လီဆွန်းဟွာ အရက်သောက်ပြီးမှ အဆိပ်ဖြေဆေးက အစွမ်းပြလာ၏။ ၁၂ နာရီခန့် အကြာတွင် အတွင်းအားများ ဖြေးညင်းစွာ စတင်လည်ပတ်လာကြောင်း ခံစားလိုက်ရ၏။
မနက်လင်းခါနီးပေပြီ။ မြင်းလှည်းမောင်းသမားသည် ယခုအချိန်အထိ မအိပ်ရသေးပေ။ နိုးကြားစွာရှိနေသေးသော်လည်း အရက်သောက်များသွား၍ သူ့ခေါင်းမှာ ကိုက်ခဲနေလေ၏။
မေ့အော်မှ ကိုယ့်ခေါင်းကိုကိုယ် ပုတ်လိုက်ပြီး- “ခွီးမှပဲ... မိုးတောင်လင်းနေပြီလား...”
“မိုးလင်းတာများ ဘာထူးဆန်းလို့လဲ...”
မေ့အော်-“ကျုပ်အရက်သောက်ပြီဆိုရင် မိုးလင်းသွားခဲ့တာကို အမုန်းဆုံးပဲ။ အလင်းရောင်သာ မပေါ်ထွက်သေးဘူးဆိုရင် ကျုပ်အရက် ဆက်သောက်နေလို့ရသေးတယ်။ အလင်းရောင်ကို မြင်လိုက်တာနဲ့ အရက်သောက်လို့ကိုမရတော့ဘူး။”
လီဆွန်းဟွာသည် နဂိုတုန်းက နားနေခဲ့ရာမှ ထိုစကားကြားလိုက်သောအခါတွင် ပြုံးလိုက်၏။ “ခင်ဗျားတစ်ယောက်ထဲမှ မဟုတ်ပါဘူး။ အရက်သမား အားလုံးလည်း ဒီအတိုင်း ခံစားကြရတာပါပဲ။”
မေ့အော်-“ဒီလိုဆိုရင်... သိပ်မလင်းသေးခင် နောက်တစ်ကျော့လောက် ထပ်ချလိုက်ကြစို့။”
လီဆွန်းဟွာ ရယ်မောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်တို့ ဒီလိုသောက်နေကြပုံမျိုးဆိုရင် ခင်ဗျားရဲ့ အစ်ကို စိတ်ပေါက်လာလိမ့်မယ်။”
မေ့အော်-“ဒါကြောင့် သူ သွားအိပ်နေတာပေါ့။ မဟုတ်ရင်တော့ စွေ့စွေ့ခုန်နေလိမ့်မယ်။”
လီဆွန်းဟွာမှ အရက်ဆက်သောက်ရန် ဟန်ပြင်လိုက်သော်လည်း ချောင်းဆက်ဆိုးနေပြန်၏။
မေ့အော်မှ သူ့အားစိုက်၍ကြည့်လိုက်ပြီး-“ခင်ဗျား ဒီချောင်းဆိုးနေခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ။”
“၁ဝ နှစ်ကျော်လောက်ရှိပြီလို့ထင်တာပဲ။”
မေ့အော်မှ ခဏမျှစဉ်းစားလိုက်ပြီး-“ဒါဆိုရင်တော့ ခင်ဗျားအရက်ကို ဆက်မသောက်သင့်တော့ဘူး။ ခင်ဗျားရဲ့ ချောင်းဆိုးနေတာက အသည်းကို ထိခိုက်စေတယ်။ ဒီအတိုင်းသာ ဆက်သောက်နေမယ်ဆိုရင်တော့...”
လီဆွန်းဟွာ သဘောကျစွာ ရယ်မောလိုက်တော့သည်။ “အသည်းကို ထိခိုက်နိုင်တယ်... ဟုတ်လား။ ကျုပ်ရဲ့အသည်းက ကျွမ်းလို့တောင်မှ နေခဲ့ပြီးပြီပဲ။”
ရုတ်တရက် သူစကားပြောနေခြင်းအား ရပ်လိုက်သည်။ သူ့မျက်လုံးများက ရွေ့လျားသွားခဲ့ကြပြီး သူမှတိုးညင်းစွာ ပြောလိုက်၏။ “တစ်ယောက်ယောက် လာနေတယ်။”
မေ့အော်-“ဒီအချိန်ကြီးကျမှ လာကြတဲ့လူတွေဟာ ကျုပ်အစ်ကိုရဲ့ ဧည့်သည်တော့ မဖြစ်နိုင်ဘူး။ ကျုပ်အတွက်လာခဲ့ကြတဲ့လူတွေ ဖြစ်လိမ့်မယ်။”
ခြေသံများအား ယခုမှပင် မေ့အော်ကြားလိုက်ရ၏။ လူတစ်ယောက်တည်း၏ ခြေသံတော့မဟုတ်။ ခြေသံများမှာ လွန်စွာမှပင် ပေါ့ပါးကြလေ၏။
တစ်စုံတစ်ယောက်၏ အော်ပြောလိုက်သံအား ကြားလိုက်ကြရ၏။ “မေ့မိသားစုရဲ့ ဆေးခန်းပါလားခင်ဗျာ...”
ခဏကြာသော် မေ့တာ၏အသံအား ကြားလိုက်ရပြန်၏။ “အချိန်မတော်ကြီးမှ ရောက်လာကြသူတွေဆိုတော့ မင်းတို့က သူခိုးဓားပြတွေလား။”
ထိုသူမှ ပြန်၍ဖြေကြားလိုက်၏။ “ကျုပ်တို့က အလည်လာတဲ့ ဧည့်သည်တွေပါ။ လုယက်ဖို့ လာခဲ့ကြတာ မဟုတ်ပါဘူး။ လက်ဆောင်တောင်မှ ယူလာခဲ့ကြပါသေးတယ်။”
မေ့တာက အေးစက်စွာ ရယ်မောလိုက်ပြီး-“ဒီအချိန်ကြီးကျမှ လက်ဆောင်ယူလာပေးကြတယ်... ဟုတ်လား။ ရည်ရွယ်ချက်တော့ ကောင်းကြမယ်မထင်ဘူး။ လာလမ်းအတိုင်းသာ လှည့်ပြန်သွားကြပါ။”
ထိုသူက ရယ်မောနေပြီး- “ဒီလိုဆိုရင်တော့လဲ ပြန်ကြရုံပဲရှိတာပေါ့။ ဝမ်မူကျိ ရဲ့ပန်းချီကားကြီးကိုလည်း ပြန်ယူသွားရတော့မယ်။”
ထိုသူမှ စကားပင်မဆုံးသေး၊ တံခါးပွင့်သွားလေ၏။
မေ့အော်၏ မျက်ခုံးများ မြင့်တက်သွားခဲ့ရ၏။ “ကျုပ်အစ်ကိုရဲ့ အကြောင်းကို ဒီလူတွေ စုံစမ်းထားခဲ့ပြီးဖြစ်ပုံရတယ်။ သူတို့ တစ်ခုခုတော့ လိုချင်နေတာ ဖြစ်ရမယ်။ ဘာလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။”
သူ အခန်းထဲမှ ထွက်မသွားခဲ့ပါ။ အခန်းတံခါးကို နည်းနည်းလေးဟလိုက်ပြီး အပြင်သို့ ချောင်းကြည့်နေလိုက်၏။
လူ ၃ ယောက်အားတွေ့လိုက်ရ၏။ ပထမလူမှာ အသက် ၃ဝ ခန့် ရှိ၏။ အရပ်ပုပြတ်ပြတ်ဖြင့် မာနကြီးမည့်ဟန်ရှိသည်။ ထိုသူ၏ လက်ထဲ၌ ရှည်လျားသော ဘူးကြီး ၁ ဘူးကို ကိုင်ထားလေ သည်။
ဒုတိယလူ၏ မျက်နှာမှာ ဇီးသီးမျက်နှာကဲ့သို့ရှိ၏။ မုတ်ဆိတ်များ ရှည်လျားစွာပင် ရင်ဘတ်အထိ တွဲကျနေ၏။ ခရမ်းရောင်အနွေးထည်ကို ဝတ်ဆင်ထား၏။ အလွန်တရာမှ မာနကြီးမည့်ပုံ ရှိလေသည်။ ခေါင်းဆောင်တစ်ယောက်၏ ဟန်မူရာအပြည့်နှင့် ဖြစ်လေသည်။
တတိယလူမှာ ၁ဝ နှစ်သား ကလေးတစ်ယောက်သာဖြစ်၏။ မျက်နှာ ဝိုင်းဝိုင်း၊ မျက်လုံးပြူးပြူးနှင့် နီရဲတောက်ပနေသော အင်္ကျီကို ဝတ်ဆင်ထားလေသည်။ ကော်လာပေါ်၌ ယုန်မွှေးများထိုးထားပြီး ယုန်နီလေးတစ်ကောင်ကဲ့သို့ပင်။
ထိုကလေးမှလွဲ၍ ကျန် ၂ ယောက်မှာ လွန်စွာမှပင် စိုးရိမ်ပူပန်နေကြသော မျက်နှာထားများ ရှိနေကြလေသည်။
ဘူးကြီးကိုကိုင်ထားသော မျက်နှာထားတင်းတင်းနှင့်လူမှ မေ့တာအား ဦးညွှတ်လိုက်ပြီး- “ဒီ ပန်းချီကားကို ကျနော့်ဆရာက ရွှေသားပေါင်း ၁ဝဝဝ ပေးပြီးမှ ဝယ်ယူခဲ့တာပါ။ အစစ်ဖြစ်ကြောင်း ထောက်ခံချက်လည်း ပါပါတယ်။ အစစ်အမှန်ပါ။ ယူပြီး စစ်ကြည့်ပါခင်ဗျာ။”
မေ့တာ၏မျက်ခုံးများမှာ ထိုဘူးကြီးမှ မခွာနိုင်အောင်ဖြစ်နေခဲ့လေသည်။ “ကျုပ်ကို အလကားလာပေးတာပေါ့... မင်းတို့ ဘာများပြန်လိုချင်ကြလို့တုန်း...”
