ထိုနေရာ၌ သိုင်းလောက၏ ပထမသူရဲကောင်းနှင့် အချောမောဆုံး မိန်းကလေးတစ်ယောက် နေ ထိုင်ခဲ့ဖူး၏။ ထိုအချိန်တုန်းက မက်မုံပန်းရနံ့များက ညှို့ဓာတ်ပြင်းလှ၏။
ယခုတော့... ပင့်ကူအိမ်များက ထောင့်စွန်းများတွင် နေရာယူထားကြပြီး ပြတင်းတံခါးများတွင် ဖုန်မှုန့်များပင် တက်နေလေပြီ။ အရင်ကအတိုင်း ဘာတစ်ခုမှ မကျန်ရှိတော့ပါ။ မက်မုံပန်းများပင်လျှင် ခြောက်သွေ့နေခဲ့ပြီ မဟုတ်ပါလော။
မှောင်မည်းတိတ်ဆိတ်နေသော ညဉ့်ယံထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုသူသည် ဆံပင်များရှုပ်ပွနေပြီး အင်္ကျီကိုလည်း ဖရိုဖရဲဝတ်ဆင်ထား၏။ လမ်းပေါ်မှ ကလေကချေ တစ်ယောက်ကဲ့သို့ပင်။ သို့သော် သူ၏အမူအရာများက တည်ငြိမ်ရင့်ကျက်နေပြီး အထူးသဖြင့် သူ၏ မျက်လုံးများက စူးရှတောက်ပနေကြ၏။
တံတားပေါ်သို့သူဖြတ်လျှောက်လိုက်ပြီး မက်မုံပင်အိုကြီးကိုကြည့်ကာ သက်ပြင်းချလိုက်၏။ မက်မုံ ပင်များသည် သူ၏မိတ်ဆွေများဖြစ်ခဲ့ဖူး၏။ ယခုသော် သူ့အတိုင်းပင် ရင့်ရော်ကုန်ကြလေပြီ။
ပျံလွှားတစ်ကောင်ကဲ့သို့ သူခုန်ပျံလိုက်လေ၏။
အဆောင်ငယ်လေး၏ အပေါ်ထပ် ပြတင်းတံခါးက ပိတ်ထား၏။ သို့သော် ပြတင်းတံခါးတွင် များ စွာသော ပိုးထိုးပေါက်များရှိနေပြီး ဖယောင်းတိုင်မီးကို မျက်နှာချင်းဆိုင်ကာ ဇာပန်းထိုးနေသော အထီး ကျန်ဆန်သူတစ်ယောက်ကို တွေ့နိုင်သေး၏။
သူမ၏မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး အတိတ်ကာလများက ရှိခဲ့သော စူးရှသည့်အကြည့် များ ပျောက်ဆုံးနေ၏။
သူမထံတွင် မည်သည့်စိတ်ခံစားမှုကိုမှ မတွေ့ရချေ။ သူမသည် အတိတ်က ပျော်ရွှင်မှုများ၊ ဝမ်း နည်းမှုများ အားလုံးကို မေ့ပျောက်ထားပုံရလေသည်။ ထိုနေရာ၌ထိုင်နေပြီး ဇာပန်းထိုးသောအလုပ် ကိုသာ အာရုံစူးစိုက်၍ ပြုလုပ်နေ၏။
အဝတ်စပေါ်မှ မျက်ရည်စများက အပ်ဖြင့် ထိုးချုပ်လိုက်နိုင်သော်လည်း လူတစ်ယောက်၏ နှလုံးသား ထဲမှ မျက်ရည်စများကိုတော့ မထိုးချုပ်နိုင်ပါ။
အခန်း၏အခြားတစ်ဘက်တွင် ၁၃-၁၄နှစ်လောက်ရှိမည့် ကလေးတစ်ယောက် ရှိနေ၏။ သူ၏မျက်နှာ သွင်ပြင်က လွန်စွာမှပင် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသော်လည်း ဖြူဖတ်ဖြူရော် မျက်နှာထားက သူ့ကို ကလေးတစ်ယောက်ဖြစ်နေမှန်း မခန့်မှန်းနိုင်လောက်အောင်ပင်...
သူသည် စာရေးကျင့်နေ၏။
အသက်ငယ်ရွယ်သူတစ်ယောက်ဖြစ်သော်လည်း အထီးကျန်ဆန်မှုကို သူ ကျင့်သားရနေလေပြီ။
ဖရိုဖရဲအသွင်အပြင်ရှိသူသည် ထိုသူနှစ်ယောက်ကို အပြင်ဘက်မှ ကြည့်ရှုနေ၏။
သူ၏ပါးပြင်ပေါ်တွင် မျက်ရည်စများနှင့်ပါတကား...
အချိန်တော်တော်လေးကြာသောအခါတွင် ကလေးသည် စာရေးခြင်းအမှုကို ရပ်လိုက်ပြီး ခေါင်းကို မော့ကာ ဖယောင်းတိုင်မီးကို စိုက်ကြည့်နေလိုက်၏။
အိမ်ရှင်မသည်လည်း ဇာပန်းထိုးခြင်းကိုရပ်လိုက်ပြီး သူမ၏သားဖြစ်သူကို ကရုဏာသက်စွာဖြင့် ကြည့်လိုက်ပြီး ညင်သာစွာမေးမြန်းလိုက်၏။ “ရှောင်းယွန်... သား ဘာတွေစဉ်းစားနေတာလဲကွယ်...”
