Thursday, March 3, 2011

(၂၄) သစ္စာဖောက်ကို ဖော်ထုတ်ဖမ်းဆီးခြင်း

လီဆွန်းဟွာသည် သက်ပြင်းချလိုက်၏။ “ဒါဆိုရင်တော့ ကိုယ်တော်ကံကောင်းတာပဲ။ ဘာလို့လည်းဆိုတော့ ကြောက်ရွံ့ ရွံရှာစရာကောင်းလွန်းလို့ပါ။”

မည်သူမဆို အဆိပ်မိပြီးသေဆုံးခဲ့ပါက ကြည့်ပျော် ရှုပျော်ရှိမည်မဟုတ်ပါ။

လီဆွန်းဟွာသည် မျက်လုံးများကိုမှိတ်လိုက်၏။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့ရဲ့အဆိပ်မိပြီး လူတစ်ယောက်သေဆုံးသွားခဲ့ပုံကို အခုထိမြင်ယောင်နေမိသေးတယ်။ ခဏလေးတင်ပဲ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံး နက်ပြာသွားခဲ့ပြီး တဖြည်းဖြည်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပျက်ဆီးသွားခဲ့ရတယ်။”

+++++

ရှင်းရှု-“ဒါပေမဲ့ ရှင်းမယ်ကိုယ်တော် သေဆုံးခဲ့တာ ရက်ပေါင်းအတော်ကြာတောင်မှ ရှိပါပေါ့ လား။ ဘာဖြစ်လို့...”

လီဆွန်းဟွာသည် မျက်လုံးများကို ပြန်၍ဖွင့်လိုက်ပြီး- “မှန်တယ်။ သူသေဆုံးခဲ့တာ ရက် တော်တော်ကြာပြီ၊ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ မပျက်စီးသေးဘူး။ ဘာဖြစ်လို့လည်း သိလား။”

ရှင်းရှုသည် ခေါင်းကို ခါရမ်းပြလိုက်၏။



လီဆွန်းဟွာ-“ဘာဖြစ်လို့လည်းဆိုတော့ သူ့ကို နောက်အဆိပ်တစ်မျိုးနဲ့ လုပ်ကြံခဲ့လို့ပဲ။”

ရှင်းရှု-“မင်း... မင်းဆိုလိုတာက...”

လီဆွန်းဟွာ-“သူဟာ အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ်မိခဲ့ပေမယ့် အတွင်းအားအခံ ကောင်း လွန်းခဲ့တာကြောင့် သိပ်ပြီးမပြင်းထန်ခဲ့ဘူး။ သူ ရှောင်လင်ကျောင်းတော်ကို ရောက်သည်အထိ အဆိပ် တက်မလာခဲ့သေးဘူး။”

“မှန်လိုက်တာ...”

လီဆွန်းဟွာ-“လူသတ်ကောင်ဟာ သူ့ရဲ့အကြောင်းတွေကို ဖွင့်ထုတ်ပြောလိုက်မှာကို ကြောက်လန့်ခဲ့ပုံရတယ်။ ဒါကြောင့်မို့လို့ မြန်မြန်သေအောင် နောက်ထပ် အဆိပ်တမျိုးခပ်ပြီး လုပ်ကြံ ခဲ့တာပေါ့။”

ရှင်းရှု-“လူတစ်ယောက်ကို သတ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိနေတာပဲ။ ဘာဖြစ်လို့ အ ဆိပ်ကို အသုံးပြုခဲ့ရတာလဲ။”

“သူဘယ်နည်းလမ်းပဲ အသုံးပြုခဲ့ ပြုခဲ့၊ ခြေရာလက်ရာတော့ ကျန်ရစ်ခဲ့မှာပဲ။ ဒါပေမဲ့ ရှင်း မယ်ကိုယ်တော်ဟာ ပြင်းပြင်းထန်ထန် အဆိပ်မိခဲ့ပြီး ဖြစ်တဲ့အတွက် သူ့အတွက် အကောင်းဆုံးက အဆိပ်ခပ်ပြီး လုပ်ကြံတာပဲ။ ဒီနည်းကို အသုံးပြုခြင်းအားဖြင့် ဘယ်သူမှ မခန့်မှန်းနိုင်တော့ဘူး။”

ရှင်းရှု-“မှန်တယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် အားလုံးက ရှင်းမယ်ကိုယ်တော် ဟာ အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ်မိပြီး သေဆုံးသွားခဲ့တယ်လို့ ထင်ကြမှာပဲ။”

လီဆွန်းဟွာ-“ဒီလူက တော်တော်လေးတွက်ချက်ပြီးမှ လုပ်ကြံခဲ့တာ။ ဒါပေမဲ့ သူတစ်ခုကို မေ့သွားခဲ့တယ်။”

“ဘာကိုလဲ...”

“အဆိပ်တွေဟာ အချင်းချင်း တုန့်ပြန်တတ်တဲ့ သတ္တိရှိတယ်ဆိုတာ သူမေ့သွားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပြင်းထန်တဲ့အဆိပ်ကို အသုံးပြုခဲ့တဲ့အခါ အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ် က အစွမ်းသတ္တိမပြနိုင်တော့ဘူး။ ဒါကြောင့်မို့လို့ ရှင်းမယ်ကိုယ်တော်ရဲ့ ခန္ဓာကိုယ်က သေပြီးတာ တောင်မှ အကောင်းအတိုင်း ရှိနေခဲ့တာပေါ့။”

လီဆွန်းဟွာ၏မျက်လုံးများက အရောက်တောက်ပလာခဲ့ကြသည်။ “ရှင်းမယ်ကိုယ်တော် ပြန်ရောက်လာပြီးတဲ့နောက် တစ်ခုခုကို စားခဲ့သေးလား။”

ရှင်းရှု-“ဆေးတစ်ခွက်ပဲသောက်ခဲ့တယ်။”

“သူ့ကို ဘယ်သူကဆေးတိုက်ခဲ့တာလဲ။”

“ဆေးကိုဖော်စပ်ပေးခဲ့တာတော့ နံပါတ် ၇ ဂိုဏ်းတူညီလေး ရှင်းကျန်၊ ပြီးတော့ သူ့ကိုဆေး တိုက်တာတော့ နံပါတ် ၄ ဂိုဏ်းတူအစ်ကို ရှင်းကျုနဲ့ နံပါတ် ၆ ဂိုဏ်းတူညီလေး ရှင်းတန်တို့က တိုက် ကျွေးခဲ့တာပါ။”

သူသည်သက်ပြင်းချလိုက်ပြီး- “ဒါဆိုရင် သူတို့ ၃ ယောက်လုံးကို သံသယစာရင်းထဲ ထည့် ရမလိုဖြစ်နေပြီ။”

လီဆွန်းဟွာ-“အစွမ်းထက်ပြီး နာမည်ကျော်တဲ့ အဆိပ်၂ မျိုးရှိတယ်။ ပထမတမျိုးက အနံ့ အရသာကင်းမယ့်ပြီး လူတစ်ယောက်ကို ဆိုးဆိုးရွားရွား အသေဆိုးနဲ့ သေစေတယ်။ လူကိုအဲ့ဒီလိုမျိုး သေ စေရုံတင်မကသေးဘူး၊ မြင်ရတဲ့သူကိုလည်း အော့အံလောက်စေတယ်။”

ရှင်းရှု-“အဆိပ်၅မျိုးကလေးဆိုးရဲ့ အဆိပ်က အဲ့ဒီအမျိုးအစားထဲကပေါ့...”

