တျန်ချီက ပြုံးပြလိုက်ပြီး- “ကျုပ်တို့သာ ဒီအတိုင်းဆက်သွားလိုက်မယ်ဆိုရင် ရှောင်စီးတောင်ကို မနက်ဖြန် မနက်စောစောလောက် ရောက်သွားလိမ့်မယ်။”
ရှင်းမယ်သည်လည်း စိတ်လက်ပေါ့ပါးသွားခဲ့ရ၏။ “ကျုပ်တို့ကို လာကြိုကြမယ့် ရှောင်လင်ကျောင်းတော်က တပည့်တွေ အများကြီးရောက်လာလိမ့်မယ်။ ကျုပ်တို့သာ ဆက်ပြီး...”
ချက်ချင်းပင် သူ စကားပြောရပ်သွား၏။ သူ၏ခန္ဓာကိုယ်သည် ယိမ်းထိုးသွားခဲ့ရပြီး လက်ထဲမှ ဆန်ပြုတ်ပန်းကန်သည်လည်း လှည်း၏ကြမ်းပြင်ပေါ်သို့ လွတ်ကျကွဲသွား၏။
တျန်ချီ၏မျက်နှာအမူအရာပျက်သွားခဲ့လေတော့သည်။ “ဆရာတော်... ဆရာတော်...”
“ဒီဆန်ပြုတ်ထဲမှာ အဆိပ်ခပ်ထားတယ်။”
ရှင်းမယ် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်သွားခဲ့ရ၏။
တျန်ချီသည် လီဆွန်းဟွာ၏ ရင်ဘတ်အင်္ကျီစကို ဆွဲလိုက်ပြီးနောက်- “ကျုပ်မျက်နှာကို သေချာကြည့်စမ်း... ကျုပ်ဘာတွေဖြစ်နေပြီလဲ...”
လီဆွန်းဟွာက သက်ပြင်းတစ်ချက်ချလိုက်ပြီး- “မင်းကိုရွံစရာကောင်းတဲ့လူတစ်ယောက်လို့ ကျုပ်အမြဲပဲတွေးထင်ထားခဲ့ပေမယ့် မင်း အခုလိုသေရမှာကိုတော့ မမြင်တွေ့ချင်တာအမှန်ပဲ။”
တျန်ချီ၏မျက်နှာသည် မည်သို့မျှအရောင်ပြောင်းမနေပါ။ သို့သော် လီဆွန်းဟွာကို ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ယိမ်းယိုင်နေ၏။ ထို့နောက်သူသည် ရယ်မောနေလိုက်ပြီး- “ကျုပ်သေတာကို မင်းကမမြင်ချင်ပေမယ့် မင်းသေတာကိုတော့ ကျုပ်ကမြင်ခဲ့ချင်သေးတယ်။ မင်းကိုစောစောတုန်းကတည်းက သတ်ခဲ့ရင် ကောင်းသား။”
လီဆွန်းဟွာ-“ကျုပ်ကိုသတ်ဖို့ နည်းနည်းလေးနောက်ကျနေပြီလို့ မင်းမထင်ဘူးလား။”
တျန်ချီက အံကြိတ်လိုက်ပြီး- “ဟုတ်တယ်။ မင်းကိုသတ်ဖို့ သိပ်ကိုနောက်ကျနေပြီ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သိပ်တော့နောက်မကျသေးပါဘူး။”
သူ၏လက်များက လီဆွန်းဟွာ၏လည်ပင်းကို ညှစ်ထားလိုက်လေ၏။
+++++
အားဖေ ထရပ်လိုက်သည်။
သူ၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေသေးသော်လည်း တည့်မတ်စွာရပ်နေ၏။
သူသည်အခန်းတွင်းသို့ ၂ ပတ်လောက်လျှောက်နေလိုက်ပြီးမှ မေးလိုက်၏။ “သူ ရှောင်လင်ကျောင်းတော်ကို အန္တရာယ်ကင်းကင်းရောက်သွားလိမ့်မယ်လို့ မင်းထင်လား။”
လင်ရှန်းအာ-“လီဆွန်းဟွာအကြောင်းမပါဘဲ ရှင်စကားပြောလို့မရဘူးလား။ တခြားအကြောင်းအရာလေးလည်း ပြောပါဦးရှင်။ ဥပမာ- ရှင့်အကြောင်း… ဒါမှမဟုတ် ကျမရဲ့အကြောင်းလေးတွေကိုပေါ့။”
အားဖေက သူမကို ငြိမ်းချမ်းစွာကြည့်လိုက်ပြီး- “သူ ရှောင်လင်ကျောင်းတော်ကို အန္တရာယ်ကင်းကင်း ရောက်သွားလိမ့်မယ်လို့ မင်းထင်လား။”
လင်ရှန်းအာမှ မည်သို့ပြောနေစေကာမူ သူ့ထံ၌ ဤစကားတစ်ခွန်းသာ မေးစရာရှိနေလေသည်။
လင်ရှန်းအာက သဘောကျစွာရယ်မောလိုက်ပြီး- “ရှင်ရယ်...ရှင့်ကို ကျမဘာမှပြောလို့ မရတော့ပါလားနော်။” သူမသည် အားဖေကို ဆွဲခေါ်လာပြီး သူမ၏ဘေး၌ ထိုင်စေလိုက်၏။ ထို့နောက် ချိုသာစွာဖြင့်- “စိတ်မပူပါနဲ့ရှင်။ အခုချိန်လောက်ဆို ရှင်းဟူဆရာတော်နဲ့ သူ လက်ဖက်ရည် အတူသောက်နေလောက်ပါပြီ။ ရှောင်လင်ကျောင်းတော်ရဲ့ လက်ဖက်ရည်က တော်တော့်ကို နာမည်ကြီးတယ်ဆိုတာ ရှင်သိလား။”
နောက်ဆုံးတွင် အားဖေသည် စိတ်လျှော့လိုက်ပြီး- “ကျုပ်သိရသလောက်တော့ သူ့ကိုဖမ်းထားတဲ့အချိန်မှာတောင် သူဟာ လက်ဖက်ရည်ကို သောက်မှာမဟုတ်ဘူး။”
+++++
လီဆွန်းဟွာ အသက်ရှူကြပ်နေ၏။
တျန်ချီသည်လည်း မျက်နှာသွင်ပြင် တဖြည်းဖြည်းပျက်လာခဲ့ပြီး အသက်ရှူကြပ်နေ၏။ သို့သော် သူသေသွားချိန်မှာတောင် သူ့လက်ကိုလွှတ်ပေးမည့်ပုံမပေါ်။
လီဆွန်းဟွာသည် အရာအားလုံး မှောင်မည်းလာသည်ဟု ခံစားမိလိုက်၏။ တျန်ချီ၏မျက်နှာက သူနှင့် တဖြည်းဖြည်း ဝေးကွာ၍သွား၏။ သူသေရတော့မည်ဖြစ်ကြောင်း သိလိုက်၏။
သေခါနီးလူတစ်ယောက်တွင် အတွေးပေါင်းများစွာ ဝင်ရောက်လာတတ်ကြောင်းကို လူတစ်ယောက်က သူ့ကို ပြောပြခဲ့ဖူး၏။
သို့သော် ယခုအချိန်၌ သူဘာမှတွေးမနေပါ။ နာကျင်မှုများဖြင့်ပြည့်နှက်နေသော သူ၏အတိတ်ကအကြောင်းများကိုလည်း မတွေးမိပါ။ ရယ်မောစရာကောင်းသည်ဟု သူထင်နေမိ၏။ တျန်ချီနှင့် အတူတူသေရလိမ့်မည်ဟု သူ့ကိုယ်သူဘယ်တုန်းကမှ ထင်မထားခဲ့ပေ။ ကြည့်ရသည်မှာ နောက်ဘဝထိ တျန်ချီသည် သူနှင့်အတူလိုက်ပါလာဦးမည့်ပုံရသည်။
တျန်ချီ-“လီဆွန်းဟွာ... မင်းဘာလို့ ဒီလောက်အသက်ပြင်းနေရတာလဲ... ဘာဖြစ်လို့ မသေနိုင်သေးတာလဲ...”
