Thursday, March 3, 2011

(၂၅) ဓားသည်ကရုဏာမဲ့၏၊ ဓားရှင်သည်ကားကြင်နာမှုအပြည့်ရှိလေသည်

ပန်းဘီလူးသည် မိန်းမတစ်ယောက်ဖြစ်ကြောင်း လီဆွန်းဟွာ၏ ပြောဆိုချက်ကို ကြားလိုက် ရပြီးသည့်နောက် အားဖေသည် ရယ်မောလိုက်၏။ “မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကို ဘယ်လို လုပ်ပြီး မုဒိန်းကျင့်နိုင်မှာလဲ။”

လီဆွန်းဟွာ-“ဒါကြောင့်မို့လို့ သူမ ဟာသိပ်ကို ကောက်ကျစ်တယ်လို့ ပြောနိုင်တာပေါ့။ ပန်းဘီလူးဟာ မိန်းမတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး။”

“ဒါပေမဲ့ မိန်းမတစ်ယောက်က မိန်းမတစ်ယောက်ကို မုဒိန်းကျင့်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။”

လီဆွန်းဟွာ-“တစ်နည်းတော့ရှိတယ်။”

သူသည် ချောင်းခဏဆိုးနေလိုက်သေး၏။ ပြီးမှ- “ပန်းဘီလူးဟာ တကယ်ပဲ မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မုဒိန်းကျင့်မှုအတွက် အခြားယောက်ျားတွေကို အသုံးပြုနိုင်တယ်။ နောက်အခွင့်အ ရေးသင့်တဲ့အခါမှ အဲ့ဒီယောက်ျားတွေကို ပြန်သတ်လိုက်လိမ့်မယ်။”

အားဖေ-“ခင်ဗျားသိပ်ကို အတွေးခေါင်နေပြီထင်တယ်။”



လီဆွန်းဟွာ-“မင်းပြောတာလည်း မှန်ချင်မှန်နေနိုင်တာပဲ။ ဒါပေမဲ့ တစ်ခါတရံကျတော့ အတွေး ခေါင်လွန်းတာက ဘာမှမတွေးတာထက်စာရင် ပိုပြီးကောင်းပါသေးတယ်ကွာ။”

အားဖေ-“ပန်းဘီလူးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းက ထွက်ပေါ်ခဲ့တာ ပဲ။ ခုလောက်ဆို အသက် ၅၀ ကျော်လောက်ရှိရောပေါ့။”

လီဆွန်းဟွာ-“လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က ပန်းဘီလူးက တခြားလူတစ်ယောက် ဖြစ်နေ နိုင်တယ်။ သူတို့ဟာ ဆရာ တပည့်၊ ဒါမှမဟုတ် သားအဖလည်း ဖြစ်နေနိုင်တယ်။”

အားဖေသည် နှုတ်ဆိတ်နေလိုက်၏။

လီဆွန်းဟွာသည်လည်း ဘာစကားမှ မပြောတော့ပဲ ကြာမြင့်စွာ တိတ်ဆိတ်နေလေသည်။ ထို့ နောက်- “ကျမ်းစာအုပ်တွေခိုးယူတာရဲ့ နောက်ကွယ်က ဉာဏ်ကြီးရှင်ဟာ ပိုင်ရှောင်ရှန်းတော့ မဖြစ်နိုင် ဘူး။ ဘာလို့လဲဆိုတော့ ရှင်းကျန်ကို ဒီလိုအန္တရာယ်များတဲ့အမှုကျူးလွန်အောင် သူမြှူဆွယ်နိုင်လိမ့် မယ်လို့ ကျုပ်မထင်ဘူး။”

လီဆွန်းဟွာသည် ဆက်ပြီးပြောနေလိုက်၏။ “ရှင်းကျန်ဟာ ရှောင်လင်ကျောင်းတော်ကို ရောက်မလာခင်ကတည်းက သိုင်းလောကမှာ နာမည်ရခဲ့ပြီးသားပါ။ သူသာ ပိုက်ဆံမက်မောတယ် ဆိုရင် သူ့အတွက် ငွေမရှားပါဘူး။ ဒါကြောင့်မို့လို့ ပိုက်ဆံကြောင့်တော့ မဖြစ်နိုင်ဘူး။”

“အင်း...”

