ပြီးနောက် သူသည် စားပွဲသုတ်သောအလုပ်ကို ဆက်လုပ်နေလေတော့သည်။
စွန်းရှောင်းဟုန်က ခေါင်းငုံ့ထားလိုက်ပြီး မေးမြန်းလိုက်၏။ “ဒုတိယဘဒွေး အိမ်ပြန်မလာတာ ၁၃-၄နှစ်လောက် ရှိတော့မယ်နော်...”
ခါးကုန်းစွန်းက ခေါင်းညိတ်ပြလိုက်ပြီး- “ဟုတ်တယ်။ ၁၄နှစ်လောက် ရှိရော့မယ်။ နောက်လအနည်း ငယ်ဆိုရင် ၁၄ နှစ်တင်းတင်းပြည့်ပြီ။”
စွန်းရှောင်းဟုန်-“ဘာဖြစ်လို့ ဒုတိယဘဒွေးက အိမ်မပြန်လာတာလဲ။”
ခါးကုန်းစွန်းက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကျယ်လောင်စွာဖြင့်- “မိသားစုတစ်စုကို ၁၅ နှစ်တိတိ ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ လူတစ်ယောက်ကို ကတိပေးခဲ့တယ်။ ကျုပ်ပြောတဲ့အ တိုင်း လုပ်မယ်ဆိုတာ ယုံထားလိုက်။”
စွန်းရှောင်းဟုန်-“ဟုတ်လား။ ကျမခုမှပဲသိတော့တယ်။”
အချိန်အတော်ကြီးကြာသောအခါမှ ခါးကုန်းစွန်းသည် စားပွဲသုတ်သောအလုပ်ကို ပြန်လုပ်နေ လိုက်ပြန်၏။
စားပွဲသုတ်နေသောအချိန်၌ တောက်ပစူးရှသော သူ၏မျက်လုံးအကြည့်များက ပျောက်ကွယ် သွားခဲ့ရပြန်၏။ ဤသည်မှာ ၁၄ နှစ်လုံးလုံး စားပွဲသုတ်ခဲ့ရသော လူတစ်ယောက်၏ အမူအရာများပင် ဖြစ်၏။
ခါးကုန်းစွန်း-“ကျန်တဲ့လူတွေကော... အဆင်ပြေကြရဲ့လား။”
စွန်းရှောင်းဟုန်က ပြုံးပြလိုက်ကာ- “အားလုံးအဆင်ပြေကြပါတယ်။ ဘကြီးရဲ့မိန်းမနဲ့ တတိယဘ ဒွေးရဲ့မိန်းမတို့ ဒီနှစ်လေးတင်ပဲ ကလေးကိုယ်စီ ဖွားမြင်ခဲ့ကြတယ်။ စတုတ္ထဒေါ်လေးကတော့ အမွှာပူး လေး မွေးထားတယ်။ ဒီနှစ် နှစ်သစ်ကူးကာတော့ စည်စည်ကားကားနဲ့ သိပ်ကိုပျော်စရာ ကောင်းမှာပဲ။” စွန်းရှောင်းဟုန်သည် ခါးကုန်းစွန်း၏ အမူအရာများကို ခိုးကြည့်လိုက်၏။ ပြီးနောက် ပြန်လှည့်လိုက်ကာ ပြောလိုက်၏။ “သူတို့တွေအားလုံး ဒုတိယဘဒွေးကို မျှော်နေကြတယ်။”
ခါးကုန်းစွန်းသည် အားတင်းပြုံးလိုက်ပြီး- “သူတို့ကို ပြောပြလိုက်ပါ။ ကျုပ် နောက်နှစ် နှစ်သစ်ကူး ရင် ပြန်လာမယ်လို့...”
စွန်းရှောင်းဟုန်က လက်ခုတ်လက်ဝါးတီးလိုက်ပြီး- “ကောင်းတယ်။ ဒုတိယဘဒွေးက မီးရှူးမီးပန်း တွေလုပ်တာ သိပ်တော်တယ်ဆိုတာ ကျမ မှတ်မိနေသေးတယ်။”
ခါးကုန်းစွန်း-“နောက်နှစ်ကျရင် ကျုပ် မင်းအတွက် သီးသန့်လုပ်ပေးပါ့မယ်။ အခုတော့ မြန်မြန် ထွက်သွားတော့။ မဟုတ်ရင် မင်းရဲ့ ဘိုးဘိုး စိတ်ပူနေလိမ့်မယ်။” ပြီးနောက် လီဆွန်းဟွာအား ကြည့် လိုက်ပြီး- “သူ့ကို မင်း ဘယ်လို ခေါ်သွားမှာလဲ။”
စွန်းရှောင်းဟုန်-“ကျမ သူ့ကို သယ်သွားမှာပေါ့။”
သူမ ထရပ်လိုက်စဉ်တွင် လူတစ်ယောက်၏ အေးစိမ့်သော တားမြစ်လိုက်သံကို ကြားလိုက်ရ၏။ “မင်းတစ်ယောက်တည်း ထွက်သွားလို့ရပေမယ့် အမူးသမားကိုတော့ ထားခဲ့ရလိမ့်မယ်။”
ထိုအသံရှင်သည် မိန်းမတစ်ယောက်၏ အသံဖြစ်၏။
ခါးကုန်းစွန်းနှင့် စွန်းရှောင်းဟုန်တို့သည် အရှေ့တံခါးကို တစ်ချိန်လုံး ဂရုစိုက်ကြည့်နေခဲ့ကြသော်လဲ ထိုအသံသည် ဆိုင်နောက်ဘက်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
