Wednesday, March 2, 2011

(၂ဝ) နှလုံးသားကောက်ကျစ်သူ

ရှောင်လင်ကျောင်းတော်၏ ခေါင်းလောင်းသံများ ဆူညံလာကြ၏။ သူတို့၏အကြီးအကဲ ဂိုဏ်းခေါင်းဆောင်တစ်ယောက်သေဆုံးသွား၍ ထိုးလိုက်သော ခေါင်းလောင်းသံများပင်ဖြစ်၏။

ဆောင်းလေအေးထဲ၌ လီဆွန်းဟွာသည် အဆက်မပြတ်ချောင်းဆိုးနေ၏။ သူသည် ဒေါသထွက်ရမည်လား၊ နောင်တရနေရမည်လား၊ သို့မဟုတ် စိတ်မကောင်းဖြစ်နေရမည်လား မသိတော့ချေ။

သူ၏ချောင်းဆိုးခြင်းရပ်တန့်သွားသောအခါ ဤကွင်းပြင်လေးသို့ ဘုန်းကြီးများစွာ စီတန်း၍ ဝင်လာကြ၏။ အားလုံး၏သွင်ပြင်များက အေးစက်ငြိမ်သက်နေကြလေသည်။

အားလုံးပင် သူ့ကိုစိုက်ကြည့်နေကြပြီး သူတို့၏နှုတ်ခမ်းများကို စေ့နေအောင် ကိုက်ထားကြ၏။ ခေါင်းလောင်းသံသည် ရပ်တန့်သွားခဲ့လေပြီ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး နှင်းပြင်ပေါ်သို့ လျှောက်လှမ်းလာသော ခြေသံများကသာ ကြီးစိုးနေ၏။

နောက်ဆုံးခြေသံရပ်တန့်သွားသောအခါ လီဆွန်းဟွာသည် သူ့ကို ရေခဲချပ်များ အလွှာလိုက် ဖုံးအုပ်လာသလိုမျိုး ခံစားလိုက်ရ၏။




ရှင်းဟူ-“မင်းမှာပြောစရာ ကျန်သေးလား။”

လီဆွန်းဟွာ အတန်ကြာမျှ စဉ်းစားလိုက်ပြီးနောက်- “မရှိတော့ပါဘူး...”

ပိုင်ရှောင်ရှန်း-“မင်းဒီကို မလာခဲ့သင့်ဘူး။”

လီဆွန်းဟွာသည် စဉ်းစားလိုက်ပြီးနောက် ရယ်မောလိုက်၏။ “ကျုပ်သာ အချိန်ကို နောက်ပြန်သွားလို့ရမယ်ဆိုရင် ဒီကိုပဲ မရောက်ရောက်အောင် လာခဲ့ဦးမှာပဲ...”

သူသည် အေးချမ်းစွာဖြင့်ဆက်၍ပြောလိုက်၏။ “ကျုပ်ရဲ့ဘဝမှာ လူပေါင်းများစွာကို သတ်ခဲ့မိပေမယ့် အကူအညီမယ့်သူတစ်ယောက် ကျုပ်ရှေ့မှာ ဘယ်တုန်းကမှ လက်လွတ်စပယ် မသေဆုံးခဲ့ဖူးဘူး။”

ရှင်းဟူသည် စိတ်ဆိုးဒေါသထွက်စွာဖြင့်- “အခုချိန်မှာတောင်မှ မင်းကိုယ်မင်း အပြစ်ကင်းကြောင်း ကြေငြာနေသေးတာလား။”

လီဆွန်းဟွာ-“ဘုန်းကြီးတွေဆိုတာ စိတ်လှုပ်ရှားမှုမရှိရပါဘူး။ ကိုယ်တော်က ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသတကြီးဖြစ်နေရတာလဲ။”

ပိုင်ရှောင်ရှန်း-“လီတွမ့်ဟွာက အလွန်ပဲ ဗဟုသုတနဲ့ ပြည့်စုံကြွယ်ဝတယ်လို့ ကြားဖူးခဲ့ပါ တယ်။ တခါတရံမှာတောင်မှ ဗုဒ္ဓကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် စိတ်ဆိုးပြီး အော်ပြောတတ်တယ်ဆိုတာ မကြားဖူးဘူးလား။”

လီဆွန်းဟွာ-“ဒါဖြင့်ရင်လည်း ဖြဲအော်လိုက်လေ။ ခင်ဗျားရဲ့လည်ချောင်းတော့ ကွဲမသွားစေနဲ့ပေါ့။”

ရှင်းဟူ-“အခုလိုအချိန်မျိုးမှာတောင် မင်းကနောင်တရဟန်မပြသေးဘူး။ ကြည့်ရတာ ကျုပ်ရဲ့ လူမသတ်မယ့်ဝါဒကို ဒီနေ့တော့ ပြန်ပြင်ရမလိုဖြစ်နေပြီ။”

လီဆွန်းဟွာ-“လုပ်လိုက်လေ... ကိုယ်တော်တစ်ပါးတည်းကသာ  လူသတ်ဖူးတဲ့ဘုန်းကြီး မဟုတ်ပါဘူး။”

