တစ်ချိန်က ဤနေရာသည် လီဆွန်းဟွာ၏ ဥယျာဉ်လေး ဖြစ်ခဲ့ဖူးသည်။ သူကြီးပြင်းခဲ့သောနေရာ။ သူ၏ ကလေးဘဝ ပျော်စရာများ၊ အမှတ်ရစရာများ အတိပြည့်နှက်နေခဲ့သော နေရာ။ ထို့ပြင် သူ့မိဘများနှင့် သူ့အစ်ကိုတို့၏ အရိုးပြာများကို သူကိုယ်တိုင်ပင် မြှုပ်နှံခဲ့သည့်နေရာ။
ယခုတော့ ဤနေရာတွင် သူကိုယ်တိုင် လုံးလုံးကြီး လူစိမ်းတစ်ယောက်ဖြစ်နေခဲ့လေပြီ။
လီဆွန်းဟွာ ပြုံးလိုက်၏။ သူ့နားထဲသို့ တေးသံတစ်သံပြန်ကြားယောင်နေမိ၏။ “စံအိမ်တော်ကို ဆောက်လုပ်ခဲ့တာ မြင်ယောင်မိပါသည်၊ ဧည့်သည်များကို ဧည့်ခံခဲ့တာ မြင်ယောင်မိပါသည်၊ စံအိမ်တော်ကြီး ပြိုကျသွားခဲ့တာလည်း မြင်ယောင်မိပါသည်။”
ထိုစာသားများ၏ အဓိပ္ပါယ်အား နက်ရှိူင်းစွာပင် သူ့ရင်ထဲ၌ နားလည်နေမိ၏။ တွေ့ဆုံကြုံကွဲ ဖြစ်လေ့ရှိသော လူ့ဘဝ၏ ဓမ္မတာများပင် မဟုတ်ပါ၏လော။
မြင်းလှည်းမောင်းသမားက တိုးညင်းစွာပြောလိုက်၏။ “အထဲကိုဝင်ကြရအောင် သခင်လေး ...”
လီဆွန်းဟွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး-“ရောက်လာမှတော့ ဝင်ရတော့မှာပေါ့၊ ဟုတ်တယ်မဟုတ်လား။”
သူတံခါးဝရှေ့ရောက်သွားသောအခါ လူတစ်ယောက်ခုန်ထွက်လာပြီး အော်ငေါက်မေးမြန်းလိုက်၏။ “မင်းဘယ်သူလဲ... စတုတ္ထသခင်ကြီးလောင်ရဲ့ စံအိမ်ထဲကို ဝင်လာရဲသေးတယ်လား။”
ထိုသူသည်လီဆွန်းဟွာ၏ သွားလမ်းအားပိတ်ဆို့ထားလိုက်၏။ ထိုသူမှာ သိုးသားရေအင်္ကျီကို ဝတ်ဆင်ထားပြီး ငှက်လှောင်အိမ်လေးတစ်ခုကိုလည်း ကိုင်ဆောင်ထားလေသည်။
လီဆွန်းဟွာ-“ခင်ဗျားက...”
ထိုသူက သူ၏လက်နှစ်ဘက်ကိုယှက်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်-“ကျုပ်က ဒီစံအိမ်ရဲ့ ဝင်းမှူးကြီး။ ကျုပ်ရဲ့သမီးက လောင်သခင်မရဲ့ မွေးစားညီမ။ မင်းဘာသိချင်သေးလဲ...”
လီဆွန်းဟွာ-“အဲဒီလိုဆိုလည်း ကျုပ်ဒီနေရာကနေပဲ စောင့်နေတော့မယ်။”
ထိုသူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထပ်မံခြိမ်းခြောက်လိုက်၏။ “မင်းကို ဒီနေရာမှာ ပေးမစောင့်နိုင်ဘူး။ လောင်သခင်ကြီးရဲ့ ခြံတံခါးဝက လူတိုင်းစောင့်လို့ရတဲ့ နေရာတစ်နေရာမဟုတ်ဘူးကွ...”
မြင်းလှည်းမောင်းသမားသည် လွန်စွာစိတ်တိုသွားခဲ့သော်လည်း ဒေါသကိုထိန်းထားလိုက်၏။
ထိုသူက နောက်တကြိမ် အော်ပြောလိုက်ပြန်၏။ “မင်းကိုထွက်သွားလို့ပြောနေတာ မကြားဘူးလား။ နားကန်းနေချင်ယောင် ဆောင်နေတာလား။”
လီဆွန်းဟွာသည် စိတ်ထိန်းထားပြီး ငြိမ်သက်စွာရပ်နေသော်လည်း မြင်းလှည်းမောင်းသမားမှာ သူ့စိတ်ကို ထိန်းမထားနိုင်တော့ပေ။
ထိုသူအား သင်ခန်းစာပေးရန် ရှေ့သို့တိုးဝင်သွားရန်ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်၏ အော်ခေါ်လိုက်သံအား ကြားလိုက်ရ၏။ “ဆွန်းဟွာ... ဆွန်းဟွာ... တကယ်ရောက်လာတယ်...”
တည်ကြည်ပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော၊ လွန်စွာမှပင် ကြည့်၍ကောင်းသော သက်လတ်ပိုင်းလူတစ်ယောက် ထွက်လာ၏။ လီဆွန်းဟွာအား တွေ့လိုက်ရသည်နှင့်တပြိုင်နက် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး-“မင်း... မင်း... တကယ်ပဲ... မင်း...”
စကားပင်မဆုံးသေး ထိုသူ့ထံမှ မျက်ရည်များ ကျဆင်းလာ၏။
လီဆွန်းဟွာသည်လည်း လှိုက်လှဲဝမ်းသာစွာဖြင့် ခေါ်ဆိုလိုက်၏။ “အစ်ကိုကြီး...”
ဝင်းမှူးကြီးမှာ ဤအခြေအနေအားတွေ့မြင်လိုက်သောအခါ ပါးစပ်ဟောင်းလောင်းဖြင့် ရပ်ကြည့်နေရလေတော့သည်။
လောင်ရှောင်း၄ယွန်-“ညီလေး... မင်းအကြောင်းတွေ ငါအမြဲပဲ စဉ်းစားပြီး သတိရနေခဲ့ပါတယ်ကွာ... သတိရနေခဲ့ပါတယ်...”
ထိုစကားအား အကြိမ်ကြိမ်ရေရွတ်နေရာမှ၊ “ငါတို့ညီအစ်ကိုတွေ ပြန်တွေ့နေကြပြီပဲ... ဘယ်လောက်ပျော်ဖို့ကောင်းလဲ... မိန်းမကြီးတွေလို ဘာဖြစ်လို့ငိုနေကြတာလဲ... လာ... အထဲသွားစို့...”
ပျော်ရွှင်စွာရယ်မောလိုက်ပြီး လီဆွန်းဟွာ၏လက်ကိုဆွဲကာ အိမ်ထဲသို့ခေါ်သွားလေ၏။ “သခင်မကို သွားခေါ်လိုက်ကြစမ်း... အကုန်လုံး ထွက်လာခဲ့ကြ။ ဒီမှာ ဘယ်သူရောက်လာလဲဆိုတာ လာကြည့်ကြ... ငါ့ရဲ့ သွေးသောက်ညီ ရောက်လာပြီ... ဟဲဟဲ... သူဘယ်သူလဲဆိုတာ မင်းတို့ကို ပြောပြလိုက်ရင် မင်းတို့အားလုံး အံ့ဩသွားကြလိမ့်မယ်။”
မြင်းလှည်းမောင်းသမားသည် သူတို့နှစ်ယောက်အားကြည့်ပြီး မျက်ရည်ဝဲလာလေသည်။ သူ့ရင်ထဲ၌လည်း တဆစ်ဆစ်ဖြင့် ခံစားနေရ၏။ ဝမ်းသာခြင်းလား၊ ဝမ်းနည်းခြင်းလား... သူမသိနိုင်တော့ပေ။
ဝင်းမှူးကြီးသည်လည်း ခေါင်းခဲသွားပြီး သက်ပြင်းမောကြီးချလိုက်ကာ တစ်ကိုယ်တည်း ရေရွတ်နေမိ၏။ “ဘုရား... ဘုရား... ဒီပုဂ္ဂိုလ်က လီ... လီတွမ့်ဟွာ ဖြစ်နေပါပေါ့လား... ဒီစံအိမ်တော်ကြီးကို လက်ဆောင်အဖြစ်ပေးခဲ့တာလို့ကြားဖူးတယ်... ဒါတောင်မှ ငါသူ့ကို အထဲဝင်ခွင့်မပေးမိခဲ့ပါလား... ငါတော့ သေသင့်နေပြီ...”
အနီရောင်ချာတိတ်၊ လောင်ရှောင်း၃ယွန်၏ ဘေးနားတွင် လူအများ ဝိုင်းအုံနေကြ၏။ သူကိုယ်တိုင်မှာမူ ဧည့်ခန်းတွင်းရှိ ထိုင်ခုံအကြီးစား ကြီးတစ်ခုပေါ်တွင် လဲလျောင်းနေရ၏။ သူ့ဖခင်နှင့် လီဆွန်းဟွာတို့၏ ခင်မင်ရင်းနှီးမှုအားတွေ့လိုက်ရသောအခါ ကြောက်လန့်သွားပြီး မငိုရဲတော့ပေ။
သို့ရာတွင် လောင်ရှောင်း၃ယွန်၏ဘေး၌ ရပ်နေသောလူနှစ်ယောက်ကမူ လီဆွန်းဟွာရှိရာသို့ လျှောက်လာကြပြီး လီဆွန်းဟွာအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ကာ၊ “သခင်လေးယွန်ကို ဒဏ်ရာရအောင်လုပ်ခဲ့တာ ခင်ဗျားလား...”
လီဆွန်းဟွာ-“ဟုတ်ပါတယ်...”
ထိုသူ-“ကောင်းတယ်... ခင်ဗျား သတ္တိသိပ်ကောင်းနေတယ်ပေါ့၊ ဟုတ်လား...”
ထိုလူနှစ်ယောက်မှ လီဆွန်းဟွာအား ဘယ်ညာနှစ်ဘက်ဝိုင်းရံလိုက်ပြီး စတင် တိုက်ခိုက်လိုက်လေတော့သည်။
လီဆွန်းဟွာ ရပ်နေရာမှ လုံးဝမရွှေ့ပါ။ သို့သော် လောင်ရှောင်း၄ယွန်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ကျန်တစ်ယောက်အား ခြေထောက်ဖြင့်ခုန်ကန်လိုက်ကာ ထိုသူနှစ်ဦးအား ခွဲထုတ်လိုက်၏။ ထို့နောက် စိတ်ဆိုးစွာဖြင့် အော်ငေါက်လိုက်၏။ “သူ့ကို မင်းတို့က ကိုယ်ထိလက်ရောက် စော်ကားချင်ကြတယ်ပေါ့... သိပ်ကိုသတ္တိကောင်းနေကြပါလား... သူဘယ်သူလဲဆိုတာ မင်းတို့ နည်းနည်းလေးမှ မသိကြဘူးလား...”
