လီဆွန်းဟွာက မချိပြုံးလေးပြုံးပြလိုက်ပြီး- “မလိုတော့ပါဘူး...”
ကျစ်ဆံမြီးမိန်းကလေး-“ရှင့်ကို သူရဲကောင်းတစ်ယောက်လို့ လူတိုင်းကပြောကြတယ်။ ဒါပေမဲ့ ကျမအတွက်တော့ ရှင်ဟာ မိန်းကလေးဆန်တယ်။”
သူ့ဘဝတစ်သက်တာတွင် များစွာသော စော်ကားပြောဆိုမှုများကို လီဆွန်းဟွာ ကြုံတွေ့ခဲ့ဖူးသော် လည်း ဤတကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးဆန်သည်ဟု အပြောခံရခြင်းဖြစ်၏။ သူရယ် ရမည်လား၊ စိတ်ဆိုးရမည်လား မဝေခွဲတတ်တော့ပါ။
ကျစ်ဆံမြီးမိန်းကလေးသည် သူ့ကို ဝိုင်းစက်တောက်ပသော မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်နေ လိုက်ပြီး- “ရှင့်မှာ ဘာမှပြောစရာ စကားမရှိတော့ဘူးဆိုရင် ချောင်းဆိုးလိုက်ပါဦးလား။”
လီဆွန်းဟွာက သက်ပြင်းရှိုက်လိုက်ပြီး- “မိန်းကလေးရဲ့ မျက်လုံးက တော်တော် အမြင်စူးရှတာပဲ။ ကျုပ် မိန်းကလေးကို မသိတဲ့အတွက် တောင်းပန်ပါတယ်။”
ကျစ်ဆံမြီးမိန်းကလေး-“ကျမကို လာပြီးမြှောက်ပင့်မနေပါနဲ့။ ကျမက ဘာမှမဟုတ်ပါဘူး။”
လီဆွန်းဟွာ စတင်၍ ချောင်းဆိုးနေလိုက်တော့သည်။
ကျစ်ဆံမြီးမိန်းကလေးက ချိုသာသောအသံလေးဖြင့်- “ရှင့်ကိုယ်ရှင် နှိမ့်ချလွန်းပြီး တခြားသူတွေ ကိုပဲ အမွှမ်းတင်တတ်တာ ကျမသိပါတယ်။ ဒါကရှင့်ရဲ့ အကောင်းဆုံးအကျင့်စရိုက်တစ်ခုဖြစ်သလို ရှင့်ရဲ့ အားနည်းချက်လည်း ဖြစ်တယ်။ လူတစ်ယောက်ဟာ အမြဲတမ်းပဲ နှိမ့်ချမနေသင့်ဘူးဆိုတာ ရှင်သိရဲ့လား။”
လီဆွန်းဟွာ-“မိန်းကလေး...”
ကျစ်ဆံမြီးမိန်းကလေးက ဖြတ်ပြောလိုက်၏။ “ကျမရဲ့ မျိုးရိုးနာမည်က ‘မိန်း’ မဟုတ်သလို ကျမ ရဲ့နာမည်ရင်းကလည်း ‘ကလေး’မဟုတ်ဘူး။ ဘာဖြစ်လို့ ကျမကို မိန်းကလေးလို့ တစ်ချိန်လုံး ရှင်ခေါ်နေရ တာလဲ။”
လီဆွန်းဟွာ ပြုံးလိုက်၏။ ဤမိန်းကလေးသည် လွန်စွာမှပင် စိတ်ဝင်စားဖို့ကောင်းကြောင်း ရုတ် ချည်းပင် သူခံစားလိုက်ရ၏။
ကျစ်ဆံမြီးမိန်းကလေး-“ကျမရဲ့မျိုးရိုးနာမည်က ‘စွန်း’၊ နာမည်အပြည့်အစုံက စွန်းရှောင်းဟုန်၊ ‘ဟုန်’ဆိုတာ စန့်ကွမ်းကျင်းဟုန်လိုမျိုး ‘ဟုန်’မဟုတ်ဘူး။ အနီရောင်ဖြစ်တဲ့ ‘ဟုန်’ကိုဆိုလိုတာ။”
လီဆွန်းဟွာ-“ကျုပ်နာမည်ကတော့ လီ...”
