Friday, March 4, 2011

(၃၁) ရှောင်းလီဓားပျံ

ယန်ချောင်းဖေ၏ စိတ်ဆိုးဒေါသထွက်နေသော အမူအရာများအား တွေ့လိုက်ရသောအခါ လောင်ရှောင်း၃ယွန်သည် လျင်မြန်စွာပင် ပြောဆိုလိုက်၏။ “သူ့ဓားပျံက သာမန်သံထည်နဲ့ ပြုလုပ်ထားတာပါ။ ဘာမှ မထူးဆန်းပါဘူး၊ ဒါပေမဲ့ လူတွေက နတ်ဓားပျံလို့တောင် တင်စားပြီး ပြောဆိုနေကြတာကိုတော့ ကျနော်ကိုယ်တိုင်တောင်မှ နားမလည်နိုင်တော့ဘူး။ တော်တော့်ကို အဖြစ်သည်းကြတာပဲ။”

အနက်ရောင်ဝတ်ဆင်ထားသူသည် တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။ “မင်းရဲ့သိုင်းပညာကို သူ ဖျက်ဆီးခဲ့တယ်လို့ ကြားဖူးတယ်။ မင်းသူ့ကို တော်တော်မုန်းနေမှာ အမှန်ပဲ။”

လောင်ရှောင်း၃ယွန်သည် အပြုံးမပျက်ပင် ပြန်ပြောလိုက်၏။ “ဦးရီးတော်လီက ကျနော့်ထက် အကြီးပဲ။ လူကြီးတစ်ယောက်က ဆုံးမတာကို ကျနော် ဘယ်လိုလုပ်ပြီး စိတ်ဆိုးရမှာလဲဗျာ။ ဒါ့အပြင် လူတစ်ယောက်အတွက် အောင်မြင်ကျော်ကြားဖို့ဆိုတာ သိုင်းပညာ ရှိတာမရှိတာနဲ့ မဆိုင်ပါဘူး။”

အနက်ရောင်ဝတ်ဆင်ထားသူသည် သူ့ကို ကြည့်နေလိုက်ပြီး သူ့အတွေးထဲ၌ စဉ်းစားနေသည့် အကြောင်းအရာများကို ခန့်မှန်းလိုက်သော်လည်း လူတစ်ယောက်၏ စိတ်တွင်းရှိအရာများကို ထိုးဖောက် မြင်နိုင်စွမ်းမရှိခဲ့ချေ။

ကျူကော့ခန်းသည် လက်ခုပ်ဩဘာတီးလိုက်ပြီး- “ကောင်းလိုက်တဲ့စကား... မင်းပြောတာသိပ် ကိုမှန်တယ်။ မင်းဟာ လောင်ရှောင်း၄ယွန်ရဲ့သား ပီသပါပေတယ်။”



လောင်ရှောင်း၃ယွန်သည် ဦးညွှတ်လိုက်ပြီး- “ဒီလောက်လည်း မဟုတ်ပါဘူးခင်ဗျာ။”

စန့်ကွမ်းဖေသည် တချိန်လုံး တိတ်ဆိတ်နေခဲ့ရာမှ ရုတ်တရက်ပင် မေးမြန်းလိုက်၏။ “အဲ့ဒီမှာ လင်ရှန်းအာလည်း နေသွားခဲ့တယ်မဟုတ်လား။” နောက်ဆုံးတော့လဲ သူ့ထံမှ စကားသံထွက်ပေါ်လာ၍ လောင်ရှောင်း၃ယွန်ပင် အံ့အားသင့်သွားခဲ့ရပြီး- “ဟုတ်ပါတယ်။”

စန့်ကွမ်းဖေ-“သူဘယ်ကို ထွက်သွားခဲ့တာလဲ...”

လောင်ရှောင်း၃ယွန်-“ဒေါ်လေးလင် ရုတ်တရက်ကြီး ပျောက်သွားခဲ့တာ ၂ နှစ်ကျော်လောက် ရှိပြီ။ သူ့လက်ဝတ်ရတနာတွေ၊ အသုံးအဆောင် ပစ္စည်းတွေကိုတောင်မှ ယူမသွားခဲ့ဘူး။ သူဘယ် ရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ တချို့ကပြောတော့ အားဖေက ပြန်ပေးဆွဲသွားတယ်တဲ့။ နောက်ပြီးတော့ အားဖေက သူ့ကိုသတ်လိုက်တယ်လို့လည်း ပြန်ကြားရပြန်တယ်။”

စန့်ကွမ်းဖေသည် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး မည်သည့်စကားမျှ မပြောဆိုတော့ချေ။

လူတန်းကြီးသည် ဆက်၍လျှောက်သွားလိုက်ရာ လေနုအေးအဆောင်ရှေ့သို့ ရောက်ရှိလာလေ သည်။

ကျူကော့ခန်း၏ မျက်လုံးများက အရောက်တစ်လက်လက်တောက်ပလာကြသည်မှာ ဤနေရာ၌ လွန်စွာမှပင် စိတ်ဝင်စားဖွယ်ကောင်းသော အဖိုးတန်ပစ္စည်းများ ရှိနေသည့်အတိုင်းပင်။

ကော့ရှင်းခုန်က မေးမြန်းလိုက်၏။ “ဒီနေရာက အခု မင်းရဲ့မေမေနေတဲ့နေရာလား။”

“ဟုတ်ပါတယ်။”

ကော့ရှင်းခုန်-“ကျုပ်တို့တွေ ဒီကိုလာခဲ့ကြတာ မင်းမေမေရဲ့ မွေးနေ့လက်ဆောင် ပေးကြဖို့ပါ။ ကျုပ်တို့ အပေါ်တက်ပြီး သွားပေးလို့ရမလား။”

လောင်ရှောင်း၃ယွန်သည် ဟိုကြည့်သည်ကြည့်လုပ်နေလိုက်ပြီး- “မေမေက ဧည့်သည်တွေကို ထွက်တွေ့လေ့မရှိပါဘူး။ ကျနော် အရင်သွားမေးလိုက်ပါဦးမယ်။”

ကော့ရှင်းခုန်-“ကောင်းပြီလေ...”

