Monday, February 28, 2011

(၁၈) တစ်ရက်တည်း၌ကြုံတွေ့ရသော အံ့အားသင့်မှုများ

ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံသည် သာမန်လူများအဖို့ လွန်စွာမှပင် ရှည်လျားနေမည်ဖြစ်သော်လည်း ထိုသူ့အတွက်မူ တိုနံ့နံ့ဖြစ်နေလေ၏။

သူသည် မြင်ရသူတိုင်းအံ့အားသင့်လောက်အောင် အရပ်ရှည်သူတစ်ယောက်ဖြစ်၏။ ထိုသူသည် ရှည်လျားသော အစိမ်းရောင်ခမောက်တစ်ခုကို ဆောင်းထားပြီး သစ်ပင်တစ်ပင်ကဲ့သို့ မတုန်မလှုပ် ရပ်နေသည်။

သွားနေသောမြင်းလှည်းအား ရပ်တန့်သွားအောင် ဆွဲနိုင်ခဲ့သည့် သူ့အင်အားသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ၏မျက်လုံးများက ပို၍ပင်ကြောက်စရာကောင်းနေသည်။ ထို မျက်လုံးများသည် လူသားတစ်ယောက်၏ မျက်လုံးများမဟုတ်သည့်အတိုင်းပင်။ သူ၏မျက်လုံးများက အစိမ်းရောင်သမ်းနေပြီး တောက်ပလင်းလက်နေ၏။

အပြင်ဘက်သို့ တျန်ချီသည် ထွက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည်ဝင်ရောက်လာခဲ့၏။ သူ့မျက်နှာအမူအရာများ ပျက်နေလေ၏။

ရှင်းမယ်-“အပြင်ဘက်မှာ တစ်ယောက်ယောက်များ ရောက်လာခဲ့တာလား။”

တျန်ချီ-“ရိခူ...”



လီဆွန်းဟွာ ပြုံးလိုက်၏။ “ကျုပ်ရဲ့အခြားမိတ်ဆွေတွေလိုပဲ ကျုပ်ရဲ့ဦးခေါင်းကို လိုချင်လို့ ဖြစ်မှာပေါ့။”

ရှင်းမယ်၏မျက်နှာ ပျက်သွားခဲ့၏။ မြင်းလှည်းတံခါးကိုဖွင့်လိုက်ပြီး- “ရိခူ...”

သရဲစိမ်းလက်က သူ့ကိုစိုက်ကြည့်လိုက်ပြီး- “ခင်ဗျားက ရှင်းဟူလား၊ ဒါမှမဟုတ် ရှင်းမယ် လား။”

ရှင်းမယ်ဆရာတော်-“ဘုန်းကြီးဆိုတာ လိမ်မပြောရပါဘူး။ အထဲမှာ လီဆွန်းဟွာနဲ့ တျန်ချီတို့ ရှိနေကြပါတယ်။”

ရိခူ-“ကောင်းတယ်... ကျုပ်လက်ထဲကို လီဆွန်းဟွာကို လွှဲပေးလိုက်။ ခင်ဗျားတို့ကို သွားခွင့်ပေးလိုက်မယ်။”

ရှင်းမယ်-“ကျုပ်က သဘောမတူဘူးဆိုရင်ကော...”

ရိခူ-“ဒါဆိုရင်တော့ ခင်ဗျားကိုအရင်သတ်ပြီးမှ လီဆွန်းဟွာကိုသတ်ရလိမ့်မယ်။”

သူ၏လက်တစ်ဘက်ကို ရုတ်ချည်းပင်လှုပ်ရှားလိုက်ရာ အစိမ်းရောင်လက်တစ်ဘက် ထွက်ပေါ်လာ၏။ သူသည် ရှင်းမယ်ဆရာတော်သို့ ဦးတည်ကာ တိုက်ခိုက်လိုက်၏။

ရှင်းမယ်ဆရာတော်သည် တရားစာများရွတ်ဆိုလိုက်ရာ မီးခိုးရောင်ဝတ်ဘုန်းကြီးငယ် ၄ ပါး ထွက်ပေါ်လာ၏။ ပထမဆုံးတိုက်ခိုက်မှုကို ရှင်းမယ်ကရှောင်တိမ်းလိုက်ပြီးသော် ထိုဘုန်းကြီးငယ်များက ရိခူကို ဝိုင်းရံထားလိုက်ကြ၏။

ရိခူသည် တစ်ချက်ရယ်မောလိုက်ပြီး အစိမ်းရောင်မီးခိုးငွေ့များပါဝင်သော မြှားတံများကို ပစ်လွှတ်လိုက်၏။ ရှင်းမယ်ဆရာတော်သည် ချက်ချင်းပင်လှမ်း၍သတိပေးလိုက်၏။ “အသက်ရှူအောင့်ထားလိုက်ကြ...”