ကျစ်ဆံမြီးမိန်းကလေးက ဖြတ်ပြောလိုက်ပြန်သည်။ “ရှင့်နာမည်ကို ကျမကြားဖူးနေခဲ့တာကြာပါ ပြီ။ အခု ရှင်နဲ့ကျမ ယှဉ်ပြိုင်ချင်တယ်။”
လီဆွန်းဟွာသည် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “ဘယ်လို ယှဉ်ပြိုင်ကြမှာလဲ...”
စွန်းရှောင်းဟုန်က တခစ်ခစ်ရယ်မောလိုက်ပြီး- “သိုင်းပညာတော့ ဘယ်ဟုတ်ပါ့မလဲရှင်။ ကျမ နောက်ထပ်နှစ်ပေါင်း ၁၀၀ လောက်လေ့ကျင့်ဦးတောင်မှ ရှင့်ရဲ့သိုင်းပညာကို ဘယ်မီနိုင်လိမ့်မလဲ။ ကျမ က အရက်သောက်တာ ပြိုင်ချင်တာ။ တခြားလူတစ်ယောက်က ကျမထက် အရက်ပိုသောက်နိုင်တယ် လို့ကြားရင် ကျမ သိပ်စိတ်ဆိုးတာပဲ။”
လီဆွန်းဟွာက ပြုံးပြလိုက်၏။ “အရက်သောက်တတ်သူတိုင်းမှာ ဒီပြဿနာရှိတတ်ကြပါတယ်။ ဒါ ပေမယ့် မင်းဆီမှာ ဒီလိုမျိုးစိတ်ဓာတ်ရှိတယ်လို့ ထင်မထားမိဘူး။”
စွန်းရှောင်းဟုန်-“ကျမသာ ခုချိန်မှာ ရှင်နဲ့ပြိုင်သောက်ရင် ရှင့်အတွက် တစ်ပန်းရှုံးသွားမှာပေါ့။”
လီဆွန်းဟွာ-“ဘာကြောင့်လဲ...”
စွန်းရှောင်းဟုန်က တည်ငြိမ်စွာ ပြန်ပြောဆိုလိုက်၏။ “တိုက်ပွဲအပြီးမှာ ရှင့်ခန္ဓာကိုယ်က သိပ်ပင် ပန်းနေပြီ။ ဒါကြောင့်မို့လို့ ရှင့်ရဲ့ အရက်သောက်နိုင်စွမ်း ကျဆင်းသွားမှာ အမှန်ပဲ။ အရက်သောက် ပြိုင်တာက သိုင်းပညာယှဉ်ပြိုင်ရသလိုပဲ။ အချိန်ကောင်း၊ နေရာကောင်းရွေးဖို့လိုသလို စိတ်ဓာတ်ကလည်း တက်ကြွနေရမယ်။ ဒီအချက်တွေထဲက တစ်ခုလောက်သာ လျော့နည်းနေခဲ့ရင် ရှင်ရှုံးသွားမှာပေါ့။”
လီဆွန်းဟွာ-“မင်းပြောတဲ့စကားအရဆိုရင် မင်းဟာ အရက်သောက်ကျွမ်းကျင်တဲ့သူပဲ။ ဒီလို ပညာရှင်မျိုးတစ်ယောက်နဲ့ လာတွေ့နေမှတော့ ကျုပ်ပျော်ပျော်ကြီး ယှဉ်ပြိုင်ပါ့မယ်။ နောင်တစ်လုံးဝ မရ စေရဘူး။”
စွန်းရှောင်းဟုန်၏ မျက်လုံးဝိုင်းများက ပျော်ရွှင်မှု၊ ဝမ်းသာကြည်နူးမှုများကို ဖော်ပြနေကြသော်လည်း သူမ၏အမူအရာများက တည်ငြိမ်စွာပင်ရှိနေဆဲ။ “ကောင်းပြီလေ... ကျမက အချိန်အတွက် တစ်ပန်း အသာရထားသူဆိုတော့ ရှင်က နေရာရွေးပေါ့။”
လီဆွန်းဟွာသည် သဘောကျစွာရယ်မောလိုက်ပြီး- “ကျုပ်နောက်ကသာ လိုက်ခဲ့ပေတော့။”
ညနေ နေမဝင်သေးခင်အချိန်သည် စီးပွားရေးလုံးဝ မကောင်းသောအချိန်ဖြစ်၏။ ခါးကုန်းစွန်း သည် တံခါးဝ၌ ထိုင်နေပြီး နေဝင်ချိန်ကို ငေးကြည့်နေ၏။
