Saturday, January 22, 2011

(၁၁) ကယ်တင်ရှင်မိုးကျရွှေကိုယ်

မျက်လုံးတစ်ဘက်လပ်နေသော မိန်းမကြီးသည် အပြင်မှအော်ပြောလိုက်သံအား ကြားလိုက်ရပြီးနောက် သူမပါ အပြင်သို့လိုက်ထွက်သွား၏။ “ဘယ်လောက်တောင်မှ အရေးကြီးလို့ နင်ကဖြဲအော်နေရတာလဲ။”

ထိုသူ-“ကျနော် ကျိုကျန်ရိနဲ့ တွေ့ခဲ့တယ်။ ‘ထယ်’ဆိုတဲ့လူကို သူတွေ့ခဲ့တယ်လို့ပြောတယ်။”

စကားပြောနေစဉ်မှာပင် ထိုသူအခန်းတွင်းသို့ဝင်ရောက်လာ၏။ တံခါးဖွင့်ဖွင့်ခြင်းပင် ကြက်သေသေသွားခဲ့၏။ သူရှာဖွေနေသောလူမှာ အထဲတွင်ရောက်ရှိနေသည်မဟုတ်ပါလော။

တဘက်လပ်မိန်းမကြီး-“နင် မထင်ထားခဲ့ဘူး မဟုတ်လား။”

ထိုသူ-“ကျိုကျန်ရိပြောတော့ သူက လောင်ရှောင်း၄ယွန်ရဲ့ စံအိမ်မှာရှိနေတယ်ဆို... အခုတော့...”

ထို့နောက် မိန်းမကြီး၏လက်ကို ဆွဲလှုပ်လိုက်ပြီး-“သူ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”

တစ်ဘက်လပ်မိန်းမကြီး-“လိပ်အိုကြီးဆီကနေ ငါကြားလာခဲ့တာ။ သူနဲ့ လီဆွန်းဟွာတို့ နှစ်ယောက် ဒီမြို့ကိုရောက်လာလိမ့်မယ်တဲ့။ ငါတို့လည်း တစ်လမ်းလုံးနောက်ယောင်ခံပြီး လိုက်ခဲ့ကြတာ။ ပထမတော့ လီဆွန်းဟွာရှိနေလို့ ငါတို့ဘာမှ မလှုပ်ရှားခဲ့ဘူး။ နောက်ဆုံးကျတော့ လီဆွန်းဟွာနဲ့ သူခွဲထွက်လာခဲ့မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ။”

နောက်ဆုံးမှ ဝင်ရောက်လာသူသည် စုတ်ပြဲနေသော အင်္ကျီကိုဝတ်ဆင်ထား၏။ လူရှစ်ယောက်အနက် သူတစ်ယောက်တည်းသာ သိုင်းသမားပုံစံပေါက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏နောက်ကျော၌ လှံတံတစ်ချောင်းကို လွယ်ထား၍ဖြစ်၏။



မြင်းလှည်းမောင်းသမားအား အတန်ကြာမျှ စိုက်၍ကြည့်နေလိုက်ပြီး မေးမြန်းလိုက်၏။ “ထယ်ကျွမ်ကျား... မင်းငါ့ကို မှတ်မိသေးရဲ့လား။”

ထယ်ကျွမ်ကျားက ခေါင်းညိတ်ပြလိုက်ပြီး- “နေကောင်းရဲ့လား...”

ထိုသူ-“သိပ်ကိုကောင်းတာပေါ့။ ငါ့ဘဝမှာ ဘာတစ်ခုမှမဟုတ်တာမလုပ်ခဲ့တဲ့အတွက် ပုန်းအောင်းနေစရာလည်း မလိုဘူး။ ဒါကြောင့်မို့လို့ ငါဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက မင်းထက်တော့သာပါသေးတယ်။”

မှဲ့ခြောက်များနှင့်လူ-“နံပါတ်၃ အစ်ကိုလေး... ခင်ဗျား ဘာဖြစ်လို့စကားများနေရတာလဲ။ သူ့ကို ရှင်းပစ်လိုက်ပါတော့လား။ သူ့ရဲ့သွေးနဲ့ ကျုပ်တို့အစ်ကိုကြီးကို ပူဇော်လိုက်ကြရအောင်လား။”

ပိုင်ဟိုက ပြန်ဖြေလိုက်၏။ “နံပါတ် ၇ ညီလေး၊ မင်းပြောတာမှားနေတယ်။ ငါတို့ကလူတစ်ယောက်ကို သုတ်သင်ဖို့အတွက် စောင့်နေကြတာတော့မှန်တယ်။  ဒါပေမဲ့ နည်းလမ်းမှန်ကန်ဖို့တော့ လိုလိမ့်မယ်။ ဒါမှ ဘယ်သူမှ ငါတို့ကို အပြစ်မပြောနိုင်ကြမှာ။”

မျက်မမြင်ဗေဒင်ဆရာ-“ကျုပ်တို့က ၁၇ နှစ်ကြီးများတောင် စောင့်ခဲ့ကြပြီးပြီပဲ။ ခဏလေး ထပ်စောင့်လိုက်ရလို့ ဘာမှဖြစ်မသွားပါဘူး။”

ထိုစကားအား နှစ်ကြိမ်ခန့်ရေရွတ်လိုက်ပြီးနောက် မည်သူမျှအကွန့် မတက်တော့ချေ။

တစ်ဘက်လပ်မိန်းမကြီး-“ဒါဆိုရင် ငါတို့ဘယ်လိုလုပ်ကြမှာလဲ...”

ပိုင်ဟိုက ပြန်ဖြေလိုက်၏။ “ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို အစ်မှန်အတိုင်းပြောပြဖို့ လိုအပ်သလို တရားသူကြီးတစ်ယောက်လောက်လည်း လိုလိမ့်အုံးမယ်။ အပြင်လူတစ်ယောက်က သူ့ကိုသေသင့်တယ်လို့ ဆုံးဖြတ်ခဲ့ရင်၊ အဲ့ဒီကျမှ သူ့ကိုသတ်လိုက်ကြရုံပဲ။”

မှဲ့ခြောက်များနှင့်လူက ထခုန်လိုက်ပြီး- “ဘာတွေရှုပ်နေကြတာလဲ။ သူမသေသင့်ဘူးလို့ ပြောမယ့်လူ တစ်ယောက်တောင်မှ ရှိပါ့ဦးမလား။ ကျုပ်တော့မထင်ဘူး။”

မျက်မမြင်ဗေဒင်ဆရာ- “ဒါဆိုရင် မေးမြန်းစုံစမ်းလိုက်တာက အကျိုးမယုတ်လောက်ပါဘူး။”

