Wednesday, March 2, 2011

(၂၁)ဂုဏ်ယူဖွယ်ကောင်းသော မိတ်ဆွေတစ်ယောက်

ရိခူသည် ခုတင်ဘေး၌ရပ်နေပြီး သူ၏အင်္ကျီကို ပြင်ဝတ်နေ၏။

အတန်ကြာသောအခါမှ လင်ရှန်းအာသည် သူ့ကိုပြုံးပြီးပြောဆိုလိုက်၏။ “အခုတော့ ကျမဟာ ဘယ်လောက်တန်ဘိုးရှိလဲဆိုတာ ရှင်သိသွားပြီမဟုတ်လား။”

ရိခူ-“ကျုပ်မင်းကို သတ်ပစ်ခဲ့သင့်တယ်။ မဟုတ်ရင် လူဘယ်လောက်များများ မင်းရဲ့လက်ထဲမှာ ဒုက္ခရောက်ကြရဦးမလဲမသိဘူး။”

လင်ရှန်းအာ-“အစတုန်းက ရှင်က ကျမကို သတ်ချင်ခဲ့တယ်ပေါ့။”

ရိခူ-“အင်း...”

သူမသည် ချိုသာစွာပြုံးနေလိုက်၏။ “ဒါပေမဲ့ ရှင်ကျမကို တကယ်ကော သတ်နိုင်ခဲ့လို့လား။”

ရိခူသည် သူမကိုအကြာကြီး စိုက်ကြည့်နေလိုက်ပြီး၊ “မင်းနဲ့ပါလာတဲ့ ချာတိတ်က ဘယ်သူလဲ...”

လင်ရှန်းအာ-“ဘာဖြစ်လို့လဲ။ ရှင်ကမနာလိုဖြစ်နေတာလား။ ဒါမှမဟုတ် ကြောက်နေလို့လား။”



ရိခူ-“ကျုပ်လာခဲ့တာကို သူမကြားလိုက်တာ သူ့အတွက်သိပ်ကို ကံကောင်းတယ်။”

လင်ရှန်းအာ-“ဟုတ်ရဲ့လား။ ရှင်က သူ့ကိုတကယ်သတ်နိုင်မယ်လို့များ ထင်နေလား။”

“အင်းပေါ့...”

လင်ရှန်းအာသည် ပြုံးပြလိုက်ပြီး- “ဒါပေမဲ့ ရှင်သူ့ကို မသတ်နိုင်ပါဘူး။ သူ့ရဲ့သိုင်းပညာက သိပ်ကောင်းတယ်။ ဒါ့အပြင်သူက လီဆွန်းဟွာရဲ့ မိတ်ဆွေလည်းဖြစ်နေသေးတယ်။ ကျမကတော့ သူ့ကို သိပ်နှစ်သက်တာပဲ။”

ရိခူ၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။

လင်ရှန်းအာ-“သူ့ရဲ့အခန်းက ဒီကနေသွားလိုက်ရင် နောက်ဆုံးအခန်းပဲ။ ရှင့်မှာသူ့ကိုဆုံတွေ့ဖို့ သတ္တိကောရှိရဲ့လား။”

သူမ၏စကားမဆုံးခင်၌ပင် ရိခူသည် ထွက်သွားခဲ့လေပြီ။

သူမသည် ရယ်မောနေလိုက်ပြီး သူမကိုယ်ခန္ဓာကို ခြုံစောင်ဖြင့် ရစ်ပတ်ထားလိုက်၏။ သူမသည် ယခုအချိန်၌ သကြားလုံးကို မိဘမသိအောင် ခိုးစားလိုက်နိုင်သော ချာတိတ်မလေးတစ်ယောက်ကဲ့သို့ ခံစားနေရလေသည်။

ရိခူ၏သရဲစိမ်းလက်က အားဖေ၏ဦးခေါင်းကို ရိုက်ချိုးလိုက်မည့်အရေးကို သူမ တွေးမိလိုက်သော် သူမ၏မျက်လုံးများက အရောင်များတောက်ပလာခဲ့ကြ၏။ အားဖေ၏ဓားက ရိခူ၏လည်မျိုသို့ ထိုးဖြတ်သွားမည့်ပုံရိပ်ကို သူမ တွေးမိလိုက်ပြန်သော် ကြက်သီးဖြန်းဖြန်း ထသွားခဲ့ရပြန်၏။

သူမသည် ထိုအကြောင်းများကို တွေးလိုက်ပြီး ပြန်လည် အိပ်မောကျသွားခဲ့ပြန်သည်။ အိပ်ပျော်နေစဉ်အတွင်းမှာပင် သူမသည် ပြုံးနေလေသည်။ အဘယ်ကြောင့်ဆိုသော် မည်သူသေသေ သူမအတွက် စိတ်လှုပ်ရှားစရာများနှင့် ပြည့်နှက်နေမည် မဟုတ်ပါလား။ ယနေ့ညတွင် ဖြစ်ပျက်ခဲ့ရသည်များကို သူမသည် ကျေနပ်နှစ်သိမ့်နေမိလေသည်။

+++++

အိပ်ယာသည် နူးညံ့လှ၏။ အိပ်ယာခင်းများကလည်း သန့်ရှင်းသတ်ရပ်နေသည်။ အားဖေသည် အိပ်၍မပျော်နိုင် ဖြစ်နေရ၏။ အရင်တုန်းကဆိုလျှင် သူ ဤကဲ့သို့မဖြစ်ခဲ့ဖူးပါ။

အတော်ကြာသောအခါမှ သူအိပ်ပျော်သွားခဲ့၏။ သို့သော် သူသည် မည်သည့်အကြောင်း ကြောင့်မှန်းမသိ၊ ခုတင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်မိ၏။

သူ၏ဓားကို ခါးကြားတွင်းသို့ ထိုးထည့်လိုက်ပြီးသောအချိန်၌ပင် ပြတင်းတံခါးပွင့်သွားခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံကို သူတွေ့လိုက်ရလေသည်။

ရိခူ-“မင်းက လင်ရှန်းအာနဲ့အတူ လာခဲ့တာလား။”

အားဖေ-“ဟုတ်တယ်...”

“ကောင်းတယ်။ အပြင်ကို ထွက်ခဲ့စမ်း...”

အားဖေသည် ပြန်မပြောခဲ့ပါ။ သူသည် သူကစကားစပြောရသည့်အလုပ်ကို မကြိုက်နှစ်သက်ပါ။ ထို့ပြင် ယခုအချိန်၌ သူသည် စကားပြောဆိုလိုခြင်း လုံးဝပြုလုပ်လိုစိတ်မရှိချေ။

ရိခူ-“ကျုပ် မင်းကိုသတ်ရလိမ့်မယ်။”

အားဖေ-“ကျုပ်ဒီနေ့ လူမသတ်ချင်သေးဘူး။ ခင်ဗျားသွားလို့ရပါပြီ။”

ရိခူ-“ကျုပ်လည်းပဲ ဒီနေ့ ဘယ်သူ့ကိုမှ မသတ်ချင်ပါဘူး။ မင်းတစ်ယောက်တည်းက လွဲလို့ပေါ့လေ။”

“ဟုတ်ရဲ့လား...”

