Thursday, March 3, 2011

(၂၂) ပန်းဘီလူးပြန်လည်ထွက်ပေါ်လာခြင်း


နေ့လည်စာစားချိန်ပြီးဆုံးသွားခဲ့သလို ဇာတ်လမ်းပြောခြင်းလည်း ပြီးဆုံးသွားခဲ့၏။ ပရိသတ်များလည်း အလျှိုအလျှိုပြန်သွားခဲ့ကြ၏။ အပြန်လမ်းတွင်သူတို့သည် လီဆွန်းဟွာ ရင်ဆိုင်နေရသော အခက်အခဲများအကြောင်းကို ပြောဆိုသွားကြလေသည်။

လင်ရှန်းအာသည် နက်နဲစွာစဉ်းစားခန်းဝင်နေသော အားဖေကို ကြည့်နေ၏။ သူတို့၏စားပွဲပေါ်မှ စားစရာများက တို့ထိထားခြင်းပင်မရှိ။ 

အတန်ကြာသောအခါ ကျစ်ဆံမြီးမိန်းကလေးသည် သူမ၏ အဘိုးဖြစ်သူအားမေးလိုက်၏။ “ဘိုးဘိုး... လီတွမ့်ဟွာက အပြစ်ကင်းပါတယ်နော်။”

အဘိုးအိုစွန်း-“သူအပြစ်ကင်းတယ်ဆိုတာ ကျုပ်သိနေလဲ ကျုပ်ကဘာများလုပ်ပေးနိုင်မှာလဲကွယ်။”


ကျစ်ဆံမြီးမိန်းကလေး-“ဒါပေမဲ့ သူ့ရဲ့မိတ်ဆွေတွေကော... တစ်ယောက်မှ သူ့ကိုမကူညီချင်ကြတော့ဘူးလား။”

အဘိုးအိုစွန်း-“သူသာတခြားနေရာမှာ အကျဉ်းချခံထားရမယ်ဆိုရင် သူ့မိတ်ဆွေတွေက အားချင်းသွားကယ်တင်ကြမှာပေါ့။ ဒါပေမဲ့ သူအခုရောက်နေတဲ့နေရာက ရှောင်လင်ကျောင်းတော် ဖြစ်နေတယ်မဟုတ်လား။ ဘယ်သူမှ သူ့ကိုသွားကယ်နိုင်လိမ့်မယ်လို့ ဘိုးဘိုးတော့မထင်ဘူး။”

ကျစ်ဆံမြီးမိန်းကလေး-“ဒါဆိုရင် သူဟာ ရှောင်လင်ကျောင်းတော်မှာပဲ သေဆုံးရတော့မယ်ထင်တယ်။”

အဘိုးအိုစွန်းသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်- “နည်းလမ်းတစ်ခုတော့ ဘိုးဘိုးစဉ်းစားထားမိတယ်။ အောင်မြင်ဖို့တော့ သိပ်မလွယ်ဘူးကွယ့်။”

ထိုစကားကိုကြားလိုက်ရသော အားဖေ၏မျက်နှာသည် ဝင်းလက်သွားခဲ့ရ၏။

ကျစ်ဆံမြီးမိန်းကလေး-“ဘာများလဲဟင်... ဘိုးဘိုး။”

အဘိုးအိုစွန်း-“ပန်းဘီလူးအစစ်သာ အသက်ရှင်လျက်ရှိနေပြီး ပြန်ထွက်ပေါ်လာတယ် ဆိုရင်တော့ လီဆွန်းဟွာတစ်ယောက် သူ့ရဲ့စွပ်စွဲချက်တွေကနေ လွတ်မြောက်သွားခဲ့မှာအမှန်ပဲ။ သူသာ ပန်းဘီလူးမဟုတ်ခဲ့ဘူးဆိုတာ သက်သေပြနိုင်ခဲ့ရင် ရှင်းမယ်ကိုယ်တော်ကို သတ်ခဲ့သူဟာလည်း သူမဖြစ်နိုင်တော့ဘူး။”

ကျစ်ဆံမြီးမိန်းကလေး-“ဒီလိုမျိုးဖြစ်လာခဲ့ဖို့က သိပ်ကိုအခွင့်အရေးနည်းပါးလှပါတယ်လေ။ ပန်းဘီလူးအစစ်ကသာ အသက်ရှင်လျက်ရှိနေဦးမယ်ဆိုရင်တောင် အခုချိန်လောက်ဆို သူကအမှောင် ထဲမှာ ပုန်းအောင်းနေပြီး လီဆွန်းဟွာရဲ့အဖြစ်ကို ထိုင်ပြီးရယ်မောနေလောက်ပါပြီ။”

အဘိုးအိုစွန်းသည် သူ၏ဆေးတံကို စားပွဲပေါ်သို့တင်ထားလိုက်ပြီးနောက်၊ “မင်းခေါက်ဆွဲ စားလို့ပြီးပြီလား။”

ကျစ်ဆံမြီးမိန်းကလေး-“နဂိုတုန်းကတော့ ကျမဗိုက်သိပ်ဆာနေခဲ့တယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကို နားထောင်လိုက်ရပြီးတဲ့နောက် ဘာမှကို မစားချင်တော့ဘူး။”

အဘိုးအိုစွန်း-“ဒါဆိုရင်လဲ သွားလိုက်ကြရအောင်လား။ ကျုပ်တို့ ဒီအတိုင်းထိုင်နေလို့တော့ လီတွမ့်ဟွာကို ကယ်တင်နိုင်မှာမဟုတ်ဘူး။”

ကျစ်ဆံမြီးမိန်းကလေးသည် တံခါးဝသို့ လျှောက်သွားချိန်၌ အားဖေကို တချက်စောင်းငဲ့၍ ကြည့်သွားသည်မှာ “ရှင်သာဒီမှာထိုင်နေရင် ဘယ်လိုလုပ်ပြီး သူ့ကိုသွားကယ်နိုင်မှာလဲ” ဟုပြောဆို နေလိုက်သလိုပင်။

ထိုသူများထွက်ခွာသွားသည့်နောက် လင်ရှန်းအာသည် နှာခေါင်းတချက်ရှုံ့လိုက်ပြီး- “သူတို့ တွေကို ဘယ်လိုလူစားမျိုးတွေလို့ ရှင်ထင်ထားလဲ။”

“ဘယ်လိုမျိုးလူစားတွေလဲ...”

