Friday, March 4, 2011

(၂၉) မျက်စိပါရှိသောကျာပွတ်

ခပ်ပိန်ပိန်လူသည် စားပွဲကိုလက်ဖြင့်တစ်ချက်ပုတ်လိုက်ရာ သူ၏ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွား၏။ လေနုအေးလေးတိုက်ခတ်လာခဲ့ပြီးနောက် သူ၏လက်ထဲသို့ အနက်ရောင် ကျာ ပွတ်တစ်ချောင်း ရောက်ရှိလာခဲ့၏။

သူ၏လက်ကို လှုပ်ခါလိုက်ရာ ကျာပွတ်ရှည်သည် လေတိုးသံများထွက်ပေါ်လာကာ အပြင်ဘက် ၌ရပ်နေကြသော လူများဆီသို့ ဦးတည်သွား၏။ ထို့နောက် တချွမ်ချွမ်အသံများကိုကြားလိုက်ကြရပြီး လူပေါင်း ၄၀ ကျော်တို့၏ခေါင်းများပေါ်မှ ဒင်္ဂါးပြားများ မြေပေါ်သို့ ပြုတ်ကျလာခဲ့ကြ၏။

ထိုလူပေါင်း ၄၀ ကျော်တို့သည် သိုင်းလောကတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူများ ဖြစ်ကြ သော်လည်း ဤမျှလှပသေသပ်သော ကျာပွတ်ရိုက်ချက်မျိုးကို လုံးဝမတွေ့ဖူးခဲ့ကြချေ။

သူ၏လက်ထဲတွင် ကျာပွတ်ရှိနေသည့်အချိန်များတွင် ကျာပွတ်သည် အသက်ဝင်လာပြီး မျက်လုံး တစ်စုံရှိနေပုံလည်းရ၏။

လူပေါင်း ၄၀ကျော်တို့သည် အချင်းချင်းကြည့်လိုက်ကြပြီး ကိုယ်ဖော့ပညာများအသုံးပြုလိုက်ကြ ကာ အသီးသီးပင် လမ်းမဘက်ဆီသို့ ထွက်ပြေးလိုက်ကြ၏။ အချို့သူများသည် နံရံပေါ်သို့ ခုန်တွယ် တက်လိုက်ကြပြီးထွက်ပြေးသွားကြ၏။ မြင်ကွင်းတစ်ခုလုံး လူအုပ်ကြီး၏အရိပ်များဖြင့် ဖုံးလွှမ်းသွားလေ သည်။ အချိန်တိုလေးအတွင်း၌ပင် လူအားလုံး ပျောက်ကွယ်သွားကြလေသည်။



အဝါရောင်ဝတ်အဘိုးအို၏ မျက်နှာသည် နီရဲသွားခဲ့ပြီး ဒေါသထွက်စွာဖြင့်- “မင်းက သူတို့ခေါင်း ပေါ်က မရဏဒင်္ဂါးပြားတွေကို အောက်ကိုပြုတ်ကျအောင် လုပ်ခဲ့တာ သူတို့အစားသေပေးချင်လို့ပေါ့ လေ၊ ဟုတ်လား။”

ခြေတစ်ဘက်ပြတ်လူသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး- “ကျာပွတ်ဘုရင် စီမင်းရုရဲ့အသက် က ကျန်လူအားလုံးရဲ့အသက်တွေနဲ့ အစားထိုးလို့ရပါသေးတယ်။”

သူသည် သံမဏိချိုင်းထောက်ကို ဆွဲထုတ်လိုက်ပြီး မြေပြင်ပေါ်၌ ခြေတစ်ချောင်းထောက် ရပ်နေ သည်မှာ သစ်ပင်တစ်ပင်၏ သစ်မြစ်များမြေကြီးထဲသို့ စိုက်တွယ်ထားသကဲ့သို့ပင်။

အဝါရောင်ဝတ်ဆင်ထားသော အဘိုးအိုသည် လက်ကိုဆန့်ထုတ်လိုက်ရာ အရာရှိစုတ်တံတစ်ချောင်းထွက်ပေါ်လာ၏။ ဤလိုလက်နက်မျိုးအသုံးပြုနိုင်သူထံတွင် လွန်စွာမှကောင်းသော အတွင်းအား ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