ရှင်းကျန်-“မင်းကိုကျုပ်တို့က သတ်ချင်နေရတဲ့အကြောင်းအရင်းက ကျုပ်တို့သွေးဆာနေလို့မဟုတ်ပါဘူး။ လောကကြီးထဲက ဆိုးသွမ်းနေတဲ့လူတစ်ယောက်ကို ပပျောက်သွားစေချင်လို့ဆိုတာကို နားလည်ထားပါ။”

ထိုအချိန်၌ပင် သူသည် တောက်ပြောင်နေသော ဓားပျံလေးတစ်လက်ကို တွေ့လိုက်ရ၏။ လီဆွန်းဟွာ၏လက်ထဲသို့ မည်သည့်အချိန်က ဤဓားပျံလေးရောက်လာခဲ့မှန်း သူမတွေ့မြင်ခဲ့ရချေ။ ရှောင်းလီဓားပျံ...

လီဆွန်းဟွာ-“ကျုပ်လိုမျိုး ဒုစရိုက်ကောင်တစ်ယောက်ကို ခင်ဗျားတို့တွေက သတ်ဖို့မကြိုးစားပါနဲ့လို့ ကျုပ်ကအကြံပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ ကျုပ်ကိုသတ်နိုင်မှာ မဟုတ်လို့ပဲ။”

ရှင်းဟူ-“အခုလိုမျိုးအချိန်မှာတောင် မင်းကကျုပ်တို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချင်သေးတယ်ပေါ့လေ။”

လီဆွန်းဟွာသည် သက်ပြင်းချလိုက်၏။ “ကျုပ်ဟာ ကျုပ်ရဲ့ဘဝကို ပေပေတေတေနဲ့ ဖြစ်သလို ဖြတ်သန်းလာခဲ့ပေမယ့် သေဖို့ကိုတော့ အဆင်သင့်မဖြစ်သေးပါဘူး။”

ပိုင်ရှောင်ရှန်း-“မင်းရဲ့ဓားပျံက ပစ်မလွဲဆိုပေမယ့် မင်းမှာဓားပျံ ဘယ်နှစ်ချောင်းလောက်များ ရှိနေလို့လဲ။ လူဘယ်နှစ်ယောက်လောက်များ သတ်နိုင်မှာလဲ။”

လီဆွန်းဟွာသည် ပြုံး၍သာနေလိုက်ပြီး ပြန်လည်ချေပခြင်းမပြုခဲ့ပါ။

ရှင်းဟူသည် လီဆွန်းဟွာ၏လက်ကို စိုက်၍ကြည့်နေလိုက်ပြီး- “ကောင်းပြီလေ... ဒီနေ့ တော့ ကျုပ်ကိုယ်တိုင် မင်းရဲ့ဒဏ္ဍာရီဓားပျံကို စမ်းသပ်ကြည့်မယ်။”

သူသည်ရုတ်ချည်းပင် လှုပ်ရှားလိုက်၏။

ပိုင်ရှောင်ရှန်းသည် သူ့ကိုဆွဲထားလိုက်၏။ “ကိုယ်တော်... ကိုယ်တော်ကိုယ်တိုင် ထွက်တိုက်လို့ မသင့်တော်ပါဘူး။”

“ဘာဖြစ်လို့လဲ...”

ပိုင်ရှောင်ရှန်းသည် သက်ပြင်းချလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ဒီမြေပြင်တခွင်မှာ ဘယ်သူမှ သူ့ရဲ့ဓားပျံကို ရှောင်တိမ်းနိုင်လိမ့်မယ်ဆိုတာ မသေချာဘူး။”

“ဘယ်သူမှ မရှောင်တိမ်းနိုင်ဘူးလား။”

ပိုင်ရှောင်ရှန်း-“တစ်ယောက်မှကို မရှိသေးဘူး။”

ရှင်းဟူသည် သက်ပြင်းမောတစ်ခုချလိုက်ပြီး- “ကျုပ်ကသာ နောက်ဘဝကိုမသွားခဲ့ဘူးဆိုရင် ဘယ်သူကများ နောက်ဘဝကို သွားမှာလဲ...”

ရှင်းကျန်-“ဂိုဏ်းချုပ်အစ်ကိုတော်... တပည့်တော်တို့ရဲ့ ကျောင်းတော်ကို တစ်ချက်လောက် ငဲ့ကြည့်သင့်ပါတယ်။ ကိုယ့်ကိုကိုယ် အန္တရာယ်တောထဲ ဇွတ်တိုးမဝင်သင့်ပါဘူး။”

လီဆွန်းဟွာ-“သူပြောတာမှန်တယ်။ ခင်ဗျားတို့ ဘယ်သူမှ မစွန့်စားသင့်ဘူး။ ဂိုဏ်းချုပ် ကိုယ်တော်မှာ တပည့်တပန်းတွေ ဒီလောက်အများကြီးရှိနေတာပဲ။ ကိုယ်တော်က တစ်ခွန်းလောက် ပြောလိုက်ရုံနဲ့တင် ကိုယ်တော့်အတွက်အသေခံပေးမယ့်သူတွေ အများကြီးထွက်လာကြမှာပါ။”

