Friday, March 4, 2011

(၃၂) ကြောက်မက်ဖွယ်ရန်သူချင်း အပြန်အလှန်နားလည်မှု

ထိုနေရာသို့ ရောက်သော် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ အသက်ကို ပေးဆပ်ရမည် ဖြစ်လေသည်။

ထိုအချက်ကို လီဆွန်းဟွာ သိထား၏။ ကော့စွန်းယန်သည် သူ့အတွက် လွန်စွာမှပင် ထိတ်လန့် စရာကောင်းသော ရန်သူတစ်ယောက် ဖြစ်၏။ သူ၏ဘဝတွင် ဤတစ်ကြိမ်သည် တကယ့်ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် တွေ့ဖူးခြင်းလည်းဖြစ်၏။

သိုင်းလောက၏ သိုင်းသမားအချို့သည် ရှုံးနိမ့်ခြင်းကို ရှာဖွေလေ့ရှိကြသည်။ အဘယ်ကြောင့်ဆို သော် တကယ့်ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံရပြီး ထိုပြိုင်ဘက်လက်အောက်၌ ရှုံးနိမ့်ရခြင်းကို သူတို့ ဂုဏ်ယူကြလေသည်။ ထိုအချက်ကြောင့် သူတို့ပျော်ရွှင်ကြရ၏။

သို့သော် လီဆွန်းဟွာသည် မပျော်ရွှင်နိုင်ပါ။ သူ့စိတ်များက လေးလံနေ၏။ ယခုအခြေအနေအ တိုင်းဆိုပါက သူသေချာပေါက် ရှုံးနိမ့်နိုင်၏။ လမ်းဆုံးလေးသို့ရောက်သော် သူ၏ဘဝသည်လည်း ဆုံးပါးရ တော့မည်လော...

ထိုလမ်းဆုံးသည် သူ၏နောက်ဆုံးခရီးဖြစ်နေနိုင်၏။ သူသေရမည်ကို လုံးဝမကြောက်ပါ။ သို့သော် ယခုအချိန်တွင် သူမသေချင်သေးပေ။

ပတ်ဝန်းကျင်က ပို၍တိတ်ဆိတ်ငြိမ်သက်လာ၏။ ရှေ့ဆီမှ သစ်တောအုပ်လေးကို သူလှမ်းမြင် လိုက်ရလေသည်။



ဆောင်းဦးရွက်ကြွေများက သွေးရင့်ရောင်နီရဲနေကြ၏။ ဤနေရာသည် လမ်းဆုံးဖြစ်ပါသလော။

ကော့စွန်းယန်၏ ခြေလှမ်းများက ကျဲသထက်ကျဲလာ၏။ သူ့ခြေရာများက တိမ်သထက်တိမ် လာ၏။ သူ၏အတွင်းအားစုစည်းမှုက ထိပ်ဆုံးအဆင့်သို့ ရောက်ခါနီးပြီဖြစ်ကြောင်း ပြသနေလေသည်။

ယခုအချိန်တွင်ရှိနေသော သူ၏အာရုံစူးစိုက်မှု၊ ခန္ဓာကိုယ်တစ်ခုလုံး၊ အတွင်းအား၊ အားလုံးကို သူ၏ဓားနှင့် ပေါင်းစပ်လိုက်သော် ဓားသည် သံမဏိဖြင့် ထုလုပ်ထားသော သက်မယ့်သတ္တုတစ်ချောင်း အဖြစ်မှ အသက်ဝင် လှုပ်ရှားလာပေလိမ့်မည်။ ယခုအချိန်၌ သူ့ဓား၏ အင်အားမှာ မှန်းဆ၍မရနိုင် အောင်ပင် ပြင်းထန်နေလိမ့်မည်ဖြစ်ပြီး ဓားသွားလမ်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်ခိုက်ချေမှုန်း သွားပေလိမ့်မည်။

လီဆွန်းဟွာသည် လမ်းလျှောက်နေရာမှ ရုတ်ချည်းပင် ရပ်တန့်လိုက်၏။

လီဆွန်းဟွာသည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီး- “ကျုပ်... ဒီနေ့ ခင်ဗျားနဲ့ မတိုက်နိုင်ဘူး။”

ကော့စွန်းယန်သည် ပြန်လှည့်လာပြီး လီဆွန်းဟွာကို ဓားတစ်လက်ကဲ့သို့ စူးရှသော အကြည့်များ ဖြင့် စိုက်ကြည့်လိုက်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်၏။ “ခင်ဗျားဘာပြောလိုက်တာလဲ...”

