Thursday, March 3, 2011

(၂၃) ထောင်ချောက်တွင်းသို့

လင်ရှန်းအာနှင့်အားဖေတို့သည် ဤမျှအေးပြီး လေထန်နေသောအချိန်မှာပင် စံအိမ်တော်ကြီးရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။ လင်ရှန်းအာသည် ပုံမှန်အတိုင်းမရှိဘဲ မြင့်မားလှသော နံရံကြီးကို ညွှန် ပြလိုက်ပြီး- “ဒီအိမ်ကြီးဟာ နံပါတ်၃အစ်ကိုကြီးရှန်ရဲ့ အိမ်တော်ကြီးပဲ။ သူနဲ့ သူ့မောင်နှမတွေက စီးပွား ရေးလုပ်ငန်းကြီးတွေ ၄၀ ကျော်ကို အတူတူ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြတယ်။ အခုတော့ ကျန်မောင်နှမ ၁၅ ယောက်လုံး အခေါင်းထဲကို ရောက်သွားခဲ့ကြပြီး သူတစ်ယောက်ပဲ ငုတ်တုတ်ကျန်နေခဲ့တယ်။”

အားဖေ-“သူတို့ ဘယ်လိုမျိုးသေဆုံးသွားခဲ့ကြတာလဲ။”

လင်ရှန်းအာ-“ဖျားနာပြီးသေဆုံးသွားခဲ့ကြတာ။ ဒါပေမဲ့ ဘယ်လိုမျိုးဝေဒနာတွေခံစားခဲ့ကြရတယ်ဆိုတာ ဘယ်သူမှမသိလိုက်ခဲ့ဘူး။ သန်သန်မာမာ ကျန်းကျန်းမာမာလူ ၁၅ ယောက်လုံးဟာ ၃ နှစ်အတွင်းမှာ အသီးသီးသေဆုံးသွားခဲ့ကြတာ ဘယ်သူမှမယုံကြည်နိုင်ခဲ့ဘူး။ နံပါတ်၃အစ်ကိုကြီးရှန် တစ်ယောက်ပဲ အကောင်းပကတိကျန်ခဲ့တယ်။”

အားဖေသည် ဘာမှပြန်မပြောတော့ဘဲ စကားတစ်ခွန်းကိုသာ ပြောဆိုလိုက်၏။ “မနက်ဖြန်ည ကျရင် ကျုပ်သူနဲ့သွားတွေ့မယ်။”

+++++



ခြေလက်များကို စီးချက်ညီစွာအသုံးပြုပြီး အားဖေသည် နံရံပေါ်သို့ တက်နေ၏။ အပေါ်သို့ရောက်သော် ဥယျာဉ်ကျယ်ကြီးတစ်ခုနှင့် အဆောင်များစွာကို သူတွေ့လိုက်ရ၏။ ဤအချိန်တွင် မီးများ ပိတ်ထားပြီး လူအများအိပ်မောကျနေလေသည်။

အိမ်ဖော်တစ်ယောက်ထံမှ မြေပုံတစ်ချပ်ကို လင်ရှန်းအာသည် သူအသုံးပြုနိုင်ရန် ယူလာပေးခဲ့၏။

နံပါတ်၃အစ်ကိုကြီးရှန်သည် အိပ်မောမကျသေးပါ။ ထိုဝိသမလောဘစီးပွားရေးသမားကြီးသည် ဆံပင်များပင် ဖြူဖွေးနေလေသည်။ ဖယောင်းတိုင်မီးရောင်အောက်၌ ပေသီးဖြင့် သူ၏လုပ်ငန်း များမှ ရရှိလာသော အကျိုးအမြတ်များကို တွက်ချက်နေလေသည်။

သူ၏ပေသီးတွက်ချက်မှုများက မမြန်ဆန်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ချောင်းများ သည် တုတ်တုတ်ခိုင်ခိုင်ကြီးများ ဖြစ်နေသောကြောင့်ပင်။ ဤလိုမျိုးလူချမ်းသာတစ်ယောက်ထံ၌ အလုပ် သမားလူတန်းစားတစ်ယောက်၏ လက်ချောင်းများရှိနေနိုင်ပါ၏လော။

သူငယ်စဉ်ကလေးဘဝတုန်းက သူ၏ဖခင်သည် သူ့ကို အိမ်ပေါ်မှနှင်ချခဲ့၏။ သူသည် အပြင် လောကတွင် ၅နှစ်ကျော်မျှ နေထိုင်ခဲ့ရလေသည်။ သူဘယ်လိုမျိုးရုန်းကန်ရင်ဆိုင်ခဲ့ရသည် ဆိုသည်ကိုမူ မည်သူမျှ မပြောနိုင်ခဲ့ကြပါ။ တချို့က သူသည် သူတောင်းစားအဖြစ် ကျင်လည်ခဲ့ရသည်ဟု ပြောဆို ကြ၏။ အချို့က သူသည် ရှောင်လင်ကျောင်းတော်တွင် အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး အစွမ်းထက်သော သိုင်းပညာရပ်များကို သင်ယူလာခဲ့သည်ဟု ပြောဆိုကြ၏။ ထို့ကြောင့်သာ သူ၏ ကျန်မောင်နှမများသည် မည်သည့်ရောဂါကြောင့်မှန်းမသိ သေဆုံးခဲ့ကြရသည်ဟုလည်း ပြောဆိုနေကြလေ သည်။ သို့သော် မည်သူမှ သူ့ကို ပေါ်ပေါ်ထင်ထင်ကြီး မစွပ်စွဲရဲခဲ့ကြချေ။ နောက်ကွယ်၌သာ သူ၏အ ကြောင်းများကို တီးတိုးပြောဆိုခဲ့ကြလေသည်။

သူသည် စွပ်စွဲချက်များအားလုံးကို ငြင်းဆိုခဲ့လေသည်။ သို့သော်သူ၏ ဝတုတ်နေသော လက်ချောင်းများကမူ မငြင်းဆန်နိုင်ခဲ့ပါ။ ထိုလက်များသည် သံလက်ဝါးသိုင်းပညာရပ်ကို ပြင်းထန်စွာ လေ့ကျင့်ခဲ့ကြောင်း ပြဆိုနေ၏။ သို့မဟုတ်ပါက သူ၏ဝမ်းကွဲအစ်ကိုအကြီးသည် သွေးအန်ပြီး သေဆုံး ခဲ့ရမည်မဟုတ်ချေ။

အားဖေသည် ပြတင်းပေါက်ကိုတိုးဖွင့်ပြီး အခန်းတွင်းသို့ ဝင်ရောက်သွားလိုက်၏။

နံပါတ်၃အစ်ကိုကြီးရှန်သည် လွန်စွာမှပင် လျင်မြန်သူတစ်ယောက်ဖြစ်၏။ သို့သော် သူကြည့် လိုက်သောအချိန်၌ အားဖေသည် သူ၏ရှေ့သို့ရောက်နေပေသည်။ မည်သို့ပြတင်းပေါက်မှတဆင့် ဝင် ရောက်လာခဲ့မှန်း သူလုံးဝမမြင်တွေ့ခဲ့ရချေ။ ဤမျှမြန်ဆန်သောလူတစ်ယောက်ကို သူမတွေ့ခဲ့ဖူးသဖြင့် သူသည် လွန်စွာမှပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဘာစကားမှ ပြောမထွက်ခဲ့ချေ။