လီဆွန်းဟွာ-“ဒုတိယအမျိုးအစားကတော့ အဆိပ်ဆိုတာကို ချက်ချင်းပဲသိနိုင်တယ်။ ဒါပေ မယ့် သေသူကို ရုပ်ပျက်ဆင်းပျက်မဖြစ်စေဘူး။ တခါတရံကျရင် အဆိပ်မိပြီးသေရတယ်လို့တောင် မထင် ရဘူး။”

“လူသတ်သမားက အဲ့ဒီလိုမျိုးအဆိပ်ကို အသုံးပြုခဲ့တယ်လို့ မင်းကပြောချင်တာလား။”

လီဆွန်းဟွာသည် ခေါင်းညိတ်ပြလိုက်၏။ “အဆိပ်နှစ်မျိုးရဲ့ ဆန့်ကျင်ဘက် ဂုဏ်သတ္တိတွေ ကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အချင်းချင်း တန်ပြန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရတယ်။ ပထမတမျိုးက လူ ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသလောက် ဒုတိယအမျိုးအစားက ပြင်းပြင်းထန်ထန် အဆိပ်တက်စေနိုင် တယ်။ ဒီလိုမျိုးအဆိပ်ကို ဖော်စပ်နိုင်သူ တော်တော့်ကိုရှားတယ်။”

သူသည် ရှင်းရှုကိုစိုက်၍ကြည့်လိုက်ပြီး- “ရှောင်လင်ကျောင်းတော်မှာ ဒီလိုမျိုးအဆိပ်အကြောင်းသိနိုင်တဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။”

ရှင်းရှုသည် သက်ပြင်းတစ်ချက်ကို လေးတွဲ့စွာချလိုက်ပြီး၊ ‘ဒါ... ဒါကတော့...”

လီဆွန်းဟွာ-“ရှောင်လင်ကျောင်းတော်ကြီးဟာ သိုင်းလောကရဲ့ ဦးစီးနာယကကျောင်းတော်ကြီးပါ။ ကျောင်းတော်ရဲ့ ပညာသင်တပည့်တွေက ဒီလိုမျိုး ယုတ်မာတဲ့ အဆိပ်ပညာတွေကို လေ့ လာခဲ့ကြမယ် မထင်ဘူး။”

ရှင်းရှု-“ရှောင်လင်ကျောင်းတော်က ဒီလိုမျိုးပညာရပ်တွေကို ဘယ်တော့မှ မသင်ကြားပေးဘူး။” သူ၏လေသံက ပြတ်သားလှ၏။

လီဆွန်းဟွာ-“ရှင်းကျုကိုယ်တော်နဲ့ ရှင်းတန်ကိုယ်တော်တို့...”

ရှင်းရှုသည် သူ့ကိုဖြတ်ပြောလိုက်၏။ “ရှင်းကျုကိုယ်တော်ဟာ ကိုရင်ဘဝကို အသက် ၉ နှစ် ကတည်းက ရောက်ခဲ့တာ။ ရှင်းတန်ကတော့ သူမွေးကာစ ကလေးဘဝတည်းက ကျောင်းတော်မှာ ကြီး ပြင်းလာခဲ့ရတယ်။ သူတို့ဘဝတလျှောက်လုံးမှာ အဆိပ်ကို လုံးဝထိတွေ့ခဲ့ဖူးမှာမဟုတ်ဘူးဆိုတာ ကျုပ် ယုံကြည်တယ်။”

လီဆွန်းဟွာသည် ခပ်တွန့်တွန့်လေးပြုံးနေလိုက်ပြီး- “ဒါဆိုရင် လူသတ်သမားဟာ ဘယ်သူ ဖြစ်နိုင်မလဲ...”

“မင်းက ကျုပ်ရဲ့ နံပါတ် ၇ ဂိုဏ်းတူညီလေး ရှင်းကျန်ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား။”

ရှင်းကျန်သည် ဘုန်းကြီးဘဝသို့ အသက်အရွယ်ကြီးမှ ကူးပြောင်းလာခဲ့သူဖြစ်၏။ ရှောင်လင် ကျောင်းတော်သို့ မရောက်ခင်ကတည်းကပင် သိုင်းလောကတွင် အဆိပ်ပညာဖြင့် နာမည်တစ်လုံးရခဲ့ သူဖြစ်၏။

+++++

တောအုပ်လေးထဲတွင် ကျားကစားပွဲတစ်ပွဲ ရှိနေ၏။

ပိုင်ရှောင်ရှန်းသည် သူ၏ကျားရုပ်လေးကို ကိုင်ထား၏။ နှင်းဖတ်များက သူ၏နယ်ရုပ်လေး ပေါ်သို့ သစ်ပင်ပေါ်မှ ကျလာခဲ့ပြီး အရုပ်လေးသည် မြေကြီးပေါ်သို့ ကျသွားခဲ့ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံး လွန်စွာမှပင် သာသာယာယာရှိလှ၏။ သို့သော် လူတိုင်းတွင် လူသတ် ရိပ်များ ဖုံးလွှမ်းနေပြီး တရားမျှတမှုအတွက် စောင့်ဆိုင်းနေကြလေသည်။

ရှင်းဟူ၊ ရှင်းကျု၊ ရှင်းတန်နှင့် ရှင်းကျန် ဆရာတော်အားလုံးပင် ရောက်ရှိနေကြလေသည်။

အားဖေသည် တောအုပ်လေးထဲ၌ ဒူးထောက်ထိုင်နေရ၏။ သူ၏ခေါင်းကိုမူ ငုံ့ထားဆဲ။

ရှင်းဟူသည် သူ့ကိုကြည့်ပြီး မေးလိုက်၏။ “လီဆွန်းဟွာထွက်လာမယ်လို့ ထင်ထားလား။”

ပိုင်ရှောင်ရှန်းသည် ပြုံးပြလိုက်ပြီး- “သေချာပေါက် လာမှာပါ။”

ရှင်းဟူ-“သူဟာ မိတ်ဆွေအတွက်ဆိုရင် သူ့အသက်ကိုတောင် ပေးဆပ်ဖို့ ဝန်လေးတဲ့သူတ ယောက် မဟုတ်ဘူး။”

“လူဆိုးသူခိုးတွေမှာလည်း သူတို့ရဲ့ခံယူချက် ကိုယ်စီရှိနေကြတာ မထူးဆန်းပါဘူး။”

ရှင်းဟူ-“ခင်ဗျားထင်ထားခဲ့သလို မှန်နေပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။”

သူ၏စကားသံသည် ရုတ်ချည်းပင် ရပ်ဆိုင်းသွားခဲ့ရ၏။

သူသည် ရှင်းရှုကိုတွေ့လိုက်ရလေသည်။

ရှင်းရှုသည် တောအုပ်လေးထဲသို့ လျှောက်ဝင်လာ၏။ သို့သော် သူတစ်ယောက်တည်းဖြစ် ၏။

ရှင်းဟူသည် မတ်တပ်ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။ “ညီတော်... ဘယ်လိုနေလဲ...”