စီမင်းရုကို လူ၄ယောက်က ဝိုင်းရံထားလိုက်ကြ၏။

မျက်လုံးတစ်ဘက်လပ်နေသူတစ်ယောက်သာ နောက်သို့တလှမ်းချင်းဆုတ်သွားလိုက်ပြီး သူ၏ဝတ် ရုံကို လှစ်ဟလိုက်သောအခါ ရှည်ရှည်၊ တိုတို လှံသွား ၄၉ ချောင်းကို မြင်လိုက်ကြရ၏။

လူ၅ဦး၏မျက်လုံးများက စီမင်းရု၏ ကျာပွတ်ရှည်ကို အာရုံစိုက်၍ ကြည့်နေလိုက်ကြ၏။

ခြေတစ်ဘက်ပြတ်လူသည် ရယ်မောလိုက်၏။ “ကျုပ်ရဲ့မိတ်ဆွေ၄ယောက်ဟာ ဘယ်သူတွေလဲဆို တာ မင်းသိပြီးလောက်ပြီ ထင်ပါတယ်။”

စီမင်းရု-“အစောကြီးကတည်းက ကျုပ်ခန့်မှန်းခဲ့မိပြီးပါပြီ။”

ခြေတစ်ဘက်ပြတ်လူ-“တရားမျှတမှုအတွက်ဆိုရင်တော့ ကျုပ်တို့ ၅ ယောက်ပေါင်းပြီး မင်းကို မ တိုက်ခိုက်သင့်ဘူး။ ဒါပေမဲ့ ဒီနေ့ကတော့ ခြွင်းချက်ပဲ။”

စီမင်းရု-“သိုင်းလောကမှာ လူအများနဲ့ပေါင်းပြီး အနိုင်ယူခဲ့ကြတဲ့အဖြစ်တွေ ကျုပ်တွေ့ဖူးခဲ့ပါ တယ်။ ကျုပ်က ဂရုစိုက်လိမ့်မယ်လို့များ မင်းတို့ထင်နေလား။”

ခြေတစ်ဘက်ပြတ်လူ-“မင်းကိုအစက ကျုပ်မသတ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့စည်းကမ်းကို မင်း ချိုးဖောက်ခဲ့တယ်။ မင်းကို အလွတ်ပေးလို့မဖြစ်တော့ဘူး။ စည်းကမ်းကိုသာဖောက်ဖျက်ခွင့်ပေးလိုက် ရင် ကျုပ်တို့ကို လူတွေအားလုံးက လူလိမ်လူညာတွေဆိုပြီး ဝိုင်းဟားကြလိမ့်မယ်။ မင်းနားလည်မယ် လို့ ထင်ပါတယ်။”

စီမင်းရု-“ကျုပ် ဒီကနေ ထွက်သွားမယ်ဆိုရင်ကော...”

ခြေတစ်ဘက်ပြတ်လူ-“မင်းထွက်မသွားနိုင်တော့ဘူး။”

စီမင်းရုသည် ရုတ်တရက်ပင် ရယ်မောလိုက်ပြီး- “ကျုပ် ဒီကနေထွက်သွားချင်ရင် မင်းတို့ ၅ ယောက်ပေါင်းပြီးတားတောင်မှ ကျုပ်ကိုမတားဆီးနိုင်ကြပါဘူး။”

ခြေတစ်ဘက်ပြတ်လူသည် အားသွင်းလိုက်ရာ သူ၏ချိုင်းထောက်သည် တိုးထွက်လာခဲ့၏။ ထိုလှုပ် ရှားမှုသည် လွန်စွာမှပင် ရိုးရှင်းသော်လည်း ရိုက်ခတ်လာသော အားအင်က လွန်စွာမှပင် ပြင်းထန်လှ၏။

စီမင်းရုသည် အရယ်အပြုံးမပျက်ပင် ရှိနေခဲ့ပြီး သူ၏ကျာပွတ်ကို ဝှေ့ရမ်းလိုက်ရာ လေပွေငယ် တစ်ခုဖြစ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် လေထဲသို့ ပျံဝဲတက်သွား၏။