“လင်ရှန်းအာနဲ့ အတူတူ မင်းပါမလာခဲ့သင့်ဘူး။”

အားဖေ၏မျက်လုံးများမှ ဓားပျံတစ်လက်ကဲ့သို့ ချွန်မြနေသော အကြည့်တစ်စုံ ပစ်လွှတ်လိုက်၏။ “သူ့နာမည်ကို ခင်ဗျားနောက်တစ်ခါ ပြောလိုက်တာနဲ့ ကျုပ် ခင်ဗျားကို သတ်ရလိမ့်မယ်။”

ရိခူ-“ဘာဖြစ်လို့...”

“ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ သူ့နာမည်ကိုပြောရအောင် မထိုက်တန်သေးဘူး။”

ရိခူသည် အူလှိုက်သည်းလှိုက်ရယ်မောနေလိုက်၏။ “သူ့နာမည်ကို ကျုပ်ပါးစပ်က ဖွင့်ပြောရုံတင်မကသေးဘူး၊ သူနဲ့အတူတူတောင် ကျုပ်ကအိပ်လိုက်ဦးမယ်။ မင်းဘာလုပ်ချင်လဲ။”

အားဖေ၏မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီတွတ်လာခဲ့ရ၏။

သူသည် အမြဲတမ်းလိုလို အေးအေးဆေးဆေးနှင့် စိတ်ရှည်ရှည်ထားတတ်သူတစ်ယောက်ဖြစ်၏။ ယခုကဲ့သို့ ဒေါသမျိုး တစ်ခါမှမထွက်ခဲ့ဖူးချေ။

သူ၏လက်များက တုန်ခါလာခဲ့ကြ၏။

သူ၏ဓားကို ဆွဲထုတ်လိုက်လေတော့သည်။

သရဲစိမ်းလက်သည်လည်း တစ်ချိန်ထဲမှာပင် ထွက်ပေါ်လာခဲ့၏။

‘ချွမ်း’

အားဖေ၏ဓားသည် တဝက်နီးပါးခန့် ထိပ်ဖျားမှ ကျိုးပဲ့သွားခဲ့ရ၏။

ရိခူသည် ရယ်မောနေလိုက်၏။ “မင်းရဲ့ မဖြစ်စလောက်သိုင်းပညာလေးနဲ့ ကျုပ်ကိုတိုက်ခိုက်ချင်သေးတယ်ပေါ့လေ။ မင်းရဲ့သိုင်းပညာက သိပ်ကိုကောင်းတယ်လို့ လင်ရှန်းအာကတော့ ပြောခဲ့တာပဲ။”

သူသည် စကားပြောဆိုနေစဉ်မှာပင် တိုက်ကွက်ပေါင်း ၁ဝ ကွက်တိုက်ခိုက်ခဲ့ပြီးလေပြီ။

ထိုတိုက်ခိုက်မှုများကို အားဖေသည် မကာကွယ်နိုင်ခဲ့ပါ။ သူ့မှာ ဓားကျိုးတစ်လက်ပဲ ရှိနေသည် မဟုတ်ပါလား။ သူသည် သူ၏ကိုယ်ဖော့ပညာကို အစွမ်းကုန်အသုံးပြုနေရပြီး ရိခူ၏တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရလေသည်။

ရိခူသည် အဆက်မပြတ်ရယ်မောနေလိုက်၏။ “ကျုပ်မေးတဲ့မေးခွန်း၂ခုကို မင်းမလိမ်မညာဘဲ အမှန်အတိုင်း ဖြေမယ်ဆိုရင် မင်းကိုလွှတ်ပေးလိုက်မယ်။”

အားဖေသည် အံကြိတ်လိုက်၏။ သူ့ကိုယ်၌ ချွေးသီးချွေးပေါက်များဖြင့် ရွှဲစိုနေ၏။

ရိခူ-“လင်ရှန်းအာ ယောက်ျားတွေနဲ့ ကာမပုံမှန်ဆက်ဆံလေ့ရှိသလား။ မင်းကောသူနဲ့ ဆက်ဆံခဲ့ဖူးလား။”

အားဖေသည် ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီး ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရလေသည်။ ဤနည်းသာ သူ၏တစ်ခုတည်းသော ထွက်ပေါက်ဖြစ်လေသည်။ သူသည် မောဟိုက်စွာခံစားနေရသည်။

ရိခူ-“လုပ်ပါ... ပြောပြစမ်းပါ။ ကျုပ်မင်းကို မသတ်တော့ပါဘူး။”

အားဖေ-“ကျုပ်... ကျုပ်... ပြောပြမယ်။”

ထိုအချိန်၌ပင် ရိခူသည် ရယ်မောနေလိုက်၏။ သူ၏တိုက်ခိုက်မှုများက အနည်းငယ် နှေးကွေးလာခဲ့၏။ ရုတ်တရက်ပင် ဓားရောင်တစ်ချက် ထွက်ပေါ်လာခဲ့၏။

ဤမျှမြန်ဆန်သော ဓားချက်မျိုးကို ရိခူ တစ်ခါမှ မတွေခဲ့ဖူးချေ။ သူတွေ့လိုက်သောအချိန်တွင်မူ သူ၏လည်ပင်းကို ဓားကျိုးတစ်လက်က ပိုင်းဖြတ်သွားခဲ့လေပြီ။ သူသည် မယုံကြည်နိုင်လောက်အောင်ပင် အံ့အားသင့်နေခဲ့၏။ လောကကြီးထဲတွင် ဤမျှလျင်မြန်ပြီး ကရုဏာမဲ့သော ဓားချက်မျိုး ရှိနေပါသေး၏လော။

သူသည် အသက်သာထွက်သွားခဲ့ရသော်လည်း ဤဓားချက်သည် မည်သို့ထွက်ပေါ်လာခဲ့ မှန်း လုံးဝသိမသွားခဲ့ရချေ။

အားဖေ၏အမူအရာများက အေးစက်သွားခဲ့ပြီး- “သူ့ကို ဘယ်သူပဲ စော်ကား စော်ကား၊ စော်ကားတဲ့လူ သေရမယ်။”

ရိခူ၏လည်ပင်းမှ သွေးများပန်းထွက်နေ၏။ သူသည် ရယ်မောနေချင်သောကြောင့် သူ၏ မျက်ခုံးများကို ပင့်လိုက်၏။ သူသည် အားဖေကို နောက်ဆုံးစကားတစ်ခွန်း ပြောသွားခဲ့ချင်နေမိ၏။ “မင်း လည်းနောက်ဆုံးကျရင် အဲ့ဒီကောင်မရဲ့လက်ချက်နဲ့ သေရမှာပါကွာ...”

