မြင်းလှည်းမောင်းသမားက ခုန်ထလိုက်ပြီးသူ့အင်္ကျီအား ဆွဲချွတ်လိုက်ခါ နှင်းမုန်တိုင်းကို ရင်ဘတ်ဟောင်းလောင်းဖြင့် ဆီးကြိုလိုက်၏။
သူသည် မြင်းတစ်ကောင်ကဲ့သို့ပင် မြင်းလှည်းကို အားစိုက်၍ဆွဲသွားနေလေ၏။
လီဆွန်းဟွာမှ သူ့အားမတားဆီးခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်သူစိတ် ထွက်ပေါက်တစ်ခုပေးရန် လိုအပ်နေသည်မဟုတ်ပါလား။ မြင်းလှည်း၏တံခါးပိတ်လိုက်သောအခါတွင်မူ လီဆွန်းဟွာ၏မျက်လုံးများ၌ မျက်ရည်ဥများတွဲခိုလာလေတော့သည်။
၁ နာရီခန့်ကြာသော် သူတို့ 'ညိုကျား' ကျေးရွာလေးသို့ ရောက်ရှိလာခဲ့ကြသည်။
ရွာလေးမှာ အိမ်ခြေများများစားစားမရှိသော ရွာငယ်လေးသာဖြစ်၏။ မှောင်စပြုနေပြီ။ နှင်းမုန်တိုင်းလည်းရပ်စဲသွား၏။ အိမ်တိုင်းရှိမိသားစုဝင်တိုင်း မိမိတို့၏ အိမ်ရှေ့ရှိ လူသွားလမ်းများပေါ်လာစေရန် ဂေါ်ပြားများဖြင့် နှင်းထွက်ကြုံးနေကြ၏။
မြင်းလှည်းမောင်းသမားသည် မြင်းလှည်းအားမြင်းကဲ့သို့ဆွဲလာသည်ကို တွေ့လိုက်ရသူတိုင်း အံ့ဩထိတ်လန့်သွားကြ၏။ အချို့မှာ အိမ်တွင်းသို့ ပြေးဝင်သွားကြ၏။
ဤရွာလေး၌ အရက်ဆိုင်တစ်ဆိုင် ရှိနေလေသည်။
ဤမျှလောက်သန်မာပြီးခွန်အားကောင်းသူမျိုး သူတို့မတွေ့ဖူးကြချေ။ မြင်းလှည်းမောင်းသမားက အရက်ဆိုင်ဘက်သို့ ဦးတည်လိုက်သောအခါ အချို့မှာ ကြောက်လန့်သွားကြပြီး ဆိုင်တွင်းမှထွက်ပြေးသွားကြ၏။
မြင်းလှည်းမောင်းသမားက ခုံ၃လုံးအားဆက်လိုက်၏။ ထို့နောက် ဆက်ထားသောခုံများပေါ်သို့ သန့်ရှင်းသာအဝတ်စထူထူတစ်ခုကို ခင်းလိုက်၏။ ပြီးနောက် လီဆွန်းဟွာအားသယ်ယူလာပြီး သက်တောင့်သက်သာရှိစေရန် ခုံများပေါ်သို့တင်ပေးထားလိုက်၏။
လီဆွန်းဟွာ၏မျက်နှာ၌ သွေးရောင်တစ်စက်မျှရှိမနေချေ။ သူ့အားအပြင်းအထန်ဖျားနာနေသော ဝေဒနာသည်တစ်ယောက်မှန်း လူတိုင်းရိပ်မိလိုက်ကြ၏။ ဤ အရက်ဆိုင်လေးဖွင့်ထားခဲ့သည်မှာ နှစ်ပေါင်း၂ဝကျော်ရှိရော့မည်။ သေခါနီးလူမမာတစ်ယောက် အရက်လာသောက်သည်ကို မည်သူကမျှ မမြင်ဖူးခဲ့ကြချေ။ လူတိုင်းပင်စိတ်ဝင်တစားဖြင့် သူတို့အားအကဲခတ်နေကြလေသည်။
မြင်းလှည်းမောင်းသမားက စားပွဲကို ခပ်ပြင်းပြင်းပုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “အကောင်းဆုံးအရက်တွေချပေးစမ်း။ အရက်ထဲမှာရေတစ်စက်ရောနေတာတွေ့လို့ကတော့ မင်းတို့ခေါင်းတွေပြတ်ပြီသာမှတ်...”
လီဆွန်းဟွာက သူ့ကိုကြည့်ပြီးပြုံးလိုက်၏။ “ခင်ဗျားသိလား... ဒီနှစ်၂ဝအတွင်း မှာ 'ရွှေသံမဏိကိုယ်ထည်' ရဲ့ဇာတိရုပ်စစ်စစ်ကို ဒီနေ့မှပဲကျုပ်မြင်ဖူးတော့တယ်။”
မြင်းလှည်းမောင်းသမား၏ခန္ဓာကိုယ် တစ်ချက်တုန်သွား၏။ ထို့နောက် သဘောကျစွာရယ်မောပြီး ပြောဆိုလိုက်သည်။ “သခင်လေး ဒီနာမည်ကိုမှတ်မိနေသေးတာ ကျနော်တော့မယုံနိုင်အောင်ပါပဲ။ ကျနော့်အတွက်တော့ ဒီနာမည်ကိုမေ့နေခဲ့တာကြာပါပြီ။”
လီဆွန်းဟွာ-“ဒီနေ့တစ်ရက်တော့ ခင်ဗျားရဲ့အဓိဋ္ဌာန်ကိုဖျက်ပြီး အရက်သောက်သင့်တယ်ဗျ။”
မြင်းလှည်းမောင်းသမား-“ကောင်းပါပြီ... သခင်လေးသောက်သလို ကျနော်ပါ လိုက်ပြီးသောက်ပါ့မယ်။”
လီဆွန်းဟွာက သဘောကျစွာရယ်မောလိုက်၏။ “ခင်ဗျားကိုအရက်သောက်နိုင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ကျုပ်သေပျော်ပါပြီဗျာ။”
သူတို့နှစ်ယောက် ပျော်ရွှင်စွာရယ်မောပြောဆိုနေကြသည်ကို လူတိုင်းပင်အာရုံစိုက်နေကြ၏။ သေခါနီးလူမမာတစ်ယောက်က ဤမျှပျော်ရွှင်နေသည်ကို သူတို့တစ်သက်မတွေ့ဖူးကြချေ။
အရက်မှာ အကောင်းစားမဟုတ်သော်လည်း ရေရောထားခြင်းမရှိပါ။
မြင်းလှည်းမောင်းသမား-“သခင်လေး... ကျနော့်ကိုစိတ်မရှိပါနဲ့... သခင်လေးအတွက်...” သူ၏အရက်ခွက်အား မြှောက်လိုက်၏။
လီဆွန်းဟွာက ခွက်ချင်းတိုက်ရန် မြှောက်လိုက်သော်လည်း အရက်များဖိတ်စင်ကုန်၏။ ချောင်းဆိုးလိုက်ပြီး အင်္ကျီပေါ်မှအရက်များအား ခါချလိုက်ကာ ပြောဆိုနေ၏။ “ကျုပ်တစ်သက်မှာ တစ်ခါမှအရက်ကိုဖိတ်စင်အောင် မလုပ်ဖူးခဲ့ဖူးဘူး... ဒီနေ့တော့...”
သူရယ်မောနေလိုက်၏။ “ဒီအင်္ကျီကျုပ်နဲ့အတူရှိနေတာ နှစ်ပေါင်းများစွာရှိနေပြီ။ ကျုပ်သူ့ကို အရက်နဲ့ဆုချသင့်တယ်။ လာခဲ့... အင်္ကျီလေးရေ... ကျုပ်ကိုအနွေးဓာတ်တွေပေးခဲ့တဲ့အတွက်... ဒီအရက်နဲ့ဂုဏ်ပြုပါတယ်။”
သူ့အင်္ကျီပေါ်သို့ အရက်တစ်ခွက်လုံးလောင်းချလိုက်၏။
ဆိုင်ရှင်နှင့်စားပွဲထိုးများက သူ့ကိုကြည့်လိုက်ကြပြီး အချင်းချင်း မျက်စပစ်ပြလိုက်ကြသည်။ “ဒီလူဟာ နေမကောင်းဖြစ်နေရုံတင်မကသေးဘူး... ဦးနှောက်လည်း မကောင်းပါလား...”
လူနှစ်ယောက်မှာ အရက်ဆက်တိုက်သောက်နေကြ၏။ လီဆွန်းဟွာအတွက်တော့ အရက်ခွက်ကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ သောက်နေရ၏။
မြင်းလှည်းမောင်းသမားက ခုံပေါ်သို့တစ်ချက်ရိုက်လိုက်ပြန်၏။ “လောကကြီးက လုံးဝမတရားဘူး။ အရက်မူးမပြေခဲ့ရင် သိပ်ကောင်းမယ်။ အခုတော့...အခုတော့...”