ချာတိတ်သည် သူ၏နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး- “ဖေဖေ ဘယ်တော့များမှ ပြန်လာမှာလဲဆိုတာ သား တွေးနေမိတာပါ။”
အိမ်ရှင်မ၏ ခန္ဓာကိုယ်သည် တစ်ချက်မျှ တုန်ခါသွားခဲ့ပြီး သူမ၏လက်ချောင်းကို အပ်က ထိုးမိသွား ၏။ သို့သော် သူမသည် နာကျင်မှုကိုပင် မခံစားရသည့်အတိုင်း... အားလုံးသော နာကျင်မှုများသည် သူမ၏ နှလုံးသားထဲ၌သာ ခံစားနေရသည် မဟုတ်ပါလား။
ချာတိတ်-“မေမေ... ဖေဖေက ဘာဖြစ်လို့ မပြောမဆိုပဲ ထွက်သွားရတာလဲ။ ၂ နှစ်တောင်မှ ကျော်နေပြီ၊ ဘာအကြောင်းမှလည်း မကြားရပါလား။”
အိမ်ရှင်မသည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီး ဖြေးညှင်းစွာ သက်ပြင်းချလိုက်၏။ “သူဘာလို့ ထွက်သွားလဲဆိုတာ မေမေ မသိပါဘူးကွယ်။”
ချာတိတ်သည် မုန်းတီးမှုများပြည့်နှက်နေသော အမူအရာများဖြင့် ပြောလိုက်၏။ “သူဘာလို့ ထွက်သွားတာလဲဆိုတာ သားသိတယ်။”
အိမ်ရှင်မ-“မင်းက ကလေးပဲရှိသေးတာ၊ မင်းဘာသိလို့လဲ။”
ချာတိတ်-“သားသိပါတယ်။ ဖေဖေက လီဆွန်းဟွာ သူ့ကိုလာပြီး ကလဲ့စားချေမှာ ကြောက်လို့ မဟုတ်လား။ လီဆွန်းဟွာဆိုတဲ့ နာမည်ကြားတိုင်း သူ မျက်နှာပျက်သွားခဲ့တာ သားသိပါတယ်။”
အိမ်ရှင်မသည် တစ်စုံတရာကို ပြောလိုက်ချင်သော်လည်း ပြန်လည်၍ နှုတ်ဆိတ်သွားခဲ့ရ၏။ ချာတိတ် သိထားသည်များက များလွန်းနေ၏။
ချာတိတ်သည် ဆက်၍ပြောဆိုလိုက်၏။ “ဒါပေမဲ့ လီဆွန်းဟွာက ဘယ်တုန်းကမှ ပေါ်မလာခဲ့ဘူး။ မေမေ့ကို ဘာဖြစ်လို့ သူလာမတွေ့တာလဲ။”
အိမ်ရှင်မ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး- “သူက ဘာဖြစ်လို့ မေမေ့ကို လာတွေ့ရမှာလဲ။”
ချာတိတ်က ပြုံးလိုက်ပြီး- “သူနဲ့ မေမေဟာ မိတ်ဆွေကောင်းတွေဆိုတာ သားသိထားပါတယ်။ ဟုတ်တယ်မို့လား။”
အိမ်ရှင်မ၏မျက်နှာက ဆွတ်ဆွတ်ဖြူဖွေးသွားလေသည်။ သူမသည် ခေါင်းကိုငုံ့ထားလိုက်ပြီး- “မိုး လင်းတော့မယ် သား သွားမအိပ်သေးဘူးလား။”
ချာတိတ်သည် မျက်လုံးပေကလပ်ပေကလပ်လုပ်နေလိုက်ပြီး- “သားမအိပ်ဘူး။ မေမေ့ကို အဖော် လုပ်ပေးဦးမယ်။ မေမေ ကောင်းကောင်းအိပ်မပျော်ခဲ့တာ ၂ နှစ်ကျော်တောင် ရှိပြီမဟုတ်လား။”
အိမ်ရှင်မသည် မျက်လုံးများကိုပိတ်လိုက်ရာ မျက်ရည်များ ကျဆင်းလာခဲ့၏။
ချာတိတ်သည် မတ်တပ်ထရပ်လိုက်ပြီး သူ့မိခင်ကိုကြည့်ကာ ပြောလိုက်၏။ “မနက်ဖြန်ဆိုရင် မေမေ့ မွေးနေ့မဟုတ်လား။ မနက်ဖြန်မနက် စောစောထရမှာမို့ သားသွားအိပ်လိုက်တော့မယ်။”
ပြီးနောက် သူ၏မိခင်ရှိရာသို့သွားလိုက်ပြီး မိခင်၏နဖူးပြင်ကို မွှေးမွှေးပေးလိုက်၏။ “မေမေလည်း သွားအိပ်တော့နော်။ မနက်ကျမှပဲ တွေ့တော့မယ်။”
တံခါးဝဆီသို့ သူ ပြုံးပြီးလျှောက်သွားလိုက်သော်လည်း အပြင်ဘက်ရောက်သည်နှင့်တပြိုင်နက် သူ၏ အပြုံးများ ပျောက်ကွယ်သွားခဲ့ပြီး မုန်းတီးနာကျည်းသော မျက်နှာထားဖြင့် တစ်ကိုယ်တည်း ရေရွတ် လိုက်၏။ “လီဆွန်းဟွာ... လီဆွန်းဟွာ... လူတိုင်းက ကြောက်ပေမယ့် ကျုပ်ကတော့ မကြောက်ဘူး။ ခင် ဗျား ကျုပ်ရဲ့လက်ထဲမှာ တစ်နေ့တော့ သေရလိမ့်မယ်။”
အိမ်ရှင်မသည် သားဖြစ်သူထွက်သွားရာသို့ လိုက်၍ကြည့်နေလိုက်၏။ သူမ၏ အကြည့်များက ဝမ်းနည်းကြေကွဲနေပြီး ကြင်နာမှုအပြည့်ပါရှိလေသည်။ ဤကလေးသည် လွန်စွာမှပင် ဉာဏ်ကောင်း ထက်မြက်သူဖြစ်၏။
သူမတွင် သည်သားတစ်ယောက်တည်းသာ ရှိလေသည်။
သူသည် သူမ၏သွေးရင်း သားရင်းဖြစ်၏။ သူမ ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ဆိုမူ သားဖြစ်သူအား သူမ၏ချစ်မြတ်နိုးမှုများက လျော့သွားမည်မဟုတ်ချေ။
မိခင်တစ်ယောက်၏ သားဖြစ်သူအပေါ်ထားရှိသော မေတ္တာတရားသည် အနှိုင်းအဆမယ့်သော၊ တုန့် ပြန်မျှော်လင့်ခြင်းကင်းသော စုန်ရေပင်မဟုတ်ပါလား။
သူမသည် ထိုင်ချလိုက်ပြန်ရာ မီးရောင်လေးက အခန်းတွင်း၌ ပို၍လင်းလာပြန်၏။
မိုးလင်းခါနီးတိုင်း သူမသည် စိတ်လွတ်လပ်ပေါ့ပါးသွားလေ့ရှိ၏။
အဝေးတစ်နေရာမှ ချောင်းဆိုးသံ သဲ့သဲ့ကို သူမ ကြားလိုက်ရလေသည်။
သူမ စိတ်လှုပ်ရှားသွားခဲ့ရ၏။
သစ်သားရုပ်တစ်ရုပ်လို ဖြစ်သွားပြီး မတုန်တလှုပ် ဖြစ်သွားရကာ ပြတင်းပေါက်သို့ ငေးကြည့်နေ လိုက်၏။ သူမ၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုလေးသဲ့သဲ့ ထွက်ပေါ်လာသလို ကြေကွဲမှုလေးများကိုလည်း တွေ့ရှိနိုင်လေ၏။
ထို့နောက် ပြတင်းပေါက်ဘက်သို့ သွားရောက်လိုက်ပြီး ပြတင်းတံခါးကို တုန်ရီသောလက်များ ဖြင့် ဖွင့်လိုက်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်၏။ “ဘယ်သူလဲ...”