သူ့တပည့်များကို သတိပေးလိုက်သော်လည်း သူကိုယ်တိုင်ကမူ အငွေ့အနည်းငယ်မျှ ရှူရှိူက်မိသွားခဲ့၏။ သူ့နှာခေါင်းထဲသို့ စူးရှပြင်းထန်သော ရနံ့စူးစူးတစ်ခုဝင်ရောက်လာခဲ့၏။

ထိုဘုန်းကြီးငယ်များသည် ရှင်းမယ်၏မျက်နှာပျက်သွားခဲ့သည်ကို တွေ့လိုက်ကြရပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြ၏။

ထိုအချိန်တွင် ရှင်းမယ်သည် နောက်သို့ခုန်ဆုတ်လိုက်ပြီး မြေကြီးပေါ်သို့ ထိုင်ချလိုက်ကာ အတွင်းအားဖြင့် အဆိပ်ငွေ့များကို တိုက်ထုတ်နေသည်။

ရှောင်လင်ဘုန်းကြီးငယ်များသည် ရှင်းမယ်၏ရှေ့တွင် နံရံတစ်ချပ်ကဲ့သို့ စီတန်းရပ်ကာ ကာကွယ်မှုအပြည့် ပေးနေကြ၏။ သူတို့သည် ရှင်းမယ်၏အန္တရာယ်ကိုသာ အာရုံစိုက်ပြီး ကာကွယ်ပေးနေကြခြင်းဖြစ်၍ လီဆွန်းဟွာကို သတိမရတော့ချေ။

ရိခူသည် သူတို့အား လှည့်၍ပင်ဂရုမစိုက်တော့ဘဲ မြင်းလှည်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။

မြင်းလှည်းထဲ၌ လီဆွန်းဟွာတစ်ယောက်တည်းသာ ရှိနေပြီး တျန်ချီ ပျောက်နေလေသည်။

လီဆွန်းဟွာကို စိုက်ကြည့်လိုက်ပြီး ရိခူကမေးလိုက်၏။ “မင်း ချူတုကို သတ်ခဲ့လား။”

“ဟုတ်တယ်...”

ရိခူ-“ကောင်းပြီလေ... ချူတုရဲ့အသက်နဲ့ မင်းရဲ့အသက်လဲရတာ မင်းအတွက်တန်ပါတယ်။”

သူ၏သရဲစိမ်းလက်ကို မြှောက်လိုက်၏။

+++++

အားဖေသည် ခေါင်မိုးသို့ ငေးကြည့်နေ၏။ သူစကားပြောဆိုခြင်းမရှိသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

လင်ရှန်းအာ-“ရှင်ဘာတွေ တွေးနေတာလဲ...”

အားဖေ-“သူ လမ်းခရီးမှာ အန္တရာယ်ကင်းကင်းရှိနေမှာ သေချာရဲ့လား။”

လင်ရှန်းအာက ပြုံးပြလိုက်ပြီး- “သေချာပါတယ်ရှင်။ ရှင်းမယ်ကိုယ်တော်နဲ့ တျန်ချီတို့ လိုက်ပါစောင့်ရှောက်နေကြမှတော့ ဘယ်သူကလာပြီး အန္တရာယ်ပြုနိုင်မှာလဲ။”

သူမသည် အားဖေ၏ဆံပင်များကို သပ်တင်ပေးလိုက်၏။ “ရှင် ကျမအကြောင်းကို တွေးနေတယ်ဆိုရင် အိပ်ပြီးအနားယူနေလိုက်တော့နော်။ ဟုတ်ပြီလား။ ကျမရှင့်ဘေးနားမှာ အမြဲတမ်းရှိနေမယ်။ ဘယ်ကိုမှ ထွက်မသွားဘူးဆိုတာ ကတိပေးပါတယ်။”

သူမကို အားဖေကြည့်လိုက်သောအခါ နွေးထွေးသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရ၏။

နောက်ဆုံးတွင် အားဖေသည် အိပ်မောကျသွားလေသည်။

+++++

ရိခူသည် လီဆွန်းဟွာကိုစိုက်၍ ကြည့်နေလိုက်ပြီး- “မင်းမှာ ဘာများပြောစရာ ကျန်နေသေးလဲ။”

လီဆွန်းဟွာသည် သူ၏စိမ်းလဲ့တောက်ပနေသော သရဲစိမ်းလက်ကို ကြည့်နေလိုက်ပြီး- “ကျုပ်မှာပြောစရာ စကားတစ်ခွန်းပဲရှိတယ်။”

“ဘာပြောချင်တာလဲ...”

လီဆွန်းဟွာက သက်ပြင်းတစ်ချက်ချလိုက်ပြီး- “ဘာဖြစ်လို့များ သေဖို့အတွက် ဒီလောက် ဝေးဝေးကြီးကို လာခဲ့ရတာလဲ။”

သူ၏လက်တစ်ဘက်ကို ရုတ်တရက်ပင် လှန်လိုက်၏။

ဓားပျံတစ်လက်သည် တောက်ပစွာပျံထွက်သွား၏။ ရိခူသည် နောက်သို့လန်ကျသွားခဲ့၏။

နှင်းပေါ်၌ သွေးရောင်များလွှမ်းသွားသည်။

ရိခူသည် တော်တော်လေးဝေးသောနေရာသို့ ခုန်ဆုတ်သွားလိုက်ပြီး မကျေမချမ်းဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ “လီဆွန်းဟွာ... ဒီနေ့ရဲ့အကြွေးကို မှတ်ထားလိုက်...”