လောင်ရှောင်း၃ယွန်သည် လှေကားထစ်များကို ဖြေးညင်းစွာ တက်သွားလိုက်၏။

တန်တုက ပြုံးပြလိုက်ပြီး- “ဒီလိုချာတိတ်မျိုး အသက်ရှည်ရှည်နေနိုင်မယ်ဆိုတာ ရင်လေးစရာ ပဲ။”

ကျူကော့ခန်း၏မျက်နှာပြင်ပေါ်မှ အပြုံးရိပ်များ ပျောက်ကွယ်သွားခဲ့ပြီး- “ဒီနေရာဆိုတာ သေချာ လား။”

ကော့ရှင်းခုန်သည် လေသံတိုးတိုးလေး ပြန်ဖြေလိုက်၏။ “ကျုပ် အဲ့ဒီစာကို သေသေချာချာ လေ့ လာပြီးပါပြီ။ လီမိသားစုရဲ့ ရတနာသိုက်က ဒီနေရာမှာ ရှိနေတာ သေချာပေါက်ပဲ။ သူတို့မိသားစုဝင် အားလုံးနီးပါးက မင်းမှုထမ်းအရာရှိတွေဖြစ်ခဲ့တယ်ဆိုတော့ သူတို့ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေက ရေ တွက်လို့ ရမှာတောင်မဟုတ်ဘူး။”

သူသည် စကားပြောနေရင်း အနက်ရောင်ဝတ်ဆင်ထားသူသို့ လှည့်ကြည့်နေလိုက်၏။

အနက်ရောင်ဝတ်ဆင်ထားသူသည် ခပ်ဝေးဝေးတစ်နေရာ၌ ရှိနေပြီး ဒါးခုတ်ကောင် ၂ ကောင်တိုက် ခိုက်နေသည်ကို စိတ်ဝင်တစား ကြည့်နေ၏။ သူ၏ပုံစံမှာ ဤလူအုပ်စုအား အရေးမစိုက်သည့် အတိုင်း ပင်။

ကျူကော့ခန်း-“ရတနာပစ္စည်းတွေက အရေးမကြီးပါဘူး။ လီတွမ့်ဟွာ စုဆောင်းထားတဲ့ နာ မည်ကျော် ပန်းချီကားကြီးတွေနဲ့ သူ့သိုင်းကျမ်းကိုရဖို့က ပိုပြီးအရေးကြီးတယ်။”

ကော့ရှင်းခုန်က ခေါင်းညိတ်ပြလိုက်၏။ ထိုအချိန်၌ လောင်ရှောင်း၃ယွန်သည် လှေကားမှ ပြန်ဆင်း လာလေ၏။

ကျူကော့ခန်းသည် ပြုံးပြီးမေးမြန်းလိုက်၏။ “မင်းရဲ့ မေမေက ဘာပြောလိုက်လဲ။”

လောင်ရှောင်း၃ယွန်သည် ခေါင်းကို ခါရမ်းလိုက်ပြီး- “အပေါ်ထပ်မှာ မေမေ မရှိဘူး။”

ကျူကော့ခန်း-“ဒါဆို သူဘယ်ရောက်နေတာလဲ။”

လောင်ရှောင်း၃ယွန်-“ကျနော်လည်း စဉ်းစားနေတာ။ မေမေက သူ့အခန်းထဲက ဘယ်တုန်းကမှ ထွက်သွားဖူးတာ မဟုတ်ဘူး။”

ကျူကော့ခန်း-“ဒါဆိုရင်လဲ ကျုပ်တို့တွေ အပေါ်ထပ်မှာပဲ စောင့်နေလိုက်တော့မယ်။”

ပြီးနောက် အဝါရောင်ဝတ်ဆင်ထားသူ ၃ ယောက်သည် အပေါ်ထပ်သို့ လျင်မြန်စွာ ပြေးတက် သွားကြတော့၏။ “ကျနော်တို့ အခန်းကို သွားပြီး ရှင်းလင်းထားလိုက်မယ်။”

လောင်ရှောင်း၃ယွန်သည် ထိုသူများအား ဟန့်တားလိုက်ချင်သော်လည်း မတတ်နိုင်တော့သည့်အ ဆုံး ပေးသွားလိုက်ရလေတော့၏။

တချိန်ထဲ၌ပင် ၁၅ ပေခန့်ရှည်သော ကျာပွတ်တစ်ချောင်းသည် စက်ဝိုင်း ၃ ကွင်း ကွင်းပတ်ပြီး လျင် မြန်လှသော အဟုန်ဖြင့် လူ ၃ ယောက်၏ လည်ပင်းများအား ရစ်ပတ်လိုက်၏။

ပထမဆုံးသူသည် ဘာသံမှပင်မထွက်နိုင်ဘဲ မြေကြီးပေါ်လဲကျကာ အသက်ထွက်သွားရ၏။

ဒုတိယလူသည် ‘အား’ခနည်းအော်ဟစ်လိုက်ပြီး လဲကျသွားကာ ဆန့်ငင်ဆန့်ငင်ဖြင့် အသက်ထွက် သွားရပြန်သည်။

တတိယလူသည် သူ့လည်ပင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး လမ်းအနည်းငယ် လျှောက်သွားလိုက်ကာ စကားပင်မပြောဆိုနိုင်ဘဲ တွန့်ငင်နေရ၏။ ချက်ချင်း အသက် မထွက်သေးသော်လည်း သူ၏နာကျင်ခံစားရမှုက အသက်ထွက်သည်ထက်ပင် ၁၀ ဆခန့် ဆိုးနေသေး၏။

ထိုလူ၃ယောက်အား တိုက်ကွက်တကွက်ထဲနှင့် သေဆုံးသွားအောင် တိုက်ခိုက်နိုင်သည့် အစွမ်း အစကို ကျူကော့ခန်းပင် အံ့အားသင့်သွားခဲ့ရ၏။

အနက်ရောင်ဝတ်ဆင်ထားသူတစ်ယောက်သာ လုံးဝဝ်အံ့ဩဟန်မပြဘဲ- “မြွေကျာပွတ်ရဲ့ အစွမ်းက အာပလာပါပဲလား။” သူသည် သက်ပြင်းလေးတွဲ့စွာ ချလိုက်ပြီး အတော်လေး စိတ်ပျက်နေပုံရ၏။

စီမင်းရုသာ ထိုတိုက်ကွက်ကို အားအင်အပြည့်အဝသုံးပြီး တိုက်ခိုက်နိုင်ခဲ့ပါက ထိုလူ ၃ ယောက် လုံးသည် တပြိုင်နက်ထဲ သေဆုံးသွားရပေမည်။ ယခုသော် ၃ ယောက်လုံး တချိန်စီ၊ တစ်နေရာစီ အသီး သီး သေဆုံးသွားခဲ့ရသဖြင့် သူ၏ကျာပွတ်ပညာကို စီမင်းရုသည် ပြီးပြည့်စုံစွာ မတတ်ကျွမ်းသေး ကြောင်း ပြသနေ၏။

