Wednesday, January 19, 2011

(၁၀) ၁၈နှစ်အကြာကရန်ငြိုး

လီဆွန်းဟွာ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီးမှ ပြောဆိုလိုက်၏။ “ကျုပ်မင်းကို သင်ကြားပေးခဲ့တာ သိပ်များသွားခဲ့တယ်။ မင်းကလည်း သင်ယူခဲ့တာသိပ်မြန်လွန်းနေတယ်။”

ထို့နောက်သူမကိုဖက်ထားသော သူ၏လက်များအား လွှတ်လိုက်ပြီး ထိုင်ရာမှ ထရပ်ကာ အဝတ်အစားများကို ဆွဲဆန့်လိုက်၏။ ပြီးနောက် ပြတင်းပေါက်၏အပြင်ဘက်သို့ငေးကြည့်နေရင်း-“ဒီကနေ့ရဲ့ ပြဇာတ်ကပြီးဆုံးသွားပြီ။ မင်းအတွက် ကြည့်ရတာမဝသေးဘူးဆိုရင် မနက်ဖြန်မနက်ကျမှ ပြန်လာခဲ့...။”
အပြင်ဘက်မှ ရုတ်တရက် ရယ်မောလိုက်သောအသံတစ်သံ ပျံ့လွင့်လာခဲ့၏။ “ခင်ဗျားရဲ့ဖန်ပုံလေးက တော်တော့်ကိုကြည့်လို့ကောင်းတယ်။ ခင်ဗျားရဲ့ ဓားပျံကကော အဲ့ဒီလောက်ကောင်းနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်။”

စကားသံအဆုံး၌ ထိုသူလည်းထွက်သွားခဲ့လေသည်။

လင်ရှန်းအာ မျက်နှာပျက်သွားခဲ့၏။ “အဲ့ဒါ... ယူလောင်ရှန်းပဲ။”

လီဆွန်းဟွာ-“သူသဝန်တိုသွားမှာကို မင်းကကြောက်နေတာလား။”

လင်ရှန်းအာ၏မျက်လုံးများထဲမှ အဆိပ်အတောက်ပြင်းထန်သောအကြည့်များ ထွက်ပေါ်လာခဲ့ပြီးနောက် သူမ ရယ်မောကာ ပြောဆိုလိုက်၏။ “သူ့မှာ မနာလိုဖြစ်စရာ ဘာကြောင်းမှမရှိဘူး။ သိုင်းလောကရဲ့ သမာသမတ်ကျပြီး သိက္ခာရှိပါတယ်ဆိုတဲ့လူကတောင် ဒီလိုမျိုးလုပ်သွားခဲ့တာ ကျမဖြင့် ယုံတောင်မယုံနိုင်ဘူး။ နောက်ဘယ်တော့မှ ကျမဆီ သူမလာစေရဘူး။”



လီဆွန်းဟွာက ပြုံးလိုက်ပြီး-“ငါးအူဓားကို သူကပြန်ယူသွားမှာ မင်းမစိုးရိမ်ဘူးလား။”

လင်ရှန်းအာ-“သူ့ရဲ့မျက်နှာကို အဲဒီဓားနဲ့ ပစ်ပေါက်ခဲ့ရင်တောင်မှ ဓားကိုသူပြန်မကိုင်ရဲပါဘူး။”

“အဟုတ်ကြီး?...”

လင်ရှန်းအာ လျှို့ဝှက်စွာပြုံးနေ၏။ “ကျမရှင့်ကိုပြောခဲ့ပြီးပြီပဲ... ဒီလိုလူစားမျိုးတွေက ခွေးတွေလိုပါပဲလို့... သူတို့ကိုကန်ထုတ်လေလေ၊ အမြီးလေးနန့်ပြီးတော့ ပြန်လာလေလေပဲ။”

လီဆွန်းဟွာ-“မင်းရှေ့မှာ အမြီးလေးနန့်ပြနေမယ့် ခွေးတစ်ကောင်ရှိနေတာက ပိုပြီးတော့ မကောင်းဘူးလား...”

လင်ရှန်းအာ သူ့လက်ကိုဆွဲထားလိုက်ပြီး ညုပြောလေး ပြောလိုက်၏။ “ရှင်တကယ်ထွက်သွားတော့မလို့လား။ ခဏလေးတောင်မှ မနေနိုင်တော့ဘူးလားရှင်...”

လီဆွန်းဟွာမှ သူမအားပြန်၍ပြုံးပြလိုက်ပြီး၊ “ကျုပ်ဒီမှာဆက်နေ နေပြီးတော့ ခွေးတစ်ကောင် လာကိုက်တာကို စောင့်နေမယ်ဆိုလို့ရှိရင် စိတ်ဝင်စားဖို့ ကောင်းတော့မှာမဟုတ်ဘူး။”

လင်ရှန်းအာ-“ဟွန်း... သူကလား... လာရဲမှာ...”

သူမ၏စကားမဆုံးသေးခင်မှာပင် ယူလောင်ရှန်း၏ အဝေးက အော်ပြောလိုက်သောစကားကို ကြားလိုက်ကြရသည်။ “အဲ့ဒီဘက်ကပြဇာတ်က ပြီးသွားပြီ။ နောက်တစ်ပွဲကတော့ အခုမှစ မှာ... ခင်ဗျားတို့ မကြည့်ချင်ကြဘူးလား။”

လီဆွန်းဟွာ-“ကျုပ်ပြောသားပဲ... ကျုပ်ကိုဒီမှာကြာကြာပေးနေမှာ မဟုတ်ပါဘူးလို့။”

လင်ရှန်းအာက စိတ်ဆိုးစွာဖြင့်-“သိပ်ပြီးတော့ အနှောက်အယှက်ပေးတဲ့ ခွေးကောင်လေး ...”

သူမက လီဆွန်းဟွာ၏လက်ကိုဆွဲထားကာ ပြုံးပြလိုက်ပြီး-“မနက်ဖြန်ဆိုတာရှိပါသေးတယ်၊ မနက်ဖြန်မနက်စောစော ပြန်လာခဲ့နော်...”