မျက်လုံးတဖက်လပ်သူသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ လှံသွားများက လေတိုးသံများ ဖြင့် စီမင်းရုထံသို့ ပျံထွက်လာ၏။ လှံသွားရှည်များသည် ပထမဆုံးပစ်လွှတ်လိုက်သော်လည်း လှံသွားတို များက အရင်ဆုံး ရောက်ရှိလာခဲ့ကြ၏။ တထန်းထန်းမြည်သံများ ထွက်ပေါ်လာပြီး လှံသွားပျံအားလုံး ပင် ကျာပွတ်ရိုက်ချက်ကြောင့် လွင့်စင်ထွက်သွားကြ၏။

စီမင်းရုသည် လေပွေတစ်ခုပမာ လေထဲသို့ မြောက်တက်သွား၏။ ပြီးနောက် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ရာ အဝေးသို့ တမဟုတ်ချင်း ရောက်ရှိသွားခဲ့ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့ ၏။

ခြေတစ်ဘက်ပြတ်လူ-“သူ့နောက်ကို လိုက်ကြ...”

မြေကြီးပေါ်သို့ သူ၏ချိုင်းထောက်ကို ငြင်သာစွာရိုက်ပုတ်လိုက်ရာ ခြေတစ်ဘက်ပြတ်လူသည်လည်း လေထဲသို့ ပျံတက်သွား၏။ သူ၏ကိုယ်ဖော့ပညာသည် ခြေထောက်နှစ်ချောင်းရှိသူများထက်ပင် ပို၍ လျင်မြန်နေသေး၏။ ရုတ်ချည်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့၏။

အခြား အဝါရောင်ဝတ်ဆင်ထားသူများသည်လည်း ချက်ချင်းပင် လိုက်သွားခဲ့ကြရာ စားသောက်ဆိုင် ငယ်လေးသည် လူသေအလောင်း၂လောင်းနှင့်အတူ ရုတ်ချည်းပင် တိတ်ဆိတ်သွားခဲ့ရ၏။

ထိုလူသေအလောင်း၂လောင်းသာ ရှိမနေပါက အိပ်မက်တစ်ခုဟုပင် ခါးကုန်းစွန်းထင်မိပေလိမ့် မည်။

ထိုအချိန်၌ အဘိုးအိုသည် နိုးထလာခဲ့၏။ သူသည် အရက်မူးနေပုံမပေါ်ပါ။ အဝါရောင်ဝတ်ဆင် ထားသူများ ထွက်ခွာသွားရာသို့ သူသည် ငေးကြည့်နေလိုက်ပြီး သက်ပြင်းချလိုက်ကာ- “စီမင်းရုရဲ့ မြွေကျာပွတ်က ရိခူရဲ့ သရဲစိမ်းလက်ထက် နံပါတ်ပိုပြီး မြင့်နေတာမဆန်းတော့ပါဘူး။ သူ့ရဲ့လှုပ်ရှားသွား ပုံအရဆိုရင် သူ့ကို ကျာပွတ်ဘုရင်လို့ ခေါ်ဝေါ်သမုတ်သင့်ပါတယ်။ ပိုင်ရှောင်ရှန်းဟာ သူဘာပြောနေ တာလဲဆိုတာ သူ့ကိုယ်သူသိပုံရတယ်။”

ကျစ်ဆံမြီးမိန်းကလေး-“ကျာပွတ်အသုံးပြုသူတွေထဲမှာ သူက အကောင်းဆုံးသူလား ဘိုးဘိုး။”

အဘိုးအို-“သူပြသသွားခဲ့တဲ့ ပညာအရဆိုရင် ပျော့ပြောင်းတဲ့လက်နက်အသုံးပြုသူတွေထဲ နှစ် ၃၀ အတွင်းမှာတော့ အကောင်းဆုံးပဲ။”

ကျစ်ဆံမြီးမိန်းကလေး-“ခြေတစ်ဘက်ပြတ်နေသူကကော...”