မှဲ့ခြောက်များနှင့်လူ-“ဘယ်သူ့ကို မေးမြန်းစုံစမ်းဖို့ စဉ်းစားထားကြလဲ။”

ပိုင်ဟို-“ကျုပ်ခေါ်ထားတဲ့ လူတွေက တရားရှင်တွေချည်းပဲ။ ထယ်ကျွမ်ကျားအပါအဝင် ကျုပ်တို့ ‘မြေပြန့်သမာဓိရှစ်ဖော်’နဲ့ ဘာမှမသက်ဆိုင်ကြတဲ့လူတွေဆိုလည်းဟုတ်တယ်။”

“ဘယ်သူလဲဆိုတာ မြန်မြန်ပြောပါတော့။”

ပိုင်ဟို-“ပထမဆုံးတစ်ယောက်ကတော့ ‘သမာဓိသံမဏိမျက်နှာ’ကျိုကျန်ရိ။ ဒီလူက...”

ထယ်ကျွမ်ကျားသည် ရုတ်တရက် ရယ်မောလိုက်ပြီး- “ခင်ဗျားတို့တတွေ ဒီလောက်ကြီးလည်း ကျုပ်အတွက်  ဒုက္ခခံမနေကြပါနဲ့တော့။ တစ်ခါတည်းသာ သတ်လိုက်ကြပါတော့လား။ ကျုပ် ဝမ်တန်ကျိကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒီလိုဝန်ခံလိုက်ရလို့လည်း ကျုပ်အနေနဲ့ နောင်တမရပါဘူး။”

တစ်ဘက်လပ်မိန်းမကြီး- “ကျိုကျန်ရိကို သူသဘောမကျဘူးနဲ့တူတယ်။”

မျက်မမြင်ဗေဒင်ဆရာ- “သူရှိတဲ့နေရာကို ကျိုကျန်ရိကပြောပြလိုက်ပြီးမှတော့ သူတို့နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုရှိနေပုံရတယ်။ ဒီအတွက်သူ ဘယ်လိုလုပ်ပြီး စိတ်ဖြောင့်ဖြောင့် နေနိုင်တော့မှာလဲ။”

ပိုင်ဟို-“စိတ်မပူကြပါနဲ့။ နောက်ထပ်လူနှစ်ယောက်ကိုပါ ကျုပ်ခေါ်ထားခဲ့ပါသေးတယ်။ တစ်ယောက်ကတော့ ‘ပထမစုတ်တံ’ဆရာကြီးပါ။ သူကတော့ ဒီနေ့ထက်ထိ အတော်ဆုံး စာဆိုတော်လို့ နာမည်ကြီးနေသူပေါ့။ သိုင်းလောကနဲ့လည်း ဘာမှမပတ်သက်ပါဘူး။ နောက်ဆုံးတစ်ယောက်ကတော့ လူငယ် မျက်နှာသစ်လေးတစ်ယောက်ပါ။”

တစ်ဘက်လပ်မိန်းမကြီး- “အဲ့ဒီကောင်လေးက ဘာများသိနိုင်လို့လဲ။”

ပိုင်ဟို-“သိုင်းလောကရဲ့ မျက်နှာသစ်လေးဆိုပေမယ့်လည်း ဒီကောင်လေးမှာ တည်ကြည်ဖြောင့်မတ်တဲ့ စိတ်ဓာတ်ရှိတယ်။ သူ့ကို နှစ်ရက်လောက်ပဲ ကျုပ်သိခဲ့ရပေမယ့် ယုံကြည်နိုင်တဲ့ လူတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။”

တစ်ဘက်လပ်မိန်းမကြီး- “နှစ်ရက်လောက်လေးပဲ သိကျွမ်းတဲ့လူတစ်ယောက်ကိုတောင် ယုံကြည်ရတယ်ဆိုတော့ မင်းရဲ့အကျင့်ဟောင်းကြီးက ပျောက်သေးပုံမရဘူး။”

ထို့နောက်သူမက ဆက်၍ပြောလိုက်၏။ “ထယ်ကျွမ်ကျားကို လူကောင်းတစ်ယောက်ပါဆိုပြီး ခေါ်လာခဲ့တုန်းကလည်း မင်းပဲ။ ငါတို့သာ သူနဲ့မိတ်ဆွေမဖြစ်ခဲ့ဘူးဆိုလို့ရှိရင် ဝမ်တန်ကျိလည်း သေခဲ့ရမှာမဟုတ်ဘူး။”

ပိုင်ဟိုသည် ခေါင်းငုံ့ထားလိုက်ပြီး ဘာမျှပြန်မပြောတော့ချေ။

မျက်မမြင်ဗေဒင်ဆရာ-“ဘယ်လိုပဲဖြစ်ဖြစ် သက်သေတွေရှိနေတော့ ပိုကောင်းတာပေါ့။ ကျုပ်တို့က ဒီအတိုင်းကြီးတော့ သူ့ကိုမသတ်သင့်ဘူးလို့ထင်တယ်။”

ထို့နောက် ရယ်မောလိုက်ပြီး- “နံပါတ်၃ ညီလေးကခေါ်လာခဲ့တဲ့လူတွေဆိုတော့ အထဲကို ဝင်ခဲ့ဖို့ ဖိတ်လိုက်ပါလား။”

ထယ်ကျွမ်ကျားသည် မည်သည့်အခြေအနေရောက်ရောက် သူ၏မျက်လုံးများအား မဖွင့်ရန် ဆုံးဖြတ်ထား၏။ ကျိုကျန်ရိ၏ မျက်နှာအား သူမည်သို့မျှတွေ့မြင်လိုခြင်းမရှိပါ။ နောက်ထပ် စကားတစ်ခွန်းမှ မပြောရန်လည်း ဆုံးဖြတ်ထားလိုက်သည်။ ထို့နောက်တွင်တော့ ဝင်လာသောခြေသံများကို သူကြားလိုက်ရလေသည်။ လူ ၂ ယောက် အခန်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

ပထမဆုံးတစ်ယောက်၏ ခြေသံများမှာ လေးလံလှ၏။ အတွင်းအားကောင်းပုံကို ပြသလိုခြင်းကြောင့်ပင်ဖြစ်ရမည်။ ‘တောင်ပိုင်းလက်သီး၊ မြောက်ပိုင်းခြေပျံ’ဆိုသည့်အတိုင်း ကျိုကျန်ရိ၏ ခြေနင်းချလိုက်သံများက လေးလံပြင်းထန်လှသည်။ ဒုတိယလူမှာမူ အသက်ရှုသံပြင်းပြင်း ထွက်ပေါ်နေ၏။ သိုင်းပညာတတ်သည်ဆိုဦး ထိုသူမှာ ဤနေရာ၌ရောက်ရှိနေကြသူများထက် များစွာမှပင် အဆင့်နိမ့်နေလေသည်။ တတိယလူ၏ ခြေသံကိုမူ လုံးဝမကြားရချေ။