ကျူကော့ခန်း၏ မျက်လုံးများက မီးတောက်များ ပွင့်ထွက်လာခဲ့ကြ၏။ “စီမင်းရု... မင်းမနေ့က ကံကောင်းလို့ လွတ်သွားနိုင်ခဲ့ပေမယ့် ဒီနေ့တော့ မင်းအတွက် အခွင့်အရေးမရှိတော့ပါဘူး။”

စီမင်းရုသည် မည်သို့မျှ တုံ့ပြန်ပြောဆိုခြင်းမရှိသော်လည်း သူ၏ကျာပွတ်က ပျံဝဲထွက်လာခဲ့၏။

ကျာပွတ်၏ လေတိုးသံတစ်ချက်မှ မကြားရပါ။ ကျာပွတ်က ဖြောင့်တန်းစွာဝင်ရောက်လာခဲ့သော အခါမှပင် အသံသဲ့သဲ့လေးတစ်ချက် ထွက်ပေါ်လာခဲ့၏။ အသံထက်ပင် မြန်ဆန်သော ကျာပွတ်ရိုက်ချက် ပင်။

တစ်ချိန်ထဲ၌ပင် ကျူကော့ခန်းသည် လေထဲသို့ ပျံတက်သွားပြီး သူ၏သံချိုင်းထောက်နှင့် ကျာပွတ် တို့ လေထဲ၌ပင် ဆုံတွေ့လိုက်ကြ၏။ ကျာပွတ်သည် ချိုင်းထောက်ကို မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်လာ ၏။ ထို့နောက် ‘ဒုတ်...’ဆိုသော ကျယ်လောင်သည့်အသံ ထွက်ပေါ်လာပြီး ကျူကော့ခန်း၏ တစ်ချောင်းတည်းသော ခြေထောက်က မိုးပေါ်သို့ထောင်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ဇောက်ထိုးကြီး ကျလာ ၏။ တစ်ဆက်တည်းပင် သူ၏ခန္ဓာကိုယ်ကို ဂျင်တစ်လုံးကဲ့သို့ လှည့်ပတ်လိုက်ရာ ချိုင်းထောက်သည်လည်း လိုက်၍ လှည့်နေရ၏။

ချိုင်းထောက်ကို ရစ်ပတ်ထားသော ကျာပွတ်သည် ချိုင်းထောက်နှင့်အတူ လိုက်ပါ၍ ငြိတွယ်နေ ကာ တဖြည်းဖြည်း တိုလာလေ၏။ စီမင်းရုသည် သူ၏ကျာပွတ်နှင့်အတူ လိုက်ပါလာခဲ့ပြီး နောက်ဆုံး တွင် ချိုင်းထောက်နှင့် နီးကပ်စွာ ရောက်ရှိလာခဲ့ပြီး ရစ်ပတ်နေသော သူ၏ကျာပွတ်သည် လက်ကိုင် နီးနီးသို့ပင် ရောက်ရှိလာခဲ့၏။

လက်တစ်ချောင်းထဲဖြင့် ကျာပွတ်ကို ဆုပ်ကိုင်ထားရသောကြောင့် စီမင်းရု၏ အင်အားသည်  ခန္ဓာ ကိုယ်တစ်ခုလုံး၏ အင်အားကို ယူသုံးထားသော ကျူကော့ခန်းထက် များစွာမှပင် အားနည်းနေရ၏။ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းလာ၏။ ပြီးနောက် ဖြူဖွေးလာ၏။ ပြီးနောက် ချွေးသီးချွေးပေါက်များ ကျ ဆင်းလာလေတော့သည်။

ကျူကော့ခန်းသည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီးနောက် ခန္ဓာကိုယ်ကို အတည့်ဖြစ်အောင် ပြန်လှည့်လိုက်၏။ ထိုတိုက်ကွက်သည် သူ၏နာမည်ကျော်ကြားလှသော ‘စစ်သား၁၀၀၀ရိုက်လှဲ’ တိုက်ကွက်ပင်ဖြစ်ပြီး လူနှင့်ချိုင်းထောက်တို့က တသားတည်းဖြစ်သွားလေတော့သည်။ ချိုင်းထောက် သည် သူ၏ခန္ဓာကိုယ်ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ချိုင်းထောက် ဖြစ်သွားခဲ့ရ၏။

စီမင်းရုသာ သူ၏ကျာပွတ် လက်ကိုင်ကို လွှတ်ချလိုက်မည်ဆိုပါက ထိုတိုက်ကွက်မှ လွတ်မြောက် နိုင်သေး၏။ သို့သော် ဤကျာပွတ်ဖြင့် နာမည်ကျော်ကြားလာခြင်း ဖြစ်သောကြောင့် သူ၏လက်နက် ကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း။ သူသာ ကျာပွတ်ကို မလွှတ်ချလိုက်ပါက ကျူကော့ခန်း၏ ခြေကန် ချက်ကို သူ၏ဘယ်ဘက်လက်ဖြင့် ထိပ်တိုက်ခုခံကာကွယ်ရပေလိမ့်မည်ဖြစ်ပြီး သူ၏လက်တစ်ဘက် သွင် သွင် ကျိုးသွားနိုင်၏။

သို့သော် စီမင်းရုသည် အတော်ဆုံးတကာ့ အတော်ဆုံး သိုင်းသမားတစ်ယောက်ဖြစ်ပြီး စိတ်လှုပ် ရှားဟန် လုံးဝမပြသခဲ့ပါ။ ရုတ်ချည်းပင် သူ၏ကိုယ်ဖော့ပညာကို အသုံးပြုလိုက်ပြီး ချိုင်းထောက်ကို ပြောင်းပြန် ပြန်၍လှည့်လိုက်၏။

သူသည် သူ၏ကျာပွတ်အား ချိုင်းထောက်နှင့် ရစ်ပတ်နေရသည်မှ ပြန်ဖြေရန်ကြိုးစားနေခြင်းဖြစ် ကြောင်း ကျူကော့ခန်းကလည်း သိနေ၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကို စီမင်းရုလှည့်ပတ်နေသည့် ဦး တည်ရာအတိုင်း လိုက်၍လှည့်ပတ်လိုက်ပြီး သူ၏ခြေထောက်က စီမင်းရု၏နောက်ကျောသို့ သီသီလေး ရောက်ရှိလာခဲ့၏။

အနက်ရောင်ဝတ်ဆင်ထားသူသည် သက်ပြင်းချလိုက်ပြီးနောက်- “သံမဏိချိုင်းထောက်လည်း အာပ လာပါပဲလား။”

