ထို့နောက် သူမက ဆက်ပြောလိုက်၏။ “စန့်ကွမ်းကျင်းဟုန်ရဲ့ စိတ်ဓာတ်ကို ရှင်သိပါတယ်။ တော် ရုံရတနာလောက်နဲ့ဆိုရင် သူစိတ်ဝင်စားမှာမဟုတ်ဘူး။ သူစိတ်ဝင်စားလောက်အောင် စွဲဆောင်မှုရှိတဲ့ အရာက ဘာလဲဆိုတာ ရှင်သိလား။”
လီဆွန်းဟွာ-“ကျုပ်မသိဘူး။”
စွန်းရှောင်းဟုန်-“ရှင့်ရဲ့ ဖခင်နဲ့ အယင်တစ်ခေတ်ကသူရဲကောင်း‘ရှန်လန်း’တို့ အရမ်းခင်မင်ရင်းနှီး ကြတဲ့ မိတ်ဆွေတွေဆိုတာ သူသိထားတယ်။”
လီဆွန်းဟွာ-“ရှန်လန်းက ဖေဖေ့ရဲ့ မိတ်ဆွေဆိုတာတော့မှန်ပါတယ်။ ဒါပေမဲ့ သူသိုင်းလောက ကနေ အနားယူသွားပြီး လူပြတ်တဲ့ ကျွန်းလေးတစ်ကျွန်းမှာ သွားပြီးဇာတ်မြှုတ်နေခဲ့တာ ကြာလှပေါ့။ ဒီ ကိစ္စတွေက သူနဲ့ ဘာဆိုင်လို့လဲ။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်၏။ “ကြည့်ရတာ မေးခွန်းတွေ ပေးမမေးရင် ရှင်ရူးသွားလိမ့်မယ်ထင် တယ်။ ဒါပေမဲ့ အရက် ၃ခွက်လောက် အရင်သောက်လိုက်ပါဦး။”
လီဆွန်းဟွာအား တမင်သက်သက်ပင် အရက်မူးအောင် သူမ ပြုလုပ်နေသည့်အလား။ သို့သော် သူမ၏မေးခွန်းများက အံ့ဩစရာကောင်းနေပြီး အဖြေများက ပို၍ပင် ထိတ်လန့်စရာ ကောင်းနေသေး တော့၏။ သူမ၏ ရည်ရွယ်ချက်ကို လီဆွန်းဟွာ သိနေသော်လည်း ဆက်တိုက်ပင် သောက်ချလိုက်ပြန်၏။
ပြီးနောက်မှသာ စွန်းရှောင်းဟုန်က ဆက်၍ပြောဆိုလေတော့သည်။ “ရှန်လန်း သိုင်းလောက ကနေ အနားမယူခင်လေးမှာ ရှင့်ဖခင်ကို သိုင်းကျမ်း ၂ အုပ် ပေးခဲ့တယ်လို့ သူသိထားတယ်။ စာအုပ် ၁ အုပ်ကို လေ့လာရုံနဲ့တင် ရှင့်ရဲ့ ဓားပျံက သိုင်းလောကမှာ ပြိုင်ဘက်ကင်းအဆင့်ကို ရောက်ခဲ့ရတယ် ဆိုတော့ သိုင်းကျမ်း ၂ အုပ်လုံးကိုသာ လေ့ကျင့်လိုက်မယ်ဆိုရင် မတွေးရဲစရာပဲ။ စန့်ကွမ်းကျင်းဟုန် တောင်မှ စိတ်မထိန်းနိုင်ဘဲ ဒီကိစ္စထဲ ဝင်ပါလာခဲ့ရတယ်။”
လီဆွန်းဟွာသည် အတန်ကြာမျှ တိတ်ဆိတ်သွားခဲ့ပြီး- “အဲ့ဒီအတိုင်းသာ မှန်နေရင် ကျုပ်ဘာဖြစ် လို့ မသိခဲ့ရတာလဲ။”
စွန်းရှောင်းဟုန်-“ဒီကိစ္စက လင်ရှန်းအာ ဖြန့်တဲ့ ကောလဟာလဆိုတာ မကြာခင်လေးတင်ပဲ ကျမ သိလိုက်ရတယ်။ ရှန်လန်းဟာ သိပ်ကို ထူးချွန်ထက်မြက်တဲ့ သိုင်းပညာရှင်တစ်ယောက်ပါ။ ဘာဖြစ် လို့ လူတွေအချင်းချင်း တိုက်ခိုက်မှုတွေဖြစ်အောင် သူ့သိုင်းကျမ်းတွေကို ထားခဲ့မှာလဲ။”
သူမက ပြုံးပြလိုက်ပြီး- “နောက်ဆုံး သူ့သိုင်းကျမ်းတွေကို ထားခဲ့ချင်ရင်တောင်မှ ရှင့်အဖေဆီမှာ ဘာဖြစ်လို့ ထားခဲ့ရမှာလဲ။ သူ့မိတ်ဆွေတစ်ယောက်ကို ဒုက္ခရောက်အောင် သူလုပ်ရက်ပါ့မလား။”
လီဆွန်းဟွာသည် သက်ပြင်းချလိုက်ပြီး- “မင်းပြောတာမှန်တယ်။’