ခါးကုန်းစွန်း၏ မျက်နှာတစ်ချက်တွန့်သွားခဲ့ပြီး စားပွဲသုတ်နေသော အဝတ်စကို တစ်ချက်ခါရမ်းလိုက် ရုံဖြင့် ထိုအသံထွက်ပေါ်လာရာသို့ ပစ်လွှတ်လိုက်ပြီးသားဖြစ်နေ၏။
စားပွဲသုတ်သောအလုပ်ကို သူလုပ်နေသည်မှာ ၁၄ နှစ်နီးပါးရှိပြီဖြစ်၏။ နေ့စဉ်နေ့တိုင်းပင် အကြိမ် ၂၀ ခန့် စားပွဲသုတ်၏။ တနှစ်ကို အကြိမ်ပေါင်း ၇၂၈၀ ခန့်ရှိပြီး ၁၄ နှစ်အတွင်း အကြိမ်ပေါင်း ၁၀၂၂၀၀ ကြိမ်ခန့်ရှိလေသည်။ မည်သူမဆို စားပွဲသုတ်သောအလုပ်ကို ဤမျှပြုလုပ်ခဲ့ပါက သူ၏ခွန်အားမှာ လွန် စွာမှပင် သန်စွမ်းနေရပေလိမ့်မည်။
ထို့ပြင် ခါးကုန်းစွန်း၏ သိမ်းငှက်လက်သည်း သိုင်းပညာရပ်သည် သိုင်းလောကတွင် ကျော်ကြား အောင်မြင်ခဲ့ပြီး ဖြစ်လေ၏။ ထို့ကြောင့် အဝတ်စုတ်တစ်ခုနှင့် ပစ်ပေါက်လိုက်သော်လည်း ထိုအဝတ်စ၏ အားအင်သည် သိုင်းလောကတွင်ရှိသော ထိပ်သီးလက်နက်ပုန်းများ ပစ်လွှတ်လိုက်သကဲ့သို့ပင် ပြင်း ထန်လှပေ၏။
‘ဖောင်း’... ဖုန်မှုန့်များ ပလူပျံသွား၏။ ဆိုင်နောက်ကျောဘက်နံရံတွင် အပေါက်ကြီးတစ်ခု ဖြစ် သွားခဲ့ရ၏။ သို့သော် ထိုနေရာတွင်ရှိနေခဲ့သူမှာ ဘာမှမဖြစ်ခဲ့ပေ။
သူမ၏ ခန္ဓာကိုယ်က မလှုပ်ရှားခဲ့သည့်အတိုင်းပင်။ မဟုတ်ပါက နံရံမှ အပေါက်ကြီးသည် သူမ၏ ဝမ်းဗိုက်နေရာ၌ ရောက်ရှိနေပေလိမ့်မည်။ ထူးဆန်းလှစွာပင် သူမ လွတ်မြောက်သွားခဲ့ရလေ၏။ သူမ ၏ ခါးက သေးသိမ်လွန်းသောကြောင့် ရှောင်တိမ်းရန် ပို၍လွယ်ကူသွားခဲ့သောကြောင့်များလား...
ဤမိန်းမ၏ စွဲဆောင်မှု ကောင်းလှခြင်းသည် သူမ၏ ခါးသေးရုံတင်မကသေး၊ ခြေတံများကလည်း ရှည်လျား ဖြောင့်စင်းနေ၏။ ဖောင်းသင့်သောနေရာများတွင် ရှိုက်ဖောင်းနေပြီး ချပ်ရပ်သင့်သောနေရာ များတွင် ပိန်ချပ်နေ၏။
သူမ၏မျက်တောင်များက ရှည်လျားကော့စင်းနေပြီး ပြုံးရီနေကြ၏။ သို့ရာတွင် သူမပါးစပ်မှာ ပြဲ ကားနေပြီး နှုတ်ခမ်းများက ထူဖောင်းလှ၏။
သူမ၏ အသားအရေက စွတ်စွတ်ဖြူအောင် ဖြူဖွေးလှသော်လည်း ခြောက်ကပ်လှ၏။ ပြီးနောက် အ ရေပြားပေါ်တွင် မွှေးညင်းနုများစွာ ပေါက်နေကြ၏။
သူမကို မိန်းမချောတစ်ယောက်ဟု ပြောရန်ခက်လှသော်လည်း သူမ၏အမူအရာများက နူးညံ့သိမ်မွေ့ စွာပင် ကြည့်ရ ပနံတင့်လှ၏။
ခါးကုန်းစွန်းသည် သူမကို လှည့်ကာ စိုက်၍ကြည့်နေလိုက်၏။ သူမကလည်း ခါးကုန်းစွန်းကို ပြန်စိုက် ကြည့်နေ၏။ သူမ၏အကြည့်များက ခါးကုန်းစွန်းသည် ဤကမ္ဘာပေါ်တွင် အချောမောဆုံးယောက်ျား တစ်ယောက်ဖြစ်နေပြီး သူမ၏ တိတ်တခိုး ချစ်သူတစ်ယောက်အလား...
သို့သော် စွန်းရှောင်းဟုန်ကို လှည့်ကြည့်လိုက်သောအခါတွင်မူ သူမ၏ အကြည့်များက အေးစိမ့် သွားခဲ့ရပြန်၏။
မိန်းမအားလုံးကို သူမ မုန်းတီးလေသည်။
ခါးကုန်းစွန်းက ချောင်း၂ကြိမ်လောက်ဆိုးလိုက်ပြီး မေးမြန်းလိုက်၏။ “ကင်းမြီးကောက်ပြာ...”