ဆောင်းလေက အရိုးကွဲမတတ်လောက်အောင် ဖြတ်၍တိုက်ခတ်လာ၏။ နှင်းပြင်တစ်ခုလုံး တိတ်ဆိတ်မှုများဖြင့် လွှမ်းခြုံထားလေသည်။

လက်ခုတ်တီးလိုက်သံတစ်ချက်ထွက်ပေါ်လာ၏။ တျန်ချီသည် မြင်းလှည်းနောက်မှ ပြုံးရွှင်စွာ ထွက်ပေါ်လာပြီး လက်ခုတ်ဩဘာပေးနေလေသည်။ “ကောင်းတယ်... သိပ်ကိုကောင်းတယ်... ရှောင်းလီဓားပျံက ဘယ်တော့မှ ပစ်မလွဲပဲ။ သူများတွေက ပုံကြီးချဲ့ပြီးပြောနေကြတာမဟုတ်ဘူးဆိုတာ ကျုပ် မြင်လိုက်ရပြီ။”

လီဆွန်းဟွာသည် ခဏမျှစဉ်းစားနေလိုက်ပြီး- “မင်းသာကျုပ်ကို သွေးကြောအကုန်လုံးဖွင့်ပေးခဲ့မယ်ဆိုရင် သူလွတ်မြောက်သွားနိုင်ခဲ့မှာမဟုတ်ဘူး။”

တျန်ချီ-“ကျုပ်သာမင်းကို သွေးကြောအကုန်လုံး ဖွင့်ပေးခဲ့ရင် လွတ်မြောက်သွားတဲ့လူဟာ မင်းဖြစ်သွားခဲ့မှာပေါ့။ ဓားပျံတစ်ချောင်း၊ လက်တစ်ဘက်တည်းနဲ့တောင်မှ ရိခူကို ဒဏ်ရာအကြီးအကျယ် ရသွားစေခဲ့ပြီ။ မင်းလိုလူစားမျိုးအတွက် ရှေ့လျှောက် ကျုပ်ပိုပြီး ဂရုစိုက်မှ ရတော့မယ်။”

ရှောင်လင်ဘုန်းကြီးငယ်များသည် ရှင်းမယ်ကို မြင်းလှည်းတွင်းသို့ ပွေ့ချီလာကြ၏။ အတွင်းသို့ရောက်သည်နှင့် ရှင်းမယ်က လောဆော်လိုက်၏။ “သွားကြစို့...”

အတန်ကြာသောအခါမှ ရှင်းမယ်က ညည်းတွားလိုက်၏။ “သရဲစိမ်းလက်ဟာ တကယ်ပဲ ကြောက်စရာကောင်းလှချည်လား။”

တျန်ချီ-“ရှောင်းလီဓားပျံလောက်တော့ ကြောက်စရာမကောင်းသေးပါဘူး။”

ရှင်းမယ်သည် လီဆွန်းဟွာကို ကြည့်နေလိုက်ပြီး- “ကျုပ်တို့ကို ဒကာလေးက ကယ်တင်ခဲ့မယ်လို့ ထင်မထားခဲ့ဘူး။”

လီဆွန်းဟွာ-“ကျုပ်ကိုယ်ကျုပ် ကယ်တင်လိုက်တာပါ။ စိတ်မပူပါနဲ့။ ကျေးဇူးတင်ဖို့လည်း မလိုအပ်ပါဘူး။”

တျန်ချီ-“ကျုပ်တို့နဲ့ ရှောင်လင်ကျောင်းတော်ကို လိုက်ခဲ့မလား၊ ဒါမှမဟုတ် ရိခူနဲ့ပဲ နေခဲ့မလားလို့ သူ့ကိုမေးလိုက်တယ်။ ပြီးတော့ သူ့ရဲ့ညာဘက်လက်က အကြောကိုဖွင့်ပေးလိုက်ပြီး ဓားပျံတစ်လက်ကို အဲ့ဒီလက်ထဲကို ထည့်ပေးခဲ့တယ်။ အဲ့ဒါလေးလောက်နဲ့တင် လုံလောက်သွားခဲ့ပါပြီ...”

ရှင်းမယ်-“ရှောင်းလီတွမ့်ဟွာရဲ့ ဓားပျံက ကျော်ကြားသလောက် အလွန်ပဲမြန်ဆန်လှသကိုး...”

ရှင်းမယ်၏အသက်ရှူသံများက ပုံမှန်မဟုတ်သေးသော်လည်း သူ၏နက်ရှိုင်းလှသော အတွင်းအားကြောင့် ညအချိန်မရောက်မီပင် ခန္ဓာကိုယ်ထဲမှ အဆိပ်များကို တွန်းထုတ်နိုင်ခဲ့လေသည်။ နောက်တစ်ရက်မနက်တွင် ရှင်းမယ်သည် လူကောင်းပကတိ ပြန်ဖြစ်နေလေပြီ။

လမ်းတွင် စားသောက်ဆိုင်လေးတစ်ခုကို သူတို့တွေ့လိုက်ကြ၏။ အရက်မပါသော ထမင်းပွဲသည် ဆားမပါသောဟင်းတစ်ခွက်ကဲ့သို့ပင် အရသာပေါ့ပျက်ပျက်ရှိလှ၏။

တျန်ချီ-“ကျုပ်တို့မှာ စားစရာလေးရှိနေတာကိုပဲ ဟုတ်လှပြီ။ သိပ်ပြီးမျှော်လင့်ချက်ကြီးမနေနဲ့ဦး။”

ရှောင်လင်ကျောင်းတော်သည် လွန်စွာမှပင် စည်းကမ်းကြီးလှ၏။ ထိုဘုန်းကြီးများသည် အသံတိတ်ဆိတ်စွာ စားသောက်နေကြ၏။ ဟင်းသီးဟင်းရွက် ဟင်းလျာများပင်ဖြစ်သော်ငြား သူတို့သည် ကျင့်သားရနေကြပြီးဖြစ်၏။ ထို့ပြင် ခရီးဝေးကြီးနှင်လာခဲ့သည့်နောက် လွန်စွာမှပင် ဆာလောင်နေကြရာ မြိန်ယှက်စွာပင် စားသောက်နေကြသည်။