လူတစ်ယောက်၏ အရိပ်ယောင်ပင် မတွေ့ရချေ။
အိမ်ရှင်မသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေလိုက်ပြီးနောက်- “ရှင်ရှိနေတာ ကျမ သိပါ တယ်။ ရှင်ရောက်လာခဲ့ပြီမဟုတ်လား။ ရောက်လာမှတော့ ကျမကို ဘာလို့ လာမတွေ့တာလဲ...”
အသံတိတ်ဆိတ်နေပြီး မည်သည့် တုန့်ပြန်သံမှ မကြားရချေ။
အိမ်ရှင်မသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်- “ကျမကို လာမတွေ့ချင်တာကို ကျမ ဗွေမ ယူပါဘူး။ တကယ်တော့ ကျမတို့ကသာ ရှင့်အပေါ် မှားခဲ့ကြတာပါ။”
သူမ၏ စကားသံများက တဖြည်းဖြည်း တိုးညှင်းသွားကာ ပြတင်းပေါက်အဝ၌ အချိန်အကြာကြီး ရပ်နေမိ၏။ ပြီးနောက် ပြတင်းတံခါးကို ပြန်ပိတ်လိုက်လေတော့သည်။
မြေကြီးသည် အမှောင်ထုအောက်တွင် မည်းနက်နေ၏။ မိုးမလင်းခင်လေး အချိန်သည် အမှောင် ဆုံး အချိန်ဖြစ်သည် မဟုတ်ပါလား။
သို့သော် အချိန်တန်သော် အမှောင်ထုသည် ဖယ်ရှားပေးရတော့၏။ အရှေ့ဘက်မှ အလင်းရောင် လေး သမ်းလာ၏။ ထိုအလင်းသဲ့သဲ့နှင့်အတူ သစ်ပင်နောက်ကွယ်မှ လူတစ်ယောက် ထွက်ပေါ်လာ၏။
သူ ထိုနေရာ၌ ရပ်နေခဲ့သည်မှာ မည်မျှကြာသွားပြီမှန်း သူကိုယ်တိုင်ပင် မသိချေ။ တစ်ကိုယ်လုံး ပေ ရေညစ်ပွနေပြီး မျက်လုံးများက ငိုကြွေးထားကြောင်း ဖော်ပြနေ၏။
သူ၏မျက်လုံးများက ပြတင်းပေါက်လေးမှ မခွာနိုင်အောင် ဖြစ်နေရ၏။ သူသည် တခဏလေး အတွင်းမှာပင် အိုစာသွားရ၏၊ ပေတေသွားရ၏၊ စုတ်ပြတ်သွားရ၏။
သူသည် ညကတည်းက ဤနေရာသို့ ရောက်လာခဲ့သူဖြစ်၏။ ခါးကုန်းစွန်း၏ ဆိုင်လေးတွင် လ ပေါင်းများစွာ ခိုအောင်းနေပြီး အရက်ကိုသာ အဖော်ပြုနေသူလည်းဖြစ်၏။
သူသည် စကားမပြောသော်လည်း သူ့ရင်ထဲမှ စကားလုံးများက- “ရှီးယင်... ရှီးယင်... မင်းဘာအ မှား တစ်ခုမှ မလုပ်ခဲ့ပါဘူးကွာ... မှားခဲ့တာက ကျုပ်ပါ...”
“မင်းရဲ့မျက်နှာလေးကို ကျုပ်တွေ့ခွင့်မရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး မင်းပတ်ဝန်းကျင်တဝိုက်မှာ ကျုပ် မင်းကို စောင့်ရှောက်နေခဲ့တယ်ဆိုတာ မင်းသိနိုင်ပါလေစ...”
ကောင်းကင်တစ်ခုလုံးတွင် အလင်းရောင်များ ဖြန့်ကျက်လာ၏။ ထိုသူသည် သူ၏ပါးစပ်ကို လက် ဖဝါးများဖြင့် အုပ်ထားလိုက်ပြီး ချောင်းဆိုးသံမထွက်အောင် ကြိုးစားနေရရှာလေသည်။
ပြီးနောက် အဆောင်ငယ်လေးတစ်ခု၏ တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်၏။
တံခါးက သော့မခတ်ထားသောကြောင့် အသာအယာပင် တွန်းဖွင့်ပြီး ဝင်သွားလိုက်၏။
တံခါးဖွင့်ဖွင့်ခြင်းပင် အရက်နံ့ထောင်းကနဲ သူ့နှာခေါင်းထဲသို့ ပြေးဝင်လာ၏။ အခန်းသည် ညစ် ပတ်ပေရေနေပြီး ရှုပ်ပွနေ၏။ စားပွဲပေါ်တွင် လူတစ်ယောက် အရက်ပုလင်းကို လက်တွင်ကိုင်ထားကာ မျက်နှာမှောက်အိပ်ပျော်နေ၏။
နောက်ထပ် အရက်သမားတစ်ယောက်ပါလား...
သူသည် ပြုံးလိုက်ပြီး တံခါးခေါက်အသံပေးလိုက်၏။
အရက်သမားသည် နိုးထလာပြီး မျက်နှာမော့ကြည့်လိုက်ရာ သူ၏မျက်နှာတပြင်လုံး မှဲ့ခြောက် များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
ထိုသူသည် လင်ရှန်းအာ၏ ဖခင်ဖြစ်မှန်း မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်ပါ။
သူသည် အရက်မူးမပြေသေးပဲ ဟိုဟိုဒီဒီလှည့်ကြည့်လိုက်ပြီး- “မိုးမလင်းသေးဘူး... ဘယ်ကောင် လဲကွ။ သရဲများ လာခြောက်နေတာလား မသိဘူး...”
