သစ်ရွက်များ ကြွေကျနေ၏။
လမ်း၏အဆုံးဘက်တွင် စံအိမ်ကြီးတစ်အိမ်တည်ရှိနေပြီး ရွက်ကြွေများကဲ့သို့ပင် ကြွေကျနေ တော့မယောင်...
ခြံရှေ့တံခါးမကြီးက မဖွင့်တာကြာပြီဖြစ်သဖြင့် သံချေးများတက်နေ၏။
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ပုရစ်ကောင်များ၏ တွန်သံများကိုသာ ရံဖန်ရံခါ ကြားနေ ကြရ၏။
အတိတ်က ဤလိုမျိုးတိတ်ဆိတ်နေခဲ့ပါသလား၊ မဟုတ်ပါ။ ဧကရာဇ်၏ စာမေးပွဲအောင် မြင်ခဲ့သူ ၇ ယောက်နှင့် တွမ့်ဟွာ ၃ ယောက် ဤနေရာ၌ အရင်က နေထိုင်ခဲ့ပါသည်။ ထိုအထဲမှ တစ်ယောက် သည် မျက်မှောက်ခေတ် သိုင်းလောက၏ သူရဲကောင်းတစ်ယောက်ပင်မဟုတ်ပါလား။
သို့ရာတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က ဤစံအိမ်၏အရှင်သခင် ပြောင်းလဲခဲ့လေသည်။ ပြီးခဲ့သော ၂ နှစ်ကျော်က ဤနေရာ၌ ရင်သပ်ရှုမောဖွယ်ရာအဖြစ်များ ဖြစ်ပွားခဲ့ပြီး သိုင်းလောက၏ ထိပ်သီးသိုင်းသမားများ ပျောက်ကွယ်ခဲ့ရသည်မဟုတ်ပါလော။
ထိုအဖြစ်အပျက်များ ဖြစ်ပွားခဲ့အပြီး၌ စံအိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
လူအများသည် ဤစံအိမ်ကြီး၏ ရာဇဝင်ကို စူးစမ်းလေ့လာနေကြ၏။ အချို့သောသူများက ဤစံအိမ်ကြီး၌ မကောင်းဆိုးဝါးများ ခိုအောင်းနေသည်ဟု ယူဆနေကြ၏။
ယခုတော့ ရယ်မောသံများ တိတ်ဆိတ်သွားခဲ့ချေပြီ။ ညခင်း၏ မီးအိမ်အလင်းရောင်များလည်း ဆိတ်သုဉ်းခဲ့ချေပြီ။ ဖယောင်းတိုင်မီးအလင်းရောင်လေးတစ်ခုသာ အိမ်အနောက်ဘက်၌ ခပ်မှိန်မှိန် လင်း လက်နေ၏။
လူတစ်ယောက်သည် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိ၏။ မည်သူ့ကို သူမ စောင့် မျှော်နေ ပါသနည်း။
မည်သို့ပင် ညစ်စုတ်စေကာမူ အချို့သောသူများက ဤနေရာ၌ နေထိုင်လျက်ပင် ရှိသေး၏။
အဘယ်ကြောင့်ဆိုသော် ထိုသူများသည် အခြားမည်သည့်နေရာကိုမှ သွားရောက်နေထိုင်ရန် အကြောင်းမတိုက်ဆိုင်၍ဖြစ်ရမည်။ ဒါမှမဟုတ် လူတောသူတောထဲသို့ မတိုးဝံ့သောကြောင့် အမှောင် ထဲ၌ပင် ပုန်းအောင်းနေထိုင်ကြပြီး အခြားသူများ၏ မေ့ပျောက်မှုကို ခံယူလိုသူများသာဖြစ်ရပေမည်။
လမ်းလေး၏ ဘေးတဘက်တွင် အရက်နှင့် အစားအသောက်ရောင်းသော ဆိုင်လေးတဆိုင် ရှိနေပြီး အနောက်ဘက်တွင် ခပ်ညံ့ညံ့ တည်းခိုဆောင်များ ထားရှိထား၏။ ပိုင်ရှင် ခါးကုန်းစွန်း သည် မသန်မစွမ်းသူတစ်ယောက်ဖြစ်၏။ ဤလမ်းလေးပေါ်၌ စီးပွားရေးကောင်းမည်မဟုတ် မှန်းသိနေသော်လည်း သူ့ဆိုင်ကို ရွှေ့ပြောင်းရန် မည်သည့်အခါမျှ စိတ်ကူးမရှိချေ။ သူသည် အေးချမ်းသောဘဝလေးကို လိုလား၏။ အခြားသူများ၏ ရယ်မောပျော်ရွှင်နေသောဘဝများကို သူ အားမကျပါ။ အဘယ်ကြောင့် ဆိုသော် ပျော်ရွှင်မှုဆိုသည်မှာ ငွေဖြင့်ဝယ်ယူ၍မရနိုင်မှန်း သူသိထား၏။
မှန်ပါသည်...