လီဆွန်းဟွာသည် ခေါင်းကို ငုံ့ထားလိုက်ပြီး နာကျင်မှုကို ခံစားနေရလေသည်။ ဤအလုပ်မျိုး သည် သူရဲဘောကြောင်သော အလုပ်ဖြစ်သည်ကို သူသိထားပြီး သူ၏အိပ်မက်ထဲတွင်ပင် ပြုလုပ်လိမ့် မည်မဟုတ်။ သို့သော် ယခုအချိန်တွင် သူ သူရဲဘောကြောင်ရပေတော့မည်။

ကော့စွန်းယန်-“ကျုပ်ကို မတိုက်နိုင်ဘူးလို့ ခင်ဗျားပြောလိုက်တာလား။”

လီဆွန်းဟွာက ခေါင်းကို ဖြေးလေးစွာညိတ်ပြလိုက်၏။

ကော့စွန်းယန်-“ဘာဖြစ်လို့လဲ...”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲဆိုတော့ ကျုပ် ရှုံးနိမ့်သွားပြီလို့ ဝန်ခံပါတယ်။”

ကော့စွန်းယန်သည် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေလိုက်သည်မှာ တစ်ခါမှ မမြင်ဖူးသူတစ်ယောက်ကို ကြည့်နေလိုက်သည့်အလား။

အတော်လေးကြာသောအခါ ကောစွန်းယန်သည် သက်ပြင်းမောတစ်ချက်ကို လေးတွဲ့စွာချလိုက် ပြီး- “လီဆွန်းဟွာ... လီဆွန်းဟွာ... ခင်ဗျားက သူရဲကောင်း စစ်စစ်တစ်ယောက်ပါလား။”

လီဆွန်းဟွာက ခြောက်ကပ်စွာရယ်မောလိုက်ပြီး- “သူရဲကောင်း... ဟုတ်လား။ ကျုပ်လိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူရဲကောင်း ဖြစ်နိုင်မှာတုန်း။”

ကော့စွန်းယန်သည် ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်ကာ- “ပြောရမယ်ဆိုရင် ခင်ဗျားဟာ ဒီလောကထဲမှာရှိတဲ့ တစ်ဦးတည်းသော သူရဲကောင်းပါ။”

လီဆွန်းဟွာသည် တိတ်ဆိတ်နေလိုက်၏။ ကော့စွန်းယန်က စကားကို ဆက်ပြောလိုက်သည်။ “ရှုံးနိမ့်သွားခဲ့ပြီလို့ ခုလေးတင် ခင်ဗျား ဝန်ခံခဲ့တယ်။ အဲ့ဒီအတွက် ဘယ်လောက်တောင်မှ ခင်ဗျားအ တွက် ခက်ခဲမယ်ဆိုတာ ကျုပ်ကိုယ်ချင်းစာပါတယ်။ ကျုပ်သာဆိုရင်တော့ အရှုံးတရားကို ဝန်ခံလိုက် မယ့်အစား အသေသာခံသွားလိုက်မယ်။”

သူ ပြုံးပြလိုက်ပြီး ဆက်၍ပြောနေလိုက်၏။ “သေဖို့ဆိုတာက သိပ်ကိုလွယ်ကူပါတယ်ဗျာ။ ဒါပေမဲ့ တခြားသူတွေအတွက်ငဲ့ညှာပြီး အရှုံးတရားကို ဝန်ခံရဲတာကိုမှ သူရဲကောင်းလို့မခေါ်ရင် ဘယ်သူ့ကို သူရဲကောင်းလို့ ခေါ်ရဦးမှာလဲ။ ခင်ဗျားဟာ ယောက်ျားကောင်းတစ်ယောက်ပါ။”

လီဆွန်းဟွာ-“ခင်ဗျား...” သူ၏ရင်ထဲ၌ လွန်စွာမှပင် နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားလိုက် ရပြီး စကားကိုပင် မဆက်နိုင်လောက်အောင် ဖြစ်သွားရ၏။

ကော့စွန်းယန်-“ခင်ဗျားကို ကျုပ်နားလည်ပါတယ်။ ခင်ဗျားကျုပ်နဲ့ မတိုက်ချင်တဲ့အကြောင်းက ခင်ဗျား မသေချင်သေးလို့... ခင်ဗျားကို မှီခိုနေကြရမယ့်လူတွေ ရှိနေသေးလို့ မဟုတ်လား။”

လီဆွန်းဟွာသည် မည်သည့်စကားမှ ပြန်မပြောနိုင်ခဲ့သော်လည်း သူ၏မျက်ဝန်းများတွင် ဝမ်းသာမှု ကြောင့် ကျဆင်းလာသော မျက်ရည်စများ စိုစွတ်နေ၏။ တခါတရံတွင် သင်၏ အခင်မင်ဆုံးမိတ်ဆွေ သည် သင်၏ ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်နေတတ်ပြီး သင်၏ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်သည် သင့်ကို နားအလည်ပေးနိုင်ဆုံးသူတစ်ယောက် ဖြစ်နေတတ်လေ၏။ အဘယ်ကြောင့်ဆို သော် ပြိုင်ဘက်ကောင်းတစ်ယောက်သည်သာ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

လီဆွန်းဟွာသည် ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား၊ ကြည်နူးရမည်လား မဝေခွဲတတ် တော့ပါ။

ကော့စွန်းယန်-“ဒါပေမဲ့ ကျုပ်တို့ ဒီနေ့ ရင်ဆိုင်တိုက်ခိုက်ကြမှကို ဖြစ်လိမ့်မယ်။”

လီဆွန်းဟွာသည် နောက်သို့ခြေတစ်လှမ်း လှမ်းဆုတ်လိုက်ပြီး အံ့အားသင့်စွာဖြင့်- “ဘာဖြစ်လို့ လဲ...”