ထိုသူ၏ခြေသံ လုံးဝမထွက်ခြင်းကြောင့်ပင်လော။

မျက်မမြင်ဗေဒင်ဆရာက ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။ “နှစ်ပေါင်းများစွာက ကျုပ်တို့ရဲ့ ကံဆိုးလှစွာသော အစ်ကိုကြီးအတွက် မိတ်ဆွေတို့ ၃ ယောက်ကိုဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ရာသီဥတုကြီးထဲမှာ စောင့်ဆိုင်းနေခဲ့ရတဲ့အတွက် ကျုပ်အနူးအညွတ်တောင်းပန်ပါရစေလား။”

သူ၏လေသံမှာ အနိမ့်အမြင့်မရှိ တစ်သားတည်းထွက်လာ၏။ နှေးခြင်း မြန်ခြင်းလည်းမရှိချေ။ သူ၏ စကားသံကို နားထောင်လိုက်ရသူတိုင်းက သူအစ်မှန်အတိုင်းပြောနေခြင်းလား၊ ဟန်ဆောင်နေခြင်းလား ဆိုသည်ကို မဝေခွဲနိုင်ကြချေ။

ကျိုကျန်ရိက ကျယ်လောင်သောအသံကြီးဖြင့် ပြန်ပြောလိုက်၏။ “သိုင်းလောကရဲ့ တရားမျှတမှုအတွက်ပဲ။ ကျုပ်အတွက်တော့ သေရင်တောင်မှ ထိုက်တန်ပါတယ်။ ဒီအတွက်တော့ ‘ရီ’ ဆရာကြီးစိတ်မပူပါနဲ့။”

ကျိုကျန်ရိသည် စကားတစ်ခွန်းပြောလိုက်တိုင်း သမာဓိကျပြီး ဖြောင့်မတ်သောလေသံရှိ၏။ ထယ်ကျွမ်ကျားအတွက်တော့ အော့အန်ချင်စရာပင် ကောင်းနေသေးတော့၏။

စာဆိုတော်ကြီးသည် အသံသေးအသံကြောင်ဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။  “ကျုပ်ကတော့ စာပေသမားသက်သက်ပါ။ သိုင်းလောကရဲ့ သူရဲကောင်းတွေအကြောင်းကိုတော့ ကြားဖူးနေခဲ့ပါတယ်။ ကျုပ်ကို တရားသူကြီးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ဂုဏ်ယူပါတယ်ဗျား။”

မျက်မမြင်ဗေဒင်ဆရာ-“ခင်ဗျားအတွက်တော့ စာတစ်ပုဒ်ရေးနိုင်လောက်အောင်ကို စိတ်ဝင်စားစရာ ကောင်းမှာပါ။ ရေးဖို့ကိုလည်း ကျုပ်တို့က တိုက်တွန်းပါတယ်။ ဒါမှ ဒီနေ့ရဲ့အဖြစ်အပျက်ကို နောင်လာနောက်သားတွေ လေ့လာမှတ်သားနိုင်မှာ မို့လို့ပါ။”

စာဆိုတော်ကြီး-“ဟုတ်လိုက်လေခြင်း... ဒီကနေ အိမ်ပြန်ရောက်တာနဲ့ ဒီအစ်မှန်တရားအကြောင်းကို မှတ်တမ်းတင်ရမယ်။ ကျုပ်ကို ပိုင်ဟိုလာခေါ်တုန်းကလည်း ဒီလိုမျိုးပဲ ဖြစ်စေချင်ခဲ့တာ။”

ထိုသူအား ပိုင်ဟိုမှ ဖိတ်ခေါ်လာရခြင်းအကြောင်းအရင်းမှန်ကို ယခုမှပင် ထယ်ကျွမ်ကျား နားလည်သွားခဲ့ရ၏။ ထို့အတွက်လည်း ပိုင်ဟို၏စေ့စပ်သေချာမှုကို လေးစားသွားခဲ့၏။

မျက်စိတစ်ဘက်လပ်မိန်းမကြီးသည် စိတ်မရှည်စွာဖြင့်- “ဒီကနောက်တစ်ယောက်ကကော သူ့ ကိုယ်သူ မိတ်မဆက်တော့ဘူးလား။”

ထိုမေးခွန်းမှာ တတိယလူအား ရည်ညွှန်းလိုက်ခြင်းဖြစ်၏။

တတိယလူသည် ပြန်ဖြေခြင်းမရှိပါ။ သို့သော် ပိုင်ဟိုက ကြားဝင်လိုက်ပြီး- “ဒီက ကျုပ်ရဲ့မိတ်ဆွေက သူ့နာမည်ကို လူမသိစေချင်လို့ ဖြစ်မှာပါ။”

မျက်မမြင်ဗေဒင်ဆရာ-“သူ့နာမည်ကို ထုတ်မပြောလည်းအရေးမကြီးပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ နာမည်ကိုတော့ သူသိထားသင့်တယ်။”

ပိုင်ဟိုသည် ရုတ်တရက်ပင် ဝင်ပြောလိုက်၏။ “ကျုပ်တို့ရှစ်ယောက်ကို ‘မြေပြန့်သမာဓိရှစ်ဖော်’လို့ သိုင်းလောက ကလူတွေကခေါ်ဆိုကြပါတယ်။ ဒီလောက်ကြီးလည်း မဟုတ်ကြပါဘူး။”

မျက်မမြင်ဗေဒင်ဆရာက ဖြတ်၍ပြောလိုက်၏။ “သူတို့တွေ ချဲ့ထွင်ပြီးပြောခဲ့ကြတာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ သိုင်းပညာက ပြောပလောက်အောင်မကောင်းပေမဲ့ သမာသမတ်ကျခြင်းဆိုတာကတော့ ကျုပ်တို့ရဲ့ ဆောင်ပုဒ်ပဲ။”

ကျိုကျန်ရိ-“ဒီလောက်နာမည်ကြီးလှတဲ့ ‘မြေပြန့်သမာဓိရှစ်ဖော်’ကိုမသိဘဲ ရှိကြမလား။”