ဒဏ်ရာမှ ပျောက်ကင်းကာစ ရှင်းမယ်တစ်ယောက်သာ သီးသန့်ဟင်းလျာတစ်ခွက်ကို မှာကြားလိုက်ပြီး မစားနိုင်သေးဘဲ စောင့်နေရ၏။

လီဆွန်းဟွာသည် တို့ဟူးတစ်တုံးကို နှိုက်ယူလိုက်၏။ သူ၏ပါးစပ်တွင်းသို့ထည့်တော့မည့် ဆဲဆဲမှာပင် ပြန်ချထားလိုက်၏။ “ကျုပ်တို့ စားလို့မရဘူး။”

တျန်ချီ-“လီတွမ့်ဟွာက သည်အစားအသောက်တွေကို ခံတွင်းမတွေ့ဘူးဆိုရင်တော့ ဗိုက်ဟောင်းလောင်းနဲ့ နေဖို့ပဲရှိတယ်။”

လီဆွန်းဟွာသည် ရိုးသားစွာပင်ပြောလိုက်၏။ “အစားအစာတွေထဲမှာ အဆိပ်ခပ်ထားတယ်။”

တျန်ချီက ရယ်မောလိုက်၏။ “မင်းကို အရက်ပေးမသောက်လို့ ဒီစကားပြောတာလား။”

ရုတ်ချည်းပင် သူ၏အရယ်ရပ်သွား၏။ တစ်စုံတစ်ယောက်က သူ၏လည်ချောင်းထဲသို့ စို့တစ်ခု သွတ်သွင်းလိုက်သည့်အလား။

အဘယ်ကြောင့်ဆိုသော် ရှောင်လင်ဘုန်းကြီးများ၏ ပြာနှမ်းနေသောမျက်နှာများကို သူ တွေ့လိုက်ရသောကြောင့်ဖြစ်၏။ ထိုဘုန်းကြီးများသည် ဘာမှမရိပ်မိကြသေးဘဲ မြိန်ယှက်စွာ စားသောက်နေကြတုန်းပင်။

ရှင်းမယ်သည် ထိတ်လန့်စွာပင် သတိပေးလိုက်၏။ “ရပ်လိုက်စမ်း... မစားနဲ့တော့... မင်းတို့ရဲ့ အရေးကြီးတဲ့သွေးကြောတွေကို အတွင်းအားထုတ်ပြီး ကာကွယ်ထားလိုက်ကြ...”

ထိုဘုန်းကြီးများသည် မည်သို့မျှသတိမထားမိကြသေးဘဲ ရယ်မောလိုက်ကြ၏။ “ဂိုဏ်းတူဦးလေးကိုယ်တော်က တပည့်တော်တို့ကို ပြောနေတာလား။’

ရှင်းမယ်-“မင်းတို့ကိုမပြောလို့ ဘယ်သူ့ကိုပြောနေရမှာလဲ။ အဆိပ်မိထားကြတာ မင်းတို့မသိကြဘူးလား။”

“ဘယ်သူက အဆိပ်မိထားတာလဲ။”

ထိုလေးပါးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး- “ဟင်... မင်းမျက်နှာ... မင်း မျက်နှာ...”

သူတို့သည် စကားကိုပင်ဆုံးအောင်မပြောနိုင်ကြတော့ဘဲ အသီးသီးပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြ၏။ ရှင်းမယ်မှ ထ၍ကြည့်လိုက်သောအချိန်တွင်မူ သူတို့၏အရေပြားများက ညိုပုတ်လာကြလေပြီ။

အဆိပ်သည် အနံ့အရသာကင်းမဲ့ရုံမကသေး၊ အဆိပ်မိသူကိုယ်တိုင်ပင် သတိမထားမိလောက်အောင် အစွမ်းထက်လှ၏။ သူတို့သည် အဆိပ်မိကြောင်းသိလိုက်ရသည့်အချိန်တွင် ကယ်သူမဲ့ ဖြစ်နေကြလေပြီ။

တျန်ချီ-“ဒါဘာအဆိပ်လဲ... ပြင်းထန်လှချည်လား။”

မည်သူ၏လက်ချက်လဲ...

လီဆွန်းဟွာ-“သူရောက်လာလိမ့်မယ်ဆိုတာ ကျုပ်ကထင်ထားပြီးသားပါ။”

တျန်ချီသည် ကျယ်လောင်စွာဖြင့် မေးလိုက်၏။ “ဘယ်သူလဲ... ဘယ်သူ့လက်ချက်လဲဆိုတာ မင်းသိထားလား။”

လီဆွန်းဟွာ-“အဆိပ်နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မြက်ပင်၊ အပင်တွေကရတဲ့အဆိပ်။ နောက်တစ်မျိုးကတော့ အကောင်တွေဆီကရတဲ့အဆိပ်။ သစ်ပင်ကရတဲ့အဆိပ်ကို သိုင်းလောကရဲ့ လူတိုင်းနီးပါး ထုတ်လုပ်တတ်ကြတယ်။ မြွေနဲ့တခြားအဆိပ်ကောင်တွေဆီက အဆိပ်ကိုတော့ ထုတ်တတ်တဲ့လူ သိပ်ရှားတယ်။ လူတစ်ယောက်ပဲ ဒီလိုမျိုး အနံ့အရသာကင်းမဲ့တဲ့အဆိပ်မျိုးကို ပြုလုပ်တတ်တယ်။”

တျန်ချီ အံ့ဩသွားခဲ့ရ၏။ “အဆိပ်၅မျိုးကလေးဆိုး...”