ကော့စွန်းယန်က ပြုံးပြလိုက်ပြီး- “ဒီလောကကြီးထဲမှာ လီဆွန်းဟွာ ဘယ်နှစ်ယောက်များ ရှိနေ လို့လဲ။ ကျုပ်တို့သာ ဒီနေ့မှာ မတိုက်ခိုက်ဖြစ်ကြဘူးဆိုရင် ကျုပ်အတွက် လက်ရည်တူပြိုင်ဘက်ကောင်း တစ်ယောက် ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး။”

လီဆွန်းဟွာ-“ကျုပ်ရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းဆောင်တာလေးတွေ ပြီးဆုံးသွားတဲ့တစ်နေ့ကျ ရင် ကျုပ်ခင်ဗျား ချိန်းတဲ့အတိုင်း ဆက်ဆက်ရောက်လာမှာပါ။”

ကော့စွန်းယန်က ခေါင်းခါရမ်းပြလိုက်ပြီး- “အဲ့ဒီအချိန်ကျရင် ကျုပ်တို့အတွက် အခွင့်အရေး ရှိ တော့မှာ မဟုတ်ဘူး။”

လီဆွန်းဟွာ-“ဘာဖြစ်လို့လဲ။”

ကော့စွန်းယန်သည် အဝေးတစ်နေရာသို့ ငေးကြည့်နေလိုက်ပြီး ဖြေးညင်းစွာ တစ်လုံးချင်းပြောချ လိုက်၏။ “အဲ့ဒီအချိန်ကျရင် ကျုပ်တို့နှစ်ယောက် မိတ်ဆွေတွေ ဖြစ်နေကြလောက်ပြီ။”

လီဆွန်းဟွာသည် အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီး- “ခင်ဗျားက ကျုပ်ကို မိတ်ဆွေ အဖြစ်ထက် ရန်သူအဖြစ် ပိုပြီးတော့ သတ်မှတ်ချင်နေတယ်ပေါ့။”

ကော့စွန်းယန်၏ မျက်နှာအမူအရာများက ချက်ချင်းပင် တင်းမာသွားခဲ့ရပြီး ကျယ်လောင်စွာ ပြောဆိုလိုက်၏။ “ကျုပ်ရဲ့ဘဝတစ်ခုလုံး ဒီဓားအပေါ်မှာပဲ နှစ်မြုတ်ထားခဲ့တာ... ဘယ်လိုလုပ်ပြီး မိတ် ဆွေရှာဖို့ အချိန်ရှိမှာလဲ။ ဒါ့အပြင်...”

သူ၏စကားသံများက အံ့အားသင့်စရာကောင်းလောက်အောင် ညင်သာပျော့ပြောင်းစွာဖြင့်- “မိတ်ဆွေဆိုတာ ရှာရလွယ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကို စာနာနားလည်ပေးနိုင်မှုအပြည့်ရှိတဲ့ ရန်သူက တော့ အင်မတန်မှ ရှာရခက်တယ်။”

‘စာနာနားလည်ပေးနိုင်မှု’ဆိုသော စကားလုံးက မိတ်ဆွေများအတွက် အသုံးပြုသော စကားလုံး ဖြစ်ပြီး ရန်သူတစ်ယောက်ပေါ်တွင် ထားရှိသော သူ၏သဘောထားက လွန်စွာမှပင် ထူးဆန်းနေ၏။ သို့ သော် သူ၏ဆိုလိုချက်ကို လီဆွန်းဟွာ အပြည့်အဝ နားလည်လိုက်ပါ၏။

ကော့စွန်းယန်-“ခင်ဗျားဟာ ကျုပ်အတွက်တော့ တစ်ဦးတည်းသော ပြိုင်ဘက်ကောင်းဖြစ်ရုံ မက သေးဘူး... ကျုပ်ထက် ၁၀ ဆသာတဲ့ရန်သူနဲ့ တွေ့ရင်တောင်မှ သူ့ကို ကျုပ်ဂရုစိုက်မှာတောင်မဟုတ် ဘူး။ သူ့လက်ချက်နဲ့သေသွားရရင် ကျုပ်အတွက် သေပျော်မှာမဟုတ်ဘူး။”

လီဆွန်းဟွာ-“ခင်ဗျားပြောတာမှန်ပါတယ်။ စာနာနားလည်မှုအပြည့်ရှိတဲ့ရန်သူဆိုတာ အင်မတန် မှကို ရှာရခက်ပါတယ်။”

ကော့စွန်းယန်-“ဒါကြောင့်မို့လို့ ကျုပ်တို့တွေ ဒီနေ့တိုက်ခိုက်မှကို ဖြစ်လိမ့်မယ်။ ခင်ဗျားလက် အောက်မှာ ကျုပ်သေသွားခဲ့ရင်လည်း နောင်တမရပါဘူး။”

လီဆွန်းဟွာ-“ဒါပေမဲ့... ကျုပ်...”