ရှင်းဟူသည် မျက်နှာအမူအရာပျက်သွားခဲ့ရပြီး အော်ပြောလိုက်လေ၏။ “ကျုပ်ရဲ့အမိန့်မရဘဲ ဘယ်သူမှ ထွက်မတိုက်ရဘူး။ ကြားကြလား။ ဒါမှမဟုတ်ရင်တော့ ပြစ်မှုကျူးလွန်တဲ့သူကို ရှောင်လင်ကျောင်းတော်ကနေ တစ်ခါတည်းထုတ်ပစ်လိုက်မယ်။”

ဘုန်းကြီးအားလုံးသည် သူတို့၏ခေါင်းများကို ငုံ့ထားလိုက်ကြလေ၏။

လီဆွန်းဟွာသည် ပြုံးလိုက်၏။ “ရှောင်လင်ကျောင်းတော်ကြီးဟာ တကယ်ပဲလေးစားစရာ ကောင်းလှပါလား။ ဒီလိုမှသာမဟုတ်ခဲ့ရင် ကျုပ်ရဲ့ဒီဥာဏ်နီဥာဏ်နက်လေးက ဘယ်လိုလုပ်ပြီး အသုံးဝင်ခဲ့မှာလဲ။”

ပိုင်ရှောင်ရှန်းသည် အေးစက်စွာပြောလိုက်၏။ “ရှောင်လင်ဘုန်းတော်ကြီးတွေက သူတို့ရဲ့ အသက်တွေနဲ့ မင်းနဲ့ အလဲအလှယ်လုပ်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဒီနေရာကနေ လွယ်လွယ်ကူကူ ထွက်သွားနိုင်မယ်လို့များထင်နေလား။”

လီဆွန်းဟွာ-“ကျုပ်ဒီကနေ ထွက်သွားလိမ့်မယ်လို့ ဘယ်သူကပြောတာလဲ။”

ပိုင်ရှောင်ရှန်း-“မင်း... မင်းဒီကနေ ထွက်မသွားဘူးပေါ့...”

လီဆွန်းဟွာ-‘အမှန်တရားမှ မပေါ်ပေါက်သေးတာ... ကျုပ်ကဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။”

ပိုင်ရှောင်ရှန်း-“မင်းဆိုလိုတာက အဆိပ်၅မျိုးကလေးဆိုးကို ရှောင်လင်ကျောင်းတော်ကို လာခိုင်းပြီး တရားခံပါလို့ ဝန်ခံခိုင်းမလို့လား။”

လီဆွန်းဟွာ-“သူသေသွားခဲ့ပြီပဲ... မလိုအပ်တော့ပါဘူး။”

ပိုင်ရှောင်ရှန်း-“မင်းသတ်ခဲ့တာလား။”

လီဆွန်းဟွာသည် ငြိမ်းချမ်းစွာပင် ပြောလိုက်၏။ “သူလည်းလူသားတစ်ယောက်ပါပဲ။ ဒါကြောင့်မို့လို့လည်း ကျုပ်ရဲ့ဓားပျံကို မရှောင်တိမ်းနိုင်ခဲ့ပါဘူး။”

ရှင်းဟူသည် ရုတ်တရက်ပင် ဝင်ရောက်ပြောဆိုလိုက်၏။ “မင်းသာသူ့ရဲ့ခန္ဓာကိုယ်အလောင်းကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် မင်းမှာ သက်သေပြစရာတစ်ခုတိုးလာတာပေါ့၊ မဟုတ်ဘူးလား။”

လီဆွန်းဟွာ-“စိတ်မကောင်းစရာပဲ... ကျုပ်တို့သာ သူ့ရဲ့ခန္ဓာကိုယ်အလောင်းကောင်ကို ရှာတွေ့ခဲ့ဦးတောင်မှ သူဘယ်သူလဲဆိုတာ မပြောပြနိုင်တော့ဘူး။”

ပိုင်ရှောင်ရှန်းသည် ကျယ်လောင်စွာရယ်မောလိုက်၏။ “ဒါဆိုရင် မင်းဟာအပြစ်ကင်းကြောင်း သက်သေပေးနိုင်တဲ့လူတစ်ယောက်လောက်ကို ရှာမပေးနိုင်တော့ဘူးလား။”

လီဆွန်းဟွာ-“အခုချိန်မှာတော့... တစ်ယောက်မှကိုမရှိဘူး။”

“ဒါဆိုရင် မင်း ဘာဆက်လုပ်မှာလဲ...”