သူသည် အထီးကျန်ဆန်သူတစ်ယောက်သာဖြစ်၏။
လွန်ခဲ့သော ၁ နှစ်ခန့်က လူထူးလူဆန်းတစ်ယောက် သူ၏ဆိုင်သို့ ရောက်လာခဲ့၏။ တကယ်တမ်း ပြောရလျှင် ထိုသူသည် ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားခြင်းမရှိသလို ထူးဆန်းသော ရုပ်ရည်သွင်ပြင်လည်းရှိမနေပါ။ အရပ်ခပ်မြင့်မြင့်၊ ညစ်သိုးသိုး အသွင်အပြင်ရှိနေပြီး ထိုသူ၏ ကျန်းမာရေး သည် ယိုင်နဲ့နဲ့ဖြင့် ချောင်းလည်း ခဏခဏဆိုးနေ၏။ ထိုသူသည် သာမန်လူတစ်ဦးသာဖြစ်၏။
သို့သော် ခါကုန်းစွန်းသည် ထိုသူအား ထူးခြားသူတစ်ယောက်ဖြစ်နေမှန်း သိရှိခဲ့ရ၏။
ထိုသူသည် ခါးကုန်းစွန်း၏ ခါးကုန်းနေမှုအပေါ် နှိမ့်ချခြင်းမရှိသကဲ့သို့ ဂရုပြုအလေးထားခြင်းလည်း မရှိပါ။ အထူးသဖြင့် သနားကြင်နာမှုကို လုံးဝပြသခြင်းမရှိချေ။
အရက်ကိုလည်း ကောင်းသည် ဆိုးသည် ဂျီးမများပါ။ သူသည် စကားနည်းသူတစ်ယောက်သာ ဖြစ် လေသည်။
အထူးဆန်းဆုံးအချက်မှာ ဤဆိုင်လေးသို့ ထိုသူရောက်လာပြီးသည့်နေ့မှစ၍ အပြင်သို့ ထွက်သွားခြင်း လုံးဝမရှိတော့ချေ။
ပထမဆုံးအကြိမ် ဆိုင်ထဲသို့ သူဝင်လာကာစက ဆိုင်၏ထောင့်အကျဆုံးနေရာတွင် ထိုင်ခဲ့ပြီး တို့ဟူးခြောက်အချို့၊ အမဲသားအချို့၊ သပ်သပ်လွတ်ပေါက်စီ ၂ လုံးနှင့် အရက်အိုး ၇ အိုးကို မှာယူခဲ့သည်။ အရက်ကုန်သွားသောအခါ ခါးကုန်းစွန်းကို နောက်ထပ် အရက်များ ထပ်မံမှာယူ ခဲ့ပြန်၏။ ထို့နောက် တည်းခိုခန်း၏ နောက်ဆုံးအခန်းတွင် သွားရောက်အိပ်စက်လိုက်သည်မှာ နောက် တရက်ညနေ နေဝင်ချိန်ရောက်သည်ထိပင်။
သူအခန်းထဲမှ ထွက်လာချိန်တွင် မှာယူခဲ့သော အရက်အိုး ၇ အိုးလုံး တက်တက်ပြောင် သွားခဲ့ လေပြီ။
တနှစ်ကျော်ခဲ့လေပြီ။ ညစဉ်ညတိုင်း ထိုင်နေကျ ထောင့်စွန်းစားပွဲတွင်ထိုင်လေ့ရှိပြီး မှာယူနေကျ အစားအသောက်များဖြစ်သော တို့ဟူးခြောက်အချို့၊ အမဲသားအချို့၊ သပ်သပ်လွတ် ပေါက်စီ ၂ လုံးနှင့် အရက်အိုး ၇ အိုးကို ပုံမှန်ပင်မှာယူ စားသောက်နေဆဲ...