လီဆွန်းဟွာ-“ဒီနေ့ ခင်ဗျားပျော်ရွှင်နေသင့်တယ်။ ဘာကမတရားတာလဲ... ဘာလို့မပြေရမှာလဲ... လူတစ်ယောက်ဟာ သူ့ဘဝကို ပြီးပြည့်စုံစွာနေသင့်တယ် မဟုတ်လား...”
မြင်းလှည်းမောင်းသမားက ရယ်မောလိုက်သည်။ “မှန်တယ်... သခင်လေးပြောတာမှန်တယ်...” ပြီးနောက် သူ့မျက်နှာနှင့်စားပွဲ အပ်သွားခဲ့လေတော့သည်။
လီဆွန်းဟွာ၏မျက်နှာပေါ်၌ ကျေးဇူးတင်သောအရိပ်အယောင်များ ထင်ဟပ်လာ၏။ သူတစ်ယောက်တည်း တီးတိုးရေရွတ်မိလိုက်လေတော့သည်။ “ဒီနှစ်၂ဝအတွင်း... ခင်ဗျားသာ ကျုပ်နဲ့အဖော်မလုပ်ပေးခဲ့ဘူးဆိုရင်... ကျုပ်ရှင်သန်ခဲ့မှာ တောင်မဟုတ်ဘူး... ခင်ဗျားအကြောင်းနဲ့ခင်ဗျား ကျုပ်ဘေးမှာအပါးတော်တစ်ယောက်လို လာနေခဲ့ပေးတာကျုပ်နားလည်ပါတယ်။ ကျုပ်မရှိတော့တဲ့နောက် အရင်တုန်းကလို ခင်ဗျားရဲ့အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာတွေ ပြန်အဖတ်ဆည်နိုင်ပါစေလို့ ကျုပ်...”
မြင်းလှည်းမောင်းသမားက ရုတ်တရက်ထခုန်လိုက်၏။ “သခင်လေး ဒီလိုစိတ်မကောင်းစရာတွေ ဘယ်တော့မှမပြောပါနဲ့လားဗျာ... ကျနော်တို့ရဲ့ပျော်ရွှင်မှုလေး အရှိန်ပျက်ပါတယ်။”
သူတို့နှစ်ယောက် ရယ်မောလိုက်ကြ၏။ ပြီးနောက် ငိုနေကြပြန်သည်။
ဆိုင်ရှင်နှင့်စားပွဲထိုးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ “ဒီလူနှစ်ယောက်စလုံး ရူးသွားကြပြီလား...”
ထိုအချိန်၌ပင် လူတစ်ယောက်ပြေးဝင်လာ၏။ “အရက်... အရက်ပေးပါ... မြန် မြန်ပေးပါ...”
သူ့ကိုကြည့်ရသည်မှာ အရက်မသောက်ရလျှင် သေရတော့မည့်အတိုင်းပင်။
ဆိုင်ရှင်-“နောက်ထပ်အရူးတစ်ယောက် ရောက်လာပြန်ပြီ...”
ထိုသူဝတ်ဆင်ထားသော အပြာရောင်ဝတ်စုံမှာ လျှော်ဖွတ်ထားလွန်းသဖြင့် အဖြူရောင်ပင်သန်းနေ၏။ သူ့လက်သည်းထဲ၌ ချေးအပြည့်ရှိနေ၏။ စာပေသမားဦးထုပ်ကို ဆောင်းထားသော်လည်း ဆံပင်များမှာရှုပ်ပွနေ၏။ သူ့မျက်နှာမှာ ဝါကျင့်ကျင့်ဖြင့် လူသည်လည်းပိန်ပိန်ပါးပါးပင်။ ဆင်းရဲနွမ်းပါးသော စာပေသမားတစ်ယောက်ဖြစ်ပုံရ၏။
စားပွဲထိုးတစ်ယောက်မှ အရက်တစ်အိုးယူလာပေးလိုက်၏။
ထိုဆင်းရဲသားစာပေသမားမှာ ခွက်ထဲသို့ပင်မထည့်။ အိုးလိုက်တစ်ရှိန်ထိုးပင် မော့လိုက်၏။ ပြီးနောက် အရက်များပြန်ထွေးထုတ်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ “ဒါလားအရက်... ဒါရှာလကာရည်ကြီးပဲ... ရိုးရိုးရှာလကာရည်တောင်မဟုတ်ဘူး... ရေရောထားတဲ့ဟာကြီး... ထွီ...”
စားပွဲထိုးလေး-“ကျနော်တို့ဆီမှာ အရက်ကောင်းမရှိတာမဟုတ်ပါဘူး... ဒါပေမဲ့...”
ထိုဆင်းရဲသားစာပေသမား-“ငါ့မှာပိုက်ဆံမပါဘူးလို့ မင်းတို့ထင်နေလို့လား... ရော့... ယူသွား...” သူ့အိတ်ထဲမှ ငွေသား၅ဝ ထုတ်ယူပြီးပစ်ပေးလိုက်၏။
စားသောက်နေကြသူများနှင့် စားပွဲထိုးများအံ့အားသင့်သွားကြကုန်လေ၏။ ထို့နောက် အရက်ကောင်းတစ်အိုးကို ထုတ်ယူလာပေးလိုက်ကြလေသည်။
ထိုဆင်းရဲသားစာပေသမားက အရက်အိုးလိုက်မော့ချလိုက်ပြန်၏။ မလှုပ်မယှက်ဖြင့်ထိုင်နေသောကြောင့် လူတိုင်းပင် သူ့အားအရက်သောက်လွန်သွား၍ တစ်ခုခုများ ဖြစ်နေသလားဟု စူးစူးစမ်းစမ်းကြည့်နေကြ၏။ သူသည်အရက်၏ အရသာကိုခံနေကြောင်း လီဆွန်းဟွာတစ်ယောက်သာလျှင် သိနေလေသည်။
ခဏအကြာတွင် ထိုသူမှအသက်ရှူထုတ်လိုက်၏။ မျက်လုံးများကဝင်းပလာပြီး ပြောဆိုလိုက်သည်။ “အရက်ကတော့စုတ်စုတ်ပြတ်ပြတ်ပဲ... ဒါပေမဲ့ ဒီ့ထက်ကောင်းတဲ့အရက် ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီးရနိုင်မှာလဲ...”
ဆိုင်ရှင်က ပြုံးပြီးရှင်းပြလိုက်သည်။ “ကျုပ်ဒီအရက်ကိုသိမ်းထားခဲ့တာ ၁ဝနှစ် ကျော်လောက်ရှိပါပြီ...”
ဆင်းရဲသားစာပေသမားက စားပွဲကိုပုတ်လိုက်၏။ “ဒါကြောင့်မို့ အရသာက ထုံပြင်းပြင်းရှိမနေတာကိုး... နောက်ထပ်အသစ်ဖောက်ထားတဲ့ အရက်တစ်အိုးယူလာခဲ့ပေး... နောက်ပြီး မြည်းဖို့အစားအသောက်တွေပါယူလာခဲ့...”
“လူကြီးမင်း ဘာများမှာစားချင်ပါသလဲ...”
“ဒီလောက်စုတ်ပြတ်နေတဲ့နေရာမှာ အစားကောင်းတော့ရမှာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ်။ ကြက်တောင်ပံတစ်ပွဲနဲ့ ကျီးကန်းအူအစပ်ကြော်တစ်ပွဲ ယူလာခဲ့ပေး။ အူကြော်ကို ခပ်စပ်စပ်လေးလုပ်ပြီးယူလာခဲ့... ကြက်တောင်ပံမှာလည်း အမွှေးတွေ ပါလာတာမမြင်ချင်ဘူး... ဟုတ်ပြီလား။”
ထိုသူမှာ ဆင်းရဲနွမ်းပါးဟန်ရှိသော်လည်း အစားကောင်းအသောက်ကောင်း ကြိုက်နှစ်သက်ပုံရ၏။ ထိုသူ့အား အလွန်စိတ်ဝင်စားစရာကောင်းသူတစ်ယောက်အဖြစ် လီဆွန်းဟွာအသိအမှတ်ပြုလိုက်လေ၏။ ပုံမှန်အတိုင်းဆိုလျှင် ထိုသူ့အား အရက်အတူတူသောက်ရန် သူ့စားပွဲသို့ဖိတ်ခေါ်ခဲ့မိပေလိမ့်မည်။ သို့ရာတွင် သူ့အခြေအနေမှာလည်း ယိုင်နဲ့နဲ့ဖြစ်နေ၍ မည်သူနှင့်မျှ မိတ်ဆွေဖွဲ့ချင်စိတ်မရှိတော့ပေ။
ထိုသူမှာ တစ်ယောက်တည်းသောက်နေ၏။ လျင်မြန်စွာသောက်နေ၏။
အရက်သောက်ခြင်းမှတစ်ပါး အခြားမည်သည့်အရာမျှ အရေးကြီးသည့်ပုံမပေါ်။
ထိုအချိန်၌ပင် ဆိုင်ရှေ့သို့မြင်းလှည်းတစီးရပ်လိုက်ပြီး လူအများဆင်းလာသော ခြေသံများကို ကြားလိုက်ကြရ၏။ ထိုသူမှ မျက်နှာနည်းနည်းတော့ပျက်သွား၏။
သူမတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်၏။ ပြီးနောက် အစားအသောက်များအားငုံ့ကြည့်လိုက်ပြီး ပြန်ထိုင်ချလိုက်ပြန်၏။ အရက်၃ခွက်ခန့်မော့လိုက်ပြီး အူအစပ်ကြော်အား တမျှင်းမျှင်းဝါးနေလိုက်၏။
“ဘယ်လိုအရက်သမားမျိုးလဲ... မင်းကိုယ်မင်းဘယ်သွားမယ်လို့ ထင်ထားတာလဲကွ...”