လီဆွန်းဟွာ-“ကျုပ်အရက်သောက်ချင်နေတယ်။”

+++++

အားဖေသည် ထိုခုံပေါ်၌ စိတ်လက်ပျော့ပြောင်းစွာမထ်ိုင်တတ်ချေ။ လီဆွန်းဟွာကဲ့သို့ စိတ်လွတ်လက်လွတ် ဘယ်တော့မှ ထိုင်တတ်မည်ဟု သူ့ကိုယ်သူမထင်ထားပါ။ သူ၏ဘဝတလျှောက်လုံးတွင် ကုလားထိုင် ထိုင်ခုံတစ်လုံးပေါ်၌ မည်သည့်အခါကမျှ မထိုင်ခဲ့ဖူးချေ။

လင်ရှန်းအာသည် မီးပုံဘေးတွင် နွေးထွေးစွာ အိပ်မောကျနေ၏။

ဤရက်ပိုင်းအတွင်း သူမသည် ကောင်းကောင်း အနားမယူခဲ့ရချေ။ အားဖေတစ်ယောက် လူကောင်းပကတိနီးပါး ပြန်လည်ကျန်းမာလာသည်ကို တွေ့လိုက်ရမှ သူမသည် စိတ်အေးစွာ နားနေပုံရသည်။

အားဖေသည် သူမကို တွေဝေငေးမောစွာကြည့်နေမိလေသည်။

အခန်းတွင်း၌ သူမ၏အသက်ရှူသံများက တိုးညင်းစွာထွက်ပေါ်နေ၏။ အပြင်ဘက်၌ နှင်းများ အရည်ပျော်ကျနေ၏။ ဩကာသလောကတခွင်လုံး ငြိမ်းချမ်းနေ၏။

အားဖေ၏မျက်ဝန်းများတွင် နာကျင်မှုများဖြင့်ပြည့်နှက်နေ၏။

သူသည် ရုတ်တရက်ပင် ထရပ်လိုက်ပြီး ဖိနပ်ကို အသံမထွက်အောင် စီးနင်းနေ၏။

ထို့နောက် သက်ပြင်းတစ်ချက်ကို အသံတိတ်ချလိုက်ပြီး သူ၏ဓားကို ကောက်ယူလိုက်၏။ အားဖေသည် ဓားကို သူ၏ခါးကြားတွင်းသို့ ညင်သာစွာထိုးထည့်လိုက်၏။

“ရှင်... ရှင်ဘယ်ကိုထွက်သွားမလို့လဲ...”

အားဖေသည် ပြန်၍လှည့်မကြည့်ရဲပါ။ သူသည်အံကြိတ်လိုက်ပြီး- “ကျုပ်သွားတော့မယ်။”

လင်ရှန်းအာ-“ရှင်တကယ်ထွက်သွားတော့မှာလား။”

သူမသည် ထရပ်လိုက်ပြီး- “ရှင်ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားတော့မှာလား။ ကျမကိုတောင်မှ နှုတ်မဆက်တော့ဘူးလား။”

အားဖေ-“ကျုပ်ထွက်သွားပါပြီဆိုမှ ဘာဖြစ်လို့နှုတ်ဆက်နေရဦးမှာလဲ။”

လင်ရှန်းအာ၏ ခန္ဓာကိုယ်သည် ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားခဲ့၏။ မျက်ရည်များက သူမ၏ ပါးပြင်ပေါ်သို့ အဆီးအတားမရှိ ကျဆင်းလာလေတော့သည်။

အားဖေ၏နှလုံးသားသည် နာကျင်စွာခံစားလိုက်ရ၏။ ဤသို့သောခံစားမှုမျိုးကို သူတစ်ခါမှ မခံစားခဲ့ဖူးပါ။ ထိုအရာသည် အချစ်ဆိုသောအရာများ ဖြစ်နေမလား။

အားဖေ-“မင်းက ကျုပ်ကို ကယ်တင်ခဲ့ပေးတယ်။ ဒီအကြွေးကို ကျုပ်မကြာခင်ပြန်ဆပ်ပါ့ မယ်။”

လင်ရှန်းအာသည် ရုတ်တရက်ပင် ပြုံးလိုက်၏။ “ကောင်းတယ်။ ခုချက်ချင်းပဲ ပြန်ဆပ်လိုက်ပါတော့လား။ ရှင့်ကိုကျမက ကယ်တင်ခဲ့တာက ရှင့်ဆီကပြန်လိုချင်လို့ပေါ့လေ၊ ဟုတ်လား။”

သူမသည် ရယ်မောနေသော်လည်း သူမ၏မျက်ရည်များက လိမ်ညာ၍မရနိုင်ခဲ့ပါ။

အားဖေ-“မင်းဘာတွေ တွေးနေတာလဲဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ် လီဆွန်းဟွာကို ရှာဖွေရဦးမယ်။”

လင်ရှန်းအာ-“ဘာဖြစ်လို့များ ကျမက လီဆွန်းဟွာကို ရှာဖွေချင်သူတစ်ယောက်မဟုတ်ဘူးလို့ ရှင်ထင်ထားခဲ့ရတာလဲ။ ဘာဖြစ်လို့ ကျမကို ရှင်နဲ့အတူ အပါခေါ်မသွားခဲ့ရတာလဲ။”

အားဖေ-“ဒီပြဿနာအရှုပ်အရှင်းထဲ မင်းကို... မင်းကိုကျုပ် မပါစေချင်ပါဘူး။”