ကျူကော့ခန်းသာ အချိန်ကို အကွက်ကျကျ ချိန်ဆနိုင်ခဲ့လျှင် ဤနေရာ၌ စီမင်းရုသည် ပွဲချင်းပြီး သေဆုံးသွားနိုင်၏။ သူ၏ခြေကန်ချက်က တိတိကျကျ ကွက်တိမကန်နိုင်ခဲ့သော်လည်း စီမင်းရုသည် ဒုက္ခ လှလှကြီး ရောက်နေရ၏။ ထိုခြေကန်ချက်ကြောင့် သူ့အသက်ထွက်ရတော့မည့်အတိုင်းပင်။

တန်တုက ရယ်မောလိုက်ပြီး- “မင်းက သေချင်နေမှတော့ ဘာလို့ ရှောင်ပြေးနေတော့မှာလဲ။ ကျုပ် ကူညီပေးပါ့မယ်။” သူ၏ ရှိခိုးကောင်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားရောင်တစ်ချက် ဖြာထွက်သွား ကာ စီမင်းရု၏ နောက်ကျောသို့ တိုက်ခိုက်လိုက်၏။

သို့သော် တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်က မမြင်ရသည့် နံရံတစ်ခုနှင့် တိုက်မိလိုက်သလို နောက် သို့ လန်သွားရ၏။ ပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေတော့၏။

သူဘာစကားမှ မပြောနိုင်ခင်မှာပင် အသက်ထွက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏လည် မျို၌ ဓားပျံတစ်ချောင်း စိုက်ဝင်နေလေသည်။

လွန်စွာမှပင် ရိုးရှင်းသော ဓားပျံတစ်လက်...

သို့သော် လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ကျူကော့ခန်းသည် ဓားပျံကို တွေ့လိုက်ရသည်နှင့် တပြိုင်နက် အာမေဍိတ်သံဖြင့်- “ရှောင်းလီဓားပျံ...”

ထိုအော်ဟစ်လိုက်သံသည် သူ၏အာရုံစုစည်းမှုကို ပျက်သွားစေခဲ့ပြီး တစ်ဘက်သို့ ပြောင်းပြန်လည် ပတ်နေမိလိုက်ပြီး အရှိန်မထိန်းနိုင်တော့ပေ။ စီမင်းရု၏ လက်ကောက်ဝတ်က တင်းသွားခဲ့ပြီး သူ၏ ကျာ ပွတ်ကို ဆောင့်ဆွဲလိုက်ရာ ချိုင်းထောက်နှင့် ငြိနေရာမှ လွတ်သွား၏။

ကျူကော့ခန်းသည် လေထဲ၌ ဟန်ချက်ပျက်သွားခဲ့ပြီး တစ်ဘက်သို့ ကျသွားခဲ့ရာမှ ပြန်၍ထိန်းလိုက် နိုင်၏။

အဝေးတစ်နေရာမှ လူတစ်ယောက် ထွက်ပေါ်လာ၏။ အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်များ ဖွာလန်နေ၏။ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း သူ့မျက်လုံးအကြည့်များက ထူးခြားစွာ စူးရှ တောက်ပနေ၏။

ကျူကော့ခန်းသည် သူ၏ချိုင်းထောက်ကို ကိုင်ထားလိုက်ပြီး- “ရှောင်းလီတွမ့်ဟွာ...”

ထိုသူသည် ပြန်၍ပြုံးပြလိုက်ပြီး- “အားနာစရာ ကောင်းလိုက်တာဗျာ။”

ကျူကော့ခန်းက ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်၏။ “ကျုပ်တို့ရဲ့ ကိစ္စထဲမှာ ဘာဝင်ရှုပ် တာလဲ။”

လီဆွန်းဟွာ-“ကျုပ် ဘယ်သူ့ကိစ္စထဲမှာမှ ဝင်မပါလိုပါဘူး။ ဒါပေမဲ့ ကျုပ်ကိုလည်း လာပြီး စိတ်အ နှောက်အယှက် မပေးကြပါနဲ့။”

သူ၏လက်ထဲမှ ဓားပျံကို လှည့်ပတ်ဆော့ကစားနေလိုက်ပြီး- “ဒီမှာ ဘာရတနာမှ မရှိပါဘူး။ ခင် ဗျားတို့ရဲ့ အချိန်တွေ အလဟသတ် ကုန်ဆုံးသွားခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ ဒါနဲ့... ခင် ဗျားတို့ပြန်တဲ့အခါကျရင် လက်ဆောင်တွေ ပြန်ယူသွားကြပါ။”

ကျူကော့ခန်း၊ စန့်ကွမ်းဖေ နှင့် ကော့ရှင်းခုန်တို့အားလုံးက သူ၏လက်ထဲမှ ဓားပျံကို စိုက်၍ကြည့် နေလိုက်ကြ၏။ သူတို့၏ လည်မျိုနေရာများတွင် မွန်းဆို့တင်းကြပ်သော ခံစားမှုများကို ခံစားနေကြရ လေသည်။

ယန်ချောင်းဖေက ဒေါသကြီးစွာ အော်ဟစ်လိုက်၏။ “ကျုပ်တို့ ထွက်မသွားချင်ကြဘူး ဆိုရင် ကော။”

လီဆွန်းဟွာက ပြုံးပြလိုက်ပြီး- “ကျုပ်ရဲ့ တိုက်တွန်းချက်ကို လက်ခံပြီး ထွက်သွားလိုက်ကြပါလို့ ကျုပ် အကြံပြုပါတယ်။”

ယန်ချောင်းဖေ-“ကျုပ်က ခင်ဗျားနဲ့ တိုက်ချင်နေခဲ့တာကြာပြီ။ လူတိုင်းက ခင်ဗျားကို ကြောက် ပေမယ့် ကျုပ်ကတော့ ကြောက်လိမ့်မယ်မထင်နဲ့။” သူ၏ဝတ်ရုံကို လှစ်ဟလိုက်သောအခါ လှံသွားပျံများစွာ ထွက်ပေါ်လာ၏။

သို့သော် လီဆွန်းဟွာက သူ့ကို အရေးစိုက်ပြီးပင် ကြည့်မနေခဲ့ပါ။

ယန်ချောင်းဖေက ကျယ်လောင်စွာမာန်သွင်းလိုက်ပြီး သူ၏လက်ကို လှုပ်ခတ်လိုက်ရာ လှံသွားပျံ ၉ ခု ထွက်ပေါ်လာခဲ့သော်လည်း လီဆွန်းဟွာထံသို့ မရောက်ရှိခင်မှာပင် အားလုံး မြေကြီးပေါ်သို့ တမဟုတ်ချင်း ပြုတ်ကျသွားခဲ့ကြ၏။

တစ်ယောက်က ယန်ချောင်းဖေကို လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်တွင်လဲကျနေသည်ကို တွေ့ လိုက်ရပြီး သူ၏လည်မျိုတွင် ဓားပျံတစ်ချောင်း စိုက်ဝင်နေလေသည်။

ရှောင်းလီဓားပျံ...