အရက်သောက်လိုက် ချောင်းဆိုးလိုက်ဖြင့် အစားအသောက်များ ကုန်သွားသောအခါ နောက် ထပ်အရက်အိုး ၇ အိုးကို သူနေထိုင်ရာအခန်းတွင်းသို့ ယူဆောင်သွားပြီး နောက်တရက် ညခင်း အချိန်တွင်မှ ပြန်ထွက်လာလေ့ရှိသည်။
ခါးကုန်းစွန်းသည် အရက်သမားတစ်ယောက်ပင် ဖြစ်သော်ငြားလည်း ထိုသူ့ကို လက်မြှောက် အရှုံးပေး ရလေသည်။ အရက်အိုး ၁၄ အိုးကုန်မှ မူးသည့်အရက်သမားမျိုး သူ၏တစ်သက် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
တစ်ခါတရံတွင် ထိုသူ၏အကြောင်းကို မေးမြန်းစုံစမ်းရန် ခါးကုန်းစွန်း စဉ်းစားခဲ့သော်လည်း သူ၏ မေးခွန်းများကို ပြန်လည်မျိုချထားလိုက်ရ၏။ အကြောင်းမှာ... ထိုသူ့ဆီမှ မည်သည့် အဖြေမျှ ပြန်လာ စရာမမြင်၍ဖြစ်လေသည်။
ခါးကုန်းစွန်းသည် စကားများသူတစ်ယောက်မဟုတ်ပါ။
ဤသို့ဖြစ်ပျက်နေခဲ့သည်မှာ လပေါင်းများစွာပင် ကြာခဲ့လေပြီ။ အလွန်အေးသောနေ့တစ်နေ့၊ မိုးများဆက်တိုက်ရွာနေချိန်၌ ခါးကုန်းစွန်းသည် ထိုသူ၏အခန်းဘက်သို့ သွားရောက်သန့်ရှင်းရေး လုပ်ပေးနေချိန်တွင် အခန်း၏ပြတင်းတံခါးမှာ ဟပြဲကြီးပွင့်နေပြီး ထိုသူသည် ကြမ်းပြင်ပေါ်၌ လဲကျနေ၏။ သူ၏မျက်နှာပြင်တစ်ခုလုံး နီရဲနေပြီး ပြင်းထန်စွာအဖျားတက်နေပုံလည်းရ၏။
ခါးကုန်းစွန်းသည် ထိုသူ့ကို မချီလိုက်ပြီး နွေးထွေးသောနေရာသို့ ပြောင်းရွှေ့ထားပေး လိုက်ကာ ဆေးတဖုံကို အမြန်ပင်ဖော်စပ်ကာ သူ့ကိုတိုက်ကျွေးလိုက်၏။ ထိုသူ့ကို ၃ရက်ကျော် ပြုစုပေးခဲ့ရပြီး ထိုသူထထိုင်နိုင်နေချိန်၌ ခါးကုန်းစွန်းကို ပထမဆုံးပြောသည့်စကားသည် အရက် တောင်းသောက် လိုက်ခြင်းပင်။
ဤတစ်ကြိမ်တွင်တော့ ခါးကုန်းစွန်း သိလိုက်ရသည်မှာ ထိုသူသည် မိမိကိုယ်ကို သေကြောင်းကြံ နေခြင်းကိုတည်း။ ထို့ကြောင့် ခါးကုန်းစွန်းသည် သူ့ကို နားချလိုက်၏။ “ဒီအတိုင်း အရက်ဆက် သောက်နေလို့ကတော့ ဘယ်သူမှ အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူး။”
သို့သော် ထိုသူသည် ရိုးရှင်းစွာပင်ပြုံးပြလိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်၏။ “အရက်သောက်တာကြောင့် ကျုပ်ရဲ့အသက်တိုမယ်လို့ ခင်ဗျားဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ။”
ခါးကုန်းစွန်းထံတွင် အဖြေမရှိပါ။