သစ်တောလေးထဲမှ လီဆွန်းဟွာထွက်လိုက်သည်နှင့် တပြိုင်နက် လူနှစ်ယောက်၏ငြင်းခုံနေကြသံများကို ကြားလိုက်ရလေသည်။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်မှာ မြင်းလှည်းမောင်းသမားဖြစ်နေမှန်း သူသိရှိလိုက်ရ၏။ ထို့ကြောင့် ‘ပျံလွှား၃ဆင့်ရေပေါ်ရှပ်ပြေး’ ကိုယ်ဖော့ပညာကိုသုံးလိုက်ပြီး အခင်းဖြစ်ပွားရာသို့ ၃ဆင့် ခုန်ကာ ရောက်သွားခဲ့၏။

လူ ၂ ယောက် အပြင်းအထန် တိုက်ခိုက်နေကြ၏။ လက်သီး၊ လက်ဝါးများ၏အဟုန် ပြင်းထန်မှုကြောင့် နှင်းမှုန်များလွင့်စင်နေကာ တိုက်ပွဲတစ်ဝိုက်တွင် လေပွေငယ်လေးဖြစ်ပေါ်နေ၏။

မြင်းလှည်းမောင်းသမားက အော်ဟစ်ပြောဆိုနေ၏။ “ကိုယ့်ကိုကိုယ်ကျတော့ သိပ်ပြီးသမာသမတ်ကျတဲ့လူလို့လည်း ပြောသေးတယ်။ အောက်တန်းကျလှချည်လား။ ခင်ဗျားရဲ့သားကို ကယ်လို့မှ မရတော့တာ၊ ဘာတတ်နိုင်ဦးမှာလဲ။ ဘာဖြစ်လို့ သူ့ကိုသတ်ချင်နေရတာတုန်း။”

သူနှင့်တိုက်ခိုက်နေသူမှာ ချင်ရှောင်ယီဖြစ်နေလေသည်။ ချင်ရှောင်ယီက စိတ်ဆိုးစွာဖြင့် အော်ပြောလိုက်သည်။ “မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ။ ငါ့ကိစ္စထဲ ဝင်ရောက်စွက်ဖက်ရဲသေးတယ်ပေါ့လေ။ မင်းရဲ့အဆင့်အတန်းကိုလည်း မင်းပြန်ကြည့်ပါဦး။ ကောင်းပြီလေ... မင်းကိုပါ ဒုက္ခိတဖြစ်သွားအောင် လုပ်ပေးရ တော့မှာပေါ့။”

လောင်ရှောင်း၄ယွန်မှ ထိုသူနှစ်ဦးအား ဖြန်ဖြေပေးရန်ကြိုးစားနေ၏။ သို့သော် ယူလောင်ရှန်းမှာမူ လက်ပိုက်၍ ရပ်ကြည့်နေလေသည်။

လီဆွန်းဟွာ ရောက်ရှိသွားသောအခါ လောင်ရှောင်း၄ယွန် သူ့ထံသို့လျှောက်လာလိုက်ပြီး-“ညီလေး... သူတို့ကို ဖြန်ဖြေပေးပါဦး။ ပန်းဘီလူးကိုတောင်မှ ငါတို့ရင်မဆိုင်ရသေးဘူး။ ငါတို့အချင်းချင်းရန်ဖြစ်နေကြရပြီ။ ဒီလိုဖြစ်နေတာ...လုံးဝ...”

ယူလောင်ရှန်းက အေးစက်စက်ရယ်မောလိုက်ပြီး-“ဒါကို ‘အင်အားကြီးတဲ့စစ်သူကြီးတစ်ယောက်ရဲ့ လက်အောက်မှာ ပျော့ညံ့ညံ့စစ်သားတွေ တစ်ယောက်မှမရှိဘူး’ လို့ခေါ်တယ်။ လီဆွန်းဟွာရဲ့ အစေအပါးတစ်ယောက်က ဒီလောက်တောင်စွမ်းနေလိမ့်မယ်လို့ ကျနော်ထင်မထားခဲ့မိဘူး။ ကြမ်းကြုတ် ရိုင်းစိုင်းလိုက်တာဗျာ...”

လီဆွန်းဟွာ-“ဟုတ်တယ်... သူကကြမ်းကြုတ်ရိုင်းစိုင်းတယ်။ သူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့လို့ကိုး...”

လီဆွန်းဟွာသည် ယူလောင်ရှန်းအား စကားဆက်ပြောခွင့်မပေးတော့ဘဲ လောင်ရှောင်း၄ယွန် ဘက်သို့လှည့်လိုက်ကာ၊ “ဘာဖြစ်နေကြတာလဲ...”

လောင်ရှောင်း၄ယွန်-“ချင်ကျောင်ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းနေပြီး ဘယ်လိုမှမကယ်နိုင်တော့ဘူး။ ဒါနဲ့ အစ်ကိုကြီးချင်ကနေ...”

လီဆွန်းဟွာ-“ဒါနဲ့ပဲ မေ့အော်ကို အပြစ်အားလုံးပုံချလိုက်တယ်ပေါ့...”

လောင်ရှောင်း၄ယွန်သည် ခါးသီးစွာပြုံးလိုက်ပြီး-“အဖေနဲ့သားရဲ့ သံယောဇဉ်ဆိုတာ သိပ်ကြီးကြတယ်မဟုတ်လား။ အစ်ကိုကြီးချင်က စိတ်မထိန်းနိုင်သလိုဖြစ်သွားခဲ့ပြီး မေ့အော်ကို မတော်တဆ ဒဏ်ရာရအောင် လုပ်လိုက်ခဲ့မိတယ်။ ဒါပေမဲ့ သိပ်မပြင်းထန်ပါဘူး။”

လီဆွန်းဟွာ နှာခေါင်းတချက်ရှုတ်လိုက်ကာ ဘာမျှပြန်မပြောတော့ချေ။

လောင်ရှောင်း၄ယွန်-“ညီလေး... မင်းသူ့ကိုထိန်းလိုက်ပါကွာ။ မင်းတစ်ယောက်တည်းရဲ့စကားကိုပဲ သူနားထောင်တယ်ဆိုတာ ငါသိပါတယ်။”

လီဆွန်းဟွာမှ အေးစက်စွာဖြင့်ပြန်ပြောလိုက်၏။ “ဘာဖြစ်လို့တားရမှာလဲ။ သူမလုပ်ခဲ့ရင်တောင်မှ ကျနော်ကိုယ်တိုင် လုပ်လိုက်ချင်သေးတယ်။”

လောင်ရှောင်း၄ယွန် ဆွံ့အသွားခဲ့ပြီး ဘာမျှပြန်မပြောနိုင်တော့ချေ။

မြင်းလှည်းမောင်းသမား၏ လက်သီးချက်များက ဝဲပျံနေ၏။ လက်သီးချက်တိုင်းတွင် ပြင်းထန်လှသော အင်အားများပါဝင်နေ၏။ တိုက်ကွက်များက မလှပသော်လည်း နောက်ကွယ်မှ အင်အားမှာ တုန်လှုပ်စဖွယ်ပင်။

ချင်ရှောင်ယီမှာ အသက်ပင်မနည်းရှုနေရလေသည်။

ယူလောင်ရှန်း-“အစေအပါးတစ်ယောက်ရဲ့ သိုင်းပညာက ဒီလောက်တောင်ကြောက်ဖို့ ကောင်းနေပါလား။ သူတစ်ချက်တိုက်ခိုက်လိုက်တိုင်း သူကိုယ်တိုင်လည်း တစ်ချက်ပြန်အထိခံနေရတယ်။ ဒီလို လက်သီးပညာမျိုးက တော်တော့်ကိုနားလည်ရခက်ပါလား။”

လီဆွန်းဟွာ-“အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို ဂရုမစိုက်လို့ပဲ။ သူခံနိုင်ရည်ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့လက်သီးတစ်ချက်လောက် ထိလိုက်ကြည့်ပါလား၊ အဲ့ဒီလူအတွက်တော့ မတွေးဝံ့စရာပဲ။”