လင်ရှန်းအာ-“ဒါပေမဲ့ ရှင်ထွက်သွားခဲ့မယ်ဆိုရင် ကျမက ပျော်ရွှင်စွာကျန်ရစ်ခဲ့မယ်လို့ ရှင် ထင်နေလား။”

လင်ရှန်းအာသည် သူ၏ခါးကို တင်းကျပ်စွာပွေ့ဖက်ထားလိုက်၏။ သူမသည် တိုးညင်းစွာဖြင့်- “ကျမကိုခေါ်သွားပါ။ ရှင်နဲ့အတူခေါ်သွားလိုက်ပါ။ ရှင်သာပစ်ထားခဲ့မယ်ဆိုရင်တော့ ကျမကိုယ် ကျမ ရှင့်ရှေ့မှာတင် သတ်သေလိုက်မယ်။”

ညသည် တိတ်ဆိတ်နေ၏။

အားဖေသည် တံခါးမှ အပြင်ဘက်သို့ထွက်လိုက်၏။ သူသည် ဤရက်ပိုင်းများအတွင်း လင်ရှန်းအာ၏ အခန်းတွင်း၌ တစ်ချိန်လုံးရှိနေခဲ့၏။ သူတို့သည် အားဖေကို နေရာအနှံ့လိုက်ရှာနေကြသော်လည်း မည်သူမျှ သူမ၏အခန်းသို့ လာမရှာကြချေ။

ဘာဖြစ်လို့ သူတို့တွေသည် သူမကို ဤမျှယုံကြည်ထားကြသနည်း။

လင်ရှန်းအာသည် အားဖေ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ “ကျမရဲ့အစ်မကို သွားပြောလိုက်ဦးမယ်။”

အားဖေ-“သွားလေ...”

လင်ရှန်းအာသည် ပြုံးပြလိုက်ပြီး- “ဒါပေမဲ့ရှင့်ကို ဒီမှာတစ်ယောက်တည်း ကျမမထားခဲ့ချင်ဘူး။ ရှင်ပါလိုက်ခဲ့ပါလား။ ကျမတို့ အတူတူသွားကြတာပေါ့။”

အားဖေ-“ဒါပေမဲ့... မင်းရဲ့အစ်မက...”

လင်ရှန်းအာ-“စိတ်မပူပါနဲ့ရှင်။ ကျမရဲ့အစ်မဟာ လီဆွန်းဟွာရဲ့မိတ်ဆွေတစ်ယောက်ပါပဲ။”

အိမ်သေးလေး၌ ဖယောင်းတိုင်မီးလင်းနေသော အခန်းလေးတစ်ခန်းသာရှိနေ၏။ အခန်းတွင်း ရှိအရာအားလုံးသည် အိပ်မောကျနေကြပေပြီ။ သို့သော် လူတစ်ယောက်မှာမူ...

လင်ရှီးယင်သည် ထိုနေရာ၌ထိုင်နေပြီး အဝေးသို့ ငေးမောကြည့်နေလေသည်။

လင်ရှန်းအာသည် အားဖေကို အပေါ်ထပ်သို့ တိတ်ဆိတ်စွာခေါ်သွားခဲ့၏။ ထို့နောက် တိုးညင်းစွာဖြင့်- “အစ်မကြီး... ကျမသွားတော့မယ်ဆိုတာ လာပြောတာပါ။ စိတ်မပူပါနဲ့နော်။ အစ်မရဲ့ ကြင်နာသနားမှုတွေကို ကျမဘယ်တော့မှ မမေ့ပါဘူး။ နောင်များကျရင် ကျမပြန်လာလည်ပါဦးမယ်ရှင်...”

လင်ရှီးယင်သည် ဘာမျှမကြားလိုက်သလိုပင်။ အတန်ကြာသောအခါမှ သူမ၏ခေါင်းကို ညိတ်ပြလိုက်ပြီး- “အေးလေ... သွားတော့။ ထွက်သွားလိုက်တာပဲကောင်းပါတယ်။ ဒီနေရာမှာ နင့်အတွက်ဘာမှ အနာဂါတ်ဆိုတာမရှိတော့ဘူး။”

လင်ရှန်းအာ-“ခဲအိုကော... ဘယ်ရောက်နေလဲ။”

လင်ရှီးယင်-“ဘယ်ကခဲအိုလဲ... ဘယ်သူကနင့်ရဲ့ ခဲအိုလဲ...”

လင်ရှန်းအာ-“ကျမရဲ့ ခဲအိုလေ...”