နောက်တစ်ယောက်-“မင်းကိုငါပြောသားပဲ... အရက်ဆိုင်ရှိတဲ့နေရာမှာ ဒီလူရှိနေပါ့မယ်လို့...”
ထိုအချိန်၌ပင် လူ၆ယောက်ခန့် ဆိုင်တွင်းသို့ဝင်ရောက်လာကြပြီး ဆင်းရဲသား စာပေသမား၏စားပွဲအား ဝိုင်းရံလိုက်၏။ ထိုသူများသည် သိုင်းပညာများလည်း ကောင်းကြပုံရသည်။
အရပ်မြင့်မြင့် ခပ်ပိန်ပိန်လူမှ မြင်းရိုက်ကြာပွတ်တံအား စာပေသမား၏မျက်နှာသို့ ချိန်ထားလိုက်၏။ “ငါတို့ရဲ့ရွှေတွေကိုတော့ယူသွားတယ်။ ငါတို့ကိုတော့မကုပေးဘူး။ ဒီမှာအရက်လာသောက်နေတယ်... ဟုတ်လား... ဒါဘာအချိုးချိုးနေတာလဲ။”
ဆင်းရဲသားစာပေသမားက ပြုံးလိုက်သည်။ “ငါဘာအချိုးချိုးနေလည်းဆိုတာ မင်းမသိဘူးလား။ ငါအရက်သောက်ချင်နေတယ်။ 'မေ့အော်'(အော်=နံပါတ်၂) အရက်သောက်ချင်လာပြီဆိုရင် မိုးကောင်းကင်ကြီးပြိုကျလာတာတောင် ဂရုမစိုက်ဘူး။ လူတစ်ယောက် ဖျားနာနေတာဆိုရင်တော့ ဝေးသေးတယ်...”
မျက်နှာ၌ကျောက်ပေါက်မာနှင့် လူတစ်ယောက်ကပြောလိုက်သည်။ “အစ်ကိုကြီးကျို။ ကြားတယ်မဟုတ်လား။ ဒီအရက်သမားကလူဆိုးတစ်ယောက်ပါလို့... သူ့ လက်ထဲပိုက်ဆံရပြီးပြီဆိုရင် ဘယ်သူ့မှဂရုစိုက်တာမဟုတ်ဘူး။”
ပထမလူ-“ဒီအရက်သမားက စောက်ရူးတစ်ယောက်ပဲ... ဒါပေမဲ့ တို့ညီလေး နံပါတ်၄ကိုတော့ သူကုကိုကုပေးရလိမ့်မယ်။ ငါတို့အတွက် ဆေးဆရာတစ်ယောက် အမြန်လိုအပ်နေတယ်။ ဒီအချိန်ကြီးကျမှ ဘယ်မှာမှလည်း ရှာလို့ရမှာမဟုတ်တော့ဘူး။”
ပထမ၌ ထိုလူများကလက်စားချေရန်ရောက်လာခဲ့သည်ဟု လီဆွန်းဟွာထင် ထားခဲ့၏။ ထိုသူများပြောနေကြသော စကားများကိုကြားပြီးသည့်နောက် မေ့အော် ဆိုသူမှာ ပိုက်ဆံယူထားပြီးဆေးမကုပေးသည့် ဆေးဆရာတစ်ယောက်ဖြစ်နေမှန်း သိလိုက်ရ၏။
ဆေးဆရာမှာ ထိုသူများပြောနေကြသည်ကိုမကြားသည့်အလား ထိုင်ရာမှမထ။ အရက်ကိုသာတွင်တွင်ဖိသောက်နေ၏။
ကျိုဆိုသောသူမှ မြင်းရိုက်ကြာပွတ်ဖြင့် အရက်အိုးနှင့်အရက်ခွက်များအား ရိုက်ခွဲလိုက်ပြီးကျယ်လောင်စွာအော်ပြောလိုက်သည်။ “ဟန်လုပ်မနေနဲ့... ငါတို့နဲ့လိုက်ခဲ့ပြီး လူနာကိုလာကုပေး... နံပါတ်၄ညီလေးနေပြန်ကောင်းလာပြီဆိုတော့မှ မင်းကြိုက် သလောက်အရက်ကို အဝသောက်ပေတော့...”
မေ့အော်သည် ကွဲကြေသွားသောအရက်ခွက်နှင့် အရက်အိုးအားစိုက်ကြည့်နေလိုက်ပြီး သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့စိတ်ကိုမင်းတို့သိပါတယ်... လူ၃မျိုး၃စားကို ငါဆေးမကုပေးဘူးဆိုတာ...”
“နံပါတ်(၁)... ပိုက်ဆံအရင်မပေးတဲ့သူ၊ တစ်ပြားလျော့နေရင်တောင် ငါလက်မခံဘူး။”
လူတစ်ယောက်-“မင်းကိုငါတို့ပိုက်ဆံတွေ အများကြီးပေးခဲ့ပြီးပြီပဲ...”
“နံပါတ်(၂)... ငါ့အပေါ်ရိုင်းစိုင်းတဲ့သူအပေါ် ဆေးမကုပေးဘူး။ နံပါတ်(၃)... လူဆိုး၊ သူခိုး၊ လူသတ်သမားတွေကို ဆေးကုမပေးဘူး။”
ထို့နောက် သူသည် သက်ပြင်းချလိုက်ပြီး ခေါင်းခါရမ်းလိုက်၏။ “မင်းတို့ငါ့စည်းကမ်းချက်ထဲက နောက်ဆုံး၂ချက်ကိုဖောက်ဖျက်ခဲ့ကြပြီးပြီ... ဒါနဲ့များတောင် ငါ့ကိုဆေးလာကုခိုင်းနေကြသေးတယ်... စိတ်ကူးယဉ်နေလိုက်ကြဦး...”
“မင်းမကုပေးဘူးဆိုရင်တော့ မင်းကိုငါတို့သတ်ရလိမ့်မယ်။”
“သေတောင်မှမကုပေးသေးဘူးကွ...ဟုတ်ပြီလား။”
မျက်နှာ၌ ကျောက်ပေါက်မာများရှိနေသူက လက်သီးဖြင့်ပြေးထိုးလိုက်ရာ မေ့အော်မှာလွင့်ထွက်သွား၏။ သူ့နှုတ်ခမ်းမှသွေးများလည်း စီးကျလာလေသည်။
ဤဆေးဆရာတွင် အစွမ်းအစများရှိနေလားဟု လီဆွန်းဟွာပထမ၌ ထင်ထားခဲ့သေး၏။ ဆေးဆရာ၌ မာကျောသောပါးစပ်ပေါက် တစ်ပေါက်ပါရှိသော်လည်း သူ့ခန္ဓာကိုယ်မှာတော့ မမာကျောကြောင်း လီဆွန်းဟွာသိလိုက်ရလေ၏။
အကိုကြီးကျိုက ဓားမြှောင်တစ်လက်ကို ထုတ်ယူပြီးခြိမ်းခြောက်လိုက်သည်။ “နောက်တစ်ခါမကုပေးဘူးလို့ တစ်ဝက်လောက်ပြောရင်တောင် မင်းကိုမသတ်ခင် လက်ကိုအရင်ဖြတ်ပစ်လိုက်မယ်... တွေ့လား...”
မေ့အော်-“ငါကမကုပေးဘူးလို့ပြောရင် မကုပေးဘူးပဲ... မင်းတို့လိုပမွှားလေးတွေကို ငါကကြောက်နေရဦးမှာလား...”
အကိုကြီးကျိုမှ ရှေ့သို့တိုးသွားရန်ပြင်လိုက်စဉ်မှာပင် မြင်းလှည်းမောင်းသမားက စားပွဲကိုလက်ဖြင့်ထုလိုက်သည်။ “ဒါအရက်သောက်တဲ့နေရာ... အရက်သောက်ဖို့လာတာမဟုတ်ဘူးဆိုရင် မင်းတို့ထွက်သွားကြ...”