ယူလောင်ရှန်း ဘာမျှပြန်မပြောနိုင်ခင်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်လေ၏။ “ဘယ်လိုမျိုး အစေခံခွေးတစ်ကောင်လဲကွ... မင်းထက်အဆင့်အတန်းမြင့်တဲ့လူကိုတောင်မှ မင်းကပြန်ပြီးတိုက်ခိုက်ရဲသေးတယ်ပေါ့။ ငါကိုယ်တိုင်မင်းကို ဆုံးမမယ်။”

စကားအဆုံး၌ပင် အခင်းဖြစ်ပွားရာသို့ ကျိုကျန်ရိ ရောက်ရှိလာခဲ့သည်။

သူ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် လီဆွန်းဟွာက အေးစက်စွာ ပြောဆိုလိုက်၏။ “နှစ်ယောက်တစ်ယောက် အနိုင်ကျင့်မယ်ကြံရင်တော့ ကျုပ်ရဲ့ဓားပျံကလည်း ငြိမ်နေမှာမဟုတ်ဘူးနော်...”

ကျိုကျန်ရိ ချက်ချင်းပင် ကိုယ်ရှိန်သတ်လိုက်၏။ ထို့နောက် စိတ်ဆိုးစွာဖြင့်-“မင်းရဲ့အစေအပါးက သူ့အထက်က သူ့ထက်အဆင့်အတန်းမြင့်တဲ့လူကို တိုက်ခိုက်နေတာ မင်းမမြင်ဘူးလား။ မင်းကသူ့ကို မဆုံးမတဲ့အပြင် အကာအကွယ်တောင်ပေးချင်နေတယ်ပေါ့။ ဒါကို သိုင်းလောကရဲ့ တရားမျှတမှုလို့များ ဆိုလိုချင်နေသေးတာလား။”

လီဆွန်းဟွာ အေးအေးဆေးဆေးပင် ပြန်၍ပြောလိုက်၏။ “ဘယ်လိုတရားမျှတမှုလဲ။ နှစ်ယောက်တစ်ယောက် တိုက်တာ တရားမျှတတယ်လို့ ပြောချင်တာလား။”

ကျိုကျန်ရိက ကျယ်လောင်စွာဖြင့် အော်ပြောလိုက်ပြန်၏။ “ဒါဟာ ရန်ဖြစ်တိုက်ခိုက်နေတာ မဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်။ ဒါဟာ အစေခံတစ်ယောက်ကို ဆုံးမနေတာကွ။”

လီဆွန်းဟွာ-“ဘယ်တုန်းကမှ သူ့ကိုဆုံးမစရာမလိုခဲ့ပါဘူး။ သခင်ကြီးကျိုက မကျေနပ်ဘူး ဆိုရင်တော့ ချင်ရှောင်ယီကို နောက်ဆုတ်ခိုင်းလိုက်ပြီး ကိုယ်တိုင်ဝင်တိုက်နိုင်ပါတယ်။”

ကျိုကျန်ရိ-“ဒီအကောင်က သူ့ကိုယ်သူ ဘာလို့များထင်နေလို့တုန်း။ ငါနဲ့တိုက်ဖို့ တန်ကောတန်ရဲ့လား။”

လီဆွန်းဟွာက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက။ “မှန်ပါတယ်၊ သူက ‘အကောင်’မဟုတ်ပါဘူး။ လူတစ်ယောက်ပါ။”

ထို့နောက် ကျိုကျန်ရိအား ပြုံးပြီးကြည့်နေလိုက်ရင်း-“ဒါဆိုရင်... သခင်ကြီးကျိုကကော... ‘အကောင်’တစ်ကောင်ပဲလား...”

ဤအချိန်တွင် လောင်ရှောင်း၄ယွန် ဘာမျှပြန်မပြောနိုင်တော့ဘဲ လက်ပိုက်ကာ ကြည့်နေရတော့သည်။ ထိုအချိန်၌ပင် ‘ဘုန်း...ဘုန်း...’ဆိုကာ လက်သီးနှစ်လုံးဖြင့် ဆက်တိုက်အထိုးခံလိုက်ရသော အသံကျယ်ကြီးအား ကြားလိုက်ကြရသည်။ ချင်ရှောင်ယီ ဘယ်နေရာသို့ရောက်သွားပါသနည်း။ အထိုးခံလိုက်ရပြီးနောက် လေထဲသို့လွင့်ပျံသွားကာ ခပ်ဝေးဝေးတစ်နေရာသို့ ‘ဘုတ်’ကနဲ ပြုတ်ကျလာလေတော့သည်။

ယူလောင်ရှန်းက ခနဲ့တဲ့တဲ့ရယ်မောလိုက်ပြီး-“အစေခံတစ်ယောက်ကို သခင်ကမဆုံးမနိုင်တဲ့အပြင် ပြောင်းပြန်ဖြစ်နေပါပေါ့လား။”

ချင်ရှောင်ယီသည် ကျိုကျန်ရိ၏နားသို့ကပ်ပြီး တစ်စုံတစ်ခုပြောလိုက်လေသည်။ ကျိုကျန်ရိက မြင်း လှည်းမောင်းသမားဘက်သို့လှည့်လိုက်ပြီး-“မင်းရဲ့သိုင်းပညာက မယုံနိုင်စရာကို ကောင်းလှချည်လား။ ငါတောင်မှ မရိပ်မိလိုက်ဘူး။ တတိယညီလေးက သတိမထားမိလိုက်တဲ့အချိန်မှာမှ မင်းက အလစ်ဝင်တိုက်ခဲ့တာကိုး။”

မြင်းလှည်းမောင်းသမားက အေးစက်စွာရယ်မောလိုက်ပြီး-“ခင်ဗျားတို့လိုလူတန်းစားတွေ ရှုံးနိမ့်တဲ့အခါကျတော့ ကျုပ်ကအလစ်ဝင်တိုက်လိုက်လို့ ရှုံးရတာ၊ ကျုပ်ရှုံးနိမ့်ခဲ့ရင်တော့ ကျုပ်အသုံးမကျလို့ ရှုံးရတာ။ ဒါမျိုးတွေက ရိုးနေပါပြီ။ ခင်ဗျားထပ်ပြောနေဖို့ မလိုပါဘူး။”

ကျိုကျန်ရိတစ်ယောက် စိတ်ဆိုးသွားခဲ့ပြီး ပြန်ပြောလိုက်၏။ “အစတုန်းကတော့ မင်းကိုသတ္တိရှိတဲ့လူတစ်ယောက်လို့ ငါက ထင်ထားခဲ့တာ။ မင်းကိုငါက အကာအကွယ်ပေးဦးမလို့ပါပဲ။ အခုတော့ ငါ့ရဲ့စိတ်ကိုလာဆွနေတာလား...”