ကင်းမြီးကောက်ပြာက သဘောကျစွာ ရယ်မောလိုက်၏။
သူမ ရယ်မောနေချိန်တွင် သူမ၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး မျဉ်းဖြောင့်တစ်ကြောင်း အတန်းလိုက် ဆွဲထားသကဲ့သို့ပင်။
သူမသည် ရယ်ရွှင်စွာဖြင့်- “ရှင်က သိပ်ကို ဗဟုသုတနဲ့ ပြည့်စုံတာပဲ။ ကျမက အဲ့လိုလူမျိုးတွေ ကိုမှ ကြိုက်တာ။”
ခါးကုန်းစွန်းသည် တင်းမာနေသောအမူအရာကို မပြင်ဘဲ နှုတ်ဆိတ်နေလိုက်၏။
မိန်းမများနှင့် စကားများရမှာ သူအကြောက်ဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မိန်းမများအ ကြောင်းကို သူ နကန်းတစ်လုံးမှ မသိရှိသောကြောင့်ပင် ဖြစ်၏။
ကင်းမြီးကောက်ပြာ-“ကျမလည်း ဗဟုသုတရှိတဲ့လူတစ်ယောက်ပါ။ ရှင်ဘယ်သူဆိုတာ ကျမသိပါ တယ်။”
ခါးကုန်းစွန်းက မိုးခြိမ်းလိုက်သောအသံဖြင့်- “မင်းသိထားတယ်ဆိုရင် ဒီမှာဘာလုပ်နေတာလဲ။”
ကင်းမြီးကောက်ပြာက သက်ပြင်းတစ်ချက်ချလိုက်ပြီး- “ရှင်တို့နှစ်ယောက်နဲ့ ကျမ စကားမများချင် ပါဘူး။ ဒါပေမဲ့ ဒီအရက်မူးသမားကိုတော့ ကျမ ခေါ်သွားရလိမ့်မယ်။”
သူမက သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်ပြီး သိမ်မွေ့နူးညံ့သောလေသံဖြင့်- “ကျမကို စိတ် ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ကို ရှာဖို့ဆိုတာ ဘယ်လောက်ခက်ခဲမှန်း ရှင်တို့ သိမှာ မဟုတ်ဘူး။ အဲ့ဒီလိုမျိုးယောက်ျားတစ်ယောက်ကို ကျမ တွေ့ခဲ့ပြီးချိန်မှာ ဒီအမူးသမားက သတ် ဖြတ်ခဲ့တယ်။”
စွန်းရှောင်းဟုန်သည် ရုတ်တရက်ပင် ဝင်ရောက်ပြောဆိုလိုက်၏။ “ရိခူကို သူသတ်ခဲ့တာမဟုတ် ဘူး။”
ကင်းမြီးကောက်ပြာ-“ဘာပဲဖြစ်ဖြစ် သူသတ်ခဲ့တာလို့ပဲ မှတ်ယူလိုက်တော့မယ်။”
စွန်းရှောင်းဟုန်-“ရှင့်ဟာရှင် ဘာပဲမှတ်ယူထား မှတ်ယူထား... သူ့ကို လုံးဝ ခေါ်သွားခွင့်မပေးနိုင် ဘူး။”
ကင်းမြီးကောက်ပြာက သက်ပြင်းချလိုက်ပြန်ပြီး- “မင်း သူ့ကို ခေါ်မသွားစေချင်ဘူးဆိုတာ ကျမ သိပါတယ်။ ဒါပေမဲ့ မင်းတို့နဲ့လည်း ကျမ ရန်မဖြစ်ချင်ဘူး။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။”
သူမ၏လက်တစ်ဘက်ကို နောက်ကျောဘက်သို့ ဝှေ့ယမ်းပြလိုက်ပြီး ဖြေးညှင်းစွာပြောလိုက်၏။ “ ရှင်ထွက်လာခဲ့ပါလား။”
နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာသည်ကို ခါးကုန်းစွန်း တွေ့လိုက်ရပြန်၏။
ထိုသူသည် လွန်စွာမှပင် ဝဖိုင့်လှ၏။ ကင်းမြီးကောက်ပြာ၏ လက်ယပ်ခေါ်ဆိုမှုကြောင့် ထိုသူ ထွက်ပေါ်လာခဲ့ရလေသည်။
သူသည် အဝတ်အစားကို သပ်ရပ်စွာ ဝတ်ဆင်ထား၏။ သူ၏နှုတ်ခမ်းမွှေးကိုလည်း သပ်ရပ်စွာ တိညှပ်ထား၏။ သူ၏ခါးတွင်တော့ သံကွင်း ၉ ကွင်းပါသော ဓားတစ်ချောင်း ချိတ်ဆွဲထားလေသည်။
ကင်းမြီးကောက်ပြာ-“သူဘယ်သူလဲဆိုတာ ရှင်တို့သိကြလား။”
ခါးကုန်းစွန်းက ဘာအဖြေမှမပေးလိုက်သော်လည်း စွန်းရှောင်းဟုန်မှ-“သူ့ကို ကျမသိတယ်။”
စွန်းရှောင်းဟုန်-“သူ့နာမည်က ချူရှန်းယု၊ သူ့ဘွဲ့နာမည်က ‘အသက်သခင်’။”
ကင်းမြီးကောက်ပြာသည် အသက်သခင်ကို ကြည့်လိုက်ပြီး- “ရှင့်ရဲ့ ဂုဏ်သတင်းက သိပ်ကို ကျော် ကြားလို့နဲ့တူတယ်။ ဒီက မိန်းမပျိုလေးကတောင် ရှင့်ကိုသိနေတယ်။”