အသံမှာကျယ်လောင်လှပြီး လိုဏ်သံဟိန်းနေလေ၏။ အကိုကြီးကျိုသည် ထိတ်လန့်သွားသော်လည်း ဟန်ကိုယ့်ဖို့လိုက်သည်။ “မင်းကဘာကောင်လဲ... ငါ့ ကိစ္စထဲ ဝင်စွက်ဖက်ရဲသေးတယ်ပေါ့လေ...”
လီဆွန်းဟွာ ပြုံးလိုက်၏။ “သူတို့ကိုဒီအတိုင်းထွက်သွားခိုင်းလိုက်ရင် ပျော်စရာကောင်းမှာမဟုတ်တော့ဘူး။ လေးဘက်ထောက်ပြီး ထွက်သွားခိုင်းလိုက်ပါလား။”
“သခင်လေးကမင်းတို့ကို လေးဘက်ထောက်ထွက်သွားခိုင်းနေတာ ကြားကြလား။”
အကိုကြီးကျိုက လီဆွန်းဟွာကိုကြည့်လိုက်ရာ ဖြူဖတ်ဖြူရော်ဖြင့် နာတာရှည် ဝေဒနာသည်တစ်ယောက်အားတွေ့လိုက်ရ၏။ အမူးလွန်နေပုံလည်းရ၏။ သူအားတက်သွားသည်။ “ဒီလောက်တောင်မှ ဝင်ရှည်ချင်တဲ့လူတွေ... မင်းတို့ဗိုက်တွေကို ဖွင့်ဖြဲပစ်မယ်ဟေ့...”
သူ့ဓားမှာ ဝင်းလက်သွားပြီး လီဆွန်းဟွာကိုခုတ်ပိုင်းလိုက်လေ၏။
ရုတ်တရက် မြင်းလှည်းမောင်းသမားက သူ့လက်တစ်ဘက်ကို ဓားလာရာလမ်းကြောင်းသို့ ဆန့်ထုတ်လိုက်၏။ အရက်မူးနေပုံရပြီး ဓားကိုလက်ဖြင့်ဖမ်းဆုပ်ရန် ကြိုးစားလိုက်ပုံရ၏။
ဆိုင်ရှင်မှာ ထိုငမူးတော့လက်ပြတ်တော့မှာပဲဟုတွေးကာ ကြောက်လန့်သွားခဲ့၏။ မြင်းလှည်းမောင်းသမား၏လက်မှာ အကောင်းအတိုင်းပင်ရှိနေပါသေး၏။ ကျို၏ဓားမှာမူလွင့်ထွက်သွားခဲ့၏။ ကျိုမှာလည်းထိတ်လန့်သွားခဲ့ရ၏။ “ဒီလူ့ခန္ဓာကိုယ်က သံမဏိနဲ့များထုလုပ်ထားတာလား။ ငါတို့တော့တစ္ဆေသရဲတစ်ကောင်နဲ့ လာတွေ့နေပြီနဲ့တူတယ်။”
ကျောက်ပေါက်မာမျက်နှာနှင့်လူက ကြောက်ရယ်ရယ်လိုက်၏။ “ကျေးဇူးပြုပြီး မိတ်ဆွေရဲ့နာမည်လေးပြောပြပါလား။ ကျုပ်တို့ဟာ မိတ်ဆွေဖြစ်ဖို့အတွက်တိုက်ခိုက်ခဲ့ကြသလိုပဲ။”
မြင်းလှည်းမောင်းသမားက အေးစက်စွာပြောလိုက်၏။ “မင်းတို့ ငါနဲ့မိတ်ဆွေ ဖြစ်ဖို့မတန်သေးဘူး။ ထွက်သွားကြစမ်း...”
ကျိုဆိုသူက ထခုန်လိုက်၏။ “ခင်ဗျားဒီလောက်ရိုင်းစိုင်းပြဖို့မလိုပါဘူး။ ကျုပ်တို့နဲ့မိတ်ဆွေမဖြစ်ဘဲ ရန်သူသာဖြစ်ခဲ့မယ်ဆိုရင်...”
သူ၏စကား တစ်ဝက်တပျက်ဖြင့်ရပ်သွားခဲ့၏။ လီဆွန်းဟွာ၏လက်ထဲ၌ ရှိနေသောဓားပျံလေးအားတွေ့လိုက်ရပြီး ကျောက်ပေါက်မာမျက်နှာနှင့်လူက ကျိုဆိုသော သူ၏နားနားသို့ ကပ်ပြောလိုက်၏။
ကျို၏မျက်နှာမှာဖြူဖွေးသွားလေသည်။ “သူ...မဖြစ်နိုင်ပါဘူး။”
“သူမဟုတ်လို့ဘယ်သူဖြစ်ရဦးမှာလဲ... လွန်ခဲ့တဲ့လဝက်လောက်ကတည်းက လိပ်အိုကြီးဆီကနေငါကြားခဲ့တာ... သူနယ်စပ်ကနေပြန်လာနေပြီတဲ့... သူ့ကိုဟိုးအရင်ကတည်းက လိပ်အိုကြီးသိနေခဲ့တာပဲ... မမှားလောက်ပါဘူး...”
ကျို-“ဒါပေမဲ့... ဒီအရက်သမား...”
“ဒီလူကအစားအသောက်၊ အရက်၊ မိန်းမ၊ လောင်းကစား... အကုန်လုံး ဝါသနာကြီးတယ်။ ဒါ့အပြင်သူ့ကျန်းမာရေးကလည်း ဘယ်တုန်းကမှမကောင်းခဲ့ဖူးဘူး... သူ့လက်ထဲကဓားပျံကတော့...”
ထိုသူသည် စကားကိုတစ်ဝက်တပျက်ဖြင့်ရပ်ထားလိုက်၏။ ပြီးနောက် “သူလိုလူတစ်ယောက်နဲ့ ရန်မဖြစ်တာအကောင်းဆုံးပဲ...” ဟု ပြောဆိုလိုက်လေတော့သည်။
ကျို-“အဟီး... သူသာဒီမှာရှိနေမှန်းသိရင် ငါ့ဇက်ပေါ်ကိုဓားသွားတင်ပြီး ဒီကို လာခိုင်းရင်တောင်မလာသေးဘူး...”
ထို့နောက်ချောင်းဆိုးချင်ဟန်ဆောင်လိုက်ပြီး-“ကျနော်မျိုးတို့မျက်စေ့လျှမ်းသွားပါတယ်... သခင်လေးရဲ့ပျော်ပွဲစားအချိန်မှာ လာပြီးအနှောင့်အယှက်ပေးမိခဲ့တဲ့ ကျနော်မျိုးတို့ကို ခွင့်လွှတ်ပါခင်ဗျာ... ကျနော်မျိုးတို့သေသင့်ပါတယ်... ကျနော်မျိုးတို့ ဒီကနေခုချက်ချင်းပဲ ထွက်သွားပါ့မယ်ခင်ဗျာ...” ဟုပြောဆိုလိုက်လေသည်။
လီဆွန်းဟွာမှကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ အရက်ကိုသာဆက်သောက်နေ၏။ ချောင်းလည်း တဟွပ်ဟွပ်ဆိုးနေ၏။ ဘာမှ မဖြစ်ခဲ့သည့်အလား။
ကျားရဲများကဲ့သို့ဝင်လာခဲ့ကြသူများသည် ခွေးများကဲ့သို့ အလျှိုအလျှို ပြန်လည်ထွက်သွားကြလေသည်။ မေ့အော်သည် ကြမ်းပြင်ပေါ်၌ လဲကျနေရာမှပြန်ထလိုက်၏။ သူကလီဆွန်းဟွာအား ကျေးဇူးတင်ခြင်းမရှိပါ။ “အရက်... ဘယ်မှာလဲငါ့ အရက်... ယူလာခဲ့ပေးစမ်း...”
အထိုးအကြိတ်ခံထားရသူတစ်ယောက်ထံမှ ဤစကားမျိုးပြောထွက်လာသည်ကို စားပွဲထိုးလေးအံ့အားသင့်သွားခဲ့၏။
အခြားစားသောက်နေကြသူများလည်း ပြန်သွားကြပြီ။ ဆိုင်ထဲ၌ သူတို့၃ ယောက်သာကျန်ခဲ့တော့၏။ မည်သူမျှစကားမပြောကြပါ။ အရက်ကိုသာဖိသောက်နေကြ၏။
ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ရင်း လီဆွန်းဟွာပြုံးမိလိုက်လေသည်။ “အရက်သောက်ခြင်းဟာ တကယ်တော့ သနားဖို့တော်တော်ကောင်းတယ်... အမူးပြေချင်လေ၊ အရက်မြန်မြန်မူးလေ... အရက်များများသောက်လေ၊ မမူးလေ...”