မြင်းလှည်းမောင်းသမား-“ကျုပ်ဒီကနေ့အထိရှင်သန်နေခဲ့တာ ခင်ဗျားရဲ့ကာကွယ်မှုအောက်မှာမဟုတ်ဘူး။ ကျုပ်ရဲ့အသက်ကိုလည်း ကျုပ်ကဒီလောက်ကြီး ခင်တွယ်မနေပါဘူး။ ခင်ဗျားကြိုက်သလို လုပ်နိုင်ပါတယ်။”

ကျိုကျန်ရိက သူ့အားစိုက်ကြည့်နေလိုက်ပြီး-“သိပ်ကောင်းတယ်...သိပ်ကောင်းတယ်...”

ထိုစကားအား ၄-၅ကြိမ်လောက်ရေရွတ်လိုက်ပြီးနောက် ချင်ရှောင်ယီကို သယ်ယူကာ ထွက်ခွာသွားလေသည်။

လောင်ရှောင်း၄ယွန်မှ ပြေးလိုက်သွားခဲ့၏။ “အထင်မှားပြီးဖြစ်ခဲ့ကြတာပါဗျာ... ကျနော်တို့ အေးအေးဆေးဆေး ဖြေရှင်းကြရအောင်ပါ။”

ချင်ရှောင်ယီ-“ကျုပ်ရဲ့သားနဲ့ ကျုပ်တို့ ဒီလောက်တောင်ဖြစ်ခဲ့ကြပြီးမှတော့ ဘာကိုဆက်ပြီးဖြေရှင်းရဦးမှာလဲ။”

လောင်ရှောင်း၄ယွန် နောက်ဆုတ်သွားခဲ့ပြီး ချင်ရှောင်ယီနှင့် ကျိုကျန်ရိတို့နှစ်ဦး ထွက်ခွာသွားခဲ့သည်ကို ငေးကြည့်၍ကျန်ရစ်ခဲ့လေတော့သည်။

လီဆွန်းဟွာ သက်ပြင်းချလိုက်၏ “အစ်ကိုကြီး... ကျနော်ပြန်ရောက်လာတာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်။ ကျနော့်ကြောင့် ပြဿနာတွေအများကြီး ဖြစ်ခဲ့ရပြီ။ ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင်...”

လောင်ရှောင်း၄ယွန်က ရယ်မောလိုက်ပြီး-“ညီလေး... နောက်ကိုဘယ်တော့မှ ဒီလိုမပြောနဲ့၊ ငါတို့နှစ်ယောက်ကြားမှာ ဘယ်တုန်းကများ ပြဿနာဆိုတာ ရှိခဲ့ဖူးလို့လဲ။”

လီဆွန်းဟွာမှ မချိပြုံးလေးပြုံးလိုက်ကာ ပြောဆိုလိုက်ပြန်၏။ “အစ်ကိုကြီး... ကျနော် အစ်ကိုကြီးကို ဒုက္ခလာပေး သလိုဖြစ်နေခဲ့ပြီ...”

လောင်ရှောင်း၄ယွန်-“ဘာမှ စိတ်မကောင်းမဖြစ်နဲ့။ မင်းဘာပဲလုပ်လုပ် မင်းဘက်မှာ ငါအမြဲရှိနေမယ်... ဟုတ်ပြီလား...”

ဝမ်းသာလွန်းသောကြောင့် လီဆွန်းဟွာ၏ မျက်နှာပေါ်သို့ မျက်ရည်များလိမ့်ဆင်းလာလေတော့သည်။

လောင်ရှောင်း၄ယွန်က မြင်းလှည်းမောင်းသမားအား စိုက်၍ကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်၏။ သို့သော် ဘာမျှမပြောတော့ဘဲ စကားလမ်းကြောင်းလွှဲပြောလိုက်၏။ “မိုးတောင်လင်းတော့မယ်။ ပန်းဘီလူးလည်း လာမှာမဟုတ်တော့ဘူး။ မင်းလည်းခရီးပမ်းလာပြီ၊ သွားနားနေတော့… ဟုတ်ပြီလား။”

“ကောင်းပြီလေ...”

လောင်ရှောင်း၄ယွန်-“မင်းအတွက် ငါအခန်းတစ်ခန်း ပြင်ထားခိုင်းပြီးပြီ။ မင်းရဲ့အရင်အခန်းမှာပဲ နေချင်တယ်ဆိုရင်တော့ လင်ရှန်းအာကို ဖယ်ပေးခိုင်းလိုက်မယ်လေ။”

လီဆွန်းဟွာ-“မလိုပါဘူး... ရပါတယ်။”

မြင်းလှည်းမောင်းသမားသည် ထိုနေရာတွင်ထိုင်ကာနေ၏။ သူ တစ်စုံတစ်ခုကို အကြာကြီးစဉ်း စားနေလိုက်ပြီး ဆုံးဖြတ်ချက်ချပြီးသွားဟန်ဖြင့် ပြောဆိုလိုက်သည်။ “သခင်လေး... ကျနော်လည်း သွားတော့မယ်။”

“ခင်ဗျားလည်း သွားတော့မယ်... ထွက်သွားတော့မယ်...”

မြင်းလှည်းမောင်းသမား-“သခင်လေးက ကျနော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ နဂိုကတည်းက သခင်လေးကို တစ်သက်လုံးလုပ်ကျွေးပြုစုသွားဖို့ ကျနော့်မှာ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျနော်သွားရတော့မယ်။”

ညဉ့်နက်ကြီးထဲ၌ မြင်းခွာသံအချို့ ထွက်ပေါ်လာသည်ကို သူတို့ကြားလိုက်ကြရလေသည်။

သူဆက်ပြောလိုက်၏။ “ကျိုကျန်ရိက ကျနော်ဘယ်သူလဲဆိုတာ သိသွားခဲ့ပြီ။ အခုအချိန်လောက်ဆို ကျနော့်ရန်သူတွေကို သူ အဆက်အသွယ်လုပ်ပြီးနေလောက်ပြီ။ ကျနော့်အသက်အတွက် ကျနော် ဂရုမစိုက်ပါဘူး။ သူတို့ကိုလည်း ကျနော်ဂရုမစိုက်ဘူး။ ဒါပေမဲ့ ...”