ထိုအချိန်၌ပင် စွန်းရှောင်ဟုန်နှင့်အတူ လီဆွန်းဟွာ ပြန်ရောက်လာလေသည်။ ထိုလူနှစ်ယောက် မည်ကဲ့သို့ ပေါင်းဖက်မိနေကြမှန်း ခါးကုန်းစွန်း မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။ ထိုသူ နှစ်ယောက် မိတ်ဆွေများဖြစ်နေကြခြင်းမှာ သူ့အတွက် ထူးဆန်းနေသည် မဟုတ်ပါလား။
ခါးကုန်းစွန်း၏ အံ့အားသင့်နေသော အမူအရာများကို လီဆွန်းဟွာ မတွေ့ခဲ့ပါ။ သို့သော် အဖြစ် အပျက်တစ်ခုလုံးကို ခြုံငုံကြည့်လိုက်မည်ဆိုလျှင် လွန်စွာမှပင် ရယ်မောဖွယ်ကောင်းနေ၏။
ထိုမိန်းမပျိုလေးသည် စကားကို မရပ်မနားပြောဆိုနိုင်၏။ သူမ၏ပါးစပ်ဟလိုက်သည်နှင့် စကား လုံးများက ဆက်တိုက်ထွက်လာခဲ့ကြပြီး ပြန်ပြောအနိုင်ယူရန် လုံးဝအခွင့်အရေးမရှိချေ။
လီဆွန်းဟွာ၏ ဘဝတွင် သူစိတ်လေရသော အရာ ၂ ခုရှိလေသည်။ ပထမဆုံးအချက်မှာ လူအ များ စားသောက်ဆိုင်တွင် ဝိုင်းဖွဲ့ထိုင်စားနေကြသော်လည်း ထိုစားပွဲဝိုင်း၌ အရက်လုံးဝမပါရှိသည့်အချက်။ ဒုတိယ... စကားများသော မိန်းမ။ ဒုတိယအချက်က ပထမအချက်ထက် ၁၀ ဆခန့်ပိုဆိုးလေသည်။
ထူးဆန်းလှစွာပင် ယခုအချိန်၌ ခေါင်းကိုက်ခေါင်းခဲဒဏ်ကို သူခံစားမနေရဘဲ လွန်စွာမှပင် လန်း ဆန်းနေရ၏။ အရက်သောက်ယှဉ်ပြိုင်မည့်သူသည် လွန်စွာချောမောလှပသော မိန်းမပျိုလေးတစ်ယောက်ဖြစ်နေသည့်အတွက် ပို၍ပင် လန်းဆန်းတက်ကြွနေရ၏။ မိန်းမတစ်ယောက်သည် ဉာဏ်ကောင်း ထက်မြက်မည်၊ ချောမောလှပမည်၊ ပြီးနောက် အရက်သောက်နိုင်မည်ဆိုလျှင် သူမ စကားမည်မျှပင် ပေါက်ပေါက်ဖောက် ပြောနေကာမူ သူ စိတ်မညစ်ညူးပေ။ ထိုသို့မဟုတ်ပါက မိန်းမတစ်ယောက်သည် စကားကို လိုသလောက်ပင် ပြောဆိုသင့်ပေသည်။
လမ်းတစ်လျှောက်တွင် သူမထံမှ များစွာသော အကြောင်းအရာများ လီဆွန်းဟွာ သိရှိခဲ့ရ၏။ ပုံပြောကောင်းသော အဘိုးအို၏နာမည်သည် ခေါင်းဖြူစွန်းဟုခေါ်ပြီး စွန်းရှောင်းဟုန်၏ အဘိုးအရင်း ဖြစ်ကြောင်း... သူမ၏ မိဘနှစ်ပါးလုံး ကွယ်လွန်သွားကြပြီဖြစ်ကြောင်း... သူမသည် သူမ၏အဘိုးဖြစ်သူ နှင့် ငယ်စဉ်ကတည်းကပင် အတူတူနေထိုင်ကြီးပြင်းလာခဲ့ပြီး မည်သည့်အခါမျှ ခွဲခွာဖူးခြင်းမရှိကြောင်း...
