သူ၏မျက်လုံးများက တံခါးဝသို့စိုက်၍ ကြည့်နေသည်မှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည့် အတိုင်းပင်။
၁ နာရီကျော်သွားခဲ့သော်လည်း စားသောက်သူများ ရောက်မလာခဲ့ကြသေးပါ။
ခါးကုန်းစွန်းသည် ဟားသန်းလိုက်၏။ “ကြည့်ရတာ ဒီနေ့ဖို့ စားသောက်သူတွေ ထပ်ရောက်လာ ကြတော့မှာ မဟုတ်ပါဘူး။ ဆိုင်ပိတ်လိုက်ရင် ကောင်းမယ်ထင်တယ်။”
ဇိုးသမားသည် ရယ်မောလိုက်၏။ “သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့ဗျာ။ ဒီညအဖို့ ခင်ဗျားဆိုင်ရဲ့ စီးပွား ရေး တော်တော်လေးကောင်းလိမ့်မယ်ဆိုတာ ကျုပ်အာမခံပါတယ်။”
ခါးကုန်းစွန်း-“ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေနိုင်တာလဲ။”
ဇိုးသမား-“ဘာလို့လဲဆိုတော့ ကျုပ်က ရှေ့ဖြစ်ဟောနိုင်တယ်လေ။”
သူသည်တကယ်ပင် ရှေ့ဖြစ်ဟောနိုင်လေသည်။ နောက်ထပ် ၁နာရီကြာသောအခါတွင် လူအုပ် စုများ တစ်စုပြီးတစ်စု အသီးသီး ဆိုင်တွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။
ပထမအုပ်စုတွင် လူနှစ်ယောက်သာ ပါရှိလေသည်။
တစ်ယောက်သောသူသည် ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ဖြစ်ပြီး အပြာရောင်မွဲမွဲ အင်္ကျီကိုဝတ်ဆင်ထားကာ ဆေးတံခဲထား၏။
နောက်တစ်ယောက်သည် သူ၏မြေးမလေးဖြစ်ပုံရ၏။ သူမတွင် မည်းနက်နေသော ကျစ်ဆံမြီးလေး နှစ်ချောင်း ချထား၏။ မျက်လုံးတစ်စုံသည် မည်းနက်တောက်ပြောင်နေပြီး မျက်ဆံများသည် သူမ၏ ကျစ်ဆံမြီးများထက်ပင်ပို၍ မည်းနက်နေလေသည်။
ဒုတိယအုပ်စုသည်လည်း လူနှစ်ယောက်ပင်ဖြစ်၏။
၂ ယောက်စလုံးသည် ညစ်ပတ်ပေရေနေသော်လည်း လွန်စွာမှပင် ခွန်အားဗလကြီးသူများ ဖြစ်ကြပုံ ရ၏။ သူတို့နှစ်ယောက်စလုံးသည် ဆင်တူဝတ်စုံများ ဝတ်ဆင်ထားကြပြီး ကိုင်ဆောင်သောလက်နက် များမှာလည်း ဆင်တူပင်ဖြစ်နေရာ အမွှာများလားဟု အထင်ရှိစရာပင်။
တတိယအုပ်စုသည် လူအများဆုံးပင်ဖြစ်၏။ အားလုံးပေါင်း ၄ ယောက်ပါရှိ၏။
တစ်ယောက်သည် အရပ်ပု၏။ တစ်ယောက်သည် အရပ်ရှည်၏။ တစ်ယောက်သည် ခရမ်းရောင်ဝတ်စုံ ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်ပြီး နောက်ကျောတွင် လှံတံတစ်ချောင်း လွယ်ထား၏။ နောက်ဆုံးတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လက်ဝတ်ရတနာများစွာ ဝတ်ဆင်ထား၏။ သူမသည် မိန်းမပျိုလေးတစ်ယောက်၏ မိခင်အရွယ်ပင်ဖြစ်သော်လည်း မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ပင် လက်ကောက်များကို လှုပ်ခတ်ကာ လျှောက်လှမ်းလာ၏။
နောက်ဆုံးအုပ်စုတွင် လူတစ်ဦးတည်းသာပါရှိလေသည်။
ထိုသူသည် လွန်စွာမှပင် ပိန်ပါးပြီး ခါးတွင်ကျာပွတ်တစ်ချောင်း ထိုးထား၏။
ဤအခန်းလေးတွင် စားပွဲ ၅ ခုသာရှိသောကြောင့် နောက်ထပ်ရောက်လာသော အုပ်စု ၄ စုဖြင့် အခန်းပြည့်သွားလေ၏။ ခါးကုန်းစွန်းသည် အတော်လေးပင် အလုပ်များနေပြီး နောက်တနေ့သည် သူ့ အတွက် ယနေ့လောက် အလုပ်များမည်မဟုတ်ဟု ထင်ရလေသည်။
ထိုလူအုပ်စုများသည် စားသောက်စရာများနှင့် အရက်များကို သုံးဆောင်နေကြသော်လည်း အချင်း ချင်း စကားကို တီးတိုးသာ ပြောဆိုနေကြလေသည်။
အတော်လေးကြာသောအခါတွင် နောက်ကျောတွင် လှံတံထိုးထားသောလူငယ်သည် ကျစ်ဆံမြီး မိန်းကလေးကို စိုက်၍ကြည့်နေလိုက်၏။ ထူးဆန်းစွာပင် ကျစ်ဆံမြီးမိန်းကလေးသည် ဂရုစိုက်ဟန်ပင် မပြ။
ရုတ်တရက်ပင် ထိုလူငယ်သည် ရယ်မောလိုက်၏။ “မိန်းကလေးက သီချင်းသည်လား။”
ကျစ်ဆံမြီးမိန်းကလေးသည် ခေါင်းကိုခါရမ်းပြီး အဖြေပေးလိုက်ရာ သူမ၏ကျစ်ဆံမြီးများက ဝှေ့ရမ်း သွားသည်မှာ လွန်စွာမှပင် ချစ်စရာကောင်းနေလေတော့သည်။