လင်ရှန်းအာ-“အဘိုးကြီးကိုကြည့်ရတာ အတွင်းအားမှာ ထိပ်တန်းအဆင့်ရှိတယ်။ ကောင်မလေးရဲ့ ခြေလှမ်းလျှောက်ပုံက ပေါ့ပါးပြီး သွက်လက်နေပုံထောက်ရင် ကျမရဲ့အဆင့်ထက်တော့ နိမ့်ကျမှာမဟုတ်ဘူး။”

“ဟုတ်ရဲ့လား...”

“ကျမထင်တာတော့ သူတို့ဟာ သာမန်ပုံပြင်ပြောသူတွေမဖြစ်နိုင်ဘူး။ သူတို့မှာ တခြား အကြံအစည်တွေရှိနိုင်တယ်။”

လင်ရှန်းအာသည် ဆက်၍ပြောနေလိုက်၏။ “ဒီဇာတ်လမ်းကို ရှင့်အတွက်သီးသန့် သူတို့တွေ လာပြောသွားကြတာ။ ဒါမှ ရှင်ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်နိုင်မှာ မဟုတ်လား။”

“သေကြောင်းကြံရမယ်... ဘာကိုဆိုလိုတာလဲ။”

လင်ရှန်းအာသည် သက်ပြင်းချလိုက်၏။ “လီဆွန်းဟွာသာ ရှောင်လင်ကျောင်းတော်ထဲမှာ အကျဉ်းချခံထားရတာ ရှင်သာသိရင် တမဟုတ်ချင်း ရှင်သွားကယ်တင်မှာမဟုတ်လား။ ရှောင်လင် ကျောင်းတော်ကြီးတစ်ခုလုံးနဲ့ ရှင်ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲရှင်။”

အားဖေသည် တိတ်ဆိတ်ငြိမ်သက်စွာ စဉ်းစားနေလိုက်ပြီး ဘာမျှပြန်မပြောခဲ့ချေ။

လင်ရှန်းအာ-“ရှင့်ကို လှည့်စားရအောင်လို့ သူတို့လိမ်ပြောသွားခဲ့ကြတာလဲ ဖြစ်နိုင်တာပဲ။”

သူမသည် အားဖေ၏လက်ကိုကိုင်ဆွဲလိုက်၏။ ထို့နောက် ချိုသာစွာဖြင့် ပြောဆိုလိုက်၏။ “သူတို့ လီဆွန်းဟွာ ဒုက္ခရောက်နေတဲ့အကြောင်းကို အမှန်အတိုင်း ပြောခဲ့ဦးတောင်မှ ရှင်သွားခဲ့မယ်ဆိုရင် လီဆွန်းဟွာရဲ့ အာရုံတွေကို ပျက်ပြားသွားအောင် သွားလုပ်လိုက်သလိုဖြစ်နေမှာပေါ့။ ရှောင် လင်ဘုန်းကြီးတွေကသာ ရှင့်ကိုဖမ်းမိခဲ့ကြမယ်ဆိုရင် သူက မုချ ရှင့်ကိုလာကယ်မှာပဲ။ ဒါဆိုရင်တော့ ရှင် ဟာသူ့ကို သွားပြီးကယ်တင်သလိုဖြစ်မနေတော့ပဲ သူ့ကိုသွားပြီး ဒုက္ခပေးသလိုဖြစ်နေမှာပေါ့။”

အားဖေသည် အတန်ကြာမျှစဉ်းစားခန်းဝင်နေလိုက်ပြီး၊ “မင်းပြောတာမှန်တယ်။”

လင်ရှန်းအာ-“ရှောင်လင်ကျောင်းတော်ကို ရှင်မသွားပါဘူးဆိုတဲ့ ကတိ ကျမကိုပေးပါလား။”

“ဟုတ်ပြီလေ... ကျုပ်မသွားပါဘူး။”

သူ၏ပြန်လည်ဖြေကြားလိုက်မှုမှာ လွန်စွာမှပင် မြန်ဆန်နေ၍ လင်ရှန်းအာသည် သံသယ ဝင်သွားခဲ့လေသည်။

သူတို့နှစ်ယောက်သည် တည်းခိုခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသောအခါ အားဖေ သည် သူမကို ပြောကြားလိုက်၏။ “ကျုပ်တို့ ရှောင်လင်ကျောင်းတော်ကို သွားကြမှာမှမဟုတ်တော့တာ။ မင်းပြန်လိုက်ပါတော့လား။”

“ရှင့်အတွက်ကော...”

အားဖေ-“ကျုပ်... ကျုပ်အပြင်ဘက်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်။”

လင်ရှန်းအာသည် ရုတ်တရက်ပင် သူ၏လက်ကိုဆွဲကိုင်လိုက်ပြီး- “ ရှင်... ရှင်...ပန်းဘီလူးလို ဟန်ဆောင်တော့မှာလား။”

အားဖေသည် ကြမ်းပြင်ပေါ်သို့ အချိန်အကြာကြီးစိုက်ကြည့်နေလိုက်ပြီးမှ လေးတွဲ့စွာဖြင့်- “ဟုတ်တယ်...”

ထိုအဖြေစကားသည် လွန်စွာမှပင် သံဓိဌာန်ချထားသောအသံဖြင့် ဖြေဆိုလိုက်ခြင်းဖြစ်ပြီး မည်သည့်အရာမှ အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရပ်တန့်၍မရနိုင်ပါ။

လင်ရှန်းအာ-“ဒါဆိုရင်... ဘာဖြစ်လို့ ကျမကို ရှင်က ပြန်သွားခိုင်းနေရတာလဲ။”

အားဖေ-“ဘာဖြစ်လို့လဲဆိုတော့ ဒါကကျုပ်ရဲ့ ပြဿနာပါ။”

လင်ရှန်းအာ-“ရှင့်ရဲ့ပြဿနာဟာ ကျမရဲ့ပြဿနာပဲ။”

အားဖေ-“ဒါပေမဲ့ လီဆွန်းဟွာက မင်းရဲ့မိတ်ဆွေမှ မဟုတ်တာ။”

လင်ရှန်းအာ-“ရှင့်ရဲ့မိတ်ဆွေဟာလဲ ကျမရဲ့မိတ်ဆွေပါပဲ။”