ထို့ကြောင့် သူမနေနိုင်ဘဲ မေးမြန်းလိုက်၏။ “ဒါဖြင့်ရင် မင်းဘိုးဘိုးက ဘာဖြစ်လို့ လိုက်မလာခဲ့တာ လဲ။”
စွန်းရှောင်းဟုန်က ရိုးရိုးလေး အဖြေပေးလိုက်၏။ “သူ မြို့ပြင်ထွက်ပြီး လူတစ်ယောက်ကို သွား မောင်းထုတ်နေတယ်။”
“ဘယ်သူ့ကိုလဲ...”
“ဘာဖြစ်လို့ မင်းကို သူနဲ့အတူခေါ်မသွားရတာလဲ။”
လီဆွန်းဟွာသည် စကားနည်းသူတစ်ယောက်ဖြစ်သည့်အတွက် ထိုမေးခွန်းများကို မမေးဆိုခဲ့ပါ။ ထို့ ပြင် စွန်းရှောင်းဟုန်ကို စကားအနိုင်လုပြောနိုင်မည်မဟုတ်မှန်းကိုလည်း သူသိထား၏။
စွန်းရှောင်းဟုန်ကလည်း လီဆွန်းဟွာ ထိုမေးခွန်းများ မမေးလာနိုင်စေရန် စကားလမ်းကြောင်းလွှဲ လိုက်၏။ “ရှင့်ရဲ့ ဓားပျံပစ်ပညာကို ဘယ်လို လေ့ကျင့်ခဲ့တာလဲ။”
“ရှင့်ဆီမှာ အားဖေဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်မဟုတ်လား။ သူရဲ့ဓားနဲ့ ရှင့်ဓားပျံ ဘယ် ဟာက ပိုမြန်မလဲ။ အခု သူဘယ်ရောက်နေလဲဆိုတာကော ရှင်သိရဲ့လား။”
“ရှင်ပျောက်သွားခဲ့တာ ၂ နှစ်ကျော်ရှိပြီ။ ခါးကုန်းစွန်းရဲ့ ဆိုင်ထဲမှာ ရှင်လာပြီး ပုန်းအောင်းနေတာ ဘယ်သူမှ မရိပ်မိခဲ့ကြဘူး။ ရှင်ဘာဖြစ်လို့ ပုန်းအောင်းနေတာလဲ။”
“အခုတော့ ရှင်ရှိတဲ့နေရာကို လူတွေသိသွားကြပြီ။ ရှင်ဘယ်ကို ထပ်သွားဦးမှာလဲ။”
“ပန်းဘီလူးဆိုတာ ဘယ်သူလဲ။”
“သူလည်းပျောက်နေတာ ၂ နှစ်ကျော်လောက်ရှိပြီ။ သူ့ကို ဖမ်းမိသွားခဲ့လား။”
“ရှင်သူ့ကို ဖမ်းခဲ့တာလား။”
ထိုမေးခွန်းများအားလုံးကို လီဆွန်းဟွာ ပြန်မဖြေခဲ့ပါ။ တချို့မေးခွန်းများကိုတော့ သူမဖြေကြားချင် ၍ဖြစ်ပြီး ကျန်မေးခွန်းများအတွက် သူ့ထံ၌ အဖြေလုံးဝမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ပင် မသိရသော အကြောင်းအရာများ ဖြစ်နေသောကြောင့်ပင်။