ကော့စွန်းယန်က ဖြတ်ပြောလိုက်၏။ “ခင်ဗျားရဲ့ ခံစားချက်တွေကို ကျုပ်နားလည်ပါတယ်။ ခင်ဗျား သာ ကျုပ်လက်ချက်နဲ့ သေသွားခဲ့ရင် ခင်ဗျားရဲ့ မပြီးဆုံးသေးတဲ့ ကိစ္စတွေအားလုံးကို ပြီးပြတ်သည်ထိ ကျုပ် ဆောင်ရွက်ပေးမယ်။ ခင်ဗျား ကာကွယ်ရမယ့်လူတွေကို ကျုပ် အပြည့်အဝ ကာကွယ်ပေးမယ်။”

လီဆွန်းဟွာက မြေကြီးသို့ ငုံ့ကြည့်နေလိုက်ပြီး- “ဒါဆိုရင်တော့ ကျုပ်အသေဖြောင့်ပါပြီ။ ကျေးဇူး တင်ပါတယ်။”

သူ၏ဘဝတစ်သက်တာတွင် ကျေးဇူးတင်ပါတယ် ဆိုသော စကားလုံးကို တစ်ခါမှ မပြောခဲ့ဖူးချေ။ ဤ ကျေးဇူးတင်ပါတယ် ဆိုသောစကားသည် သူ၏နှလုံးသည်းပွတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာ သော စကားလုံးဖြစ်လေသည်။

ကော့စွန်းယန်-“ကျုပ်ကို ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” သူ၏လက်ဝါးကို ဖြန့်ခင်းပြလိုက်လေ၏။

လီဆွန်းဟွာသည်လည်း သူ့အတိုင်းပင် ပြန်လည်နှုတ်ဆက်လိုက်၏။

မိတ်ဆွေသူငယ်ချင်းတစ်ယောက်က သင့်အပေါ်ကူညီခြင်းသည် ထူးဆန်းသော ကိစ္စမဟုတ်ချေ။ သို့ သော် သင်၏ရန်သူဖြစ်သူက ကူညီပါမည်ဟု ကတိပေးလာသောအခါ လွန်စွာမှပင် ထူးခြားပြီး နွေးထွေး လှ၏။ ဤသို့သော စိတ်ခံစားမှုမျိုးကို အခြားမည်သူမှ ခံစားဖူးကြမည် မဟုတ်ချေ။

လေတိုက်ခတ်လာသောကြောင့် ရွက်ခြောက်များ လေနှင့်အတူ လွင့်ပါလာခဲ့ကြ၏။ လေထုထဲ၌ လူသတ်ငွေ့များ ဖုံးလွှမ်းလာလေတော့သည်။

ကော့စွန်းယန်သည် သူ၏ဓားကို ဓားအိမ်တွင်းမှ ဆွဲထုတ်လိုက်ပြီး ရင်ဘတ်ရှေ့၌ ကန့်လန့်ဖြတ် ကိုင်ထားလိုက်၏။ သူ၏မျက်လုံးများက လီဆွန်းဟွာ၏ လက်များဆီမှ တဖဝါးမှ မခွာတော့ချေ။

ထိုလက်တစ်စုံသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်တစ်စုံဖြစ်၏။

လီဆွန်းဟွာသည် လုံးဝခြားနားသော အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏ ဆံပင်များက ရှုပ်ထွေးဆဲ၊ အဝတ်အစားများက စုတ်ပြတ်ဆဲရှိနေသော်လည်း သူ့ထံတွင် ဖြူဖတ်ဖြူရော် အမူအရာများ လုံးဝမရှိတော့ပေ။

သူ၏မျက်နှာသည် ရုတ်ချည်းပင် လင်းဝင်းလာခဲ့၏။

ဤ ၂နှစ်အတွင်းတွင် လီဆွန်းဟွာ၏ဘဝသည် ဓားအိမ်တွင်းမှ ဓားတစ်လက်ကဲ့သို့ ဖြစ်နေခဲ့ရ၏။ ဓားသည် သူ၏စွမ်းပကားကို အပြည့်အဝ ထုတ်ပြခွင့်မရရှာဘဲ ဓားအိမ်တွင်း၌သာ ခိုအောင်းနေရပုံမျိုး ဖြစ်၏။

ယခုသော်... ‘ဓား’ထွက်ပေါ်လာခဲ့ချေပြီ။

သူ၏လက်ကို လှုပ်လိုက်သောအခါ ဓားပျံတစ်လက် ထွက်ပေါ်လာခဲ့၏။

လည်မျိုတိုင်းကို ဖောက်ဝင်ခဲ့သော ဓားပျံတလက်...