လီဆွန်းဟွာသည် မူလက စကားပြန်ပြောရန် ကြိုးစားလိုက်သေး၏။ “မင်းအရင်သေမှာကို ကျုပ်ကစောင့်နေတာ...” သို့သော် ဤအချိန်၌ သူဘာစကားမှ မပြောနိုင်ပါ။ အသက်ကိုပင် မနည်း ရှူသွင်းနေရလေသည်။
ရုတ်တရက်… လွန်စွာမှ ဝေးကွာလှသောနေရာမှ ကျယ်လောင်သောအသံတစ်သံကို သူ ကြားလိုက်ရသည်။ ထိုအသံသည် တျန်ချီထံမှဖြစ်၏။ ပြီးနောက် အရာအားလုံးသည် ပြန်လည်၍ ကြည်လင်လာလေတော့သည်။
တျန်ချီကို သူတွေ့လိုက်၏။
တျန်ချီသည် လှည်း၏ကြမ်းပြင်ပေါ်သို့ လဲကျနေ၏။ သူ၏လူသေမျက်လုံးများက လီဆွန်းဟွာကို ကြည့်နေလေသည်။
ရှင်းမယ်ဆရာတော်ဆီမှ တိုးညင်းသော အသက်ရှူသံများထွက်ပေါ်လာ၏။ ကြည့်ရသည်မှာ သူ့၌ ခွန်အားအနည်းငယ် ကျန်နေသေးပုံရသည်။
လီဆွန်းဟွာသည် သူ့ကိုအတန်ကြာမျှ ကြည့်နေလိုက်ပြီး- “ကျုပ်ကို ဘာဖြစ်လို့ ကယ်ခဲ့ရတာလဲ။”
ရှင်းမယ်က ပြန်မဖြေပါ။ လီဆွန်းဟွာ၏ အကြောများကို ပြန်ဖြေပေးလိုက်ပြီး- “အဆိပ်၅ မျိုးကလေးဆိုးရောက်မလာခင် ဒီနေရာကနေ အမြန်ဆုံးထွက်သွားပါ။”
လီဆွန်းဟွာသည် လှုပ်ပင်မလှုပ်။ “ဘာဖြစ်လို့ ကျုပ်ကိုကယ်တင်ခဲ့တာလဲ။ ကျုပ်ဟာ ပန်းဘီလူးမဟုတ်ဘူးဆိုတာ သေချာသွားပြီလား။”
ရှင်းမယ်-“ဘုန်းကြီးဆိုတာ မသေခင်မှာ လက်သွေးစွန်းမသွားရဘူး။ မင်းဘယ်သူပဲဖြစ်ဖြစ် ထွက်သွားလိုက်ပါ။”
လီဆွန်းဟွာသည် သူ၏မည်းနက်လာသော မျက်နှာကိုကြည့်လိုက်ပြီး- “ကျေးဇူးတင်ပါတယ်။ အခုချိန်မှာ ကျုပ်လုပ်နိုင်တာတွေ အများကြီးရှိနေတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ထွက်ပြေးသွားတာ မပါဘူး။”
ရှင်းမယ်က လောဆော်လိုက်၏။ “ဒီအချိန်က သူရဲကောင်းလုပ်ရမဲ့အချိန်မဟုတ်ဘူး။ မင်းရဲ့ အတွင်းအားတွေက ပုံမှန်အတိုင်းပြန်မရောက်သေးဘူး။ မင်းသူ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။”
ရုတ်တရက်ပင် မြင်းဟီသံကျယ်ကြီးထွက်ပေါ်လာ၏။ မြင်းလှည်းမောင်းသူထံမှ ငြီးညူလိုက်သံကိုလည်း ကြားလိုက်ကြရ၏။ မြင်းလှည်းသည် ရှေ့မှသစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်ပြီး ရပ်တန့်သွား၏။
ရှင်းမယ်သည် ခွေခွေလေးလဲကျနေရာမှ မေးလိုက်၏။ “မင်းဒီမှာ ဘာဆက်လုပ်နေတာလဲ။ ကျုပ်ရဲ့အသက်ကို ကယ်တင်ဦးမလို့လား။”
လီဆွန်းဟွာသည် အေးချမ်းစွာပြောလိုက်၏။ “ဘုန်းကြီးကတောင် ကျုပ်ရဲ့အသက်ကို ကယ်တင်ခဲ့သေးတာပဲ။ ကျုပ်ကဘာဖြစ်လို့ ပြန်မကယ်တင်ရမှာလဲ။”
ရှင်းမယ်-“ကျုပ်က သေဖို့နီးနေသူတစ်ယောက်ပါ။ ဘယ်အချိန်မှ သေရမယ်ဆိုတာ မထူးဆန်းပါဘူး။”
လီဆွန်းဟွာ-“အခု မသေသေးဘူးမဟုတ်လား။”
သူစကားပြောနေခြင်းကို ရပ်လိုက်၏။ ထို့နောက် ဓားပျံလေးတစ်ခုကို ထုတ်ယူလိုက်၏။
ပါးလွှာပြီး ပေါ့ပါးသော ဓားပျံ...