“”ပိုင်ရှောင်ရှန်းရဲ့သိုင်းပညာက တော်တော်လေးကို ကောင်းပေမဲ့လည်း၊ ရှောင်လင်ကျောင်း တော်ရဲ့ ဂိုဏ်းအုပ်ဆရာတော်တစ်ပါးကို သူ့ရဲ့သိုင်းပညာနဲ့ မဆွဲဆောင်နိုင်သေးပါဘူး။”

အားဖေ-“သူ့ဆီမှာ ရှင်းကျန်ကို ခြိမ်းခြောက်နိုင်တဲ့ အချက်ရှိနေလို့လည်း ဖြစ်နိုင်တာပဲ။”

လီဆွန်းဟွာ-“ဘယ်လိုမျိုးခြိမ်းခြောက်မှုလဲ။ သူဟာ ရှောင်လင်ကျောင်းတော်ကို မရောက် ခင် တန့်အီးဘဝတုန်းက လုပ်ခဲ့သမျှတွေဟာ ရှင်းကျန်ဘဝမှာ ဘာမှအရာရောက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးဘဝကို မကူးပြောင်းခင် ဘာပဲလုပ်ခဲ့ လုပ်ခဲ့၊ ဘုန်းကြီးဘဝကို ရောက်ပြီး သွားရင် လုပ်ခဲ့သမျှတွေဟာ ဘာမှမသက်ဆိုင်တော့ဘူး။ ဒီအချက်လေးလောက်နဲ့ ပိုင်ရှောင်ရှန်းဟာ သူ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။ တန့်အီးဟာ ရှောင်လင်ကျောင်းတော်ကို ရောက်ပြီးနောက် ပိုင်းမှာလည်း ဘာအမှုမှ ကျူးလွန်ခဲ့လိမ့်မယ် မထင်ဘူး။”

“ဘာဖြစ်လို့လဲ...”

“သူသာ ဒုစရိုက်မှုတွေ ကျူးလွန်ချင်သေးရင် ဘာဖြစ်လို့ ရှောင်လင်ကျောင်းတော်မှာ ဘုန်း ကြီးလာဝတ်မှာလဲ။ နောက်ပြီး ရှောင်လင်ကျောင်းတော်ရဲ့ စည်းကမ်းကြီးတာကို လူတိုင်းသိနေတာပဲ။ အဲ့ဒီလိုမျိုး အန္တရာယ်များတဲ့ စွန့်စားမှုတွေ သူပြုလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့...”

အားဖေ-“ဒါပေမဲ့ ဘာဖြစ်လဲ...”

လီဆွန်းဟွာ-“ဒါပေမဲ့ တစ်စုံတစ်ခုကသာ သူ့ကို စိတ်လှုပ်ရှားစေနိုင်မယ်ဆိုရင်... ပိုက်ဆံနဲ့ ကျော်ကြားမှုတွေကလွဲလို့ပေါ့...”

အားဖေ-“အဲ့ဒီဟာတွေအပြင် ဘာကများ သူ့စိတ်ကို ဆွဲဆောင်နိုင်ဦးမှာလဲ။”

လီဆွန်းဟွာ-“သိပ်ကိုချောမောလှပတဲ့ မိန်းမတစ်ယောက်ပေါ့...”

အားဖေ-“ပန်းဘီလူး...”

လီဆွန်းဟွာ-“မှန်တယ်။ ရှောင်လင်ကျောင်းတော်ကို သစ္စာဖောက်စေဖို့ မိန်းမလှတစ်ယောက်ကသာ စွမ်းဆောင်နိုင်တယ်။”

အားဖေ-“ပန်းဘီလူးဟာ ဒီလောက်တောင်မှ ချောမောလှပတဲ့ မိန်းမတစ်ယောက်ဖြစ်တာ ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေနိုင်တာလဲ။”

လီဆွန်းဟွာသည် တော်တော်ကြာလေး တိတ်ဆိတ်သွားခဲ့၏။ ပြီးနောက်- “ကျုပ်မှားချင်လည်း မှားသွားနိုင်တယ်။ ကျုပ်မှားပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ...”