အားဖေ၏မျက်နှာ၌ ကျေးဇူးတင်သောအရိပ်အရောင်များ ထင်ဟပ်လာခဲ့သော်လည်း သူသည် ဘာမှပြန်မပြောခဲ့ပါ။

လင်ရှန်းအာ-“မိတ်ဆွေတစ်ယောက်ကို ရှင်ဒီလောက်တောင်မှ တန်ဖိုးထားနေမှတော့ ကျမ လဲ ဘာဖြစ်လို့ တန်ဖိုးမထားတတ်ရမှာလဲ။ ကျမဟာ ဘာမှအသုံးမကျပေမဲ့ အနည်းဆုံးတော့ ရှင့်ကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါသေးတယ်။”

အားဖေသည် သူမ၏လက်ကလေးများကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး မည်သည့် စကားမျှ မပြောတော့ချေ။ သို့သော် သူ၏မျက်လုံးများက စကားလုံးပေါင်းများစွာကို ပြောနေကြလေ သည်။ သူ၏တိတ်ဆိတ်မှုက စကားအများကြီးပြောသည်ထက်ပင် ပိုပြီးထိရောက်လှ၏။

လင်ရှန်းအာသည်အချိုသာဆုံးပြုံးပြလိုက်၏။ “ရှင်သာ ပန်းဘီလူးအဖြစ် ဟန်ဆောင်မယ် ဆိုရင် ရှင်ဓားပြတိုက်စရာလူတော့ရှိရမှာပေါ့၊ မဟုတ်ဘူးလား။”

“မင်းပြောတာ မှန်တယ်။”

လင်ရှန်းအာ-“သာမန်လူမျိုးတော့ မဖြစ်ရဘူးမဟုတ်လား။”

အားဖေ-“မတရားနည်းလမ်းနဲ့ရလာတဲ့ငွေတွေနဲ့ ငွေဖင်ခုထိုင်ထားတဲ့ မိသားစု တစ်ခုလောက်ကိုရှာပြီး ဓားပြတိုက်ရလိမ့်မယ်။”

လင်ရှန်းအာ-“အဲ့ဒီလိုလူမျိုးတစ်ယောက်ကို ကျမသိတယ်။”

“ဘယ်သူလဲ...”

လင်ရှန်းအာ-“သူဟာ ဓားပြတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ အခုတော့ချမ်းသာ ကြွယ်ဝလာပြီး နောက်ကွယ်မှာ ဒုစရိုက်အမှုတွေကို လုပ်နေတုန်းပဲ။”

အားဖေ-“မင်း သူ့နာမည်ကိုသိလား။”

လင်ရှန်းအာသည် ခဏမျှစဉ်းစားနေလိုက်ပြီး၊ “သူ့နာမည်က ကျန်ရှန်ချီလို့ခေါ်တာကိုတော့ ကျမ မှတ်မိတယ်။ အခုတော့ သူ့ကို ကျန်ယွန်ဝေလို့ခေါ်ပြီး လူတွေကသူ့ကို ကျန်အလှူသူဌေးကြီးလို့ ခေါ်ကြတယ်။”

အားဖေ၏မျက်ခုံးများက မြင့်တက်သွားခဲ့ရပြီး၊ “ဘာ... အလှူသူဌေးကြီး... ဟုတ်လား။”

လင်ရှန်းအာ-“သူက ထောင်သောင်းမကတဲ့ ငွေကြေးကို ဓားပြတိုက်ယူပြီး ၁၀၀ လောက် ကိုလမ်းပြင်ဖို့အတွက် လှူဒါန်းတတ်ရှိတယ်။ လူမသိတဲ့နေရာနဲ့ အချိန်တွေမှာ လူသတ်မှုကို ကျူးလွန် ပြီး နေ့ခင်းလူမြင်ကွင်းမှာတော့ နာဖျားနေသူတွေကို အကူအညီလည်းပေးတတ်သေးတယ်။”

လူဆိုးသူခိုးများအတွက် သနားကြင်နာတတ်သူများအဖြစ် ဟန်ဆောင်ရန်မှာ လွန်စွာမှပင် လွယ်ကူလှသည်မဟုတ်ပါလား။

+++++

ကျန်ရှန်ချီသည် မီးဖိုပေါ်၌တင်ထားသော ငှက်စွတ်ပြုတ်အိုးကို ဇိမ်ကျကျထိုင်ခုံပေါ်မှ ငေးကြည့်နေသည်။

အပြင်ဘက်၌ နှင်းများကျဆင်းလာပြန်၏။ အခန်းတွင်း၌တော့ နွေဦးရာသီကဲ့သို့ နွေးထွေး နေလေသည်။

သူသည် ခဏမျှအိပ်လိုက်ရန် သူ့မျက်လုံးများကိုပိတ်ထားလိုက်၏။ ရုတ်တရက်ပင် စွတ် ပြုတ်ရည်အိုးသည် မီးဖိုပေါ်မှ ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားခဲ့၏။

သူသည်ကျယ်လောင်စွာထွက်ပေါ်လာသော အသံများကြောင့် ကြောက်ရွံ့စွာ လန့်နိုးလာ၏။ သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအချိန်၌ပင် သူ့ရှေ့၌ အနက်ရောင်ဝတ် လူတစ်ယောက်သည် မားမားမတ်မတ် ရပ်နေလေသည်။ ထိုသူမည်သည့်နေရာမှ ပေါ်ထွက်လာခဲ့မှန်း သူမသိနိုင်ခဲ့ပါ။

ကျန်ရှန်ချီသည် သိုင်းလောကမှ အနားယူသွားခဲ့ပြီးဖြစ်သော်လည်း သူ၏သိုင်းပညာရပ်များ က လတ်ဆတ်လန်းဆန်းနေတုန်းပင်။ သူသည် ကျယ်လောင်စွာဖြင့် အော်မေးလိုက်၏။ “သနားစရာ ကောင်းလိုက်တဲ့ သူခိုးလေး... မင်း ငါ့ပိုင်နက်ထဲကို ကျူးကျော်လာရဲသေးတယ်ပေါ့လေ။”

ထိုစကားများကို ပြောနေစဉ်အတွင်း၌ပင် သူသည် ဝင်ရောက်လာသူကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