ထိုသူနှစ်ယောက်သည် သူတို့၏ မျက်နှာလိုမျက်နှာရလုပ်မှု မအောင်မမြင်ဖြစ်သွားခဲ့၍ မျက်နှာများပျက်သွားခဲ့ကြပြီး တစ်ယောက်သောသူက ပြောဆိုလိုက်၏။ “ကျနော်တို့က သခင်လေးကို ကူညီချင်ရုံ သက်သက်ပါ...”
လောင်ရှောင်း၄ယွန်သည် အောင်မြင်ခန့်ငြားလှသောအသံဝါကြီးဖြင့်-“မင်းတို့က ဘာလုပ်ချင်ကြလို့လဲ... ဒီမှာ... ငါပြောမယ်... လောင်ရှောင်း၄ယွန်ရဲ့ သားဟာ လီဆွန်းဟွာရဲ့သားပဲ... ဒီမဖြစ်စလောက် သင်ခန်းစာလေးအပေးခံရတာကို စကားထဲတောင် ထည့်မပြောနဲ့... ဒီမအေပေးလေးရဲ့ အသက်ကိုသတ်ပစ်လိုက်မယ်ဆိုရင်တောင် စာမဖွဲ့လောက်သေးဘူး... နားလည်ကြလား...”
ထို့နောက် ဆက်၍ပြောဆိုလိုက်၏။ “အခုအချိန်ကစပြီး ဒီအကြောင်းကို စကားမဟနဲ့တော့။ စပြောတဲ့လူဟာ ကျုပ်ရဲ့ရန်သူပဲ...”
လီဆွန်းဟွာမှာ ထိုနေရာ၌ပင် ရပ်နေ၏။ သူ့ရင်ထဲ၌ မည်သို့ခံစားနေရမှန်း သူကိုယ်တိုင်ပင် ဝေခွဲ၍မရတော့ပေ။
အကယ်၍သာ လောင်ရှောင်း၄ယွန်က သူ့အားအော်ဟစ်မောင်းထုတ်ခဲ့မည်ဆိုလျင် သူကျေနပ်သေး၏။ ယခုတော့ လောင်ရှောင်း၄ယွန်မှ သူတို့၏ ခင်မင်ရင်းနှီးမှု မိတ်ဆွေတန်ဖိုးအား လုံးဝအစွန်းအထင်းမခံ ဖြစ်နေသောကြောင့် သူ့အနေဖြင့် လွန်စွာမှပင် ယူကြုံးမရဖြစ်နေရလေ၏။ “အစ်ကိုကြီး... ကျနော်... ကျနော် တကယ်မသိခဲ့လို့...”
လောင်ရှောင်း၄ယွန်က သူ့ပခုံးကိုပုတ်လိုက်ကာ ကျေနပ်စွာဖြင့် ပြုံးနေလိုက်ပြီး-“ညီလေး၊ မင်းဘယ်တုန်းကတည်းက စိတ်ဓာတ်ဒီလောက် ပျော့ညံ့သွားခဲ့ရတာလဲ။ ဒီခွေးကောင်လေးက သူ့အမေ မြှောက်စားထားခဲ့လို့ ဒီလောက် ကန်းတက်နေတာ။ ငါသူ့ကို သိုင်းပညာမသင်ပေးခဲ့ရင်တောင် အကောင်းသား။”
သူဆက်လက်ပြီး ပြောဆိုလိုက်၏။ “လာ... လာ... ငါတို့ အရက်သောက်ကြရအောင်။ ဟေ့... ငါတို့ညီအစ်ကိုနှစ်ယောက်ကို အရက်မူးအောင်တိုက်နိုင်ခဲ့ရင် ဘယ်သူမဆို ငွေသား ၅ဝဝ ဆုချမယ်ဟေ့...”
ပိုက်ဆံပေးမည့်အကြောင်း ကြားလိုက်သည်နှင့် အခန်းတွင်းရှိလူအားလုံး အရက်ခွက်များ ကိုယ်စီကိုင်လာကြကာ သူတို့နှစ်ယောက်အား ဆုမွန်ကောင်းများ တောင်းပေးနေကြတော့၏။
ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ စကားသံထွက်ပေါ်လာခဲ့၏။ “သခင်မ ရောက်လာပါပြီ ခင်ဗျာ...”
နောက်ဆုံးတွင် လီဆွန်းဟွာသည် လင်ရှီးယင်အား တွေ့ရှိလိုက်ရလေတော့သည်။
လင်ရှီးယင်သည် ပြိုင်ဘက်ကင်းအလှမယ်တစ်ယောက် မဟုတ်သော်လည်း သူမ လှပကြောင်းကိုတော့ မည်သူမျှမငြင်းဆန်နိုင်ကြပေ။ သူမ၏ မျက်နှာ၌ သွေးရောင်လွှမ်းမနေပါ။ ခန္ဓာကိုယ်သည်လည်း ပိန်ပိန်ပါးပါးရှိ၏။ မျက်လုံးများက တောက်ပနေသော်လည်း အေးစက်စက်အကြည့်များ ဖုံးလွှမ်းနေ၏။ သူမ၏ လှုပ်ရှားပုံ၊ ဟန်ပန်များမှာ အထက်တန်းကျလှပြီး တုပနိုင်သူမရှိဟု ထင်ရ၏။
မည်သည့်အခြေအနေမျိုးတွင်မဆို သူမရောက်ရှိနေကြောင်း သိသာစေ၏။ သူမအား တွေ့မြင်ဖူးသူတိုင်း စွဲစွဲမြဲမြဲမှတ်မိသွားစေနိုင်သော အသွင်အပြင်ရှိလေသည်။
ဤမျက်နှာပိုင်ရှင်၏ပုံရိပ်သည် လီဆွန်းဟွာ၏အတွေးထဲသို့ အကြိမ်ပေါင်းမြောက်များစွာ ဝင်ရောက်စိုးမိုးနေခဲ့သည် မဟုတ်ပါလော။ ထိုအကြိမ်တိုင်းတွင်လည်း သူနှင့်အဝေးဆုံးနေရာ တစ်နေရာ၌ ရှိနေခဲ့သည်ချည်းပင် မဟုတ်ပါလော။
သူမအား ပျောက်မသွားခင် သူပွေ့ဖက်လိုက်တိုင်း အိပ်မက်မှ လန့်နိုးခဲ့သည်ချည်းပင်။ အမှောင်ထဲ၌ သူတစ်ယောက်တည်း အထီးကျန်စွာ၊ အေးစက်စက် ချွေးစေးများကို အဖော်ပြု၍ ငုတ်တုတ်ထိုင်နေခဲ့ပြီး မိုးလင်းခဲ့ရသည့်အကြိမ်ပေါင်းလည်း မနည်းတော့။ နောက်တစ်ရက်ရောက်လျှင် ထုံးစံအတိုင်း သူတစ်ယောက်တည်း၊ နာကျင်မှုများစွာဖြင့် ဘဝကို ဖြတ်သန်းခဲ့ရပြန်၏။
ယခုတော့ သူ့အိပ်မက်ထဲမှ အမျိုးသမီးသည် သူ့ရှေ့၌ အမှန်တကယ်ပင် ရောက်ရှိနေခဲ့ပေပြီ။ လက်တွေ့ဘဝတွင်မူ အိပ်မက်ထဲကထက် ပို၍ ရက်စက်လှ၏။ လက်ရှိအခြေအနေအရ အိပ်မက်ထဲမှာလို သူထွက်ပြေး၍မရ။ သူ့မှာ ထွက်ပြေးချင်နေသော်လည်း အခွင့်အရေးမရှိ။ သူ့ခံစားချက်များအား ဖုံးကွယ်ရန်အတွက် ပြုံးပြနေရုံမှလွဲ၍ ရွေးချယ်စရာလမ်းမရှိပါ။ “မရီး... နေကောင်းတယ်နော်...”
‘မရီး...’
သူ့အိပ်မက်ထဲမှ အမျိုးသမီးသည် အမှန်တကယ်ပင် သူ၏ မရီးဖြစ်နေခဲ့လေပြီ။ မြင်းလှည်းမောင်းသမားက ခေါင်းကိုငုံ့ထားလိုက်၏။ ဤမြင်ကွင်းမျိုးအား ဆက်၍ကြည့်နေရန် သူ့ထံ၌ ခွန်အားမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လီဆွန်းဟွာမှ ‘မရီး’ဟုခေါ်ဆိုရန်အတွက် မည်မျှ နာကျင်ကြေကွဲ ခံစားနေရမည်ဖြစ်ကြောင်း သူအသိဆုံးပင်။ လီဆွန်းဟွာ၏နေရာ၌ သူသာဆိုလျှင် မည်သို့နေမည်မသိ၊ မည်သည့်အင်အားဖြင့် ဤအခေါ်အဝေါ်အား ပြောထွက်နိုင်မည်မသိ။ ဤအခြေအနေကို သူလက်ကောခံနိုင်ပါမည်လား။ သူမသိချေ။
သူ့ခေါင်းကိုသာ ငုံ့မထားခဲ့ပါက သူ့မျက်ရည်များအား လူတိုင်းတွေ့ရှိသွားကြပေမည်။
လင်ရှီးယင်က ဤနှုတ်ဆက်မှုအား အသိအမှတ်ပြုဟန်ပင်မရ။
သူမ၏ကြေကွဲမှုများသည် သူမ၏ကလေးအပေါ်၌သာ စုပြုံကျရောက်နေ၏။
မိခင်အားတွေ့လိုက်သည်နှင့် တပြိုင်နက် ထိုချာတိတ်သည် မိခင်၏ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့ပြီး ရှိုက်ကြီးတငင်ဖြင့်-“ကျနော် သိုင်းပညာ လေ့ကျင့်လို့မရတော့ဘူး... ကျနော် ဒုက္ခိတဖြစ်သွားပြီ... ကျနော်... ကျနော်... အသက်ရှင်လျက် မနေချင်တော့ဘူး မေမေ...”
လင်ရှီးယင်သည် သားဖြစ်သူအား တင်းကျပ်စွာပွေ့ဖက်ထားပြီး-“ဘယ်သူ... ဘယ်သူ့လက်ချက်လဲ...”