သို့သော် သူ၏နှုတ်ဖျားမှ မည်သည့်စကားကိုမျှ ပြောမထွက်နိုင်တော့ပါ။

+++++

လင်ရှန်းအာနိုးထလာသောအချိန်၌ အပြင်ဘက်မှ အရိပ်တစ်ခုကို သူမ တွေ့လိုက်ရ၏။ ထိုအရိပ်သည် ခေါက်တုန့်ခေါက်ပြန် လမ်းလျှေက်နေ၏။ ထိုသူသည် အားဖေဖြစ်မှန်း သူမ သိလိုက်၏။ သူမကို မနှိုးချင်သောကြောင့် ဝင်လာခဲ့မည်မဟုတ်မှန်းကိုလည်း သူမ သိနေ၏။

ရိခူသာဆိုပါက ဤအချိန်၌ အပြင်ဘက်တွင် ရှိနေမည်မဟုတ်ပါ။

သူမသည် အိပ်ယာထဲ၌ အချိန်အတော်ကြာမျှ ပျော်ရွှင်စွာ စောင့်စားနေလိုက်၏။ အတန်ကြာသောအခါမှ- “ရှောင်းဖေ... ရှင် အပြင်ဘက်မှာရှိနေတာလား။”

အားဖေ၏အရိပ်သည် ရပ်တန့်သွားခဲ့၏။ “ကျုပ်ပါ...”

လင်ရှန်းအာ-“ရှင်ဘာဖြစ်လို့ ဝင်မလာသေးတာလဲ...”

အားဖေသည် တံခါးကို ငြင်သာစွာဖွင့်ပြီး ဝင်ရောက်လာခဲ့၏။ “မင်းတံခါးကို ကလန့်ထိုးမထားပါလား။”

အားဖေသည် သူမနံဘေးသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့ပြီး သူမကို စိုက်ကြည့်နေလိုက်၏။ သူမ၏ မျက်နှာသည် အနည်းငယ် ရောင်ရမ်းနေပြီး အစိမ်းရောင်သမ်းနေ၏။ အားဖေသည် စိုးရိမ်တကြီးဖြင့်- “မင်း... မင်းဘာဖြစ်ခဲ့တာလဲ...”

လင်ရှန်းအာ-“ကျမရဲ့မျက်နှာက အိပ်ရေးမဝလို့ နည်းနည်းလေးဖောရောင်နေတာပါ။ မနေ့ ညက ကျမ ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။”

အားဖေ၏ စိတ်အာရုံများက အရည်ပျော်ကျသွားခဲ့ရ၏။

လင်ရှန်းအာ-“ရှင်ကော မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား။”

အားဖေ-“အပြင်ဘက်မှာ ခွေးရိုင်းတစ်ကောင်လာပြီး သောင်းကျန်းနေလို့ မအိပ်ခဲ့ရဘူး။”

လင်ရှန်းအာသည် မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး- “ခွေးရိုင်းတစ်ကောင်၊ ဟုတ်လား...”

အားဖေ-“ဟုတ်တယ်။ ကျုပ်သူ့ကိုသတ်လိုက်ပြီး ရေကန်ထဲပစ်ချခဲ့ပြီးပြီ။”

ရုတ်တရက်ပင် ဗုံတီးသံများထွက်ပေါ်လာခဲ့၏။ အားဖေသည် ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သောအခါ တည်းခိုခန်းအလုပ်သမားတစ်ယောက်က ဗုံတီးနေသည်ကို တွေ့လိုက်ရ၏။ “တည်းခိုနေကြသူ ဧည့်သည်များခင်ဗျာ... သတင်းထူးများကို နားဆင်လိုကြပါသလား။ သိုင်းလောကရဲ့ ရင်သပ်ရှုမောဖွယ် သတင်းဆန်းများကို နားဆင်လိုကြပါသလားခင်ဗျာ... ထူးဆန်းပြီး အံ့ဩဖွယ်ရာအကြောင်းအရာများကို သင်တို့ခံစားကြရလိမ့်မယ်ဆိုတာ ကျနော် အာမခံပါတယ်ခင်ဗျာ။ ဒါ့ပြင် ဧည့်သည်တော်များအတွက် အရက်နှင့်စားသောက်ဖွယ်ရာများကို သတင်းနားထောင်နေစဉ်အတွင်း မှာယူစားသောက်နိုင်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား...”

အားဖေသည် ပြတင်းပေါက်တံခါးကို ပိတ်လိုက်ပြီး ခေါင်းခါရမ်းနေလိုက်၏။

လင်ရှန်းအာ-“ရှင်သွားပြီး နားမထောင်ချင်ဘူးလား။”

“ဟင့်အင်း...”

လင်ရှန်းအာ-“ဒါပေမဲ့ ကျမတော့နားထောင်ချင်တယ်။ ဒါ့ပြင် ကျမတို့ဘာမှလည်း မစားကြရသေးဘူးမဟုတ်လား။”

အားဖေသည် ပြုံးလိုက်၏။ “ဒီလူစီးပွားရေးလုပ်တာ တယ်တော်ပါလား။”

လင်ရှန်းအာသည် သူမ၏ခြုံစောင်ကို လှပ်လိုက်ပြီး ထရပ်လိုက်ရန် ပြင်ဆင်လိုက်၏။ သို့သော် ချက်ချင်းပင် ပြန်၍လှဲအိပ်လိုက်ပြီး စောင်ကို ပြန်ခြုံလိုက်ကာ သူမ၏မျက်နှာ၌ ရှက်သွေးများဖြင့် နီတွတ်နေခဲ့ပြီး- “ကျမရဲ့ အဝတ်အစားလေးတွေကို ရှင် ကောက်မပေးတော့ဘူးလား။”

အားဖေ၏မျက်နှာသည်လည်း နီရဲလာ၏။ သူ၏နှလုံးခုန်သံများက မြန်ဆန်လာခဲ့ကြ၏။

+++++

စားသောက်ဆိုင်လေးသည် လူများဖြင့်ပြည့်နေ၏။ သိုင်းလောက၏ သတင်းထူးများက လူ အများကို ဆွဲဆောင်နိုင်စွမ်းရှိလှ၏။ လူတိုင်းပင် ကြားချင်နေကြလေသည်။

ထိုဇာတ်လမ်းများကို ကြားမိသူအပေါင်းသည် သူတို့ကိုယ်တိုင် ထိုဇာတ်လမ်းများထဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်သလိုခံစားမိကြသည်။

ပြတင်းပေါက်နားက စားပွဲတွင် အပြာရောင်ခပ်မွဲမွဲဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူသည် မျက်လုံးမှိတ်နေလိုက်ပြီး ဆေးတံကို ဇိမ်ကျကျဖွာရှိုက်နေ၏။

သူ၏နံဘေးတွင်ရှိနေသူမှာ ခပ်ထွားထွား မိန်းမငယ်လေးတစ်ယောက်ဖြစ်၏။ သူမတွင် ကျစ်ဆံမြီးလေးနှစ်ခု တစ်ဘက်ဆီတွဲလောင်းကျနေ၏။ သူမ၏ မျက်လုံးအိမ်ကြီးကြီး၊ မျက်လုံးရွဲကြီးများက တစ်ချက်ဝေ့ကြည့်လိုက်တိုင်း လူအများ၏ဘဝင်ကို ဆွဲခါသွားနိုင်လေသည်။