လင်ရှန်းအာသည် ပန်းဘီလူးဖြစ်မှန်းကိုတော့ သူသိသည်။ လင်ရှန်းအာကို အားဖေ သတ်ခဲ့လိမ့် မည်မဟုတ်ကြောင်းကိုလည်း သူသိ၏။ လင်ရှန်းအာကို အားဖေ အဝေးတနေရာသို့ ခေါ်ဆောင်သွားခဲ့မှန်း လည်း သူသိ၏။ သို့သော် မည်သည့်နေရာလည်းဆိုသည်ကိုမူ သူမသိပါ။ လင်ရှန်းအာတစ်ယောက် လူကောင်း ပြန်ဖြစ်သွားပြီလား... သူမသိပါ။ အားဖေအပေါ် လင်ရှန်းအာ သံယောဇဉ်တွယ်ငြိသွားခဲ့ပြီလား... သူမ သိပါ။ ထိုအကြောင်းများကို တွေးလိုက်တိုင်းပင် သူ သက်ပြင်းအကြိမ်ကြိမ်ချရလေသည်။ အနာဂါတ် ကာလတွင် မည်ကဲ့သို့ဖြစ်လာမည်မှန်းကိုလည်း သူမသိနိုင်ပါ။
စွန်းရှောင်းဟုန်၏ မျက်လုံးများက သူ့ထံမှ တစ်ဖဝါးမှ ခွာမသွားခဲ့ပါ။ သူမ၏ အကြည့်များ၌ လေး စားအားထားသော၊ စာနာနားလည်သော အရိပ်အယောင်များ ပါရှိလေသည်။
လီဆွန်းဟွာသည် ခေါင်းမော့လိုက်ပြီး သူမ၏ အကြည့်ကို ရင်ဆိုင်လိုက်၏။
သူ့နှလုံးခုန်သံများ လျင်မြန်လာခဲ့ရလေတော့သည်။
စွန်းရှောင်းဟုန်-“ယှဉ်ပြိုင်ပွဲ စလိုက်ကြရအောင်လား။”
လီဆွန်းဟွာ-“ကောင်းပြီလေ...”
စွန်းရှောင်းဟုန်သည် သူမ၏အကြည့်များကို လွှဲဖယ်လိုက်ပြီး- “ကောင်းတယ်။ အခု ဘယ်လိုယှဉ် ပြိုင်ကြမယ်ဆိုတာ စည်းကမ်းသတ်မှတ်ကြတာပေါ့။”
လီဆွန်းဟွာ-“အရက်သောက်ပြိုင်တာပဲ၊ ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတာ ရှိသေးလို့လား။”
စွန်းရှောင်းဟုန်-“သိပ်ရှိတာပေါ့ရှင်... ရှင်မသိဘူးလား။”
လီဆွန်းဟွာ-“ကျုပ်သိတာတော့ အရက်များများသောက်နိုင်တဲ့လူက အနိုင်ပဲ။ အရင်ဆုံး အန်တဲ့ လူရှုံးတာပဲ။”
စွန်းရှောင်းဟုန်က ခပ်ပါးပါးလေးပြုံးလိုက်ပြီး ခေါင်းကို ခါရမ်းပြလိုက်၏။ “ကြည့်ရတာ ရှင့်မှာ အ ရက်သောက်တဲ့ ဗဟုသုတမရှိဘူးထင်တယ်။”
လီဆွန်းဟွာ-“ဟုတ်ရဲ့လား...”
စွန်းရှောင်းဟုန်-“အရက်သောက်ကြပြီဆိုရင် ကြမ်းကြမ်းရမ်းရမ်းနည်းနဲ့ ယှဉ်ပြိုင်မလား... ဒါမှမ ဟုတ် စာပေသမားနည်းနဲ့ ယှဉ်ပြိုင်မလား ဆိုပြီး ၂ မျိုး ၂ စားရှိတယ်။”
လီဆွန်းဟွာ-“ကြမ်းကြမ်းရမ်းရမ်းနည်းဆိုတာက ဘယ်လိုမျိုးလဲ... ပြီးတော့ စာပေသမားနည်း ဆိုတာကကော...”