အဘိုးအို-“သူ့ကို ကျူကော့ခန်းလို့ခေါ်တယ်။ သိုင်းလောကမှာတော့ ‘စစ်သား၁၀၀၀ရိုက်လှဲ’လို့ လည်းခေါ်ကြတယ်။ သူ့ရဲ့သံမဏိချိုင်းထောက်ကြီးက ပေါင် ၇၀ လောက်လေးတယ်။ သိုင်းလောကရဲ့ အလေးပင်ဆုံး လက်နက်တစ်ခုပဲ။”

ကျစ်ဆံမြီးမိန်းကလေးသည် ရယ်မောလိုက်၏။ “တစ်ယောက်က စီမင်းရုလို့ခေါ်ပြီးတော့ ကျန် တစ်ယောက်ကတော့ ကျူကော့ခန်း။ လိုက်လည်းလိုက်ပါ့။ ကမ္ဘာ့ရန်ဘက်တွေပဲ။”

အဘိုးအိုသည် ငွေသားအချို့ကို စားပွဲပေါ်သို့တင်ထားလိုက်ပြီး သူ၏မြေးမလေးနှင့်အတူ မည်း မှောင်နေသော ညနက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ခါးကုန်းစွန်းသည် သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည့်ဘက်သို့ ငေးကြည့်နေလိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်သောအခါတွင် ဇိုးသမားနိုးထလာသည်ကို တွေ့လိုက်ရလေ၏။ ဇိုးသမား သည် စီမင်းရုထိုင်ခဲ့သော ခုံရှိရာသို့ ဝင်ရောက်ထိုင်နေလိုက်ပြီး စားပွဲပေါ်မှ ကျူကော့ခန်း ချန်ထားခဲ့ သော စာရွက်လေးကို ကောက်ယူဖတ်ရှုနေလိုက်၏။

ခါးကုန်းစွန်းသည် သူ့ကို ပြုံးပြလိုက်ပြီး- “ခင်ဗျား ဒီနေ့ မူးမနေသင့်ဘူး။ ခုတော့ ခင်ဗျား ပွဲကြီး ပွဲကောင်းတစ်ခု လွတ်သွားရပြီ။”

ဇိုးသမားသည် ရယ်မောလိုက်၏။ ပြီးနောက် သက်ပြင်းချလိုက်ပြီး- “တကယ့် ပွဲကြီးပွဲကောင်းက မစသေးပါဘူး။ ကျုပ်မကြည့်ချင်လည်း ကြည့်နေရဦးတော့မှာပဲ။”

ခါးကုန်းစွန်း၏ မျက်ခုံးများက မြင့်တက်သွားခဲ့၏။ သူ ယနေ့တွေ့ခဲ့သူများသည် လွန်စွာမှပင် ထူး ဆန်းသူများဖြစ်နေကြသဖြင့် ထိုသူများ ဆေးများမှားသောက်လာခဲ့ကြသလားဟုပင် သံသယဝင်လာ ခဲ့၏။

ဇိုးသမားသည် စာရွက်လေးကို ကောက်ယူဖတ်ရှုလိုက်ပြီး သူ၏မျက်နှာအမူအရာများ ချက်ချင်း ပျက်သွားခဲ့ရ၏။ ပြီးနောက် မျက်နှာတစ်ခုလုံးနီရဲလာခဲ့ပြီး ချောင်းအဆက်မပြတ် ဆိုးနေလေတော့သည်။

ခါးကုန်းစွန်း-“စာထဲမှာ ဘာတွေရေးထားတာလဲ...”

ဇိုးသမား-“ဘာ... ဘာမှမဟုတ်ပါဘူး...”

ခါးကုန်းစွန်း-“ကျုပ်ကြားရတာတော့ သူတို့တွေအားလုံး ဒီစာကြောင့် ရောက်လာခဲ့တာပဲ။”

“ဟုတ်လား...”

ခါးကုန်စွန်းသည် ပြုံးပြလိုက်ပြီး- “ပြီးတော့ ရတနာတွေအကြောင်းလည်း သူတို့တွေ ပြောဆိုခဲ့ကြ သေးတယ်။ ဘာပဲဖြစ်ဖြစ်လေ... သူတို့တွေ နောက်ပြောင်ပြီး ပြောခဲ့ကြတာဖြစ်မှာပါ။”

ပြီးနောက် သူမေးလိုက်၏။ “ခင်ဗျား အရက်ထပ်သောက်ချင်သေးလား။ ကျုပ်က တိုက်မှာနော်။”