ထိုသူမှ ပြုံးပြလိုက်ပြီး၊ “ကျနော်တို့ မေ့အော်ကို လာရှာကြတာပါ။”
ချက်ချင်းပင် ထိုသူ့ထံမှ ဘူးကြီးအား သူဆွဲယူလိုက်၏။ “ဒုတိယညီလေး... ထွက်လာခဲ့... မင်းကို လာရှာနေကြတာတဲ့။”
မေ့အော် သက်ပြင်းချလိုက်၏။ သူ ခေါင်းခါရမ်းလိုက်ပြီး-“မအေပေးကောင်... သူ့ပန်းချီကားလည်းရပြီးရော ညီအတွက်တောင် မစဉ်းစားပေးတော့ဘူး။”
ခရမ်းရောင်ဝတ်ထားသော အဖိုးကြီးနှင့် မျက်နှာထားတင်းသော လူတို့သည် မေ့အော် ထွက်လာသည်ကို တွေ့လိုက်ကြရလေ၏။ ထိုသူ ၂ ယောက်၏ မျက်နှာများ ဝင်းပသွားကြလေသည်။ ထိုကလေးကတော့ ခေါင်းခါရမ်းပြီး မှတ်ချက်ချလိုက်၏။ “ဒီလူ့ပုံစံလည်း ကြည့်စမ်းပါအုံး။ လူနာကို ဆေးကုနိုင်ပေးမယ့် လူတစ်ယောက်ရဲ့ အသွင်မှရှိရဲ့လား။”
မေ့အော် ပြန်ဖြေလိုက်၏။ “သေခါနီးလူမမာကို မကုနိုင်ဘူး၊ ရောဂါသေးသေးလေးတွေကို ပျောက်အောင် ကုပေးနိုင်တယ်။ ဒီနှစ်ခုကြားမှာ ကျုပ်က အနေတော်ပါပဲ။”
ခရမ်းရောင်ဝတ်ထားသောအဖိုးကြီးမှ ထိုကလေး နောက်ထပ် စကားပြောမှားသွားမည်အား စိုးရိမ်ပြီး ချက်ချင်းပင် ဖြတ်၍ပြောလိုက်၏။ “ခင်ဗျားရဲ့ ‘နွေဦးရာသီပြန်လက်များ’ အကြောင်းကို ကျုပ်ကြားဖူးနေခဲ့တာ ကြာခဲ့ပါပြီ။ ခင်ဗျား ကျုပ်တို့နဲ့အတူလိုက်ပါပြီး ခရီးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားအတွက် ပိုက်ဆံ ဘယ်လောက်တောင်းတောင်းနော်၊ ကျုပ် လက်ငင်းပေးနိုင်ပါတယ်။”
မေ့အော် ရယ်မောလိုက်၏။ “ကျုပ်ရဲ့အမူအကျင့်တွေကို ခင်ဗျား တော်တော် လေ့လာထားခဲ့တာပဲ။ ကျုပ်ထွက်ပြေးသွားမှာကို မကြောက်ဘူးလား။”
ခရမ်းရောင်ဝတ်ထားသော အဖိုးကြီးမှ ဆက်ပြီးမပြောတော့ပါ။ မည်သည့်နည်းနှင့်မျှ မေ့ အော် ထွက်မပြေးနိုင်ကြောင်း ပြသလိုက်သည့်အလား။
ထိုအရပ်ပုပြတ်ပြတ်နှင့်လူက ဟန်ဆောင်ရယ်မောလိုက်ပြီး-“ဆရာ မေ့အော်သာ ကျုပ်တို့နဲ့ လိုက်ပါခဲ့မယ်ဆိုရင် ရွှေတွေ၊ ငွေတွေ အပြင် အခြားအရာတွေပါ ကျုပ်တို့ဆီမှာ ရှိပါတယ်။”
မေ့အော်-“ငွေပေးတာတော့ဟုတ်ပါပြီ... ကျုပ်မှာ အခြားစည်းကမ်းချက်တွေရှိသေးတာရော သိကြရဲ့လား။ သူခိုး၊ ဓားပြတွေကို ကျုပ်မကုပေးဘူး။”
ထို ပုပြတ်ပြတ်နှင့်လူမှ ရယ်မောနေလိုက်တော့သည်။ “ကျနော့် နာမည်က ပါ့ယင် လို့ခေါ်ပါတယ်။ ကျနော်က ဘာမှမဟုတ်ပေမယ့်လည်း ဒီကဆရာကြီးရဲ့ နာမည်ကတော့ သိုင်းလောကမှာ အလွန်ကျော်ကြားနေတဲ့ ချင်ရှောင်ယီ ဖြစ်ပါတယ်။ ဆရာမေ့အော် ကြားဖူးလိမ့်မယ်လို့ ထင်ပါတယ်။”
မေ့အော်-“ချင်ရှောင်ယီ... ‘အရပ်ရှစ်မျက်နှာဖြန့်သံမဏိသူရဲ’ ချင်ရှောင်ယီလား။”
ပါ့ယင်-“ဟုတ်ပါတယ်... ကျနော့်ဆရာသခင်ပါ။”
မေ့အော်က ခေါင်းညိတ်လိုက်ပြီး အဖြေပြန်ပေးလိုက်သည်။ “နာမည်ကျော်ကြားတဲ့လူပဲ။ ကောင်းပြီလေ... နောက်ရက်တွေကျမှ ပြန်လာခဲ့ပေါ့... ကျုပ် ခင်ဗျားတို့နဲ့ လိုက်ရင်လည်းလိုက်ခဲ့ပါ့မယ်။”
သူ့စကားပင်မဆုံးသေး၊ အနီရောင်ဝတ်ထားသောကလေးမှ ထခုန်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ “ဒီလူက ဒီလောက်တောင်မှ ဖင်ခေါင်းကျယ်နေရလား။ ဟေး... ဘာဖြစ်လို့ ကျနော်တို့ရဲ့ အချိန်တွေကိုဖြုန်းနေကြမှာလဲ... သူ့ကို ပြန်ပေးဆွဲခေါ်သွားလိုက်... ပြီးနေပြီ...”
ပါ့ယင်မှ ထိုကလေး၏ အင်္ကျီအားဆွဲထားလိုက်ပြီး အားတင်းပြုံးလိုက်ကာ-“ရောဂါက သေးသေးမွှားမွှားဆိုရင် ကျုပ်တို့စောင့်နေရတာ အပမ်းမကြီးပါဘူး။ ရက်အနည်းငယ်ထိ စောင့်နေနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ နာရီနဲ့ချီပြီးတောင်မှ မစောင့်နိုင်ပါဘူး။”
“ဒါဆိုရင် မင်းတို့ရဲ့ လူနာကပိုပြီး အရေးကြီးနေတယ်ပေါ့... ငါ့လူနာကတော့ အရေးမကြီးဘူးပေါ့... ဟုတ်လား။”
ပါ့ယင်-“ဆရာမေ့အော်ရဲ့ လူနာ ဒီမှာရှိနေတာပါလား ခင်ဗျာ။”
မေ့အော်-“ဟုတ်တယ်... သူ့ကို ကုပေးမပြီးမချင်း ကျုပ်ဘယ်ကိုမှ မလိုက်နိုင်ဘူး။”
ပါ့ယင် ဆွံ့အသွားခဲ့ရ၏။ “ဒါပေမဲ့... ဒါပေမဲ့... ကျနော့်ရဲ့လူနာက ဆရာကြီး ချင်ရှောင်ယီရဲ့ အကြီးဆုံးသားပါ။ ရှောင်လင်ကျောင်းတော်က အတော်ဆုံးသိုင်းသမားလည်းဖြစ်ပါတယ်။”
မေ့အော် ထ၍ခုန်လိုက်ပြီး စိတ်ဆိုးစွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “ချင်ရှောင်ယီရဲ့သား ဖြစ်နေတော့ကော ဘာအရေးလဲ... ရှောင်လင်ကျောင်းတော်ရဲ့ တပည့်ဖြစ်နေတော့ကော ဘာအရေးလဲ... ခင်ဗျားတို့ရဲ့လူနာက ကျုပ်ရဲ့လူနာထက် ပိုအရေးကြီးနေတယ်လို့များ ဆိုလိုချင်တာလား။”
ချင်ရှောင်ယီသည် လွန်စွာ စိတ်ဆိုးဒေါသထွက်သွားသော်လည်း ရေငုံနှုတ်ပိတ်နေလိုက်၏။
အနီရောင်ဝတ်ထားသောကလေးမှ မျက်လုံးပေကလပ်ပေကလပ်ဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။ “ခင်ဗျားရဲ့ လူနာက သေသွားခဲ့မယ် ဆိုရင်ကော...”