ထိုစကားကို ပြောအပြီးတွင် သက်လတ်ပိုင်းလူတစ်ယောက်ကို သူတွေ့လိုက်ရလေသည်။ “ခင်ဗျား က ဘယ်သူလဲ... ဒီကိုဘာလာလုပ်တာလဲ...”
သက်လတ်ပိုင်းလူသည် ပြုံးပြလိုက်ပြီး- “ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်းက ကျုပ်တို့တွေ တွေ့ဖူးခဲ့ကြ ပါတယ်။ ခင်ဗျား မမှတ်မိတော့ဘူးလား။”
မှဲ့ခြောက်များနှင့်လူသည် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “ခင်ဗျားက... ခင်ဗျားက လီ...”
ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ရန် ကြိုးစားလိုက်ရာ သက်လတ်ပိုင်းလူသည် သူ့ကို ဆွဲထူပေး လိုက်ပြီး- “ကျုပ်ကို မှတ်မိနေသေးတာ ကောင်းတယ်။ လာ... ထိုင်ပြီး စကားနည်းနည်းလောက် ပြောကြရ အောင်။”
မှဲ့ခြောက်များနှင့်လူသည် ပြုံးပြလိုက်ပြီး- “ကျုပ် သခင်လေးကို မမှတ်မိဘဲ ဘယ်ရှိပါ့မလဲဗျာ။ နောက်တစ်ကြိမ်ဆိုတာမျိုး လုံးဝမဖြစ်စေရပါဘူး။ ဒါပေမဲ့ ၂ နှစ်အတွင်းမှာ သခင်လေး တော်တော် အိုစာ သွားတာပဲ။”
သက်လတ်ပိုင်းလူသည် ကျေးဇူးတင်စွာဖြင့်- “ခင်ဗျားလည်း အိုသွားခဲ့တာပဲ။ လူတိုင်း အိုရမှာပဲ။ ၂ နှစ်အတွင်းမှာ ခင်ဗျားရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ အဆင်ပြေရဲ့လား။”
မှဲ့ခြောက်များနှင့်လူ-“တခြားလူတွေရှေ့မှာဆိုရင်တော့ ကျုပ် ပိုပိုသာသာ ပြောဆိုကောင်း ပြောဆိုမိလိမ့်မယ်။ ဒါပေမဲ့ သခင်လေးရှေ့မှာတော့...”
သူ သက်ပြင်းချလိုက်ပြီး- “အမှန်အတိုင်း ပြောရရင် ဒီ၂နှစ်အတွင်း ကျုပ်ဘယ်လို ရှင်သန်ခဲ့တယ် ဆိုတာ ကျုပ်ကိုယ်တိုင်တောင်မှ မသိဘူး။ ပန်းချီကားလေး တစ်ရက်လောက်ရောင်းလိုက်... နောက်တစ်ရက်ကျရင် ပရိဘောဂလေး ရောင်းချလိုက်နဲ့ပေါ့။”
သက်လတ်ပိုင်းလူသည် မျက်ခုံးများ မြင့်တက်သွားခဲ့ရပြီး- “ဒီလောက်တောင်မှပဲလား။ ပိုက်ဆံ လုံးဝမရှိကြတော့ဘူးလား။”
မှဲ့ခြောက်များနှင့်လူသည် ခေါင်းကိုငုံ့ထားလိုက်၏။
သက်လတ်ပိုင်းလူ-“စတုတ္ထသခင်ကြီးလောင် ထွက်သွားလိုက်တာ သုံးဖို့စွဲဖို့ ဘာမှ ချန်မထားခဲ့ ပေးဘူးလား။”
မှဲ့ခြောက်များနှင့်လူသည် ခေါင်းကို ခါရမ်းပြလိုက်ပြီး မျက်ရည်များ ကျဆင်းနေ၏။
သက်လတ်ပိုင်းလူ၏ မျက်နှာတွင် သွေးဆုတ်ဖြူရော်သွားခဲ့ပြီး ချောင်းအဆက်မပြတ် ဆိုးလိုက်၏။
မှဲ့ခြောက်များနှင့်လူ-“သခင်မဆီမှာတော့ လက်ဝတ်ရတနာတွေ ကျန်ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက သိပ်ပြီး သနားတတ်တော့ အလုပ်သမားတွေအတွက် သူတို့ လုပ်ကိုင်စားသောက်နိုင်ဖို့ ထုခွဲ ရောင်းချခဲ့ရတယ်။ အလုပ်သမားတွေကို ဦးစားပေးပြီး သူကိုယ်တိုင်တော့ ဆင်းဆင်းရဲရဲနဲ့ပေါ့...”
ထိုစကားကို ပြောဆိုနေစဉ်တွင် သူ့အသံက တိမ်ဝင်သွားခဲ့၏။
သက်လတ်ပိုင်းလူသည် အချိန်အတော်ကြာကြီး ငြိမ်သက်သွားခဲ့ပြီးနောက်- “ဒါပေမဲ့ ခင်ဗျားကျ တော့ ထွက်မသွားပါလား။ ခင်ဗျား တော်တော့်ကို သစ္စာရှိတာပဲ...”
မှဲ့ခြောက်များနှင့်လူသည် ပြုံးလိုက်ပြီး- “ကျုပ်မှာ သွားစရာနေရာမှ မရှိတာ...”