ထိုဓားပျံ သူ၏လည်မျိုသို့ မည်သို့ ရောက်ရှိလာခဲ့မှန်း မည်သူမှ မမြင်တွေ့ခဲ့ရချေ။ သူ၏လှံသွား ပျံများ ပစ်လွှတ်လိုက်သည့် တချိန်ထဲ၌ပင် ဖြစ်နိုင်၏။ ထို့ကြောင့်ပင် သူ၏လှံသွားပျံများက အားအဟုန် ကုန်ဆုံးသွားပြီး လီဆွန်းဟွာထံ မရောက်ခင် လမ်းတဝက်၌ ပြုတ်ကျသွားခဲ့ကြခြင်း ဖြစ်နိုင်၏။

မြန်လိုက်သည့်ဓားပျံ...

သေဆုံးသွားခဲ့ရသော်လည်း ယန်ချောင်းဖေ၏ မျက်လုံးများက ဤမျှမြန်သော ဓားပျံတစ်လက် ဤ ကမ္ဘာမြေပေါ်၌ ရှိနေသေးသည်ကို မယုံကြည်နိုင်ဟန်။

အနက်ရောင်ဝတ်ဆင်ထားသူသည် ယန်ချောင်းဖေ၏ သက်မယ့်ခန္ဓာကိုယ်ကို ကြည့်ကာ ပြုံးလိုက်ပြီး “ကျုပ်ပြောခဲ့သားပဲ။ မင်းဟာ သူ့ရဲ့ပြိုင်ဘက်မဟုတ်ပါဘူးလို့... အခုတော့ ယုံပြီလား။”

သူ၏ခေါင်းကို ပြန်မော့လိုက်ပြီး လီဆွန်းဟွာကို စိုက်ကြည့်လိုက်ကာ စကားကို တစ်လုံးချင်း ပီသ စွာပြောလိုက်၏။ “ရှောင်းလီဓားပျံက ကျုပ်ကို စိတ်မပျက်စေခဲ့ဘူး။”

လီဆွန်းဟွာ-“ခင်ဗျားက...”

အနက်ရောင်ဝတ်ဆင်ထားသူသည် လီဆွန်းဟွာကို ဖြတ်ပြောလိုက်၏။ “ရှောင်းလီတွမ့်ဟွာရဲ့ ဂုဏ်သတင်းကို ကြားဖူးနေခဲ့တာကြာပြီ။ ကျုပ်တို့ ဒီနေ့ ဆုံတွေ့ရတဲ့အတွက် အင်မတန်မှ ဝမ်းသာမိ ပါတယ်။”

စကားအဆုံး၌ သူ၏ဓားကို ဆွဲထုတ်လိုက်၏။ ‘ချွမ်း...’ဓားအိမ်ထဲမှ မည်းနက်တောက်ပြောင် နေသော ဓားတစ်လက် ထွက်ပေါ်လာပြီး အနက်ရောင် ဓားငွေ့များက တစိမ့်စိမ့် ပျံ့လွင့်လာခဲ့၏။

ကော့ရှင်းခုန်၏ မျက်ခုံးနှစ်ခုကြားသို့ အေးစက်စက် အငွေ့အသက်တစ်ခု အသံတိတ်စွာ ဝင် ရောက်လာခဲ့ပြီး သူ၏အမြင်အာရုံ နှစ်ခြမ်းကွဲသွားရ၏။ သူ၏မျက်လုံးများ ပြန်မှိတ်လိုက်သည့်အချိန် တွင် နာကျင်မှုအားလုံး ပျောက်ကွယ်သွားခဲ့ရပြီး သူသည်လည်း မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။

အနက်ရောင် ဓားရိပ်တစ်ရိပ်ဖြတ်သန်းသွားသည်ကိုသာ ကျူကော့ခန်း တွေ့လိုက်ရပြီး ကော့ရှင်းခုန်၏ ခန္ဓာကိုယ်မှ သွေးများ ဖြာထွက်လာ၏။ ကော့ရှင်းခုန်သည် ထိုဓားချက်ကို ခုခံကာကွယ်ဖို့ နေနေ သာသာ ရှောင်တိမ်းဖို့ပင် အခွင့်အရေးမရခဲ့ချေ။

အနက်ရောင်ဝတ်ဆင်ထားသူ၏ဓားသည် တပတ်ပြန်လှည့်လာပြီး ‘ထန်း...’ဆိုသော အသံကျယ် ကြီးကို ကြားလိုက်ရပြီးနောက် ပေါင် ၇၀ လေးသော ချိုင်းထောက်သည် ၂ ပိုင်းပြတ်ထွက်သွားခဲ့ရ၏။ ဓားကရပ်တန့်မသွားသေးဘဲ ဆက်တိုက်ပင် တိုးဝင်လာခဲ့၏။ ကျူကော့ခန်းသည် အေးစိမ့်စိမ့် ခံစားမှု တစ်ခု ခံစားလိုက်ရပြီးနောက် ချက်ချင်းပင် ထိုခံစားမှုက ပျောက်ကွယ်သွားခဲ့ရ၏။

သူသည်လည်း လဲကျသွားခဲ့ပြန်၏။

ထိုအရာများဖြစ်ပျက်သွားခဲ့သည်မှာ မျက်စိတစ်မှိတ်အချိန်လေး၌ပင် ဖြစ်သွားခဲ့ခြင်းဖြစ်၏။ စီမင်း ရုသည် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ- “ကျုပ်အတွက် သိုင်းလောကမှာ နေရာ မရှိတော့ပါလား...”

ပြီးနောက် ခေါင်မိုးပေါ်မှတဆင့် သူ ပျောက်ကွယ်သွားခဲ့လေတော့သည်။

တစ်ချိန်ထဲ၌ပင် စန့်ကွမ်းဖေသည် သူ၏ကိုယ်ဖော့ပညာကို အစွမ်းကုန်ထုတ်သုံးလိုက်၏။ အဘယ် ကြောင့်ဆိုသော် ဓားရိပ်များက သူ့ဆီသို့ ဦးတည်လာနေသောကြောင့်ပင်တည်း။

ရုတ်ချည်းပင် စန့်ကွမ်းဖေသည် သူ၏ ‘သားအမိသံကွင်း’ကိုထုတ်ယူလိုက်ပြီး ဓားဦးထဲသို့ ထိုး ထည့်လိုက်ပြီး ကြောက်မက်ဖွယ်ရာ တိုက်ကွက်ကို ကာကွယ်လိုက်၏။

အနက်ရောင်ဝတ်ဆင်ထားသူ-“ကောင်းတယ်...”