အားဖေနှင့် လင်ရှန်းအာတို့ အခန်းတွင်းသို့ဝင်ရောက်လာသောအချိန်၌ သူတို့၏ မျက်လုံးများက အရောင်တောက်လာကြလေသည်။ ထိုကျစ်ဆံမြီးမိန်းကလေး၏ မျက်လုံးအကြည့်များက သူတို့ နှစ်ယောက်ပေါ်သို့ စူးစိုက်ကျရောက်နေ၏။

လင်ရှန်းအာသည်လည်း ထိုထွားကြိုင်းသောမိန်းကလေးကို စိုက်၍ကြည့်နေလိုက်ပြီး ပြုံးပြလိုက်၏။ ထို့နောက် သူမသည် အားဖေကို တိုးတိုးလေးကပ်ပြောလိုက်၏။ “အဲ့ဒီမျက်လုံးလေးတွေကို ရှင်တွေ့လား။ ကျမတော့ စောင့်ကြည့်နေမှဖြစ်တော့မယ်။ မဟုတ်ရင် အဲ့ဒီမျက်လုံးလေးတွေနောက်ကို ရှင် ကောက်ကောက်ပါအောင် လိုက်သွားလိမ့်မယ်ထင်တယ်။

သူတို့ အစားအသောက်များကို မှာကြားလိုက်အပြီးတွင် ထိုအဘိုးအိုသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး- “ဟောင်းအာ... အချိန်ကျပြီလား...”

ကျစ်ဆံမြီးမိန်းကလေးသည် ပြန်လည်ဖြေကြားလိုက်၏။ “ဟုတ်ကဲ့ ဘိုးဘိုး၊ အချိန်ကျပါပြီ။”

ထိုအချိန်၌ အဘိုးအို၏မျက်လုံးများ ပွင့်လာခဲ့လေသည်။

သူသည် အသက်အရွယ်ကြီးရင့်နေသော်လည်း သန်မာနေဆဲပင်။ အထူးသဖြင့် သူ၏စူးရဲတောက်ပသော မျက်လုံးများ...

အဘိုးအိုသည် လက်ဖက်ရည်နှပ်ထားသော သူ၏ခွက်အဖုံးကိုမ,၍ အငွေ့များကို သူ၏ နှာခေါင်းဝသို့ ခပ်ယူလိုက်ပြီး လက်ဖက်ရည်အနည်းငယ်မျှကို ငုံလိုက်၏။ ပြီးနောက်- “ပန်းဘီလူးဟာ ဆိုးသွမ်းရိုင်းစိုင်းတဲ့အမှုတွေကို ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ ပညာရှိလီတွမ့်ဟွာကတော့ အလွန်ပဲသိုသိပ် ရိုးသားပြီး ထက်မြက်လှပါတယ်။”

ပရိသတ်ဖက်သို့ သူသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး- “ကျုပ်ပြောနေတာ ဘယ်သူလဲဆိုတာ သိကြရဲ့လား။”

ကျစ်ဆံမြီးမိန်းကလေး-“သူတို့ကဘယ်သူတွေလဲ ဘိုးဘိုး။ ကျမ တစ်ခါမှမကြားဖူးပါလား။”

အဘိုးအို‘စွန်း’-“ဒါဆိုရင် မင်းကဗဟုသုတနည်းနေသေးလို့ဖြစ်မှာပါ။ သူတို့နှစ်ယောက်ဟာ အလွန်ကျော်ကြားကြသူတွေဖြစ်ကြတယ်။ ပန်းဘီလူးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ အတွင်းမှာ နှစ်ကြိမ်ပဲ ထွက်ပေါ်လာခဲ့ဖူးတယ်။ ဒါတောင်မှ ထောင်ပေါင်းများစွာသော လူဆိုးသူခိုးတွေပေါင်းပြီး ကျူးလွန်တဲ့ အမှုတွေထက်တောင် သူကျူးလွန်ခဲ့တဲ့အမှုတွေက ပိုပြီးတော့များနေသေးတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဖြင့်ရင် ဟို တွမ့်ဟွာဆိုတဲ့ ပညာရှိကကော...”

အဘိုးအိုစွန်း-“သူဟာ မင်းမှုထမ်းအရာရှိကြီးတစ်ယောက်ရဲ့ သားတစ်ယောက်ဖြစ်တယ်။ သူတို့မိသားစုဟာ သိပ်ကိုထူးဆန်းတာပဲ။ မျိုးဆက် ၃ ဆက်တွင်းမှာ မိသားစုဝင် ၇ ယောက်က ဧကရာဇ်ကြီးရဲ့ အစိုးရစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကြတယ်။ ကျွမ့်ယွမ်(နံပါတ် ၁ ပညာရှိ)အဆင့်ထိ ဘယ်သူမှ မရောက်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ဒီမျိုးဆက်သစ်ထဲမှာတော့ ညီအကိုနှစ်ယောက်ဟာ သူတို့ရဲ့အထက်က မျိုးဆက်တွေထက်တောင်မှ ပိုပြီးတော့ ထက်မြက်ခဲ့ကြသေးတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ဖခင်ကြီးဟာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ကျွမ့်ယွမ်ဖြစ်လာမှာပဲလို့ မျှော်လင့်ချက်ကြီးကြီးထားခဲ့တယ်။”

ကျစ်ဆံမြီးမိန်းကလေးသည် အပြုံးလေးဖြင့်ပြောလိုက်၏။ “တွမ့်ဟွာတောင်မှ အလွန့်ကို ဂုဏ်ရှိနေလှပါပြီ။ ဘာဖြစ်လို့ ကျွမ့်ယွမ်အဆင့်ထိရောက်ဖို့ ဒီလောက်အရေးကြီးနေခဲ့ရတာလဲ။”

အဘိုးအိုစွန်း-“ပထမဆုံးသခင်လေး စာမေးပွဲသွားဖြေတော့ တွမ့်ဟွာအဆင့်နဲ့ပဲ အောင်မြင်ခဲ့တယ်။ သူတို့မိသားစုဝင်တွေအားလုံးက သိပ်ကိုပျော်ရွှင်ခဲ့ကြတာပေါ့။ သူတို့ရဲ့မျှော်လင့်ချက်တွေ အားလုံးဟာ အငယ်ဆုံးသခင်လေးပေါ်မှာ စုပြုံထားခဲ့ကြတယ်။ ကံမကောင်းလှစွာဘဲ ဒီနောက်ဆုံးသား တစ်ယောက်လည်း တွမ့်ဟွာအဆင့်နဲ့ပဲ အောင်မြင်ခဲ့တယ်။ သူတို့ရဲ့ဖခင်ကြီးဟာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပြီး အဲ့ဒီစိတ်ဖိစီးမှုနဲ့ပဲ နောက်၂နှစ်လောက်အကြာမှာ ဆုံးပါးသွားခဲ့ရတယ်။ တွမ့်ဟွာအကြီးတစ်ယောက်လည်း မကုသနိုင်တဲ့ အဖျားရောဂါနဲ့ သိပ်မကြာခင်လေးမှာပဲ သူ့ဖခင်ကြီးရဲ့နောက်ကို လိုက်သွားခဲ့ရတယ်။ ဒါကြောင့်မို့လို့ ဒီတွမ့်ဟွာငယ်လေးဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ အစိုးရရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်။”