အားဖေသည် သူ့ကိုအေးစက်စွာကြည့်နေလိုက်ပြီး စကားလုံးတစ်လုံးချင်းစီမေးမြန်းလိုက်၏။ “ခင်ဗျားက နံပါတ်၃အစ်ကိုကြီးရှန်လား။”

နံပါတ်၃အစ်ကိုကြီးရှန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဖြေဆိုလိုက်၏။

အားဖေ-“ကျုပ်ဒီကိုဘာလာလုပ်သလဲဆိုတာ သိတယ်မဟုတ်လား။”

သူသည် ဆက်တိုက်ပင် ခေါင်းညိတ်ပြနေမိ၏။

အားဖေ-“ခင်ဗျားမှာ ဘာပြောစရာကျန်သေးလဲ။”

ထိုအချိန်တွင် နံပါတ်၃အစ်ကိုကြီးရှန်သည် ခေါင်းညိတ်မပြတော့ဘဲ ခေါင်းကိုခါရမ်းပြနေလိုက် ၏။

အားဖေသည် ဓားကိုဆွဲထုတ်လိုက်၏။ ထိုတိုတောင်းလှသောအချိန်လေးအတွင်း၌ပင် အားဖေသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ခံစားမိလိုက်၏။ တောရိုင်း တိရိစ္ဆာန်များလိုပင် အန္တရာယ်၏ရနံ့ကို သူရရှိလိုက်၏။ တောယုန်လေးတစ်ကောင်က ဝံပုလွေတစ်ကောင်၏အနံ့ကို ရရှိလိုက်သလိုပင်။ သို့သော် သူဘာမှမကြားရသလို ဘာကိုမှလည်းမမြင်တွေ့ရသေးချေ။

စိတ်ကိုတည်ငြိမ်စွာထားလိုက်ပြီး အားဖေသည် နောက်တစ်ကြိမ်သူ၏ဓားကို ဆွဲထုတ်လိုက် ပြန်၏။

ကြယ်စင်များ ကြွေကျလိုက်သလိုပင် သူ၏ဓားက နံပါတ်၃အစ်ကိုကြီးရှန်၏ရင်ဘတ်သို့ ထိုးဝင် သွား၏။ ထိုအချိန်မှာပင် သံသံချင်းထိခတ်မိသံများ ထွက်ပေါ်လာလေသည်။ သူ၏ဓားဦးသည် သံပြား တစ်ချပ်ကို ထိုးလိုက်မိသောကြောင့် နံပါတ်၃အစ်ကိုကြီးရှန်သည် ယခုအချိန်အထိ အသက်ရှင်နေရလေ၏။

သူ၏တိုက်ခိုက်မှုပြီးဆုံးသွားချိန်၌ နံပါတ်၃အစ်ကိုကြီးရှန်သည် စားပွဲအောက်သို့ လှိမ့်ဝင်သွား ခဲ့၏။ အားဖေသည် ထ၍ခုန်လိုက်ပြီး လွတ်မြောက်ရန် ကြိုးစားလိုက်၏။ ကံမကောင်းလှစွာပင် သူအ နည်းငယ် နောက်ကျသွားခဲ့ရ၏။

ခေါင်မိုးပေါ်မှ ပိုက်ကွန်တစ်ခု ရုတ်ချည်းပင် ကျဆင်းလာ၏။ ပိုက်ကွန်ကြီးသည် အခန်းနီးပါးမျှ ကြီးမားလှ၏။ ထို့ကြောင့် အခန်းတွင်းရှိ မည်သူ့ကိုမဆို ဖမ်းအုပ်နိုင်လေသည်။

အားဖေသည် ပိုက်ကွန်အောက်တွင် မိသွားခဲ့၏။

ထူးဆန်းစွာပင် သူသည်ထိတ်လန့်တုန်လှုပ်မှုများဖြစ်မနေခဲ့ပါ။ သူသည် ယခုအချိန်၌ ဝမ်း နည်း၍သာနေမိ၏။ ပိုက်ကွန်ဖြင့် အဖမ်းခံရသော တိရိစ္ဆာန်များ၏ဘဝကို သူတွေးမိလိုက်သောကြောင့်ပင်။

မုဆိုး၏ထောင်ချောက်တွင်းမှ သားကောင်သည် လွတ်မြောက်ရန် မလွယ်ကူပါ။

အားဖေသည် ရုန်းကန်လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေမိ၏။

ရုန်းကန်လှုပ်ရှားခြင်းဖြင့် ဘာမှထူးခြားလာမည်မဟုတ်မှန်း သူသိထားလေသည်။

ထိုအချိန်တွင် လူရိပ် ၂ ခု ပိုက်ကွန်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ထိုသူများတွင် ရှည်လျားသော တောင်ဝှေးကိုယ်စီ ကိုင်ဆောင်ထားကြ၏။ ထို့နောက် အားဖေ၏ သွေးကြောကြီး ၈ ခုကို ထိုးပိတ်လိုက် လေတော့သည်။

ထိုသူများသည် ရှောင်လင်ဘုန်းတော်ကြီး ရှင်းကျန်နှင့် ပိုင်ရှောင်ရှန်းတို့နှစ်ယောက်ပင်။

နံပါတ်၃အစ်ကိုကြီးရှန်သည် စားပွဲအောက်တွင်ရှိမနေပါ။ လျှို့ဝှက်ဖောက်ထားသော စားပွဲ အောက်ရှိ ဥမင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

ထောင်ချောက်တစ်ခုဖြစ်သည်ကို အငြင်းပွားစရာမရှိတော့ပါ။

ပိုင်ရှောင်ရှန်း၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်မှုများ ဖုံးလွှမ်းနေ၏။ “မင်းဒီကိုရောက်လာ ခဲ့မယ်ဆိုတာ ကျုပ်ထင်ထားခဲ့သားပဲ။ ဘယ်လိုလဲ... လက်နက်ချပြီလား။”

အားဖေသည် ငြိမ်သက်နေလိုက်၏။

သူသည်စကားပြန်ပြောနိုင်သော်လည်း သူမေးသင့်သည့်မေးခွန်းကိုပင် မေးမြန်းခြင်းမပြုခဲ့ပါ။ “ကျုပ်ဒီကို ရောက်လာမယ်မှန်း ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး သိနေခဲ့တာလဲ။”

သူ၏မျက်လုံးများက ဟောင်းလောင်းပေါက်ကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး သူသည် စဉ်းစားခြင်း မပြုလုပ်နေကြောင်းကို ဖော်ပြနေ၏။

သူမစဉ်းစားချင်ပါ။ သူမစဉ်းစားနိုင်ပါ။ စဉ်းစားတွေးခေါ်ခြင်းကို သူမပြုလုပ်လိုပါ။

ပိုင်ရှောင်ရှန်း-“မင်းရဲ့မိတ်ဆွေ လီဆွန်းဟွာကို မင်းကယ်တင်ချင်တာ ကျုပ်တို့သိပါတယ်။ မင်းဟာ ပန်းဘီလူးအစစ်မဟုတ်ပါဘူး။”

အားဖေသည် ကျယ်လောင်စွာအော်ပြောလိုက်၏။ “ကျုပ်ကသာ ပန်းဘီလူးအစစ်ပဲ။ ကျုပ် ဟန်ဆောင်နေစရာ အကြောင်းမရှိဘူး။ ဘယ်က လီဆွန်းဟွာလဲ... ကျုပ်ကြားတောင် မကြားဖူးဘူး။”

ပိုင်ရှောင်ရှန်း-“ကိုယ်တော်ရှင်းကျန်... သူဟာ ပန်းဘီလူးအစစ်ပါလို့ ပြောနေပါလား။ ကိုယ် တော်ယုံကြည်လား။”

“ဟင့်အင်း...”

