်လုံးတစ်ဘက်ဖြင့် ဝတ်စုံစိမ်းနှင့်လူ၏ လက်အားကြည့်နေရင်း မေးမြန်းလိုက်သည်။ “မင်း... မင်းရဲ့လက်...”

ဝတ်စုံစိမ်းနှင့်လူ၏လက်များတွင် လွန်စွာမှပင်ကြည့်ရဆိုးသော သံလက်အိတ်တစ်စုံ ဝတ်ဆင်ထားလေသည်။

စန့်ကွေ၏မျက်နှာ၌ မျှော်လင့်ချက်ကင်းမဲ့သွား၏။ သူ ချည့်နဲ့စွာပင် ပြောလိုက်၏။”ငါ့ကျမှ ဘာလို့လာဖြစ်ရတာလဲ။ “သရဲစိမ်းလက် နဲ့ဘာဖြစ်လို့ငါလာတွေ့နေရတာလဲ။ လီ...လီတွမ့်ဟွာ... ခင်ဗျားက လူကောင်းတစ်ယောက်ပါ။ ကျုပ်ကိုသတ်လိုက်ပါတော့ဗျာ။”

လီဆွန်းဟွာ ထိုင်နေရာမှမထပါ။ ဝတ်စုံစိမ်းနှင့်လူ၏လက်အား စူးစိုက်စွာ ကြည့်နေလိုက်ပြီး စန့်ကွေထံသို့ လှံတံသံကြိုးပြတ်အား ကန်ထုတ်လိုက်၏။

လှံတံအကျိုးအားကောက်ယူလိုက်ပြီး စန့်ကွေပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်... ကျေးဇူးပါပဲ... ခင်ဗျားရဲ့ကြင်နာမှုကို ဒီတစ်သက် ကျုပ်ဘယ်တော့မှမမေ့ပါဘူး။”

ပြီးနောက်လှံကျိုးဖြင့် သူ့လည်ပင်းသို့အားကုန်ထိုးစိုက်လိုက်ရာ အနက်ရောင်သွေးများပန်းထွက်လာပြီး လဲကျအသက်ထွက်သွား၏။

လီဆွန်းဟွာ အပေါ်သို့မော့်ကြည့်နေပြီး ရေရွတ်လိုက်သည်။ “သိုင်းလောကမှာ ကြောက်စရာကောင်းတဲ့ အဆိပ် ၇ မျိုးရှိတယ်။ ကြောက်ဖို့ကောင်းဆုံးကတော့ သရဲစိမ်းလက်ပဲ။ သူတို့ ဖြီးဖြန်းပြီးပြောနေကြတာ မဟုတ်ဘူး။”

ဝတ်စုံစိမ်းနှင့်လူသည် သူ့လက်သူပြန်ကြည့်နေလိုက်သည်။ “ဒီလက်နဲ့အထိခံလိုက်ရတဲ့လူတိုင်းဟာ ဝေဒနာခံစားနေရမှာထက် သေဖို့ပိုပြီးအလိုရှိခဲ့ကြတယ်။ ပုံကြီးချဲ့ပြီးပြောခဲ့ကြတာမဟုတ်ဘူး။”

လီဆွန်းဟွာသည် ထိုလူ၏မျက်နှာဆီသို့ အကြည့်ရွေ့လိုက်ပြီးနောက် မေးမြန်းလိုက်သည်။ “မင်းဟာ သရဲစိမ်းလက် ရိခူ မဟုတ်ဘူး။”

ဝတ်စုံစိမ်းနှင့်လူ-”ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။ သူ့ကိုသိလို့လား။”

“'ဟုတ်တယ်”

ဝတ်စုံစိမ်းနှင့်လူသည် ရယ်မောနေလိုက်၏။ “ကျုပ် သူ့လိုဟန်မဆောင်ချင်ခဲ့ပါ ဘူး။ ကျုပ်ကသူ့ရဲ့...”

လီဆွန်းဟွာ-“ရိခူရဲ့တပည့်တစ်ယောက်လည်း မဖြစ်နိုင်ဘူး။”

ဝတ်စုံစိမ်းနှင့်လူ-“ကျုပ်သူ့ရဲ့တပည့်လို့ဘယ်သူပြောလဲ။ ရိခူက ကျုပ်ရဲ့တပည့်တောင်မဖြစ်ထိုက်သေးဘူး။”

“ဟုတ်ရဲ့လား...”

“ကျုပ်ရယ်စရာပြောနေတယ်များ ထင်နေလား။”

လီဆွန်းဟွာ-”ကျုပ် မင်းရဲ့အတိတ်ကို စိတ်မဝင်စားဘူး။”

လီဆွန်းဟွာအားစိုက်ကြည့်နေစဉ် ဝတ်စုံစိမ်းနှင့်လူ၏မျက်လုံးများ အရောင်တစ်လက်လက် တောက်လာ၏။ “ဒါဆို ခင်ဗျားကဘာကိုစိတ်ဝင်စားတာလဲ။ ရွှေချည်မျှင်ကိုယ်ကျပ်အင်္ကျီကိုလား။”

လီဆွန်းဟွာ ပြန်မဖြေပါ။ သူ့လက်ထဲမှ ဓားပျံလေးကိုသာ ဆော့ကစားနေလိုက်၏။

ဝတ်စုံစိမ်းနှင့်လူသည်လည်း ထိုဓားပျံကို စိုက်ကြည့်နေလိုက်သည်။ “ခင်ဗျား ရဲ့ဓားပျံက ပစ်လွှတ်လိုက်ပြီဆိုတာနဲ့ ဘယ်တော့မှမလွဲဘူးလို့ လူတိုင်းပြောနေကြတယ်။ ပုံကြီးချဲ့ပြီးပြောနေကြတာများ ဖြစ်နေမလား။”

လီဆွန်းဟွာ ပြန်ဖြေလိုက်၏။ “ဒီမှတ်ချက်ကို လူတော်တော်များများက သံသယရှိခဲ့ကြပါတယ်။”

“ခုဆိုရင်ကော...”