မေ့အော်မှရုတ်တရက်ရေရွတ်လိုက်၏။ “အရက်သောက်ခြင်းဟာ ထောင်ပေါင်းများစွာသော ပြဿနာများကိုလည်း ပြေလည်သွားစေတယ်။ အရူးအမူးသောက်နိုင်လေ၊ ကောင်းလေပဲ။ ဒါပေမဲ့ ကျုပ်ကံမကောင်းဘူး... ခုချိန်ထိမသေသေးဘူး...”
မေ့အော်က ယိမ်းယိုင်ပြီး သူတို့စားပွဲရှိရာသို့လျှောက်လာ၏။ လီဆွန်းဟွာအား စိုက်ကြည့်နေပြီး မေးမြန်းလိုက်သည်။ “ခင်ဗျား ဘယ်လောက်ကြာကြာပဲ နေရတော့မယ်ဆိုတာသိလား။”
“သိပ်မကြာတော့ပါဘူး။”
“သိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူးဆိုတာသိရက်နဲ့ ဒီမှာဘာလို့အရက်လာသောက်နေရတာလဲ။ မသေခင်လေး ကိစ္စဝိစ္စတွေ အပြီးရှင်းသွားခဲ့ပါလား။”
လီဆွန်းဟွာ-“ဒီစောက်ရေးမပါလှတဲ့ရှင်ခြင်း၊ သေခြင်းဆိုတာတွေက အရက် သောက်ခြင်းရဲ့ရှေ့မှာ ဘာဖြစ်လို့ကန့်လန့်ခံဝင်ရှုပ်နေရတာတုန်း။”
မေ့အော်က လက်ခုပ်လက်ဝါးတီးပြီးရယ်မောနေလိုက်သည်။ “မှန်လိုက်တာ... မှန်လိုက်တာဗျာ... သေခြင်း၊ ရှင်ခြင်းဆိုတာကသေးသေးလေး။ အရက်သောက်ခြင်းကပိုကြီးကျယ်တယ်။ ခင်ဗျားရဲ့စကားတွေက ကျုပ်ရဲ့ခံယူချက်နဲ့အံကိုက်ပဲဗျာ...”
လီဆွန်းဟွာကို သူ့မျက်လုံးများ ပြူးပြပြီးပြောဆိုလိုက်သည်။ “ကျုပ်ဘယ်သူလဲဆိုတာ ခုတော့ခင်ဗျားသိပြီမဟုတ်လား။”
လီဆွန်းဟွာက ပြန်ဖြေလိုက်၏။ “မသိသေးဘူးထင်တာပဲ။”
“ခင်ဗျား ကျုပ်ကိုတကယ်မသိဘူးလား...”
မြင်းလှည်းမောင်းသမားက ဖြတ်ပြောလိုက်၏။ “သူကမသိဘူးလို့ပြောရင် တကယ်မသိလို့ပဲ... ဘာလို့ ထပ်ခါထပ်ခါမေးနေရတာလဲ။”
မေ့အော်က လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်သည်။ “ခင်ဗျားကိုကုပေးဖို့ ကျုပ်ကိုကယ်ခဲ့တာ မဟုတ်ဘူးထင်တယ်။”
လီဆွန်းဟွာက ရယ်မောလိုက်သည်။ “ခင်ဗျားအရက်သောက်ချင်တယ်ဆိုရင်တော့ ကျုပ်တို့အရက်အတူသောက်လို့ရပါတယ်။ လူနာကိုကုပေးချင်တယ်ဆိုရင် တခြားနေရာမှာသွားရှာပါ။ ကျုပ်ရဲ့အရက်သောက်ချိန်ကို လာမဖြုန်းတီးပါနဲ့။”
မေ့အော်က လီဆွန်းဟွာကို စိုက်၍ကြည့်နေဆဲ။ “ကံကောင်းတယ်... သိပ်ကို ကံကောင်းတယ်... ခင်ဗျား ကျုပ်နဲ့တွေ့လိုက်ရတာ သိပ်ကံကောင်းတယ်ဆိုတာ သိရဲ့လား။”
လီဆွန်းဟွာ- “ကျုပ်မှာခင်ဗျားကိုပေးဖို့ ပိုက်ဆံလည်းမရှိဘူး။ ဒါ့အပြင် ကျုပ်ကလူဆိုး၊ သူခိုးတွေနဲ့လည်း ဘာမှသိပ်မကွာလှဘူး။ အဲဒီတော့ ခင်ဗျားထွက်သွားနိုင်ပါပြီ။”
မေ့အော်က ခေါင်းကိုခါရမ်းနေလိုက်သည်။ “မဟုတ်ဘူး... မဟုတ်သေးဘူး... တခြားလူတွေကို ကျုပ်မကုပေးတာတော့ ထားလိုက်ပါတော့။ ခင်ဗျားကိုတော့ ကုကိုကုပေးရလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ကျုပ်ကိုသာသတ်သွားလိုက်ပါဗျာ။”
မြင်းလှည်းမောင်းသမားက ဝမ်းသာအားရမေးမြန်းလိုက်သည်။ “ခင်ဗျား တကယ်ပြောနေတာလား။”
မေ့အော်-“မေ့အော်ကလွဲလို့ ဘယ်သူမှသူ့ကိုမကုသပေးနိုင်ဘူး။”
မြင်းလှည်းမောင်းသမားက မေ့အော်၏အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း စိတ်လှုပ်ရှားစွာမေးမြန်းလိုက်သည်။ “သူဘာရောဂါရနေတာလဲ ဆိုတာခင်ဗျားသိလား။”
မေ့အော်-“ငါမှမသိရင်ဘယ်သူသိမှာလဲ။ အကိုနံပါတ် ၆ ပျားပန်းက အဲဒီ 'ကြက်တုတ်ကွေးအမှုန့်' နဲ့ သူ့ကိုလုပ်ကြံနိုင်လိမ့်မယ်လို့များ မင်းထင်နေလား။”
“'ကြက်တုတ်ကွေးအမှုန့်'... အဲဒီအဆိပ်က ကြက်တုတ်ကွေးအဆိပ်မှုန့်...”
မေ့အော်-“ 'မေ့'မိသားစုရဲ့ကြက်တုတ်ကွေးအမှုန့်... ဟုတ်တယ်။ တခြားဘယ်အဆိပ်က လီဆွန်းဟွာကို သတ်နိုင်ဦးမှာလဲ။”
မြင်းလှည်းမောင်းသမား အလွန်ဝမ်းသာသွား၏။ “ပျားပန်းအသုံးပြုခဲ့တဲ့ အဆိပ်က ခင်ဗျားဖော်စပ်ခဲ့တာပေါ့...”
“ဟားဟားဟားဟား... 'အလယ်လူဆိုးသွမ်း' မေ့အော်ကလွဲလို့ ဘယ်သူက ဒီလိုအဆိပ်မျိုးကို ဖော်ဆပ်နိုင်မှာလဲ။ ခင်ဗျား ဘာဗဟုသုတမှမရှိပါလား... ဒါလေးတောင်မသိဘူးလား...”
မြင်းလှည်းမောင်းသမား မယုံကြည်နိုင်လောက်အောင်ပင် ပျော်ရွှင်သွားခဲ့၏။ “သခင်လေး... သခင်လေးကို ကယ်တင်နိုင်မယ့်သူတွေ့ပြီ...”