မျက်မမြင်ဗေဒင်ဆရာမှ သူ့ကိုယ်သူမိတ်ဆက်လိုက်၏။ “ကျုပ်ကတော့ ဒုတိယအစ်ကိုကြီး ရီမင်းဟူ ဖြစ်ပါတယ်။ ကျုပ်ကို အရင်တုန်းက ‘လျှပ်စီးမျက်လုံး’ လို့လူတွေကခေါ်ကြပါတယ်။ အခုတော့...” သူပြုံးပြပြီး ဆက်ပြောလိုက်သည်။ “အခုတော့ ကျုပ်ကို ‘မျက်လုံးရှိပြီးမျက်ဆံမဲ့သူ’လို့ခေါ်ကြပါတယ်။”

ဆေးဆရာ-“ကျုပ်ရဲ့ နံပါတ်၃ အစ်ကိုဖြစ်တဲ့ ‘မြင်းပျံလှံရှင်’ ပိုင်ဟိုကိုတော့ သိပြီးပြီလို့ ထင်ပါ တယ်။ ကျုပ်ကတော့ နံပါတ်၄ ကျင်ဖန်ပိုင် ဖြစ်ပါတယ်။”

စာဆိုတော်ကြီး-“ခင်ဗျားရဲ့လေသံကို နားထောင်ရတာ နန့်ယန်းမြို့ကလာခဲ့တာလား။”

“မှန်ပါတယ်။”

စာဆိုတော်ကြီး-“နန့်ယန်းမြို့က ကျင်မိသားစုရဲ့ ဆေးဆိုင်ဟာ တော်တော်လေးကို နာမည်ကြီးတာပဲ။ ကျုပ်တောင်မှ အဲ့ဒီကဆေး၁ဖုံ ၂ဖုံလောက်ဝယ်ခဲ့ဖူးသေးတယ်။ ခင်ဗျားက...”

ကျင်ဖန်ပိုင်မှ ရယ်မောလိုက်ပြီး၊ “ဒါများ ဘာထူးဆန်းလို့လဲဗျာ။ ဝမ်မိသားစုရဲ့ သခင်လေးတောင်မှ ကြက်ခြေထောက်ပြုတ်တွေ ရောင်းနေရသေးတာပဲ။”

စာဆိုတော်ကြီးမှ အံ့အားသင့်သွားခဲ့ပြီး၊ “ဘယ်သူများလဲဗျ...”

အရက်ရောင်းသူက ဖြေလိုက်၏။ “ကျုပ်ပါပဲ...ကျုပ်ကနံပါတ်၅ ဝမ်ယုလန် ပါ။”

မျက်နှာ၌မှဲ့ခြောက်များပြည့်နှက်နေသော အထမ်းသမား- “ကျုပ်ကတော့ နံပါတ် ၇၊ ကုန်းစွန်းယု ဖြစ်ပါတယ်။”

တို့ဟူးပုတ်ရောင်းသူ- “ကျုပ်ကတော့ နံပါတ် ၈ ညီလေးဖြစ်ပါတယ်။ ကျန်ချန်စွန်း လို့ခေါ်ပါတယ်။”

မူလက အိမ်ထဲတွင်ရှိနေခဲ့သောသူ- “ကျုပ်ကတော့ နံပါတ်၆ ဖြစ်ပါတယ်။ ဝူပါ့ခုန်း လို့ခေါ်ပါတယ်။”

စာဆိုတော်ကြီး-“ဒါဆိုရင် ခင်ဗျားတို့ရဲ့ အစ်ကိုကြီးကော...”

ကုန်းစွန်းယု-“ကျုပ်တို့ရဲ့အစ်ကိုကြီး ဝမ်တန်ကျိကတော့ လုပ်ကြံခံလိုက်ရလို့ သေသွားခဲ့ပါပြီ။ ဒါကတော့ သူ့ရဲ့ဇနီး ဝမ်ကတော်ပါ။ သူ့နာမည်ကိုလည်း ခင်ဗျားမှတ်ထားသင့်တယ်။”

စာဆိုတော်ကြီးသည် ပြုံးပြလိုက်ပြီး- “ကျုပ်ကအသက်သာကြီးသွားခဲ့ပေမယ့် မှတ်ဉာဏ်တော့ ကောင်းနေပါသေးတယ်။”

ဝမ်ကတော်-“ကျမတို့က ရှင့်ကို ကျမတို့ရဲ့နာမည်တွေကို မှတ်ထားခိုင်းတာ ကျော်ကြားချင်လို့မဟုတ်ပါဘူး။ ကျမတို့ရဲ့ ဝမ်းနည်းစရာကောင်းလှတဲ့ အတိတ်ကိုသိစေချင်လို့ပါ။ ဒါမှလည်း နောင်လာနောက်သားတွေ အဖြစ်မှန်တွေကို မှတ်မိနေမှာပေါ့။”

ကုန်းစွန်းယုက ဖြည့်စွက်၍ပြောလိုက်၏။ “ဒီကထိုင်နေသူကတော့ ထယ်ကျွမ်ကျားလို့ ခေါ်တယ်။ အစ်ကိုကြီး ဝမ်တန်ကျိကို သတ်ခဲ့တာ သူပေါ့။”

ကျင်ဖန်ပိုင်-“ကျုပ်တို့ ညီအစ်ကို ၈ ယောက်လုံးက သွေးရင်းသားရင်းတွေလိုပါပဲ။ ကျုပ်တို့မှာ လုပ်စရာတွေ အသီးသီးရှိကြပေမယ့် နှစ်သစ်ကူးတိုင်း အစ်ကိုကြီး ဝမ်တန်ကျိရဲ့အိမ်မှာ စုစည်းလေ့ ရှိကြပါတယ်။”

ကျန်ချန်စွန်း-“ကျုပ်တို့ ၈ ယောက်လုံးက ပျော်ရွှင်စွာနေခဲ့ကြပြီး နောက်ထပ်သွေးသောက် မိတ်ဆွေတွေကို ထပ်မရှာခဲ့ကြပါဘူး။ အဲ့ဒီနှစ်မှာတော့ နံပါတ်၃ အစ်ကိုလေးက လူတစ်ယောက်ကိုခေါ်လာခဲ့ပြီး သူ့မိတ်ဆွေအဖြစ်နဲ့ အားလုံးကို မိတ်ဆက်ပေးခဲ့တယ်။”

ကုန်းစွန်းယုက ခါးသီးစွာဖြင့် ပြောဆိုလိုက်သည်။ “အဲ့ဒီလူကတော့ ပိုက်ဆံအတွက်နဲ့ မိတ်ဆွေတွေကို သစ္စာ ဖောက်သွားခဲ့တဲ့ ခွေးမသား ထယ်ကျွမ်ကျားပဲပေါ့။”