ဘယ်တော့မှ ပစ်မလွဲ ဓားပျံတစ်လက်...

ရှောင်းလီဓားပျံ...

ကော့စွန်းယန်၏ သံမဏိဓားက လေပြင်းနှင့်အတူ တိုက်ခတ်လာ၏။ အနက်ရောင်ဓားရိပ်များက လီဆွန်းဟွာ၏ လည်ပင်းနေရာသို့ တမဟုတ်ချင်း ရောက်ရှိလာခဲ့၏။ ဓားသွား၏ရှေ့တွင် ဓားရိပ်များ ဖြာထွက်နေပြီး ဓားလမ်းကြောင်းတစ်လျှောက်ရှိအရာများကို တိုက်ခိုက်ဖျက်ဆီးသွားတော့၏။

လီဆွန်းဟွာ၏ ခြေလှမ်းများက ပေါ့ပါးစွာ လှုပ်ရှားလာကြပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ၁၀ မီတာအကွာအဝေးသို့ ခုန်ဆုတ်သွားခဲ့သည်မှာ သူ၏နောက်ကျောနှင့် သစ်ပင်တပင်၏ ပင်စည်တို့ ထိတွေ့လိုက်သည့်အချိန်ထိပင်။

ကော့စွန်းယန်၏ ဓားသွားကလည်း သူ့ခြေလှမ်းများ၏နောက်သို့ သေသပ်လျင်မြန်စွာ တကောက် ကောက် လိုက်ပါလာခဲ့၏။

လီဆွန်းဟွာအတွက် ရှောင်တိမ်းရန်နေရာ မရှိတော့ချေ။ ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်က သစ် ပင်၏ ပင်စည်အတိုင်း အပေါ်သို့ ထောင်တက်သွား၏။

ကော့စွန်းယန်သည်လည်း လေထဲသို့ လိုက်ပါပျံဝဲသွားပြီး သူ၏ဓားချက်များက သက်တန့်ရောင်များ အလား ဖြာထွက်လျက် တစ်ပါတည်း လိုက်ပါလာခဲ့ကြ၏။

သူ၏ဓားနှင့်ကိုယ် တစ်သားတည်းဖြစ်သွားခဲ့လေပြီ။

ကြောက်မက်ဖွယ်ကောင်းသော ဓားချက်များက ပြင်းထန်သောအဟုန်ဖြင့် သစ်ပင်ပေါ်မှ သစ်ရွက် များကို ခြွေခူးသွားခဲ့၏။

လွန်စွာမှလှပသော မြင်ကွင်းတစ်ခုပင်...

လီဆွန်းဟွာသည် ဓားရိပ်များကို ဖြတ်ကျော်လိုက်ပြီး မြေပေါ်သို့ တဝဲဝဲလွင့်ကျလာသော သစ် ရွက်နီများနှင့်အတူ ပြုတ်ကျလာခဲ့၏။

ကော့စွန်းယန်သည် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပါ။ သူ၏ခန္ဓာကိုယ်ကို လေထဲ၌ပင် ကျွမ်းတစ်ပတ်ထိုးလိုက်ပြီး သူ၏ဓားချက်များက မရေမတွက်နိုင်စွာ ဖြာထွက်လာပြီး လီဆွန်းဟွာထံ ဝင် ရောက်လာခဲ့၏။

ဤတိုက်ကွက်၏ ပြင်းထန်မှုကို မည်သူမျှ အငြင်းပွားနိုင်မည်မဟုတ်ပါ။

မီတာများများအကွာအဝေးမှပင် ထိုဓားရိပ်မိုးကြီး၏ လေထုဖိအားကို လီဆွန်းဟွာ ခံစားလိုက်ရ ၏။ မည်သည့်ဘက်သို့ သူရှောင်တိမ်းသည်ဖြစ်စေ ဓားချက်ကတော့ သူ့ကိုလာထိမည်မလွဲ။

‘ထန်း......’မီးပွင့်များ ဖြာထွက်သွား၏။

လီဆွန်းဟွာ၏ ဓားပျံက ကော့စွန်းယန်၏ဓား ထိပ်ဖျားတည့်တည့်ကို ရိုက်ခတ်မိသွား၏။ ပြီး နောက် ကြောက်မက်ဖွယ်ရာ ဓားရိပ်များ ပျောက်ကွယ်သွားရတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ပြန်လည် ငြိမ်သက်သွားခဲ့ပြန်၏။ ကော့စွန်းယန်သည် သူ၏ဓားကိုကိုင်ထားပြီး မလှုပ်မယှက်ရပ်နေလိုက် ၏။