“ဒါပေမဲ့ ခင်ဗျားရဲ့ကိစ္စမှာ ကျုပ်ကိုဝင်မပါစေချင်ဘူး...ဟုတ်လား။”

မြင်းလှည်းမောင်းသမား-“သခင်လေးအနေနဲ့ ပြဿနာတက်မှာကို မကြောက်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်ရဲ့တရားခံက ကျနော်ဖြစ်နေတယ်။ ကျနော်နဲ့ရောပြီးတော့ သူတို့ရဲ့အအော်အငေါက်တွေ သခင်လေးခံရမှာကိုတော့ ကျနော်မလိုလားဘူး။”

လီဆွန်းဟွာ ခဏလောက်စဉ်းစားနေလိုက်ပြီး-“အဲ့ဒါက မတော်တဆဖြစ်ခဲ့တာပဲ။ ၁၈ နှစ် လုံးလုံး ခင်ဗျားပေးဆပ်နေခဲ့တာ ကျေရုံတင်မကတော့ဘူး၊ ပိုတောင်မှ ပိုနေခဲ့ပါပြီ။”

မြင်းလှည်းမောင်းသမား-“သူတို့ကတော့ ဂရုစိုက်မှာမဟုတ်ပါဘူး။ သိုင်းလောကရဲ့ သွေးကြွေးဆိုတာ သွေနဲ့ပဲပြန်ဆပ်ရိုးထိုးစံရှိပါတယ်။” လီဆွန်းဟွာအား စကားဆက်ခွင့်မပေးဘဲ ဆက်ပြောလိုက်ပြန်၏။ “ဒါ့အပြင် ကျနော် ဆရာမေ့အော်ကိုလည်း လိုက်ရှာရဦးမယ်။ ဒဏ်ရာတွေနဲ့ ဘယ်လောက်ဝေးဝေးကို ထွက်သွားလဲမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဒီကိုရောက်လာတာ ကျနော်တို့ကြောင့်မဟုတ်လား။”

လီဆွန်းဟွာ အတန်ကြာ တိတ်ဆိတ်သွားခဲ့ရ၏။ “ခင်ဗျားဘယ်ကို သွားမယ်လို့ စိတ်ကူးထားလဲ။”

မြင်းလှည်းမောင်းသမားက သက်ပြင်းချလိုက်ပြီး-“အခုလောလောဆယ်တော့ ဘယ်ကိုသွားရမလဲဆိုတာ မသိသေးပါဘူး။”

ထို့နောက် လီဆွန်းဟွာအား ရုတ်တရက် ပြုံးပြလိုက်ပြီး-“ကျနော် အဝေးကြီးကိုတော့ ထွက်မသွားပါဘူး။ လသာပြီး လေငြိမ်တဲ့ညတွေဆိုရင် ကျနော် သခင်လေးဆီလာပြီး အရက်သောက်ရင်း အဖော်လာလုပ်ပေးပါ့မယ်။”

လီဆွန်းဟွာ ထိုင်ချမိလိုက်တော့သည်။ “ခင်ဗျား တကယ်ပြောနေတာလား။”

“စိတ်ချပါ သခင်လေး...”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ရည်များစီးဆင်းလာကြ၏။ ထို့နောက် ဆန့်ကျင်ဘက်အရပ်များဆီသို့ ခေါင်းလှည့်လိုက်ကြလေတော့သည်။ သူရဲကောင်းများခွဲခွာကြသောအခါ မိန်းကလေးများထက်ပင် အသည်းနုကြသေးသည်မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်တရာမှပင် ဂရုတစိုက်ရှိကြသောကြောင့်ပင်။ သို့သော် သူတို့၏ရင်ထဲမှ စကားများအား အပြင်သို့တော့ ထုတ်မပြောတတ်ကြချေ။

လီဆွန်းဟွာ-“ခင်ဗျားတကယ်ပဲ သွားတော့မယ်ဆိုရင် ဝင်းပြင်အထိတော့ ကျုပ်လိုက်ပို့ပေးပါရစေ။”

လမ်းကလေးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လီဆွန်းဟွာ၏ ချောင်းဆိုးနေသောအသံပင်လျှင် တိတ်ဆိတ်မှုအား ဖြိုခွင်းမသွားနိုင်ခဲ့ပါ။

မြင်းလှည်းမောင်းသမားက ရပ်တန့်လိုက်ပြီး-“ကျနော်တို့ လမ်းခွဲလိုက်ကြရအောင်။ သခင်လေးပြန်ပါတော့။”

လီဆွန်းဟွာ အနည်းငယ်မျှ လိုက်၍လျှောက်သွားလိုက်ပြီး နောက်ဆုံးတွင်ရပ်လိုက်၏။ လမ်း၏အဆုံးတစ်ဘက်ဆီတွင်ရှိနေသော သစ်ပင်တစ်ပင်အားငေးကြည့်နေလိုက်ပြီး-“ကောင်းပြီလေ။ ဒါဆိုရင် ကျုပ်သွားတော့မယ်။ ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး။”

မြင်းလှည်းမောင်းသမား-“သခင်လေးလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။”

သူ လီဆွန်းဟွာအား လုံးဝမကြည့်တော့ပါ။ ဆန့်ကျင်ဘက်အရပ်သို့လျှောက်သွားလိုက်ပြီး လှည့်မကြည့်ဘဲ ပြောလိုက်၏။၊ “သခင်လေးမှာ ဘာမှလုပ်စရာမရှိဘူးဆိုရင်တော့ အဲ့ဒီမှာပဲနေနေလိုက်ပါ။ လောင်ရှောင်း၄ယွန်က သခင်လေးအပေါ်မှာ တကယ့်ကိုကောင်းရှာပါတယ်။”

ပြီးနောက်ဆက်၍ပြောလိုက်၏။ “ကျနော်လည်း သခင်လေးဆီကို နောက်ဆိုရင်လာရှာလို့ ပိုပြီးလွယ်ကူသွားတာပေါ့။”

လီဆွန်းဟွာ-“ကျုပ်အတွက်တော့ ဒီမှာပဲနေဖြစ်ဖို့များပါတယ်။ ဘယ်မှလည်း သွားစရာမှ မရှိတာ။”

လီဆွန်းဟွာ ပြုံးနေ၏။ မည်သည့်အတွက်ကြောင့် သူပြုံးနေရသနည်း။

မြင်းလှည်းမောင်းသမားသည် နှုတ်ခမ်းအားဖိကိုက်လိုက်ပြီးနောက် ချာကနဲလှည့်ကာ ထွက်ခွာသွားလေတော့သည်။

သူဆက်၍ ပုန်းကွယ်နေရဦးပေမည်။ လီဆွန်းဟွာနှင့်အတူ ၁ဝ နှစ်လုံးလုံးပုန်းကွယ်နေခဲ့ပြီးပြီမဟုတ်ပါလော။ သူ မည်ကဲ့သို့ရုန်းကန်ရှင်သန်နေခဲ့မှန်း မည်သူမျှမသိနိုင်ချေ။ အိပ်မက်ရှည်ကြီး တစ်ခုအတိုင်းပင်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်းတွင် လီဆွန်းဟွာသည် သူ့အတွက် အဖော်ကောင်းတစ်ယောက် ဖြစ်ခဲ့၏။

ယခုတော့ သူတစ်ယောက်တည်း။

သူသာ သူရဲဘောကြောင်သူတစ်ယောက်ဆိုခဲ့လျှင် ရှောင်ပြေးနေမည်မဟုတ်ပေ။ ပုန်းအောင်းနေရခြင်းက ပို၍ခံစားရခက်သည်မဟုတ်ပါလား။

သူလွတ်မြောက်နိုင်ရမည်။ လီဆွန်းဟွာ၏ဘဝ ပြန်၍အနည်ထိုင်တော့မည်မှန်း သူတွေ့ရှိလိုက်ရ၏။ သူထွက်ခွာသွားမှပင် လီဆွန်းဟွာတစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်မည် မဟုတ်ပါလား။