ပိုင်ရှောင်ရှန်း-“ဒါကတော်တော့်ကို သက်သေပြဖို့ ခက်ခဲတဲ့အမှုပဲ။ ကိုယ်တော်ရှင်းကျန်... ဟောင်တျန်လီကို ဘယ်သူသတ်သွားခဲ့တယ်ဆိုတာသိလား။”

“ပန်းဘီလူး”

“သူဘယ်လိုသေဆုံးခဲ့ရတာလဲ။”

“သူ့ရင်ဘတ်မှာ မက်မုံပန်းပွင့်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပေမယ့် သူတကယ်တမ်းသေဆုံးခဲ့ရတဲ့ ဒဏ်ရာက သူ့ရဲ့ ရွှန်းကျန့် သွေးကြောကြောင့်ဖြစ်တယ်။”

ပိုင်ရှောင်ရှန်း-“ဒါဆိုရင် ပန်းဘီလူးဟာ ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်ရုံတင်မက သေးဘူး၊ သွေးကြောပိတ်ပညာကိုလည်း တဘက်ကမ်းခတ် တတ်မြောက်ထားသူတစ်ယောက်ပေါ့။”

“အမှန်ပဲ”

ပိုင်ရှောင်ရှန်းသည် အားဖေကို ပြုံး၍ကြည့်နေလိုက်ပြီး- “မင်းသာ ကျုပ်မင်းကို အခုလေး တင် ထိုးပိတ်ခဲ့တဲ့သွေးကြောတွေရဲ့ နာမည်ကို မှန်အောင်ဖြေနိုင်ရင် မင်းဟာပန်းဘီလူးအစစ်ဆိုတာကို လက်ခံယုံကြည်ပေးလိုက်မယ်။ ပြီးတော့ လီဆွန်းဟွာကိုလည်း ချက်ချင်းပြန်လွှတ်ပေးလိုက်မယ်။ ဘယ့်နှယ့် လဲ။”

အားဖေသည် တင်းကျပ်စွာ အံကြိတ်ထားလိုက်မိ၏။

ပိုင်ရှောင်ရှန်းသည် သက်ပြင်းချလိုက်ပြီး- “မင်းဟာ သူ့ရဲ့တကယ့် မိတ်ဆွေကောင်းတ ယောက်ပဲ။ သူ့အတွက်နဲ့ မင်းရဲ့အသက်ကိုတောင်မှ စွန့်လွှတ်ရဲတယ်။ ဒါပေမဲ့ သူ့အတွက်တော့ မင်း ဘယ်လောက် အရေးပါလည်းဆိုတာ ကျုပ်သိချင်လိုက်တာ။ မင်းသာ သူ့ကို အဲ့ဒီအခန်းထဲက ထွက် အောင်လုပ်နိုင်ခဲ့ရင် သိပ်ကောင်းမှာပဲ။”

+++++

ခွက်ထဲ၌ အရက်များရှိနေ၏။

လီဆွန်းဟွာသည် အရက်ခွက်ကို ကိုင်ထားလေသည်။

အခန်းထောင့်တွင် ပိန်ပါးပြီး အားအင်ချိနဲ့နေသော ဘုန်းကြီးတစ်ပါးထိုင်နေ၏။ သူသည် သက်လတ်ပိုင်းအရွယ်ကို ကျော်လွန်ပြီးဖြစ်သော်လည်း အိုစာပုံမပေါက်ချေ။ သူ့ကိုကြည့်ရသည်မှာ စာ အုပ်ပိုးကောင်တစ်ကောင်အတိုင်းပင်။

ရှင်းရှုကိုယ်တော်ဖြစ်မှန်း မည်သူမှ ယုံကြည်နိုင်မည်မဟုတ်ပါ။

သူသည် လီဆွန်းဟွာ၏ ဓားစာခံဖြစ်သော်လည်း သူ၏အမူအရာများက အေးချမ်းတည် ငြိမ်နေ၏။ အခန်း၏ထောင့်ချိုးတွင် ငြိမ်သက်စွာ ထိုင်နေလေသည်။

လီဆွန်းဟွာသည် သူ့ကို ပြုံးပြီးပြောလိုက်၏။ “ရှောင်လင်ကျောင်းတော်မှာ ဒီလောက် ကောင်းတဲ့အရက်ရှိနေတာ ကျုပ်အတော့်ကို အံ့ဩမိသား။ တစ်ခွက်လောက် သောက်ပါလား။”

ရှင်းရှုသည် ခေါင်းခါရမ်းပြလိုက်၏။

လီဆွန်းဟွာ-“ကိုယ်တော့်ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ အစ်ကိုတော်ရဲ့ရှေ့မှာ ကျုပ်အရက် သောက်နေတော့ သူ့ကို မလေးမစားပြုရာများ ကျနေမလား။”

ရှင်းရှု-“အရက်သောက်ခြင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြုတာပဲဆိုတာ လူတိုင်း လက်ခံထားကြပါတယ်။ ဘယ်နေရာ ဘယ်အချိန်ပဲ သောက်သောက် ရိုင်းပြတယ်ဆိုတာမရှိပါဘူး။”

လီဆွန်းဟွာ-“ကောင်းလိုက်တဲ့စကား။ ဘုန်းကြီးကျောင်းကို ရောက်ပြီးသွားရင် စိတ်တွေ ကြည်လင်အေးချမ်းသွားကြတယ်လို့ လူတွေပြောနေကြတာ မှန်လှချည်လား။”

ရှင်းရှု၏အေးချမ်းတည်ငြိမ်နေသော မျက်နှာအမူအရာများက နည်းနည်းတော့ ပျက်သွားခဲ့ရ၏။ သူသည် တစ်စုံတစ်ခုကို ဖုံးအုပ်ထားခြင်းပေလော။

ထို့နောက်သူသည် သက်ပြင်းကို လေးတွဲ့စွာချလိုက်၏။ သူ၏သက်ပြင်းချခြင်းသည် သေဆုံး သွားသူအတွက်လော၊ ဒါမှမဟုတ် အခြားအကြောင်းအရာအတွက်လော၊ မည်သူမှ မသိနိုင်ချေ။

လီဆွန်းဟွာသည် အရက်ခွက်ကို ငေးကြည့်နေလိုက်၏။ ထို့နောက် သက်ပြင်းချလိုက်ပြီး၊ အမှန်အတိုင်းပြောရရင် ကျုပ်ကို ကိုယ်တော်က ကယ်တင်ခဲ့မယ်လို့ ထင်မထားခဲ့ဘူး။”

ရှင်းရှု-“ကျုပ် မင်းကိုမကယ်ခဲ့ပါဘူး။”

လီဆွန်းဟွာ-“လွန်ခဲ့တဲ့ ၁၄နှစ်လောက်တုန်းက နိုင်ငံရေးအလုပ်ကို စိတ်ပျက်လာမိခဲ့ပြီး ကျုပ်ရဲ့ ရာထူးကနေ နှုတ်ထွက်ခဲ့တယ်။ နှုတ်ထွက်ခဲ့ရတဲ့အကြောင်းက နိုင်ငံရေးကို စိတ်ပျက်လာလို့ ဖြစ်ပေမယ့်လည်း ကျုပ်က လူဆိုးသူခိုးတွေနဲ့ ပူးပေါင်းပြီး ဒုစရိုက်အမှုတွေကို ကျူးလွန်နေပါတယ်လို့ ခင်ဗျား က စွပ်စွဲစာရေးပြီး အထက်ကိုမတင်ခဲ့ဘူးဆိုရင် တော်ရုံနဲ့ ထွက်ဖြစ်မယ်မထင်ဘူး။”