လီဆွန်းဟွာထံတွင် သူ၏ဓားပျံရှိနေသေးသော်လည်း ဓားပျံထိပ်က ကျိုးပဲ့သွားခဲ့လေပြီ။

သူသည် ကော့စွန်းယန်အား တိတ်ဆိတ်စွာပင် ကြည့်နေပြီး ကော့စွန်းယန်ကလည်း သူ့ကို တိတ် ဆိတ်စွာပင် ပြန်ကြည့်နေလိုက်၏။

မည်သူမှ မည်သည့်အမူအရာမှ မပြသကြချေ။

သို့သော သူတို့နှစ်ယောက်လုံးသိထားကြသည်မှာ လီဆွန်းဟွာ၏ ဓားပျံသည် သူ၏လက်ထဲမှ ဘယ်တော့မှ ပစ်လွှတ်နိုင်မည်မဟုတ်တော့ပါ။

ရှောင်းလီဓားပျံ... လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော ဓားပျံ... ကြောက်မက်ဖွယ်ကောင်း သောဓားရိပ်များကို ထိပ်တိုက်ခုခံပြီးသည့်နောက် ဓားပျံ၏ထိပ် ကျိုးပဲ့သွားခဲ့ရပြီ။ ထို့ကြောင့် ဓားပျံ၏ လျင်မြန်မှုက လွန်စွာမှပင် ဆုတ်ယုတ်သွားရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သူ့လက်ထဲမှ ဓားပျံကို ပစ်လွှတ်လိုက်သည်ပဲ ထားဦးတော့၊ ဓားပျံသည် ပြိုင်ဘက် ရန်သူအား မည်သို့မျှ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်မည်မဟုတ်တော့ပါ။

တစ်ခါမှမရှုံးနိမ့်ဖူးသောဓားပျံသည် ယခုတော့ ရှုံးနိမ့်သွားရလေပြီ။

လီဆွန်းဟွာသည် သူ၏လက်နှစ်ဘက်ကို တွဲလောင်းချထားလိုက်၏။

သစ်ပင်မှ နောက်ဆုံးသစ်ရွက်ကြွေကျသံအပြီးတွင် သစ်တောတစ်ခုလုံး ဆိတ်ငြိမ်သွားခဲ့ပြန်၏။ သေခြင်းတရား၏ ဆိတ်ငြိမ်မှုမျိုး...

ကော့စွန်းယန်၏အမူအရာများက တည်ငြိမ်စွာရှိနေသေးသော်လည်း သူ၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေကြ၏။ ပြီးနောက် သူပြောဆိုလိုက်လေတော့သည်။ “ကျုပ်ရှုံးသွားပြီ...”

လီဆွန်းဟွာ-“ခင်ဗျားရှုံးတယ်လို့ ဘယ်သူပြောလဲ။”

ကော့စွန်းယန်-“ကျုပ်ရှုံးတယ်လို့ ကျုပ်ကိုယ်တိုင်ပြောတယ်ဗျာ။” သူသည် ခြောက်ကပ်စွာရယ်မောလိုက်ပြီး- “ခင်ဗျားသိမလားတော့မသိဘူး။ အရင်တုန်းကဆိုရင် ဒီစကားကို ကျုပ် ဘယ်တုန်းကမှ ဝန်ခံလိမ့်မှာမဟုတ်ဘူး။ အခုတော့ ကျုပ် ဝန်ခံပါတယ်။ ကျုပ်ရှုံးသွားခဲ့ပြီ။ ကျုပ်ကျေနပ်တယ်။ ကျုပ် ပျော်တယ်။ ကောင်းလိုက်တဲ့ ခံစားမှု...”

သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေလိုက်ပြီး အားရပါးရ ရယ်မောနေလိုက်တော့သည်။

သူ၏ရယ်မောသံမဆုံးခင်လေးမှာပင် ချာကနဲလှည့်ကာ တောအုပ်လေးအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

သူထွက်ခွာသွားရာသို့ လီဆွန်းဟွာသည် ငေးကြည့်နေလိုက်ပြီး ချောင်းဆိုးနေလိုက်၏။

ထိုအချိန်၌ပင် သစ်တော၏ အခြားတစ်ဘက်မှ လူတစ်ယောက် ထွက်ပေါ်လာပြီး လက်ခုတ်တီးနေ လိုက်၏။ “ကောင်းလိုက်တဲ့တိုက်ပွဲ... ရင်သပ်ရှုမောဖွယ်တိုက်ပွဲ... တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါ လား...”