သက်လတ်ပိုင်းလူ-“ကျုပ်ကို ရှင်းပြနေစရာမလိုပါဘူးဗျာ။ တချို့လူတွေဟာ အပြင်ပန်းအရ ကြည့် ရင်တော့ စိတ်ဆိုးဒေါသကြီးတတ်တယ်လို့ ထင်ရပေမယ့်လည်း သူတို့ရဲ့ အတွင်းစိတ်ကတော့ ဖြူစင်တတ် ကြပါတယ်။”
မှဲ့ခြောက်များနှင့်လူ၏ မျက်နှာက နီမြန်းသွားခဲ့ရပြီး- “အကောင်းစားအရက်တော့ မဟုတ်ပေမယ့် သခင်လေးစိတ်မရှိဘူးဆိုရင် ဒီအရက်နဲ့ပဲ ကျုပ် ဧည့်ခံပါရစေလား။”
သူသည် အရက်ငှဲ့ရန် ပြင်လိုက်သောအခါ အရက်အိုးထဲတွင် အရက် တစ်စက်မျှ ရှိမနေတော့ချေ။
သက်လတ်ပိုင်းလူသည် ပြုံးပြလိုက်ပြီး- “ကျုပ် အရက်မသောက်ချင်ပါဘူး။ ရေနွေးကြမ်းလောက် ဆိုရင် ရပါပြီ... ခင်ဗျားအတွက် ထူးဆန်းမနေဘူးလား။ ကျုပ် လက်ဖက်ရည်ကြမ်းမသောက်တာ နှစ် ပေါင်းများစွာ ကြာခဲ့ပြီ။ အခုကျမှသာ သောက်ချင်နေမိတယ်။”
မှဲ့ခြောက်များနှင့်လူ-“ဒီ့အတွက်တော့ လွယ်ပါတယ်။ ကျုပ် ရေနွေးအိုးသွားတည်လိုက်ဦး မယ်။ ပြီးတော့မှပဲ ရေနွေးကြမ်းနဲ့ သခင်လေးကို ဧည့်ခံပါ့မယ်။”
သက်လတ်ပိုင်းလူ-“ခင်ဗျား ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျုပ်ဒီကို ရောက်လာခဲ့တာကို မပြောမိပါစေ နဲ့။”
မှဲ့ခြောက်များနှင့်လူ-“စိတ်မပူပါနဲ့ သခင်လေး။ ကျုပ် နှုတ်လုံပါတယ်။”
သူသည် ပျော်ရွှင်စွာပင် ထွက်ခွာသွားလိုက်၏။ တံခါးပြန်ပိတ်ခဲ့ဖို့ပင် မေ့နေခဲ့လေသည်။
သက်လတ်ပိုင်းလူသည် မျက်နှာညှိုးကျသွားခဲ့ပြီး တီးတိုးရေရွတ်လိုက်၏။ “ရှီးယင်... ရှီးယင်... မင်း ဒုက္ခပင်လယ်ဝေနေရပါလား။ ကျုပ်ရဲ့အပြစ်တွေပါကွာ။ ကျုပ်မင်းကို အစွမ်းကုန် ကာကွယ် စောင့် ရှောက်သွားပါ့မယ်။ ဘယ်သူမှ မင်းကိုလာပြီး မထိခိုက်စေရဘူး။”
ပြတင်းပေါက်မှ နေရောင်ခြည်များ ထိုးဝင်လာ၏။ နေတောင် တော်တော်မြင့်နေပြီကော...
လဘက်ခြောက်ရွက်များက အကောင်းစားများ မဟုတ်ကြချေ။ သို့သော် လဘက်ရည်ကျကျလေး ကို လူတိုင်းပင် သောက်နိုင်ကြ၏။ ဤသည်မှာ မိန်းမများအတိုင်းပင်... သူတို့ ငယ်ရွယ်နုပျိုနေသမျှ မည်သူမျှ သူတို့အား စိတ်မပျက်ကြပါ။
သက်လတ်ပိုင်းလူသည် လဘက်ရည်ကို ဖြေးညှင်းစွာ သောက်လိုက်ပြီး ရုတ်တရက်ပင် ရယ်မော လိုက်၏။ “ကျုပ်ဆီမှာ သိပ်ကို နောက်ပြောင်တတ်တဲ့ မိတ်ဆွေတစ်ယောက် ရှိခဲ့ဖူးတယ်။ သူပြောပြတာ ကတော့ ‘မမူးတဲ့အရက်ဆိုတာမရှိသလို ရုပ်ဆိုးတဲ့ မိန်းမပျိုလေးဆိုတာလည်း မရှိဘူးတဲ့။’ သူဆက်ပြော ပြတာတော့ ‘ဒီနှစ်မျိုးကြောင့်သာ သူဆက်ပြီး အသက်ရှင်နေရတာပါတဲ့။’”
သူ၏မျက်လုံးများက ပြုံးရိပ်သမ်းနေပြီး- “တကယ်တမ်းတော့ အရက်ကောင်းဆိုတာ နှစ်ချို့မှ ပို ပြီးကောင်းသလို မိန်းမတွေကလည်း အရွယ်လေး နည်းနည်းရမှ ပိုကောင်းတာမဟုတ်လား။ အရသာ ခပ်ပြင်းပြင်း လေးပေါ့။”
မှဲ့ခြောက်များနှင့်လူသည် သူပြောခဲ့သည်များကို အလုံးစုံ နားမလည်ခဲ့သောကြောင့် ဘာမှ ပြန်မပြောနိုင်ခဲ့သော်လည်း လဘက်ရည် ထပ်ငှဲ့ထည့်ပေးလိုက်ပြီး မေးမြန်းလိုက်၏။ “သခင်လေး ဒီကို ဘာ ဖြစ်လို့ ပြန်လာတာလဲ။”
သက်လတ်ပိုင်းလူသည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက်- “ဒီမှာ ရတနာတွေ ရှိနေတယ် လို့ တစ်ယောက်ယောက်က ပြောသံကြားခဲ့ရတယ်။”
မှဲ့ခြောက်များနှင့်လူသည် သဘောကျစွာရယ်မောလိုက်ပြီး- “ရတနာ... ဟုတ်လား... ဒီမှာ တကယ်ပဲ ရတနာတွေ ရှိနေပါစေလို့ ကျုပ်ဆုတောင်းပါတယ်ဗျာ။”
သူ၏ရယ်မောခြင်းကို ရုတ်တရက်ပင် ရပ်တန့်လိုက်ပြီး သက်လတ်ပိုင်းလူကို တည်တည်တံ့တံ့ ကြည့်ပြီး မေးမြန်းလိုက်၏။ “ဒီမှာ ရတနာတွေ တကယ်ရှိခဲ့မယ်ဆိုရင် သခင်လေးသိမှာပေါ့၊ မဟုတ်ဘူး လား။”
သက်လတ်ပိုင်းလူသည် သက်ပြင်းချလိုက်ပြီး- “ကျုပ်နဲ့ ခင်ဗျားက မယုံကြပေမယ့်လည်း လူတော်တော် များများကတော့ ယုံကြည်ကြတယ်ဗျ။”
မှဲ့ခြောက်များနှင့်လူ-“ဘယ်သူကများ ဒီကောလဟာလသတင်းကို လွှင့်ထုတ်ခဲ့တာလဲ။”
သက်လတ်ပိုင်းလူ-“အချက်၂ချက်ကြောင့်ပေါ့။ ပထမအချက်ကတော့ သိုင်းလောကရဲ့ လောဘ သားတွေ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ကြအောင်ပေါ့။ အဲ့ဒီမှာ သူ့အတွက် အကျိုးအမြတ်တစ်ခုခု ရှိနေပုံရတယ်။”
မှဲ့ခြောက်များနှင့်လူ-“နောက်တစ်ချက်ကကော...”