ထိုနေ့မှစ၍ သူတို့နှစ်ယောက်သည် မိတ်ဆွေများဖြစ်သွားခဲ့ကြ၏။
စားသောက်သူများရှင်းသည့်အချိန်တိုင်းတွင် သူတို့နှစ်ယောက်သည် အတူတူအရက်ထိုင် သောက်နေတတ်ပြီး ရောက်ရာပေါက်ရာ စကားများပြောဆိုလေ့ရှိကြ၏။ ထိုသူသည် လွန်စွာမှပင် ဗဟုသုတကြွယ်ဝသူတစ်ဦးဖြစ်မှန်း ခါးကုန်းစွန်း သိလိုက်ရလေသည်။
ထိုသူမပြောဆိုသော တစ်ခုတည်းသောအကြောင်းအရာမှာ သူ၏အတိတ်အကြောင်းနှင့် သူ၏ နာမည်ပင်ဖြစ်၏။
တစ်ကြိမ်သောအခါတွင် ခါးကုန်းစွန်းက မေးဖူး၏။ “ကျုပ်တို့တွေ မိတ်ဆွေတွေဖြစ်နေမှတော့ ခင်ဗျားကို ကျုပ်ဘယ်လိုခေါ်ရမလဲ။”
သူသည် အတန်ကြာမျှ စဉ်းစားလိုက်ပြီးနောက်- “ကျုပ်က ဇိုးသမားပဲ... အဲ့ဒီလိုပဲ ကျုပ်ကို ခေါ်ပေါ့။”
ထို့ကြောင့် ခါးကုန်းစွန်းသိလိုက်ရသည်မှာ ထိုသူ့ထံတွင် အကျည်းတန်သော အတိတ်ဖြစ် ရပ်တစ်ခု ရှိနေခဲ့ပြီး မိမိနာမည်ကို ထုတ်ဖော်မပြောချင်လောက်အောင်ပင် ရေငုံနှုတ်ပိတ်နေကာ အရက်ထဲသို့ ဘဝကိုနှစ်မြုပ်ထားခြင်းကိုတည်း။
အရက်သောက်ခြင်းအပြင် ထိုသူ၏ အခြားဝါသနာတစ်ခုမှာ သစ်သားပန်းပုထုခြင်းပင် ဖြစ်၏။
သူ၏ဓားငယ်လေးဖြင့် သစ်သားပန်းပုထုနေတတ်သော်လည်း မည်သည့်အရာကို ထုဆစ်နေကြောင်း ခါးကုန်းစွန်း လုံးဝမသိရှိခဲ့ရပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ဘယ်တော့မှ ပြီးစီးအောင် မထုဆစ် ခြင်းကြောင့်ဖြစ်၏။
ထူးဆန်းစွာ ထိတ်လန့်ဖွယ်ကောင်းသော ဧည့်သည်တစ်ယောက်ပင်...
သို့သော် ထိုသူအား ဤနေရာမှ ထွက်ခွာသွားစေလိုသောစိတ် ခါးကုန်းစွန်းထံ၌ စိုးစဉ်းမျှ မရှိချေ။
ယနေ့နံနက်ခင်းသည် လွန်စွာမှပင် အေးခဲလှသောကြောင့် ခါးကုန်းစွန်းသည် သူ့ထံ၌ရှိသော အထူထဲဆုံးအနွေးထည်ကို ထုတ်ဝတ်ထားပြီး ဆိုင်ဖွင့်လိုက်၏။ လူနှစ်ယောက် မြင်းများ စီးလာပြီး သူ၏ဆိုင်ဘက်သို့ ဦးတည်လာနေသည်ကို သူတွေ့လိုက်ရ၏။
ဤဒေသတွင် မြင်းစီးသူ သိပ်များများစားစားမရှိသဖြင့် ထိုလူနှစ်ယောက်ကို ခါးကုန်းစွန်း သတိ ထားမိလိုက်၏။
ထိုလူနှစ်ယောက်လုံးပင် ရှည်လျားသော အဝါရောင် အင်္ကျီများကို ဝတ်ဆင်ထားကြ၏။ အရှေ့ဆုံး လူထံတွင် ကြီးမားသောမျက်လုံးတစုံရှိနေပြီး ကျန်တစ်ယောက်မှာ နှာခေါင်းချွန်၏။ နှစ်ယောက်လုံးပင် ဆံပင်တိုတိုညှပ်ထားကြပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိကြ၏။