အသံသည် ကြည်လင်ချိုမြနေ၏။

လီဆွန်းဟွာက မော့ကြည့်လိုက်သောအခါ အသံရှင်သည် ပုံပြင်ပြောသော အဘိုးအို၏ မြေးမ လေးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

သူ၏မ ဝိုင်းစက်နေသော မျက်လုံးများက ပြုံးနေကြလေသည်။ “ဒီနေ့တိုက်ပွဲကို မျက်မြင်ကိုယ် တွေ့ ခံစားလိုက်ရတော့ သေမယ်ဆိုရင်တောင် ကျမ သေပျော်ပါပြီရှင်။”

လီဆွန်းဟွာသည် စကားပြောဆိုလိုခြင်းမရှိသောကြောင့် တိတ်ဆိတ်စွာပင် ငြိမ်သက်နေလိုက်၏။

ကျစ်ဆံမြီးမိန်းကလေး-“ဟိုးရှေးရှေးတုန်းကတဲ့... လန်းတာသခင်ကြီးနဲ့ ရှောင်စွန်းတို့ ထိုက်ဟူ တောင်ထိပ်မှာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတယ်။ လန်းတာသခင်ကြီးက ပေါင် ၁၀၀ လောက်လေးတဲ့ သံတူ ကြီးကို အသုံးပြုခဲ့ပြီး ရှောင်စွန်းကတော့ ခါးစီးပိုးကြိုးလေးနဲ့ပဲ ယှဉ်ပြိုင်ခဲ့တယ်။ အပျော့အားနဲ့ အမာ အားကို တန်ပြန်ယှဉ်ပြိုင်တဲ့သဘောပေါ့။ သူတို့နှစ်ယောက် တစ်ညလုံးတိုက်ခိုက်လိုက်ကြတာ ညဉ့်ယံ တစ်ခုလုံးတောင်မှ နေ့ခင်းလိုပဲ လင်းထိန်သွားခဲ့ရတယ်။”

သူမသည် ပြုံးပြလိုက်ပြီး- “အဲ့ဒီတိုက်ပွဲက ရင်သပ်ရှုမောဖွယ်ကောင်းတယ်လို့ ရှင်မထင်ဘူး လား။”

လီဆွန်းဟွာက ပြန်လည်ပြုံးပြလိုက်ပြီး- “မိန်းကလေးရဲ့ ပြောပြပုံအရဆိုရင် ကျုပ်ကိုယ်တိုင်တောင် ထိုက်ဟူတောင်ထိပ်ပေါ်က လန်းတာသခင်ကြီးနဲ့ ရှောင်စွန်းတို့တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ခံစား လိုက်ရသလိုပါပဲလား။”

ကျစ်ဆံမြီးမိန်းကလေးသည် သူမ၏နှုတ်ခမ်းကို စူထားလိုက်ပြီး- “ရှင့်ရဲ့ ပါးစပ်က ရှင့်ဓားပျံထက် တောင် ပိုပြီးအစွမ်းထက်နေသလိုပါပဲလား။”

လီဆွန်းဟွာ-“ဟုတ်ရဲ့လား...”

ကျစ်ဆံမြီးမိန်းကလေး-“ရှင့်ဓားပျံက ခွန်အားဗလကြီးတဲ့ ယောက်ျားတွေရဲ့အသက်ကို ခြွေယူနိုင်တယ်ပြီး ရှင့်နှုတ်ဖျားကျတော့ မိန်းကလေးတစ်ယောက်ရဲ့ အသည်းနှလုံးကို ခြွေယူသွားနိုင်ပြန်တယ်။ လောကကြီးမှာ ယောက်ျားတစ်ယောက်ကို သတ်ဖြတ်ရတာထက် မိန်းကလေးတစ်ယောက်ရဲ့ မေတ္တာကို ဆွတ်ယူနိုင်ဖို့က ပိုပြီးခက်ခဲတယ်လို့ ရှင်မထင်ဘူးလား။”

သူမ၏ ဝိုင်းစက်နေသော မျက်လုံးများက လီဆွန်းဟွာကို စိုက်၍ကြည့်နေလိုက်သည်မှာ လီဆွန်း ဟွာသည်ပင်လျှင် သူမကို မဝံ့မရဲ ဖြစ်သွားခဲ့ရ၏။ သည်မိန်းမပျိုလေးသည် ဤမျှလောက် စွဲ ဆောင်အား ပြင်းထန်လှမည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

သူမက ထပ်မံမေးမြန်းလိုက်ပြန်၏။ “အဲ့ဒီတိုက်ပွဲက သိပ်ကိုကြီးကျယ်တယ်လို့ ရှင်မထင်ဘူး လား။”

လီဆွန်းဟွာသည် ပွင့်ပွင့်လင်းလင်း နောက်တစ်ကြိမ် ရှင်းပြလိုက်ရန် စိုးရွံ့သွားခဲ့မိကာ ပြုံးပြီးခေါင်း ကို အသာအယာညိတ်ပြလိုက်၏။ “တော်တော့်ကို ကြီးကျယ်ခဲ့မှာပဲ။”