ထိုအချိန်၌ အနက်ရောင်ဝတ်ဆင်ထားသူထံမှ ဓားရောင်တစ်ချက် လင်းလက်လာခဲ့၏။ ကျန်ရှန်ရှီသည် ထိုဓားမည်ကဲ့သို့ သူ့ထံရောက်လာခဲ့မှန်း မသိနိုင်ခဲ့ချေ။ သူ၏ရင်ဘတ်မှ ပန်းပွင့်၅ပွင့်ပုံစံ အပေါက် ၅ ပေါက် ပေါက်နေခဲ့ပြီး သွေးများတရဟောထွက်နေ၏။

ပန်းဘီလူးပြန်လည်ထွက်ပေါ်လာခဲ့ချေပြီ။


+++++

လဘက်ရည်ဆိုင်၊ အရက်ဆိုင်၊ စားသောက်ဆိုင်များတွင် ဤအကြောင်းကို လူအများပြော ဆိုနေကြ၏။ ကျန်ရှန်ချီကို သတ်ဖြတ်သွားခဲ့သူသည် ပန်းဘီလူးအစစ်ဖြစ်နိုင်ပါ၏လော။

နောက်ထပ်သားကောင် မည်သူဖြစ်နိုင်သနည်း။

ချမ်းသာသူများသည် ကြောက်ရွံ့ထိတ်လန့်လျက်ရှိနေကြလေတော့သည်။

+++++

နေဝင်ချိန်၌ ဘုရားကျောင်းတွင်းရှိ ခေါင်းလောင်းထိုးသံများ ဆူညံစွာထွက်ပေါ်လာ၏။ မျက်နှာသေများနှင့် ဘုန်းကြီးများ တစ်ပါးပြီးတစ်ပါး ခန်းမထဲသို့ ဝင်ရောက်လာကြ၏။

သူတို့၏ခြေသံများက ပုံမှန်ထက်ပင်ပို၍ ပေါ့ပါးဖြတ်လတ်နေ၏။ လွန်ခဲ့သောရက်များက သူတို့အတွက် ကြီးမားသော ပြသနာများနှင့်ကြုံတွေ့ခဲ့ကြသည် မဟုတ်ပါလား။

ရှောင်စီးတောင်ထိပ်ပေါ်၌ အအေးဓာတ်က ပို၍ပင်နှိပ်စက်ကလူပြုလာလေသည်။ တောင်စောင်းများတွင် နှင်းများထူထပ်စွာ ပုံနေ၏။ လူတစ်ယောက်သည် တောင်စောင်းအတိုင်း ခြေလှမ်းမှန်မှန် ဖြင့် တက်လာ၏။ သူသည် ရှောင်လင်ကျောင်းတော်၏ အရပ်သားတပည့် ‘နန်းယန်သူရဲကောင်း’ ရှောင်ကျင်း ဖြစ်၏။

ရှောင်ကျင်း၏ခြေလှမ်းများက ပေါ့ပါးလှပြီး မြေကြီးပေါ်သို့လှမ်းချလိုက်သော သူ့ခြေလှမ်းများ တွင် ခြေသံစိုးစိမျှပင်မထွက်။ အဆောင်ဝင်းထဲသို့ သူလှမ်းဝင်လိုက်စဉ်မှာပင် ရှင်းဟူဆရာတော်၏ အခန်းတွင်းမှ လှမ်းမေးလိုက်သံ ထွက်ပေါ်လာ၏။ “ဘယ်သူလဲ...”

ရှောင်ကျင်းသည် ရပ်တန့်လိုက်ပြီး ဦးညွတ်လိုက်ကာ- “တပည့်တော် ရှောင်ကျင်းဖြစ်ပါ တယ်။ ဂိုဏ်းချုပ်ဆရာတော်ကို အစီရင်ခံစရာ သတင်းတစ်ခုပါလာပါတယ် ခင်ဗျာ...”

အခန်းတွင်း၌ ရှင်းဟူ၊ ရှင်းကျန်နှင့် ပိုင်ရှောင်ရှန်းတို့ ၃ ဦးသာ ရှိနေကြလေသည်။

အခန်းတွင်းသို့သူဝင်ရောက်သွားပြီး ဦးညွတ်အရိုအသေပေးလိုက်၏။ ရှောင်ကျင်းသည် စကားကို ဝေ့ဝိုက်၍ပြောမနေတော့ပဲ လျင်မြန်စွာပင် အစီရင်ခံလိုက်၏။ “ပန်းဘီလူးပြန်လည်ထွက်ပေါ် လာပါပြီ။”

ရှောင်ကျင်းသည် ဆက်၍ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျန်ရှန်ချီ အသတ်ခံ လိုက်ရပြီး သူပိုင်ပစ္စည်းဥစ္စာတွေ ဓားပြတိုက်ခံလိုက်ရပါတယ်။ သူသေဆုံးသွားတော့ ရင်ဘတ်မှာ မက်မုံပန်းပွင့်သဏ္ဌာန် အပေါက်၅ပေါက်ပါတဲ့ ဒဏ်ရာတစ်ခုတည်းပဲ တွေ့ခဲ့ရပါတယ်။”

ရှင်းကျန်နှင့် ပိုင်ရှောင်ရှန်းတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများက ဖြူဖွေးသွားကြလေသည်။

အတန်ကြာသောအခါမှ ရှင်းဟူသည် သက်ပြင်းတချက်ကို လေးတွဲ့စွာချလိုက်ပြီး- “ပန်းဘီလူးပြန်လည်ထွက်ပေါ်လာခဲ့ပြီကိုး။ လီဆွန်းဟွာက လိမ်ပြောခဲ့တာမဟုတ်ဘူးပေါ့။”

ပိုင်ရှောင်ရှန်းသည် ရှင်းကျန်ကိုကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မပြောဆိုခဲ့ပါ။

ရှင်းကျန်သည် ပြတင်းပေါက်ဘက်သို့ လျှောက်သွားလိုက်ပြီး အပြင်ဘက်မှနှင်းများကို အ ဓိပ္ပါယ်မရှိငေးကြည့်နေ၏။ ပြီးနောက် သက်ပြင်းချလိုက်ပြီး- “ဒါပေမဲ့ ဒီကိစ္စဖြစ်လာခဲ့တော့ လီဆွန်းဟွာ ဟာ ပန်းဘီလူးအစစ်ဖြစ်ပါတယ်လို့ ပြောလို့လည်းရတယ်။”