ရှောင်းလီဓားပျံ...
လီဆွန်းဟွာ၏ နှုတ်ခမ်းများက တွန့်တွန့်လေး ကွေးနေသယောင်...
မြင်းလှည်းသည် ဘေးတစောင်းလဲကျနေ၏။ လှည်းဘီးများက စိတ်ညစ်ညူးဖွယ်ကောင်းစွာ တကျွီကျွီမြည်သံများဖြင့် လည်ပတ်နေ၏။ ထိုကဲ့သို့ လူသူကင်းပြတ်သောနေရာ၌ ထိုလှည်းဘီးသံများက စိတ်ခြောက်ခြားဖွယ်ကောင်းနေလေသည်။
လီဆွန်းဟွာသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။ “ဒီဘီးတွေ ချောဆီထည့်ဖို့ လိုနေပြီ။”
ဤသို့အချိန်မျိုးတွင် လှည်းဘီးကို ချောဆီထည့်သင့်၊ မထည့်သင့် သူစဉ်းစားနိုင်သေးသည်ကို ရှင်းမယ်သည် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရလေသည်။
သူ့အသက် ၆ဝ ကျော်ခဲ့ပြီ… ဤသို့သောလူမျိုး တစ်ယောက်မျှ မတွေ့ဖူးခဲ့ချေ။
လီဆွန်းဟွာသည် သူ့ကိုကျောပိုးပြီး လှည်းတွင်းမှ သယ်ထုတ်လာ၏။ အေးစက်စက် နှင်းလေအေးများက သူတို့၏ မျက်နှာများကို ဖြတ်သွားခဲ့၏။
ရှင်းမယ်-“မင်းဒီလိုလုပ်ပေးစရာမလိုပါဘူး။ ထွက်သွားလိုက်ပါကွာ။”
ထိုနေ့ညသည် လကွယ်ညဖြစ်၏။ အမှောင်ထဲ၌ ရှင်းမယ်သည် အားစိုက်၍ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရချေ။
လီဆွန်းဟွာက အော်ပြောလိုက်၏။ “အဆိပ်၅မျိုးကလေးဆိုး… မင်းရောက်နေပြီလား...”
တုံ့ပြန်သံမကြားရပါ။
လီဆွန်းဟွာ-“မင်းရောက်မလာခဲ့ဘူးဆိုရင်တော့ ကျုပ်တို့သွားပြီ။”
ရှင်းမယ်-“မင်းဘယ်ကိုသွားမှာလဲ...”
“ရှောင်လင်ကျောင်းတော်ဆီပေါ့...”
ရှင်းမယ်သည် အံ့အားသင့်သွားခဲ့ရ၏။ “ရှောင်လင်...”
လီဆွန်းဟွာ-“ကျုပ်တို့တွေ ဒီလောက်ဒုက္ခခံလာခဲ့ကြတာ ရှောင်လင်ကျောင်းတော်ကို အရောက်သွားဖို့ မဟုတ်လား။ မှတ်မိသေးရဲ့လား…”
ရှင်းမယ်-“ဒါပေမဲ့... မင်းအခုချက်ချင်းကြီးသွားဖို့ မလိုပါဘူး။”
လီဆွန်းဟွာ-“တကယ်တမ်းပြောရရင် ကျုပ်သွားမှကို ဖြစ်လိမ့်မယ်။”
“ဘာဖြစ်လို့လဲ...”
“ဘာဖြစ်လို့လဲဆိုတော့ ရှောင်လင်ကျောင်းတော်မှာ ကိုယ်တော့်အတွက် ဖြေဆေးရှိနေနိုင်တယ်။”
ရှင်းမယ်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရ၏။ “ကျုပ်ကို ဘာဖြစ်လို့ ကယ်ချင်ရတာလဲ။ ကျုပ်က မင်းရဲ့ရန်သူမဟုတ်ဘူးလား။”
လီဆွန်းဟွာ-“ကျုပ် ကိုယ်တော့်ကို ကယ်တင်တာ၊ ကိုယ်တော်ဟာ အနည်းဆုံး လူသားတစ်ယောက် ပီသနေလို့ပဲ။”
ရှင်းမယ်သည် သက်ပြင်းချလိုက်၏။ “ကျုပ်တို့သာ ရှောင်လင်ကျောင်းတော်ထိ ရောက်အောင်သွားနိုင်ခဲ့မယ်ဆိုရင် မင်းမှာအပြစ်မရှိကြောင်း အားလုံးကို ပြောပြလိုက်ပါ့မယ်။ မင်းဟာ ပန်းဘီလူးမဖြစ်နိုင်ဘူးဆိုတာ ကျုပ်သိလိုက်ရပါပြီ။”
လီဆွန်းဟွာသည် ပြုံး၍သာနေလိုက်ပြီး ဘာမျှပြန်မပြောတော့ချေ။
ရှင်းမယ်-“ကံဆိုးတာတစ်ခုက မင်းကျုပ်ကို ထမ်းပြီးသွားနေသရွေ့တော့ ရှောင်လင်ကျောင်းတော်ကို ရောက်မှာမဟုတ်ဘူး။ အဆိပ်၅မျိုးကလေးဆိုးက လူယောင်မပြသေးပေမယ့်လည်း ကျုပ်တို့ကို အလွတ်ပေးမှာမဟုတ်ဘူး။”
လီဆွန်းဟွာ ချောင်းဆိုးလိုက်၏။
ရှင်းမယ်-“မင်းရဲ့ကိုယ်ဖော့ပညာနဲ့ဆိုရင် တစ်ယောက်တည်းထွက်သွားရင် လွတ်မြောက်နိုင်သေးတယ်။ ဘာဖြစ်လို့ ကျုပ်ကိုထမ်းပြီးသွားနေရတာလဲ။ မင်းဆီမှာ ဒီလိုစိတ်ထားမျိုးရှိနေတာကိုပဲ ကျုပ်က ကျေးဇူးတင်လှပါပြီ။”
ထိုအချိန်၌ ရယ်မောလိုက်သံတစ်သံသည် အနီးမှလိုလို၊ အဝေးမှလိုလို ပျံ့လွင့်လာ၏။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မခန့်မှန်းနိုင်လောက်အောင်ပင်။
ရှင်းမယ်-“အဆိပ်၅မျိုးကလေးဆိုး...”