အနီရောင်ချာတိတ်-“သူပဲ”
လင်ရှီးယင်၏ မျက်လုံးများက သားဖြစ်သူ၏ လက်ညှိုးထိုးရာသို့ တရွေ့ရွေ့ လိုက်ပါကြည့်နေလိုက်ရာ လီဆွန်းဟွာ၏မျက်နှာရှေ့၌ ရပ်သွားခဲ့၏။
လီဆွန်းဟွာကို သူစိမ်းတစ်ယောက်ကဲ့သို့ သူမ ကြည့်နေလိုက်၏။ တဖြည်းဖြည်းနှင့် သူမ၏ မျက်လုံးများထဲမှ အမုန်းမီးလျှံများ တငွေ့ငွေ့ထွက်ပေါ်လာလေသည်။ “ရှင်... ရှင်တကယ်ပဲ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။” စကားလုံးများက တစ်လုံးချင်း အေးစက်စွာ သူမ၏နှုတ်ဖျားမှ ပွင့်အံထွက်လာလေတော့သည်။
ခေါင်းညိတ်ပြလိုက်ယုံမှတပါး လီဆွန်းဟွာ ဘာများတတ်နိုင်ပါဦးမည်နည်း။
မည်သည့်အင်အားများဖြင့် ဤနေရာ၊ ဤအခြေအနေမျိုး၌ သူ မတ်တတ်ရပ်နေနိုင်သနည်း။ မည်သူမျှမသိပါ။ သို့သော် လီဆွန်းဟွာ လဲကျမသွားခဲ့ပါ။
လင်ရှီးယင်သည် မျက်တောင်မခတ်ဘဲ သူ့ကိုစိုက်၍ကြည့်နေ၏။ သူမ၏နှုတ်ခမ်းအား ကိုက်ထားလိုက်ပြီးနောက်-“ကောင်းတယ်... သိပ်ကောင်းတယ်။ ရှင် ကျမကိုငြိမ်းငြိမ်းချမ်းချမ်း ပေးမနေချင်ခဲ့ဘူးဆိုတာ အရင်ကတည်းက သိနေခဲ့ပြီးသားပါ။ အခုတော့... ကျမရဲ့ နောက်ဆုံးပျော်ရွှင်မှုလေးကိုပါ ရှင်ဖျက်ဆီးလိုက်ပြီ။”
လောင်ရှောင်း၄ယွန်က သူမအားဖြတ်ပြောလိုက်၏။ “မင်း သူ့ကို အဲဒီလို မပြောနဲ့။ ဒီကိစ္စမှာ သူ့အမှားချည်းချည်းပဲ မဟုတ်ဘူး။ အားလုံးဟာ ယွန်အာ ပြသနာရှာခဲ့လို့ ဖြစ်ရတာ။ အဲဒီတုန်းက ယွန်အာဟာ ငါတို့ရဲ့သားဖြစ်နေမှန်း သူသိတောင်သိခဲ့တာမဟုတ်ဘူး။”
အနီရောင်ချာတိတ်က ဒေါသတကြီး အော်ပြောလိုက်၏။ “သူသိခဲ့တယ်၊ တစ်ချိန်လုံး သူသိနေခဲ့တယ်။ ပထမတော့ သူ ကျနော့်ကို ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘူး။ သူဟာ ဖေဖေ့ရဲ့ မိတ်ဆွေဆိုတာ သိလိုက်တာနဲ့တပြိုင်နက် ကျနော့်ဘက်က တိုက်ခိုက်မှုကို ရပ်ပြီးသွားပြီ။ အဲဒီအချိန်ကျမှ အခွင့်ကောင်းယူပြီး ကျနော့်ကို လုပ်ကြံခဲ့တာ။”
မြင်းလှည်းမောင်းသမား၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသအရှိန်ဖြင့် တုန်ခါနေ၏။ သို့ရာတွင် လီဆွန်းဟွာမှာ ရပ်နေဆဲ။ မည်သို့မျှ တုံ့ပြန်ဖြေရှင်းလိုခြင်းရှိပုံမရ။
သူ့ဘဝတွင် အနာကျင်ဆုံးသော ခံစားချက်များ ရရှိခဲ့ပြီးလေပြီ။ ကလေးတစ်ယောက်နှင့် ဖက်ပြိုင်၍ သူငြင်းခုံနေရဦးမည်လား။
သို့သော် လောင်ရှောင်း၄ယွန်က သားဖြစ်သူကို ဆူပူငေါက်ငန်းလိုက်၏။ “ခွေးကောင်လေး... လိမ်ပြောရဲသေးတယ်ပေါ့...”
အနီရောင်ချာတိတ်သည် ကျယ်လောင်စွာ အော်ငိုနေဆဲ။ “သား... သားလိမ်မပြောဘူး... သား လိမ်ပြောနေတာမဟုတ်ဘူး မေမေ။”
လောင်ရှောင်း၄ယွန်သည် သားဖြစ်သူကို ဆွဲထုတ်လိုက်ရန် ရှေ့သို့ တိုးသွားလိုက်၏။ သို့သော် လင်ရှီးယင်က ကာကွယ်ထားလိုက်ပြီး-“ရှင် ဘာလုပ်ချင်လို့လဲ။”
လောင်ရှောင်း၄ယွန် ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်ပြီး-“ဒီခွေးကောင်လေး သိပ်ကို သောင်းကျန်းနေပြီ။ ငါသူ့ကို တကယ့် ဒုက္ခိတဖြစ်သွားအောင် ရိုက်ချိုးလိုက်မှ တော်ကာကျမယ်။ ဒါမှ သူ ပြဿနာထပ်မရှာရဲတော့မှာ။”
လင်ရှီးယင်၏ ဖြူရော်ရော်မျက်နှာ၌ ချက်ချင်းပင် သွေးရောင်လွှမ်းတက်လာတော့သည်။ “ဒါဆိုလည်း လုပ်လိုက်လေ... ကျမကိုပါ သတ်သွားလိုက်။”
သူမသည် လီဆွန်းဟွာဘက်သို့ လှည့်ကြည့်နေပြီး အံကြိတ်လိုက်ကာ-“ရှင်တို့တတွေက သိပ်ပြီးတော့ အင်အားကြီးကြတယ်မဟုတ်လား။ ကလေးတစ်ယောက်ကိုတောင် သတ်ဖို့ ဝန်မလေးကြဘူးမဟုတ်လား။ နောက်ထပ် မိန်းမတစ်ယောက်ကိုပါ ထည့်ပေါင်းလိုက်ကြစမ်းပါ။”
လောင်ရှောင်း၄ယွန်က သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ပြောဆိုလိုက်တော့သည်။ “ရှီးယင်... မင်းဘယ်တုန်းကတည်းက ဘုကလန့်တိုက်တတ်နေတာလဲ။”
လင်ရှီးယင်မှာမကြားချင်ယောင်ဆောင်နေလိုက်ပြီး ကလေးအားပွေ့ ချီကာ သူမ၏အခန်းသို့ လျှောက်ထွက်သွားခဲ့၏။ သူမ၏ခြေသံများမှာ ပေါ့ပါးလှသော်လည်း လီဆွန်းဟွာ၏နှလုံးသားအား တစ်စစီကျိုးပဲ့သွားအောင် နင်းချေပစ်နိုင်လောက်သည်အထိတော့ လေးလံနေပေသေး၏။
လောင်ရှောင်း၄ယွန် သက်ပြင်းချလိုက်ပြန်၏။ “ဆွန်းဟွာ... သူ့ကို ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ကွာ။ သူဟာ အမြဲတမ်းဖော်ဖော်ရွေရွေ နေတတ်ခဲ့သူပါ။ ဒါပေမဲ့ မိန်းမတစ်ယောက်ဟာ မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် သူ့မှာ ဆင်ခြင်ဆုံးဖြတ်နိုင်မှုအား အလွန်နည်းပါးသွားခဲ့ရပါတယ်။”
လီဆွန်းဟွာ-“ကျနော်သိပါတယ်... သူ့ကလေးအတွက် ဘာပဲလုပ်လုပ် သူမှန်ပါတယ်။”
သူအားတင်းပြုံးလိုက်ပြီးနောက်-“ကျနော် ကလေးတစ်ယောက်ရဲ့ အမေ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေမယ့် မိခင်တစ်ယောက်ရဲ့သားတော့ ဖြစ်ခဲ့ဖူးပါတယ်။”
‘စိတ်တင်းကျပ်နေမှုများ ပြေပျောက်စေဖို့ အရက်သောက်လိုက်သောအခါ၊ ပို၍ပင် စိတ်တင်းကျပ်လာ၏’ ဆိုသော စကားမှာ သိပ်မမှန်ပါ။ အရက်နည်းနည်းလေးသောက်ပြီး အတိတ်ကို သတိရနေဦးမည်ဆိုလျှင်တော့ မှန်နိုင်ပါသည်။ အရက်အလွန်အကျွံသောက်ပြီး မူးမေ့သွားခဲ့မည်ဆိုလျှင်တော့ ဘာကိုမျှ သတိရတော့မည်မဟုတ်ပါ။
လီဆွန်းဟွာ သိပါ၏။ ထို့ကြောင့် သူအရက်သောက်နေ၏။ သူ့ရှင်သန်ရေးအတွက် အရက်ကို တဟုန်ထိုးသောက်နေပါ၏။
အရက်မူးအောင်သောက်ဖို့ ဆိုသည်မှာ လွယ်ကူပါ၏။ လူတစ်ယောက်သည် စိတ်ညစ်စရာ အများကြီးနှင့် ကြုံတွေ့လာပါက အရက်ကို အများကြီးသောက်မိပေလိမ့်မည်။ ထို့ကြောင့် သူအရက်မူး နေသင့်သော အချိန်တွင် နောက်ထပ် အရက်ထပ်မသောက်နိုင်တော့ဘဲ အမူးပြေနေလိမ့်မည်သာ။
မှောင်စပျိုးလေပြီ။
အရက်အများကြီး သောက်ခဲ့ပြီးသော်လည်း လီဆွန်းဟွာထံ၌ အရက်မူးနေသည့်ဟန်မရှိ။
မည်သူမျှအရက်မူးနေသည့်ပုံ မရှိကြောင်းလည်းသူတွေ့ရှိလိုက်၏။ လူအယောက် ၂ဝ ခန့် ထိုင်သောက်နေကြရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ အရက်မူးမနေကြသည်မှာ တော်ရုံတန်ရုံ တွေ့ရခဲ၏။
အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာလေသည်။ လူတိုင်း၏ မျက်နှာသွင်ပြင်များက လေးနက်နေကြ၏။ တစ်စုံတစ်ယောက် ရောက်လာမည်ကို စောင့်ဆိုင်းနေကြပုံရသည်။
ရုတ်တရက် သူတို့အားလုံး ည ၁၂ နာရီခေါင်းလောင်းတီးသံအား ကြားလိုက်ကြရ၏။
လူအားလုံး၏ အမူအရာများ ရုတ်တရက်ပြောင်းလဲသွားကြ၏။ တစ်ယောက်သောသူက ရေရွတ်လိုက်၏ “ညသန်းခေါင်ယံတောင် ရောက်ပြီ။ ဘာဖြစ်လို့ သခင်ကြီး ‘ကျို’က ရောက်မလာရသေးတာလဲ။”
လီဆွန်းဟွာ၏မျက်ခုံးများမြင့်တက်သွားပြီး မေးလိုက်၏။ “ကျို ဆို တဲ့လူက ဘယ်သူလဲဗျ၊ ခင်ဗျားတို့အားလုံး အရက်သောက်ဖို့ သူ့ကိုစောင့်နေကြတာလား။”
တစ်ယောက်သောသူက သူ့ကိုပြုံးပြလိုက်ပြီး-“ကျနော်တော့ လီတွမ့်ဟွာကို အမှန်အတိုင်းဖွင့်ပြောပြပါ့မယ်။ ဒါပေမဲ့ သခင်ကြီးကျို ရောက်မလာခဲ့ဘူးဆိုရင် ကျနော်တို့ အရက်သောက်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။”
နောက်တစ်ယောက်-“သခင်ကြီးကျိုဆိုတာ ‘သမာဓိသံမဏိမျက်နှာ’ကျိုကျန်ရိ ကိုပြောတာပါ။ သူက စတုတ္ထသခင်ကြီးလောင်ရဲ့ သွေးသောက်အစ်ကိုကြီးလည်း ဖြစ်ပါတယ်။ ခင်ဗျားမသိဘူးလား...”