စကားပြောနေစဉ်မှာပင် သူ၏ဓားကို လှုပ်ခါလိုက်ရာ သံကွင်းများ ပြတ်ထွက်သွားပြီး စန့်ကွမ်းဖေ ၏လည်ပင်း၌ ဓားဦးကို ထောက်မိလျက်သားဖြစ်သွား၏။

စန့်ကွမ်းဖေသည် မျက်လုံးများကိုမှိတ်ထားလိုက်သော်လည်း သူ၏ဟန်ပန်က တည်ငြိမ်စွာပင် အေး စက်စက်ရှိနေဆဲ။ အနက်ရောင်ဝတ်ဆင်ထားသူသည် သူ့ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်၏။ “မင်း စန့်ကွမ်းကျင်းဟုန်ရဲ့ တပည့်လား။”

စန့်ကွမ်းဖေက ခေါင်းညိတ်ပြလိုက်၏။

အနက်ရောင်ဝတ်ဆင်ထားသူ-“ကျုပ်ရဲ့ဓားက ဘယ်သူ့ကိုမှ အသက်ရှင်သန်ခွင့် မပေးဖူးဘူး။ အသက် ငယ်ငယ်လေးနဲ့ ကျုပ်ရဲ့တိုက်ကွက်ကို ပထမတကြိမ် မင်းကာကွယ်နိုင်ခဲ့တာကိုတော့ ချီးကျူးပါ တယ်။”

သူ၏ဓားကိုရုတ်သိမ်းလိုက်ပြီး စန့်ကွမ်းဖေ၏ ပခုံးကိုပုတ်လိုက်ကာ- “မင်းသွားနိုင်ပြီ...”

စန့်ကွမ်းဖေသည် မလှုပ်မယှက်ပင် ရပ်နေရာမှ အနက်ရောင်ဝတ်ဆင်ထားသူကို စိုက်ကြည့်လိုက် ပြီး- “ခင်ဗျားက ကျုပ်ကို မသတ်ချင်ပေမယ့် ကျုပ်မှာ ပြောစရာစကားကျန်သေးတယ်။”

အနက်ရောင်ဝတ်ဆင်ထားသူ-“ပြောပါ...”

စန့်ကွမ်းဖေ-“ကျုပ်ကို ဒီနေ့လွှတ်ပေးလိုက်ပေမယ့် နောင်များမှာ ကျုပ်က လက်စားပြန်ချေမှာပဲ။ အဲ့ဒီအချိန်ကျရင်တော့ ကျုပ်က ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး။”

အနက်ရောင်ဝတ်ဆင်ထားသူသည် သဘောကျစွာ ရယ်မောလိုက်ပြီး- “ကောင်းတယ်။ စန့်ကွမ်း ကျင်းဟုန်ရဲ့သား ပီသပါပေတယ်။”

ပြီးနောက် အရယ်ရပ်လိုက်ပြီး စန့်ကွမ်းဖေကို စိုက်ကြည့်လိုက်ကာ- “တစ်နေ့ မင်းလက်ထဲမှာသာ ကျုပ်သေရမယ်ဆိုရင် ကျုပ်မင်းကို စိတ်မဆိုးပါဘူး။ ကျုပ် ဝမ်းတောင်သာလိုက်ဦးမယ်။ မင်းကိုကျုပ် လူကဲခတ် မမှားခဲ့ဘူး။”

စန့်ကွမ်းဖေ၏အမူအရာများက အပြောင်းအလဲမရှိဘဲ- “ဒါဆိုရင်လည်း ကျုပ် နှုတ်ဆက်ခဲ့ပါတယ်။”

အနက်ရောင်ဝတ်ဆင်ထားသူ-“ကျုပ် မင်းကိုစောင့်နေပါ့မယ်။”

အနက်ရောင်ဝတ်ဆင်ထားသူသည် ရုတ်တရက် အော်ဟစ်ဟန့်တားလိုက်၏။ “ခဏနေဦး...”

စန့်ကွမ်းဖေသည် အရှိန်လျှော့လိုက်ပြီး ရပ်တန့်လိုက်၏။

အနက်ရောင်ဝတ်ဆင်ထားသူ-“မင်းမှတ်ထားရမှာက... ကျုပ် ဒီနေ့ မင်းကို လွှတ်ပေးလိုက်တာ စန့်ကွမ်းကျင်းဟုန်ရဲ့သားဖြစ်နေလို့ မဟုတ်ဘူး။ မင်းက မင်းဖြစ်နေလို့...”

စန့်ကွမ်းဖေသည် မည်သည့်စကားမှ ပြန်မပြောတော့ဘဲ ဖြေးညင်းစွာလျှောက်လှမ်း ပျောက်ကွယ် သွားခဲ့၏။ အနက်ရောင်ဝတ်ဆင်ထားသူသည် သူပျောက်ကွယ်သွားသည်အထိ စောင့်နေလိုက်၏။ ပြီး နောက် ပြန်လှည့်လာပြီး လီဆွန်းဟွာကို မျက်နှာချင်းဆိုင်လိုက်ကာ- “ဒီနေ့ ကျုပ်တို့ဆုံတွေ့ရတာ ဝမ်းသာပါတယ်။”

လီဆွန်းဟွာသည် သူ၏ဓားကိုစိုက်ကြည့်နေလိုက်ပြီး မေးမြန်းလိုက်၏။ “နေရောင်ခြည်ဓား´”

အနက်ရောင်ဝတ်ဆင်ထားသူ-“ဟုတ်ပါတယ်။ ကျုပ်က ကော့စွန်းယန်ပါ။”

လီဆွန်းဟွာသည် လေးတွဲ့စွာ သက်ပြင်းချလိုက်ပြီး- “နေရောင်ခြည်ဓားက ကျော်ကြားသ လောက် အစွမ်းထက်လှပါလား...”

