‘ဒူ... ဒူ... ဒူ...’ ဆိုသောအသံများသည် လူသားများကို ကြောင်တောင်တောင်ဖြစ်သွားစေနိုင်၏။
အဝါရောင်ဝတ်ဆင်ထားသူ၄ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး အတူတကွ ထရပ်လိုက် ကြ၏။
ညအမှောင်ထုထဲမှ လူတစ်ယောက် ထွက်ပေါ်လာ၏။
ထိုသူသည် ဘယ်ဘက်ခြေထောက် ပြတ်နေပြီး ချိုင်းထောက်ကို အသုံးပြုကာ လျှောက်လှမ်းလာ နေ၏။
ဆိုင်လေး၏ မှိန်ပြပြမီးရောင်က ထိုသူ၏မျက်နှာပေါ်သို့ ထိုးကျနေ၏။ ရှုပ်ပွနေသော ဆံပင်များ သည် ပခုံးပေါ်သို့ ပြန့်ကျဲနေပြီး မျက်နှာသည် ကျွဲတစ်ကောင်၏အရေပြားထက်ပင် မည်းနက်နေသေး၏။ မျက်နှာတစ်ပြင်လုံးတွင်လည်း အမာရွတ်များပြည့်နှက်နေ၏။ တြိဂံပုံမျက်လုံးများ၊ ကြီးမားသောနှာခေါင်း၊ ကြီးမားသောပါးစပ်နှင့် မျက်ခုံးထူထူများက အမာရွတ်များ ရှိမနေပင်လျှင် ကြောက်စရာကောင်းနေ သေးတော့၏။ တွေ့မြင်လိုက်ရသူအပေါင်း အော်ဂလီဆန်သွားစေနိုင်လေသည်။
သို့ရာတွင် ထိုသူအား အဝါရောင်ဝတ်ဆင်ထားသူ၄ယောက်သည် ဦးညွှတ်၍ အရိုအသေပေး လိုက်ကြ၏။
ခြေတစ်ဘက်ပြတ်လူသည် လက်ကိုခါရမ်းပြလိုက်၏။
ဒူ... ဒူ... ဒူ... ... ထိုသူသည် ဆိုင်တွင်းသို့ လျှောက်လှမ်းလာလေတော့သည်။
ထိုသူသည် အဝါရောင်ဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး ရွှေရောင်ဘေးခွဲအစင်းများပါရှိကြောင်းကို ခါးကုန်းစွန်း သတိထားမိလိုက်၏။
ခပ်ပိန်ပိန်လူသည်လည်း ထိုသူဝင်ရောက်လာသောအခါ အမူအရာများ ပြောင်းလဲသွားခဲ့ရ၏။
ကျစ်ဆံမြီးမိန်းကလေးသည် ခေါင်းကိုတစ်ဘက်သို့ လှည့်ထားလိုက်ပြီး ထိုသူ့ကို မကြည့်ရဲတော့ ချေ။
ခြေတစ်ဘက်ပြတ်လူသည် အခန်းတွင်းသို့ သေချာစွာ အကဲခတ်လိုက်ပြီး ခပ်ပိန်ပိန်လူအား တွေ့ လိုက်သောအခါ သူ၏မျက်လုံးက အရောင်တောက်ပလာခဲ့ပြီး သူ၏လူများဘက်သို့ လှည့်ပြောလိုက် ၏။ “မင်းတို့ ပင်ပန်းသွားခဲ့ကြပြီ။”
သူ၏ ရုပ်ရည်သွင်ပြင်သည် ကြောက်စရာကောင်းသော်လည်း သူ၏အသံသည် နားဝင်ချိုဖွယ် ကောင်းနေလေသည်။
အဝါရောင်ဝတ်ဆင်ထားသူ၄ယောက်က ပြန်ဖြေလိုက်၏။ “ဘာမှအပန်းမကြီးပါဘူး။”
ခြေတစ်ဘက်ပြတ်လူ-“သူတို့အားလုံး စုံပြီလား။”
အဝါရောင်ဝတ်ဆင်ထားသူတဦး-“အားလုံးပေါင်း ၄၉ ယောက်၊ စုံပါပြီ။”
ခြေတစ်ဘက်ပြတ်လူ-“သူတို့အားလုံး အဲ့ဒီပစ္စည်းအတွက်လာခဲ့ကြတာ သေချာလား။”