စွန်းရှောင်းဟုန်သည် မျက်တောင်ခတ်လိုက်ပြီး- “ရှင် ကျမကို မေးခွန်းပြန်မေးနိုင်အောင်တော့ ကျမ အခွင့်အရေးပေးသင့်တယ်လို့ ထင်တယ်။ ဒါကြောင့် နောက်မေးခွန်းတစ်ခုကိုတော့ ရှင် ဖြေဆိုနိုင် မှာပါ။”
သူမ၏မျက်လုံးများက လီဆွန်းဟွာကို အပြစ်ကင်းစွာ ကြည့်နေလိုက်ပြီး- “သူဟာ ရှင့်နှလုံးသား ထဲက တစ်ဦးတည်းသောသူလား။ သူ့အတွက်ဆိုရင် ရှင်အသက်တောင်မှ ပေးဝံ့တယ်ပေါ့။ ဘယ်သူ့ကို ရည်ရွယ်ပြီး ကျမ ပြောနေတယ်ဆိုတာ ရှင်သိမှာပါ။”
လီဆွန်းဟွာ ဆွံ့အ သွားခဲ့ရ၏။ ဤမေးခွန်းမျိုး စွန်းရှောင်းဟုန် မေးလာလိမ့်မည်ဟု သူထင်မထား ခဲ့ပါ။ မည်သူပင် မေးမေး ထိုမေးခွန်းကို သူဖြေဆိုမည်မဟုတ်ပါ။ သည်အရာသည် သူ၏အနာကျင်ဆုံး လျှို့ဝှက်ချက်ဖြစ်သကဲ့သို့ အလျှို့ဝှက်ဆုံး နာကျင်မှုလည်းဖြစ်၏။ ထိုမေးခွန်းကို မေးမြန်းလာသည့်အခါတိုင်း သူ၏နှလုံးသားကို ဓားတစ်လက်ဖြင့် ထိုးဆွခံလိုက်ရသလိုပင်။
စွန်းရှောင်းဟုန် မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုမေးခွန်းမျိုး မေးလာခဲ့မှန်း သူတကယ်စဉ်းစား၍ မရပေ။
မိန်းမပျိုလေးများသည် စပ်စုတတ်သည်မဟုတ်ပါလား။ ထို့ကြောင့်များ ဖြစ်နေမလား...
လီဆွန်းဟွာကို နာကျင်ခံစားရအောင် သူမ မေးမြန်းလိုက်သည် မဟုတ်တာတော့ သေချာသည်။ သို့မဟုတ်ပါက အခြားလျှို့ဝှက်ချက်များကို လီဆွန်းဟွာအား သူမ ပြောပြခဲ့လိမ့်မည်မဟုတ်။
သို့သော် သူမ မည်သူနည်း...
ဘာကြောင့် သူမ သိပ်သိနေရသနည်း...
သူမ၏အဘိုးဖြစ်သူသည် လွန်စွာမှပင် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်ရပေမည်။ ခေါင်းဖြူ စွန်းဆိုသည်မှာ သူ၏နာမည်ရင်း မဟုတ်လောက်ချေ။ သူ မည်သူနည်း။
မြို့ပြင်ဘက်တွင် မည်သူ့ကို သွားရောက်မောင်းထုတ်နေသနည်း။ စန့်ကွမ်းကျင်းဟုန်များလား...
အားဖေနှင့် လင်ရှန်းအာတို့ မည်သည့်နေရာ၌ ပုန်းအောင်းနေကြသနည်း။
ဤလျှို့ဝှက်ချက်များအတွက် ဘာပဲလုပ်ရလုပ်ရ လီဆွန်းဟွာ ပြုလုပ်ရန် ဆန္ဒရှိနေလေသည်။
ထိုနေရာ၌ လီဆွန်းဟွာ ထိုင်ပြီး စဉ်းစားခန်းဝင်နေသည်မှာ မည်မျှကြာသွားခဲ့မှန်းမသိ၊ ပြီးနောက် သူသည် သက်ပြင်းတစ်ချက်ကို လေးတွဲ့စွာချလိုက်ရင်း- “အချစ်မရှိဘူးလို့ထင်ရတဲ့အချိန်မှာ အချစ်က ထွက်ပေါ်လာတတ်ပြီး သိပ်ပြီးအချစ်ကြီးလွန်းရင်လည်း အချစ်က ပေါ့ပျက်ပျက်ရှိတယ်လို့ ထင်ရတတ် တယ်... သိပ်ရက်စက်တတ်တယ်... သိပ်ပြီးတော့ ကရုဏာတရားကြီးမားလွန်းသွားတတ်တယ်။ ဘယ် သူ ပြောနိုင်မှာလဲ... ဘယ်သူပြော...”