လီဆွန်းဟွာ၏မျက်နှာပေါ်၌ ကျေနပ်နှစ်သိမ့်သော အမူအရာများ ဖြစ်ပေါ်လာ၏။ “အဲဒီလူတွေသေကုန်ကြပြီ။”

ဝတ်စုံစိမ်းနှင့်လူသည် ခဏလေးတွေဝေသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။

သူ၏ရယ်မောသံမှာ အားတင်းထားပုံမျိုးရပြီး ခြောက်ကပ်နေ၏။ သို့ရာတွင် သူ၏မျက်နှာအမူအရာ မပြောင်းလဲသွားပါ။ “အမှန်အတိုင်းပြောရရင် ကျုပ်ကလည်း စမ်းသပ်ကြည့်ချင်ပါသေးတယ်။”

လီဆွန်းဟွာ-”မင်းစမ်းသပ်ကြည့်ချင်မှာမဟုတ်ဘူးလို့ ကျုပ်ထင်ပါတယ်။”

ဝတ်စုံစိမ်းနှင့်လူ အရယ်ရပ်သွား၏။ “ဝတ်စုံက ဟိုလူသေဆီမှာ... ဟုတ်တယ်မို့လား။”

“အင်း”

ဝတ်စုံစိမ်းနှင့်လူ-”အဲဒီလူသေဆီ ကျုပ်သွားလိုက်မယ်ဆိုရင်ကော...”

လီဆွန်းဟွာက ဖြတ်ပြောလိုက်၏။ “အဲလိုဆို မင်းလည်းလူသေတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။”

ဝတ်စုံစိမ်းနှင့်လူက ရယ်မောနေလိုက်၏။ “ကျုပ်ခင်ဗျားကို ဂရုမစိုက်ပါဘူး။ ကျုပ်ကလောင်းကစား မလုပ်တတ်သလို အန္တရာယ်ရှိမယ့်အလုပ်မျိုးလည်း မလုပ်ချင်ဘူး။”

လီဆွန်းဟွာ-”အင်မတန်ကောင်းတဲ့ အကျင့်ပဲ။”

ဝတ်စုံစိမ်းနှင့်လူ-”ခင်ဗျားကိုယ်တိုင် အဲ့ဒီဝတ်စုံ ကျုပ်ဆီကိုယူလာပေးအောင် လုပ်တဲ့နည်းတော့ ကျုပ်ဆီမှာရှိတယ်။”

ဝတ်စုံစိမ်းနှင့်လူက ဆက်ပြောနေသည်။ “ဒီသရဲစိမ်းလက်ဟာ ရှားပါးတဲ့သတ္တုတွေနဲ့ ပြုလုပ်ထားခဲ့ပြီး အဆိပ်မျိုးစုံနဲ့ ရောစပ်ထားတယ်ဆိုတာ ခင်ဗျားသိမှာပါ။ ဒီ လက်နက်ပြုလုပ်ဖို့ ၇ နှစ်ကြာအောင် ဖိုထိုးထားခဲ့ရတယ်။ သိုင်းလောကမှာ စိုးမိုး ခြယ်လှယ်မှုအရှိဆုံး လက်နက်လို့တောင် ပြောလို့ရတယ်။”

လီဆွန်းဟွာ-”ပိုင်ရှောင်ရှန်းရဲ့လက်နက်စာရင်းမှာ သရဲစိမ်းလက်ဟာ နံပါတ် ၉ ချိတ်တယ်။ သိပ်ကိုအဖိုးတန်တဲ့ လက်နက်တစ်စုံပါပဲ။”

ဝတ်စုံစိမ်းနှင့်လူ-”ခင်ဗျားကိုဒီလက်နက်ပေးလိုက်မယ်။ ရတနာဝတ်စုံ ကျုပ်ကိုပြန်ပေးမလား။”

လီဆွန်းဟွာ ခဏမျှစဉ်းစားလိုက်၏။ “ကျုပ်ရဲ့ဓားပျံကတော့ သာမန်ပန်းပဲဖိုမှာ ၆ နာရီလောက် ထုလုပ်ရင်ရပြီ။ ပိုင်ရှောင်ရှန်း လက်နက်စာရင်းမှာတော့ နံပါတ် ၃ အဆင့်ရှိတယ်ဆိုတာမမေ့ပါနဲ့။”

ဝတ်စုံစိမ်းနှင့်လူသည် သက်ပြင်းချပြီး ပြောဆိုလိုက်သည်။ “လက်နက်ကအရေးမကြီးဘူး။ လက်နက်ကိုအသုံး ပြုတဲ့လူကသာ အရေးကြီးတယ်လို့ ခင်ဗျားပြောချင်တာလား။”

လီဆွန်းဟွာ-“မင်းတော်တော်လေး တိုးတက်လာပြီ...”