“ဟားဟားဟားဟား... သူသေသွားမှတော့ ငါ သူ့ကို ဂရုစိုက်စရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ သူသေသွားဖို့ဆိုတာက မလွယ်တဲ့ကိစ္စပဲ...”
အနီရောင်ကလေးမှ တခစ်ခစ်ရယ်လိုက်၏။ “သိပ်လဲ သေချာမနေနဲ့ဦး...”
ရုတ်တရက်ပင် အခန်းတွင်းသို့ မိုးကြိုးပစ်သည့်အလား ခုန်ပျံဝင်ရောက်သွားခဲ့၏။ မြင်းလှည်းမောင်းသမားပင်လျှင် အံ့ဩသွား၏။ ပါ့ယင်နှင့် ချင်ရှောင်ယီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာစကားမျှတော့ မပြောကြ။
အခန်းတွင်းသို့ ရောက်သောအခါ အနီရောင်ဝတ်ကလေးက လီဆွန်းဟွာကို စိုက်၍ကြည့်လိုက်ပြီး-“ခင်ဗျားက လူနာလား။”
လီဆွန်းဟွာ ပြန်လည်ပြုံးပြလိုက်၏။ “ချာတိတ်လေး... မင်းက ငါ့ကို တကယ်ကြီး သေစေချင်နေတာလား။”
အနီရောင်ကလေး-“မှန်တယ်... ခင်ဗျားသာ သေသွားခဲ့ရင် ဟိုလူ့ဂွစာကြီးက အကိုကြီးချင်ကို လိုက်ကုပေးလိမ့်မယ်။”
သူ စကားပြောနေစဉ်၌ပင် အင်္ကျီလက်အိုးတွင်းမှ မြှားငယ် ၃ စင်း လီဆွန်းဟွာ၏ နဖူးနှင့် လည်ပင်းသို့ ပျံဝင်လာ၏။ ထိုမြှားပျံများ၏ လျင်မြန်မှုနှင့် အင်အားမှာ မယုံကြည်နိုင်စရာပင်။
၁ဝ နှစ်သားကလေးတစ်ယောက်မှ ဤမျှရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း မည်သူမှ ထင်မထားခဲ့ကြချေ။ အတိုက်ခိုက်ခံရသူမှာ လီဆွန်းဟွာသာ မဟုတ်ခဲ့ပါက သေပြီးနေလောက်ပေပြီ။
လီဆွန်းဟွာ သူ၏လက်ကို အသာအယာပင် လှုပ်ခတ်လိုက်ကာ ထိုမြှားပျံများအား ဖမ်းယူလိုက်၏။ “မင်းက ကလေးလေးပဲရှိသေးတယ် တော်တော့်ကို အဆိပ်ပြင်းနေပါလား။ မင်းကြီးလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ငါတော့ မတွေးတတ်တော့ဘူး။”
အနီရောင်ဝတ်ကလေးက အေးစက်စွာရယ်မောလိုက်ပြီး- “ခင်ဗျားကြီးက မြှားဖမ်းတတ်တဲ့ ပညာလေးရှိရုံနဲ့ ကျုပ်ကိုလာပြီး ဩဝါဒခြွေနေတယ်ပေါ့လေ။”
ထို့နောက် ရုတ်ချည်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ဓားတိုလေးတစ်ချောင်း ထုတ်ယူလိုက်၏။ သူ့စကား မဆုံးသေးခင်မှာပင် လီဆွန်းဟွာအား ၇ ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီးသွားလေပြီ။
ဤချာတိတ်မှာ လျင်မြန်ရုံတင်မက အဆိပ်အတောက်ပါ အလွန်ပြင်းထန်နေ၏။ အတွေ့အကြုံရှိသော သိုင်းသမားများပင်လျှင် ဤမျှလောက် တော်မည်မဟုတ်။ အတိုက်ခိုက်ခံရသူအား သူ၏အမုန်းဆုံးရန်သူကြီးသဖွယ် တိုက်ခိုက်နေပြီး လီဆွန်းဟွာ၏ ခန္ဓာကိုယ်၌ အပေါက်မပေါက်မချင်း ရပ်နားမည့်ပုံမရှိ။
လီဆွန်းဟွာ-“ဒီချာတိတ်ကြီးလာရင်တော့ ယင်းဝူကျိ နောက်တစ်ယောက်ဖြစ်လာတော့မှာပဲ။”
မြင်းလှည်းမောင်းသမား-“ယင်းဝူကျိကို လူတွေက ‘သွေးဓား’ လို့ ခေါ်ကြပေမယ့် အပြစ်မဲ့တဲ့ လူတစ်ယောက်ကို ဘယ်တုန်းကမှ မသတ်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီချာတိတ်ကတော့...”
အနီရောင်ချာတိတ်က ကောက်ကျစ်စွာ ပြုံးပြလိုက်ပြီး-“ယင်းဝူကျိတော့ကော ဘာဖြစ်လဲ။ ကျုပ်အသက် ၇ နှစ်ကတည်းက လူသတ်လာခဲ့တာ။ အဲဒီလူကကော...”
လီဆွန်းဟွာမှ ထိုင်လျက်ပင်ရှိနေသေး၏။ ချာတိတ်မှ စိတ်မရှည်လာတော့ပဲ အကွက်ပြောင်းများစွာဖြင့် နောက်တဖန် တိုက်ခိုက်လိုက်၏။ ဤတစ်ကြိမ်တွင် ပိုပြီးကြောက်မက်ဖွယ်ကောင်းစွာ သေကွင်းသေကွက်များဆီသို့ ဦးတည်တိုက်ခိုက်နေ၏။
လီဆွန်းဟွာက ခါးသီးစွာပြုံးလိုက်ပြီး-“မင်းမှန်တယ်၊ ယင်းဝူကျိတောင်မှ မင်းအရွယ်လောက်တုန်းက မင်းလောက် အဆိပ်အတောက်မရှိခဲ့ဘူး။”
စကားပြောနေကြယင်း တိုက်ခိုက်ရှောင်တိမ်းနေကြခြင်းဖြစ်၏။ မည်သူမျှ တိုက်ခိုက်မှုရပ်ပြီး စကားပြောနေကြခြင်းမဟုတ်ကြချေ။
မြင်းလှည်းမောင်းသမား-“သူကြီးလာရင် လူ့အဖွဲ့အစည်းအတွက် ကောင်းတော့မှာ မဟုတ်ဘူး။”
အနီရောင်ချာတိတ်မှ တိုက်ကွက်ပေါင်း ၁ဝဝ ကျော်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ မနိုင်နိုင်သေးပေ။ သူနှင့် ရင်ဆိုင်နေရသူမှာ သိုင်းလောကတွင် ထိပ်သီးအဆင့် ပညာရှင်တpfယောက်ဖြစ်နေမှန်း ရိပ်မိလိုက်လေ၏။ သူအလွန်စိတ်တိုလာပြီး မျက်လုံးများနီရဲလာခဲ့၏။ ထို့နောက် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး-“ကျုပ်မိဘတွေ ဘယ်သူလဲဆိုတာကော သိရဲ့လား။ ကျုပ်ကိုသာ ထိခိုက်မိမယ်ဆိုရင် ခင်ဗျားတော့ အပိုင်းပိုင်းပြတ်ပြီးသား ဖြစ်သွားလိမ့်မယ်။”
လီဆွန်းဟွာ လွန်စွာမှပင် စိတ်တိုသွားခဲ့တော့သည်။ “မင်းကပဲ သူများကို ထိခိုက်အောင်လုပ်မယ်၊ မင်းကိုတော့ ဘာမှပြန်မလုပ်ရဘူး... အဲဒီလိုလား။”
အနီရောင်ချာတိတ်-“ခင်ဗျား သတ္တိရှိရင် ကျုပ်ကိုသတ်လိုက်လေ။”
လီဆွန်းဟွာ တကယ်ပင်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့၏။ “ငါ မင်းကို အခုအချိန်ထိ သတ်ချင်တဲ့စိတ် လုံးလုံးမရှိခဲ့သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့အသက်က သိပ်ကို ငယ်ရွယ်လွန်းသေးတယ်။ ပဲ့ကိုင်ရှင် ကောင်းကောင်းတစ်ယောက်နဲ့သာ တွေ့ခဲ့မယ်ဆိုရင် မင်း လူကောင်းတစ်ယောက် ဖြစ်လာနိုင်သေးတယ်။ ငါ့စိတ်မပြောင်းခင် မင်းဒီကနေ ထွက်သွားပါတော့။”