လူငယ်-“မိန်းကလေးဟာ သီချင်းသည်တစ်ယောက်မဟုတ်ဘူး ဆိုရင်တောင် သီချင်းတစ်ပုဒ် လောက်တော့ ဆိုပြနိုင်သေးတယ်မဟုတ်လား။ သီချင်းကောင်းကောင်းဆိုပြရင် ကျုပ်ကမင်းကို ကောင်း ကောင်းဆုချပါ့မယ်။”
ကျစ်ဆံမြီးမိန်းကလေး-“ကျမက သီချင်းမဆိုဘူး။ စကားပဲပြောတယ်။”
“မင်းက ဘာတွေပြောပြနိုင်တာလဲ။”
“စာအုပ်အကြောင်း၊ ပုံတိုပတ်စတွေပေါ့။”
လူငယ်-“ပိုပြီးတော့တောင်မှ ကောင်းသေးတယ်။ မင်းဘာပုံပြင်တွေပြောပြလဲဆိုတာတော့ ကျုပ် မသိဘူး။ စာပေသမားတစ်ယောက်နဲ့ မိန်းမပျိုလေးတစ်ယောက်တို့ ပန်းဥယျဉ်ထဲမှာတွေ့တဲ့အကြောင်း လား။ ဒါမှမဟုတ် အရာရှိမင်းတစ်ယောက်ရဲ့ သမီးက ကြင်ယာရွေးပွဲလုပ်တဲ့အကြောင်းလား။”
ကျစ်ဆံမြီးမိန်းကလေး-“မှားတယ်။ ကျမပြောပြမယ့် ဇာတ်လမ်းတွေက သိုင်းလောကရဲ့ သတင်းဦး သတင်းထူးတွေသာဖြစ်တယ်။”
ထိုလူငယ်သည် လက်ခုပ်လက်ဝါးတီးလိုက်ပြီး သဘောကျစွာဖြင့်- “ကောင်းတယ်။ ကောင်းတယ်။ ဒီလိုမျိုးဇာတ်လမ်းမျိုးတွေ ဒီမှာရှိနေကြတဲ့လူတွေအားလုံးက ကြားချင်နေကြမှာအမှန်ပဲ။ မြန်မြန်လေး ပြောပြပါလား။”
ကျစ်ဆံမြီးမိန်းကလေး-“ဒါပေမဲ့ကျမက မပြောပြတတ်ဘူး။ ကျမရဲ့ ဘိုးဘိုးကတော့ ပြောပြနိုင်ပါ လိမ့်မယ်။”
ထိုလူငယ်သည် အဘိုးအိုအားကြည့်လိုက်ပြီးနောက် သူမကိုမေးလိုက်၏။ “ဒါဆိုရင် မင်းကဘာ လုပ်ပြနိုင်တာလဲ။”
“ကျမရဲ့ဘိုးဘိုးကို ကူပြီးပုံပြောပေးနိုင်ပါတယ်။”
အဘိုးအိုသည် အရက်အနည်းငယ်မျှ စုပ်သောက်လိုက်ပြီး သူ၏ဆေးတံကြီးကို ဖွာရှိုက်လိုက်ကာ ဖြေးညင်းစွာ ပြောဆိုလိုက်၏။ “လီဆွန်းဟွာဆိုတဲ့နာမည်ကို မင်းကြားဖူးလား။”
ထိုလူငယ်တစ်ယောက်တည်းမှလွဲ၍ ကျန်လူများသည် ထိုမြေးအဖိုးနှစ်ယောက်အား ဂရုပင်မစိုက်ခဲ့ ကြချေ။ သို့သော် လီဆွန်းဟွာဆိုသောနာမည်ကို ကြားလိုက်ကြရပြီးနောက် သူတို့၏နားများကို အစွမ်းကုန်စွင့်ထားလိုက်ကြ၏။
ကျစ်ဆံမြီးမိန်းကလေးသည် ရယ်မောလိုက်ပြီး- “ကျမကြားဖူးတာပေါ့။ နာမည်ကျော် သူရဲကောင်း လီတွမ့်ဟွာကိုပြောတာမဟုတ်လား။”
အဘိုးအို-“ဟုတ်တယ်...”
ကျစ်ဆံမြီးမိန်းကလေး-“ကျမကြားဖူးတာတော့ ရှောင်းလီဓားပျံက ဘယ်တုန်းကမှ ပစ်မှတ်မလွဲ ခဲ့ဖူးဘူးဆိုပဲ။ ဒီနေ့ထက်ထိ သူ့ဓားပျံအောက်မှာ လွတ်မြောက်နိုင်သူမရှိသေးဘူးလို့ ကြားဖူးတယ်။
ဟုတ်ရဲ့လား ဘိုးဘိုး။”
အဘိုးအို-“မင်းမယုံဘူးဆိုရင်တော့ သိုင်းလောကရဲ့ ဗဟုသုတအကြွယ်ဝဆုံးဖြစ်တဲ့ ပိုင်ရှောင်ရှန်း နဲ့ အဆိပ်၅မျိုးကလေးဆိုးတို့ကို ကိုယ်တိုင်သွားမေးကြည့်လေ။”
ကျစ်ဆံမြီးမိန်းကလေး-“ဘိုးဘိုးဆိုလိုတာက ပိုင်ရှောင်ရှန်းနဲ့ အဆိပ်၅မျိုးကလေးဆိုးတို့ ၂ ယောက်လုံး သေသွားခဲ့ကြပြီလို့ ပြောချင်တာလား။”
“မှန်တယ်။ သူတို့တွေမယုံကြည်ခဲ့ကြလို့ သေသွားခဲ့ကြရတာပဲ။”
အရပ်မြင့်မြင့် ပိန်ပိန်သေးသေးလူသည် ချောင်းဟန့်လိုက်၏။ သို့ရာတွင် လူတိုင်း၏အာရုံသည် ထိုဇာတ်လမ်းထဲတွင် နစ်မြောနေကြသောကြောင့် မည်သူမျှ သတိမထားမိလိုက်ကြချေ။
ဇိုးသမားတစ်ယောက်တည်းသာ စားပွဲပေါ်၌မျက်နှာအပ်ပြီး အရာအားလုံးကို ဥပက္ခာပြုထားလေ သည်။
အဘိုးအိုသည် လက်ဖက်ရည်အနည်းငယ်မျှ ငုံလိုက်ပြီး- “လီဆွန်းဟွာတစ်ယောက် သေဆုံးသွားခဲ့ ရတာတော့ စိတ်မကောင်းစရာပဲ။”
ကျစ်ဆံမြီးမိန်းကလေး-“သူသေသွားပြီ´ ဘယ်သူကများ သူ့ကိုသတ်နိုင်လောက်အောင် အစွမ်း ထက်နေခဲ့လို့လဲ။”
အဘိုးအို-“သူကိုယ်တိုင်ပဲပေါ့ကွယ်။”
ကျစ်ဆံမြီးမိန်းကလေးသည် အဘိုးအိုအား အတန်ကြာမျှစိုက်ကြည့်နေလိုက်ပြီးနောက်- “သူ့ ကိုယ်သူ ဘယ်လိုလုပ်ပြီး သတ်သေနိုင်မှာလဲဘိုးဘိုးရယ်။ သူအသက်ရှင်နေသေးတယ်ဆိုတာ ကျမ လောင်းရဲပါတယ်။”
အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး- “သူအသက်ရှင်နေသေးလည်း လူသေတစ်ယောက်နဲ့ ဘာများ ထူးဦးမှာလဲကွယ်။ စိတ်မကောင်းစရာပါပဲ...”