လီဆွန်းဟွာ အပြုံးမပျက်ပင် ပြောဆိုလိုက်၏။ “ကျနော်တို့ မတွေ့ကြတဲ့ ၁ဝ နှစ်အတွင်းမှာ အစ်ကိုကြီးက မိတ်ဆွေကောင်းတွေ ရထားခဲ့တာကိုး... ဂုဏ်ယူပါတယ်ဗျာ...” ပြီးနောက် အရက်ခွက်ကိုမြှောက်လိုက်၏။
လောင်ရှောင်း၄ယွန်၏ မျက်နှာ၌ အနီရောင်တစ်ချက်သမ်းသွားခဲ့ပြီး အားတင်းပြုံးလိုက်သည်။ “ငါ့ရဲ့အစ်ကိုကလည်း မင်းရဲ့အစ်ကိုပဲပေါ့... လာ... ငါ မင်းနဲ့အတူတူ တစ်ခွက်လိုက်သောက်မယ်။”
လီဆွန်းဟွာ-“မဆိုးပါဘူး... ချက်ချင်းကြီးကို ကျနော့်အတွက် နောက်ထပ် အစ်ကိုကြီးတွေ ရလာတာပါလား။ ဒါပေမဲ့ ဒီသူရဲကောင်းတွေကတော့ ကျနော့်ကို ညီအဖြစ်တော်ချင်မှ တော်လိမ့်မယ်နဲ့တူတယ်။”
လောင်ရှောင်း၄ယွန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး-“သူတို့တွေသိပ်ပျော်သွားကြမှာပါ။ ဘာဖြစ်လို့ လက်မခံနိုင်ကြရမှာလဲ။”
“ဒါပေမဲ့...”
သူဘာကိုဆိုလိုချင်မှန်း မသိစေလိုသောကြောင့် ရုတ်တရက်ပင် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “သခင်ကြီးကျိုက အမြဲတမ်းပဲ ‘သမာဓိသံမဏိမျက်နှာ’ ဖြစ်ခဲ့ပါတယ်။ သူပြုံးရယ်တယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ သူ့ကိုမြင်လိုက်တာနဲ့ အရက်တောင် သောက်ချင်စိတ်ရှိတော့မှာ မဟုတ်ဘူး။ ဒီအခန်းထဲကလူတွေ အရက်မသောက်ဘဲ သူ့ကိုစောင့်နေလိမ့်မယ်လို့လည်း ထင်မထားမိခဲ့ဘူး။ လောင်ရှောင်း၄ယွန်သည် ခဏကြာ စဉ်းစားလိုက်ပြီးနောက် စကားဆက်လိုက်၏။ “ပန်းဘီလူး ပြန်ထွက်ပေါ်လာပြီလို့ကြားတယ်။”
အခွင့်အရေးရတုန်း လီဆွန်းဟွာက ဖြတ်ဝင်ပြောလိုက်၏။ “ကျနော်ကြားပြီးပါပြီ။”
လောင်ရှောင်း၄ယွန်-“ဒါပေမဲ့ သူဘယ်မှာလဲဆိုတာ မင်းသိလို့လား။”
လီဆွန်းဟွာ-“ဒီလူက တစ်နေရာထဲမှာ အမြဲမနေဘူးလို့တော့ ကြားဖူးထားတယ်။”
လောင်ရှောင်း၄ယွန်က သူ့စကားကိုဖြတ်ပြောလိုက်ပြန်၏။ “ဟုတ်တယ်။ နေရာတိုင်းမှာ သူရောက်နေနိုင်တယ်။ ဒါပေမဲ့ ငါ မင်းကိုပြောလိုက်မယ်။ သူဒီမြို့ထဲမှာ ရောက်နေလောက်ပြီ။ ငါ့အိမ်နားကိုတောင် ရောက်ချင်ရောက်နေနိုင်တယ်။”
ဤစကားအား ကြားလိုက်ကြရပြီးနောက် လူအားလုံး၏ဇက်များ ပုဝင်သွားကြ၏။ ဧည့်ခန်းတွင်းရှိ မီးပုံကြီးမှ မီးတောက်များပင် အပြင်ဘက်မှ လေအေးများကြောင့် ယိမ်းယိုင်သွားခဲ့ရ၏။
လီဆွန်းဟွာ-“အဲဒါဆိုရင် သူ လူလုံးပြခဲ့ပြီးပြီပေါ့။”
လောင်ရှောင်း၄ယွန်-“မှန်တယ်။ တတိယအစ်ကိုကြီးချင်ရဲ့ သားအကြီးဆုံးတောင်မှ ပြီးခဲ့တဲ့ ၂ ရက်လောက်က သူ့လက်ချက်နဲ့သေမလို ဖြစ်သွားခဲ့သေးတယ်။”
လီဆွန်းဟွာ-“နောက်ထပ် ဘယ်သူများ ဒဏ်ရာရအောင် သူလုပ်ခဲ့သေးလဲ။”
လောင်ရှောင်း၄ယွန်-“အဲဒါတော့ ငါလည်းမသိသေးဘူး။ ဒီလူက လူတစ်ယောက်ကို ၁ကြိမ်တည်း ၁နေရာတည်းမှာပဲ တိုက်ခိုက်လေ့ရှိတယ်။ ဒါ့အပြင် သူက ညဉ့်သန်းခေါင်ကျော်မှ ထွက်ပေါ်လာလေ့ရှိတယ်။”
ချင်ရှောင်ယီက ခနဲ့တဲ့တဲ့လေသံဖြင့်ဝင်ပြောလိုက်၏။ “သူ လူသတ်တာက ဘယ်သူနဲ့တူလည်းဆိုတော့ အရက်သောက်တဲ့လူအချို့နဲ့ သွားတူနေတယ်။ အချိန်ရွေးရုံတင် မကသေးဘူး၊ သောက်မဲ့အရက်ပမာဏလည်း ရွေးသေးတယ်။”
လီဆွန်းဟွာက နှုတ်ခေါင်းတစ်ချက်ရှုတ်လိုက်၏။ သို့ရာတွင် သူ့ထံ၌ အေးဆေးတည်ငြိမ်မှုများ ရှိမနေတော့ပေ။ “ဒါဆို မနေ့ညကကော...”
လောင်ရှောင်း၄ယွန်မှ၊ “မနေ့ညကတော့ အေးအေးဆေးဆေးပါပဲ။”
လီဆွန်းဟွာ-“ဒါဆိုရင်တော့ သူ့ပစ်မှတ်က ချင်သခင်လေးပဲ ဖြစ်လိမ့်မယ်။ သူ ဒီညထပ် လာတော့မှာ မဟုတ်ဘူး။”
လောင်ရှောင်း၄ယွန်-“သူ မကြာခင်လေးမှာ ထွက်ပေါ်လာပါလိမ့်မယ်။”
“ဘာဖြစ်လို့လဲ... အစ်ကိုကြီးနဲ့ သူနဲ့ကြားမှာ ရန်ငြိုးရန်စရှိနေခဲ့လို့လား။”
လောင်ရှောင်း၄ယွန်က ခေါင်းခါရမ်းပြလိုက်သည်။ “သူ့ပစ်မှတ်က ချင်ကျောင် မဟုတ်သလို ငါလည်းမဟုတ်ဘူး။”
“ဒါဖြင့် ဘယ်သူလဲ...”
လောင်ရှောင်း၄ယွန် ဖြေးလေးစွာပြောဆိုလိုက်၏။ “သူ့ပစ်မှတ်ကတော့ လင်...”
သူ ‘လင်’ ဆိုသောစကားကိုပြောလိုက်ချိန်၌ လီဆွန်းဟွာ၏ မျက်နှာပျက်သွားခဲ့၏။ နောက်တော့မှ ‘လင်ရှီးယင်’ ဖြစ်မနေဘဲ ‘လင်ရှန်းအာ’ဟုကြားလိုက်ရသဖြင့် စိတ်အေးသွားရ၏။
လီဆွန်းဟွာ၏ရင်ထဲမှ အလုံးကြီး ယခုမှပင်ကျသွားခဲ့လေ၏။ “လင်ရှန်းအာ ဆိုတာဘယ်သူလဲ...”