ဝတ်စုံစိမ်းနှင့်လူ-“ဒါဆိုရင်ခင်ဗျား.. အလဲအလှယ်လုပ်မှာ မဟုတ်တော့ဘူးပေါ့။”

လီဆွန်းဟွာ-“ကျုပ်အဲဒီလက်နက်ကို လိုချင်ခဲ့တယ်ဆိုရင် အခုမင်းရဲ့လက်ထဲမှာ ရှိနေမှာတောင်မဟုတ်ဘူး။”

ဝတ်စုံစိမ်းနှင့်လူသည် ခဏကြာမျှစဉ်းစားလိုက်ပြီး အထုပ်တစ်ထုပ်ကို ဖြေထုတ်လိုက်၏။ အထုပ်တွင်းမှ ပြောင်လက်နေသော ဓားတိုလေးတစ်ချောင်း ထွက်ပေါ်လာလေသည်။

ဝတ်စုံစိမ်းနှင့်လူ-“ဓားရတနာဆိုတာ သူရဲကောင်းနဲ့ပဲထိုက်တန်ပါတယ်။ ဒီ ငါးအူဓားဟာ ရှာမှရှားဆိုတဲ့ ဓားရတနာတစ်လက်ပါ။ ဒီဓားနဲ့ဆိုရင် ခင်ဗျားငြင်းပယ်မှာမဟုတ်ဘူးလို့ထင်တယ်။”

လီဆွန်းဟွာက မေးမြန်းလိုက်၏။ “မင်း ‘ဓားနန်းတော်က ပုန်းကွယ်နဂါးရဲ့ တပည့်လား။”

“မဟုတ်ဘူး။”

“ဒါဆိုရင် ဒီဓားက မင်းလက်ထဲမှာဘာလို့ရှိနေရတာလဲ။”

ဝတ်စုံစိမ်းနှင့်လူ-“အဲဒီအဘိုးကြီး သေသွားတာကြာလှပေါ့။ သူ့သား ယူလောင်ရှန်းက ကျုပ်ကိုပေးထားခဲ့တာပါ။”

လီဆွန်းဟွာ-“ဒီဓားဟာ တော်တော့်ကို တန်ဖိုးကြီးတဲ့ ဓားတစ်လက်ပဲ။ သိုင်းလောကမှာ ဓားနန်းတော် ကျော်ကြားနေတာ ဒီဓားကြောင့်မို့လို့ပဲ။ ဒီဓားကို အခိုးခံခဲ့ရတုန်းကဆိုရင် ဓားနန်းတော်ကလူတွေ အသည်းအသန် ပြန်ပြီးရယူခဲ့ကြတယ်။ ဘာဖြစ်လို့ ယူလောင်ရှန်းက မင်းကို ပေးလိုက်ရတာလဲ။”

ဝတ်စုံစိမ်းနှင့်လူ-“ဓားကိုအသာထားလိုက်ပါဦး။ ကျုပ်ကသူ့ခေါင်းကို လိုချင်တယ်ဆိုရင်တောင်မှ ငွေလင်ပန်းပေါ်တင်ပြီး ယူလာပေးလိမ့်ဦးမယ်။ ကျုပ်ပြောတာယုံ။”

လီဆွန်းဟွာ ခဏကြာမျှစဉ်းစားလိုက်၏။ “ဒီဓားက ဟိုဝတ်စုံထက်ပိုပြီး တန်ဖိုးကြီးတယ်။ ဘာလို့လဲချင်ရတာလဲ။”

ဝတ်စုံစိမ်းနှင့်လူ-“ကျုပ်မှာ ထူးဆန်းတဲ့အကျင့်တစ်ခုရှိတယ်။ ယူဖို့ခက်လေ... ကျုပ်ကပိုလိုချင်လေပဲ။”

လီဆွန်းဟွာ-“ကျုပ်ဆီမှာလည်း အဲဒီအကျင့်ရှိတယ်ဆိုတာ မင်းသိလား...”

ဝတ်စုံစိမ်းနှင့်လူ-“ဒါဆိုရင် အလဲအလှယ်လုပ်တော့မယ်ပေါ့။”

“မလုပ်ဘူး...”

ဝတ်စုံစိမ်းနှင့်လူ-“ခင်ဗျားဘာဖြစ်လို့ ရတနာဝတ်စုံကို သိပ်လိုချင်နေရတာလဲ။”

လီဆွန်းဟွာ-“ဒီကိစ္စ မင်းနဲ့ဘာမှမဆိုင်ဘူး။”

ဝတ်စုံစိမ်းနှင့်လူ-“ကျုပ်ကြားဖူးသလောက်တော့ ရှောင်လီတွမ့်ဟွာဟာ အောင်မြင်ကျော်ကြားမှုတွေ... ပစ္စည်းဥစ္စာတွေကို ဘယ်တုန်းကမှ မမက်မောခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက အားလုံးကိုစွန့်လွှတ်ပြီး သိုင်းလောက ကနေထွက်သွားခဲ့တယ်။ ခုမှဘာဖြစ်လို့ ဒီဝတ်စုံကို လိုချင်နေသလဲဆိုတာ ကျုပ်စဉ်းစားလို့ကိုမရဘူး။”

လီဆွန်းဟွာ-“ကျုပ်ဘာဖြစ်လို့ လိုချင်နေရတာလဲဆိုတော့... မင်းလိုပဲပေါ့”

ဝတ်စုံစိမ်းနှင့်လူ-“ဒါဆိုရင်ခင်ဗျားက သိုင်းလောကရဲ့ အချောလှဆုံးဆိုတဲ့ မိန်းကလေးကို ရချင်လို့ပေါ့။ ဟုတ်လား။”