ထိုနေရာသို့အရောက်တွင် သူသည် လက်ဖက်ရည်တစ်ငုံခန့် ထပ်သောက်လိုက်ပြန်၏။

အားဖေသည် ထိုဇာတ်လမ်းလေးထဲ၌ နစ်မြောပါဝင်ခံစားနေရလေ၏။ အခြားသူတွေက လီဆွန်းဟွာ၏ဂုဏ်ဒြပ်ကို ချီးကျူးပြောဆိုနေသံကြားလိုက်ရတိုင်း သူ့ကိုချီးကျူးပြောဆိုသည်ထက်ပင် ပို၍ ပျော်ရွှင်ရလေသည်။

အဘိုးအိုစွန်းက ဆက်၍ပြောပြနေ၏။ “သည်လူဟာ ဥာဏ်ပညာထက်မြက်ရုံတင်မကသေးဘူး၊ သိုင်းပညာလည်း အလွန်ပဲထူးချွန်ထက်မြက်လှတယ်။ သူ့ရဲ့ကလေးဘဝလေးမှာတင် အလွန့်ကို အစွမ်းထက်လှတဲ့ သိုင်းပညာရပ်တွေ သင်ကြားပေးခြင်းကို ခံယူခဲ့ရတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် ဒီနေ့ ဘိုးဘိုးပြောပြမှာတွေက သူတို့နှစ်ယောက်ရဲ့ အကြောင်းတွေပေါ့နော်။”

အဘိုးအိုစွန်း-“မှန်လိုက်တာကွယ်...”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင်တော့ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းမှာပဲ။ ဒါပေမဲ့... ဒါပေမဲ့ တွမ့်ဟွာတစ်ယောက်က ဘာဖြစ်လို့များ ပန်းဘီလူးလို ဒုစရိုက်သမားတစ်ယောက်နဲ့ အတူတွဲပြီး ဇာတ်လမ်းထဲမှာ ပါလာခဲ့ရတာလဲ။”

အဘိုးအိုစွန်း-“သူ့အကြောင်းနဲ့သူ ရှိနေလို့ပေါ့ကွယ်။”

“ဘာအကြောင်းများလဲ ဘိုးဘိုး...”

အဘိုးအိုစွန်း-“ဘာဖြစ်လို့လဲဆိုတော့ လီဆွန်းဟွာက ပန်းဘီလူးဖြစ်နေပြီး၊ ပန်းဘီလူးကိုယ်တိုင်ကလည်း လီဆွန်းဟွာဖြစ်နေလို့ပေါ့ကွယ်။”

အားဖေသည် ချက်ချင်းပင် ဒေါသထွက်လာပြီး တစ်စုံတစ်ခုပြန်၍ပြောရန် ဟန်ပြင်လိုက်၏။ ထိုအချိန်၌ပင် ကျစ်ဆံမြီးမိန်းကလေးသည် သူမ၏ခေါင်းလေးကို ငြင်သာစွာခါရမ်းလိုက်ပြီး၊ “ဒီတွမ့်ဟွာသခင်လေးဟာ အလွန့်ကိုချမ်းသာကြွယ်ဝမှာ သေချာပေါက်ပဲ။ သူကဘာဖြစ်လို့ သူခိုးဓားပြအလုပ်တွေကို လိုက်လုပ်နေရမှာလဲ။ ဘာဖြစ်လို့များ မုဒိန်းကောင်တစ်ယောက် ဖြစ်နေရမှာလဲ။ အခြေအမြစ်မရှိပါဘူး။ ကျမတော့ မယုံရေးချမယုံပဲ။”

အဘိုးအိုစွန်း-“မင်းမှမဟုတ်ပါဘူး။ ကျုပ်လည်းမယုံကြည်ပါဘူးကွယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် သေသေချာချာစုံစမ်းခဲ့ပါတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဘိုးဘိုး တစ်ခုခုကိုတွေ့ရှိခဲ့မှာပေါ့နော်။ ဟုတ်တယ်မို့လား။”

အဘိုးအိုစွန်း-“ဟုတ်တာပေါ့ကွယ်။ ဒီဇာတ်လမ်းက သိပ်ကိုရှုပ်ထွေးပွေလီလှပြီး ထူးထူးဆန်းဆန်းကို စိတ်ဝင်စားစရာကောင်းလှပါတယ်။” ထိုနေရာသို့အရောက်တွင် သူသည် စကားပြောဆိုခြင်းအား ရပ်ဆိုင်းလိုက်ပြီး မျက်လုံးများကိုမှိတ်နေလိုက်ကာ အိပ်နေလိုက်တော့သည်။

ကျစ်ဆံမြီးမိန်းကလေးသည် စိတ်မရှည်နိုင်ဖြစ်လာခဲ့ပြီး သူမ၏အဘိုးဖြစ်သူကို လှုပ်နှိုးလိုက်၏။ “ဘိုးဘိုး... ဆက်ပြောပြပါ။”

အဘိုးအိုစွန်းသည် ဆေးတံမီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။

ကျစ်ဆံမြီးမိန်းကလေးသည် ပြုံးလိုက်ပြီး- “ဘိုးဘိုးက ပရိသတ်ကို ဘယ်လိုမျိုးဆွဲဆောင်ရမလဲဆိုတာ သိသားပဲ။ ကောင်းခန်းရောက်မှ ရပ်ပစ်လိုက်တာကိုး။”

သူမ၏မျက်နှာလေးသည် ချက်ချင်းပင် ဝင်းလက်သွားခဲ့ပြီး- “အော်... ကျမသိပြီ။ ဘိုးဘိုး အရက်သောက်ချင်နေတာမဟုတ်လား။”

ထိုအချိန်တွင် သူမသာမက အခန်းတွင်းရှိလူအားလုံး သဘောပေါက်သွားခဲ့လေသည်။ လူတိုင်းပင် သူတို့၏ အိပ်ကပ်များသို့ လက်နှိုက်လိုက်ကြပြီး ပိုက်ဆံစများ ထုတ်ယူလိုက်ကြ၏။ စားပွဲထိုးလေးသည် ထိုငွေအကြွေစများကို လိုက်လံသိမ်းယူနေလေတော့သည်။

အဘိုးအိုစွန်း-“အားလုံးရဲ့အစဟာ တိမ်ပျံစံအိမ်တော်ပဲ။”

ကျစ်ဆံမြီးမိန်းကလေး-“တိမ်ပျံစံအိမ်တော်ဆိုတာ စတုတ္ထသခင်ကြီးလောင်ရဲ့ စံအိမ်တော် မဟုတ်လား။ သိပ်ကိုသာယာလှပတဲ့ နေရာလေးတစ်ခုပေါ့။”