အသံရှင်-“ဆန်ပြုတ်ကဘယ်လိုလဲ။ တော်တော်လေးမှ အရသာရှိရဲ့လား။”
လီဆွန်းဟွာ-“မင်းကကျုပ်ကို သေစေချင်နေမှတော့ ထွက်လာလိုက်ပါလား။”
အဆိပ်၅မျိုးကလေးဆိုး-“ကျုပ်က မင်းကိုသေစေချင်ရင် လူလုံးပြစရာတောင် မလိုပါဘူးကွာ။”
“ဟုတ်နိုင်ပါ့မလား။”
“ဒီနေ့ထိ ကျုပ်ဟာ လူပေါင်း ၃၉၂ ယောက်တိတိသတ်ခဲ့ပြီးပြီ။ ကျုပ်ကိုသူတို့တွေ တွေ့ဖူးမြင်ဖူးကြဖို့နေနေသာသာ ကျုပ်ရဲ့အရိပ်ကိုတောင်မှ တွေ့မသွားခဲ့ကြရဘူး။”
လီဆွန်းဟွာ-“မင်းဟာ လူပုလေးတစ်ယောက်လို့ ပြောသံကြားဖူးတယ်။ မင်းကိုယ်မင်း ဒီလောက်တောင်မှ ရုပ်ဆိုးနေတော့ ဘယ်လူလုံးပြရဲပါ့မလဲ။”
အတန်ကြာသောအခါ အဆိပ်၅မျိုးကလေးဆိုးက ပြန်လည်ပြောဆိုလိုက်၏။ “မင်းကို ပထမတုန်းက မနက်ဖြန်မနက်အထိ အရှင်ထားလိုက်ဦးမလို့ပဲ...”
လီဆွန်းဟွာ ရယ်မောလိုက်၏။ “မှန်လိုက်တာ။ ကျုပ်က မနက်ဖြန်ထိ သေဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းအတွက်တော့ မနက်ဖြန်ဆိုတာ ရှိကောင်းမှ ရှိနိုင်လိမ့်မယ်။”
ထိုအချိန်၌ပင် ပုလွေသံတစ်သံကို ကြားလိုက်ရပြီး ရယ်မောနေခြင်းအား ရပ်တန့်လိုက်၏။
နှင်းပြင်ပေါ်၌ ရုတ်ချည်းပင် သေးသေးကြီးကြီး အရိပ်များ တလှုပ်လှုပ်နှင့် ထွက်ပေါ်လာကြ၏။ ဘာတွေဖြစ်မှန်း သူမပြောပြနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အသက်ကိုတော့ အောင့်ထားရပေလိမ့်မည်။
ရှင်းမယ်-“အဆိပ်၅မျိုးထွက်ပေါ်လာတာနဲ့ လူတွေရဲ့ခန္ဓာကိုယ်တွေ ပျောက်ပျက်သွားခဲ့ရတယ်။ အခုအချိန်မှာမှ မသွားသေးရင် မင်းဘယ်တော့မှ သွားမှာလဲ။”
လီဆွန်းဟွာသည် ဘာမှမကြားလိုက်သလိုပင်။ ထို့နောက် သူပြောလိုက်၏။ “သူ့ဆီမှာ ထောင်ပေါင်းများစွာသော အဆိပ်ကောင်တွေရှိတယ်လို့ ကြားဖူးထားတယ်။ ဘာဖြစ်လို့များ အခု နည်းနည်းလေးပဲ တွေ့နေရတာလဲ။ ကျန်တဲ့အကောင်တွေ ဘယ်ရောက်ကုန်ကြပြီလဲ။”
ပုလွေသံသည် ပို၍မြန်ဆန်လာ၏။ အချို့အဆိပ်ကောင်များသည် သူတို့၏ခြေထောက်များပေါ်သို့ တရွရွတက်လာနေကြ၏။ ရှင်းမယ်သည် ပျို့အန်ချင်သလိုပင် ဖြစ်သွားခဲ့ရ၏။
အဆိပ်၅မျိုးကလေးဆိုးသည် ရယ်မောနေလိုက်၏။ “ဒီအကောင်လေးတွေက ကျုပ်ရဲ့အထူး မွေးထားတဲ့ အကောင်လေးတွေပေါ့။ သူတို့ဆီမှာ အဆိပ် ၇ မျိုးပေါင်းစပ်ထားတယ်။ သူတို့တွေက အသားစားကြရုံတင်မကသေးဘူး မင်းတို့ရဲ့ အရိုးတွေကိုပါ စားပစ်လိုက်ကြလိမ့်မယ်။”
သူ၏စကားပင်မဆုံးလိုက်သေး… ဓားပျံတစ်ချက်လင်းလက်သွားခဲ့၏။ ရှောင်းလီဓားပျံ ပစ်လွှတ်ခဲ့ပေပြီ...