စွန်းရှောင်းဟုန်-“ရှင်ပြောခဲ့တဲ့နည်းက ကြမ်းကြမ်းရမ်းရမ်းနည်း... အရက်အကုန်လုံးကို တဟုန် ထိုးမော့သောက်တဲ့နည်းပေါ့။”
“တဟုန်ထိုး မော့သောက်တယ်၊ ဟုတ်လား။”
စွန်းရှောင်းဟုန်-“ဟုတ်တယ်လေ... လူတွေအရက်မော့သောက်ကြတာကို တဟုန်ထိုးမော့ သောက်တယ်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ။”
လီဆွန်းဟွာ-“အဲ့ဒီလိုမသောက်လို့ ကျုပ်တို့ ဘာများ လုပ်နိုင်ကြဦးမှာလဲ... နားထဲ အရက် လောင်းထည့်ရမှာလား။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်ပြီး- “ရှင်သာ ရှင့်ရဲ့နားနဲ့ အရက်သောက်ပြနိုင်တယ်ဆိုရင် ကျမ ခုကတည်းက အရှုံးပေးလိုက်ပါ့မယ်။ ကျမတော့ မလုပ်နိုင်ဘူး။”
လီဆွန်းဟွာ-“နားနဲ့ အရက်သောက်ရတာ ကျုပ်အားမရဘူး။ သိပ်နှေးလွန်းတယ်။”
စွန်းရှောင်းဟုန်-“ကျမက မိန်းမပျိုလေးတစ်ယောက်ပါ။ ပထမနည်းလမ်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ် ပြိုင်နိုင်မှာလဲ။ ဒါပေမဲ့ စာပေသမားနည်းလမ်းတွေတော့ အများကြီးရှိပါသေးတယ်။”
“ဘာတွေလဲ...”
စွန်းရှောင်းဟုန်-“နံပါတ်ဖွက်တမ်း ယှဉ်ပြိုင်နိုင်သလို၊ လက်ခုပ်ထဲ ပစ္စည်းဖွဲ့ပြီး ခန့်မှန်းခိုင်းပြီးလည်း ပြိုင်နိုင်သေးတယ်။ အဲ့ဒါတွေက သိပ်ပြီး ရိုးလွန်းပါတယ်။ ကျမတို့လို လူတွေအတွက် ဘယ်လိုလုပ်ပြီး အသုံးတည့်မှာလဲ...”
လီဆွန်းဟွာ-“ဒါဆိုရင် မင်းရဲ့နည်းလမ်းလေးကို ပြောပြပါဦး။”
စွန်းရှောင်းဟုန်-“နည်းလမ်းကောင်းတစ်ခုတော့ ကျန်သေးတယ်။”
လီဆွန်းဟွာသည် မနေနိုင်ဘဲ ရယ်မောလိုက်မိတော့၏။ စွန်းရှောင်းဟုန်ကလည်း လိုက်၍ရယ်မောနေ ပါသည်။ “ဒီနည်းလမ်းက ကျမရဲ့မူပိုင်ဖြစ်ရုံတင်မကသေးဘူး တော်တော်လေး စိတ်ဝင်စားဖို့လည်း ကောင်း တယ်။ တခြားနည်းလမ်းတွေ ဘယ်လောက်ပဲရှိနေပါစေ၊ ကျမတို့ ဒီနည်းလမ်းနဲ့ပဲ ယှဉ်ပြိုင်လိုက်ကြရ အောင်။”
လီဆွန်းဟွာ-“စားပွဲပေါ်မှာ အရက်ရောက်နေမှတော့ ကျုပ် အရက်သောက်ချင်နေတာပဲသိတယ်။ မင်းကြိုက်တဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။”
စွန်းရှောင်းဟုန်-“သေချာနားထောင်... ဒီနည်းလမ်းက သိပ်ကိုရှင်းပါတယ်။”
လီဆွန်းဟွာသည် နားထောင်နေလိုက်ရ၏။
စွန်းရှောင်းဟုန်-“ကျမက ရှင့်ကို မေးခွန်းတစ်ခုမေးမယ်။ ရှင်ဖြေနိုင်တယ်ဆိုရင် ရှင်နိုင်တယ်။ အဲ့ဒီ အတွက် ကျမက အရက်တစ်ခွက်သောက်ရမယ်။”
လီဆွန်းဟွာ-“ကျုပ် မဖြေနိုင်ခဲ့ဘူးဆိုရင်ကော... ကျုပ်ရှုံးသွားတယ်ပေါ့...”