ကျစ်ဆံမြီးမိန်းကလေး-“အဲ့ဒီတိုက်ပွဲက အင်မတန်မှကို ကြီးကျယ်ပြီး နာမည်ကျော်ကြားခဲ့တာ ကြောင့် ဒဏ္ဍာရီတပုဒ်ဖြစ်ခဲ့ရပေမယ့်လည်း ခုလေးတင်မှ ပြီးဆုံးသွားခဲ့တဲ့တိုက်ပွဲနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြော ပ လောက်ပါဘူး။”

လီဆွန်းဟွာသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး- “ကျုပ်ဟာ လူကြီးလူကောင်းတစ်ယောက် တော့မဟုတ်ပေမယ့် ကျုပ်ကိုကျုပ် အဲ့ဒီလောက်ကြီး တခါမှ အထင်မကြီးဖူးပါဘူး။ မိန်းကလေးက ချဲ့ကား ပြီးပြောနေတာများလား။”

ကျစ်ဆံမြီးမိန်းကလေးသည် တည်တံ့စွာပင် ပြောလိုက်၏။ “ကျမက အမှန်တရားကို ပြောပြနေ တာပါ။ ရှင် သူ့ကိုသတ်နိုင်ခဲ့တဲ့ အခွင့်အရေး ၃ ခုတောင်ရခဲ့ပေမယ့်လည်း တစ်ခုမှ ရှင်အသုံးမချခဲ့ဘူး။ ရှင့်ရဲ့ လူသတ်ချင်တဲ့စိတ် ပျောက်ကွယ်သွားတာနဲ့ တပြိုင်နက် ရှင့်ဓားပျံရဲ့ ဓားထိပ်လည်း ကျိုးပဲ့သွားခဲ့ရတယ် မဟုတ်လား။ တစ်ချိန်ထဲမှာပဲ... ကော့စွန်းယန်က ရှင့်ကို သတ်နိုင်ခဲ့ပေမယ့် သူလည်းပဲ အခွင့်အရေးမယူခဲ့ဘဲ အရှုံးကို ကျေကျေနပ်နပ်ကြီး ဝန်ခံသွားခဲ့တယ်။”

သူမက သက်ပြင်းချလိုက်ပြီး- “ရှင်တို့နှစ်ယောက်ဟာ တကယ့်ကို သူရဲကောင်းပီသတဲ့ ယောက်ျားကောင်းတွေပါ။ ရှင်က ကော့စွန်းယန်ကို သတ်ခဲ့သည်ပဲဖြစ်စေ၊ ကော့စွန်းယန်ကပဲ ရှင့်ကို သတ်ခဲ့သည်ဖြစ်စေ... ရှင်တို့နှစ်ယောက်ရဲ့ သိုင်းပညာတွေ မိုးလောက်မြင့်မားနေပါစေဦးတော့... ကျမ ဒီလောက်ထိ ဂုဏ်ယူမိမှာမဟုတ်ဘူး။”

လီဆွန်းဟွာ-“မင်းပြောတာမှန်တယ်။ ကော့စွန်းယန်က တကယ့်သူရဲကောင်း တစ်ယောက်ပဲ။”

“ရှင်ကကော...”

လီဆွန်းဟွာသည် ခေါင်းကို ခါရမ်းလိုက်ပြီး- “ကျုပ်လား... ကျုပ်က ဘာမှမဟုတ်ပါဘူး။”

ကျစ်ဆံမြီးမိန်းကလေး-“ကျမရှင့်ကို တစ်ခုလောက်မေးချင်လို့။ သူပထမဆုံးတိုက်လိုက်တဲ့ သိုင်း ကွက်က ဘာလဲ။”

လီဆွန်းဟွာ-“တိမ်လွှာထဲကလေပြေ...”

ကျစ်ဆံမြီးမိန်းကလေး-“ဒါနဲ့ ဒုတိယတိုက်ကွက်ကကော...”

လီဆွန်းဟွာ-“ကြယ်ပျံလရိပ်လိုက်...”

ကျစ်ဆံမြီးမိန်းကလေး-“သူ ‘တိမ်လွှာထဲကလေပြေ’ကနေ ‘ကြယ်ပျံလရိပ်လိုက်’ကို ပြောင်း တိုက်လိုက်တဲ့အချိန်မှာ အကွက်ပြောင်းတာ သိပ်ကို မြန်ဆန်လွန်းခဲ့ပြီး သူ့မှာ ဟာကွက်တစ်ခုပေါ်လာခဲ့ ရတယ်။ အဲ့ဒီအချိန်လေးအတွင်းမှာ ရှင့်ဓားပျံကိုသာ ပစ်လွှတ်ခဲ့မယ်ဆိုရင် သူ ပွဲချင်းပြီးသေသွားနိုင်ခဲ့ တယ်။”

လီဆွန်းဟွာသည် မည်သို့မျှ ပြန်လည်မချေပနိုင်တော့ချေ။

0 comments:

Post a Comment