အားဖေသည် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ပြီး လီဆွန်းဟွာဘက်သို့လှည့်ကာ- “ခင် ဗျား တိမ်ပျံစံအိမ်တော်ကို ပြန်သွားဦးမှာလား။”

လီဆွန်းဟွာသည် နာကျင်စွာပြုံးပြလိုက်ပြီး- “ကျုပ်ဘယ်ကိုသွားရမလဲ မသိတော့ပါဘူး။”

ညသည် မှောင်လာပေပြီ။

လီဆွန်းဟွာ၏မျက်ဝန်းထဲ၌ အိမ်လေးတစ်လုံးထဲမှ ဖယောင်းတိုင် ၁ တိုင်၏မီးအလင်းရောင် လေးကို မြင်ယောင်လာလေသည်။

လီဆွန်းဟွာ၏ မျက်လုံးများက အမှောင်ထုထဲရှိ အဝေးတနေရာသို့ ငေးကြည့်နေလိုက်၏။ အချိန်အတော်ကြာသောအခါ သူ၏လက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး သူ့ပါးစပ်ကို အုပ်ထားလိုက်ကာ ချောင်းအဆက်မပြတ် ဆိုးနေမိ၏။

လက်ကိုင်ပုဝါလေးပေါ်၌ သွေးများစွန်းထင်းနေ၏။ သူသည် လက်ကိုင်ပဝါလေးကို လျင်မြန် စွာအိပ်ကပ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက်- “ကျုပ် ထပ်မသွားချင်တော့ပါဘူးကွာ။”

အားဖေ-“ဘာဖြစ်လို့လဲ...”

လီဆွန်းဟွာ-“ကျုပ်လည်းမသိဘူး။ ကျုပ်လုပ်ခဲ့သမျှ အလုပ်တော်တော်များများဟာ ဘာ ကြောင့်မှန်း ကျုပ်ကိုယ်တိုင်တောင်မသိဘူး။”

အားဖေ-“လောင်ရှောင်း၄ယွန်က ခင်ဗျားကို ဒီလောက်လုပ်ခဲ့တာတောင်မှ ခင်ဗျားက သူ့ ကိုသွားမရှာချင်ဘူးပေါ့။”

လီဆွန်းဟွာသည် ရိုးသားစွာပင် ပြုံးပြလိုက်၏။ “ဒါပေမဲ့ သူကျုပ်ကို မကောင်းကြံခဲ့တာမ ဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကလေးနဲ့ မိန်းမအတွက်လုပ်ခဲ့တာဆိုရင် လူတစ်ယောက်ကို ခွင့် လွှတ်သင့်ပါတယ်။”

အားဖေသည် လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်သည်မှာ အချိန်အကြာကြီးပင်။ ထို့ နောက်သူ၏ခေါင်းကို ငုံ့ထားလိုက်ပြီး- “ခင်ဗျားဟာ လူထူးလူဆန်းတစ်ယောက်ပဲ။ ဒါပေမဲ့ ခင်မင်မိ ပြီးသွားရင်လည်း မေ့ဖို့ခက်တဲ့လူတစ်ယောက်ပါ။”

လီဆွန်းဟွာ-“မင်း ကျုပ်ကိုမေ့လို့မဖြစ်သေးဘူးနော်။ ကျုပ်တို့တတွေ နောက်ထပ် ထပ်ပြီး ဆုံတွေ့ကြဦးမှာပါ။”

အားဖေ-“အခုကော... အခုအတွက်ကော...”

လီဆွန်းဟွာ-“အခုတော့ မင်းမှာပြီးပြတ်အောင် လုပ်စရာလေးတွေ ရှိနေသေးတယ်မဟုတ် လား။ သွားပြီး ဆောင်ရွက်လိုက်ပါဦး။”

သူသည် ထိုနေရာ၌ပင် ထိုင်နေ၏။

ကွင်းပြင်ကျယ်ထဲသို့ အေးမြသောလေက ဖြတ်တိုက်လာလေသည်။

အလွန်ဝေးကွာသောနေရာမှ ညဉ့်သန်းခေါင် တုန်းမောင်းခေါက်သံ ထွက်ပေါ်လာ၏။ ထိုအ သံသည် မြက်ခင်းပြင်ပေါ်သို့ ကျဆင်းလာသော မျက်ရည်စက်များကဲ့သို့ပင်၊ လွန်စွာမှ ဝမ်းနည်းဖွယ် ကောင်းနေလေသည်။

ကြယ်မမြင်၊ လပျောက်ည... မြူမှုန်များသာ...