ရှင်းရှုသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး- “အာဏာမက်မောတဲ့ ဟူယွမ်ကျိကသေဆုံး သွားခဲ့ပါပြီ။ ဘာဖြစ်လို့ သူ့နာမည်ကို ထုတ်ဖော်ပြောဆိုနေရတာလဲ။”

လီဆွန်းဟွာ-“ကိုယ်တော်ပြောတာမှန်တယ်။ ဘုန်းကြီးဝတ်ပြီးသွားတဲ့ လူတစ်ယောက်ဟာ ဘဝပြောင်းခဲ့ပြီးသွားပြီ။ ဒါပေမဲ့ အဲ့ဒီနေ့က ကိုယ်တော်က ကျုပ်ကိုကယ်တင်ခဲ့တာကိုတော့ ခုထိ နား မလည်သေးဘူး။”

ရှင်းရှုသည် သူ၏မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်၏။ “ကျုပ် မင်းကိုပြောခဲ့ပြီးပြီပဲ။ ကျုပ် မင်းကိုကယ်တင်ခဲ့တာမဟုတ်ပါဘူးလို့။ ကျုပ်ရဲ့ အတွင်းအားက သိပ်မကောင်းတော့ မင်းရဲ့ဖမ်းဆုပ်ကိုင်ခြင်းကို ကျုပ်မရုန်းနိုင်ခဲ့ဘူး။ မင်းကျုပ်အပေါ်မှာ ဘာမှအကြွေး မရှိပါဘူး။”

“ဒါပေမဲ့ ကိုယ်တော်ကသာ ဒီအခန်းထဲကို ဝင်သွားခဲ့ဖို့ အရိပ်အယောင်မပြခဲ့ရင်၊ ကျုပ်ဒီ အခန်းထဲကို ဝင်ခဲ့မိမှာမဟုတ်ဘူး။ နောက်ပြီး ကိုယ်တော်ကသာ ကျုပ်ရဲ့ချုပ်ကိုင်မှုကို အားစိုက်ပြီး ရုန်း ကန်ခဲ့မယ်ဆိုရင် ကိုယ်တော့်ကို ဒီနေရာမှာ ကျုပ်ဘယ်လိုလုပ်ပြီး ဓားစာခံလုပ်ထားနိုင်ခဲ့မှာလဲ။”

ရှင်းရှု၏နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်လာသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပါ။

လီဆွန်းဟွာ-“ဘုန်းကြီးဆိုတာ လိမ်မပြောရဘူးလေ။ ဒါ့အပြင် ဒီမှာကျုပ်တို့နှစ်ယောက်ပဲ ရှိနေပါတယ်။”

ရှင်းရှု-“ကျုပ် မင်းကို ကယ်တင်ဖို့ စိတ်ရင်းစွဲရှိခဲ့ပေမယ့်လည်း အဲ့ဒီနေ့က အဖြစ်အပျက်နဲ့ ဘာမှ မဆိုင်ပါဘူး။”

လီဆွန်းဟွာသည် အံ့အားသင့်ဟန်မပြခဲ့ချေ။ “ဒါဆိုရင် ဘာဖြစ်လို့လဲ။”

သူ့ကိုကြည့်ရသည်မှာ ရှင်းရှုသည် ပြောပြချင်ပုံမရချေ။

လီဆွန်းဟွာသည် သူ့ကို ထပ်၍မေးမြန်းခြင်းမရှိတော့ပဲ အရက်ကိုသာ မော့ချလိုက်၏။

ထိုအချိန်၌ အပြင်ဘက်မှ တစ်စုံတစ်ယောက်၏ အော်ပြောလိုက်သံ ထွက်ပေါ်လာ၏။ “လီဆွန်းဟွာ... ပြတင်းပေါက်က ထွက်ကြည့်လိုက်စမ်း။”

ထိုအသံရှင်သည် ရှင်းကျန်ဖြစ်၏။

ပြတင်းပေါက်သို့ ကြည့်လိုက်မိသောအခါ လီဆွန်းဟွာ၏အမူအရာများက လုံးဝပြောင်းလဲ သွားခဲ့ရ၏။

ထိုသူများ၏လက်တွင်းသို့ အားဖေကျရောက်နေလိမ့်မည်ဟု သူလုံးဝတွေးထင်မထားခဲ့ပါ။

ပိုင်ရှောင်ရှန်းသည် ထိုနေရာ၌ ကောက်ကျစ်စွာဖြင့်ပြုံးပြီး ရပ်နေလေသည်။ “လီတွမ့်ဟွာ၊ သူ့ကိုတော့ မှတ်မိမယ်လို့ထင်ပါတယ်။ မင်းအတွက် သူ့ကိုယ်သူ ပန်းဘီလူးပါဆိုပြီး ဒုစရိုက်မှုတွေ ကျူး လွန်ခဲ့တယ်။ မင်းသူ့ကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ...”

ရှင်းကျန်သည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ “သူ့အသက်ကို မသေစေချင်ရင် မင်း အပြင်ဘက်ထွက်လာပြီး အညံ့ခံလိုက်...”

လီဆွန်းဟွာ၏ လက်များက လှုပ်ခါနေကြ၏။ အားဖေသည် မြေကြီးသို့ ခေါင်းစိုက်ကျနေသ ဖြင့် သူ့မျက်နှာကို လီဆွန်းဟွာမတွေ့လိုက်ရပါ။ သို့သော် အားဖေသည် ဒဏ်ရာများစွာရရှိထားမှန်း သူခန့်မှန်းမိလိုက်လေ၏။

ရှင်းကျန်သည် အားဖေ၏ခန္ဓာကိုယ်ကို မြှောက်ပင့်လိုက်၏။ “လီဆွန်းဟွာ... မင်းကို ၄ နာရီ အချိန်ပေးလိုက်မယ်။ နေဝင်လို့မှ ကျုပ်ရဲ့ နံပါတ်၅ ဂိုဏ်းတူအစ်ကိုနဲ့ မင်းပြန်မထွက်လာခဲ့ဘူးဆိုရင်တော့ မင်းရဲ့ ဒီမိတ်ဆွေကောင်းလေးကို မင်းဘယ်တော့မှ ပြန်မြင်ရမှာမဟုတ်ဘူး။”

ပိုင်ရှောင်ရှန်း-“လီတွမ့်ဟွာ... ဒီကောင်လေးက မင်းအပေါ်မှာ တော်တော့်ကို ကောင်းခဲ့တာ နော်။ မင်းသူ့ကို ပစ်မထားဘူးလို့ ကျုပ်ယူဆထားလိုက်မယ်။”

လီဆွန်းဟွာသည် ဘာမှပြန်မပြောနိုင်ခဲ့ချေ။ ထိုသူများသည် အားဖေကို ခွေးတစ်ကောင်လို ဆွဲခေါ်သွားကြသည်ကို တွေ့မြင်လိုက်ပြီး အားဖေ၏ ဒဏ်ရာအမာရွတ်များက သူ့ကို မည်မျှနှိပ်စက် ညှင်းပန်းထားခဲ့ကြကြောင်း ပြသနေလေသည်။

ထိုလူငယ်လေးသည် အသံတစက်မျှ မထွက်ခဲ့ချေ။

သူသည် ပြတင်းပေါက်ဘက်သို့ ခဏလေးသာ ငဲ့ကြည့်လိုက်၏။ သူ၏တည်ငြိမ်နေမှုများက လီဆွန်းဟွာအား သူသည် သေရမှာမကြောက်ဟု ပြောပြနေကြသလိုပင်။

လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “မိတ်ဆွေလေး... မင်းရဲ့စိတ်ဓာတ်ကို ကျုပ်သိပါ တယ်ကွာ။ ကျုပ်မင်းကို မကယ်တင်စေချင်ဘူးဆိုတာ ကျုပ်သိနေပါတယ်။”

ရှင်းရှုသည် လီဆွန်းဟွာကို တစ်ချိန်လုံးအကဲခတ်နေ၏။ ထို့နောက် ရုတ်တရက်ပင် သူမေး လိုက်၏။ “မင်းဘာဆက်လုပ်မှာလဲ...”