လီဆွန်းဟွာ-“သူမဟုတ်ပါစေနဲ့လို့ ကျုပ်တော့ဆုတောင်းနေမိတာပဲ...”

“သူဒီကိုဘာဖြစ်လို့လာရတာလဲ... ဘာလာလုပ်တာလဲ...”

လီဆွန်းဟွာ-“ကျုပ်အတွက်နဲ့လာခဲ့တာပဲ...”

လီဆွန်းဟွာထံ၌ ထိုကဲ့သို့မိတ်ဆွေမျိုးမရှိနိုင်ကြောင်းကို သူသိရှိထားလေသည်။ ထို့ကြောင့် တခြားစကားပြောရန်ပြင်လိုက်ပြီးမှ သူ့စိတ်ကူးကိုဖျက်လိုက်၏။ “ကြည့်ရတာတော့ မင်းဆီမှာ မိတ် ဆွေတွေရှားပါးသလောက် ရန်သူကတော့ တော်တော်ပေါတာပဲ...”

လီဆွန်းဟွာ-“ရန်သူများတာကို ကျုပ်မမှုပါဘူး။ လူတစ်ယောက်အတွက် မိတ်ဆွေကောင်း နည်းနည်းလေးပဲရှိဖို့လိုတယ်။ တစ်ခါတလေကျတော့ မိတ်ဆွေဆိုတဲ့အမျိုးက ရန်သူထက်တောင်မှ ပိုပြီးကြောက်ဖို့ကောင်းနေသေးတယ်။”

ရှင်းမယ်-“အစားအစာတွေထဲမှာ အဆိပ်ရှိနေတာ မင်းကဘယ်လိုလုပ်ပြီး သိနေရတာလဲ။”

လီဆွန်းဟွာ-“လောင်းကစားလုပ်သလိုပေါ့။ စိတ်ထဲမှာထင်ထားတဲ့ဟာကို ခန့်မှန်းပြီးပြောရတာပဲ။ ဘယ်လိုမျိုးလဲဆိုတာတော့ ကျုပ်လည်းရှင်းမပြတတ်ဘူး။”

ရှင်းမယ်သည် သူ့ကိုသံသယကြီးစွာကြည့်လိုက်ပြီး- “ရှေ့လျှောက် သူစားတာတွေပဲ ကျုပ်တို့လိုက်စားကြရလိမ့်မယ်။”

သေဆုံးသွားခဲ့ကြသော ဘုန်းကြီးငယ်များကို ဘုန်းကြီးကျောင်းတစ်ခုတွင် အပ်နှံလိုက်ကြပြီး သူတို့ ခရီးဆက်ထွက်လာကြ၏။

သူတို့သည် အချိန်အတော်ကြာကြာ ဆာလောင်မွတ်သိပ်စွာ ခရီးဆက်ခဲ့သော်လည်း မြင်းလှည်းမောင်းသူသည် သူတို့နှင့်လိုက်ပြီး အဆာမခံနိုင်ပါ။ လမ်းတွင် စားသောက်ဆိုင်သေးသေးလေး တစ်ခုကိုတွေ့သောအခါ ခဏရပ်ပြီး ဝယ်ယူစားသောက်နေ၏။ သူသည် ပေါက်စီအနည်းငယ်နှင့် အခြား စားစရာများကို အိတ်တစ်လုံးတွင်ထည့်ပြီး ဆွဲယူလာ၏။

တျန်ချီသည် သူ့ကိုလေ့လာနေ၏။ အတန်ကြာသောအခါမှ- “ဒီပေါက်စီတွေက ဘယ်လောက်ပေးခဲ့ရတာလဲ...”

မြင်းလှည်းမောင်းသူသည် ပြုံးပြလိုက်ပြီး- “တော်တော့်ကို ပေါတယ်။ စားလို့လဲအရသာရှိတယ်။ နည်းနည်းလောက် မြည်းကြည့်ပါလား။”

တျန်ချီက ပြုံးလိုက်ပြီး- “ပေါက်စီတွေကိုကြည့်ရတာ အဆိပ်ခတ်ထားပုံမရပါဘူး။ ကိုယ်တော် စားကြည့်ပါလား။”

ရှင်းမယ်-“ဒကာလေးလီ... စားကြည့်ပါလား။”

လီဆွန်းဟွာသည် သဘောကျစွာပြုံးလိုက်ပြီး- “ခင်ဗျားတို့နှစ်ယောက်က သိပ်ပြီးတော့ ယဉ်ကျေးနေကြပါလား။”

သူ၏ဘယ်ဘက်လက်ဖြင့် ထိုပေါက်စီများကိုယူလိုက်၏။ ယခုအချိန်တွင် သူ၏ဘယ်ဘက်လက်ကို လှုပ်ရှားနိုင်အောင် သူတို့က အကြောဖွင့်ပေးထားခဲ့လေသည်။ ထို့နောက် လီဆွန်းဟွာက စကားဆက်လိုက်သည်။ “ကျုပ်တို့စားလို့ မရဘူး...”

တျန်ချီ-“ဒါပေမဲ့ မြင်းလှည်းမောင်းသမားကျတော့ ဘာမှမဖြစ်ပါလား။’

လီဆွန်းဟွာ-“သူစားလို့ရတယ်။ ကျုပ်တို့မရဘူး...”