အနီရောင်ချာတိတ်သည် လီဆွန်းဟွာအား လုံးဝမယှဉ်နိုင်တော့မှန်း သိသွားခဲ့၏။ သူ့ဓားကိုပြန်သိမ်းလိုက်ပြီး-“ခင်ဗျားရဲ့ သိုင်းပညာသိပ်ကောင်းလွန်းတယ်။ ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်သိချင်လိုက်တာ။ ခင်ဗျားကို အရင်ကတစ်ခါမှ မတွေ့ဖူးပါဘူး။”
လီဆွန်းဟွာ-“ငါ့နာမည်ကိုမေးနေတာ ကလဲ့စားချေချင်လို့လား။”
အနီရောင်ချာတိတ်မှ လွန်စွာမှပင် အပြစ်ကင်းသောအပြုံးမျိုး ပြုံးပြလိုက်၏။“ခင်ဗျားက ကျုပ်ရဲ့အသက်ကို ချမ်းသာပေးခဲ့တဲ့သူပဲ၊ ကျုပ်ကဘာဖြစ်လို့ လက်စားချေချင်ရမှာလဲ။ ခင်ဗျားကို လေးစားလွန်းလို့ မေးတာပါ။ ကျုပ်ရဲ့အကွက်ပေါင်း ၁ဝ၇ ကွက်သုံးပြီး တိုက်ခိုက်ခဲ့တာတောင် ခင်ဗျားက တစ်ကွက်မှ ပြန်မတိုက်ခဲ့ဘူး။”
လီဆွန်းဟွာ၏ မျက်လုံးများတောက်ပလာခဲ့၏။ “မင်း သင်ချင်သလား။”
အနီရောင်ချာတိတ် လွန်စွာပျော်ရွှင်သွားခဲ့ပုံရသည်။ “ကျုပ်ကို ခင်ဗျားရဲ့ တပည့်အဖြစ် တကယ်လက်ခံမှာလား။”
လီဆွန်းဟွာ ပြန်၍ပြုံးပြနေလိုက်၏။ “မင်းမိဘတွေအစား ငါစောင့်ရှောက်ခွင့်ရမယ်ဆိုရင် မင်းအတွက် သိပ်ကိုကောင်းတဲ့ အနာဂါတ်တစ်ခုဖြစ်လာမှာပါ။”
လီဆွန်းဟွာ၏စကားပင် မဆုံးလိုက်သေး၊ အနီရောင်ချာတိတ်က ဒူးထောက်လိုက်ပြီး-“ဆရာခင်ဗျား... တပည့်ကို ဦးချခွင့်ပြုပါ။”
‘ချ’ ဆိုသောစကားထွက်ပေါ်လာချိန်၌ပင် သူ၏နောက်ကျောမှ အလင်းတန်း ၃ ခု ပျံထွက်လာ၏။
ဤချာတိတ်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ လက်နက်ပုန်းများ ပြည့်နှက်နေပါတကား။
ထိုအချိန်မှပင် လီဆွန်းဟွာ အဆုံးအစွန်ထိ အံ့အားသင့်သွားခဲ့ရ၏။ သူသာဤမျှ အတွေ့အကြုံမရှိခဲ့လျှင်၊ သူ့လှုပ်ရှားမှုများကသာ လျှပ်စီးလက်သလိုမမြန်ခဲ့လျှင် ဤနေရာ၌ ဤချာတိတ်၏ လက်ချက်ဖြင့် ပွဲချင်းပြီး သေနေလောက်ပေပြီ။
အနီရောင်ချာတိတ်သည် လီဆွန်းဟွာအား ယခုအချိန်အထိ မသတ်နိုင်သေးသည်ကို သိလိုက်ရသော် သူ့ထံသို့ပြေးဝင်လာပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ပြောဆိုလိုက်တော့သည်။ “ခင်ဗျားကိုယ်ခင်ဗျား ဘာကောင်လို့ ထင်နေလို့လဲ။ ကျုပ် မိဘနှစ်ပါးအစား ကျုပ်ကို ကြည့်ရှုစောင့်ရှောက်ဦးမယ်... ကျုပ်ကိုတပည့်အဖြစ် လက်ခံဏီးမယ်... ဟုတ်လား။”
မြင်းလှည်းမောင်းသမား၏ မျက်နှာတစ်ပြင်လုံး ရေခဲတမျှ အေးစက်သွားခဲ့ပြီး-“ဒီလို အဆိပ်အတောက်ပြင်းတဲ့ နှလုံးသားရှိနေသူတစ်ယောက်ကို အရှင်မထားသင့်တော့ဘူး။”
လီဆွန်းဟွာက ဖြေးလေးစွာ သက်ပြင်းချလိုက်ပြီး သူ့လက်ဝါးတစ်ဘက် စတင်၍လှုပ်ရှားလာလေတော့သည်။
+++++
ချင်ရှောင်ယီနှင့် ပါ့ယင်တို့နှစ်ယောက် ထိုအနီရောင်ချာတိတ် အထဲသို့ ဝင်သွားသည်မှာ လူသတ်ရန်ဖြစ်ကြောင်း သိနေကြသော်လည်း တုတ်တုတ်မျှမလှုပ်။
မေ့တာသည် သူ၏ပန်းချီကားကြီးအား ယုယစွာ စိုက်ကြည့်နေသည်မှာ တစ်လောကလုံး၏ အဖြစ်အပျက်များအား လုံးဝ ဂရုမစိုက်သည့်အလား။
မေ့အော်တယောက်သာ စကားစပြောသူဖြစ်နေ၏။ “ခင်ဗျားတို့ခေါ်လာတဲ့ ချာတိတ်က လူသတ်ဖို့ကြိုးစားနေပြီ။ ခင်ဗျားတို့က ဒီနေရာမှာ လှုပ်တောင်မလှုပ်ကြဘူး။”
ပါ့ယင်က ပြန်လည်ပြုံးပြလိုက်၏။ “အမှန်အတိုင်းပြောရမယ်ဆိုရင် ကျနော်တို့တောင်မှ သူ့ကိုမထိန်းနိုင်ကြပါဘူး။”
မေ့အော်က အေးစက်စွာ ပြောဆိုလိုက်ပြန်သည်။ “ဒီကနေ့ သူသေသွားခဲ့မယ်ဆိုရင်ကော... ခင်ဗျားတို့ ဒီအတိုင်းနေနိုင်ကြသေးရဲ့လား။”
ပါ့ယင်မှ ပြန်လည်ဖြေကြားခြင်းမရှိပါ။ ပြုံး၍ပင်နေလိုက်သေး၏။
မေ့အော်-“ခင်ဗျားကိုကြည့်ရတာ သူ့အတွက် တော်တော်စိတ်ချနေပုံရတယ်။ သူများကိုပဲ သူကသတ်လိမ့်မယ်၊ သူများက သူ့ကိုဘာမှ ပြန်လုပ်နိုင်မှာမဟုတ်ဘူးလို့ ယူဆနေပုံရတယ်။ ကျုပ် ပြောတာ ဟုတ်ရဲ့လား။”
ပါ့ယင်သည် မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ကာ- “အမှန်အတိုင်း ပြောရမယ်ဆိုရင်၊ ဒီချာတိတ်က တော်တော့်ကို စွမ်းတယ်။ နာမည်ကြီးသိုင်းသမားတော်တော်များများလည်း သူ့လက်ချက်နဲ့ သေခဲ့ကြရပြီးပြီ။ ဒါ့အပြင် သူ့မှာ အလွန်တော်တဲ့ အဖေတစ်ယောက်နဲ့ အလွန်ထက်မြက်တဲ့ အမေတစ်ယောက်လည်း ရှိနေသေးတယ်။ သူ့ကြောင့် ခံခဲ့ရသူတွေ ဒီနေ့ထိ ဘယ်သူမှ သူ့ကို မတုံ့ပြန်ရဲခဲ့ကြဘူး။”
“သူ့မိဘတွေက သူ့ကိုမဆုံးမကြဘူးလား။”
“ဒီလောက်ထက်မြက်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်မိဘကမှ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဆုံးမနေမှာမဟုတ်ဘူး။”
မေ့အော်-“မင်းပြောတာမှန်တယ်။ ဒီလိုကလေးတစ်ယောက်က လူသတ်ခဲ့ပြီးတိုင်း သူ့မိဘတွေက လူရှေ့သူရှေ့မှာ နည်းနည်းလေးတော့ ဆူပြလိမ့်မယ်။ စိတ်ထဲမှာတော့ သူတို့လောက်ပျော်မယ့်လူ ရှိမှာမဟုတ်ဘူး။ စိတ်မကောင်းစရာပဲ... ဒီနေ့တော့ ငါ့လူနာနဲ့မှ သူလာပြီးတွေ့ရတယ်။ သူ့ကံပေါ့လေ။”
မေ့အော်က ဆက်ပြောလိုက်၏။ “ငါ့လူနာက လက်ကလေးတစ်ချက်လောက်လှုပ်လိုက်ရုံပဲ... ဒီချာတိတ်ရဲ့ အသက်ထွက်သွားမှာ သေချာတယ်။”
ပါ့ယင် သဘောကျစွာရယ်မောလိုက်၏။ “လက်ကလေးလှုပ်လိုက်ရုံနဲ့ လူသတ်နိုင်တယ်... ကျနော်တော့ မယုံပါဘူး။ ခင်ဗျားရဲ့လူနာက လီတွမ့်ဟွာလိုလူမျိုးလား... ‘ရှောင်းလီဓားပျံ၊ လက်ခွင်းထွက်ရင် ဘယ်တော့မှမလွဲ’ ”
မေ့အော် သက်ပြင်းချလိုက်၏။ “အမှန်အတိုင်းပြောရရင်... ငါ့ရဲ့လူနာက လီတွမ့်ဟွာ အစစ်ပဲ...”