သူ၏စကားသံများက တိုးညင်းသွားခဲ့ပြီး မည်သည့်စကားသံမှ မထွက်ပေါ်လာခဲ့ကြတော့ချေ။
စွန်းရှောင်းဟုန်သည် သက်ပြင်းချလိုက်ပြီး- “ဘာဖြစ်လို့ ရှင့်ကိုယ်ရှင် နှိပ်စက်နေရတာလဲ။ ဘာ ဖြစ်လို့လဲ။”
သူမ၏ အသံသည်လည်း တဖြည်းဖြည်း တိုးညှင်းပျောက်ကွယ်သွားခဲ့၏။
တော်တော်လေးကြာသောအခါမှ စွန်းရှောင်းဟုန်သည် အရက်ခွက်ကို ကောက်မော့လိုက်ပြီး- “ဒီ တစ်ခါတော့ ကျမရှုံးနိမ့်သွားခဲ့ပြီ။ ရှင်မေးချင်တာမေးတော့လေ။”
လီဆွန်းဟွာကမျက်နှာထား တည်တည်ဖြင့်မေးလိုက်၏။ “အားဖေ အခု ဘယ်မှာလဲ။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်ပြီး- “ဒီမေးခွန်းကို ရှင်မေးလာလိမ့်မယ်လို့ ကျမ သိထားခဲ့ပါတယ်။ ‘သူမ’က လွဲရင် အားဖေဟာ ရှင်ဂရုအစိုက်ဆုံး လူတစ်ယောက်မဟုတ်လား။”
လီဆွန်းဟွာ-“သိပ်ဟုတ်တာပေါ့။ သူလိုမျိုးမိတ်ဆွေတစ်ယောက်အတွက် ဘယ်သူမဆို ဂရုတစိုက် ရှိကြမှာ အမှန်ပဲ။”
စွန်းရှောင်းဟုန်-“ရှင်လိုလူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်တဲ့သူတွေကကော ရှင်ဂရုစိုက်သလို ဂရုပြန် စိုက်ကြမယ်ဆိုတာကို ရှင်သိရဲ့လား။”
သူမသည် ထူးဆန်းစွာ ပြုံးပြလိုက်ပြီး စာတစောင်ကို ထုတ်ယူလိုက်ကာ- “ဒီနေရာဟာ အခု လောလောဆယ် အားဖေ နေတဲ့နေရာပဲ။ မြေပုံအတိုင်းလိုက်သွားရင် သူ့ကို တွေ့လိမ့်မယ်။”
လီဆွန်းဟွာ-“ကျေးဇူးတင်ပါတယ်။”
ဤကျေးဇူးတင်စကားသည် ယနေ့အတွက် သူဒုတိယအကြိမ်မြောက် ပြောခဲ့ခြင်းဖြစ်၏။
စွန်းရှောင်းဟုန်က သူ့ကို စိုက်ကြည့်လိုက်ပြီး- “ရှင့်အတွက်သိပ်ကို အရေးကြီးတဲ့ လျှို့ဝှက်ချက် ကို ကျမပြောခဲ့တုန်းက ရှင် ကျေးဇူးမတင်ခဲ့ဘူး။ ရှင့်ကို သိပ်သတ်ချင်နေတဲ့သူအကြောင်းကို ပြောပြခဲ့ တုန်းကလည်း ကျေးဇူးမတင်ခဲ့ဘူး။ အခုမှ ဘာလို့ ကျေးဇူးတင်ရတာလဲ။”
လီဆွန်းဟွာသည် ပါးစပ်ပိတ်ထားလိုက်၏။
စွန်းရှောင်းဟုန်-“ရှင်မဖြေချင်ပေမယ့်လည်း အဖြေကို ကျမသိထားပြီးပါပြီ။ ဒီမြေပုံရပြီးရင် ရှင် အားဖေ ကိုသွားတွေ့မယ်။ ပြီးတော့ သူမချစ်သင့်တဲ့သူကို မချစ်ဖို့... အဲ့ဒီမိန်းမကြောင့် သူ့ဘဝပျက်စီးသွားနိုင် လို့ သွားတားမြစ်ပြီး သူ့ဘဝကို ကယ်ထုတ်မယ်။ သူ့အတွက် ရှင်ကျမကို ကျေးဇူးတင်တာပဲ။”
ပြီးနောက် သူမ ဆက်ပြောလိုက်၏။ “လင်ရှီးယင်အတွက် ကော့စွန်းယန်ကို ရှင်ကျေးဇူးတင်ခဲ့ တုန်းကလည်း အခုအကြိမ်နဲ့ အတူတူပဲ မဟုတ်လား။ ရှင့်အတွက်နဲ့ ဘယ်တုန်းကများ ဘယ်သူ့ကို ရှင် ကျေးဇူးတင်ခဲ့ဖူးလဲ။”
လီဆွန်းဟွာသည် နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေလိုက်၏။
စွန်းရှောင်းဟုန်သည် သက်ပြင်းချလိုက်ပြီး- “ဘိုးဘိုးပြောခဲ့ဖူးတာတော့ လူတစ်ယောက်ဟာ သူ့ အတွက်ရှင်သန်မနေဘဲ သူများအတွက် ရှင်သန်နေမယ်ဆိုရင် သူ့ဘဝဟာ သိပ်ကို ဝမ်းနည်းကြေကွဲနေ ရလိမ့်မယ်တဲ့။”
စွန်းရှောင်းဟုန်သည် စကားပြောဆိုခြင်းကို ခေတ္တရပ်နားထားလိုက်ပြီး သူမ၏မျက်နှာလေးက ကြည်လင်တောက်ပလာခဲ့၏။ အတန်ကြာသောအခါမှ ခပ်ရေးရေးလေး ပြုံးလိုက်ပြီး- “သူ့အတွက်ပဲ သူရှင်သန်နေတဲ့လူကျတော့လည်း သူ့ဘဝကြီးဟာ ခဏလေးနဲ့ပျင်းရိငြီးငွေ့ဖွယ်ကောင်းသွားခဲ့မှာပေါ့။”
လီဆွန်းဟွာသည် နောက်ထပ် အရက်တစ်ခွက်ထပ်သောက်လိုက်ပြီး မေးမြန်းလိုက်၏။ “မင်း ဘိုးဘိုးက ဘယ်သူ့ကို သွားမောင်းထုတ်နေတာလဲ။”
စွန်းရှောင်းဟုန်-“စန့်ကွမ်းကျင်းဟုန်...”