လောင်ရှောင်း၄ယွန် ကျယ်လောင်စွာရယ်မောလိုက်ပြီး-“ညီလေး မင်းတကယ်ပဲ လင်ရှန်းအာ ကိုမသိတာလား။ မင်းတော်တော့်ကို အိုသွားခဲ့ပြီကိုး... လွန်ခဲ့တဲ့ ၁ဝ နှစ် ၁၅ နှစ်လောက်ကဆိုရင် ဒီနာမည်ကို မင်း တခြားလူတွေထက်တောင်မှ ပိုပြီးကျွမ်းဝင်နေလိမ့်အုံးမယ်။”
လီဆွန်းဟွာလည်း လိုက်၍ရယ်မောနေလိုက်ပြီး-“ဒါဆိုရင် ဒီမိန်းကလေးဟာ လှပချောမောသူ တစ်ယောက်ဖြစ်ရမယ်။”
လောင်ရှောင်း၄ယွန်-“လှပချောမောရုံတင် မကသေးဘူးမောင်... သိုင်းလောကရဲ့ အလှဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတယ်။ သူ့ကို ချစ်ကြိုက်နေကြတဲ့ သူရဲကောင်းလေးတွေမှ မရေမတွက်နိုင်အောင်ပါပဲ။”
ထို့နောက်ဧည့်ခန်းတွင်းရှိလူများအား လှည့်ကြည့်လိုက်ပြီး သဘောကျစွာရှင်းပြလိုက်၏။ “သူတို့တတွေ ငါ့အတွက်နဲ့လာခဲ့ကြတာလို့ မင်းထင်နေလား။ လင်ရှန်းအာ အတွက်သာမဟုတ်ခဲ့ဘူးဆိုရင် ငါ ဒီမှာအကောင်းဆုံး အစားအစာတွေနဲ့ အကောင်းဆုံးအရက်တွေ ထားပေးထားရင်တောင် သူတို့ လာချင်မှလာလိမ့်မယ်။”
လူအများ၏မျက်နှာများ နီတွတ်သွားခဲ့ကြ၏။ လူငယ်၂ ယောက်၏ မျက်နှာများမှာ အနီဆုံးပင်။ လောင်ရှောင်း၄ယွန်သည် ထိုလူငယ်၂ ယောက်အားလှည့်ကြည့်လိုက်ပြီး-“မင်းတို့၂ယောက် သိပ်ကံကောင်းကြတယ်။ မင်းတို့အတွက် အခွင့်အရေးဆိုတာကျန်နေသေးတယ်။ ဒီက ငါ့ညီလေးသာ ငယ်ရွယ်နုပျိုနေဦးမယ်ဆိုရင် မင်းတို့အတွက် လုံးဝ အခွင့်အရေးရမှာတောင်မဟုတ်ဘူး။”
လီဆွန်းဟွာ ရယ်မောနေလိုက်၏။ “ဒါဆို အစ်ကိုကြီးက ကျနော့်ကို တော်တော်အိုနေပြီလို့ ဆိုလိုချင်တာလား။ လူကသာ အသက်ကြီးသွားတာပါ၊ ကျနော့်စိတ်က နုပျိုလန်းဆန်းနေဆဲပါဗျာ။”
လောင်ရှောင်း၄ယွန်၏မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့ကြသည်။ “မှန်တယ်... မင်းပြောတာ မှန်တယ်။ ဒီမိန်းကလေးကို ချည်းကပ်နေတဲ့လူတွေ ဘယ်လောက်ပဲများများ ညီလေးကလွဲလို့ အခြားသင့်တော်မဲ့လူကို ငါမမြင်မိဘူး။”
လီဆွန်းဟွာ-“စိတ်မကောင်းစရာပဲဗျာ... ကျနော် အရက်ထဲမှာ နစ်မြုပ်နေခဲ့တာ ၁ဝ နှစ် ကျော်ရှိသွားပြီ။ ကျနော့်ရဲ့ မိန်းကလေးတစ်ယောက်ကို ချည်းကပ်တဲ့နည်းတွေက အရင်တုန်းကလို သိပ်ပြီး ‘မလန်း’ တော့ဘူး။”
လောင်ရှောင်း၄ယွန်က သူ့လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်အားပေးလိုက်ပြီး-“မင်းနားမလည်တာတွေ ရှိနေသေးတယ် ညီလေး။ မိန်းကလေး ‘လင်’က ချောမောလှပရုံတင်မကသေးဘူး၊ စဉ်းစားတွေးခေါ်တဲ့ ဥာဏ်ပါ အလွန်ကောင်းတယ်။ တော်ရုံလူတစ်ယောက်ကို ဘယ်နည်းနဲ့မှ သူလက်ထပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့... သိုင်းလောကတစ်ခုလုံးကို ကြေငြာထားတာ တစ်ခုတော့ရှိတယ်။ ဘာလဲဆိုတော့... ပန်းဘီလူးကို သတ်နိုင်သူ မည်သူ့ကိုမဆို သူလက်ထပ်ယူပါ့မယ်တဲ့။ အဲဒီလူဟာ ကျောက်ပေါက်မာအပြည့်နဲ့ ရွတ်တွအိုကြီးဖြစ်နေပါစေဦးတော့ အဲဒီလူရဲ့မိန်းမအဖြစ် သူနေသွားပါ့မယ်တဲ့။”
လီဆွန်းဟွာ-“ဒီ့အတွက်ကြောင့် ပန်းဘီလူးက မိန်းကလေး ‘လင်’ကိုသတ်ကိုသတ်မှ ဖြစ်တော့မယ်ပေါ့။”
လောင်ရှောင်း၄ယွန်-“မှန်တယ်... လွန်ခဲ့တဲ့၂ ညလောက်တုန်းက ပန်းဘီလူးက ‘လေနုအေးအဆောင်’မှာ မိန်းကလေး ‘လင်’ကို သွားရှာခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီမှာ ချင်ကျောင် စောင့်နေတာ သူမသိခဲ့ဘူး။ ဒါကြောင့် ချင်ကျောင် သူ့လက်ချက်နဲ့ ဒဏ်ရာရခဲ့တာပေါ့။”
လီဆွန်းဟွာ၏မျက်လုံးများ တောက်ပလာခဲ့၏။ “ဒါဆို သခင်လေးချင်ကလည်း သူ့ရဲ့ အခစားတော်တစ်ယောက်ပဲပေါ့။”
လောင်ရှောင်း၄ယွန်က လည်ချောင်းရှင်းလိုက်ပြီး-“သူ့ခမျာ အရင်တုန်းကတော့ အခွင့်အရေးရှိခဲ့သေးတယ်... အခုတော့...”
လီဆွန်းဟွာ ပြုံးလိုက်၏။ “လေနုအေးအဆောင်မှာ လူမနေတာ တော်တော့်ကို ကြာခဲ့ပြီမဟုတ်လား။ အခုတော့ ဒီမိန်းကလေးက အဲဒီမှာနေနေတယ်ဆိုတော့ ပိုပြီးတော့တောင် နွေးနွေးထွေးထွေး ရှိနေလိမ့်ဦးမယ်။ အချစ်စိတ်မွှန်နေတဲ့ သိုင်းသမားလူငယ် တစ်ယောက်လောက်တောင် စံအိမ်အပြင်မှာ စောင့်ပေးချင်စောင့်ပေးနေလိမ့်ဦးမယ်။”
လောင်ရှောင်း၄ယွန်၏မျက်နှာ နီမြန်းသွားခဲ့ပြီး ထစ်ငေါ့စွာဖြင့်-“လေနုအေးစံအိမ်ဟာ ညီလေးအရင်နေခဲ့တဲ့နေရာပါ။ ငါ... ငါ...တခြားလူ တစ်ယောက်ကို အဲဒီမှာ မထားသင့်ခဲ့ဘူး။ ဒါပေမဲ့... ဒါပေမဲ့...”
လီဆွန်းဟွာ ဖြတ်ပြောလိုက်၏။ “အဲဒီနေရာက အခုလို အလှဘုရင်မတစ်ယောက်ရဲ့ အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းထားတော့ အလွန်ကံကောင်းတာပေါ့။ သစ်သားတွေကသာ အဲဒီမှာ ဘယ်သူနေနေလဲဆိုတာသိနိုင်မယ်ဆိုရင် သူတို့တွေ အပျော်တွေနဲ့ပြည့်နှက်နေလိမ့်မယ်။ နောက်ဆိုရင် ကျနော့်ကိုတောင် စိတ်လွတ်ကိုယ်လွတ် တံတွေးပေးထွေးကြမှာ မဟုတ်တော့ဘူး။”
“ဒါနဲ့ စကားမစပ်... ဒီမိန်းကလေးနဲ့ အစ်ကိုကြီးနဲ့ ဘယ်လိုပတ်သက်နေလို့လဲ။”
လောင်ရှောင်း၄ယွန် ချောင်း၂ခါလောက်ဆိုးလိုက်၏။ ပြီးနောက်-“သူနဲ့ လင်ရှီးယင် တို့နှစ်ယောက် ဘုံကျောင်းသွားရင်း တွေ့ခဲ့ကြတာ။ နောက်ကျတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်း ရင်းနှီးသွားခဲ့ကြပြီး ညီအစ်မ ဖွဲ့ခဲ့ကြတယ်။ မင်းနဲ့ငါလိုပေါ့။”
လီဆွန်းဟွာ-“ဒါဆို သူ့ရဲ့အဖေက ဟိုတံခါးဝမှာတွေ့ခဲ့တဲ့ ဝင်းမှူးကြီးပေါ့...”
ထိုဝင်းမှူးကြီး၏မျက်နှာ၌ မှဲ့ခြောက်များ၊ တင်းတိပ်များစွဲကပ်နေသည်ကို သူတွေ့ခဲ့ရသည်မဟုတ်ပါလား။
လောင်ရှောင်း၄ယွန်သည် သဘောကျစွာရယ်မောလိုက်ပြီး-“မင်းမယုံကြည်နိုင်လောက်အောင် ဖြစ်နေတယ်မဟုတ်လား။ ဒီလိုအဖေမျိုးဆီမှာ ဒီလိုသမီးမျိုးတစ်ယောက် မွေးထုတ်ထားနိုင်ခဲ့မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူး။ ဒါကို ‘ကျီးကန်းသိုက်ထဲမှပေါက်ဖွားလာတဲ့မီးလျှံငှက်’ လို့ခေါ်တယ်။”
လီဆွန်းဟွာ-“ဒါဆိုလို့ရှိရင် သခင်ကြီးကျိုက ဒီမှာလူတွေစုပြီး မိန်းကလေးကို အကာအကွယ်ပေးမယ်ဆိုပါတော့။ သခင်ကြီးကျို ဘယ်တုန်းကတည်းက နုပျိုလန်းဆန်းပြီး ချစ်ပန်းတွေပွင့်နေခဲ့တာလဲ။”
လောင်ရှောင်း၄ယွန်သည် လီဆွန်းဟွာ၏ မှတ်ချက်ကို မကြားလိုက်သလိုပင်။ “သူ့ကို အကာအကွယ်ပေးရုံတင်မကသေးဘူး၊ ပန်းဘီလူးကိုလည်း သူကိုယ်တိုင် ဖမ်းချင်သေးတယ်။ ဒါ့အပြင် သိုင်းလောကရဲ့ မိသားစုကြီးတိုင်းလိုလိုနဲ့ ကြွယ်ဝချမ်းသာတဲ့ လူတွေထုတ်ထားခဲ့တဲ့ ဆုငွေတွေကလည်း နည်းမှမနည်းပဲ။ အဲဒီငွေတွေက ငါ့အိမ်မှာရောက်ရှိနေပြီ။ အဲဒီပိုက်ဆံတွေသာ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်...”
လီဆွန်းဟွာသည် ထိုစကားအား ကြားလိုက်ပြီးနောက်-“အစ်ကိုကြီး၊ ဘာလို့ ဒီလောက်ကြီးမားတဲ့ တာဝန်ကြီးကို ယူခဲ့ရတာလဲဗျာ...”