ထိုစကားအဆုံး၌ ပါ့ယင်၏မျက်နှာမှာ စက္ကူတစ်ချပ်လို ဖြူဆွတ်သွားခဲ့၏။ ပြီးနောက် ခြောက်ကပ်ကပ် ရယ်မောပြီး စူးစမ်းလိုက်၏။ “ခင်ဗျား... အဲဒီလိုတော့ မကျီစားပါနဲ့ဗျာ...”
မေ့အော်-“ငါပြောတာမယုံရင် သွားကြည့်လိုက်လေ။”
ပါ့ယင် အော်ဟစ်ပြီးပြေးဝင်သွားခဲ့တော့၏။ “သူရဲကောင်းလီ... လီတွမ့်ဟွာ... အဲဒီကလေးကို ချမ်းသာပေးလိုက်ပါ...”
မေ့အော်က သက်ပြင်းမောကြီးချလိုက်၏။ “ကိုယ့်ကိုကိုယ် သူရဲကောင်းပါလို့ ကြွေးကြော်နေတဲ့လူတွေလည်း အလကားပါပဲလား။ ကိုယ့်ကလေးရဲ့အသက်ပဲ တန်ဖိုးရှိတယ်၊ တခြားလူတွေရဲ့အသက်တွေကတော့ တန်ဖိုး လုံးဝကိုမရှိဘူး။ သူတို့ပဲလူသတ်လို့ရတယ်၊ တခြားလူတွေကတော့ လူသတ်လို့မရဘူး။”
ချင်ရှောင်ယီ၏ မျက်နှာထားတင်းတင်း၌ ခပ်မဲ့မဲ့အပြုံးတစ်ခု ပေါ်လာလေသည်။ “လီဆွန်းဟွာသာ အဲဒီကလေးကို သတ်လိုက်မယ်ဆိုရင် သူ့တစ်သက် နောင်တရလို့ဆုံးမှာကို မဟုတ်တော့ဘူး။”
+++++
လီဆွန်းဟွာ၏ လက်ဝါး စတင်လှုပ်ရှားလာလေသည်။ သူ့လက်ဝါး၌ မည်သည့်ထူးဆန်းသော လှုပ်ရှားမှုမျိုးမှ မပါဝင်ပေ။
အနီရောင်ချာတိတ်ကလည်းမခေ။ အသက်ပင်ငယ်သော်လည်း အတွေ့အကြုံ ပြည့်ဝ၏။ လီဆွန်းဟွာ၏လက်ဝါး စထွက်လာကတည်းက ရှောင်တိမ်းခြင်းမပြု။ ဤလက်ဝါး၌ မည်သည့်တိုက်ကွက်မှ မပါရှိမှန်း သိရှိနေ၏။ ဤသည်မှာ သူ့ပြိုင်ဘက်၏ ထောင်ချောက်တစ်ခုဖြစ်နေနိုင်သည် မဟုတ်ပါလား။ တကယ့်တိုက်ခိုက်မှုမှာ နောက်လာမည့်အကွက်ဖြစ်သည်။ ထို့ကြောင့် သူ၏ဓားဖြင့် ဒရကြမ်း ထိုးခုတ်နေလေတော့သည်။
လက်ဝါးတိုက်ကွက်မှာ အပြောင်းအလဲမရှိသော်လည်း ဓားသိုင်းကွက်၌မူ ကွက်ရွှေ့ကွက်ပြောင်းများ လွန်စွာများပြားလှ၏။ သူ့လက်ဝါးဖြင့် ထိခဲ့မည်ဆိုလျှင်တောင် ချာတိတ်၏ဓားက လီဆွန်းဟွာ၏ လက်အား ခုတ်ဖြတ်သွားနိုင်သေး၏။
အလွန်တရာပင် ကောင်းမွန်လှသော ဓားချက်များပင်။ ဤသို့အရည်အချင်းရှိလှသော လျင်မြန်မှု၊ အားအင်စိုက်သုံးမှု၊ တိကျသေသပ်မှုနှင့် အချိန်ကိုက်မှုများသည် လူလက်တစ်ဆုပ်စာ၌ပင် ရှိနိုင်ပေသည်။ ချာတိတ်ထံ၌ ဆရာကောင်းသမားကောင်းရှိနေရုံမျှနှင့်တော့ ဤသို့အရည်အချင်းမျိုး မပေါ်ထွက်လာနိုင်။ မွေးရာပါ ပါရမီကောင်းပြီး ထူးချွန်ထက်မြက်လွန်း၍သာ ဖြစ်ရမည်။
ကံဆိုးလှစွာပင် သူ့ပြိုင်ဘက်မှာ လီဆွန်းဟွာ ဖြစ်နေချေသည်တကား။
ဤလက်ဝါး၏ လှုပ်ရှားမှုမှာ ရိုးစင်းလှသော်လည်း အလွန်လျင်မြန်လှ၏။ မြန်နှုန်းမှာ မခန့်မှန်းနိုင်လောက်အောင်ပင်။
အနီရောင်ချာတိတ်မှ မည်သို့အကွက်ဆင်ကာ တိုက်ခိုက်နေကာမူ အသုံးမဝင်ပေ။ ချာတိတ်၏ဓား လီဆွန်းဟွာအား မထိခင်မှာပင် လီဆွန်းဟွာ၏လက်ဝါးက ချာတိတ်၏ရင်ဘတ်သို့ အသာအယာပင် ပွတ်သတ်သွားခဲ့လေ၏။
ချာတိတ်၌ မည်သည့်နာကျင်မှုမျိုးမှ မခံစားလိုက်ရချေ။ သူ့ရင်ဘတ်မှ ထူးဆန်းသော အနွေးဓာတ်တစ်ခု ဝင်ရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ အရက်ပူပူတစ်ခွက် သောက်လိုက်ရသကဲ့သို့ပင်။
ထိုအချိန်၌ပင် တံခါးဝမှ လူတစ်ယောက် အော်ဟစ်ပြေးဝင်လာ၏။ “သူရဲကောင်းလီ... လီတွမ့်ဟွာ... အဲဒီကလေးကို ချမ်းသာပေးလိုက်ပါ။”
ချာတိတ်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးဖြစ်နေ၏။ အိပ်ချင်မူးတူးဖြင့် ထလာသူ တစ်ယောက်ကဲ့သို့ သူ့ခန္ဓာကိုယ်၌ အားအင်ဟူ၍ လုံးဝမရှိတော့ဘဲ မလှုပ်ရှားနိုင်တော့ပါ။
ပါ့ယင်- “သခင်လေးယွန်... ဘယ်လိုနေသေးလဲ...”
အနီရောင်ချာတိတ်သည် သူ့အခြေအနေ မကောင်းမှန်းရိပ်မိလိုက်၏။ မျက်လုံးများနီရဲနေပြီး-“ကျုပ်... ကျုပ် ဒီလူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီ... လက်စားချေဖို့ ကျုပ်အဖေကို သွားပြောပေးပါ...”