အဝါရောင်ဝတ်အဘိုးအို-“သေချာပါတယ်။ သူတို့အားလုံး လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ရောက်နေခဲ့ကြတာဆိုတော့ အဲ့ဒီပစ္စည်းအတွက်ဆိုတာ ထင်ရှားပါတယ်။ မဟုတ်ရင် ဘယ်သူကလာ မှာလဲ။”
ခြေတစ်ဘက်ပြတ်လူ-“ခင်ဗျားက သေချာအောင် စုံစမ်းစစ်ဆေးပြီးရင်တော့ အတိုင်းအထက်အ လွန်ပါပဲ။ ကျုပ်တို့က အပြစ်မယ့်သူတွေကို မှားပြီး မနာကျင်စေချင်ဘူး။”
အဝါရောင်ဝတ်အဘိုးအို-“ကျုပ် နားလည်ပါတယ်။”
ခြေတစ်ဘက်ပြတ်လူ-“အဲ့ဒီလူတွေကော နားလည်ကြရဲ့လား။”
အဝါရောင်ဝတ်အဘိုးအို-“သူတို့တွေ ဘာမှမသိကြသေးဘူး။”
ခြေတစ်ဘက်ပြတ်လူ-“ဒါဆိုရင်တော့ သူတို့ကို နားလည်အောင် ကျုပ်တို့ ပြောပြရလိမ့်မယ်။”
“ကောင်းပါပြီ။”
အဝါရောင်ဝတ်အဘိုးအိုသည် အပြင်ဘက်သို့ ထွက်သွားလိုက်ပြီး- “ကျုပ်တို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အားလုံးပဲ သိထားကြပြီးဖြစ်လိမ့်မယ်။ မင်းတို့အားလုံး ဒီကိုလာခဲ့ကြတဲ့ ရည်ရွယ်ချက် တွေကိုလည်း ကျုပ်တို့က သိထားပြီးပြီ။ မင်းတို့အားလုံး စာတစ်စောင်ကြောင့် ဒီကိုရောက်လာခဲ့ကြတယ် ဆိုတာ သံသယရှိစရာမလိုဘူး။”
စက်ဝိုင်းတွင်းမှလူများသည် စကားပြန်ပြောဖို့ နေနေသာသာ သူတို့၏ ခေါင်းများကိုပင် မညိတ် ပြရဲကြချေ။
အဝါရောင်ဝတ်အဘိုးအို-“ဒါပေမဲ့ မင်းတို့ရဲ့ သိုင်းပညာ အစွမ်းအစနဲ့ဆိုရင် မင်းတို့ဒီကို မလာခဲ့ ကြသင့်ဘူး။ ဒါကြောင့်မို့လို့လည်း မင်းတို့အပြင်မှာ ရပ်နေကြရတာပေါ့။ ရပ်မြဲအတိုင်း ရပ်နေကြပါ။ ကျုပ် တို့ရဲ့ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားသည်အထိ ဘေးကင်းစွာရှိနေကြအောင် ကျုပ်တာဝန်ယူ ပါတယ်။ မင်းတို့ကို ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး။”
သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး- “အားလုံးပဲ သိထားကြမယ်လို့ထင်ပါတယ်။ အကြောင်းမရှိဘဲ ကျုပ်တို့က ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။”
ထိုစကားကို ပြောနေစဉ်မှာပင် တစ်စုံတစ်ယောက်က ချောင်းဆိုးလိုက်၏။
ချောင်းဆိုးလိုက်သူမှာ ဟူမေဖြစ်၏။ သူမ၏ခါးတုတ်ခိုင်လာမည်ဆိုး၍ အဝတ်ပါးပါးလေးသာ ဝတ် ဆင်လာခဲ့မိ၏။ လှချင်ကြသော မိန်းမများ၏ ဆိုးရွားသော ပျော့ညံ့ချက်တစ်ခုပင်။ သူမ၏အဝတ်အစား များသည် ပါးလွှာနေရုံသာမက ယနေ့အတွက် အပြင်ဘက်တွင် လေကလည်း တဝုန်းဝုန်းတိုက်ခတ်နေ၏။ ထို့ပြင် လူအားလုံး၏ရှေ့တွင် သူမသည် ရပ်နေရသောကြောင့် လေတိုးဒဏ်ကို အလူးအလဲခံစားနေရ လေသည်။ သူမ အအေးမိသည်မှာ မထူးဆန်းပါ။