လီဆွန်းဟွာသည် ရုတ်တရက်ပင် ကောက်ကာငင်ကာ ရယ်မောလိုက်၏။ “မြူနှင်းတွေ ကျ နေပြီ။ မနက်ဖြန်ဆိုရင် ရာသီဥတု ကောင်းလိမ့်မယ်။”

အားဖေ-“ဟုတ်တယ်... မနက်ဖြန် ရာသီဥတုကောင်းလိမ့်မယ်။”

ရုတ်တရက်ပင် သူ၏လည်မျိုသို့ တစ်စုံတစ်ခုထိုးစိုက်လိုက်သလို ခံစားလိုက်ရ၏။ သူ စကားမ ပြောနိုင်တော့ချေ။

+++++

သူသည် မြင့်မားသောနံရံကြီးပေါ်မှ ထိုင်၍အကဲခတ်နေလိုက်၏။ လင်ရှန်းအာ၏အခန်းသည် မီးလင်းနေပြီး ပြတင်းပေါက် စက္ကူချပ်များမှတဆင့် မိန်းမတစ်ယောက်၏အရိပ် ထွက်ပေါ်နေ၏။

အားဖေ၏နှလုံးသားသည် နာကျင်ကြေမွသွားခဲ့ရ၏။

အထဲမှအရိပ်ပိုင်ရှင်သည် စာအုပ်တစ်အုပ်ကို ဖတ်နေဟန်တူပြီး တစ်စုံတရာကို အလေးအနက် စဉ်းစားနေဟန်လည်းရှိနေ၏။

အားဖေသည် တံခါးကိုဖွင့်ဝင်လာသည်။

တံခါးကို စဖွင့်လိုက်ခြင်းခြင်းပင် သူ့တသက် မမေ့နိုင်သော မျက်နှာလေးကို တွေ့လိုက်ရ၏။ သူသည် တံခါးဝ၌ မရွေ့မလျားရပ်နေမိလေ၏။

လင်ရှန်းအာသည် လှည့်ကြည့်လိုက်သော် လွန်စွာမှပင် အံ့အားသင့်သွားရ၏။ “ရှင်ကိုး...”

အားဖေ-“ဟုတ်တယ်... ကျုပ်ပဲ...”

သူ၏စကားသံများက အက်ကွဲစွာထွက်ပေါ်လာခဲ့၏။ အဝေးတနေရာမှ သူမသိသော အသံ ဟု သူထင်သည်။

လင်ရှန်းအာသည် သူမ၏ရင်ဘတ်ပေါ်သို့ လက်ကလေး ယှက်ထားလိုက်ပြီး- “ကြည့်စမ်း... ရှင် ကျမကို တကယ်ကို ထိတ်လန့်သွားစေတာပဲ...”

အားဖေ-“ကျုပ်သေသွားပြီလို့ မင်းထင်ထားခဲ့တယ်မဟုတ်လား။ ကျုပ်ကို အခုလိုတွေ့ လိုက်ရတော့ မင်းသိပ်အံ့ဩသွားမှာပေါ့။”

လင်ရှန်းအာသည် သူမ၏မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေလိုက်ပြီး- “ရှင်ဘာတွေ ပြောနေတာလဲ။ လာ... လာ... အထဲကိုလာခဲ့... အပြင်မှာ ရှင်အအေးပတ်နေဦးမယ်။”

သူမသည် အားဖေ၏လက်ကိုဆွဲကာ အတွင်းသို့ ဆွဲခေါ်လာ၏။

အားဖေသည် သူမလက်တွင်းမှ ရုန်းထွက်လိုက်၏။

လင်ရှန်းအာသည် ချိုသာစွာဖြင့်- “ရှင်စိတ်တိုနေတာလား။ ဘယ်သူ့ကို စိတ်တိုနေတာလဲ။ ကျမ ရှင့်ကို ကူညီပါ့မယ်။”

သူမသည် အားဖေကို သိုင်းဖက်ရန် ကြိုးစားလိုက်သော်လည်း အားဖေသည် သူမကို တွန်း ထုတ်လိုက်၏။