“ဘာဖြစ်လို့လဲ...”

“ဘာဖြစ်လို့လဲဆိုတော့ သူဟာ အဆိပ်၅မျိုးကလေးဆိုးက သတ်ချင်နေတဲ့သူမဟုတ်လို့ပဲ။”

တျန်ချီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- “ကျုပ်တို့ကို ငတ်ပြတ်နေအောင်လို့ မင်း ကြံစည်နေတာလား။”

လီဆွန်းဟွာ-“ကျုပ်ပြောတာမယုံရင် စားကြည့်လိုက်ပါလား။”

တျန်ချီသည် သူ့ကိုကြည့်နေလိုက်ပြီး မြင်းလှည်းမောင်းသူအား ရပ်ခိုင်းလိုက်၏။ ပေါက်စီတစ်ဝက်ကို မြင်းလှည်းမောင်းသူအား စားခိုင်းလိုက်၏။ မြင်းလှည်းမောင်းသူသည် တစ်ခုလုံးကို ကုန်အောင် စားပြလိုက်ရာ မည်သို့မျှဖြစ်မလာခဲ့ပေ။ တျန်ချီ-“ကျုပ်တို့ ဒီပေါက်စီတွေကို စားလို့မရသေးဘူးလို့ ပြောဦးမလို့လား။”

လီဆွန်းဟွာ-“စားလို့မရဘူး...”

သူသည် သမ်းဝေလိုက်ပြီး တစ်ဘက်သို့လှည့်အိပ်နေလိုက်၏။

တျန်ချီသည် စိတ်တိုလှစွာဖြင့်- “ကျုပ်ကတော့ မင်းကိုအမြင်ကပ်လို့ကို စားလိုက်ဦးမယ်။”

သူသည် ပြောသာပြောလိုက်သော်လည်း မစားခဲ့ချေ။ သူတို့နားမှ တောခွေးတစ်ကောင် ဖြတ်သွားသည်ကို တွေ့လိုက်၏။ ထိုတောခွေးသည် လွန်စွာမှပင် ဆာလောင်နေပုံရသည်။

ထိုတောခွေးထံသို့ ပေါက်စီဖဲ့များကို တျန်ချီက ပစ်ကျွေးလိုက်၏။ ထိုခွေးသည် နည်းနည်းလေးမျှဂရုစိုက်မိပုံမရဘဲ ထွက်မသွားခင် အနည်းငယ်သာ တို့လျက်သွားခဲ့၏။

ခြေလှမ်းအနည်းငယ်ရောက်သောအခါ တောခွေးသည် နာကျင်စွာအူလိုက်ပြီး လဲကျသွား၏။ ထို့နောက် တဆတ်ဆတ်တုန်နေလိုက်ပြီး ငြိမ်သက်သွားလေတော့သည်။

ယခုအချိန်မှသာ တျန်ချီနှင့် ရှင်းမယ်တို့နှစ်ယောက် အံ့အားသင့်သွားကြသည်။

လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ကျုပ်ပြောသားပဲ... ကံကောင်းလို့ ခွေးတစ်ကောင်ပဲ သေသွားရတယ်။ မင်းတော့မဟုတ်ဘူးပေါ့။”

တျန်ချီသည် နဂိုကသူ့ကိုယ်သူ တော်တော်လေးစိတ်ချလက်ချရှိနေခဲ့ရာမှ ယခုသော် သွေးပျက်လုမတတ်ဖြစ်နေလေသည်။ မြင်းလှည်းမောင်းသူအား ကြည့်လိုက်ပြီး- “ဒါဘာသဘောလဲ...”

မြင်းလှည်းမောင်းသူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်နေရာမှ- “ကျနော်လည်းမသိဘူးလေ... အဲ့ဒီ ဆိုင်သေးသေးလေးက ဝယ်လာခဲ့တာပဲ...”

တျန်ချီသည် သူ၏လက်ကိုဖမ်းဆွဲလိုက်ပြီး- “ခွေးတော့သေသွားခဲ့ပြီး မင်းကျတော့ဘာမှ မဖြစ်ပါလား။ မင်းငါတို့ကို အဆိပ်ခပ်လုပ်ကြံခဲ့တာမဟုတ်လား။”

မြင်းလှည်းမောင်းသူသည် လွန်စွာမှပင်ကြောက်ရွံ့ထိတ်လန့်သွားပြီး ဘာမျှပြန်မပြောနိုင်ခဲ့ချေ။

လီဆွန်းဟွာ-“သူ့ကိုသွားမေးနေလို့အပိုပဲ။ သူဘာမှမသိဘူး။”

“သူမှမသိရင် ဘယ်သူသိနိုင်ဦးမှာလဲ...”

“ကျုပ်သိတယ်။”

တျန်ချီ-“ရှင်းပြစမ်းပါဦး...”