သူမသည် နှာချေလိုက်သောကြောင့် ခေါင်းပေါ်တွင် တင်ထားသော ဒင်္ဂါးပြားလေးသည် လွင့်ကျ သွားခဲ့ရ၏။
‘ချွမ်...’သူမ၏မျက်နှာက ဖြူဖွေးသွားရုံသာမက လူအားလုံးပင် ထိတ်လန့်သွားခဲ့ကြ၏။
အဝါရောင်ဝတ်အဘိုးအို-“ကျုပ်တို့ရဲ့ စည်းကမ်းချက်တွေကို မင်းသိလား။”
ဟူမေ-“သိ... သိပါတယ်။”
အဝါရောင်ဝတ်အဘိုးအိုသည် သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး- “မင်းနည်းနည်းလေး ပိုပြီးတော့ ဂရုစိုက်သင့် တယ်။”
ဟူမေ၏ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားခဲ့ရပြီး- “မတော်တဆဖြစ်သွားခဲ့ရတာပါရှင်... ကျမကို ချမ်း သာပေးပါ။”
အဝါရောင်ဝတ်အဘိုးအို-“မတော်တဆဖြစ်သွားတာကို ကျုပ်လည်းသိပါတယ်။ ဒါပေမဲ့ စည်းကမ်းကို တော့ ကျုပ် မဖောက်ဖျက်နိုင်ဘူး။ စည်းကမ်းကို ခဏခဏပြင်လိုက် ဖျက်လိုက်လုပ်နေရင် ဘယ်သူက စည်းကမ်းလိုက်နာကြတော့မှာလဲ။ မင်းလည်းနားလည်မယ်လို့ ထင်ပါတယ်။”
ဟူမေသည် တစ်ဘက်သို့လှည့်လိုက်ပြီး ဟူဖေ့ကို စိုက်ကြည့်လိုက်ကာ- “အစ်ကိုကြီး... ကျမကို မကယ်တော့ဘူးလား။”
ဟူဖေ့သည် မျက်လုံးကိုမှိတ်လိုက်ပြီး ကိုယ်ကို တောင့်မတ်ထားလိုက်ကာ- “ကျုပ်က ဘာများ တတ်နိုင်ဦးမှာလဲ...”
ဟူမေသည် ပြုံးလိုက်ပြီး- “ကျမသိပါတယ်... အစ်ကိုကြီးကို ကျမ... ကျမအပြစ်မဆိုပါဘူး။”
သူမ၏မျက်လုံးများက ရွေ့လျားသွားကြပြီး ယန်ချင်းကျုရှေ့တွင် ရပ်တန့်သွားခဲ့၏။ “ယန်မောင် လေး... ကျမသွားရတော့မယ်။ ကျမကိုပြောစရာစကား ရှင့်မှာမရှိတော့ဘူးလား။”
ယန်ချင်းကျု၏မျက်လုံးများက အောက်သို့သာငုံ့ကြည့်ထားကြပြီး မည်သည့်စကားမှ မပြောဆို တော့ချေ။
ဟူမေ-“ကျမကို တစ်ချက်လေးတောင်မှ မကြည့်တော့ဘူးပေါ့လေ။”
ယန်ချင်းကျုသည် မျက်လုံးများကို ပိတ်ထားလိုက်၏။
ဟူမေသည် ရုတ်တရက်ပင် ရယ်မောလိုက်ပြီး ယန်ချင်းကျုကို လက်ညှိုးထိုးလိုက်ကာ- “အားလုံးပဲ ကြည့်လိုက်ကြစမ်းပါ။ ဒီလူဟာ ကျမရဲ့ချစ်သူပါ။ ကျမက သူ့ကိုချစ်နေသေးသရွေ့ ကျမအတွက် သူ့ အသက်ကိုတောင်မှ စွန့်ဝံ့တယ်လို့ မနေ့ညကတင် ပြောခဲ့သေးတယ်။ အခုတော့... ကျမကိုတောင် လှည့်မကြည့်တော့ပါလား။ ကျမကို ကြည့်ရုံလေးနဲ့ သူ့ကို ရောဂါကူးစက်သွားနိုင်တယ်လို့များ ထင်နေ လားမသိပါဘူး။ ဟင်းဟင်းဟင်း...”