ရှင်းဟူ-“ကျုပ်ကို နားလည်အောင် ရှင်းပြစမ်း။”

ရှင်းကျန်-“ကျနော်သာ ပန်းဘီလူးဆိုရင်၊ တစ်စုံတစ်ယောက်ကသာ ကျနော့်အတွက် ဓားစားခံ ဖြစ်နေရတာသိတာနဲ့ တစ်နေရာရာမှာ လုံခြုံစွာ ပုန်းနေမိမှာအမှန်ပဲ။ မဟုတ်လို့ရှိရင် ကျနော်က လီဆွန်းဟွာကို ကယ်တင်ပေးလိုက်သလို ဖြစ်မနေဘူးလား။”

ပိုင်ရှောင်ရှန်းသည် ခေါင်းညိတ်လိုက်၏။ “ကိုယ်တော်ပြောတာမှန်တယ်။ အခုအချိန်မှာ ပန်းဘီလူးပြန်လည်ထွက်ပေါ်လာခြင်းဟာ လီဆွန်းဟွာရဲ့ နာမည်ကို ပြန်လည်အဖတ်ဆည်ပေးဖို့ကလွဲလို့ တခြားအကြောင်းမရှိနိုင်ဘူး။ ကျုပ်သာ ပန်းဘီလူးအစစ်ဆိုရင် ဒီလိုအလုပ်မျိုးကို ဘယ်တော့မှ မလုပ်သေးဘူး။”

ရှင်းဟူ-“ဆိုရင် ခင်ဗျားဘယ်လို သဘောရလဲ။”

ရှင်းကျန်-“လီဆွန်းဟွာသာ ပန်းဘီလူးအစစ်မဟုတ်ဘူးဆိုရင် သူ့အဖော်က ဒီလိုမျိုးသူ့အတွက်ဆောင်ရွက်ပေးမှာ မဟုတ်ဘူး။”

ရှင်းဟူသည် မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ပြီး မေးလိုက် ၏။ “အခု လီဆွန်းဟွာကို ဘယ်သူစောင့်ကြပ်နေလဲ။”

ရှင်းကျန်-“ဒုတိယဂိုဏ်းတူအစ်ကိုတော်ရဲ့ တပည့်နှစ်ယောက်ဖြစ်ကြတဲ့ ယိရူနဲ့ ယိချန်တို့ စောင့်ကြည့်နေပါတယ်။”

ရှင်းဟူ-“သူတို့ကို ဒီကိုလာခဲ့ဖို့ ခေါ်ခဲ့ပါ။”

+++++

ယိရူနှင့်ယိချန်တို့နှစ်ဦး အခန်းတွင်းသို့ရောက်လာခဲ့သော် သူသည်လှည့်မကြည့်ဘဲ မေးလိုက်၏။ “မင်းတို့ရဲ့ နံပါတ်၅ ဂိုဏ်းတူဦးလေးကို အစားအစာတွေ ပုံမှန်ပို့ပေးကြရဲ့လား။”

ယိရူ-“ပို့ပေးပါတယ်ခင်ဗျာ။ ဒါပေမဲ့...”

ရှင်းဟူ-“ဘာဖြစ်လဲ...”

ယိရူ-“တပည့်တော် ညွှန်ကြားချက်အတိုင်းပဲ တံခါးဝက ကြမ်းပြင်ပေါ်မှာ ပန်းကန်တွေ သွားချပေးထားခဲ့ပါတယ်။ အစားအစာတွေက မနေ့ကပို့ထားတဲ့အတိုင်းပဲ အရာမယွင်းရှိနေပြီး ရေတစ်ခွက်လည်း ပြန်ထားပေးထားတာ တွေ့ခဲ့ရပါတယ်။”

ယိချန်-“တပည့်တော် အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာသိချင်တာနဲ့ အစားအစာခြင်းတောင်းကို တံခါးအောက်က ပြန်ထိုးသွင်းပေးခဲ့ပါတယ်။ အဲ့ဒီမှာ လီဆွန်းဟွာက ခြင်းတောင်းကို တချက်ကြည့်လိုက်ပြီး အပြင်ကို ပြန်လွှတ်ပစ်လိုက်ပါတယ်။”

“ဘာကြောင့်လဲ...”

ယိရူ-“အစားအစာတွေက သိပ်ကိုညံ့ဖျင်းလွန်းပြီး အရက်မပါတဲ့အတွက် သူမစားချင်ဘူးလို့ပြောပါတယ်။”

ရှင်းဟူသည် လွန်စွာမှပင် ဒေါသထွက်သွားခဲ့ပြီး- “သူဘယ်နေရာကိုရောက်နေတယ်လို့များ ထင်နေလဲ... ဟမ်... စားသောက်ဆိုင်များမှတ်နေလား။”

ယိရူနှင့်ယိချန်တို့နှစ်ဦးသည် ရှောင်လင်ကျောင်းတော်သို့ ရောက်ခဲ့သည်မှာ ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဂိုဏ်းချုပ်ဆရာတော်ကြီး ဤမျှဒေါသထွက်နေခြင်းကို တစ်ခါမှမတွေ့ခဲ့ဖူးချေ။ သူတို့နှစ်ယောက်သည် မော့မကြည့်ဝံ့တော့ဘဲ ခေါင်းများငုံ့ထားလိုက်ကြ၏။

အတန်ကြာသောအခါမှ ရှင်းဟူဆရာတော်သည် စိတ်ကိုလျှော့ချလိုက်ပုံရပြီး လေသံအေးအေးဖြင့်- “သူဘာစားချင်တယ်လို့ပြောလဲ...”