စကားပင်မဆုံးသေး သည်းထန်စွာ ငိုကြွေးနေလေတော့သည်။
ပါ့ယင်မှာ ဘာလုပ်၍ ဘာကိုင်ရမှန်းပင်မသိတော့လောက်အောင် ဖြစ်သွားခဲ့၏။ သူ့နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ စီးကျလာ၏။
မြင်းလှည်းမောင်းသမားက အေးစက်စွာပြောဆိုလိုက်၏။ “ဒီချာတိတ်ရဲ့ သိုင်းပညာတွေ ဖျက်ဆီးခံလိုက်ရပြီ။ အနည်းဆုံးတော့ သူအသက်ရှင်နေနိုင်ပါသေးတယ်။ ကျုပ်သခင်လေးလို ကြင်နာတဲ့နှလုံးသား ပိုင်ရှင်မျိုးနဲ့ တွေ့လို့သာပေါ့။ ကျုပ်လိုသာဆိုရင်...”
ပါ့ယင် ဘာတစ်ခုမျှ မကြားချင်ဟန်ဆောင်နေလိုက်၏။
လီဆွန်းဟွာ-“မင်း လက်စားချေချင်နေလား။ လက်စားပြန်ချေနိုင်ပါတယ်။”
ပါ့ယင်သည် မည်သည့်စကားမျှ မပြောတော့။ လီဆွန်းဟွာရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
လီဆွန်းဟွာ အံ့ဩသွားခဲ့ရတော့သည်။ “မင်းနဲ့ ဒီကလေးက ဘာတော်စပ်လဲ။”
ပါ့ယင်-“ကျနော့်နာမည် ပါ့ယင် လို့ခေါ်ပါတယ်။ လီတွမ့်ဟွာက ကျနော့်ကိုမသိပေမယ့် ကျနော်ကတော့ လီတွမ့်ဟွာကို သိနေပါတယ်။”
လီဆွန်းဟွာ-“မင်းငါ့ကို သိနေတာ သိပ်ကောင်းတယ်။ ဒီကလေးရဲ့မိဘတွေက လက်စားချေချင်တယ်ဆိုရင် ငါ့ဆီကို လာခဲ့ဖို့ပြောလိုက်...”
အနီရောင်ချာတိတ်သည် အော်ကြီးဟစ်ကျယ်ဖြင့် မတိတ်တမ်းငိုနေလေ၏။ “ခင်ဗျားကြီး လုံးဝမတရားဘူး။ သိပ်ရက်စက်တယ်။ ဟီး... ကျုပ်ရဲ့ သိုင်းပညာတွေကို ဖျက်ဆီးလိုက်ပြီ... ကျုပ်အသက်ရှင်လျက် မနေချင်တော့ဘူး... ဟီး... မနေချင်တော့ဘူး...”
မြင်းလှည်းမောင်းသမားက ကျယ်လောင်စွာ တုံ့ပြန်ပြောဆိုလိုက်၏။ “ဒါ မင်းဘဝရဲ့ သင်ခန်းစာပဲ၊ သူများတွေအပေါ် နောက်ထပ် မင်းမရက်စက်နိုင်တော့ဘူး။ မင်းလည်း အသက်ရှည်ရှည် နေရလိမ့်မယ်။ နို့မဟုတ်ရင်တော့လား... သူများလက်ချက်ကြောင့် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မင်းသေသွားလိမ့်မယ်။”
ထိုစဉ်… လူတစ်ယောက်၏ အေးစက်စက် ပြောဆိုသံ ထွက်ပေါ်လာလေသည်။ “အဲဒီလိုဆိုရင် သွေးအေးရက်စက်လွန်းတဲ့ လီတွမ့်ဟွာ... မင်းကဘာဖြစ်လို့ မသေရသေးတာလဲ။”
“ဘယ်သူလဲ...”
ခရမ်းရောင် အနွေးထည်ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက် အခန်းတွင်းသို့ ဝင်ရောက်လာသည်။ “၁ဝ နှစ်တောင်မှကျော်ခဲ့ပြီပဲ... လီတွမ့်ဟွာ ကျုပ်ကို မမှတ်မိတော့ဘူးလား...”
လီဆွန်းဟွာမှ ပြုံးပြလိုက်ပြီး-“အိုး... ‘အရပ်ရှစ်မျက်နှာဖြန့်သံမဏိသူရဲ’ ချင် ဆရာကြီးပါလား။ ဒီကလေးက စိတ်ထင်တိုင်း သတ်နေတာမဆန်းတော့ပါဘူး။ ခင်ဗျားက ဘေးမှာရှိနေတော့ သူ ဘယ်သူ့ကို မသတ်ရဲဘဲ နေနိုင်ဦးမှာတုန်း။”
ချင်ရှောင်ယီက အေးစက်စွာပြန်ပြောလိုက်၏။ “ကျုပ်သတ်ခဲ့တဲ့ လူတွေက ညီလေးလီ သတ်ခဲ့တဲ့လူတွေရဲ့ တစ်ဝက်တောင်မရှိပါဘူး။”
လီဆွန်းဟွာ-“ဆရာချင် သိပ်ပြီးတော့လည်း ယဉ်ကျေးပြမနေပါနဲ့ဗျာ။ ကျုပ်လူသတ်တယ်ဆိုရင် သွေးအေးအေးနဲ့ ရက်စက်တဲ့နှလုံးသားရှိလို့ သတ်တာ... ခင်ဗျားက လူသတ်ရင်တော့ လောကကြီး ငြိမ်းချမ်းသာယာဖို့၊ တရားဥပဒေစိုးမိုးဖို့ သတ်တာမဟုတ်လား။”
သူနှာခေါင်းတချက်ရှုတ်လိုက်ပြီး ဆက်ပြောနေပြန်၏။ “ဒီကလေးသာ ကျုပ်ကိုသတ်ခဲ့ပြီး ဒီသတင်းသာ ပျံ့နှံ့သွားခဲ့မယ်ဆိုရင် ဆေးဆရာတစ်ယောက်အတွက် လူသတ်တာမဟုတ်ဘူး။ သူနဲ့ သူရဲကောင်းချင်တို့ နှစ်ယောက်ပေါင်းပြီး လူဆိုးသူခိုးတစ်ယောက်ကို သတ်လိုက်ကြတာပေါ့လေ။ ဟုတ်ရဲ့လား။”
ချင်ရှောင်ယီမှာ အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက်ဖြစ်ပြီး မျက်နှာထားတင်းတင်းကို ဟန်မပျက် ထိန်းထားနိုင်ခဲ့သော်လည်း ပါးပြင်နှစ်ဘက်လုံး ရဲရဲတွတ်နီရဲနေ၏။
အနီရောင်ချာတိတ်သည် ပထမ၌ သူတို့ပြောစကားများကို နားထောင်နေသေး၏။ ပြီးနောက် တဖန် ကျယ်လောင်စွာ ငိုနေလိုက်ပြီး- “ဦးလေးချင်... ဒီလူ့ကို လက်စားချေဖို့ သတ်လိုက်ပါတော့... ဟီး...”