သက်လတ်ပိုင်းလူ-“ကျုပ်ပြန်ပေါ်လာခဲ့တာ သိပ်မကြာသေးပေမယ့်လည်း ချက်ချင်းလိုလိုပဲ ပြန်ပျောက် သွားခဲ့တယ်။ ကျုပ်ဘယ်မှာရှိနေမှန်း လူတော်တော်များများက သိချင်နေကြမှာပဲ။ ဘယ်သူကပဲ ဒီကိစ္စ ကို ဖန်တီးခဲ့ ဖန်တီးခဲ့၊ ကျုပ်ကို ပြန်ထွက်ပေါ်လာစေချင်လို့ လုပ်တယ်လို့ ထင်တယ်။”
မှဲ့ခြောက်များနှင့်လူ-“ဘာများမှုစရာရှိနေလို့လဲ သခင်လေးရယ်။ သခင်လေး ဘယ်လောက်အ စွမ်းထက်တယ်ဆိုတာ သူတို့တွေ သိသွားရတာပေါ့။”
သက်လတ်ပိုင်းလူ-“ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျုပ်တောင်မှ မကိုင်တွယ်နိုင်တဲ့သူတွေ ပါလာ ကြပြီ။”
မှဲ့ခြောက်များနှင့်လူသည် အံ့အားသင့်သွားခဲ့ပြီး- “ဒီလောကကြီးထဲမှာ သခင်လေးကြောက်ရမယ့် လူတွေ ရှိနေသေးတယ်လား...”
ပြန်ဖြေသံကို မကြားရခင်မှာပင် အပြင်ဘက်မှ ခြံတံခါးခေါက်သံကို ကြားလိုက်ရ၏။ အသံရှင်က ကျယ်လောင်စွာ မေးမြန်းလိုက်၏။ “ဒါစတုတ္ထ သခင်ကြီးလောင်ရဲ့ စံအိမ်ပါလား... ကျုပ်တို့က ဂါရဝပြု ဖို့ လာခဲ့ကြသူတွေပါ။”
မှဲ့ခြောက်များနှင့်လူ-“ထူးဆန်းလိုက်တာ... ကျုပ်တို့ဆီကို ဧည့်သည်မလာတာ ၂နှစ်ကျော် လောက်တောင်ရှိရော့မယ်။ ဘယ်သူတွေများပါလိမ့်...”
နောက်ထပ် ၁ နာရီကြာသောအခါ မှဲ့ခြောက်များနှင့်လူ ပြန်ရောက်လာခဲ့ပြီး ရှက်ရွံ့သောမျက်နှာ ထားဖြင့်- “ဒီနေ့က သခင်မရဲ့မွေးနေ့ဆိုတာ ကျုပ်တောင်မှ သတိမရဘူး။ အဲ့ဒီလူတွေက သတိတရနဲ့ လက်ဆောင်တွေတောင် ယူလာပေးကြသေးတယ်။”
သက်လတ်ပိုင်းလူသည် ခဏမျှစဉ်းစားလိုက်ပြီးနောက် မေးမြန်းလိုက်၏။ “သူတို့တွေက ဘယ်သူ တွေလဲ။”
မှဲ့ခြောက်များနှင့်လူ-“လူ ၅ယောက်ပဲ။ ခန့်ခန့်ငြားငြားဝတ်ဆင်ထားတဲ့ အဘိုးအို တစ်ယောက်၊ ရုပ်ရည် ချောမောတဲ့ လူရွယ်တစ်ယောက်၊ မျက်စိတစ်ဘက်လပ် တစ်ယောက်၊ ပြီးတော့ မျက်နှာ စိမ်းစိမ်း နဲ့ တော်တော်ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်။”
သက်လတ်ပိုင်းလူ-“၅ ယောက်မြောက်လူက ခြေတစ်ဘက်ပြတ်၊ ချိုင်းထောက်နဲ့လူ မဟုတ်လား။”
မှဲ့ခြောက်များနှင့်လူ-“ဟုတ်တယ်။ သခင်လေးက ဘယ်လိုလုပ်ပြီး သိနေတာတုန်း။ သူတို့နဲ့ သိ လို့လား။”
သက်လတ်ပိုင်းလူသည် ချောင်းခဏလောက်ဆိုးလိုက်ပြီး သူ့မျက်လုံးများက အရောင်တောက်ပ လာခဲ့ကြ၏။
သို့သော် မှဲ့ခြောက်များနှင့်လူသည် ထိုအချက်ကို သတိမထားမိလိုက်ဘဲ ဆက်၍ပြောပြနေလိုက် ၏။ “သူတို့ကို ကြည့်ရတာ ထူးဆန်းနေပေမယ့်လဲ ယူလာတဲ့ လက်ဆောင်တွေကတော့ အပျံစားပဲ။ သခင် ကြီးလောင်ရှိတုန်းကတောင်မှ ဒီလိုမျိုးလက်ဆောင်တွေ တစ်ခါမှ မရဖူးပါဘူး။”
“ဟုတ်လား...”