အဘိုးအိုစွန်း-“ဟုတ်လိုက်လေကွယ်။ ဒါပေမဲ့ အဲ့ဒီနေရာလေးက လီဆွန်းဟွာက သူ့ကို ပေးခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတယ်။ ဒါ့ ပြင် သူ့မိန်းမကလည်း လီဆွန်းဟွာရဲ့ ဝမ်းကွဲညီမ တော်နေသေးတယ်။”

ထိုသူနှစ်ယောက်သည် တစ်ယောက်ကမေးလိုက်၊ တစ်ယောက်ကပြန်ဖြေလိုက်ဖြင့် ဇာတ်လမ်းကို ပြောပြနေကြ၏။ ထူးဆန်းစွာပင် အဖြစ်မှန်အကုန်လုံးကို သူတို့နှစ်ယောက် ပြောပြနိုင်ခဲ့ကြလေသည်။ လီဆွန်းဟွာသည် လောင်ရှောင်း၃ယွန်ကို မတော်တဆ ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့ပုံ၊ ထို့ နောက် လီဆွန်းဟွာအဖမ်းခံခဲ့ရပုံ။ ထိုနေရာသို့ရောက်သော် ပရိသတ်ကြီးသည် သက်ပြင်းများချလိုက်ကြ၏။ လင်ရှန်းအာကို ပန်းဘီလူးကဖမ်းမိသွားခဲ့ပုံ၊ ပြီးနောက် အားဖေ၏ဓားချက်များက မည်ကဲ့သို့ လျင်မြန်ပုံ စသည်တို့ကို သူတို့နှစ်ယောက်သည် ဝေဝေဆာဆာ ဖွဲ့နွဲ့ပြီးပြောပြနေကြ၏။ အဘိုးအိုစွန်း ၏ အကြည့်များက အားဖေနှင့်လင်ရှန်းအာတို့နှစ်ယောက်ဆီသို့ မသိမသာရောက်ရှိလာခဲ့၏။ ကျစ်ဆံမြီးမိန်းကလေး၏မျက်လုံးများကလည်း သူတို့ထိုင်နေသော စားပွဲခုံသို့ လှည့်ကြည့်လှည့်ကြည့် လုပ်နေလေသည်။

အားဖေသည် မည်သည့်အမူအရာမျှ မပြသခဲ့သော်လည်း ထိုသူနှစ်ယောက်သည် သူတို့ကို သိနေသူများဖြစ်ကြောင်းကို သိရှိနေသည်။ သူတို့အတွက်များ သီးသန့်အဖြစ် ဇာတ်လမ်း ပြောပြနေခြင်းပေလော။

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် ပန်းဘီလူးဟာ အားဖေရဲ့လက်ချက်နဲ့ သေခဲ့ရတာပေါ့နော်။”

အဘိုးအိုစွန်း-“ကျိုသခင်ကြီးနဲ့ နံပါတ် ၇ တျန်သခင်ကြီးတို့ဟာ ပန်းဘီလူးကို အားဖေက သတ်ခဲ့နိုင်တယ်ဆိုတာ မယုံကြည်ခဲ့ကြဘူး။ လီဆွန်းဟွာကသာ ပန်းဘီလူးအစစ်ဖြစ်တယ်လို့ သူတို့တွေက စွပ်စွဲခဲ့ကြတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် ပန်းဘီလူးအစစ်က ဘယ်သူလဲ။”

အဘိုးအိုစွန်း-“ပန်းဘီလူးရဲ့မျက်နှာအစစ်ကို ဘယ်သူကမှ မတွေ့ဖူးခဲ့ကြဘူး။ ဘယ်သူက မှန်ပြီး ဘယ်သူမှားလဲဆိုတာလည်း ဘယ်သူမှ မပြောနိုင်ခဲ့ကြသေးဘူး။ သခင်ကြီးကျိုနဲ့ သခင်ကြီးတျန်တို့ နှစ်ယောက်ဟာ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပါ။ ဒါကြောင့်မို့လို့ သူတို့ရဲ့စကားတွေက အမှန်တရားတွေ ဖြစ်နေခဲ့ရတယ်။ သူတို့ကသာ လီဆွန်းဟွာကို ပန်းဘီလူးဖြစ်ကြောင်းပြောဆိုနေသရွေ့ လီဆွန်းဟွာက ပန်းဘီလူးဖြစ်နေဦးမှာပဲ။ ပြီးတော့ ရှင်းမယ်ဆရာတော်က လီဆွန်းဟွာကို ရှောင်လင်ကျောင်းတော်ကို ခေါ်သွားခဲ့တယ်။”

သူသည် ဆေးတံကို ဖွာရှိုက်လိုက်ပြီးနောက် စကားဆက်လိုက်၏။ “သူတို့တွေ ရှောင်လင် ကျောင်းတော်ကို ရောက်သွားတဲ့အခါမှာတော့ ရှင်းမယ်ကိုယ်တော်ကို ခေါ်သွားတဲ့လူဟာ လီဆွန်းဟွာ ဖြစ်နေခဲ့တယ်။”

သူထိုစကားကို ပြောလိုက်သောအချိန်၌ လင်ရှန်းအာသည်ပင်လျှင် အံ့အားသင့်သွားခဲ့ရ၏။ အားဖေသည် ပို၍ပင် အံ့အားသင့်သွားခဲ့၏။ နောက်ထပ် ဘာများဆက်ဖြစ်ကြမည်လဲဆိုသည်ကို သူသည် မအောင့်မအီးနိုင်လောက်အောင်ပင် သိချင်နေမိတော့၏။

ကျေးဇူးတင်စရာကောင်းလှစွာပင် ကျစ်ဆံမြီးမိန်းကလေးသည် သူတို့သိချင်နေသော အကြောင်းအရာများကို သူတို့နှစ်ယောက်အစား မေးပေးလိုက်၏။

အဘိုးအိုစွန်း-“လမ်းခရီးမှာ သူတို့ကို အဆိပ်၅မျိုးကလေးဆိုးက လိုက်လံတိုက်ခိုက်ခဲ့ပြီး တျန်ချီအပါအဝင် ရှောင်လင်ဘုန်းကြီးငယ် ၄ပါး အသက်ဆုံးခဲ့ရတယ်။ ရှင်းမယ်ကိုယ်တော်က သူအဆိပ်မိနေခဲ့တာကို သိသိလိုက်ခြင်း လီဆွန်းဟွာကို ပြန်လွှတ်ပေးခဲ့တယ်။ ရှောင်လင်ကျောင်းတော်မှာ ရှင်းမယ်ကိုယ်တော်အတွက် ဖြေဆေးရှိနေနိုင်တာကိုသိထားတဲ့ လီဆွန်းဟွာက ရှင်းမယ်ကိုယ်တော်ကို ကျောပိုးပြီး ရှောင်လင်ကျောင်းတော်အရောက် ထမ်းခေါ်သွားခဲ့တယ်။”

ကျစ်ဆံမြီးမိန်းကလေးသည် လက်မထောင်လိုက်ပြီး- “လီတွမ့်ဟွာက တကယ့်သူရဲကောင်း အစစ်ပဲ။ သူ့နေရာမှာ တခြားသူတစ်ယောက်ဆိုရင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးပြီ။”

အဘိုးအိုစွန်း-“မင်းပြောတာ အားလုံးနီးပါးမှန်ပါတယ်။ ကံဆိုးချင်တော့ ရှောင်လင်ကျောင်းတော်က ဘုန်းကြီးတွေက သူ့ကို ကျေးဇူးမတင်တဲ့အပြင် သူ့အသက်ကိုပါ ရန်ရှာလာခဲ့ကြတယ်။”

ကျစ်ဆံမြီးမိန်းကလေးသည် အံ့အားသင့်စွာဖြင့်မေးလိုက်၏။ “ဘာဖြစ်လို့များလဲ...”