ချင်ရှောင်ယီက အေးစက်စက်ပြုံးပြီး ပြောဆိုလိုက်၏။ “အခြားတစ်ယောက်ယောက်က မင်းကို အနာတရဖြစ်အောင် လုပ်ခဲ့တယ်ဆိုရင် အချိန်မရွေးပြန်ပြီး ကလဲ့စားချေလို့ရတယ်။ ဒါပေမဲ့ ဒီလူက မင်းကို နာကျင်အောင်လုပ်ခဲ့တာဆိုရင်တော့ မင်းအနေနဲ့ ဘာမှပြန်မလုပ်နိုင်ဘူး။”
အနီရောင်ချာတိတ်-“ဘာ... ဘာဖြစ်လို့လဲဟင်”
ချင်ရှောင်ယီသည် လီဆွန်းဟွာကို ကြည့်နေလိုက်၏။ ထို့နောက် ချာတိတ်ဘက်သို့လှည့်လိုက်ပြီး-“သူဘယ်သူလဲဆိုတာ မင်းသိလား။”
အနီရောင်ချာတိတ်မှ ခေါင်းခါပြလိုက်၏။ “ဒီလူဟာ ရက်စက်တဲ့ သူခိုးတစ်ယောက်လို့ပဲ သိထားတယ်။”
ချင်ရှောင်ယီ၏မျက်နှာ၌ ကောက်ကျစ်သောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး-“သူဟာ အကျော်ကြားဆုံး ‘မိုးအောက်မြေပြင်နံပါတ်၁ဓား’ လီဆွန်းဟွာပဲ။ မင်းအဖေရဲ့ သေအတူ၊ ရှင်မကွာ သွေးသောက်ညီလည်း ဖြစ်နေပြန်သေးတယ်။”
ထိုစကားများကြားလိုက်ပြီးသည့်နောက် အနီရောင်ချာတိတ် အံ့ဩသွားခဲ့၏။ လီဆွန်းဟွာမှာ ပို၍ပင်အံ့အားသင့်သွားခဲ့ပြီး-“သူ့အဖေက ဘယ်သူလဲ။”
+++++
ပါ့ယင်မှ သက်ပြင်းချလိုက်ပြီး-“သူက စတုတ္ထသခင်ကြီး လောင်ရှောင်း၄ယွန် ရဲ့ ၁ ဦးတည်းသောသား လောင်ရှောင်း၃ယွန်ပါပဲ။”
ထိုအချိန်၌ လီဆွန်းဟွာ၏ စိတ်နှင့်ခန္ဓာကိုယ် တွဲလျက်ရှိမနေတော့ပါ။ သူ့မျက်လုံးများက ဘယ်ညာရွေ့လျားသွားကြပြီး မျက်ရည်များ ကျဆင်းလာလေ၏။
မြင်းလှည်းမောင်းသမား၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့၏။ သူချွေးပြန်နေသည်တကား။
လောင်ရှောင်း၄ယွန်၊ လင်ရှီးယင်မောင်နှံတို့နှင့် လီဆွန်းဟွာ၏ ပတ်သက်နေမှုကို သူအစအဆုံး သိထားခဲ့သည်မဟုတ်ပါလော။ ယခုတော့ ထိုသူနှစ်ယောက်၏ ၁ ဦးတည်းသောသားကိုမှ လီဆွန်းဟွာ ထိခိုက်အောင် လုပ်ခဲ့မိလေပြီ။ လီဆွန်းဟွာ အလွန်တရာမှပင် ယူကြုံးမရခံစားနေရသည်မှာ အထင်အရှားပင်။
ပါ့ယင်-“ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ ကျနော်လုံးဝ ထင်မထားခဲ့ပါဘူး။ အားလုံးက ဆရာကြီးချင်ရဲ့ သားကနေ စလိုက်တာပါ။ ပန်းဘီလူးကို ဖမ်းဖို့ ကြိုးစားရင်း သူဒဏ်ရာ ရလာခဲ့တယ်။ ကျနော်တို့ဆီမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ ဆေးဝါးတွေနဲ့ သူ့အသက်ကိုဆက်ထားနေရတယ်။ ဒါပေမဲ့ သူ့အသက်ရှင်သန်မှုအတွက် အကူအညီ တကယ့်ကို လိုနေခဲ့ပါတယ်။ ‘ကတ်သီးကတ်ဖဲ့သမားတော်’ မေ့အော်ဟာ နံပါတ် ၁ ဒဏ်ရာကု သမားတော်တစ်ယောက် ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ ကြားဖူးထားပါတယ်။ ဒါ့အတွက်ကြောင့် ကျနော့်ဆရာနဲ့ ဒီကိုလာခဲ့ကြတာပါ။ ဒီလိုမျိုးဖြစ်သွားခဲ့မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။”
လီဆွန်းဟွာ၏မျက်နှာပေါ်မှ နာကျင်မှုများကို မေ့အော်တွေ့ရှိသွားသည်။ ထိုချာတိတ်၏ ဒဏ်ရာအား သူစစ်ဆေးကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။ “ဒီကလေးရဲ့ အသက်နဲ့အဝေးကြီးပါ။ နောက်ဆိုရင် သာမန်ကလေးတွေလိုပဲ သူပြုလုပ်နိုင်မှာပါ။”
“သိုင်းပညာအတွက်ကော...”
မေ့အော်က အေးစက်စွာပြောဆိုလိုက်၏။ “သူ့အတွက် သိုင်းပညာလိုသေးလို့လား။ လူတွေအများကြီးကို လိုက်သတ်ချင်နေသေးလို့လား။”
ပါ့ယင်-“ဆရာမေ့အော်... ခင်ဗျားနားမလည်သေးပါဘူး။ စတုတ္ထလောင်သခင်ကြီးမှာ ဒီသားတစ်ယောက်ပဲ ရှိတယ်... ဒါ့အပြင် ဒီကလေးဟာ သူများနဲ့မတူဘဲ အလွန်ကို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်လေးတစ်ယောက်ပါ။ မိဘနှစ်ပါးလုံးက သူ့အပေါ်မှာ မျှော်လင့်ချက် ကြီးကြီးထားခဲ့ကြတယ်။ ဒီကလေးဟာ သူတို့မိသားစုရဲ့ဂုဏ်ကို မြှင့်တင်နိုင်မယ့် ကလေးတစ်ယောက်အဖြစ် အားထားထားခဲ့ကြတယ်။ အခုလိုသာ သိုင်းပညာပျက်စီးသွားတာသိရင် သူ့မိဘတွေ ရင်ကွဲကြရလိမ့်မယ်။”
မေ့အော် အေးစက်စက်ဖြင့် ရယ်မော၍သာနေလိုက်၏။ “ဒီလိုမျိုးသားတစ်ယောက်ကို မွေးထားပြီး ဒီလိုအကျင့်စရိုက်တွေရှိလာတာကို မထိန်းသိမ်းပေးတဲ့ မိဘနှစ်ပါးစလုံး ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်ကြတော့။ ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။”
လီဆွန်းဟွာသည် မည်သူပြောသည့်စကားကိုမျှ မကြားနေခဲ့ပါ။ ဤအချိန်၌ သူ၏စိတ်များက အတိတ်ကအရိပ်များဆီသို့ ပြန်လည်ရောက်ရှိနေလေသည်။ အမှတ်မရသင့်သော အတိတ်မှ အဖြစ်အပျက်များ ရုတ်တရက်ပင် သူ့အတွေးထဲသို့ တရဟော ဝင်ရောက်လာကြလေသည်။
ထိုနေ့သည် နှစ်ကူးပြီးနောက် ၁၇ ရက်နေ့ဖြစ်ခဲ့ကြောင်း သူမှတ်မိနေသး၏။ သူ့၌ အရေးကြီးသောကိစ္စများ ဆောင်ရွက်ရန်ရှိနေသောကြောင့် နှစ်သစ်ကူးပွဲတော်ကို အပြည့်အဝမခံစားနိုင်ဘဲ စံအိမ်တော်မှ သူထွက်လာခဲ့၏။
ထိုနေ့က နှင်းများသည်းထန်စွာကျနေခဲ့၏။ လင်ရှီးယင်သည် သူအရက်နှင့်မြည်းရန် ဟင်းလျာများကိုစီစဉ်ထားပေး၏။ သူမသည် သူအရက်သောက်ချိန်များ၌ လိုက်ပါအဖော်လုပ်ပေးတတ်ပြီး နှင်းများကျဆင်းနေသည်ကို ငေး၍ကြည့်နေတတ်လေသည်။
ဤစံအိမ်တော်၌ လင်ရှီးယင် ကြီးပြင်းလာခဲ့ရသည်။ သူမ၏အဖေမှာ လီဆွန်းဟွာ ဖခင်၏ နောက်မိန်းမ၏ အကိုတော်သူဖြစ်၏။ ထိုသူများ မသေဆုံးမီကပင် သူတို့နှစ်ယောက်၏ လက်ထပ်မင်္ဂလာကိစ္စအတွက် စကားပြောစီစဉ်ထားခဲ့ကြပြီးဖြစ်၏။
လီဆွန်းဟွာနှင့် လင်ရှီးယင်တို့နှစ်ယောက်မှာ အခြားသော လူချမ်းသာ ကလေးများကဲ့သို့ ထီးထီးကြီးမနေခဲ့ကြ။ သူတို့မှာ ချစ်သူများဖြစ်နေကြရုံမကသေး၊ အလွန်နားလည်မှုရှိကြသော မိတ်ဆွေကောင်းများလည်း ဖြစ်ခဲ့ကြသည်။
၁ဝ နှစ်ကျော်ခဲ့ပြီဆိုသော်လည်း လီဆွန်းဟွာ အတွက်မူ မနေ့က အတိုင်းပင် လတ်ဆတ်နေသေး၏။