လင်ရှန်းအာသည် ယိုင်ထွက်သွားပြီး လဲကျသွား၏။

ထို့နောက် မျက်ရည်များ ကျဆင်းလာခဲ့ပြီး- “ရှင်ကျမကို စိတ်ဆိုးနေတာလား။ ဘာဖြစ်နေ တာလဲရှင်။ ကျမ ဘာများအမှားလုပ်ခဲ့မိလို့လဲ။ ကျမကို ပြောပြပါ။ ရှင်မကျေနပ်ဘူးဆိုရင် ကျမသေရဲ ပါတယ်။”

အားဖေသည် သူ၏လက်သီးများကို တင်းကြပ်စွာဆုပ်ထားလိုက်၏။

သူအခန်းတွင်းသို့ ဝင်မလာလေးခင်တွင်ပင် လင်ရှန်းအာသည် ဗုဒ္ဓကျမ်းစာအုပ် တအုပ်ကို ဖတ်ရှုနေမှန်း သူတွေ့မြင်ခဲ့ရ၏။

ရှောင်လင်ကျောင်းတော်၏ လျှို့ဝှက်သိုင်းကျမ်း...

အားဖေသည် သူမကို တခါမှမမြင်ဘူးသော သူစိမ်းတစ်ယောက်လို စိုက်ကြည့်နေလိုက်၏။

ထို့နောက် အားဖေသည် အေးစက်စွာ မေးမြန်းလိုက်၏။ “မင်းဘာလုပ်ခဲ့တာလဲ။ ကျုပ် ဟာ နံပါတ်၃အစ်ကိုကြီးရှန်ရဲ့ အခန်းထဲကို ခြေတစ်လှမ်းဝင်လိုက်တာနဲ့ သေလူဖြစ်သွားမယ်ဆိုတာ မင်း သိနေခဲ့တယ်။”

လင်ရှန်းအာ-“ရှင်... ရှင်ဘာကို ဆိုလိုတာလဲ...”

အားဖေ-“ပိုင်ရှောင်ရှန်းနဲ့ ရှင်းကျန်တို့က မင်းကို ရှောင်လင်ကျောင်းတော်ရဲ့ သိုင်းကျမ်း စာအုပ်ကို လာပေးခဲ့တုန်းက နံပါတ်၃အစ်ကိုကြီးရှန်ရဲ့ အခန်းထဲမှာ ကျုပ်ကို ထောင်ချောက်ဆင်ပြီးဖမ်း ဖို့ မင်းအကြံပေးခဲ့တယ်။ ကျုပ်ကိုအသုံးချပြီး လီဆွန်းဟွာကို အပြင်ဘက်ထွက်လာအောင်လို့ပေါ့။”

လင်ရှန်းအာသည် နှုတ်ခမ်းပြတ်လုမတတ်ကိုက်ထားလိုက်ပြီး- “ရှင့်ကို ကျမက ဒုက္ခရောက် အောင်လုပ်ခဲ့မယ်လို့ ရှင်ထင်နေလား။”

အားဖေ-“မင်းဟာ ကျုပ်အဲ့ဒီအခန်းထဲကို အဲ့ဒီညမှာသွားမယ်ဆိုတာ သိထားတဲ့ တဦး တည်းသောလူပဲ။”

လင်ရှန်းအာသည် သူမ၏မျက်နှာကို လက်ဝါးဖြင့် အုပ်ထားလိုက်ပြီး ငိုကြွေးလိုက်ကာ- “ရှင့်ကို ကျမက ဘာဖြစ်လို့ ထောင်ချောက်ထဲကို ပို့ခဲ့ရမှာလဲ။ ဘာကြောင့်လဲ...”

“ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ ‘ပန်းဘီလူး’ဖြစ်နေလို့။”

လင်ရှန်းအာသည် တစ်စုံတစ်ယောက်မှ သူမကို ကြာပွတ်ဖြင့်ရိုက်လိုက်သလိုခံစားလိုက်ရပြီး ထခုန်လိုက်ကာ- “ကျမက ပန်းဘီလူး၊ ဟုတ်လား။ ကျမကို ပန်းဘီလူးလို့ ရှင်ကစွပ်စွဲရဲတယ်လား။”

အားဖေ-“ဟုတ်တယ်... မင်းဟာ ပန်းဘီလူးပဲ။”

လင်ရှန်းအာ-“ပန်းဘီလူးက သေသွားခဲ့ပြီပဲ။ ရှင်ပဲ...”