သူသည် မည်သည့်အကြောင်းအရာမျှ မေးမြန်းခြင်းမပြုခဲ့ဘဲ ရှင်းရှုကိုသာ နှုတ်ဆက်လိုက် သည်မှာ ရှောင်လင်ဂိုဏ်းချုပ် ကိုယ်တော်ကြီးတစ်ပါးတည်းသာ ပြုလုပ်နိုင်သော အရည်အချင်းများပင်။

ရှင်းရှု-“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်အစ်ကိုတော်... ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ တပည့် တော် လွတ်မြောက်လာခဲ့ပါပြီ။”

ရှင်းရှု-“သူ ကျမ်းစာအုပ် သွားယူနေတယ်။”

ရှင်းကျန်-“ကျမ်းစာအုပ်... ဘာကျမ်းစာအုပ်လဲ...”

ရှင်းရှု-“ကျမ်းစာတိုက်က ပျောက်ဆုံးသွားခဲ့တဲ့ ကျမ်းစာအုပ်...”

ရှင်းကျန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့ရ၏။ သူသည် အေးစက်စွာရယ်မောလိုက်ပြီး- “နောက်ဆုံးတော့လည်း သူပဲဖြစ်နေပါလား။ ဒါဆိုရင် ကိုယ်တော်က သူ့ကိုဘာဖြစ်လို့ လွှတ်ပေးလိုက်ရ တာလဲ။”

ရှင်းရှု-“ဘာဖြစ်လို့လဲဆိုတော့ သူဟာ သူခိုးတစ်ယောက်မဟုတ်ဘူး။”

ရှင်းကျန်-“ဒါဖြင့် သူခိုးကဘယ်သူလဲ...”

ရှင်းရှု-“မင်းပဲ...”

ရှင်းကျန်၏နှုတ်ခမ်းများက တွန့်သွားခဲ့ရပြန်၏။ သို့သော် ချက်ချင်းပင် စိတ်ကိုပြန်ထိန်းထား လိုက်ပြီး- “နံပါတ်၅ဂိုဏ်းတူအစ်ကိုတော် ပြောနေတာတွေ ကျနော်တစ်ခုမှ နားမလည်ပါလား။”

ရှင်းရှု-“မင်းမှနားမလည်ရင်တော့ နားလည်နိုင်သူရှိတော့မှာမဟုတ်ဘူး။”

ရှင်းကျန်သည် ရှင်းဟူဘက်သို့လှည့်လိုက်ပြီး- “ကျေးဇူးပြုပြီး ဂိုဏ်းချုပ်အစ်ကိုကြီး တစ်ခုခု ဝင်ပြောပေးပါဦး။ ကျနော့်မှာ ပြောစရာဘာမှ မရှိတော့ဘူး။”

ရှင်းဟူ၏အမူအရာများကလည်း ပြောင်းလဲသွားခဲ့ရ၏။ “ကျုပ်တို့ရဲ့ ဒုတိယဂိုဏ်းတူညီလေးဟာ လီဆွန်းဟွာရဲ့လက်ချက်နဲ့ သေသွားခဲ့ရတာပါ။ မင်းကဘာဖြစ်လို့သူနဲ့ ပူးပေါင်းကြံစည်နေရတာ လဲ။”

ပိုင်ရှောင်ရှန်းသည် အနည်းငယ် ဒေါသထွက်သွားပြီး- “ကျုပ်အမှတ်မမှားဘူးဆိုရင်တော့ ရှင်းရှုကိုယ်တော်နဲ့ လီဆွန်းဟွာတို့နှစ်ယောက်ဟာ ဧကရာဇ်ကြီးရဲ့စာမေးပွဲကို တစ်နှစ်ထဲ အတူတူ အောင်ခဲ့ကြတယ်။ ဟုတ်ရဲ့လား။”

ရှင်းကျန်သည် အေးစက်စွာပြောလိုက်၏။ “နံပါတ်၅ဂိုဏ်းတူအစ်ကိုတော်ဟာ လီဆွန်းဟွာရဲ့ အဆိပ်ကို မိထားခဲ့တယ်ထင်တယ်။”

ရှင်းရှုသည် သူတို့ကို လျစ်လျူရှုထားလိုက်၏။ “နံပါတ်၂ဂိုဏ်းတူအစ်ကိုတော်ကို သေစေခဲ့ တာ အဆိပ်၅မျိုးကလေးဆိုးရဲ့အဆိပ် မဟုတ်ဘူး။”

ရှင်းကျန်သည် ဖြတ်၍မေးလိုက်၏။ “ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ။ ဟမ်...”

ရှင်းရှုသည် အေးစက်စက် ရယ်မောနေလိုက်ပြီး- “မင်းကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ဘယ်သူမှမသိနိုင်ဘူးလို့ မင်းထင်နေလား။ ဒုတိယဂိုဏ်းတူအစ်ကိုတော်ဟာ သူမသေခင်မှာ ဘာထား သွားခဲ့လဲဆိုတာသိလား။”

သူသည် ရှင်းမယ်ကိုယ်တော်၏ မှတ်တမ်းစာအုပ်ကို ထုတ်ပြလိုက်၏။

ရှင်းဟူ-“အဲ့ဒါ ဘာစာအုပ်လဲ။”

ရှင်းရှု-“ဒုတိယဂိုဏ်းတူအစ်ကိုတော် ခရီးထွက်မသွားခင်ကတည်းက သူခိုးဘယ်သူဆိုတာ သိသွားခဲ့တယ်။ လက်ဆုပ်လက်ကိုင် သက်သေမခိုင်လုံပဲနဲ့ သူဘာမှမလုပ်ချင်ခဲ့လို့ ဒီစာအုပ်ထဲမှာ သူခိုးရဲ့ နာမည်ကို ရေးထားခဲ့တယ်။ မတော်လို့ သူသာသေသွားခဲ့ရရင် သက်သေအဖြစ်ရှိနေနိုင်အောင် လို့ပဲ။”

ရှင်းဟူကိုယ်တော်သည် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရ၏။

ရှင်းကျန်-“အဲ့ဒီစာအုပ်ထဲမှာ ကျုပ်ရဲ့နာမည်သာ ပါရှိနေမယ်ဆိုရင် ကျုပ်...”