သူမ၏ ရယ်မောသံများက တဖြည်းဖြည်း တိုးညင်းပျောက်ကွယ်သွားခဲ့ပြီး မျက်ရည်များသာ ပါး ပြင်ပေါ်သို့ လိမ့်ဆင်းကျလာ၏။ “ကြင်နာတယ်ဆိုတာ ဘာလဲ... အချစ်ဆိုတာဘာလဲ... ကျမက ဘာ အတွက် အသက်ရှင်သန်နေရဦးမှာလဲ... ရှင်နေတာထက် သေသွားတာကမှ ပိုကောင်းသေးတယ်။”
ထိုစကားကို ပြောနေစဉ်မှာပင် သူမ၏ခန္ဓာကိုယ်က ပေအတော်ဝေးဝေးသို့ လှိမ့်ချသွားလိုက်၏။ တချိန်ထဲမှာပင် ကြယ်ပျံလက်နက်ပုန်းများကို အဝါရောင်ဝတ်အဘိုးအိုထံသို့ ပစ်လွှတ်ခဲ့သေး၏။ ပြီး နောက် သူမသည် ခုန်ပျံကျော်လွှားလိုက်ပြီး နံရံပေါ်သို့ရောက်ရှိရန် ကြိုးစားလိုက်လေတော့သည်။
ဟူမေ၏ အစွမ်းထက်ဆုံးပညာရပ်များမှာ လက်နက်ပုန်းပစ်ပညာနှင့် ကိုယ်ဖော့ပညာရပ်များ ဖြစ်၏။ သူမသည် ထိုပညာရပ်များတွင် တော်တော်လေး ထူးချွန်လေသည်။ ကြယ်ပျံတစ်ခုချင်းစီ၏ ဦး တည်ရာ ပစ်မှတ်များသည် လျင်မြန်တိကျသလို သေကွင်းသေကွက်များဆီသို့သာဖြစ်၏။
အဝါရောင်ဝတ်အဘိုးအိုသည် မျက်ခုံးတစ်ဘက်ကို ပင့်တင်လိုက်ပြီး- “ဘာလို့များ ဒုက္ခခံချင်ရသေး တာလဲ......”
သူသည် စကားပြောဆိုရာတွင်လည်းကောင်း၊ လမ်းလျှောက်ရာတွင်လည်းကောင်း နှေးကွေး ကောင်း နှေးကွေးမည်ဖြစ်သော်လည်း သူ၏လှုပ်ရှားမှုများကတော့ လွန်စွာမှပင် လျင်မြန်လှလေသည်။ စကားအဆုံးတွင် ကြယ်ပျံများအားလုံးကို သူ့အင်္ကျီလက်အိုးဖြင့် ဖမ်းယူခဲ့ပြီး ဖြစ်နေ၏။
နံရံပေါ်သို့ ပြေးတက်ရန်ကြိုးစားနေသော ဟူမေသည် သူမ၏နောက်ကျောမှ ပြင်းထန်သော အား လှိုင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ ပြီးနောက် နံရံနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့ပြီး သူမ၏တကိုယ်လုံး စုတ်ပြတ်သွားကာ သွေးအလိမ်းလိမ်း ပေကျံကုန်တော့သည်။
အဝါရောင်ဝတ်အဘိုးအို-“မင်း ဘာနာကျင်မှုမှ မခံစားရပဲ သေသွားနိုင်ခဲ့သေးတယ်။ ခုတော့... စိတ်မကောင်းစရာပါပဲ...”