မည်သည့်ပြန်ဖြေဆိုသံမှ သူမကြားလိုက်ပါ။ သူနောက်သို့ လှည့်လိုက်သောအခါတွင်မူ ဇိုးသမား သည် အဝေးတစ်နေရာသို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူ၏မျက်လုံးများတွင်အရက်ခိုး အရက်ငွေ့များ မတွေ့ရတော့ချေ။ ဤမျက်လုံးများသည် လွန်စွာမှပင် ထူးဆန်းသော မျက်လုံးတစ်စုံပင်။ ကြည်လင်စိမ်းလဲ့နေပြီး နူးညံ့သိမ်မွေ့လှ၏။

သူစိုက်ကြည့်နေရာတလျှောက်သို့ ခါးကုန်းစွန်း လိုက်ကြည့်လိုက်ရာ အဝေးတနေရာမှ ဖယောင်း တိုင် မီးငယ်လေး၏ အလင်းရောင်မှိန်မှိန်လေးကို တွေ့လိုက်ရ၏။ မြူနှင်းများ ကျဆင်းနေသောကြောင့် ပို၍ ဝေးကွာနေသည်ဟုပင် ထင်ရ၏...

နောက်ဖေးဆောင်သို့ ခါးကုန်းစွန်း ပြန်ရောက်လာတော့ ညဉ့်နက်နေပေပြီ။ နောက်ဖေးဘက်သည် အမြဲတမ်းပင် တိတ်ဆိတ်ငြိမ်သက်နေတတ်၏။ ဇိုးသမား၏ အခန်းတံခါးပွင့်နေပြီး မီးအလင်းရောင်များ လည်း တွေ့နေရသေး၏။

ခါးကုန်းစွန်းသည် ထိုအခန်းသို့ သွားရောက်လိုက်ပြီး တံခါးခေါက် အသံပေးလိုက်ကာ- “ဟေး... ခင်ဗျားအိပ်ပြီလား။”

ဘာသံမှ မကြားရပါ။

ဤအချိန်ကြီး၌ အပြင်ဘက်သို့ သူဘာများထွက်လုပ်နေသနည်း။

ခါးကုန်းစွန်းသည် အခန်းတွင်းသို့ ဝင်ရောက်သွားလိုက်ရာ သစ်သားရုပ်လေးများ ကြမ်းပြင်ပေါ် တွင် ပြန့်ကျဲနေပြီး အခန်းတစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရလေသည်။ သို့သော် ဓားပျံလေးကိုမူ မည်သည့်နေရာမှာမှ မတွေ့ရချေ။ အရက်အိုးဝက်ခန့်မှာလည်း စားပွဲပေါ်၌ပင် ရှိနေသေး၏။ လုံးခြေထား သော စာရွက်ကလေးတစ်ရွက်သည် စားပွဲထောင့်စွန်းတွင် ရှိနေ၏။

ဤစာရွက်သည် ကျူကော့ခန်း ချန်သွားသော စာရွက်ဖြစ်နေမှန်း ခါးကုန်းစွန်း သိရှိလိုက်ရ၏။ သူ မဖတ်ဘဲ မနေနိုင်တော့ချေ။

“၉လပိုင်း ၁၅ရက်။ တိမ်ပျံစံအိမ်တော်မှာ ရတနာပြပွဲရှိတယ်။ လာကြည့်ကြမယ်လို့ မျှော်လင့်ပါ တယ်။”

စာကြောင်း ၃ ကြောင်းသာ။ နဲနဲလေးရေးထားလေ ပိုပြီးလျှို့ဝှက်ထူးဆန်းလေဖြစ်၏။ ဤစာရေးသူ သည် လူ့စိတ်သဘာဝကို နောကြေအောင်သိထားပုံရ၏။

ခါးကုန်းစွန်း၏မျက်ခုံးများ မြင့်တက်သွားခဲ့ရပြီး လျှို့ဝှက်ထူးဆန်းသော အမူအရာများ ထွက်ပေါ် လာခဲ့၏။

တိမ်ပျံစံအိမ်တော်ဆိုသည်မှာ သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော စံအိမ်တော်ကြီး မဟုတ် ပါလား။ သို့သော် ဇိုးသမားနှင့် ထိုစံအိမ်တော်ကြီး၏ ပတ်သက်ဆက်နွယ်နေမှုကို သူမစဉ်းစားနိုင် လောက်အောင်ပင်...

0 comments:

Post a Comment