လီဆွန်းဟွာက ခါးသီးစွာရယ်လိုက်၏။ “လူတစ်ယောက်အတွက် ရှင်သန်ဖို့မလွယ်သလို... ငြိမ်းငြိမ်းချမ်းချမ်းသေဖို့လည်း တကယ်မလွယ်ပါလား။”
သူတို့သည် မြင်းလှည်းဖြင့် နောက်တဖန်ခရီးထွက်ရပြန်သည်။ မြင်းလှည်းမောင်းသမားမှာ ဤတစ်ကြိမ်တော့ လီဆွန်းဟွာအား မေ့အော်၏ညွှန်ကြားချက်အတိုင်း ပြုစုပြီးလိုက်ပါလာ၏။
သူက စိတ်မရှည်စွာပင်မေးလိုက်၏။ “ခင်ဗျားကအဆိပ်ဖြေပေးနိုင်တယ်ဆို... ဘာဖြစ်လို့ နောက်တစ်ယောက်ဆီ ထပ်သွားနေရတာလဲ။”
မေ့အော်-“ငါ နောက်တစ်ယောက်ကို သွားရှာနေတာမဟုတ်ဘူး။ ငါ့အစ်ကိုကြီးဆီသွားနေတာ... ဒီနားနီးနီးလေးမှာပဲ။ စိတ်မပူပါနဲ့။ ငါကကုပေးမယ်လို့ပြောပြီးရင် အဲဒီလူဟာ ဘယ်လိုနည်းနဲ့မှ မသေနိုင်တော့ပါဘူး။”
“ခင်ဗျား ဘာဖြစ်လို့သူ့ကိုတွေ့ဖို့ သွားနေရတာလဲ။”
“သူ့ဆီမှာဖြေဆေးရှိနေလို့ကွာ... ကျေနပ်ပြီလား။”
ဤတစ်ကြိမ်တော့ မြင်းလှည်းမောင်းသမား ပါးစပ်ပိတ်သွား၏။
မေ့အော်က ခေါင်းခါရမ်းပြီးပြောဆိုလိုက်သည်။ “ဒီလိုသိုင်းပညာမျိုး တစ်စုံတစ်ယောက်က စောက်ရူးထပြီးလေ့ကျင့်ခဲ့လိမ့်မယ်လို့ ငါတစ်ခါမှမတွေးမိဖူးဘူး။ လမ်းပေါ်က လူဆိုးလူမိုက်တွေနဲ့ ရန်ဖြစ်ဖို့ကလွဲပြီး ဘာမှအသုံးကျတဲ့ပညာလည်း မဟုတ်ပါဘူး။”
မြင်းလှည်းမောင်းသမား-“အရူးထတဲ့သိုင်းပညာလည်း ဘာမှမတတ်တဲ့ သိုင်းပညာထက်တော့ကောင်းပါသေးတယ်...” ဟုအေးစက်စွာပြန်ပြောလိုက်သည်။
မေ့အော်မှာ လုံးဝစိတ်ဆိုးဟန်မရှိ။ ပြုံးပင်ပြုံးနေလိုက်သေး၏။ “ငါကြားဖူးတာတော့ ဒီလိုသိုင်းပညာမျိုး လေ့ကျင့်ဖို့ဆိုရင် လေ့ကျင့်မယ့်သူဟာ 'လူပျိုစစ်စစ်' ဖြစ်ရမယ်ဆိုပဲ။ ဒီလောက်တောင် အနစ်နာခံမှုမျိုးက ဒီသိုင်းပညာအတွက် တန်ကောတန်တယ်လို့ မင်းထင်လား။”
မေ့အော်ကဆက်ပြောနေလိုက်၏။ “နှစ်ပေါင်း၅ဝအတွင်းမှာ စောက်ရူးတစ်ယောက်ပဲ ဒီသိုင်းပညာကို ပေါက်ပေါက်မြောက်မြောက် လေ့ကျင့်နိုင်ခဲ့တယ်လို့ ငါကြားဖူးတယ်။ သူ့နာမည်က 'ရွှေသံမဏိကိုယ်ထည်' ထယ်ကျွမ်ကျားလို့ခေါ်တယ်။ လွန်ခဲ့တဲ့နှစ်၂ဝလောက်တုန်းက လူတစ်ယောက်နဲ့ တိုက်ခိုက်ပြီး ချောက်ထဲကျသွားခဲ့တယ်။ အဲဒီကတည်းက သူသေလား၊ ရှင်လားဆိုတာ ဘယ်သူမှ မသိတော့ဘူး။ သူအသက်ရှင်လျက်လည်း ရှိချင်ရှိနေနိုင်တာပဲ... အရက်လည်း သောက်ချင်သောက်နေဦးမှာပဲ...”
ထိုအချိန်မှစ၍ မြင်းလှည်းမောင်းသမား ပါးစပ်ပိတ်သွားလေတော့သည်။ မေ့အော်မှဘာပြောပြော သူပြန်မပြောနိုင်တော့ပေ။
မေ့အော်လည်း မျက်လုံးများပိတ်လိုက်ပြီး အနားယူနေလိုက်၏။
ခဏကြာသော် မြင်းလှည်းမောင်းသမားက ပြောဆိုလိုက်သည်။ “ဆိုးသွမ်း ၇ဖော်ဟာ ဘယ်တုန်းကမှ သူတို့ရဲ့ဂုဏ်သိက္ခာအတွက် ငဲ့ညှာခဲ့ဖူးတယ်လို့ တစ်ခါမှ ကျုပ်မကြားဖူးဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ ဒီလိုမဟုတ်ပါလား။”
“ငါ သူတို့ရဲ့ရွှေတွေယူခဲ့ပြီး ဆေးမှမကုပေးခဲ့တာ။ ငါကမဆိုးသေးဘူးလား။”
“ခင်ဗျားသာ သူ့ပိုက်ဆံယူခဲ့ပြီး သူ့လူနာကိုကုသပေးခဲ့မယ်ဆိုရင် ခင်ဗျားအတွက် တကယ်ပဲမျက်နှာပျက်ရပြီ... ပိုက်ဆံယူတာနဲ့ ဆေးကုသပေးတာသပ်သပ်စီပါ။ အဲဒီလိုလူမျိုးတွေဆီက ပိုက်ဆံမယူလိုက်စရာ ဘာအကြောင်းကိုမရှိဘူး။”
မေ့အော်-“မင့်ကြည့်ရတာ တော်တော်တိုးတက်လာပြီပဲ...”
မြင်းလှည်းမောင်းသမား-“ကောက်ကျစ်တယ်လို့ထင်ရတဲ့လူတွေက ထင်သလောက် မကောက်ကျစ်ကြဘူး... လူကြီးလူကောင်းတွေပါလို့ ပြောနေကြတဲ့သူတွေရော... ဘယ်နှစ်ယောက်ကများ လူကြီးလူကောင်းဆန်တဲ့သူ ရှိကြလို့လဲ...”
လီဆွန်းဟွာမှာ မြင်းလှည်း၏အတွင်းရှိ ခုံပေါ်တွင်ထိုင်လျက်ပင်ရှိနေသေး၏။ ထိုသူ၂ယောက်ပြောနေကြသည်များကို ပြုံးပြီးနားထောင်နေသော်လည်း သူ့စိတ်မှာ အဝေးတစ်နေရာသို့ ပျံ့လွင့်နေလေသည်။
အပြင်ဘက်တွင် အရာအားလုံး ဖွေးဖွေးဖြူနေ၏။
အသက်ရှင်သန်ခြင်းဆိုသည်မှာ လူ့ဘဝ၏မျှော်လင့်ချက်တစ်ခုပင် မဟုတ်ပါလော။
တစ်ယောက်သောသူ၏ပုံရိပ်လေးများ လီဆွန်းဟွာ၏အတွေးထဲသို့ တရေးရေး ပေါ်လာလေသည်။
သူမသည် ခရမ်းပြာဝတ်စုံလေးဝတ်ထား၏။ ခရမ်းပြာဖျော့ဖျော့ ခြုံထည်လေးတစ်ထည် သူမ၏ပခုံးထက်၌ တင်ထား၏။ ဖြူဖွေးနေသောနှင်းပြင်ကျယ်ကြီးထက်၌ သူမသည် 'လျိုလန်' ပန်းလေးတစ်ပွင့်လို လှချင်တိုင်းလှနေလေ၏။
သူမသည် နှင်းကျသောရာသီအား နှစ်သက်တတ်မှန်း သူအမှတ်ရနေပြန်၏။ နှင်းများကျဆင်းချိန်၌ သူ့လက်ကိုဆွဲ၍ ပန်းခြံထဲသို့ခေါ်သွားလေ့ရှိ၏။ နှင်းလုံးလေးများဖြင့် သူ့အားပစ်ပေါက်ကျီဆယ်လေ့ရှိပုံလေးများအား သူအမှတ်ရနေပြန်၏။
သူ လောင်ရှောင်းယွန်အား အိမ်သို့ခေါ်လာသည့်နေ့သည်လည်း နှင်းများသိပ်သည်းစွာကျဆင်းနေသော နေ့တစ်နေ့ပင်။ စံအိမ်တော်၏ မက်မုံဥယျာဉ်ထဲရှိ ဒန်းလေးပေါ်တွင် သူမထိုင်နေပြီး မက်မုံပင်များထက်မှ နှင်းများအားငေးကြည့်နေသောအချိန်၌ပင် လောင်ရှောင်းယွန်ရောက်လာခဲ့သည် မဟုတ်ပါလား။
ထိုအချိန်က လောင်ရှောင်းယွန်၏စိတ်ခံစားချက်များအား သူမသိမြင်ခဲ့ပါ။ ရက်ပေါင်းများစွာကြာသောအခါမှ လောင်ရှောင်းယွန်၏ ချစ်ဒုက္ခကို သူသိရှိခဲ့ရလေသည်။