မထွက်ခွာခင်လေးအထိ သူဘယ်သို့သွားရမည်မှန်း မဆုံးဖြတ်ရသေးပါ။ သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားလိုက်၏။ လူနေများသောအရပ်ဒေသများသို့ သူသွားရပေမည်။ တော်တော်လေး လမ်းလျှောက်လိုက်ပြီးသော် အစားအသောက်များရောင်းသောနေရာသို့ သူရောက်ရှိလာခဲ့၏။

တော်တော်လေးတော့ ရယ်စရာကောင်းသည်။ သူ့ဘဝတွင် ခမ်းနားကြီးကျယ်သော စံအိမ်ကြီးများသို့လည်း ရောက်ခဲ့ဖူး၏၊ တဲစုတ်တဲပုတ်လေးများတွင်လည်း နေခဲ့ဖူး၏။ အဆင့်အတန်းမြင့်မားသော မိန်းကလေးများနှင့်လည်း တွေ့ခဲ့ဖူးသလို အပေါစားပြည့်တန်ဆာများကိုလည်း မြင်ခဲ့ဖူး၏။ နှာခေါင်းပြတ်ကျမတတ်အေးသော ရာသီဥတုတွင် ကျင်လည်ခဲ့ဖူးသလို၊ ကြက်ဥပင်ပြုတ်နိုင်လောက်သည်အထိ ပူပြင်းသောရာသီဥတုမျိုးတွင်လည်း နေထိုင်ခဲ့ဖူး၏။

မြင့်မားသောတောင်တန်းများပေါ်မှ၊ ပင်လယ်ကမ်းစပ်များမှ နေဝင်သည်ကို ထိုင်၍ကြည့်ခဲ့ဖူး၏။ အသားစိမ်း ငါးစိမ်းများကို လူရိုင်းများနှင့်အတူတူ စားခဲ့ဖူး၏။

သို့သော် အစားအသောက်ချည်းသာရောင်းသော ဈေးထဲသို့တစ်ခါမျှ မရောက်ခဲ့ဖူးချေ။

ဆောင်းနံနက်ခင်းလေး၌ ဈေးထဲတွင် လူအများ ပျားပန်းခတ်လှုပ်ရှားနေကြသည်။ ဤ နေရာသို့ မည်သူလာလာ အထီးကျန်ဖြစ်နေမည်မဟုတ်ချေ။

ကလေးတွဲလောင်းနှင့် မိခင်များ၊ ချိုင်းထောက်ဖြင့် လူအိုတစ်ယောက်၊ ဆီကြော်နံ့များ လှိုင်၍ နေ၏။

လူတန်းစားစုံလင်စွာဖြင့် ဈေးကလေးမှာ စည်ကားနေ၏။ လူအများမှာ ခြင်းတောင်းလေးများဖြင့် ဈေးဝယ်ထွက်နေကြပြီး ပိုက်ဆံအနည်းငယ်မျှသာ တန်ဖိုးရှိသည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများအတွက် ဈေးသည်များနှင့် ငြင်းခုံနေကြသည်မှာ ဆူညံ၍နေလေသည်။

ငါးစိမ်းနံ့၊ ဆီကြော်နံ့၊ ကြက်သား၊ ဘဲသားတို့၏အနံ့ စသည်ဖြင့် အနံ့ပေါင်းစုံ လှိုင်နေလေ၏။

ရုတ်တရက်… သူ့ရှေ့မှ လူတစ်ယောက်၏ အော်ပြောလိုက်သံအား ကြားလိုက်ရသည်။ “အသားရောင်းတယ်... လတ်လတ်ဆတ်ဆတ် အသားတွေရမယ်။”

အသံရပ်သွားခဲ့၏။ သူ့ရှေ့မှလူများ မျက်နှာများဖြူဖတ်ဖြူရော်ဖြစ်သွားကြကာ ဘေးသို့ရှဲထွက်သွားကြကုန်၏။

တစ်ယောက်က မေးလိုက်၏။ “ဘာတွေဖြစ်နေကြတာလဲ”

ကျန်တစ်ယောက်က ပြန်ဖြေလိုက်သည်။ “အသားရောင်းနေတာ...”

“လူတိုင်း ဒီမှာအသားရောင်းနေကြတာပဲ။ ဘာများထူးဆန်းနေလို့လဲ။”

“ဒီအသည်က ထူးခြားတဲ့အသားတစ်မျိုးကို ရောင်းနေတာ။ လူသားရောင်းနေတယ်။”

မြင်းလှည်းမောင်းသမား၏ မျက်ခုံးများမြင့်တက်သွားခဲ့ပြီး လူအများအား ကျော်တက်ပြီး ကြည့်လိုက်သည်။

အနီးကပ် မြင်လိုက်ရသောမြင်ကွင်းကြောင့် လူအများထက်ပင် ပို၍ထိတ်လန့်သွားခဲ့ရလေသည်။

အသားရောင်းသူ၏ ဆိုင်းဘုတ်၌ရေးထားသည်မှာ-“နွားဝါ၊ သိုးဖြူ၊ ခုသတ်၊ ခုရောင်း။”

စားပွဲခုံ၏နောက်၌ မျက်လုံးတစ်ဖက်ကန်းနေသော ခပ်ဝဝ မိန်းမကြီးတစ်ယောက်ရှိနေ၏။ သူမ၏လက်ထဲ၌ သားသတ်သမားများ ကိုင်ဆောင်လေ့ရှိသော ဓားမကြီးအား ကိုင်ဆောင်ထားလေသည်။

စားပွဲပေါ်တွင်တော့ သက်ရှိလူသားတစ်ယောက်...

ထိုသူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ခန္ဓာကိုယ်မှ ဖြူဖွေးသောအသားများ ပေါ်နေ၏။ ထိုသူ၏ တစ်ကိုယ်လုံးတုန်ခါနေလေသည်။

တစ်ဘက်လပ်မိန်မကြီးက ထိုသူ၏လည်ပင်းအား ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ညာဘက်လက်မှ ဓားတဝင့်ဝင့်ဖြင့် လူသတ်ချင်သော အရိပ်အရောင်များ ဖုံးလွှမ်းနေသည်။ ထို့နောက် မြင်းလှည်းမောင်းသမားကို ကြည့်လိုက်ပြီး- “မင်းက အသားဝယ်ဖို့လာတာလား။”

မြင်းလှည်းမောင်းသမား အေးခဲသွားခဲ့ရလေ၏။ သူမပြောလိုက်သောစကားအား သူ မကြားလိုက်ပါ။

တစ်ဘက်လပ်မိန်းမ-“မင်းတစ်ယောက်ပဲ ဒီလိုအသားမျိုးကို ဝယ်မယ်ဆိုတာ ငါသိထားခဲ့တာ တော်တော်ကြာလှပေါ့။ ဒါကြောင့် ငါ ဒီမှာစောင့်နေခဲ့တာ။”

မြင်းလှည်းမောင်းသမားက ခါးသက်စွာပြုံးလိုက်ပြီး- “နှစ်တွေတော်တော်ကြာခဲ့ပြီပဲ... မရီးကြီး... နေကောင်း...”