ကျင်ဖန်ပိုင်-“ကျုပ်တို့ရဲ့အစ်ကိုကြီးက သေရမှာကိုကြောက်တဲ့လူစားမျိုးမဟုတ်ခဲ့ဘူး။ ထယ်ကျွမ်ကျားကို မြင်မြင်ခြင်း ခင်မင်သွားခဲ့ပြီး မိတ်ဆွေရင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။ အဲ့ဒီလူက လူတစ်ယောက်မဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေခဲ့တယ်လေ။”

ကျန်ချန်စွန်း-“နှစ်သစ်ကူးပြီးတာနဲ့ ကျုပ်တို့အားလုံး ကိုယ့်နေရပ်ကို အသီးသီးပြန်လာခဲ့ကြတယ်။ ထယ်ကျွမ်ကျားကိုတော့ ဆက်နေဖို့ အစ်ကိုကြီးက တားထားခဲ့တယ်။ နောက်တစ်လလောက်မှာပဲ အစ်ကိုကြီးရဲ့ ရန်သူတွေကို ဆက်သွယ်ခဲ့ပြီး သူနဲ့သူ့အပေါင်းအပါတွေက အစ်ကိုကြီးကိုလုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။ အစ်ကိုကြီးရဲ့ဇနီးက လွတ်သွားခဲ့ပေမယ့် ဒဏ်ရာတွေ အပြင်းအထန်ရရှိခဲ့ပါတယ်။”

ဝမ်ကတော်သည် နာကျည်းစွာဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။  “ကျမရဲ့ မျက်နှာကဒီဒဏ်ရာကို တွေ့လား။ ဒီဓားချက်က မျက်နှာနှစ်ခြမ်းလုံး ကွဲသွားခဲ့တော့မလောက်ပဲ။ ကျမကို သေလူအဖြစ် ပစ်ထားခဲ့လို့သာ ဒီနေ့အထိ အသက်ရှင်နေနိုင်တာ။”

ကုန်းစွန်းယု-“အဲ့ဒီနေ့က အိမ်မှာရှိတဲ့လူအားလုံးကို သတ်ဖြတ်သွားခဲ့ကြလို့ ဘယ်သူ့လက်ချက်လဲဆိုတာ မသိနိုင်ခဲ့ဘူး။”

ကျင်ဖန်ပိုင်-“ကျုပ်တို့လည်း သတင်းကြားကြားခြင်းပဲ သစ္စာဆိုခဲ့ကြတယ်။ လူသတ်သမားကို မိအောင်ဖမ်းမယ်ပေါ့။ နောက်ဆုံးတော့ သမာဒေဝနတ်ကောင်း နတ်မြတ်တွေက ကျုပ်တို့ကို စောင်မ ခဲ့ပြီ။”

ဝမ်ကတော်- “ကျမတို့ရဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပြီးပြီ။ ဒီလူဟာ သေသင့်သလား၊ မသေသင့်ဘူးလားဆိုတာကို ဆုံးဖြတ်ပေးကြပါ။”

ကျိုကျန်ရိ-“ခင်ဗျားတို့က အစ်မှန်အတိုင်းသာပြောခဲ့ကြတယ်ဆိုရင် သူ့ကိုသတ်ပစ်ရုံတင် မကသေးဘူး၊ နုတ်နုတ်ဆင်းပြီးပါ ခွေးစာကျွေးပစ်လိုက်ဖို့ကောင်းတယ်။”

ကုန်းစွန်းယု-“ပြောခဲ့တဲ့စကားလုံးတိုင်းဟာ အမှန်တရားတွေချည်းပဲ။ မယုံရင် သူ့ကိုမေးကြည့်ပါလား။”

ထယ်ကျွမ်ကျားက နာကျည်းစွာဖြင့်- “ကျုပ်အစောကြီးကတည်းက ပြောခဲ့ပြီးပြီပဲ။ ကျုပ်ရဲ့ လုပ်ရပ်အတွက် ကျုပ်ရှက်မိပါတယ်။ ကျုပ်သေဖို့ ဝန်မလေးပါဘူး။”

ကုန်းစွန်းယု-“တွေ့လား... သူဝန်ခံနေပြီ။”

စာဆိုတော်ကြီး-“ဒီလူက တော်တော့်ကို ရက်စက်ကြမ်းကြုတ်တဲ့လူပဲ။”

ဝမ်ကတော်-“ဒီလိုဆိုရင် ရှင်တို့ ၃ ယောက်လုံးက သူ့ကိုသေသင့်တယ်လို့ ဆုံးဖြတ်လိုက်ကြပြီပေါ့၊ ဟုတ်လား။”

စာဆိုတော်ကြီး-“ဟုတ်တယ်...”

ကျိုကျန်ရိ-“သူ့ကိုသတ်ရုံတင်မကဘူး၊ နုတ်နုတ်ကိုစင်းပစ်ရမယ်။ ဒါမှ သိုင်းလောကရဲ့ အမှန်တရားကို ပြန်ပြီးအဖတ်ဆယ်နိုင်မှာ။”

ထိုအချိန်၌ စကားသံတစ်သံထွက်ပေါ်လာလေသည်။ “ခင်ဗျားက ‘သိုင်းလောက’ဆိုပြီး ထပ်ခါ ထပ်ခါပြောနေတယ်။ ခင်ဗျားက သိုင်းလောကကြီးတစ်ခုလုံးကို ကိုယ်စားပြုနေလို့လား။”

ထိုစကားသံမှာ ပြတ်သားပြီး တည့်တည့်မတ်မတ်ရှိလှ၏။ စကားလုံးတစ်လုံးစီတိုင်းသည် အေးစက်ထက်မြည့်နေသော ဓားတစ်စင်းကဲ့သို့ပင်။

ထိုသူမှ ပထမဆုံးအကြိမ် စကားပြောခြင်းဖြစ်၏။ ထိုသူသည် ခြေသံလုံးဝမထွက်သော တတိယလူပင်ဖြစ်ရပေမည်။

ထယ်ကျွမ်ကျား၏ နှလုံးခုန်နှုန်းမြန်လာခဲ့၏။ ထိုအသံကို သူကြားဖူးခဲ့သည်မဟုတ်ပါလား။

သူ့မျက်လုံးများအား ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်သောအခါ ကျိုကျန်ရိ၏ဘေး၌ ရပ်နေသူမှာ အထီးကျန်ဆန်လွန်းသော လူငယ်လေး အားဖေဖြစ်နေလေသည်တကား။

“ဆရာလေး အားဖေ... ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”