အဘိုးအိုစွန်း-“ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းအရာတွေက လီဆွန်းဟွာတစ်ယောက်တည်းဘက်က ပြောပြခဲ့တဲ့အကြောင်းအရာဖြစ်နေလို့ပဲ။ ရှောင်လင်ဘုန်းကြီးတွေ တစ်ယောက်မှ သူပြောပြတာကို မယုံကြည်ခဲ့ကြဘူး။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါပေမဲ့... ဒါပေမဲ့ ရှင်းမယ်ကိုယ်တော်က သူ့အစားဖြေပေးလိုက်နိုင်ခဲ့တယ် မဟုတ်လား။”

အဘိုးအိုစွန်း-“ရှင်းမယ်ကိုယ်တော်သာ ရှောင်လင်ကျောင်းတော်ကို ရောက်ရောက်ချင်း မသေခဲ့ဘူးဆိုရင်ပေါ့။ ရှင်းမယ်ကိုယ်တော်တစ်ယောက်တည်းကလွဲလို့ ဒီမြေပေါ်မှာ အဖြစ်မှန်ကိုပြောပြနိုင်တဲ့လူ ရှိမှာမဟုတ်တော့ပါဘူး။”

ထိုစကားကို ကြားလိုက်ကြသူအပေါင်းသည် သက်ပြင်းမောများချလိုက်ကြ၏။

အားဖေသည် စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲ ဝင်ရောက်မေးမြန်းလိုက်၏။ “အဲ့ဒါဆိုရင် လီသခင်လေးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးပြီလား။”

အဘိုးအိုစွန်း၏မျက်လုံးများက ရီဝေလာခဲ့၏။ “ရှောင်လင်ကျောင်းတော်ကြီးမှာ သိုင်းပညာ ထူးချွန်သူတွေ တောင်လိုရာလို ပုံနေပေမဲ့လည်း လီဆွန်းဟွာကို သတ်နိုင်လောက်အောင်တော့ ဘယ်လွယ်လိမ့်မလဲ။”

ကျစ်ဆံမြီးမိန်းကလေးသည် အားဖေဘက်သို့ လှည့်ကြည့်လိုက်ပြီး- “တိုက်ပွဲတစ်ပွဲမှာ သိပ်ကို အစွမ်းထက်ပါတယ်ဆိုတဲ့ သိုင်းအကျော်အမော်တွေတောင်မှ လူအများနဲ့ ဝိုင်းတိုက်တာကိုခံရရင် ဒုက္ခ ရောက်ရသေးတာပဲ။ လီဆွန်းဟွာရဲ့ဓားပျံဟာ သိုင်းလောကမှာ ပြိုင်ဘက်ကင်းဖြစ်ကောင်းဖြစ်ပေမဲ့ ရှောင်လင်ကျောင်းတော်ရဲ့ ဘုန်းကြီးတွေအားလုံးကို သူမသတ်နိုင်ပါဘူး။”

အဘိုးအိုစွန်း-“ရှောင်လင်ကျောင်းတော်မှာ တပည့်တပန်းတွေအများကြီးရှိနေတာ မှန်ပါတယ်။ သူတို့တွေဟာ တစ်ဦးချင်းစီ သီးသန့်သိုင်းပညာရပ်တွေလည်း ထူးချွန်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူက လီဆွန်းဟွာကို စပြီးတိုက်ခိုက်ရဲမှာလဲ။ လီဆွန်းဟွာရဲ့ဓားပျံကို ဘယ်သူကစပြီး စိန်ခေါ်ရဲမှာလဲကွယ်။”
ကျစ်ဆံမြီးမိန်းကလေးသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်၏။ “ဘိုးဘိုးပြောတာမှန်လိုက်တာ။ ရှောင်းလီရဲ့ ဒဏ္ဍာရီဓားပျံက ဘယ်တုန်းကမှ မလွဲခဲ့ဖူးဘူး။ ဘယ်သူမှ သူ့အနားကို မကပ်ရဲခဲ့တာ မဆန်းပါဘူး။ အခုချိန်လောက်ဆိုရင် သူအဝေးတစ်နေရာကို ရောက်နေလောက်ပြီလို့ ကျမတော့ထင်တာပဲ။”

အဘိုးအိုစွန်း-“ဒါပေမဲ့ သူထွက်မသွားခဲ့ပါဘူး။”

“ဘာဖြစ်လို့လဲ...”

အဘိုးအိုစွန်း-“သူ့ကို ဘယ်သူမှ မတိုက်ခိုက်ရဲကြပေမဲ့လည်း လီဆွန်းဟွာအတွက် ထွက်ပေါက် ဆိုတာ လုံးဝမရှိသလောက်ဘဲ။ ဒါ့အပြင် ရှောင်လင်ကျောင်းတော်က အရှုပ်အရှင်းကလည်း မဖြေရှင်းနိုင်သေးဘူးမဟုတ်လား။ သူဘယ်လိုလုပ်ပြီး ထွက်သွားနိုင်မှာလဲ။”

ကျစ်ဆံမြီးမိန်းကလေး-“သူထွက်လည်းမသွားနိုင်ဘူး၊ ဘယ်သူမှလည်း မတိုက်ခိုက်ကြဘူးဆိုတော့ ဘာဆက်ဖြစ်သွားသေးလဲ ဘိုးဘိုး...”