အသက်သခင်၏ မျက်နှာပြင်ပေါ်၌ မယ့်ပြုံးလေး ထွက်ပေါ်လာခဲ့၏။
စွန်းရှောင်းဟုန်-“သိုင်းလောကရဲ့ ကျော်ကြားသူအားလုံးကို ကျမ သိပါတယ်။ ဒါပေမဲ့ ရှင်နဲ့အတူ တူ သူဘာလာလုပ်တာလဲဆိုတာတော့ ကျမ စဉ်းစားလို့မရဘူး။”
ကင်းမြီးကောက်ပြာ-“ဒီကိုအလာလမ်းမှာ သူက ကျမကို မြှူဆွယ်ခဲ့တယ်လေ။”
စွန်းရှောင်းဟုန်က ပြုံးပြုံးလေး မေးမြန်းလိုက်၏။ “သူက ရှင့်ကိုမြှူဆွယ်တာလား။ ဒါမှမဟုတ် ရှင်ကပဲ သူ့ကို မြှူဆွယ်ခဲ့တာလား။”
ကင်းမြီးကောက်ပြာ-“သူက ကျမကို မြှူဆွယ်ခဲ့တာပါ။ သူဟာ နာမည်ကျော်ကြားပြီး သိုင်းပညာ ကောင်းတာလောက်ကိုသာ မင်းသိထားတာပါ။ မိန်းမတစ်ယောက်ကို မြှူဆွယ်တဲ့နေရာမှာလည်း အတော် လေး စွမ်းပါတယ်။”
ခါးကုန်းစွန်းသည် လွန်စွာမှပင် စိတ်တိုနေပြီဖြစ်၏။ ထို့ကြောင့် “ဒါဆိုလည်း သူ့ကို ဘာလို့ခေါ်လာခဲ့ ရတာလဲ။”
ကင်းမြီးကောက်ပြာ-“ချူရှန်းယုဟာ တော်တော်လေး အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက်ပါ။ သူသာ သူ့ရဲ့ ‘သံကွင်းဓားကွက် ၈၁ကွက်’ကိုအသုံးပြုလိုက်မယ်ဆိုရင် တော်ရုံလူလောက်က သူ့အ နားကပ်မိဖို့တောင် မလွယ်ပါဘူး။”
ခါးကုန်းစွန်း-“ဟင့်...”
ကင်းမြီးကောက်ပြာ-“သူ့ကို သိုင်းကွက်တစ်ကွက်တည်းနဲ့ ကျမ သတ်နိုင်တယ်ဆိုရင် ရှင်တို့ ယုံကြည် ကြပါ့မလားမသိဘူး။”
တစ်ချိန်လုံး ဂုဏ်ယူဝံ့ကြွားစွာရှိနေခဲ့သော ချူရှန်းယုသည် ထိုစကားကို ကြားလိုက်ရပြီးနောက် လွန်စွာမှပင် အံ့အားသင့်သွားခဲ့ရပြီး- “မင်း... ဘာပြောလိုက်တာလဲ။”
ကင်းမြီးကောက်ပြာက လေသံအေးအေးနှင့်ပင် ပြန်ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။ ရှင့်အ သက်ကို ကျမက လိုချင်တယ်လို့ ပြောလိုက်တာပါ။”
ချူရှန်းယု၏မျက်နှာပျက်သွားခဲ့ပြီး ထစ်ငေါ့စွာပြောလိုက်၏။ “မင်း... မင်း... နောက်နေတာလား။”
ကင်းမြီးကောက်ပြာက သက်ပြင်းချလိုက်ပြီး- “ကျမတို့ တစ်ညအတူတူအိပ်ခဲ့တာနဲ့ပဲ ရှင့်ကို ကျမ မသတ်နိုင်တော့ဘူးလို့ ရှင်ထင်နေတာလား။”
ချူရှန်းယု-“ကျုပ် သိပ်ပြီးသိတာပေါ့။ ကျုပ်နေတဲ့နေရာမှ ကင်းမြီးကောက်တွေမှ အများကြီးပဲ။”
ကင်းမြီးကောက်ပြာ-“ဒါဆိုရင် ကင်းမြီးကောက်အမ တွေမှာ ထူးဆန်းတဲ့ အမူအကျင့်ရှိကြတယ် ဆိုတာ ရှင်သိမှာပေါ့။”
ချူရှန်းယုက အားတင်းပြုံးပြလိုက်ပြီး- “ဒါပေမဲ့ မင်းက ကင်းမြီးကောက်မှ မဟုတ်တာ။”
ကင်းမြီးကောက်ပြာ-“ကျမကို ကင်းမြီးကောက်မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ ကျမက ကင်းမြီး ကောက်တစ်ကောင်ပါ။ ရှင်မသိဘူးလား။”
ချူရှန်းယုသည် ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်သွားရာ ခုံတစ်လုံးနှင့်တိုက်မိသွား၏။ သို့သော် သူ၏ ဟန်ချက်ထိန်းသိမ်းမှုက လွန်စွာမှပင် ကောင်းနေ၍ တည့်မတ်စွာ ရပ်နေနိုင်သေး၏။
ပြီးနောက် သူ၏ သံ၉ကွင်းဓားကွေးကို ထုတ်ယူလိုက်လေတော့သည်။
သိုင်းလောကတွင် သူကျင်လည်လာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ကင်းမြီးကောက်ပြာ မည် သည့်လူစားမျိုးဖြစ်ကြောင်းကို သိထား၏။ သို့သော် ဤမျှလွယ်ကူစွာ မြှူဆွယ်၍ရသော မိန်းမတစ်ယောက်သည် ကင်းမြီးကောက်ပြာ ဖြစ်နေမှန်း သူမယုံကြည်နိုင်လောက်အောင်ပင်။