ယိရူ-“အစားအသောက်စာရင်းတစ်ခုကို အပြင်ဘက်ကို သူပစ်လွှတ်ခဲ့ပြီး သူပြောတဲ့အတိုင်း ချက်ပြုတ်ပေးရမယ်လို့မှာခဲ့ပါတယ်။ အဲ့ဒီအတိုင်းနည်းနည်းလေးလွဲခဲ့ရင်တောင် သူပြန်လွှတ်ပစ်မယ်လို့လည်း မှာလိုက်ပါသေးတယ်။”

“အစားအသောက်စာရင်းကတော့” ယိရူသည် စာရင်းစာရွက်ကို ထုတ်ယူပြလိုက်၏။

ဆောင်းမျှစ်နီပေါင်း
သီးရွက်စုံဟင်းရည်တစ်ခွက်
မုန်ညင်းချဉ်နဲ့ချက်ထားတဲ့မှိုဟင်း
အလယ်ရိုးထုတ်ထားတဲ့ ကိုက်လန့်ကြော်
တို့ဟူးနဲ့မျှစ်နုကြော်

“ဟင်း၄ခွက်နဲ့ ဟင်းရည်တစ်ခွက်တင်မကသေးဘူး၊ ကျူရဲ့ချင်(ဝါးရွက်စိမ်း)အရက် ၂ အိုးကိုလည်း တောင်းဆိုထားပါသေးတယ်။ ရှောင်လင်ကျောင်းတော်ကြီးကို သတ်သတ်လွတ်စားသောက်ဆိုင်တစ်ခုလို့များ ထင်မှတ်နေလားမသိပါဘူးခင်ဗျာ။”

ထိုအစားအသောက်စာရင်းကို ဖတ်မိသူတိုင်းသည် ရယ်ရမည်လား၊ ငိုရမည်လားဖြစ်သွားကြ၏။ သို့သော် ရှင်းဟူသည် အေးအေးချမ်းချမ်းပင်ပြောလိုက်၏။ “သူပြောတာလုပ်ပေးလိုက်ပါ။”

ရှင်းကျန်-“ဂိုဏ်းချုပ်အစ်ကိုကြီး...”

ရှင်းဟူ-“လီဆွန်းဟွာမစားဘူးဆိုရင် နံပါတ်၅ ညီတော်လည်းစားရမှာမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တွေထဲက သူ့ကျန်းမာရေးက ချို့ယွင်းလာခဲ့တာ မင်းမသိဘူးလား။ အစာအငတ်ခံပြီး သူကြာကြာနေနိုင်မှာမဟုတ်ဘူး။”

ရှင်းကျန်သည် ကြမ်းပြင်သို့ စိုက်၍ကြည့်နေလိုက်ပြီး- “ကျုပ်တို့သာ သူတောင်းဆိုထားတဲ့အတိုင်း လိုက်လုပ်ပေးမယ်ဆိုရင် သူကရှောင်လင်ကျောင်းတော်ကြီးတစ်ခုလုံးကို ထိန်းချုပ်နေတယ်ဆိုတဲ့သဘော သက်ရောက်မနေပေဘူးလား။”

ရှင်းဟူ၏မျက်လုံးများက ဝင်းလက်သွားခဲ့ပြီး- “ကျုပ်မှာအကြံအစည်တစ်ခုရှိပါတယ်။ သူလုပ်နိုင်လှ နောက်ထပ် ၃-၄ရက်ပေါ့။ ဂရုစိုက်မနေစမ်းပါနဲ့။”

+++++

အားဖေသည် အိပ်ယာပေါ်၌ လှဲအိပ်နေ၏။

ဤအတိုင်းသူရှိနေခဲ့သည်မှာ ၄နာရီကျော်ပေပြီ။ သူသည်လှဲအိပ်သည်မှာ ကျောက်တုံးတစ်တုံးချထားသည့်အတိုင်းပင်၊ လုံးဝလှုပ်ရှားမှုမရှိ။

သူစောင့်နေခြင်းသာဖြစ်၏။

မလှုပ်ရှားသည့်အတွက် သူ့ခန္ဓာကိုယ်သည် အင်အားများကို ခြိုးခြံချွေတာနေ၏။ သူသည် အင်အားရှိရန်အတွက် စားသောက်ရ၏။ အစားအသောက်ကြောင့် သူရှင်သန်နေရ၏။ ဤသည်မှာ လောကကြီးထဲ၌ သူရှင်သန်ရသည့် သူ၏ဒဿနပင်ဖြစ်၏။

သူ့ဘဝတွင် အကြိမ်များစွာပင် ဤသို့ငြိမ်သက်နေခဲ့ဖူး၏။ တောရိုင်းယုန်ကလေးများသည်ပင် သူ၏ငြိမ်သက်နေမှုကြောင့် သူ့ကိုကျောက်တုံးတစ်ခုထင်မှတ်ခဲ့ပြီး သူ၏ကိုယ်ပေါ်သို့ပြေးလွှားခဲ့ကြ ၏။ ထို့ကြောင့်ပင် ထိုယုန်ကလေးများသည် သူ၏ရှင်သန်မှုအတွက် အစားအစာဖြစ်ခဲ့ရလေသည်။

နောက်တစ်ကြိမ်တွင် သူအသေကောင်အဖြစ်ဟန်ဆောင်ခဲ့သည်မှာ တောခွေးတစ်ကောင်အတွက်ဖြစ်၏။

ဤသို့သော စိတ်ရှည်သီးခံမှုများသည် မွေးရာပါရလာခဲ့သည်မဟုတ်။ မရေမတွက်နိုင်လောက်သော လေ့ကျင့်မှုများမှ ရရှိလာသောအကျိုးအမြတ်များပင်။

ပထမတော့သူသည် လုံးဝမအောင်မြင်ခဲ့ပါ။ သူ၏ခန္ဓာကိုယ်သည် တုန်ခါနေခဲ့ရ၏။ ယခုသော် မည်သို့မျှ သူမခံစားရတော့ချေ။ လှုပ်ရှားစရာမလိုသည့်အချိန်များတွင် သူသည်လှုပ်ရှားမှုများ ပြုလုပ်နေလိမ့်မည်မဟုတ်ပါ။

လင်ရှန်းအာပြန်ရောက်လာသော် အားဖေကို အိပ်ပျော်နေသည်ဟု ထင်မှတ်ထားခဲ့၏။ သူမ၏ အဝတ်အစားများက ယနေ့အတွက်ထူးဆန်းနေလေသည်။ မီးခိုးရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏တစ်ကိုယ်လုံးကို ဖုံးအုပ်ထားလေသည်။ သူမ အပြင်သို့ထွက်ပြီး သတင်းသွားစုံစမ်းခဲ့သည်မှာ ၄နာရီကျော် ကြာမြင့်ခဲ့၏။