စွန်းရှောင်းဟုန်-“ရှင်မရှုံးသေးပါဘူး။ ကျမမေးတဲ့မေးခွန်းကို ကျမကိုယ်တိုင်ပြန်ဖြေနိုင်မှသာ ရှင် ရှုံးမှာ။”
လီဆွန်းဟွာ-“ကျုပ်ရှုံးသွားပြီဆိုရင် နောက်မေးခွန်းက ကျုပ်အလှည့်ပေါ့၊ ဟုတ်လား။”
စွန်းရှောင်းဟုန်က ခေါင်းကို ခါရမ်းပြလိုက်ပြီး- “မဟုတ်ဘူး။ နိုင်တဲ့လူက မေးခွန်းတွေဆက်တိုက် မေးနိုင်တယ်။ သူမရှုံးသေးခင်ထိပေါ့။”
လီဆွန်းဟွာ-“ကိုယ်ရေးကိုယ်တာကိစ္စတွေကို မင်းမေးလာခဲ့ရင်ကော... မင်းချည့်ပဲ နိုင်နေမှာ ပေါ့။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်ပြီး- “ကျမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မမေးပါဘူး။ ကျမသာ ရှင့်ကို ကျမရဲ့မိဘတွေက ဘယ်သူလဲ... ကျမမှာ မောင်နှမဘယ်နှစ်ယောက်ရှိလဲ... ကျမရဲ့အသက်က ဘယ်လောက်လဲ...စတာတွေမေးရင် ရှင်ဘယ်ဖြေနိုင်ပါ့မလဲ။”
လီဆွန်းဟွာ-“ဒါဆိုရင် ဘယ်လိုမေးခွန်းမျိုးတွေ မင်းမေးမှာလဲ။”
စွန်းရှောင်းဟုန်-“ရှင် မကြာခင်ပဲ သိရတော့မှာပါ။”
လီဆွန်းဟွာက မချိပြုံးလေးပြုံးလိုက်ပြီး- “ကျုပ်ရှုံးတော့မယ်နဲ့တူတယ်။”
စွန်းရှောင်းဟုန်သည် ပြုံးရယ်နေလိုက်ပြီး- “စတော့မယ်နော်... ကျမရဲ့ ပထမဆုံးမေးခွန်းကို မေး တော့မယ်။”
သူမ၏မျက်နှာပေါ်မှ အပြုံးရိပ်များ ပျောက်ကွယ်သွားခဲ့ပြီး လီဆွန်းဟွာကို စိုက်ကြည့်၍ မေးမြန်း လိုက်၏။ “အဲ့ဒီစာကို ဘယ်သူရေးခဲ့တာလဲဆိုတာ ရှင်သိလား။”
ထိုမေးခွန်းသည် အံ့အားသင့်စရာ မေးခွန်းပင်။
လီဆွန်းဟွာ၏ မျက်လုံးများက တဖိတ်ဖိတ်တောက်ပလာခဲ့ကြပြီး- “ကျုပ်မသိဘူး။ မင်းကောသိ လား။”
စွန်းရှောင်းဟုန်သည် အချိန်အတန်ကြာဆွဲထားလိုက်ပြီး တည်ငြိမ်စွာ ဖြေကြားလိုက်၏။ “... လင် ရှန်းအာ။”
သူမ၏အဖြေက ပို၍ပင် အံ့အားသင့်စရာကောင်းနေ၏။ လီဆွန်းဟွာသည် အတော်လေး တည် တည်ငြိမ်ငြိမ်ရှိသူတစ်ယောက်ဖြစ်သော်လည်း ထိုအဖြေကို ကြားလိုက်ရပြီးနောက် ခန္ဓာကိုယ် တစ်ချက်တုန် ခါသွားခဲ့ရပြီး ပြန်လည် မေးမြန်းလိုက်၏။ “သူဖြစ်မှန်း မင်းဘယ်လိုလုပ်ပြီး သိနေရတာလဲ။”
စွန်းရှောင်းဟုန်-“ရှင့်အလှည့်မရောက်သေးဘူးလေ။ ရှင့်အရက်ကို သောက်လိုက်ပါဦး။ ပြီးတော့ မှ ဆက်ပြောကြတာပေါ့။”
လီဆွန်းဟွာသည် သူ့အရက်ခွက်ကို လျင်မြန်စွာပင် မော့ချလိုက်၏။
စွန်းရှောင်းဟုန်-“အားဖေရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ရှင်သိလား။”
လီဆွန်းဟွာ-“မသိဘူး...”