ကင်းမြီးကောက်ပြာက တိုးတိတ်ငြင်သာစွာ ပြောဆိုလိုက်၏။ “ရှင့်ကို ကျမ တစ်ခုလောက် အကြံ ပြုချင်တယ်။ နောက်တစ်ခါ မိန်းမတစ်ယောက်ကို မြှူဆွယ်တော့မယ်ဆိုရင် ဘယ်သူလဲဆိုတာ အရင်စုံစမ်း သင့်တယ်။ စိတ်မကောင်းစရာပဲ... ရှင့်အတွက် နောက်တကြိမ်ဆိုတာ မရှိနိုင်တော့ဘူး။” ထိုစကားကို ပြောဆိုနေရင်း ချူရှန်းယုထံသို့ သူမ လျှောက်သွားလိုက်၏။
ချုရှန်းယုသည် ကျယ်လောင်စွာ အော်ဟစ်တားမြစ်လိုက်၏။ “ရပ်လိုက်စမ်း... နောက်တစ်လှမ်း တိုးလာတာနဲ့ ကျုပ် မင်းကို သတ်ရလိမ့်မယ်။”
ကင်းမြီးကောက်ပြာ-“ကောင်းပြီလေ... သတ်လိုက်စမ်းပါ။ ရှင့်လက်ချက်နဲ့ ကျမ သေလိုက်ချင် စမ်းပါဘိ။”
ချူရှန်းယုသည် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး သံ၉ကွင်းဓားကွေးက ပြင်းထန်စွာ ဖြတ်ဝင် လာတော့၏။
ဓား၏လေတိုးသံက ကျားတကောင် ဟိန်းလိုက်သည့်အလား ပြင်းထန်စွာ ထွက်ပေါ်လာ၏။ သို့ သော် ထိုတိုက်ကွက်သည် သူ၏ တစ်ကွက်ထဲသော တိုက်ကွက်ပင် ဖြစ်ခဲ့ရလေသည်။
အပြာရောင် အရိပ်တရိပ် ဖြတ်သန်းသွားခဲ့ပြီး ချူရှန်းယု လဲကျသွားခဲ့ရ၏။ သူ၏နောက်ဆုံး အော် ဟစ်လိုက်သံက တစ်ဝက်တပျက်နှင့် ရပ်တန့်သွားခဲ့ရလေတော့သည်။
သူ့ခန္ဓာကိုယ်၌ ဒဏ်ရာကြီးကြီးမားမား မတွေ့ရပါ။ သို့သော် လည်ပင်းတွင် အပေါက်လေးနှစ် ပေါက်ရှိနေပြီး သွေးစို့နေ၏။ ကင်းမြီးကောက် အကိုက်ခံလိုက်ရသော ဒဏ်ရာကဲ့သို့ပင်။
ခါးကုန်းစွန်းနှင့် စွန်းရှောင်းဟုန်တို့သည် ငြိမ်သက်စွာပင် ရပ်ကြည့်နေလိုက်ကြ၏။ ဝင်ရောက်စွက် ဖက်ခြင်းမပြုကြဘဲ ငြိမ်သက်နေကြခြင်းမှာ ဝင်ရောက်စွက်ဖက်လိုခြင်း မပြုကြလိုသောကြောင့်ပင်။ တွေ့ သမျှ မိန်းမတိုင်းကို မြှူဆွယ်တတ်သော ယောက်ျားတစ်ယောက်သည် လူကောင်းတစ်ယောက် မဟုတ် နိုင်ပေ။
ကင်းမြီးကောက်ပြာသည် ချူရှန်းယု၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေလိုက်၏။ သူမ၏သေသပ်လှ သော လူသတ်လက်ရာကို ကျေနပ်စွာပင် အကြာကြီးပြန်ကြည့်နေလိုက်၏။
ပြီးနောက် ရယ်မောလိုက်လေတော့သည်။
“ကျမပြောခဲ့သားပဲ။ တစ်ကွက်ပဲ တိုက်စရာလိုအပ်ပါတယ်လို့... အခုတော့ ရှင်ယုံပြီမဟုတ်လား။”
ခါးကုန်းစွန်းနှင့် စွန်းရှောင်းဟုန်တို့က ဘာမှ ပြန်မပြောကြဘဲ ငြိမ်သက်မြဲ ငြိမ်သက်နေကြ၏။
ကင်းမြီးကောက်ပြာ-“ကျမရဲ့ သိုင်းပညာက ကောင်းရဲ့ မဟုတ်လား။”
မည်သည့် ဖြေကြားသံမှ ထွက်ပေါ်မလာခဲ့ပါ။
ကင်းမြီးကောက်ပြာ-“သရဲစိမ်းလက်ဟာ လက်နက်စာရင်းစာအုပ်ထဲမှာ နံပါတ် ၉ ချိတ်တယ်။ ပိုင်ရှောင်ရှန်းက သူ့စာရင်းထဲမှာ ကျမကိုသာ ထည့်တွက်ခဲ့မယ်ဆိုရင် ရိခူအတွက် အနည်းဆုံးတော့ နံပါတ် ၁၀ ကို ရောက်သွားနိုင်တယ်။”
ထိုအချက်သည် မှန်ကန်လှ၏။ သူမ၏တိုက်ခိုက်မှုသည် ရိခူထက် ပိုမိုလျင်မြန်ပြီး ပို၍ပင်ကြောက် စရာကောင်းအောင် ပြင်းထန်လှ၏။
ကင်းမြီးကောက်ပြာက ခါးကုန်းစွန်းကို ကြည့်လိုက်ပြီး- “ကျမရဲ့ သိုင်းပညာနဲ့သာဆိုရင် ဒီအမူးသ မားကို ခေါ်သွားလို့ရပြီ မဟုတ်လား။”
ခါးကုန်းစွန်းက အေးစက်စွာ ဖြေကြားလိုက်၏။ “မရဘူး...”