ကျစ်ဆံမြီးမိန်းကလေးသည်လည်း သက်ပြင်းချလိုက်ပြီး- “သူတစ်ယောက်ကလွဲလို့ သူရဲကောင်းလို့ ခေါ်ထိုက်သူများ နောက်တစ်ယောက်ရှိနိုင်သေးရဲ့လား ဘိုးဘိုး။”
အဘိုးအို-“အားဖေကို မင်းကြားဖူးလား။”
ကျစ်ဆံမြီးမိန်းကလေး-“ကြားဖူးသလိုတော့ ရှိသားပဲ။”
သူမ၏မျက်လုံးများကို ဝေ့ကြည့်လိုက်ပြီးနောက်- “ကျမကြားဖူးတာတော့ သူ့ဓားရဲ့ လျင်မြန်မှုကို သိုင်းလောကမှာ ဘယ်သူမှ လိုက်မမီဘူးတဲ့။ ဟုတ်ရဲ့လား ဘိုးဘိုး။”
အဘိုးအို-“ရိခူရဲ့ သိုင်းပညာကို မင်းဘယ်လိုမြင်လဲ။”
ကျစ်ဆံမြီးမိန်းကလေး-“လက်နက်စာရင်းစာအုပ်ထဲမှာတော့ သရဲစိမ်းလက်က နံပါတ် ၉ ချိတ် တယ်။ သူဟာ တော်တော်လေးကို အစွမ်းရှိလို့ပဲဖြစ်ရမယ်။”
အဘိုးအို-“ဒါဆိုရင် သံမဏိပုလွေဆရာကြီး၊ ရှင်းမယ်ဆရာတော်၊ ကျိုကျန်ရိနဲ့ တျန်ချီတို့ကိုကော ဘယ်လိုမြင်လဲ။”
ကျစ်ဆံမြီးမိန်းကလေး-“သူတို့ဟာ သိုင်းလောကမှာ ကျော်ကြားကြတဲ့ ပုဂ္ဂိုလ်တွေပဲ။ လူတိုင်း သူတို့ကို သိကြပါတယ်။”
အဘိုးအို-“အားဖေရဲ့ဓားသာ ပြောသလောက်မမြန်ခဲ့ဘူးဆိုရင် သူတို့အားလုံး အားဖေကို ရှုံးနိမ့် သွားခဲ့ကြတာကို မင်းဘယ်လိုပြောမလဲ။”
ကျစ်ဆံမြီးမိန်းကလေး-“အဲ့ဒီ အားဖေတစ်ယောက်ကော ဘာဖြစ်သွားတာလဲ။”
အဘိုးအို-“ရှောင်းလီတွမ့်ဟွာလိုပဲ သူလည်းပျောက်ကွယ်သွားခဲ့တယ်။ သူဘယ်ရောက်နေလည်းဆိုတာ ဘယ်သူမှ မသိကြဘူး။ လင်ရှန်းအာနဲ့ အတူတူပျောက်ဆုံးသွားခဲ့ကြတာပဲ။”
“လင်ရှန်းအာ´ သိုင်းလောကရဲ့ အချောမောဆုံးမိန်းကလေးကို ပြောတာလား။”
အဘိုးအို-“မှန်လိုက်လေခြင်းကွယ်။”
ကျစ်ဆံမြီးမိန်းကလေး-“အိုး... အချစ်ဆိုတာဘာလဲ... အချစ်ရဲ့ကွန်ယက်မှာ လူတွေကဘာဖြစ်လို့ ရုန်းမထွက်နိုင်ဖြစ်နေကြရတာလဲ...”
လူငယ်သည် စိတ်မရှည်နိုင်စွာဖြစ်လာခဲ့ပြီး- “ဇာတ်လမ်းကို ဘာဖြစ်လို့ကျော်ပြီး ပြောနေကြတာ လဲ။ ဆက်ပြောပြပါ။”
အဘိုးအိုသည် ခေါင်းကိုခါရမ်းလိုက်ပြီး- “လီဆွန်းဟွာနဲ့ အားဖေတို့လို သိုင်းသူရဲကောင်းတွေ ကွယ်ပျောက်သွားခဲ့ကြမှတော့ သိုင်းလောကရဲ့အကြောင်း ဘာများပြောစရာ ကျန်နေသေးလို့လဲ။ ဒါပါ ပဲ မိတ်ဆွေတို့ရေ...”
ခပ်ပိန်ပိန်လူသည် အေးစက်စွာရယ်မောလိုက်ပြီး- “ခင်ဗျားပြောတာ မှားနေတယ်။”
အဘိုးအို-“မင်းဆိုလိုတာက မင်းရဲ့သတင်းအချက်အလက်တွေက ကျုပ်ထက်ပိုပြီးတော့တောင် ကောင်းနေသေးတယ်လို့ ပြောချင်တာလား။”
ထိုလူသည် ပတ်ဝန်းကျင်သို့ တစ်ချက်အကဲခတ်လိုက်ပြီး- “ကျုပ်ကြားခဲ့ရသလိုဆိုရင်တော့ ရင်သပ် ရှုမောဖွယ်ရာ အဖြစ်အပျက်တွေ မကြာခင်အချိန်လေးမှာ ဖြစ်လာတော့မယ်။”
အဘိုးအို-“ဘယ်အချိန်လဲ... ဘယ်နေရာမှာလဲ...”
ခပ်ပိန်ပိန်လူသည် စားပွဲကိုတစ်ချက်ရိုက်ပုတ်လိုက်ပြီး- “ခုချိန်ပဲ... ဒီနေရာမှာပဲ...”