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

ဝတ်စုံစိမ်းနှင့်လူသည် ပြုံးနေလိုက်၏။ “ခင်ဗျားက မိန်းမချောတွေနဲ့ အကောင်းစားအရက်အတွက်ဆိုရင် ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ဖူးဘူးလို့ ကြားဖူးတယ်။ ဟုတ်လား။”

လီဆွန်းဟွာ-”မင်းကအချောအလှတစ်ယောက် မဖြစ်နေတာ စိတ်မကောင်းစရာဘဲ။”

ဝတ်စုံစိမ်းနှင့်လူသည်ပြုံး၍ပြောဆိုလိုက်၏။ “ကျုပ်ကိုအချောအလှတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။”

သူ၏ရယ်မောသံ ရုတ်တရက်ပြောင်းလဲသွား၏။ ညှို့ဓာတ်အပြည့်ရှိသော ငွေဆွဲလည်းသံလေးအဖြစ်သို့ လုံးဝပြောင်းလဲသွား၏။

ရယ်မောနေစဉ်မှာပင် သူ့လက်အိတ်ကို ဖြေးညှင်းစွာ ဆွဲချွတ်လိုက်ရာ အလွန်လှပသော လက်တစ်စုံထွက်ပေါ်လာလေသည်။

လှပသောလက်ပိုင်ရှင်များစွာ လီဆွန်းဟွာတွေ့ခဲ့ဖူးပါသည်။ သူ၏ဓားပျံနှင့်အရက်ခွက်ကို မကိုင်ခင်ကတည်းကပင် မိန်းမလှများစွာ၏ လက်များအား တွဲကိုင်ခဲ့ဖူးပါသည်။သူ၏တစ်သက် ဤမျှလောက်လှပသောလက်တစ်စုံအား တစ်ခါမှတွေ့ဖူးခဲ့ချေ။

မိန်းမလှတို့၏လက်များမှာ များသောအားဖြင့် လှပလေ့ရှိကြပါသည်။ ထိုလက်များသည် ပြီးပြည့်စုံစွာလှပနေကြခြင်းတော့ မဟုတ်ကြချေ။ အပြစ်အနာအဆာ သေးသေးဖွဲဖွဲလေးများတော့ ရှိကြစမြဲပင်။ အသားအရေ ကောင်းချင်မှကောင်းမည်။ လက်ဖမိုးနှင့်လက်ခုံ နည်းနည်းကြီးချင်ကြီးနေလိမ့်မည်။ လက်ဆစ်များတုတ်နေနိုင်သည်။ လက်ထိပ်များနည်းနည်းတုတ်နေပြီး လက်သည်းများ မညီမညာ ဖြစ်ချင်ဖြစ်နေမည်။ မှဲ့ခြောက်များနှင့် ဆားဝက်ခြံအချို့ လက်ခုံပေါ်တွင် ရှိနေနိုင်သည်။ လက်ချောင်းများက ရှည်မျောမျောဖြစ်နေနိုင်သည်... စသည်ဖြင့် အပြစ်အနာအဆာ နည်းနည်းလေးတော့ မကင်းကြချေ။ သူ့ရင်ထဲမှ သူအချစ်ရဆုံး အမျိုးသမီး... သူအမြဲတမ်း သတိရတမ်းတနေရသော အမျိုးသမီး၏လက်များမှာပင် အပြစ်အနာအဆာအချို့ ရှိနေသေး၏။

ယခုသူတွေ့မြင်နေရသောလက်များမှာ လုံးဝအပြစ်အနာအဆာ ကင်းလေသည်။ အသားအရေမှာ ဖြူဖွေးပြီးချောညက်နေ၏။ လက်ကောက်ဝတ်သိမ်ခြင်း..တုတ်ခြင်းမရှိ။ လက်ဆစ်များကြီးနေခြင်း.. သေးနေခြင်းမရှိ။ လက်ချောင်းများရှည်ခြင်း.. တိုခြင်းမရှိ။ အဆီရစ်နေခြင်း.. ခြောက်ကပ်နေခြင်းများမရှိ။ ဖြူဖွေးနူးညံ့သောအရေပြားပေါ်တွင် မွှေးညင်းပါးပါးလေးများ ပေါက်နေပြီး.. အရေပြားအောက်၌ နန်းတွင်းမှကျောက်စိမ်းသားကဲ့သို့ စိမ်းလဲ့နေသော သွေးကြောလေးများကိုပင် တွေ့မြင်နေရ၏။

အလွန်တရာမှ ချေး(ဂျီး)များသူတစ်ယောက်ပင်လျှင် ဤလက်တစ်စုံအား တွေ့ မြင်လိုက်ပါက စွဲမက်သွားပေလိမ့်မည်။

ဝတ်စုံစိမ်းနှင့်လူ-“ကျမရဲ့လက်တွေက သရဲစိမ်းရဲ့လက်ထက်ပိုပြီး လှနေတယ် မဟုတ်လား။” သူမသည် အသံလွင်လွင်လေးနှင့် မေးလိုက်၏။

လီဆွန်းဟွာ သက်ပြင်းမောတစ်ချက်ချလိုက်လေသည်။ “မင်းရဲ့လက်တစ်စုံရဲ့လှပမှုနဲ့တင် လူသတ်မယ်ဆိုရင်တောင် သတ်ချင်တိုင်းသတ်လို့ရနေတာပဲ။ ဘာအတွက်နဲ့များ သရဲစိမ်းလက်ကို အသုံးပြုပြီး သတ်ခဲ့ရတာလဲဆိုတာ ကျုပ်နားမလည်တော့ဘူး။”

ဝတ်စုံစိမ်းနှင့်လူသည် လှပစွာပြုံးနေလိုက်သည်။ “ခုအတိုင်းဆိုရင် ကျမရဲ့ကမ်းလှမ်းချက်ကပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ မဟုတ်လား။”

လီဆွန်းဟွာ-“မလုံလောက်သေးဘူး...”