ကင်းမြီးကောက်ပြာက သက်ပြင်းချလိုက်ပြီး- “ဒါဆိုရင် ဘယ်လိုနည်းနဲ့မှ ဒီအမူးသမားကို ခေါ် သွားလို့ရမှာလဲ။ ရှင်နဲ့ အတူတူအိပ်ပေးရဦးမှာလား။”
ခါးကုန်းစွန်းက ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး သူ၏လက်နှစ်ဖက်လုံး လှုပ်ရှားလာကြ၏။
ညာဘက်လက်ချောင်းများက ခြေသည်းများကဲ့သို့ ကွေးညွတ်နေပြီး ဘယ်ဘက်လက်က လက် သီးဟန်ဖြစ်၏။ ဘယ်ဘက်လက်သည် လွန်စွာမှပင် ပြင်းထန်သော အားအင်များ သယ်ဆောင်လာလေ သည်။ သိမ်းငှက်လက်သည်းကလည်း များစွာသော ကွက်ပြောင်းများဖြင့် ချိတ်တစ်ခုကဲ့သို့ လျင်မြန်စွာ ဝင် ရောက်လာခဲ့လေသည်။ လက်နက်မယ့်ပင်ဖြစ်သော်လည်း တိုက်ကွက်၏ပြင်းထန်မှုသည် ချူရှန်းယု၏ ဓား သိုင်းထက်ပင် ၁၀ ဆ ခန့် ပိုမိုပြင်းထန်နေသေး၏။
ကင်းမြီးကောက်ပြာက ခါးတစ်ချက်လိန်လိုက်ပြီး သူ့ရှေ့မှ ပျောက်ကွယ်သွားခဲ့၏။ ခါးကုန်းစွန်း စတင်တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ခါးကုန်းစွန်း၏ နောက်ကျောဘက်သို့ သူမ ရောက်ရှိသွား ခဲ့လေသည်။
ခါးကုန်းစွန်းသည် ထိပ်သီးသိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ သူ၏ သိမ်းငှက်လက်သည်းနှင့် လက် သီးသိုင်းကွက်များမှ အတွင်းအားများကို လျင်မြန်စွာပင် ပြန်၍ ရုတ်သိမ်းလိုက်၏။
ထိပ်သီးသိုင်းပညာရှင်များ သေသေကြေကြေတိုက်ခိုက်ကြရာတွင် အခက်ခဲဆုံးအချက်မှာ ထွက် ပြီးသားတိုက်ကွက်ကို လျင်မြန်စွာ ပြန်လည်ရုတ်သိမ်းခြင်းပင်ဖြစ်၏။ အသုံးပြုခဲ့သော အတွင်းအားနှင့် လျင်မြန်မှုတို့ကြောင့် သိုင်းကွက်မပြီးဆုံးခင် ပြန်လည်ရုတ်သိမ်းရန် မလွယ်ကူချေ။
ခါးကုန်းစွန်းသည် ပေါ့ပါးသွက်လက်စွာပင် သူ၏တိုက်ကွက်ကို ပြန်ရုတ်သိမ်းသွားနိုင်ခဲ့၏။
ဤနေရာတွင် အခြားလူတစ်ယောက်ဆိုပါက ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သွားရမည်ဖြစ် ပြီး ကင်းမြီးကောက်ပြာ၏ လက်တွင်းသို့ ကျရောက်သွားပေလိမ့်မည်။
ခါးကုန်းစွန်းသည် ခါးကုန်းတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ပြန်ရုတ်သိမ်းလိုက်သော သူ၏အတွင်း အားများကို ကျောပြင်ရှိ ဘုကြီးသို့ ပို့လွှတ်လိုက်၏။ သူ၏ပခုံးနှစ်ဘက်ကို ရှုံ့လိုက်ပြီး ကင်းမြီးကောက် ပြာအား နောက်ကျောဘုကြီးနှင့် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်လိုက်လေသည်။
ထိုတိုက်ကွက်သည် သူ၏ကျော်ကြားလှသော တိုက်ကွက်ဖြစ်၏။ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ သောကြောင့် သူ၏နောက်ကျောဘုကြီးမှာ သံထည်အလား မာကျောနေ၏။ ဤတိုက်ခိုက်မှုတွင် ပြင်း ထန်သော အင်အားများ ပါရှိလေသည်။
ကင်းမြီးကောက်ပြာသည် ထိုတိုက်ကွက်၏ ကြောက်စရာကောင်းပုံကို သိရှိထားလေသည်။ ထို့ကြောင့် ခါးကိုလိမ်တွန့်ပြီး ခုန်ထွက်လိုက်ရာ သူမ၏ဝတ်ရုံက လေပွေတစ်ခုကဲ့သို့ လှည့်ပတ်သွားခဲ့ပြီး ခါးကုန်းစွန်း၏ ရှေ့သို့ ပြန်ကျလာ၏။ ပြီးနောက် သူမက ပြောဆိုလိုက်၏။ “ရှင်က ဗဟုသုတကြွယ်ဝ ရုံတင်မကသေးဘူး။ သိုင်းပညာကလည်း သိပ်ကို ကောင်းနေတာကိုး။ ရှင်သာစကားတစ်ခွန်းပြောလိုက်ရင် ဘယ်ခေါ်ခေါ် ကျမလိုက်ခဲ့ပါတယ်။”
ခါးကုန်းစွန်း-“သွားသေလိုက်ပါလား...”