ထိုစကားကိုသူပြောလိုက်ချိန်တွင် အမွှာညီအကိုဟု ထင်ရသူနှစ်ယောက်နှင့် ၄ယောက်အုပ်စုဝင် အဖွဲ့သားများ၏ မျက်နှာများပျက်သွားခဲ့ကြ၏။ သို့သော် အစိမ်းရောင်ဝတ်ဆင်ထားသော မိန်းမသည် ပြုံးနေလိုက်ပြီး- “အခုချိန်ထိ ရင်သပ်ရှုမောဖွယ်ရာတစ်ခုမှ မတွေ့ရသေးပါလား။”
ခပ်ပိန်ပိန်လူ-“ကျုပ်သိထားရသလောက်ဆိုရင် ဒီနေရာ ဒီအချိန်မှာ လူ ၆ ယောက်တော့ အနည်းဆုံး သေဆုံးကြရလိမ့်မယ်။”
အစိမ်းရောင်ဝတ်မိန်းမ-“ဘယ်လူ ၆ ယောက်ကိုပြောတာလဲ...”
ခပ်ပိန်ပိန်လူသည် အရက်အနည်းငယ်မျှ သောက်လိုက်ပြီးနောက်- “ဟူဖေ့၊ တွမ်ခိုင်ရှန်း၊ ယန်ချင်း ကျု၊ ဟူမေ နဲ့ ယန်ညီအကိုတွေပဲ...”
ထိုနာမည်များအား ကြားလိုက်ကြရပြီးနောက် အမွှာညီအကို ၂ ယောက်နှင့် ကျန်လူ ၄ယောက် လုံးပင် ရုတ်တရက် ထရပ်လိုက်ကြပြီး ထိုသူ့ကို အော်ပြောလိုက်ကြ၏။ “မင်းကိုယ်မင်း ဘာကောင် များထင်နေလို့လဲ... ဒီလိုစကားမျိုးကို ဒီနေရာမှာ လာပြောရဲသေးတယ်ပေါ့လေ...”
စကားသံအကျယ်ဆုံးသူမှာ ဗလအကြီးဆုံးဖြစ်သော တောင်ဖြိုလက်ဝါး တွမ်ခိုင်ရှန်းပင်ဖြစ်၏။
ထိုသူထရပ်လိုက်သောအခါတွင် လူအားလုံးထက် ခေါင်းတစ်လုံးစာပိုမြင့်နေလေသည်။ ကြီးမား တုတ်ခိုင်လှပါသည်ဆိုသော ယန်ညီအကိုများပင် ထိုသူ့ကို မော်ကြည့်နေကြရလေသည်။
စော်ကားမှုကို ဤမျှလောက်နှင့် သူသည်းမခံနိုင်သေးပဲ- “မင်းသာ ဒီနေ့ကံဆိုးသူမောင်ရှင် ဖြစ်မှာ ကွ။ မင်းရဲ့အသက်က ညတောင်ကူးမှာမဟုတ်ဘူး။”
သူ၏စကားမဆုံးသေးခင်မှာပင် ခပ်ပိန်ပိန်လူ၏ ခြေတဘက်ကြွတက်လာခဲ့ပြီး သူ့ရှေ့သို့ ရုတ်တရက်ရောက်ရှိလာခဲ့၏။ ပြီးနောက်သူ၏ပါးကို ဘယ်ပြန်ညာပြန် ၁၇ ချက် ရိုက်လိုက်လေတော့သည်။
တွမ်ခိုင်ရှန်းထံတွင် လက်နှစ်ဘက် အကောင်းအတိုင်းရှိနေသေးသော်လည်း ထိုရိုက်ချက်များကို မကာကွယ်နိုင်ခဲ့ပါ။ ခြေနှစ်ဘက် အကောင်းအတိုင်းပင် ရှိနေသေးသော်လည်း ထိုရိုက်ချက်များမှ ရှောင် တိမ်းမသွားနိုင်ခဲ့ပါ။
ကျန်သည့်လူအားလုံးပင် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြရလေသည်။
ခပ်ပိန်ပိန်လူ-“ကျုပ်က မင်းတို့ကိုသတ်ဖို့ ဒီကိုရောက်လာတယ်လို့များ ထင်နေကြတာလား။ မင်းတို့ကိုသတ်ဖို့ ကျုပ်ရဲ့လက် သနတယ်။ မင်းကို သင်ခန်းစာပေးချင်ယုံလောက်ပါပဲ။ နောက်ဆိုရင် မင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်အောင်လို့ပါ။”
စကားဆုံးသည်နှင့် သူ၏စားပွဲသို့ ပြန်သွားရောက်ပြီး ထိုင်နေလိုက်၏။
ယန်ချင်းကျု-“ခဏနေဦး... ကျုပ်တို့ကို ဘယ်သူကများ လာသတ်မယ်ဆိုတာ ပြောပြခဲ့ဦး။”
စကားပြောနေစဉ်မှာပင် သူ၏လှံတံက ခပ်ပိန်ပိန်လူထံသို့ လျင်မြန်စွာ တိုးထွက်လာခဲ့၏။
ထိုလူသည် လှည့်၍ပင်မကြည့်ပဲပြောလိုက်၏။ “မင်းတို့ကို သတ်မယ့်လူ မကြာခင်မှာပဲ လာလိမ့် မယ်။”
သူ၏လက်ကောက်ဝတ်ကို အနည်းငယ်လောက် လှည့်လိုက်သောအခါ လှံတံသည် ခပ်ပိန်ပိန်လူ ၏ ချိုင်းအောက်၌ ညှပ်မိနေတော့လေသည်။ မည်သို့ပင်အားစိုက်ပြီး ဆွဲထုတ်စေကာမူ သူ၏လှံတံကို ယန်ချင်းကျုသည် ပြန်၍နှုတ်မယူနိုင်ပါ။
ခပ်ပိန်ပိန်လူ-“မင်းက ထွက်မပြေးဘူးဆိုမှတော့ ဒီမှာပဲ စောင့်နေလိုက်ပါကွာ။”
လှံတံသည် ထက်ပိုင်းကျိုးသွားလေ၏။
‘စွပ်...’ လှံတံသည် သူ၏စားပွဲပေါ်၌ စိုက်ဝင်လျက်ရှိနေလေသည်။ ခပ်ပိန်ပိန်လူသည် ဘာမှမဖြစ် ခဲ့သည့်အတိုင်းပင် အရက်ကိုပင် ငှဲ့နေလိုက်သေး၏။