ထိုအဖြေစကားသည် လီဆွန်းဟွာကို တုန်လှုပ်သွားစေခဲ့လေသည်။
သူသည် မနေနိုင်ဘဲ ထပ်မံမေးမြန်းလိုက်ပြန်၏။ “စန့်ကွမ်းကျင်းဟုန်က မြို့ထဲတောင်မရောက်သေး ဘူး။ သူဘာလို့ ထွက်သွားရမှာလဲ။”
စွန်းရှောင်းဟုန်-“ကျမရဲ့ ဘိုးဘိုးကိုယ်တိုင် သွားမောင်းထုတ်မှတော့ သူထွက်မသွားရဲဘဲ နေမ လား။”
လီဆွန်းဟွာ-“မင်းရဲ့ဘိုးဘိုးဟာ...”
စကားကို ပြီးပြတ်အောင်ပင် မပြောနိုင်တော့ဘဲ သူ ချောင်းအဆက်မပြတ် ဆိုးနေလိုက်ပြန်၏။ ပြီး နောက် ဗိုက်ကိုနှိပ်ပြီး ခါးကုန်းလိုက်ရာ မိုက်ကနဲ ဖြစ်သွားရ၏။
ခါးကုန်းစွန်းသည် မူလက ခပ်ဝေးဝေးတွင်ရှိနေသော်လည်း လီဆွန်းဟွာကို အပြေးလေးလာပြီး တွဲထူ ပေးလိုက်ရင်း- “ဒီနေ့အဖို့ ခင်ဗျား အရက်သောက်တာ သိပ်များပြီး သိပ်မြန်လွန်းတယ်။ မနက်ဖြန်အ တွက် မေးခွန်းတွေ ချန်ထားလိုက်ပါဦးလား။”
လီဆွန်းဟွာ-“စန့်ကွမ်းကျင်းဟုန် ဘယ်သူလဲဆိုတာ ခင်ဗျားသိလား။”
ခါးကုန်းစွန်း-“ကျုပ်မသိဘူး။ မသိတဲ့အတွက် အဲ့ဒီအရက်ခွက်ကိုလဲ ကျုပ်သောက်မှာ မဟုတ် ဘူး။”
လီဆွန်းဟွာသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး- “ခင်ဗျား ဘယ်သိမှာလဲ။ ဒီအရက်သောက် ပြိုင်ပွဲမှာ ခင်ဗျားမှ မပါတာ၊ ခင်ဗျား အရက်သောက်စရာ မလိုပါဘူးဗျာ။”
ခါးကုန်းစွန်းသည် သူ့ကို တစ်ခါမှ မတွေ့ဖူးသော သူစိမ်းတစ်ယောက်အလား ကြည့်နေလိုက်၏။
လီဆွန်းဟွာက ဆက်ပြောလိုက်၏။ “ကျုပ်အဖြေပြောပြပါ့မယ်။ စန့်ကွမ်းကျင်းဟုန်ဆိုတာ သိုင်း လောကမှာ သူသာအတော်ဆုံးလို့ သူ့ကိုယ်သူထင်ထားတဲ့ လူတစ်ယောက်... မာနက ခေါင်ခိုက်နေပြီး ဘယ်သူ့ကိုမှ စောက်ဂရုစိုက်တာမဟုတ်ဘူး။ ဒီတစ်ခါတော့ အဘိုးအိုစွန်းရဲ့စကားကို သူနားထောင်ရလိမ့် မယ်။ ဘာဖြစ်လို့လဲ သိလား။”
ခါးကုန်းစွန်း-“ကျုပ်မသိဘူး။”
လီဆွန်းဟွာ-“ကျုပ်လည်းပဲ မသိဘူး။ ဒါကြောင့် ကျုပ်သူ့ကို မေးမှကို ဖြစ်လိမ့်မယ်။ ကျုပ်သိရမှ ဖြစ် လိမ့်မယ်။”
ခါးကုန်းစွန်း-“ခင်ဗျားမေးတာ သိပ်ကို များလွန်းနေတယ်။ ဒါကြောင့်မို့လည်း အရက်မူးနေရတာပဲ။”
လီဆွန်းဟွာသည် သူ၏အရက်ခွက်ကို ကိုင်မြှောက်လိုက်ပြီး စွန်းရှောင်းဟုန်ကို ကြည့်၍ မေးမြန်း လိုက်၏။ “မိန်းကလေးစွန်း... အဘိုးအိုစွန်းဆိုတာ ဘယ်သူလဲ။”
စွန်းရှောင်းဟုန်သည် ပြုံးပြုံးလေး အဖြေပေးလိုက်၏။ “အဘိုးအိုစွန်းဆိုတာ ကျမဖေဖေရဲ့ အဖေ၊ ကျမရဲ့ ဘိုးဘိုးပေါ့။”
လီဆွန်းဟွာက သဘောကျစွာ ရယ်မောလိုက်ပြီး- “မှန်တယ်။ မှန်တယ်။ မိန်းကလေးပြောတာ သိပ်ကို မှန်တာပဲ။”
အရက်တစ်ခွက်လုံးကုန်အောင် သူ မော့ချလိုက်ပြန်၏။ အရက်ကုန်သွားသောအခါ သူ့အမြင်အာ ရုံများက ဝေဝါးလာလေတော့သည်။ “နောက်ထပ် မေးခွန်းတစ်ခု ကျန်သေးတယ်။”
စွန်းရှောင်းဟုန်၏ မျက်လုံးများက အရောင်တောက်ပလာခဲ့ကြပြီး- “မြန်မြန်မေးလိုက်လေ။ ရှင်မ မူးခင် မြန်မြန်မေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။”
လီဆွန်းဟွာ-“ကျုပ်မေးတော့မယ်... မင်း... မင်း... ကျုပ်ကို ဘာလို့ အရက်မူးအောင် လုပ်ရတာ... လဲ...”