ရှင်းမယ်သည် အော်ဟစ်သတိပေးဖို့ လွန်စွာမှပင် နောက်ကျသွားခဲ့ပေပြီ။
လီဆွန်းဟွာ၏ ဓားပျံသည် သူတို့၏ရှင်သန်ရေးအတွက် နောက်ဆုံးလက်နက်ဖြစ်ကြောင်း သူသိထားခဲ့၏။ သို့ရာတွင် လီဆွန်းဟွာသည် သူ၏ပစ်မှတ်ကိုပင် သဲကွဲစွာမတွေ့နိုင်ခဲ့ချေ။
ဓားပျံသာ လွဲခဲ့ပါက သူတို့နှစ်ယောက်လုံး သေကြရပေလိမ့်မည်။
လီဆွန်းဟွာသည် ဤအချိန် ဤနေရာ၌ တကယ်ပင် အသက်များဖြင့် လောင်းကစားခဲ့လေသလော။
သူတို့၏ မျှော်လင့်ချက်ရောင်ချည်လေးက မှုန်ဝါးဝါးသာကျန်တော့၏။
ရှင်းမယ်သည် လီဆွန်းဟွာက ဤသို့သောစွန့်စားမှုမျိုး ပြုလုပ်ခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဓားပျံ၏အလင်းတန်းက အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေပြီ။ သို့သော် အမှောင်ထဲမှ နာကျင်စွာအော်ဟစ်လိုက်သံတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာ၏။
အမှောင်ထဲမှ လူတစ်ယောက်တိုးထွက်လာခဲ့၏။
ထိုသူသည် ကလေးတစ်ယောက်ကဲ့သို့ သေးငယ်လှ၏။ ဘောင်းဘီတိုလေးကို ဝတ်ဆင်ထားပြီး သူ၏သေးငယ်သော ခြေချောင်းလေးများကို ပြသနေ၏။ ယခုကဲ့သို့ ဆောင်းရာသီအချိန်မျိုး၌ပင် သူသည် ချမ်းအေးပုံမပေါ်။
သူ၏ဦးခေါင်းက သေးငယ်လှ၏။ သို့ရာတွင် သူ၏မျက်လုံးများက တောက်ပနေကြလေသည်။
သူ၏မျက်လုံးများက မယုံကြည်နိုင်မှုများ၊ မုန်းတီးမှုများဖြင့် ပြည့်နှက်နေကာ လီဆွန်းဟွာကို ကြည့်နေ၏။ သူသည် စကားပြောရန် ကြိုးစားလိုက်သော်လည်း ဘာသံမှထွက်မလာနိုင်ခဲ့ပါ။
သူ၏လည်မျိုတွင် လီဆွန်းဟွာ၏ဓားပျံလေးစိုက်ဝင်နေကြောင်း ယခုမှပင် ရှင်းမယ် တွေ့လိုက်ရ၏။ သူသည် ထိုဓားပျံလေးအား သွားရောက်ဆွဲထုတ်လိုက်ရာ သွေးများပန်းထွက်လာလေသည်။
အဆိပ်၅မျိုးကလေးဆိုးသည် နောက်ဆုံးထွက်သက်အဖြစ် ပြောလိုက်၏။ “ကြောက်စရာကောင်းလိုက်တဲ့ ဓားပျံ...”
အဆိပ်ကောင်များက သူတို့၏ကိုယ်များပေါ်သို့ တရွရွတက်လာနေသောကြောင့် သူတို့နှစ်ယောက်မှာ မလှုပ်ရဲကြချေ။
ရှောင်းလီဓားပျံသည် ပြိုင်ဘက်ကင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် သူတို့သည် ယခုအချိန်၌ ထိုအကောင်လေးများ၏ စားသောက်ခြင်းကို ခံကြရပေတော့မည်။
အဆိပ်၅မျိုးကလေးဆိုး၏ သွေးများထွက်လာသည်နှင့် တပြိုင်နက် ထိုအဆိပ်ကောင်လေးများသည် သူ၏လည်မျိုသို့ ခုန်ပျံဝင်ရောက်သွားကြ၏။
အချိန်တိုလေးအတွင်း၌ပင် သူ၏ခန္ဓာကိုယ်သည် ပျောက်ခြင်းမလှ ပျောက်သွားခဲ့၏။ သူ့ကို စားသုံးပြီးနောက် ထိုအဆိပ်ကောင်လေးများသည် မလှုပ်ရှားကြတော့ချေ။
အဆိပ်၅မျိုးကလေးဆိုးသည် သူ၏အဆိပ်ပညာဖြင့်ပင် ပြန်၍သေရသည်မှာ သံဝေဂရဖွယ် ကောင်းလှတော့သည်။
ရှင်းမယ်သည် ယခုမှသာ စိတ်လက်ပေါ့ပါးသွားခဲ့ရ၏။ “မင်းရဲ့ဓားပျံက ပြိုင်ဘက်ကင်းဖြစ်ရုံမကသေးဘူး၊ မင်းရဲ့ဟန်ပန်အမူအရာနဲ့ စိတ်သဘောထားကလည်း ပြိုင်စံရှားပါလား။”
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “အရေးမကြီးပါဘူးဗျာ။ အဲ့ဒီအဆိပ်ကောင်လေးတွေဟာ သွေးကို နှစ်သက်ကြတယ်ဆိုတာ ကျုပ်သိလိုက်တာ သိပ်မကြာသေးပါဘူး။ တကယ်တမ်းပြောရရင် ကျုပ်လည်း ကြောက်နေမိတာပဲ။”
“မင်းက ကြောက်နေမိသေးတယ်… ဟုတ်ရဲ့လား။”
လီဆွန်းဟွာ-“လူသေတွေကလွဲလို့ မကြောက်တတ်တဲ့လူကို ကိုယ်တော်တွေ့ဖူးလို့လား။”
ရှင်းမယ်သည် သက်ပြင်းချလိုက်၏။ “မင်းဟာ သိပ်ကိုအံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်ပါလား။”
သူ၏လေသံက တဖြည်းဖြည်း အားပျော့လာ၏။ နောက်ဆုံးတွင် မြေကြီးပေါ်သို့ သူလှဲချလိုက်ရလေတော့သည်။
မနက်ခင်းသို့ရောက်ပေပြီ။
ရှင်းမယ်သည် လီဆွန်းဟွာ၏ဘေးတွင် အိပ်မောကျနေ၏။
သူနိုးလာသောအချိန်တွင် မြင်းလှည်းတစ်စီးတွင်း၌ ရောက်နေကြောင်း သိလိုက်ရ၏။ သူတို့သည် ရှောင်စီးတောင်ခြေသို့ ရောက်လာကြ၏။ တောင်ခြေ၌ မြင်းလှည်းကိုရပ်လိုက်ပြီး လီဆွန်းဟွာသည် ရှင်းမယ်ကို ကျောပိုးကာ တောင်ပေါ်သို့ စတင်၍တက်လိုက်၏။
တောင်တက်လမ်းတလျှောက်တွင် ဘုန်းကြီးအချို့ ထင်းချောင်းများစုဆောင်းနေကြသည်ကို သူတွေ့ခဲ့၏။ တောင်ပေါ်သို့ လျင်မြန်သောကိုယ်ဖော့ပညာဖြင့် သူတက်လာသောကြောင့် ထိုဘုန်းကြီးများသည် သူ့ကို သတိထားမိသွားကြ၏။
ကိုယ်တော်တစ်ပါးက မေးလိုက်၏။ “ဒကာလေးက ဘယ်ကလာခဲ့တာလဲ။ ဘယ်သူ...”