ဟူမေသည် သူမ၏ရင်ဘတ်ကို လက်နှစ်ဘက်ဖြင့် ဖိကပ်ထားလိုက်ပြီး ချောင်းဆိုးထုတ်လိုက်ရာ သွေးများ အံထွက်လာခဲ့ရ၏။
အဝါရောင်ဝတ်အဘိုးအို-“ဒါပေမဲ့ မင်းမသေခင်လေးမှာ ကျုပ်တို့က မင်းအတောင့်တဆုံး ဆန္ဒ တစ်ခုကို ဖြည့်ဆီးပေးပါ့မယ်။”
ဟူမေ-“ဒါက ရှင်တို့ရဲ့ စည်းကမ်းချက်ထဲက တစ်ခုလား။”
“အမှန်ပဲ...”
“ကျမက ဘာပဲတောင်းဆို တောင်းဆို ရှင်တို့က ဖြည့်ဆီးပေးမယ်ပေါ့။”
အဝါရောင်ဝတ်အဘိုးအို-“မင်းမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေရှိနေခဲ့မယ်ဆိုရင် ကျုပ်တို့က ပြီး စီးအောင် ဖြည့်ဆီးဆောင်ရွက်ပေးပါ့မယ်။ မင်းကသာ ကလဲ့စားချေချင်တယ်ဆိုရင် မင်းကိုယ်စား ကျုပ် တို့က ကလဲ့စားချေပေးပါ့မယ်။”
သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး- “ကျုပ်တို့ရဲ့လက်ထဲမှာ သေဆုံးရသူတိုင်းဟာ ကံကောင်း ကြတယ်လို့ ယူဆနိုင်ပါတယ်။”
ဟူမေ၏မျက်လုံးများက တလက်လက်တောက်ပလာခဲ့ကြပြီး- “ကျမကသေရတော့မယ်ဆိုတော့ ကျမကို သတ်မယ့်လူကို ကျမကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်ပေါ့။”
အဝါရောင်ဝတ်အဘိုးအို-“ပြသနာမရှိပါဘူး။ မင်းဘယ်သူ့ကို ရွေးချယ်မယ်လို့ စိတ်ကူးထားလို့ လဲ။”
ဟူမေသည် သူမ၏ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးနောက်- “သူပဲ... ယန်ချင်းကျု။”
ယန်ချင်းကျု၏မျက်နှာသည် ဖြူဖွေးသွားကာ- “ဒါ... ဘာအဓိပ္ပါယ်လဲ... မင်းကကျုပ်ကိုပါ သေရွာ ကိုအတူ ခေါ်သွားချင်နေတာလား။”
ဟူမေ-“ရှင်ကသာ ကျမအပေါ် စိတ်ဝင်စားမှုတွေကို ပြရုံတင်ပြသခဲ့တာပါ။ ကျမကတော့ ရှင့်ကို ချစ်တယ်။ ရှင့်လက်ထဲမှာသာ သေရမယ်ဆိုရင် ကျမလောက်ပျော်မယ့်သူရှိမှာ မဟုတ်တော့ဘူး။”
အဝါရောင်ဝတ်အဘိုးအို-“လူတစ်ယောက်ကို သတ်ရတာလွယ်ပါတယ်။ မင်းမလုပ်နိုင်ဘူးလို့တော့ ကျုပ်ကို မပြောပါနဲ့။”
သူ၏လက်ကို လှုပ်ခါလိုက်ရာ ဓားမြောင်တစ်ချောင်းထွက်ပေါ်လာ၏။ ပြီးနောက် ယန်ချင်းကျုရှိရာ သို့ လျှောက်သွားလိုက်ပြီး ဓားကို ပစ်ပေးလိုက်ကာ- “ဒီဓားမြောင်က သိပ်ထက်တယ်။ လူတစ်ယောက်ကို နှစ်ခါမလှီးဖြတ်ရဘူး။”
ယန်ချင်းကျုသည် သူ၏ခေါင်းကို ခါရမ်းလိုက်၏။ “ကျုပ်... ကျုပ် မလုပ်နိုင်...”