သို့သော် ကျန်လူ ၆ယောက်လုံးသည် သူကဲ့သို့ မအေးဆေးနိုင်ကြပါ။ သူတို့၏မျက်နှာများက ဖြူ ဖွေးနေကြလေသည်။
သူတို့အားလုံး စဉ်းစားနေကြသည်မှာ- “ဘယ်သူကများ ငါတို့ကို လာသတ်မှာလဲ။ ဘယ်သူလဲ။”
အပြင်ဘက်မှတိုက်ခတ်နေသော လေပြင်းကပို၍ သည်းထန်လာ၏။ မီးအိမ်များက လှုပ်ခါရမ်းနေ ကြ၏။ ခပ်ပိန်ပိန်လူသည် ငြိမ်သက်စွာပင် ထိုင်နေ၏။
ထိုသူမည်သူနည်း။
ထိုသူ၏ သိုင်းပညာအဆင့်အတန်းနှင့်ဆိုလျှင် ထိုသူသည် သိုင်းလောက၏ ထိပ်သီးသိုင်းသမား တစ်ယောက်ထဲမှ ဖြစ်ရပေမည်။ ထိုသူ့ကို ဘာကြောင့်များ သူတို့မသိကြသနည်း။
ဤနေရာသို့ ထိုသူမည်သည့်အကြောင်းဖြင့် ရောက်ရှိလာခဲ့သနည်း။
မည်သူမျှ ထိုမေးခွန်းများကို မဖြေဆိုနိုင်ကြပါ။ ထို့ကြောင့် သူတို့သည် အရက်သောက်ချင်စိတ် များလည်း ကုန်ခန်းနေကြ၏။
အချို့သည် ထွက်ပြေးချင်နေကြသော်လည်း သူရဲဘောကြောင်သလိုဖြစ်နေမည်စိုး၍ ငြိမ်နေလိုက်ကြ ရပြန်၏။ သူတို့ထွက်ပြေးသွားချင်သော်လည်း ထွက်ပြေးနိုင်မည်မဟုတ်ပါ။
ထိုသူများ အသီးသီး အတွေးပေါင်းများစွာဖြင့် စဉ်းစားနေကြချိန်တွင် အပြင်ဘက်မှ အေးစက်စက် ရယ်မောလိုက်သံတသံ ထွက်ပေါ်လာ၏။
လူ၆ယောက်လုံး၏ မျက်နှာများပျက်သွားခဲ့ကြပြီး သူတို့၏လည်ပင်းများသို့ တစ်စုံတစ်ယောက်မှ ညှစ်ထားသလိုမျိုး ခံစားနေကြရကာ စကားမပြောနိုင်၊ အသက်ပင်မရှူနိုင်ဖြစ်နေကြရလေသည်။
ခါးကုန်းစွန်းသည် တော်တော်လေး ကြောက်ရွံ့နေပြီး လူ၆ယောက်သည် သူ့ထက်ပင်ပို၍ ကြောက်လန့်နေကြသေး၏။
တံခါးဝမှ လူ၄ယောက် ဝင်လာခဲ့ကြ၏။
ထိုလူ၄ယောက်လုံးပင် ရှည်လျားသော အဝါရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး မျက်လုံးပြူး ပြူးလူနှင့် နှာခေါင်းချွန်ချွန်လူတို့သည် မနက်တုန်းက လာရောက်ခဲ့သူများ ဖြစ်ကြ၏။
သူတို့သည် အတွင်းဘက်သို့ဝင်မလာကြပဲ တံခါးဝ၌ ငြိမ်သက်စွာ ရပ်နေကြသည်မှာ ကြောက် ရွံ့ ထိတ်လန့်စရာအသွင် လုံးဝမရှိချေ။
ထိုလူ၆ယောက်သည် မည်သည့်အကြောင်းနှင့် နောက်ထပ်ရောက်လာသူ လူ၄ယောက်ကို ၌မျှထိတ်လန့်နေကြမှန်း ခါးကုန်းစွန်း မတွေးတတ်တော့ချေ။ လူ၆ယောက်လုံးက အဝါရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူ၄ယောက်ကို ကြည့်နေကြသည်မှာ သရဲသဘက်များကို ကြည့်နေကြသည့်အ တိုင်းပင်။
ဇိုးသမားသည် စားပွဲမျက်နှာအပ်ပြီး အမူးလွန်နေပုံမှာ မည်သည့်အရာကိုမျှလည်း မမြင်ရ၊ မည်သည့် အသံကိုမှလည်းမကြားရဖြစ်နေသောကြောင့် လူတိုင်းပင် သူ့အဖြစ်ကို အားကျနေကြလေ၏။
အထူးဆန်းဆုံးမှာ ပထမဆုံးဝင်ရောက်လာခဲ့သူ မြေးအဖိုးနှစ်ဦးပင်ဖြစ်၏။ အဘိုးအို၏သွားများ အားလုံးနီးပါးမရှိကြတော့ချေ။ မိန်းကလေးသည် ငယ်ရွယ်နုပျိုလွန်းပြီး လေတိုက်လျှင်တောင် လဲကျ သွားမတတ် နုဖတ်လှ၏။ သို့သော် ထိုမြေးအဖိုးနှစ်ယောက်သည် လုံးဝကြောက်ရွံ့ထိတ်လန့်ဟန် မရှိ ကြချေ။ အဘိုးအိုသည် အရက်သောက်ပင်မပျက်။
လူ၄ယောက်တို့သည် ဆိုင်တွင်းသို့ တစ်စုံတစ်ယောက်ဝင်ရောက်လာရန် လမ်းဖွင့်ပေးလိုက်ကြ၏။ ရှေ့ဆုံးမှ ငယ်ရွယ်နုပျိုသော လူရွယ်တစ်ယောက် လက်နောက်ပစ်ပြီး တလှမ်းချင်းလှမ်းဝင်လာ၏။
ထိုလူရွယ်သည်လည်း အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူ့ကိုကြည့်ရသည်မှာ လွန်စွာမှပင် အထက်တန်းကျလှပြီး ကျန်လူ၄ယောက်နှင့် ကွာခြားချက်မှာ သူ၏ဝတ်ရုံတွင် ရွှေရောင်အစင်းရှိသော ဘေးခွဲကြောင်းများ ပါရှိလေသည်။