နောက်တစ်ပါးက သူကျောပိုးလာသော ရှင်းမယ်ကိုယ်တော်ကို တွေ့မြင်သွားခဲ့ပြီး- “ဒကာလေးရဲ့နောက်ကျောပေါ်က ရှောင်လင်ကျောင်းတော်က ကိုယ်တော်တစ်ပါးမဟုတ်လား။”
လီဆွန်းဟွာသည် မူလကဖြည်းဖြည်းမှန်မှန်သာ သွားနေသော်လည်း ထိုဘုန်းကြီးနှစ်ပါးနှင့် တွေ့လိုက်သောအခါ သူတို့၏ခေါင်းပေါ်မှ ခုန်ပျံကျော်လွှားလိုက်ပြီး တောင်ပေါ်သို့ လျင်မြန်စွာ ဆက်၍တက်သွားခဲ့၏။
ထိုဘုန်းကြီးများက လိုက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် လီဆွန်းဟွာ ကွယ်ပျောက်သွားခဲ့လေပြီ။
ရှောင်လင်ကျောင်းတော်သို့ သူရောက်ရှိရန် ၁ နာရီကျော်ကျော်မျှ တက်လိုက်ရ၏။ ယခုသူ ရောက်နေသောနေရာမှာ စေတီတော်များဖြင့် ပြည့်နှက်နေ၏။ အချို့မှာ အုတ်ဂူသေးသေးကြီးကြီးများ ဖြစ်ကြလေသည်။ ထိုနေရာသည် လျှို့ဝှက် သင်္ချိုင်းတော်ဖြစ်မှန်း သူသိလိုက်ရ၏။ ရှောင်လင်ဂိုဏ်း၏ ခေတ်အဆက်ဆက် ဂိုဏ်းချုပ်များကို မြှုပ်နှံထားသောနေရာဖြစ်မှန်း သူရိပ်မိလိုက်၏။
ဤနေရာသည် သူလိုလူတစ်ယောက်အဖို့ ကြာကြာမနေသင့်သောနေရာဖြစ်၏။
ရုတ်တရက်ပင် သူချောင်းတစ်ချက် ဆိုးလိုက်၏။
ထိုအချိန်၌ တစ်စုံတစ်ယောက်က မေးမြန်းလိုက်သံကို သူကြားလိုက်ရ၏။ “ရှောင်လင်ကျောင်းတော်ရဲ့ လျှို့ဝှက်နယ်မြေကို ကျုးကျော်ဝင်လာရဲတာ ဘယ်သူလဲ။ ဒကာက သိပ်ပြီးတော့ကို အတင့်ရဲလှချည်လား။”
လီဆွန်းဟွာ-“ရှင်းမယ်ကိုယ်တော်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပါတယ်။ သူ့ကို ကုသပေးဖို့ ကျုပ်ဒီကို ခေါ်လာခဲ့တာပါ။ ရှောင်လင်ဂိုဏ်းချုပ်ကြီးဆီ ကျုပ်ကိုခေါ်သွားပေးပါ။”
ရုတ်ချည်းပင် ဘုန်းကြီးအများအပြား ထွက်ပေါ်လာကြ၏။ တစ်ပါးသောကိုယ်တော်-“ဒကာလေးရဲ့နာမည်ကို သိပါရစေလား။”
လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ကျုပ်နာမည်က လီဆွန်းဟွာဖြစ်ပါတယ်။”
+++++
သစ်တောအုပ်ထဲ၌ လူနှစ်ယောက် ကျားကစားနေကြ၏။
ညာဘက်က ပုဂ္ဂိုလ်သည် ထူးဆန်းသောအသွင်ပြင်ရှိ ဘုန်းကြီးအိုတစ်ပါးဖြစ်၏။
ဘယ်ဘက်မှလူသည် ပိန်သေးကာ အရပ်ပုပုနှင့် လူကြီးတစ်ယောက်ဖြစ်၏။ သူ့မျက်လုံးများက တောက်ပနေကြပြီး ခင်မင်နှစ်လိုဖွယ်ကောင်း၏။ မြင်လိုက်ရသူတိုင်းက သူ၏အရပ်ကို သတိမထားမိလောက်အောင်ပင် ဟန်ပန်အမူအရာရှိသူဖြစ်၏။
ပိုင်ရှောင်ရှန်းတစ်ယောက်မှလွဲ၍ ဆရာတော်ရှင်းဟူနှင့် ကျားကစားနိုင်သူ မည်သူဖြစ်ရဦးမည်နည်း။
ထိုသူနှစ်ယောက် ကျားကစားနေကြပြီဆိုလျှင် မည်သည့်အကြောင်းနှင့်မျှ သူတို့ကို ရပ်တန့်၍မရနိုင်ပါ။ သို့သော် သူတို့သည် လီဆွန်းဟွာဆိုသောနာမည်ကို ကြားလိုက်ကြသည်နှင့်တပြိုင်နက် ကျားကစားနေခြင်းအမှုကို ချက်ချင်းပင်ရပ်တန့်လိုက်ကြ၏။
ရှင်းဟူ-“သူဘယ်မှာလဲ။”
ထိုသတင်းကို လာပေးသူဘုန်းကြီး-“ဒုတိယ ဂိုဏ်းတူဦးလေးရဲ့ အခန်းရှေ့မှာ စောင့်နေပါတယ်။”
ရှင်းဟူ-“မင်းတို့ ဒုတိယဂိုဏ်းတူဦးလေးက ဘာဖြစ်လာလို့လဲ။”
ထိုဘုန်းကြီး-“သူ့ဒဏ်ရာတွေက သိပ်ပြီးမပြင်းထန်လှပါဘူး။ နံပါတ် ၄ နဲ့ နံပါတ် ၆ ဂိုဏ်းတူ ဦးလေးတွေက ပြုစုနေကြပါတယ်။”
+++++
လီဆွန်းဟွာသည် ခန်းမတွင်း၌ တစ်ယောက်တည်းရပ်နေကာ ဟိုဟိုသည်သည် ငေးမော ကြည့်ရှုနေ၏။
သူ၏နောက်ကျောသို့ ချဉ်းကပ်လာသောခြေသံများကို ကြားလိုက်ရသော်လည်း သူသည် စောင်းငဲ့၍ပင် လှည့်မကြည့်ခဲ့ပါ။
သူတို့သည် လီဆွန်းဟွာနှင့် ခြေလှမ်း ၁ဝ လှမ်းအကွာသို့ရောက်သော် ရပ်တန့်လိုက်ကြ၏။ လီဆွန်းဟွာ၏ ဂုဏ်သတင်းကျော်ဇောမှုကို ကြားဖူးထားခဲ့သော်လည်း လူကိုယ်တိုင်ကိုမူ ယခုမှပင် ရှင်းဟူ တွေ့မြင်ဖူးခြင်းဖြစ်၏။
သူ၏ရှေ့၌ရှိနေသူသည် နာမည်ကျော် လေလွင့်သူရဲကောင်းဖြစ်နေမှန်း မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။
လီဆွန်းဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သေးသေးမွှားမွှားအချက်အလက်လေးများကိုပင် အလွတ်မခံဘဲ အထက်အောက် အပြန်အလှန် သူလေ့လာနေလိုက်၏။ အထူးသဖြင့် ထိုရှည်လျားသော လက်ချောင်းများကိုပင်။
ထိုလက်ချောင်းများသည် ဘာများထူးခြားမှုများ ရှိနေကြပါသနည်း။
အဘယ့်ကြောင့် သာမန်ဓားပျံတစ်ချောင်းသည် ထိုလက်များထဲ၌ ဒဏ္ဍာရီဆန်သော၊ ကျော်ကြားသော ဓားပျံအဖြစ်သို့ ပြောင်းလဲသွားရသနည်း။
ပိုင်ရှောင်ရှန်းသည် သူ့ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က တွေ့ခဲ့ဖူးပါသည်။ လီဆွန်းဟွာသည် ဤ ၁ဝ နှစ်ကာလအတွင်း သိသိသာသာပြောင်းလဲမသွားခဲ့သော်လည်း သူကိုယ်၌ကမူ လွန်စွာမှပင်ပြောင်းလဲသွားကြောင်း တွေးမိလိုက်လေသည်။
ပိုင်ရှောင်ရှန်းက ရယ်မောလိုက်ပြီး နှုတ်ဆက်လိုက်၏။ “ကျန်းခန့်သာလို့မာပါစ... လီတွမ့်ဟွာ...”