ဝတ်စုံစိမ်းနှင့်လူသည် တခစ်ခစ်ရယ်နေလိုက်၏။ “ယောက်ျားတွေဟာ အလွန် လောဘကြီးကြတယ်။ ဩဇာရှိတဲ့သူတွေ အဆိုးဆုံးပဲ။ အာဏာစက် ကြီးထွားလာလေ... လိုချင်ရမ္မက်ပိုလာလေပဲ။” သူ၏ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ လှည့်ပတ်လိုက်ပြီး အပေါ်ဝတ်ရုံလွှာအား ငြင်သာစွာ ချွတ်ချလိုက်လေ၏။

လီဆွန်းဟွာသည် အဆိပ်မရှိသောအရက်အိုးထဲမှ အရက်တစ်ခွက်ငဲ့လိုက်၏။ “မိန်းမလှတစ်ယောက်ကိုခံစားဖို့ အရက်တစ်ခွက်တော့အနည်းဆုံး လိုလိမ့်မယ်ထင်တယ်။”

ဝတ်စုံစိမ်းနှင့်လူ-“ဒီအနေအထားကိုတောင်မှ ရှင်မကျေနပ်နိုင်သေးဘူးလား။”

လီဆွန်းဟွာ ပြန်ဖြေလိုက်၏။ “ယောက်ျားတွေဟာ တော်တော့်ကို လောဘကြီးကြတယ်။”

သူမ၏ ဝတ်စုံပါးပါးအောက်မှ ခန္ဓာကိုယ်မှာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် ဖောင်းရမည့်နေရာဖောင်း၊ ချပ်ရမည့်နေရာချပ်၍ ပြီးပြည့်စုံစွာ... နွေဦးတွင် စွင့်စွင့်အာအာ ဖူးပွင့်လာသော ပန်းငုံတစ်ပွင့်ကဲ့သို့ရှိုက်မက်ဖွယ်ကောင်းစွာ... စွဲမက်ဖွယ်အတိ အစွမ်းကုန်လှပနေ၏။

သူမသည် ပြုံးလိုက်ပြီး ဖိနပ်တစ်ရံအားကဗျာဆန်ဆန် တော့ပြီးချွတ်လိုက်၏။ ထို့နောက်.. ခြေစွတ်တစ်စုံ...

သူမ၏ခြေဖမိုးမှာ အလွန်တရာလှပလေ၏။ ခြေကျင်းဝတ်များ၏ ပြီးပြည့်စုံစွာလှပပုံမှာ စာဖွဲ့၍ပင်မရချေ။ ဤခြေထောက်နှစ်ဘက်ဖြင့်သာ တက်နင်းမည်ဆိုပါက ရင်ဘတ်ဖွင့်ပြီး တက်နင်းခံမည့် ယောက်ျားပေါင်း ရေတွက်၍ပင်ရမည်မဟုတ်။

ထို့နောက် ဝတ်ရုံရှည်အောက်မှ ဖြူဖွေးနူးညံ့ပြီး ဖြောင့်စင်းနေသော ပေါင်တံတစ်ချောင်း ကဗျာဆန်စွာ ထွက်ပေါ်လာ၏။

လီဆွန်းဟွာ၏ အသက်ရှူခြင်း ရပ်ဆိုင်းသွားခဲ့လေ၏။

ဝတ်စုံစိမ်းနှင့်လူ-“တော်လောက်ပြီထင်ပါတယ်ရှင်...”

လီဆွန်းဟွာသည် အရက်ခွက်ကိုမော့ပြီးပြောဆိုလိုက်သည်။ “ဒီအချိန်မှ ကျေနပ်ပါပြီဆိုရင် ကျုပ်လောက် တုံးတဲ့လူ ကမ္ဘာပေါ်မှာရှိမှာတောင်မဟုတ်ဘူး။”

သူမ စကားပြန်ပြောတော့ပါ။ ဆက်လက်၍ အဝတ်အစားများကို တစ်လွှာချင်း ဖြေးညင်းစွာ ချွတ်ချလိုက်လေတော့သည်။

ဤခန္ဓာကိုယ်လောက် ပြီးပြည့်စုံစွာလှပသော ခန္ဓာကိုယ်မျိုး နောက်တစ်ယောက် ရှိနိုင်မည်မဟုတ်ဟု မြင်ရသည့်လူတိုင်း မိန်းမောစွာ စဉ်းစားမိကြပေလိမ့်မည်။ ရင်သားနှစ်မွှာမှာ တင်းရင်းနေ၏။ ခြေထောက်နှစ်ချောင်းအပါအဝင် တစ်ကိုယ်လုံး အဆီပိုဟူ၍မရှိ။ ပေါင်တံနှစ်ချောင်းအား တင်းကျပ်စွာစေ့ထား၏။... ... ...