ကော့စွန်းယန်သည် သူ၏ဓားကို စိုက်ကြည့်နေလိုက်ပြီး- “ဒါပေမဲ့ ရှောင်းလီဓားပျံနဲ့ ယှဉ်လိုက် ရင် ဘယ်လိုနေမလဲဆိုတာ ကျုပ် သိချင်လိုက်တာ။”

လီဆွန်းဟွာက ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး- “ကျုပ်အတွက်တော့ မသိတာဘဲ ပိုကောင်း လိမ့်မယ်။”

“ဘာဖြစ်လို့လဲ...”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့... ကျုပ်တို့သာ အဖြေရှာကြမယ်ဆိုရင် တစ်ယောက် ယောက်တော့ ဝမ်းနည်းရလိမ့်မယ်။”

ကော့စွန်းယန်သည် အပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏မျက်နှာပေါ်တွင် ကျေးဇူးတင်သော အ ရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ကျယ်လောင်စွာဖြင့်- “တစ်နေ့မဟုတ် တစ်နေ့တော့ ကျုပ်တို့ သိချင်ကြဦးမှာပဲ မဟုတ်လား။”

လီဆွန်းဟွာ-“နောက်များကျမှပဲလို့ ကျုပ်မျှော်လင့်ပါတယ်။”

ကော့စွန်းယန်-“ဒါပေမဲ့ ကျုပ်ကတော့ အဖြေကို မြန်မြန်ပဲ သိချင်နေမိတယ်။”

“ဟုတ်ရဲ့လား...”

ကော့စွန်းယန်-“အနိုင်အရှုံးမပေါ်သေးသရွေ့ ကျုပ် စိတ်သက်သာရာရမှာ မဟုတ်ဘူး။”

လီဆွန်းဟွာသည် အတန်ကြာမျှစဉ်းစားနေလိုက်ပြီး မေးမြန်းလိုက်၏။ “ခင်ဗျား ဘယ်တော့ လောက်လို့ မှန်းထားလဲ။”

ကော့စွန်းယန်-“ဒီနေ့ပဲ။”

လီဆွန်းဟွာ-“ဒီနေရာမှာလား...”

ကော့စွန်းယန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်၏။ “ဒါက ခင်ဗျားရဲ့အိမ် ဖြစ်ခဲ့ဖူးတာပဲ။ ကျုပ်တို့သာ ဒီနေရာမှာ တိုက်ခိုက်ကြရင် ပတ်ဝန်းကျင်ကို သိနေ တဲ့ ခင်ဗျားက အသာစီးရသွားမှာပေါ့။”

လီဆွန်းဟွာသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး- “ခင်ဗျားပြောတာမှန်တယ်။ ခင်ဗျားရဲ့ နောက်ဆုံး စကားက ဘာကို ဖော်ပြနေလည်းဆိုတော့ ခင်ဗျားဟာ ထိပ်သီးသိုင်းပညာရှင်တစ်ယောက် ဆို တာပဲ။”

ကော့စွန်းယန်-“အချိန်ကို ကျုပ်က ရွေးခဲ့ပြီးပြီ။ ခင်ဗျားက နေရာရွေးပေါ့။”

လီဆွန်းဟွာ-“မလိုအပ်ပါဘူး။”

ကော့စွန်းယန်သည် အတန်ကြာမျှ စဉ်းစားလိုက်ပြီးနောက်- “ကောင်းပြီ။ ဒါဆိုရင်လည်း ကျုပ် နောက်ကနေ လိုက်ခဲ့ပါ။”

လီဆွန်းဟွာ-“ခင်ဗျား အရင်သွားနှင့်ပါ။”

သူသည် ခြေလှမ်းအနည်းငယ်မျှ လျှောက်သွားလိုက်ပြီး လေနုအေးအဆောင်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။ ထိုနေရာ၌ လောင်ရှောင်း၃ယွန်သည် သူတို့အား ရပ်ကြည့်နေပြီး သူ၏မျက်လုံး များက မုန်းတီးမှုများ ပြည့်နှက်နေ၏။

ကော့စွန်းယန်၏ ရင်သပ်ရှုမောဖွယ် ဓားချက်များ၊ ကျူကော့ခန်းအပါအဝင် အခြားလူများ၏ သေ ဆုံးမှုများက ထိုကလေးကို စိတ်လှုပ်ရှားအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ သို့သော် လီဆွန်းဟွာ၏ငေး ကြည့်နေသော အဖြစ်ကို မြင်တွေ့လိုက်ရပြီးနောက် သူသည် ချက်ချင်းပင် ပြုံးပြလိုက်ပြီး ဦးညွတ်လိုက် ကာ- “ဦးရီးတော်လီ... နေကောင်းတယ်နော်...”

လီဆွန်းဟွာသည် စိတ်တွင်းမှ သက်ပြင်းချလိုက်သော်လည်း အပြင်ပန်းတွင် ပြုံးပြလိုက်ကာ တုံ့ပြန် နှုတ်ဆက်လိုက်၏။

လောင်ရှောင်း၃ယွန်-“မေမေဟာ အချိန်တိုင်းမှာ ဦးရီးတော်ရဲ့ အကြောင်းကိုပဲ တွေးနေပါတယ်။ ကျနော်တို့ဆီ ခဏခဏ အလည်လာပါလို့ ဦးရီးတော်ကို ဖိတ်ခေါ်ပါတယ်။”

လီဆွန်းဟွာသည် ခြောက်ကပ်စွာ ရယ်မောလိုက်၏။

လောင်ရှောင်း၃ယွန်သည် လီဆွန်းဟွာထံသို့ ပြေးလာခဲ့ပြီး သူ၏ခါးစည်းကြိုးကို ဆွဲထားလိုက်ကာ နားနားသို့ တီးတိုးပြောဆိုလိုက်၏။ “အဲ့ဒီလူက ကြောက်စရာကောင်းတယ်။ ဦးရီးတော်လီ သူနဲ့ လိုက် မသွားပါနဲ့လား။”

လီဆွန်းဟွာ-“မင်းကြီးလာတဲ့တစ်နေ့ကျရင် နားလည်လာပါလိမ့်မယ်။ တစ်ခါတစ်ခါမှာ မင်းမလုပ်ချင် တဲ့အလုပ်ကို မလုပ်မဖြစ် လုပ်ကို လုပ်ရလိမ့်မယ်ဆိုတာ...”