လီဆွန်းဟွာသည် နောက်ထပ် အရက်၃ခွက်ထပ်သောက်လိုက်ပြီး- “ကျုပ်ကိုယ်ကျုပ် အညံ့ ခံလက်နက်ချရမှာပေါ့။ ကိုယ်တော် ကျုပ်ကိုအချိန်မရွေး ချည်နှောင်နိုင်တယ်နော်။”

ရှင်းရှု-“မင်းဒီနေကနေ ထွက်သွားလိုက်တာနဲ့ သေရမယ်ဆိုတာတော့ မင်းသိပါတယ်နော်။”

“ကျုပ်သိပါတယ်။”

“ဒါပေမဲ့လည်း မင်းထွက်သွားမှာပဲမဟုတ်လား။”

“အမှန်ပဲ” သူ၏ပြန်လည်ဖြေကြားလိုက်ပုံက သေချာစွာဆုံးဖြတ်ထားသောလေသံဖြစ်၏။

ရှင်းရှု-“မင်းကိုယ်မင်း သောက်ရူးအလုပ်ကို လုပ်နေတယ်လို့ မထင်ဘူးလား။”

လီဆွန်းဟွာ-“လူတိုင်းပဲ ဘဝမှာ အနည်းဆုံး တခါလောက်တော့ သောက်ရူးအလုပ်မျိုးတွေ လုပ်တတ်ကြတာပဲ။ ဘာများထူးဆန်းနေလို့လဲ။ လူတိုင်းသာ ပုံမှန်ဖြစ်တဲ့အလုပ်တွေ လုပ်နေကြမယ် ဆိုရင် လောကကြီးဟာ သိပ်ကိုပျင်းစရာကောင်းနေတော့မှာပဲ။”

ရှင်းရှုသည် ထိုစကားကို အကြာကြီး စဉ်းစားနေလိုက်ပြီးနောက်- “မင်းပြောတာမှန်တယ်။ ယောက်ျားတစ်ယောက်ဟာ ယောက်ျားဆန်တဲ့အလုပ်ကို လုပ်ရမယ်။ လုပ်ရင်သေမယ်ဆိုတာသိလည်း ဆက်လုပ်ရမှာပဲ။”

လီဆွန်းဟွာ-“အနည်းဆုံးတော့ ကျုပ်ဘယ်လိုမျိုးစဉ်းစားပြီး အလုပ်လုပ်တယ်ဆိုတာ ကိုယ် တော်သိနေသားပဲ။”

ရှင်းရှု-“မိတ်ဆွေဆိုတာကို အားလုံးရဲ့ရှေ့ဆုံးမှာထားတယ်။ မိတ်ဆွေကို သေရေးရှင်ရေး ထက်တောင်မှ ပိုပြီးအရေးထားသေးတယ်။ လီဆွန်းဟွာကတော့ လီဆွန်းဟွာပါပဲ။”

လီဆွန်းဟွာသည် သူ့ကို ပြန်၍ပင်လှည့်မကြည့်တော့ပဲ- “ကျုပ်အရင်ဆုံး ထွက်သွားမယ်။”

ရှင်းရှုသည် ရုတ်တရက်ပင် လှမ်း၍တားလိုက်၏။ “နေဦး...”

သူ့ပုံစံကိုကြည့်ရသည်မှာ တစ်ခုခုကို ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ဖြစ်ပုံရသည်။ သူ့မျက် လုံးများက လီဆွန်းဟွာကို စိုက်ကြည့်နေလိုက်ပြီး- “ကျုပ်စကားမဆုံးသေးဘူး။”

“ကျုပ်မင်းကို ပြောပြခဲ့ပြီးသလိုပဲ မင်းကို ကျုပ်ကယ်တင်ခဲ့တာ တခြားအကြောင်းအရာအ တွက်ဖြစ်တယ်ဆိုတာ။”

“အင်း... ဆက်ပြောပါဦး...”

ရှင်းရှု-“ဒီအကြောင်းအရာဟာ ရှောင်လင်ကျောင်းတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ် တယ်။ လူအများကြီး ပါဝင်ပတ်သက်နေလို့ ကျုပ်မင်းကို မပြောပြချင်ခဲ့တာ။”

လီဆွန်းဟွာသည် ရပ်ပြီး နားထောင်နေလိုက်၏။

ရှင်းရှု-“ရှောင်လင်ကျောင်းတော်မှာ စာအုပ်စာတမ်းတွေ မရေမတွက်နိုင်အောင်ရှိတယ်။ တချို့စာအုပ်တွေက ဘုရား၊ တရား စာအုပ်တွေဖြစ်ပြီး တချို့ကတော့ သိုင်းကျမ်းတွေဖြစ်တယ်။”

“ကျုပ်သိပါတယ်။”

ရှင်းရှု-“လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက သိုင်းလောကရဲ့လူတွေဟာ ရှောင်လင် ကျောင်းတော်ရဲ့ ဒီရှားပါးအဖိုးတန်လှတဲ့ သိုင်းကျမ်းတွေကို နည်းမျိုးစုံနဲ့ ခိုးယူဖို့ ကြံစည်ခဲ့ကြပေမယ့်လည်း ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။”

သူသည် ဆက်၍ပြောနေလိုက်၏။ “ဘုန်းကြီးတွေဟာ လူမသတ်ပေမယ့်လည်း ဒီသိုင်းကျမ်းတွေ ဟာ ရှောင်လင်ကျောင်းတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုဆောင်တဲ့ သင်္ကေတတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ရှောင်လင်ကျောင်းတော်က ဒီစာအုပ်တွေကို ဘယ်သူပဲ ခိုးယူခဲ့သည်ဖြစ်စေ အဲ့ဒီလူဟာ ရှောင်လင် ကျောင်းတော်ရဲ့ ရန်ညှိုးထားမှုကို ခံရစမြဲပဲ။”

လီဆွန်းဟွာ-“ရှောင်လင်ကျောင်းတော်ကနေ ခိုးသွားကြတဲ့ သူခိုးတွေအကြောင်းကို ကျုပ် ကြားဖူးခဲ့ပါတယ်။”

ရှင်းရှု-“မင်းက အပြင်လူတစ်ယောက်ဖြစ်နေတော့ အသေးစိတ်အချက်တွေကို ဘယ်သိနိုင်ပါ့ မလဲ။ အမှန်အတိုင်းပြောရရင် ရှောင်လင်ကျောင်းတော်ကနေ အခိုးခံခဲ့ရတာ ၇ ကြိမ်ရှိသွားခဲ့ပြီ။ ၁ ကြိမ် ကတော့ နှလုံးငြိမ်းအေးစေတဲ့ ကျင့်စဉ်စာအုပ်ပဲ။ ကျန်တဲ့ ၆ အုပ်လုံးကတော့ ထိပ်တန်းသိုင်းပညာရပ် တွေပါရှိတဲ့ သိုင်းကျမ်းစာအုပ်တွေပဲ။”

လီဆွန်းဟွာသည် အံ့အားသင့်သွားခဲ့ရပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ “ဘယ်သူ့ လက်ချက်လဲ...”