ထယ်ကျွမ်ကျားသည် ထိုစကားအားပြောမိလိုက်မလို ဖြစ်သွားခဲ့ပြီးနောက် ပြန်၍မျိုချလိုက်၏။

သို့သော် ကျိုကျန်ရိက ပြန်မေးလိုက်လေသည်။ “သူမသေသင့်ဘူးလို့ မင်းကဆိုလိုချင်တာလား။”

အားဖေက သူ့မေးခွန်းကို အေးစက်စွာပြန်မေးလိုက်သည်။ “သူမသေသင့်ဘူးလို့ ကျုပ်ကပြောခဲ့ရင် ခင်ဗျားက ကျုပ်ကိုပါသတ်မှာလား။”

ရီမင်းဟူ-“မင်းကို ကျုပ်တို့ခေါ်လာခဲ့တာ အမှန်တရားကို အဆုံးအဖြတ်ပေးဖို့ပါ။ သူမ သေသင့်ဘူးလို့ အကျိုးအကြောင်းခိုင်လုံအောင် ပြနိုင်တယ်ဆိုရင် ကျုပ်တို့ မင်းပြောတာကို လိုက်နာပါ့မယ်။”

ကျိုကျန်ရိ-“သူ ပြဿနာ မကြီး ကြီးအောင်လာမွှေတာပဲလို့ ကျုပ်တော့ထင်တယ်။ ဘာဖြစ်လို့ သူ့စကားကို အရေးထားနေမှာလဲ။”

အားဖေက သူ့ကိုစိုက်၍ကြည့်နေလိုက်၏။ “ခင်ဗျားက သူ သူ့မိတ်ဆွေတွေကို ပိုက်ဆံအတွက်နဲ့ သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြီးပြောနေတယ်။ ခင်ဗျားကော အတူတူပဲမဟုတ်လား။ အဲ့ဒီနေ့က ဝမ်မိသားစုကို တိုက်ခိုက်တဲ့အထဲမှာ ခင်ဗျားကောမပါခဲ့ဘူးလား။ ဝမ်ကတော်က ခင်ဗျားကို မတွေ့ခဲ့လို့သာပေါ့။”

အခန်းတွင်းရှိ လူအားလုံးမှ ထိတ်လန့်သွားခဲ့ကြတော့၏။ “သူအမှန်တွေကို ပြောနေတာလား။”

အားဖေ-“ဒီလူ သူ့ကိုသတ်ချင်နေတာက နှုတ်ပိတ်ချင်လို့ဗျ။”

ကျိုကျန်ရိမှာ နဂိုကတော့ ငြိမ်သက်နေခဲ့သေးသည်။ ထိုစကားအားကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ကာ- “ချီးတဲ့မှပဲ...”

ရိုင်းစိုင်းကြမ်းကြုတ်သော စကားများဖြင့် ဆဲဆိုရန်ပြင်လိုက်သော်လည်း ဤအခြေအနေအရ မဖြစ်နိုင်မှန်းသိ၍ ငြိမ်နေလိုက်ရ၏။

ထို့နောက် အေးစက်စွာဖြင့်- “မင်းရဲ့ပါးစပ်က ကိုယ်တိုင်ပြောထွက်တဲ့စကားဖြစ်နေလို့ ပိုပြီးတော့တောင် ကောင်းသွားသေးတယ်။ မင်းလိုနောက်ပေါက်တစ်ယောက်ရဲ့စကားကို ဘယ်သူမှ မယုံကြည်ကြဘူးကွ၊ နားလည်လား။”

အားဖေ-“ဟုတ်တယ်လား... ဒါဖြင့်ရင် သူတို့ရဲ့စကားတွေကကော ယုံကြည်ရပါ့မလား။”

ကျိုကျန်ရိ-“ထယ်ကျွမ်ကျား ကိုယ်တိုင်က ဝန်ခံခဲ့ပြီးပြီပဲ၊ မင်းမကြားလိုက်ဘူးလား။”

“ကျုပ်ကြားခဲ့ပါတယ်။”

သူ၏စကားမဆုံးခင်မှာပင် သူ၏ဓားက ကျိုကျန်ရိ၏ လည်ပင်းသို့ထောက်ပြီးသား ဖြစ်နေလေသည်။

ကျိုကျန်ရိမှာ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲလာခဲ့ဖူးသူ၊ အတွေ့အကြုံရှိသော ဝါရင့်သိုင်းသမား တစ်ယောက်ဖြစ်၏။ သူ့အား အလစ်ဝင်ရောက်တိုက်ခိုက်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ သို့သော် ထိုလူငယ်လေး မည်ကဲ့သို့လှုပ်ရှားခဲ့မှန်းကိုမူ သူကိုယ်တိုင်ပင် မမြင်ခဲ့ရချေ။

လက်ကနဲ အလင်းတန်းတစ်ခုကိုသာ တွေ့လိုက်ရပြီးနောက် သူ့လည်ပင်း၌ ဓားတစ်လက် လာ၍ထောက်ထားခြင်းကို ခံစားလိုက်ရလေသည်။

သူတုန်လှုပ်သွားခဲ့ပြီးနောက်- “မင်း... မင်း...ဘာလိုချင်လို့လဲ။”

အားဖေ-“ကျုပ်မေးခွန်းတစ်ခွန်းပဲ မေးမယ်။ အဲ့ဒီနေ့တုန်းက ခင်ဗျား ဝမ်ဂေဟာမှာရှိနေခဲ့လား။”

ကျိုကျန်ရိသည် စိတ်ဆိုးဒေါသထွက်စွာဖြင့် အော်ပြောလိုက်၏။ “မင်းရူးနေလား။”

အားဖေက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။ “ခင်ဗျား ဝန်မခံချင်မှတော့ ခင်ဗျားကို သတ်လိုက်ရုံပဲ ရှိတော့တာပေါ့။”

ကျိုကျန်ရိ၏ မျက်နှာပေါ်၌ ချွေးသီးချွေးပေါက်များကျဆင်းလာခဲ့၏။ “ကျုပ်...ကျုပ်...”

အားဖေ-“အမှန်အတိုင်းပြောနော်... တစ်လုံးမှမလွဲစေနဲ့။”

အားဖေ၏ခါးတွင်ချိတ်ထားသောဓားကို လူတိုင်းပင်တွေ့မြင်ခဲ့ကြပြီး ရယ်မောစရာတစ်ခုအဖြစ် သဘောထားခဲ့ကြ၏။ ယခုသော် မည်သူမျှ မရယ်မောနိုင်ကြတော့ပါ။

အားဖေမှဆက်ပြောလိုက်၏။ “နောက်ဆုံးအကြိမ်အဖြစ် မေးမယ်နော်။ ကျုပ်ထပ်မပြောတော့ဘူး။ ခင်ဗျား ဝမ်တန်ကျိကို သတ်ခဲ့လား။”

ကျိုကျန်ရိ တိုးညှင်းစွာဖြေလိုက်လေတော့သည်။ “ကျုပ်... သတ်ခဲ့...”