“လက်ဆောင်တစ်ခုက ၆ ပေါင်လောက်လေးတဲ့ ရွှေစစ်စစ်ဒင်္ဂါးပြားကြီး။ ဒီလောက်ခမ်းနားတဲ့ လက်ဆောင်မျိုး ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး။”
သက်လတ်ပိုင်းလူသည် မျက်ခုံးပင့်ပြီး မေးမြန်းလိုက်၏။ “သခင်မက လက်ဆောင်တွေကို ထွက် ယူတာလား။”
မှဲ့ခြောက်များနှင့်လူ-“သခင်မက အစကတော့ ထွက်မတွေ့ချင်ဘူး။ ဒါပေမဲ့ အဲ့ဒီလူတွေက ထွက် မတွေ့မချင်း ဧည့်ခန်းထဲမှာပဲ ထိုင်စောင့်နေတော့ နောက်ဆုံး သခင်လေးကို လွှတ်ပြီး ဧည့်ခံထားခိုင်း ရတယ်။”
သူသည်ပြုံးပြလိုက်ပြီး- “သခင်လေး... ကျုပ်တို့ သခင်ငယ်လေးက စကားပြောတော့ တော်တော် ကောင်းသား။ လူကြီးတွေထက်တောင်မှ ပိုပြီးသွက်လက်နေသေးတယ်။ ဧည့်သည်အားလုံးက သူ့ကို ဉာဏ်ကောင်းထက်မြက်လွန်းလို့ ဝိုင်းပြီး ချီးမွမ်းနေကြရတယ်။”
သက်လတ်ပိုင်းလူသည် သူ၏လဘက်ရည်ခွက်ကို စိုက်၍ကြည့်နေလိုက်ပြီး- “နောက်ထပ် ဘယ် သူတွေလာကြဦးမလဲမသိဘူး။ လာရဲတဲ့လူတွေ ဘယ်နှစ်ယောက်များ ရှိကြဦးမလဲ...”
+++++
ကျူကော့ခန်း၊ ကော့ရှင်းခုန်၊ ယန်ချောင်းဖေ၊ တန်တု နှင့် စန့်ကွမ်းဖေတို့အားလုံးသည် ဧည့်ခန်း ထဲတွင် ထိုင်နေကြပြီး အနီရောင်ဝတ်ဆင်ထားသော ချာတိတ်တစ်ယောက်နှင့် စကားလက်ဆုံကျနေကြ ၏။
သူတို့အားလုံးသည် သိုင်းလောက၏ ထိပ်သီးသိုင်းသမားများဖြစ်ကြသော်လည်း ထိုချာတိတ်ကို တလေးတစားပင် ဆက်ဆံနေကြ၏။
စန့်ကွမ်းဖေတစ်ယောက်သာ မည်သည့်စကားမှ မပြောဆိုပဲ ငြိမ်သက်စွာ ထိုင်နေ၏။ မည်သည့် အရာမှ သူ့ကို စကားပြောအောင် မတတ်စွမ်းနိုင်ပါ။
ကျူကော့ခန်းသည် ပြုံးပြီးပြောလိုက်၏။ “သခင်လေးကတော့ တကယ့်ကို ထူးခြားတာပဲ။ သခင် လေးရဲ့ အနာဂါတ်ကတော့ သိပ်ကိုကောင်းမှာ။ နောင်များအခါ သခင်လေး သိုင်းလောကမှာ အောင် မြင်ကျော်ကြားလာတဲ့တနေ့ကျရင် ကျုပ်တို့လို အဘိုးအိုကြီးတွေကိုလည်း မေ့မသွားနဲ့ဦးနော်။”
ချာတိတ်သည် ခပ်ပြုံးပြုံးလေးပင် ပြန်ပြောလိုက်၏။ “ဒီမှာရောက်နေတဲ့ ဆရာကြီးတွေရဲ့ တစ်ဝက် လောက်သာ ကျနော် ကျော်ကြားခဲ့မယ်ဆိုရင် ကျေနပ်ပါပြီဗျာ။ ဆရာကြီးတို့ရဲ့ သွန်သင်ဆုံးမမှုကို ကျနော် အမြဲပဲ နာခံပါ့မယ်။”
ကျူကော့ခန်းသည် လက်ခုပ်လက်ဝါးတီးလိုက်ပြီး- “သခင်လေးက စကား တော်တော်ပြောတတ် တာပဲ။ စတုတ္ထသခင်ကြီးလောင်အတွက်...” ပြောလက်စ စကားတစ်ပိုင်းတစ်စနှင့် ရပ်သွားခဲ့ပြီး ပန်းခြံထဲ သို့ လှမ်းကြည့်လိုက်၏။
မှဲ့ခြောက်များနှင့်လူသည် ပြန်ဝင်လာခဲ့ပြီး သူ၏နောက်မှ အနက်ရောင်ဝတ်ဆင်ထားသူတစ်ဦး ကပ် ပါလာ၏။ ဝတ်ရုံအနက်၊ ဘောင်းဘီအနက်၊ ဖိနပ်အနက်ရောင်တို့ကို ဝတ်ဆင်ထားပြီး နောက်ကျော တွင် မည်းနက်နေသော ဓားတစ်ချောင်း ချိတ်ဆွဲထား၏။
ထိုသူသည် လွန်စွာမှပင် ထွားကြိုင်းသန်မာသူတစ်ယောက်ဖြစ်၏။ မှဲ့ခြောက်များနှင့်လူထက်ပင် နှစ်ဆခန့် ကြီးထွားနေ၏။ သူ၏မျက်နှာပေါ်တွင် လူသတ်ငွေ့များ ဖုံးလွှမ်းနေပြီး မျက်လုံးအကြည့်များ က စူးရှလှ၏။ မုတ်ဆိတ်များမှာ လေထဲတွင် တလူလူလွင့်နေလေသည်။
သူ့ကိုကြည့်ရသည်မှာ မာနခေါင်ခိုက်နေသော်လည်း ခန့်ငြားပြီး ဩဇာကြီးမားလှ၏။
သူ့ကို တွေ့လိုက်ရသူတိုင်းပင် သူသည် သာမန်လူတစ်ယောက်မဟုတ်မှန်း ချက်ချင်း သိနိုင်၏။
လူ ၅ ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး ထိုသူ၏ ဇစ်မြစ်ကို အကဲခတ်စူးစမ်းနေလိုက် ကြ၏။
အနီရောင်ချာတိတ်သည် မတ်တပ်ထရပ်လိုက်ပြီး ထိုသူ့ကို ဦးညွှတ်လိုက်ကာ- “ဒီကို အလည် လာတဲ့အတွက် ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော့်နာမည်ကတော့ လောင်ရှောင်း၃ယွန်လို့ခေါ်ပါတယ်။”
အနက်ရောင်ဝတ်ဆင်ထားသူသည် တစ်ချက်ငုံ့ကြည့်လိုက်ပြီး- “မင်းက လောင်ရှောင်း၄ယွန်ရဲ့ သားကိုး။”
လောင်ရှောင်း၃ယွန်-“ဒီကဆရာကြီးက ဖေဖေ့မိတ်ဆွေဖြစ်မယ်လို့ ထင်ပါတယ်။ နာမည်လေးတ ဆိတ်လောက် ပြောပြပါလားခင်ဗျာ။”
အနက်ရောင်ဝတ်ဆင်ထားသူ-“ကျုပ်ပြောပြလည်း မင်းသိနိုင်မှာ မဟုတ်ပါဘူး။”
ပြီးနောက် ဧည့်ခန်းတွင်းသို့ လျှောက်သွားလိုက်၏။
ကျူကော့ခန်းသည် မတ်တပ်ထရပ်လိုက်ပြီး- “ကျုပ်ကတော့...”