ရှင်းရှု-“မင်းဘာလုပ်မှာလဲ...နောက်ဆုံးစာမျက်နှာ ၂ရွက်ကို မင်းဆုတ်ဖြဲခဲ့ပေမယ့် စာအုပ်ထဲ က တခြားနေရာတွေမှာ ရေးမထားခဲ့ဘူးလို့ မင်းဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

ရှင်းကျန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ရပြီး အော်ဟစ်ပြောဆိုလိုက်၏။ “နံပါတ်၅ဂိုဏ်း တူအစ်ကိုက အပြင်လူနဲ့ပေါင်းပြီး ကျနော့်ကို ကြိုးကွင်းစွပ်နေတာပဲ။ ဂိုဏ်းချုပ်အစ်ကိုတော်... ဒီကိစ္စကို ဖြေရှင်းပေးပါ။”

ရှင်းဟူသည် ထိုနေရာ၌ မလှုပ်မယှက်ရပ်နေလိုက်ပြီး ပိုင်ရှောင်ရှန်းကိုသာ ကြည့်နေလိုက်၏။

ပိုင်ရှောင်ရှန်း-“အဲ့ဒီစာအုပ်ထဲမှာ လူတိုင်းရေးနိုင်တာပဲ။”

ရှင်းကျန်-“ဟုတ်တယ်။ စာအုပ်ထဲမှာ ကျုပ်နာမည်ပါရှိနေတောင် ဒုတိယဂိုဏ်းတူအစ်ကို တော်ကိုယ်တိုင် ရေးခဲ့တာပါလို့ ဘယ်သူပြောနိုင်လဲ။”

ပိုင်ရှောင်ရှန်း-“ရှောင်းလီတွမ့်ဟွာက အလွန်တော်တဲ့ စာပေသမားတစ်ယောက်ပဲ။ စာရေး ခြင်းအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားတာ မငြင်းနိုင်ပါဘူး။”

ရှင်းကျန်-“မှန်တယ်။ သူသာ တစ်စုံတစ်ယောက်ရဲ့ လက်ရေးမူကို တုပြီးရေးခဲ့ရင် အတုလား အစစ်လားဆိုတာ ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။”

ရှင်းဟူသည် ရှင်းရှုကိုကြည့်လိုက်ပြီး- “မင်းဟာ အမြဲတမ်းပဲ စေ့စပ်သေချာစွာ အလုပ်လုပ် တတ်သူတစ်ယောက်ပါ။ ခုကျမှ ဘာဖြစ်လို့ ကသောင်းကနင်းဖြစ်နေရတာလဲ။”

ရှင်းရှု၏အမူအရာများက တည်ငြိမ်စွာရှိနေဆဲပင်။ သူသည် ရှင်းကျန်ကိုသာစိုက်ကြည့်နေ၏။ “ဒီသက်သေခံပစ္စည်းက မင်းအတွက်မလုံလောက်သေးဘူးဆိုရင် ကျုပ်မှာ နောက်ထပ် သက်သေတစ်ခု ပြစရာ ကျန်နေသေးတယ်။”

ရှင်းဟူ-“ကျေးဇူးပြုပြီး မြန်မြန်ပြောပြစမ်းပါ။”

ရှင်းရှု-“ ဒုတိယဂိုဏ်းတူအစ်ကိုတော်ရဲ့ အခန်းထဲမှာ ဖွက်ထားခဲ့တဲ့ ‘တာ့မိုယိကျင်ကျင်း’ စာအုပ် မရှိတော့ဘူး။”

“ဟင်...”

ရှင်းရှု-“သူခိုးဟာ ဒီစာအုပ်ကို အပြင်ဘက်ရောက်အောင် ခိုးမထုတ်သွားနိုင်သေးဘူးလို့ လီတွမ့်ဟွာက တွက်ဆခဲ့တယ်။ ဒါကြောင့်မို့လို့ ရှင်းကျန်ရဲ့အခန်းကို ကျောင်းသားအချို့နဲ့အတူထွက် သွားပြီး စာအုပ်ကိုသွားယူနေတယ်။”

ရှင်းကျန်သည် ထခုန်လိုက်ပြီး- “ဂိုဏ်းချုပ်အစ်ကိုတော်... သူပြောနေတာတွေ တစ်ခုမှမဟုတ် ဘူး။ သူ့ကိုမယုံပါနဲ့။ သူကျနော့်ကို စွပ်စွဲနေတာပါ။”

သူသည် ထိုစကားကိုပြောဆိုနေစဉ်မှာပင် တောအုပ်အပြင်ဘက်သို့ ခုန်ထွက်သွားလိုက်၏။

ရှင်းဟူသည် မျက်ခုံးများမြင့်တက်သွားခဲ့ရပြီး သူ့နောက်သို့ တဟုန်ထိုး လိုက်သွားလေ တော့သည်။

အချိန်တိုလေးအတွင်း၌ပင် သူတို့အားလုံးသည် ရှင်းကျန်၏အခန်းရှေ့သို့ ရောက်ရှိလာကြ လေသည်။

အခန်းတံခါးမှာ ပွင့်နေ၏။

ရှင်းကျန်သည် အခန်းတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားလိုက်ပြီး အဝတ်ဗီရိုထဲရှိ အံဝှက် လေးကို လှန်လောလိုက်၏။

‘ယိကျင်ကျင်း’စာအုပ်သည် အထဲတွင်ရှိနေလေသည်။ ရှင်းကျန်သည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ “ဒီစာအုပ်က နဂိုတုန်းက ဒုတိယဂိုဏ်းတူအစ်ကိုတော်ရဲ့ အခန်းထဲမှာရှိနေခဲ့တာပဲ။ ကျနော့်ကို ယိုးစွပ်ချင်လို့ သူတို့တွေ ပူးပေါင်းကြံစည်ပြီး ကျနော့်အခန်းထဲမှာ လာထားထားခဲ့တာပါ။ ဒီလိုနည်းတွေက ရိုးနေပါပြီ။ ဂိုဏ်းချုပ်အစ်ကိုတော်ကြီးလို ဉာဏ်ပညာရှိသူတစ်ယောက်အတွက်တော့ ဒီကိစ္စကို စဉ်းစားကြည့်လိုက်ရင် ကလေးကစားစရာလေးပါ။”

သူ၏စကားဆုံးသွားသော် ရှင်းဟူကိုယ်တော်က အံ့ဩစွာဖြင့် ပြန်၍မေးခွန်းထုတ်လိုက်၏။ “သူတို့သာ မင်းကိုယိုးစွပ်ပြီး ထောင်ချောက်ဆင်ခဲ့ကြတယ်ဆိုရင်တောင်မှ စာအုပ်က မင်းရဲ့ဗီရိုထဲမှာ ရှိနေတာကို မင်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ မင်း ဘာဖြစ်လို့ အခန်းထဲက တခြားနေရာတွေမှာ အရင်မရှာခဲ့တာလဲ။”