ကင်းမြီးကောက်ပြာက အပြစ်ကင်းစင်စွာ ပြုံးပြလိုက်ပြီး- “သေရင်တောင် ကျမက အိပ်ယာပေါ် မှာပဲ သေချင်တာရှင့်။”
ဤကဲ့သို့မိန်းမတစ်ယောက်၏ရှေ့၊ သူမက ပြုံးပြလိုက်တိုင်း အားကုန်အင်ကုန်တိုက်ခိုက်ရန် မည် သူမဆို ခက်ခဲသွားရပေမည်။
သို့သော် သူမ၏ပြိုင်ဘက်က အားကုန်အင်ကုန် ထုတ်မသုံးချိန်တွင် သူမက သက်ညှာလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ၁၀ နှစ်အတွင်း၌ သူမ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ယောက်ျားများစွာ ရှိခဲ့ ကြခြင်းက သက်သေပြနေသည် မဟုတ်ပါလား။
ယနေ့ သူမ၏ ပြိုင်ဘက်သည် ခါးကုန်းစွန်း ဖြစ်နေ၏။ ခါးကုန်းစွန်းသည် ဘယ်တုန်းကမှ မိန်းမများ အပေါ် စိတ်ဝင်စားခြင်းမရှိခဲ့ချေ။
နောက်တစ်ကြိမ် ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ခါးကုန်းစွန်း၏ သိမ်းငှက်လက်သည်းက တိုက် ခိုက်လာပြန်သည်။
ကင်းမြီးကောက်ပြာသည် သူမ၏ဝတ်ရုံကို လိပ်တင်လိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်သွား ခဲ့၏။ “ခဏနေဦး...”
ခါးကုန်းစွန်းက တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလိုက်ပြီး- “မင်းဘာကို စောင့်နေတာလဲ။”
ကင်းမြီးကောက်ပြာ-“ကျမတို့ ရေကုန်ရေခန်း တိုက်ခိုက်ကြတော့မယ်ဆိုမှတော့ ကျမရဲ့ လက် နက်ကို ရှင် တွေ့ဖူးထားသင့်တယ်။”
သူမ၏စကားမဆုံးသေးခင်မှာပင် အပြာရောင် အရိပ်တရိပ် အင်္ကျီလက်အိုးတွင်းမှ ထွက်ပေါ်လာ ၏။
ခါးကုန်းစွန်းက လက်လှမ်းလိုက်ပြီး ထိုလက်နက်ကို ဖမ်းဆုတ်လိုက်ရန် ကြိုးစားလိုက်၏။
သူ၏တိုက်ပွဲတိုင်းကို လျင်မြန်စွာပင် အဆုံးသတ်လေ့ရှိသောကြောင့် ကင်းမြီးကောက်ပြာ၏ လက် နက်ဆန်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှကြောင်းကို သိရှိထားသော်လည်း ထိုလက်နက်ကိုပင် သူ၏ လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်ခြင်းဖြစ်၏။ နှစ်ပေါင်း ၄၀ ကျော် လေ့ကျင့်ခဲ့သော သူ၏ သိမ်းငှက်လက်သည်းကို ခါးကုန်းစွန်း အပြည့်အဝ ယုံကြည်လေသည်။ သူ၏တိုက်ကွက် တစ်ကွက်တည်းနှင့် ထိုမိန်းမအား အလဲတိုက်ခိုက်နိုင်မည်ဟု သူယုံကြည်နေမိ၏။
သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေခြင်းပေလော...
စွန်းရှောင်းဟုန်၏ မျက်လုံးအကြည့်များက ကင်းမြီးကောက်ပြာ၏ အင်္ကျီလက်မောင်းအိုးများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြ၏။ သူမ၏ မျက်လုံးအကြည့်က လွန်စွာမှပင် စူးရှလှ၏။ အပြာရောင် အရိပ်ထွက်ပေါ်လာခဲ့သောအခါ မည်သည့်အရာဖြစ်မှန်း သူမ သိရှိလိုက်လေ၏။ ထိုကဲ့သို့ ထူးဆန်းလှသော လက်နက်မျိုး သူမတစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ထိုလက်နက်သည် ကင်းမြီးကောက်၏ အမြီးအတိုင်းပင် ကွေးကောက်နေပြီး ပျော့ပြောင်းသည် ဟုထင်ရသော်လည်း မာကျောပုံလည်းရ၏။ သို့သော် လှည့်ပြီးလိမ်နိုင်လောက်အောင်တော့ ပျော့ပြောင်းနေ သေး၏။
သူမ ဒုတိယဘဒွေး၏ သိမ်းငှက်လက်သည်းကို အကြွင်းမယ့် ယုံကြည်ထားသော်လည်း ခါးကုန်းစွန်း၏ လက်ချောင်းများက ထိုလက်နက်နှင့် ထိလိုက်သည်နှင့် တပြိုင်နက် လူသားစားသော ကင်းမြီးကောက် ၏ ထိုးကိုက်မှုကို ခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်း သူမ သိထား၏။
သို့သော် ကင်းမြီးကောက်ပြာ၏ တိုက်ခိုက်မှုက လွန်စွာမှပင် လျင်မြန်လှသောကြောင့် သူမအ တွက် ဝင်ရောက်သတိပေးလိုက်ရန် အချိန်မမီတော့ပေ။ စွန်းရှောင်းဟုန်သည် သူမ၏ ဒုတိယဘဒွေး ဤမျှစိတ်မြန်လက်မြန်ရှိမည်မှန်း လုံးဝထင်မထားခဲ့ပေ။