ဤအခန်းထဲ၌ လီဆွန်းဟွာ... မိန်းမချောလေးတစ်ယောက်နှင့် သက်မဲ့ရုပ်အလောင်း ၃ လောင်းသာလျှင်ရှိ၏။ မိန်းကလေးမှာ ရှက်ရွံ့မှုမရှိဘဲ လီဆွန်းဟွာကို သူမ၏ရှိရှိသမျှအလှအပများအား လှစ်ဟပြနေသည့်မြင်ကွင်းကို မြင်ရသူတိုင်း မေးရိုးများ အောက်သို့တွဲကျနေကြမည်ဖြစ်ပြီး ပြန်ပိတ်ဖို့ပင် မေ့လျော့နေကြပေမည်။

သူမသည် လီဆွန်းဟွာအား ကြာမူပါပါကြည့်ပြီးပြောဆိုလိုက်သည်။ “ကျေနပ်ပါပြီလားရှင်...” သူမ၏ မျက်နှာပေါ်၌ မျက်နှာဖုံးတစ်စုံသာ ကျန်ရှိနေတော့ သည်။

လီဆွန်းဟွာ-“ခဏနေဦး... နည်းနည်းလေးကျန်သေးတယ်။”

“ဘယ်အချိန်မှာရပ်သင့်တယ်ဆိုတာ သိသင့်ပါပြီရှင်ရယ်။”

လီဆွန်းဟွာ-“လွယ်လွယ်ကူကူနဲ့ ကျေနပ်နှစ်သိမ့်ကြတဲ့လူတွေဟာ အရေးအပါဆုံးအချက်တွေကို လွတ်သွားတတ်ကြတယ်။”

မိန်းမပျိုက ပြန်မေးလိုက်၏။ “ကျမမျက်နှာကိုရှင်မြင်ရမှ ကျေနပ်မှာလား။ စိတ်ဝင်စားစရာပိုပြီးတော့ကောင်းအောင် စိတ်ကူးယဉ်ဆန်ဆန်လေး တွေးကြည့်တာ ပိုမကောင်းဘူးလားရှင်။”

လီဆွန်းဟွာ-“ဘာလို့လဲဆိုတော့ ကိုယ်ခန္ဓာလှပလွန်းတဲ့ မိန်းမတွေဟာ အရုပ်ဆိုးတတ်ကြတယ်ဆိုတာ ကျုပ်သိထားပါတယ်။”

“ကျမက ရုပ်ဆိုးမယ်လို့ ရှင်ထင်နေတယ်ပေါ့လေ။”

“ဖြစ်ကောင်းဖြစ်နိုင်တာပဲ...”

မိန်းမပျိုလေးသည် သက်ပြင်းချလိုက်၏။ “ရှင်ဟာ ဘယ်လိုမှအလျှော့ပေးဦးမှာ မဟုတ်ဘူးထင်တယ်။ ဒါပေမဲ့ ကျမမျက်နှာကိုတော့ ရှင်မတွေ့သင့်ဘူး။”

“ဘာဖြစ်လို့...”

“ရှင်နဲ့ ရတနာဝတ်စုံအလဲအလှယ်လုပ်ပြီးပြီဆိုတာနဲ့ ကျမ ဒီနေရာကနေ ချက်ချင်းထွက်သွားမှာ။ ရှင်ကျမကို နောက်တစ်ခါတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှင့်ဘဝအတွက် ကျေနပ်နှစ်သိမ့်စရာအကောင်းဆုံးဆိုတဲ့ အချိန်လေးတွေ ကျမပေးခဲ့ပြီးပြီ။ ဒါဟာ တရားမျှတတဲ့ လဲလှယ်မှုတစ်ခုပဲ။ ကျမတို့နောက်တစ်ကြိမ် မတွေ့ကြရင် အကောင်းဆုံးပါပဲရှင်။”

လီဆွန်းဟွာ-“သင့်လျော်ပါတယ်...”

“ကျမမျက်နှာကိုမြင်ဖူးလိုက်တာနဲ့ ရှင်တမ်းတမ်းစွဲဖြစ်သွားလိမ့်မယ်။ ကျမက ရှင့်အပေါ်မှာ ထပ်ပြီးကောင်းချင်မှကောင်းတော့မှာနော်။ ကျမကိုစွဲလန်းနေတဲ့စိတ်နဲ့ ရှင်ဒုက္ခရောက်သွားမှာ စိုးရိမ်လို့ပါ။”

လီဆွန်းဟွာ-“ကျုပ်ကလည်း အလဲအလှယ် လုပ်ချင်မှလုပ်မှာပေါ့။”

“ရှင် မလုပ်ဘူးလား...”

သူမသည် ရုတ်တရက်ပင် မျက်နှာဖုံးအားဆွဲချွတ်လိုက်လေ၏။ “ရှင်အပေး အယူလုပ်တော့မလား။”

မိန်းမပျို၏မျက်နှာလေးသည် အလွန်လှပလေ၏။ ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ပင် အပြစ်ပြောစရာ တစ်စက်ကလေးမျှမရှိ။ မည်သည့်ယောက်ျားသားမှ သူမ၏အလှအပအား ငြင်းဆန်နိုင်မည်မဟုတ်ချေ။

လီဆွန်းဟွာက သက်ပြင်းချလိုက်သည်။ “ရိခူ မင်းကို သူ့ရဲ့ သရဲစိမ်းလက် ပေးခဲ့တာ။ ယူလောင်ရှန်း မင်းကို သူ့မိသားစုရဲ့ တန်ဖိုးအရှိဆုံး ရတနာဓားကိုပေးခဲ့တာ။ ကျုပ်မအံ့ဩတော့ပါဘူး။”