ရှင်းကျန်သည် ရုတ်ချည်းပင် အေးခဲသွားရ၏။ သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်း လာလေတော့သည်။

ရှင်းရှုသည် သက်ပြင်းမောကြီးတစ်ခုချလိုက်ပြီး- “ဒီလိုနည်းနဲ့မှသာ သူခိုးကိုဖော်ထုတ်နိုင်မယ် လို့ လီတွမ့်ဟွာ တွက်ဆခဲ့တာ သိပ်မှန်တာပဲ။ ကဲ... မင်းဘာပြောချင်သေးလဲ။”

ထိုအချိန်၌ ရယ်မောလိုက်သံတသံကို သူတို့ကြားလိုက်ကြရ၏။ “ဒါပေမဲ့ ဒီနည်းက သိပ်ပြီး အန္တရာယ်များပါတယ်။ အကယ်၍သာ သူကကျုပ်တို့ရဲ့ ထောင်ချောက်ထဲကို ဝင်မလာခဲ့ဘူးဆိုရင် ဒီနည်းလည်း ဘာမှ အသုံးဝင်မှာမဟုတ်ပါဘူး။”

ရယ်မောသံနှင့်အတူ လီဆွန်းဟွာတစ်ယောက် ရောက်ရှိလာလေသည်။

ရှင်းဟူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လီဆွန်းဟွာကို ဦးညွှတ်လိုက်လေတော့သည်။

လီဆွန်းဟွာသည်လည်း ပြန်လည်၍ ဦးညွှတ်လိုက်၏။

ရှင်းကျန်သည် နောက်သို့ တဖြည်းဖြည်းဆုတ်ခွာသွားခဲ့သော်လည်း ရှင်းကျုနှင့် ရှင်းတန် တို့က သူ၏ထွက်ပေါက်များကို ပိတ်ဆို့ထားလိုက်ကြ၏။ သူတို့၏မျက်နှာများသည် တင်းမာခက်ထန် စွာရှိနေကြလေသည်။

ရှင်းဟူ-“တန့်အီး... ရှောင်လင်ကျောင်းတော်က မင်းကို ကောင်းမွန်စွာပဲ စောင့်ရှောက် ထားခဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုမျိုး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ရတာလဲ။”

တန့်အီးသည် ဘုန်းကြီးမဖြစ်ခင်က ရှင်းကျန်၏ လူနာမည်ဖြစ်၏။

တန့်အီးသည် ဇောချွေးများပြန်နေခဲ့ပြီး- “ကျုပ်... ကျုပ် ကျူးလွန်ခဲ့မိပါတယ်။”

သူသည် ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး- “ဒါပေမဲ့ ကျုပ်ကို တစ်စုံတစ်ယောက်က ထိန်း ချုပ်ပြီး ခိုင်းခဲ့တာပါ။”

ရှင်းဟူသည် ကျယ်လောင်စွာ မေးလိုက်၏။ “ဘယ်သူလဲ...”

ပိုင်ရှောင်ရှန်းသည် ရုတ်ချည်းပင် ဖြတ်၍ပြောလိုက်၏။ “ဘယ်သူလဲဆိုတာ ကျုပ်သိတယ် လို့ထင်တယ်။”

ရှင်းဟူ-“ကျေးဇူးပြုပြီး ပြောပြပါလား။”

ပိုင်ရှောင်ရှန်း-“သူပဲ...”

လူတိုင်းပင် ပိုင်ရှောင်ရှန်း လက်ညှိုးထိုးပြလိုက်ရာသို့ ဦးခေါင်းများကို လှည့်ပြီးကြည့်လိုက် ကြ၏။ သို့သော် ဘယ်သူမှ ရှိမနေပါ။

သူတို့ ပြန်လှည့်လာသောအချိန်တွင်မူ ရှင်းဟူ၏ အမူအရာများက ထူးဆန်းစွာ ပြောင်းလဲ နေ၏။

ပိုင်ရှောင်ရှန်း၏ လက်ချောင်းများက ရှင်းဟူ၏နောက်ကျောဘက်ရှိ ပင်မသွေးကြောကြီး ၄ခု ကို ချုပ်ကိုင်ထားပြီးဖြစ်နေ၏။

ရှင်းရှုသည် ဒေါသထွက်စွာဖြင့်- “မင်းကိုး...”

ပိုင်ရှောင်ရှန်း-“ကျုပ်က စာအုပ်လေးတွေ ငှားဖတ်ချင်ယုံသက်သက်ပါ။ ခင်ဗျားတို့ ဘုန်း ကြီးတွေ တော်တော့်ကို ကပ်စေးနဲကြပါလား။”

ရှင်းဟူ-“ကျုပ်တို့တွေ မိတ်ဆွေတွေအဖြစ်နဲ့ ခင်မင်ခဲ့ကြတာ ၁၀ နှစ်ကျော်ကြာခဲ့ပါပြီ။ ခင်ဗျားကျုပ်ကို ဒီလိုမျိုးလုပ်ခဲ့လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။”

ပိုင်ရှောင်ရှန်းသည် သက်ပြင်းချလိုက်ပြီး- “ကျုပ်ကလည်း မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ တန့်အီးက သူနဲ့အတူကျုပ်ကိုပါ ဆွဲခေါ်သွားတော့မှာမို့ ဒီလိုမျိုးလုပ်ခဲ့ရတာပါ။”

တန့်အီးသည် ချက်ချင်းပင် ခုန်ထလိုက်ပြီး ‘ယိကျင်ကျင်း’စာအုပ်ကို ကောက်ယူလိုက်၏။ ထို့နောက် ရယ်မောလိုက်ပြီး- “မှန်တယ်။ ခင်ဗျားတို့ ကျုပ်တို့ကို တောင်အောက်ရောက်သည်အထိ လိုက်ပို့ကြရလိမ့်မယ်။ ရှောင်လင်ကျောင်းတော်ကြီးရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးကို အသက်ရှင်လျက် မြင်ချင်ကြသေးတယ်ဆိုရင်တော့ ခင်ဗျားတို့ ဘာမှမလှုပ်ရှားပါနဲ့လို့ ကျုပ်သတိပေးလိုက်ပါရစေ။”

ရှင်းရှုသည် တဆတ်ဆတ်တုန်နေအောင် ဒေါသထွက်နေသော်လည်း သူဘာမှ မတတ်နိုင် တော့ချေ။

ရှင်းဟူ-“မင်းတို့တွေ ရှောင်လင်ကျောင်းတော်ကြီးကို တန်ဖိုးထားတတ်မယ်ဆိုရင် ကျုပ်ရဲ့ အသက်ကို လုံးဝဂရုစိုက်စရာမလိုဘူး။ ဒီသူခိုးနဲ့ သစ္စာဖောက်ကို ခုချက်ချင်း ဖမ်းလိုက်ကြစမ်း...”