အားဖေသည် သူမကို ဖြတ်ပြောလိုက်၏။ “ကျုပ်သတ်ခဲ့တာက မင်းရဲ့လက်အောက်ငယ် သားတစ်ယောက်ပါ။ မင်းအဖြစ်ဟန်ဆောင်ပြီး သူများတွေကို အယောင်ပြထားတဲ့ မင်းရဲ့လူတစ်ယောက် ပါ။ လီဆွန်းဟွာရဲ့ လက်ထဲမှာ ရွှေမျှင်ကိုယ်ကျပ်အင်္ကျီ ရှိနေတာကိုသိထားတဲ့မင်းက သူ့ကိုမြှူဆွယ် လို့မရခဲ့ဘူး။ မင်းအတွက် သူဟာ အန္တရာယ်ကောင် ဖြစ်လာခဲ့တယ်။ ဒါကြောင့်မို့လို့ မင်းရဲ့အခန်းကို အဲ့ဒီညက သူ့ကိုဖိတ်ခေါ်ခဲ့သေးတယ်မဟုတ်လား။”

လင်ရှန်းအာ-“ကျမ သူနဲ့ချိန်းထားခဲ့တာမှန်ပါတယ်။ အဲ့ဒီအချိန်တုန်းက ရှင်နဲ့ကျမ သိ တောင်မသိကြသေးဘူး။”

အားဖေသည် သူမကိုအရေးစိုက်မနေတော့ပါ။ “မင်းရဲ့ကိုယ်ပွားကောင်ကို အစီအစဉ်ချပြီး မင်းကို ပြန်ပေးဆွဲစေခဲ့တယ်။ ဒါမှ လီဆွန်းဟွာက သူ့ကို သတ်လိုက်ရင် မင်းဇာတ်လမ်းဟာ တခန်း ရပ်သွားရပြီပေါ့။ လူတိုင်းက ပန်းဘီလူးသေဆုံးသွားခဲ့ပြီလို့ ထင်ကြပြီး မင်းကိုဘယ်သူမှ အာရုံစိုက်မိ တော့မှာ မဟုတ်ဘူး။”

လင်ရှန်းအာသည် ပြန်လည်၍တည်ငြိမ်လာခဲ့၏။ “ဆက်ပြောပါဦး...”

အားဖေ-“ဒါပေမဲ့ လီဆွန်းဟွာကို လင်ရှီးယင်က အချိန်ဆွဲထားခဲ့မယ်လို့ မင်းထင်မထားခဲ့ ဘူး။ နောက်ပြီး ကျုပ် ရုတ်တရက် ရောက်လာခဲ့လိမ့်မယ်လို့လဲ မင်းသိမထားနိုင်ခဲ့ဘူး။”

လင်ရှန်းအာ-“ကျမ ရှင့်ကိုကယ်တင်ခဲ့တယ်ဆိုတာလဲ မေ့မထားပါနဲ့။”

“မှန်တယ်။”

“ကျမသာ ပန်းဘီလူးဖြစ်တယ်ဆိုရင် ရှင့်ကိုဘာဖြစ်လို့ ကယ်တင်ခဲ့မှာလဲ။”

အားဖေ-“မင်းရဲ့ အစီအစဉ်တိုင်း ဘာတစ်ခုမှဖြစ်မလာခဲ့တော့ ကျုပ်ကိုအသုံးချလို့ ရသေး တယ်ဆိုပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာပဲ။ မင်းရဲ့အခန်းကို ဘယ်သူမှ လာမရှာခဲ့ကတည်းက ကျုပ် မင်းကို သံသယရှိခဲ့တာပါ။”

လင်ရှန်းအာ-“ကျမက လောင်ရှောင်း၄ယွန်တို့ အဖွဲ့နဲ့ပူးပေါင်းပြီး သူ့ကိုလုပ်ကြံခဲ့တယ်လို့ ရှင်ထင်နေတယ်ပေါ့။”