လီဆွန်းဟွာ-“ပေါက်စီကတော့ အဆိပ်ခပ်ထားတယ်။ ဒါပေမဲ့ သူသောက်တဲ့ဟင်းရည်မှာ ဖြေဆေးပါတယ်။”

တျန်ချီသည် အေးစက်စွာပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့က ဟင်းရည်နဲ့တွဲသောက်လိုက်ရုံပဲရှိတော့တာပေါ့။”

လီဆွန်းဟွာ-“ဟင်းရည်ကို ခင်ဗျားသောက်ခဲ့ရင်လည်း ဟင်းရည်ထဲမှာ အဆိပ်ခပ်ထားမှာသေချာပေါက်ပဲ။”

အဆိပ်၅မျိုးကလေးဆိုး၏ လှည့်ကွက်များက လွန်စွာမှပင် ဥာဏ်နီဥာဏ်နက်များလှ၏။ ထိုကဲ့သို့သောလူမျိုးနှင့် ရင်ဆိုင်ရသည်ဆိုပါက သင်သည်ပါးစပ်ပိတ်ထားရုံကလွဲ၍ ဘာမှမတတ်နိုင်ချေ။

ရှင်းမယ်-“ဘယ်သူ့ကိုဂရုစိုက်နေရဦးမှာလဲ။ ကျုပ်တို့ငတ်လှ နောက်ထပ် ၂-၃ ရက်ပေါ့။ ခရီးဆက်လိုက်ကြရအောင်ပါ။”

တျန်ချီ-“ကျုပ်တို့က မစားမသောက်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူထပ်ပြီး အကောက်ကြံလာနိုင်သေးတယ်။”

“ဘာဖြစ်လို့လဲ...”

“ကျုပ်တို့ အားပြတ်လာတဲ့အချိန်ကို စောင့်နေပြီးမှ တိုက်ခိုက်လိမ့်မယ်။”

ရှင်းမယ်သည်မည်သို့ ပြန်ပြောရမှန်းမသိတော့ချေ။

တျန်ချီ၏မျက်လုံးများက အရောင်တောက်ပလာကြပြီး- “ကျုပ်မှာအကြံကောင်းတစ်ခုရှိတယ်။”

“ဘာလဲ...”

တျန်ချီသည် တိုးညှင်းစွာနှစ်ကိုယ်ကြား ပြောလိုက်၏။ “သူ့ရဲ့ပစ်မှတ်က ကျုပ်တို့မှမဟုတ်ပဲ။ ကျုပ်တို့က...”

လီဆွန်းဟွာကို သူအဓိပ္ပါယ်ပါပါကြည့်လိုက်၏။

ရှင်းမယ်၏အမူအရာများက လေးနက်သွားခဲ့ပြီး- “သူ့ကို ရှောင်လင်ကျောင်းတော်အရောက် ခေါ်သွားမယ်လို့ ကျုပ်ကတိပေးထားခဲ့ပြီးပြီ။ ဒီလမ်းခရီးတစ်ဝက်မှာ အသေခံလို့မဖြစ်ဘူး။”

တျန်ချီသည် ဘာမျှပြန်မပြောတော့ပါ။ သို့ရာတွင်သူသည် လီဆွန်းဟွာအား သတ်ရိပ်ဖြတ်ရိပ်ပါသော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

ဘုန်းကြီးများသည် စားခြင်းအိပ်ခြင်းအမှုများကို ပြုလုပ်ကြရသည်မက အပေါ့အလေးလည်း သွားကြရလေသည်။

ဤသည်ကို ရှင်းမယ်သိပါသည်။ သူဘာပဲလုပ်လုပ် လီဆွန်းဟွာကို သူ့မျက်စေ့အောက်မှ အပျောက်မခံခဲ့ချေ။ တျန်ချီသည် စိတ်တိုနေသော်လည်း ဘာမျှမတတ်နိုင်ချေ။

နောက်တစ်ရက်တွင် လမ်းခရီး၌ ကော်ပြန့်လိပ်များရောင်းနေသော ဆိုင်လေးတစ်ဆိုင်အား သူတို့ တွေ့လိုက်ကြပြန်၏။ ဆိုင်လေးသည် ရောင်းကောင်းလှ၏။ လူများတန်းစီနေကြလေသည်။ ထိုသူများသည် ဝယ်ပြီးပြီးချင်း စားနေကြသော်လည်း မည်သူမျှ အဆိပ်မသင့်ကြချေ။

တျန်ချီသည် မအောင့်အီးနိုင်တော့ဘဲ- “ကျုပ်တို့ဒီမှာ စားလို့ရမယ်ထင်တယ်။”

လီဆွန်းဟွာ-“သူတို့ စားလို့ရတယ်။ ကျုပ်တို့ပဲမရတာ။ လူတွေအများကြီး စားနေကြဦးတောင်မှ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့သာသွားစားလိုက်ရင် အဆိပ်မိပြီး ပွဲချင်းပြီးသေကြရလိမ့်မယ်။”

လွန်ခဲ့သောနှစ်ရက်ခန့်ကသာ ဤစကားကို သူပြောခဲ့ပါက တျန်ချီသည် ယုံကြည်ချင်မှ ယုံမိပေလိမ့်မည်။ ယခုတော့ သူနားထောင်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပြီ။

ကလေးတစ်ယောက်သည် ကျယ်လောင်စွာငိုကြွေးနေ၏။ “မေမေ... သားကော်ပြန့်လိပ် စားချင်တယ်။”

၇နှစ် ၈နှစ်အရွယ် ကလေးနှစ်ယောက် ထိုဆိုင်လေး၏ဘေး၌ လူးလာခေါက်ပြန်ဖြစ်နေသည်ကို သူတို့တွေ့လိုက်ကြ၏။ ဆိုင်ထဲမှ မိန်းမတစ်ယောက်ထွက်လာပြီး ထိုပူဆာသောကလေးကို ရိုက်နှက်လိုက်၏။