စကားပင်မဆုံးသေး အနက်ရောင်ဝတ်ဆင်ထားသူက ဖြတ်ပြောလိုက်၏။ “ခင်ဗျားဘယ်သူလဲဆို တာ ကျုပ်သိတယ်။ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားလာမစုံစမ်းပါနဲ့။”
ကျူကော့ခန်း-“ဒါပေမဲ့...”
အနက်ရောင်ဝတ်ဆင်ထားသူသည် နောက်တကြိမ် ဖြတ်ပြောလိုက်ပြန်၏။ သူ၏ ရေခဲတမျှ အေးစက်သော လေသံဖြင့်- “ကျုပ်ဒီကိုလာခဲ့တာ တခြားရည်ရွယ်ချက်ရှိလို့။ ကျုပ်က ပွဲကြည့်ပရိသတ် သက်သက်ပါ။”
ကျူကော့ခန်းသည် ပြုံးရယ်လိုက်ပြီး- “ဒီစကားကိုကြားရတာ ကျုပ်အများကြီး ဝမ်းသာပါတယ်။ ကျုပ်တို့ရဲ့ လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားရင် ခင်ဗျားကို ကျုပ် သီးသန့် ကျေးဇူးတင်ပါဦးမယ်။”
အနက်ရောင်ဝတ်ဆင်ထားသူ-“ခင်ဗျားရဲ့အလုပ်ကို ကျုပ် ဝင်မစွက်ဖက်ဘူး။ ကျုပ်ရဲ့ အလုပ်ကို လည်း ခင်ဗျားတို့ ဝင်မစွက်ဖက်ကြပါနဲ့။ ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ် ကြပါ။”
သူသည် ထိုင်ခုံတစ်လုံးတွင် ဝင်ရောက်ထိုင်နေလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်လေတော့ သည်။
လူ ၅ယောက်သည် အချင်းချင်း ကြည့်လိုက်ကြ၏။
ကော့ရှင်းခုန်သည် ပြုံးပြလိုက်ပြီး- “အနောက်ဘက်အဆောင်က တော်တော်လေး နာမည်ကြီး တယ်လို့ ကြားဖူးထားတယ်။ သခင်လေးက ကျုပ်တို့ကို လိုက်ပြပါလား။”
လောင်ရှောင်း၃ယွန်-“အနောက်ဘက်ဆောင်က အခုဆိုရင် ပျက်စီးယိုယွင်းနေပါပြီ။”
ကော့ရှင်းခုန်-“ကိစ္စမရှိပါဘူး။ ကျုပ်တို့က ကြည့်ချင်ရုံသက်သက်ပါ။”
လောင်ရှောင်း၃ယွန်-“ဒါဆိုရင်လည်း ကျနော့် နောက်ကနေ လိုက်ခဲ့ကြပါခင်ဗျာ။”
လူတန်းကြီးသည် ပန်းခြံရှေ့ကို ဖြတ်လျှောက်လာခဲ့ကြ၏။
ရှေ့ဆုံးတွင် လောင်ရှောင်း၃ယွန်၊ အနောက်ဆုံးတွင် အနက်ရောင်ဝတ်ဆင်ထားသူ။ သူ့မျက်လုံး များက တစ်ဝက်ဖွင့် တစ်ဝက်ပိတ်ရှိနေကြပြီး ဝတ်ရုံထဲသို့ သူ့လက်နှစ်ဘက်ကို ထည့်ထားလိုက်၏။ အင်အားစုစည်းမှုများ ပြုလုပ်နေသလော...
လောင်ရှောင်း၃ယွန်သည် ညှိုးနွမ်းခြောက်သွေ့နေသော မက်မုံတောကြီးကို လက်ညှိုးထိုးပြလိုက် ကာ- “ဟိုးမှာတွေ့နေရတာ လေနုအေးအဆောင်ပဲ။”
ယန်ချောင်းဖေ၏မျက်လုံးများက အရောင်တောက်ပလာခဲ့ကြ၏။ “ရှောင်းလီတွမ့်ဟွာ အဲ့ဒီနေရာ မှာ နေခဲ့ဖူးတယ်ဆိုတာ ဟုတ်လား။”
လောင်ရှောင်း၃ယွန်သည် သူ၏ခေါင်းကို ငုံ့ထားလိုက်ပြီး- “မှန်ပါတယ် ခင်ဗျာ။”
ယန်ချောင်းဖေသည် သူ၏လှံတံပျံများကို တဆဆ ကိုင်လိုက်ရင်း- “သူ့ဆီမှာရှိတာက ဓားပျံ၊ ကျုပ်ဆီမှာလည်း လှံတံပျံတွေ ရှိနေတယ်။ တွေ့ချင်လိုက်စမ်းပါဘိ။ သူနဲ့သာတိုက်ခိုက်လိုက်ရမယ်ဆိုရင် ဘယ်လောက်တောင်မှ ပျော်ဖို့ကောင်းလိုက်မလဲ။”
အနက်ရောင်ဝတ်ဆင်ထားသူသည် ခပ်ဝေးဝေးမှ လှမ်းပြောလိုက်၏။ “ခင်ဗျားသာ သူနဲ့တိုက် ခိုက်ခွင့်ရခဲ့မယ်ဆိုရင် ဘုရား‘မ’တာပဲ။”
ယန်ချောင်းဖေသည် နောက်သို့လှည့်လိုက်ပြီး ထိုသူ့ကို စိတ်ဆိုးစွာ ကြည့်နေလိုက်တော့၏။
0 comments:
Post a Comment