ထိုစကားအားကြားလိုက်ကြပြီးနောက် လူအားလုံးပင် ဆွံ့အသွားခဲ့ကြ၏။

ရုတ်တရက်… အားဖေက ပြုံးပြလိုက်ပြီး- “စိတ်မပူကြပါနဲ့။ ဝမ်တန်ကျိသေတဲ့ကိစ္စက သူနဲ့ဘာမှ မဆိုင်ပါဘူး။”

လူအားလုံးပင် သူ့အားစိုက်၍ကြည့်နေကြလေသည်။

အားဖေ-“ကျုပ် သက်သေပြချင်တာက တစ်ခုတည်းပါ။ ဘာလဲဆိုတော့… လူတစ်ယောက်ဟာ အကျဉ်းအကြပ်ထဲရောက်လာပြီဆိုရင် သူ့စကားကို အတည်ယူဖို့ခက်ပါတယ်။”

လူအားလုံးပင် မေးလိုက်ကြ၏။ “ကျုပ်တို့ ဘယ်တုန်းကများ သူ့ကို ဖိအားပေးခဲ့လို့လဲ။”

“သူအမှန်အတိုင်း ပြောထွက်လာအောင် ကျုပ်တို့ကများ ရိုက်နှက်ခဲ့ကြလို့လား။”

“အဲ့ဒီလိုသာ ဖြစ်ရိုးမှန်ခဲ့မယ်ဆိုရင် သူကဘာဖြစ်လို့ ဝန်ခံခဲ့တာလဲ။”

ရီမင်းဟူ-“ထယ်ကျွမ်ကျား... မင်းကိုစွတ်စွဲခံခဲ့ရတာဆိုရင် ဖြေရှင်းချက်ပေးလိုက်တော့။”

ထယ်ကျွမ်ကျားသည် နှုတ်ခမ်းများအား ဖိကိုက်ထားလိုက်ပြီး မည်သည့်စကားမျှ ပြောထွက်မလာခဲ့တော့ချေ။ သူ့မျက်နှာ၌ နာကျင်မှုများသာ ဖုံးလွှမ်းနေလေတော့သည်။

ဝမ်ကတော်-“မင်းက ဘာမှပြန်မပြောတော့ဘူးဆိုတော့ ဝန်ခံနေတာနဲ့အတူတူပဲ။ မင်း ရဲ့လည်ပင်းကို ငါတို့ကဓားထောက်ပြီး ခိုင်းခဲ့တာမဟုတ်ဘူးနော်။”

ထယ်ကျွမ်ကျားသည် သက်ပြင်းချလိုက်ပြီး- “ဆရာလေးအားဖေ၊ ကျုပ်မှာ ဘာမှပြောစရာမရှိတော့ပါဘူး။ ဆရာလေးရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး။”

အားဖေ-“သူဘာပဲပြောနေပြောနေ ကျုပ်ကတော့မယုံဘူး။ သူဟာဒီလိုလုပ်မယ့်လူစားမျိုး လုံးဝမဟုတ်ဘူး။”

ကုန်းစွန်းယု-“ဖြစ်ခဲ့တဲ့အချက်တွေကို ထောက်ချင့်လိုက်ရင် ငြင်းလို့မရပါဘူးဗျာ။”

ဝမ်ကတော်က အေးစက်စွာဖြင့်- “သူယုံတာမယုံတာကို ဘာလို့ဂရုစိုက်နေရဦးမှာလဲ။ သူ့ကိုကော ဘာဖြစ်လို့ ဂရုစိုက်နေဦးမှာလဲ။”

ကျင်ဖန်ပိုင်-“မှန်တယ်။ ဒီကိစ္စက သူနဲ့ဘာမှမဆိုင်ဘူး။”

ဝမ်ကတော်-“ငါတို့ရဲ့ ကိစ္စထဲမှာမင်းက ဝင်ရှုပ်နေရအောင် မင်းကိုယ်မင်း ဘာလို့များထင်နေတာလဲ။”

ဆေးဆရာ-“ကျုပ်ကသူ့ကို သတ်မယ်ဆိုရင်ကော မင်းကဘာလုပ်ဦးမှာလဲ။”

ဆေးဆရာသည် စကားပြောအနည်းဆုံးသူဖြစ်ပြီး အမြန်ဆုံးလှုပ်ရှားလိုက်သူလည်း ဖြစ်နေပြန်၏။ သူ၏စကားပင်မဆုံးသေး ပေါက်ဆိန်ဖြင့်လွှဲခုတ်လိုက်လေတော့သည်။

‘တောင်ခွဲပေါက်ဆိန်’မှာသူ၏ အကျော်ကြားဆုံးသော သိုင်းကွက်ဖြစ်လေသည်။ ထယ်ကျွမ်ကျားသည် သူ၏ကိုယ်ကို နှစ်ပိုင်းပိုင်းလာသော ပေါက်ဆိန်ခုတ်ချက်အား ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလေတော့သည်။

စာဆိုတော်ကြီးမှ သွေးထွက်သံယိုမှုများအား မြင်တွေ့ရတော့မည်မို့ ထိတ်လန့်သွားကာ သူ့ရင်ဘတ်ကိုသူ ဖိထားလိုက်၏။

ထိုအချိန်၌ပင် ဓားအလင်းတန်းတစ်ချက် ဖြာထွက်သွားခဲ့ပြီး ပေါက်ဆိန်မှာ နှစ်ပိုင်းပြတ်သွားခဲ့၏။ ပေါက်ဆိန်၏ လက်ကိုင်ရိုးမှာ ထယ်ကျွမ်ကျား၏ ကိုယ်ပေါ်သို့ကျရောက်လာခဲ့သည်။ လူတိုင်းပင် အံ့အားသင့်သွားခဲ့ကြပြီး သူတို့စကားမပြောနိုင်ကြခင်မှာပင် အားဖေ၏ဓားမှာ ဆေးဆရာ၏ လည်ပင်း၌ ထောက်ထားလေတော့သည်။

အားဖေသည် ကျိုကျန်ရိကို တိုက်ခိုက်ခဲ့စဉ်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် မည်သူမျှမအံ့ဩခဲ့ကြချေ။ ဤလှုပ်ရှားမှုကိုတော့ လူတိုင်းပင် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြရလေသည်။