‘ချွမ်’... သူ၏ခေါင်းပေါ်မှ ဒင်္ဂါးပြားလေးသည် သူခေါင်းရမ်းလိုက်စဉ်တွင် ပြုတ်ကျသွားခဲ့၏။ ယန်ချင်းကျု၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရ၏။
ဟူမေသည် အူလှိုက်သည်းလှိုက် ရယ်မောနေလိုက်ပြီး- “ကျမသာ သေသွားခဲ့ရင် ရှင်လည်း အသက် ရှင်လျက် မနေတော့ဘူးလို့ ပြောခဲ့တယ်လေ။ အခုတော့ ကျမနဲ့ အတူတူ လိုက်သေတော့မယ်ပေါ့။ ရှင့် မှာ ကျမအတွက် ခံစားမှုလေးတော့ ရှိနေသားပဲ။”
ယန်ချင်းကျု၏တစ်ကိုယ်လုံး တုန်ခါနေပြီး- “ကောင်မ... ခွေးမ... ရက်စက်လှချည်လား။”
သူသည် ရုတ်တရက်ပင် ဓားမြောင်ကို ကောက်ယူလိုက်ပြီး ဟူမေဆီသို့ ပြေးသွားလိုက်ကာ သူမ ၏လည်ပင်းကို လှီးဖြတ်လိုက်၏။ သွေးများက မြင်မကောင်းအောင်ပင် ပန်းထွက်လာကြလေသည်။
ထို့နောက် သူ၏စိတ်ကို ဖြေလျှော့လိုက်ပြီး ခေါင်းကို ကောင်းကင်ဘက်သို့ မော့ထားလိုက်၏။
လူတိုင်းပင် သူ့ကို အေးစက်စွာ ကြည့်နေကြလေသည်။
ယန်ချင်းကျုသည် မြေကြီးပေါ်သို့ ခြေတစ်ချက်ဆောင့်ချလိုက်ပြီး ထိုဓားဖြင့်ပင် သူ၏လည်ပင်းကို သူ လှီးဖြတ်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ကြီးသည် ဟူမေ၏အလောင်းပေါ်သို့ ပြုတ်ကျသွား တော့၏။
ထိုသူများထူးဆန်းစွာ လမ်းလျှောက်ကြပုံ၊ ထူးဆန်းစွာ ပြုမူကြပုံများကို ယခုမှပင် ခါးကုန်းစွန်းတစ်ယောက်နားလည်သွားခဲ့ရလေသည်။
အဝါရောင်ဝတ်ဆင်ထားသူများ၏ စည်းကမ်းချက်များသည် ကြောက်မက်ဖွယ်ကောင်းရုံမက ငြင်း ဆိုနိုင်ခွင့်ပင် မရှိချေ။
ခပ်ပိန်ပိန်လူက လုံးဝဂရုစိုက်ဟန်ပင်မပြသည်မှာ သူ့အတွက် ထိုအရာများသည် နေ့တဓူဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခု အတိုင်းပင်။
ထိုတစ်ချိန်ထဲ၌ပင် ခြေတစ်ဘက်ပြတ်လူသည် ခပ်ပိန်ပိန်လူရှိရာသို့ လျှောက်သွားလိုက်ပြီး မျက် နှာချင်းဆိုင် ထိုင်ချလိုက်၏။
ခပ်ပိန်ပိန်လူသည် သူ၏ခေါင်းကို ဖြေးညင်းစွာမော့ကြည့်လိုက်၏။
သူတို့နှစ်ယောက်သည် စကားပြောဆိုခြင်းမရှိကြသော်လည်း ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ် ပေါ်လာနိုင်သည်ဟု ခါးကုန်းစွန်း ယူဆထားလေသည်။
ထိုသူနှစ်ယောက်၏ အကြည့်များက ဓားသွားနှစ်လက်ကဲ့သို့ပင် တစ်ယောက်ကိုတစ်ယောက် ထိုး ဖြတ်ရန် ကြိုးစားနေကြ၏။
အတော်လေးကြာသောအခါမှ ခြေတစ်ဘက်ပြတ်လူသည် ပြုံးပြလိုက်၏။ သူ၏အပြုံးသည် အတုမ ရှိ၊ ထူးဆန်းသော အပြုံးမျိုးဖြစ်၏။ သူ၏ထိုအပြုံးကြောင့် ရုပ်ဆိုးမှုကို ပပျောက်သွားစေပြီး မြင်ရသူတိုင်း ပင် နွေးထွေးကြင်နာမှုများကို တပြိုင်နက်ထဲ ခံစားလိုက်ကြရ၏။
“မင်းဘယ်သူလဲဆိုတာ ကျုပ်သိပြီ။”
ခပ်ပိန်ပိန်လူ-“ဟုတ်လား...”