လင်ရှီးယင်-“နင့်ရဲ့ခဲအို ဘယ်သူလဲဆိုတာငါမသိဘူး။ ငါဘာမှမသိတော့ဘူး။”

လင်ရှန်းအာသည် မည်သို့ပြန်ပြောရမှန်းမသိလောက်အောင်ပင် ဖြစ်သွားခဲ့ရ၏။ သူမသည် အားတင်း၍ပြုံးပြလိုက်ပြီး- “ကျမတို့က ရှောင်လင်ကျောင်းတော်ကို ဖြတ်လမ်းကနေသွားကြတော့မှာပါ။”

လင်ရှီးယင်သည် ရုတ်တရက်ပင် ထခုန်လိုက်ပြီး- “သွားကြတော့... မြန်မြန်သွားလိုက်ကြတော့။ ဘာမှစကားများမနေနဲ့တော့။”

သူမသည် လင်ရှန်းအာနှင့် အားဖေတို့နှစ်ယောက်ကို အိမ်ပေါ်မှ တွန်းချလိုက်၏။ ပြီးနောက် ဖယောင်းတိုင်မီးအိမ်လေးရှေ့သို့ ပြန်လာထိုင်လိုက်ပြီး မျက်ရည်များကျဆင်းနေတော့၏။

အမှောင်ရိပ်ထဲမှ လူတစ်ယောက်ထွက်ပေါ်လာလေသည်။ သူသည် လောင်ရှောင်း၄ယွန် ဖြစ်လေ၏။

သူသည် လင်ရှီးယင်ကို ကြည့်နေလိုက်ပြီး တစ်ယောက်တည်း တိတ်ဆိတ်စွာရေရွတ်လိုက်၏။ “သူတို့တွေ ရှောင်လင်ကျောင်းတော်ကို ရောက်သွားကြလည်း ဘာမှထူးလာမှာမဟုတ်ပါဘူး။ လီဆွန်းဟွာကို အခုချိန်မှာ ဘယ်သူမှမကယ်တင်နိုင်တော့ဘူး။”

+++++

အားဖေသည် အစားကိုများစွာ စားသူတစ်ယောက်ဖြစ်သော်လည်း အလျင်အမြန်စားသုံးခြင်းမရှိပါ။

လီဆွန်းဟွာသည် အစားအသောက်ကောင်းများကို မြိန်ရည်ယှက်ရည် အရသာခံကာ စားသုံးတတ်သော်လည်း အားဖေသည် ထိုသို့မဟုတ်ပါ။ အားဖေသည် အာဟာရဖြစ်စေဖို့နှင့် စားသုံးသည့်ပမာဏကိုသာ အရေးထားလေသည်။

သူစားသောက်ပြီးတိုင်းတွင်ပင် နောက်တစ်ကြိမ် ဘယ်အခါမှ ထပ်၍စားသောက်ရမည်မှန်း ရေရေရာရာသိမထားချေ။ ထို့ကြောင့် သူစားသုံးနေသော အစားအစာများကို ဘယ်သောအခါမှ အလဟသတ်အဖြစ်မခံခဲ့ပါ။

လင်ရှန်းအာသည် သူ့ကို ချစ်စဖွယ်ငေးကြည့်နေသည်။

အစားအသောက်ကို ဤမျှလေးစားသောသူမျိုး သူမ၏တစ်သက်တာတွင် တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အစာငတ်ပြတ်နေသူများသာ အစားအစာကို ဤမျှလေးစားကြသည် မဟုတ်ပါလား။

လင်ရှန်းအာသည် ပြုံးပြလိုက်၏။ “ရှင် ဝပြီလား။”

အားဖေ-“တော်တော်လေးကို ဗိုက်ပြည့်သွားပြီ။”

လင်ရှန်းအာ-“ရှင်စားသောက်နေတာကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ကျမ ၃ ရက်စာစားသလောက်ကို ရှင်က တစ်ထိုင်တည်းစားနိုင်တယ်နော်။”

အားဖေ ရယ်မောလိုက်၏။ ‘ဒါပေမဲ့ ကျုပ်က ၃ ရက်လောက် အငတ်ခံနိုင်တယ်။ မင်းကော ကျုပ်လိုအငတ်ခံနိုင်ပါ့မလား။”

လင်ရှန်းအာသည် သူ၏အပြုံးကိုကြည့်လိုက်ပြီး ဘာဆက်ပြောရမည်မှန်းမသိ ဖြစ်သွားခဲ့၏။

အတန်ကြာသောအခါမှ သူမက ပြောလိုက်၏။ “ရှင်တစ်ခုမေ့နေသေးတယ်။”

“ဘာများလဲ...”

“ကျမမှာရှင့်ရဲ့ ရွှေမျှင်ကိုယ်ကျပ်အင်္ကျီရှိနေတယ်။”

သူမသည် အိတ်တစ်လုံးကို ဖွင့်လိုက်ပြီး အင်္ကျီကို ထုတ်ယူလိုက်၏။

လင်ရှန်းအာ-“ရှင့်ဒဏ်ရာကို ကုသပေးဖို့ ဒီအင်္ကျီလေးကို ချွတ်ထားခဲ့ရတယ်။ ကျမ ရှင့်ကို ပြန်ပေးမယ်ဆိုပြီး မေ့နေလိုက်တာ။”

အားဖေသည် ထိုအင်္ကျီကို လှည့်၍ပင်မကြည့်ဘဲ- “မင်းပဲ ယူထားလိုက်ပါ။”