စွန်းရှောင်းဟုန်သည် သူ၏အရက်ခွက်ထဲသို့ အရက်များ လောင်းထည့်ပေးလိုက်ပြီး အပြုံးတစ်ဝက် နှင့် ပြန်ဖြေလိုက်၏။ “ကျမတို့ အရက်သောက် ပြိုင်နေကြတာမဟုတ်လား။ တစ်ယောက်ကို တစ်ယောက် အမူးတိုက်နိုင်အောင် ပြိုင်နေကြတာ မဟုတ်ဘူးလား။ အရက်သမားတိုင်း ကိုယ့်ထက်ပိုမူးသွားတဲ့သူ ကို မြင်ချင်တာ အဆန်းမဟုတ်ပါဘူး။ ကျမပြောတာမှန်ရဲ့လား။”
လီဆွန်းဟွာ-“မှန်တယ်...မှန်...တယ်......မှန်............”
သူ့အရက်ခွက်ကို ကုန်အောင်သောက်လိုက်ပြီးနောက် စားပွဲပေါ်သို့ မှောက်ကျသွားတော့၏။
ဤတကြိမ်တော့ လီဆွန်းဟွာ အမှန်တကယ် မူးသွားခဲ့ရလေသည်။ ခါးကုန်းစွန်းနှင့် စွန်းရှောင်း ဟုန်တို့ မည်သူမျှ စကားမပြောကြချေ။ နှစ်ယောက်လုံးပင် လီဆွန်းဟွာ တကယ်မူး၊ မမူးစောင့်ကြည့် အကဲခတ်နေကြလေသည်။
ညအချိန် ရောက်ရှိလာခဲ့လေပြီ။
ခါးကုန်းစွန်းသည် မီးအိမ်ကို ထွန်းညှိလိုက်ပြီး- “ညစာ စားချိန်ရောက်ပြီ။ ဧည့်သည်တွေ မကြာခင် လာကြတော့မယ်။”
စကားပြောဆိုနေစဉ်မှာပင် တံခါးဝသို့ သူလျှောက်သွားလိုက်ပြီး သော့ခတ်လိုက်၏။ စွန်းရှောင်း ဟုန်နှင့် လီဆွန်းဟွာတို့ နှစ်ယောက်ကိုပါ အထဲ၌ သော့ခတ်ထားလိုက်ခြင်းပင်လော။
စွန်းရှောင်းဟုန်က မတားမြစ်ခဲ့ပါ။
မင်းတုံးသော့ကြီးမှာ လွန်စွာမှ လေးလံလှ၏။ အရင်ကဆိုလျှင် ခါးကုန်းစွန်းအတွက် ထိုသော့ကြီး နှင့် တံခါးခတ်ရသည်မှာ အချိန် တော်တော်ယူရ၏။ ယနေ့တော့... သူသည် လွန်စွာမှပင် သန်မာ တောင့်တင်းသူ တစ်ယောက်ဖြစ်နေပြီး သော့ခလောက်ကြီးအား ငှက်မွှေးလေးတစ်ခုအလား မ’ယူ သော့ ခတ်လိုက်လေတော့သည်။
စွန်းရှောင်းဟုန်က ရုတ်တရက်ပင် ပြုံးပြလိုက်ပြီး- “ဒုတိယဘဒွေးဟာ အလွန်သန်မာတယ်လို့ လူတိုင်းပဲ ပြောကြတယ်။ အခုလို အချိန်အကြာကြီးစောင့်ခဲ့ရပြီးမှ မြင်တွေ့လိုက်ရတာတော့ စိတ်မကောင်းပါဘူးရှင်။”
ခါးကုန်းစွန်းက လှည့်ကြည့်လိုက်ပြီး- “မင်းရဲ့ ဒုတိယဘဒွေးက ဘယ်သူလဲ။ မင်းလဲ အရက်မူးနေ ပြီတဲ့ တူတယ်။”
စွန်းရှောင်းဟုန်-“ဒုတိယဘဒွေးက သရုပ်ဆောင်သိပ်ကောင်းတာပဲ။ ခုထက်ထိတောင် ဟန် ဆောင်နေနိုင်တုန်းနော်...”