အခုအချိန်မှာရော... စံအိမ်တော်ကြီးသည် အရင်အတိုင်းပင်ရှိနေပါသေး၏လော။ သူမသည်လည်း မက်မုံပန်းပွင့်များအား အရင်ကအတိုင်းပင် ဒန်းပေါ်၌ ထိုင်၍ ရေတွက်နေပါသေး၏လော။
လီဆွန်းဟွာက ခေါင်းမော့လိုက်ပြီး မေ့အော်အားခေါ်လိုက်၏။ “မြင်းလှည်းထဲမှာ အရက်တွေရှိသေးတယ်။ ကျုပ်နဲ့လာပြီးအဖော်ပြုပါလား။”
နှင်းများကျလိုက်၊ ရပ်သွားလိုက်ဖြစ်နေ၏။
မေ့အော်လမ်းညွှန်သည့်အတိုင်း မြင်းလှည်းမှာ လမ်းသေးလေးတစ်ခုအတွင်းသို့ ချိုးဝင်သွားခဲ့ပြီး တံတားသေးလေးတစ်ခုရှေ့၌ ရပ်သွား၏။
မြင်းလှည်းမောင်းသမားက လီဆွန်းဟွာအား ထမ်းခေါ်သွားလိုက်ပြီး တံတားလေးမှတစ်ဆင့် မက်မုံတောကြီးထဲသို့ ဖြတ်လျှောက်သွားနေ၏။ သစ်တောတွင်းမှ အသံတချို့ကြားလိုက်ကြရ၏။ နီးကပ်လာသောအခါ ခန့်ခန့်ငြားငြားဝတ်ဆင်ထားသည့် လူတစ်ယောက်က ကလေးငယ်နှစ်ယောက်အား မက်မုံပင်များပေါ်သို့ ရေလောင်းခိုင်းနေသည်ကို တွေ့လိုက်ကြရလေသည်။
မြင်းလှည်းမောင်းသမား-“အဲဒီလူက 'မေ့တာ' (တာ=၁) လား။”
မေ့အော်-“သစ်ပင်ပေါ်မှာရှိနေတဲ့နှင်းတွေ အရည်ပျော်ကျသွားအောင် ရေလောင်းခိုင်းတဲ့ ဒီစောက်ရူးကလွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ။”
မြင်းလှည်းမောင်းသမားသည် မရယ်ဘဲမနေနိုင်အောင်ဖြစ်သွားခဲ့၏။ “ရေလောင်းလို့မဖြစ်ဖူးဆိုတာ သူမသိဘူးလား။ သစ်ပင်ပေါ်ကနှင်းတွေ အရည်ပျော်မကျသွားမယ့်အပြင် လောင်းလိုက်တဲ့ရေတွေပါ ခဲကုန်လိမ့်မယ်ဆိုတာ သူတကယ်မသိတာလား။”
မေ့အော် သက်ပြင်းချပြီးပြန်ဖြေလိုက်သည်။ “ပန်းချီလက်ရာတိုင်းရဲ့မူရင်းကို သူတစ်ချက်လေး ကြည့်လိုက်တာနဲ့ အစစ်လား၊ အတုလားဆိုတာပြောနိုင်တယ်။ ကြောက်စရာအကောင်းဆုံးအဆိပ်ကိုလည်း ချက်ချင်းဖော်စပ်နိုင်ပြီး အံ့ဩစရာ အကောင်းဆုံးဆိုတဲ့ဖြေဆေးကိုလည်း တမဟုတ်ချင်းဖော်စပ်နိုင်သေးတယ်။ အခြေခံအကျဆုံးကိစ္စတွေကိုတော့ သူမတွေးတတ်ဘူး။”
သူတို့စကားပြောနေကြစဉ်မှာပင် မေ့တာကခေါင်းလှည့်ကြည့်လိုက်၏။ သူ့ကို စိတ်အနှောင့်အယှက်လာပေးနေကြသော ကလေးများအား ကြည့်သကဲ့သို့ကြည့်နေ၏။ “မြန်မြန်... ငါ့ရဲ့အဖိုးတန်ပန်းချီကားတွေ မြန်မြန်သွားသိမ်းလိုက်ကြစမ်း... သူ့ကိုလုံးဝမမြင်စေနဲ့... အရက်နဲ့လဲသောက်ပစ်လိုက်လိမ့်မယ်...”
မေ့အော်ကပြုံးပြလိုက်၏။ “အကိုကြီး... ဒီနေ့အဖို့ ကျနော်အရက်သောက်လာခဲ့ပြီးပါပြီ။ မိတ်ဆွေ၂ယောက်နဲ့ မိတ်ဆက်ပေးချင်လို့လာခဲ့တာပါ...”
မေ့တာက မျက်လုံးမှိတ်ထားပြီး ခေါင်းခါရမ်းလိုက်သည်။ “မင်းရဲ့မိတ်ဆွေတွေကို ငါမတွေ့ချင်ဘူး။ အကုန်လုံး လူဆိုးတွေကြီးပဲ။ တစ်ယောက်ကိုတွေ့လိုက်ရင် ၃နှစ်လောက် ငါကံကောင်းတော့မှာမဟုတ်ဘူး။”
မေ့အော်သည်လည်း စိတ်တိုသွားခဲ့၏။ “ကောင်းပြီလေ... ကျနော့်ကိုနှိမ်ပြောတယ်ပေါ့။ ကျနော့်ဆီမှာမိတ်ဆွေကောင်းတွေမရှိဘူးလို့ ထင်နေတယ်ပေါ့။ လီတွမ့်ဟွာ... လာ...သွားကြစို့။”
မြင်းလှည်းမောင်းသမားက ချက်ချင်းမေးမြန်းလိုက်သည်။ “ဖြေဆေးက ဘယ်မှာလဲ... ကျုပ်တို့ ဘယ်ကိုသွားကြဦးမှာတုန်း...”
မေ့တာ၏အမူအရာများ ချက်ချင်းပြောင်းသွားခဲ့၏။ “မိသားစု ၇ ယောက်စလုံး ဘုရင့်စာမေးပွဲကိုအောင်ခဲ့ကြတဲ့ 'လီ' စံအိမ်ကလူကို မင်းပြောနေတာလား... အဖိုးကော၊ အဖေကော၊ သားတွေကော တွမ့်ဟွာ ဖြစ်ခဲ့ကြတဲ့မိသားစုက လီတွမ့်ဟွာ... ဟုတ်လား...”
မေ့အော်က အေးစက်စွာပြန်ဖြေလိုက်သည်။ “နောက်ထပ်လီတွမ့်ဟွာတစ်ယောက် ခင်ဗျားသိနေသေးလို့လား...”
မေ့တာက လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်သည်။ “ဒီတစ်ယောက်လား...”
လီဆွန်းဟွာက ပြန်လည်ဖြေကြားလိုက်၏။ “ဟုတ်ပါတယ်...ကျနော်ပါပဲ...”
မေ့တာက သူ့ကို အံ့ဩစွာဖြင့် အပေါ်အောက်စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် သူ့လက်ကိုဆုပ်ကိုင်ထားကာ ဝမ်းသာအားရအာလုတ်သံကြီးဖြင့် ပြောဆိုလိုက်သည်။ “နှစ်ပေါင်း၂ဝကျော် အောင်မြင်ကျော်ကြားခဲ့တဲ့လူတစ်ယောက်... ဒီနေ့မှာ ကျုပ်ကိုယ်တိုင်တွေ့လိုက်ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး... လာ... ညီလေးလီ... လာ...”
ဧည့်သည် မည်သူဖြစ်မှန်းသိလိုက်ပြီးသည့်နောက် သူ အလွန်ပင်ချိုသာပျော့ပျောင်းစွာ ဆက်ဆံနေလေတော့သည်။
မေ့တာ-“ညီလေးလီ... ခုနက ရိုင်းရိုင်းပြပြဆက်ဆံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်ရဲ့ညီက အလွန်ဆိုးတဲ့လူတစ်ယောက်ပါ။ ပြီးခဲ့တဲ့၂နှစ်လောက်တုန်းက ပန်းချီကားချပ်တွေကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူ၂ယောက် ကျုပ်ဆီကိုခေါ်လာခဲ့တယ်။ ကျုပ်ရဲ့တန်ဖိုးရှိလှတဲ့ပန်းချီကားတွေနဲ့ သူတို့ရဲ့ဗလာစက္ကူချပ်ကြီး ၂ချပ်နဲ့ လဲသွားခဲ့ကြတယ်။ ကျုပ် အလွန့်ကိုစိတ်တိုပြီး ၃လလောက် မအိပ်နိုင် ဖြစ်ခဲ့ရတယ်။”
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “သူ့ကိုဗွေမယူပါနဲ့ဗျာ... အရက်သိပ်သောက်ချင်နေတဲ့ လူတစ်ယောက်ဟာ ပိုက်ဆံပြတ်သွားခဲ့မယ်ဆိုရင်၊ အလွန်ခံရခက်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။”
မေ့တာက ပြန်၍ပြုံးပြလိုက်သည်။ “ညီလေးလီလည်း အဲဒီလိုခံစားချက်မျိုး ခံစားဖူးတယ်နဲ့တူတယ်...”