ခြေတစ်ဘက်ပြတ်လူ-“ကျုပ်တို့ ဘယ်သူဆိုတာလဲ မင်းသိမယ်လို့ထင်ပါတယ်။”
“လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ မင်းတို့ကို မသိတဲ့သူတစ်ယောက်မှ ရှိမှာတောင်မဟုတ်ဘူးလို့ ကျုပ် ယူဆမိပါတယ်။”
ခြေတစ်ဘက်ပြတ်လူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စာတစ်စောင်ကို ထုတ်ယူလိုက်၏။
စာသည် ပုံမှန်စာတစ်စောင်အတိုင်းပင်ဖြစ်၏။ သို့သော် စာထဲပါ အကြောင်းအရာများကို ခါးကုန်း စွန်းသည် လွန်စွာမှပင် သိချင်နေမိ၏။
ခြေတစ်ဘက်ပြတ်လူ-“မင်းလည်း ဒီစာကြောင့် ဒီကိုရောက်လာခဲ့တာမဟုတ်လား။”
ခပ်ပိန်ပိန်လူ-“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
ခြေတစ်ဘက်ပြတ်လူ-“လူ ၁၀၀ ကျော်လောက် ဒီလိုမျိုးစာတွေ ရရှိခဲ့ကြတယ်လို့ ကျုပ်သိထား တယ်။ ဒါပေမဲ့ ဘယ်သူရေးတာလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြဘူး။ ကျုပ် သေသေချာချာစုံ စမ်းခဲ့ပေမယ့်လည်း ဘာသတင်းအချက်အလက်မှ မရရှိခဲ့ဘူး။”
ခပ်ပိန်ပိန်လူ-“မင်းတောင်မှ ရှာမတွေ့နိုင်သေးရင် ဘယ်သူမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။”
ခြေတစ်ဘက်ပြတ်လူ-“ဘယ်သူရေးခဲ့တာလဲဆိုတာ ကျုပ်တို့မသိနိုင်ပေမယ့် ဘာရည်ရွယ်ချက်နဲ့ ရေး ခဲ့တာလဲဆိုတာကိုတော့ ကျုပ်တို့သိပါတယ်။”
“ဟုတ်ရဲ့လား...”
ခြေတစ်ဘက်ပြတ်လူ-“သိုင်းလောကရဲ့ နာမည်ကြီးတွေ ဒီနေရာကို အားလုံး စုစည်းရောက်ရှိလာ ပြီး အချင်းချင်း တိုက်ခိုက်ကြအောင် သူဖန်တီးခဲ့တာပဲ။ သူ့အတွက် အကျိုးအမြတ် တစ်ခုခုတော့ ရှိချင် ရှိနေနိုင်တာပေါ့လေ။”
ခပ်ပိန်ပိန်လူ-“ဒါဆိုရင် မင်းက ဒီမှာဘာလာလုပ်နေသေးတာလဲ...”
ခြေတစ်ဘက်ပြတ်လူ-“ဘာဖြစ်လို့လဲဆိုတော့ လူတွေအများကြီး သေကြေပျက်စီးကြမှာမို့လို့ ကျုပ်တို့ ဒီကို ရောက်လာခဲ့တာပါ။”
“ဟုတ်ရဲ့လား...”