ခါးကုန်းစွန်းသည် သူမကို စူးစူးစိုက်စိုက်ပင် စိုက်၍ကြည့်နေလိုက်၏။ ထိုမျက်လုံးများက ခါးကုန်း တစ်ယောက်၏ မျက်လုံးများ ဖြစ်နိုင်ပါ၏လော။
ထိုမျက်လုံးများကိုသာ လီဆွန်းဟွာ တွေ့ရှိခဲ့ရပါက လွန်စွာမှပင် ဂုဏ်ယူဝင့်ကြွားမိပေလိမ့်မည်။ ဤ ၂ နှစ်အတွင်းတွင် တစ်ခါမှ ထိုမျက်လုံးများကို သူမတွေ့ရှိခဲ့ရပါ။ စိတ်မကောင်းစရာပင်။ လီဆွန်းဟွာ တစ်ယောက် မည်သို့မျှ မြင်တွေ့နိုင်မည် မဟုတ်ပါ။
စွန်းရှောင်းဟုန်-“သူတကယ်မူးနေတာပါ။ ဟန်ဆောင်နေတာမဟုတ်ဘူးဆိုတာ ကျမသိတယ်။”
ခါးကုန်းစွန်း-“သူဘယ်လောက်တောင်မှ အရက်သောက်နိုင်လဲဆိုတာ မင်းသိလား။ ဒီလောက် မြန်မြန်လေးနဲ့ သူဘယ်လိုလုပ်ပြီး မူးသွားခဲ့မှာလဲ။”
စွန်းရှောင်းဟုန်-“တစ်စုံတစ်ယောက်ဟာ စိတ်ညစ်ငြူးနေပြီး ပြင်းထန်တဲ့တိုက်ပွဲတပွဲကြောင့် ပင်ပန်း ခဲ့ရတယ်ဆိုရင် ခပ်မြန်မြန်လေး မူးသွားခဲ့မှာပဲ။ မဟုတ်ဘူးလား။”
ခါးကုန်းစွန်း-“မင်းဘာလို့ သူ့ကို အရက်မူးအောင်တိုက်ခဲ့ရတာလဲ။”
စွန်းရှောင်းဟုန်-“ဒုတိယဘဒွေးမသိဘူးလား။ ဒါ ဘိုးဘိုးရဲ့အစီအစဉ်ပါ။”
“ဟုတ်လား...”
“အခု သူထွက်ပေါ်လာခဲ့တာ လူတိုင်းသိသွားခဲ့ပြီ။ ဒါကြောင့်မို့လို့ ဘိုးဘိုးက သူ့ကို ခဏလောက် ပုန်းအောင်းနေစေချင်တယ်။”
သူမသည် သက်ပြင်းချလိုက်ပြီး- “သူ့စိတ်ဓာတ်ကို ဒုတိယဘဒွေးလည်းသိမှာပဲ။ အရက်မူးအောင် မတိုက်ဘဲ သူ့ကို ခေါ်သွားလို့ ဘယ်ရလိမ့်မလဲ။”
ခါးကုန်းစွန်း-“ရှင်းရှင်းပြောရရင် မင်းရဲ့ ဘိုးဘိုးလုပ်ပုံတွေကို ငါတစ်ခုမှ နားမလည်နိုင်တော့ဘူး။”
စွန်းရှောင်းဟုန်-“ဘာကို နားမလည်တာလဲ...”
ခါးကုန်းစွန်း-“လီဆွန်းဟွာ ပုန်းအောင်းနေတဲ့အချိန်မှာတုန်းက မင်းရဲ့ဘိုးဘိုးက သူ့ကိုထွက် ပေါ်လာစေချင်ခဲ့တယ်။ အခုလို ထွက်ပေါ်လာပြန်တော့လည်း ပြန်ပြီး ပုန်းအောင်းစေချင်ပြန်ပြီ။”
စွန်းရှောင်းဟုန်က ခေါင်းကို ခါရမ်းလိုက်ပြီး- “ဒုတိယဘဒွေးမှားနေပြီ။ ဘိုးဘိုးက သူ့ကို ခဏလေး ပဲ ပုန်းအောင်းစေချင်တာပါ။”
သူမသည် အရက်မူးပြီး သတိမေ့နေသော လီဆွန်းဟွာကို စိုက်ကြည့်လိုက်ပြီး- “သူ့ ဦးခေါင်းကို လိုချင်နေတဲ့လူတွေ ဘယ်လောက်များလဲ ဒုတိယဘဒွေးသိလား။”
ခါးကုန်းစွန်းက အေးစက်စွာ ရယ်မောလိုက်၏။ “ဘာဂရုစိုက်စရာလိုသေးလို့လဲ။ စန့်ကွမ်းကျင်းဟုန်တစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေအားလုံး သူဂရုစိုက်တာမှတ်လို့။”
စွန်းရှောင်းဟုန်-“ဒုတိယဘဒွေး ဒီတစ်ခါလည်း မှားသွားပြန်ပြီ။ သူ့ဦးခေါင်းကို လိုချင်နေတဲ့သူတွေက သူတို့ ဘာလုပ်ရမလဲဆိုတာ သိတယ်။”
ခါးကုန်းစွန်း-“ဒါဆိုရင်လည်း သူတို့ဆိုတာ ဘယ်သူတွေလဲ။”
စွန်းရှောင်းဟုန်-“ယောက်ျားတွေကို အသာထားလိုက်ဦး။ မိန်းမတွေကနေ စ’ပြောပြမယ်။ ရွှင် ပျော်ပျော်နတ်မိမယ်နဲ့ ကင်းမြီးကောက်ပြာ...”