လောင်ရှောင်း၄ယွန်-“တစ်ယောက်ယောက်ကတော့ လုပ်ကိုလုပ်ပေးရမယ်မဟုတ်လား။”
လီဆွန်းဟွာ ခဏမျှစဉ်စားနေလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “သန်းခေါင်တောင်ကျော်တော့မယ်၊ ပန်းဘီလူးလည်း လာမယ့်ပုံမရှိတော့ပါဘူး။”
လီဆွန်းဟွာ ထရပ်လိုက်၏။ “ကျိုသခင်ကြီးလည်း မလာသေးဘူး။ ဒီကလူတွေကလည်း အရက်မသောက်ကြဘူး။ ကျနော် ဒီနားတစ်ဝိုက်လျှောက်သွားနေလိုက်ဦးမယ်။ ကျနော့်ရဲ့မိတ်ဆွေဟောင်းတွေဖြစ်တဲ့ မက်မုံပင်တွေဆီ ရောက်ချင်လည်း ရောက်သွားမှာပေါ့ဗျာ...”
လောင်ရှောင်း၄ယွန်-“ညီလေး... မက်မုံပန်းတွေကိုပဲ မင်းတွေ့ရမှာမဟုတ်ဘူး၊ ပန်းဘီလူးနဲ့လည်း တွေ့နိုင်သေးတယ်။”
လီဆွန်းဟွာပြုံး၍သာနေလိုက်၏။ ဘာစကားမှ ပြန်မပြောတော့ချေ။
လောင်ရှောင်း၄ယွန်-“မင်း ဘာဖြစ်လို့ အန္တရာယ်တောထဲ တစ်ယောက်တည်းသွားချင်နေရတာလဲ။”
လီဆွန်းဟွာ အပြုံးမပျက်ပါ။
လောင်ရှောင်း၄ယွန်သည် သူ့ကိုအချိန်အကြာကြီးစိုက်ကြည့်နေလိုက်ပြီးနောက်-“ကောင်းပြီလေ… မင်းစိတ်ကိုဆုံးဖြတ်ထားပြီးရင် ဘာမှမပြင်တော့ဘူးဆိုတာ ငါသိပါတယ်။ ဘယ်သူမှ မင်းကိုတားလို့ရမှာလည်း မဟုတ်ဘူး။ ဒါ့အပြင် မင်းဒီမှာရှိနေမှန်း ပန်းဘီလူးသာသိရင် ဒီညအတွက် လာချင်မှလည်း လာတော့မှာပါ။”
ဥယျာဉ်ထဲမှ မက်မုံပင်များ သူ့နေရာနှင့်သူရှိနေကြဆဲ။ သို့သော် ပန်းခြံထဲမှ ပိုင်ရှင်ကော...
လီဆွန်းဟွာ ထိုနေရာ၌ပင် ငြိမ်သက်စွာထိုင်နေ၏။ အဝေးတစ်နေရာရှိ အဆောက်အဦငယ်လေးမှ ဖယောင်းတိုင်မီးအား ငေးကြည့်နေလေသည်။ လွန်ခဲ့သော ၁ဝ နှစ်ခန့်က ထိုအဆောက်အဦလေးသည် သူနားခိုရာ၊ သူပိုင်ဆိုင်သည့်အရာ။ အဆောင်တွင်းမှ လူကိုလည်း သူပိုင်ဆိုင်ခဲ့ဖူး၏။
ယခုတော့ အရာအားလုံးပြီးဆုံးသွားခဲ့ပေပြီ။ မည်သို့မျှ သူပြန်လည်ဆွဲယူလာ၍ မရတော့ပေ။ အိပ်မက်များနှင့် အထီးကျန်ခြင်းတို့ကိုသာ သူပိုင်ဆိုင်ခဲ့ရသည်မဟုတ်ပါလား။
အိပ်မက်များသည် နာကျင်ခံစားရပါ၏။ သို့သော်အိပ်မက်များမရှိခဲ့ပါက သူဆက်လက်၍ ရှင်သန်နေမည်မဟုတ်ပါ။
တံတားငယ်လေးတစ်စင်းအား ဖြတ်သန်းလိုက်ပြီးသောအခါ မက်မုံတောကြီးရှိနေလေသည်။ ထိုတောအုပ်လေး အလယ်၌ အိမ်တစ်လုံးရှိနေ၏။ ဤနေရာသည် လီဆွန်းဟွာ သိုင်းပညာများ လေ့ကျင့်ခဲ့သည့်နေရာ၊ စာအုပ်စာတမ်းများ လေ့လာဖတ်ရှုလေ့ရှိသည့်နေရာဖြစ်၏။ ဤအိမ်၏ပြတင်းတံခါးအားဖွင့်လိုက်မည်ဆိုပါက အခြားတစ်ဘက်ရှိ အိမ်တလုံးအားတွေ့မြင်ရမည်ဖြစ်၏။ ထိုအိမ်ထဲမှ တစ်ယောက်သောသူသည် သူ့အားလှပစွာပြုံးပြီး ကြည့်နေပေလိမ့်မည်။
ယခုသော်...
အချစ်ဆိုသည်မှာ စူးစူးနစ်နစ်ချစ်မိလေ၊ ပေါ့ပေါ့ပါးပါး အပြင်ပန်း သဏ္ဌာန်ရှိလေဖြစ်၏။ လီဆွန်းဟွာ သက်ပြင်းချလိုက်၏။ သူ့ပခုံးပေါ်မှ နှင်းများကို ခါချလိုက်၏။ ဤနေရာ၌ မည်သူမျှရှိမနေသောကြောင့် မည်သူတစ်ဦးတစ်ယောက်၏အသံကိုမျှ သူမကြားရပါ။ သန်းခေါင်ယံကျော်သော အချိန်တွင်မှ ပန်းဘီလူးထွက်လာတတ်သည်ဆို၍ ဤအချိန် ဤနေရာသို့ မည်သူတစ်ဦး တစ်ယောက်ကမျှ လာလိမ့်မည်မဟုတ်ပါ။
လင်ရှန်းအာ ကို သူမတွေ့ချင်ပါ။ လင်ရှန်းအာသည်လည်း ဤနေရာ၌ အကြာကြီး နေနိုင်မည် မဟုတ်ကြောင်း သူသိနေ၏။ ဤနေရာသို့ သူထွက်လာခဲ့ရခြင်းအကြောင်းမှာ ထိုအိမ်လေးအား တွေ့မြင်ချင်ရုံ သက်သက်ဖြစ်လေသည်။
ထိုအချိန်၌ပင် သူ့နားထဲသို့ ရယ်မောသံသဲ့သဲ့ လွင့်ပျံ့လာ၏။
လီဆွန်းဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွား၏။ ပျင်းရိပျင်းတွဲ ခန္ဓာကိုယ်တွင် အင်အား အပြည့်ဖြည့်လိုက်ပြီး အသံကြားရာနေရာသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။
ရယ်မောသံမှာ မိန်းမတစ်ယောက်၏ အသံဖြစ်လေ၏။ အသံမှာလည်း တိုးညင်းလှ၏။
အဖြူရောင်လူရိပ်တစ်ရိပ် ထွက်ပြေးသွားသည်ကို သူမြင်လိုက်ရ၏။ ထို့ပြင် အမည်းရောင် လူရိပ်တစ်ရိပ်က သူ့ကိုတိုက်ခိုက်လာလေ၏။
ထိုသူမှာ ထွားကြိုင်းလှပြီး အလွန်လျင်မြန်လေ၏။ သူနှင့် ၁ဝ ပေ အကွာအဝေးမှ တိုက်ခိုက်လာခြင်းဖြစ်သော်လည်း အင်အား၏အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေထုဖိအားကို လီဆွန်းဟွာ ခံစားလိုက်ရ၏။
ထိုသူ၏ သိုင်းပညာမှာ ထူးဆန်းပြီး လွန်စွာမှပင် ပြင်းထန်ကြောင်း လီဆွန်းစွာ ခံစားသိရှိလိုက်ရသည်။
‘ပန်းဘီလူး...’
ထိုသူများ ဖြစ်နေမလား...
လီဆွန်းဟွာ ထိုတိုက်ခိုက်မှုအား ထိပ်တိုက်ရင်မဆိုင်ပါ။ မလိုအပ်ဘဲ အားအင်အကုန်သုံးပြီး တိုက်ခိုက်ရသည့်အလုပ်မျိုး သူဘယ်တုန်းကမှမလုပ်ခဲ့။ သူ့အတွင်းအားများသည် အခြားသူများထက်ပို၍ အရေးကြီးသည်ဟု အမြဲတမ်းခံယူထား၏။
တစ်ကြိမ်တုန်းက ရွှေလက်သီး တန့်လိုင်မှ သူ့အား အတွင်းအားချင်းယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့ဖူးလေသည်။ သူ ဆက်တိုက်ပင် ငြင်းဆိုခဲ့၏။ ဘာဖြစ်လို့လဲဟု တန့်လိုင်မေးလာသည့်အခါတွင်...
လီဆွန်းဟွာ ဤသို့ ပြန်လည်ဖြေကြားခဲ့၏။ “ကျုပ် နွားတစ်ကောင် မဟုတ်ဘူး။ ဘာကိစ္စ နွားတစ်ကောင်လို တိုက်ခိုက်ရမှာလဲ...”