အားဖေသည် ရုတ်တရက်ထရပ်လိုက်ရာ သူမသည်ထိတ်လန့်သွားခဲ့၏။ သူမသည်ပြုံးပြ လိုက်ပြီး- “ရှင်ကအိပ်ချင်ယောင်ဆောင်ပြီး ကျမကိုခြောက်လှန့်ချင်ခဲ့တာကိုး။”

လင်ရှန်းအာသည် သူမ၏ဆံပင်များကို ဖြီးသင်နေလိုက်ပြီး နှုတ်ခမ်းလေးကို ကွေးညွှတ်ပြလိုက်၏။ “ရှင်ကျမကို မနှစ်သက်ဘူးလား။”

အားဖေသည် ခေါင်းညိတ်ပြလိုက်၏။

လင်ရှန်းအာသည် အားဖေကိုရိုးသားသောအကြည့်များဖြင့် ကြည့်နေလိုက်ပြီး အားဖေ၏ပါး ပြင်ပေါ်သို့ အနမ်းပွင့်များခြွေချလိုက်၏။ “ရှင်ဟာသိပ်ကို သဘောကောင်းတာပဲ။”

အားဖေသည် မတ်တပ်ထရပ်လိုက်ပြီး- “မင်းမှာ သတင်းထူးပါလာခဲ့လား။”

သူမက ခေါင်းခါရမ်းပြလိုက်ပြီး- “ရှောင်လင်ကျောင်းတော်ကြီးက ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သိပ်ကိုတိကျသေချာတယ်။ ပြဿနာတစ်ခုရဲ့အရင်းအမြစ်ကို ဦးစွာစုံစမ်းပြီးမှ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ဆုံးဖြတ်လေ့ရှိတယ်။ အမှားတစ်ခုကို လုပ်မိမှာထက် ဘာမှမလုပ်ဘဲလည်း ပြုမူတတ်တယ်။”

အားဖေ-“ဒါပေမဲ့ ၆ ရက်တောင်ကျော်ခဲ့ပြီမဟုတ်လား။”

လင်ရှန်းအာ-“ကျန်ရှန်ချီကို သတ်သွားခဲ့တဲ့သူဟာ ပန်းဘီလူးမဖြစ်နိုင်ဘူးလို့ သူတို့ထင်ချင်လည်း ထင်ထားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပန်းဘီလူးဟာ ဒုစရိုက်မှုတွေကို ပန်းကုံးမှာသီထားတဲ့ ပန်းပွင့်တွေလိုပဲ ဆက်တိုက်ကျူးလွန်လေ့ရှိတယ်မဟုတ်လား။ တစ်ခုတည်း တစ်နေရာထဲမှာမဟုတ်ဘူးလေ။”

အားဖေသည် တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီး- “မကြာခင်အချိန်တွင်းမှာ သူတို့ယုံကြည်လာစေရမယ်။ ယုံကြည်အောင်လည်း ကျုပ်လုပ်ပြမယ်။”

လင်ရှန်းအာ-“ကျမနဲ့ ခဏလိုက်ခဲ့။ ကျမရှင့်ကို နေရာတစ်ခုကိုပြမယ်။”

“ဘယ်လဲ...”

“ရှင့်ရဲ့ ဒုတိယသားကောင်။”

ညအချိန်ရောက်ပေပြီ။ နှင်းများက အရည်ပျော်ကျနေ၏။ သူတို့၏အဝတ်အစားများကို လူ အများမမှတ်မိနိုင်စေရန် ပြောင်းလဲဝတ်ဆင်ခဲ့ကြ၏။

လင်ရှန်းအာသည် အပေါင်ဆိုင်တစ်ခု၏ခေါင်မိုးသို့ လက်ညှိုးထိုးပြလိုက်၏။ ထိုအဆောက်အဦသည် လွန်စွာမှပင် ကြီးမားသောအပေါင်ဆိုင်ကြီးတစ်ခုဖြစ်ပြီး ‘ရှန်ကျိအပေါင်ဆိုင်’ဟု ဆိုင်းဘုတ်ကြီး ဆွဲချိတ်ထား၏။

အားဖေ-“အဲ့ဒီဆိုင်းဘုတ်က ဘာများအရေးပါနေလို့လဲ။”

လင်ရှန်းအာသည် ဘာမျှပြန်မပြောလိုက်ဘဲ စားသောက်ဆိုင်တစ်ခု၏ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်ပြန်၏။ ‘ရှန်ကျိစားသောက်ဆိုင်’

ဤလမ်းတလျှောက်ရှိ စီးပွားရေးလုပ်ငန်း ၆-၇ ခုလုံးလုံးလိုပင် ‘ရှန်ကျိ’ဆိုသောနာမည်များရှိကြလေ၏။ စီးပွားရေးတော်တော်ကောင်းမည်မှာ သေချာသည်။

လင်ရှန်းအာ-“ဒီလုပ်ငန်းတွေအားလုံးဟာ နံပါတ် ၃ အကိုကြီးရှန်က ဖွင့်ထားတဲ့ဟာတွေပဲ။”

အားဖေ-“အခု ကျုပ်တို့ဘယ်ကို ဆက်သွားကြမှာလဲ။”

လင်ရှန်းအာ-“ကျမနောက်ကိုသာ လိုက်ခဲ့စမ်းပါရှင်။”

အားဖေသည် မေးခွန်းများများမေးတတ်သူတစ်ယောက် မဟုတ်သည့်အတွက် ဘာမှမမေးတော့ဘဲ သူမနောက်မှ တိတ်ဆိတ်စွာ လိုက်သွားခဲ့၏။

သူတို့နှစ်ယောက် လျှောက်သွားနေစဉ်မှာပင် လင်ရှန်းအာသည် ကောင်းကင်ပေါ်သို့ လက် ညှိုးထိုးပြလိုက်ပြီး- “ကြည့်လိုက်စမ်း... ကြယ်ပျံလေးတစ်ခု...”

အားဖေသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး မေးလိုက်၏။ “မင်းဆုတောင်းခဲ့သေးလား။”

လင်ရှန်းအာ-“ကြယ်ကြွေတာသိပ်ကိုမြန်လွန်းတယ်။ ဘယ်သူမှ ဆုတောင်းလိုက်ဖို့ မီမှာ မဟုတ်ဘူး။ ကြယ်ကြွေမယ်ဆိုတာ ကြိုပြီးသိခဲ့ရင် တစ်မျိုးပေါ့လေ။ ဒါပေမဲ့ ဘယ်သူကသိနိုင်မှာလဲ။ အားလုံးဟာ အလိမ်အညာတွေလို့ ကျမတော့ထင်မိတာပဲ။”

အားဖေ-“အဲ့ဒီလိုမျိုးဖြစ်နေပေမယ့်လည်း လူသားတွေကို မျှော်လင့်ချက်တွေ၊ အိပ်မက်တွေတော့ ပေးနိုင်သေးတာပဲ မဟုတ်လား။ အဲ့ဒီလိုပဲ ကောင်းပါတယ်။”

လင်ရှန်းအာ-“ရှင့်မှာ ဒီလိုမျိုးယုံကြည်ချက်ရှိနေလိမ့်မယ်လို့ ကျမလုံးဝထင်မထားခဲ့ဘူး။”

အားဖေသည် ကြယ်ကြွေသွားခဲ့သော အဝေးတစ်နေရာသို့ ငေးကြည့်နေလိုက်၏။ သူ၏မျက်ဝန်းများက လွမ်းဆွတ်ကြေကွဲနေပုံရပြီး- “ဒါတွေကို ကျုပ် ကလေးဘဝထဲက ခံစားလာခဲ့ရတာပါ။”

လင်ရှန်းအာသည် ထိုမျက်လုံးများကို ကြင်နာစွာစိုက်၍ကြည့်နေလိုက်ပြီး- “အခုအချိန်မှာ ရှင့်ရဲ့မိခင်ကို ရှင်သတိရနေတာမဟုတ်လား။ ရှင့်ကို သူကဒီလိုမျိုးဆုတောင်းနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။”

အားဖေသည် မည်သို့မျှပြန်မပြောတော့ဘဲ ရှေ့သို့သာလျှောက်သွားလိုက်၏။

အားဖေသည် နဂိုက အင်မတန်ကြီးမားသော စံအိမ်တော်ကြီးတစ်ခုကို တွေ့ခဲ့သေးသည်ဟု ထင်ထားခဲ့သော်လည်း အနားရောက်သောအခါ ဘာမှမတွေ့ရတော့ချေ။

လင်ရှန်းအာသည် နံရံကြီးတချပ်နှင့် ထိုနံရံကြီး၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက် ပြီး- “ဒီနံရံကြီးဟာ အနဲဆုံးတော့ ပေ ၄၀ လောက်မြင့်မယ်ထင်တယ်။”

“ဖြစ်နိုင်ပါတယ်။”

လင်ရှန်းအာ-“ရှင် ဒီပေါ်ကို ခုန်တက်နိုင်မယ်လို့ ထင်လား။”

အားဖေ-“ဘယ်သူမှ ဒီလောက်အမြင့်ကြီးကို ခုန်တက်နိုင်မှာမဟုတ်ဘူး။ မင်းအထဲကို ဝင်ချင်တယ်ဆိုရင်တော့ ကျုပ်မှာ နည်းလမ်းတစ်ခုရှိတယ်။”

လင်ရှန်းအာ-“ဒီစံအိမ်ကြီးက နံပါတ် ၃ အကိုကြီးရှန်ရဲ့ အိမ်ပဲ။”

အားဖေ-“သူက ကျုပ်ရဲ့ ဒုတိယမြောက် သားကောင်လား။”

လင်ရှန်းအာ-“ကုန်သည်တွေကို ရှင်မတိုက်ချင်ဘူးဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ လောကကြီးမှာ ကုန်သည်တွေ အမျိုးမျိုးအစားအစား ရှိနေသေးတယ်။”

“သူက ဘယ်လိုမျိုးလဲ...”

“အဆိုးဆုံး၊ အညစ်ပတ်ဆုံးအမျိုးအစား...”

သူမသည် ပြုံးလိုက်၏။ “တွေးကြည့်စမ်းပါ။ ဒီမြို့ထဲမှာ သူလောက်စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့လူရှိသေးလားလို့။ ဘာဖြစ်လို့ သူ့စံအိမ်ကြီးကို ဒီလောက်တောင်မှ မြင့်တဲ့နံရံကြီးနဲ့ ကာရံထားခဲ့ရတာလဲ။”

အားဖေ-“နံရံအမြင့်ကြီးကာရံထားတာက ကျုပ်အမြင်မှာတော့ ဘာမှမထူးဆန်းပါဘူး။ စီးပွားရေးလုပ်ငန်းတွေ အများကြီး မပိုင်ဆိုင်ရဘူးလို့ ထုတ်ထားတဲ့ ဥပဒေကော ရှိရဲ့လား။”

လင်ရှန်းအာ-“နံရံအမြင့်ကြီး ကာရံထားတယ်ဆိုတာ သူလုပ်ကိုင်နေတဲ့ အလုပ်တွေကို လူ သိမှာ ကြောက်လို့။ သူ့ဆီမှာ စီးပွားရေးလုပ်ငန်းတွေအများကြီးရှိနေတာက သူများတွေဆီကနေ သူ လုယူထားခဲ့လို့ပဲ။”

လင်ရှန်းအာ-“ရှန်မိသားစုဟာ အလွန့်ကို ချမ်းသာကြွယ်ဝပြီး ကြီးမားတဲ့မိသားစုကြီးတစ်ခုလည်း ဖြစ်နေသေးတယ်။ ပြီးခဲ့တဲ့မျိုးဆက်မှာ မောင်နှမ ၅ ယောက်ရှိခဲ့တယ်။ အခုမျိုးဆက်မှာတော့ မောင်နှမ အားလုံး ၁၆ တောင်ရှိတယ်။ ၁၆ ယောက်လုံးက စီးပွားရေးလုပ်ငန်းပေါင်း ၄၀ ကျော်ဖွင့်ခဲ့ကြတယ်။”

အားဖေ-“ဒါဆိုရင် တစ်ယောက်ကို စီးပွားရေးလုပ်ငန်း ၃ခုလောက်ပိုင်ဆိုင်ကြတာပေါ့။ မဆိုးဘူးပဲ။”

လင်ရှန်းအာ-“ဒါပေမဲ့ အားလုံးကို နံပါတ် ၃ အကိုကြီးရှန်က ပိုင်ဆိုင်တယ်။”

“ဘာကြောင့်လဲ...”


0 comments:

Post a Comment