ထိုလူနှစ်ယောက်၏ အဝါရောင် ဝတ်ရုံရှည်ကြီးများသာ မပါရှိပါက သာမန်လူများကဲ့သို့ပင် အသွင်အပြင်များရှိကြ၏။ သူတို့သည် ခါးကုန်းစွန်းကို သတိမထားမိကြဘဲ ပတ်ဝန်းကျင်ကိုသာ စူးစမ်းလေ့လာနေကြလေသည်။
ထိုလူနှစ်ယောက် ရှာဖွေနေသူမှာ သူမဖြစ်နိုင်မှန်း ခါးကုန်းစွန်း သိလိုက်၏။
သူ၏ဆိုင်ကို ထိုသူများဖြတ်ကျော်သွားခဲ့ကြပြီးမှ ပြန်လှည့်လာကြလေသည်။ ထို့နောက် သူတို့၏ မြင်းများကို ဆိုင်ရှေ့တိုင်တွင် ချည်နှောင်ထားလိုက်ကြ၏။
ခါးကုန်းစွန်းသည် ထူးဆန်းသော စိတ်သဘောထားရှိသူတစ်ဦးဖြစ်သော်လည်း သူသည် စီးပွားရေး လုပ်နေသူတစ်ယောက်မဟုတ်ပါလား။ ထို့ကြောင့်ပင် ချိုသာစွာမေးမြန်းလိုက်၏။ “ဘာများ အလိုရှိ ကြပါလဲခင်ဗျာ...”
မျက်လုံးပြူးပြူးနှင့်လူ-“ကျုပ်တို့ဘာမှအလိုမရှိပါဘူး။ မေးခွန်းတချို့ မေးချင်ရုံသက်သက်ပါ။”
ခါးကုန်းစွန်းသည် သူ၏မူလအသွင်အပြင်ကို ပြန်ပြောင်းလိုက်၏။ သူသည် ဘယ်သောအခါမှ စကားများများပြောသူတစ်ယောက်မဟုတ်ချေ။
နှာခေါင်းချွန်နှင့်လူသည် ရယ်မောလိုက်ပြီး- “ကျုပ်တို့တွေ ခင်ဗျားဆီက အဖြေအတွက် ငွေပေး ဝယ်မယ်ဆိုရင်ကောဗျာ... အဖြေတစ်ခုအတွက် ငွေသားတစ်တုံးပေးမယ်။”
ခါးကုန်းစွန်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်ပလာခဲ့ကြပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ “ကောင်းပြီလေ...”
ထိုစကားလုံးပြောအပြီးတွင် သူ၏လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်၏။
မျက်လုံးပြူးပြူးနှင့်လူသည် ရယ်မောလိုက်ပြီး- “ဒါကအဖြေတစ်ခုအတွက်ပေါ့၊ ဟုတ်လား။”
ခါးကုန်းစွန်း-“ဟုတ်တယ်...”
သူ၏လက်ညှိုးနောက်တစ်ချောင်း ထောင်ပြလိုက်ပြန်၏။
နှာခေါင်းချွန်နှင့်လူ-“ခင်ဗျားဒီမှာနေနေတာ ဘယ်လောက်ကြာပြီလဲ။”
ခါးကုန်းစွန်း-“နှစ်ပေါင်း ၂၀ ကနေ ၃၀ အတွင်းတော့ရှိပါပြီ။”
နှာခေါင်းချွန်နှင့်လူ-“ခင်ဗျားဆိုင်ရဲ့ လမ်းတစ်ဘက်က စံအိမ်ကြီးမှာ ဘယ်သူတွေ နေတာလဲ။”
“လီ မိသားစု။”
နှာခေါင်းချွန်နှင့်လူ-“သူတို့ပြီးတော့ နောက်ပိုင်ရှင်ကကော...”
“သူ့မျိုးရိုးနာမည်က ‘လောင်’၊ လောင်ရှောင်း၄ယွန်လို့ခေါ်တယ်။”
နှာခေါင်းချွန်နှင့်လူ-“ခင်ဗျားသူ့ကို တွေ့ဖူးလား။”
“မမြင်ဖူးပါဘူး။”
နှာခေါင်းချွန်နှင့်လူ-“သူအခုဘယ်ရောက်နေလဲ...”