ထိုနာမည်များ ကြားလိုက်ရပြီးနောက် ခါးကုန်းစွန်း၏ မျက်ခုံးများက မြင့်တက်သွားခဲ့ကြ၏။
စွန်းရှောင်းဟုန်က ဆက်ပြောနေပြန်၏။ “ပိုင်ရှောင်ရှန်းက တော်တော်လေး မျက်နှာလိုက်ခဲ့တယ်။ သူရဲ့ လက်နက်စာရင်းစာအုပ်ထဲမှာ ယောက်ျားတွေချည်းပါပြီး မိန်းမတွေကိုတော့ ချန်ထားခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီ ကဝေမနှစ်ယောက်ကို ဒုတိယဘဒွေး သိမယ်လို့ ထင်ပါတယ်။”
ခါးကုန်းစွန်းက ခေါင်းညိတ်ပြလိုက်၏။
စွန်းရှောင်းဟုန်-“ကင်းမြီးကောက်ပြာက သူရဲစိမ်းလက်ရဲ့ ချစ်သူရည်းစား။ ရွှင်ပျော်ပျော်နတ်မိ မယ်က အဆိပ်၅မျိုးကလေးဆိုးရဲ့ မွေးစားမိခင်။ သူတို့တွေ လီဆွန်းဟွာကို လိုက်ရှာနေကြတာ တော် တော်ကြာပြီ။ သူသာ ဒီမှာရှိနေမှန်းသိရင် မုချ သူတို့တွေ ရောက်လာကြမှာပဲ။”
သူမသည် သက်ပြင်းချလိုက်ပြီး- “သူတို့ထဲက တစ်ယောက်လောက် ရောက်လာခဲ့ရင်တောင် လီ ဆွန်းဟွာအတွက် တော်တော်လေး အခက်အခဲ ဖြစ်သွားနိုင်တယ်။”
ခါးကုန်းစွန်းသည် အဝတ်စုတ်တစ်ခု ကောက်ယူလိုက်ပြီး စားပွဲများကို လိုက်သုတ်နေလိုက်၏။ သူ စိတ်ညစ်ညူးလာသည့် အခါတိုင်းပင် စားပွဲသုတ်လေ့ရှိ၏။
စွန်းရှောင်းဟုန်-“ယောက်ျားတွေကို ပြောပြမယ်။”
သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်ပြီး လက်ချိုးရေတွက်လိုက်ကာ- “စန့်ကွမ်းကျင်းဟုန်၊ လုဖုန်ရှန်း၊ ကျင်းဝူမင်းနဲ့ နောက်ဆုံးတစ်ယောက်တော့ ဒုတိယဘဒွေး ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။”
ခါးကုန်းစွန်းသည် စားပွဲကိုသာ သုတ်နေလိုက်ပြီး မော့မကြည့်ဘဲ မေးမြန်းလိုက်၏။ “ဘယ်သူများ လဲ...”
စွန်းရှောင်းဟုန်-“ဟူပုကွေ့...”
ခါးကုန်းစွန်းသည် စားပွဲသုတ်နေခြင်းအား ရပ်ဆိုင်းလိုက်ပြီး ခေါင်းမော့ကာ အံ့အားသင့်စွာ မေး မြန်းလိုက်၏။ “ဟူပုကွေ့... အရူးဟူပုကွေ့များလား...”
စွန်းရှောင်းဟုန်-“မှန်တယ်။ အဲ့ဒီလူဟာ အမြဲတမ်းပဲ ရူးနေတတ်တယ်။ သူအသုံးပြုတဲ့ဓားက တော့ ဝါးဓား။ သူ့ဓားသိုင်းပညာရပ်က သူ့လိုပဲ ရူးနှမ်းနှမ်းလို့ ကြားဖူးတာပဲ။ တစ်ခါတရံမှာ အလွန် အစွမ်းထက်မြက်နေတတ်ပြီး တစ်ခါတစ်ခါကျတော့လည်း ပေါကြောင်ကြောင်နိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ပိုင် ရှောင်ရှန်းက သူ့ လက်နက်စာရင်းစာအုပ်မှာ သူ့နာမည်ကို ထည့်မထားခဲ့တာပေါ့။”
ခါးကုန်းစွန်း-“ပေါကြောင်ကြောင်နိုင်တဲ့အချက်က အာပလာ။ သိပ်ပြီးအစွမ်းထက်တဲ့အပိုင်းက သာ သူ့ရဲ့သိုင်းပညာ အစစ်အမှန်။”
ခဏမျှ သူစဉ်းစားနေလိုက်ပြီး- “ဒါပေမဲ့ အဲ့ဒီလူဟာ တစ်ယောက်တည်း ဖာသိဖာသာ နေတတ် တဲ့လူပါ။ ဘာဖြစ်လို့များ လီဆွန်းဟွာနဲ့ လာပြီးပတ်သက်ချင်နေရတာလဲ။”
စွန်းရှောင်ဟုန်-“လောင်ရှောင်း၄ယွန်က သွားခေါ်ခဲ့တာလို့ ကြားရတာပဲ။ အရူးဟူက လောင် ရှောင်း၄ယွန်ရဲ့ဆရာသမားကို ပေးဆပ်စရာ ရှိခဲ့တယ်လို့ သိရတယ်။”