သိုင်းပညာဆိုသည်မှာ အနုပညာတစ်ရပ်ဟု သူအမြဲတမ်းခံယူထား၏။ လှုပ်ရှားမှုအားလုံးသည် အချုပ်အနှောင်မရှိဘဲ လွတ်လပ်စွာရှိနေရမည်။ တစ်စုံတစ်ယောက်သည် အတွင်းအားကုန်သုံးပြီး သူသေကိုယ်သေတိုက်ခိုက်လာပါက ထိုသူ၏တိုက်ခိုက်မှုသည် နွားတစ်ကောင်၏တိုက်ခိုက်မှုနှင့် ထူးမခြားနားတော့ပေ။
တန့်လိုင်တုန်းကတော့ သူ့မိတ်ဆွေဖြစ်နေ၍ သူငြင်းပယ်နိုင်ခဲ့၏။ သို့သော် ယခု သူ့ကို တိုက်ခိုက်လာသူမှာ သူ့အားသေစေချင်နေသောကြောင့် ပထမဆုံးအနေဖြင့် သူ၏ ထွက်ပေါက်များ အားလုံးကို ပိတ်ဆို့တိုက်ခိုက်ရမည် ဖြစ်လေသည်။
ထို့ပြင် သူတို့နှစ်ဦးမှာ မျက်နှာချင်းဆိုင် ပြေးဝင်လာနေကြခြင်း ဖြစ်၏။ တိုက်ခိုက်လာမှုကို ရှောင်တိမ်းလိုက်မည်ဆိုလျှင် သူတစ်ပမ်းရှုံးသွားနိုင်၏။ ရန်သူက ဒုတိယအကြိမ် တိုက်ခိုက်လာခဲ့သော် သူ့အနေနှင့် ရှောင်တိမ်းရန်အခွင့်အရေးလုံးဝမရှိတော့မည့်အပြင် တန်ပြန်တိုက်ခိုက်ရန် မည်သို့မျှပြင်ဆင်ချိန်ရရှိတော့မည်မဟုတ်။
ရုတ်တရက် လီဆွန်းဟွာ နောက်ပြန် ပြန်ဆုတ်လိုက်၏။
ဦးတည်ရာအရပ် ပြောင်းရွှေ့သွားသော သူ၏လျင်မြန်မှုမှာ မယုံကြည်လောက်စရာပင်။ ငါးတစ်ကောင် လူးလွန့်သွားတာထက်ပင် ပို၍မြန်နေသေး၏။
သို့သော် အမည်းရောင်ဝတ်ဆင်ထားသူသည် သူ့ထံသို့ ဆက်လက်၍ လက်ဝါးတိုက်ကွက်ဖြင့် ဝင်လာဆဲ။
လျှပ်စီးလက်သလို လျင်မြန်ခြင်းမျိုးဖြင့် မြေကြီးပေါ်သို့ထိုင်အကျ၊ သူ့လှုပ်ရှားမှုအားလုံး ခဏတာမျှ ငြိမ်သက်စွာ အနားရသွားခဲ့၏။ ဤအချိန်၌ပင် ဓားရောင်တစ်ချက်ဝင်းကနဲလင်းလက်သွားပြီး ဓားပျံတစ်လက် ထွက်ပေါ်လာလေတော့သည်။
ဓားပျံ၏အလင်းတန်းမှာ ကြယ်ကြွေသကဲ့သို့ လင်းလက်တောက်ပသွား၏။ မျက်တောင် တစ်ခတ်စာပင်မရှိ။ လျင်မြန်လှ၏။
အမည်းရောင်ဝတ်ဆင်ထားသူသည် နာကျင်စွာအော်ဟစ်လိုက်၏။ ပြီးနောက် ထခုန်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ သစ်တောအုပ်တွင်းသို့ ပြေးဝင်သွားလေ၏။
လီဆွန်းဟွာ ရပ်နေရာမှ မလှုပ်ရှားလာပါ။ ဘာဖြစ်လာမည်ကို အမြဲတမ်းသိနေသူတစ်ယောက်က ငြီးငွေ့နေသလိုပင်။ ထိုသူ၏နောက်သို့ လိုက်ပြေးသွားခြင်းမရှိ။
အမည်းရောင်ဝတ်ဆင်ထားသူသည် သစ်တောတွင်းသို့ ဝင်မပြေးနိုင်ခင်မှာပင် လဲကျသွားခဲ့၏။
လီဆွန်းဟွာ ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။ သွေးစက်ကျရာလမ်းတစ်လျှောက် သူလိုက်လျှောက်သွား၏။ သွေးစက်များအဆုံးတွင် အမည်းရောင်ဝတ်ဆင်ထားသူ လဲလျောင်းနေလေသည်။
ထိုသူ၏လက်များက သူ၏လည်ပင်းအား ဆုပ်ကိုင်ထား၏။ လည်ပင်းမှသွေးများလည်း တလဟောထွက်နေ၏။ ထိုတောက်ပသော ဓားပျံလေးမှာ ဒဏ်ရာမှ ဆွဲထုတ်ယူထားပြီး ဖြစ်နေပြီး ထိုသူ၏ဘေး၌ ချထားသည်။
လီဆွန်းဟွာသည် သူ့ဓားပျံကို ကောက်ယူလိုက်ပြီး နာကျင်မှုဝေဒနာခံစားနေရသော ထိုသူ၏မျက်နှာအား စေ့စေ့ကြည့်ကာ မေးလိုက်၏။ “မင်းက ပန်းဘီလူးမဟုတ်ခဲ့ဘူးဆိုရင် ငါ့ကို ဘာဖြစ်လို့ တိုက်ခိုက်ခဲ့တာလဲ။”
ထိုသူသည် နှုတ်ခမ်းများအား ဖိကိုက်ထားနေ၏။ သူစကားမပြောနိုင်ပါ။
လီဆွန်းဟွာ-“မင်းက ငါ့ကိုမသိပေမဲ့ ငါကတော့မင်းကို သိနေတယ်။ မင်းဟာ ရိခူရဲ့အကြီးဆုံးတပည့်ပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်တုန်းက မင်းကို ငါ တစ်ခါတွေ့ဖူးခဲ့တယ်။ ငါကတစ်ခါတွေ့ဖူးထားတဲ့လူဆိုရင် ဘယ်တော့မှ မမေ့ဘူး။”
ထိုသူသည် ပင်ပန်းခက်ခဲစွာဖြင့် အားယူပြောဆိုလိုက်၏။ “ကျုပ်... ကျုပ်လည်း ခင်ဗျားကို သိပါတယ်။”
“မင်းငါ့ကိုမှတ်မိတယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကိုအသေသတ်ဖို့ ကြိုးစားခဲ့တာလဲ။ တခြားလူတွေဆီ ငါကနေတဆင့် သတင်းပေါက်ကြားသွားမှာ ကြောက်လို့လား။ ဒါပေမဲ့ မင်းဒီနေရာမှာ တစ်စုံတစ်ယောက်နဲ့ လာပြီးချိန်းတွေ့တာက ဒီလောက်ကြီး လျှို့ဝှက်စရာထားမလိုဘူးလို့ ငါထင်တယ်။ ဟုတ်တယ်မို့လား။”
ထိုသူသည် စကားပြောချင်နေသော်လည်း ပြော၍မထွက်နိုင်ဖြစ်နေရ၏။
လီဆွန်းဟွာက ခေါင်းခါရမ်းလိုက်သည်။ “တခြားလူတွေမသိအောင် မင်း တိတ်တိတ်လေး ကြိတ်ပြီးကြံစည်နေတာတွေ ရှိနေသေးတယ်မဟုတ်လား။ ဒါကြောင့်မို့လို့ ငါ့ကိုသတ်ချင်ခဲ့တာပေါ့။ အဲ့ဒီအချိန်တုန်းက ငါဖြစ်နေမယ်မှန်း မင်းမသိခဲ့သေးဘူးမဟုတ်လား။”
လီဆွန်းဟွာမှ သက်ပြင်းချလိုက်ပြီး ဆက်ပြောနေပြန်၏။ “မင်းက ငါ့ကို သတ်ချင်ခဲ့တဲ့အတွက် ငါကလည်း မင်းကိုပြန်သတ်ရတာဖြစ်တယ်။ မင်းလူအရွေးမှားခဲ့တယ်။ ငါလည်းအတူတူပါပဲ...”
ထိုသူသည် ရုတ်တရက်အော်ဟစ်လိုက်ပြီး လီဆွန်းဟွာထံသို့ ပြေးဝင်လာ၏။
သို့သော် လီဆွန်းဟွာသည် ရပ်နေဆဲ။ ထိုသူ၏လက်ဝါးနှင့် လီဆွန်းဟွာ၏ ရင်ဘတ်တို့ထိလုဆဲဆဲ၌ပင် ထိုသူ ဒူးညွတ်ကျသွားခဲ့၏။ မည်သည့်အခါမျှ ပြန်ထလာတော့မည်မဟုတ်ပါ။
လီဆွန်းဟွာ ထိုသူအား အကြာကြီးစိုက်ကြည့်နေလိုက်၏။ ထို့နောက်ခေါင်းမော့လိုက်ပြီး-“လွန်ခဲ့တဲ့ ၂ ညလောက်တုန်းက ချင်ရှောင်ယီ ရဲ့သား၊ ဒီနေ့ကတော့ ရိခူရဲ့တပည့်။ လင်ရှန်းအာဆိုတဲ့ မိန်းကလေးမှာ အချိန်တွေတော်တော်ကြီးကို ပိုနေပုံရတယ်။ သူ့ရဲ့ဓားစာခံတွေ အားလုံးဟာ သိုင်းလောကရဲ့ နာမည်ကြီး တက်သစ်စ လူငယ်လေးတွေချည်းပဲ။ အေးလေ... ဘယ်မိန်းကလေးက သူ့ရဲ့စိတ်ကူး သူရဲကောင်းနဲ့ မတွေ့ချင်ဘဲ ဘယ်နေလိမ့်မလဲ။ ချစ်စိတ်မွှန်နေတဲ့ ကောင်လေးတွေကော... ဘာများမှားနေကြလို့လဲ။ လူငယ်သဘာဝ၊ အပျိုလူပျိုသဘာဝ ချိန်းတွေ့ကြတာ ဒုစရိုက်မှုကျူးလွန်တာမှ မဟုတ်ဘဲ။ ဘာကိစ္စ ဖုံးကွယ်ထားချင်နေရတာလဲ။ တခြားလျှို့ဝှက်ချက်တွေများ ရှိနေသေးတာလား။”
လေနုအေးအဆောင်ဘက်မှ မီးအလင်းရောင်အား မြင်တွေ့နေရသေး၏။ ပိန်ပိန်ပါးပါးအရိပ် တစ်ရိပ်ကိုလည်းတွေ့နေရ၏။ ထိုသူသည် လင်ရှန်းအာများဖြစ်နေမလား။
အတွေးပေါင်းများစွာဖြင့် သူ့ခြေလှမ်းများက အဆောင်လေးဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
တစ်စုံတစ်ခုအား စိတ်ဝင်စားဖွယ်တွေးလိုက်မိပြီး သူ့မျက်လုံးများ တောက်ပြောင်လင်းလက်လာလေသည်။
သစ်တောတွင်းသို့ ဝှေ့၍တိုက်ခတ်လာသော လေအေးများကြောင့် နှင်းဖတ်များ ကြွေကျကုန်၏။