“သူထွက်သွားပြီ။”
နှာခေါင်းချွန်နှင့်လူ-“ဘယ်တုန်းကလဲ။”
“လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက။”
နှာခေါင်းချွန်နှင့်လူ-“အဲ့ဒီကတည်းက သူပြန်ရောက်မလာခဲ့ဘူးပေါ့။”
“ဟင့်အင်း...”
နှာခေါင်းချွန်နှင့်လူ-“ခင်ဗျားက သူ့ကိုမမြင်ဖူးဘဲနဲ့များ ဘာဖြစ်လို့ ဒီလောက်တောင် သိနေရ တာလဲ။”
“သူ့စားဖိုမှူးက ကျုပ်ဆီကအရက် အမြဲဝယ်နေကျပါ။”
နှာခေါင်းချွန်နှင့်လူသည် ခဏမျှစဉ်းစားလိုက်ပြီး- “ခင်ဗျားကို လူစိမ်းဘယ်နှစ်ယောက်လောက် လာပြီး ဒီလိုမေးခွန်းမျိုးတွေမေးခဲ့ဘူးလဲ။”
“တစ်ယောက်မှမရှိပါဘူး။ မဟုတ်ရင်တော့လား... ကျုပ်ချမ်းသာတာကြာလှပြီ။”
မျက်လုံးပြူးပြူးနှင့်လူသည် ပြုံးပြလိုက်ပြီး- “ရော့... ခင်ဗျားအတွက် ပိုက်ဆံ။” သူသည် ငွေသား အချို့ကို ပစ်ပေးလိုက်ပြီး စကားတစ်ခွန်းမှ မမေးတော့ဘဲ နှစ်ယောက်လုံး မြင်းစီးပြီး ထွက်ခွာသွားကြ တော့၏။
ခါးကုန်းစွန်းသည် သူ၏ငွေတုံးများကိုကြည့်နေလိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။ “တစ်ခါ တစ်ခါ ပိုက်ဆံရှာရတာ သိပ်လွယ်ပါလား...”
သူနောက်သို့လှည့်လိုက်သောအခါ ဇိုးသမားသည် သူ၏နောက်နားတွင်ရောက်နေပြီး ထိုလူ နှစ်ယောက် ထွက်ခွာသွားသည့်ဘက်သို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ခါးကုန်းစွန်းသည် ပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်၏။ “ဒီနေ့တော့ ခင်ဗျားထလာတာ သိပ်စော လွန်းနေပါလား။”
ဇိုးသမားသည် ပြန်လည်ပြုံးပြလိုက်ပြီး- “မနေ့ညက ကျုပ်ခပ်မြန်မြန်ပဲ မူးသွားခဲ့လို့ အခု ထလာ တော့ အမူးတောင်ပြေသလောက်ဖြစ်နေပြီ။”
သူသည်ခေါင်းငုံ့လိုက်ကာ ချောင်းဆိုးနေလိုက်ပြီး- “ဒီနေ့က ဘာနေ့လဲ။”
ခါးကုန်းစွန်း-“၉လပိုင်း ၁၄ရက်။”
ဇိုးသမား၏မျက်နှာသည် ပုံမှန်ရှိနေရာမှ နီရဲလာပြီး အချိန်အကြာကြီး အဝေးတစ်နေရာသို့ ငေး ကြည့်နေ၏။ ပြီးနောက်- “ဒါဆိုရင် မနက်ဖြန်က ၉လပိုင်း ၁၅ရက်ပေါ့...”
ဇိုးသမားသည် စကားပြောချင်နေပုံရသော်လည်း အဆက်မပြတ်ချောင်းဆိုးနေပြန်၏။
ခါးကုန်းစွန်း-“အရက်သမားတိုင်းသာ ခင်ဗျားလိုသောက်ကြမယ်ဆိုရင် အရက်ဆိုင်ရှင်တွေအား လုံး သူဌေးဖြစ်နေလောက်ပြီ။”
ညမှောင်လာသောအခါ အဝေးတစ်နေရာရှိ အဆောက်အအုံငယ်လေးမှ ဖယောင်းတိုင်မီး အလင်း ရောင်လေးတစ်ခု ထွက်ပေါ်လာ၏။
ဇိုးသမားသည် သူအရင်နေထိုင်ခဲ့ဖူးသောနေရာလေးသို့ ရိုးရှင်းစွာပင် ‘သောက်’နေလိုက်၏။
0 comments:
Post a Comment