လင်ရှန်းအာ၏မျက်နှာသည် ခဏမျှ ဝင်းလက်သွားခဲ့သော်လည်း ခေါင်းကို ခါရမ်းလိုက်ပြီး- “ဒါက ရှင်ပိုင်တဲ့ပစ္စည်းပဲ။ နောက်ကျရင် ရှင့်အတွက်အသုံးဝင်လာမှာပါ။ ဘာဖြစ်လို့ တခြားတစ်ယောက်ကို ပေးလိုက်ရမှာလဲ။”

အားဖေသည် သူမကို ကြည့်လိုက်၏။ သူ၏စကားသံများက နွေးထွေးစွာထွက်ပေါ်လာ၏။ “ဒါပေမဲ့ ကျုပ်က တခြားလူတစ်ယောက်ကို ပေးနေတာမဟုတ်ဘူး။ တခြားလူတစ်ယောက်ကို ကျုပ် ဘယ်တော့မှလည်း မပေးသေးဘူး။ ကျုပ်ပေးနေတာက မင်းကိုပါ။”

လင်ရှန်းအာသည် သူ့ကိုငေးကြည့်နေလိုက်ပြီး သူမ၏မျက်ဝန်းများ၌ ကျေးဇူးတင်သော အရိပ်အရောင်များ၊ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံလာခဲ့ပြီး အားဖေ၏ရင်ခွင်တွင်းသို့ တိုးဝင်သွားလိုက်၏။

အားဖေ၏နှလုံးခုန်သံများက ရုတ်ချည်းပင် မြန်ဆန်လာခဲ့ရ၏။

ဤလိုမျိုး သူတစ်ခါမှ မခံစားခဲ့ဖူးချေ။

လင်ရှန်းအာသည် လျှို့ဝှက်စွာပြုံးနေလေသည်။

အဘယ်ကြောင့်ဆိုသော် ဤမာနကြီးသော၊ သန်မာသော လူငယ်လေးကို သူမသည် ထာဝရပိုင်ဆိုင်လိုက်ပြီ ဖြစ်မှန်းသိလိုက်ရ၍ဖြစ်၏။ ဒီ့ရှေ့လျှောက် ဤလူငယ်လေးသည် သူမ၏စေခိုင်းရာများကို တသွေမတိမ်း လုပ်ဆောင်ပေးပေတော့မည်။

အားဖေသည် သူမကိုပွေ့ချီလိုက်ပြီး ခုတင်ပေါ်သို့ မ,တင်ပေးလိုက်ပြီး ခြုံစောင်လေးဖြင့် ခြုံထားပေးလိုက်၏။ သူ၏အမြင်တွင် သူမသည် ပြီးပြည့်စုံနေလေသည်။ ထို့နောက် သူသည် အခန်းတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့၏။

လင်ရှန်းအာသည် ခုတင်ပေါ်၌ တစ်ဘက်သို့လှည့်လိုက်ပြီး လျှို့ဝှက်စွာပြုံးနေလေတော့၏။

ရုတ်တရက်ပင် ပြတင်းပေါက်ပွင့်သွားခဲ့ပြီး လေအေးများတိုးဝင်လာခဲ့၏။ လင်ရှန်းအာ ထ,ထိုင်လိုက်ပြီး- “ဘယ်သူလဲ...”

သူမ၏စကားအဆုံးတွင် လူတစ်ယောက်ပေါ်ထွက်လာ၏။ ထိုသူ၏မျက်နှာသည် စိမ်းလဲ့နေ၏။ ထိုသူသည် အမှောင်ထဲ၌ တစ္ဆေသရဲတစ်ကောင်အလား။

လင်ရှန်းအာသည် ပြန်လည်လှဲချလိုက်၏။ သူမသည် ထိုသူ့ကို ကြောက်ရွံ့ ထိတ်လန့်ဟန် မပြဘဲ ငြိမ်သက်စွာပင် အကဲခတ်နေလေ၏။

ထိုသူသည်လည်း သူမကိုကြည့်နေလေသည်။ သူ၏မျက်လုံးများမှ မီးတောက်များ တိုးထွက်လာသကဲ့သို့ပင်။

လင်ရှန်းအာသည် ရယ်မောလိုက်၏။ “ရှင်ရောက်လာပြီးမှတော့ ဒီနေရာကို လာခဲ့ပါလား။”

ထိုသူသည် လွန်စွာမှပင် အရပ်မြင့်မားသူဖြစ်၏။ သူ၏လည်တိုင်သည် ရှည်လျားလှ၏။ သို့သော် လည်ပင်းတွင် ပတ်တီးတစ်ခုကို စီးပတ်ထားလေသည်။ သူ၏လည်ပင်းမှာ ခိုင်နေသကဲ့သို့ ဖြစ်နေသည်။

လင်ရှန်းအာ-“ လီဆွန်းဟွာက ရှင့်ကို ဒဏ်ရာရအောင် လုပ်ခဲ့ပုံရတယ်။”

ထိုသူ၏ အမူအရာများက ပြောင်းလဲသွားခဲ့ရ၏။ “မင်းဘယ်လိုလုပ်သိနေတာလဲ...”