သူ၏မျက်နှာသည် ရေခဲတမျှအေးစက်နေပြီး ခပ်ပိန်ပိန်လူထိုင်နေသော စားပွဲဆီသို့သာ အာရုံ စူးစိုက်ကာ ကြည့်နေလေသည်။
ခပ်ပိန်ပိန်လူသည် အရေးပင်မစိုက်၊ အရက်ကိုသာ သောက်နေလိုက်၏။
အဝါရောင်ဝတ်လူရွယ်သည် ပြုံးပြီး နောက်သို့လှည့်လိုက်ကာ လူ၆ယောက်ကို ကြည့်နေလိုက်၏။ ပြီးနောက် ထိုလူ၆ယောက်ထံ လျှောက်သွားလိုက်ကာ သူ၏အိတ်တွင်းမှ ရွှေဒင်္ဂါးများထုတ်ယူလိုက်ပြီး ထိုလူများ၏ ခေါင်းပေါ်သို့ တပြားချင်းစီ လိုက်၍တင်ထားပေးလိုက်၏။
ထိုလူ၆ယောက်သည် သစ်သားရုပ်များကဲ့သို့ ငြိမ်သက်သွားခဲ့ကြပြီး လူရွယ်မှ သူတို့၏ခေါင်းပေါ် သို့ ရွှေဒင်္ဂါးပြားများတင်ပေးချိန်၌ မျက်တောင်ပင်မခတ်နိုင်၊ အီးပင်မပေါက်နိုင် ငြိမ်သက်နေကြလေ၏။
အဝါရောင်ဝတ်လူရွယ်ထံတွင် ဒင်္ဂါးပြားများ ကျန်ရှိနေသေးသောကြောင့် သူသည် မြေးအဖိုးနှစ် ယောက်ဆီသို့ လျှောက်လှမ်းလာပြန်၏။
အဘိုးအိုသည် ပြုံးပြလိုက်ပြီး- “မင်းအရက်သောက်ချင်တယ်ဆိုရင်တော့ သောက်သွားလိုက်ပါ။ ကျုပ်ရှင်းလိုက်ပါ့မယ်။”
သူသည် အရက်မူးနေပုံရ၏။ သူ၏ပါးနှစ်ဘက်မှာ ဖောင်းမို့နေပြီး နှုတ်ခမ်းများက ရောင်ဖူးနေကြ ၏။ သူ၏စကားသံများကလည်း ဗလုံးဗထွေးဖြစ်နေပြီး နားလည်ရန်ခက်ခဲလှ၏။
အဝါရောင်ဝတ်လူရွယ်သည် ခပ်တည်တည်မျက်နှာထားဖြင့်ပင် အဘိုးအိုအား အကဲခတ်နေလိုက် ၏။ ပြီးနောက် စားပွဲပေါ်သို့ လက်တစ်ဘက်ဖြင့် ရိုက်ချလိုက်ရာ ပန်းကန်ပြားထဲတွင်ရှိနေသော မြေပဲဆံ များသည် အဘိုးအို၏ မျက်နှာဆီသို့ ပြေးဝင်သွားခဲ့ကြ၏။
အဘိုးအိုသည် အကြောက်လွန်သွားပြီး မလှုပ်ရှားနိုင်ဘဲဖြစ်သွားရကာ သူ့မျက်နှာထံပြေးဝင်လာ သော မြေပဲဆံပျံများကို အံ့အားသင့်စွာ ငေးကြည့်နေမိ၏။ မြေပဲဆံများ အဘိုးအို၏ မျက်နှာသို့ ထိ တော့မည့်အချိန်လေး၌ပင် အဝါရောင်ဝတ်လူရွယ်သည် သူ၏လက်တဘက်ကို လျင်မြန်စွာလှုပ်ရှား လိုက်ရာ မြေပဲဆံအားလုံး မူလ ပန်းကန်အတွင်းသို့ ဖြေးညင်းစွာ ပြန်လည်ကျဆင်းသွားခဲ့၏။
ကျစ်ဆံမြီးမိန်းကလေးသည် သဘောကျစွာရယ်မောလိုက်ပြီး- “အံ့ဩစရာကောင်းလှချည်လား။ ရှင် မျက်လှည့်ပြတတ်မှန်း ကျမ မသိခဲ့ဘူး။ နောက်တစ်ခါလောက် ထပ်ပြီးလုပ်ပြပါလားရှင်။ ရှင်သာ နောက်တစ်ခေါက်လောက် ထပ်လုပ်ပြရင် ကျမရဲ့ ဘိုးဘိုးက ရှင့်ကို အရက်ဝယ်တိုက်ပါလိမ့်မယ်။”
အဝါရောင်ဝတ်လူရွယ်သည် ထိပ်တန်းလက်နက်ပုန်းပညာရပ်တစ်ခုကို ရင်သပ်ရှုမောဖွယ်ရာ ပြသခဲ့ သော်လည်း သိုင်းပညာကို နကန်းတစ်လုံးမှ နားမလည်သူ ၂ ယောက်နှင့်လာတွေ့နေရ၏။ သူတို့သည် ဤ ပညာရပ်အား လမ်းဘေးမျက်လှည့်ပညာရပ်ဟု ထင်မြင်နေကြလေသည်။
သို့သော် အဝါရောင်ဝတ်လူရွယ်သည် စိတ်ဆိုးဟန်ပင်မပြခဲ့ချေ။ ကျစ်ဆံမြီးမိန်းကလေးကို တစ်ချက် သာ ပြုံးပြလိုက်ပြီး ဆက်၍လျှောက်ထွက်သွား၏။
ကျစ်ဆံမြီးမိန်းကလေးသည် စိတ်မရှည်စွာဖြင့် မေးလိုက်၏။ “ဟေး... နောက်ထပ် မျက်လှည့်တစ်ခု လောက် ထပ်လုပ်ပြပါဦးလား။ ကျမ နောက်ထပ် ထပ်ကြည့်ချင်သေးတယ်။”
ခပ်ပိန်ပိန်လူသည် ရယ်မောလိုက်ပြီး- “ဒီလိုမျိုး မျက်လှည့်ပညာရပ်တွေ မင်းကြည့်ချင်မှာ မဟုတ် ပါဘူး။”
“ဘာဖြစ်လို့လဲ။”
ခပ်ပိန်ပိန်လူ-“မင်းသာသိုင်းပညာတတ်မြောက်ထားမယ်ဆိုရင် သူ့ရဲ့မျက်လှည့်ပညာက မင်းကို လူသေတစ်ယောက်ဖြစ်သွားစေနိုင်တယ်။”