တစ်ဘက်လပ်မိန်းမကြီးသည် မြင်းလှည်းမောင်းသမားအား တံတွေးနှင့်ထွေးလိုက်ပြီး- “ထွီ... မရီး... ဘာမရီးလဲ... ငါ့ကိုနောက်တစ်ကြိမ်ထပ်ခေါ်ဦးမယ်ဆိုရင် မင်းရဲ့လျှာကိုပါဖြတ်ပစ်လိုက်မယ်။”

မြင်းလှည်းမောင်းသမား မည်သို့မျှမတုန့်ပြန်ခဲ့ပါ။

တဘက်လပ်မိန်းမ-“မင်းက ဝမ်တန်ကျိကို သစ္စာဖောက်ခဲ့တယ်။ မင်း ကျိကျိတက်ချမ်းသာနေလောက်ပြီပေါ့၊ ဟုတ်တယ်မဟုတ်လား။ ဒီအသားလေး ဝယ်ဖို့ကိုများ ဘာများစဉ်းစားနေရတာတုန်း။”

ရုတ်တရက်… စားပွဲပေါ်မှလူအား ဆံပင်မှဆောင့်ဆွဲလိုက်ပြီး- “မင်းဝယ်မှာလား၊ မဝယ်ဘူးလား။ မဝယ်ဘူးဆိုရင်တော့ ငါသတ်ပြီး ခွေးကျွေးပစ်လိုက်မယ်။”

ထိုသူ့ကို မြင်းလှည်းမောင်းသမား ကြည့်လိုက်ရာ လွန်စွာတုန်လှုပ်သွားခဲ့ရပြီး- “ဆရာမေ့အော်... ခင်ဗျား...”

စားပွဲပေါ်မှလူမှာ လွန်စွာမှပင် ကြောက်လန့်တကြားဖြစ်နေပုံရပြီး စကားပင်ပြန်မပြောနိုင်တော့ပေ။ မြင်းလှည်းမောင်းသမား-“ကောင်းပြီ... ကျုပ်သူ့ကိုဝယ်မယ်။”

မိန်းမကြီး-“မင်းသူ့ကို ဝယ်မယ်ဆိုရင် ငါ့နောက်ကိုလိုက်ခဲ့ရလိမ့်မယ်။”

မြင်းလှည်းမောင်းသမား အံကြိတ်လိုက်၏။ “ကောင်းပြီ... ကျုပ်လိုက်ခဲ့မယ်။”

မိန်းမကြီးက သူ့ကိုစိုက်၍ကြည့်နေလိုက်ပြီး-“မင်းတော်တယ်။ မင်းကို ငါလိုက်ရှာနေခဲ့တာ ၁၇ နှစ်ကျော်ရှိပြီ။ မင်းထပ်ပြီးထွက်ပြေးသွားနိုင်မယ်လို့များ ထင်နေတာလား။”

မြင်းလှည်းမောင်းသမား သက်ပြင်းချလိုက်၏။ “ကျနော့်ကို ရှာတွေ့သွားခဲ့မှတော့ ကျနော် ထွက်ပြေးဖို့ မစဉ်းစားထားပါဘူး။”

တောင်ကုန်းလေး၏အောက်တွင်ရှိသော သင်္ချိုင်း၏ဘေးတွင် အိမ်သေးသေးလေးတစ်လုံး ရှိနေ၏။

အိမ်တွင်း၌ လူတစ်ယောက် စားပွဲပေါ်မှ ပန်းကန်လုံးအား ငေးစိုက်၍ကြည့်နေလေသည်။ သူ ဒီနေရာ၌ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။

သူ့မျက်ဝန်းများထဲ၌ နာကျည်းမှုများနှင့် ဒေါသထွက်မှုများ ရောယှက်နေ၏။ သူဘာကိုစဉ်းစားနေသလဲဆိုသည်ကို မည်သူမျှမသိနိုင်ပေ။ မြေကြီးမှာ အေးခဲလာသော်လည်း သူသတိထားမိပုံမရ။ ထိုအချိန်၌ပင် အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်။

ပေါက်ဆိန်တစ်လက်အား ဆွဲကိုင်လိုက်ကာ မေးလိုက်၏။ “အပြင်က ဘယ်သူလဲ။”

မျက်လုံးတစ်ဘက်လပ်မိန်းမကြီးက ပြန်ဖြေလိုက်၏။ “ကျမပါ။”

ထိုသူသည် လွန်စွာစိတ်လှုပ်ရှားသွားခဲ့ရပြီး- “သူ... သူတကယ်ပဲ ရောက်လာခဲ့ပြီလား။”

တစ်ဘက်လပ်မိန်းမကြီး-“လိပ်အိုကြီးရဲ့သတင်းက မှန်နေသားပဲ။ ကျမ သူ့ကိုအပါခေါ်လာခဲ့တယ်။”

ထိုသူမှ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်၏။ သူ့ပါးပြင်ပေါ်တွင်လည်း မျက်ရည်များဖြင့်ပါတကား။

ထိုစဉ်တွင် နောက်ထပ်ခြေသံများအား ကြားလိုက်ကြရ၏။

တစ်ဘက်လပ်မိန်းမကြီးက မေးလိုက်၏။ “ဘယ်သူလဲ...”

အပြင်ဘက်မှ ပြန်၍ဖြေကြားလိုက်၏။ “နံပါတ် ၇ ညီလေးနဲ့ ကျနော်ကိုယ်တိုင်ပါ။”

ဗလခပ်တောင့်တောင့်နှင့်လူမှာ မျက်နှာ၌ မှဲ့ခြောက်တင်းတိပ်များ ပြည့်နှက်နေ၏။ ထိုသူ၏ ပခုံးပေါ်တွင် ဂေါ်ဖီထုပ်များအပြည့်ပါသော တောင်းကြီးတစ်လုံးကို လွယ်ထားသည်။ နောက်တစ်ယောက်မှာမူ ပိန်ပိန်ပါးပါးရှိသည်။ သူကတော့ တိုဟူးပုတ်ရောင်းသူဖြစ်လေသည်။

ထိုသူနှစ်ယောက်လုံးသည် မြင်းလှည်းမောင်းသမားအား ရန်လိုစွာဖြင့် စိုက်ကြည့်နေကြ၏။ ဂေါ်ဖီထုပ်ရောင်းသူက မြင်းလှည်းမောင်းသမား၏ ရင်ဘတ်အား ဆွဲကိုင်လိုက်ပြီး- “ ‘ထယ်’ ခွေးမသား၊ ခုတော့ မင်းဘာပြောနိုင်သေးလဲ။”

တစ်ဘက်လပ်မိန်းမကြီး-“သူ့ကိုလွှတ်ပေးလိုက်။ မင်းပြောစရာရှိတယ်ဆိုရင် လူစုံမှပဲပြောတော့။”