ရှင်းရှု-“မယုံကြည်နိုင်စရာပဲ။ ကျုပ်တို့တွေ သူခိုးရဲ့ ခြေရာလက်ရာတွေကို ဘယ်လိုမှ ဖမ်း လို့မမိခဲ့ဘူး။ ဘယ်လိုမှလည်း မစုံစမ်းနိုင်ခဲ့ဘူး။”

“ပထမ ၂ ကြိမ်အခိုးခံရပြီးကတည်းက ကျုပ်တို့တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ပြီးချထားခဲ့တာ ပဲ။ ဒါပေမဲ့လည်း ဆက်ပြီး အခိုးခံခဲ့ရတုန်းပဲ။ မူလတုန်းကတော့ နံပါတ်၃ဂိုဏ်းတူအစ်ကိုတော်က ဒီကျမ်းစာ တိုက်ကို တာဝန်ယူစောင့်ကြပ်ခဲ့တယ်။ ခိုးမှုတွေမဖြစ်ခင်မှာပဲ သူဟာအနားယူသွားခဲ့တယ်။”

လီဆွန်းဟွာ-“တော်တော်ကြီးမားတဲ့ အမှုကြီးပဲ။ ဘာဖြစ်လို့များ သတင်းအစအနလေး တောင် ထွက်မလာခဲ့ရတာလဲ။”

ရှင်းရှု-“ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းအရာက သိပ်ကိုလျှို့ဝှက်ထားရမယ့် အကြောင်း အရာဖြစ်နေခဲ့လို့ပဲ။ လူတိုင်းကို နှုတ်ဆိတ်နေကြဖို့ ဂိုဏ်းချုပ်ဆရာတော်ကြီးက မှာကြားထားခဲ့တယ်။ မင်းအပါအဝင် လူ ၉ ယောက်ပဲ ဒီကိစ္စကို သိကြတယ်။”

လီဆွန်းဟွာ-“ရှောင်လင်ကျောင်းတော်က ဂိုဏ်းအုပ်ဆရာတော် ၇ ပါးအပြင် နံပါတ် ၈ ယောက်မြောက်က ဘယ်သူလဲ။”

“ပိုင်ရှောင်ရှန်း...”

လီဆွန်းဟွာသည် သက်ပြင်းချလိုက်၏။ “ဒီလူဟာ လူတော်တော်များများရဲ့ ကိစ္စတိုင်းမှာ ဝင်ပါနေတော့တာပါပဲလား။”

ရှင်းရှု-“နံပါတ်၃ဂိုဏ်းတူအစ်ကိုတော် အနားယူသွားပြီးတဲ့နောက် ကျုပ်ရယ်၊ ရှင်းမယ်ကိုယ် တော်ရယ်က ဒီကျမ်းစာတိုက်ကို တာဝန်ယူစောင့်ကြပ်ခဲ့တာ ၁ လခွဲလောက်ပဲ ရှိသေးတယ်။”

လီဆွန်းဟွာ-“ရှင်းမယ်ကိုယ်တော်ဟာ ဒီကျမ်းစာတိုက်ကို စောင့်ကြပ်နေသူဖြစ်ပါရဲ့နဲ့ ဘာ ဖြစ်လို့ ထွက်ခွာသွားခဲ့ရတာလဲ။”

ရှင်းရှု-“ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ ပန်းဘီလူးရဲ့လက်ချက်ပါဝင် ပတ်သက်နိုင်တယ် လို့ သူယုံကြည်ခဲ့ပြီး ပန်းဘီလူးရဲ့ နောက်ကိုလိုက်ခဲ့တာ ဖြစ်တယ်။ သူပြန်မလာနိုင်တော့ဘူးလို့ ဘယ် သူက ထင်ထားခဲ့မှာလဲလေ။”

ခဏကြာသောအခါတွင်မှ ရှင်းရှုသည် ဆက်၍ပြောပြလိုက်၏။ “ရှင်းမယ်ကိုယ်တော်နဲ့ ကျုပ်ဟာ မိတ်ဆွေဟောင်းတွေဖြစ်ခဲ့ကြတယ်။ သူထွက်မသွားခင်က ကျမ်းစာတိုက်ထဲကနေ အရှားပါး ဆုံး ကျမ်းစာအုပ် ၃ အုပ်ကိုယူခဲ့ပြီး ၃ နေရာခွဲပြီး ဖွက်ထားခဲ့တယ်။ ဂိုဏ်းချုပ်ကိုယ်တော်နဲ့ ကျုပ်တ ယောက်သာ ဘယ်နေရာတွေလဲဆိုတာ သိခဲ့ကြတယ်။”

“အဲ့ဒီထဲက ၁ အုပ်ကဒီအခန်းထဲမှာ မဟုတ်လား။”

“မှန်တယ်။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ ဒီအခန်းကို သူတို့တွေတိုက်ခိုက်ကြဖို့ မဝံ့မရဲဖြစ်နေခဲ့ကြ တာကိုး။”

ရှင်းရှု-“ဒီခိုးမှုတွေက သိပ်ကိုသံသယဖြစ်စရာကောင်းနေလွန်းတော့ ရှင်းမယ်ကိုယ်တော် နဲ့ ကျုပ်က အတွင်းလူပါဝင် ပတ်သက်နိုင်တယ်လို့ ကောက်ချက်ချခဲ့ကြတယ်။ ဒါပေမဲ့လည်း ကျုပ်တို့တွေက ဘာ်သူ့ကိုမှ ထုတ်မပြောရဲခဲ့ကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရှောင်လင်ကျောင်းတော်ရဲ့ ဂိုဏ်းအုပ် ၇ ပါး ကလွဲလို့ ဒီကျမ်းစာအုပ်တွေကို ဘယ်သူမှ ထိတွေ့ခွင့်မရကြဘူး။ ဒီကိုယ်တော် ၇ ပါးကလွဲပြီး ဘယ်သူ မှလဲခိုးယူနိုင်မှာ မဟုတ်ဘူး။”

လီဆွန်းဟွာ၏မျက်လုံးများက အရောင်များတောက်ပလာခဲ့ကြသည်။ “ဒါဆိုရင် ဂိုဏ်းအုပ် ကိုယ်တော် ၇ ပါးထဲမှာ သူခိုးတစ်ယောက်တော့ သေချာပေါက်ရှိနေပြီ။”

ရှင်းရှု-“ကျုပ်တို့ ၇ ပါးလုံးက ဒီကိုရောက်ခဲ့ကြတာ အနဲဆုံး ၁၀ နှစ်ကျော်အသီးသီးရှိခဲ့ကြ ပြီ။ တစ်ယောက်ကို တစ်ယောက်လည်း အလွန်လေးစားပြီး ယုံကြည်ကြတယ်။ ဒါပေမဲ့...”