လောင်ရှောင်း၃ယွန်သည် တုန်ခါစွာဖြင့်- “ဒါပေမဲ့... ဒါပေမဲ့... ဦးရီးတော်လီ သေသွားရင် ဘယ်လို လုပ်မလဲ။ ကျနော်နဲ့ မေမေ့ကို ဘယ်သူက လာပြီး စောင့်ရှောက်ပေးမှာလဲ။”

လီဆွန်းဟွာ အေးခဲသွားခဲ့ရ၏။ အတော်လေးကြာသောအခါ သူ၏ခေါင်းကို ပြန်မော့လိုက်သော် လင်ရှီးယင်သည် လှေကားထိပ်မှ သူတို့ကို ရပ်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် စိုးရိမ်ပူပန်နေပုံရသော်လည်း ပျော်ရွှင်နေပုံလည်းရ၏။

လီဆွန်းဟွာသည် သူ၏နှလုံးသားကို ဓားတစ်ချောင်းဖြင့် ထိုးစွလိုက်သလို ခံစားလိုက်ရပြီး ခေါင်း ကို ပြန်ငုံ့ထားလိုက်၏။

လင်ရှီးယင်က အားတင်းပြုံးပြလိုက်ပြီး- “ဦးရီးတော်လီမှာ အလုပ်ကိစ္စလေးတွေရှိနေတယ်။ သူ သွားရလိမ့်မယ်။”

သူမ၏အပြုံးမှာ လွန်စွာမှပင် ချည့်နဲ့လှ၏။ ထိုအပြုံးကိုသာ လီဆွန်းဟွာ တွေ့မြင်ရခဲ့ပါက သူ၏ အသည်းနှလုံး ကွဲကြေသွားနိုင်လေသည်။

လောင်ရှောင်း၃ယွန်-“မေမေ၊ ဦးရီးတော်လီကို ပြောစရာစကား မရှိတော့ဘူးလား။”

လင်ရှီးယင်၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်လာခဲ့ပြီး- “သူပြန်လာတဲ့အထိ စောင့်လို့ရပါသေးတယ်ကွယ်။”

လောင်ရှောင်း၃ယွန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့ပြီး မျက်လုံးလေး ပေကလပပေကလပ် ဖြင့်- “ဒါပေမဲ့... ဒါပေမဲ့ဦးရီးတော်လီသာ ဒီနေ့ထွက်သွားခဲ့မယ်ဆိုရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။”

လင်ရှီးယင်သည် တိုးညင်းစွာဖြင့် သားဖြစ်သူအား ကြိမ်းမောင်းလိုက်၏။ “ရှုး...အပေါ်ပြန်တက် လာခဲ့စမ်း။ ဦးရီးတော်လီကို ပေးသွားလိုက်။”

နောက်ဆုံးတွင် လောင်ရှောင်း၃ယွန်သည် ခေါင်းညိတ်လိုက်ပြီး ဆွဲထားသော ခါးစီးကြိုးကို လွှတ် ပေးလိုက်ကာ- “ဦးရီးတော် သွားပါတော့။ ကျနော်တို့အတွက် ဘာမှ စိတ်မပူပါနဲ့။ မေမေနဲ့ ကျနော်က အထီးကျန်ဆန်တာကို နေသားကျနေပါပြီ။ ဦးရီးတော် ဘာမှစိတ်ပူစရာမရှိပါဘူး။”

သူ၏မျက်လုံးကို လက်ခုံဖြင့်သုတ်လိုက်ရာ မျက်ရည်စများ ပေကျံကုန်၏။

ကော့စွန်းယန်သည် တံတားလေး၏ထိပ်မှ သူတို့ကို ရပ်ကြည့်နေလိုက်၏။

နောက်ဆုံးတွင် လီဆွန်းဟွာသည် သူတို့မိသားစုကို ကျောခိုင်းလိုက်တော့၏။ မည်သည့်စကားမှ သူမပြောဆိုခဲ့သလို မော့၍လည်း မကြည့်ခဲ့ပါ။ ဤအချိန်မျိုးတွင် စကားပြောဆိုခြင်းသည် ဘာမှအကျိုး မရှိ နိုင်ပေ။ ထို့ပြင် မည်သည့်စကားကို ပြောရမည်မှန်းလည်း သူမသိပါ။ လူတစ်ယောက်၏ ကရုဏာတရား အင်မတန်ကြီးမားသည်ဆိုလျှင် အပြင်ပန်းတွင် ထိုသူသည် မေတ္တာတရားကင်းမဲ့သလို ဖြစ်သွားသည် မဟုတ်ပါလား။

ခြံဝင်း၏အပြင်ဘက်တွင် ဆောင်းဦးရာသီ၏ အငွေ့အသက်များ ဖုံးလွှမ်းနေ၏။

ကော့စွန်းယန်၏ လက်နှစ်ဘက်လုံး သူ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားပြီး ရှေ့မှ ဖြေးညင်း စွာ လျှောက်လှမ်းနေ၏။

လီဆွန်းဟွာသည် သူ၏နောက်မှ လိုက်ပါလာ၏။

လမ်းကလေးသည် ရှည်လျားပြီး တဖြည်းဖြည်း ကျဉ်းမြောင်းလာ၏။ ဆောင်းဦး၏ လေပြည်တ ချက်ဝေ့တိုက်လာ၏။ သစ်ရွက်များက အညိုရောင်ပင် သမ်းနေကြလေပြီ။

ခြေလှမ်းနှေးနှေးလျှောက်နေသော်လည်း ကော့စွန်းယန်၏ ခြေလှမ်းများက ကျဲလှ၏။

လီဆွန်းဟွာသည် သူ၏ခြေလှမ်းများကို သတိထားကြည့်နေလိုက်၏။

မြေကြီးသည် အတန်သင့် ပျော့ပြောင်းနေရာ ခြေလှမ်းတိုင်း၏ ခြေရာများကို အထင်းသားတွေ့ နေရ၏။ သူ၏ခြေလှမ်းတိုင်းသည် ခြေရာအတိမ်အနက် တူညီစွာရှိနေပြီး ခြေလှမ်းတစ်ခုနှင့်တစ်ခု အကွာ အဝေးမှာလည်း ညီတူညီမျှပင်ဖြစ်၏။

သူသည် အေးအေးဆေးဆေးပင် လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထူးခြားသော အတွင်းအားတစ်မျိုးကို စုစည်းနေခြင်းသာဖြစ်၏။ သူ၏ခန္ဓာကိုယ်သည် အတွင်းအား နှင့် သဟဇာတဖြစ်လာသောကြောင့် သူ၏ခြေလှမ်းများက အကွာအဝေး တူညီနေကြခြင်း၊ ခြေရာအတိမ် အနက် တူညီနေကြခြင်းပင်ဖြစ်၏။

သူ၏အတွင်းအားစုစည်းမှု အမြင့်ဆုံးသို့ရောက်ချိန်၊ ခန္ဓာကိုယ်တစ်ခုလုံးက သဟဇာတအဖြစ်ဆုံး အချိန်တွင် လမ်းလျှောက်နေခြင်းကို ချက်ချင်းပင် သူရပ်တန့်လိုက်ပေလိမ့်မည်...

ထိုနေရာသည် လမ်း၏အဆုံးပင်ဖြစ်တော့၏။

0 comments:

Post a Comment