လီဆွန်းဟွာသည် ပြန်လည်၍ပြုံးပြလိုက်ပြီး- “ခင်ဗျားက ကျုပ်ကိုမှတ်မိနေသေးတာကို ကျုပ် မယုံကြည်နိုင်အောင်ပါပဲလားဗျာ...”
ရှင်းဟူ-“ကျုပ်ကိုတော့ ဒကာလေးသိမယ်မထင်ပါဘူး။”
လီဆွန်းဟွာ-“ဆရာတော်ရဲ့ နာမည်ကျော်ကြားမှုကို ဘယ်သူကမသိဘဲ နေနိုင်ပါ့မလဲဗျာ။ ကိုယ်တော်ရဲ့ ဂုဏ်သတင်းက အရပ်တိုင်းမှာ ဟိုးဟိုးကျော်တာပဲ။ ဒီနေ့ကိုယ်တော်နဲ့ တွေ့ဆုံလိုက်ရတဲ့အတွက် ကျုပ် အလွန်ပဲ ဝမ်းသာဂုဏ်ယူပါတယ်။”
ရှင်းဟူ-“သိပ်ပြီးတော့လဲ မြှောက်ပင့်မနေပါနဲ့ဦး ဒကာလေး။ ကျုပ်ရဲ့ဂိုဏ်းတူညီလေးကို ကယ်တင်ပြီးခေါ်လာခဲ့တဲ့အတွက် ကျုပ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။”
လီဆွန်းဟွာ-“အရေးမကြီးပါဘူးဗျာ...”
ရှင်းဟူ-“ကျုပ်ညီလေးရဲ့ခြေအနေကို သွားကြည့်လိုက်ဦးမယ်။ ပြီးမှပဲ စကားဆက် ပြောကြတာပေါ့။”
သူထွက်သွားသောအခါ ပိုင်ရှောင်ရှန်းသည် ရယ်မောလိုက်၏။ “ဘုန်းကြီးတွေဟာ တော်တော့်ကို စိတ်ထိန်းနိုင်ကြပါလား။ ကျုပ်ဆိုရင် သူတို့လို လုပ်နိုင်မှာမဟုတ်ဘူး။”
“ခင်ဗျားက ဘာကိုဆိုလိုတာလဲ။”
“တစ်စုံတစ်ယောက်ကသာ သူ့ရဲ့ကျောင်းသားတပည့်တွေနဲ့ ဂိုဏ်းတူညီလုပ်သူကို ဒဏ်ရာရအောင်လုပ်ခဲ့မယ်ဆိုရင် မင်းကသူ့အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ပါဦးမလား။”
လီဆွန်းဟွာ-“ကျုပ်က ရှင်းမယ်နဲ့ သူ့တပည့်တွေကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ ခင်ဗျားက ပြောချင်နေတာလား။”
ပိုင်ရှောင်ရှန်းသည် လက်နောက်ပစ်ထားလိုက်ပြီး- “ရှောင်းလီတွမ့်ဟွာကလွဲလို့ ဘယ်သူကများ သူ့ကိုထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့မှာလဲ။”
လီဆွန်းဟွာ-“ကျုပ်က သူ့ကိုဒဏ်ရာရအောင် လုပ်ခဲ့တယ်ပဲထားပါတော့။ ဘာဖြစ်လို့ သူ့ကို ဒီအထိပြန်ခေါ်လာခဲ့ရမှာလဲ။”
ပိုင်ရှောင်ရှန်း-“တွေ့လား... ဒါကမင်းရဲ့ အလွန်မှဥာဏ်ကောင်းတဲ့ အကွက်ရွှေ့မှုပဲ။”
“ဟုတ်ရဲ့လား...”