“ဒါပေမဲ့ ဘာဖြစ်လဲ...”

“ဒါပေမဲ့ ရှင်းမယ်ကိုယ်တော်က ထွက်မသွားခင်မှာ ကျုပ်ကိုပြောသွားခဲ့တာက သူဟာ ကျုပ်တို့ထဲက တစ်ယောက်ကို တော်တော်လေး သံသယရှိနေခဲ့တယ်တဲ့။”

လီဆွန်းဟွာသည် လျင်မြန်စွာပင် မေးလိုက်၏။ “ဘယ်သူ့ကိုလဲ...”

ရှင်းရှု-“ဘယ်သူလဲဆိုတာ သူမပြောသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလူကို ကျုပ်တို့ တွေမှားယွင်းပြီး စွပ်စွဲမိမှာစိုးလို့တဲ့။ ပန်းဘီလူးကသာ သူခိုးအစစ်ဖြစ်နိုင်မယ်လို့ သူယုံကြည်ခဲ့ချင်တယ် တဲ့။”

လီဆွန်းဟွာ-“ရှင်းမယ်ကိုယ်တော် ဘယ်လိုခံစားခဲ့ရမယ်ဆိုတာ ကျုပ်နားလည်ပါတယ်။ ဒါ ပေမယ့် သူခိုးက လွတ်နေပြီး သူကတော့ နာမည်လေးတောင်မှ ပြောပြမသွားနိုင်ခဲ့တဲ့အဖြစ်ကို ကိုယ် တော်တို့ ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ။”

ရှင်းရှု-“ရှင်းမယ်ကိုယ်တော်က ဒီအကြောင်းကို ကြိုပြီးသိနေခဲ့ပါတယ်။ သူခရီးထွက်မသွား ခင် ကျုပ်ကို သေချာမှာသွားခဲ့တယ်။ သူသာ ဒီခရီးမှာ ကံအကြောင်းမလှဖြစ်ပြီး သေဆုံးသွားခဲ့မယ် ဆိုရင် သူ့ရဲ့မှတ်တမ်းစာအုပ်ကို လှန်ကြည့်ဖို့ ကျုပ်ကိုမှာသွားခဲ့တယ်။ သူ့မှတ်တမ်းစာအုပ်ထဲက နောက်ဆုံးစာမျက်နှာမှာ သူသံသယရှိတဲ့လူရဲ့နာမည်ကို ရေးထားတယ်လို့ ပြောသွားခဲ့တယ်။”

လီဆွန်းဟွာ-“အဲ့ဒီစာအုပ်က ဘယ်မှာလဲ။”

“မူလကတော့ အခြားတန်ဖိုးကြီးတဲ့ ကျမ်းစာအုပ်ကြားထဲမှာ ထားထားခဲ့တယ်။ အခု တော့ကျုပ်လက်ထဲမှာ ရောက်နေပြီ။”

သူသည် စာအုပ်ကို ဆွဲထုတ်ယူလိုက်ရာ လီဆွန်းဟွာသည် လျင်မြန်စွာပင် သူ့လက်ထဲမှ လုယူလိုက်ပြီး စာရွက်များကို လှန်လောကြည့်လိုက်၏။ မှတ်တမ်းစာအုပ်မှာ ဗုဒ္ဓ၏ တရားတော်များ အကြောင်းကို ရေးထားသော်လည်း သံသယရှိသူအကြောင်း တစွန်းတစမှ မပါဝင်ချေ။

လီဆွန်းဟွာ-“စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာတွေကို အဲ့ဒီလူဆွဲဖြဲသွားခဲ့တာပေါ့။”

ရှင်းရှု-“ဒါတင်မကသေးဘူး၊ သူနဲ့အတူထားထားတဲ့ ကျမ်းစာအုပ်လည်း ပျောက်ဆုံးသွားခဲ့ တယ်။”

လီဆွန်းဟွာ-“ဒါဖြင့်ရင် အဲ့ဒီလူဟာ ရှင်းမယ်ကိုယ်တော်က သူ့ကို သံသယရှိနေတယ်ဆို တာကိုလဲ သိခဲ့ပုံရတယ်။”

“မှန်တယ်။”

“ဒါပေမဲ့ စာအုပ်ထားထားတဲ့နေရာကို ကိုယ်တော်နဲ့ ဂိုဏ်းချုပ်ကိုယ်တော်တို့ နှစ်ယောက် ပဲ သိကြတာမဟုတ်လား။ ဒါဆိုရင် ကိုယ်တော်က...”

ရှင်းရှု-“ကျုပ်က ဂိုဏ်းချုပ်ကိုယ်တော်ကို သံသယမရှိပါဘူး။ တရားခံဟာ ရှင်းမယ်ကိုယ် တော်က သူ့ကို သံသယရှိနေမှန်းသိခဲ့ရင် ရှင်းမယ်ကိုယ်တော်သွားတဲ့နောက်ကို တိတ်တဆိတ်နောက် ယောင်ခံ လိုက်နေနိုင်ပြီး စာအုပ်တွေ ဘယ်မှာဖွက်ထားခဲ့လဲဆိုတာ လိုက်ပြီးကြည့်နေနိုင်တယ် မဟုတ် လား။ ဒါပေမဲ့...”

“ဒါပေမဲ့ ဘာဖြစ်လဲ...”

“ရှင်းမယ်ကိုယ်တော်ပြန်ရောက်လာတုန်းက အကောင်းကြီးရှိခဲ့သေးတယ်။ သူမသေသင့်ပဲ သေခဲ့ရတာပါ။”

ထိုစကားအား ကြားလိုက်ရသော လီဆွန်းဟွာသည် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရ၏။

ရှင်းရှုသည် လက်သီးကို တင်းကျပ်စွာဆုပ်ထားလိုက်ပြီး- “အဆိပ်ပညာနဲ့ ပတ်သက်လာရင် ကျုပ်ဟာ ဆရာတဆူမဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေတုန်းက အဆိပ်ပညာအကြောင်းကို ကျမ်းစာတွေ ထဲကနေ ကျုပ်လေ့လာထားခဲ့ပါတယ်။ ရှင်းမယ်ကိုယ်တော် ပြန်ရောက်လာတုန်းက သူ့အခြေအနေကို ကြည့်ပြီး သူမသေနိုင်ဘူးဆိုတာ ကျုပ်သိခဲ့တယ်။ သူဟာ မသေသင့်ပဲ သေဆုံးခဲ့ရတာပါ။”

လီဆွန်းဟွာ-“ကိုယ်တော်ဆိုလိုချင်တာက...”