အားဖေ-“မင်းမှာ ဘာအကြံအစည်တွေရှိနေခဲ့လဲဆိုတာ သူတို့တွေ ဘယ်သိနိုင်ခဲ့မှာလဲ။ မင်းက သူတို့ကို ကောင်းကောင်းကြီး အသုံးချခဲ့တာကိုး။ နောက်ပြီး လောင်ရှောင်း၄ယွန်ကလည်း လီဆွန်း ဟွာကို အသည်းထဲက မုန်းတီးနေတော့ မင်းရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့တာပေါ့။”

လင်ရှန်းအာ-“ရှင့်ကို ဒီအကြောင်းတွေ လီဆွန်းဟွာက ပြောပြခဲ့တာလား။”

အားဖေ-“မင်းရဲ့ ပန်းဘီလူးအယောင်ဆောင် ယောက်ျားတွေလို ယောက်ျားတိုင်းဟာ ငတုံး ငထုံတွေလို့ မင်းထင်နေလား။ လီဆွန်းဟွာက မင်းရဲ့မြှူဆွယ်မှုတွေအောက်ကို မကျရောက်ခဲ့တော့ သူ့ ကို ပြန်မလာနိုင်မဲ့လမ်းကို ထပ်ပြီး ချောက်တွန်းခဲ့တယ်မဟုတ်လား။”

အားဖေ၏စကားသံများက တုန်ခါလာခဲ့ကြ၏။ သူသည် ဆက်ပြီးပြောနေလိုက်၏။ “မင်းဟာ ကောက်ကျစ်ယုတ်မာမှုမှာ စံတင်ထားရရုံတင်မကသေးဘူး။ တော်တော်လည်း လောဘကြီးတာပဲ။ ရှောင် လင်ကျောင်းတော်ရဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကိုတောင်မှ ခိုးယူခဲ့သေးတယ်။ မင်း... မင်း...”

လင်ရှန်းအာသည် သက်ပြင်းချလိုက်၏။ “ကျမ ရှင့်ကို ကောက်ချက်ချမှားခဲ့တယ်။”

အားဖေ-“ဒါပေမဲ့ ကျုပ်ကတော့ မင်းကို ကောက်ချက်ချမမှားပါဘူး။”

လင်ရှန်းအာ-“ဒီစာအုပ်တွေကို တန့်အီးနဲ့ ပိုင်ရှောင်ရှန်းတို့နှစ်ယောက်ဆီက ကျမရခဲ့တာ မဟုတ်ဘူးလို့ ပြောရင် ရှင်ယုံမှာမဟုတ်ဘူး။ ဟုတ်ရဲ့လား။”

အားဖေ-“မင်းဘာပဲပြောပြော ကျုပ်ဘာမှ မယုံကြည်တော့ဘူး။”

လင်ရှန်းအာသည် စတင်၍ ရယ်မောနေလိုက်၏။ “ကျမရှင့်ကို နားလည်သွားပြီ။ ရှင့်နှလုံး သားကို နားလည်သွားပြီ။”

သူမသည် စကားပြောနေရင်း အားဖေဆီသို့ တလှမ်းချင်းလျှောက်လှမ်းသွား၏။ သူမ၏ခြေ လှမ်းများက တည်ငြိမ်နေလေသည်။

လေတိုက်ခတ်လာမှုကြောင့် ဖယောင်းတိုင်မီးသည် ယိမ်းယိုင်နေလေသည်။

ဖယောင်းတိုင်မီးအရောင်က သူမ၏မျက်နှာသို့ ကျရောက်နေ၏။ သူမ၏ပါးပြင်ပေါ်၌ မျက် ရည်စက်များဖြင့် စိုရွှဲနေ၏။ သူမသည် အားဖေကို စိုက်ကြည့်နေလိုက်ပြီး- “ရှင်ဒီကိုလာခဲ့တာ ကျမကို သတ်ဖို့မဟုတ်လား။”

အားဖေသည် နှုတ်ဆိတ်နေလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

သူမသည် သူမ၏နှလုံးသားနေရာကို လက်ညှိုးထိုးပြလိုက်ပြီး- “ရှင့်လက်ထဲမှာ ဓားရှိနေတာ ပဲ။ ဘာဖြစ်လို့ ကျမကို မသတ်သေးတာလဲ။ ကျမရဲ့ နှလုံးသားတည့်တည့်ကို ထိုးသတ်လိုက်စမ်းပါ။”

အားဖေ၏လက်က သူ၏ဓားရိုးကို ဆုပ်ကိုင်ထားလိုက်၏။

လင်ရှန်းအာသည် သူ့ထံသို့ တိုးဝင်သွားလိုက်ပြီး- “သတ်လိုက်ပါ။ ရှင့်ရဲ့လက်ထဲမှာ သေရ တာပဲ။ ကျမ သေပျော်ပါတယ်ရှင်...”