ကျစ်ဆံမြီးမိန်းကလေးသည် ခပ်ပိန်ပိန်လူ၏စကားကို မယုံကြည်နိုင်ဖြစ်သွားခဲ့ပြီး အဝါရောင်ဝတ် လူရွယ်ထွက်ခွာသွားရာသို့ မျက်ထောင့်ကပ်ပြီး ချောင်းကြည့်လိုက်၏။ သို့ရာတွင် မေးခွန်းများ ဆက်၍ မမေးတော့ပါ။
အဝါရောင်ဝတ်လူရွယ်သည် သူတို့၏ပြောစကားများကို မကြားလိုက်သည့်အလား ဇိုးသမား၏ စားပွဲဆီသို့ လျှောက်လှမ်းသွား၏။ သူ၏လက်ထဲမှ ဒင်္ဂါးပြားများကို မြှောက်ကစားနေလိုက်သေး၏။
ဇိုးသမားသည် အရက်မူးလွန်နေပုံရပြီး စားပွဲပေါ်တွင် မှောက်အိပ်နေသည်မှာ အတော်ပင် ကြာ ခဲ့လေပြီ။
အဝါရောင်ဝတ်လူရွယ်သည် ဇိုးသမား၏ဆံပင်ကို ဆွဲကိုင်လိုက်ပြီး မျက်နှာကို သေချာစွာ အကဲ ခတ်ကြည့်နေလိုက်၏။ ပြီးနောက် သူ၏လက်ကို ပြန်လွှတ်ပေးလိုက်လေတော့သည်။
သူ၏လက်မှ လွတ်သွားသည်နှင့်တပြိုင်နက် ဇိုးသမားသည် စားပွဲပေါ်သို့ ပြန်လည်မှောက်ကျ သွားခဲ့ပြီး ဆက်၍အိပ်နေလိုက်၏။
ခပ်ပိန်ပိန်လူ-“အရက်မူးတာက စိတ်ညစ်ညူးစရာတွေကို ပပျောက်စေတယ်ဆိုတဲ့စကားက သိပ် မှန်ပါလား။ အရက်မူးသမားတစ်ယောက်ဟာ အရက်မမူးတဲ့လူတွေထက်တော့ သာပါသေးတယ်။”
အဝါရောင်ဝတ်လူရွယ်သည် သူ့ကို ဘေးမယ့်ပေးထားလိုက်ပြီး တံခါးဝမှ ထွက်ခွာသွားလိုက်တော့ ၏။
ရယ်မောစရာကောင်းသည်မှာ ခေါင်းပေါ်တွင် ဒင်္ဂါးပြားများ အတင်ခံထားရသော လူ၆ယောက် တို့သည် ထိုလူရွယ်နောက်သို့ လည်ပင်းတွင်ကြိုးတစ်ချောင်း အချည်ခံထားရသည့်အလား လိုက်ပါသွား ကြလေသည်။
သူတို့၏မျက်နှာများက စိုးရွံ့နေကြပြီး ခါးကို မတ်မတ်ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မလှုပ်ရှား စေဘဲ ခြေလှမ်းများကို သတိကြီးစွာထားပြီး လျှောက်လှမ်းထွက်သွားကြ၏။
ခါးကုန်းစွန်းသည် ဤညလောက်ထူးဆန်းသောအဖြစ်အပျက်များကို သူ၏တစ်သက်တွင် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ထိုလူ၆ယောက်၏ သိုင်းပညာများနှင့်ဆိုလျှင် တော်ရုံသိုင်းသမားလောက်ကို အသာလေးပင် တိုက်ခိုက်နိုင်ကြသော်လည်း အဝါရောင်ဝတ်လူရွယ်ကို အဘယ်ကြောင့်များ ကြွက်ကကြောင်ကို ကြောက် သကဲ့သို့ ကြောက်ရွံ့နေကြသနည်း။
ခါးကုန်းစွန်း နားမလည်နိုင်တော့ပါ။
သူသည် နားလည်ရန်လည်း မကြိုးစားချင်တော့ပါ။ သူ၏အသက်အရွယ်အရဆိုလျှင် ဤအဖြစ်များ ကို နားလည်ရန် မကြိုးစားခြင်းက အကောင်းဆုံးဖြစ်မှန်း သူသိရှိထားလေသည်။
မိုးတိတ်သွားခဲ့သည်မှာ တော်တော်လေးကြာပြီဖြစ်သဖြင့် လေတစ်ချက်ဝှေ့လိုက်တိုင်းပင် အပြင် ဘက်မှ ဖုန်မှုန့်များနှင့်အမှိုက်များ တထောင်းထောင်းထနေ၏။
အဝါရောင်ဝတ်လူ၄ယောက်သည် မြေကြီးပေါ်တွင် ပန်းကန်လုံးကြီးကြီးအရွယ်ရှိသော စက်ဝိုင်း များခြစ်ဆွဲလိုက်ကြ၏။
ထိုလူ၆ယောက်သည် အပြင်ဘက်သို့ ရောက်သည်နှင့်တပြိုက်နက် အမိန့်ပေးသည်ကိုပင် စောင့် မနေတော့ဘဲ စက်ဝိုင်းများအတွင်းသို့ ဝင်ရပ်လိုက်ကြ၏။ ပြီးနောက် ထိုသူများသည် ကျောက်ရုပ်များ ကဲ့သို့ ငြိမ်သက်သွားခဲ့ကြ၏။
အဝါရောင်ဝတ်လူရွယ်သည် ဆိုင်တွင်းသို့ ပြန်လည်ဝင်ရောက်သွားကာ တွမ်ခိုင်ရှန်းထိုင်ခဲ့သော ခုံနေရာတွင် ဝင်ရောက်ထိုင်နေလိုက်၏။ ဆိုင်တွင်းသို့ ဝင်လာကာစ မျက်နှာထားအတိုင်းပင် သူ၏မျက် နှာသည် အရယ်အပြုံး ကင်းမဲ့နေလေသည်။
မိနစ်အနည်းငယ်ကြာသောအခါ နောက်ထပ် အဝါရောင်ဝတ်ဆင်ထားသူတစ်ဦး ဤနေရာသို့ ထပ် မံရောက်ရှိလာပြန်၏။