သူမ မသိသောအချက်မှာ ၁၄ နှစ်လုံးလုံး စားပွဲသုတ်သောအလုပ်ကို လုပ်ခဲ့ရသောကြောင့် ခါးကုန်းစွန်းသည် တိုက်ပွဲတပွဲကို တိုက်ခိုက်ရန် အာသီသပြင်းပြနေခြင်းကိုတည်း။ ယခုလို အခွင့်အရေး ပေါ်လာသည်နှင့် တပြိုင်နက် ခါးကုန်းစွန်းက ဤအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပါ။ လျင် မြန်စွာ အောင်နိုင်ရေးကိုသာ သူ့ခေါင်းထဲ၌ စဉ်းစားထား၏။
စွန်းရှောင်းဟုန်က အော်ဟစ်တားမြစ်လိုက်၏။
သူမ၏ အော်သံထက်ပင် ပို၍လျင်မြန်သော လက်တစ်ဘက်ရှိနေလေ၏။ သူမ၏ အော်သံမဆုံးခင် မှာပင် ထိုလက်က ကင်းမြီးကောက်ပြာ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။ တဆက်တည်းပင် အရိုးကျိုးသွားသောအသံထွက်ပေါ်လာပြီး ကင်းမြီးကောက်ပြာ၏ လက်နက်ဆန်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရ၏။
သူမ၏ အပြာရောင် ကင်းမြီးကောက် လက်နက်ဆန်း မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်နှင့် တပြိုင်နက် ကင်းမြီးကောက်ပြာသည် စိတ်လှုပ်ရှားစွာဖြင့် နောက်သို့ အလောတကြီး ခုန်ဆုတ်သွား လိုက်ရာ ခန္ဓာကိုယ်က နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွား၏။
အခန်းလေးသည် ပြန်လည်တိတ်ဆိတ်သွားခဲ့ရပြန်သည်။
လူတိုင်း တိတ်ဆိတ်စွာ ရပ်နေကြ၏။
ထိုလက်တစ်ဘက်ကို လူတိုင်းပင် စိုက်ကြည့်နေလိုက်ကြ၏။ ကင်းမြီးကောက်ပြာ၏ မျက်လုံးများထဲ ၌ ထိုလက်တစ်ဘက်အား မယုံကြည်နိုင်သလို ကြည့်နေပြီး နာကျင်မှုကိုလည်း အောင့်အီးခံစားနေရလေ သည်။
သူမ၏ လက်ကောက်ဝတ်တစ်ဘက် သွင်သွင်ကျိုးသွားခဲ့ရလေ၏။
သူမ၏ ကျိုးနေသောလက်ကို အခြားလက်တစ်ဘက်ဖြင့် ဖေးဖေးမမ မြှောက်ယူလိုက်၏။
ထိုအချိန်၌ အားလုံး၏အကြည့်များက ပျင်းရိပျင်းတွဲ ရပ်နေသူထံ ရောက်လာခဲ့ကြရာ ထိုသူသည် လူတိုင်းက အရက်မူးနေသည်ဟု ထင်ထားခဲ့ရသော လီဆွန်းဟွာ ဖြစ်နေလေသည်။
စွန်းရှောင်းဟုန်သည် အံ့ဩပျော်ရွှင်မှုများဖြင့်- “ရှင် အရက်မူးနေခဲ့တာ လုံးဝမဟုတ်ဘူးပေါ့။”
လီဆွန်းဟွာသည် ဟားတစ်ချက်သန်းလိုက်ပြီး- “ကျုပ်ခန္ဓာကိုယ်က အားအင်ကုန်ခန်းနေပြီး ပင် ပန်းနေခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ အရက်ကို တော်တော်လေးသောက်နိုင်လို့ ကျုပ်ကို အရက်မူးအောင်တိုက်ဖို့ဆိုတာ သိပ်မလွယ်လှဘူး။”
စွန်းရှောင်းဟုန်သည် သူ့ကို စိုက်၍ကြည့်နေလိုက်၏။ သူမ လွန်စွာမှပင် စိတ်လှုပ်ရှား ပျော်ရွှင်နေ ရလေသည်။ မည်သည့်အတွက်ဆိုသည်ကိုတော့ သူမကိုယ်တိုင်ပင် မသိပါ။
အံ့ဩခြင်းလား... ဝမ်းသာကြည်နူးခြင်းလား... လေးစားချစ်ခင်ခြင်းလား...ဒါမှမဟုတ် စိတ်ဓာတ် ကျဆင်းသွားခြင်းလား...
လီဆွန်းဟွာကို အရက်မူးအောင် သူမ မတိုက်နိုင်ခဲ့ချေ။
ကင်းမြီးကောက်ပြာသည် လီဆွန်းဟွာကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေလေသည်။ အဘယ် ကြောင့်ဆိုသော် လီဆွန်းဟွာ၏ လက်ထဲသို့ ဓားပျံတစ်ချောင်းရောက်ရှိနေသောကြောင့်ပင်။
ရှောင်းလီဓားပျံ......
ထိုဓားပျံသည် လီဆွန်းဟွာ၏ လက်ထဲတွင်ရှိနေသရွေ့ ကြောက်စရာအကောင်းဆုံး လက်နက်ဖြစ် ၏။ သူ့လက်ထဲမှ ဓားပျံပစ်လွှတ်လိုက်ပြီးသည့်နောက် သူ၏ ပြိုင်ဘက်ရန်သူသည် ကြောက်ရွံ့တုန်လှုပ် မှုများ ကင်းဝေးသွားရ၏။
လူသေတစ်ယောက်အဖို့ ကြောက်စရာ မည်သည့်အရာများ ရှိပါသေးသနည်း။
အခန်းတွင်းရှိ တစ်ခုတည်းထွက်ပေါ်နေသောအသံမှာ လူတိုင်း၏ အသက်ရှုသံများပင်ဖြစ်လေတော့သည်။
0 comments:
Post a Comment