လီဆွန်းဟွာက အပြုံးမပျက်ပင်ပြောဆိုလိုက်သည်။ “အရက်သောက်ခြင်းက လူတွေကို နတ်ပြည်ရောက်စေပါတယ်...”
မေ့တာ-“ကောင်းတယ်... ချီဟီရေ... သစ်ပင်တွေသန့်ရှင်းရေးလုပ်နေတာ ရပ်လိုက်စမ်း။ သွား... နှစ်၂ဝသက်တမ်းရှိတဲ့ 'ကျူရဲ့ချင်'(ဝါးရွက်စိမ်းအရက်) အရက်ယူလာခဲ့... ညီလေးလီကို ဒီအရက်ပေးမြည်းလိုက်ဦးမယ်။ ဒီအရက် ကျုပ်ဆီမှာ ရှိနေတာ နှစ်ပေါင်းများစွာရှိနေပြီ။ ညီလေးလီတို့လိုကျော်ကြားတဲ့လူမျိုးတွေအတွက် ဧည့်ခံဖို့သိမ်းထားခဲ့တာ။”
မေ့အော်-“ဒါအမှန်ပဲ... တခြားဧည့်သည်တွေဆိုရင် သူအရက်ထုတ်မတိုက်ရုံတင်မဟုတ်ဘူး၊ ရှာလကာရည်နဲ့တောင်မှဧည့်မခံဘူး... ဘယ်လိုပဲဖြစ်ဖြစ်... လီသခင်လေးက ဒီကိုအရက်သောက်ဖို့လာတာမဟုတ်ပါဘူး။”
မေ့တာက လီဆွန်းဟွာအားတစ်ချက်လေး ငဲ့ကြည့်လိုက်၏။ “အဆိပ်က ပမွှားလေးပါ။ ညီလေးလီ... ဘာမှစိတ်မပူနဲ့။ သောက်သာသောက်... ဟုတ်ပြီလား။ တခြားကိစ္စတွေ ကျုပ်ကြည့်ပြီးစီစဉ်လိုက်ပါ့မယ်။”
၃ခွက်ခန့်သောက်ပြီးသော် မေ့တာမှရုတ်တရက်မေးလိုက်၏။ “ရှားပါးအဖိုးတန်လှတဲ့ 'ချင်းမင်တာ့ဟီတူ' ပန်းချီကားကြီး ညီလေးလီတို့ စံအိမ်တော်မှာရှိနေတယ်လို့ကြားဖူးထားတယ်။ အမှန်ပဲလား...”
သူ့အားမည်သည့်အတွက် ဖက်လှဲတကင်းနှုတ်ဆက်ခဲ့မှန်း လီဆွန်းဟွာသိနေပါသည်။ “အမှန်ပါပဲ။”
မေ့တာ လွန်စွာမှပင်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့၏။ “ဒါဆို... ကျုပ်ဆီကိုတစ်ခါလောက်ယူလာပြီးပြလို့ရမလား။”
လီဆွန်းဟွာက ပြန်ဖြေလိုက်၏။ “မေ့တာဆရာကြီးက ကြည့်ချင်လို့ယူလာပြပေးတာ ကျုပ်အတွက်အပမ်းမကြီးပါဘူး။ ဒါပေမဲ့... ပန်းချီကားချပ်အပါအဝင် ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေအားလုံး တစ်ယောက်သောသူကို ပေးခဲ့လိုက်ပြီးပြီ။”
မေ့တာ၏ပုံစံမှာ သူ့ခေါင်းအားတစ်ယောက်ယောက်မှ တုတ်ဖြင့်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး တနုံ့နုံ့ဖြစ်နေရလေသည်။ “ကံဆိုးလိုက်တာ... ကံဆိုးလိုက် လေခြင်း...”
ထို့နောက်-“ဟေ့... ချီဟီ... အရက်အိုးကိုပြန်ယူသွားလိုက်စမ်း။ လီတွမ့်ဟွာ အရက်သောက်လို့ပြီးသွားပြီ။”
မေ့အော်ကအံ့ဩစွာရေရွတ်လိုက်သည်။ “ 'ချင်းမင်တာ့ဟီတူ' လည်းမရှိတော့ရော... အရက်လည်းမရှိတော့ဘူးလား။”
မေ့တာက အေးစက်စွာပြောလိုက်၏။ “ငါ့အရက်တွေက ဧည့်ခံဖို့မဟုတ်ဘူး။”
လီဆွန်းဟွာမှ လုံးဝစိတ်မဆိုးသည့်အပြင် ပြုံးပြလိုက်၏။ ဤလူ၏စိတ်မှာ အပြောင်းအလဲ မြန်လှသော်လည်းအလွန်ရိုးသားမှုရှိလှ၏။ လူကြီးလူကောင်းဟန်ဆောင်နေသူများထက်တော့ အပုံကြီးသာနေသေးသည်မဟုတ်ပါလား။
မြင်းလှည်းမောင်းသမားသည် စိတ်မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ 'ချင်းမင်တာ့ဟီတူ' လည်းမရှိတော့ရော၊ ဖြေဆေးလည်း မရှိတော့ဘူးပေါ့... ဟုတ်လား။”
မေ့တာ-“အရက်တောင်မှမရှိသေးတာ။ ဘယ်ကနေဖြေဆေးလာပြီးရှိနေရမှာလဲ။”
မြင်းလှည်းမောင်းသမား လွန်စွာမှပင်စိတ်တိုသွားခဲ့၏။ မေ့တာထံသို့ပြေးဝင်သွားရန် ပြင်လိုက်စဉ်မှာပင်... လီဆွန်းဟွာက သူ့အားဆွဲထားလိုက်၏။ “မေ့တာ နဲ့ကျုပ်တို့က ဘာမှကျေးဇူးခံကျေးဇူးစား ရှိခဲ့ကြတာမဟုတ်ဘူး။ သူ့မှာကျုပ်ကို မကုသပေးဖို့ငြင်းဆိုနိုင်ခွင့်ရှိတယ်။ ကျုပ်တို့ကသူ့အပေါ်မှာ အရက်ကောင်းသောက်ခဲ့ရတဲ့အကြွေးတောင်မှတင်ခဲ့ကြပြီးပြီပဲ။ ကျုပ်တို့ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံဖို့လိုသေးလို့လား။”
“ဒါပေမဲ့ သခင်လေး... သခင်လေးမှာ...”
လီဆွန်းဟွာက လက်ခါပြီးပြုံးလိုက်၏။ “ကျုပ်တို့ထွက်သွားကြဖို့သင့်နေပြီ။”
မည်သူမှမထင်မှတ်စွာပင် မေ့တာကမေးလိုက်၏။ “ခင်ဗျား... အဆိပ်ဖြေဆေး မလိုချင်တော့ဘူးလား။”
လီဆွန်းဟွာ-“ကျုပ်တို့လမ်း ကျုပ်တို့ဆက်လျှောက်ကြတာပေါ့။ သူများကို အတင်းတိုက်တွန်းတဲ့အလုပ်မျိုး ကျုပ်မလုပ်တတ်ဘူး။”
မေ့တာ-“ဖြေဆေးအချိန်မီမရရင် မင်းသေသွားမယ်ဆိုတာသိရဲ့လား...”
“ရှင်ခြင်း၊ သေခြင်းဆိုတာ ကောင်းကင်အထက်ကဆုံးဖြတ်တဲ့ကိစ္စပါ။ ကျုပ် ဘယ်တုန်းကမှ ဒီကိစ္စအတွက်ခေါင်းမစားခဲ့ဖူးဘူး။”
မေ့တာက သူ့ကိုစိုက်ကြည့်နေလိုက်သည်။ “မှန်လိုက်လေ... မှန်လိုက်လေ... 'ချင်းမင်တာ့ဟီတူ' ကိုတောင် တခြားလူကိုပေးပစ်နိုင်မှတော့ ကိုယ့်အသက်အတွက်ဆို ဝေလာဝေးသေးတယ်။ ဒီလိုလူမျိုးရှားလိုက်တာ... ရှားလိုက်တာ... တွေ့ရခဲဘိခြင်း...”
ထို့နောက် အော်ပြောလိုက်၏။ “ချီဟီရေ... အရက်အိုးပြန်ယူလာခဲ့စမ်း။”
မြင်းလှည်းမောင်းသမားသည် လွန်စွာဝမ်းသာပျော်ရွှင်သွားခဲ့၏။ “ဖြေဆေးကော... ဖြေဆေး...”
မေ့တာက သူ့ကို စိုက်၍ကြည့်လိုက်ပြီး အေးစက်စွာပြောဆိုလိုက်သည်။ “အခု အရက်ရောက်လာပြီ... ဖြေဆေးရောက်မလာမှာ ပူနေသေးလား။”

0 comments:
Post a Comment