+++++
ထိုနေ့က မက်မုံပန်းများ လန်းဆန်းစွာ ပွင့်ဖူးနေကြ၏။ သူမ၏ ရီဝေဝေအပြုံးများမှာ မက်မုံပန်းများထက်ပင် ဆွဲဆောင်မှုပိုကောင်းနေ၏။ သူတို့နှစ်ယောက်၏ ရိုးသားမှုများတွင် ပျော်ရွှင်ခြင်း၊ ပျော်မြူးခြင်းများဖြင့်သာ ဖုံးလွှမ်းထားခဲ့လေ၏။
တိုတောင်းသောအချိန်ကာလ အတွင်းမှာပင် ကြေကွဲမှုများ ရောက်ရှိလာခဲ့လေသည်။
ထိုအချိန်တုန်းက သူ့ရန်သူများသည် လူစုဖွဲ့ပြီး သူလာမည့်လမ်း၌ လွန်စွာပိရိသေသပ်လှသော ထောက်ချောက်တစ်ခုကို ဆင်ထားခဲ့လေသည်။ ရန်သူ ၁၉ ယောက်ခန့် သူသတ်နိုင်ခဲ့သော်လည်း သူ့ကိုယ်၌ ဒဏ်ရာများအပြည့်ရရှိခဲ့လေသည်။ နောက်ဆုံးတွင် သူအဖမ်းခံခဲ့ရလေသည်။
ထိုအချိန်၌ လောင်ရှောင်း၄ယွန် ရောက်လာခဲ့လေသည်။
ငွေရောင်လှံတံတစ်ချောင်းဖြင့် ရန်သူ့စခန်းအား ရဲဝံ့စွာထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရနေခဲ့သော သူ့အား ကယ်ထုတ်ခဲ့ လေ၏။ သူ့ဒဏ်ရာများ ပျောက်ကင်းသည်အထိ စိုးရိမ်ပူပန်စွာ ကုသပေးခဲ့ပြီးမှ သူ့အား အိမ်တိုင်ရာရောက် လိုက်ပို့ပေးခဲ့သည်။
ထိုအချိန်မှစ၍ သူတို့နှစ်ယောက် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြလေသည်။
အတော်ကြာလောက်သောနေ့တစ်နေ့တွင် လောင်ရှောင်း၄ယွန် တစ်ယောက် အသည်းအသန် နေမကောင်း ဖြစ်လာတော့သည်။ သန်မာတောင့်တင်းလှသော လူတစ်ယောက် လဝက်ခန့်အတွင်းမှာပင် ချုံးချုံးကျ ပိန်လိန်သွားခဲ့၏။
လီဆွန်းဟွာ မေးလွန်းမကမေးသောအခါတွင်မှ သူ့ရောဂါမှာ လင်ရှီးယင်အားချစ်မိသော ချစ်စိတ်ကြောင့် ချစ်ဖျားဖျားနေကြောင်း သိရှိခဲ့ရလေသည်။
လင်ရှီးယင်မှာ လီဆွန်းဟွာ၏ ဇနီးလောင်းဖြစ်နေမှန်း လောင်ရှောင်း၄ယွန် မသိရှိခဲ့ပေ။ လီဆွန်းဟွာ၏ ဝမ်းကွဲနှမတစ်ယောက်ဖြစ်နေသောကြောင့် သူနှင့်လက်ဆက်ပေးရန် လီဆွန်းဟွာအား ပူဆာလေတော့သည်။ လင်ရှီးယင်အား သူအမှန်တကယ်ပင် ချစ်မြတ်နိုး၍ဖြစ်ကြောင်း၊ တစ်သက်လုံး စောင့်ရှောက်သွားမည့်အကြောင်း လီဆွန်းဟွာအား ပြောပြခဲ့လေ၏။
လီဆွန်းဟွာ မည်ကဲ့သို့ငြင်းပယ်ရမည်နည်း။
သူ့မိတ်ဆွေ၊ အသက်ကျေးဇူးရှင်ဖြစ်သူအား ချစ်ဒုက္ခကြောင့် အသက်ဆုံးရှုံးရသည်အထိ မထိခိုက်စေလို။
လင်ရှီးယင်အား တခြားလူတစ်ယောက်နှင့် လက်ထပ်ရန်လည်း သူမပြောလို။ သူမ အလွန်ပင် စိတ်ထိခိုက်သွားနိုင်ပြီး သဘောတူမည်လည်းမဟုတ်။
လီဆွန်းဟွာ၏ နှလုံးသား၌ ငြင်းဆန်မှုများ၊ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ထိုအချိန်မှစ၍ သူ့ဘဝထဲသို့ အရက်ဆိုသော အဖော်ကောင်းတစ်ယောက် ဝင်ရောက်လာခဲ့လေသည်။ ၅ ရက်မျှမူးနေခဲ့ပြီးနောက် သူဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့လေသည်။ ထိုဆုံးဖြတ်ချက်သည် သူ့ဘဝတွင် နာကျည်းစရာအကောင်းဆုံးသော ဆုံးဖြတ်ချက်ပင်။
လင်ရှီးယင် မိမိစိတ်နှင့် သူ့အားလမ်းခွဲသွားမည့် အဖြစ်မျိုး သူဖန်တီးရမည်။
လင်ရှီးယင်နှင့် လောင်ရှောင်း၄ယွန်တို့နှစ်ယောက် မည်သူမျှမရိပ်မိဘဲ တွေ့ဆုံနိုင်ရန်လည်း သူစီစဉ်ပေးခဲ့၏။
အဆိုးဆုံးမှာ နာမည်ကြီးသော ပြည့်တန်ဆာ ၂ ယောက်ကို သူ့အိမ်ပေါ်သို့ ခေါ်တင်ထားကာ ပျော်ပါးပြနေလိုက်ခြင်းပင်ဖြစ်၏။
၂ နှစ်ခန့်ကြာသောအခါ လင်ရှီးယင်တစ်ယောက် အသည်းကွဲသွားခဲ့ရ၏။ သူ့အား စိတ်ပျက်စွာလမ်းခွဲခဲ့ပြီး သူမအပေါ် အလွန်ကြင်နာလှသော လောင်ရှောင်း၄ယွန် နှင့် လက်ဆက်ခဲ့လေတော့သည်။
လီဆွန်းဟွာ၏ မူလအကြံအစည်များ ထမြောက်အောင်မြင်ခဲ့သည်။ သူ့အောင်မြင်မှု၏ရလာဒ်အဖြစ် ဝမ်းနည်းကြေကွဲမှုများသာ ရရှိခဲ့ရ၏။ ထိုနေရာ၌ မည်ကဲ့သို့ သူဆက်နေနိုင်ပါတော့မည်နည်း။ မက်မုံပန်းများကိုလည်း မည်ကဲ့သို့ သူဆက်၍ခံစားနိုင်တော့မည်နည်း။
ထို့ကြောင့် သူပိုင်ဆိုင်သမျှအရာအားလုံးကို မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့ပြီး သူတစ်ယောက်တည်း အဝေးတစ်နေရာသို့ ထွက်သွားခဲ့လေသည်။ သူ့တစ်သက်တာတွင် သူမနှင့် လုံးဝမဆုံတွေ့တော့ရန် ဆုံးဖြတ်ခဲ့တော့သည်။
ယခုတော့... သူတို့၏သားဖြစ်သူကိုမှ သူထိခိုက်မိစေခဲ့လေပြီ။
ခါးသီးလှသော အတိတ်မှ အမှတ်ရစရာများ၊ မျက်ရည်များအား လီဆွန်းဟွာ မျိုချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ “စတုတ္ထလောင်သခင်ကြီးဘယ်မှာလဲ... ကျုပ်မင်းတို့နဲ့လိုက်ခဲ့ပြီး လိုက်တွေ့ပါ့မယ်။”
+++++
‘လီစံအိမ်တော်ဥယျာဉ်’ ဆိုသော ယခင်ကဆိုင်းဘုတ်နေရာတွင် ‘တိမ်လွှာစံအိမ်တော်’ ဆိုသောဆိုင်းဘုတ်က နေရာယူထားနေ၏။ အခြား စာတန်းနှစ်ကြောင်းကတော့ ရှိနေသေး၏။
‘ဧကရာဇ်၏ စာမေးပွဲ အောင်မြင်ခဲ့သော မိသားစုဝင် ၇ ယောက်တို့၏စံအိမ်’
‘အဖေနှင့်သားများ၊ ၃ ယောက် တွမ့်ဟွာဖြစ်ခဲ့ကြသောစံအိမ်’
ဤစာကြောင်းများအား တွေ့လိုက်ရသည်နှင့် တစ်စုံတစ်ယောက်က သူ့ဝမ်းဗိုက်အား ဆောင့်ကန်လိုက်သလို ခံစားလိုက်ရ၏။
ပါ့ယင်သည် အနီရောင်ဝတ်ချာတိတ်အား ပွေ့ချီလာခဲ့၏။ ချင်ရှောင်ယီမှလည်း မေ့အော်၏လက်ကို ဖမ်းဆုပ်ထား၏။ လူတိုင်းပင် လီဆွန်းဟွာအား အကဲခတ် စူးစမ်းနေကြလေသည်။
ဤလူစိမ်းတစ်ယောက်က ဘာဖြစ်လို့များ ဤနေရာ၌ရပ်ပြီး အတွေးနွံထဲနစ်နေရခြင်း အကြောင်းကို ထိုသူအားလုံး စဉ်းစားနေကြလေ၏။
အခန်း (၇) မှတ်စု…
ယင်းဝူကျိ (ယင်း=အမှောင်၊ ဝူကျိ=ပြိုင်ဘက်ကင်း)
လောင်ရှောင်း၄ယွန် (အဖေ)၊ လောင်ရှောင်း၃ယွန် (သား)
ဖခင်နှင့်သားဖြစ်သူနှစ်ယောက်လုံးမှာ နာမည်များတူနေကြ၍ နံပါတ်များဖြင့် ခွဲထားပေးလိုက်သည်။ ဖခင်၏ ရှောင်းမှာ နံပါတ် ၄ ဘက်သို့လိုက်၍ သားဖြစ်သူအား ၃ ပေးထားလိုက်သည်။

0 comments:
Post a Comment