“ရှောင်လင်ကျောင်းတော်ရဲ့ ကိုယ်တော်တစ်ပါးကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့လူတစ်ယောက်ဟာ ဘယ်မှာပဲ ပုန်းရှောင်နေနေ နောက်ဆုံးတော့ ဒုက္ခရောက်ရမှာပဲ။ ထောင်ပေါင်းများစွာသော ရှောင်လင်ကျောင်းတော်ရဲ့ တပည့်တွေက သူ့ကို မြေလှန်ပြီးလိုက်ရှာကြလိမ့်မယ်။”
လီဆွန်းဟွာသည် ပြုံးလိုက်၏။ “ပိုင်ရှောင်ရှန်းက တကယ့်ကို အားလုံးသိပုဂ္ဂိုလ်တစ်ယောက်ပါလား။ သိုင်းလောကမှာ လူတိုင်းပဲ ခင်ဗျားနဲ့မိတ်ဆွေဖြစ်ချင်ကြတာ မဆန်းပါဘူး။ ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ရတာ တကယ့်ကို ကြီးကျယ်တာပဲ။”
ပိုင်ရှောင်ရှန်းသည် လုံးဝအမူအရာပျက်မသွားခဲ့ချေ။ “ကျုပ်ကအမှန်တရားကို ပြောပြရုံ သက်သက်ပါ။”
လီဆွန်းဟွာ-“ဒါပေမဲ့ ခင်ဗျားတစ်ခုမေ့သွားခဲ့ပုံရတယ်။ ရှင်းမယ်က ခုချိန်ထိ အသက်ရှင်လျက်ရှိနေသေးတယ်။ သူ့ကို ဘယ်သူကဒဏ်ရာရအောင်လုပ်ခဲ့တာလဲဆိုတာ သူကိုယ်တိုင်က အသိဆုံးပါ။ ခင်ဗျားရဲ့စကားလုံးတွေကို ခင်ဗျားကိုယ်တိုင် ပြန်မျိုချရတော့မယ်နဲ့တူတယ်။”
ပိုင်ရှောင်ရှန်းသည် သက်ပြင်းချလိုက်၏။ “ကျုပ်ရဲ့တွက်ချက်မှုသာ မမှားခဲ့ဘူးဆိုရင် ရှင်းမယ်ဟာ အခုလောက်ဆိုရင် စကားပြောနိုင်မှာမဟုတ်တော့ဘူး။”
ရုတ်တရက်ပင် စကားသံတစ်သံထွက်ပေါ်လာ၏။ “မင်းကမှ ရှင်းမယ်ကို ဒဏ်ရာရအောင် မလုပ်ခဲ့ရင် ဘယ်သူ့လက်ချက်လဲကွ...”
ရှင်းဟူသည် ပြန်ရောက်လာပြီးနောက် သူ၏အမူအရာများက အေးစက်သော ဆက်ဆံမှုများအဖြစ် ပြောင်းလဲသွားခဲ့၏။
လီဆွန်းဟွာ-“ရှင်းမယ်ကိုယ်တော်ဟာ အဆိပ်မိထားခဲ့တယ်ဆိုတာ ကိုယ်တော်မသိတာလား။”
ရှင်းဟူသည် ပြန်လည်ပြောဆိုခြင်းမရှိတော့ဘဲ အော်ခေါ်လိုက်၏။ “နံပါတ် ၇ ညီလေး...”
မျက်နှာဝါကြန့်ကြန့်ရှိသော ဘုန်းကြီးတစ်ပါးထွက်ပေါ်လာပြီး- “အဆိပ်၅မျိုးကလေးဆိုးရဲ့ ‘အဆိပ်၅မျိုးရေ’ နဲ့သူထိတွေ့ခဲ့ရတာပါ။ အဲ့ဒီအဆိပ်က အနံ့အရသာမရှိပါဘူး။ အရောင်အဆင်းကလည်း ရေလိုပဲ ဘာအရောင်မှမရှိဘူး။ အဆိပ်မိခံထားရသူဟာ ချက်ချင်းဖြေဆေးမရခဲ့ဘူးဆိုရင် သူ့အသားတွေက ပုတ်ဆွေးလာပြီး လူတစ်ကိုယ်လုံးပါ ပျောက်သွားနိုင်ပါတယ်။”
လီဆွန်းဟွာသည် ရယ်မောလိုက်၏။ “ကိုယ်တော်ဟာ တော်တော့်ကို အံ့ဩဖို့ကောင်းနေပါလား။”
ရှင်းကျန်က အေးစက်စွာပြန်လည်ပြောဆိုလိုက်၏။ “မိထားတဲ့အဆိပ်က အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ်ဆိုတာကလွဲပြီး ကျန်တာကျုပ်ဘာမှမသိဘူး။ သူ့ကို ဘယ်သူကအဆိပ်ခပ်ခဲ့တာလဲ ဆိုတာလည်း ကျုပ်မသိဘူး။”
ပိုင်ရှောင်ရှန်း-“မှန်တယ်။ အဆိပ်မိထားသူကတော့ သေသွားခဲ့ပြီ။ အဆိပ်ခပ်သတ်တဲ့ လူသတ်ကောင်ပဲ အသက်ရှင်လျက်ကျန်နေသေးတယ်။”
ရှင်းကျန်-“အဆိပ်၅မျိုးကလေးဆိုးဟာ ရှောင်လင်ကျောင်းတော်နဲ့ ဘာရန်ငြိုးရန်စမှမရှိခဲ့ဘူး။ ဘာဖြစ်လို့ သူက ဒုတိယဂိုဏ်းတူအစ်ကိုတော်ကို လုပ်ကြံရမှာလဲ။”
လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ဘာဖြစ်လို့လဲဆိုတော့ သူဟာကျုပ်ကို အဆိပ်ခပ်သတ်ဖို့ ကြံစည်ခဲ့လို့ပေါ့။”
ပိုင်ရှောင်ရှန်း-“ထူးဆန်းလိုက်တာ။ သူသာမင်းကို အဆိပ်ခပ်ဖို့ကြိုးစားခဲ့ရိုးမှန်ရင် မင်းက ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ။ ဘာဖြစ်လို့ ရှင်းမယ်ကိုယ်တော်က သေသွားခဲ့ရတာလဲ။”
သူသည် လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်ပြီး- “ဒီကိစ္စကို မင်းကရှင်းပြနိုင်မယ်ဆိုရင် မင်းကို ကျုပ်ကိုယ်တိုင် ဦးညွှတ်လိုက်ပါ့မယ်။”
လီဆွန်းဟွာသည် အတော်ကြာကြာစဉ်းစားနေလိုက်ပြီး ပြုံးပြလိုက်၏။ “ကျုပ်မရှင်းပြနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဘာပဲပြောပြော ခင်ဗျားတို့က ယုံကြည်ကြမှာမှမဟုတ်ဘဲ။”
ပိုင်ရှောင်ရှန်း-“မင်းဟာကျုပ်တို့ကို ခက်ခဲအောင်လုပ်နေပြန်ပါပြီကော...”
လီဆွန်းဟွာ-“ကျုပ်တော့မပြောနိုင်ဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ ပြောပြနိုင်ပါလိမ့်မယ်။”
ရှင်းဟူ-“ဘယ်သူလဲ...”
လီဆွန်းဟွာ-“ရှင်းမယ်ကိုယ်တော် ကိုယ်တိုင်ပဲ။ နိုးလာရင် သူ့ကိုခင်ဗျားတို့ မေးကြည့်ကြပါလား။”
ရှင်းကျန်က အေးစက်စွာပြောဆိုလိုက်၏။ “ဒုတိယဂိုဏ်းတူအစ်ကိုလေးဟာ ဘယ်တော့မှ နိုးထလာမှာမဟုတ်တော့ဘူး။”
0 comments:
Post a Comment