မိန်းမလှလေးမှာ သူ့ကိုပြုံး၍ကြည့်နေ၏။ စကားတစ်ခွန်းမှမပြော။ သူမ စကားပြောစရာမလိုတော့မှန်း သိလိုက်ရ၍ဖြစ်၏။

သူမ၏မျက်လုံးများက စကားပြောနိုင်ကြ၏။ သူမ၏အပြုံးမှ စကားပြောနိုင်၏။ သူမ၏လက်.. ရင်သား.. ခြေတံများ.. သူမ၏တစ်ကိုယ်လုံး စကားပြောနိုင်ကြ၏။ ပါးစပ်ဖြင့်စကားပြောရန်မလိုတော့ပေ။

ဤမျှဖြင့်လုံလောက်ပြီဟု သူမ ထင်သည်။ ယောက်ျားတစ်ယောက်မှ သူမ၏ ခံစားချက်ကို ယခုအချိန်ထိ မသိသေးဆိုလျှင် ထိုယောက်ျားမှာ ငအ တစ်ယောက်ပင်ဖြစ်ရပေမည်။

ထို့ကြောင့် သူမ စောင့်နေလိုက်၏။

လီဆွန်းဟွာသည် ထိုင်နေလျက်ပင်ရှိနေသေး၏။ အရက်တစ်ခွက်ထပ်၍ ငှဲ့လိုက်ပြီးနောက်-“ကျေးဇူးတင်ပါတယ်။ ကျုပ်မျက်လုံးတွေ ဒီလိုမျိုး ကျေနပ်နှစ်သိမ့်မှုမျိုးမရခဲ့တာ တော်တော်လေးကို ကြာခဲ့ပါပြီ။”

မိန်းမပျိုလေးသည်နှုတ်ခမ်းအား ဖိကိုက်ထားလိုက်ပြီး ပြောဆိုလိုက်သည်။ “ရှင်လိုလူတစ်ယောက်က အရက်နဲ့ ရဲဆေးတင်နေတုန်းဆိုတာ ကျမဖြင့် ယုံတောင်မယုံဘူး။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ မိန်းမလှတွေကို နှစ်သိမ့်မှုပေးနိုင်ဖို့ဆိုတာ တော်တော့်ကိုမလွယ်ကူလို့ပဲ။”

ရုတ်တရက် လီဆွန်းဟွာ၏ ရင်ခွင်ထဲသို့ သူမ တိုးဝင်ရောက်သွားလေ၏။

သူ့လက်ထဲမှ အရက်ခွက် လွတ်ကျကွဲသွားခဲ့၏။

သူ၏လက်တစ်ဘက်ဖြင့် သူမ၏ကျောပြင်အားသိုင်းဖက်ထားသော်လည်း ကျန်လက်တစ်ဘက်ကမူ ဓားပျံအား တင်းကြပ်စွာဆုတ်ကိုင်ထားဆဲ ရှိနေ၏။

မိန်းမပျိုကလေးက တိုးလျစွာပြောဆိုလိုက်သည်။ “ယောက်ျားတစ်ယောက်ဟာ ဖိုမကိစ္စဆက်ဆံတော့မယ်ဆိုရင် ဓားလက်နက်ကို မကိုင်ထားသင့်ပါဘူးရှင်။”

လီဆွန်းဟွာကလည်း တိုးညှင်းစွာပြန်ပြောလိုက်၏။ “ယောက်ျားတစ်ယောက်ဆီမှာ လက်နက်ကိုင်ဆောင်ထားတယ်ဆိုရင် မင်းလည်း သူ့ရင်ခွင်ထဲကို မရောက်နေသင့်ဘူး။”

မိန်းမပျိုလေးက ရယ်မောနေလိုက်၏။ “ကျမကို ဒီလိုအချိန်မျိုးမှာ သတ်နိုင်တယ်လို့ ရှင့်ကိုယ်ရှင်ထင်နေလား။”

လီဆွန်းဟွာကလည်း ရယ်မောဖြေဆိုလိုက်သည်။ “မိန်းမပျိုလေးတစ်ယောက်ဟာ ဒီလောက် မမောက်မာသင့်သလို အဝတ်အစားတွေချွတ်ပြီး ယောက်ျားတစ်ယောက်ကို မမြှူဆွယ်သင့်ဘူး။ အဲဒီမိန်းကလေးဟာ အဝတ်အစားတွေကို လုံလုံခြုံခြုံဝတ် ဆင်ထားပြီး ယောက်ျားတစ်ယောက်မြှူဆွယ်အလာကို စောင့်နေသင့်တယ်။ အဲ့လိုမှ မဟုတ်ရင် ယောက်ျားက ဘယ်လိုလုပ်ပြီး ခံစားလို့ရတော့မှာလဲ။”

သူ့လက်ထဲမှ ဓားပျံမြောက်တက်လာ၏။ ဓားပျံထိပ်ဖျားက မိန်းမပျိုလေး၏ လည်မျိုသို့ ထောက်ထားလေ၏။ ထိုနေရာမှ သွေးစများ သူမ၏ ဖြူဖွေးနေသော ရင်သားနှစ်မွှာကြားသို့ တဖြည်းဖြည်း စီးကျနေ၏။

သူမ လွန်စွာမှပင်ထိတ်လန့်သွား၏။ ရုတ်ချည်းပင် သူမ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့လေတော့သည်။

လီဆွန်းဟွာက ပြုံးလိုက်သည်။ “မင်းကိုယ်မင်း အထင်ကြီးနေတဲ့စိတ်ကော ရှိသေးရဲ့လား။ ကျုပ်မင်းကိုဘယ်လိုမှ မသတ်ပစ်နိုင်ဘူးလို့ကော ထင်နေသေးလား။”