စွန်းရှောင်းဟုန်-“သူက လင်ရှန်းအာနဲ့ အတူတူသာနေနေတာ။ လင်ရှန်းအာ ဘာလုပ်နေလဲဆို တာ သူတကယ်ကို မသိဘူး။”
လီဆွန်းဟွာက စိတ်မရှည်နိုင်စွာဖြင့် မေးလိုက်ပြန်၏။ “အခု သူဘယ်မှာလဲ...”
စွန်းရှောင်းဟုန်-“မလောနဲ့လေ... ရှင်ပြန်မေးနိုင်တဲ့ထိတော့ စောင့်ဦးမှပေါ့။”
နောက်ထပ်အရက်တစ်ခွက် လီဆွန်းဟွာ သောက်လိုက်ရပြန်လေသည်။ အရက်ခွက်များက ထမင်း စားပန်ကန်လုံးထက်ပို၍ပင် ကြီးနေသေး၏။ အရင်ကထက် ပိုမိုမြန်ဆန်စွာပင် သူ သောက်ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် တတိယမေးခွန်းကို သူလွန်စွာမှပင် စိတ်ဝင်စားနေသောကြောင့်ဖြစ်၏။
စွန်းရှောင်းဟုန်-“အဲ့ဒီစာကို လင်ရှန်းအာ ဘာကြောင့်ရေးဖြန့်ခဲ့တယ်ဆိုတာ ရှင်သိလား။”
လီဆွန်းဟွာ-“မသိဘူး။”
လင်ရှန်းအာ၏စိတ်သဘောထားကို လီဆွန်းဟွာ သိသလိုဖြစ်နေသော်လည်း မသေချာမည်စိုး၍ မဖြေလိုက်တော့ပါ။
စွန်းရှောင်းဟုန်-“ဘာဖြစ်လို့လဲဆိုတော့ လင်ရှီးယင်သာ အန္တရာယ်ရှိလာပြီဆိုရင် ရှင်ထွက်ပေါ် လာလိမ့်မယ်ဆိုတာ သူသိထားတယ်။ ရှင့်ကို ထွက်ပေါ်လာစေချင်ခဲ့ပြီး သူများတွေလက်ချက်နဲ့ ရှင့်ကို သေစေချင်နေတယ်။ သူ့အတွက် ရှင်ဟာ မဟာရန်သူတော်ကြီးပဲ။ သူရှင့်ကို သိပ်ကြောက်နေတယ်။ ရှင် အသက်ရှင်နေသမျှကာလပတ်လုံး သူဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။”
လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး တတိယအရက်ခွက်ကို မော့သောက်လိုက်၏။
စွန်းရှောင်းဟုန်-“ရှင့်ကို အသေစေချင်ဆုံးသူ ဘယ်သူလဲဆိုတာ ရှင်သိလား။”
လီဆွန်းဟွာက ပြန်ဖြေလိုက်၏။ “ကျုပ်ဘဝမှာ လူတော်တော်များများကို သတ်ခဲ့တော့ ဘယ်သူ က ကျုပ်ကို သေစေချင်နေမှန်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”
စွန်းရှောင်းဟုန်-“ဒီလောကထဲမှာ ရှင့်ကို သတ်နိုင်တဲ့လူက ၂-၃ယောက်လောက်ပဲ ရှိပါတယ်။ အဲ့ဒီထဲက ပထမဆုံးသူကတော့ စန့်ကွမ်းကျင်းဟုန်ပဲ။”
ထိုအဖြေအတွက် လီဆွန်းဟွာ အံ့အားသင့်မသွားခဲ့ပါ။ ၄ ခွက်မြောက်အရက်ခွက်ကို မော့ သောက်လိုက်ပြီး မနေနိုင်မထိုင်နိုင်ပင် နောက်ထပ် မေးခွန်းတစ်ခုကို မေးမြန်းလိုက်ပြန်၏။ “သူဒီကို ရောက်နေပြီလား။”
0 comments:
Post a Comment