ခါးကုန်းစွန်း-“သူလိုလူစားမျိုးက ရှာတွေ့ဖို့ အင်မတန်ခက်ခဲတယ်။ လောင်ရှောင်း၄ယွန်က ရှာ တွေ့ခဲ့တယ်ဆိုတာ ချီးကျူးစရာပဲ။”
စွန်းရှောင်းဟုန်-“ဒါကြောင့်မို့လို့ လောင်ရှောင်း၄ယွန် သူ့အိမ်ကနေ ပျောက်သွားခဲ့တာ ၂ နှစ် ကျော်တောင် ရှိနေပြီကော။”
ခါးကုန်းစွန်း-“မင်းပြောတဲ့ လုဖုန်ရှန်းဆိုတာ ပိုင်ရှောင်ရှန်း လက်နက်စာရင်းမှာ နံပါတ်၅အဆင့်ရှိ တဲ့ တစ်ယောက်လား။”
စွန်းရှောင်းဟုန်-“ဟုတ်တယ်။ အခုတော့ သူ ထူးဆန်းတဲ့ သိုင်းပညာတမျိုးကို ပေါက်ပေါက် မြောက်မြောက် အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တယ်။ ပြီးတော့ သူ့အထက်မှာရှိတဲ့ သိုင်းသမားအား လုံးကို စိန်ခေါ်ပြီး တိုက်ခိုက်ချင်နေတယ်။”
ခါးကုန်းစွန်း-“ကျင်း... ကျင်း...ဘာတဲ့...”
စွန်းရှောင်းဟုန်-“ကျင်းဝူမင်း...”
သူမက ဆက်ပြောပြလိုက်၏။ “ကျင်းဝူမင်းက စန့်ကွမ်းကျင်းဟုန်ရဲ့ အားအကိုးရဆုံး လက်ရုံးတစ်ဆူပဲ။”
ခါးကုန်းစွန်း-“ဒါဆိုရင် ဘာဖြစ်လို့ ဒီနာမည်ကို ငါမကြားဖူးတာပါလိမ့်။”
စွန်းရှောင်းဟုန်-“သူထွက်ပေါ်လာခဲ့တာ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ ဘိုးဘိုးပြောပုံအရဆိုရင် တော့ နောက်ပေါက်လူငယ်သိုင်းသမားတွေထဲမှာ အားဖေနဲ့ ကျင်းဝူမင်းတို့နှစ်ယောက်ဟာ အစွမ်းအ ထက်ဆုံးပဲတဲ့။”
ခါးကုန်းစွန်း-“တကယ်ပဲလား။”
စွန်းရှောင်းဟုန်-“သူလည်းဓားကို အသုံးပြုတာပဲ။ အားဖေလိုပဲ သူ့ဓားက သိပ်ကိုလျင်မြန်တိကျပြီး ကြောက်စရာကောင်းတယ်။ နောက်ထပ် ပိုကြောက်စရာကောင်းတဲ့အချက်တစ်ချက် ရှိသေးတယ်။”
ခါးကုန်းစွန်းသည် သေသေချာချာ နားစွင့် နားထောင်နေလိုက်၏။
စွန်းရှောင်းဟုန်-“သူ တိုက်ခိုက်လေ့ သိပ်မရှိလှဘူး။ ဒါပေမဲ့ တိုက်ပြီဟေ့ဆိုရင်လည်း သူ့အသက်ကို ဂရုမစိုက်တဲ့အတိုင်း နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်သွားလိမ့်မယ်။ သူ့နာမည်က ‘ဝူမင်း’ဆိုတဲ့ အတိုင်းပဲ သူ့အသက်ကိုသူ လုံးဝဂရုမစိုက်ဘူး။”
ခါးကုန်းစွန်းသည် အတန်ကြာမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် မေးမြန်းလိုက်၏။ “မင်း ဘိုးဘိုး အခု ဘယ်မှာလဲ။”
စွန်းရှောင်းဟုန်-“ကျမတို့ မြို့ပြင်မှာတွေ့ဖို့ ချိန်းထားတာပဲ။”
သူမက နှစ်ခြိုက်စွာပြုံးလိုက်ပြီး- “လီဆွန်းဟွာကို အဲ့ဒီနေရာအရောက် ကျမက ခေါ်လာနိုင်လိမ့် မယ်လို့ ဘိုးဘိုးက တွက်ဆထားခဲ့တယ်။”
ခါးကုန်းစွန်းက ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းလိုက်ကာ- “မင်းကတော့ တကယ့်ကို ဉာဏ်များနိုင်တဲ့ မိန်းကလေးပါပဲကွာ...”
စွန်းရှောင်းဟုန်သည် သူမ၏နှုတ်ခမ်းလေးကို စူထားလိုက်ပြီး- “ကျမ အသက် ၂၀ ပြည့်တော့ မယ်။ ဒုတိယဘဒွေးက ဘာဖြစ်လို့ ကျမကို မိန်းကလေးလို့ ခေါ်နေသေးတာလဲ။”
0 comments:
Post a Comment