ပိုင်ရှောင်ရှန်း-“ခင်ဗျားဘာပြောပြော အရာထင်မှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့အသက်နဲ့ သူတို့ လောင်းကစားလုပ်ကြမှာ မဟုတ်ဘူး။ ရှောင်လင်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ကိုယ်တော်ကြီးရဲ့ အသက်က သူတို့အတွက် သိပ်ကိုအရေးပါတယ်။”

ထိုစကားပြီးဆုံးခါနီးတွင် သူ၏မျက်နှာမှ အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရ၏။

ဓားပျံတစ်လက်၏ ရောင်စဉ်များ လင်းလက်သွားခဲ့လေပြီ...

ရှောင်းလီဓားပျံသည် ပျံထွက်ခဲ့ချေပြီ...

ဓားပျံသည် သူ၏လည်ပင်း၌ တည့်မတ်စွာ စိုက်ဝင်နေ၏။

ပိုင်ရှောင်ရှန်းသည် ရှင်းဟူကို ဒိုင်းသဖွယ် ကာကွယ်ထားခဲ့၏။ သူ၏လည်ပင်းသည် ရှင်းဟူ ၏လည်ပင်းနောက်နား၌ ကပ်၍ရှိနေခဲ့၏။ သူသည် စကားပြောဆိုနေစဉ်၌ ခေါင်းကို နည်းနည်းလေးသာ စောင်းငဲ့မိခဲ့ပြီး သူ၏လည်ပင်းသည် အပြင်ဘက်သို့ အနည်းငယ်သာ ပေါ်ထွက်နေခဲ့သော်လည်း ရှင်းဟူ ၏လည်ပင်းနောက်သို့ အချိန်မရွေး ပြန်လည် ကာကွယ်ထားနိုင်လေ၏။

ထိုအချိန်မျိုး၌ မည်သူမှ မလှုပ်ရှားဝံ့ကြပါ။

သို့သော် ဓားပျံသည် လင်းလက်တောက်ပစွာ ပျံထွက်သွားခဲ့လေသည်။ အလင်း၏မြန်နှုန်း ထက်ပင် ပို၍မြန်နေသေး၏။ ဓားပျံသည် သူ၏လည်မျိုသို့ စိုက်ဝင်နေခဲ့လေပြီ။

ရှင်းရှု၊ ရှင်းကျုနှင့် ရှင်းတန်တို့အားလုံးသည် ရှင်းဟူကိုယ်တော်ရှိရာသို့ လျင်မြန်စွာ ပြေးသွားခဲ့ပြီး ရှင်းဟူကိုယ်တော်ကို ကာကွယ်ထားကြလေတော့သည်။

ပိုင်ရှောင်ရှန်း၏ မျက်နှာတွင် မုန်းတီးမှုများ ပြည့်နှက်နေပြီး လီဆွန်းဟွာကို စိုက်၍ကြည့်နေ ၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လှုပ်ခါနေပြီး မယုံကြည်နိုင်မှုများစွာဖြင့် တုန်လှုပ်နေလေသည်။

သူ၏ပါးစပ်မှ တစ်စုံတရာကို အားတင်းပြီး ပြောရန်ကြိုးစားနေသော်လည်း ဗလုံးဗထွေးဖြင့် မပီမသဖြစ်နေရလေသည်။ သို့သော် လူတိုင်းပင် သူဘာပြောချင်နေမှန်းကို ခန့်မှန်းမိလိုက်ကြ၏။ “ကျုပ်မှားသွားခဲ့တယ်... ကျုပ်မှားသွားခဲ့တယ်...”

မှန်ပါသည်။ ပိုင်ရှောင်ရှန်းသည် အားလုံးကိုသိ၏။ အားလုံးကို မြင်ရ၏။ သို့သော် သူသည် တစ်ချက်ကလေးပဲ အတွက်အချက် မှားယွင်းခဲ့ရ၏။

ရှောင်းလီ၏ဓားပျံသည် သူထင်ထားခဲ့သည်ထက် အတိုင်းအဆမရှိ ပို၍မြန်ဆန်လေသည်။

ပိုင်ရှောင်ရှန်းသည် လဲကျသွားခဲ့၏။

လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “ပိုင်ရှောင်ရှန်းဟာ ‘လက်နက်စာရင်းစာအုပ်’ကို ပြုစုခဲ့တယ်။ သိုင်းလောကထိပ်တန်းလက်နက်တွေရဲ့ စာရင်းကို သူဟာ အပင်ပန်းခံပြီး ပြုစုခဲ့ရတယ်။ ကံမကောင်းလှစွာပဲ သူပြုစုခဲ့တဲ့ လက်နက်စာရင်းထဲက လက်နက်ကြောင့်ပဲ သူသေခဲ့ရပြီ။”

ရှင်းဟူသည် အကြိမ်ပေါင်းများစွာပင် လီဆွန်းဟွာကို ဦးညွှတ်ခဲ့ပြီး- “ကျုပ်လည်းမှားသွားခဲ့ တယ်။”

သူ၏အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး- “ဟို သစ္စာဖောက်ကောင် ဘယ် ရောက်သွားခဲ့တာလဲ...”

+++++

တန့်အီးသည် ရှုပ်ထွေးနေသော အခြေနေကို အသုံးချပြီး ထွက်ပြေးသွားခဲ့၏။

သူလိုလူစားမျိုးသည် အခွင့်အရေးကို ဘယ်တော့မှ အဆုံးရှုံးခံမည်မဟုတ်ပါ။ အချိန်တိုလေး အတွင်းမှာပင် ဥယျာဉ်တန်းကို သူဖြတ်ကျော်လာနိုင်ခဲ့၏။

အခြားသော ရှောင်လင်ကျောင်းသားများသည် မည်သို့ဖြစ်ပျက်ခဲ့မှန်းမသိခဲ့ကြ၍ သူ့ကို တားဆီးမည့်သူ တစ်ယောက်မှမရှိခဲ့ချေ။

တောအုပ်လေးတွင်းသို့ သူရောက်မည့်ဆဲဆဲတွင် အားဖေသည် တဖြည်းဖြည်း အားယူပြီး ထရပ်ရန် ကြိုးစားနေ၏။

ပိုင်ရှောင်ရှန်းက သူ၏သွေးကြောများကို သေချာစွာ ပိတ်ထားခဲ့သော်လည်း အချိန်တစ်ခုသို့ ရောက်လာသော် သူသည် အနည်းငယ်မျှ လှုပ်ရှားလာနိုင်ခဲ့၏။