ဤမျှမြန်ဆန်သော ဓားချက်မျိုးကို သူတို့၏တစ်သက်တာတွင် မတွေ့ဖူးခဲ့ချေ။

အားဖေမှ ဘာမျှမဖြစ်ခဲ့သည့်အလား ထယ်ကျွမ်ကျားကို ဆွဲထူလိုက်ပြီး၊ “ကျုပ်တို့ အရက် သွားသောက်ကြရအောင်။”

ကုန်းစွန်းယု၊ ကျင်ဖန်ပိုင်နှင့် ပိုင်ဟိုတို့မှ သူတို့သွားလမ်းအား ပိတ်ဆို့ထားလိုက်ကြ၏။

ကျင်ဖန်ပိုင်-“သွားတော့မလို့လား။ ဒီလောက်ကြီး မလွယ်သေးပါဘူး။”

အားဖေက ငြိမ်းချမ်းစွာပင်ပြောလိုက်၏။ “ခင်ဗျားတို့က ဘာလုပ်ချင်ကြလို့လဲ။ ကျုပ်က ခင်ဗျားတို့ကို သတ်ပြီးမှ ထွက်သွားရမှာလား။”

ရီမင်းဟူမှ သက်ပြင်းချလိုက်ပြီး၊ “သူတို့ကို ပေးသွားလိုက်ပါ။”

ဝမ်ကတော်-“ကျမတို့... ဘယ်လိုလုပ်ပြီး လွှတ်ပေးနိုင်မှာလဲ။ ကျမတို့ ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်ကုန်မှာပေါ့။”

ရီမင်းဟူက ဆက်ပြောလိုက်၏။ “မင်းတို့သွားနိုင်ပြီ။ ဒါဟာ သိုင်းလောကရဲ့ထုံးစံပဲ။ အမြန်ဆုံးသော ဓားပိုင်ရှင်က လုပ်ပိုင်ခွင့်အရှိဆုံးပဲ။”

အားဖေ-“ခင်ဗျားရဲ့စကားဒီအတွက် ကျုပ်ကလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီစကားကို ကျုပ်တစ်သက်လုံးမှတ်သားထားပါ့မယ်။”

ဝမ်ကတော်သည် မျက်ရည်များကျဆင်းလာခဲ့ပြီး- “ကျမ... ကျမတို့ သူ့ကို ဘယ်လိုလုပ်ပြီး လွှတ်ပေးလိုက်ရမှာလဲ...”

ရီမင်းဟူက တည်ငြိမ်စွာဖြင့်ပင်- “ဒါဖြင့်ရင် မရီးကဘာများလုပ်ချင်သေးလို့လဲ။ ကျုပ်တို့ အားလုံး အသတ်ခံလိုက်ကြရမှာလား။”

ပိုင်ဟို-“နံပါတ်၂ အစ်ကိုပြောတာမှန်တယ်။ ကျုပ်တို့ အသက်ရှင်သန်နေသ၍ လက်စား ပြန်ချေဖို့ ကြိုးစားနိုင်သေးတယ်။”

ဝမ်ကတော်က သူ၏အင်္ကျီအားဆွဲဆုတ်လိုက်ပြီး- “မင်းမှာ ဒီလိုပြောနိုင်တဲ့ သတ္တိရှိနေသေးတယ်လား။ မင်းရဲ့နောက် မိတ်ဆွေတစ်ယောက်ကပဲ လုပ်လိုက်ပြန်ပြီ။ ဒါက ဒုတိယအကြိမ်မြောက်နော်။”

ပိုင်ဟို-“မရီးပြောတာမှန်တယ်။ သူ့ကိုကျုပ်က ခေါ်လာခဲ့တာ။ ကျုပ်တာဝန်ကျုပ်ယူမယ်။” စကားဆုံးလျှင်ဆုံးခြင်း သူထွက်ခွာသွားတော့သည်။

ဝမ်ကတော်က အော်ခေါ်လိုက်၏။ “နံပါတ်၃ မောင်လေး... ပြန်လာခဲ့။”

သူမသည် အပြင်ဘက်သို့ လိုက်ထွက်သွားသော်လည်း ပိုင်ဟိုမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့လေပြီ။

ရီမင်းဟူသည် သက်ပြင်းချလိုက်ပြီး- “သူ့ကို ပေးသွားလိုက်ပါ။ အဲ့ဒီ သူ့ရဲ့မိတ်ဆွေကို သူပြန်ရှာလာပါလိမ့်မယ်။”

ကျင်ဖန်ပိုင်၏ မျက်လုံးများက အရောင်တောက်ပြောင်လာခဲ့၏။ “နံပါတ်၂ အစ်ကိုဆိုလိုတာက...”

ရီမင်းဟူ-“ငါဘယ်သူ့ကို ဆိုလိုတာလဲဆိုတာ မင်းသိနေတာပဲ။ ဘာလို့လာမေးနေသေးတာလဲ။”

ကျင်ဖန်ပိုင်-“နံပါတ်၃ အစ်ကိုလေးသာ သူ့ကိုရှာနိုင်ခဲ့မယ်ဆိုရင် သူတို့ဘယ်လောက်ပဲ ဝေးဝေးပြေးပါစေ၊ မလွတ်နိုင်ပါဘူး။”

ကျိုကျန်ရိသည် ရုတ်တရက် ရယ်မောလိုက်၏။ “ပိုင်ဟိုက သူ့ကိုရှာတွေ့စရာမလိုပါဘူး။”

“ကျုပ်တို့ရှင်းအောင် ထပ်ပြောပြပါလား။”

ကျိုကျန်ရိ-“နောက်ထပ် ၂ ရက်လောက်နေရင် လူ ၃ ယောက် ရောက်လာကြလိမ့်မယ်။ အဲ့ဒီကောင်လေးဆီမှာ ခေါင်း၃လုံး လက် ၆ ဘက်ရှိနေတယ် ဆိုရင်တောင်မှ သူ့ခေါင်း၃ လုံးစလုံး ပြတ်ကျသွားလိမ့်မယ်ဆိုတာ ကျုပ်ရဲရဲကြီး အာမခံပါတယ်။”

ကျင်ဖန်ပိုင်မှ မေးလိုက်၏။ “ဘယ်လိုလူ ၃ ယောက်လဲ။”

ကျိုကျန်ရိ-“သူတို့ရဲ့နာမည်တွေကို ပြောပြလိုက်ရင် ခင်ဗျားတို့အားလုံး ဖျားသွားကြလိမ့်မယ်။”

0 comments:

Post a Comment