အဘိုးအိုစွန်း-“သူ့ကို ရာပေါင်းများစွာသော ရှောင်လင်ဘုန်းကြီးတွေက ဝိုင်းရံထားခဲ့ကြတော့ သူ့ရဲ့ ဓားပျံကိုသာ ပစ်လွှတ်လိုက်မယ်ဆိုရင် သူသေသွားနိုင်တယ်ဆိုတာ သိခဲ့တယ်။ နောက်ဆုံးတော့လည်း ဓားပျံတစ်ချောင်းထဲနဲ့ လူတွေအများကြီးကို တစ်ချိန်ထဲမှာ မသတ်နိုင်ပါဘူး။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် သူတော့ ဒုက္ခပါပဲ။ လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီး အချိန်အကြာကြီး ဒီအတိုင်းနေနိုင်မှာလဲ။”

ဤအချက်သည် အားဖေအတွက် လွန်စွာမှပင် စဉ်စားရကြပ်သော အကြောင်းအရာဖြစ်၏။ ထိုနေရာ၌ သူသာဆိုလျှင် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်မှန်း စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်နေရသည်။

အဘိုးအိုစွန်း-“သူတို့ အဲ့ဒီလိုဖြစ်နေချိန်ဟာ ရှင်းမယ်ကိုယ်တော်ရဲ့ ဈာပနအခမ်းအနား ကျင်းပနေတဲ့ ရှင်းမယ်ကိုယ်တော်ရဲ့ အဆောင်ရှေ့မှာဖြစ်တယ်။ အဲ့ဒါကြောင့် လီဆွန်းဟွာက အဲ့ဒီအဆောင်ထဲကို ခုန်ပျံဝင်ရောက်သွားခဲ့တယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် သူ့ကိုယ်သူချုပ်နှောင်ခံခဲ့တာပေါ့။”

အဘိုးအိုစွန်း-“ရှောင်လင်ကျောင်းတော်က ဘုန်းကြီးတွေက ပထမတော့ လီဆွန်းဟွာ ထွက်ပြေးသွားမှာပဲဆိုပြီး ပြေးပေါက်တွေကို အာရုံစိုက်ပြီး ပိတ်ဆို့ခဲ့ကြတယ်။ အခုတော့ သူတို့ နောင်တ ကောင်းကောင်းရနေကြလောက်ပြီ။”

“ဘာဖြစ်လို့လဲ။ လီဆွန်းဟွာက ကိုယ့်ကိုကိုယ် အချုပ်နှောင်ခံခဲ့တာကို သူတို့တွေပျော်ပြီး မှတောင် နေရဦးမှာမဟုတ်လား။”

အဘိုးအိုစွန်း-“ရှင်းမယ်ကိုယ်တော်ရဲ့ ရုပ်အလောင်းတင် ခန်းမဆောင်ထဲမှာရှိနေတာ မဟုတ်ဘူး၊ ရှောင်လင်ကျောင်းတော်ရဲ့ တန်ဘိုးကြီးမားလှတဲ့ ကျမ်းစာအုပ်တွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေလည်း အဲ့ဒီအခန်းထဲမှာ ရှိနေတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“နောက်ထပ် ရက်အနည်းငယ်လောက်သာ သူတို့တွေ စိတ်ရှည်ရှည်ထားပြီးစောင့်လိုက်ရင် လီဆွန်းဟွာတစ်ယောက် အစာငတ်ပြီးသေသွားခဲ့မှာပေါ့၊ မဟုတ်ဘူးလား။”

အဘိုးအိုစွန်း-“သူတို့တွေလည်း ဒီလိုပဲတွေးခဲ့ကြမှာပဲ။ သူတို့အတွက် ကံဆိုးချင်တော့ ရှောင်လင်ကျောင်းတော်ရဲ့ ကိုယ်တော်တပါးဖြစ်တဲ့ ဆရာတော်ရှင်းရှုကိုပါ လီဆွန်းဟွာက သူနဲ့အတူခန်းမထဲကို ခေါ်သွားခဲ့တာ။ ရှင်းရှုကိုယ်တော်ကို လီဆွန်းဟွာနဲ့အတူတူ သူတို့ဘယ်အသေခံနိုင်လိမ့်မလဲကွယ်။”

“ဒါကြောင့်မို့လို့ အဲ့ဒီအခန်းထဲကို အစားအသောက်တွေ နေ့တိုင်းပဲ သူတို့တွေ ပို့ပေးနေရတာပေါ့။”

ကျစ်ဆံမြီးမိန်းကလေးသည် သဘောကျစွာ လက်ခုပ်လက်ဝါးတီးကာ ရယ်မောနေ၏။ “ရှောင်လင်ကျောင်းတော်ကြီးဟာ သိုင်းလောကရဲ့ မီးရှူးတန်ဆောင်လို့ပြောလို့ရပါတယ်။ ရာစုနှစ်ပေါင်းများစွာအတွင်းမှာ ဘယ်သူမှ အဲ့ဒီလို ပမာမခန့်မလုပ်ရဲခဲ့ကြဘူး။ အခုတော့ လီဆွန်းဟွာက ဗြောင်းဆန်သွားအောင် လုပ်ခဲ့တာပါလား။ ဘုန်းကြီးတွေက သူ့ကိုဘာမှမလုပ်နိုင်သေးတဲ့အပြင် သူစားဖို့ သောက်ဖို့ကိုပါ နေ့တိုင်းစီစဉ်ပေးနေရတယ်ဆိုပါလား။ တကယ်ပဲ ရယ်စရာကောင်းနေပါပေါ့လား။”

သူမသည် လွန်စွာမှပင် အူမြူးနေ၏။ “ဒီလီတွမ့်ဟွာက တကယ့်လူပဲ။ ဘိုးဘိုးရဲ့ဇာတ်လမ်းလေးက နားထောင်လို့ကောင်းလိုက်တာ။”

အားဖေသည် လွန်စွာမှပင် ကြည်နူးသွားမိ၏။ သူတို့ပြောနေကြသော လီဆွန်းဟွာသည် သူ အလွန်တရာမှ ခင်မင်ရသော သူ၏မိတ်ဆွေကောင်းတစ်ယောက်ဟု အော်ဟစ်ပြောဆိုလိုက်ချင်စိတ်ကို မနည်းပင်ထိန်းထားရလေသည်။

အဘိုးအိုစွန်းသည် သက်ပြင်းမောတစ်ခုချလိုက်၏။ “မင်းပြောတာမှန်ပေမယ့် နောက်ဆုံးကျရင် ရှောင်လင်ကျောင်းတော် အတွင်းမှာပဲ လီဆွန်းဟွာတစ်ယောက် ခေါင်းချရတော့မယ်နဲ့တူပါတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဘာဖြစ်လို့လဲ ဘိုးဘိုး...”

အဘိုးအိုစွန်းသည် အားဖေတို့စားပွဲသို့ သိသာစွာ ဝေ့ကြည့်လိုက်ပြီး-“တစ်စုံတစ်ယောက်ကသာ လီဆွန်းဟွာက ပန်းဘီလူးမဟုတ်ကြောင်းကို သက်သေပြခဲ့ရင်၊ ပြီးတော့ ရှင်းမယ်ကိုယ်တော်ဟာ အဆိပ်၅မျိုးကလေးဆိုးရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတာကို သက်သေပြနိုင်ခဲ့မယ်ဆိုရင်တော့ တစ်မျိုးပေါ့ကွယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် ဘယ်သူက သက်သေပြပေးနိုင်မှာလည်း ဘိုးဘိုး။”

အဘိုးအိုစွန်းသည် အတန်ကြာမျှတိတ်ဆိတ်သွားခဲ့၏။ ပြီးနောက်- “ကံဆိုးလှစွာပဲ ဘယ်သူမှ မရှိနိုင်ပါဘူးကလေးရယ်။”

0 comments:

Post a Comment