ထိုကလေးသည် အော်ငိုနေလိုက်ပြီး- “ကျနော်သာချမ်းသာလာတဲ့တစ်နေ့ကျရင် အဲ့ဒီကော် ပြန့်လိပ်တွေကို ဘယ်တော့မှ မစားဘူး။ ဂျုံခေါက်ဆွဲပဲစားမယ်။”

လီဆွန်းဟွာသည် သက်ပြင်းချလိုက်၏။ ဆင်းရဲသားလူတန်းစားနှင့် လူချမ်းသာလူတန်းစားတို့၏ ကွာခြားချက်များက အလှမ်းဝေးလွန်းလှ၏။ ထိုကလေးများ၏စိတ်တွင်း၌ ဂျုံခေါက်ဆွဲကိုပင် အကောင်းစား အစားအစာတစ်ခုဟု သဘောထားနေကြလေသည်။

လမ်းကလေးသည် ကျဉ်းမြောင်းလာ၏။ လူအများက ရှေ့တွင်ပိတ်နေသောကြောင့် သူတို့ခရီး မတွင်နိုင်ကြချေ။ ထိုကလေးနှစ်ယောက်သည် ဆန်ပြုတ်နှစ်ခွက်ကို ကိုယ်စီကိုင်လာကြပြီး အခြားသူများ စားနေကြသော ကော်ပြန့်လိပ်များကို ငေးမောကြည့်နေကြသည်။

တျန်ချီသည် လှည်းပေါ်မှ လျင်မြန်စွာဆင်းသွားလိုက်ပြီး ကော်ပြန့်လိပ်အချို့ကို သွားဝယ်လိုက်၏။ ထို့နောက် ထိုကလေးများဆီသို့ သွားလိုက်ပြီး- “ကျုပ်က မင်းတို့ကို ကော်ပြန့်လိပ်တွေပေးမယ်။ မင်းတို့လေးတွေက ကျုပ်ကို အခုစားနေတဲ့ ဆန်ပြုတ်တွေပြန်ပေး၊ ဟုတ်ပြီလား။”

ထိုကဲ့သို့ သဘောမနောကောင်းသူမျိုးနှင့် မတွေ့ဖူး၍ ထိုကလေးများသည် လွန်စွာမှပင် အံ့ဩနေကြလေသည်။

“မင်းတို့ကို ချိုချဉ်ဝယ်စားဖို့ ပိုက်ဆံလည်း ထပ်ပေးဦးမယ်၊ ဟုတ်ပြီလား။”

ရှင်းမယ်သည် ပြုံးနေလိုက်၏။ ဆန်ပြုတ်နှစ်ခွက်နှင့် တျန်ချီပြန်ရောက်လာ၏။ ရှင်းမယ်-“ ခင်ဗျား တော်တော်ဥာဏ်များတာပဲ...”

တျန်ချီသည် ပြုံးပြလိုက်ပြီး- “ကျုပ်တို့ခရီးဆက်ဖို့ အားအင်တွေလိုအပ်နေတယ် မဟုတ်လား။”

ဆန်ပြုတ်တစ်ခွက်ကို ရှင်းမယ်သို့ ပေးလိုက်၏။

ထိုဆန်ပြုတ်သည် အရသာလုံးဝမရှိသော်လည်း သူတို့နှစ်ယောက်သည် မြိန်ယှက်စွာပင် စားသောက်နေကြ၏။ ထိုဆန်ပြုတ်ထဲ၌ အဆိပ်ခပ်မထားကြောင်း သူတို့သေချာပေါက် ယုံကြည်နေကြသည် မဟုတ်ပါလား။

တျန်ချီသည် လီဆွန်းဟွာကို ပြုံး၍ကြည့်လိုက်ပြီး- “ဒီဆန်ပြုတ်တွေက စိတ်ချရတယ်လို့ ထင်လား။”

ဘာမျှပြန်မပြောနိုင်ခင်မှာပင် လီဆွန်းဟွာသည် ချောင်းဆိုးလိုက်၏။

တျန်ချီ-“အဲ့ဒီကလေးတွေက နဂိုကကော်ပြန့်လိပ်ကို စားချင်ခဲ့ကြပြီး ဆန်ပြုတ်ပဲသောက်ခဲ့ရတယ်၊ ကျုပ်က အဲ့ဒီ အဆိပ်ခပ်မထားတဲ့ ဆန်ပြုတ်နဲ့ ကော်ပြန့်လိပ်တွေနဲ့လဲစားခဲ့တယ် ဆိုတာကိုသာ အဆိပ်၅မျိုးကလေးဆိုးက သိနိုင်ခဲ့ပြီး ဒီဆန်ပြုတ်ထဲမှာ အဆိပ်ခပ်ထားနိုင်ခဲ့မယ်ဆိုရင် ကျုပ် ကျေကျေနပ်နပ်ကြီးကို သေပေးလိုက်ဦးမယ်။”

စကားအဆုံးတွင် ဆန်ပြုတ်တစ်ခွက်လုံးကို တပြိုင်နက်ထဲ မော့ချလိုက်၏။

ဆန်ပြုတ်ထဲ၌ အဆိပ်ခပ်မထားကြောင်း ရှင်းမယ်သည်လည်း အပြည့်အဝယုံကြည်နေ၏။ အဆိပ်၅မျိုးကလေးဆိုးသည် အနာဂါတ်ကို ကြိုတင်ပြီး သိနိုင်မည်မဟုတ်ပါ။

0 comments:

Post a Comment