တန့်အီးသည် အားဖေကို တွေ့မြင်လိုက်သောအခါ မုန်းတီးစိတ်များ တဖွားဖွား ပေါ်ပေါက် လာခဲ့ရ၏။ သူ၏ ဒေါသများနှင့် အဆင်မပြေမှုအားလုံးကို အားဖေပေါ်သို့ လွှဲချလိုက်၏။

ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခံထားခဲ့ရသော အားဖေသည် ဤအချိန်၌ မည်သို့ ခုခံကာ ကွယ်နိုင်ပါမည်နည်း။

အားဖေကို သတ်ရန်အတွက် အချိန်သိပ်ကုန်စရာမလိုဟု သူတွေးလိုက်၏။

ထို့ကြောင့် ဘာစကားမှပင်မပြောတော့ပဲ အားဖေထံသို့ တန့်အီးသည် တဟုန်ထိုး တိုက် ခိုက်လိုက်၏။ ရှောင်လင်လက်သီးသိုင်းသည် သိုင်းလောကတွင် ကျော်ကြားလှ၏။ ထို့ပြင် တန့်အီး သည် ရှောင်လင်ကျောင်းတော်တွင် ပညာသင်လေ့ကျင့်ခဲ့သည်မှာ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် အတွက် သူ၏တိုက်ခိုက်မှုက ပြင်းထန်ထိရောက်လှ၏။

လက်သီးထိုးချက်များက အင်အားကုန် အဟုန်ပြင်းထန်နေ၏။ ထိုလက်သီးချက်များသည် အားဖေကို တုန်းကနဲ လဲကျသွားစေနိုင်သည်။ အားဖေကို သတ်ပြီးချိန်၌ပင် သူ့မှာ လွတ်မြောက်နိုင်ရန် အချိန်များစွာ ကျန်နေသေးသည်ဟု တန့်အီးတစ်ယောက် တွေးထင်ထားခဲ့လေသည်။

မျက်စိတစ်မှိတ်အချိန်လေးအတွင်းမှာပင် အားဖေသည် သူ၏လက်တစ်ဘက်ကို မြှောက်လိုက် လေသည်။

သူသည် နောက်ကျမှ လှုပ်ရှားခဲ့သော်လည်း အရင်ဆုံးတိုက်ခိုက်လိုက်သူ ဖြစ်နေ၏။

တန့်အီးသည် သူ၏လည်ပင်း၌ အေးစက်သော အထိအတွေ့ကို ထူးဆန်းစွာ ခံစားလိုက်ရ ၏။ အေးစက်နေရာမှ နာကျင်လာ၏။ သူ၏အသက်ရှူမှုများ တဖြည်းဖြည်း တင်းကြပ်လာ၏။

သူ၏မျက်နှာ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ ထိုလူငယ်လေးသည် လွန်စွာမှပင် လျင် မြန်ကြောင်း သူသိထားခဲ့၏။ သို့သော် ထိုလူငယ်လေးသည် မည်သည့်လက်နက်ကို အသုံးပြုပြီး သူ့ကို တိုက်ခိုက်ခဲ့သနည်း။

သူသိနိုင်တော့မည်မဟုတ်ပါ။

တန့်အီးသည် လဲကျသွားခဲ့၏။

အားဖေသည် ထရပ်လိုက်ပြီး လေကိုတဝကြီး ရªသွင်းလိုက်၏။

ရှင်းဟူအပါအဝင် လူအားလုံးပင် ဤနေရာသို့ ရောက်ရှိလာကြ၏။ သူတို့အားလုံးပင် ပါး စပ်ဟောင်းလောင်းဖြင့် အံ့ဩနေကြသည်။ အားဖေ၏ အခြေအနေမျိုးဖြင့် တန့်အီးကို မည်သို့ သတ် ခဲ့နိုင်ပါသနည်း။

တန့်အီး၏ လည်မျိုတွင် ရေခဲချောင်းတစ်ခု စိုက်ဝင်နေလေသည်။

ရေခဲချောင်းသည် အရည်ပျော်စပင် ပြုနေ၏။

ထိုလူငယ်လေးသည် ရှောင်လင်ကျောင်းတော်၏ ထိပ်သီးသိုင်းသမားတစ်ယောက်ကို သတ် ရန် ရေခဲချောင်းတစ်ခုကိုသာ အသုံးပြုခဲ့လေသည်...

ရှင်းဟူ၏မျက်နှာသည် ဖြူစွတ်နေပြီး ဘာပြောရမည်မှန်းမသိ ဖြစ်နေ၏။

အားဖေသည် သူတို့ကို လှည့်၍ပင် မကြည့်တော့ဘဲ လီဆွန်းဟွာရှိရာသို့ လျှောက်သွား လိုက်၏။ ထို့နောက် လီဆွန်းဟွာကို ပြုံးပြလိုက်လေသည်။

လီဆွန်းဟွာသည်လည်း ပြုံးနေ၏။

ရှင်းဟူထံမှ ချိနည့်သော စကားသံ ထွက်ပေါ်လာ၏။ “မင်းတို့နှစ်ယောက် ကျုပ်ရဲ့အဆောင် ကို လိုက်ခဲ့ပြီးအနားယူ...”

အားဖေသည် သူ့ကိုဖြတ်ပြောလိုက်၏။ “လီဆွန်းဟွာက ပန်းဘီလူးလား။”

ရှင်းဟူ-“မဟုတ်ပါဘူး။”

“ကျုပ်ကကော... ပန်းဘီလူးလား။”

“မဟုတ်ပါဘူး။”

အားဖေ-“ကျုပ်တို့နှစ်ယောက်လုံး မဟုတ်ဘူးဆိုရင် ကျုပ်တို့သွားလို့ရပြီ မဟုတ်လား။”

ရှင်းဟူသည် အားတင်း၍ ပြုံးပြလိုက်၏။ “မှန်ပါတယ်။ ဒါပေမဲ့ မင်းတို့တွေ အနားယူသင့် တယ်လို့ ကျုပ်ထင်ပါတယ်။”

အားဖေသည် သူ့ကို ထပ်၍ဖြတ်ပြောလိုက်ပြန်၏။ “စိတ်ပူစရာမလိုပါဘူး။ ကျုပ်ဒီကနေ လမ်းလျှောက်ပြီး ထွက်မသွားနိုင်ဦးတောင်မှ လေးဘက်ထောက်ပြီးထွက်သွားရမယ်ဆိုလည်း ကျုပ် လေး ဘက်ထောက်ပြီး ထွက်သွားမယ်။”

ရှင်းကျုနှင့်ရှင်းတန်တို့နှစ်ယောက်သည် သူတို့၏ခေါင်းများကို ငုံ့ထားလိုက်ကြ၏။ ရာစု နှစ်ပေါင်းများစွာအတွင်း မည်သူမျှ ရှောင်လင်ဂိုဏ်းချုပ်ကြီးတစ်ယောက်ကို ဤသို့မလေးမစား မဆက်ဆံ ခဲ့ကြဖူးချေ။ သို့သော် သူတို့သည် ဤဖြစ်ရပ်ကို မျိုချထားလိုက်ရုံမှတပါး ဘာများတတ်နိုင်ကြပါဦး မည်နည်း။