မှဲ့ခြောက်နှင့်လူသည် လက်ကိုလွှတ်ပေးလိုက်ပြီး အံတစ်ချက်ကြိတ်လိုက်၏။ ထို့နောက် စားပွဲပေါ်၌တင်ထားသော အမွှေးတိုင်အိုးကို ၃ ကြိမ်ဦးချလိုက်သည်။ သူ့ပါးပေါ်၌လည်း မျက်ရည်များစီးကျလာလေတော့သည်။

တစ်နာရီခန့်အတွင်းမှာပင် နောက်ထပ်လူ ၃ ယောက်ရောက်လာခဲ့ကြ၏။ တစ်ယောက်မှာ ဆေးဆရာဖြစ်၏။ နောက်တစ်ယောက်မှာ ကြက်ခြေထောက်နှင့် အရက်အိုးထမ်းရောင်းသူဖြစ်သည်။ ကျန်တစ်ယောက်မှာမူ မျက်မမြင် ဗေဒင်ဆရာဖြစ်လေသည်။

ထိုသူများက မြင်းလှည်းမောင်းသမားအား တွေ့လိုက်သောအခါ မုန်းတီးမှုများ ပြည့်နှက်နေသောအကြည့်များဖြင့် စိုက်၍ကြည့်နေကြ၏။ သူတို့ ၇ ယောက်စလုံးမှာ ကြမ်းပြင်ပေါ်၌ ထိုင်နေကြပြီး မျက်နှာထားများ တင်းမာနေကြ၏။ ငရဲပြည်မှ ထွက်ပေါ်လာသော ငရဲသားများကဲ့သို့ သူတို့၏သွင်ပြင်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။

မြင်းလှည်းမောင်းသမားမှာမူ စကားတစ်လုံးမျှမပြောဘဲ ငြိမ်သက်စွာထိုင်နေလေသည်။

တစ်ဘက်လပ်မိန်းမကြီး-“နံပါတ် ၅ မောင်လေး... နံပါတ်၃ မောင်လေးဘယ်တော့လောက်မှ ရောက်လာမှာလဲ။”

အရက်ရောင်းသူ လူဝကြီး- “သူရောက်လာတော့မှာပါ။ သူ့စာကို ကျနော်ရခဲ့ပြီးပြီ။”

တစ်ဘက်လပ်မိန်းမကြီး-“ဒါဆိုရင် သူဘာလို့နောက်ကျနေရတာလဲ။”

မျက်မမြင်ဗေဒင်ဆရာက သက်ပြင်းချလိုက်ပြီး-“ကျုပ်တို့တတွေ ၁၇ နှစ်ကျော်ကြီးများတောင် စောင့်ခဲ့ကြပြီးပြီပဲ။ နောက်ထပ် ၁-၂ နာရီလောက်စောင့်လိုက်ရလို့ ဘာမှထူးမသွားပါဘူး။”

မျက်လုံးတစ်ဘက်လပ်မိန်းမကြီး-“၁၇ နှစ်... ၁၇ နှစ်ကြီးများတောင်မှ ကြာခဲ့ပြီပဲ။”

ဤ ၁၇ နှစ်ကာလပတ်လုံး ထိုသူများအတွက် လွန်စွာမှပင် ကြမ်းတမ်းခက်ခဲစွာ ရုန်းကန်ခဲ့ရမည်မှာ သံသယရှိစရာမလိုပေ။ ခါးသီးမှုများနှင့် သွေးကြွေးအတွက်ကျခဲ့ရသည့် မျက်ရည်စက်များမှာလည်း မရေမတွက်နိုင်အောင်ပင်။

မျက်မမြင်ဗေဒင်ဆရာ- “၁၇ နှစ်လုံးလုံး ကျုပ်က ‘ထယ်’ကိုယ်တော်လေးကို တွေ့ချင်နေခဲ့တာ အခုတော့...”

ထို့နောက် ဆက်ပြီး ပြောဆိုလိုက်၏။ “သူဘယ်လိုပုံစံရှိနေသလဲဆိုတာ ကျုပ်ကိုပြောပြပါလား နံပါတ်၄ ညီလေး။”

ဆေးဆရာ- “လွန်ခဲ့တဲ့ ၁၇ နှစ်ကအတိုင်းပါပဲ။ မပြောင်းလဲသွားပါဘူး။ မုတ်ဆိတ်မွှေးတွေ နည်းနည်းပိုရှည်လာပြီး ပိုဝလာတယ်လို့ ထင်ရတာပဲ။”

မျက်မမြင်ဗေဒင်ဆရာ-“ကောင်းတယ်၊ သိပ်ကိုကောင်းတယ်။ ‘ထယ်’ ခွေးမသား၊ ဒီ ၁၇ နှစ် လုံးလုံး မင်းကိုတွေ့ချင်လွန်းလို့ ကျုပ်ရဲ့အသက်ရှည်ပါစေ၊ အနာကင်းပါစေဆိုပြီးတော့ ဆုတောင်းခဲ့လိုက်ရတာ။ အခုတော့ ကျုပ်ရဲ့ဆုတောင်းပြည့်ခဲ့ပြီပေါ့လေ။”

မျက်လုံးတစ်ဘက်လပ်နေသော မိန်းမကြီးမှ သူမ၏နှုတ်ခမ်းအား ကိုက်လိုက်ပြီးနောက်-“သူက ဝမ်တန်ကျိကို သစ္စာဖောက်ခဲ့တာဆိုတော့ တော်တော့်ကို ချမ်းသာနေလောက်ပြီ။ ငါတို့လိုမျိုး ဆင်းရဲဒုက္ခရောက်နေရတဲ့ ဘဝမျိုး သူဘယ်နေခဲ့ရမှာလဲ။”

သူမက အရက်ရောင်းသူထံသို့ လက်ညှိုးထိုးပြလိုက်ပြီး- “နံပါတ်၅ မောင်လေး ‘ကျန်’ ကအခုဆိုရင် အရက်ရောင်းနေရပြီ။ ဒုတိယမောင်လေး ‘ရီ’ကတော့ မျက်စိနှစ်လုံးစလုံး ကွယ်သွားခဲ့ရပြီ။ မင်းဒါတွေကို သိမှာမဟုတ်ဘူးလို့ ငါလောင်းရဲပါတယ်။”

မြင်းလှည်းမောင်းသမားသည် မည်သို့မျှတုန့်ပြန်ပြောဆိုခြင်းမရှိချေ။ သူပါးစပ်ဟလိုက်သည် နှင့်တပြိုင်နက် မျက်ရည်များကျဆင်းလာနိုင်သည်ကို တွေးမိလိုက်၍ ငြိမ်နေလိုက်၏။

သူ၏ ဒုက္ခခံခဲ့ရမှုများကို မည်သူသိနိုင်ပါသနည်း။

ထိုစဉ်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ “မရီး... ကျနော် သတင်းကောင်းတစ်ခု ကြားလာခဲ့တယ်။”

0 comments:

Post a Comment