ရှင်းရှု-“ကျမ်းစာအုပ်တွေကို ခိုးတဲ့သူခိုးက ရှင်းမယ်ကိုယ်တော်ကိုပါ သတ်ခဲ့တာ။”

လီဆွန်းဟွာသည် ရုတ်ချည်းပင် ဤအခန်းကြီးသည် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားလိုက် ရ၏။ သူသည် အသက်ကိုပင် မနည်းရªရှိုက်နေရလေသည်။

သူသည် အခန်းတွင်း၌ လှည်းပတ်၍လမ်းလျှောက်နေလိုက်ပြီး မေးမြန်းလိုက်၏။ “ရှင်းမယ် ကိုယ်တော်ကို ဘယ်သူတွေက လာပြီးပြုစုခဲ့ကြတာလဲ။”

ရှင်းရှု-“ဂိုဏ်းချုပ်ကိုယ်တော်၊ နံပါတ် ၄၊ နံပါတ် ၆ နဲ့ နံပါတ် ၇ ဂိုဏ်းတူညီအစ်ကိုတွေလာခဲ့ ကြတယ်။”

“ဒါဆိုရင် သူတို့တွေထဲက တစ်ယောက်ယောက်က လူသတ်သမားဖြစ်နေနိုင်တာပေါ့။”

ရှင်းရှု-“ဒီအကြောင်းအရာဟာ ကျုပ်တို့ကျောင်းတော်ရဲ့ အလွန်မှကို သိက္ခာကျဖို့ကောင်း တဲ့ ကိစ္စပါ။ ကျုပ် မင်းကို မပြောပြသင့်ခဲ့ပါဘူး။ ဒါပေမဲ့ မင်းဟာမိတ်ဆွေအတွက်ဆိုရင် ကိုယ့်အသက် ကိုတောင် ကိုယ်မနှမြောတတ်သူဖြစ်နေလို့၊ နောက်ပြီး မင်းရဲ့မိတ်ဆွေအပေါ်မှာ မင်းဟာ ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ ယုံကြည်လိုက်လို့ ကျုပ်ကပြောပြခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျုပ်က မင်းကို...”

“ဒါကြောင့်မို့လို့ လူသတ်သမားသူခိုးကို ကျုပ်က ကူဖမ်းပေးရမယ် ဆိုပါတော့...”

“အမှန်ပဲ...”

လီဆွန်းဟွာသည် အတန်ကြာမျှ စဉ်းစားနေလိုက်ပြီး ဖြေးညှင်းစွာမေးလိုက်၏။ “လူသတ် ကောင်ဟာ ရှင်းဟူကိုယ်တော်ဖြစ်နေမယ်ဆိုရင်ကော...”

ရှင်းရှု၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များက မထိန်းသိမ်းနိုင်စွာ ကျဆင်းလာခဲ့၏။

လီဆွန်းဟွာ-“ရှောင်လင်ကျောင်းတော်ကြီးအတွင်းက လူတိုင်းပဲ ရှင်းဟူသာ လူသတ်သ မားဖြစ်တယ်ဆိုတာ သိနေကြဦးတောင်မှ ဘယ်သူမှ ပါးစပ်ကနေ တရားဝင် ထုတ်ပြောကြမှာ မဟုတ် ဘူး။”

ရှင်းရှုသည် မည်သို့မျှ ပြန်မပြောနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်လင်ကျောင်း တော်ကြီးကို သိုင်းလောက၏ မီးရှူးတန်ဆောင်ကြီးအဖြစ် သိုင်းသမားတိုင်းက လေးစားစွာ သတ်မှတ် ထားကြသည် မဟုတ်ပါလား။ ရှောင်လင်ဂိုဏ်းချုပ်ကြီးသာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့လျှင် ကျန်သည့်လူများက ရှောင်လင်ကျောင်းတော်ကြီးကို မည်သို့ပြောဆိုကြပေတော့မည်နည်း။

လီဆွန်းဟွာ-“ကျုပ်ကသာ ရှင်းဟူကိုယ်တော်ကို လူသတ်သမားအဖြစ် သက်သေပြနိုင်ခဲ့ ရင်တောင်မှ ရှောင်လင်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ကိုယ်တော်က ကျုပ်ကို သက်သေခံ လျှောက်လဲပေးမှာ မဟုတ်ပါဘူး။”

ရှင်းရှုသည် သက်ပြင်းချလိုက်၏။ “မင်းပြောတာမှန်တယ်။ ရှောင်လင်ကျောင်းတော်ရဲ့ ဂုဏ် သိက္ခာအတွက် ဘာမဆို ကျုပ်ပေးဆပ်ရတော့မှာပေါ့။”

လီဆွန်းဟွာ-“ဒါဆိုရင် ကျုပ်ကို ဘာလို့လာပြီး အကူအညီတောင်းနေသေးလဲ။”


ရှင်းရှု-“ရှောင်လင်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းမယ့်အလုပ်မျိုးကို ကျုပ်ကလုပ်မှာ မဟုတ်ပေမယ့် မင်းသာ လူသတ်သမားကို ဖော်ထုတ်ပေးမယ်ဆိုရင် အဲ့ဒီလူသတ်ကောင်ဟာ ကျုပ်နဲ့အ တူသေဆုံးရလိမ့်မယ်ဆိုတာ ကျုပ်သစ္စာပြုပါတယ်။”

လီဆွန်းဟွာ-“ဘုန်းကြီးတစ်ပါးက ဘာဖြစ်လို့ လူသတ်မယ့်စကားတွေ ပြောနေရတာလဲ။ ကြည့် ရတာ ကိုယ်တော်ဟာ လူ့လောကကို သံယောဇဉ် မပြတ်နိုင်သေးဘူးနဲ့တူတယ်။”

ရှင်းရှု-“ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ တခါတရံ စိတ်တိုတတ်သေးတာပဲ။ ကျုပ် လို ဘာမဟုတ်တဲ့ ဘုန်းကြီးတစ်ပါးလောက်က ဘာဖြစ်လို့ ဒေါသမထွက်ရမှာလဲ။”

လီဆွန်းဟွာ-“ဒီစကားကိုကြားလိုက်ရတာ ကျုပ်စိတ်ချသွားပါပြီ။”

ရှင်းရှု-“မင်း... မင်းကလူသတ်ကောင်ကို သိနေလို့လား။”

လီဆွန်းဟွာ-“ကျုပ်မသိပါဘူး။ ဒါပေမဲ့ တစ်ယောက်သောသူက သိတယ်ဆိုတာကိုတော့ ကျုပ်သိနေတယ်။”

ရှင်းရှု-“လူသတ်သမားကိုယ်တိုင်ကတော့ သိနေမှာပေါ့။”

လီဆွန်းဟွာ-“လူသတ်သမားကလွဲပြီး သိတဲ့သူ နောက်တစ်ယောက်ရှိနေသေးတယ်။ အဲ့ဒီ လူဟာလည်း ဒီအခန်းထဲမှာပဲ ရှိနေတယ်။”

“ဘယ်သူလဲ...”

လီဆွန်းဟွာသည် ရှင်းမယ်ကိုယ်တော်၏ ရုပ်အလောင်းကို လက်ညှိုးထိုးပြလိုက်ပြီး- “သူပဲ...”

ရှင်းရှု-“စိတ်မကောင်းစရာပဲ... သူကစကားမပြောနိုင်တော့ဘူး။”

လီဆွန်းဟွာသည် ရယ်မောလိုက်၏။ “ဒါပေမဲ့ တစ်ခါတစ်ရံကျတော့ လူသေတွေက စကားပြောတတ်ကြပါတယ်။”

သူသည် ရှင်းမယ်ကိုယ်တော်၏ ရုပ်အလောင်းကို ဖုံးအုပ်ထားသော အဝတ်စကို ဆွဲဖယ် လိုက်၏။ နေရောင်ချည်က သေသူ၏မျက်နှာကို ထိုးကျလာ၏။ သူသေ၏မျက်နှာသည် မီးခိုးရောင် မည်း မှောင်နေလေသည်။

လီဆွန်းဟွာ-“အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ်မိပြီးသေခဲ့ရတဲ့ အလောင်းကောင်ကို ကိုယ် တော်တွေ့ဖူးလား။”

“ဟင့်အင်း... မတွေ့ဖူးဘူး။”

0 comments:

Post a Comment