အားဖေသည် လီဆွန်းဟွာကို ပခုံးဖက်ပြီး ရှောင်လင်ကျောင်းတော်မှ ထွက်ခွာသွားလိုက်၏။

လီဆွန်းဟွာသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး- “ဒီနေ့ ကျုပ်တို့ခွဲခွာသွားရတော့မယ်။ နောင်များမှ ပြန်လည်ဆုံတွေ့ခဲ့မယ်ဆိုရင် ကျုပ်တို့ရဲ့ မလေးစားမှုကို ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ထင်ပါ တယ်။”

ရှင်းရှု-“ကျုပ် မင်းတို့ကို လိုက်ပို့မယ်။”

လီဆွန်းဟွာ-“လိုက်ပါစောင့်ရှောက်မှုမျိုးမဟုတ်တဲ့ လိုက်ပို့ခြင်း။ လိုက်ပို့ခြင်းမဟုတ်တဲ့ လိုက်ပါစောင့်ရှောက်ခြင်း။ ဘာဖြစ်လို့ လိုက်ပို့ဖို့အရေးကို ကိုယ်တော်က ခွဲခြားနေရတာလဲ။”

သူတို့ မျက်စေ့အောက်မှ ပျောက်ကွယ်သွားကြသောအခါ ရှင်းဟူသည် သက်ပြင်းရှည် ကြီးတစ်ချက်ချလိုက်၏။ သူသည် ဘာမျှမပြောခဲ့သော်လည်း သူ၏တိတ်ဆိတ်နေမှုက စကားလုံးများဖြင့် ဖော်ပြခြင်းထက်ပင် ပို၍ နာကျင်ခံစားနေရကြောင်းကို ပြသနေလေသည်။

ရှင်းကျုသည် ရုတ်တရက်ပင် ပြောဆိုလိုက်၏။ “လီဆွန်းဟွာကို ဂိုဏ်းချုပ်အစ်ကိုတော် ပေး မသွားခဲ့သင့်ဘူး။”

ရှင်းဟူ-“ဘာဖြစ်လို့လဲ...”

“လီဆွန်းဟွာဟာ ကျနော်တို့ရဲ့ ကျမ်းစာအုပ်တွေကို မခိုးယူခဲ့ဘူး၊ နောက်ပြီး ဒုတိယဂိုဏ်း တူအစ်ကိုတော်ကိုလည်း မသတ်ခဲ့ဘူး။ ဒါပေမဲ့ သူဟာ ပန်းဘီလူးမဖြစ်နိုင်ဘူးလို့လဲ ကျနော်တို့မပြောနိုင် ဘူး။”

ရှင်းဟူ-“ဒါဆိုရင် သူမဟုတ်ကြောင်းကို သူဘယ်လို သက်သေပြမှာလဲ။”

ရှင်းကျု-“သူကိုယ်တိုင် ပန်းဘီလူးအစစ်ကို ဖမ်းပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။”

ရှင်းဟူ-“သူပန်းဘီလူးကို ဖမ်းပြီး ကျုပ်တို့ရှောင်လင်ကျောင်းတော်ဆီ ခေါ်လာခဲ့မယ်ဆိုတာ ကို ကျုပ်သံသယမရှိပါဘူး။ အဲ့ဒါက အရေးမကြီးပါဘူး။ ဒါပေမဲ့... သိုင်းကျမ်းစာအုပ် ၆ အုပ်...”

+++++

သူခိုးကို ဖမ်းမိခဲ့ပြီးဖြစ်သော်လည်း ပျောက်ဆုံးနေသော ကျမ်းစာအုပ်များကိုမူ ယခုထိ ရှာမတွေ့သေးချေ။ သူခိုးသည် မည်သူ့ကို ပေးခဲ့သနည်း။

ဤနောက်ကွယ်၌ မည်သူရှိနေသနည်း။

လီဆွန်းဟွာသည် လမ်းလျှောက်ရခြင်းကို မနှစ်သက်ပါ။ အထူးသဖြင့် နှင်းတောထဲ၌ လမ်း လျှောက်ရခြင်းကို သူလုံးဝ ခံစား၍မရပါ။ သို့သော် သူ့၌ ရွေးချယ်စရာမရှိပေ။ ရေခဲတမျှ အေးစက် နေသောလေက ဓားသွားတလက်လို ဖြတ်၍တိုက်ခတ်လာ၏။ ဤနေရာမျိုး၌ မြင်းလှည်းလည်း ရှိမနေပါ။

သို့သော် အားဖေသည် လမ်းလျှောက်ရခြင်းကို ကျင့်သားရနေပြီးသားဖြစ်၏။ အခြားသူများ အတွက် လမ်းလျှောက်ရခြင်းသည် ပင်ပန်းသည်ဟုထင်ရသော်လည်း သူ့အတွက်မူ အေးအေးဆေး ဆေးပင် ရှိလှ၏။ လမ်းများများလျှောက်လေ၊ သူ့အတွက် အင်အားမြန်မြန်ပြန်ပြည့်လေဖြစ်၏။

သူတို့သည် ဖြစ်ပျက်သမျှအကြောင်းအရာများကို အသီးသီးပြန်ပြောပြနေကြ၏။ လီဆွန်း ဟွာသည် စဉ်းစားနေလိုက်ပြီး- “မင်းက ပန်းဘီလူးမဟုတ်ဘူး။ ကျုပ်ကလည်း ပန်းဘီလူးမဟုတ်ဘူး။ ဒါဖြင့် ရင် ဘယ်သူများဖြစ်နေမလဲ။”

အားဖေသည် အဝေးတစ်နေရာသို့ ငေးကြည့်နေလိုက်၏။ “သူသေသွားခဲ့ပြီ။”

လီဆွန်းဟွာ-“သူတကယ် သေသွားခဲ့တာလား။ မင်း ပန်းဘီလူးအစစ်ကို တကယ်ပဲ သတ်ခဲ့ တာလား။”

အားဖေသည် နှုတ်ဆိတ်နေလိုက်၏။

လီဆွန်းဟွာသည် ရယ်မောလိုက်ပြီး- “ပန်းဘီလူးဟာ ယောက်ျားတစ်ယောက်ဖြစ်မယ်လို့ မင်းထင်လား။”

“သူသာ ယောက်ျားတစ်ယောက်မဟုတ်ဘူးဆိုရင် ‘သူ’က ဘယ်သူလဲ။”

လီဆွန်းဟွာသည် ပြုံးလိုက်၏။ “ ‘သူ’ဟာယောက်ျားတစ်ယောက်မဟုတ်ဘူးဆိုရင် မိန်းမ တစ်ယောက်ပေါ့ကွာ...”

0 comments:

Post a Comment