ဓားသွားမှာ သူမ၏လည်ပင်း၌ ထောက်ထားဆဲ။

သူမ၏နှုတ်ခမ်းများ တလှုပ်လှုပ်ဖြစ်နေ၏။ မည်သည့်စကားသံမျှ မထွက်လာခဲ့တော့ချေ။

လီဆွန်းဟွာ သက်ပြင်းချပြီးပြောဆိုလိုက်သည်။ “မင်းတစ်ခုသိထားသင့်တာက (၁) ယောက်ျားတွေဟာ မြှူဆွယ်ခံရတာကိုမကြိုက်ဘူး။ (၂) မင်းကိုယ်မင်း ထင်ထားသလောက် မင်းဟာမလှဘူး။”

မိန်းမပျိုလေး-“တော်ပါတော့… ကျမအရှူံးပေးပါပြီ။ ကျေးဇူးပြုပြီး ကျမလည်ပင်းက ရှင့်ဓားပျံကို ရုတ်သိမ်းပေးပါတော့။”

လီဆွန်းဟွာ-“ကျုပ် မင်းကိုမေးစရာတစ်ခုရှိသေးတယ်။”

“မေးပါရှင်”

လီဆွန်းဟွာ-”မင်းလိုချင်သမျှ.. မင်းတောင်းသမျှ ယောက်ျားတိုင်း လိုလိုဆီကနေ မင်းရနေတာပဲ။ ဘာဖြစ်လို့ ဒီဝတ်စုံကိုမှ ယူဖို့ကြိုးစားရတာလဲ။”

မိန်းမပျို-”ကျမရှင့်ကို ပြောခဲ့ပြီးပြီပဲ... ယူဖို့ခက်ခဲလေ။ ကျမက ပိုရချင်လေပဲ။”

လီဆွန်းဟွာ ခဏအကြာ စဉ်းစားနေလိုက်သည်။ “ငါ့ဓားပျံကို မင်းလည်ပင်းကနေ ပြန်ရွှေ့ပေးတယ်ဆိုရင်တောင်မှ မင်းလည်ပင်းက ငါ့ ဓားပျံကို ရှောင်နိုင်မယ်လို့များ ယူဆနေတာလား။”

ထိုမိန်းမပျိုလေးသည် ချက်ချင်းပင် သူ့ရင်ခွင်ထဲမှ လူးလွန့်ထွက်ခွာသွား၏။

ခဏအကြာတွင် ပြုံးပြီးပြောဆိုလိုက်လေသည်။ “ရှင်ကျမကို သတ်ချင်မှာ မဟုတ်ဘူးဆိုတာ သိနေသားပဲ။”

“ဘာဖြစ်လို့လဲ...”

သူ့ဓားပျံအား သူဆုပ်ကိုင်ထားဆဲဖြစ်၏။ “ကျုပ်အခုပြောမယ့်စကားဆုံးလို့မှ မင်း ထွက်မသွားသေးဘူးဆိုရင်တော့ ကျုပ်ကိုအဆိုးမဆိုနဲ့။ ကျုပ်ပြောတာယုံ...”

မိန်းမပျိုလေး စကားဆက်မပြောတော့ပါ။

အဝတ်အစားနှင့် သူမ၏ပစ္စည်းများကို လျင်မြန်စွာ ကောက်ယူသွားခဲ့ပြီး ထွက်ပြေးသွားခဲ့လေတော့၏။

ထို့နောက် အဝေးတစ်နေရာမှ ကြိတ်မနိုင်ခဲမရအသံဖြင့် လှမ်း၍အော်ပြောလိုက်၏။ “လီဆွန်းဟွာ... ရှင်ဟာ ယောက်ျားတစ်ယောက် မဟုတ်ဘူး။ ရှင်ဟာ လူတစ်ယောက်တောင်မှမဟုတ်ဘူး။ အသုံးမကျတဲ့လူ၊ အလကားလူ။ ရှင့်ချစ်သူ ရှင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ လိုက်ပြေးသွားတာ အခုမှပဲ နားလည်တော့တယ်။”

နှင်းများ တဖွဲဖွဲကျနေ၏။ နှင်းပြင်ကြီး၏ ရောင်ပြန်ဟပ်မှုကြောင့် ဝန်းကျင်တစ်ခုလုံး သာယာလှပနေလေ၏။ ဤမီးဖိုခန်းလေးမှာတော့ တစပြင် တစ်ခုအလား။ ခြောက်ကပ်ကပ်ဖြင့် လူနေချင်စိတ်မရှိစဖွယ်။

လီဆွန်းဟွာ ဤနေရာ၌ပင်ထိုင်နေ၏။ မလှုပ်မယှက်ထိုင်နေ၏။

သူ့မျက်ဝန်းများ၌ နာကျင်သော... ယူကြုံးမရသော... ဝေဒနာများဖြင့် ပြည့်နှက်နေ၏။ ထိုမိန်းမပျိုပြောသွားခဲ့သောစကားများမှာ သူ့နှလုံးသားအား ဓားထက်ထက်တစ်လက်ဖြင့် ထိုးစိုက်လိုက်သည့်အလား ခံစားနေရလေသည်။

“ငါ့ရဲ့အချစ်ဆုံးချစ်သူ... ငါ့အချစ်ဆုံးမိတ်ဆွေ...”

0 comments:

Post a Comment