ထိုလူသည် အသက်အနည်းငယ်ပိုကြီးလေသည်။ သူ၏နားတစ်ဘက်မှာ ပြတ်နေပြီး မျက်လုံးတစ်ဘက်လည်း ကန်းနေကာ မျက်နှာထားက တင်းမာလှ၏။
သူသည် ရွှေရောင်ဘေးခွဲအစင်းများပါရှိသော အဝါရောင်ဝတ်ရုံရှည်ကိုပင် ဝတ်ဆင်ထားပြီး သူ၏ နောက်မှ ပုပု၊ ရှည်ရှည်၊ ကြီးကြီး၊ ငယ်ငယ် လူအများ တန်းစီ၍လိုက်ပါလာခဲ့ကြ၏။
ထိုသူတို့၏မျက်နှာထားများက တွမ်ခိုင်ရှန်းတို့အဖွဲ့၏ မျက်နှာထားများနှင့် ဆင်တူဖြစ်နေကြပြီး အပြင်ဘက်ရှိ စက်ဝိုင်းများအတွင်းသို့ သွားရောက် ရပ်နေလိုက်ကြ၏။
တစ်ယောက်သောသူမှာ အသားမည်းနက်နေပြီး လွန်စွာမှပင် ပိန်လှီလှ၏။ သူ၏မျက်နှာပြင်ထက် ၌ လွန်စွာမှပင် ကြောက်ရွံ့ထိတ်လန့်နေဟန်များ အထင်းသားပေါ်နေ၏။
မျက်လုံးတစ်ဘက်လပ်သည် တွမ်ခိုင်ရှန်းနှင့် အခြားလူများကို ကြည့်၍ရယ်မောလိုက်ပြီး ဆိုင်တွင်း သို့ဝင်ရောက်သွားကာ လူရွယ်ရှေ့ကခုံတွင် ဝင်ထိုင်လိုက်၏။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသော် လည်း စကားတစ်ခွန်းမှ မဟကြချေ။
တော်တော်လေးကြာသောအချိန်တွင် နောက်ထပ် အဝါရောင်ဝတ်ဆင်ထားသူတစ်ဦး ရောက်ရှိလာ ပြန်သည်။ သူသည် အသက်အရွယ်ပို၍ပင် ကြီးရင့်နေသေး၏။ ဆံပင်များက ဖြူဖွေးနေပြီး ရွှေရောင် ဘေးခွဲအစင်းများပါရှိသော အဝါရောင်ဝတ်ရုံရှည်ကိုပင် ဝတ်ဆင်ထားပြန်၏။ သူ၏နောက်မှပါလာသူ များမှာ ပို၍ပင် များပြားနေသေး၏။
အဝေးမှကြည့်သော် သူသည်ထူးခြားသူတစ်ယောက်မဟုတ်ဘဲ သာမန်လူတစ်ယောက်သာဖြစ်၏။ အနီးရောက်သောအခါတွင်မှ သူ၏မျက်နှာသည် အစိမ်းရောင်သမ်းနေပြီး သူ၏ဆံပင်ဖြူများနှင့်လိုက် ဘက်စွာ ကြောက်ရွံ့စရာကောင်းနေလေသည်။ မျက်နှာသည်သာ အစိမ်းရောင်သမ်းနေသည်မဟုတ် သူ၏ လက်နှစ်ဘက်သည်လည်း အစိမ်းရောင်သမ်းနေလေသည်။
အပြင်ဘက်တွင်ရှိနေကြသူများသည် ထိုသူ့ကို သရဲသဘက်တစ်ကောင်အလား ကြောက်ရွံ့စွာ လှမ်း၍ ကြည့်နေကြ၏။
၁နာရီအတွင်းမှာပင် အပြင်ဘက်ရှိ စက်ဝိုင်းများတွင်းသို့ လူများဖြင့် ပြည့်နှက်သွားတော့၏။ ထို သူများသည် စကားပြောဆိုခြင်းမရှိကြသလို နဲနဲလေးမျှပင် မလှုပ်ရှားကြပဲ ကျောက်ရုပ်များအလား ငြိမ်သက်စွာ ရပ်နေကြလေသည်။
နောက်ထပ် အဝါရောင်ဝတ်ဆင်ထားသူ အဘိုးအိုတစ်ယောက် ထပ်မံရောက်ရှိလာပြန်သည်။ ရွှေ ရောင် ဘေးခွဲအစင်းများပါရှိသော အဝါရောင်ဝတ်ရုံရှည်ကိုပင် ဝတ်ဆင်ထားပြန်၏။ တတိယရောက်ရှိ လာသောသူထက်ပင် ပို၍အသက်ကြီးရင့်နေသေး၏။ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လှမ်းလာပြီး သူခေါ် ဆောင်လာခဲ့သောလူများမှာ အများဆုံးဖြစ်နေ၏။
ထိုသူ၄ယောက်တို့သည် စားသောက်ဆိုင်လေးတွင်း၌ အသီးသီးမျက်နှာချင်းဆိုင် ထိုင်နေကြ သော်လည်း မည်သည့်စကားကိုမျှ ပြောဆိုနေကြခြင်းမရှိချေ။
အပြင်ဘက်မှလူများ၏ တိတ်ဆိတ်နေပုံမှာ သူတို့၏အသက်ရှုသံများကိုပင် ဆိုင်တွင်းမှ ကြားနေ ကြရလေသည်။
စားသောက်ဆိုင်ငယ်လေးသည် ချက်ချင်းပင် သုဿန်တစပြင်ကဲ့သို့ ငြိမ်သက်သွားခဲ့ရ၏။ ခါးကုန်း စွန်းတစ်ယောက်ပင်လျှင် ဆိတ်ငြိမ်နေရ၏။ သို့သော် ပုံပြင်ပြောသော မြေးအဖိုးနှစ်ယောက်သည် မည် သို့မျှ ထူးဆန်းဟန် မရှိကြချေ။
သူတို့သည် နောက်ထပ်မျက်လှည့်ပညာရပ်များကို ဆက်၍စောင့်ကြည့်နိုင်ပါဦးမည်လော...
ဤဖြစ်ရပ်များသည် အသက်ပေး၍ကြည့်ရှုရလောက်အောင် ထိုက်တန်သော မျက်လှည့်ပညာ ရပ်များပင် ဖြစ်နေသလော...
0 comments:
Post a Comment