လင်ရှန်းအာ သက်ပြင်းချလိုက်၏။ “နဂိုကတော့ ရှင်သူ့ကို သတ်နိုင်ခဲ့လိမ့်မယ်လို့ ကျမက ထင်ထားခဲ့တာ။ ရှင်သာ ဒဏ်ရာရပြီး ပြန်လာရပါလား။”

ထိုသူ၏မျက်နှာသည် ပို၍ပင် စိမ်းလဲ့လာလေ၏။ “ကျုပ်က လီဆွန်းဟွာကို သတ်ဖို့သွားခဲ့မှန်း မင်းဘယ်လိုလုပ်ပြီး သိနေရပြန်တာလဲ။”

လင်ရှန်းအာ-“ဘာကြောင့်လဲဆိုတော့ ချူတုကို သူသတ်ခဲ့တယ်လေ။ ချူတုဟာ ရှင့်ရဲ့တရားမဝင်ရထားတဲ့သား မဟုတ်လား။”

ရိခူသည် သူမကိုကြည့်နေလိုက်၏။ “ကျုပ်မင်းကို မှတ်မိပြီ...”

လင်ရှန်းအာ-“ဟုတ်ရဲ့လား... ကျမဂုဏ်ယူရတော့မှာပေါ့။”

ရိခူ-“ချူတုလည်း သေသွားရော သူ့ရဲ့သရဲစိမ်းလက်လည်း ပျောက်ဆုံးသွားခဲ့ရတယ်။”

လင်ရှန်းအာ-“အမှန်ပဲ။ အဲ့ဒီလက်နက် ပျောက်ဆုံးသွားခဲ့တယ်။”

ရိခူ-“သူက မင်းကိုပေးခဲ့တာမဟုတ်လား။”

လင်ရှန်းအာ-“ထင်ရတာပဲ...”

ရိခူသည် စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူသာမင်းကို သူ့ရဲ့သရဲစိမ်းလက်ကို မပေးခဲ့ဘူးဆိုရင် လီဆွန်းဟွာရဲ့လက်ချက်နဲ့ သေသွားခဲ့စရာအကြောင်းမရှိဘူး။”

လင်ရှန်းအာ-“ရှင်က ရှင့်ရဲ့သရဲစိမ်းလက် ကျမကိုမပေးခဲ့ပါဘူး။ ဒါတောင်မှ လီဆွန်းဟွာရဲ့ လက်ချက်နဲ့ ဒဏ်ရာရလာသေးတယ်နော်။”

ရိခူသည် အံကြိတ်လိုက်ပြီး သူမ၏ခေါင်းမှ ဆံပင်စများကို ဆွဲဆုပ်လိုက်၏။

လင်ရှန်းအာသည် ထိတ်လန့်သွားရမည့်အစား ချိုသာစွာပင် ပြုံးပြနေလိုက်သေး၏။ သူမသည် ငြင်သာစွာပြောဆိုလိုက်၏။ “သူဟာ ကျမအတွက် ပျော်ပျော်ကြီးကို သေသွားခဲ့ရတာ။ တန်တယ်လို့ ရှင်မထင်ဘူးလား။”

ဖယောင်းတိုင်မီးသည် သူမကို ရောင်ပြန်ဟပ်နေ၏။ ရိခူသည် ကျေနပ်စွာပြုံးလိုက်ပြီး- “မင်း ဘယ်လောက်ထိတန်လဲဆိုတာ ကျုပ်သိချင်စမ်းပါရဲ့။”

ရုတ်တရက်ပင် သူမခြုံထားသော ခြုံစောင်ကို သူဆွဲပြီး လွှတ်ပစ်လိုက်၏။

လင်ရှန်းအာသည် ပြုံးလျက်ပင်ရှိနေသေး၏။ “ကျမ ဘယ်လောက်တန်လဲဆိုတာ ရှင်မသိချင်တော့ဘူးလားရှင်...”

ရိခူသည် သူမ၏မျက်နှာသို့ ရုတ်တရက်ပင် ဖြတ်ရိုက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်အား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်၏။

ရိခူသည် သူမ၏ဝမ်းဗိုက်သို့ လက်သီးဖြင့် ထိုးလိုက်ပြန်၏။ “ဖာသည်မ... မင်းက အရိုက်ခံရတာကို ပျော်နေတယ်ပေါ့လေ။”

လင်ရှန်းအာသည် မည်သည့်နာကျင်မှုမျိုးကိုမျှ မပြခဲ့ချေ။

ရိခူ-“မင်း ကျုပ်ကိုမကြောက်ဘူးလား...”

လင်ရှန်းအာ-“ဘာဖြစ်လို့ ရှင့်ကို ကျမကကြောက်ရမှာလဲ။ ရှင်ဟာ အလွန်တရာမှ ရုပ်ဆိုးနေလည်း နောက်ဆုံးတော့ ယောက်ျားတစ်ယောက်ပါပဲရှင်...”

0 comments:

Post a Comment