ခြေတစ်ဘက်ပြတ်လူသည် ပြုံးပြလိုက်ပြီး- “ကျုပ်တို့ရောက်လာခဲ့တယ်။ လူတွေကို ဒီစာရဲ့ ရည် ရွယ်ချက်ကို ပြောပြလိုက်မယ်။ ဒါဆိုရင် သူတို့အားလုံး ဒီထောင်ချောက်ထဲကို ဘယ်ကျရောက်နိုင် တော့မှာလဲ။”
ခပ်ပိန်ပိန်လူ-“မင်းက သိပ်ကိုလူသားဆန်နေပါလား။”
ခြေတစ်ဘက်ပြတ်လူသည် သူ့ထံမှ ခနဲ့တဲ့တဲ့စကားကို သတိပင်မထားလိုက်မိပဲ- “ကျုပ်တို့က ကြီး မားတဲ့ ပြဿနာကို သေးဖွဲအောင်၊ သေးဖွဲတဲ့ပြဿနာကို ပပျောက်သွားစေချင်ရုံ သက်သက်ပါ။
ခပ်ပိန်ပိန်လူ-“ဒီနေရာမှာ ရတနာတွေ ရှိ၊ မရှိ ဘယ်သူမှ သေသေချာချာကြီး မသိနိုင်ကြပါဘူး။”
ခြေတစ်ဘက်ပြတ်လူ-“ဒါကြောင့်မို့လို့ ဒီအတွက်နဲ့ လူတွေအသက်ဆုံးပါးသွားကြမယ်ဆိုရင် တော် တော့်ကို ဝမ်းနည်းဖို့ကောင်းမှာပဲ။”
ခပ်ပိန်ပိန်လူ-“ကျုပ်လည်း ဒီကိုရောက်လာမှတော့ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ကြည့် မြင်သွားချင်သေးတယ်။ စကားလေး တစ်ခွန်း နှစ်ခွန်းလောက်နဲ့တော့ ကျုပ်ကို ဒီကနေ ထွက်သွား အောင် မစွမ်းဆောင်နိုင်သေးပါဘူး။”
ခြေတစ်ဘက်ပြတ်လူ၏မျက်နှာထားသည် ရုတ်ချည်းပင် တင်းမာသွားခဲ့ရပြီး- “ဒါဆိုရင် မင်းက လုံး ဝကို ထွက်မသွားနိုင်ဘူးပေါ့...”
ခပ်ပိန်ပိန်လူသည် အေးစက်စွာရယ်မောလိုက်ပြီး- “ကျုပ် ဒီကနေ ထွက်သွားလိုက်ရင်တောင် ပစ္စည်းက မင်းလက်ထဲကို ရောက်လာမှာ မဟုတ်ပါဘူးကွာ...”
ခြေတစ်ဘက်ပြတ်လူ-“မင်းကလွဲလို့ ကျုပ်တို့နဲ့ ယှဉ်နိုင်မယ့်လူတစ်ယောက်မှ ကျုပ်မမြင်မိပါလား။”
သူ၏ သံမဏိချိုင်းထောက်ကို ဖိချလိုက်ရာ ‘ဒုတ်’...ကနဲမြည်သွားပြီး ၂ မီတာရှည်သော ချိုင်းထောက်သည် ၁မီ တာခွဲခန့် မြေကြီးထဲသို့ မြုပ်ဝင်သွားလေတော့၏။
ခပ်ပိန်ပိန်လူ-“ကောင်းလိုက်တဲ့ အတွင်းအား။ ပိုင်ရှောင်ရှန်းရဲ့ လက်နက်စာရင်းစာအုပ်ထဲမှာ မင်းရဲ့ သံမဏိချိုင်းထောက်က နံပါတ် ၈ နေရာရထားတာ မထူးဆန်းတော့ပါဘူး။”
ခြေတစ်ဘက်ပြတ်လူ-“မင်းရဲ့ နာမည်ကျော် မြွေကျာပွတ်ကလည်း နံပါတ် ၇ ရထားတာဆိုတော့ ကျုပ် ကလည်း စမ်းချင်နေတာနဲ့ အတော်ပဲ။”
ခပ်ပိန်ပိန်လူ-“ကျုပ်ကလည်း ဒီတိုက်ပွဲကို စောင့်စားနေခဲ့တာပါ...”
0 comments:
Post a Comment