အားဖေသည် သူမကိုမကြည့်ရဲပါ။ သူ၏ဓားကိုသာ စိုက်ကြည့်နေလိုက်၏။

သူမ၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုများကို ဖော်ပြနေ၏။ နွေးထွေးသော၊ ကြင်နာသော၊ ချစ်ရည်ရွှမ်းလဲ့သော၊ မုန်းတီးသောအကြည့်များ... ယောက်ျားတစ်ယောက်ကို သူမ၏မျက်လုံး အကြည့် များက အရာအားလုံးထက် ပို၍ဆွဲခါနိုင်စွမ်းရှိလေသည်။

သူမ၏ မျက်ဝန်းထောင့်မှ တောက်ပသော အကြည့်တစ်ခု ထွက်ပေါ်လာခဲ့၏။ “ဒီလောကကြီး မှာ ရှင်ဟာ ကျမရဲ့အချစ်ဆုံး ချစ်သူပဲ။ ကျမပြောတာကို ရှင်မယုံဘူးဆိုရင်လည်း ကျမသေရုံကလွဲလို့ ဘာမှ ပြောစရာမရှိတော့ဘူး။”

အားဖေသည် သူ၏ဓားရိုးကို တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် သူ၏လက်ချောင်းထိပ်များ ပင် နာကျင်လာခဲ့၏။

လင်ရှန်းအာသည် ဆက်ပြောနေလိုက်၏။ “ကျမဟာ ပန်းဘီလူးလို့ရှင်ထင်ထားရင်၊ ကျမ ဟာ ရွံရှာစက်ဆုတ်ဖွယ်ကောင်းတဲ့ မိန်းမလို့ ရှင်ထင်ထားရင် ကျမကို သတ်သာသွားလိုက်ပါတော့။ ကျမ... ကျမ ရှင့်ကိုအပြစ်မပြောပါဘူး။”

အားဖေ၏လက်များက တုန်ခါလာခဲ့ကြ၏။

ကရုဏာမဲ့ဓား...

ဓားတစ်လက်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ကရုဏာမဲ့နိုင်၏။

ဓားရှင်သည်ကော...

ဓားရှင်ထံတွင်ကော ခံစားမှု မရှိနိုင်တော့ဘူးလား...

ဖယောင်းတိုင်မီး ငြိမ်းသွား၏။

လင်ရှန်းအာ၏ အလှတရားက အမှောင်ထဲ၌ပင် ပို၍လင်းလက်လာ၏။

သူမသည် စကားပြောဆိုခြင်းမရှိတော့ပါ။ သူမ၏တိုးညှင်းသော အသက်ရªသံများက စကား လုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူတစ်ယောက်၏ နှလုံးဘဝင်ကို ကိုင်ဆွဲလိုက်သလိုပင်။

‘အချစ်’ထက်ပိုပြီး အင်အားကြီးမားသည့်အရာ ဤလောက၌ ရှိပါသေး၏လော...

ဤမိန်းမကိုကြည့်နေလိုက်ပြီးသောအခါ...

သူ့ဘဝတွင် တခါမှမခံစားခဲ့ဖူးသော ပြင်းထန်စွာစိတ်လှုပ်ရှားမှုများ၊ စိတ်လွန်ဆွဲနေမှုများကို ခံစားမိလိုက်သောအခါ...

ပိန်းပိတ်အောင် မှောင်မည်းနေသော အမှောင်ထုကြီးထဲကို ကြည့်လိုက်သောအခါ...

အားဖေ မည်ကဲ့သို့  သူမကို သတ်ရက်ပါမည်နည်း...

ဓားသည် ကရုဏာမဲ့၏။

သို့သော် ဓားရှင်သည် အကြင်နာတရား ကြီးမားလွန်းလှလေသည်တကား...

0 comments:

Post a Comment