ရုတ်တရက်ပင် ထိုနှင်းဖတ်များ၏ ရွေ့လျားမှုများက ထူးဆန်းသော အငွေ့အသက်များ ဖုံးလွှမ်းလာသလိုမျိုး သူခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က လီဆွန်းဟွာကို အနောက်မှ တိုက်ခိုက်လိုက်ခြင်းပင်။
လီဆွန်းဟွာ၏ ခန္ဓာကိုယ်မှာ ကျုံ့ဝင်သွားခဲ့ပြီး ဓားသွားတစ်လက်၏ တိုးဝင်လာသော အင်အားကို ခံစားလိုက်ရ၏။
ထိုအချိန်၌ပင် ဓားတစ်လက်က သူ့အနွေးထည်ကို ထိုးဖြတ်သွားခဲ့လေသည်။
ဤမျှအေးချမ်း တိတ်ဆိတ်နေသောညဉ့်အချိန်၊ အေးဆေးငြိမ်သက်နေသော မက်မုံသစ်တောတွင်း၌ သူ့အသက်အား လိုချင်နေသူ နောက်တစ်ယောက်ရှိနေပြန်၏။ သူလေလွင့်ချင်ရာ လွင့်မျောနေခဲ့သည်မှာ ၁ဝ နှစ်ကျော် ကြာခဲ့လေပြီ။ ယခုမှပင် သူ့အိမ်သို့ ပြန်ရောက်ကာစရှိသေး၏။
ဤတိုက်ခိုက်မှုများသည် သူ့အားဆီးကြိုလိုက်သော ကြိုဆိုမှုတစ်ရပ်များဖြစ်နေမည်လား။
လီဆွန်းဟွာသာ ဘယ်ဘက်သို့ ရှောင်တိမ်းလိုက်မည်ဆိုပါက သူ့ ညာဘက် လက်မောင်းရင်းမှ ခုတ်ဖြတ်ခံရနိုင်၏။ ညာဘက်သို့ ရှောင်တိမ်း ပြန်လျှင်လည်း ဘယ်ဘက်လက်မောင်းရင်းမှ ခုတ်ဖြတ်ခံရနိုင်၏။ အရှေ့ဘက် သို့တိုး၍ရှောင်ပြန်လျှင်လည်း သူ့နောက်ကျော ထုတ်ချင်းပေါက်သွားပေမည်။ မည်သည့် ဦးတည်ရာအရပ်သို့ ရှောင်ရှောင် ဤဓားထက်တော့ သူပို၍မမြန်နိုင်ပါ။
သူ့ဘဝတွင် ရာပေါင်းများစွာသော တိုက်ပွဲများ ရင်ဆိုင်ဆင်နွှဲခဲ့ဖူး၏။ ဤမျှမြန်သော ဓားချက်မျိုး မတွေ့ကြုံဖူးခဲ့ပေ။
ဓားထိပ်ဖျားက လီဆွန်းဟွာ၏ အနွေးထည်အား ထိုးဖောက်ဝင်ရောက်လာခဲ့လေပြီ။
ထိုမျက်စိတစ်မှိတ်အချိန်လေး၌ပင် လီဆွန်းဟွာမှ လှုပ်ရှားလိုက်၏။ ဓားသွားဦးတည်ရာလမ်းကြောင်း၏ အလျားအလိုက် သူ့ခန္ဓာကိုယ်ကို ရွေ့လိုက်၏။ ဓားသွားမှ သူ့အနွေးထည်အား ဖောက်ဝင်သွားသည့် တစ်ချိန်တည်းမှာပင် အေးစက်စက် ဓားသွား၏ အငွေ့အသက်ကို သူခံစားလိုက်ရ၏။
သူရင်ဆိုင်ခဲ့ဖူးသော တိုက်ပွဲများစွာများအနက် ဤမျှလောက် သေဘေးနှင့် နီးနီးကပ်ကပ် တစ်ခါမှ မကြုံဖူးခဲ့ပေ။
တစ်ဘက်ရန်သူမှ သူ၏လုပ်ကြံမှု မအောင်မမြင်ဖြစ်သွားသည်ကို မယုံကြည်နိုင်လောက်အောင် အံ့ဩသွားခဲ့ပုံရသည်။ သို့သော် ချက်ချင်းပင် ဓားဦးမှာ မြွေတစ်ကောင်ကဲ့သို့ ပြန်လှည့်လာပြီး လီဆွန်းဟွာထံသို့ ခုတ်ပိုင်းလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ လီဆွန်းဟွာ၏ ဓားပျံမှ ထိုသူ၏လက်ကောက်ဝတ်ကို ရုတ်တရက် လှီးဖြတ်လိုက်လေတော့သည်။
ဤဓားပျံ၏ လျင်မြန်မှုမှာ စာမဖွဲ့နိုင်လောက်အောင်ပင်။
ထိုသူမှာ လုံးဝမယုံကြည်နိုင်ဘဲ ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ သူ၏ဓားအား လွှတ်ချထားခဲ့ပြီး နောက်သို့ခုန်ဆုတ်သွားခဲ့၏။
ရှောင်းလီဓားပျံထက် ပို၍မြန်ဆန်သော သိုင်းပညာ ရှိနိုင်ပါဦးမည်လော။
ရုတ်တရက်ပင် တစ်စုံတစ်ယောက် အော်ဟစ်ပြီး ပြေးဝင်လာ၏။ “ညီလေးတို့... ရပ်လိုက်ကြ။”
လောင်ရှောင်း၄ယွန်၏ အသံပင်ဖြစ်၏။
လီဆွန်းဟွာ သူ့အင်္ကျီအား ပြန်ပြင်ဝတ်လိုက်၏။ သစ်တောတွင်းမှ လောင်ရှောင်း၄ယွန် ထွက်ပေါ်လာလေသည်။ ယခုမှပင် သူ့အား တိုက်ခိုက်ခဲ့သူ၏ မျက်နှာအားတွေ့လိုက်ရသည်။ မျက်နှာဖြူဖြူနှင့် လူငယ်တစ်ယောက်ဖြစ်ပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
လူ ၂ ယောက်၏ကြားသို့ လောင်ရှောင်း၄ယွန် ဝင်ရပ်လိုက်ပြီး-“မင်းတို့ ၂ ယောက် ဘယ်လိုဖြစ်ပြီး တိုက်ခိုက်နေကြရတာလဲ။”
ထိုလူငယ်၏ မျက်လုံးများမှာ ညဉ့်ဇီးကွက်တစ်ကောင်၏ မျက်လုံးများကဲ့သို့ပင်။ လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်ပြီး အေးစက်စွာပြောဆိုလိုက်၏။ “သစ်တောအပြင်ဘက်မှာ လူတစ်ယောက်သေနေတယ်။ ဒါကြောင့် ဒီဘက်သစ်တောထဲကလူဟာ ပန်းဘီလူးလို့ ကျနော် ထင်လိုက်လို့။”
လီဆွန်းဟွာ ပြန်လည်ပြုံးပြလိုက်၏။ “သေသွားတဲ့လူဟာ ပန်းဘီလူး မဟုတ်နိုင်ဘူးလို့ မင်းဘာဖြစ်လို့ ထင်ရတာလဲ။”
လူငယ်က အေးစက်စွာရယ်မောလိုက်ပြီး-“ပန်းဘီလူးဟာ လွယ်လွယ်ကူကူနဲ့ မသေနိုင်ဘူး။”
လီဆွန်းဟွာ-“ပန်းဘီလူးက မင်းရဲ့လက်ချက်နဲ့ပဲ သေရမယ်လို့ ဆိုလိုချင်တာလား။ စိတ်မကောင်းစရာပဲ...”
လောင်ရှောင်း၄ယွန်က ရယ်မောကာ ဖြတ်ပြောလိုက်၏။ “မင်းတို့ ၂ ယောက်တော်ကြတော့။ ဒါက အထင်မှားပြီးဖြစ်ခဲ့တာပဲ။ ငါအချိန်မီ ရောက်လာခဲ့လို့ပေါ့။ မဟုတ်ရင် တစ်ယောက်ယောက်တော့ အထိနာရတော့မယ်။”
လီဆွန်းဟွာသည် တွန့်တွန့်လေးပြုံးလိုက်၏။ ပြီးနောက် သူ့အနွေးထည်၌ စိုက်ဝင်လျက်ရှိနေသောဓားကို ကောက်ယူလိုက်၏။ ဓားကိုစိုက်ကြည့်လိုက်ပြီး-“ကောင်းလိုက်တဲ့ဓား...”
ထိုဓားကို လူငယ်ထံသို့ပြန်ပေးလိုက်၏။ “ဓားကတော့ နာမည်ကျော်ဓား၊ လူကလည်း နာမည်ကျော်ထဲက ဖြစ်မှာပဲ။ ဒီနေ့ ကျုပ်တို့အထင်အမြင်လွဲမှားခဲ့ကြတယ်။ ဒါပေမဲ့ မင်းကို တွေ့သိလိုက်ရတာတော့ တန်ပါတယ်။ ဒီလို ဓားကောင်းတစ်လက်ကို တွေ့ဖူးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။”
ထိုလူငယ်၏မျက်နှာ၌ အနီရောင်တစ်ချက်ဖြတ်သန်းသွားခဲ့၏။ ဓားကို ပြန်ယူလိုက်ပြီး လက်နှစ်ဘက်ဖြင့် ကွေးညွတ်ကာ နှစ်ပိုင်းချိုးလိုက်လေ၏။
လီဆွန်းဟွာ သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။ “အင်မတန်ကောင်းတဲ့ ဓားကောင်းတစ်လက်... နှမြောစရာကောင်းလိုက်တာ...”
လူငယ်သည် လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်ပြီး-“ဓားမရှိလည်းဘဲ ကျုပ်လူသတ်နိုင်ပါသေးတယ်။ ကျုပ်အတွက် စိတ်ပူစရာမလိုပါဘူး။”
လီဆွန်းဟွာ ရယ်မောလိုက်၏။ “ဒီလိုမှန်းသာ အစကတည်းက သိခဲ့ရင် ကျုပ်အဲဒီဓားကို တောင်းထားခဲ့ပါတယ်။ ကျုပ်အတွက် အနွေးထည်တစ်ထည်နဲ့ လဲပြီးဝတ်နိုင်အောင်ပေါ့။”
လူငယ်က အေးစက်စွာ ပြန်ပြောလိုက်၏။ “အဲဒီအတွက်လည်း စိတ်မပူပါနဲ့။ အနွေးထည် ၁ ထည်မပြောနဲ့ ၁ဝ ထည်လည်း ကျုပ်ဂရုမစိုက်ဘူး။ အလျော်ပေးပါ့မယ်။”
လီဆွန်းဟွာ-“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရဲ့ အနွေးထည်လိုတော့ နောက်ထပ် ၁ ထည် ရှိနိုင်စရာအကြောင်းမရှိဘူး။”
“ဘာဖြစ်လို့လဲ... ခင်ဗျားရဲ့အနွေးထည်မှာ ထူးခြားတဲ့ဆေးရောင်တွေခြယ်ထားခဲ့လို့လား။”
လီဆွန်းဟွာ၏ မျက်နှာထားတင်းမာသွားခဲ့ပြီး-“ဘာအရောင်မှ မခြယ်သထားပါဘူး။ တစ်ခုပဲ... ကျုပ်အနွေးထည်ရဲ့ နောက်ကျောမှာ မျက်စိပါတယ်။”

0 comments:
Post a Comment